Monday, April 2, 2012

တို့ရဲ့လက်တွေ လေထဲကို မြှောက်ထားလိုက်..(သို့) ဖိုးသိကြားရဲ့ ကျေးဇူးတင်မှတ်တမ်း



by ဖိုး သိကြား on Monday, April 2, 2012 at 8:46am ·


လှိုက်ခနဲစို့တက်လာတဲ့ ခံစားမှုက ပေါက်ကွဲတော့မယ့် မီးတောင်တခုအလား.. ထိန်းထားတဲ့ကြားက

တားမရတော့။ စိတ်နုတယ်ပဲဆိုချင်ဆို Sensitive ဖြစ်လွန်းတယ်ပဲပြောချင်ပြော ဘာကိုမှ ဂရုမစိုက်နိုင်

တော့။ ဖိုးသိကြားရဲ့ မျက်ဝန်းမှာတော့ မျက်ရည်ကြည်တွေက မှိုင်းဝေသီခဲ့ပြီ။


နေရာကား ကော့မှူးမြို့တနေရာ မကျည်းကန်လမ်းဆုံ။ ပြည်တွင်းပြည်ပ သတင်းသမားများရဲ့ ကင်မရာ

တွေရဲ့ ဦးတည်ရာဆုံချက်က ဖိုးသိကြားတို့ရဲ့ အမေလာမယ့် လမ်းဆီသို့။ ဘေးပတ်ဝန်းကျင်မှ နယ်မြေ

ခံ ပြည်သူတွေနဲ့ ရန်ကုန်မှ လာခဲ့ကြသော အမေ့သားသမီးတွေရဲ့ မျက်လုံးအစုံကလည်း အမေလာရာ

လမ်းဆီသို့။ ဟော..လာပြီ.. အမေစုလာပြီ။ “အမေစုကျန်းမာပါစေ..ကျန်းမာပါစေ..” ရိုးသားတဲ့မျက်နှာ၊

ကြည်လင်တဲ့မျက်လုံး၊ ပျော်ရွှင်တဲ့ အပြုံးတွေက အားလုံးရဲ့ မျက်နှာပေါ်မှာ တူညီစွာဖြင့် လက်တွေဝေ့

ယမ်းပြ နှုတ်ဆက်ရင်းကြိုဆိုနေကြတယ်။ အမေကလည်း မေတ္တာတွေလွှမ်းခြုံထားတဲ့ အေးချမ်းတဲ့မျက်

နှာနဲ့ ပြန်လည်နှုတ်ဆက်နေတဲ့ မြင်ကွင်းတွေကို ကင်မရာမှတဆင့် မှတ်တမ်းတင် နှလုံးသားထက် ပုံ

ရိပ်တင်နေရင်း ဖိုးသိကြားရဲ့ မျက်ဝန်းမှာလည်း စွတ်စိုခဲ့ရလေပြီ။


ဖိုးသိကြား အမေ့နောက်ကယာဉ်တန်း ဆုံးအောင် မှတ်တမ်းမတင်နိုင်တော့ဘဲ ကားပေါ်တက် အမေ့

နောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ရြုပန်တယ်။ ဖိုးသိကြားတို့ ကားပေါ်မှာတော့ ခွပ်ဒေါင်းတံ

ဆိပ်ခပ်နှိပ်ထားတဲ့ NLD အလံတော်က လေထဲမှာ တလူလူလွင့်လို့ပေါ့။ ယာဉ်တန်းရဲ့ ဦးတည်ရာကား

နတ်စင်ကုန်းစံပြကျေးရွာ... ညီစေကွယ့်ညီစေ..တို့တိုင်းပြည် ကောင်းစေဖို့ တို့တတွေ ညီညာလို့ အမေ့

နောက်ကို လိုက်ကြစို့...


ညက အစ်ကိုတယောက်ရဲ့ ဒေသပြောင်းနှုတ်ဆက်ပါတီပွဲ ဖိုးသိကြားဆင်နွှဲခဲ့ပါတယ်..။ ပျော်စရာလည်း

ကောင်းခဲ့တယ်။ ဒါပေမယ့် ခေါင်းထဲမှာ alert လုပ်နေခဲ့တာက နက်ဖြန် ကော့မှူးသွားဖို့အရေး..။ ဒါ

ကြောင့် အသောက်အစားကို တတ်နိုင်သမျှ ကြိုးစားထိန်းချုပ်လို့ မနက်အတွက် ပြင်ဆင်ခဲ့တယ်။ အိမ်

ပြန်ရောက်တော့ ညဥ့် ၁နာရီကျော်..။ အိပ်ရာဝင်ခဲ့ပေမယ့် စိတ်ကစောနေတာမို့ ကောင်းကောင်း အိပ်

မပျော်ခဲ့ဘူး။ ၅နာရီ alarm မမြည်ခင်တည်းက တက်ကြွတဲ့စိတ်နဲ့ မျက်စိကပြူးနေပြီ။ မထူးတော့ပါဘူး

ရေထချိုး အစ်ကိုတယောက်ရဲ့ကားနဲ့ ကော့မှူးကို ချီတက်ခဲ့တယ်။ အမေ.. အမေ့ဆီ သားတို့ လာနေပြီ။


အပေါ်မှာ ရေးခဲ့သလိုပဲ အမေ့အပြုံးတချက်နဲ့တင် ဖိုးသိကြားတို့ လာရကျိုးနပ်ခဲ့ပြီ..။ နတ်စင်ကုန်းက

အထွက် ရန်ကုန်ပြန်တက်မယ်တဲ့။ လှည့်ကြည့်စရာမလိုပါဘူး။ အမေ့နောက်မှာ သားတွေသမီးတွေက

ဆိုင်ကယ်နဲ့တမျိုး ကားနဲ့တသွယ် အမေ့ကို ၀န်းရံလိုက်ပါခဲ့တယ်.. အမေ..။ လမ်းတလျောက်လုံးမှာမိ

ဘပြည်သူတွေက လက်တွေပြ အမေက ပြန်လက်ပြ။ နောက်က ပါလာတဲ့ ဖိုးသိကြားတို့ကလည်း လက်

ပြရလွန်းလို့ လက်ချဖို့တောင် မေ့ရော့နေမိပြီ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ် လက်မတချောင်းကို

မိုးပေါ်ထောင်ရင်း မိဘပြည်သူတွေကို နှုတ်ဆက်လာခဲ့ကြတယ်။ ပြုံးရလွန်းလို့လည်း အကြောတွေ

တောင် သေလုမတတ်။


လမ်းတလျှောက် မိဘပြည်သူတွေနဲ့ ဖိုးသိကြားတို့ရဲ့ အသံတိတ်နှုတ်ဆက်ပွဲတွေက သိပ်ကိုလှပခဲ့တာ

ပေါ့။ စကားတွေအများကြီး ပြောဖို့မလို မျက်လုံးချင်းအဆုံမှာပဲ အဓိပ္ပါယ်တွေ ဖတ်နိုင်ခဲ့ပြီ။ အပြုံးတွေ

ဖလှယ်လို့ နှလုံးသားချင်း ထပ်တူကျခဲ့ပြီ။ လက်တွေ ဝှေ့ယမ်းလို့ မေတ္တာတွေ ရောင်ပြန်ဟပ်ခဲ့ပြီ။ လက်

မတွေကိုယ်စီထောင်လို့ ယုံကြည်မှုတွေ တည်ဆောက်ခဲ့ပြီ။


“အမတို့ကတော့ အမေစုကိုပဲ မဲပေးခဲ့တယ်” “ဟဲ့.. မဲသွားထည့်လိုက်ဦး.. ဒါမှ အမေပြောသလို တာ

ဝန်ကျေမှာ” “သူတို့က ၃သောင်းပေးတယ်လေ မဲဆွယ်တာပေါ့.. အဘတို့ကတော့ လုံးဝကို မယူဘူး

အဘတို့ရဲ့ ယုံကြည်ချစ်ခင်မှုတွေကို ဘာနဲ့မှလဲလှယ် ဖျက်ဆီးလို့မရဘူး” “သူတို့ကတော့ နည်းအမျိုး

မျိုးနဲ့ ညစ်ပတ်နေကြတာပဲ.. ဟိုတလောကဆိုရင် အမေစုယဉ်တန်းထဲက ကားတစီးပေါ်ကနေပဲအမေ

စုကို အကြည်ညိုပျက်အောင် စာရွက်တွေကြဲ ခွေတွေကြဲနဲ့ လုပ်ကြသေးတယ်။ အဒေါ်တို့ကတော့ ခု

ဆို ပါးနေပြီလေ.. မင်္သကာစရာတွေ့တာနဲ့ တခါတည်း ကားနံပါတ်မှတ်ထားပြီး သတင်းပို့လိုက်တယ်”

“ကျနော်တို့ကို ခုချိန်မှာ  ရိုင်းစိုင်းစော်ကားရင်တောင် သည်းခံနေလိုက်မယ်။ ကျနော်တို့ပါတီရဲ့ ရည်

မှန်းချက်မအောင်မြင်သေးခင် ပန်းတိုင်မရောက်သေးခင် ကိုယ့်ဘက်က အပြစ်မဖြစ်အောင် သူ့အပြစ်

ကိုယ့်အပြစ် မဖြစ်အောင် နေကြရမှာပဲ” “ ရီစရာပြောရဦးမယ်။ ဟိုနေ့က ကြံ့ဖွံ့တွေက ဦးထုပ်တွေကြဲ

ချတယ်လေ..။ ကလေးတွေကတော့ ကောက်တာပေါ့.. ဘယ်ပါတီကလဲ ဘယ်သူလဲဆိုတာတွေ ဘယ်

သိကြမလဲ.. အောက်ကနေ လက်တွေလှမ်းပြကြ အော်ဟစ်ကြနဲ့ပေါ့.. အမေစု ကျန်းမာပါစေ.. အမေ

စုကျန်းမာပါစေ..တဲ့လေ.. ကားပေါ်ကအကောင်တွေ မျက်နှာကို မဲရောပဲ.. ဟား.ဟား.ဟား..”

နားထောင်နေကြတဲ့ ဖိုးသိကြားတို့တွေဟာလည်း ရီလိုက်ရတာ အူတက်မတတ်ပါပဲ..။ အဲဒါတွေက

ကော့မှူးက ဒေသခံမိဘပြည်သူတွေရဲ့ ရင်တွင်းစကားတွေပါ။


ပျော်တာပေါ့.. အမေရယ်..ပျော်တာပေါ့ အမေရယ် ကော့မှူးမှာ သားလေးတော်တော်ပျော်ပါတယ်

ပျော်တာပေါ့ အမေရယ် ပျော်တာပေါ့ အမေရယ် April Fool မှာ ဖိုးသိကြား တော်တော်ပျော်ပါတယ်။

အိမ်လည်းပြန်ရောက်ရော လူက ပျော့ဖလတ်လို့.။ ဒါပေမယ့် ညနေမှာ ကြားရတဲ့သတင်းတွေအရ ဖိုး

သိကြားတို့ NLD က အပြတ်အသတ် အောင်ပွဲဆင်တယ်ဆိုတာ ကြားသိရတော့ “၀မ်းသာလွန်းလို့

မျက်ရည်များတောင် လည်ရှာတယ်” ဖြစ်ကုန်ရော...


ဒီနေ့ တနေ့လုံးမှာ ဖိုးသိကြားတို့ လက်မြှောက်ရကျိုးနပ်ပြီလေ..။ လက်မြှောက်တယ်ဆိုတာလည်း

အရှုံးပေးတဲ့အနေနဲ့ မြှောက်တာမဟုတ်ဘူး။ NLD က အောင်မြင်ရမယ် အနိုင်ရ ရမယ်ဆိုတဲ့ အောင်

မြင်ခြင်းနိမိတ် ပုံရိပ်အဖြစ် မြှောက်ခဲ့ကြတာ။ တကယ်လည်း အောင်မြင်ခဲ့ပါပြီ။ မဲပေးခဲ့ကြတဲ့ မိဘ

ပြည်သူတွေရဲ့ မြှောက်ခဲ့တဲ့လက်တွေ ပျော်မြူးနေတဲ့ မျက်လုံးတွေ ကြည်နူးနေတဲ့ အပြုံးတွေက ငါ

တို့ဟာ နိုင်ငံသားတယောက်ရဲတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီဆိုတဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ အဓိ

ပ္ပါယ်ကို ဖော်ဆောင်နေတယ်လို့ ခံစားမိပါတယ်။ ဖိုးသိကြားတို့ကလည်း လက်မထောင်လိုက် လက်

ဝှေ့ယမ်းလိုက် ပြုံးပြနှုတ်ဆက်လိုက် အမူအရာအမျိုးမျိုးနဲ့ တာဝန်ကျေပွန်ခဲ့ကြတဲ့ ယုံကြည်ရဲဝံ့စွာနဲ့

အမေနဲ့ NLD ကို ထောက်ခံမဲပေးခဲ့ကြတဲ့ မိဘပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြသနေတာပါ။


တို့ရဲ့လက်တွေ လေထဲမှာ မြှောက်ထားလိုက်....

ဖိုးသိကြားရဲ့လက်ကို မြှောက်ထားရင်း ကျေးဇူးတင်စကား ပြောရရင်ဖြင့် ဖိုးသိကြားတို့ တိုင်းပြည်နဲ့

လူမျိုးကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အမေနဲ့တကွ NLD ပါတီဝင်

များ၊ ၈၈မျိုးဆက် ကျောင်းသားများနှင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ၊ ရွေးကောက်ပွဲကော်

မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များ(တရားမျှတသူ) အမေ့ခရီးစဉ်ကို ပုံစံမျိုးစုံဖြင့် လိုက်ပါဝန်းရံပေးခဲ့သည့်

ဒေသအသီးသီး အလွှာအသီးသီးမှ မိဘပြည်သူများ၊ ခရီးစဉ်တလျှောက် လုံခြုံရေးတာဝန် ထမ်း

ဆောင်ခဲ့ကြသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့် NLD အဖွဲ့ဝင်များ၊ လမ်းဘေးဝဲယာတလျှောက်

ကြိုဆိုနှုတ်ဆက်ကြသည့် မိဘပြည်သူများ ကလေးငယ်လေးများ၊ မဲရုံများကို လှည့်လည် ကြည့်ရှု့

စစ်ဆေးကြသည့် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များနှင့်

မီဒီယာအဖွဲ့အစည်းများကို ကျေးဇူးတင်ပါသည်။ အခြားကျန်ရှိနေသေးသည့် ကျေးဇူးတင်ထိုက်သူ

အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ အထူးသဖြင့် အမေနှင့် NLD ပါတီကို ယုံကြည်ရဲဝံ့စွာ မဲပေး

ထောက်ခံခဲ့ကြသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်

ပါသည်..။



အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(02/04/2012)

0 အကြံပြုခြင်း: