Saturday, July 14, 2012

ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် (မင်းကိုနိုင်)





by ပြည်သူ့ခေတ် on Saturday, July 14, 2012 at 7:59pm ·



ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။ 



ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
          ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
....
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
          ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
          ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊
          မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
          ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
          ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
          ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
          ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
          စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
          စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
          စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
          ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
          နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
          ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
          သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
          စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
          အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
          “တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
          ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
          တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
          မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
          တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
          တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး  ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
          သို့သော် မတရားလုပ်သူတို့ မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ ဟု ဖြေသာရမလို ဖြစ်နေသည်။
          စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
          သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
          တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
          မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
          စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
          အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
          နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်
          ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊

မင်းကိုနိုင်
 ၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)

0 အကြံပြုခြင်း: