Tuesday, January 3, 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ

အကျယ်ကြည့်ရန်ပုံပေါ်နှိပ်ပါ


























လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏သဘောထားထုတ်ပြန်ချက်



နိုင်ငံရေးအကျဉ်းသားဟောင်းများသွားရောက်အားပေးမည့်မီးလောင်ပေါက်ကွဲပြီး မောင်နှမလေးယောက်တပြိုင်ထဲဆုံးတဲ့
နာရေးဆွမ်းသွတ်တစ်ခု


နိုင်ငံရေးအကျဉ်းသားဟောင်းများသွားရောက်အားပေးခဲ့သည့်ကျဆုံးမီးသတ်ဝန်ထမ်းမိသားစုများ







ကျောင်းသားကျောင်းသူများ လိုက်ပါသည့်ကားအား မတရား စွပ်စွဲ ဖမ်းဆီးခြင်း။

ပဲခူးမြို့  ရဲမှ ကျောင်းသားကျောင်းသူများ လိုက်ပါသည့် ခရမ်းဘုရားဖူးကားအား မတရား စွပ်စွဲ ဖမ်းဆီးခြင်း။

ဒီဇင်ဘာလ (၂၉) ရက်နေ့ က ခရမ်း-ပဲခူးလမ်းပေါ်ရှိ ကမာနတ်၌ နံနက် (၇း၃၀) နာရီ အချိန်ခန့် တွင် ကားနံပါတ် ၇ခ ၈၁၆၇ ရှိ ဘတ်စ်ကား ကားလွတ်တစ်စီးမှ ဘုရားဖူးကားအား ကျော်တက်ကာ တစ်ဖက်မှလာသော ဆိုင်ကယ်နှင့် ဆိုင်ကယ်နောက်မှ ကပ်ပါလာသော စက်ဘီးသမားတို့ ကို မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် လမ်းပေါ်တွင် ဆိုင်ကယ်ရော လူရော ပစ်လဲကာ ဆိုင်ကယ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသမီးမှာ လွင့်စင်ပြုတ်ကျကာ ကတ္တရာလမ်းနှင့် ရိုက်မိကာ ဇက်ကျိုးသွားပါသည်။ ဆိုင်ကယ်သမားမှာမူ ခြေထောက်ကွဲသွားပြီး စက်ဘီသမားမှာ ခေါင်းပေါက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ထိုကဲ့သို့  မဆင်မချင်မောင်းနှင်ကျော်တက်မှုကြောင့် တိုက်ခိုက်မှုဖြစ်ပွားကျူးလွန်ခဲ့သော အဆိုပါ ဘတ်စ်ကားအလွတ်မှာမူ ထွက်ပြေးမောင်းနှင် တိမ်းရှောင်သွားပါသည်။

ဤအဖြစ်အပျက်အား နောက်မှနေ၍ ကိုက် (၁၀၀) ခန့် အကွာတွင် လိုက်ပါလာသော ခရမ်းဘုရားဖူးကားမှာ အစအဆုံးမြင်တွေ့ ရှိခဲ့ပြီး၊ ယာဉ်တိုက်ခိုက်မှုကြောင့် လမ်းပိတ်ဆို့ မှုအား ရပ်စောင့်နေခဲ့ရပါသည်။ အဖြစ်အပျက်ဖြစ်ပွားရာသို့  အနီးအနားမှ ရွာသူရွာသားများ ရောက်ရှိလာကာ ကူညီမှုများ ပေးပြီး လမ်းကြောင့်ရှင်းပေးမှုကြောင့် ခရမ်းဘုရားဖူးကားမှာ ထိုနေရာမှ ဒေးစွန်ပါသို့  ဦးတည်မောင်းထွက်လာခဲ့ပါသည်။

ထိုသို့  ထွက်ခွာမောင်းနှင်လာသော ခရမ်းဘုရားဖူးကား ပဲခူးမြို့ အထွက် ဒေးစွန်ပါလမ်းကြောင်းပေါ်အရောက်တွင် ပဲခူးမြို့  လိပ်ပြာကန် အမှတ် (၁) ရဲစခန်းမှ ရဲများမှ ဘုရားဖူးကားအား ကားတိုက်ထွက်ပြေးမှုဖြင့် ဖမ်းဆီးပါတော့သည်။ ယာဉ်တိုက်မှုအား အမှန်တကယ် ကျူးလွန်ကာ ထွက်ပြေးမောင်းနှင် တိမ်းရှောင်သွားသည့် ဘတ်စ်ကားကိုမူ ရအောင် ကြိုးစားရှာဖွေ ဖမ်းဆီးခြင်း မပြုဘဲ တရားခံပြနိုင်ရေးနှင့် ငွေညှစ်ပေါက် ရရေးတို့ အတွက်သာ ရှေ့ ရှူပြီး အလွယ်တကူ တွေ့ ရာ ကားကို ဖမ်းဆီးသည့် ပဲခူးမြို့  လိပ်ပြာကန် အမှတ် (၁) ရဲစခန်းမှ ရဲများ၏ မှားယွင်းသော လုပ်ရပ်ကြောင့် အပြစ်မရှိသည့် ဘုရားဖူးကားမှာ မတရား စွပ်စွဲဖမ်းဆီးခံရခြင်း ဖြစ်ပါသည်။

ထိုသို့  ဘုရားဖူးကားအား မဟုတ်မမှန် ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ကားဆရာ ပိုင်ရှင်နှင် ယာဉ်မောင်းသူများမှ ၄င်းတို့  တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ အခြားသော ဘတ်စ်ကားမှ ကျော်တက်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်း ဘုရားဖူးကားအား မှားယွင်းစွပ်စွဲခြင်း ဖြစ်ကြောင်း ရှင်းပြပြောဆိုသကဲ့သို့ ၊ ဘုရားဖူးကားပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည် အယောက် (၆၀) ခန့် မှလည်း ၄င်းတို့  မျက်မြင်သက်သေဖြစ်ကြောင်းနှင့် ကျောင်းသားကျောင်းသူလေးများ ဘုရားစီးနင်းလိုက်ပါလာသည့် ဘုရားဖူးကားဖြစ်၍ အဖြစ်မှန်ကို စဉ်းစားပေးစေလိုကြောင်း တောင်းပန်ပြောဆိုခဲ့ကြပါသည်။

သို့ သော် အဆိုပါ ပဲခူးမြို့  လိပ်ပြာကန် အမှတ် (၁) ရဲစခန်းမှ စခန်းမှူးမှ “ကျောင်းသားကျောင်းသူတွေမကလို့  ဘုန်းကြီးဘဲဖြစ်ဖြစ် .. ကျောင်းသားဆိုတာ ချိုပေါက်နေတာ မဟုတ်ဖူး၊ ရုံးရောက်မှ ရှင်း၊ အခု ကားကို သိမ်းပြီး ဟေ့၊ ဒရိုင်ဘာကို ခေါ်ပြီး ချူပ်ထားလိုက်တော့ဟု” မခြေမငံ ရိုင်းစိုင်းစွာ ပြောဆိုခဲ့ပါသည်။ ၄င်းနောက် အဆိုပါ စခန်းမှူးမှ သူ၏ တပည့် ဒုရဲအုပ် သိန်းထူးလှိုင်အား ဆက်လက်ဆောင်ရွက်ရန် ပြောဆိုပြီး သူ့ သမီးဖြစ်သူအား ကျောင်းပို့ ရန် ထွက်ခွာသွားပါသည်။ စခန်းမှူးမှာ သားသမီးချင်းကိုယ်ချင်းမစာ ၄င်း၏ သမီးဖြစ်သူ ကျောင်းပို့ နောက်ကျမှာကိုသာ ကြည့်ပြီး ဘုရားဖူးကားပေါ် လိုက်ပါလာသည့် သားသမီးအရွယ် ကျောင်းသားကျောင်းသူလေးများအပေါ်ကိုမူ မငဲ့မညှာ ကိုယ်ချင်းစာတရားကင်းမဲ့စွာဖြင့် ပြောဆိုဆက်ဆံခဲ့ရုံမက တရားဥပဒေနှင့် လုပ်ပိုင်ခွင့်အား ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်ပြခြင်း ဖြစ်ပါသည်။

မတရားဖမ်းဆီးစွပ်စွဲခံရသူ အပြစ်မဲ့ ဘုရားဖူးကားဒရိုင်ဘာအား ကားထိုင်ခုံနှင့် တွဲ၍ လက်ထိပ်ခတ်ထားခဲ့ပါသည်။ စတင်ဖမ်းဆီးသည့် အချိန်မှစ၍ အချိန် (၄) နာရီခန့် ကြာသည့်တိုင်အောင် ထိုကဲ့သို့  မတရားဖမ်းဆီးထားခြင်း ဖြစ်ပါသည်။ ဘုရားဖူးလိုက်ပါလာသူ ကျောင်းသားကျောင်းသူငယ်လေးများမှာလည်း မောက်မာစွာပြောဆိုခြင်းခံရကာ ဘုရားဖူးအစီအစဉ်လည်း နောက်ကျရသည့်အပြင် ဘုရားဖူးစိတ်ကြည်နူးမှုများလည်း ပျောက်ကွယ်ခဲ့ကြရပါသည်။

ထို့ နောက် ဒုရဲအုပ် သိန်းထူးလှိုင်မှ ဘုရားဖူးကား ပိုင်ရှင်နှင့် ညှိကာ ငွေတောင်းခံပါသည်။ ဘုရားဖူးကားပိုင်ရှင်မှာ မိမိတို့  ကျူးလွန်ခဲ့သည့်ပြစ်မှု မဟုတ်သော်လည်း အဖမ်းမခံရရေးအတွက် ကျပ်ငွေ (၁) သိန်းအား ဘုရားဖူးခရီးသည်များရှေ့ ၌ပင် ပေးခဲ့ရပါသည်။ ထိုအခါကျမှသာလျှင် လက်ထိပ်ခတ်ထားသော ကားဒရိုင်ဘာအား ပြန်လည်လွှတ်ပေးပြီး မတရားစွပ်စွဲဖမ်းဆီးမှုအားလည်း တောင်းပန်ခြင်း မရှိဘဲ ဖြစ်ပွားမှုအတွက် ဘုရားဖူးကားအား မျက်မြင်သက်သေအဖြစ်သို့  ပြန်လည်ပြင်ဆင် ပြောင်းခဲ့ပါသည်။

ဤအဖြစ်အပျက်မှာ ဘုရားဖူးကားပိုင်ရှင်မှ ငွေပေးနိုင်ခြင်း၊ ကားဒရိုင်ဘာတွင် လုံးဝ အပြစ်မရှိခြင်း၊ ခရီးသည် အယောက် (၆၀) ခန့် မှ သက်သေအဖြစ် ၀ိုင်းဝန်းပြောဆိုခြင်းတို့ ကြောင့်သာလျှင် အခြားဘတ်စ်ကားတိုက်ခဲ့သည့် ကားတိုက်မှုအတွက် မှားယွင်းစွာ စွပ်စွဲဖမ်းဆီးခံရခြင်းမှ ကံကောင်းထောက်မစွာ လွှတ်လာရခြင်း ဖြစ်ပါသည်။

သို့ သော် ပြည်သူတို့ ၏ လုံခြုံရေးနှင့် တရားဥပဒေအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေပါသည်ဆိုသော ပဲခူးမြို့  လိပ်ပြာကန် အမှတ် (၁) ရဲစခန်းမှ ရဲများမှာမူ ယခုကဲ့သို့  ဖောက်ပြန်နေကြသည်ကို အားလုံးသိရှိကြစေရန် ဖေါ်ထုတ်တင်ပြလိုက်ရပါသည်။


လာပြန်ပြီ ရဲအုပ်အဆင့်တိုး စာမေးပွဲ။

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲအုပ်အဆင့်တိုး စာမေးပွဲကို (၁၄. ၁.၂၀၁၂ ) ရက်နေ့မှာ ပြုလုပ်တော့မယ်။ အားလုံး အယောက် ( ၆၀၀၀ ) ထောင်ကျော်ဖြေပါမည်။ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ရာထူးရယူပြီးနောက် လွန်ခဲ့တဲ့ ( ၂၁ .၄.၂၀၁၁ ) ရက်နေ့ ၀န်ကြီးအစည်းအဝေးခန်းမမှာ ဒုဝန်ကြီး၊ ရဲချုပ်၊ ရဲအရာရှိကြီးများကို ၀န်ကြီး၏ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ အများကြီး ချပြခဲ့ပါတယ်။ ပြီးတော့ တနိုင်ငံလုံး ကြေညာချက်များ ထုတ်ခဲ့ပါတယ်။ အဓိက ကြေညာချက်ကတော့ ရဲအုပ်အဆင့်တိုးဖို့နဲ့ ဒုရဲအုပ်ဖြစ်ဖို့ ရဲတပ်ရင်းတွေမှာ နေခဲ့ဖူးသူ၊ ရာထူးတိုးမယ်၊ ဒုရဲအုပ်သင်တန်းတက်ခွင့်ပေးမယ့်အကြောင်း (ငွေပေးမှ ရမယ်၊ ငွေဖြင့်လိုက်ရမည်ဆိုတဲ့ အကျင့်ဟောင်း အကျင့်ဆိုးများကို ဖျောက်ဖျက်ပစ်ရမယ်ဆုတဲ့အကြောင်း) အစရှိတဲ့ လမ်းညွှန်ချက်တွေကို အလေးထားပြီး ညွှန်ကြားသွားတယ်လို့  သိရပါတယ်။

ပြီးခဲ့တဲ့ လအထိ ရဲအုပ် ၆၀၀ ကျော် အောင်တယ်။ ဒါပေမယ့် ရဲတပ်ရင်းတွေက ၅ ယောက်တောင် ပြည့်အောင်မပါခဲ့ပါဘူး၊ တက်နေတဲ့ ဒုရဲအုပ်နောက်ဆုံးသင်တန်းမှာလည်း ရဲတပ်ရင်းက ဆယ်ဂဏန်းကျော်ကျော်ပဲ ပါခဲ့ပါတယ်။ ဒါတွေကို ကြည့်ရင် အောက်ခြေ ရဲတပ်သားတွေကို လိုအပ်ရင် ခိုင်းစေမယ် ထိုက်သင့်တဲ့အခွင့်အရေးအတွက်တော့ ပေးဖို့  စိတ်မကူးဖူး၊ ၀န်ကြီးတို့  ဒုဝန်ကြီးတို့  ရဲချူပ်တို့  ရဲမှူးကြီးတို့ နဲ့  ပနံသင့်တဲ့ ပေးကမ်းတတ်တဲ့သူတွေ ဖားယားကပ်ပေါင်းနတတ်တဲ့သူတွေကိုတော့ အခွင့်အရေးပေးတာကို တွေ့ ရပါတယ်။ ရဲတပ်ဖွဲ့ အတွင်းမှာ မှန်မှန်ကန်ကန်နဲ့  တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေတဲ့ သာမန်ရဲဝန်ထမ်းတွေကိုတော့ ပစ်ပယ်ထားတာ ဖြစ်တယ်ဆိုတာ ဒီလို တရားမမျှတတဲ့ ရဲအရာရှိသင်တန်းခေါ်ယူမှုတွေက သက်သေပြနေပါတယ်။

ရဲချုပ်က ၀န်ကြီးချမှတ်ထားတဲ့ မူဝါဒတွေကို (၁%) လောက်တောင် အကောင်အထည်မဖော်နိုင်တာ …. ၀န်ကြီးသိပါရဲ့လား? ၀န်ကြီးရော ဘာတွေလုပ်နေပါသလဲ? ဒုဝန်ကြီးတွေ၊ ရဲချုပ်တွေက ဒီရဲအုပ်အဆင့်တိုးပေးဖို့ ကိစ္စတွေ ရဲအရာရှိသင်တန်းတွေကို အမှန်တကယ် စိတ်မ၀င်စားပါဘူး။

ဒုဝန်ကြီးတွေ၊ ရဲချုပ်တွေ ရဲမှူးကြီးတွေ အလေးထားပြီး စိတ်ပါလက်ပါလုပ်နေတာကတော့ သူတို့ အတွက် မြိုးမြိုးမြက်မြက် ရနေတဲ့ ဂွင်ကြီးကြီးတွေ အဆင်ပြေဖို့ ပါဘဲ။ တစ်နိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ အဆောက်အဦးတွေ ဆောက်လုပ်နေတာ သိန်းပေါင်း သောင်း ဂဏန်းနဲ့ သူတို့ရဲ့ ပါတနာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရဖို့ အတွက် များစွာသောအလုပ်များဖြင့် ရှုပ်နေကြပါတယ်။ ပွဲခတွေကလည်း ရဲဌာနအတွက် ( ၃%) တဲ့ .. အိမ်အတွက်တော့ ဘယ်လောက်လဲ မသိဘူး … တွက်ကြည့်ကြပေါ့ဗျာ။ ဒါ ပြည်ထဲရေးနဲ့  ရဲတပ်ဖွဲ့ က ၀န်ကြီးတွေ ရဲချူပ်တွေ ရဲမှူးကြီးတွေ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ ကိုယ်ကျိုး မိသားစုအကျိုး စွမ်းစွမ်းတမာန် လုပ်ရပ်များ ဖြစ်ပါတယ်။


ဝန်ကြီးတွေ ရဲချူပ်တွေ ရဲမှူးကြီးတွေ ဒီလို လုပ်ဆောင်နေတဲ့ ဂွင်များကို နည်းနည်းလေး ထိခိုက်နိုင်မယ်ဆိုရင်တော့ ဇတ်တူသားချင်း စားဖို့  ချကျွေးဖို့ လည်း ၀န်မလေးကြပါဖူး။ အဖြစ်အပျက်တစ်ခုကို ကြည့်ရင် - ရာထူးတိုး၊ နေရာပြောင်း စတဲ့ကိစ္စများကို တာဝန်ယူရတဲ့ ရဲမှူး စိုင်းသက်မွန် အဖွဲ့ကို စစ်ဆေးရေးအဖွဲ့ဖွဲ့ ပြီး စစ်ကြတယ်(အသံတွေ ထွက်လာလို့လေ ) … အနယ်နယ်အရပ်ရပ်က ရဲမှူး နာမည်တွေနဲ့ ဘဏ်ကနေ တရားဝင်ငွေလွှဲ တဲ့ငွေများ သိန်း ၁၀၀၀ ကျော်နှင့် ကားတစ်စီး သိမ်းဆည်းပြီး ဆက်လက်စစ်ဆေးခဲ့ရာကနေ အဆင့်အဆင့်သော အထက်က ရဲလူကြီးနာမည်များပါ ပါဝင်လာတာ ပေါ်လာလို့  အဲ့ဒီစစ်ဆေးမှုကို ကမန်းကတန်း ရပ်စဲခဲ့ပြီး ရဲမှူး စိုင်းသက်မွန်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး အမှုမှန်နဲ့  နောက်ကွယ်က ပါဝင်ပတ်သက်တဲ့သူများကို ဖုံးကွယ်ခဲ့ပါတယ်။ နို့ မဟုတ်ရင် ပြည်ထဲရေးနဲ့  ရဲတပ်ဖွဲ့ က ၀န်ကြီးတွေ ရဲချူပ်တွေ ရဲမှူးကြီးတွေရဲ့  ကိုယ်ကျိုး မိသားစုအကျိုး စွမ်းစွမ်းတမာန် လုပ်ရပ်တွေ ဘွင်းဘွင်းကြီး ပေါ်တော့မှာ ဆိုပါတော့။

ဒီလို ပြည်ထဲရေးနဲ့  ရဲတပ်ဖွဲ့ က ကြီးကြီးပိုင်းတွေ ဂွင်တွေ အချီကြီး ရယူနေပေမယ့် အောက်ခြေအဆင့်က ရဲတပ်ဖွဲ့ဝင်များ မိသားစု စားဝတ်နေရေး အရမ်းခက်ခဲလွန်းလို့  ငွေ ၁ သောင်းလောက်ယူမိရင် ထောင် ၁ နှစ်လောက်ကျရတဲ့ ရဲဝန်ထမ်းတွေ မှာတော့ထောင်ကျတာ ရာဂဏန်းမကတော့ပါဘူးခင်ဗျာ။

ရဲတပ်ဖွဲ့ရဲ့ ရှင်းမရသော အမှုကြီးတွေရဲ့  အဓိက တရားခံကတော့ ရဲမှူးကြီး ထွန်းအုံး ဖြစ်ပါတယ်။ အရင်တစ်လောက ချစားမှုတွေ ရဲတပ်ဖွဲ့ အတွင်း ပေါ်တော့မယ့်စဲစဲ အမည်ထွက်လာတဲ့ ရဲမှူးကြီး ထွန်းအုံးတစ်ယောက် အပေါ်က ၀န်ကြီးတွေနဲ့  ရဲချူပ်တွေရဲ့  အထုအထောင်းလည်း ခံရကာနီး ရင်တမမ နဲ့ပေါ့။

ဒါပေမယ့်လည်း အပေါ်ကို ဖားတတ်လွန်းတဲ့ ရဲမှူးကြီး ထွန်းအုံးတစ်ယောက် ၀န်ကြီးတွေနဲ့  ရဲချူပ်တွေလည်း ပါဝင်ပတ်သက်တာတွေကို ဖုံးဖိပေးရင်း ပြေလည်အောင် လုပ်တတ်လို့  အခုတော့ ပြန်မြဲနေပါသေးတယ်။

အခုတော့ သူ့ရာသီ၊ သူ့အကွက် ပြန်ရောက်လာပြန်တော့ ရဲတပ်ဖွဲ့များကို အကြောင်းကြားပါတယ် ( ရဲမှူးမိန်းမများ ကြိုတင်အသံလွှင့်ချက်မှ့တဆင့်) ရဲတပ်ဖွဲ့အားလုံး သူတင်ပေးမှ ရာထူးတိုးမယ် အဆင့်တက်မယ်တဲ့၊ သူတိုးပေးမှ့ ရမယ် .ကဲ.သူ့ကို ဆက်သွယ်ကြဖို့ ကြေငြာပေးလိုက်ပါတဲ့။

နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ခဲ့တဲ့ Good Government , Clean Government ကို အကောင်အထည်ဖော်နေတဲ့ ပြည်ထဲရေးဝန်ကြီးလည်း (အောင်ပါစေ) လို့ ရွှေမန်းတင်မောင်သီချင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ်၊ ဒုတိယအပိုဒ်ကလို..(ထိုနည်း လည်းကောင်း…ထိုနည်းလည်းကောင်း.. ) ဆိုရင်တော့ မကောင်းသေးပါဘူးလို့ အကြံပြုတင်ပြလိုက်ပါတယ်ခင်ဗျား။

မတရားသဖြင့်ခံစားနေရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်စစ်စစ်များ။

နှစ်လည်း တစ်နှစ်ကူးပြီ၊ ရန်ကုန်တိုင်းဒေသကြီးရဲ့  ၀န်ကြီးချူပ်ဆိုသူ မနှစ်ကတည်းက တိုင်ကြားမှုတွေကို လစ်လျူရှူထားနေဆဲ။
အကျယ်ကြည့်ရန်ပုံပေါ်နိပ်ပါ။


http://www.niknayman-niknayman.co.cc/ မှတဆင့်ဖေါ်ပြသည်။

Generation Wave လွတ်လပ်ရေးနေ့  ထုတ်ပြန်ကြေညာချက်။




လွတ်လပ်ရေးကိုတဖန် ပြန်လည်အရယူကြပါစို့လား



by Ko Baloi on Tuesday, January 3, 2012 at 6:10pm

ဒါတို့ပြည်  ဒါတို့မြေ
တို့တတွေပိုင်တဲ့ မြေထဲ
အာဏာရှင်မွေ့လျှော်
မွေ့ပျော်ခဲ့တာလည်း ကြာခဲ့ပြီပေါ့..။
သြော်....တို့နိုင်ငံရဲ့ လွတ်လပ်ရေးတောင်
အဘိုးအိုအရွယ်ရောက်
မြေးတွေလည်းအတောင်ပေါက်
ပြည်မြန်မာရဲ့ အနာဂတ်ဟာ
အိပ့်မက်ဆိုးတွေနဲ့ အိပ့်မက်တစ္ဆေ
ခြောက်လှန့်လို့နေဆဲ  ခြောက်လှန့်လို့နေမြဲ..။
နှစ်ထောင့်ဆယ့်နှစ် ပြတင်းတခါးကနေ
အတိတ်ကိုငဲ့ကြည့် လိုက်တော့
ဝင်းဝါနေတဲ့ ပြည်မြန်မာဟာ
အ.......လာ.........လား
ဒဏ်ရာတွေပြည့်နှက်လို့ နေရော့လား..။
ဒီလိုနဲ့....ဆေးဆရာမဟုတ်တဲ့ ငါဟာ
ဆေးပညာ သင်ယူဖို့အတွက်
တောတွင်းမြို့ပါ နေရာအနှံ ငါရောက်ခဲ့တယ်..။
ဒဏ်ရာဗလပွနဲ့ အမိမြည်ကို
ဆေးကုဖို့ ကြိုးစား နေအခိုက်
အုတ်နံရံနဲ့ တိုင်တိုင်တွေကြား
မကြာဆိုသလို
ငါ- ရောက်ရောက်သွားတယ်..။
ဒီအတွက်...ပေးဆပ်ရမယ်ဆိုတဲ့ အသိ
ငါ့ရင်ထဲ အပြည့်ရှိနေတော့
မွေ့လျှော်ခြင်းကင်းမဲ့တဲ့  သံတိုင်နဲ့ နံရံအကြား
ငါဟာ နေ့သစ်များစွာကိုထုဆစ်
ပုဇင်းရင်ကွဲအသံတွေနဲ့
ညပေါင်းများစွာကို ကျော်ဖြတ်သန်းရင်း
မလင်းတလှည့်  လင်းတလှည့်
ပြည်သူတွေရဲ့ ဘဝများစွာကို ကယ်ထုတ်ဖို့
ငါဟာ ပြည်သူ့လွတ်မြောက်ရေးကို
အပတ်တကုတ် ကြိုးစားအားထုတ်လို့နေမြဲ..။
အမှား  အမှန်ကို ရှေ့နေငှါးရမ်းပြီး
တိုင်းရင်းသား အချင်းချင်း
စကားပြန်နဲ့ ရှင်းပြဖြေရှင်းနေရတဲ့
ခေတ်ညစ်စနစ်ဆိုးထဲမှာ
ကြောက်စရာကောင်းလောက်တဲ့
စစ်လက်နက်ပုခုံးထမ်း လူတွေ
နေ့သစ်များစွာရဲ့ အနာဂတ်ကိုဝါးမြို
အနေချောင်ပြီး ခေါင်းရှောင်
လူသတ်လက်နက်ကိုင်သွယ်ပြီး
အမှောင်ချောင်ခိုနေကြမယ့် အတူတူ
ပြည်သူတွေကိုဖေးကူ လွတ်လပ်ရေးကို တဖန်
ငါတို့တတွေနဲ့ အတူတူ ပြန်လည်အရယူကြပါစို့....လား..။

လွတ်မလပ်သေးတဲ့ လွတ်လပ်ရေးနေ့အား ဤကဗျာဖြင့်
ဂုဏ်ပြုအပ်ပါသည်..။

ရေဆန်လမ်း

Political prisoners' tragedy captured - "Into the Current"

လွတ်ငြိမ်းချမ်းသာခွင့်နှင့် အင်းစိန်ထောင်ရှေ့ ပြည်သူလူထု

ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup on 3 Jan, 2012

အပူဒဏ်ပြင်းလှသည့်နေရောက်အောက်တွင် လူဦးရေ တစ်ထောင်ကျော် ထီးမပါ၊ ဦးထုတ်မပါဖြင့် ခြေဖျားလေးများထောက်ကာ ထောက်ကာရှေ့သို့မျှော်ငေးလျက်ရှိနေကြသည်။

`ရှေ့ကလူတွေထိုင်ပေးကြပါလား……..နောက်မှာဘာမှမမြင်ရလို့……´

`အဘွားကြီး……အဘွားကြီး…..ဘယ်ရောက်နေလဲမသိပါဘူး…..လာတဲ့သူကလာတော့မယ်…… လာကြိုပါတယ်ဆိုမှ ဘယ်မှာသွားနေလဲမသိဘူး….´

စသည့်ဖြင့် အသံပေါင်းစုံလှသည်။

ကင်မရာသံများ တစ်ဖျပ်ဖျပ်နှင့် ရိုက်နေကြသူများ၊ အသံဖမ်းစက်ကလေးများကိုင်ကာ ပြေးလွှားနေကြသူများ၊ ကားလမ်းမအလယ်ခေါင်တွင် ၀ီစီသံ တရွှီရွီနှင့် လက်များဝေ့ယမ်းလျက် အလုပ်ရူပ်နေသော မော်တော်ပီကယ်(၂)ဦး၊ ရူပ်ထွေးနေသော လမ်းမထက်တွင် ဖြည်းညှင်းစွာ မောင်းနှင်နေကြသောကားများနှင့် မြင်ကွင်းက ကစဉ့်ကလျားနိုင်လှသော်လည်း သူ့ပုံစံနှင့်သူ စည်းချက်ညီသလိုတော့ ရှိနေ၏။

ထိုမြင်ကွင်းများက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂)ရက်နေ့က အမိန့်ကြေငြာစာ ၁/၂၀၁၂ အရထုတ်ပြန်ကြေငြာလိုက်သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် သတင်းကြောင့် ဇန်န၀ါရီ(၃)ရက်နေ့ မနက်(၉)နာရီ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ကြိုနေကြသူများ၊ ဓာတ်ပုံနှင့် သတင်းလာယူကြသောသတင်းထောက်များ၏ မြင်ကွင်းများပင်ဖြစ်သည်။

ထိုစဉ် အသက်(၂၆)နှစ်အရွယ်အမျိုးသမီး နှစ်ဦးနှင့် လူငယ်တစ်ဦး ထောင်တွင်းမှ အရာရှိကြီးတစ်ဦး မေးမြန်းနေသည်ကိုတွေ့၍ သွားရောက်နားထောင်ကြည့်မိသည်။

`ဘုတ်အဖွဲ့က ကိုရဲမြင့် ကိုပြောတာလာ….. သိတယ်….သိတယ်… သမီးတို့က ဘာတော်တာလဲ….´

`………..သူ့ရဲ့သမီးတွေပါ…… အဖေက (၁၅)နှစ်ကျတာ…. အထဲမှာနေတာ(၈)နှစ်ရှိသွားပြီ….´

`ဘယ်လိုမှမပါနိုင်ဘူး… စိတ်ချ။ ၁၅ နှစ်မပြောနဲ့….. ၁၂ နှစ်သမားတွေတောင်မပါဘူး……´

`………………………….´

အဆိုပါအမျိုးသမီးများ၏ ပါးစပ်က ဘာသံမှထွက်မလာတော့။ မျက်နှာကလေးများညိုးငယ်ကာ ခေါင်းများက တိုင်ပင်မထားဘဲ အလိုလိုငုံ့လျှိုသွားကြသည်။

ထို့နောက် `လာပါ မကြီးရယ်…….. ဖေဖေကအထဲမှာ လိမ်လိမ်မာမာ နေတာပဲ ပါရင်လဲပါလာနိုင်ပါတယ်´ဟုဆိုကာ သူ၏အမကို ခေါ်သွားသည်။ အမဆိုသူ၏ လက်ထဲတွင်ရှိသော အိတ်ကလေးထဲတွင် ရှပ်အင်္ကျီအဖြူ အသစ်ကလေးတစ်ထည်နှင့် ယောပုဆိုးအမည်းရောင်လေးတစ်ထည်ကို တွေ့လိုက်ရသည်။ ဖခင်ထောင်မှ လွတ်လာလျှင် ၀တ်ဆင်ပေးရန်ယူလာပုံရသည်။

မကြာခင် ၁၀ နာရီ ကျော်ကျော်ခန့်တွင် လူများရုတ်ရုတ်သဲသဲဖြစ်လာ၍ အင်းစိန်ထောင်သံပန်းဝသို့ အပြေးအလွှား တွန်းထိုး၍သွားရသည်။ အကျဉ်းသားများ စတင်လွှတ်နေပြီးဖြစ်သည်။ အမျိုးသားများကို စတင်လွှတ်ပေးနေသည်။

`သားဖေကြီးပါတယ်…..ဟိုမှာတွေ့လား….ဖေကြီးလေ…´ ဟုဆိုကာ အမျိုးသမီးတစ်ဦး ထီးမပါ ဘာမပါနှင့် ဦးထုတ်သေးသေးလေးဆောင်းပေးထားသော (၃)နှစ်သားအရွယ်ကလေးလေးကို မျက်ရည်များကျကာ ပြောနေသည်။

အမျိုးသားအကျဉ်းသားများ ၂၀ ကျော်မျှသာလွှတ်ပေးပြီး အမျိုးသမီးများအား တစ်သုတ်ထပ်လွှတ်ပေးသည်။

ထောင်ဝန်းအတွင်း ကြည့်လိုက်သောမြင်ကွင်းက အမျိုးသမီးအကျဉ်းသားများ (၂) ယောက်တစ်တွဲတန်းစီလျက် အထုတ်ကိုယ်စီစွားကာ ၀န်းတံခါးဝသို့ လျောက်လှမ်းလာသည်။ အမျိုးသမီး(၄)ဦးခန့်၏ ရင်ခွင်ထဲတွင် လသားအရွယ်ကလေးငယ်များနှင့် (၂)နှစ်သားအရွယ် ကလေးငယ်များကို ချီထားလျက် ထွက်လာကြသည်။

အမျိုးသမီးများအနည်းငယ်ကိုလွှတ်ပေးပြီးသည်နှင့် ထမင်းစားနားဦးမည် ပြီးမှ တစ်သုတ်ထပ်လွှတ်မည်ဆိုသော အသံများကြားရသည်။ နာရီကိုကြည့်မိလိုက်တော့ (၁၁)နာရီဝန်းကျင်ပင် ရှိသေးသည်။

အင်းစိန်ထောင်ရှေ့ တံခါးဝတွင် လူအတော်ကျဲသွားသည်။ ထို့နောက် နိုင်ငံရေးအကျဉ်းသားများထဲမှ ဘယ်သူတွေပါသလဲဟု ထပ်မံစုံစမ်းသည်။

ပထမကြားသည်……. (၃)ယောက်။ နောက်တစ်ခေါက်ထပ်ကြားသည်…. (၃)ယောက်မဟုတ်တဲ့… (၂)ယောက်ပဲပါသည်.. (၁)ယောက်က KNU သတင်းပေးတဲ့။ နိုင်ငံရေးအကျဥ်းသားဆိုသူများထံ သွားရောက်ကာ မေးမြန်းရသည်။

ပထမဆုံးတွေ့လိုက်ရသည်က (၈၈)မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုကြည်သန်းပင်ဖြစ်သည်။ အင်းစိန်ထောင်ရှေ့ရှိ အိမ်တစ်အိမ်တွင် သတင်းထောက်များမေးမြန်းနေသည်များကိုဖြေဆိုနေသည်။ ကျမ်းမာရေးသိပ်ကောင်းပုံမရ ပက်လက်ကုလားထိုင်ပေါ်တွင် ပင်းပန်းနေသည့်ပုံစံဖြစ်နေသည်။ မေးကြည့်လိုက်တော့ အရေပြားကင်ဆာ ဖြစ်နေသည်တဲ့။

`Skin ကင်ဆာဖြစ်နေတာပါ။ ဒီဗိုင်းရပ်စ်က မိသားစုထဲမှာလဲမရှိဘူး။ ဆွေမျိုးတွေထဲမှာလည်း မရှိပါဘူး။ အများဆုံးဖြစ်နိုင်တာကတော့ ကျွန်တော်အထဲမှာရောက်မှ ဖြစ်တာလို့ ထင်ပါတယ်´ ဟု (၈၈)မျိုးဆက် ကျောင်းသား ကိုကြည်သန်းကပြောသည်။ နိုင်ငံရေးအမှုနှင့် ထောင်ကျခဲ့သည့်အတွက် ၎င်း၏ရှေ့ဆက်လုပ်မည့် အလုပ်များမှာ နိုင်ငံရေးပဲဖြစ်မည်ဟု ပြောသွားသေးသည်။

`အမှန်က ဒီနေ့ကျွန်တော်ဘာသာ လွတ်ရက်စေ့လို့လွတ်တာ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သွားတိုးတော့ (၂)ခါလွတ်ဖြစ်သွားတယ်။ သူတို့ဆီမှာ ကျွန်တော်လွတ်ဖို့ တစ်ခါအကြွေးကျန်သေးတယ်´ဟု ကိုကြည်သန်းက ရယ်မောစွာပြောသွားသည်။

လွတ်လာသည့်နောက်တစ်ဦးက မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီရုံး(NLD)မှ လူငယ်တာဝန်ခံ ကိုသန်းနိုင်ဦး ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ပုံနိုပ်(၁၇) အမှုဖြင့် ထောင်ဒဏ် (၃) နှစ်ကျခံခဲ့ရသည်ဟု သိရသည်။

`ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ စာတွေဖြန့်လို့ အဖမ်းခံခဲ့ရတာပါ။ ရန်ကုန်ကိုလာရင်း ဘူတာကြီးမှာ အဖမ်းခံခဲ့ရတာ။ လွတ်ဖို့ကလဲ (၉)လပဲ ကျန်ပါတော့တယ်´ ဟု ကိုသန်းနိုင်ဦးကပြောသည်။

ယခုလိုထောင်မှလွတ်ပြီးနောက် ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို မေးမြန်းရာ `NLD ရုံးချုပ်ကို သွားမှာပါ။ ပြီးတော့ ရုံးချုပ်က ကျွန်တော့်ကို ဘာတာဝန်ပေးမလဲ မသိသေးဘူ။ ရုံးချုပ်က ပေးတဲ့ တာဝန်တွေကိုပဲ ဆက်လက်ထမ်းဆောင်သွားမှာပါ´ ဟု ကိုသန်းနိုင်ဦးကပြောသည်။



အင်းစိန်ထောင်ရှေ့မှာတော့ ဆက်လျက်စောင့်မျှော်နေကြဆဲဖြစ်သည်။ လူအုပ်ကြီးသည် နေမင်းခေါင်းတည့်တည့်ရောက်လာပြီး ပူပြင်းလှသော်လည်း ပူခြင်း၏ ဒဏ်ကို မသိ၊ ထောင်ဘူးဝမှ ပေါ်လာမည့် သူတို့ မျှော်နေသူတို့ကိုသာ အဝေးကနေ လှမ်းမျှော်ကြည့်ရင်း ဆက်မျှော်နေကြ ဆဲဖြစ်သည်။

`နိုင်ငံရေးအကျဉ်းသားတွေတော့ လွှတ်မပေးဘဲနဲ့ သူခိုးဂျပိုးတွေကိုပဲ လွှတ်ပေးနေတယ် ဒီလူတွေနဲ့တော့ တိုင်းပြည်က ကောင်းစားဦးမယ်`ဟု အင်းစိန်ထောင်ဗူးဝ ရှေ့လာရောက်စောင့်ကြည့်နေကြသော ပြည်သူလူထုထဲမှ အသံတသံ ထွက်ပေါ်လာတော့သည်။ ထိုအသံနှင့် ရှေ့ဆင့်နောက်ဆင့်ပင် နောက်အသံတခုကလည်း လူအုပ်ထဲမှာ`ဟုတ်ပါ့ နားကိုမလည်ဘူး`ဟု ပြောဆိုသံက ခုန်ပေါက် ထွက်ပေါ်လာခဲ့သည်။


ကျော်ဇင်မန်း(မြစ်မခ)

http://www.myitmakhamediagroup.com/detail.php?newid=520

လွတ်မလာခြင်း ရုပ်ရှင်ပွဲတော်ဟု ဇာဂနာပြော

Published on January 3, 2012 by ရွှေအောင်

လွတ်လပ်ခြင်း အနုပညာပွဲတော်ကို သုံးရက်တိုင်တိုင် ကျင်းပခဲ့ပြီး ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ညနေပိုင်းမှာ ဆုရတဲ့ ရုပ်ရှင်ကားတွေကို ကြေညာပြီး ဆုပေးတော့မှာ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ ရုပ်ရှင်ပွဲတော်မှာပြသခဲ့တဲ့ ဆန်ကာတင်ကား ၅၄ ကားထဲမှာ ကား ၅၀ လောက်ဟာ ရုပ်ရှင်လောကက မဟုတ်တဲ့ မျက်နှာသစ်လူငယ်တွေချည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲကျင်းပရေးအမှုဆောင် တဦးဖြစ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုသူရ ခေါ် ဇာဂနာက သူ့တသက်မှာ ဒီလောက်ကောင်းမွန်ပြီး အဆင့်အတန်းမီတဲ့ ဇာတ်ကားတွေ မကြည့်ဖူးဘူးလို့ ဆိုပါတယ်။

လွတ်လပ်ခြင်း အနုပညာပွဲတော်ဆိုတာနဲ့ အညီ တင်ပြထားတဲ့ ဆန်ကာတင် ဇာတ်လမ်းတပုဒ်ကိုလည်း ကိုသူရက ပြောပြပါတယ်။

“ငှက်က လှောင်အိမ်ထဲက ငှက်တွေလိုက်ရောင်းနေတဲ့ ကလေးဆီကနေ ပိုက်ဆံပေးပြီး လွှတ်တာလေ။ လွှတ်ရင်းနဲ့ ခဏနေ ဈေးသည်က ရောက်လာလိုက် ၀ယ်ပြီးတော့ ပေးလိုက်နဲ့ တခါက နှစ်ခါ၊ သုံးခါလည်း ရောက်ရော လှောင်ချိုင့်ပါ ၀ယ်ထားလိုက်တာ။ လှောင်ချိုင့်ပါ ၀ယ်လိုက်တဲ့ အချိန်မှာ အဲဒါက လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာ ဖြစ်နေတာ အဲဒါတွေ အားလုံးက။ အဲဒီအချိန်မှာပဲ လှောင်ချိုင့်ပါ ၀ယ်ပြီးပြီ။ အားလုံး လွတ်မြောက်ကြပါစေဆိုပြီး လုပ်လိုက်တဲ့အချိန်မှာ ငှက်သည်က သူ့နောက်က ဖြတ်သွားတာ လှောင်ချိုင့် နောက်တလုံး အသစ်နဲ့၊ စကားတခွန်း​မှ ​ပြောမသွား​ဘူး။”

ဆန်ကာတင်ဇာတ်ကား ၅၄ ကားကို ပွဲတော်ရက် သုံးရက်အတွင်း နေ့တိုင်း အများပြည်သူကို အခမဲ့ပြသခဲ့တာ ဖြစ်ပြီး ပြပွဲလာပရိသတ်တွေ အထူး နှစ်သက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော် လုပ်ရခြင်း အကြောင်းတခုနဲ့ စိတ်ဓာတ်ကျမိပုံကိုလည်း ကိုသူရက ခုလိုပြောပြခဲ့ပါတယ်။

“ကျနော်မျှော်လင့်ချက်က ၄ ရက်နေ့မှာ လွတ်လပ်ကြပါစေလို့ဆိုတဲ့ ဆန္ဒနဲ့ ကျနော့်မှာ လွတ်လပ်ခြင်းပွဲတော် ရုပ်ရှင်ပွဲတော်ဆိုပြီး လုပ်လိုက်တာ အခုတော့ လွတ်မလာခြင်း ရုပ်ရှင်ပွဲတော်လို့ ပြောရတော့မယ်။ စိတ်ဓာတ်တော်တော် ကျမိတယ်။”

လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်ကို ပထမအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နဲ့မှတ်တမ်း ကားပေါင်း ၁၈၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဆန်ကာတင် ၅၄ ကား ရွေးချယ်ပြီး ပရိသတ်ကို ချပြခဲ့တာပါ။ အဲ့ဒီထဲကမှ ဆုငါးဆု ရွေးချယ် ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/19558

Maung Thura

နိုင်ငံရေးအကျဉ်းသားများမလွတ်သေးသမျှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အပါအ၀င် ဘာရုပ်ရှင်မှ မရိုက်ကူးမပါဝင်လိုတော့ပါ

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး သတ္တိရှိရှိလုပ်ဆောင်ဖို့ အမတ်တွေ တိုက်တွန်း

အင်္ဂါ, 03 ဇန်နဝါရီ 2012

By ကိုသားညွန့်ဦး

ဒီကနေ့ အကျဉ်းသားတွေ လွတ်မြောက်လာရာမှာ မျှော်လင့်ထားသလိုဖြစ်မလာဘဲ နိုင်ငံရေးအကျဉ်းသားတွေ အနည်းအကျဉ်းပဲ ပါဝင်တာကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်ရေးအတွက် လွှတ်တော်တွင်း တိုက်တွန်းပြောဆိုခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ အပြောင်းအလဲတွေကို သတ္တိရှိရှိနဲ့ ရဲရဲတင်းတင်း ဆောင်ရွက်သွားဖို့လိုမယ်လို့လည်း လွှတ်တော်အမတ်တွေက တိုက်တွန်းပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လွှတ်တော်တွင်းမှာလည်း တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခု အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် အကျဉ်းသားတွေ လွှတ်တဲ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေကို မယ်မယ်ရရ လွှတ်တာ မတွေ့ရတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တိုက်တွန်းခဲ့ကြတဲ့ လွှတ်တော်အမတ်တွေက အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးအေးမောင်ကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ အပြောင်းအလဲတွေကို သတ္တိရှိရှိ ဖော်ဆောင်ဖို့ တိုက်တွန်းပြောဆိုပါတယ်။

“သမ္မတကြီးအနေနဲ့ ဒီတခေါက် သူလွှတ်တာရှုံးတာပေါ့၊ ကျနော်တို့ မြင်တာက- ကျနော်တို့လည်း ပြောပါတယ်။ သမ္မတကြီးဟာပြည်သူ့မေတ္တာကို ယူဖို့လိုတယ်။ အဲဒီလို မစို့မပို့လေး လုပ်ခဲ့တဲ့ အခါကျတော့ ရသင့်တဲ့မေတ္တာ သူမရသွားဘူး။ သတ္တိရှိဖို့ သမ္မတကြီးကို တိုက်တွန်းပါတယ်။ ရဲရဲဝံ့ဝံ့ နိုင်ငံရေးအားဖြင့်၊ ယုံကြည်ချက်အားဖြင့် အကျဉ်းချခံထားရတဲ့ သူတွေကိုလွှတ်ပေးပါ။ ကျောင်းသား ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်သားခေါင်းဆောင်တွေကို လွှတ်ပေးပါ။ ရဲရဲဝံ့ဝံ့လွှတ်ပေးပါ၊ ကျနော်တို့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းအေးအေးချမ်းချမ်းနဲ့ ပြုပြင်တဲ့နေရာမှာ ဒီအကျဉ်းကျခံနေ ရတဲ့ ပုဂ္ဂိုလ်တွေရဲ့အား၊ သူတိုရဲ့အတွေးအခေါ်အယူဆတွေ အများကြီးလိုအပ်ပါတယ်။

ကျနော်တို့ဟာ ပူးပေါင်းလုပ်ဖို့ အချိန်တန်ပါပြီ။ ဒီနေ့ မလွှတ်မိရင်တောင်မှလေ လွတ်လပ်ရေးနေ့မှာ လွှတ်ပေးပါ။ နောက်အကျဆုံးကျနော်တို့ တောင်းဆိုတာကတော့ ပြည်ထောင်စုနေ့ပေါ့ဗျာ၊ ကျနော်တို့က အကုန်လုံး လွတ်လွတ်လပ်လပ် ဖြစ်ပြီးကာမှ တိုင်းပြည်ကို ပြန်တည်ဆောက်ကြတဲ့အခါ သူတို့ရဲ့အား၊ ကျနော်တိုရဲ့အား၊ သမ္မတကြီးတို့ရဲ့အားနဲ့တိုင်းပြည်ကို ပြန်ကယ်တင်ချင်တာ မြင်ချင်ပါတယ်”

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို လွှတ်တော်အတွင်းကနေ ဆက်ပြီး ကြိုးစား ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ဘာပဲပြောပြောပေါ့ဗျာ။ တစုံတရာ ယုံကြည်ချက်ကြောင့် အကျဉ်းသားတွေပါရင်တော့ အကျဉ်းသားတွေ လွတ်လာတာကို ကျနော်တို့ ကြိုဆိုပါတယ်။ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အားရစရာအခြေအနေ မရှိသေးတာတော့ အမှန်ပဲ။ ဒါကြောင့် ရှေ့ကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ဒီထက်ကို သင်ပုန်းချေ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မျိုး ထွက်လာအောင် ကျနော်တို့ လွှတ်တော်လမ်းကြောင်းကနေ ကြိုးပမ်းရမှာပဲ။

ဒီမိုကရေစီအရေးအတွက် စတင် ပေးဆပ်ခဲ့တဲ့ ဒီကျောင်းသားခေါင်းဆောင်တွေ ပြန်လွတ်လာဖို့ အတွက်တော့ ကျနော်တို့ ဆက်လက် ကြိုးပမ်းရမယ်၊ ဒီအပေါ်မှာတော့ စိုက်လိုက်မတ်တပ် ဆောင်ရွက်ရမှာပါပဲ”

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေဟာ အခု လွတ်လပ်ရေးနေ့နဲ့ လာမယ့် ဖေဖော်ဝါရီ၊ ပြည်ထောင်စုနေ့တွေမှာ ပြန်လည်လွတ်မြောက်လာလိမ့်မယ်လို့ ဒီမတိုင်ခင်ကတည်းက သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ဆန်းပိုင်း နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ဖို့အထိ မျှော်လင့်ခဲ့ကြတာပါ။

အစိုးရအဖွဲ့အတွင်းကရော လွှတ်တော်ပိုင်းက တာဝန်ရှိသူတွေကပါ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ မကြာခင် ပြန်လွတ်လာနိုင်တယ်လို့ ပြောတာ ဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန် ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မလာတာဟာ အာဏာပိုင်အဖွဲ့အစည်းအတွင်း သဘောထား မညီမှုတွေရှိနေတာကြောင့်လို့ ယူဆကြပါတယ်။

အထူးသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေကို ဆုံးဖြတ်ရမယ့် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအတွင်းမှာ သဘောထားမညီမှု ရှိနေနိုင်တယ်လို့ ယူဆကြပါတယ်။ ဦးအေးမောင်ကတော့ ဒီလို သဘောထားမညီတာတွေရှိပေမယ့် ကာ/လုံ ထဲမှာပါဝင်တဲ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဟာ နိုင်ငံတကာနဲ့မြန်မာ ပကတိအခြေအနေတွေကို သုံးသပ်နိုင်မယ်လို့ ယူဆပါတယ်။

“ကျနော်ထင်တယ် နိုင်ငံတော်ရဲ့ အကြီးအကဲပဲလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ ရွေးကောက်ပွဲအရ တက်လာတဲ့ အစိုးရဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထက်မှာလည်း ရှိပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဓိက ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့တာဝန်တွေ တိုင်းပြည်ရဲ့ ရှေ့နောက် အကုန်လုံးတာဝန်ရှိတဲ့ အကြီးအကဲပါ။ ကိစ္စရပ်တွေအားလုံးရဲ့ ကောင်းမွေ ဆိုးမွေ ကောင်းသည်ဆိုးသည် အားလုံးဟာ နိုင်ငံတော်သမ္မတကြီးမှာ တာဝန်ရှိပါတယ်။”

မြန်မာအစိုးရ အာဏာပိုင်တွေအနေနဲ့ကတော့ မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကို အခုအချိန်အထိ လက်မခံထားပါဘူး။ ရာဇဝတ်မှု ချိုးဖောက်သူတွေဖြစ်တယ်လို့သာ သုံးပါတယ်။ ဒါကြောင့်လည်း အခု အကျဉ်းသားတွေလွှတ်တိုင်းမှာ နိုင်ငံရေးလုပ်လို့ အကျဉ်းကျခံရသူကနည်းနည်း သာမန်ရာဇဝတ်အကျဉ်းသားက များများဖြစ်နေပါတယ်။ ပြည်ပအခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ ကျော်ရှိနေသေးတယ်လို့ သိရပါတယ်။
http://www.voanews.com/burmese/news/--01_03_12_my-news-burma----136593003.html

နိုင်ငံရေးအကျဉ်းသားလွှတ်မှ အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်မည်

အင်္ဂါ, 03 ဇန်နဝါရီ 2012
By ဒေါ်ခင်မျိုးသက်

အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်စေချင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမှာ ဖြစ်ပြီးတော့ ဒီကိစ္စဟာ မြန်မာအစိုး ရဘက်က တိုးတက်တဲ့ခြေလှမ်းတွေ လှမ်းပြတဲ့နေရာမှာ အရေးကြီးတဲ့အချက် တစ်ချက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက် ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်ရှိနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်နေဆဲဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ မြန်မာအစိုးရက တတိယအကြိမ် လွတ်ငြိမ်ချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ပေးလိုက်ပြီး အကျဉ်းသားတွေရဲ့ အကျဉ်းကျပြစ်ဒဏ် ရက်တွေကို လျှော့ပေါ့ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ နဲ့တကွ အမေရိကန်ပြည်ထောင်စုကပါ တောင်းဆိုနေချိန်မှာ သမ္မတဦးသိန်းစိန်အစိုးရက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက် လွတ်လာမလဲလို့ အများက စောင့်ကြည့်နေခဲ့ကြတာပါ။

အခု ဒီအမိန့်နဲ့ လွတ်လာတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်း သား တစ်ယောက်မှ မတွေ့ရတာကြောင့်၊ အမေရိကန်အစိုးရဘက်က ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်တယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နျူလယ်န်(ဒ်) Victoria Nuland က အခုလို ပြောပါတယ်။

“ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ရှိလည်း ဒါဟာ နိုင်ငံရေးအကျဉ်းသားပဲလို့ မြင်ပါတယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်တုန်းကကော ရန်ကုန်မှာရှိနေတုန်းကပါ သေသေချာချာပြောခဲ့ပါတယ်။ မြန်မာအစိုးရက ဇန်န၀ါရီလ(၂)ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဟာ အကျဉ်းသားများအတွက် ပြစ်ဒဏ်ရက်လျှော့ပေါ့ပေးတဲ့ ချမ်းသာခွင့် ဖြစ်ပါတယ်။ ဒီကြေငြာချက်ကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀) ယောက်လောက်သာ ပြန်ပြီး လွတ်လာတာ တွေ့ရပါတယ်။

သူတို့ဟာလည်း ပြစ်ဒဏ်ရက်လျှော့ပေးလိုက်တဲ့အတွက် ရက်စေ့သွားလို့ လွတ်လာသူတွေပါ။ မြန်မာအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားက ၁,၀၀၀ ကျော်ကျော်ရှိနေတဲ့အတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်နေဆဲဖြစ်ပါတယ်။ သူတို့ကို ချွင်းချက်မရှိ အမြန်ဆုံးပြန်ပြီး လွှတ်ပေးဖို့ မြန်မာ အစိုးရကို အမေရိကန်က တောင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အခုအထိ မြန်မာအစိုးရက ဖမ်းဆီးထိန်းသိမ်းထားတာအတွက် ချွင်းချက်မရှိ ပြန်ပြီးလွှတ်ပေးဖို့ တောင်းဆိုချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hilary Clinton) မကြာခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အမေရိကန်-မြန်မာဆက်ဆံရေးကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ဖို့ ကြိုးစားနေချိန်မှာလည်း တောင်းဆိုခဲ့တာပါ။

အမေရိကန်မြန်မာ နှစ်နိုင်ငံကြားဆက်ဆံရေး တိုးတက်မှုရှိစေဖို့အတွက် အမေရိကန်ဘက်က တောင်း ဆိုချက်တွေထဲမှာ ဒါဟာ အရေးအကြီးဆုံး တောင်းဆိုချက်မို့ အခု မြန်မာအစိုးရရဲ့ တောင်းဆိုချက်ဟာ စီးပွားရေးပိတ်ဆို့အရေးယူဒဏ်ခတ်မှုလိုမျိုး အမေရိကန်နိုင်ငံဘက်က ပြန်လည် သုံးသပ်ရမယ့်ကိစ္စမျိုးတွေ ဖြစ်လာစေဖို့အတွက် အထောက်အကူ မဖြစ်စေဘူးလို့ ဗစ်တိုးရီးယား နျူလယ်န်(ဒ်)က ဆိုပါတယ်။

“ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိစ္စဟာ မြန်မာအစိုးရဘက်က တိုးတက်တဲ့ ခြေလှမ်းတွေ လှမ်းရာမှာ အရေးအကြီးဆုံး အချက်တွေထဲက တစ်ချက်ဆိုတာကို အမေရိကန်ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။ အမေရိကန်အစိုးရဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တစုံတရာ ထူးခြားတဲ့ဆုံးဖြတ်ချက် မချမှတ်ခင် မြန်မာအစိုးရဘက်က လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အခု လုပ်ဆောင်ချက်ကတော့ အမေရိကန် ပြည်ထောင်စုဘက်က အပြောင်းအလဲတွေ လုပ်လာစေဖို့ လုပ်ဆောင်ချက်မျိုး မဟုတ်ပါဘူး”

ဇန်န၀ါရီ (၃) ရက်နေ့က ပြန်ပြီးလွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀ လောက်ပဲ ရှိတယ်လို့ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPPB) ကနေ ပြုစု ထားတဲ့ စာရင်းအရတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားက ၁,၅၀၀ ကျော်ရှိနေတာပါ။

အခုအချိန်အထိ အစိုးရသစ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေကြောင့် လွတ်မြောက်လာသူ အကျဉ်းသား ၂၀,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၃၀၀ ကျော်ပဲ ရှိနေသေးပြီး ကိုမင်းကိုနိုင်တို့လို (၈၈)မျိုး ဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အရှင်ဂမ္ဘီရတို့လို ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တွေကတော့ အခုထိ အကျဉ်းကျနေဆဲ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/--01_03_12_my-news-burma-----136629393.html

လွတ်လပ်ရေး ၆၄ နှစ်ပြည့်ပေမယ့် လွတ်လပ်မှုအတွက် ရုန်းကန်ရဆဲ

အင်္ဂါ, 03 ဇန်နဝါရီ 2012
By မခင်ဖြူထွေး


ဒီနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ (၆၄) ပြည့်တဲ့ အချိန်ဖြစ်ပါတယ်။ သူ့ကျွန်ဘ၀က လွတ်မြောက်ခဲ့ပြီးတဲ့နောက် နှစ် ၆၀ ကျော် ကာလအတွင်း ကိုယ့်အမျိုးသား အုပ်ချုပ်မှု အောက်မှာ မြန်မာပြည်သူ ပြည်သားတွေ လွတ်လပ်ခြင်း ဆိုတာကို အပြည့်အ၀ ခံစားခဲ့ကြရပါသလား။ လွတ်လပ်ခြင်းလို့ ဆိုတဲ့နေရာမှာရော ဘယ်လို အခြေအနေမျိုးကို ဆိုရမှာပါလဲ။ ကဗျာဆရာ မောင်စွမ်းရည်ကတော့ လွတ်လပ်ရေး ဆိုတာ ကို နိုင်ငံတော်သီချင်းထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံတော်သီချင်းထဲမှာ တရားမျှတ၊ လွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြေ၊ တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ၊ တို့ပြေ၊ တို့မြေ ဆိုတာ - အဲဒါ လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်ပါပဲ၊ တရားမျှတရမယ်၊ ခွင့်တူညီမျှ ရှိရမယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ရမယ်။ သူ့ကျွန်ဘဝဆိုတာက အရင်တုန်းကတော့ နိုင်ငံခြားအုပ်ချုပ်မှု၊ တိုင်းတပါးအုပ်ချုပ်မှု၊ အင်္ဂလိပ်ကျွန်ဘဝကနေ လွတ်မြောက်တာပေါ့။ နောက်ထပ် တရားမျှတတဲ့၊ ခွင့်တူညီမျှတဲ့အခွင့်အရေးတွေရှိတဲ့ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်တဲ့ဘဝ၊ လွတ်လပ်တဲ့ခေတ်၊ လွတ်လပ်ရေးရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်”

တိုင်းတပါးကျွန်ဘ၀က လွတ်မြောက်ခဲ့ပေမဲ့လည်း ကိုယ့်အမျိုးသား အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်သူတွေ လွတ်လပ်ခြင်းအတွက် ဆက်လက် တိုက်ပွဲဝင်နေရတုန်းပဲလို့ စွယ်စုံအနုပညာရှင် ဒါရိုက်တာဝင်းဖေကလည်း အခုလို သုံးသပ် ပြောဆိုပါတယ်။



“လူတွေရဲ့လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့် နော်- အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ကတော့ ဗမာပြည်မှာ အထင်အရှားပဲ၊ အားလုံးကပဲ ယူဆတယ်။ နှစ်ပေါင်း ၃-၄၀ ရှိပြီ။ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်ခွင့်မရှိတော့ဘူး။ ဒါကတော့ ကိုယ့်စစ်တပ်အောက်မှာ၊ ကိုယ့်အမျိုးသားအုပ်ချုပ်မှုအောက်မှာကိုယ် လွတ်လပ်မှုမရှိတော့တာ။ ဒါကြောင့်မို့ ဒီကနေ့အထင်အရှားပြောတယ်။ ဒုတိယလွတ်လပ်ရေးတိုက်ပွဲဆိုပြီးတော့-ဒီကနေ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုပေါ့လေ။ ဒုတိယလွတ်လပ်ရေးကြိုးပမ်းမှုလို့ဆိုတယ်။ ကျနော်တို့က အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာ မှန်တယ်။

သို့သော်လည်း ကိုယ့်အမျိုးသားချင်းကိုယ် ပြန်ပြီးတော့ ကိုယ့်စစ်တပ်အောက်မှာ ပြန်ပြီးတော့လွတ်လပ်ရေးဆုံးရှုံးခဲ့တယ်။ အခု လွတ်လပ်ရေးရအောင် ပြန်ပြီးကြိုးပမ်းနေကြရတယ်။ အထင်ရှားဆုံး တချက်ကတော့ပေါ့ဗျာ။ ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာနဲ့ ပတ်သက်လို့ အခု အရေးတကြီးတောင်းဆိုနေကြရတယ်။ မလွတ်မလပ်ဖြစ်နေတယ်။ ဒါကိုက- နိုင်ငံရေးအကျဉ်းသားဆိုတာ ရာဇဝတ်အကျဉ်းသားမဟုတ်ဘူးဗျ။ ဒီလွတ်လပ်ရေးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေးတိုက်ခိုက်မှုနဲ့ပတ်သက်လို့၊ ဒီမိုကရေစီရေးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ချုပ်ထားတာ၊ ဒါဟာ မလွတ်လပ်ခြင်းရဲ့ အဓိကထင်ရှားတဲ့အချက်တခုပါပဲ။ ဒိပြင်နည်းတွေနဲ့မလွတ်လပ်တာတွေလည်း အများကြီးပါပဲ။ ”

ဒီကနေ့ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေးအရ တိုးတက်မှုတချို့ ရှိလာတယ်၊ လွတ်လပ်မှုတချို့ ရလာတယ်လို့ ယူဆ ပြောဆိုမှုတွေ ရှိသလို ဒီအခြေအနေတွေကို အကောင်းဘက်ကို ဆက်ပြီး ဦးတည် ကြိုးပမ်းသွားဖို့လိုတယ်လို့ ဆရာမောင်စွမ်းရည်က ပြောပါတယ်။

“အရပ်သားအစိုးရရယ်လို့ ဖြစ်လာတဲ့အခါမှာ စစ်ကျွန်ဘဝကနေပြီးတော့ အရပ်သားအစိုးရရယ်လို့ ပြောင်းလာတယ်ဆိုတာ တိုးတက်မှုတခုလို့ ဆိုနိုင်ပါတယ်။ အဲဒီတိုးတက်မှုကနေပြီးတော့ ဆက်လက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေလို ဟာမျိုးထဲက စစ်တပ်ကိုသာ အရှင်သခင်၊ စစ်တပ်ကအချိန်မရွေး အုပ်ချုပ်၊ အာဏာသိမ်းနိုင်တယ်။ စစ်တပ်ကို အရေးမယူနိုင် ဆိုတာမျိုးတွေပေါ့လေ- အဲလိုသဘောတရားမျိုးတွေ ပျောက်သွားအောင် ဆက်လက်လုပ်နိုင်မယ်ဆိုလို့ရှိမှသာလျှင် တကယ့်လွတ်လပ်တဲ့ အခြေအနေကိုရောက်မယ်။ တရားမျှတပြီးတော့ လူတိုင်း ခွင့်တူညီမျှရှိမယ်ဆိုပြီးတော့ အခုတော့ နိုင်ငံတော်သီချင်းထဲမှာပါတဲ့ ခွင့်တူညီမျှ ဆိုတာမျိုး၊ တရားမျှတတာမျိုး မရှိသေးတဲ့အတွက်ကြောင့် လုံးဝလွတ်လပ်တဲ့ အခြေအနေကို မရောက်သေးဘူးလို့ ယူဆပါတယ်ဗျာ”

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁ ထောင်ကျော် ရှိနေတုန်းပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ နောက်ဆုံးပြုစုထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မနေ့က အကျဉ်းသားတချို့ ပြန်လည် လွတ်မြောက်ခဲ့တာမှာလည်း နိုင်ငံရေး အကျဉ်းသားကတော့ ဆယ်ဂဏန်းသာ ရှိခဲ့တာမို့ လက်ရှိ အရပ်သားအစိုးရဟာလည်း လွတ်လပ်ခွင့် အပါအ၀င် အခြေခံ လူ့အခွင့်အရေးတွေကို ကန့်သတ်ပိတ်ပင် နေတုန်းပဲလို့ သုံးသပ်သူတွေက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်ရှင်။
http://www.voanews.com/burmese/news/--01_03_12_my-news-burma-----136628438.html

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့



ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၈ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။       ။ အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် တနင်္လာနေ့ ညပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။

တနာရီကြာ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သဖြင့် ဆွေးနွေးချက်များကို ဗဟိုဌာနချုပ် မှ မသိရသော်လည်း ပညာရေးကိစ္စများ ပါနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆသည်။

davos
ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် သွားရောက် တွေ့ဆုံ (ဓါတ်ပုံ wikipedia.org)

“ဒီပုဂ္ဂိုလ်က သူ့ရဲ့အတွေးအခေါ်မှာ ဆင်းရဲတဲ့ လူတွေကို ပေးဖို့ကမ်းဖို့တို့၊ နိုင်ငံငယ်တွေကို ပေးကမ်းဖို့၊
ကျောင်းသားတွေကို ပေးဖို့ကမ်းဖို့တို့၊ ကျနော်ထင်တယ် အခု ဒေါ်စုကလည်း ပညာရေးကိစ္စကို တော်တော် စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီကိစ္စမျိုးတွေ ဆွေးနွေးနိုင်မယ်လို့ ယူဆ တယ်ဗျ” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။

သမ္မတဦးသိန်းစိန်နှင့်လည်း ၎င်းနေ့မနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ဂျော့ဆိုးရော့စ်နှင့် ရန်ကုန်တွင်
တွေ့ဆုံခဲ့သူ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်နေသည့် ဂျော့ဆိုးရော့သည် အင်းလေးဒေသသို့ သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ ညကပင် ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။

အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။
http://www.mizzimaburmese.com/news/inside-burma/8836-2012-01-03-13-51-22.html


“နိုင်ငံရေးကြောင့် ထောင်ထဲကို လက်မထောင်ပြီး ဝင်လာခဲ့တာ”


မျိုးသန့် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ဆန္ဒပြမှုကြောင့် ၈၈ မျိုးဆက်ကျောင်းသားများ ဖမ်းဆီးအရေးယူခံခဲ့ကြရရာ ဦးကြည်သန်းလည်း တဦး အပါအ၀င်
ဖြစ်သည်။

ကျောင်းဆရာတဦးလည်းဖြစ်သည့် ဆရာ ဦးကြည်သန်းသည် ထောင်ဒဏ် ကိုးနှစ် အပြစ်ပေးခံရပြီး အယူခံဝင်ခဲ့ရာ
လေးနှစ်လျော့ခံရာမှ အင်္ဂါနေ့တွင် ပြစ်ဒဏ်မှ လွတ်ရက်စေ့၍ အင်းစိန်ထောင်မှ လွတ်လာခြင်းဖြစ်သည်။

ဦးကြည်သန်း အဖမ်းခံရပုံ၊ ၈၈ ကျောင်းသားခေါင်းဆောင်များအပေါ် သူ၏ အမြင်၊ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အမြင်၊ ထောင်တွင်း အတွေ့အကြုံများ မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဆက်သွယ်မေးမြန်းထားသည်။


ထောင်ဒဏ်ကျခံခဲ့ရပုံကို ပထမဆုံး ပြောပေးပါခင်ဗျ။

“ကျနော်က ၈၈ မျိုးဆက် ဧရာဝတီတိုင်း လှုပ်ရှားမှုမှာ ပါပါတယ်။ ကျနော့်ဆီကို ၈၈ မျိုးဆက်က ကလေးတွေ လာပါတယ်။ ကျနော်တို့ ပညာဒါနပေါ့ ပရဟိတလုပ်ငန်းတွေ လုပ်ပါတယ်။ အဲဒီတုန်းကတော့ ကူညီမယ့်သူတွေ အဖွဲ့အစည်းတွေကို အီးမေးဆက်သွယ်တာတွေ တွေ့တယ်ပေါ့။ အဲဒီတော့ ဖမ်းတာဖြစ်ပါတယ်။ ကျနော် အပြည့်အစုံ
ပြောချင်ပါတယ် ဒါပေမယ့် တချို့သော အကြောင်းအရာတွေက ပြောလို့မရလို့ နားလည်ပေးပါခင်ဗျာ။”


ထောင်ကျပြီးတော့ အယူခံဝင်တယ်လို့ သိရပါတယ်။ အယူခံဝင်ဖြစ်ပုံ ပြောပြပေးပါ။

“အယူခံဝင်ခြင်းဟာ ဒူးထောက်ခြင်း မဟုတ်ပါဘူး။ ကျနော်တို့ ရသင့်တဲ့ အခွင့်အရေးကို ပြန်တောင်းတာသာ
ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော် အယူခံဝင်ပါတယ်။ အဲဒီအတွက် လေးနှစ်လျော့ပါတယ်။ ထောင်ကျနှစ်က ငါးနှစ်ရှိပါတယ်။ ဒီကနေ့က ကျနော့် လွတ်နေ့ ဖြစ်ပါတယ်။ တကယ်လို့ လွတ်ငြိမ်းချမ်းသာခွင့် မပေးလည်း ကျနော်ဟာ ဒီနေ့ လွတ်မြောက်ရမယ့်နေ့ ဖြစ်ပါတယ်။”


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ထောင်နှစ်ရှည်ကျ ခံနေရသူတွေဖြစ်တော့ သမ္မတရဲ့
လျှော့ပေါ့မိန့်မှာလည်း သူတို့ လွတ်လာတာမရှိဘူး ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျနော့်ဘက်ကတော့ ဒီထက်ပိုပြီးတော့ လွတ်မြောက်စေချင်ပါတယ်။ သမ္မတကြီးကို ပြောချင်တာကတော့ ကျနော်တို့ကလည်း ဒီမိုကရေစီကို လိုလားပါတယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားနေတယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဲဒါကြောင့် မကြာမီမှာ ထပ်မံပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ တင်မကဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေ NLD ပါတီဝင်တွေကိုလည်း လွှတ်ပေးဖို့ သမ္မတကြီးအနေနဲ့ သဘောထား ကြီးနိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ နိုင်ငံရေး အကျဉ်းသားကိစ္စဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အလွန်အရေးကြီးပါတယ်။ အဲဒီအချက်တွေပေါ်မူတည်ပြီးတော့ ကျနော် ပြောခြင်းဖြစ်ပါတယ်။”


၈၈ ကျောင်းသားတွေကို လွှတ်မပေးတာဟာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။

“သူတို့တွေ စိုးရိမ်စိတ် ကြီးစွာဖြစ်နေတာ ဖြစ်ပါလိမ့်မယ်။
မင်းကိုနိုင်တို့က ကျနော့်ထက်ငယ်ပေမယ့် ကျနော်ထောင်ထဲမှာနေရတဲ့ အတွေ့အကြုံ
တွေအရ သူတို့ကို ကိုယ်ချင်းစာပါတယ်။ သူတို့ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်
တွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေကြောင့် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ အဖြစ် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မင်းဇေယျာ၊ ကိုပြုံးချိုဆိုပြီးတော့ ကျနော် ပထမတန်းခေါင်းဆောင်အဖြစ် ထားပါ တယ်

သူတို့ လည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့အတွက်
ကျနော်တို့ကို စောင့်ကြည့်နေတာ ဖြစ်ပါလိမ့်မယ်။ ကျနော်
တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတာကတော့ ၂၀၁၂ ထဲမှာ
နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်လာလိမ့်
မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့ မကြာခင်
မှာ လှပတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်
နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့အားလုံး စိတ်ရှည်ရပါလိမ့်မယ်။ စည်းကမ်းလည်း ရှိကြရပါမယ်။”


အစိုးရက ၈၈ မျိုးဆက်ကျောင်းသားတွေအပေါ်မှာ အစိုးရိမ်ပိုနေတယ်ဆိုတော့ ၈၈ မျိုးဆက်
ကျောင်းသားတွေက ဆူပူမှုတွေ ဖြစ်လာဖို့ ဖန်တီးပေးနိုင်တယ်လို့ ယူဆလို့လား။

“မြန်မာပြည် လက်ရှိအနေအထားအရ ခင်ဗျားလည်း သိပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ နောက်
ပေါက်ကွဲမှုတွေဖြစ်နေတာတွေ အဲဒါတွေကို သူတို့လည်း စိုးရိမ်စိတ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီအပေါ်မှာ
တော့ ကျနော်တို့ စိတ်ရှည်ရပါမယ်။ ကျနော်တို့ ခေါင်းဆောင်တွေကတော့ စိတ်ရှည်ပါတယ်။ ဒါပေမယ့် ဆူပူအကြမ်းဖက်မှုကို ကျနော်တို့ မလိုလားပါဘူး။ ကျနော်တို့ဟာ ဒီမိုကရေစီ လိုလားသူတွေပါ။”


အများက မျှော်လင့်ထားကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဥပမာ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ မလွတ်လာတဲ့ အပေါ်မှာကော။

“ဒီအပေါ်မှာ ကျနော်တို့ မခံစားပါဘူးခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးအတွက်ကြောင့် ထောင်ထဲကို လက်မထောင်ပြီး
တော့ ဝင်လာခဲ့တာဖြစ်ပါတယ်။ မလွှတ်လည်း ကျနော်တို့ မခံစားရပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေကို ၆၅ နှစ်တို့ ပြစ်ဒဏ်ချပါတယ်။ ကျနော်တို့ ထောင်ထဲကို အဝင်ရှိရင် တချိန်ချိန်မှာ အထွက်ရှိမယ်လို့ ကျနော်တို့
ခေါင်းဆောင်တွေက နဂိုတည်းက ယူဆထားပါတယ်။ နှစ်ရှည်ဆိုတာ ဂဏန်း သင်္ချာပိုင်းဆိုင်ရာသာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ မခံစားပါဘူး။”


နိုင်ငံရေးသမား တယောက်မဟုတ်ဘဲ ကျောင်းဆရာတယောက် အနေနဲ့ ဒီလို အဖမ်းခံရတဲ့အပေါ်မှာ ခံစားကြည့်မယ်ဆိုရင်ကော။

“ကျောင်းဆရာတယောက်အနေနဲ့ ခြေကျင်းခတ်တာတို့၊ လက်ထိပ်ခတ်တတာတို့ လုံခြုံရေးအင်အားသုံးပြီးတော့ လုပ်တာတွေရှိပါတယ်။ အင်မတန် ရှက်ဖို့ကောင်းတဲ့ မြင်ကွင်းတွေပါ။ ဒါပေမယ့် ဒီအပေါ်မှာ ကျနော်တို့ မခံစားပါဘူး။ သူ့အလုပ် သူလုပ်တယ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့အလုပ် ကျနော်တို့လုပ်တယ်လို့ သတ်မှတ်ပါတယ်။”


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပေါ်မှာထားတဲ့ သဘောထား ပြောပြပေးပါ။

“မင်းကိုနိုင်တို့က ကျနော့်ထက်ငယ်ပေမယ့် ကျနော်ထောင်ထဲမှာနေရတဲ့ အတွေ့အကြုံတွေအရ သူတို့ကို ကိုယ်ချင်းစာ ပါတယ်။ သူတို့ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေကြောင့် ကျနော်တို့ရဲ့ ခေါင်းဆောင်
တွေအဖြစ် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မင်းဇေယျာ၊ ကိုပြုံးချိုဆိုပြီးတော့ ကျနော် ပထမတန်း ခေါင်းဆောင် အဖြစ် ထားပါတယ်။”


ထောင်တွင်းမှာ စာဖတ်ခွင့် ကျန်းမာရေးကိုယ်လက်လှုပ်ရှားခွင့် အခြေအနေ ဘယ်လိုရှိပါသလဲ။

“ကျနော်တို့ အင်းစိန် သီးသန့် အကျဉ်းထောင်ထဲမှာ စာဖတ်ခွင့်ရပါတယ်။ ဘောလုံးလည်း ကန်ခွင့်ရပါတယ်။ လူငယ်လေးတွေဆိုရင် ထောင်ထဲမှာ အသီးအရွက်တွေ စိုက်ပျိုးစားသောက်ကြပါတယ်။ တင်းနစ် ကစားလို့ ရပါတယ်။ စစ်တုရင် ကစားကြပါတယ်။ စာကြည့်တိုက်လည်း ဖွင့်ထားပါတယ်။”


ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေး ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေး သင်ကြာပေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အဖြစ်မှန်နဲ့ ဘယ်လောက် နီးစပ်ပါသလဲ။

“တချို့ကိစ္စတွေမှာတော့ နီးစပ်မှုရှိပါတယ်၊ တချို့ကိစ္စတွေမှာတော့ ကျနော်တို့ မရပါဘူး။ ဒါပေမယ့် ကျနော်တို့ အတွက် ထောင်ကတော့ ထောင်ပါပဲ။ ကျနော်တို့ဟာ မိသားစုနဲ့ နှစ်ရှည်လများ ခွဲနေလင့်ကစား ကျနော်တို့
ပျော်ရွှင်စွာပဲ ဖြတ်သန်းနေပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ စောဒက မတက်လိုပါဘူး။”


ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေး သင်ကြာပေးမှု ဆိုတာတွေက ဘယ်သူတွေကို ပို့ချပေးနေတာ လဲ။

“ဒီကွန်ပျူတာ သင်တန်းတို့ ကျောင်းပညာသင်ကြားရေးတို့ဆိုတာ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ကျနော်တို့ကိုလည်း ကွန်ပျူတာသင်တန်း မပေးရဲပါဘူး။ သူတို့ အင်မတန် စိုးရိမ်ပါတယ်။ အဲဒီသဘောရှိပါတယ်။ သူတို့ စိတ်ချရတဲ့ အကျဉ်းသားတွေကိုသာ ပို့ချပေးတာဖြစ်ပါတယ်။ ဒါရိုးသားစွာ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ကို လာပတ်သက် ခိုင်းလည်း ကျနော်တို့ ပတ်သက်မှာ မဟုတ်ပါဘူး။ စာကြည့်တိုက် ဆိုတာလည်း ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကလည်း ဖတ်ခွင့်ရတဲ့ ဂျာနယ်တွေကို ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ စာအုပ်တွေကို စာကြည့်တိုက်လေး လုပ်ထားပါတယ်။”

ဒီနေ့ အင်းစိန်ထောင်က လွတ်လာတဲ့သူတွေထဲမှာ ဘယ်လိုလူမျိုးတွေ အများဆုံး ပါပါသလဲ။

“အားလုံးကတော့ လွတ်ဖို့နီးနေတဲ့ အကျဉ်းသားတွေပဲ များပါတယ်။ သူတို့ရဲ့ ဂုဏ်ထူး ဝိသေသတွေတော့ ကျနော် မပြောလိုပါဘူး။ ကျနော်က ဒီအချိန်မှာ ခင်ဗျားတို့က ခိုးမှုတွေ ဝှက်မှုတွေနဲ့ ထောင်ကျလာသူတွေလို့ ပြောလိုက်ရင် ကျနော်တို့အတွက် ပြဿနာရှိပါတယ်။”


အခု NLD က ရွေးကောက်ပွဲဝင်မယ်ဆိုတာကိုရော ဘယ်လိုထင်မြင်ချက် ပေးနိုင်မလဲ။

“NLD ရွေးကောက်ပွဲဝင်တာကို ကြိုဆိုပါတယ်။ ကျနော်တို့က ၂၀၀၆ တည်းက NLD ဝန်းရံရေးဆိုပြီးတော့ မူဝါဒတွေ ချထားခဲ့ပါတယ်။ လက်ရှိလည်း ကျနော်တို့ NLD ကိုဝန်းရံပေးမှာဖြစ်ပါတယ်။ ၈၈ အနေနဲ့ ရွေးကောက်ပွဲ ဝင်သည်
ဖြစ်စေ မဝင်သည်ဖြစ်စေ ဒါတွေဟာ ပုဂ္ဂလိက ကဏ္ဍတွေဖြစ်ပါတယ်။ ခင်ဗျားနဲ့ ကျနော်နဲ့ အယူအဆ တူချင်မှ တူပါ လိမ့်မယ်။ ဒီမိုကရေစီဆိုတာ ကွဲလွဲခွင့်ရှိပါတယ်။ ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ ခေါင်းဆောင်တွေ ထွက်မလာ
သေးတဲ့အတွက် မပြောတတ်ပါဘူး။”
http://www.mizzimaburmese.com/interview/8838-2012-01-03-15-48-37.html

ဖျာပုံ လွတ်လပ်ရေးနေ့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ရောင်းချခွင့်ပိတ်

2012-01-03

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ကျင်းပနေတဲ့ လွတ်လပ်ရေးနေ့ ပွဲတော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖျာပုံမြို့နယ် အဖွဲ့ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတွေနဲ့ တီရှပ်တွေ၊ သော့ချိတ်တွေ ရောင်းတာကို တိုင်းဝန်ကြီးချုပ်အမိန့်နဲ့ မနေ့ညက တားမြစ်လိုက်ပါတယ်။

ဇန်နဝါရီ ၂ ရက်ကနေ ၅ ရက်ထိ ကျင်းပမယ့် အဲဒီပွဲတော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ဝင် ကိုသိန်းဆွေ ဦးစီးပြီး အင်န်အယ်လ်ဒီ မြို့နယ်အဖွဲ့ ရန်ပုံငွေ ဈေးရောင်းပွဲအတွက် ပွဲခင်းထဲမှာ ဆိုင်ခန်း ၄ ခန်းငှားပြီး ရောင်းချနေတာပါ။

အခုတော့ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး တားမြစ်လိုက်တာလို့ ကိုသိန်းဆွေက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဦးသိန်းစိန်အစိုးရနဲ့ အင်န်အယ်လ်ဒီ အဖွဲ့ချုပ်တို့ ပြေလည်မှုရှိပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်လာတဲ့ နောက်ပိုင်း ရန်ကုန် မန္တလေးမြို့တွေမှာ အခုလို ဈေးရောင်းပွဲတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေပေမယ့် ဖျာပုံမြို့နယ်မှာ တားမြစ်ခံရတာဟာ မဖြစ်သင့်ဘူးလို့ ကိုသိန်းဆွေက ပြောပါတယ်။

အခုလို တားမြစ်တာကို အင်န်အယ်လ်ဒီ (ဖျာပုံ) အဖွဲ့က အင်န်အယ်လ်ဒီ (ဗဟို) ကို အကြောင်းကြားထားပြီး ဈေးရောင်းပွဲကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ကိုသိန်းဆွေကပြောပါတယ်။
http://www.rfa.org/burmese/news/assk-poster-01032012085423.html

ထိုင်းဘုရင်သမီး မွန်ပြည်နယ်ခရီး

မြန်မာ့အားကစားနှင့်ဆေးရောင်စုံ




ဗိုလ်ချုပ်အောင်ဆန်း ဒေါသထွက်သောနေ့




by Myat Thi Ha on Tuesday, January 3, 2012 at 12:35pm

ဗိုလ်ချုပ်သည်ဘယ်ကိုမှမကြည့်ဘဲစားပွဲပေါ်တွင် စာရွက်တွေ တထွေကြီးခင်းကာ စာကုန်းရေးနေသည် ကိုတွေ့လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏အ၀တ်အစားမှာ ဗိုလ်ချုပ်နှင့်ထိုက် သင့် သောစစ်ဝတ်စုံမဟုတ်ပေ။ အစိမ်းရင့်ရောင်ရှပ်လက်တိုကို ၀တ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့်စစ်ဖိနပ်တစ်ရံကိုစီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။
စားပွဲထောင့်တစ်နေရာတွင်မြန်မာ့လွပ်လပ်ရေးတပ်မတော်ခေတ် တစ်လျှောက်လုံးဆောင်းလာသည့် ဂျပန်အရာရှိများ ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကိုတွေ့ရသည်။ အခန်းထောင့်တွင် ဂျပန်ဓားရှည်တစ်လက်ကိုထောင်ထားသည်။ ဗိုလ်ချုပ်၏ ဆံပင်မှာဆီနှင့်ကင်းဝေးနေပြီး ဖြီးလိမ်းခြင်းမပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ ဗိုလ်ချုပ်၏စစ်ဝတ်စုံမှာလည်း ရာသီဥတုဓာတ်ကြောင့် အဖြူရောင် ရောနှောကာဟောင်းနွမ်းနေလေပြီ။ ဗိုလ်ချုပ်က စိတ်ပါလက်ပါစာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောက်အယှက်မပေးလိုသဖြင့် ပြောလက်စ စကားကို ဆက်မပြောတော့ပေ။
သို့သော် အပြင်တွင်ပစ္စည်းသေတ္တာများသယ်ချနေသော ရုံးတာဝန်ခံ၊ပစ္စည်းထိန်းဌာနအရာရှိများ၊အကြပ်တပ်သားများ
သည် စည်းလွတ်ဝါးလွတ် ပြောချင်ရာစကားများကို ကျယ်ကျယ်လောင်လောင်ပြောနေကြသည်။ သူတို့လူစုသည် ဗိုလ်ချုပ်ရုံးပြန်တက်ပြီး သူ့အခန်းအတွင်းအလုပ်လုပ်နေသည်ကို လုံးဝသိပုံ မရပေ။ သတိပြုမိပုံလဲမရပေ။
"ဒီလောက်ကြမ်းတဲ့အ၀တ်တွေဝတ်ရတာ ကျောယားလိုက်ပါဘီကွာ။ အိမ်မှာ တုန်းက တစ်ခါမှတောင်စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေ ၊ လက်တောင်မသုတ်ခဲ့တဲ့အ၀တ်ကြမ်းတွေကွာ"
ရဲဘော်တစ်ယောက်ကကျယ်ကျယ်လောင်လောင်နှင့် ရယ်မောကာပြောလိုက်သည်။ ဗိုလ်ချုပ်သည်စာရေးနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တစ်ဖက်ခန်းမှစစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကို နားစိုက်ထောင်နေသည်။
" ချီးမှပဲ တို့မျှော်လင့်ခဲ့သလိုစမတ်ကျကျမဟုတ်ဘဲ လူရယ်စရာ အ၀တ်ကြမ်း ၊ ဖျင်ကြမ်းကြီးတွေနဲ့ လာတိုးနေပြီ။ ကောင်းတယ်ကွာ သိပ်ကောင်း။ ကူလီဝတ်တဲ့အ၀တ်မျိုးတွေကွ" တစ်ယောက်က၀င်ပြီးပြောလိုက်သည်။ ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက်တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံးကလည်း အရောင်တွေဝင်းဝင်းတောက် ဒေါသထွက်နေသည်။
"ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့စစ်ဝတ်စုံဝတ်ပြီးမြို့ထဲသွားရင် ဂျပန်တပ်ကခိုင်းတဲ့ ဟေးတိုးတပ်သားတွေထင်ပြီး ဂျပန်တပ်က တန်းခိုင်းမှာသေချာတယ်။ မင်းတို့သာကြည့်ပြောပြပေတော့။ ဘယ်လိုအ၀တ်အစားတွေမှန်းမသိပါဘူးကွာ။
တစ်ဖက်ခန်းမှအသံများကလဲ မလျှော့တမ်းဟာသစွက်ကာ ပြက်လုံးထုတ် လိုက်ပြန်သေးသည်။ ဗိုလ်ချုပ်သည်တွေဝေပြီးမျက်လုံးစုံမှိတ်ကာ စဉ်းစားနေသည်။ ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလှမ်းပြီး
"ဟေ့တာရာ.....ဟိုဘက်ကစကားပြောနေတဲ့အကောင်တွေအားလုံး ငါ့ဆီအမြန်ဆုံးခေါ်ခဲ့စမ်း၊ သွားစမ်း။ မြန်မြန်ကွ" အော်ငေါက်ကာ ဗိုလ်တာရာအားလှမ်းပြီး အမိန့်ပေးသည်။ ပါးစပ်သရမ်းနေကြသော ရဲဘော်များသည် သူတို့ခေါင်းမီးလောင်တော့မည့်အခြေအနေကို လုံးဝမရိပ်မိဘဲ စစ်ဝတ်စုံများ၏ အခြေအနေ ကို ဝေဖန်ရင်း ပြက်လုံးထုတ်နေကြသည်။
ဗိုလ်တာရာလဲတစ်ချိုးထဲသွားရောက်ကာ အခန်းတွင်း သေတ္တာကြီးများကို ဖွင့်ကာ ၀တ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့် ဗိုလ်၊ အကြပ်တပ်သား အားလုံးကိုဗိုလ်ချုပ်၏ အမိန့်အရ ဗိုလ်ချုပ်၏ အခန်းထဲသို့တစုတစ်ရုံးတည်းခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်း စစ်ထုံးစံအတိုင်းဗိုလ်ချုပ်ကိုအလေးပြုကာ အမိန့်အတိုင်း ခေါ်ဆောင်လာ ပြီဖြစ်ကြောင်းသတင်းပို့ကာ အလေးပြုနေစဉ်ပင်
"မင်းတို့ဘာကောင်တွေတုန်းကွ ၊ ဟေ့ငါမေးနေတာမကြားဘူးလား"
စူးစူးဝါးဝါးမေးမြန်းလိုက်သည်။ ဗိုလ်ချုပ်၏အသံသည် စစ်ဌာနချုပ် တစ်ခုလုံးလွှမ်းမိုးသွားသည်။
သူတို့သည်ကြောင်နေကြပြီးမှင်သက်မိသူများပမာ တစ်စုံတစ်ရာကို မပြောဝံ့ကြပေ။ သတိအနေ ဖြင့်ငြိမ်သက်စွာရပ်နေကြသည်။
"ပြောကြစမ်း၊မင်းတို့ဘာကောင်တွေတုန်း။ ငါမေးနေတာမင်းတို့မကြားဘူး လား။ ခုတင်က မင်းတို့ရယ်လားမောလားနဲ့ပြောနေကြတာတွေလေ"
ဗိုလ်ချုပ်သည်နောက်တစ်ကြိမ်စူးစူးဝါးဝါးအော်ဟစ်ကာမေးလိုက်ပြန်သည်။ အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေနှင့် အနည်းငယ် တုန်လှုပ်နေကြသည်။
"ကျွန်တော်တို့စစ်ဝတ်စုံတွေညံ့တာနဲ့ဝေဖန်မိပါတယ်ဗိုလ်ချုပ်"
ဗိုလ်ချုပ်ကိုဗိုလ်အဆင့်ရှိသူတစ်ဦးကအရဲစွန့်ပြီးဖြေကြားလိုက်သည်။
"ဘာကွ။စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ်။ လက်တောင်မသုတ်ချင်ဘူးဟုတ်လား ငါအကုန်ကြားတယ် မင်းတို့ဝေဖန်နေတာတွေ"
ဗိုလ်ချုပ်သည်ကျယ်လောင်စွာပြောလိုက်ပြီး ကုလားထိုင်မှဗြုန်းခနဲထ လိုက်ပြီးတန်းစီထားသူများရှေ့သို့ တက်လာရင်း......
"မင်းတို့ငါအုပ်ချုပ်နေတဲ့ထပ်ထဲကအခုထွက်၊အလကားကောင်တွေ မင်းတို့ကိုငါနဲနဲမှအထင်မကြီးတော့ဘူး၊နွားတွေ တို့ရဲဘော်တွေ ယိုးဒယားကဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရဘယ်စစ်ဝတ်စုံတွေဝတ်ပြီးတိုက်ပွဲဝင်ခဲ့ကြသလဲဟင် ပြောစမ်း"
စိတ်ပါလက်ပါလက်သီးလက်မောင်းတန်းပြီးမေးလိုက်သည်။
"မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေးစစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ ဟေ့တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင် စစ်ဝတ်စုံမရှိလို့ခါးတောင်းကြိုက်ပြီးပဲတိုက်ရတော့ရောဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာအဓိကကွအခုတော့မင်းတို့ကကြီးကြီးကျယ်ကျယ် စကားတွေပြောလို့"
ဗိုလ်ချုပ်က ခဏရပ်ပြီးဆက်ပြောပြန်သည်။
"အခုတော့တိုက်ပွဲမှကျဆုံးခဲ့တဲ့ရဲဘော်ရဲဘက်အချင်းချင်းတောင် မင်းတို့ပြောပုံသဘောထားတွေက သစ္စာဖောက်နေတဲ့အကောင်တွေ၊ မင်းတို့ကို ငါ့တပ်ထဲကထုတ်ပစ်မယ်၊ထုတ်ရမယ်"
ကြိမ်းဝါးလိုက်ပြန်သည်။
အကြိမ်းခံရသူဗိုလ်၊အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ ဒူးချင်းရိုက်ခတ်သူခတ် အတော်စိတ်ထိခိုက်နေကြသည်။ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ရင်း တစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကိုခေါင်းငဲ့ကာ စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လိုက်လုပ်နေကာ ဗိုလ်ချုပ်သည်
"ဘာလဲကွမင်းတို့က ဂျပန်တွေကားစီးပြီး အ၀တ်ကောင်းတွေဝတ်နေတာ ကိုအားကျလို့လား။ အေးမင်းတို့မှတ်ထား။ငါတို့တပ်မတော်ဟာ ပြည်သူလူထု ရဲ့ သားသမီးတွေဆိုတာကြည့်လိုက်စမ်း။ တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်က ငပုတွေကတွေ့ကရာဆွဲယူ အနိုင်ကျင့် ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘ၀မှာမင်းတို့လို အကောင်တွေက ဇိမ်ခံချင်ကြတယ်။ ကားသစ်ကြီးတွေစီးချင်ကြတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက်အခွင့်အရေးပိုလိုချင်ကြတယ်။ လူထုက၀တ်စရာ အင်္ကျီ ပုဆိုးမရှိတဲ့အချိန်မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့အကောင်မိုက်တွေက စစ်ဝတ်စုံ အကောင်းတွေဝတ်ချင်ကြတယ် မှတ်ထားအခုလိုစိတ်မျိုး အမြင် မျိုးတွေရှိနေသမျှ ငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့ တော့ ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။ မင်းတို့ ပြည်သူလူထု အတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝအဓိပါယ်မရှိတော့ဘူး"
ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။
"မင်းတို့နားလည်လား။စဉ်းစားမိလား မင်းတို့ ကိုယ်မင်းတို့ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေဆိုပြီး တစ်ကယ်စစ်တိုက်ရတဲ့အခါမှာ စစ်ပညာကောင်းကောင်းတက်နေပြီလား။ ဘာတစ်ခုမှ မတတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးဘ၀င်မြင့်နေတဲ့ကောင်စားတွေ။မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့စိတ်တွေထားကြ။ငပုတွေက မင်းတို့ကိုဆော်ဖို့အသင့်ရှိနေတယ်ဆိုတာမင်းတို့မြင်ရဲ့လား။
ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့မင်းတို့ကို ငါ့တပ်ထဲကထုတ်ရမယ်"
ဆက်လက်ပြီးဒေါနဲ့မောနဲ့ကြိမ်းလိုက်ပြန်သည်။
"မှားပါပြီဗိုလ်ချုပ်၊နောင်တရပါပြီဗိုလ်ချုပ်" အရာရှိနှစ်ဦးက ကတုန်ကယင် ဖြစ်ကာ ငိုယိုသံများဖြင့်တောင်းပန်တိုးလျှိုလိုက်ကြသည်။"

" ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။မင်းတို့နဲ့ဘာခြားလို့လဲ။မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ"။

ဗိုလ်ချုပ်သည် သူ၏ဟောင်းနွမ်းနေသော ၀တ်စုံကိုလက်ဖြင့် ပုတ်ပြီးပြလိုက်သည်။

"ကျွန်တော်တို့မှားပါပြီဗိုလ်ချုပ်။ တောင်းပန်ပါတယ်။ ကျွန်တော်တို့အမှားကို ၀န်ချတောင်းပန်ပါရစေ။" မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် အသနားခံလိုက် ကြပြန်သည်။ ဗိုလ်ချုပ်သည် သိမ်းကြုံးပြီး ဒေါသထွက်နေသော မျက်လုံးအစုံဖြင့်တောင်းပန်နေသူများကို ၀င့်ကြည့်လိုက်ပြီး
"မှတ်ထား၊ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှမရှိရဘူး၊မပါစေရဘူး။လူထုငတ်ရင်အားလုံးငတ်မယ် လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ ငါတို့တွေတည်ထောင်ခဲ့တဲ့တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။ အခုတော့မင်းတို့ကောင်တွေကွာ။ ငါလိုက်ပြီးကန်လိုက်ရရင်ကွာ။"
ကြိမ်းဝါးလိုက်ပြန်သည်။သူ့ရှေ့တွင်ရပ်နေကြသူများမှာ သူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကိုခံယူကြမည့်ရဲဘော်များ ဖြစ်နေကြသည်။ အခိုက်အတန့်အတွင်း အပြောမှား၊ အဆိုမှားခဲ့ရာ ယခုအခါ ဗိုလ်ချုပ်၏ဆုံးမသြ၀ါဒများကြောင့် အမြင်မှန်ရခဲ့သည်။
"သွားကြစမ်း၊မြန်မြန်ထွက်သွား၊အကောင်ရှုပ်တွေ ကြာကြာနေရင်မင်းတို့ကိုငါ ဆော်ထည့်မိလိမ့်မယ်။"
ဗိုလ်ချုပ်က ကြိမ်းဝါးကာရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ ပါးစပ်သရမ်းမိသူများလည်းအရေးတကြီးဗိုလ်ချုပ်ကို အလေးပြုကာ သုတ်သီးသုတ်ပြာနှင့် ကြောက်ကြောက်ရွံ့ရွံ့မျက်နှာငယ်လေးများဖြင့် ထွက်ခွာသွားကြလေတော့သတည်း...။

မူရင်းဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော်

လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား စာရင်း

အင်းစိန်ထောင်
၁။ ဦးကြည်သန်း(၈၈-မျိုးဆက်)
၂။ ကိုသန်းနိုင်ဦး(မန္တလေး- NLD လူငယ်တာဝန်ခံ)
၃။ ဦးစောဆေးဂလယ် (KNUဆက်သွယ်သူ)
၎။ ကိုဂျေး

မန္တလေး(အိုးဘိုထောင်)
၁။ ကိုကျော်လွင် (ကယန်းပြည်သူ့ပါတီ)
၂။ကိုစောဝင်း(ခ) ကိုဌေးအောင် ။
၃။ ကိုအောင်မင်း ။
၎။ ကိုမြင့်လွင် ။
၅။ ကိုအီဆာကို ။
၆။ကိုစောအယ်ကလယ်ထူး ။
၇။ ဦးဘိုဖျင်း ။
၈။ ခွန်ပေါလု(ခ) မောင်ထွေး ။
၉။ ဇွဲပိုင်စိုး ။
၁၀။ခွန်ပေါလု ။
၁၁။ ဦးရဲအောင်(၂၀၀၈ သေဆုံး) ။
မှတ်ချက်။ ။တောခိုပြီးအလင်းပြန်ဝင်လာ စီးပွားရေးအရှုပ်အရှင်းဖြင့်ထောင်ကျဟုသိရသည်။

တောင်ငူထောင်
၁။ ကိုအောင်ဌေး
၂။ စောသာမနာစီး
၃။ စောအယ်လီးယား
၎။ ကိုတူး
၅။ ကိုတင်ဝင်း
၆။ ခင်မောင်ညွှန့်(ခ) အကြီးကောင်

ပြည်ထောင်
၁။ ကိုအောင်ကျော်(NLD-သဃန်းကျွန်း)

ပုသိမ်ထောင်
၁။ ကိုအောင်ထွန်း
၂။ ဇော်မျိုးထိုက်

စစ်တွေထောင်
၁။ နေမိုးအောင်

မြိတ်ထောင်
၁။ ဦးရဲညွှန့်

ပူတာအိုထောင်
၁။ ဦးရဲမြင့်(ခ) ဆရာရဲ

တောင်ကြီးထောင်
၁။ မောင်ဘိ(ပအိုဝ်း)
၂။ မောင်လှ(ရှမ်း)
၃။ ဦးဝိစိန်ဂျာ

ကသာထောင်
၁။ ဇော်မင်းဦး(ခ) ကျော်ကွန့်

မော်လမြိုင်ထောင်
၁။ ကျော်အေးနိုင်


http://www.burmavjmedia.net/?p=3651

နိုင်ငံတော် သမ္မတရုံး အမိန့်စာ အမှတ် (၁/၂၀၁၂) ၏ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းအပေါ် ” နိုင်ငံရေး အကျဉ်းသားဟောင်းမှ သဘောထား ထုတ်ပြန်ချက်”