Wednesday, March 28, 2012

လှိုင်သာယာလယ်သမားများ နစ်နာကြေးရရန်ငြိမ်းချမ်းစွာတောင်းဆို


by Yangon Press International on Wednesday, March 28, 2012 at 9:31am ·
မတ် ၂၈၊ ၂၀၁၂ (YPI)
 
လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းအနီးရှိလယ်မြေ ဧက နှစ်ထောင်ခန့်ကို ကုမ္ပဏီများက အဆောက်အဦများဆောက်လုပ်ရန် ပြင်ဆင်နေသောကြောင့် ၎င်းမြေယာများပေါ်တွင် နှစ်ပေါင်းများစွာလယ်ယာ လုပ်ငန်းလုပ်ကိုင်ခဲ့သူများက နစ်နာကြေးရရှိရန် ငြိမ်းချမ်းစွာ တောင်းဆိုလျှက်ရှိကြသည်။

အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကလေးနှင့် ကျွန်းကြီးကျေးရွာများမှ လယ်သမားများစုပေါင်းလက်မှတ်ထိုးပြီး ILO၊ NLD၊ နိုင်ငံတော်အစိုးရ၊ အာရှလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကပြောသည်။

ယခုလ ၁၉ ရက်နေ့ကစတင်ကာ နေ့စဉ် လယ်သမား ၅၀ ဦးမှ ၁၀၀ ဦးအထိ ၎င်းတို့လုပ်ကိုင်စားသောက်ခဲ့သည့်လယ်မြေများအတွက် နစ်နာကြေးရရှိရန် လာရောက်စုဝေးလျှက်ရှိကြသည်။

လယ်ယာမြေများအတွက် နစ်နာကြေးရရန် စုဝေးတောင်းဆိုနေသော လယ်မားများ

ယခုလ ဒုတိယအပတ်က လယ်ယာမြေများပေါ်တွင် နစ်နာကြေးမပေးဘဲ အဆောက်အဦများဆောက်လုပ်ခြင်းကို ကန့်ကွက်သူ ခုနစ်ဦးအား လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းမှ လာရောက်ဖမ်းဆီသွားကာ ငါးဦးကို အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို ပိုင်နက်ကျူးလွန်မှု၊ ပိတ်ဆို့မှု၊ ကြိမ်းမောင်းမှုများဖြင့် တရားစွဲဆိုထားသည်ဟု ဒေသခံလယ်သမားများကပြောသည်။

 “ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းက ဒီမှာ စပါးစိုက်ခဲ့ကြတာ။ နိုင်ငံတော်ကသတ်မှတ်တဲ့ တာဝန်ကျေစပါးတွေရော အခွန်အခတွေပါပုံမှန်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကို မနှစ်ကအထိ ဘဏ်ကနေ ချေးငွေပေးတယ်။ ကျွန်တော်တို့ ဘယ်သူ့မြေကိုမှ ကျူးကျော်တာမဟုတ်ပါဘူး” ဟု အသက် ၅၃ နှစ်အရွယ်ရှိ ကျွန်းကလေးရွာသား လယ်သမားကပြောပါသည်။

၎င်းလယ်မြေများကို ၁၉၉၇ ခုနှစ်ကတည်းက စက်မှုဇုန်တည်ထောင်ရန်အတွက် မြို့ရွာနှင့်ဦးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက အကြောင်းကြားထားခဲ့သော်လည်း စက်ရုံအလုပ်ရုံများတည်ဆောက်ခဲ့ခြင်းမရှိသောကြောင့် ပြီးခဲ့သည့်နှစ် စပါးစိုက်ရာသီအထိ လယ်ယာလုပ်ငန်းများလုပ်ကိုင်ခဲ့ကြသည်ဟု ၎င်းဒေသခံများကပြောသည်။

အဆောက်အဦများဆောက်လုပ်ခြင်းကို ရပ်ဆိုင်းထားရန် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများကို ဒေသခံများကသွားရောက်ပြောဆိုရာ “NO စိတ်မ၀င်စားဘူး” ဟုပြန်လည်ပြောဆိုသည်ဟု အတွင်းပဒံကျေးရွာမှ လယ်လုပ်သူများကပြောသည်။

ဒေသခံအများစုမှာ လယ်လုပ်ငန်းဖြင့်အသက်မွေးကြသောကြောင့် ၎င်းတို့လယ်ယာမြေများဆုံးရှုံးရမည်ဆိုလျှင် ထိုက်သင့်သော နစ်နာကြေးရရှိမှသာ အသက်မွေးမှုအတွက် အထောက်အပံ့ရမည်ဖြစ်ကြောင်းဆိုသည်။

“ကျွန်မတို့ကို အခုဖယ်ပါ။ နစ်နာကြေးနောက်မှ စကားပြောပါလို့ ပြောတယ်။ ကျွန်မတိုဖယ်ပေးလိုက်ရင် နောက်ဘယ်တော့မှရမှာမဟုတ်တော့ဘူး။ ကျွန်မတို့ရဲ့ စားဝတ်နေရေးအတွက် နစ်နာကြေးရအောင် ငြိမ်းချမ်းစွာတောင်းဆိုနေတာပါ” ဟု ၅၄ နှစ်အရွယ် အတွင်းပဒံကျေးရွာသူတစ်ဦးကပြောသည်။

၎င်းလယ်မြေများကို မြို့ရွာနှင့်ဦးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ စက်မှုဇုန်တည်ထောင်ခွင့်ရရှိခဲ့သည်ကုမ္ပဏီများက အဆင့်ဆင့်လက်လွှဲရောင်းချခဲ့ကြပြီး ယခုကာလပေါက်ဈေး တစ်ဧက ကျပ် သိန်း ၂၈၀၀ ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း နှင့် ဒေသခံလယ်သမားများက နစ်နာကြေးအဖြစ် တစ်ဧကလျှင် ကျပ်သိန်းငါးဆယ်ရလျှင် ကျေနပ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

၎င်းဒေသတွင် တစ်ဦးလျှင် လယ်နှစ်ဧကမှ ဧက ငါးဆယ်အထိပိုင်ဆိုင်သူ ၃၀၀ ကျော်ရှိသည်ဟု လယ်သမားများနစ်နာကြေးရရှိရန် လိုက်လံဆောင်ရွက်ပေးနေသူ NLD အဖွဲ့ဝင် လူငယ်တစ်ဦးကပြောသည်။       ။

0 အကြံပြုခြင်း: