Sunday, July 8, 2012

ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။

r 7Day News Journal
ကျောင်းသားသမဂ္ဂဖြိုခွဲခံခဲ့ရသော 7 July နှစ် (၅၀)ပြည့်အခမ်းအနားတွင် ဦးဆောင်ကျင်းပမည့် ဗကသခေါင်းဆောင်အချို့ကို ပြင်ပ၌မရှိစေချင်သောကြောင့် ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံကြောင်း နာရီ ၂၀ ခန့် ထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူများက ပြောသည်။
ဖမ်းဆီးခံရသူ ဗကသကျောင်းသားတစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းက "7 July နဲ့ပတ်သက်ပြီး အဓိကမေးပါတယ်။ ဒါကို စိုးရိမ်တဲ့အနေနဲ့ လမ်းပေါ်ထွက်ပြီးတော့ ကျောင်းသားအရေးအခင်းတွေဖြစ်မှာဆိုးလို့ပါ။ ကျွန်တော်တို့နောက်မှာ ကျောင်းသားအင်အားစုရှိတယ်ဆိုပြီး စိုးရိမ်တဲ့အတွက်ပါ" ဟု ရှင်းပြသည်။
သို့သော် ယခုဖမ်းဆီးရာတွင် ယခင်ဖမ်းဆီးသည့်ပုံစံနှင့်မတူဘဲ အာမခံချက်ရှိပြီး ဖမ်းဆီးစဉ်ကပင် ၂၄ နာရီအတွင်း ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ပြီး ကောင်းမွန်စွာနေရကြောင်း လွတ်မြောက်လာသူများက ပြောသည်။
ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်မရသေးခင်မှာ အခမ်းအနားများအား ခွင့်ပြုချက်နှင့်သာ ကျင်းပရမည်ဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ ထိန်းသိမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့ တာဝန်ခံရဲမှူးကြီး ဦးစိုးသိမ်းက ပြောကြောင်း ပြန်လည်လွတ်မြောက်လာသူ ကိုစည်သူမောင်က ပြောသည်။ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ မှာ သက်ဆိုင်ရာက ၂၄ နာရီအတွင်း ခေါ်ယူမေးမြန်းစုံစမ်းနိုင်သည်ဟု ဆိုသည်။


 ယာယီထိန်းသိမ်းခံ ခဲ့ရသူများတွင် ပါဝင်ခဲ့သည့် ဗကသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းက
“ဗကသ ကျောင်းသားတွေကို ခုလို ဖမ်းဆီး ထိန်းသိမ်းတယ်ဆိုတာ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်တာပါပဲ။ ဥပဒေကို လက်တစ်လုံးခြား လုပ်တာပါ။ ၂၄ နာရီ ရှိထဲအထဲက ၂၂ နာရီလောက် ခေါ်ယူ ထိန်းသိမ်းထားတာပါ။ ဒါဟာ စိတ်ကို ညှင်းပန်းနှိပ်စက်ခြင်း တစ်မျိုးပါပဲ” ဟု ပြောဆိုသည်။


 Eleven Media Group
"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့တော့ အာမခံချက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မနက် ၃ နာရီလောက်အထိ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးတာတွေ လုပ်တယ်။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ လုပ်တာပါ"ဟု ထိန်းသိမ်းခံရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောပါသည်။


"ကျွန်မတို့ကို စစ်ဆေးတာကတော့ ဒီ 7 July ပွဲအတွက် ဘယ်အချိန်ကတည်းက စ စီစဉ်ခဲ့တာလဲ။ ဘယ်နေရာတွေမှာ စီစဉ်ခဲ့တာလဲ။ အဲဒါမျိုးတွေ မေးတယ်။ ကျွန်မကိုယ်တိုင်တောင် အတိအကျ မမှတ်မိဘူး။ ကျွန်မတို့လည်း ယေဘူယျသဘောလောက်ပဲ မှတ်ထားတာရှိတယ်။ ခေါ်ယူဆွေးနွေးတယ်ဆိုပေမယ့် ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။ အမျိုးသမီးတွေပါပဲ။ ခေါ်ယူဆွေးနွေတယ်ဆိုပေမယ့် တကယ်က ဖမ်းဆီးထိန်းသိမ်းတာပါပဲ။" ဟု ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါသည်။

0 အကြံပြုခြင်း: