Wednesday, May 16, 2012

ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာဈေး မြင့်တက်


၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ နောက်ပိုင်းတွင် မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုဘဏ်တို့တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ကာ နိုင်ငံသားများ ၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများအား ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်းခွင့် မူဝါဒကို ထုတ်ပြန်လိုက်သဖြင့် အမေရိကန် ဒေါ်လာဈေးပြန်လည် မြင့်တက်လာကြောင်း သိရှိရသည်။

မေလဆန်းပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၈၂၀ ၀န်းကျင်သာ ရှိခဲ့သော ဒေါ်လာဈေးမှာ မေလ ၁၆ ရက်နေ့တွင် တရားဝင် ငွေလဲကောင်တာများတွင် ရောင်းချသောဈေးအရ တစ်ဒေါ်လာလျင် ၀ယ်ဈေး ကျပ် ၈၂၆ နှင့် ရောင်းဈေး ကျပ် ၈၃၈ ကျပ်ရှိကြောင်း သိရှိရသည်။ နေ့စဉ် အမေရိကန်ဒေါ်လာ ပေါက်ဈေးအား ဗဟိုဘဏ်မှ Mid-rate အနေဖြင့် ထုတ်ပြန်ပေးပြီး ၎င်းဈေးနှုန်းပေါ်တွင် အခြေခံကာ ၀ယ်ဈေးကို အနှုတ် ၀ ဒသမ ၈ ရာခိုင်နှုန်းခွာထားပြီး ရောင်းဈေးတွင် အပေါင်း ၀ ဒသမ ၈ ရာခိုင်နှုန်းခွာထားကြောင်း သိရှိရသည်။
''ဒေါ်လာဈေးနှုန်းက ကားတင်သွင်းခွင့် ပါမစ်ပေးလိုက်တော့ တက်လာတာ တွေ့ရတယ်။ တကယ်တမ်း ဒေါ်လာဈေးမတက်လို့လည်း မရဘူး။ ပို့ကုန်သမားတွေအတွက်တော့ အထိနာတယ်။ အထူးသဖြင့် ဆန်တို့၊ ပဲတို့ ပြည်ပတင်ပို့တဲ့  FOB ဆန်ဈေးဆိုရင်လည်း ၃၂၀ လောက်ပဲရတော့  တစ်ဒေါ်လာကို ကျပ် ၈၂၀ နဲ့တွက်ရင် နှစ်သိန်းကျော်လောက်ပဲ ရတယ်။ အဲဒါကြောင့် ပို့ကုန်သမားတွေက တစ်ဒေါ်လာကို ကျပ် ၉၀၀ ၀န်းကျင်လောက် အထိ ဆွဲတင်ဖို့ ပြောတယ်။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာအထိ တင်နိုင်မလဲတော့ မသိသေးဘူး။ အခုက မြန်မာငွေတန်ဖိုးက တော်တော်မာတယ်။ ဥပမာ တရုတ်ဆိုရင် သူ့ငွေတန်ဖိုးကို လိုသလို ချနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲဒီလောက်အထိ လိုက်မချနိုင်ဘူး။ တကယ် တမ်းဒေါ်လာဈေးတက်ဖို့ လိုနေတာတော့ အမှန်ပဲ'' ဟု ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နေသော လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
မေလ ၁၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၈၂၅ ကျပ်နှင့် ကျပ် ၈၃၇ ကြားရှိပြီး ၁၆ ရက်နေ့တွင်မူ ၀ယ်ဈေး ကျပ် ၈၂၆ နှင့် ရောင်းဈေး ကျပ် ၈၃၈ ရှိကြောင်း သိရှိရကာ ဒေါ်လာဈေးနှင့် FEC ဈေးမှာမူ ဧပြီ လ ၂ ရက်နေ့ နှုန်းရှင်သတ်မှတ်သည့်နေ့မှစ၍ အတူတူရှိနေကြောင်း သိရှိရသည်။

''လောလောဆယ် earing ဈေး က ၈၃၅ ၀န်းကျင်ဈေးလောက် ရှိတယ်။ ဒါပေမဲ့ earing အဝေးက ရှားတယ်။ ဟိုတုန်းက ရိုးရိုး earing ကျပ် ၂၀ လောက်ကွာတယ်။ အခုတော့ သိပ်မကွာတော့ဘူး။ earing အဝေးဆိုတာ ဥပမာ ဂျပန်က ကားသွင်းမယ်ဆိုရင် ဂျပန်ကိုဘဏ်ကနေ တစ်ဆင့် earing လွှဲပေးတာ။ အခုတော့ ဈေးနှုန်းအားဖြင့် သိပ်မကွာတော့ပေမယ့် နည်းနည်းတော့ ရှားနေတယ်''ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
news-eleven.com

0 အကြံပြုခြင်း: