Sunday, September 30, 2012

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း(၁၉၄၅-၅၈)စာအုပ်မိတ်ဆက်

rNational League for Democracy
ရန်ကုန်မြို့၊ဗိုလ်ချုပ်လမ်းရှိ စင်ထရယ်ဟိုတည်၌ ၂၀၁၂ခုနှစ်၊စက်တင်ဘာလ(၃၀)ရက်နေ့ မွန်းလွှဲ(၂)နာရီက စာရေးဆရာကြီးဦးအံ့ကျော်(အငြိမ်းစားသမိုင်းပါမောက္ခ) ရေးသောမြန်မာနိုင်ငံကျောင်းသားများ လှုပ်ရှားမှု သမိုင်း(၁၉၄၅၅၈)စာအုပ် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာ ပတိအဖွဲ့ဝင် ဦးဝင်းတင်၊ စာရေးဆရာမောင်မိုးသူ၊ ဖေမြင့်နှင့်စာရေးဆရာများ၊ ၈၈မျိုးဆက်ကျောင်းသားများ ၊ဖိတ်ကြားထားသောဧည့်သည်များ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။ စာရေးဆရာဦးအံ့ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ စာရေးဆရာဦးအောင်သင်းက မုဒိတာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံကျောင်းသားများ လှုပ်ရှားမှုသမိုင်း(၁၉၄၅-၅၈)စာအုပ်အား သီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ ကြသည်။

ပစ်ခတ်မှုကြောင့်ဒဏ်ရာရသူ မိသားစုအားတွေ့ဆုံ၍ သတင်း ရယူရန်ဝင်ခွင့်မပြု


ဗီးနပ်စ် ဂျာနယ်မှ သတင်းထောက် ကိုထက်နိုင်ဇော် ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့လာသည့် ဧရာဝတီတိုင်း ရှားခဲရွာ ပစ်ခတ်မှုကြောင့်ဒဏ်ရာရသူ မိသားစုအားတွေ့ဆုံ၍ သတင်း ရယူရန် ယနေ့နံနက် ၁၀နာရီကတည်းက သွားရောက်ခဲ့ရာ လုံခြုံရေးရဲဝန်ထမ်းက ၀င်ခွင့်မပြုပဲ စောင့်ဆိုင်းခိုင်းထားကြောင်း ဆက်သွယ်ပြောဆိုလာပါသည်။

လသာရဲစခန်းသို့ ကိုထက်နိုင်ဇော်က မေးမြန်းရာတွင် အထက်ညွှန်ကြားချက်ကြောင့် ၀င်ခွင့်မပြုကြောင်း ယခုကိစ္စကို သီးခြား ကိစ္စတရပ်အဖြစ် ညွှန်ကြား ထားကြောင်း ဖြေကြား သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းရဲရုံး၊ တိုင်းအစိုးရအဖွဲ့များသို့ ဆက်သွယ်မေးမြန်းသင့်သည်ဟု ယူဆပါသည်။

ဆေးရုံဝင်းအတွင်း သတင်းယူခွင့်ရှိမရှိ၊ သတင်းထောက်အား ၀င်ရောက်ခွင့် ပြုမပြု မေးခွန်းထုတ် စရာ ဖြစ်လာပါသည်။ သတင်းထောက်များလည်း ၀ိုင်းဝန်း မေးမြန်းကာ ယခုကိစ္စကို လူသိများအောင် လုပ်သင့်သည်ဟု ယူဆပါသည်။ ဥပဒေအရ မည်သို့ ညွှန်ကြားထားသလဲ စသည်အချက်များကို ၀ိုင်းဝန်းဆွေးနွေး အဖြေရှာသင့်ပါသည်။

မြင့်ကျော်
အထွေထွေအတွင်းရေးမှူး
မြန်မာဂျာနယ်လစ်ကွန်ရက်။

Asia Society တွင် ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း

by Yangon Media Group
on Saturday, September 29, 2012 at 4:39am ·

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia Society တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း


ရှေးဦးစွာ တက်ရောက်လာကြတဲ့ Asia Society မှ ပုဂ္ဂိုလ်များအားလုံးကို ကျွန်တော့်အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းအရင် ဆက်သ အပ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ကျွန်တော်ပြောလိုတာကတော့ ကျွန်တော်တို့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အကောင်အ ထည် ဖေါ်နေချိန်မှာ၊ အစောပိုင်းလာလတွေမှာ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာပြီးတော့ မြန်မာနိုင်ငံရဲ့ ပြု -ပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ်မှာ နိုင်ငံတကာကို ထောက်ခံပြောဆိုပေးခဲ့ကြတဲ့ Asia Society တာဝန်ရှိသူတွေကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲဖြစ်စေ၊ အမေရိကန်ပြည်ထောင်စုမှာပဲဖြစ်စေ ဒီမိုကရေစီအုပ်ချုပ်မှုပုံစံအရ အစိုးရတစ်ရပ်ပြီး တစ် ရပ် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပေါ်ပေါက်လာတဲ့ အစိုးရ အရပ်ရပ်ပေါ်မှာ မူတည်ပြီး အစိုးရအချင်းအချင်း ဆက်ဆံမှု ပုံစံတွေလည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အစိုးရတွေ ဘယ်လိုပဲပြောင်းပြောင်း နှစ်နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည် သူများ အချင်းချင်း ချစ်ကြည်ရင်းနှီး ဆက်ဆံမှုကတော့ ခိုင်မြဲစွာ တည်တံ့ကျန်ရစ်နေဖို့ အရေးကြီးပါတယ်။

ဒီလို ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံမှုတစ်ခုကို အမေရိကန်ပြည်သူများနဲ့ မြန်မာနိုင်ငံပြည်သူများ အကြားမှာ ပေါက်ဖွားစေဖို့ အတွက် နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေ၊ စီးပွားရေးဆောင်ရွက်ပုံတွေ၊ အနုပညာတွေကို အပြန်အလှန် သိရှိနားလည်ကြဖို့ လိုအပ်ပါတယ်။ ဒီလို အာရှ တိုက်နိုင်ငံများနဲ့ အမေရိကန် ပြည်ထောင်စု အကြား အပြန်အလှန် နားလည်မှုရှိအောင် ဖော်ဆောင်ပေးနေတဲ့ Asia Society ရဲ့ အခန်းကဏ္ဍကို အလွန်ပဲ အရေးကြီးတယ်လို့ ပြောလိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာ ရုံ၊ ရွေးကောက်ပွဲတွေ လုပ်ရုံနဲ့ အောင်မြင်မှု ရနိုင်မှာမဟုတ်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေ တဲ့ “Democratic Culture” လို့ဆိုတဲ့ “ဒီမိုကရေစီ ယဉ်ကျေးမှု” တစ်ရပ်ကို ပြန်လည်အသက်သွင်းရမှာ ဖြစ်ပါတယ်။

အခုအချိန်ဟာ ဒီမိုကရေစီစံနှုန်းတွေကို မိမိတို့ရဲ့ နိုင်ငံသားအားလုံးရဲ့ ရင်မှာ ကိန်းဝပ်ရှင်သန်လာအောင် ပြန်လည်လှုပ်နှိုးနေရတဲ့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံနားလည်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ် ရပ်ပေါ်ပေါက် လာရန် ကြိုးပမ်းဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ ဒီကိစ္စကို ဆောင်ရွက်အကောင်အထည်ဖော်ရာမှာ အစိုးရ တစ်ရပ်တည်းရဲ့ အားနဲ့ ဆောင်ရွက်တာထက်၊ အရပ်ဘက်နဲ့ လူ့အဖွဲ့အစည်းများရဲ့ ကူညီဆောင်ရွက်မှုကိုလည်း ရယူရမှာ ဖြစ်တယ် လို့ ကျွန်တော့်အနေနဲ့ လက်ခံယုံကြည်ထားပါတယ်။

မြန်မာ့ လူ့ဖွဲ့အစည်းတွေ ရှင်သန်အားကောင်းလာစေဖို့အတွက် အကြံဉာဏ်တွေ၊ ဆွေနွေးညှိနှိုင်းမှုတွေ၊ စွမ်းဆောင်ရည် မြှင့်တင်မှု -တွေကို Asia Society က ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံဟာ အမေရိကန် ပြည်ထောင် စုကဲ့သို့ မိတ်ဆွေကောင်းများကိုလည်း လိုအပ်ပါတယ်။ မြန်မာပြည်သူများနဲ့ အမေရိကန်ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှု ပို မိုမြင့်မားလာစေဖို့ အတွက် Asia Society အနေနဲ့ စိတ်ကောင်း စေတနာမှန်နဲ့၊ အကူအညီများ အကြံဉာဏ်များဖြင့်လည်း ပံ့ပိုးပေး သွား နိုင်မယ်လို့ မျှော်လင့်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။


သမ္မတဦးသိန်းစိန်ရန်ကုန်လေဆိပ်အရောက်တွင် လူထုဖြင့် ခမ်းနားစွာကြိုဆိုရန်စီစဉ်နေ


by Yangon Media Group on Sunday, September 30, 2012 at 5:42am ·
ရန်ကုန် စက်တင်ဘာ ၃၀

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုမှမြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အောက်တိုဘာ ၁ရက်နံနက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ရာ သမ္မတကြီးအား လူထုဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုရန်စီစဉ်နေကြောင်း လူထုလူတန်းစားအဖွဲ့အစည်းများကပြောသည်။
“ ကျွန်တော်တို့မနက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားရောက်ကြိုဆိုကြမှာဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံဖြေလျော့အောင်ကြိုးစားပေးနိုင်ခဲ့တဲ့ သမ္မတကြီးရဲ့ အမေရိကန်ခရီးကို ဂုဏ်ပြုချင်လို့ပါ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်မီဒီယာသို့ဆက်သွယ်ပြောကြားသည်။
“လူအင်အား တစ်ထောင်နီးပါးလောက်တော့ရှိမယ်လို့ခန့်မှန်းထားပါတယ်။ သမ္မတကြီးဟာ နယူးယောက်မှာရှိတုနုး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုပြန်လည်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်ကြိုဆိုကြပါမယ်။မည်သူမဆိုလာရောက်ကြိုဆိုကြဖို့လဲ တတ်နိုင်သမျှဆော်သြနေပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ရက်နံနက် ၉နာရီခွဲတွင် လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။
သမ္မတဦးသိန်းစိန်သည် နယူးယောက်တွင်ရှိနေစဉ် ကုလသမဂ္ဂအစည်းအဝေးတွင်ထူးခြားသောမိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံရေးမှထင်ရှားသူများ၊အာရှလူ့အဖွဲ့အစည်း၊အမေရိကန်ရောက်မြန်မာများ၊အမေရိကန်လုပ်ငန်းရှင်များစသည်တို့နှင့် ရင်းနှီးစွာတွေ့ဆုံးခဲ့သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်တွှေု့ဆုံစဉ် အမေရိကန်က မြန်မာ့ပို့ကုန်များပိတ်ပင်ထားမှုရုပ်သိမ်းပေးမည့်ကတိက၀တ်များရရှိခဲ့သည်။ထို့အပြင် အမေရိကန်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး တည်းခိုရာသို့လာရောက်ကာ ခေါင်းဆောင်နှစ်ဦး နွေးထွေးစွာတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံ ချေးငွေဒေါ်လာ သန်း ၉၀၀ရရန်ရှိ....

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့တို့က ချေးငွေဒေါ်လာ သန်း ၉၀၀ ထိ ထပ်မံ ထုတ်ချေးရန် စဉ်းစားနေ

မြန်မာနိုင်ငံကို ငွေချေးထားသည့် အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့က မြန်မာနိုင်ငံကို ချေးငွေအမေရိကန်ဒေါ်လာသန်း ၉၀၀ အထိ ထပ်မံထုတ်ချေးပေးသွားရန် စဉ်း စားနေသည်ဟု ဂျပန်နိုင်ငံ၏ နေ့စဉ်ထုတ် စီးပွားရေးသတင်းစာ Nikkei  က ဖော်ပြလိုက်သည်။

အဆိုပါအဖွဲ့အစည်းများက တိုကျို၌ မကြာမီပြုလုပ်မည့် IMF အ စည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ၄င်း တို့၏ အထောက်အပံ့ချေးငွေများကို အမေရိကန်ဒေါ်လာသန်း ၉၀၀ ကျော် အထိ ထပ်မံထုတ်ချေးပေးရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါငွေကြေးများကို ထုတ်ချေးပြီးလျင် မြန်မာနိုင်ငံ၏ကြွေးမြီသစ် စုစုပေါင်းမှာအမေရိကန်ဒေါ်လာတစ်ဘီလျံခန့်သို့
 ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်နှင့် အခြားဂျပန်ဘဏ်များသည် မြန်မာနိုင်ငံက တင်ရှိနေသော  ကြွေးမြီဟောင်းမျာ ပြန်ဆပ်နိုင်ရန်အတွက် ပေါင်းကူးချေးငွေအဖြစ် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ တစ်ဘီလျံပေးအပ်ရန် စီစဉ်နေ ကြောင်း သိရသည်။

ADB နှင့် ကမ္ဘာ့ဘဏ်တို့မှာ ၄င်းတို့၏ ဘုတ်အဖွဲ့အစည်းအဝေးတွင် အမေရိကန်ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သဖြင့် ယခင်က မြန်မာ နိုင်ငံသို့ ငွေထုတ်ချေးရန် မဖြစ်နိုင်ခဲ့ကြောင်း Nikkei  သတင်းစာက ဖော်ပြခဲ့သည်။
အမေရိကန်က ပြီးခဲ့သည့်ဇူလိုင်လကတည်းက မြန်မာနိုင်ငံတွင် သွားရောက်ရင်းနှီးမြှုပ်နှံလိုသည့် အမေရိကန်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ နှစ်ဦးတွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ၏ ပို့ကုန်များကိုကန့်သတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုကို ဖြေလျော့လိုက်သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အများဆုံးကြွေးရှင်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကို ငွေထုတ်ချေးထားသည့် ADB ၊ ကမ္ဘာ့ဘဏ်နှင့် အခြားအဖွဲ့အစည်းများကိုလည်း မြန်မာနိုင်ငံမှ ၄င်းတို့ရရန်ရှိသည့် ကြွေးမြီများ၏ တချို့တ၀က်ကို လျော့ချပေးလိုက်ရန် တောင်းဆိုခဲ့ကြောင်း Mainichi သတင်းစာက မကြာသေးမီက ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဧပြီလကလည်း မြန်မာနိုင်ငံအပေါ်ကြွေးမြီ ယန်းဘီလျံ ၅၀၀ ရှိရာမှ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလျံ) ကို သက်သာခွင့်ပေးခဲ့သည်။

သဘာဝအရင်းအမြစ်အားနည်းသော ဂျပန်နိုင်ငံသည် နိုင်ငံ့စီးပွားရေးအတွက် ပို့ကုန်ကိုအားထားနေရသော နိုင်ငံဖြစ်ပြီး ရင်းမြစ်ပေါကြွယ်ဝသော မဲခေါင်ဒေသတွင် ၄င်းတို့၏ တိုးတက်မှုများကို အရှိန်မြှင့်တင် နိုင်မည့်နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။  

news-eleven.com

သမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း


ဦးသန်းလွင်ထွန်း

29.09.2012
သတင်းမီဒီယာတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ သိသင့်တဲ့ ကိစ္စတွေကို ကြော်ငြာပေးရာ ရောက်တဲ့ အတွက် ကျေးဇူးတင်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောဖို့ အမေရိကန် ပြည်ထောင်စုကို လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပြီး ဗွီအိုအေ မြန်မာပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းခဲ့စဉ်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြို့မှာ တွေ့ဆုံခဲ့တဲ့ကိစ္စ၊ လွှတ်တော်နဲ့ ချိန်ခွင်လျှာညှိ အုပ်ချုပ်တဲ့နေရာမှာ တွေ့ရတဲ့ အခက်အခဲ၊ စီးပွားရေး အကျိုးအမြတ်တွေကို အခွင့်ထူးခံတွေပဲ မခံစားရအောင် ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ အမေးတွေကို သမ္မတဦးသိန်းစိန်က ဖြေကြားခဲ့ပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ သီးသန့် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

သမ္မတကြီးရဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းက မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တကမ္ဘာလုံးက၊ နိုင်ငံပေါင်းစုံက၊ နိုင်ငံ ခေါင်းဆောင်တွေက နေပြီးတော့ အသိအမှတ် ပြုမှုတွေ ရသွားစေတဲ့ အားလုံး လှိုက်လှိုက်လှဲလှဲ ချီးကျူးရတဲ့ မှတ်ကျောက်တင်နိုင်တဲ့ မိန့်ခွန်းပါ။ ဒီနေရာမှာ သတိထားမိတာက အခုလို ပြောဆိုသွားတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာဆိုရင် အဂတိလိုက်စားမှုနဲ့၊ သမ္မတကြီးလည်း အရင် ပြောဖူးပါတယ်။ ဥပဒေ စိုးမိုးရေးကိစ္စတွေပါ။ တဆက်တည်းမှာပဲ လွှတ်တော်ထဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ တရားဥပဒေ စိုးမိုးရေး ကော်မရှင် ဆိုတာကို ခေါင်းဆောင်မှု တာဝန်ယူထား နေပါပြီ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေး ကော်မရှင်ကို သမ္မတကြီးတို့ အစိုးရအဖွဲ့ အနေနဲ့ ဘယ်လိုများ ကူညီပံ့ပိုးမှုတွေ၊ ပူးပေါင်း လုပ်ဆောင်မှုတွေ လုပ်သွားမလဲ ဆိုတာ သိပါရစေ။ -

“ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ကလည်း ဒါ သူတို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် ကလည်း rule of law ဆိုပြီးတော့ အမြဲတမ်း ပြောလေ့ပြောထ ရှိတယ်။ ပြောလေ့ပြောထ ရှိတဲ့အတွက်ကြောင့် တရားဥပဒေ စိုးမိုးရေး၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီဟာက ကျနော်တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ အစိုးရဘက်ကလည်း လုပ်တယ်။ လွှတ်တော်ကလည်း ဒီလို ၀ိုင်းပြီးတော့ လုပ်ပေးတော့ ဒါက ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အလားအလာ တခု ဖြစ်တယ်ပေါ့။”

ဒီကော်မရှင်အနေနဲ့ သမ္မတကြီးရော၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ ပြည်ပခရီး ထွက်နေတဲ့အချိန်မှာ ရန်ကုန်တိုင်းတွင်းမှာ ရှိတဲ့ တချို့ ရဲစခန်းလေးတွေကို သွားပြီးတော့ ကြည့်တယ်။ တရားသူကြီးအဖွဲ့တွေနဲ့ ဆွေးနွေးတယ် ဆိုတာလည်း ကျနော်တို့ ကြားပါတယ်။ အဲဒီနေရာမှာ တချက်ပေါ့နော်၊ ဒါကတော့ လက်တွေ့ ဖြစ်တဲ့ ကိစ္စလေးတွေပေါ့။ မိသားစု တစုကို ဖမ်းထားပြီးတော့ အာမခံမပေးတဲ့ ကိစ္စမျိုးတွေကို တွေ့ရတယ် ဆိုတာမျိုး ကြားပါတယ်။ ဒါမျိုးတွေနဲ့ ကြုံလာရင် အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုများ တုံ့ပြန် ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိလဲခင်ဗျ။ -

“ဒီကိစ္စက ကျနော် ထင်တယ်၊ ဥပဒေ အတိုင်းပဲ ကျနော်တို့ လုပ်ကြရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဥပဒေနဲ့ မညီညွတ်တာကို လုပ်တဲ့အတွက်ကြောင့် ဒီအဖွဲ့ကနေ သွားပြီးတော့ ရဲစခန်းတွေကို ကြည့်တယ်၊ မှန်တယ် ပြုတယ် ဆိုရင် ဒါကို ဥပဒေအတိုင်း ဖြစ်အောင် ကျနော်တို့က အစိုးရပိုင်းက ဆောင်ရွက်ဖို့ ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ပေါ့နော်၊ သမ္မတကြီး အနေနဲ့ ဒီပြည်ပခရီးကို မထွက်ခင်မှာလည်း မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ရှိပါတယ်။ အလားတူပဲ ပြည်ပကို ရောက်တဲ့အခါမှာလည်း အထူးတလည် ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးကို လာပြီးတော့ နှုတ်ဆက် ဂါရ၀ပြုတာ တွေ့ရပါတယ်။ အဲဒီတော့ ဘယ်လို အကြောင်းတွေနဲ့ ထူးထူးခြားခြားလေးများ ပြည်ပမှာရောက်တုန်း ဆွေးနွေးဖြစ်တယ်ဆိုတာ သိပါရစေခင်ဗျ။ -

“သူတို့ကတော့ ကျနော့်ကို အကြီးအကဲ တယောက်အနေနဲ့ သူလည်း ဒီမှာရောက်နေတယ်၊ ကျနော်ကလည်း ဒီ UN ရဲ့ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ လာတယ်ဆိုတော့ သူကတော့ လာပြီးတော့ တွေ့ဆုံ နှုတ်ဆက်တဲ့သဘောပါ။ ဘာမှတော့ ထွေထွေထူးထူး တိုင်ပင်တာ ပြောတာတွေ မရှိပါဘူး။ နှုတ်ဆက်တဲ့သဘောပါပဲ။”

စောစောတုန်းက ကျနော် ပြောတဲ့အထဲမှာ လွှတ်တော်ရဲ့ ကော်မရှင်တွေပေါ့နော်၊ လွှတ်တော်ရဲ့ ကော်မရှင်တွေ ကိစ္စမှာ ထူးခြားတဲ့၊ မြန်မာနိုင်ငံရဲ့ သက်တမ်း နုနယ်သေးတဲ့ ဥပဒေပြု လွှတ်တော် အခြေအနေနဲ့ သမ္မတကြီးတို့ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တစိုက်မက်မက် လုပ်နေတဲ့ အစိုးရအဖွဲ့ကြားထဲမှာ အများ အမြင်ပေါ့နော်၊ အပြင်ဘက်ကအမြင်မှာ နည်းနည်း တင်းမာမှုတွေ ရှိနေတယ် ဆိုတဲ့ သဘောပေါ့နော်။ လွှတ်တော်ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် ထားရှိရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ငြင်းကြခုန်ကြတဲ့ ပုံစံလေးတွေ ဖြစ်တယ်။ နောက် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို နုတ်ထွက်ခိုင်းလိုက်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တော့ တချို့ဆိုရင် ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေ crisis ပေါ့နော်၊ ပြဿနာကြီးတရပ် လို့တောင် ပြောချင်တဲ့သူတွေ ရှိနေကြတယ်ခင်ဗျ။ အဲဒီတော့ ဒါနဲ့ ပတ်သက်လို့ သမ္မတကြီးရဲ့ အမြင်ကို ရှင်းပြပေးပါလား။ -

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဿနာတရပ် ရှိလာလို့ရှိရင်၊ နောက်တခါ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက တာဝန်ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ ဒီပြဿနာကို ဖြေရှင်းပေးဖို့ တာဝန် ရှိပါတယ်။ အဲဒီတော့ ဒီ အခြေခံဥပဒေ ခုံရုံးကနေပြီးတော့ ဖြေရှင်းပေးတဲ့ ကိစ္စတခုကို လွှတ်တော်ကနေ မှန်တယ် မှားတယ်၊ ဒါကတော့ သူတို့ပဲ ဆုံးဖြတ်ပြီးတော့ လိုက်နာ လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီတော့ မှားတယ်ဆိုရင်လည်း ဒါ သူတို့ရဲ့ အများစုနဲ့ မှားတဲ့အကြောင်း၊ မှန်တယ်ဆိုလို့ရှိရင်လည်း ဒါ သူတို့ရဲ့ အပိုင်းပါပဲ။ ဒီကိစ္စကြောင့် ကျနော်တို့နဲ့တော့၊ အစိုးရပိုင်းနဲ့တော့ ပြဿနာ မရှိဘူး။ သို့သော်လည်း ပထမ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့  ခုနကလို ဒီလူတွေ ထွက်သွားရအောင် ဖြစ်မယ့်အစားပေါ့လေ။ တခြား ထွက်ပေါက် တခု ရှိပါသေးတယ်။ ဒီထွက်ပေါက်ကတော့ ခုနကလို လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခန်း (၂၀) မှာ ပြဌာန်းထားတယ်။ amendment ပေါ့။ ပြင်ဆင်လို့ ရတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိတိကျကျနဲ့ မပါဘူးဆိုရင် တိတိကျကျ ပါအောင် ထပ်ပြီးတော့ ထည့်လို့ရတယ်။ ကျနော်ကတော့ ဒီဟာလေး လမ်းကြောင်းလေးတော့ ပေးလိုက်ပါတယ်။ သို့သော်လည်းပဲ ဒီအဖွဲ့အစည်းနှစ်ခုဟာ သီးခြား ဆောင်ရွက်ပေးထားတဲ့ အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့အတွက်ကြောင့် ကြိုက်တဲ့ နိုင်ငံရေး လမ်းကြောင်းကို သူတို့ ရွေးချယ်သွားခြင်းပဲ ဖြစ်ပါတယ်။”

သမ္မတကြီးရဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာပဲ ကျနော် သတိထားမိတဲ့အချက်က အရင်အစိုးရဟာ စစ်တပ်နဲ့ အုပ်ချုပ်တဲ့၊ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ အစိုးရ၊ အခုဆိုရင် အရပ်သား အစိုးရ အနေနဲ့ ဥပဒေပြု အဖွဲ့တွေ၊ အတိုက်အခံတွေနဲ့ ချိန်ခွင်လျှာ ညှိပြီးတော့ အုပ်ချုပ်ရတဲ့ အစိုးရပုံစံမျိုး ဖြစ်လာပြီဆိုတော့၊ ဒီလို အထူးသဖြင့် လွှတ်တော်နဲ့ ချိန်ခွင်လျှာ ညှိပြီး အုပ်ချုပ်ရတဲ့ အနေအထားမျိုးမှာ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေလဲ။ -

“အမှန်ကတော့ လွှတ်တော်ကလည်း ဥပဒေပြုရေးအပိုင်းမှာ သီးခြား လုပ်ဆောင်ခွင့် သူ့မှာရှိတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ ဥပဒေပြုရေး အပိုင်းပေါ့လေ။ ကျနော်တို့ အစိုးရပိုင်းဆိုတာက အုပ်ချုပ်ရေး အပိုင်းပေါ့။ အဲဒီတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မဏ္ဍိုင်ကြီး သုံးခုပေါ့။ ဥပဒေပြုရေးအပိုင်း၊ အုပ်ချုပ်ရေး အပိုင်းနဲ့ တရားစီရင်ရေး အပိုင်း ဆိုပြီးတော့ ဒီလို ခွဲခြားပြီးတော့ သတ်မှတ်ပေးထားပါတယ်။ အမှန်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ကြတဲ့အပိုင်းပါပဲ။ သို့သော်လည်း တခုနဲ့တခုက ထိန်းကျောင်းပေးဖို့ ဆိုတဲ့ဟာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါပါတယ်။ အမှားအယွင်း မရှိရအောင်၊ အစိုးရအဖွဲ့ကလည်း ခုနကလို တချို့ကိစ္စတွေ လွှတ်တော်ကို ထောက်ပြစရာရှိတာ ထောက်ပြရမှာဖြစ်သလို၊ လွှတ်တော်အပိုင်းကလည်း အစိုးရအဖွဲ့ကို ထောက်ပြရမှာ ဖြစ်ပါတယ်။ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်လို့ ကျနော်တို့ ခံယူထားပါတယ်။”

သမ္မတကြီးရဲ့ အခု ကုလသမဂ္ဂ ညီလာခံနဲ့ တိုက်ဆိုင်ပြီးတော့ လာတဲ့ အမေရိကန် ခရီးစဉ်က အောင်မြင်မှုတွေ တော်တော်ကြားရပါတယ်။ အထူးသဖြင့် သမ္မတကြီး ဒီမှာရှိနေတုန်းမှာပဲ မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကို ပိတ်ဆို့ထားတဲ့ ကိစ္စ နဲ့ပတ်သက်ပြီးတော့ ပယ်ဖျက်ပေးမယ် ဆိုတဲ့ ကြေညာချက်လည်း ထွက်ပါတယ်။ ဒီလို ပို့ကုန်တွေ ပိတ်ဆို့ထားမှု ပယ်ဖျက်လိုက်ပြီဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့၊ တချို့က စိုးရိမ်နေတယ်ပေါနော့်၊ cronies လို့ခေါ်တဲ့ အခွင့်ထူးခံ လူနည်းစုပဲ အသာစီး ရယူပြီးတော့ စီးပွားလမ်းဖြစ်သွားမယ့် ပုံစံမျိုး မဖြစ်အောင်ဆိုရင် သမ္မတကြီးရဲ့ အမြင်က ဘယ်လိုများ ကူညီဆောင်ရွက်ဖို့ ရှိမလဲ။ -

“ဒီဟာကတော့ ကျနော်တို့ investment law နဲ့သွားပြီးတော့ ဆိုင်ပါတယ်။ အဲဒီတော့ investment law မှာလည်း ကိုယ့်နိုင်ငံသား၊ နောက်တခါ နိုင်ငံခြားသား စသည်ဖြင့်ပေါ့လေ။ နိုင်ငံငခြားကနေ လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ် ဆိုရင် ကျနော်တို့က မူဝါဒ ပေးထားပါတယ်။ တစ်အချက်ကတော့ ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေရဘူး။ နှစ်အချက်ကတော့ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေရဘူး။ ဥပမာ - အနောက်နိုင်ငံတွေကနေ လာပြီးတော့ လက်ဝါးကြီး အုပ်သွားတာ၊ တရုတ်ကပဲ လာပြီးတော့ စီးပွားရေး လုပ်ငန်းတွေမှာ လက်ဝါးကြီး အုပ်သွားတာ ဆိုရင် နိုင်ငံလည်း သိက္ခာကျတယ်လေ။ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း မထိခိုက်စေရဘူး။ နောက်တခုကတော့ အချုပ်အချာ အာဏာပေါ့။ အဲဒီတော့ အချုပ်အချာအာဏာ ဆိုတော့ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားဟာ သိပ်ပြီးတော့ အချိတ်အဆက် လုပ်ပြီးတော့မှ လှုပ်ရှားရတဲ့သဘော ရှိပါတယ်။ ဥပမာ - နိုင်ငံရေးသမားကလည်း မဲရွေးဖို့ဆိုရင် စီးပွားရေးသမားဆီက လိုတဲ့ငွေကို အလှူခံရတာတွေ၊ လက်ခံရတာတွေ၊ ဒါတွေ ရှိတာပေါ့။ ဒါမှမဟုတ်ရင် နိုင်ငံရေးသမား အာဏာရတဲ့အခါမှာလည်း စီးပွားရေးသမားကို ပြန်ပြီးတော့ နေရာပေးရတာတွေလည်း ရှိတာပေါ့။ သို့သော်လည်း ဒီဟာတွေက သိပ်ပြီးတော့ ထဲထဲဝင်ဝင်နဲ့ သိပ်ပြီးတော့ များလာလို့ရှိရင် စီးပွားရေးသမားက အချုပ်အချာ အာဏာမှာလာပြီးတော့ ချုပ်ကိုင်တဲ့ သဘောမျိုးတွေ သက်ရောက်နိုင်တယ်။ ဒါကြောင့်မိုလို့ အချုပ်အချာအာဏာကိုတော့ မထိခိုက်စေ ရဘူး။ နောက်တခုကတော့ သဘာဝပတ်ဝန်းကျင်ကို ကျနော်တို့ မပျက်ယွင်း စေရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိသမျှ အကုန်ထုတ်ယူပြီးတော့ အကုန်လုပ်သွားလို့တော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ သားစဉ်မြေးဆက် ချန်ထားခဲ့ရဦးမှာ။ ဒါကြောင့်မိုလို့ ရင်းနှီးမြှုပ်နှံမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ ဒီလို ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကိုယ့်တိုင်းရင်းသားရဲ့ အကျိုးစီးပွားကို ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ ဒါကို အကာအကွယ် ပေးထားပါတယ်။ နောက်တခုကလည်း investment law နဲ့လည်း အကာအကွယ် ပေးထားတယ်။”

အခု ဒီခရီးစဉ်အတွင်းမှာဆိုရင် သမ္မတကြီးဟာ ပြည်ပမှာရှိနေတဲ့ ပြည်ပ မီဒီယာတွေနဲ့ရော၊ မြန်မာလို အသံလွှင့်နေတဲ့ မြန်မာမီဒီယာ တွေနဲ့ရော တော်တော်လေးကို အချိန်ပေးပြီးတော့ တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ ဒီလို မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့၊ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေကိုလည်း လွတ်လပ်ခွင့်တွေ ပေးနေတယ်ဆိုတာ ကျနော်တို့ ကြားရပါတယ်။ သမ္မတကြီး အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေ ဖြစ်စေချင်လဲ၊ ဘာတွေမြင်ချင်လဲ ဆိုတာ သိပါရစေ။ -
“အမှန်ကတော့ ဒီ မီဒီယာတွေကတော့ အများသောအားဖြင့်တော့ ကိုယ့်တိုင်းပြည်ရဲ့ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို ကြော်ငြာပေးတဲ့ သဘောပါ။ ကြောငြာပေးတဲ့ သဘော ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်အနေနဲ့ ကျနော်တို့အနေနဲ့တော့ ကျေးဇူးတင်ရတာပေါ့။ မီဒီယာကို ကျေးဇူးတင်ရမယ့်သဘော ကျနော်တို့ ရှိပါတယ်။ ဒီလို တွေ့ဆုံ ပြောကြားပြီးမှပဲ ခင်ဗျားတို့ ခုနကလို ထုတ်ပြန်လိုက်တဲ့ဟာ၊ လွှင့်လိုက်တဲ့ ဟာတွေက အများပြည်သူ သိရှိမယ်၊ နားလည်မယ်၊ သဘောပေါက်သွားမယ် ဆိုတာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကျေးဇူးတင်ပါတယ်။”

ဒီနိုင်ငံမှာဆိုရင် အထူးသဖြင့် အမေရိကန်မှာပေါ့နော်၊ နိုင်ငံခြားရေးဌာန ဆိုရင် နိုင်ငံခြားရေးဌာနအလျောက် နေ့စဉ် သတင်းထုတ်ပြန်ချက် ရှိပါတယ်။ နောက်ပြီးတော့ အိမ်ဖြူတော် ဆိုရင်လည်း အိမ်ဖြူတော်ရဲ့ နေ့စဉ်သတင်း ထုတ်ပြန်တာ ရှိပါတယ်။ အလားတူပဲ သမ္မတကြီး ကိုယ်တိုင်လည်း လိုအပ်ရင် လိုအပ်သလို သတင်းစာ ရှင်းလင်းပွဲတွေ လုပ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာရော သမ္မတကြီး အနေနဲ့ အချိန်ပေးနိုင်ရင် ဒါမျိုးတွေ လုပ်ပေးဖို့ ရှိနိုင်မလား။ -

“အမှန်တော့ ကျနော်တို့က ဒီမိုကရေစီ အလေ့အကျင့်လေး တဖြည်းဖြည်းနဲ့ ရင့်ကျက်လာရင် ဒါတွေက ကျနော်တို့ လုပ်သွားရမယ်။ အခုကတော့ ဒီမိုကရေစီ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေကလည်း တနှစ်ခွဲကာလအတွင်း ဆိုတော့ အတော်လေး ကျနော်တို့က နုနယ်ပါသေးတယ်။ နောင်ကျရင်တော့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ဒါတွေ လုပ်သွားရမှာပါ။”

သမ္မတကြီးအနေနဲ့ အမေရိကန် ပြည်ထောင်စုကို သီးသန့် နိုင်ငံတော် အလည်အပတ် ခရီးစဉ် ထပ်လာဖို့ရော ရှိပါသေးသလား။ -

“လောလောဆယ်တော့ မရှိပါဘူး။”

ကျေးဇူးတင်ပါတယ်ခင်ဗျ။

burmese.voanews.com

ရခိုင်ပြည်နယ်ကိစ္စ OIC ကို ဘန်ကီမွန်းသတိပေး

ဗွီအိုအေ (မြန်မာဌာန)
29.09.2012
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်သလို ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က သတိပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား လူပေါင်း ၈၈ ယောက်အထိ သေဆုံးပြီး ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာသမ္မတ ဦးသိန်းစိန်၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အကြီးအကဲတို့နဲ့ သီးခြား တွေ့ဆုံချိန်မှာ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်တဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ တွေ့ဆုံချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းရာမှာ သတိကြီးကြီးထား ကိုင်တွယ်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် သက်တမ်း နုနယ်သေးတဲ့ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မယ့် အဖြစ်မျိုးတွေ ကြုံရနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ ရေရှည်ပြေလည်မှု ရစေမယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ့် အကြောင်း စနေနေ့က တွေ့ဆုံစဉ် အတွင်းရေးမှူးချုပ်ကို ပြောဆိုခဲ့တာပါ။ အစိုးရရဲ့ အကြီးအကဲအဖြစ် ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ လူမှုရေး၊ စီးပွားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။




ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား
2012-09-29

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။


OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

(၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအပြီး သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာမှတော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရပ်ရွာဒေသတွင်း ရှိနေကြသူ အချင်းချင်းသဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး၊ ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို ဖယ်ရှားရေး စတာတွေကို ရေတို ရေရှည် ရှုထောင့်တွေကနေ နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပြီး ရခိုင်အရေးကို ပြေလည်သည်အထိ ဖြေရှင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိက၀တ်ပြုခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နီဆာကီက ပြောဆိုပါတယ်။

ဒါ့ပြင်ကချင်ပြည်နယ်က လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အတွက်လည်း အားလုံးပါဝင်ပြီး လက်တွဲညီညီ ဆောင်ရွက်သွားဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။
rfa.org

စကာင်္ပူကိုလေယာဉ်စီးသောစတီးလ်ခြောက်ဆင့်ချိုင့် (၂) လုံး

Kyaw Swar Myint
ခြောက်ဆင့်ချိုင့် (၂) လုံးတဲ့
..................................

အငြိမ်းစာယူထားတဲ့နိုင်ငံ့အကြီးအကဲထဲကတစ်ယောက်လို့ ယူဆရမယ့်သူတစ်ဦး စင်ကာပူမှာဆေးရုံလာတက်နေတာမို့ မြန်မာနိုင်ငံကနေစင်ကာပူကိုလာတဲ့လေကြောင်းလိုင်းကနေခြောက်ဆင့်ချိုင့်နှစ်လုံးနဲ့ဟင်းပို့နေပါတယ်တဲ့..။
တခါတရံအဲဒီချိုင့်အရောက်နောက်ကျလို့ လေယာဉ်ထွက်ချိန်တောင်နောက်ကျတတ်ပါတယ်တဲ့..။
အဲဒီချိုင့်နှစ်ချိုင့် လေယာဉ်စီးနေတာ၆လ ပတ်ဝန်းကျင်ရှိပါပြီတဲ့..။ လက်ခံနိုင်ကြပါသလား..။
တစ်ခြားနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများရော ဒီလိုအခွင့်အရေးမျိုးရပါသလား..။ သာမာန်ပြည်သူတွေရော ဒီလိုအခွင့်အရေးမျိုး
ရတယ်လို့ ကြားဖူးကြပါသလား..။


ဒီမို ဖက်တီး
အဆိုပါ စတီးချိုင့်ကြီးများ ချက်အင်မ၀င်သေး၍ စင်ကာပူသို့ မနက်ပိုင်းပျံသန်းမည့် လေယာဉ်တစ်စင်း ၄၅ မိနစ် ကျော်ကြာ စောင့်နေရသဖြင့် ခရီးသည်များ အမေးအမြန်းထူလာရာ .... လေယာဉ်မှုးလည်း စိတ်တိုလာသဖြင့် .... "တခါတလေများ ၀ယ်စားပေါ့ကွာ ၊ စင်ကာပူမှာလည်း မြန်မာအစာ ကောင်းကောင်းရနေတာပဲ ၊ ခွီးပဲ" ဟု အတင်းတုတ်လိုက်သည်ကို အထူးတန်းစီး ခရီးသည်များအားလုံး ကြားသိခဲ့ရ။သြဇီမှ အပြန် ၊ စင်ကျားပူ ၀င်ပြီး ၊ ခြေစုပ်လက်နှယ်ပြုရှာသော တပည့်ကျော် ငမန်း၏ လှုပ်ရှားမူ ပုံရိပ်များ ...... မျှော် ....

လက်ပံတောင်းတောင်နှင့်ချင်းတွင်းသဘာဝအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး၈၈မှပြုလုပ်


 88 Generation Students
 
ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့အေးက လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများအား ရှင်းလင်းပြောကြားနေစဉ်...၊

 
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်က ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်စကားပြောကြားနေစဉ်....၊


ဝမ်ပေါင်ကုမ္မဏီကိုယ်စားလှယ်တရုပ်အား အခမ်းအနားမပြီးဆုံးခင်အတွင်း မီဒီယာသမားများကိုချောင်ထဲခေါ် တိုးတိုးတိတ်တိတ်အင်တာဗျူးခြင်း၊ စာရွက်စာတမ်းများဝေခြင်းစသော မလေးမစားလုပ်ရပ်များကြောင့် ကိုကိုကြီးမှာတားမြစ်ခဲ့ရ။


7Day News Journal
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ

ရန်ကုန်၊ စက်တင်ဘာ - ၂၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။

"စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လျော်ကြေးတွေယူတယ်။ လျော်ကြေး ထပ်တိုးတောင်းတယ်။ အဲဒီပြဿနာတွေပဲရှိတယ်။ အခုဟာက စီမံကိန်းရပ်ဆိုင်းပေးပါဆိုတာ အရမ်းကို ပြင်းထန်တယ်။ ရပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေးအင်အားစုတွေပါလာလို့ သွေးထိုးလှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။

ဦးပိုင်လီမိတက် ပိုင်ဆိုင်သော သတ္တုတွင်း၏ အကျိုးတူပူးပေါင်းခွဲဝေ ခံစားမှုစာချုပ်အရ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ထုတ်လုပ်သည့်ရလဒ်အပေါ် ၅၁ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရပြီး၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရကာ နိုင်ငံတော်အစိုးရက မြေငှားစရိတ်၊ ၀င်ငွေအခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ အကျိုးခံစားရကြောင်း ယင်းပုဂ္ဂိုလ်ကပြောသည်။

ဒေသခံများဘက်ကလည်း ယင်းစီမံကိန်းသည် ပြည်သူတို့၏ သဘောဆန္ဒမပါရှိဘဲ အစိုးရအချင်းချင်းလုပ်သော စီမမံကိန်းဖြစ်ကြောင်း၊ ထို့အပြင် လူမှုစီးပွားကို တွက်ချက်ရာတွင်လည်း တစ်အိမ်ထောင် လူတစ်ယောက် ၀န်ထမ်းလုပ်ခွင့်ရသည့်အစီအစဉ်မှလွဲပြီး ရေရှည်ဒေသခံများအတွက် လူမှုဘ၀အာမခံချက်မရှိသော စီမံကိန်းဖြစ်သောကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာလိုက်နာမှုအပေါ်ကိုလည်း စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ပထမပတ်က တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းစီမံကိန်းကို တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။ Production Sharing Contract စနစ် ကျင့်သုံးနေသော်လည်း မိုင်းပါမစ်ကို ဦးပိုင်လီမိတက်ကသာ ပိုင်ဆိုင်သည်ဟုဆိုသည်။ လက်ပံတောင်းတောင်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံရှိကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ ဥက္ကဋ္ဌကပြောသည်။


The Voice Weekly
‎"ဒီပြဿနာ ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ် ခြောက်လ ကတည်းကတည်းက အမြဲပြောနေပါတယ်။ သို့သော်လည်း ဖြစ်တယ် . . .
"ပတ်ဝန်းကျင်ကို ကောင်းကောင်းထိန်းမယ်။ CSR ကို ကောင်းကောင်းလုပ်ပေးရင် ဒေသခံတွေက ကုမ္ပဏီကို ခြေထောက်ဖက် ထားမှာပေါ့။
ကျွန်တော် ထင်တယ် Error ရှိတယ်"
ဦးစိုးသိန်း
ဥက္ကဋ္ဌ၊ မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင် (MIC)
ကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်၍ ရည်ညွန်းပြောဆိုချက်
(နယူးယောက်မြို့တော်တွင် မြန်မာမိသားစုများနှင့် စက်တင်ဘာ ၂၉ ရက်နေ့ ကတွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်)

ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်မည့် မြေနေရာ ပြန်လည်ရလိုကြောင်း

၂၀၁၂ စက်တင်ဘာလ ၃၀ ရက်နေ့ မြိတ်မြို့နယ် လော့လော့ကျေးရွာ တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်မည့် မြေနေရာသည်မူလ လယ်ပိုင်ရှင် (၁၇) ဦးထံမှ
ယခင်အစိုးရလက်ထက်တွင် လယ်မြေများအား အဓမ္မသိမ်းဆည်းထားကြောင်း နှင့်  ကျေးရွာသူ၊
 ရွာသားများတွင် ယနေ့တိုင် မြေပြေစာ အခွန်ပေးသွင်းထားကြောင်း နှင့် ပြန်လည်ရလိုကြောင်း
 နိုင်ငံတော် သမ္မတကြီးထံ တိုက်ရိုက်တိုင်ကြားထားကြောင်း ပြောပြစဉ်။

ကိုတုတ်ပေးပို့သည်။

Saturday, September 29, 2012

Aung San Suu Kyi speech San Francisco



၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အနာဂတ်ပေါ်မူတည်ဟုသမ္မတဦးသိန်းစိန် ပြောကြား

၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား   

Saturday, 29 September 2012 16:58
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အာရှအသင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက် ပြင်ဆင်သွားရန် ရှိ၊ မရှိ မေးမြန်းမှုနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''သက်တမ်းအားဖြင့်တော့ ကျွန်တော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစောကပြောသလို one term ပဲ လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့ မျှော်မှန်းချက်ကတော့ one term ပဲလုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ဖြေကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က မိမိ၏ ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ နောက်ဆုံးပတ်က Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Channel News Asia ရုပ်သံက "နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရ ရှိနေစေချင်ပါသလဲ။ ဘယ်လိုမျိုး မှတ်မှတ်သားသား ရှိနေစေချင်ပါသလဲ"ဟု မေးမြန်းခဲ့ရာတွင် ''တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့ အသက်အရွယ်အရ၊ ကျွန်တော့်ရဲ့ ကျန်းမာရေးအရ ဒီလို စဉ်းစားလာတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီလိုမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။
weeklyeleven.com

Yale Harvard တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဘာသာပြန်


Tun Wai
7 hours ago
Saturday, 29 September 2012
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale Harvard တက္ကသိုလ်မှ ) -ဘာသာပြန်-Spring Flowers

VIDEO ..အစအဆုံး
ကြည့်ရန်

http://www.youtube.com/watch?v=Yf0rOL_yFTc&list=UU1gBYmW_Kaq7y96ioa4R0jw&index=1&feature=plcp

အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက ကျမကို မေးလေ့ရှိကြတယ် ၊ '' နောက်ပြန်မလှည့်မယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား '' တဲ့ ။ ကျမကတော့ မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။

ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး '' Rule of Law '' ပါဘဲ ။ ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ Rule of Law ဆိုတာကို ကျမမြင်တဲ့ ၊ မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊ ဘာကြောင့် အဲဒါဟာ ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။

ပြောရရင်တော့ ကျမဘ၀မှာ (၁၉၈၈) ထိ ဥပေဒနဲ့ ပတ်သက်စရာ မလိုခဲ့သလောက်ပါဘဲ ။ ( ၁၉၈၈) ထိ ဥပဒေနဲ့ နီးနီးစပ်စပ်ဖြစ်သွားဖူးတာ ၂ ခါဘဲ ရှိဖူးခဲ့တယ်လို့ ဆိုရမယ် ။ ပထမတစ်ကြိမ်တုန်းက အောက်စဖို့ဒ်ကျောင်းသူဘ၀တုန်းကပါ ။ တလမ်းသွားလမ်းပေါ်မှာ စက်ဘီးစီးလာရင်း ကင်းလှည့်လာတဲ့ ရဲကားကို တန်းကို ၀င်တိုက်မိတာဘဲ ( ရယ်သံများ ) ။ ရဲက သည်းငြီးခံပြီး ကျမကို မေးပါတယ် '' ဒါတလမ်းသွားလမ်းဆိုတာ သိလား '' တဲ့ ။ ကျမလည်း သိပါတယ်ပေါ့ ။ အဲဒီနောက် သူလည်း ကိုယ့်လမ်းကိုယ်သွား ၊ ကျမလည်း စက်ဘီးပေါ်ခုန်တက်ပြီး ကျမလမ်းကို ကျမ ပြန်ထွက်လာခဲ့တာဘဲ ။

နောက်တကြိမ်ကလည်း အောက်စ်ဖို့ဒ်မှာပါဘဲ ။ အချိန်က လမ်းမှာ လူရှင်းပြီး မှောင်ရီပျိုးစအချိန်မှာ စက်ဘီးစီလာရင်း မီးနီကို အမှတ်တမဲ့ ဖြတ်ကူးမိတယ် ။ လမ်းတွေက ရှင်းနေပေမယ့် ကျမနောက်တည့်တည့်မှာ ကင်းလှည့်ရဲကားတစ်စီးတော့ ရှိနေပြန်ရော ( ရယ်သံများ ) ။ ဒီတော့ ကျမအဲဒီအချိန်ကတည်းက သိခဲ့ သင့်ပါတယ်......ကျမရဲ့ ရှေ့လာမယ့်အနာဂတ်မှာ ဥပဒေနဲ့ ပတ်သက်ရမှုဟာ ထူးတော့ထူးခြားရမယ်ဆိုတာကိုလေ ။ ( ရယ်သံများ ) တကယ်တမ်းထဲထဲဝင်ဝင် ဥပဒေနဲ့ ပတ်သက်ရမှုကတော့ ပထမဆုံးအကြိမ် အကျယ်ချုပ် ကျတုန်းကပါ ။ ( ၁၉၈၉ ) ဂျူလိုင်လ ( ၂၀ ) ရက်နေ့မှာ ရုတ်တရက် ယူနီဖောင်းဝတ်ရဲတွေ ၊ စစ်သားတွေတပြုံကြီး ကျမခြံထဲ ရောက်ချလာပြီး ရှိသမျလူတွေကို ၀ိုင်းထားတော့တာဘဲ ။ အစတုန်းက ကျမတွေးမိတာက ကျမကို ထောင်ကိုခေါ်သွားမယ်ဘဲ ထင်တာပါ ။ ဒါပေမယ့် ကျမကို အိမ်အကျယ်ချုပ်ချလိုက်ပြီး ကျန်တဲ့လူတွေကိုတော့ ထောင်ကို ခေါ်သွားပါတယ် ။

သူတို့လာဖမ်းတုန်းက ဖမ်းမိန့်ပါ တခါတည်း ယူလာပြီး ကျမကို ဖတ်ပြပါတယ် ။ အဲဒီဖမ်းမိန့်မှာပါတာက ကျမကို သူတို့ အိမ်အကျယ်ချုပ်ထားမယ် တဲ့ ၊ ''နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်ဖို့ '' ဥပေဒအရ ကျမကို ဖမ်းရတာလို့ ဆိုပါတယ် ။ ကျမဟာ သူတို့အလိုအရ အဖျက်သမား ပါတဲ့ ။ အဲဒီဥပဒေပုဒ်မ Section 10 အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်ထဲမှာ ဖမ်းချုပ်ထားလို့ ရပါတယ် ။

အဲဒီ Section 10 ဆိုတဲ့ ဥပဒေမှာ အပိုင်း နှစ်ပိုင်းပါပါတယ် ၊ 10 A နဲ့ 10 B ပါ ။ 10 A အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ချလို့ ရပါတယ်။ 10 B အရကတော့ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်အကျယ်ချုပ်ချလို့ ရပါတယ် ။ ဒီတော့ ကျမက 10 B အရ အိမ်မှာ အကျယ်ချုပ်ကျခဲ့တာပါ ။ အဲဒီ 10 B ဥပဒေအရ ဖမ်းမိန့်ကို ခြောက်လတစ်ကြိမ် ထပ်တိုးရတယ် ......အဲဒီလိုဆက်ပြီး သုံးနှစ်တိတိ ထပ်ထပ်တိုးသွားလို့ ရပါတယ် ။

ထပ်တိုး မတိုး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ အခေါ် '' ဗဟိုဝန်ကြီးများကော်မတီ '' က ချမှတ်တာပါ ။ အဲဒီအဖွဲ့မှာ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် ၀န်ကြီး သုံးလေးဦးပါပါတယ် ။

အဲဒီအချိန်တုန်းက ကျမမှာ ဥပဒေနဲ့ ပတ်သက်ဖူးတာ မရှိခဲ့သလောက်ဆိုတော့ ကျမထင်မိတာက ကျမကို အကျယ်ချုပ်ချတာဟာ ဥပဒေနဲ့ အညီလုပ်တာဘဲလို့ ထင်မိခဲ့တယ် ။ အဲဒီတုန်းက အိမ်ထဲမှာ ကျမ တစ်ယောက်တည်းပါ ၊ အစကတော့ ကျမသားနှစ်ယောက် ခဏတဖြုတ် ရှိပါတယ် ။ ဒါပေမယ့် နောက်တော့ သူတို့လည်း အင်္ဂလန်ကို ပြန်သွားကြတယ် ။

ဒီလိုနဲ့ ကျမအကျယ်ချုပ်ကျပြီးနောက် ခြံထဲမှာ အစောင့်စစ်သားတွေ လာနေပါလေရော.........အဲဒီအထိလည်း ဒါသူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာဘဲလို့ ထင်ခဲ့မိတယ် ။ နှစ်အတော်ကြာမှ ကျမနားလည်သွားတာက ကျမခြံထဲမှာ ဒီလို လာပြီး အခြေချနေထိုင်ခွင့် သူတို့မှာ လုံးဝမရှိဘူး ဆိုတာပါဘဲ ။ အဲဒီတော့မှဘဲ ငါ့ တိုင်းပြည်က ဥပဒေအကြောင်း ငါ အတော်မသိပါလား ဆိုတာကို စပြီး သဘောပေါက်သွားခဲ့ရတယ် ။ ဒီဥပဒေတွေကို တကယ်လေးစားလိုက်နာမှု ရှိမရှိ ဆိုတာလည်း အတော်လေး မသိခဲ့တာဘဲ ဆိုတာကိုပါ နားလည်သွားခဲ့တယ် ။

အကျယ်ချုပ်အတွင်းမှာ လှိုင်းတိုရေဒီယို နားထောင်ခွင့်ရခဲ့ပါတယ်။ ဒီရေဒီယိုကဘဲ ကျမကို ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိအောင် လုပ်ပေးခဲ့တာပါ ။ရေဒီယိုကတဆင့် ကျမပါတီဝင်ပေါင်းများစွာ အဖမ်းခံရနေတယ်ဆိုတာကို သိခဲ့ပါတယ် ။ များသောအားဖြင့် သူတို့ကို Section 5 နဲ့ ဖမ်းတာများတယ် ။ Section 5 ဆိုတာက ( ၁၉၅၀ ) မှာ သူတို့အခေါ် '' အရေးပေါ်အခြေအနေ '' တွေဖြစ်ရင် သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ.......... အဲဒီကာလမှာတုန်းက ပုန်ကန်မှုအရှုပ်အထွေးတွေအများကြီး ရှိခဲ့တာကိုး ။

အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျမတို့နိုင်ငံရေးသမားတွေက '' အမြင်ကတ်ပုဒ်မ '' လို့ ခေါ်ကြတယ် ။ သူတို့ သည်းမခံနိုင်ရင် အမြင်ကတ်ရင် လူတစ်ယောက်ကို အဲဒီပုဒ်မနဲ့ ငါးနှစ်လောက် ထောင်ချလိုက်လို့ ရတယ် ၊ ပြီးရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ် ( ၂၀ ) လောက်ထိ ချလိုက်လို့ ရပါတယ် ။ ဒီပုဒ်မနဲ့ ထောင်ထဲမှာ ကာလ အရှည်ဆုံး (၁၈) နှစ်နဲ့ ( ၃ ) လလောက် တောက်လျှောက်နေလိုက်ရတဲ့ ကျမတို့ ပါတီဝင်တစ်ယောက် ရှိဖူးပါတယ် ။ အစတုန်းက သူ့ကို ( ၅ ) နှစ်ဘဲ ချထားတာပါ ။

ဒီတော့ ကျမကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံက မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာကို နားလည်သွားစေခဲ့ပါတယ် ။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးဖို့ ထားတာမဟုတ်ဘဲ အာဏာရှိသူတွေက သူ့တို့အကျိုးအတွက် အသုံးချနေခဲ့ကြတာပါ ။ ။ Section 5 တို့ ၊ Section 10 တို့၊ နောက်ပြီး တခြား Section တွေ ရှိပါသေးတယ် ။ အဲဒီထဲမှာ တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေ Section 17 နဲ့လည်း ကျမအတော့်ကို ရင်းနှီးလာရသေးတယ် ။ ဒါတွေဟာ NLD ပါတီဝင်တွေကို သူတို့ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလောက် ထောင်ချလို့ ရအောင် စစ်အစိုးရက သုံးခဲ့တဲ့ Section တွေပါဘဲ ။

အကျယ်ချုပ်မှာ သုံးနှစ်ကြာလို့ ကျမလွတ်ခါနီးလည်းကျရော ကျမကို နောက်ထပ် အကျယ်ချုပ်မှာ ဆက်ထားလို့ရအောင် Section 10 ကို ပြင်ဆင်လိုက်ကြပါတယ် ။ ဒီလိုနဲ့ တကယ်လည်း ကျမအထဲမှာ ( ၆ ) နှစ်ကြာသွားပါတယ် ။ လူတစ်ယောက်တည်းကို ထောင်ထဲမှာ ပိုကြာကြာထည့်ထားဖို့ အတွက် ပြင်လိုက်တယ်ဆိုတဲ့ ဥပဒေမျိုး လူကြီးမင်းတို့ ကြားဖူးကြပါသလား ။ ဒါကဘဲ ဥပဒေစိုးမိုးမှုအောက်မှာ မရှိဘူးဆိုတာဘာကို ပြောတာလဲဆိုတာကို နားလည်စေတာပါဘဲ ။

အိမ်အကျယ်ချုပ်မှာတုန်းက NLD ပါတီဝင်တွေ အများကြီး အဖမ်းခံရတာကို ရေဒီယိုကနေ ကြားရတယ် ။ ဒီတော့ ကျမတို့မှာ '' ဥပဒေအကူအဖွဲ့ Legal Aid Committee '' ဆိုတာ လိုမယ်လို့ ကျမဆုံးဖြတ်ခဲ့တယ် ။ ကျမတို့ နိုင်ငံမှာ အဲလို အဖွဲ့အစည်းမျိုး မရှိပါဘူး ၊ ဟိုးအရင်ကလည်း ရှိခဲ့မယ် မထင်ပါဘူး ။ ဒီလိုနဲ့ ( ၁၉၉၅ ) မှာ ကျမလွတ်လွတ်ချင်းဘဲ ငါတို့တော့ ဥပဒေအကူအဖွဲ့ဆိုတာ ရှိမှဖြစ်မယ်လို့ ကျမပါတီကို ရှင်းပြခဲ့တယ် ။

အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ကျမရွေးလိုက်တဲ့လူက အဲဒီတုန်းက ပါတီ ဥက္ကဖြစ်တဲ့ ဦးတင်ဦးပါဘဲ ။ သူက ဟိုးအရင်က စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးပြီး ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်လည်း ဖြစ်တယ် ။ စစ်တပ်က အထုတ်ခံလိုက်ရပြီးနောက် ဥပဒေဘက်ကို လိုက်စားခဲ့တာပါ ။ အဲဒီလိုနဲ့ ကျမက ဥပဒေအကူအဖွဲ့ကို ဖွဲ့ဖို့ သူ့ကိုပြောတယ် ။ ဒါမှလည့်း ကျမတို့ ပါတီဝင်တွေ Section တစ်ခုခုနဲ့ အစွဲခံရရင် ကာကွယ်ပေးလို့ရအောင်ပါ ။ ဒီ Section တွေအားလုံးဟာ အတိုက်အခံနိုင်ငံရေးသမားတွေကို နိုင်ငံရေးကနေ ဆွဲထုတ်လိုက်ဖို့ရာအတွက် ထောင်ချဖို့ ဆင်ခြေတွေချည်းပါဘဲ ။

ကျမရဲ့ အကြံကို ဦးတင်ဦးက လိုက်လျောပါတယ် ။ သူက အင်မတန် ကျွမ်းကျင်ပြီးအတွေ့အကြုံများတဲ့ စစ်သားတစ်ယောက်ပါ ။ အမိန့်ကိုလည်း တသွေမတိမ်းလိုက်နာတတ်တဲ့သူပါဘဲ ။ သူက ကျမကို commender လို့ ခေါ်လေ့ရှိတယ် ။ အဲဒီလိုနဲ့ ကျမအကြံပေးတော့ သူက အဲဒီအဖွဲ့ကို ဖွဲ့ပါတယ် ။ ဒါပေမယ့် လအတော်ကြာတော့ သူက အဲဒီအဖွဲ့ရဲ့ ထိရောက်မှုကို သူအယုံအကြည်မရှိဘူးလို့ ဆိုလာတယ် ။ ကျမပြောလို့သာ လုပ်ရတာ ၊ ဘာမှ အရာရောက်မယ်မထင်ဘူး တဲ့ ။ Section အမျိုးမျိုးနဲ့ တရားစွဲခံရတဲ့ ကျမတို့လူတွေကို ကာကွယ်ဖို့ကြိုးစားပေမယ့် ဘယ်တစ်မှုမှ နိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုတယ် ။

ဒါပေမယ့် ကျမက သူ့ကို ရှင်းပြပါတယ်.......ကျမတို့လူတွေအဖမ်းခံရရင် ဒီအဖွဲ့လေးနဲ့ သူတို့ကို လွတ်အောင် ကူညီချင်နိုင်မှ ကူညီနိုင်မယ် ။ ဒါပေမယ့် ပထမဆုံးအနေနဲ့တော့ ကျမတို့ လူတွေကို '' ပစ်ထားမခံရဘူး '' ဆိုတဲ့ ယုံကြည်ချက် ရစေချင်တယ် ။ တိုင်းပြည်မှာ ရှိတဲ့ ဥပဒေနဲ့ သူတို့ကို ကျမတို့က အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ ကြိုးစားတယ်ဆိုတာ နားလည်စေချင်တယ် ။ ဒုတိယအချက်အနေနဲ့ တရားဥပဒေစိုမိုးမှုမရှိလို့ ဖြစ်ခဲ့တဲ့ ဒီအမှုတွေဟာ မှတ်တမ်းအဖြစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျန်ခဲ့မယ် ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒါမျိုးကို ရှောင်လို့ရမယ်လေ ။

ဦးတင်ဦးက ကျမပြောတာကို လက်ခံပေမယ့် ထိရောက်မယ့် အကြံတစ်ခုဆိုတာယုံကြည်ကြောင်း မပြပါဘူး ။ ဒါပေမယ့် နောက်ပိုင်းတော့ သူမှားကြောင်း ၀န်ခံခဲ့တယ် ။ ကျမတို့ ပါတီဝင်တွေအတွက်ထားတဲ့ ကျမတို့ရဲ့ စေတနာတွေ.............ဆိုလိုတာက သူတို့ မလွတ်နိုင်ဘူးဆိုတာ သူတို့ သိတာပါဘဲ ၊ ဒါပေမယ့် တရားရုံးမှာ သူတို့အတွက် တစ်ယောက်ယောက်ကလာပြီး ကာကွယ်ပြောဆိုပေးတယ်ဆိုတာ သိရတာ သူတို့ ကျေနပ်တယ် ။ ဥပဒေအကူအဖွဲ့ကို မဖွဲ့ခင်တုန်းက အဲဒါမျိုး မရှိခဲ့ပါဘူး ။ ဒီလိုနဲ့ ကျမတို့ဘက်က သတ္တိကောင်းတဲ့ ရှေ့နေတွေ နည်းနည်းလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကာကွယ်ပေးခဲ့တယ် ။

ကျမတို့ဘက်က တစ်မှုမှတော့ မနိုင်သလောက်ပါဘဲ ။ ဥပဒေအကူအဖွဲ့က ကိုင်ခဲ့တဲ့ ထောင်ပေါင်းများစွာသော အမှုတွေထဲမှာ ကျမတို့နိုင်ဖူးတာဆိုလို့ တကယ့်ကို တစ်ခုတည်း ရှိပါတယ် ။ ။ အဲဒီအမှုမှာ တရားသူကြီးက အမျိုးသမီးပါ.....အမျိုးသမီးဖြစ်နေလို့ဘဲ ထူးသွားတာလား မသိပါဘူး ။ ဒါပေမယ့် ကျမတို့လူကို လွှတ်လိုက်ပြီးတော့ သူလည်း နယ်ကို အရွှေ့ခံရတာပါဘဲ ....ကျမတို့အတွက် တရားမျှတမှုဆောင်ကျဉ်းပေးတဲ့ အတွက် အပြစ်ပေးခံရတဲ့သဘောပေါ့ ။

ဒီလိုနဲ့ ရှေ့ဆက်သွားရင်း ကျမတို့ သိလာရတာက တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျမတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှာ အကြောက်တရားက လွတ်မှာ မဟုတ်ဘူးဆိုတာပါဘဲ ။ သူတို့ဘာအမှားမှ မလုပ်ရင်တောင် သူတို့ကို '' တိုင်းပြည်ရဲ့ ဥပဒေ '' ဆိုတာတွေနဲ့ ချုပ်နှောင်လို့ ရနေတာကြောင့် အမြဲတမ်းကြောက်နေရမှာပါဘဲ ။ ဒီလိုနဲ့ဘဲ တရားဥပဒေ စိုးမိုးမှုရဲ့ အရေးကြီးပုံကို ကျမတို့ဟာ နေ့စဉ်ဘ၀ကနေ သိခဲ့ရတယ် ။

ကျမတို့လူတွေမြောက်များစွာဟာ အဲဒီအချိန်တုန်းက သေးငယ်လွန်းတဲ့ အမှုတွေအတွက် အဖမ်းခံခဲ့ရတယ် ၊ ဥပမာ စစ်အစိုးရက အန္တရာယ်များတယ်လို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ဖြန့်ဝေတာမျိုးနဲ့ပေါ့ ။ တကယ်တော့ ကျမတို့ NLD က လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာကို ပြည်သူတွေ သိအောင်လုပ်ပေးခဲ့တာပါ ။ ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ် ။ တကယ်လည်း အဲဒီအချိန်တုန်းက စစ်အစိုးရက ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့ ကုလသမ္မဂနဲ့ သဘောတူညီထားခဲ့တယ် ။

ဒီတော့ ကျမတို့ လုပ်နေတာတွေဟာ စစ်အစိုးရက သဘောတူလုပ်ဆောင်နေတဲ့ အရာတွေပါဘဲ ....ဒါပေမယ့် အဲဒီ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ကော်ပီကူးပြီး ဖြန့်ဝေရုံလေးနဲ့ ကျမတို့လူတချို့အဖမ်းခံခဲ့ရတယ်။ ဒါကြောင့် ကျမတို့အတွက်တော့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဒွန်တွဲနေပါတယ် ။ ကမ္ဘာ့ကုလသမ္မဂကြေငြာစာတမ်းအဖွင့်မှာလည်း ပါပါတယ် ....... လူ့အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးမှုနဲ့ ကာကွယ်ပေးရမယ် လို့ပါ ။ ကျမတို့အနေနဲ့လည်း ဒါဟာ တကယ်လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင် လူ့အခွင့်အရေးဆိုတာ မရှိပါဘူး ။ NLD က ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ဦးတည်ချက်တစ်ခုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ထည့်သွင်း သတ်မှတ်ခဲ့တယ် ။ တကယ်တော့ရွေးကောက်ပွဲ ဦးတည်ချက်က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသား ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့ရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်ဆိုပြီး သုံးချက်ရှိပါတယ် ။

တချို့ကလည်း မေးကြတယ် ......တရားဥပဒေစိုးမိုးရေးကို တိုင်းရင်းသားကိစ္စရှေ့က ထားလို့ ကောင်းပါ့မလားတဲ့ ။ အဲဒါကို လက်တွေ့ကျကျပြောရရင် တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ တိုင်းရင်းသားပဋိပက္ခကို ငြိမ်းသွားအောင် လုပ်လို့မရပါဘူး။ တရားဥပဒေအတိုင်း ဖြစ်ရရုံမကဘဲ အဲလိုဖြစ်တာကိုပါ သိသာမြင်သာစေပါ့မယ်ဆိုတာကို တိုင်းရင်းသားတွေကို ကတိမပေးနိုင်သရွေ့ကတော့ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ချလက်ချ ယုံကြည်မှုရှိရှိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို သွားရာမှာ ပထမဆုံးခြေလှမ်းပါဘဲ ။ ကျမတို့ရဲ့ နေ့စဉ်ဘ၀ကို အုပ်ချုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးဆိုတာ ကျမတို့ ခံရဖူးတဲ့ အတွေ့အကြုံအရ သိပါတယ် .....။

အဲဒီမှာမှ မရားတဲ့ဥပဒေတွေ ဖြစ်နေပြန်ရင်လည်း ကျမတို့ဟာ နေ့စဉ်နှင့်အမျှ မတရားသဖြင့် အအုပ်ချုပ်ခံဖြစ်ရဦးမှာပါဘဲ ။ အခုပြောခဲ့တဲ့ Section 5 တို့ Section 10 တို့ ဆိုတာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေပါ ။ အဲဒီ ဥပဒေတွေကို ဥပဒေကိုယ်ထည်ကြီးတစ်ခုလုံးကကို အပြီးအပိုင် ထုတ်ပစ်တာမျိုးကိုဘဲ ကျမတို့လိုလားပါတယ် ။ ခုထိတော့ ဖြစ်မလာသေးပါဘူး ။ လွှတ်တော်အတွင်းကနေ ကျမတို့ အပြင်းအထန်ကြိုးစားနေပါတယ် ။ ဒါပေမယ့် ကျမတို့ဟာ လွှတ်တော်ထဲမှာ လူနည်းစုဘဲ ရှိသေးတယ် ဆိုတာကိုတော့ မမေ့စေချင်ပါဘူး ။ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မရစေတဲ့ ၊ အာဏာပိုင်တွေက လိုသလို အလွဲသုံးစားလုပ်တဲ့ ဒီဥပဒေတွေကို ဖယ်ပစ်မှ ရပါမယ် ။ ဒီဥပဒေတွေနဲ့ ဘယ်သူ့ကို မဆို စွဲချက်တင်လို့ ရပါတယ် ။ လူတစ်ယောက်ဟာ အဖျက်သမား ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ ။ ကျမဟာ အဖျက်သမားဟုတ်၊ မဟုတ်ဆိုတာ ဘယ်လို သက်သေပြမှာလဲ ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ကျမဟာ အဖျက်သမား ၊ ကျမဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေမှုကို နှောင့်ယှက်သူ ဆိုပြီး ပြီး သူတို့ဟာသူတို့ ဆုံးဖြတ်တယ် ၊ ကျမကို နှစ်ပေါင်းများစွာကြာအောင် အကျယ်ချုပ်ထားနိုင်တယ်ဆိုတာကိုလည်း သူတို့ဘဲ ဆုံးဖြတ်တယ် ။ ဒီလိုနဲ့ဘဲ ပထမအကြိမ်က ၆ နှစ် ၊ ဒုတိယအကြိမ်က ၂ နှစ် ၊ နောက်ဆုံးအကြိမ်ကတခါ ၆ နှစ် အကျယ်ချုပ်မှာ နေလိုက်ရပါတယ် ။

ထောင်ထဲက ကျမ လုပ်ဖော်ကိုင်ဖက်ပါတီဝင်တွေထက်စာရင် ကျမရဲ့ အိမ်အကျယ်ချုပ်က အများကြီးသက်သာပါသေးတယ် ။ သူတို့ကို ထောင်ထည့်ပို့လိုက်တဲ့ Section 5 ဆိုတဲ့ ဥပဒေကလည်း လူ့အခွင့်အရေးချိုးဖောက်ရာမှာ အတူတူပါဘဲ ။ အဲဒီ Section 5 မှာ ခပ်ဆန်းဆန်း အပိုင်းလေးတစ်ပိုင်းကလည်း ပါသေးတယ် .....အဲဒါကတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုအချစ်ခင်ပျက်စေသူကို Section 5 နဲ့ ချလို့ ရသတဲ့ ။ ( ရယ်သံများ ) ဒီတော့ ကျမမေးချင်တာက တစ်စုံတရာအပေါ် လူတစ်ယောက်ရဲ့ ချစ်ခင်မှု လျော့သွားစေတယ်ဆိုတာကို ဘယ်လို တိုင်းတာဆုံးဖြတ်ပါသလဲ ။ အင်မတန် မသေချာ မရေရာတဲ့ ဥပေဒဆိုတော့ ဘယ်သူ့ကိုမဆို အဲဒီအောက်မှာ ဆွဲထည့်ပစ်လို့်ရနေတယ် ။ ဒါကြောင့်ဘဲ ကျမတို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ Rule of Law ဆိုတာကို ရှေ့ဆုံးက တင်ပြီး ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါဘဲ ။

ရွေးကောက်ပွဲမှာ ၄၄ နေရာမှာ ကျမတို့က ၄၃ နေရာနဲ့ နိုင်ခဲ့ပြီး လွှတ်တော်ထဲ ရောက်လာပါတယ် ။ အဲဒီထဲရောက်ပြီးကတည်းက ကျမကို လွှတ်တော်ဥက္ကဌက '' တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ '' မှာ ဥက္ကဌလုပ်ခွင့်ပေးပါတယ် ။ ( ရယ်သံများ ) ။ ရှင်တို့ ရယ်ကြမယ်ဆိုတာ ကျမသိပါတယ် ။ ကျမအဲလို Rule of Law and Tranquility Committee လို့ ပြောရင် လူတိုင်း ပြုံးတတ်ကြတယ်။...........ဒါပေမယ့် ရှင်တို့ တွေးမိတာလေးက ကောင်းတဲ့အတွေးပါ ( ရယ်သံများ ) ။

တိုင်းပြည်ထဲမှာ ဥပဒေစိုးမိုးရေးကို တကယ်ကျင့်သုံးစေဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ ကျမတို့ဟာ အငြိမ်းစားယူထားတဲ့ တရားသူကြီးတွေ ၊ အတွေ့အကြုံရင့်တဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတယ် ။ တိုင်းပြည်ထဲမှာ ဥပဒေပြန်စိုးမိုးလာစေဖို့ ဘာတွေလိုအပ်မလဲဆိုတာ သိအောင်ပါ ။

'' ပြန်စိုးမိုးလာဖို့ '' ဆိုတဲ့ စကားကို သုံးရတာက အရင်တုန်းက နိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု ရှိခဲ့ပါတယ် ။ တရားသူကြီးဟောင်းတွေ ရှေ့နေဟောင်းတွေထဲက တစ်ယောက်က လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာပြည်သူတွေ ခံစားခွင့်ရဖူးတဲ့ လွတ်လပ်ညီမျှတဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို ပြောပြပါတယ်....။ အဲဒီတုန်းက ကျမတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး တရားရေးဘက်မှာ အတော်ကို လွတ်လွတ်လပ်လပ် ရှိပါတယ် ။

မြန်မာ့တရားရေးမဏ္ဍိုင်ရဲ့ သမိုင်းကို ဖတ်ချင်ရင် Yale တက္ကသိုလ် Law School မှာ တက်သွားတဲ့ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ကို ဖတ်လို့ပါတယ် ။ သူက မြန်မာပြည်မှာ ပထမဆုံးအာဏာသိမ်းမှုမတိုင်ခင်ကာလက Yale Foundation က စကောလာရပြီး နှစ်နှစ်လောက် ပညာသင်ခွင့်ရခဲ့သူပါ ။ သူက ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ မြန်မာပြည်သမ္မတ ခဏလေး ဖြစ်လိုက်ပါသေးတယ် ။ ဒါပေမယ့် ရာထူးမှာတော့ မကြာခဲ့ပါဘူး ။ သူ့စာအုပ်မှာ တချိန်တခါက ရှိခဲ့ဖူးတဲ့ မြန်မာပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို တွေ့နိုင်ပါတယ် ။
ဒေါက်တာမောင်မောင် ( မြန်မာနိုင်ငံသမ္မတ 19 August 1988 – မှ 18 September 1988 ထိ )

ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တော့ ဒီလွတ်လပ်မျှတမှုလည်း ပျောက်သွားခဲ့ရတယ် ။ ရှေ့နေကြီးတွေ တရားသူကြီးဟောင်းတွေက ဒီလွတ်လပ်မျှတမှုကို ပြန်ရှင်သန်စေချင်ကြတယ် ။ တကယ်လည်း ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝကျရောက်နေခဲ့တယ် ။ နိုင်ငံရေးသမားတွေကို စစ်ဆေးတဲ့အခါမျိုးတွေမှာ တရားသူကြီးမင်းတွေဟာ စာအိတ်ကလေးတစ်ခုသူတို့ ရှေ့ကိုရောက်လာဖို့ ပေါ်တင်ဘဲ စောင့်ကြပါတယ် ......အဲဒီစာအိတ်ကလေးထဲမှာမှ တရားခံကို ဘယ်နှစ်နှစ်ချပါဆိုတဲ့ အမိန့်ပါတာကိုး ။ အဲဒီတော့မှ အဲဒီအမိန့်မှာ ပါတဲ့ နှစ်အတိုင်း တရားသူကြီးက ဘယ်နှစ်နှစ်ဆိုပြီး အမိန့်ချတာ ။

ကျမတို့ပါတီဝင်တွေကို ကျမတို့မှာ သင်တောင် သင်ထားရတယ်......လာဖမ်းတဲ့လူတွေကို ဘာအတွက်နဲ့ ဖမ်းတာလဲ ဆိုတာရယ် ၊ ဖမ်းမိန့်ပါရဲ့လား ဆိုတာရယ် မေးဖို့ ပါ ။ ကျမတို့ ပါတီဝင်တစ်ယောက်ဆိုရင် လာဖမ်းတော့ ဖမ်းတဲ့လူတွေကို မေးတယ် .........ဖမ်းဝရမ်းပါသလား ၊ ဘာအမှုနဲ့ ဖမ်းတာလဲ ပေါ့ ။ အဲဒီတော့ လာဖမ်းတဲ့လူကပြန်ဖြေတယ် '' ခင်ဗျား ဘာတွေ ရယ်စရာလာပြောနေတာလဲ ။ ခင်ဗျား ထောင်ဘယ်နှစ်ကျမယ်ဆိုတာတောင် ကျုပ်တို့ ဆုံးဖြတ်ပြီးပြီ '' တဲ့ ။ ( ရယ်သံများ )

မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာ ဒါပါဘဲ.... ။ အဲဒီလာဖမ်းတဲ့သူက ဒီလိုကိစ္စမျိုးဟာ သူတို့အတွက် လုပ်ဖို့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့ လုံးဝယူဆထားတယ် ။ သူပြန်ဖြေတာကလည်း တကယ်တော့ တရားဥပဒေအတိုင်းလုပ်ဖို့ဆိုတဲ့ မိုက်မိုက်မဲမဲ အလုပ်တွေကို လျှောက်လုပ်မနေနဲ့ ဆိုပြီး ကျမတို့အဖွဲ့ဝင်သိအောင် ပြောပြရုံလေးဘဲ ....မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာ အလုပ်လုပ်ပေးတာ မဟုတ်လား ။ အဲဒါကဘဲ ကျမတို့မြန်မာပြည်သူပြည်သားတွေအတွက် Rule of Law မရှိမှု ဆိုတာ ဘာလဲလို့ ဖော်ပြနေတာဘဲ ။ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး ။ စစ်အစိုးရကလည်း ဒီမိုကရေစီအခွင့်အရေးတွေဆိုတာကို ယုံတာမှ မဟုတ်တာလေ ။

ဒါပေမယ့် အခု ကျမအနေနဲ့ ဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဌဖြစ်လာပြီးဆိုတော့ ပြည်သူလူထုယုံကြည်မှုကို ရတဲ့ တရားရေးမဏ္ဍိုင်တစ်ခုကို ပြန်တည်ဆောက်ဖို့ လက်တွေ့လုပ်ဆောင်မှုတွေကို လုပ်ရပါမယ် ။ ကျမတို့ မြန်မာနိုင်ငံသားတွေက တရားဥပဒေကို ယုံမှ မယုံကြတော့တာလေ ။ ဒီမိုကရေစီဆိုတာ အစိုးရအာဏာပိုင်တွေရယ် ၊ လွှတ်တော်ရယ်နဲ့ တရားရေးမဏ္ဍိုင်ဆိုတဲ့ အကိုင်းအခက် ( ၃ ) ရပ်ကြားမှာ မျှအောင် ရပ်တည်ရတာပါ ။ အခုကျမတို့မှာ မယ်မယ်ရရပြောဖို့ တရားရေးမဏ္ဍိုင်ဆိုတာတောင် မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စစ်အစိုးရလက်အောက်မှာ တရားရေးမဏ္ဍိုင်ဟာ စိစိညက်ညက်ကြေအောင် အလုပ်ခံလိုက်ပြီလေ ။

ခုနကပြောတဲ့ အစည်းအဝေးမှာ ကျမတို့ရဲ့ အကြံပေးတချို့ ပြောတာက လွှတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင်ကို ပြန်လည်တည်ဆောက်ယူဖို့ အကောင်းဆုံးနည်းလမ်းက တရားသူကြီးအလောင်းအလျာတွေကို သင်ကြားပေးဖို့ဘဲ တဲ့ ။ ရှေ့နေဟောင်းကြီးတစ်ယောက်ပြောတယ် ......မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာမှာ ကျွမ်းကျင်တဲ့ ပညာရှင် ရှေ့နေတွေ မရှိတော့လို့ဘဲ လို့ ဆိုပါတယ် ။ ဒါကြောင့်ဘဲ မြန်မာနိုင်ငံက တရားရုံးတွေမှာ လာဘ်စားမှုတွေ အကြီးအကျယ်ရှိနေတာပေါ့ လို့လည်း ပြောပါတယ် ။ ဒါကြောင့် ပညာတတ်ရှေ့နေတွေကို မွေးထုတ်ပေးမှဘဲ လက်ရှိအခြေအနေကို ကယ်တင်နိုင်မယ်လို့လည်း သူက ဆိုပါတယ် ။ ကျမကတော့ အဲဒီလို တွေးတာဟာ သိပ်ရိုးစင်းလွန်းတယ်လို့ ထင်ပါတယ် ။ နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေကိုပျောက်အောင်လုပ်ဖို့ ဆိုတာ အဲလောက် မလွယ်ပါဘူး ။ အကျင့်ပျက်နေပြီးတဲ့ တရားသူကြီးတွေဟာ Yale တက္ကသိုလ်လိုနေရာက စပယ်ရှယ်သင်တန်းတွေ လာတက်ရုံနဲ့ အကျင့်ပြန်ကောင်းသွားမှာမှ မဟုတ်တာ ( ရယ်သံများ )

ဒီတော့ ဒါဟာ ပညာကောင်းကောင်းတတ်တာတစ်ခုတည်းနဲ့ မဆိုင်ပါဘူး ။ သဘောထား attitude ၊ စိတ်ထား mindset တွေနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တယ် ။ နှစ်ပေါင်းများစွာကြာအောင် တရားသူကြီးတင်မကဘူး .....သာမန်ဝန်ထမ်းတွေကလည်း အရမ်းကို အကျင့်ပျက်ခြစားနေလာခဲ့ကြတယ် ။ အကျင့်ပျက်ရတဲ့ အကြောင်းကို စပြောရရင် လစာမလောက်တာက စတာဘဲ ။ ဒီတော့ လူလူသူသူနေနိုင်ဖို့ အရေး ၊ ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ အရေးတွေအတွက် လာဘ်ကို တောင်းကြတော့တာဘဲ ။ ရလည်း ရကြတယ်လေ ။ ဒီတော့ အဲလို အကျင့်ပျက်ခြစားတဲ့ ဘ၀နဲ့ ရင်းနှီးလာတဲ့လူဟာ သန့်ရှင်းတဲ့ လမ်းကြောင်းကို ပြန်လှည့်ဖို့ဆိုတာ မလွယ်တော့ဘူး။

ဟိုးအရင်က လခမဆိုးတဲ့ ၀န်ထမ်းတစ်ယောက်ဟာ လူတန်းစေ့နေနိုင်တယ် ။ သူ့မှာ နေဖို့ အိမ်ရှိတယ် ၊ စီးဖို့ကားရှိတယ် ။ ကလေးတွေကို ကျောင်းကောင်းကောင်း ထားနိုင်ခဲ့တယ် .။ သူနေတဲ့ ပတ်ဝန်းကျင်မှာ လေးစားခံရတယ် ။ ဟိုအရင်ခေတ်က ၀န်ထမ်းရဲ့ ဘ၀ဟာ ဒီလောက်ပါဘဲ ။ လာဘ်ပေးလာဘ်ယူခေတ်အတွင်းကျတော့ တချို့သော အစိုးရ၀န်ထမ်းတွေဟာ သိပ်ချမ်းသာလာကြတယ် ၊ အိမ်တွေများစွာပိုင်လာတယ် ။ ကားတွေတစ်စီးထက်မက ရှိလာတယ် ။ ကလေးတွေဆိုလည်း သူများမရတဲ့ အခွင့်အရေးမျိုးမျိုးကို ခံစားရတယ် ။ ဒီတော့ ဒီလူတွေကို လမ်းဟောင်းကို ပြန်သွားဖို့ မျှော်လင့်ရမှာ သိပ်မလွယ်ပါဘူး ။ အခုနေအခါ သူတို့ကို လုံလောက်တဲ့ လခတစ်ခုပေးရင်တောင်မှ....လခဆိုတာ လူတန်းစေ့နေနိုင်မယ့် လခမျိုးပေါ့လေ .....သူဌေးလခမျိုးတော့ မဟုတ်ဘူးပေါ့ ......အဲလို လူလူသူသူနေနိုင်မယ့် လခမျိုးပေးရင်တောင်မှ သူတို့ ကျေနပ်မှာ မဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ အကျင့်ပါသွားပြီလေ ။

ဒီတော့ သူတို့ကို reeducation လုပ်ပေးရမယ်ဆိုတာ ပြန်လည် ပညာသင်ပေးခြင်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘူး ။ သဘောထား attitude တွေ ၊ စိတ်ထား mindset တွေကိုလည်း reeducation လုပ်ပေးရမယ် ( ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးရမယ် ) ။ ဒီလို ဇိမ်ကျနေတဲ့ ဘ၀တွေနဲ့ အကျင့်ပါနေတဲ့သူတွေကို သင့်တော်တဲ့ စားဝတ်နေရေးတစ်ခုနဲ့ လူရိုသေ ရှင်ရိုသေပြီး သန့်ရှင်းတဲ့ ဘ၀တစ်ခုကို နေတတ်ဖို့ ဘယ်လို သင်ပေးကြမလဲ ...... ဒါဟာ တကယ်ခက်တဲ့ အလုပ်ပါဘဲ ။

အဲဒီမှာတခါ Rule of Law ဆိုတာ ပါလာပြန်ပါတယ် ။ သင့်တော်တဲ့ အရေးယူမှုတွေဆိုတာ လုပ်ကို လုပ်ရမယ် ။ '' မင်းတို့ကို အခု သင့်တော်တဲ့ လခတစ်ခုပေးမယ် ၊ ဒါနဲ့ မျှတအောင်နေ '' လို့ ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး ။ အကျင့်ပျက် ၀န်ထမ်းတွေ ၊ အကျင့်ပျက်တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတွေ ကျမတို့မှာ ရှိရပါမယ် ။ ဒီတော့ တရားဥပဒေစိုးမိုးမှုကနေ နောက်ထပ်တရားဥပဒေစိုးမိုးမှုတစ်ခုကို မွေးဖွားသွားပေးပါလိမ့်မယ် ။ ကျမတို့ဟာ တရားရေးဘက်ကလူတွေကို ဥပဒေကို လိုက်စားလေးနာစေခြင်းအားဖြင့် ဒီလုပ်ငန်းကို စတင်ရမှာဖြစ်တယ် ။ ဒါသိပ်တော့ လွယ်မယ့် ကိစ္စမဟုတ်ပါဘူး ။ တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကျမတို့မှာ အကူအညီလိုပါတယ် ။

ကျမတို့ ကော်မတီက ပထမခြေလှမ်းအနေနဲ့ တရားရုံးမှာ တကယ်ကျင့်သုံးနေတာတွေဟာ ဘာတွေလဲဆိုတာကို သိဖို့ အမှုသုံးခုကို လေ့လာကြည့်ခဲ့ပါတယ် ။ တရားသူကြီးက ဘယ်လို ကျင့်ကြံသလဲ ၊ အစိုးရရှေ့နေက ဘယ်လို ပြုမူသလဲ ၊ အမှုသည်တွေက ဘယ်လို တရားမျှတမှုမျိုးကို မျှော်လင့်သလဲ စသည်ဖြင့်ပေါ့ ။ ဒီလို လက်တွေ့အလုပ်တွေကို ကျမတို့ လုပ်မှလည်း နောက်ပိုင်းမှာ သက်ဆိုင်ရာဌာနတွေကို အကြံပေးလို့ရမှာပါ ။ ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ အစိုးရရှေ့နေရုံး ၊ ပြည်ကြားရေးဌာန ....ဒါတွေအကုန်လုံးဟာ မြန်မာပြည်မှာ ကျမတို့ Rule of Law ကို တည်ဆောက်ဖို့အတွက် အင်အားစိုက်ထုတ်ရမှာပါ ။

ဒါကိုသာလုပ်နိုင်ရင် ကျမတို့တိုင်းပြည်အတွက် အကြီးအကျယ်အောင်မြင်မှုတစ်ခုကို ရမှပါဘဲ ။ ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်းမှာ ရှိပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင် ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ် ။ အဲဒီမရောက်သေးသရွေ့ကတော့ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်ပါဘူး ။ ကျမတို့ အခု လွှတ်တော်ထဲမှာ ဥပဒေတွေကို ပြုနေရုံနဲ့ မပြီးသေးပါဘူး ။ ဒီဥပဒေတွေဟာ မှန်ကန်မျှတမှု ရှိရမယ် ၊ မှန်ကန်မျှတမှု ရှိနေရုံနဲ့လည်း မပြီးသေးဘဲ လေးစားလိုက်နာမှု ရှိရဦးမှာ ဖြစ်တယ် ။ သင့်တော်တဲ့ လမ်းစဉ်ရှိရမှာ ဖြစ်သလို မျှတတဲ့ ဥပဒေတွေလည်း ရှိရမယ် ။

အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက ကျမကို မေးလေ့ရှိကြတယ် ၊ '' နောက်ပြန်မလှည့်မယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား '' တဲ့ ။ ကျမကတော့ မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။

ဘာကြောင့်လည်းဆိုတော့ အရင်ဆုံးပြောရရင် အခြေခံဥပဒေက ကြားထဲ ခံနေတယ် ။ အခြေခံဥပဒေက စစ်တပ်ကို လွန်လွန်ကဲကဲ အာဏာတွေ အပ်နှင်းထားတယ် ။ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျမတို့ပြောလို့ မရပါဘူး ။

ဒါကြောင့်ဘဲ ကျမတို့က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသားပဋိပက္ခတွေ အဆုံးသတ်ရေးရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ရေးရယ် သုံးချက်ကို ဒွန်တွဲထားတာပါ ။ ဒါတွေအားလုံးဟာ ဆက်စပ်နေပါတယ် ။ ဒီမိုကရေစီကို ပြန်လည်ရချင်တယ်ဆိုရင် ဒီသုံးခုကို ရကို ရမှဖြစ်မယ် ။ ဒီသုံးခုမှာ တစ်ခုမရှိရင် နောက်နှစ်ခုလည်း အလုပ်မဖြစ်ပါဘူး ။ အခြေခံဥပဒေကို မပြင်ဘဲ ဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးဆိုတာမရနိုင်သလို ဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တခြားနှစ်ခုကိုလည်း မရနိုင်ပါဘူး ။ ဒီလို ဆက်စပ်နေတာကြောင့်လည်း ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို ပြန်ရဖို့ဆိုတာကို အရမ်းကို အလေးထားဆောင်ရွက်နေကြတာပါဘဲ ။ ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုတော့ ကျမတို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဥပဒေဘောင်အတွင်းမှာ ဒီထက်ပိုပြီး လုံခြုံစိတ်ချစွာနေလို့ရရပါမယ် ။

'' တရားဥပဒေစိုးမိုးမှု Rule of Law '' ဆိုတာ '' ဥပဒေနဲ့ အုပ်ချုပ်ခြင်း Rule by Law '' ဆိုတာနဲ့ မတူမှန်း ဒီက ဥပဒေကျောင်းသားတွေကို ရှင်းပြနေစရာမလိုဘူးလို့ ကျမထင်ပါတယ် ။ ဥပဒေတွေချည်းရှိရုံနဲ့ မရဘဲ မျှတတဲ့ ဥပဒေ Just Laws တွေလည်း ရှိဦးမှ ဖြစ်မှာပါ ။

ဒီတော့ မြန်မာပြည်ဟာ လမ်းအစမှာဘဲ ရှိပါသေးတယ် ။ ပြီးတော့ ဒီလမ်းဟာ ကျမတို့ သွားရမယ့် အခက်ခဲဆုံးလမ်းတစ်လမ်းဆိုတာကိုလည်း ကျမ မကြာခဏ သတိပေးပါတယ် ။ လူတော်တော်များများက တကယ့်အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပြီ လို့ ထင်ကြပါတယ် ။ ကျမကတော့ အဲဒီလို ပြောလို့ ရမယ်မထင်ပါဘူး ။ အဲဒီ အပြောင်းအလဲကောင်း breakthrough ကြီးကို ရဖို့ အခွင့်အရေးပေးခံရတာပါ ။ ဒါကြောင့် ကျမကတော့ အဲဒီ အပြောင်းအလဲကောင်းကြီးကို '' ရနိုင်တယ် '' လို့ဘဲ ပြောပါတယ် ။ ရသေးတာမဟုတ်သေးပါဘူး ။ ရအောင်လုပ်ဖို့ အခွင့်အရေးရတာဘဲ ရှိပါသေးတယ် ။

ဘာသာပြန်ပေးသော Spring Flowers အားအထူးကျေးဇူးတင်ရှိပါတယ်..

Welcome Daw Aung San Suu Kyi (New York)




DAW AUNG SUU KYI COME IN FORT WAYNE IN 09/25/12

ရဲများ၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကိုကြည်သိန်း(ကျုံပျော်မြို့ နယ်)

Wai Yan De Mo
ပစ်ခြင်းပစ် မိုးပေါ်ထောင် မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ

ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်။ ရှားခဲကျေးရွာ၌ စက်တင်ဘာ (၂၈) ရက်နေ့တွင် အင်းကန်ကိစ္စ ကနေ အခင်းဖြစ်ပွားပြီး ပြည်သူနဲ့ ရဲ အချင်းချင်း တုတ်တပြတ်၊ ဓားတပြတ်နဲ့ ပြည်သူ့ရဲများမှ သေနတ်နဲ့ ငါးချက်ပြစ်လွှတ်ရာ ငါးချက်လုံးလူထိပီး ပြည်သူနှစ်ယောက်ဖြစ်သော ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းဝေ နှစ်ယောက် သေနတ် ဒဏ်ရာနဲ့ ပွဲချင်းပီး သေးဆုံးခဲ့ကြောင်း၊ ၀ိုင်းဝိုင်းလည်ကုမဏီက ဖိုးလူဝဆိုတဲ့ လူမိုက်ကိုငှားပီး တုတ်နဲ့ရိုက်ခိုင်းလို့ အရိုက်ခံလိုက်ရတဲ့ ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင်ဆိုတဲ့ တစ်ယောက် လည်း ထိုနေ့တွင် နေ့လည် ၁၁း၀၀ အချိန်ခန့်က သေဆုံးခဲ့ကြောင်း၊

တချို့မှာ ဓားဒဏ်ရာနှင့် ရှိနေသေး ကြောင်း၊ အခုတော့ သေနတ်နဲ့ ပစ်ခတ်ရာ အသက်မသေဘဲရင်ဘတ်တွင် မှန်ခဲ့သည့် သေနတ်ကျည်ကြီး အတိုင်း ပုသိမ်ဆေးရုံကနေ ညနေ ၄း၀၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ညပိုင်း ၉း၀၀ အချိန်ခန့်တွင် ရောက်ရှိလာကြောင်းသိခဲ့ရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံတွင်လက်ရှိအမှုပါ သေနတ်ဒဏ်ရာနဲ့ ဆေးရုံအတွင်း လူနာအဖြစ် ကုသနေကြောင်းသိရှိရပါတယ်။ ဆေးရုံ အဆောင် (၃-၄) သို့ရောက်ရှိနေသော အတွင်းလူနာများမှာ ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရဲဝန်ထမ်း များကလည်း ဒီနေ့ ညတွင်းကြီးတော့ဒီအမှုနဲ့ပတ်သက်ပြီး ဘာသတင်းမှမပေးလိုကြောင်း လာရောက်မေးမြန်း ကြသော မီဒီယာသမားများကို ပြောဆိုဆက်ဆံခဲ့ပါတယ်။

လူနာနှင့်အတူ ပါလာသော မိသားစုများကိုလည်း ဆေးရုံအတွင်းမှာ ထိန်းသိမ်းထားကြောင်း၊ အပြင်သို့ ပေးမထွက်ကြောင်းလည်း သိရှိခဲ့ရပါတယ်။ နောက်တစ်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်သော စက်တင်ဘာ (၂၉) ရက်နေ့မှာ အဆိုပါ လူမိုက် ဖိုးလူဝမှ ရှားခဲကျေးရွာသား အသေးလေးဆိုတဲ့ ရွာသားတစ်ယောက်ကိုလည်း အနိုင်ကျင့်ပြီး ခေါ်ဆောင်သွားကြောင်း ရှားခဲရွာမှ အမည် မဖော်လိုသူ ရွာသားတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။ အင်းသူကြီး ဦးမြဟန်နှင့် ခရိုနီတွေရဲ့ ရက်စက်မှုကြောင့် အပြစ်မရှိသော ရွာသားများမှာ ဖြစ်ချင်တဲ့ ဆန္ဒကို ဖော်ထုတ်ရုံနဲ့ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲ အမည်ခံ ရဲဝန်ထမ်းများကလည်း လက်ဖြောင့်တပ်သားများပမာ ခရိုနီတို့အကြိုက် ရက်စက်ပြခဲ့ကြောင်း သတင်းရရှိသည်။

သတင်း၊ ဓာတ်ပုံ ပေးပို့သူ မေ့မေ့သား လင်းဆက်..




Nyi Han

40 minutes ago



ရဲများ၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကိုကြည်သိန်း(ကျုံပျော်မြို့ နယ်) ရဲ့ ကျန်ရစ်သူ ဇနီး နှင့် ခလေးနှစ်ယောက်

..........................................................

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်

The Voice Weekly 8 hours ago


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

“လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ။ မြန်မာ့
ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရ
သောကြောင့် လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆို သည်။

“ကျွန်တော်တို့ လွှတ်တော် အမတ် တွေကို Advocacy (မူဝါဒ လျှောက်လဲ)
လုပ်ဖို့ တခြား နိုင်ငံတွေနဲ့ ယှဉ်ပြီး သုတေသန လုပ်နေပါတယ်” ဟု မြန်မာ
နိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် အား ထောက်ပံ့ နေသော ဗြိတိန်သံရုံးရှိ ပျိုးပင် အဖွဲ့မှ ဒေါက်တာမျိုးလွင်က ပြောပြသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ခွင့် ရပါက
လူမှုရေး အခက်အခဲကြောင့် ခိုးဝှက်လုပ် ကိုင် နေရသူများနှင့် အသက်ကြီးပိုင်းပြည့်တန်ဆာများ အခက်အခဲ တွေ့ သည်မျိုးလည်း ဖြစ်လာနိုင်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

မြန်မာနိုင်ငံ တွင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို ‘ပြည့်တန်ဆာ နှိပ်ကွပ်
ရေးဥပဒေ’ အရ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ယခု တောင်းဆိုမှုမှာ ယင်းဥပဒေကို ပယ် ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်း ဆိုသည်မျိုး ဖြစ်နိုင်ကြောင်း၊ အခြားနိုင်ငံ များတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင်ခွင့် ပြုသော်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့အရမူ အံမဝင်သည့် အနေ အထားဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခင် ဒီမိုကရေစီ စနစ် ကျင့်သုံးစဉ်ကလည်း ခွင့်ပြုသည်ကို မတွေ့ရကြောင်း၊ သို့သော်
လိင်လုပ်သားများ အနေနှင့်မူ ၎င်းတို့၏အခွင့်အရေးကို တောင်းဆို နိုင်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်း က စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။

“ကျွန်တော့် ထင်မြင်ချက် အရတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရ အံမဝင်နိုင် သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့် အရေးဖြစ်နေတော့ ဥပဒေပြု အာဏာပိုင် တွေဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ရမယ်။ အမြော်အမြင် ကြီးကြီးနဲ့ လုပ် ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန် ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ်
တွင် စတင် တည်ထောင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက် နေ့တွင် အတည်ပြု
ဖွဲ့စည်းကာ အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အတွက်မိသားစုကောင်းမှု





သမ္မတကြီး ဦးသိန်းစိန် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ တွင် မိန့် ခွန်းပြောကြား နေစဉ်

ပြန်ကြားရေး ၀န်ကြီး ဟောင်း ဦးကျော်ဆန်း သား ဖြစ်သူ ကို အမွေ ပြတ် စွန့် လွှတ်

လူ့အခွင့်အရေးရန်ပုံငွေအဖွဲ့ရဲ့တီထွင်ဆန်းသစ်သော အတိုက်အခံများကို ချီးမြှင့်တဲ့ Vaclav Havel ဆု။

 




















စက်တင်ဘာ ၂၈ရက်နေ့ ဆန်ဖရန်စ္စကိုမြို့ လူ့အခွင့်အရေးရန်ပုံငွေအဖွဲ့ရဲ့တီထွင်ဆန်းသစ်သော အတိုက်အခံများကို ချီးမြှင့်တဲ့ Vaclav Havel ဆု။
















(28-9-2012)ဆန်ဖရန်စ္စကိုမြို့ အာရှ ရံပုံငွေအဖွဲ့ရဲ့ ကုန်သည်ကြီးများ ငွေလဲလှယ်အဆောက်အဦးမှာ မိန့်ခွန်းပြောကြား ။















ဟားဗတ် တက္ကသိုလ် ၏ ကနေဒီ နိုင်ငံရေး အင်စတီကျူ ကျောင်းသား များနှင့် တွေ့ ဆုံ





ယေးလ်မြန်မာမိသားစု..ဓါတ်ပုံ - လှိုင်ဦး

Aung San Suu Kyi yesterday as she visited Louisville

Friday, September 28, 2012

‘Innocence of Muslims’ ဇတ်ကား ထုတ်လုပ်သူ ထောင်ကျခံရ

rFriday 28th September 2012

Nakoula Basseley Nakoula ခေါ် အရှေ့အလည်ပိုင်း ဒေသရှိ ပြည်သူအများကို အုံကြွမှု ဖြစ်စေသည့် ဇတ်လမ်းကို
ထုတ်လုပ်သူမှာ အမေရိကန် ဖယ်ဒရယ် တရားရုံးမှ ခံဝန်ချုပ်ပါ အချက်များကို ဖောက်ဖျက်မှုဖြင့် အကျဉ်းချ ခံလိုက်ရပြီ ဖြစ်သည်။ Nakoula ကြာသပတေးနေ့ ညနေပိုင်းက လော့စ်အိန်ဂျယ်လိမြို့ အမေရိကန် ခရိုင် တရားရုံးတွင် ရောက်ရှိလာ ခဲ့ပြီးနောက် တရားသူကြီး Suzanne H. Segal မှ ကာလရှည်ကြာ လှည့်ဖျားမှုနှင့် ခံဝန်အရာရှိကို လိမ်လည် လှည့်ဖျားမှု တို့အတွက် ဥပဒေ ချိုးဖောက်သည် ဆိုသည့် စွဲချက်ကို သတ်မှတ် လိုက်ခြင်း ဖြစ်သည်။
တရားရုံးတော် အနေဖြင့် ယခု အကြိမ်တွင် တရားခံ အပေါ် ယုံကြည်မှု မရှိတော့ကြောင်းနှင့် ၎င်းအနေဖြင့် လူ့အဖွဲ့အစည်းကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု ယူဆသဖြင့် ယခုလို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ အဆိုပါ ဇတ်ကား ထုတ်လုပ်သူမှာ ပြစ်မှု ကျူးလွန်ဖူးသည့် သမိုင်း မှတ်တမ်းရှိကာ မူးယစ်ဆေးနှင့် ဆိုင်သည့် ပြစ်မှုလည်း ရှိကြောင်း အရာရှိများမှ ပြောသည်။ သို့ရာတွင် ၎င်းအနေဖြင့် လွန်ခဲ့သည့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ချက်လက်မှတ် လိမ်လည်မှု တစ်ခုကိုလည်း ကျူးလွန်ထားပြီး ခံဝန်ချုပ်ကို ဖျောက်ဖျက် ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နောက်ထပ် လှည့်ကွက် တစ်ခု အဖြစ်လည်း၎င်းအနေဖြင့် ၂၀၀၂ ခုနှစ် ကလည်း တရားသူကြီးကို ၎င်း၏ အမည်မှန်မှာ Mark Basseley Youseff ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု LA Times သတင်းတွင် ဖော်ပြသည်။

source : LA Times
mrtv4.com.mm

တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော

Published on September 28, 2012 by ​အေး​နိုင်   ·

ကချင်ပြည်နယ်မှာ စစ်ပွဲတွေဆက်ဖြစ်တာဟာ အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ နိုင်ငံတော်သမ္မတက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ရောက်နေတဲ့ သမ္မတဦးသိန်းစိန်က Asia Society မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ကချင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်။ တချို့သဘောထားလေးတွေက နည်းနည်း ကွဲလွဲနေတာလေးရှိတယ်။ ဥပမာအားဖြင့် အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းထားတယ်၊ ရပ်ဆိုင်းမိန့်တွေ ထုတ်ထားတယ်။ ဟိုဘက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့အမိန့်တွေ မထုတ်ဘူး။ မထုတ်တဲ့အတွက် အောက်ခြေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ရပ်စဲသွားအောင် လုပ်မယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်ရပ်ခဲ့ပြီးဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်ကောင်စီ မဖျက်ခင်ထုတ်တဲ့ တိုင်းရင်းသားတွေ နယ်ခြားစောင့်တပ် ပြောင်းရင်ပြောင်း မပြောင်းရင် လက်နက်ချဆိုတဲ့ ရာဇသံကြောင့် အပစ်ရပ်သဘောတူတာပျက်ပြီး တိုက်ပွဲပြန်ဖြစ်လို့ စစ်ရှောင်ဒုက္ခသည် ၁ သိန်းနီးပါး လောက်ရှိနေတာပါ။

သမ္မတက ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ တိုက်ခိုက်မှုတွေရပ်တန့်ဖို့ တပ်မတော်ကို အမိန့်ပေးခဲ့တဲ့အကြားက တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပြီး လက်ရှိမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးကို ချဉ်းကပ်လာနေတာပါ။

ကေအိုင်အေဘက်က  အပစ်ရပ်မိန့် မပေးလို့ တိုက်ပွဲဖြစ်ရတယ်ဆိုတဲ့ သမ္မတပြောကြားချက်အပေါ် ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်းက ထိုးစစ်ကို ပြုလုပ်နေတာ ဘယ်သူပါလဲလို့ ပြန်လည်မေးခွန်းထုတ် တုံ့ပြန်ပါတယ်။ အပစ်ရပ်ဖို့ထက် ပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းရမယ်လို့ ပြောပါတယ်။

“ထိုးစစ်လုပ်တာက ဘယ်အဖွဲ့လဲဆိုတာ မေးစရာရှိတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က ရမခကနေ ရှေ့တန်းကိုညွှန်ကြားမှုရှိတယ်။ ၁၈ ရက်ကနေစပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ဆင်ရေးပြန်လုပ်ဖို့ ရှေ့တန်းထွက်တဲ့ တပ်ဖွဲ့တွေကို ညွှန်ကြားတာရှိတယ်။ ဒါကိုကြည့်ရင် သမ္မတကတော့ အမြဲတမ်း သူပြောတဲ့စကားပါ။ ဒါပေမယ့် ရှေ့တန်းမှာ သူ့ညွှန်ကြားချက်တွေက ထိရောက်မှုရှိရဲ့လား ဆိုတာ မေးစရာရှိတယ်။ ထိုးစစ်မလုပ်ဘူးဆိုပေမယ့် တပ်တွေအလုံးအရင်းတက်လာတယ်ဆိုတာ ဒါ ထိုးစစ်တာပဲ။”

ကချင်အတိုင်ပင်ခံအဖွဲ့ဝင်၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ဝင် ဦးဆင်ဝါးနောင်က အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ဆွေးနွေးစဉ်တုန်းက အပစ်ရပ်ဖို့ သဘောတူမလိုဖြစ်ပြီးကာမှ စကားလုံး ၄ လုံး ရွေးချယ်မှုကြောင့်နဲ့ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ နေပြည်တော် ရှင်းလင်းပွဲပြောဆိုချက်ကြောင့် ပျက်ပြားခဲ့ပုံကို အခုလို ပြောပါတယ်။

“နေပြည်တ်ာမှာ ဗိုလ်ချုပ်ကျော်ဆန်းက သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ကေအိုင်အေကို အပုပ်ချပြောတာပေါ့။ သူတို့ နားထဲမှာ အဲလိုမျိုးကြားသွားသွားတာ။ နေပြည်တော်မှာတော့ ဒီလိုပြောနေပြီ။ ကေအိုင်အိုကို လက်ရှိအစိုးရက ဘယ်လိုမြင်သလဲ။ ဘယ်အဆင့်ထားသလဲ စသဖြင့် မေးခွန်းတွေ အများကြီး မေးလာတာပေါ့။”

နှစ်ဘက်ကိုယ်စားလှယ်တွေ ပဏာမအလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြတာထက် နှစ်ဖက်တာဝန်ရှိသူတွေ အတည်ညှိနှိုင်း ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

ကေအိုင်အိုရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရာထူးမှာ ဆယ်စုနှစ်နဲ့ချီပြီး လုပ်ဆောင်လာရာက နိုင်ငံရေးပါတီထူထောင်ဖို့ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာတူးဂျာကလည်း နှစ်ဘက်တိုက်ခိုက်မှုတွေဟာ တပ်နေရာချထားရေး ဆွေးနွေးအဖြေရှာဖို့ အဓိကကျနေတာ မြင်တွေ့တယ်လို့ ပြောပါတယ်။

“အခုက သူတို့အချင်းချင်း ယုံကြည်မှုအပိုင်းမှာ အားနည်းနေကြသေးတယ်။ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးကြဦးမယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကို သူတို့အကျေအလည် သဘောတူညီမှုရအောင် ဆွေးနွေးနိုင်ပြီဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမှာပါ။”

ကုလသမဂ္ဂ ညီလာခံတက်နေတဲ့ သမ္မတက မိန့်ခွန်းမှာလည်း ကချင်စစ်ပွဲကိစ္စ၊ ရခိုင်ပြည်ကိစ္စ၊ အစိုးရအကောင်အထည်ဖော်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ စိန်ခေါ်မှုတွေ၊ အသီးအပွင့်တွေကို ထည့်သွင်းရှင်းပြခဲ့ပါတယ်။

အစိုးရနဲ့သက်ဆိုင်သူတွေအားလုံးအကြား နိုင်ငံရေးသည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဓလေ့သစ်ကို စတင်ပုံဖော်နိုင်ပြီလို့ ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့လိုတယ်လို့ ယုံကြည်တာကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတရပ်ရဖို့ အလေးထား ဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ရေတိုရေရှည် စီမံချက်ချမှတ် ဖြေရှင်းမယ်လို့ သမ္မတက ပြောပါတယ်။

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံအနေနဲ့ ကိုယ့်နယ်စပ်မျဉ်းတွေကို လုံခြုံအောင်ဆောင်ရွက်ခွင့်၊ အချုပ်အခြာအာဏာကို ကာကွယ်ခွင့်တွေ ရှိတယ်လို့ ယုံကြည်ပြီး အပြည်ပြည်ဆိုင်ရာစံနှုန်း ကျင့်ထုံးတွေနဲ့ကိုက်ညီအောင် ကြိုးစားလုပ်ဆောင်မယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် သူ့ကို အသုံးချမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေဘက်က လိုလားဖို့ လိုကြောင်း ပြောဆိုထားပါတယ်။

burmese.dvb.no

မြန်မာ့ပို့ကုန်တွေ အမေရိကန်အတွက် ကျန်သေးရဲ့လား

Published on September 28, 2012 by နေသွင် 

မြန်မာပြည်ဟာ တချိန်တုန်းကတော့ ဆန်၊ အ၀တ်အထည်ကနေ ကမ္ဘာကျော် ပတ္တမြားတွေအထိ ကုန်ပစ္စည်းတွေ အမြောက်အမြား နိုင်ငံခြားကို တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် လောင်စာနဲ့ စားသောက်ကုန်တွေကို အဓိက လိုအပ်တဲ့ တရုတ်နဲ့ အိန္ဒိယက လွဲလို့ မြန်မာ့ပို့ကုန်တွေကို ၀ယ်ချင်သူတွေ နည်းပါးခဲ့ပါတယ်။















အခုတော့ အမေရိကန်က မြန်မာ့ပို့ကုန်တွေကို ပြန်ဖွင့်ပေးတော့မယ်ဆိုလေတော့ အခြေအနေတွေ အရင်နဲ့ မတူဘဲ ပြောင်းလဲသွားတော့မယ် ပုံပါပဲ။ ဒါပေမယ့် မြန်မာ့ပို့ကုန်တွေထဲက အမေရိကန် စားသုံးသူတွေအတွက် ဘာတွေကျန်သေးလဲလို့ မေးစရာရှိပါတယ်။

အရင်ဆုံး လက်ရှိ မြန်မာပို့ကုန်တွေကို ကြည့်ကြရအောင်ပါ။

မြန်မာ့ပဲအမျိုးမျိုးကို အဓိက တင်ပို့နေတဲ့ နိုင်ငံက အိန္ဒိယဖြစ်ပြီး၊ ကျောက်မျက်နဲ့ သစ်မာတွေကို တရုတ်ပြည်ကို အဓိက တင်ပို့နေပါတယ်။ မြန်မာ့အထည်အလိပ်ပို့ကုန်တွေကို အဓိက လက်ခံတဲ့ နိုင်ငံက ဂျပန်နိုင်ငံပါ။ လောလောဆယ် မြန်မာ့ပို့ကုန်တွေကို စာရင်းချကြည့်လိုက်ရင် ဓာတ်ငွေ့က ပို့ကုန်တန်ဖိုးရဲ့ ၅၇ ရာခိုင်နှုန်း၊ ပဲအမျိုးမျိုးက ၁၈ ရာခိုင်နှုန်း၊ ကျွန်းနှင့် သစ်မာက ၁၀ ရာခိုင်နှုန်း၊ အထည်အလိပ်က ၆ ရာခိုင်နှုန်း၊ ဆန်က ၅ ရာခိုင်နှုန်း၊ ငါးနှင့် ပင်လယ်ထုတ်ကုန်ပစ္စည်းက ၄ ရာခိုင်နှုန်းအသီးသီးရှိပါတယ်။

အဲဒီတော့ ဒီပို့ကုန်တွေထဲမှာ ဘယ်လို ကုန်ပစ္စည်းမျိုးကို အမေရိကန်အတွက် ဖြစ်လာမလဲ စဉ်းစားကြည့်ရအောင်။

ဖြစ်နိုင်ခြေပို့ကုန်ကတော့ ဆန်ပါ။ မြန်မာပြည်ဟာ အခုလို စီးပွားရေးချွတ်ခြုံကျရတဲ့ အခြေအနေကို တရှိန်ထိုးကျမသွားခင်တုန်းက ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ အဲဒီနေရာကို ထိုင်းနဲ့ ဗီယက်နမ်တို့က ရယူလိုက်ပါပြီ။

မြန်မာပြည်ရဲ့ ဆန်စပါးထုတ်လုပ်မှု တိုးတက်လာဖို့နဲ့ ဈေးကွက်တွေ ရဖို့ကတော့ အချိန်ယူရပါဦးမယ် ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ဟာ အရင်တုန်းကလိုမျိုး ဆန်စပါး အမြောက်အမြားထုတ်လုပ်နိုင်တဲ့ နိုင်ငံတနိုင်ငံ မဖြစ်နိုင်လို့ မပြောနိုင်ပါဘူး။ ဒါက မြန်မာပြည်အပိုင်းပါ။ အမေရိကန်ဘက်က ကြည့်ရင်တော့ အမေရိကန်က ထွက်တဲ့ဆန်က အမေရိကန်အတွက် အလျှံပယ် ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာပြည်က ပို့လိုက်တဲ့ ဆန်နဲ့ ချက်ထားတဲ့ ထမင်းက အမေရိကန် ပြည်ထောင်စု အိုင်အိုင်ဝါက ညစာစားပွဲတွေမှာ အခန့်သားနေရာယူဖို့ဆိုတာကတော့ အခုလည်း မဖြစ်နိုင်၊ နောင်မှာလည်း ဖြစ်နိုင်ဖို့ မရှိပါဘူး။

ဒါဖြင့်ရင် ကျောက်စိမ်းတို့လို ကျောက်မျက်ရတနာတွေရောလို့ မေးစရာရှိပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာ ကျောက်စိမ်းကို တရုတ်တွေက အသည်းအသန်အ၀ယ်လိုက်တာကြောင့် ကျောက်စိမ်းဈေးတွေ ခေါင်ခိုက်နေပါတယ်။ ကျောက်ကုန်သည်တွေ၊ ကျောက်တွင်းပိုင်ရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်းချီပြီး ရကြ၊ ပွကြပါတယ်။ ဒါပေမယ့် ကျောက်စိမ်းဆိုတာမျိုးကလည်း ကြိုက်လက်စရှိမှ ကြိုက်တတ်ကြတဲ့ ရတနာမျိုး ဖြစ်နေပါတယ်။ တရုတ်တွေရဲ့ သည်းခြေကြိုက်ရတနာ အမျိုးအစားပါ။ တခြား ပတ္တမြားတို့လို တခြားကျောက်မျက်တွေကို ကမ္ဘာ့ဈေးကွက်မှာ ထိုးဖောက်နိုင်နေတဲ့အချိန်မှာ ဈေးကွက်ထဲကို အမေရိကန်တွေ ၀င်လာလို့ မြန်မာ့ကျောက်မျက်ဈေးကွက်က သိပ်ကြီး ထူးခြား ပြောင်းလဲသွားမယ့်ပုံတော့ မရှိပါဘူး။

နောက်တခုက မြန်မာပြည်မှာ ရေနံနဲ့ဓာတ်ငွေ့လို စွမ်းအင်အရင်းအမြစ်တွေ ပေါကြွယ်လှပါတယ်။ တကယ်တမ်းကျတော့ ဒါတွေကလည်း မြန်မာပြည်ရဲ့ မြောက်ပိုင်း တရုတ်ပြည်နဲ့ အရှေ့ဘက်က ထိုင်းနိုင်ငံတို့ဆီကိုပဲ ဦးတည် နေပုံရပါတယ်။ မြန်မာပြည် ကပ္ပလီပင်လယ်ကနေ တရုတ်ပြည်ယူနန်ကို သွယ်တန်းထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဆိုရင် နောက်နှစ်မှာပဲ လုပ်ငန်းတွေစနိုင်တော့မယ့် အခြေအနေဖြစ်နေပါပြီ။ တဖက်မှာ အမေရိကန် ပြည်ထောင်စုဘက်က ကြည့်ရင် လောလောဆယ်မှာ ပြည်တွင်းမှာ အထွက်ကြမ်းနေတဲ့ စွမ်းအင်တွေနဲ့တင် အဆင်ပြေလုံလောက်နေပါပြီ။ တခြားမြန်မာ့ပို့ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ လောင်စာနဲ့ သစ်တွေကို ကြည့်လိုက်ရင်လည်း အာရှဈေးကွက်ကို ကျော်ဖို့တောင် အကန့်အသတ်ရှိနေပါတယ်။

ဒါဖြင့်ရင် အမေရိကန်အတွက် ဘာတွေကျန်ဦးမလဲ၊ ရေတိုမှာတော့ အေးစက်နေတဲ့ ပင်လယ်စာလုပ်ငန်းက မြန်မာပြည်အတွက် အလားအလာကောင်းတွေရှိပါတယ်။ ဗီယက်နမ်နဲ့ ထိုင်းတို့ဆိုရင် ပင်လယ်စာထုတ်လုပ်မှုလုပ်ငန်းမှာ အလွန်အောင်မြင်နေပါတယ်။ ဒါကြောင့် မြန်မာပြည်အတွက် ဗီယက်နမ်နဲ့ ထိုင်းရဲ့လမ်းကြောင်းကို လိုက်မယ်ဆိုရင် လိုက်နိုင်ပါတယ်။

နောက်ထပ် အလားအလာရှိတဲ့ လုပ်ငန်းကတော့ အခုလောလောဆယ်မှာတင် ဂျပန်ဈေးကွက်မှာ ဈေးကွက်ကြီးကြီး ရထားပြီးသားဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းပါ။ တရုတ်ပြည်မှာ အထည်ချုပ်လုပ်ငန်း ထုတ်လုပ်မှုစရိတ်တွေ တက်လာတာကြောင့် ထုတ်လုပ်သူတွေဟာ ကမ္ဘောဒီယား၊ ဗီယက်နမ်နဲ့ လာအိုတို့ကို ပြောင်းရွှေ့သွားကြပါတယ်။ မြန်မာပြည်မှာ လုပ်သားအင်အားတွေ အလျှံပယ်ရှိနေသလိုပဲ အနည်းဆုံး လာအို၊ ကမ္ဘောဒီးယားတို့နဲ့ နှိုင်းယှဉ်လိုက်ရင် လုပ်အားခတွေလည်း နိမ့်နေပါသေးတယ်။ ဒါကြောင့် အမေရိကန်က ဝေါလ်မတ် (Walmart) တို့ ဂပ်စ် (Gap) တို့လို ကုန်တိုက်တွေထဲမှာ “Made in Myanmar” (မြန်မာပြည်မှာ လုပ်သည်) တံဆိပ်နဲ့ အ၀တ်အထည်တွေ အလျင်အမြန် ရောက်လာနိုင်ပါတယ်။

ရေရှည်မှာတော့ မြန်မာပြည်ဟာ ထိုင်းတို့ မလေးရှားတို့လိုပဲ အာရှရဲ့ ကုန်စည်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကမ္ဘာထဲမှာ အစိတ်အပိုင်းတရပ်အနေနဲ့ ပါဝင်လာဖို့ရှိပါတယ်။ အခုတင်ပဲ ဂျပန်က ကင်မရာထုတ်လုပ်သူတွေအတွက် အသေးစားလုပ်ငန်းတွေကို လုပ်ကိုင်နေတာရှိသလို၊ နောက်ထပ် အလားအလာကောင်းတွေလည်း အသေအချာရှိနေပါတယ်။

တဖက်မှာလည်း မြန်မာပြည်အတွက် အခက်အခဲတွေက ရှိနေပါတယ်။ မြန်မာပြည်မှာ လျှပ်စစ်မီး မမှန်တာကြောင့် စက်ရုံတွေ လည်ပတ်ရေးမှာ အခက်အခဲရှိနေပါတယ်။ ဒုတိယကတော့ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့တာကြောင့် မြန်မာပြည်က အလုပ်သမား အင်အားစုတွေက အရည်အချင်းပိုင်းမှာ အားနည်းကြပါတယ်။

ဒါအပြင် မြန်မာပြည်ရဲ့ အခြေခံအဆောက်အဦ (infrastructure) ပိုင်းနဲ့ ပတ်သက်လို့လည်း မေးစရာ မေးခွန်းတွေ ရှိပါတယ်။ မြန်မာပြည်ရဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေနဲ့ ဆိပ်ကမ်းတွေက အခြေအနေ အတော်ဆိုးပါတယ်။ လောလောဆယ် တောင်ပိုင်းထားဝယ်မှာ ဆိပ်ကမ်းသစ်ကြီးတွေ ဆောက်နေပေမယ့် အသုံးပြုနိုင်တဲ့ အခြေအနေ ရောက်ဖို့ကတော့ နှစ်နဲ့ချီပြီး အချိန်ယူရပါဦးမယ်။

ဒါကြောင့် အမေရိကန်က မြန်မာ့ပို့ကုန်တွေကို ဖွင့်ပေးလိုက်တာဟာ မြန်မာပြည်အတွက် စိတ်အား တက်ကြွစရာဆိုပေမယ့် လောလောဆယ်မှာ ကုန်သွယ်ရေးတွေ နေ့ချင်းညချင်း တိုးတက်သွားမယ့် အလားအလာတော့မရှိပါဘူး။ အာရှကျားတွေ တိုးတက်သွားတဲ့လမ်းကြောင်းအတိုင်း ပို့ကုန်ဦးစားပေး စီးပွားရေးပုံစံကို စဉ်းစားမယ်ဆိုရင် မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အမြောက်အမြားလိုအပ်နေပါတယ်။ ဒါတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင်တော့  အကောင်းမြင်နိုင်စရာ အကြောင်းတွေလည်း အမြောက်အမြားရှိပါတယ်။ ဗီယက်နမ်ငါးဖမ်းသမားတွေနဲ့ ကမ္ဘောဒီးယားက အထည်ချုပ်အလုပ်သမတွေတော့ ရင်တမမနဲ့ စောင့်ကြည့်နေရမယ့် ပုံရှိပါတယ်။

(ရည်ညွန်း။ ။ What might the US buy from Myanmar?  by Josh Noble ) 

/burmese.dvb.no

ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါ ကြောင့် အမေရိကန်ဧည့် များ မြန်မာသို့ လာရောက်ရန် စိတ်ဝင်စား

မြန်မာ့ ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်သည် အမေရိ ကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများ ကို ပေးအပ်သည့် အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ် ရရှိခဲ့ခြင်းကြောင့် အမေရိကန်နိုင် ငံသားများ မြန်မာနိုင်ငံကို ပိုမို စိတ်ဝင်စား လာကြကြောင်း ခရီးသွားလုပ်ငန်း များမှ သိရသည်။
''အမေရိကန် ဧည့်က အရင် ကထက် ၅ဝ ရာခိုင်နှုန်းလောက်ကို တက်လာ တာ'' ဟု သင်္ဂဇာ ခရီးသွားလုပ်ငန်းမှ ဦးတင်ထွန်းအောင်က ပြောသည်။
ထို့အပြင် အမေရိကန်နိုင်ငံသားများကို အစ္စလာမ် နိုင်ငံအချို့သို့ ခရီး သွားလာခွင့် တားမြစ်ထား ခြင်းကြောင့် မြန်မာနိုင်ငံသို့ အမေရိကန်ဧည့် ပိုဝင်လာကြောင်း ခရီး သွားလုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။
အမေရိကန် အစိုးရသည် နိုင်ငံသားများ၏ လုံခြုံရေးအတွက် ခရီးသွားခွင့် တားမြစ်ထားသည့် နိုင်ငံများ ထုတ်ပြန်လေ့ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတွင်း လုံခြုံaရး ကောင်းမွန်မှုကြောင့် ယခုနှစ် ခရီးသွားဧည့် ပိုမိုတိုးလာခြင်းဖြစ်ကြောင်း ဦးတင်ထွန်းအောင်က ပြောသည်။
အမေရိကန်သား တို့သည် မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင် စားလာခြင်းကလည်း အမေရိကန် ဧည့်ဝင်ရောက်မှု တိုးတက်ရာတွင် အကြောင်းရင်း တစ်ခု ဖြစ်ကြောင်း ပတ္တမြားမြေ ခရီးသွားလုပ်ငန်းမှ ဦးအေးကျော်က ပြောသည်။
''အမေရိကန်တွေက တစ် နိုင်ငံလုံးကို သွားဖို့ စိတ်ဝင်စား တယ်။ အခုဆို ကချင်ကလည်း စစ်ဖြစ်နေတယ်။ မြောက်ဦးကိုလည်း ခရီးသွားခွင့် ပိတ်ထားတဲ့အတွက် မန္တလေးတို့၊ ဟဲဟိုးတို့ကို သွားကြ တယ်'' ဟု ၄င်းက ပြောသည်။
အမေရိကန် နိုင်ငံသားများ သည် ယခင်နှစ်များစွာက မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်မှု နည်းပါးခဲ့သည်။ သို့သော် ၂ဝ၁၁ ခုနှစ်မှစ၍ အစိုးရသစ်၏ အပြောင်း အလဲများကြောင့် အမေရိကန်က ၄င်းတို့ နိုင်ငံသားများအား မြန်မာ နိုင်ငံသို့ ခရီးသွားလာခွင့်ကို ပြန်လည်ဖွင့်ပေး ခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသားများ ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်မှုပိုမိုများပြားလာကြခြင်း ဖြစ်ကြောင်းသိရသည်။

teashoptalk.com

လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးငယ်(၅)ဦးအား ထိုင်းဘက်မှ လာရောက်၍ မြန်မာဘက်သို့လွှဲအပ်



Friday, September 28, 2012  , ,  

စက်တင်ဘာ(၂၈)ရက်နေ့ နံနက်(၁၀)နာရီက မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒု-ရဲမှူးကြီး Mukda Tanasombat ဦးဆောင်တဲ့ အဖွဲ့ဝင်(၁၀)ဦးဟာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရတဲ့ မြန်မာ မိန်းကလေးငယ် (၅)ဦးကို မြန်မာဘက်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များထံ လာရောက်လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။


ထိုင်းဘက်မှ လွှဲအပ်ရာတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ်၊ ကျိုင်းတုံ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား တာချီလိတ်လူကုန်ကူး တာဆီးကာကွယ်ရေးမှ ဒုရဲမှူး ရင်ရင်အေး နှင့် အဖွဲ့ဝင်များ၊ လ၀ကဦးစီးအရာရှိ ဦးမိုးဇက်၊ ကျိုင်းတုံ(မြန်မာ)world vision မှ ဦးစိုင်းလုံးကျောက် တို့က လက်မှတ်ရေးထိုးကာ လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။


လူကုန်ကူးခံရသူ အမျိုးသမီးငယ်(၅)ဦးအား အမျိုးသမီးရေးရာအဖွဲ့နဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တစ်ဦးချင်းစီ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါတယ်။ အဆိုပါ အမျိုးသမီးငယ်(၅)ဦးမှာ ကျိုင်းတုံဇာတိများဖြစ်ကြပြီး အသက်အရွယ်အားဖြင့် (၁၈)နှစ်အရွယ် (၃)ဦး၊ (၁၆)နှစ်နဲ့(၁၉) နှစ်အရွယ်(၂)ဦးဖြစ်ကြောင်း သိရပါတယ်။
<

လွှဲအပ်ခြင်းအပြီးမှာပဲ ကျိုင်းတုံ မှ လူမှုဝန်ထမ်း ဦးစီးအရာရှိ ဦးအာဒဲလယ် နဲ့ ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းမှ ဦးစီးအရာရှိ ဒေါ်ခင်မြင့်မြင့်တို့က အမျိုးသမီးငယ်(၅)ဦးအား ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်သင်ကျောင်းသို့ ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။


သတင်းမှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်
လူကုန်ကူးခံရသူ အမျိုးသမီးငယ်(၅)အား ထိုင်းမှ လာရောက်လွှဲအပ် 18 photos
tachileik.net

မွေးဖွားရာမြို့မှ ရွေးကောက်ပွဲဝင်ချင်ကြောင်း မိုးသီးဇွန်ပြောဟုသိရ

posted on September 28, 2012

Black List (စာရင်းမဲ)မှ ပယ်ဖျက်အပြီး ၂၀၁၂ခုနှစ် စက် တင်ဘာလ(၂)ရက်နေ့က မြန်မာ နိုင်ငံသို့ပြန်ရောက်လာသော (၈၈)မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ မိုးသီးဇွန်က လာမည့် ၂၀၁၅ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် သူ၏ မွေးဖွားရာ မြို့ဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီး သင်္ဃန်းကျွန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေ ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော မိုးသီးဇွန်က ပြည်သူလူထုသည် လွတ်လပ်မှု ကို လိုလားနေသည်ကို တွေ့ရ ကြောင်း၊လွတ်လပ်မှုမရှိ၍ လူမှု့ ဒုက္ခပေါင်းစုံကိုခံစားနေရကြောင်း၊ လွတ်လပ်မှုသာလျှင် လူတိုင်း၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း၊ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းများ ပျံ့လွင့် လျက်ရှိကြောင်း သိရသည်။

Byသတင်းမုဆိုး
hotnewsweekly.com

မောင်အောင်နိုင်ဦး ရေခဲချောင်းရောင်းရန်သွားသောစစ်တွေမြို့အင်ပါလာရပ်ကွက်အား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း

September 28, 2012 at 3:48 pm
စစ်တွေတွင် ရခိုင် လူငယ် တစ်ဦး သတ်ဖြတ်ခံရ

အရေးအခင်း ဖြစ်ပွားပြီး ၄ လခန့်အကြာ ယနေ့တွင်  စစ်တွေ၌ ရခိုင်ကလေးငယ် တစ်ဦး  အသတ်ခံလိုက် ရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ လူငယ်မှာ ရေခဲချောင်းရောင်းနေသော စစ်တွေ ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သား အောင်နိုင်ဦး ဖြစ်ကြောင်း သိရသည်။ သူ့အား သတ်ဖြတ်သူများမှာ စစ်တွေ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်)မှ ဘင်္ဂလီ မွတ်ဆလင်များ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။ ယခုအခါ အောင်နိုင်ဦး အလောင်းအား စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။ အောင်နိုင်ဦးသည် ယခုလအတွင်း ဒုတိယ အကြိမ်မြှောက်သတ်ဖြတ်ခံရသူ ဖြစ်ပြီး ယခုလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေကို  ကျောက်တော် ပိုက်သည်ရွာမှ မွတ်လဆင် အုပ်စု တစ်စုက သတ်ဖြတ်ပစ်ခဲ့သည်။

September 28, 2012 at 5:22 pm
လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ

မင်းခိုင်မိုက်(ရန်ကုန်)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂလီများ က ရေခဲချောင်းရောင်းသူ ရခိုင်လူငယ်တဦးအား ၀ိုင်းရိုက်လိုက်ပြီးနောက် စစ်တွေမြို့အခြေနေမှာ တင်းမာနေသည်။ ယနေ့ နေ့လည် ၂နာရီခန့် အချိန်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် (ဘင်္ဂလီအများစုနေထိုင်ရာ) အင်ဘာလာလမ်းဆုံတွင် ရေခဲချောင်းရောင်းသည့် ရခိုင်ကလေးငယ်တဦးမှာ ဖြတ်သွားစဉ် ဘင်္ဂလီများမှ ခေါ်ယူပြီး ၀ိုင်းရိုက်ကြရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။ ” အဲဒီ ရေခဲချောင်းရောင်းတဲ့ ရခိုင်ကောင်လေးက အင်ဘာလာလမ်းဆုံက မင်းဗာကြီးလမ်းအတိုင်း ဖြတ်သွားတယ်။ ဒီတော့ အဲဒီနားမှာ ရှိတဲ့ ဘင်္ဂလီတွေက ရေခဲချောင်း ၀ယ်မလိုနဲ့ ခေါ်လိုက်တယ်။ သူတို့အကွက်နားက လမ်းကြားနားကိုရောက်ရော့ ၀ိုင်းရိုက်ကြတယ်။ ဒါကို တခြားရခိုင်တွေက မြင်ကြ၊ ကြားကြတော့ ရိုက်ကြတဲ့သူတွေက အင်ဘာလာထဲကိုဝင်ပြေး သွားတယ်။ အဲဒီနောက်ပိုင်းမှာ အခြေနေက တင်းမာနေတာ” ဟု ဆိုသည်။ အဆိုပါ ကလေးငယ်မှာ စစ်တွေမြို့ ကျေးတော ရပ်ကွက်နေ အဖ ဦးစောမောင် ၏သား မောင် အောင်နိုင်ဦး အသက် (၁၂) ဖြစ်ကြောင်း သိရှိရသည်။ ” ကောင်လေး သေတယ်လို့တော့ သတင်း ဖြစ်နေတယ်။ သေတယ်၊ မသေဘူး လားဆိုတာတော့ အတိအကျမသိသေးဘူး။ အဲဒီကောင်လေးကို စစ်တွေ စစ်တပ်ဆေးရုံးကို စစ်သားတွေ ယူသွားတယ်လို့ ပြောပါတယ်။ အခြေနေ တော်တော်ဆိုးတယ်လို့ တော့ ပြောတာပဲ။” အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦးကလည်း ” အပြင်မှာတော့ တော်တော်ကို ဆူနေပါတယ်။ စစ်သားတွေ၊ ရဲတွေလည်း အများကြီးပဲ။ ဒေသခံရခိုင်တွေပါ၊ ဘုန်းကြီးတွေပါ ရောက်နေကြတယ်။ တချို့ကတော့ အဲဒီကလေးကို မတွေ့သေးဘူးလို့ ပြောပါတယ်။ စစ်တပ်ဆေးရုံကို ယူသွားတယ်လို့လည်း ပြောကြပါတယ်။” ဟု နိရဉ္စရာသို့ပြောသည်။ ယခုအခါ မင်းဗာကြီးလမ်းတလျှောက် အင်ဘာလာအနီးတ၀ိုက်တွင် စစ်သား၊ ရဲသားများကို လုံခြုံရေးအပြည့် ချထားပြီး မည်သူမှ ဖြတ်သန်းခွင့်မပြုပဲ လမ်းပိတ်ထားသည်။ စစ်တွေဒေသခံ ရခိုင်လူထုအနေဖြင့်လည်း အဆိုပါကိစ္စအတွက် မကျေမနပ်ဖြစ်ကာ ဒေါသပေါက်ကွဲနေကြပြီး အင်ဘာလာအနီး တ၀ိုက်တွင် စောင့်ဆိုင်းနေကြကြောင်း စစ်တွေမှ ပေးပို့သော သတင်းများအရ သိရသည်။
 http://www.narinjara.com/burmese/


Friday, 28 September 2012
(အရေးပေါ်သတင်းပေးချက် )ရခိုင် ကလေးငယ် တစ်ဦးစစ်တွေမြို့  အင်ပါလာရပ်ကွက်တွင်ပြင်းထန်ဒဏ်ရာရ


စစ်တွေမြို့အင်ပါလာရပ်ကွက်၊မင်းဘာကြီး လမ်းအတိုင်း ရေခဲချောင်းရောင်းရန်သွားသော  ရခိုင် ကလေးငယ် တယောက်ဦးကို အင်ပါလာ ရပ်ကွက်မှ ဘင်္ဂလီကုလားများရိုတ် သတ်သဖြင့် ဒဏ်ရာ အပြင်းအထန်းရကာ ဆေးရုံးတင်ထားရပါသည်ဟုရွှေမြန်မာ မီဒီယာဂရုသတင်းထောက်ဖြူဖြူအောင်မှ သတင်းပေးပို့ သည်။ အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေ တင်းမာနေသည်ဟုဆိုသည်။ ။ လူများသည် အင်ပါလာ ရပ်ကွက်ကို ချီတတ်လျှက်ရှိပါသည်ဟုရွှေမြန်မာမီဒီယာဂရုသတင်း ထောက်မှပြောသည်။ ဒဏ်ရရှိသွားသောကလေးငယ်မှာ စစ်တွေမြို့ ကျေးတောရွာမှဟု စုံစမ်း သိရှိရပါသည်။  ၄င်းကလေးငယ်ကိုယခုစစ်ဆေးရုံးကိုသယ်ဆောင်သွားသည်ဟုဆိုသည်ယခုလက်ရှိ အခြေများတင်းမာနေဆဲဟုရွှေမြန်မာမီဒီယာဂရု သတင်းထောက်ပို့ ပေးသည်။

ဆက်လက်ဖော်ပြပါမည်။


Yangon Press International
11 hours ago

လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်းမဟုတ်မှန်ဟု လိုက်လံရှင်းလင်း

ညနေ ၄နာရီ၊ စက်တင်ဘာ ၂၈၊ ၂၀၁၂၊ YPI

ရေခဲချောင်းရောင်းသည့် ကလေး အရိုက်နှက်ခံရသည့် သတင်းနှင့် ပတ်သက်၍ ဒေါသထွက်နေသည့် လူအုပ်ကို ရဲမှူးကြီး မျိုးမင်းအောင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးတို့က ကလေးပျောက်သည့် ကိစ္စမှာ မဟုတ်ကြောင်း လူအုပ်ကို လိုက်လံဖြေရှင်း နေကြောင်း စစ်တွေမြို့မှ သတင်းထောက်တဦးက YPI သို့ ပြောသည်။ ရဲမှူးကြီး မျိုးမင်းအောင်ကို YPI မှ ဆက်သွယ်မေးမြန်းရာ ၎င်းက “ ကလေးပျောက်တယ်ဆိုတဲ့ သတင်းက ကောလဟလပါ၊ ဒီကိစ္စကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ” ဟု ညနေ ၄နာရီ ၂၀ မိနစ်တွင်ဖြေကြားသည်။ ကလေး အရိုက်ခံရသည့် သတင်းမဟုတ်မှန်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံရှင်းလင်းပြောကြားရန် သတင်းမေးမြန်းနေစဉ် ပြင်ဆင်နေကြောင်းလည်း စစ်တွေမြို့မှ သတင်းထောက် ပြောသည်။ ယင်းရပ်ကွက် နှစ်ဖက် နှစ်ချက်တွင် ၀ိုင်းထားသည့် လူအုပ်မှာ စုစုပေါင်း ၁ သောင်းခန့်အထိရှိနိုင်ကြောင်း ယင်းနေရာရောက်ရှိနေသည့် သတင်းထောက် တဦးက YPI သို့ပြောသည်။ အခြားစစ်တွေမြို့ခံတဦးက ပြောရာတွင် ကလေးငယ် ဒဏ်ရာရသည်မှာ သေချာကြောင်း၊ သို့ရာတွင် မည်သည့်ဆေးရုံသို့ သယ်ဆောင်သွားသည်ကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။ အချို့သော သတင်းများအရ စစ်ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု သိရကြောင်း ယင်းမြို့ခံက ပြောသည်။ စစ်တွေမြို့ထဲတွင်မူ ကလေးငယ် သေဆုံးသွားပြီဟု ဆိုင်ကယ်ဖြင့် လိုက်လံ ပြောဆိုလျှက်ရှိသည်ကိုလည်း တွေ့မြင်နေရကြောင်း ၎င်းက ပြောသည်။ ကလေးငယ် ဒဏ်ရာရရှိသည့် သတင်းနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ။


The Voice Weekly 10 hours ago စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေးဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းကဆိုသည်။ ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။



Eleven Media Group
11 hours ago

ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန် ကြိုးပမ်း ခဲ့ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။ ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။ ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့် တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကလေးကိုတွေ့အောင် ဆောင်ရွက်ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။ ယခုအခါ ပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီရပ်ကွက်အတွင်းသို့ ရောက်ရှိပြီး ပျောက်ဆုံးသွားသည်ဟု သတင်းထွက်ပေါ်ခဲ့သော ကလေး၏ အမည်မှာ မောင်အောင်နိုင်ဦး၊ (အဘ ဦးစောမောင်) အသက် ၁၂ နှစ် ခန့်ဟု သိရပြီး လက်ရှိအချိန်တွင် ၄င်းနေထိုင်ရာ ကျေးရွာဖြစ်သော ကျေးတောပိုက်ဆိပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိနေပြီဟု တာဝန်ကျရဲများက ပြောကြားထားပြီး ကလေးကို ပြည်သူများရှေ့သို့ ခေါ်လာပြရန် သွားရောက်ခေါ်ဆောင်နေသည်ဟု ပြောဆိုထားကြောင်း သိရသည်။ ယခုအချိန်တွင် ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သော မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား ခေါ်ပြနေကြောင်း သိရသည်။ ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သော မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား ခေါ်ပြရာတွင် ပြည်သူများမှ အမှန်တကယ် ဈေးဝင်ရောင်းသည့် ကလေးမဟုတ်ကြောင်း ငြင်းဆိုနေပြီး လူစု မခွဲသေးကြောင်းသိရသည်။မိမိအနေဖြင့် ယနေ့တွင် အဆိုပါရပ်ကွက်သို့ ဈေးသွားရောင်းခြင်း မရှိပါကြောင်း ဈေးကြီးအတွင်း ၌သာ ရောင်းချခဲ့ပါကြောင်း ပြဿနာများ ဖြစ်ပေါ်နေသည်ကိုလည်း ကျေးရွာရှိ အခြားသူများ လာရောက်ပြောဆိုမှသာ သိရှိရပါကြောင်း မောင်အောင်နိုင်ဦးအား Eleven Media Group မှ သတင်းထောက်က မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံရန် သံဃာတော်အချို့နှင့် ပြည်သူအချို့တို့ ပြည်နယ်အစိုးရ ရုံးသို့ သွားရောက်နေကြာင်း သိရသည်။ စစ်တွေမြို့ရှိ သံဃာတော်အချို့နှင့် ပြည်သူအချို့တို့ နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ည ၇ နာရီအချိန်တွင် စုရုံးလျက်ရှိနေသော ရခိုင်ဒေသခံ လူစု လူဝေးများမှာ လူစုခွဲသွားခဲ့ကြောင်း သိရပါသည်။   စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇း၄၅ အချိန်တွင် ရရှိသော သတင်းများအရကလေးငယ်ပျောက်ဆုံးမှုနှင့် ပတ်သတ်ပြီး စုဝေးလျှက်ရှိသော လူထုသည် ည ၇း၀၀ အချိန်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံသော သံဃာတော်များ ပြန်လည်ရောက်ရှိလာပြီးနောက် ပြည်နယ်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ရာတွင် ၀န်ကြီးချုပ်က ယခုအခင်းဖြစ်ပွားသည့် ကျေးရွာနှင့် ရခိုင်တိုင်းရင်းသားတို့အကြား နောက်ထပ် ပြဿနာများ မပေါ်ပေါက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကျေးရွာအား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ဒကာတို့အနေဖြင့် ကိုယ့်အိမ်ကိုယ်ပြန်ကြရန် သံဃာတော်များမှ မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ လူစုမကွဲခင်အချိန်ထိ စုဝေးလျက်ရှိသော လူဦးရေမှာ တစ်ထောင်ဝန်းကျင်ခန့် ကျန်ရှိနေသေးကြောင်း သံဃာတော်များ၏ မေတ္တာရပ်ခံမှုကြောင့်သာ လူစုကွဲသွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ စက်တင်ဘာလ ၂၈ရက်နေ့ ည ၁၀နာရီ ၃၀မိနစ် အချိန်က ရရှိသော သတင်းများအရ ယနေ့ည ၈နာရီကျော်ခန့် အချိန်တွင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ တစ်လျောက် ပြည်သူများ အနေဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အတွက် လမ်းမပေါ်သို့ ထွက်ခြင်း ဆူပူခြင်း များမပြုလုပ်ရန် လိုက်လံကြေငြာ ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် လမ်းမပေါ်တွင် ရှိနေသူ ဒေသခံအချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားမှုရှိ ခဲ့ပြီး လက်ရှိအချိန်တွင် ၁၀ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။     


Ye Yint Nge
ဒါကလက်ရှိသတင်းတွေပါ။
နောက်ရက်တွေမှာကလေးပုံနဲ့သတင်းတွေ
တက်ကောင်းတက်လာနိုင်ပါသေးတယ်။