Wednesday, October 17, 2012

အမျိုးသမီးအထူးတာဝန်တပ်ဖွဲ့

သတိရစရာအမှတ်တရများ (၄-၅-၁၈)
မိုးဇေညိမ်း

မနေ့က သတင်းတစ်ပုဒ်ကို ဖတ်မိလို့ နေပြည်တော်မှာရှိတဲ့ အနှိပ်ခန်းတွေ အကြောင်း ကိုယ်သိသလောက် ရေးနေတာပါ။ သို့ပေမဲ့ NDD ကထုတ်ဝေတဲ့ စစ်ဘက်နှင့်အရပ်ဘက်အုပ်ချုပ်ရေးအင်္ဂါစဉ် (၂၀၁၂) ဆိုတဲ့ စာအုပ်ကို တွေ့လို့ ကောက်လှန်လှောကြည့်ရင်း ဖတ်မိတာလေးတစ်ခုကြောင့် စိတ်ကူး ပြောင်းသွားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှာ အမျိုးသမီးအထူးတာဝန်တပ်ဖွဲ့ ဆိုတဲ့ခေါင်းစဉ်လေး သွားတွေ့လို့ပါ။ ခေါင်းစဉ်လေးကို သဘောကျမိတာလည်း ပါပါတယ်။ အမှန်တော့ အဲဒီတပ်ဖွဲ့ နာမည်က “အထူးတာဝန်တပ်ဖွဲ့” (Special Task Force) ပါ။ အမျိုးသမီး အထူးတာဝန်တပ်ဖွဲ့ ဆိုတဲ့နာမည်ကတော့ အဲဒီတပ်ဖွဲ့နဲ့ပတ်သတ်ပြီး အကြောင်းသိတဲ့ လူတွေက နောက်ပြောင်ခေါ်ကြတဲ့ နာမည်ပါ။ အလွယ်တကူအနေနဲ့တော့ အကြမ်းဖျက်အဖွဲ့လို့ပဲ ခေါ်ကြတာများပါတယ်။ NDD ကလူကြီးမင်းများကိုလည်း ခေါင်းစဉ်မှားနေကြောင်း ကျွန်တော်အကြံပြုပါရစေ။

အထူးတာဝန်တပ်ဖွဲ့ကို စတင်ဖွဲ့ခဲ့တဲ့အချိန်ကို ကျွန်တော် တိတိကျကျ မမှတ်မိတော့ပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်လောက်က ကျောင်းသားအားကစားပွဲတော်မှာ လေထီးခုန်ပြီးဆင်းခဲ့တဲ့ အမျိုးသမီးတွေကိုတော့ စာဖတ်သူတချို့မှတ်မိကောင်း မှတ်မိဦးမယ် ထင်ပါတယ်။ အဲဒီ အမျိုးသမီးတွေက အထူးတာဝန်တပ်ဖွဲ့ဝင်တွေပါပဲ။ အထူးတာဝန်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့စဉ်က အမျိုးသမီးတပ်ဖွဲ့ဝင်အတော်များများ ပါဝင်ခဲ့ပါတယ်။ အဲဒီလို အမျိုးသမီးတွေကို ထည့်သွင်းဖွဲ့စည်းခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် လူကြီးမင်းများရဲ့ ခရီးစဉ်တွေမှာ ပါပါလာတဲ့ လူကြီးမင်းတွေရဲ့ဇနီးတွေ၊ သမီးတွေအတွက် လုံခြုံရေးအစောင့်အရှောက်ယူပေးဖို့ပါပဲ။ ယောက်ျားလေး လုံခြုံရေးတွေနဲ့ ညိစွန်းကုန်မှာစိုးလို့ ထင်ပါရဲ့။ ဦးခင်ညွန့်ရဲ့ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေက အကြံပြုခဲ့လို့ ဖွဲ့ခဲ့ရတယ် ဆိုတဲ့ သတင်းသဲ့သဲ့လည်း ကြားမိပါတယ်။ ပုံမှန်အားဖြင့်တော့ လူကြီးတွေရဲ့ ခရီးစဉ်တွေမှာ သတင်းရဲတပ်ဖွဲ့က ရဲမေတွေပဲ လိုက်ကြတာများပေမဲ့ အဲဒီရဲမေတွေက စိတ်ချရလောက်တဲ့ လုံခြုံရေးအစောင့်အရှောက်ဟုတ်ဘူး လို့ ယူဆခဲ့ပါတယ်။ အရပ်စကားနဲ့ပြောရရင် ဖိုက်တာတွေ မဟုတ်ဖူးပေါ့ဗျာ။ အဲဒါကြောင့် ဖိုက်တာတွေ မွေးတဲ့အနေနဲ့ အထူးတာဝန်တပ်ဖွဲ့ဆိုတာကြီးကို စပြီးဖွဲ့ခဲ့တယ်လို့ ပြောလို့ရပါတယ်။

အထူးတာဝန်တပ်ဖွဲ့ဖွဲ့တဲ့အခါမှာ အရပ် (၆) ပေရှိရမယ်၊ အသက်ဘယ်လောက် ကနေ ဘယ်လောက်အတွင်းဖြစ်ရမယ် စတဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆန္ဒပြုနိုင်ကြောင်း စာထုတ်ပြီး လျှောက်လာတဲ့ထဲက တချို့ကို အကြမ်းဖက်သင်တန်းအပတ်စဉ်(၁) အတွက် ဆန်ကာတင်ရွေးလိုက်ပါတယ်။ ပြီးတော့ အဲဒီလူတွေအားလုံးကို ရန်ကုန်မှာ စု၊ လူတွေ့စစ်ပြီး တချို့ကို ပယ်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ တစ်ညမှာ ကားတွေနဲ့တင်၊ မြောက်ဒဂုံ ဘေလီတံတားဆီ ခေါ်သွားပြီး “ကဲ ဒီတံတားပေါ်ကနေ မင်းတို့ ခုန်ချရမယ်၊ ရေနစ်သေမှာ မကြောက်နဲ့၊ အောက်မှ မင်းတို့ကို ကယ်မဲ့သူတွေ အသင့်စောင့် နေတယ်။ မခုန်ချရဲတဲ့ကောင်တွေကတော့ နက်ဖြန်ကျရင် အိပ်ယာလိပ်ပြီး ကိုယ့်စခန်းကိုယ် ပြန်တော့” လို့ သင်တန်းတာဝန်ခံက ပြောပါတယ်။ ရေတက်နေတဲ့ အချိန်မို့ တံတားနဲ့ချောင်းရေနဲ့က သိပ်မဝေးပါဘူး။ အဲဒီတုန်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး ခုန်ချတဲ့သူတွေလည်း ရှိသလို ကြောက်ဒူးတုန်ပြီး မခုန်ချရဲတဲ့ သူတွေလည်း အတော်များပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစခဲ့တာဆိုတော့ ခုချိန်ဆို အကြမ်းဖက်သင်တန်းအပတ်စဉ်အတော်များများပေးပြီး လောက်ပြီထင်ပါတယ်။

အထူးတာဝန်တပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းက အနက်ရောင် ဖြစ်တာမို့ တခြား ရဲယူနီဖောင်းနဲ့မတူပါဘူး။ လက်မောင်းတံဆိပ်ကလည်း ကွဲပါတယ်။ မြန်မာနိုင်ငံ အလံသေးသေးလေးကို လက်မောင်းထိပ်မှာ တပ်ရတာပါ။ ဟိုအရင်တုန်းက ဦးသန်းရွှေက သူ့လုံခြုံရေးအတွက် စစ်အကြမ်းဖက်တပ်ဖွဲ့တွေပဲ သုံးခဲ့ပါတယ်။ ခုနောက်ပိုင်း အရပ်သားအစိုးရရယ်လို့ နာမည်ခံလာတော့ စစ်အကြမ်းဖက်တပ်ဖွဲ့တွေက ကာချုပ်မင်းအောင်လှိုင်အတွက်ပဲ လုံခြုံရေးယူပြီး သမ္မတနဲ့ဒုသမ္မတတွေအတွက် လုံခြုံရေးကို အထူးတာဝန်တပ်ဖွဲ့ (ရဲအကြမ်းဖက်အဖွဲ့) က တာဝန်ယူပေးရပါတယ်။ ရဲချင်းတူတာတောင်မှ အကြမ်းဖက်တပ်ဖွဲ့ကရဲတွေဟာ ရိုးရိုးရဲတွေထက် အခွင့်အရေးပိုရတာမို့ အရင်တုန်းက စစ်တပ်မှာ ထောက်လှမ်းရေးတပ်တွေကို အခြားတပ်တွေက ကြည့်မရသလိုမျိုး သာမာန်ရဲတွေကလည်း အကြမ်းဖက်ရဲတွေကို သိပ်ကြည့်မရပါဘူး။ အရင်တုန်းက ရဲတွေကို တပ်ဖွဲ့အလိုက်၊ အရေးပါမှုအလိုက် အဆင့်အတန်း သတ်မှတ်ရင် မှုခင်းရဲတပ်ဖွဲ့က နံပတ်(၁)နဲ့ သတင်းရဲတပ်ဖွဲ့က နံပတ် (၂) နေရာမှာ ရှိပါတယ်။ နောက်ပိုင်း အထူးတာဝန်ရဲတပ်ဖွဲ့ ပေါ်လာတဲ့ အခါမှာတော့ အထူးတာဝန်ရဲတွေနဲ့ မူးယစ်အထူးရဲတွေက နံပတ်(၁) နေရာ ရောက်သွားပြီး ဖြစ်ပြီး မှုခင်းရဲနဲ့ သတင်းရဲကတော့ အဆင့်နိမ့်သွားရှာပါတယ်။

အကြမ်းဖက်သင်တန်းတွေမှာ ကိုယ်ခံပညာ၊ ခန္ဓာကိုယ်ခံနိုင်ရည်စွမ်းနဲ့ လက်နက်ငယ်ပစ်ခတ်မှုစွမ်းရည်ကို အဓိကထားပြီး ပြင်းပြင်းထန်ထန် မောင်းတဲ့အပြင် လေ့ကျင့်ရေးကိုလည်း အဆက်မပြတ်လုပ်နေရတာမို့ အကြမ်းဖက်ရဲတွေ၊ ရဲမေတွေဟာ တခြားရဲတွေထက်တော့ မာတယ်လို့ ပြောလို့ရပါတယ်။ အကြမ်းဖက်ရဲမေတွေက ရုပ်ချောကြတာများပါတယ်။ တချိန်တုန်းက ကျွန်တော်နဲ့ရင်းနှီးတဲ့ အကြမ်းဖက်ရဲမေတချို့ကို ယောက်ျားလေးပီပီ ကြောင်ချင်၊ ငမ်းချင်ပေမဲ့ သူ့ကို ထိကပါးရိကပါးနဲ့ လာစတဲ့ ရဲ(၃)ယောက်ကို ကျွန်တော့်ရှေ့မှာပဲ စိန်ခေါ်ပြီ ကိုင်ပေါက်လိုက်တာ မြင်လိုက်ရတာမို့ လန့်ဖျန့်ပြီး မငမ်းရဲတော့ပါဘူး။ အကြမ်းဖက်တပ်ဖွဲ့ဝင် ရဲမေတွေဟာ ယောက်ျားယူခွင့်မရှိပါဘူး။ ယောက်ျားယူတာနဲ့ အကြမ်းဖက်အဖွဲ့နေ ရိုးရိုးရဲအဖြစ် ပြောင်းခံရပါတယ်။ ယောက်ျားလေးတွေကတော့ ဗိုက်ထွက်လာရင်၊ အသက်ကြီးလာရင်၊ ဆေးအဆင့်ကျသွားရင် အကြမ်းဖက်ကနေ အပြောင်းခံရပါတယ်။ လူကြီးလမ်းကြောင်းတွေကို အနီးကပ်လုံခြုံရေးယူရတဲ့ တပ်ဖွဲ့ဝင်တွေဆို ပစ္စတိုကို အမြဲတမ်းဆောင်ထားခွင့်ရှိပါတယ်။ တစ်ခါက ပြည်ထဲရေးကလုပ်တဲ့ အခမ်းအနားတစ်ခုကို တိုင်းမှူးတွေ၊ ၀န်ကြီးတွေ တက်လာတော့ တိုင်းမှူးကတော်၊ ၀န်ကြီးကတော်တွေကို အကြမ်းဖက်ရဲမေတွေက လုံခြုံရေးယူပေးရပါတယ်။ ကောင်မလေးတွေကလည်း ပစ္စတိုသေနတ်ခါးကြားချိတ်ပြီး သူ့တို့ကိယ်သူတို့ ဂျက်မလိုလိုဘာလိုလိုပေါ့။ အဲဒီမှာ တိုင်းမှူးတစ်ယောက်က သူ့မိန်းမနားမှာရှိတဲ့ ခပ်ချောချောရဲမေလေးကို မကြာခဏ မျက်စိရောက်ပုံရပါတယ်။ အဲဒါကို သတိထားမိတဲ့ တိုင်းမှူးကတော်က သူ့ယောက်ျားကို မပြောရဲတာမို့ “နင်က ဒီနားမှာ ဘာလုပ်နေတာလဲ။ မျက်စိကို နောက်နေတာပဲ။ ခပ်ဝေးဝေးသွားနေစမ်း။ ရာထူးကဖြင့် ဘာမှမဟုတ်ပဲ။ လူက ဆောင့်ကြွားကြွားနဲ့” လို့ ဆူပူပြီး မောင်းထုတ်လိုက်တာမို့ တြိတ်ပြီး ရယ်ခဲ့ရဖူးပါ တယ်။

အကြမ်းဖက်တပ်ဖွဲ့ကို အမျိုးသမီးအထူးတာဝန်တပ်ဖွဲ့လို့ နောက်ပြောင် ခေါ်ရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။ အထူးတာဝန်တပ်ဖွဲ့ကို စဖွဲ့ကတည်းကနေ ခုချိန်ထိတပ်ဖွဲ့မှူး လုပ်ခဲ့တဲ့သူက ဒုရဲမှူးကြီးအောင်ထွန်းထွန်းလွင် ပါ။ ကိုယ်ခံပညာမှာ အတော်လေးလိုက်စားတယ်လို့တော့ ပြောပါတယ်။ လူကတော့ ပိန်ပိန်ပါးပါးပါပဲ။ သူ့တပ်ဖွဲ့ဝင်ရဲမေတွေကို ရုပ်ချောချောလေးတွေ ရွေးရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ သူ့ဗီဇကြောင့်လို့ သိရပါတယ်။ သူ့ဘေးနားမှာရှိတဲ့ ခပ်ချောချောရဲမေလေးတွေက သူနဲ့မလွတ်ရာမကင်းကြောင်းလေးတွေ ဖြစ်ကြောင်း သတင်းကြားခဲ့ဖူးတယ်။ သူ့ရဲ့ယာဉ်မောင်း၊ ပီအေ၊ လုံခြုံရေးတွေကလည်း ရဲမေတွေပါပဲ။ ယောက်ျားလေးတပ်ဖွဲ့ဝင်တွေကို သူ့အနားခေါ်မထားပါဘူးတဲ့။
တစ်ခါက ရဲချုပ်ရုံးကိုရောက်သွားတော့ ဒုရဲမှူးကြီးအောင်ထွန်းထွန်းလွင်ရဲ့ အင်မတန်အားကျစရာကောင်းတဲ့ ရုံးတက်စတိုင်လ်ကို မြင်လိုက်ရပါတယ်။ သူ့ရဲ့ ဆာ့ဖ်ကားကြီး ရဲချုပ်ရုံးရှေ့က ကားပါကင်မှာ ရပ်သွားတာနဲ့ တောင့်တောင့် ဖြောင့်ဖြောင့် ရဲမေတစ်ယောက်က ကားပေါ်က ခုန်ဆင်းပြီး ရှေ့ခန်းတံခါးကို ဆွဲဖွင့်ပါတယ်။ ရဲချုပ်ရုံးထဲကို မြှောက်တောက် မြှောက်တောက်နဲ့ ၀င်သွားတဲ့ အထူးတာဝန်တပ်ဖွဲ့မှူးကြီးရဲ့နောက်က ပီအေရဲမေကလည်း အတော်လန်းလန်း လေးပါပဲ။ သူ့ကားရဲ့ ဒရိုင်ဘာရဲမေလေးကလည်း တောင့်တောင့်ဖြောင့်ဖြောင့်မို့ ၀ိုင်းငမ်းကြပါတယ်။ ဒုရဲမှူးကြီးအောင်ထွန်းထွန်းလွင်က သူ့တပ်ဖွဲ့ထဲမှာ ရဲမေတွေကို အရမ်းဦးစားပေးလွန်းတာမို့ သူ့တပ်ဖွဲ့ကို အမျိုးသမီးအထူးတာဝန် တပ်ဖွဲ့လို့ နောက်ပြောင်ခေါ်ကြပါတယ်။

အထူးတာဝန်တပ်ဖွဲ့အကြောင်းရေးရမယ်ဆို အတော်များများရှိသေးပေမဲ့ မရေးနိုင်တော့တာကြောင့် ခပ်တိုတိုနဲ့ပဲ ဖြတ်လိုက်ပါတော့မယ်။ အထူးတာဝန် တပ်ဖွဲ့မှာ ထူးထူးခြားခြားဖြစ်စဉ် တစ်ခုတလောလေးက ဖြစ်လိုက်ပါသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပေါ့။ အဲဒါက အထူးတာဝန်တပ်ဖွဲ့က အရာရှိ (ဒုရဲအုပ်) တစ်ယောက် သေနတ်မှန်ပြီး သေဆုံးသွားရတဲ့ ဖြစ်စဉ်ပါပဲ။ သေသွားတဲ့ ကောင်လေးက ဒုရဲအုပ်ဖြိုးဝေအောင် လို့ထင်ပါတယ်။ နာမည်ကတော့ သိပ်မမှတ်မိတော့မို့ အမှတ်မှားကောင်းမှားနိုင်ပါတယ်။ ကျွန်တော်တို့က သူ့ကို နာမည်ရင်းမခေါ်ပဲ ထက်နေခြည် လို့ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မယ်လိုဒီဝေါမှာ ဆုရသွားတဲ့ အဆိုတော်ထက်နေခြည်လို ပိန်ပါးပါးလေး ဖြစ်သလို ထက်နေခြည်အသံနဲ့ တထပ်တည်းတူအောင် ဆိုအောင်လို့ပါပဲ။ သူတို့နဲ့ ကျွန်တော်နဲ့ KTV သွား သီချင်းဆိုတိုင်း ထက်နေခြည်ရဲ့နောက်ဆုတ်ဖို့ကြိုးစားရင်း သီချင်းကို ဆိုပေးဖို့ ကျွန်တော်တို့က အမြဲတောင်းဆိုလေ့ရှိပါတယ်။ သူအမြဲဆိုပြနေကြပေါ့။

တစ်ရက်မှာတော့ အထူးတာဝန်တပ်ဖွဲ့က ဒုရဲအုပ်ကောင်လေး တစ်ယောက်က သူ့ပစ္စတိုကို ကျည်ရှင်းရင်း ပြောင်းထဲမှာ ကျည်တစ်တောင့်ကျန်တာကို သတိမထားမိတာမို့ ကျည်ထွက်သွားပါတယ်။ ပစ္စတိုပြောင်းကို ကြမ်းပြင်ဘက်လှည့် မောင်းကို ဂျောက်ဂျောက်နဲ့ဆွဲရင်း ထွက်တာဆိုတော့ အဲဒီ့ ကျည်ဆန်က သမံသလင်းကြမ်းပြင်ကို ထိပြီး Twist ဖြစ်သွားပါတယ်။ အဲဒီကျည်ဆန်က ကြမ်းပြင်ကနေ ခုန်တက်လာပြီး မလှမ်းမကမ်းမှာရှိတဲ့ တိုင်တစ်ခုကိုသွားထိ၊ အဲဒီတိုင်ကနေ ပေလေးဆယ်၊ ငါးဆယ်အကွာကလောက်က ထမင်းစားဆောင်ထဲမှာ MP(4) ကိုနားကျပ်တပ်၊ ပလတ်စတစ်ခုံပေါ်မှာ ခပ်လျောလျော ထိုင်နေတဲ့ ထက်နေခြည်ရဲ့ မေးစေ့ကနေ ဖောက်ထွက်သွားပါတော့တယ်။ မေးစေ့က ၀င်သွားပြီး နောက်စေ့က ဖောက်ထွက်သွားတာမို့ ပွဲချင်းပြီးပါပဲ။ သူ့ကိုယ်သူ ဘာဖြစ်မှန်းတောင် မသိလိုက်ပဲ အသက်ထွက်သွားရှာပါတယ်။ ကျည်ထွက်သွားတဲ့ ဒုရဲအုပ် ကောင်လေးလည်း အဖမ်းခံရပါတယ်။ ဘယ်လိုဘယ်ပုံ အရေးယူလိုက်လဲတော့ ကျွန်တော်လည်း မသိလိုက်တော့ပါဘူး။ ကျည်ထွက်ရတဲ့ အကြောင်းရင်းထဲမှာ ကောင်လေးရဲ့ အားနည်းချက်လည်း ပါသလို ကပစထုတ် ပစ္စတိုတွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုကြောင့်လည်း ပါတယ်လို့တော့ ရဲတရားရုံးရဲ့ထွက်ဆိုချက်ဖိုင်ကိုတော့ ဖတ်လိုက်ရပါတယ်။


မြန်မာနိုင်ငံအတွင်းမှာ လက်တလော ရှိနေတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ရှိပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကို စတင်ဖွဲ့စည်းစဉ်က အဓိကတာဝန်ဟာ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ဖြစ်ပေမဲ့ နိုင်ငံတော် ထောက်လှမ်းရေး စက်ဝန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ်လည်း ဆောင်ရွက်ရပါတယ်။ စုဆောင်းရရှိတဲ့ သတင်းတွေထဲက ဦးစီးဌာနအနေနဲ့ ကိုင်တွယ်ဖို့ တာဝန်မရှိတဲ့ သတင်းမျိုးတွေကို သက်ဆိုင်ရာအခြားထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးရပါတယ်။ အထူး စံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (၁၈) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့သတင်း (၈၇ ၄၇၃) ခုကို သတင်းရဲတပ်ဖွဲ့အတွက် စုဆောင်း လွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှ အထူးတပ်ဖွဲ့တွေဖြစ်တဲ့ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ် ရဲတပ်ဖွဲ့တွေကလည်း ထောက်လှမ်းရေးစက်ဝန်းရဲ့အစိတ်အပိုင်းတွေဖြစ်သလို တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကလည်း ထောက်လှမ်းရေးနဲ့သတင်း စုဆောင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ သတင်းရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ကြီး လေးရပ်ထဲက နှစ်ခုကတော့ နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေဆီက ထောက်လှမ်းရေးသတင်းတွေကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဦးစီး(၁)ဌာနခွဲဖြစ်တဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနခွဲက တည်းဖြတ်စိစစ်ရပါတယ်။ ဌာနခွဲမှူးကတော့ ဒုရဲမှူးကြီး ကျော်မိုးကြည် ဖြစ်ပြီး လုံခြုံရေးနှင့် မှုခင်းဌာန၊ ညွှန်ကြားရေးမှူး ရဲမှူးကြီးမြင့်ဝေနဲ့ ရဲဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး (ရဲမှူးချုပ်) ခင်မောင်စီ တို့က ကြီးကြပ်တာဝန်ခံရပါတယ်။ ထောက်လှမ်းရေးနှင့်လုံခြုံရေးဌာနခွဲက စုစည်းရရှိတဲ့ သတင်းတွေကို အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းစိစစ်ဖို့အတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ပုံမှန်ကျင်းပပြီး ထောက်လှမ်းရေး အဖွဲ့အစည်းအချင်းချင်း သတင်းတွေ ဖလှယ်ကြပါတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ နာမည်တွေ မှေးမှိန်သွားခဲ့ပြီးတဲ့နောက် နာမည်ရလာခဲ့တဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းကတော့ သတင်းရဲတပ်ဖွဲ့ပါပဲ။ နောက်ပိုင်းမှာ တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး(စရခ) ကို ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့ စတင်ဖွဲ့စည်းစကာလတွေမှာ သတင်းပေးကွန်ယက် မတည်ဆောက်နိုင်သေး တာမို့ သတင်းရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနခွဲက သတင်းတွေကို မျက်နှာအောက်ကျို့တောင်းယူ၊ မိတ္တူဆွဲ၊ ခေါင်းစဉ်ပြောင်းပြီး တင်ပြခဲ့ရ တာတွေ ရှိပါတယ်။ အဲလို မိတ္တူရနိုင်ဖို့ အတွက်လည်း အာရကေပေးခဲ့ရ ပါတယ်။ (ရဲဆိုတော့ သိတဲ့အတိုင်းပဲ၊ ကျောက်ခဲတောင် ရေညှစ်လို့ရရင် ညှစ်မဲ့သူတွေလေ) ခုဆိုရင်တော့ စရခ ဟာလည်း ရှစ်နှစ်သားအရွယ် ရောက်ပြီမို့ သူ့ဟာနဲ့သူတော့ ဂျိုလေးပေါက်လာပြီ၊ အစွယ်လေးထွက်လာပြီလို့ ပြောလို့ရပါတယ်။

အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေ စုဆောင်းရရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ သတင်းတွေကိုတော့ သတင်း ရဲတပ်ဖွဲ့မှ ကိုင်တွယ်ဆောင်ရွက်ပါ တယ်။ ရရှိတဲ့ သတင်း အချက်အလက်တွေအပေါ် မူတည်ပြီး စောင့်ကြည့် ပါတယ်။ ဖမ်းပါတယ်။ တရားစွဲပါတယ်။ စစ်ထောက်လှမ်းရေးတွေ ဖျက်သိမ်းစကတော့ လစ်ဟာသွားတဲ့ ထောက်လှမ်းရေး စက်ဝန်းကို ဖြည့်ဆည်းနိုင်ဖို့အတွက် သတင်းရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ ဦးစားပေး(၁) အနေနဲ့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ သို့ပေမဲ့ အရပ်သား အစိုးရကာလမှာ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့နှိမ်နှင်းရင် နိုင်ငံတကာက ပြောမှာ ကြောက်တဲ့အတွက် ရဲတပ်ရင်းတွေတိုးချဲ့ဖွဲ့စည်းမှုကို ဦးစားပေး(၁) အဖြစ် ပြန်ပြီး သတ်မှတ်ခဲ့ရပါတယ်။ သတင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ တပ်ဖွဲ့မှူးရုံး (၁) ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (၂) ရုံး (အောက်မြန်မာပြည်/ အထက် မြန်မာပြည်)၊ တိုင်း/ပြည်နယ်တပ်ဖွဲ့ရုံး (၁၇) ရုံး၊ အထူးသတင်းရဲ တပ်ဆွယ်ရုံး (၂၀) ရုံး၊ (က/ခ) အဆင့် တပ်ဆွယ်ရုံး (၁၇၅) ရုံး ရှိပါတယ်။ အဲဒီ လက်အောက်ခံ တပ်ဆွယ်ရုံးတွေက နေ့စဉ်စုဆောင်းပေးပို့တဲ့ ထောက်လှမ်းရေး သတင်းတွေကို ပြည်တွင်းရေးရာဌာနကြီးက စိစစ်စုစည်းပြီး ရဲချုပ်ရုံးနဲ့ ပြည်ထဲရေး ၀န်ကြီးရုံးတို့ကို ပြန်လည်အစီရင်ခံရပါတယ်။ ကဲ … အဲဒီ အကြောင်းတွေတော့ နောက်မှပဲ ဆက်ပါဦးမယ်။

ဘုန်းကြီးကျောင်းတွေ အကြောင်းဆက်ပြောကြစို့။ မန္တလေးတိုင်း၊ (၈) မြို့နယ်မှာ စောင့်ကြည့်ဖို့ ပစ်မှတ်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း (၂၉)ကျောင်း ရှိပါတယ်။ အဲဒီထဲက တချို့ကျောင်းတွေနဲ့ပတ်သတ်ပြီး စောင့်ကြည့်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ပေးပို့ထားတာလေးတချို့ကို ဗဟုသုတဖြစ်အောင် လိုတိုရှင်း ရေးလိုက်ပါတယ်။ မူရင်း ပေးပို့ချက်တွေအတိုင်းမို့ တိုတိုတုတ်တုတ်ပါပဲ။ (မစိုးရိမ်တိုက်သစ်၊ စာသင်သံဃာ (၂၈ဝဝ)ကျော်ရှိခဲ့၊ နာယကချုပ်ဆရာတော်မှာ ဦးရာဇာဓမ္မဖြစ်၊ ယခင်နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထိန်းသိမ်းခံ ခဲ့ရဘူး၊ နာယက ဆရာတော် ဦးဝိစိတ္တသာရ(ခ)ဝိရသူသည် အစ္စလာမ် ဘာသာမှန်းတီးရေး တရားဟောခဲ့၊ အကျဉ်းကျခံခဲ့ရသော တပည့်သံဃာများကို ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရန် ခွင့်ပြု၊ ကျောင်းတိုက်ကြေငြာသင်ပုန်းတွင် လှုံ့ဆော်စာများကပ်လေ့ရှိပြီး နိုင်ငံရေးအသွေးအရောင် ရှိသည့် သံဃာများ သီတင်းသုံးနေထိုင်လျှက်ရှိ) နောက်တစ်ကျောင်းကတော့ (မြတောင်တိုက်၊ သံဃာစုစုပေါင်း (၇၁၅)ပါးရှိ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသသည် တိုင်းသံဃာနာယက ဥက္ကဋ္ဌဖြစ်၊ မန္တလေးမြို့ပေါ် သံဃာထုအပေါ် သြဇာအရှိန်အဝါကြီးမား၊ မန္တလေးမြို့ပေါ်ရှိ သံဃာလှုပ်ရှားမှုများတွင် အမြဲပါဝင်လေ့ရှိ) (အနောက်ခင်မကန်တိုက်၊ သံဃာအပါး (၆၁၇)ပါးရှိ၊ ဆန့်ကျင်စာများ ကျောင်းပတ်ဝန်းကျင်တွင် ကပ်လေ့ရှိ၊ သံဃာ့ လှုပ်ရှားမှုတွင် အမြဲဦးဆောင်ပါဝင်လေ့ရှိ) စသဖြင့် ပေးပို့ထားကြတာတွေ ရှိပါတယ်။ ကဲ … ကျောင်းတိုက် စာရင်းတွေ ဆက်လိုက်ကြရအောင်။

(၁) အောင်မြေသာဇံမြို့နယ်၊ သာသနာ့ တက္ကသိုလ် ကျောင်းတိုက်၊ သံဃာ(၁၂၈)ပါး ကို စောင့်ကြည့်ရန် ဒုရဲအုပ်ဝင်းဇော်
(၂) အောင်မြေသာဇံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်၊သံဃာ(၂၁၄)ပါးကို စောင့်ကြည့်ရန် ရဲအရာခံမောင်သိန်း
(၃) အောင်မြေသာဇံမြို့နယ်၊ ချမ်းသာကြီးကျောင်းတိုက်၊ သံဃာ(၂၃၆)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်ကျော်သူရ
(၄) အောင်မြေသာဇံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက်၊ သံဃာ(၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားချစ်စမ်းမောင်
(၅) ချမ်းအေးသာဇံမြို့နယ်၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သံဃာ (၆၁၇)ပါးနှင့် ထီးလင်းကျောင်းတိုက်၊ သံဃာ(၃၅ဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ထွန်းလင်းအောင်
(၆) ချမ်းအေးသာဇံမြို့နယ်၊ မိုးကောင်းကျောင်းတိုက် - သံဃာ(၆၇၃)ပါး၊ ဂွေးချိုတိုက် - သံဃာ(၃၅ဝ)ပါး၊ ရတနာပုဂံတိုက် - သံဃာ(၂၃ဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်နန်းထိုက်ဆွေ
(၇) ချမ်းအေးသာဇံမြို့နယ်၊ မဟာဝေယံဘုံသာကျောင်းတိုက်၊ သံဃာ (၂၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားသန်းထိုက်စိုး
(၈) ချမ်းအေးသာဇံမြို့နယ်၊ ပတ္တမြားကျောင်းတိုက်၊ သံဃာ(၉၆)ပါးကို စောင့်ကြည့်ရန် တပ်သားနေဝင်းဟိန်း


(ဆက်ပါဦးမည်)
မိုးဇေညိမ်းရဲအခြားပိုစ့်တွေဖတ်ချင်သေးရင် https://www.facebook.com/moe.zaynyeinမိုးဇေညိမ်းရဲအခြားပိုစ့်တွေဖတ်ချင်သေးရင်

0 အကြံပြုခြင်း: