Friday, October 5, 2012

ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူးလို့ ပြောတာ မဖြစ်နိုင်


မြန်မာနိုင်ငံမှာ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူးလို့ ပြောတာ လက်တွေ့ကျကျ ဆိုရင်တော့ မဖြစ်နိုင်ပါ

by Lwin Aung Soe on Thursday, October 4, 2012 at 9:30pm ·



 မြန်မာနိုင်ငံမှာ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူးလို့ ပြောတာ လက်တွေ့ကျကျ ဆိုရင်တော့ မဖြစ်နိုင်ပါ

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ အမေရိကန် ပြည်ထောင်စုကို လိုက်ပါသွားတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ၂၀၁၂ စက်တင်ဘာ ၂၆ ရက်နေ့ Queens College မှာ ဌာနေ မြန်မာတွေနဲ့ တွေ့ဆုံပါတယ်။ ဝန်ကြီး ပြောဆိုသွားတဲ့အထဲမှာ အထူးဂရုပြုစရာတွေ ရှိလာပါတယ်။

“ဘင်္ဂါလီမွတ်ဆလင်များကို တိုင်းပြည်ထဲက ပြန်လည်မောင်းထုတ်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး။ သူတို့ဟာ ခင်ဗျားတို့ပြောဆိုသလို မကြာမီက ရောက်လာတဲ့ ကျူးကျော်သူတွေ၊ နိုင်ငံခြားသားတွေ မဟုတ်ဘူး- ကျွန်တော်တို့အနေနဲ့ သန်းခေါင်စာရင်းဌာနမှာ အသေအချာ လေ့လာပြီးပြီ။ လွတ်လပ်ရေးရပြီးမှ ရောက်လာသူ မရှိသလောက်ပါပဲ။ ”

အထက်ပါ စကားနဲ့ ပတ်သက်ပြီး ကျနော် အပြုသဘောနဲ့ သုံးသပ်ဆင်ခြင် ချင့်ချိန်ပြီး အကြံပေးချင်တာ ရှိပါတယ်။ မြန်မာနိုင်ငံသားတဦးရဲ့ ယူဆချက်လို့ သတ်မှတ်စေလိုပါတယ်။

စင်ကာပူ ဆိုတဲ့ နိုင်ငံသေးသေးလေး

စင်ကာပူနိုင်ငံ ဘယ့်လောက် သေးငယ်တယ် ဆိုတာ တကမ္ဘာလုံး သိကြပါတယ်။ ပတ်ပတ်လည်မှာ မူဆလင်နိုင်ငံတွေ ရှိနေကြတာကိုလည်း တကမ္ဘာလုံး အသိပါ။

ဒါပေမယ့် စင်ကာပူ နိုင်ငံဟာ ဘာကြောင့် မူဆလင် နိုင်ငံ ဖြစ်မသွားတာပါလဲ.. ။
ဘာကြောင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါသလဲ... ။

မူဆလင်နိုင်ငံတွေ ပတ်ပတ်လည် ဝိုင်းခံနေရတဲ့ နိုင်ငံတွေအကြောင်းကို ကျနော်တို့ အရင်ဆုံး လေ့လာပြီး ကောင်းးတာတွေကို  နမူနာ ယူသင့်တယ်လို့ ပြောရပါမယ်။ ဒါဟာ ကြိုတင် ပြင်ဆင် ကာကွယ်တာပဲ ဖြစ်ပါတယ်။

နိုင်ငံသား ဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ

လူဝင်ကြီးကြပ်ရေးရဲ့ စာရွက်ပေါ်မှာ ကြည့်ရင်တော့ ခိုးဝင် ဘင်္ဂလီတွေ မရှိဘူး ဆိုတာ ဟုတ်ကောင်း ဟုတ်နေပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ ဒေသခံ ရခိုင်ပြည်သူတွေရဲ့ ပြောဆိုနေကြတာတွေကို ကျနော်တို့ တကယ်ကိုပဲ အလေးထားရပါမယ်။ လက်တွေ့ကျကျ ပြောဆိုချက်တွေအရဆိုရင် မြန်မာနိုင်ငံမှာ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ မရှိဘူး ဆိုတဲ့ အချက်ကတော့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။

ယုတ္တိ တန်-မတန် စဉ်းစားစတမ်း ဆိုရင်လည်း လူဦးရေ မွေးဖွားနှုန်း မြင့်မားလွန်းနေတဲ့ အိမ်နီးချင်း ဘင်္ဂလာဒက်ရှ်နိုင်ငံ ကျဉ်းကျဉ်းလေးထဲကနေ ဘင်္ဂလီတွေ ခိုးဝင်လာနိုင်စရာ ရှိနေပါတယ်။ ဒါ့အပြင် ဒီလို ဘင်္ဂလီတွေဟာ ရိုဟင်ဂျာ ဖြစ်ပါတယ်ဆိုပြီး ပြည်ပနိုင်ငံတွေမှာ အခြေစိုက်နေကြတဲ့ အဖွဲ့အစည်းတချို့က သွေးထိုးမြှောက်ပင့် လှုံ့ဆော်ပြီး ရိုဟင်ဂျာနိုင်ငံ ထူထောင်ဖို့ ရည်မှန်းချက် ရှိတာကိုလည်း သိနေကြမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက တရားဝင် တည်ရှိနေတဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ကို ဖဲ့ထုတ်ပြီး နိုင်ငံသစ် ထူထောင်တာကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ် စော်ကား ထိခိုက်တာဖြစ်လို့ အလျှော့ပေး လက်ခံဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

ဒီအချက်တွေကို ကျနော်တို့ ပေါပေါ့ဆဆ မလုပ်သင့်ပါဘူး။ တိုင်းပြည်နဲ့ချီပြီးကို အရေးကြီးလှတဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဥပဒေကိုသာမက လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေကိုပါ အမြန်ဆုံး စိစစ်ပြီး ပြင်သင့်တာ ပြင်ဖို့ တိုက်တွန်းလိုပါတယ်။

ပြောင်းလဲလာတဲ့ လူထုအမြင်သစ်ကို တန်ဖိုးထားသင့်

အရင်မြန်မာအစိုးရ လက်ထက်တွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေခဲ့တယ် ... ဒါကို တိုက်ဖျက် ဖယ်ရှားရမယ် ဆိုပြီး လက်ရှိအစိုးရကိုယ်တိုင်က သုံးသပ် ပြောဆိုထားခဲ့တာကြောင့် ပွင့်လင်းတဲ့ အစိုးရ၊ အနာဂတ်အတွက် တိုးတက်ချင်တဲ့ အစိုးရ ဖြစ်လာနိုင်တယ်ဆိုပြီး ပြည်သူတွေက အပြုသဘောနဲ့ မြင်လာခဲ့ကြပါတယ်။ ကောင်းတဲ့ သုံးသပ်ချက်လို့ ဆိုရမှာပါ။

လက်ရှိ မြန်မာအစိုးရအနေနဲ့ ဒီလိုမျိုး နှစ် ၂ဝ ကျော်အတွင်း ရတောင့်ရခဲ လူထုအမြင်သစ်ကို လက်လွတ်စပယ် လစ်လျူမရှုလိုက်စေလိုပါ။ အနည်းဆုံး ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီအထိ အစိုးရတာဝန် ထမ်းဆောင်ဖို့ Legitimacy ရထားပြီး ဖြစ်နေတဲ့ လက်ရှိအစိုးရဟာ လူထုရဲ့ ထောက်ခံအားပေးမှု ပိုင်ပိုင်နိုင်နိုင် ရရှိထားမှသာ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

လူထုဆန္ဒက အစိုးရသက်တမ်းကို အချိန်မရွေး ဆုံးဖြတ်နိုင်

အစိုးရတရပ်ရဲ့ Legitimacy ခိုင်မာတယ်- မခိုင်မာဘူး ဆိုတာကလည်း အစိုးရလုပ်ရပ်အပေါ် လူထုက ဆုံးဖြတ်တာနဲ့ ဆိုင်ပါတယ်။ ပြည်သူလူထုက ထောက်ခံအားပေးနေသရွေ့ Legitimacy က ခိုင်မြဲနေမှာသာ ဖြစ်ပါတယ်။ ဒါကို ဒီမိုကရေစီ အစိုးရတွေက နံပါတ်တစ် အရေးကြီးဆုံးအဖြစ် အလေးအနက်ထားကြပါတယ်။

အစိုးရ ဆိုတာ တရက်ပဲခံခံ၊ ဆယ်နှစ်ပဲ တာဝန်ယူယူ နိုင်ငံသမိုင်းမှာ မှတ်တမ်းတင်ခံရမြဲ ဖြစ်ပါတယ်။ နောင်လာနောက်သားတွေက ဆောင်ရန်-ရှောင်ရန် သင်ခန်းစာ ယူကြရဖို့ အမြဲတမ်း ဖြစ်နေပါတယ်။

BBC HARDtalk မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောဆိုသွားတဲ့ “လူထုဆန္ဒပေါ် မူတည်တယ်... လူထုဆန္ဒကို လေးစားရမယ်” ဆိုတာတွေကို သိပ်သဘောကျ အားရ ကျေနပ်မိပါတယ်။ နိုင်ငံသမ္မတနဲ့တကွ အစိုးရအသီးသီး စတဲ့ တာဝန်ရှိသူတွေဟာ လူထုဆန္ဒကို အချိန်ပြည့် အလေးပေး ဆောင်ရွက်နေရပါမယ်။ ဒါဟာ သမ္မတဦးသိန်းစိန် သာမက လူထုကပါ မျှော်မှန်းနေကြတဲ့ Good government, clean government ဖြစ်လာနိုင်ဖို့ အရေးပါဆုံး အခြေခံ လိုအပ်ချက်တခု ဖြစ်ပါတယ်။

BBC HARDtalk အင်တာဗျူး

ကြားဖြတ်ပြောချင်တာတခုကတော့ အဲဒီ BBC HARDtalk မှာ အင်တာဗျူးမေးသူရဲ့ အပြုအမူနဲ့ လေယူလေသိမ်းကို ကျနော် မြန်မာနိုင်ငံသားတဦးအနေနဲ့ မကြိုက်ပါ။ အပေါ်စီးက ပြောဆို မေးမြန်းနေတယ်လို့ ခံစားရပါတယ်။ မြန်မာနိုင်ငံကို ကျနော် တွယ်တာ မြတ်နိုး တန်ဖိုးထားလို့လည်း ဒီလို ခံစားလိုက်ရတာ ဖြစ်ပါတယ်။ ဒီလို အင်တာဗျူး အမေးခံရတဲ့ ဘယ်နိုင်ငံက သမ္မတ မဆို ကျနော့်လို ခံစားမိမလား မပြောတတ်ပါ။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ သည်းခံ စိတ်ရှည် တည်ငြိမ်မှုကို ကျနော် သဘောကျမိပါတယ်။ သံတမန်ဆန်တဲ့ အပြုအမူကိုလည်း ချီးကျူးပါတယ်။ ဝံသာနု ရက္ခိတ သဘောကို စဉ်းစားမိလိုက်တဲ့အခါမှာတော့ သမ္မတအနေနဲ့ နည်းနည်းလေး ပိုပြီး မာန်တင်းထားတာမျိုး ဖြစ်စေချင်ပါတယ်။

နောက်ပြန် မလှည့်တော့ဘူး ဆိုရင် ရှေ့ကိုသာ ကြည့်ပါ

အရင့်အရင် အချိန်တွေက အကျင့်ပျက် ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့တာတွေဟာ အခုလက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ မဆိုင်သလို အခြေခံဥပဒေအရလည်း ပြန်လည် အရေးမယူနိုင်အောင် လုပ်ထားတာ ရှိပါတယ်။ ဒါကြောင့် အရင့်အရင် အစိုးရ လုပ်ထားတာတွေအပေါ်မှာ လက်ရှိအစိုးရက အကောင်းဆုံး ပြန်လည် ပြုပြင်ပေးဖို့ကသာ အဓိက အကျဆုံး ဖြစ်ပါလိမ့်မယ်။ ကြားဝင် ခေါင်းထိုးခံ ကာကွယ်ပေးဖို့ မလုပ်စေချင်ပါ။

လက်တွေ့ကျကျ လုပ်တာ စိတ်အချရဆုံး

စာရွက်ပေါ်က ကိန်းဂဏန်းတွေကို အမှန်လို့ ယူဆရင် ယုတ္တိကင်းမဲ့ပါလိမ့်မယ်။ လက်တွေ့မှာ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း လေ့လာ အထပ်ထပ်အခါခါ စစ်ဆေးပြီးမှ မှန်တယ် - မမှန်ဘူးလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘင်္ဂလီ ခိုးဝင်သူတွေ ရှိနေနိုင်တဲ့ ရခိုင်ပြည်နယ်ဘက်မှာ တရားဥပဒေ စိုးမိုးမှုကို ဖြစ်စေမယ့် နယ်မြေအေးချမ်း တည်ငြိမ်ရေး လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နေစဉ် အတွင်းမှာပဲ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ ရှိ-မရှိ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်း မှတ်တမ်း ပြုစုပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးစေချင်ပါတယ်။

ခိုးဝင် ဘင်္ဂလီတွေဟာ ရခိုင်ပြည်နယ်မှာသာမက အခြားဒေသ အသီးသီးကို ပြန့်နှံ့သွားဖို့လည်း ရှိနိုင်တာကြောင့် သက်ဆိုင်ရာ အစိုးရအသီးသီးနဲ့ ပြည်သူတို့ ပူးပေါင်းလုပ်ဆောင်တာတွေ တက်တက်ကြွကြွ ရှိစေချင်ပါတယ်။

အပြန်အလှန် ထိန်းကျောင်းခြင်း (Checks and balances) 

အလုပ်လုပ်နေစဉ်အတွင်း ဟိုဟာလုပ်ပါ.. ဒီဟာလုပ်ပါ ဆိုပြီး အလုပ်ကြီးကြပ် ထိန်းကျောင်းပေးသူက လုပ်ငန်းသဘောအရ တိကျစွာ လမ်းညွှန်ကြတာ (သို့) တာဝန်နဲ့ အသိစိတ်အရ ရိုးသားစွာ အကြံပြုကြတာမျိုး ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ Practice လို့ ဆိုရပါမယ်။

ဒီမိုကရေစီ နိုင်ငံတွေကို ကြည့်လိုက်ရင် တရားရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ဟာ အပြန်အလှန် ထိန်းကျောင်းမှုတွေ (Checks and balances) ထားရှိ ကျင့်သုံးကြပါတယ်။ Checks and balances ဟာ အပြစ်တင်တာ မဟုတ်ပါဘူး။ ကောင်းသထက်ကောင်းအောင် ဝိုင်းလုပ်ပေးကြတာသာ ဖြစ်ပါတယ်။ တကယ်လို့ Checks and balances မလုပ်ပေးဘူးဆိုရင် မလုပ်ပေးတဲ့အတွက် တာဝန်ရှိသွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ အပြစ်တင်တတ်သူတွေကလည်း အပြစ်မတင်ဘဲ အပြုသဘောနဲ့သာ အရင်ကြည့်ပြီး ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အဓွန့်ရှည်ပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာဖို့ ကျနော်တို့အားလုံး အလိုရှိကြပါတယ်။ အားလုံးက အလိုရှိတာကြောင့် အားလုံးရဲ့ ဆန္ဒအတိုင်းသာ တူတူညီညီ ဆုံးဖြတ် လုပ်ကိုင်ကြရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

လွင်အောင်စိုး
၅-၉-၂ဝ၁၂

0 အကြံပြုခြင်း: