Monday, April 2, 2012

“ဒေါ်စုကို ဒုတိယ အကြိမ်မျော်နေတဲ့ ရာမညတိုင်းသားတွေ”


by Yangon Press International on Monday, April 2, 2012 at 4:21am ·
မော်လမြိုင်၊ ဧပြီ(၂)ရက်-၂၀၁၂ ခုနှစ်-
ပဲခူးသွန်ရေးသားသည်။ YPI

“ဒေါ်စုကပြောထားတယ် NLD နိုင်ရင် သူမွန်ပြည်နယ်ကိုနောက်တခေါက်လာအုံးမှာတဲ့” ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီး နောက်တရက် ဧပြီ(၂) ရက်နေ့ပါ။

မော်လမြိုင်မြို့ပေါ်က အိမ်တွေမှာ နံနက်စောစောစီးစီးကြားနေရတာကတော့ အထက်ပါစကားသံတွေပါပဲ။

ရွေးကောက်ပွဲရလဒ်ကို ညကတည်းက ဒီမိုကရက်တစ်မြန်မာ့အသံ (ရုပ်သံလိုင်း) မှာကြည့်ထားတာက တကြာင်း ၊မော်လမြိုင် NLD အဖွဲ့ဝင်တွေဆီကနေ ကြားထားကြတဲ့အတွက် အဖြေကို သိထားကြတဲ့ပြည်သူ တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်နေကြတဲ့ အသံတွေထွက်လာပါပြီ။

“သူလာဟောတုန်းက နိုင်ရင်နောက်တခေါက်လာမည်လို့ သားတို့ကိုပြောသွားတာလေ၊ အခုနိုင်နေပြီးဆိုတော့ သူ မွန်ပြည်နယ်ကို နောက်တခေါက်လာ မှာပေါ့နော်”

ဒီနှစ်မှ အသက် ၁၈ နှစ်ပြည့်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ရခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားလေး မောင်ကျော်ရဲနိုင်ကပြောတယ်။

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကို အားပေးတဲ့သူ တယောက်အနေနဲ့  ဧပြီ ၁ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ တတပ်တအား ပါဝင် ကူညီနေတာကို တွေ့ရတယ်။

ပြီးခဲ့တဲ့ မတ်လ၊ လဆန်းပိုင်းက ရာမညမြေကို လူထု မဲဆွယ်စည်းရုံး ဟောပြောပွဲကို လာခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်က “အန်အယ်ဒီနိုင်ရင် ကျွန်မ မွန်ပြည်နယ်ကို နောက်တခေါက်လာခဲ့မယ်”လို့ ခြောက်မိုင် ကျွဲခြံကုန်း လူထုဟောပြောပွဲ ထောင်၊သောင်း ချီတဲ့ ပရိသတ် ကိုသူမ ကတိပေးခဲ့ပါတယ်။

အဆိုပါ ကတိစကားအတိုင်း အခုအခါမှာတော့ မော်လမြိုင်သားတွေ ကတော့သူမကို နောက်တခေါက်ထပ်မံ တွေ့ဆုံခွင့်ရဖို့ အတွက် မျှော်လင့်နေကြပါပြီ။

ရာမညမြေရဲ့ကြားဖြတ်ရွေးကောက်ပွဲ

၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲသွားထည့်ဖို့ အိမ်တိုင်ရာရောက် လာနှိုးဆော်ကြပေမဲ့ အခုတော့ ဘယ်သူမှလည်းလာမနှိုးဆော်ကြပါဘူး။
ဒါပေမဲ့ ရာမညတိုင်းသားတွေကတော့ အရင်ရွေးကောက်ပွဲထက် ပိုတက်ကြွနေကြပြီး မဲရုံဖွင့်တာနဲ့ကို မဲစားရင်းနံပါတ်နဲ့မှတ်ပုံတင်ကိုယ်စီ ကိုင်ပြီး မဲသွားပေးနေကြပါပြီ။

“အဖွားကတော့ ဒေါ်စုပဲထည့်တယ်”လို့ အသက် ၇၉နှစ်အရွယ်ဒေါ်သန်းတင်က မနေ့က မဲထည့်အပြီးမှာပြောပါတယ်။
ခြေထောက်မသန်လို့ တောင်ဝှေ့နဲ့ သားသမီးတွေရဲ့အကူအညီနဲ့ သူမကိုယ်တိုင်မဲသွားထည့်ခဲ့တာပါ။ မဲသွားထည့်ခဲ့တဲ့ အတွက်သူမမျက်နှာမှာ ဂုဏ်ယူနေတဲ့ဟန်ကိုတွေ့ရပါတယ်။


နံနက်ဆိုစောစောစီးစီး အိပ်ရာထတတ်တဲ့ ရာမညမြေရဲ့ ဓလေ့အရ နံနက်စောစောမဲရုံကိုရောက်သွားကြတာက သက်ကြီးရွယ်အို အဖိုးအဖွားတွေပါပဲ။

ဒီနေ့နံနက်ရဲ့အဖြေကတော့ တိုင်းရင်းသားတွေ အမျိုးချစ်တယ်ဆိုတဲ့ ဆိုရိုးစကား ၊ အင်အားရှိရင် ၊ဓနရှိရင် ဘာမဆိုလုပ်လို့ ရတယ်ဆိုတဲ့ အနေအထားတွေ၊ လူမျိုးစုတိုင်းရင်းသားပါတီ၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီကို ကျော်ဖြတ်ပြီး NLD အနိုင်ရရှိသွားပြီးလို့ပြောလို့ ရမယ့် အနေအထားဖြစ်သွားပါပြီ။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက်မော်လမြိုင်မှာ မဲ ပေးနိုင်တဲ့ ရပ်ကွက်နဲ့ ၊ကျေးရွာစုစုပေါင်း ၄၁ ခုရှိပါတယ်။

သားနဲ့အတူမဲလာထည့်တဲ့ အမေအို

ယနေ့ ဧပြီ ၂ ရက်နေ့မှာ NLDမှ ရရှိတဲ့စားရင်းအရ NLD မှမဲ ၇၁၄၈၀ မဲ ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)မှ ၁၉၆၄၈ မဲ၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၄၈၂၄ မဲနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂၀၈၂ မဲတို့ရရှိပါတယ်။
မော်လမြိုင်တွင် မဲပေးနိုင်သူ တသိန်းခွဲ ၀န်းကျင်ရှိပြီး မဲလာမပေးသူများ ပယ်မဲများလည်းအများအပြားရှိခဲ့ပါတယ်။

မော်လမြိုင်မြို့မှာ အခြား ရေး၊လမိုင်း အစရှိတဲ့ မြို့နယ်များထက် မွန်လူမျိုးနည်းပါးနေသလို ယခင် ပြည်ခိုင်ဖြိုးပါတီကိုမဲထည့်ခဲ့ကြတဲ့ ဗမာလူမျိုး အများစုကလည်း NLD ကိုသာ စုပုံမဲထည့်လာကြတဲ့ အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ရာမညမြေဟာ အခြာနယ်မြေမှာလိုပဲ  NLD ကတော့ အောင်ပန်းဆင်နေလျက်ပါ။

မဲအပြတ်အသတ်နဲ့ အနိုင်ရရှိနေပြီး မော်လမြိုင်မြို့ပေါ်ရှိမွန်အများစုကလည်း NLD ကိုသာမဲပေးခဲ့ကြ တာကို တွေ့ရပါတယ်။

ဒါအချက်ကြောင့်လည်း  ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတွေကိုကျော်ဖြတ်ပြီး NLD အောင်ပွဲဆင်နိုင် တာဖြစ်ပါတယ်။

“မဲထည့်တဲ့လူ၁၀ ယောက်ဆို NLD ပဲ၁၀ယောက်စလုံးထည့်တာလေ ၊မဲမခိုးဘူးဆိုရင် NLD ရှုံးစရာမရှိဘူးလို့”လို့ NLD ကိုမဲထည့်ခဲ့သူ မိပုလဲကြည်ကသူမရဲ့အမြင်ကိုပြောတယ်။

ဘယ်လိုပဲ အမှန်ခြစ်ရန် ဘောပင်မှင်မပီလို့၊ စာရွက်ချောနေလို့ တခါတည်း အမှန်ခြစ်မရလို့ ဆိုတဲ့စကားသံတွေထွက်လာပေမယ့်လည်း ဧပြီည ၁ ရက်နေ့ ညသန်းခေါင်မှာ အန်အယ်လ်ဒီ မဲအများဆုံးရတယ်ဆိုတာ ကော်မရှင်က အတည်ပြုလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ အမှန်ခြစ်တာစိတ်တိုင်းမကျခဲ့လို့ မဲလက်မှတ် နောက်ထပ် လဲခွင့် မရတာတွေ ဥပဒေနဲ့ မညီတဲ့ မော်လမြိုင်ဈေးချိုမဲရုံတွင် ကားလိုင်စင်ရှိသူများကို မဲပေးပိုင်ခွင့် ပေးတော့မဲ့အနေအထားတွေ ဖြစ်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ NLD ကအောင်ပွဲဆင်နိုင်ပြီးလို့ ပြောရမှာပါ။

မဲရေတွက်တဲ့ အခါအမှန်ခြစ် နှစ်ကြောင်း၊သုံးကြောင်း ကြောင့် ပယ်မဲအများအပြားဖြစ်ခဲ့ပေမဲ့ NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်ရဲ့ မဲအင်အားကတော့ကောင်းနေတာ တွေ့ရတယ်။

ကြိုတင်မဲစားရင်းများကိုလိုက်လံ ကောက်ခံခြင်း၊ မဲရုံ အနီးဝန်းကျင်တွင် NLD အဖွဲ့ဝင်များက မသမာမှု မဖြစ်ပွားနိုင်ရင်စောင့်ကြည့်လေ့လာတဲ့အဖြစ်၊ မဲထုပ်တွေကို မြို့နယ်ကောက်မရှင်သို့ ယူသွားတဲ့လမ်းတလျောက်မှာ အဖွဲ့ဝင်များ လိုက်လံစောင့်ကြပ် ခွင့်ရရှိခြင်း စတဲ့အချက်များကြောင့် မဲမသမာမှု ပြုလုပ်ရန် အခွင့်အရေးနည်းသွားခဲ့တာလို့ လည်း ဆိုနိုင်ပါတယ်။

“လူတွေကကျွန်မကိုမေးတယ်၊နိုင်ငံရေးလုပ်တာဘာရလို့လဲတဲ့၊ကျွန်မကတော့ပြန်ပြောလိုက်တယ်၊အခုနင်တို့ မုန့်စားနေတာနိုင်ငံရေးပဲလို့ပြောပစ်လိုက်တယ်၊ငွေတထောင်ဆိုတာ ကျွန်မတို့ဆီမှာ နည်းနည်းပဲဝယ်လို့ ရတယ်လေ၊ သူများဆီမှာ အများကြီးဝယ်စားလို့ရတယ်”လို့  ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စေတနာ့ဝန်ထမ်း လုပ်ဆောင်နေတဲ့   NLD အဖွဲ့ဝင် မခင်ချိုလင်းကပြောတယ်။

မဲရုံဝန်ထမ်းများကလည်း သမာသမတ်ကျကျနဲ့ မဲရေနေတာတွေ့ခဲ့ရပြီး ၊ပြည်နယ်ကော်မရှင် အဖွဲ့ခွဲမှလည်း မဲရေတွက်တဲ့ အနေအထားတွေ လာရောက်စောင့်ကြည့်တာတွေ့ရ ပါတယ်။
ပြည်ပမှ လာရောက်လ့လာသူများကိုလည်း ယခုကြားဖြတ်ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့အတွက် ဧပြီလတရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲထက် ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲလို့ တွေ့ကြုံခဲ့သူတွေက နှိုင်းယှဉ်ပြောကြပါတယ်။

မော်လမြိုင်မှာ မဲရတဲ့အနေအထားကတော့ စစ်တပ်မဲရုံနေရာ အချို့လွဲပြီး NLD ပါတီအနေနဲ့ မဲအပြတ်အသတ် နဲ့နိုင်နေတဲ့ အနေအထားမှာရှိနေပါတယ်။

ရလဒ်များကို မထုတ်ပြန် ရသေးသော်လည်း NLD အဖွဲ့ဝင်များအနေဖြင့် စာရင်း အတိအကျယူထားပြီးပြီးဖြစ်တဲ့အတွက် အနိုင်ရရှိသွားပြီးလို့ ပြောလို့ရနေပါပြီ။

“ကျွန်တော်တို့ နိုင်နေပြီးလို့ ပြောလို့ရသွားပါပြီး၊ဒါပေမဲ့ ကော်မရှင်ကမထုတ်ပြန်ရသေးတော့စိတ်ချတဲ့ အနေအထားတော့ မရှိသေးဘူးပေါ့”NLD မော်လမြိုင်မှ အောင်နိုင်ရေး ကော်မတီ မှပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်ကပြောပါတယ်။

NLD ကိုယ်စားလှယ်ဒေါ်ခင်ဌေးကြွယ်အား NLD နိုင်ခဲ့လျင် မော်လမြိုင်အတွက် ဘာလုပ်ပေးမှာလဲလို့ မေးမြန်းစဉ်က “မွန်ပြည်နယ်မှာလိုအပ်နေတာတော့ အများကြီးပဲပေါ့၊ဒါပေမဲ့ လောလောဆယ် ကိုယ် မလုပ်ပေးနိုင်သေးတော့ ကြိုပြီးမပြောချင်ပါဘူး”လို့ပြန်လည် ဖြေဆိုခဲ့တယ်။

ဧပြီ ၁ ရက်နေ့ညမှာ “အမေစုကျန်းမာပါစေ၊ချမ်းသာပါစေ”ဆိုတဲ့ ဟစ်ကြွေးသံတွေကမော်လမြိုင်ကမ်းနားလမ်းတလျောက် ဟိန်းထွက်နေခဲ့ပြီး ည နက်တိုင်အောင် NLD ပါတီဝင်တွေ ၊NLD အားပေးတဲ့သူတွေက ဆိုင်ကယ်နဲ့ လှည့်လည်အောင်ပွဲခံခဲ့ကြပါတယ်။

ရာမညမြေရဲ့ April Fool လက်ဆောင်ကတော့ အားလုံးမျော်လင့်ထားတဲ့ လက်ဆောင် ဖြစ်သွားသလို ရာမညတိုင်းသားတွေ  နောက်ထပ်မျော်လင့်နေတဲ့လက်ဆောင်တခုကတော့
ဒေါ်အောင်ဆန်းစုကြည် နောက်တခေါက် ရာမညမြေကို လာရောက်မယ့် လက်ဆောင်ပဲ ဖြစ်ပါတော့တယ်။          ။


0 အကြံပြုခြင်း: