Tuesday, January 10, 2012

ABSDF မြောက်ပိုင်းကိစ္စ ABSDF မှ သဘောထားထုတ်ပြန်ချက်

ABSDF မြောက်ပိုင်းကိစ္စ ABSDF မှ သဘောထားထုတ်ပြန်ချက် DVB က ထုတ်လွှင့်



ရန်သူသူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့ အတွက်သဘောထားထုတ်ပြန်ချက်။




လယ်ဝေးအမတ် ကားတိုက်မှု အရေးယူခြင်း​ မရှိ

Published on January 10, 2012 by ​အေး​နိုင် · No Comments

နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဝင်းဟာ ယာဉ်တိုက်မှု ဖြစ်ပွားပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ရဲကလည်း အမှုမဖွင့်ပေးပါဘူး။

ပြည်ခိုင်ဖြိုးပါတီ​ ကိုယ်စားပြု လယ်ဝေးမြို့နယ် ၂၀၁၀ အမတ် ဦးဌေးဝင်း မောင်းတဲ့ ပြည်ခိုင်ဖြိုးကားဟာ မနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ညက မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးရှေ့မှာ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်တာ ဖြစ်တယ်လို့ ဒေသခံ ကျောင်းအုပ်ဆရာကြီးဟောင်း တဦးက ပြောပါတယ်။

ကားတိုက်မှုကြောင့် ဆိုင်ကယ်ရပ်ပြီး စကားပြောနေသူ နှစ်ဦးစလုံး လွင့်စင်ထွက်ခဲ့ရပြီး ဒီထိခိုက်တဲ့ လူငယ်နှစ်ဦးကို ဦးဌေးဝင်းက တာဝန်မယူဘဲ ကြိုက်ရာကို တိုင်ကြားနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ သူ့တပည့်မ ဖြစ်တဲ့အတွက် အကြောင်းစုံကို သိခဲ့ရတာ ဖြစ်တယ်လို့ အဲဒီအငြိမ်းစား ကျောင်းအုပ်ကြီးက ပြောဆိုပြီး ယာဉ်တိုက်ချိန်မှာ ဦးဌေးဝင်းဟာ အရက်မူးနေတယ်လို့ ပြောပါတယ်။

အငြိမ်းစားကျောင်းအုပ်ကြီးက ခုလို ပြောပါတယ်။

“နေပြည်တော်သွားပြီး အပြန်မှာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေကြတာ။ အဲ့အချိန်မှာ မူးနေတဲ့ ဦးဌေးဝင်းက ကားနဲ့ဝင်တိုက်တာ။ တိုက်မိတဲ့အချိန်မှာ ကလေးတွေက လမ်းဘေးကို လွင့်ထွက်သွားတယ်။ ဦးဌေးဝင်းက ကားပေါ်ကဆင်းလာပြီး လာကြည့်တယ်။ မသေပါဘူးကွာဆိုပြီး ကားပေါ်ပြန်တတ်သွားပြီး မောင်းမလို့လုပ်တော့ ကားတိုက်ခံရတဲ့ သီဟဆိုတဲ့ကောင်လေးက မောင်းပြေးလို့မရဘူးပြောတော့ ငါ့ကိုဘာကောင် အောက်မေ့တုန်း ငါကလွှတ်တော်အမတ် ဌေးဝင်းဆိုပြီး ခြိမ်းခြောက် ပြောသွားတယ်။”

အဲဒီ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လယ်ဝေးမြို့နယ်မှာ တသီးပုဂ္ဂလအမတ်အဖြစ် ၀င်ပြိုင်ဖူးပါတယ်။

ဦးဌေးဝင်းဟာ လူနာနှစ်ဦးကို ဆေးရုံမပို့ဘဲ ကားမောင်းနှင် ထွက်ပြေးဖို့ လုပ်ခဲ့ပေမယ့် ကားအောက်မှာ မော်တော်ဆိုင်ကယ် ရှိနေလို့ ကားမောင်းထွက်လို့ မရဘဲ နောက်ပိုင်းကျမှ ကားကို လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးက လာရောက် ယူဆောင် သွားတယ်လို့ ဆိုပါတယ်။

လူနာနှစ်ဦးကိုတော့ ဒေသခံအရပ်သားတွေက လယ်ဝေးဆေးရုံကို ပို့ဆောင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက လည်ပင်းနာနေ သလို အမျိုးသားက ပခုံးရောင်ရမ်းလို့ ကုသခဲ့ရပါတယ်။

ယာဉ်တိုက်ခံရတဲ့ မော်တော်ဆိုင်ကယ်ကို လယ်ဝေးမြို့နယ်ရဲစခန်းမှာ သိမ်းဆည်း ထားပေမယ့် အမှုမဖွင့်ပေးဘဲ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာရဲ့ အရှေ့ဘက်ခြမ်းက လယ်ဝေးမြို့နယ်အပိုင်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာရဲ့ အနောက်ဘက်ခြမ်းက ဒက္ခိဏသီရိမြို့နယ်အပိုင် ဖြစ်တဲ့အတွက် မြို့နယ်ရဲစခန်းနှစ်ခုက သူ့စခန်းအပိုင်မှာ ငါ့စခန်းအပိုင်မှာ ဖြစ်တာဆိုပြီး အပြန်အလှန် တာဝန်မယူတဲ့အတွက် ဘယ်စခန်းမှာမှ အမှုမဖွင့်ရသေးဘဲ ဖြစ်နေပါတယ်။

ခုချိန်မှာ ဦးဌေးဝင်းက ယာဉ်တိုက်ခံရတဲ့ လူငယ်နှစ်ဦးကို လျော်ကြေးပေးပြီး ကျေအေးနိုင်ဖို့ လိုက်လံ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
http://burmese.dvb.no/archives/19785

လောင်စာဆီမှ ဒေါ်လာဘီလျံနှင့်ချီ ရရှိချိန် ပြည်တွင်း လောင်စာဈေး မမြှင့်သင့်

Published on January 10, 2012 by နော်နိုရင်း · No Comments

အစိုးရက ပြည်တွင်းထွက်​ ​လောင်စာစွမ်းအင်ကို ပြည်ပတင်ပို့ရောင်းချလို့ ၀င်ငွေ ဒေါ်လာဘီလျံနဲ့ချီပြီး ရနေတာကြောင့်​ ​ပြည်တွင်းလောင်စာဆီ ဈေးနှုန်းကို မမြှင့်တင်သင့်ဘူးလို့ ရခိုင်​ ​ရေနံစောင့်ကြည့်ရေးအဖွဲ့နဲ့​ ​မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာ ကွန်ရက်က ပြောခွင့်ရသူ ကိုသူရိန်က ပြောပါတယ်။

“အစိုးရက လျှပ်စစ်မီးခတွေကို ၄၀၊ ၅၀ ရာခိုင်နှုန်းလောက် တိုးလိုက်တယ်။ ဘာကိုအကြောင်းပြပြီး တိုးလိုက်တယ်ဆိုတော့ သူတို့ဝန်ကြီးဌာနမှာ လိုငွေပြတယ် ဆိုပြီးတော့၊ တကယ်တမ်းဆိုရင် လိုငွေပြစရာ အကြောင်းမရှိဘူး။ ဥပမာ တိုင်းပြည် လျှပ်စစ်စွမ်းအင်က အများကြီး အလျှံအပယ်ကို ရှိတယ်။ ရှိတဲ့စွမ်းအင်ကို ပြည်တွင်းမှာ အသုံးမပြုဘဲ နိုင်ငံခြားကို ရောင်းချတယ်။ တကယ်တမ်းပြောရင် ဘတ်ဂျတ်က ပိုငွေတောင်ပြနေရမှာ။”

ပြီးခဲ့တဲ့ အပတ်ကစလို့ အစိုးရက ပြည်တွင်း လျှပ်စစ်ဓာတ်အားခ နှုန်းထားကို နှစ်ဆ၊ လောင်စာဆီ ဈေးနှုန်းကိုလည်း သုံးပုံတပုံထိ မြှင့်တင်လိုက်တဲ့တွက် ပြည်သူတွေ လောင်စာဆီ မြင့်တက်မှုဒဏ် ရင်ဆိုင်နေရတယ်လို့ အဲဒီနှစ်ဖွဲ့ရဲ့ ပူးတွဲ အစီရင်ခံစာမှာ ဆိုပါတယ်။

အစိုးရအနေနဲ့ အိမ်နီးချင်နိုင်ငံကို ရောင်းချတဲ့ လောင်စာဆီရငွေကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးဖို့နဲ့ ဒီလောင်စာဆီကို မရောင်းချဘဲ ပြည်တွင်းမှာ လုံလောက်စွာပေးဖို့လည်း တောင်းဆိုပါတယ်။

“ဗမာပြည်မှာ လောင်စာပြတ်လပ်တဲ့ဟာတွေက မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဗမာပြည်က စွမ်းအင်နဲ့လောင်စာ ရေနံ၊ သဘာဝဓာတ်ငွေ့။ အထူးသဖြင့် သဘာဝဓာတ်ငွေ့၊ ဟိုက်ဒရိုပါဝါ ပရောဂျက် ခေါ် ရေအားလျှပ်စစ်တွေက အလျှံအပယ်ကို ထွက်တယ်။ နိုင်ငံခြားကိုရောင်းတယ်။ အဲဒါတွေကို နိုင်ငံခြားကို မရောင်းဘဲ ပြည်တွင်းမှာ အသုံးပြုမယ်ဆိုရင် ကျနော်တို့မှာ ဒီလိုပြဿနာတွေ ပေါ်လာစရာ မရှိဘူး။ ပြည်တွင်းမှာ ပိုလျှံရင်တော့ ပြည်ပကိုရောင်းတာ ပြဿနာ မရှိပါဘူး။ ရောင်းလိုက်လို့ ရှိရင်လည်း ရောင်းလို့ရတဲ့ငွေတွေကို တကယ့်ကို ပွင့်လင်းမြင်သာတဲ့ စနစ်တခုအောက်မှာ လုပ်လို့ရှိရင် ဒီလိုဈေးနှုန်းတွေကို အစိုးရအနေနဲ့ ဥပမာ ဘတ်ဂျက်ကွာဟမှု ရှိတယ်ဆိုတာ တင်ပြစရာ မလိုပါဘူး။ အဲဒီကရလာတဲ့ ငွေတွေကို ဘယ်မှာသုံးလဲ၊ ဘယ်လို ငွေလဲနှုန်းတွေနဲ့ လုပ်လဲ။ ဘယ်ဘဏ်မှာ အပ်ထားလဲ။ နိုင်ငံခြားမှာလား၊ ပြည်တွင်းမှာလားဆိုတာလဲ ပွင့်ပွင့်လင်းလင်း မပြောဘူး။ အဲဒါတခုပါပဲ။ တကယ့်အဲဒီ စွမ်းအင်ကရတဲ့ ငွေတွေကို ပွင့်လင်းမြင်သာတဲ့ စနစ်တခု အောက်မှာ အသေအချာကို ဖော်ပြမယ်။ တိုင်းပြည် ကောင်းကျိုးအတွက် အသုံးပြုမယ်ဆိုရင် ကျနော်တို့ နိုင်ငံမှာ ဒီလို စွမ်းအင်လောင်စာ ဆီဈေးမြင့်တာတို့ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။”

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၆ ရက်နေ့တုန်းက လောင်စာဆီ ဈေးမြင့်တက်မှုကြောင့် ဆိုင်ကယ်တက္ကစီ ဈေးနှုန်းမြင့်သွားတဲ့အတွက် စစ်တွေတက္ကသိုလ် ကျောင်းသား ထောင်ချီ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးမြင့်တက်လို့ အထွေထွေ ကုန်ကျစရိတ်တွေ တိုးမြင့်ပြီး ကုန်ဈေးနှုန်း မြင့်တက်ခဲ့ရာက ရွှေဝါရောင် တော်လှန်ရေးအထိ ဖြစ်ပွားခဲ့ပါတယ်။

ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်ရဲ့ ပူးတွဲအစီရင်ခံစာမှာ သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်တို့ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာကနေ အစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေရရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လောင်စာရင်းမြစ်တွေကိုလည်း နိုင်ငံခြားသို့ တင်ပို့ရောင်းချဖို့ ပိုက်လိုင်းတွေ ရေကာတာတွေလည်း တည်ဆောက်နေတယ်လို့ ထောက်ပြထားပါတယ်။
http://burmese.dvb.no/archives/19797

လွှတ်တော်အမတ်က အရပ်သားလုံခြုံရေးကို တုတ်နဲ့ရိုက်




by Yangon Press International on Tuesday, January 10, 2012 at 5:56am
Parliament member beat private security staff
ဇန်န၀ါရီ ၁၀၊ ၂၀၁၁ (YPI)

သံတွဲမြို့ တွင်ပြုလုပ်သော လွတ်လပ်ရေးနေ့စတိတ်ရှိုးဖျော်ဖြေပွဲတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် အဖော်များက လုံခြုံရေး တာဝန်ယူထားသူ အရပ်သားတစ်ဦးကို ရိုက်နှက်ခဲ့ကြသည်။

ယခုလ ၃ ရက်ညက သံတွဲမြို့ရဲစခန်းရှေ့ ဘောလုံးကွင်းဟောင်းတွင်ပြုလုပ်သော အဆိုပါပွဲသို့သံတွဲမြို့ နယ် ၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ရောက်ရှိလာပြီး အတူပါလာသူ(၁၅)ဦးခန့်အား VIP များဟုပြောဆိုကာ စတိတ်ရှိုးရုံတွင်းသို့ အခမဲ့သွင်းခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။


“ဒီလိုပွဲတွေမှာ VIP အတွက် သီးသန့်လက်မှတ်တွေပေးပြီးသားပါ။ ဒါပေမဲ့သူတို့က ဘာလက်မှတ်မှ
 မပြပဲနဲ့ ၀င်မယ်လို့ပြောတယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ပွဲကြည့်ပရိတ်သတ်တစ်ဦးကပြောသည်။

ရုံစောင့်များက ၎င်းကိုမသိ၍ ၀င်ခွင့်မပေးခဲ့သော်လည်း လုံခြုံရေးတာဝန်ယူထားပြီး ပွဲကန်ထရိုက်၏ ကိုယ်စားလှယ်ဖြစ်သူတစ်ဦးက  ၀င်ခွင့်ပေးခဲ့ကြောင်းလည်း၎င်းကပြောသည်။

ရှိုးပွဲစတင်ပြီးမကြာမီမှာပင် ဦးအောင်နိုင်ဦး အပါအ၀င် VIP တန်းမှ လူတော်တော်များများမှာ စတိတ်စင်ရှေ့ ကွက်လပ်သို့ထွက်၍ ကခဲ့ကြကြောင်း ၊ ထို့နောက် ခုံမဲ့ပရိတ်သတ်များနှင့် ခုံတန်းများကိုကာရံထားသည့် သံဆူးကြိုးတန်း အနီးတွင်ရှိနေသည့် အရပ်သားလုံခြုံရေးထံမှ တုတ်ကို ဦးအောင်နိုင်ဦး ကသွားရောက်ဆွဲယူခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။

တုတ်ကိုအပြန်အလှန်လုရင်း တုတ်ဖြင့် ဦးအောင်နိုင်ဦး၏ခေါင်းကိုထိသွားခဲ့ရာ ၎င်း၏အဖော်(၁၅)ဦးခန့်က ၎င်းလုံခြုံရေးကို ၀ိုင်းရိုက်ခဲ့ကြသည်ဟု အခင်းဖြစ်ပွားရာတွင်ရှိနေခဲ့သောသူများကပြောသည်။

“အဲ့အချိန်မှာ အနားမှာရဲတွေရှိနေတယ်။ ဒါပေမယ့် ၀င်မဆွဲကြဘူး” ဟုအနီးတွင်ရှိခဲ့သော ပွဲကြည့် ပရိတ်သတ်တစ်ဦးကပြောသည်။
အရိုက်ခံရသူတွင် ဖူးရောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယခုအချိန်ထိ မည်သူ့ဘက်ကမှ အမှုဖွင့်ထားခြင်း မရှိသေးပေ။

“အမှုဖွင့်ပြီဆိုရင် ငွေကုန်တော့မှာ။ ပေးစရာလဲမရှိဘူး။ အဲဒီလိုဝိတ်ရှိတဲ့လူတွေနဲ့လည်း အမှုမဖြစ်ချင်ဘူး” ဟု အရိုက်ခံခဲ့ရသူကပြောသည်။
ဦးအောင်နိုင်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

လောင်းကစားဝိုင်းများပြုလုပ်ရန် စစ်တပ်သို့ ငွေအမြောက်အမြားပေးရ





by Yangon Press International on Tuesday, January 10, 2012 at 6:41am
ဇန်န၀ါရီ ၁၀၊ ၂၀၁၁ (YPI)

သံတွဲမြို့အခြေစိုက် အမှတ် ၅၅ ခြေလျှင်တပ်ရင်းဝင်းအတွင်း ပြုလုပ်သည့်  ဖျော်ဖြေပွဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်းနိုင်ရန်အတွက် စစ်တပ်သို့ ငွေအမြောက်အမြားပေးခဲ့ရသည်ဟု ပွဲကန်ထရိုက်ဆွဲသူများ က ပြောသည်။

ယခုလ ၄ ရက်မှ စတင်ကာ အမှတ် ၂ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ခွဲမှ လေးရက်တိုင်ဖျော်ဖြေခဲ့သော ၎င်းပွဲတွင် လောင်းကစားဝိုင်းပေါင်း ၃၀ ကျော်အတွက် ကျပ်ငွေ သိန်းငါးဆယ် ပေးခဲ့ရသည်ဟု လောင်းကစားဝိုင်း ကန်ထရိုက်ဆွဲသူများကပြောသည်။

လောင်းကစားပွဲ မြင်ကွင်းတချို့

ပွဲတော်အတွင်း လောင်းကစားဝိုင်းများပြုလုပ်ရန် ငွေကျပ်သိန်းသုံးဆယ်ဖြင့် တပ်ရင်းမှူးနှင့်ကနဦး သဘောတူညီချက်ရရှိခဲ့ပြီး ပွဲပြုလုပ်ရန်ရက်ပိုင်းအလိုတွင် ၎င်းမှာခရီးထွက်သွားခဲ့သည်။ တပ်တွင်ကျန်ရှိသော အခြားအရာရှိများက လောင်းကစားဝိုင်းထည့်လိုလျှင် ငွေကျပ်သိန်းငါးဆယ်ပေးရမည်ဟုတောင်းဆိုကြောင်း  လောင်းကစားဝိုင်းများပြုလုပ်ရန် ကန်ထရိုက်ဆွဲသူများကပြောသည်။

လောင်းကစားပွဲအတွက် ကန်ထရိုက်ဆွဲသူတစ်ဦးက “ဗိုလ်မှူးတွေက အတင်းအကျပ်တောင်းတယ်။ မပေးရင်ပွဲဖျက်ပစ်မယ်ပြောလို့ ပေးလိုက်ရတယ်” ဟု ပြောသည်။

လောင်းကစားဝိုင်းတစ်ဝိုင်းစီမှ လေးရက်စာအတွက် ပွဲအကောက်ခွန်ငွေ ကျပ်တစ်သိန်းခွဲကောက်ခံပြီး လောင်းကြေး အလျော်အစားအဖြစ် ငွေကျပ် ၅၀၀ မှ ၁၂ သိန်းအထိရှိခဲ့ကြောင်း ခြောက်ကောင်အံစားတုံးဆွဲ လောင်းကစားဒိုင်တစ်ဦးကပြောသည်။

ယင်းလောင်းကစားပွဲများတွင် သံတွဲမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင် ၀င်ရောက်လောင်းကစားနေသည်ဟု မျက်မြင်တွေ့ခဲ့သည့် သံတွဲမြို့ခံတစ်ဦးကပြောသည်။

၎င်းဖျော်ဖြေပွဲတွင် ခြောက်ကောင်အံစာတုံးဆွဲ၊ ဆယ်ကောင်အ၀ိုင်းလှည့်၊ မြှားပစ်၊ ကြွေအံပစ်နှင့် အခြားလောင်းကစားနည်းမျိုးစုံ ပါဝင်သော လောင်းကစားဝိုင်း ၃၀ ကျော်ပါဝင်ခဲ့ပြီး အများစုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှဖြစ်သည်ဟု သွားရောက်ခဲ့သူတစ်ဦး ကပြောသည်။

နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များ တစ်နှစ်လျှင်နှစ်ကြိမ်ခန့် ပွင့်လင်းရာသီများတွင် လာရောက်ဖျော်ဖြေလေ့ရှိသည်ဟု သံတွဲမြို့ခံများကပြောသည်။       ။


သတင်းထောက်တစ်ဦး ၏ မီးစုန်းနီမှတ်တမ်း



by Thu Ra Myo on Tuesday, January 10, 2012 at 2:10am
မိုးကြိုးပစ်သံကြောင့်လန့်နိုးလာခဲ့တယ် နာရီကြည့်တော့ည၂ နာရီ ။ ၁၉၂ ကိုဖုန်းခေါ်တော့ မကိုင်။ ဖုန်းတွေဝင်လာတယ်။ ဗုံးသုံးလုံးပေါက်တယ်ပြောတယ်။ လေယာဉ်ပျက်ကျတယ်ပြောတယ်။ ဟိုပြောဒီပြောပြောကြတယ်။ အယ်ဒီတာဆီဖုန်းဆက်တယ် ။ ဘာဘဲဖြစ်ဖြစ် ပြေးရမယ် ဘောင်းဘီဝတ်တယ် ကင်မရာထည့်တယ် ။လမ်းထိပ်ပြေးတယ်။ ဘယ်ကိုသွားရမှန်းမသိ ။ ဖုန်းဝင်လာတယ် အေဘီစီသွားပါ ။ လစ်ပြီ...။

လမ်းတစ်လျှောက်လူတွေ ဟိုကြည့်ဒီကြည့်လုပ်နေကြတယ်။ တာမွေနားကျတော့လူများလာပြီ ။ ကြက်ဘဲဈေးမှာလမ်းပိတ်ထားတယ် ။ အတင်းပြေးတယ်။ သတင်းထောက်တွေပြေးကြတယ်။ ဖြစ်တဲ့လမ်းထိပ်ရောက်တော့ ၀င်လို့မရဘူး ရဲအော်တယ်။ မရဘူး ၀င်မှာဘဲဆို အတင်းပြေးဝင်သွားတယ်။

မီးသတ်ကားတွေ မီးသတ်ကားတွေ နောက်မီးသတ်ရဲဘော်တွေ .နောက်ပြိုပျက်နေတဲ့အိမ်တွေ  မီးတောက်တွေ တွေ့ရတယ် ။ နောက် အလောင်းတွေသယ်နေတယ် ။ လူနာတွေ ဆွဲထုတ်နေတယ် ။ သွေးတွေနဲ့မီးသတ်ရဲဘော်တွေ ပိုက်ဆင်နေကြတယ် ။ သွပ်ပြားတွေ မှ တောင်ပုံရာပုံ။

ဂိုတောင်ကြီးတွေ မီးလောင်နေကြတယ် ။ ပြိုပျက်နေတဲ့ဖုန်းကြီးကျောင်းကနေပါတ်ပြီး မီးလောင်နေတဲ့ဂိုထောင်တွေအနားရောက်ဖို့ကြိုးစားတယ် ။ မီးသတ်သမားတစ်ယောက်လှမ်းအော်တယ် နောက်ထပ်ပေါက်ဖို့ရှိတယ် ။ ဆက်သွားတယ် ။ ကိုကောင်းထက် တွေ့တယ် ကိုစိုးဇေယျာထွန်း တွေ့တယ် ။ ဓါတ်ပုံရိုက်တယ် ။

မြင်ကွင်းတစ်ခုလုံးမီးတွေလောင်နေကြတယ် ။ပြာပူတွေနင်းရတယ် ။ အပူတွေဟပ်တယ် ။ ချွေးတွေကျတယ်။သတင်းသမားတစ်ယောက်က သူစောနက အလောင်းသယ်ပေးနေရလို့ ပုံကောင်းမရဘူးပြောတယ်။  ဂဲ့အိုးကြီးမီးလောင်နေတယ်အော်တယ် ။ နောက်နဲနဲဆုတ်ကြတယ် ။ အေးဆေးလမ်းလျောက်လာတဲ့ ကိုကောင်းထက်ကိုရိုက်တယ်။

ဒီလိုနဲ့ဟိုရိုက်ဒီရိုက်လုပ်ရင် ပုဇွန်တောင် ချောင်းကမ်းပါးက သဲအိတ်တွေနောက်မှာ လူတွေ ၀ပ်နေကြတယ်။ ပြီးသွားပြီထပါဆိုလည်းမထ ။မီးသတ်ခေါ်ပေးပါ ကယ်ဆယ်ရေးခေါ်ပေးပါ အော်နေကြတယ်။ မီးသတ်တွေက ဟိုးဘက်ထွက်သွားကြပြီ ။ လှမ်းအော်တယ်။ မကြား ။

ဒါနဲ့သွားပြောတယ်။ပြောနေတုန်းမှာ ပြိုပျက်နေတဲ့အိမ်တွေမီးကူးတယ်။  မီးသတ်တွေ ပြေးငြိမ်းနေကြတယ် ။ သူတို့နဲ့အတူ သတင်းထောက်တွေလည်းလိုက်သွားတယ်။  ကြက်ခြေခတ်အနီရောင်ဝတ်ထားတဲ့ လူတစ်ဦးက အမောတကောလာပြောတယ် လူနာတွေ့ရင် အော်ပေးပါတဲ့။

မှောင်မဲပြိုပျက်နေတဲ့လမ်းတွေထဲဝင်တယ် ။ဓါတ်ပုံရိုက်တယ် ။ ဘယ်သူရှိလည်းဘယ်သူရှိသေးလည်းအော်တယ်။ တိတ်ဆိတ် လျှက် ။ ဟိုဘက်မှာတော့ ကမ္ဘာပျက်သလိုမီးတောက်တွေ မီးသတ်တွေ နဲ့ ။

ဒါနဲ့ပြန်ထွက်လာခဲ့တယ် ။ နောက်မှသိရတာ ကျတော်ဝင်တဲ့လမ်းထပ်က ကျွန်တော်နင်းခဲ့တဲ့သွပ်ပြားတွေအောက်မှာ မီးသတ်ရဲဘော်တစ်ဦးအလောင်းရှိတယ်ဆိုတာ။ ဘုန်းကြီးကျောင်းနားပြန်ရောက်တော့ ခုဏက ၀ပ်နေလူတွေကို မီးသတ်ရဲဘော်တွေခေါ်လာတယ်။

ဘုန်းကြီးတပါးထမ်းသွားကြတယ် ။ မီးသတ်တစ်ယောက်စောင်နဲ့ထုတ်သွားကြတယ်။ ဟိုလူကိုတွဲသွားကြတယ် ။ ဒီလူကိုချီသွားကြတယ်။ ဓါတ်ပုံရိုက်တယ် ။

ပြိုပျက်ပွင့်ထွက်နေတဲ့ ဂိုထောင်တွေထဲမှာဘာရှိမလဲသိချင်လာတယ် ။ မယောင်မလည် ပွင့်နေတဲ့တံခါးကြားက ကုန်းပြီးတိုးဝင်တယ်။ ဂိုတောင်က ဟောင်းလောင်း ဟိုဘက်ဂိုတောင် မှာ တိုင်ကီကြီးတွေ ဆေးပုံးတွေ ။ ဒီဘက်ဂိုတောင်မှာ မီးလောင်နေတဲ့စတီးပုံးတွေကို အော်ဟစ် ညှိမ်းသတ်နေကြတယ်။

အယ်ဒီတာ့ဆီပြေးချိန်ရောက်ပြီဆိုပြန်ထွက်တယ် ။ အုန်းသီးတွေ ကြွေနေတာတွေ့ရတယ် ။ ရေလည်းဆာပြီ ။ အုန်းသီးကိုပိုက်တယ် ။ စဉ်းစားတယ် ။ ယူသွားပြီးခွဲစားမလား ။မကောင်း  ။ သူများတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အုန်းသီး ပိုက်ပြီးထွက်လာတာမကောင်း။
ပြန်ချတယ် ။ လမ်းထိပ်ကိုထွက်တယ် ။ ခေါင်းပွင့်နေတဲ့မိန်းမတွေရဲ့ ဦးခေါင်းခွံအကြွင်းအကျန်တွေ ရိုက်တယ် ။

ပြီးတော့ ဗိုလ်တစ်ထောင်ဘက်ပြေးတယ် ဘာကားမှ ငှားမရ ။ တစ်မိုင်ကျော်လောက်ပြေးပြီးတဲ့အချိန် မှာ လမ်းပိတ်ထားတာကိုစမြင်ရတယ် ။ အဲဒီနားရောက်တော့တိုင်စီရတယ်။

အယ်ဒီတာဆီပုံအပ်တယ် ။ နောက်ဆေးရုံကြီးကို ကိုဇေယျာလှိုင်နဲ့ ပြေးတယ်။ ထုံးစံအတိုင်းအရေးပေါ်အပေါက်က၀င်လို့မရဘူး ။ ဆေးရုံကားတွေ နဲ့ရောက်လာတဲ့လူနာတွေကိုရိုက်တယ်။ မော်တော်ပီကယ်တစ်ယောက် ကြက်ခြေခတ်အကျီဝတ်ပြီး ကလေးလေးကို ဖွဖွလေးပွေ့ ချီလိုက်တာ ကိုရိုက်မိလိုက်တယ်။

ဆေးရုံကြီးထဲရောက်အောင်လှည့်ပါတ်ဝင်တယ် ။ ခပ်တည်တည် လုပ်တယ် ။ ဒါတ်ပုံမရိုက်ရတဲ့စာတန်းတွေ့တယ်။ ဒါတ်ပုံရိုက်ဖို့ သတိရတယ် ။ ခိုးရိုက်တယ်။

အယ်ဒီတာ့ဆီပြန်တော့မိုးလင်းတော့မယ်။ မနက်၈နာရီလောက်အိပ်တော့မယ်ဆိုပြီး အိမ်ပြန်တယ် ။အိပ်မရ ဖုန်းတွေဝင်လာတယ်။ ဖြေတယ်။အိပ်ရေးပျက်တော့  ဘာမှစားမရ။ ညနေ၃ နာရီလောက်ရောက်တော့ ဖုန်းဝင်လာတယ် ရေဝေးကိုသွားပါတဲ့ ။အခမ်းအနားနဲ့ကျဆုံးတွေကိုသဂြိဟ်မယ်တဲ့။

ဒါနဲ့ရေဝေးကိုပြေးတယ်။ လူကတုန်နေတယ်။ အားမရှိ ။ ဟိုရောက်တော့ အလေးပြုတဲ့အချိန်မှာ ခံစားချက်တွေ တွေ့ရတယ်။ ကိုယ်လည်းခံစားရတယ်။ ဓါတ်ပုံရိုက်ရင်းမျက်ရည်ကိုခိုးသုတ်ရတယ်။ မျက်ရည်တွေစီးကျနေတဲ့မီးသတ်ရဲဘော် တစ်ဦး မှာသွေးတွေ ဒါဏ်ရာတွေနဲ့ ။

ဘာ့ကြောင်ဒီလောက် ပြင်းထန်အောင်ပေါက်ကွဲရတာတုန်းဆိုတာသိချင်တယ်။ နောက်ရက်ထပ်သွားတယ်။ ၀င်လို့မရတော့ဘူး ဂိုတောင်ဘက်ကို စစ်သားတွေ တုတ်တွေနဲ့လိုက်ထိုးနေတာတွေ့ရတယ်။ ဟိုးနေ့ညတုန်းက ပြေးလွားခဲ့တဲ့နေရာတွေကို ကြည့်ရင်းလန့်သွားတယ်။ စစ်ဖြစ်ထားသလိုပါလား..း

ကွေ့ကောက်သွားခဲ့တဲ့ဘုန်းကြီးကျောင်းဘက်သွားတယ် ဒါတ်ပုံရိုက်တယ် ။ ရိုက်နေတုန်းပြိုကျသွားတယ်။ ဘုရားဘုရား ဟိုနေ့ညကသာပြိုကျရင် ငါတော့နာပြီလို့တွေးမိတယ်။

ဒါနဲ့ နောက်ရက်ထပ်သွားတယ်..။ကြံခိုင်ရေးတွေတွေ့တယ် ။ အလှုရှင်တွေတွေ့တယ် ။ မီးသတ်ကားသုံးစီးတွေတယ်။ ဟုတ်ပြီး တွင်းဘေးက ထပ်ထားတဲ့အိပ်တွေကို ရေနဲ့ထိုးချတယ် ။ ပုံးတွေပေါ်လာတယ် မယောင်မလည်ပါတ်သွားပြီး မေးတယ် ဘာပုံးတွေတုန်း ။ မီးသတ်ဗိုလ်တစ်ဦးကပြောတယ် ။ မသိဘူးအိပ်တွေနဲ့ဖို့ထားတာတဲ့။

ဟုတ်ပြီ
လှည့်ပါတ်သွားတယ်။ CID အကျီနဲ့လူတွေတွေ့ရတယ် ။ပုံးထဲကဟာတွေ နမူနာယူတယ် ။ ပုံးတွေကိုသဲတွေနဲ့ဖို့တယ် ။ အထဲကဟာကိုဂေါ်ပြားနဲ့ ဖွဖွလေးကလော်တယ် တစ်ယောက်က သဲနဲ့ ဂေါ်ပြားကို ဖုံးတယ် ။ သတိကြီးကြီးထားပြီးချောင်း ကမ်းပါးနားသွားတယ် တစ်စက်ပြုတ်ကျတယ် ရှဲခနဲဆို မီးတွေထတောက်တယ်။ ..ဟာ ယမ်းတွေလားမသိဘူး ဆိုရိုက်တယ် ။

နောက် အနားကပ်သွားတယ်။မီးသတ်ရဲဘော်၂ဦးထိုင်နေတယ်။ အဲဒါဘာတွေတုန်းမေးတော့ ဇ၀က်သာဖြစ်မယ်တဲ့ ။ သူဖင်ခုထိုင်နေတဲ့အိတ်က ammonium chloride (ဇ၀က်သာ)အိတ်တွေ။

ဒါနဲ့ အစ်ကိုတို့အခုရှင်းနေတဲ့ပုံး တွေကိုပြောတာလို့မေးတော့ အင်းလေ ဇ၀က်သာတဲ့ ။ ထားပါတော့ ။ ဘယ်လိုရှင်းရတာတုန်းမေးတော့ ဒီကောင်က လေနဲ့ထိလို့မရဘူး လေထိတာနဲ့မီးလောင်တယ်။ ရေနဲ့တော့ဖျော်လို့ရတယ်။ ရေခြောက်လို့လေနဲ့တွေ့ရင်ပြန်လောင်တာလို့ပြောတယ် ။အဲဒီပုံးတွေကိုအိတ်တွေနဲ့ဖို့ပြီးဖွက်ထားတာ လို့ပြောတယ်။ အနီရောင်တွေလို့လည်းပြောတယ် ။

စစ်ဆေးပြီးလို့ပိုနေတဲ့ ပုံးထဲကအနီရောင်အဖတ်တွေကို ပုဇွန်တောင်ချောင်းစမ်မှာ ပစ်တယ် ။မီးခိုးတွေ အူတက်လာတယ် ရှဲခနဲရှဲခနဲ မီးတွေတက်လာတယ် ။ ဂေါ်ပြားတစ်ဝက်လောက်တောင်မှာ မီးခိုးလုံးနဲ့မီးလုံးနဲ့အလိပ်လိုက်တက်လာတယ် ။

ယမ်းစိမ်းနဲ့ ကန့်နဲ့ပေါင်းပြီး ၁၅ ပေအနက်ပေလေးဆယ်အကျယ် ငလျှင်စကေး ၃ ကျော်ကျော်ဖြစ်လောက်အောင်မပေါက်ကွဲနိုင်ပေမယ်။ ဒီပုံးတွေရာနဲ့ချီ စုထားရင် တော့ဒီလောက်အထိပေါက်နိုင်တယ်ဆိုတာသိသွားပြီ။

ဒါနဲ့ ထပ်အနားကပ်သွားတယ်။ CID တစ်ယောက်ကိုမရဲတရဲနဲ့မေးတယ် အဲဒါဘာပုံးတွေလည်းအစ်ကိုလို့။ ဒီပုံးတွေက ရပ်ဖော့စပရပ် ပါတဲ့။အင်္ဂလိပ်လိုဘယ်လိုပေါင်းသလဲမေးတယ်။  RED PHOSPHORUS တဲ့ ။ချက်ခြင်းသတိရမိလိုက်တယ်။ အကောက်ခွန်ကထုတ်တဲ့စာအုတ်ထဲက တားမြှစ် ဓါတုဗေဒစာရင်းမှာ အဲဒါပါတယ်ဆိုတာ။

မေးနေတုန်းမှာဘဲ  ကဒ်ပြားချိတ်ထားတဲ့လူတစ်ယောက်စိတ်ဆိုးနေတဲ့ပုံနဲ့ရောက်လာပြီး ညီလေးကဘယ်သတင်းဌာနကတုန်းမေးတယ်။ ဖြေတယ်။ ညီလေးရိုက်ချင်ရင်အပြင်မှာထွက်ပြီးရိုက်ကွာ ဒီမှာအလုပ်လုပ်နေတာအနှောက်အယှက်ဖြစ်တယ် ပြောတယ်။ မသိလို့ပါနော်အစ်ကို မနှောက်ယှက်တော့ပါဘူး ဖြေပြီးကုတ်ချောင်းချောင်းထွက်လာခဲ့တယ်။

မထွက်ခင်လှမ်းကြည့်လိုက်တော့ ပုဇွန်တောင်ချောင်းထဲကိုဖျော်ချနေကြတယ်။
ဒါအမှန်ဆုံးဘဲလို့ လေနဲထိရင်မီးလောင်ပေါက်ကွဲတဲ့အရာတွေကို ရေထဲဖျော်ချတာအကောင်းဆုံးလေ။ထပ်မလောင်တော့ဘူးပေါ့။

လမ်းရောက်တော့ ဥက္ကာကိုကိုတို့ဆီဖုန်းဆက်ပြောခဲ့သေးတယ် ဒါတုအသစ်တွေထပ်တွေ့တယ်လို့ ။ သူတို့သွားတော့ ရဲမှုးက ဇ၀က်သာအိပ်တွေကိုလက်ညှိုးထိုးပြပြီး ယမ်းစိမ်းအိတ်၂၀ တွေ့တယ်ဆိုပြောလွတ်လိုက်တယ်။ နောက်အပါတ် 7day မှာပါလာတယ်။

နောက် အယ်ဒီတာဆီဖုန်းဆက်တယ်။ ချက်ခြင်းပြေးတယ်။ လမ်းမှာ ဖုန်းဝင်လာတယ် ဂိုတောင်မီးထပ်လောင်တယ်တဲ့။ ဂိုတောင်မီးလောင်တာမဟုတ်ဘူး အစ်မရေ အကြွင်းအကျန်တွေရှင်းလင်းနေတာလို့ ပြန်ပြောဖြစ်တယ်။
ရုံးရောက်တော့ဖုန်းတွေဆက်တယ် ။ဓါတုဗေဒစတိုးတွေဆက်တယ်။ သူတို့က ပြောတယ် ဒီပစ္စည်းက သွင်းလို့မရဘူး ပိတ်ထားတယ်။မီးခြစ်စက်ရုံတွေမှာဘဲရှိတယ် ။အစိုးရမှာဘဲရှိတယ်။

ဒါနဲ့ဒီပစ္စည်းအကြောင်း အင်တာနက်မှာရှာတယ် MSDS တွေဒေါင်းလုပ်ဆွဲတယ်။ အဲဒီ RP က မီးခြစ်ဘူးဘေးကအပြားလေးလုပ်တဲ့နေရာမှာသုံးတယ်။မီးရှူးမီးပန်း ၊မီးလောင်ဗုံး လုပ်တဲ့နေရာမှာသုံးတယ်(အခုတော့အဲဒီမီးလောင်ဗုံးတွေ မလုပ်တော့ဘူးတဲ့) မတ်သာအဖက်တမင်းချက်လုပ်တဲ့နေရာမှာသုံးလို့ တစ်ကမ္ဘာလုံးမှာ ပိတ်ပင်ထားတယ် ။ အရောင်းအ၀ယ်တွေစောင့်ကြည့်နေတယ်။

စိတ်ကြွဆေးဘယ်လိုချက်သလဲ ဆိုတော့ အက်ဖီဒရင်းဆိုတဲ့ ဓါတုဗေဒတစ်မျိုးရာယ် RP ရာယ် နောက်အိုင်အိုဒင်းရာယ်ပေါင်းပြီးချက်တာလို့သိရတယ်။ အဲဒီသုံးခုစလုံး မူးယစ် က ပြည်သူတွေ လုံးဝ ကိုင်ခွင့်မပြု ဇယား၁ ထဲမှာ ပါတယ်။

ရှုပ်ကုန်ပြီ။ ဒါနဲ့ ပေါက်ကွဲတဲ့နေရာပြန်သွားတယ် ။မီးခြစ်စက်ရုံရှိတယ်ဆိုလို့ ။ မီးခြစ်စက်ရုံကလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မန်းလေးဘက်ကိုပြောင်းသွားတာတဲ့ ။

ဒါဆို အဲဒီပစ္စည်းတွေပိုင်ရှင်က ဘယ်က၀ယ်ထားသလဲ ဘာလုပ်ဖို့လဲ ။ပုဂ္ဂလိကပိုင်မီးခြစ်စက်ရုံတည်ဖို့လား ။ မီးခြစ်စက်ရုံတည်ရင်လည်း ပုံးတစ်ပုံးလောက်ရှိရင်မီးခြစ်ဗူးပေါင်းသန်းနဲ့ချီပြီး နှစ်ပေါင်းများစွာလည်ပါတ်လို့ရတယ်ဆိုတာသိထားတယ်။ ယမ်းမီးခြစ်တွေခေတ်မရှိတော့ဘူးဆိုတာလည်းသိထားတယ်။

သေတဲ့သူတွေက သေသွားကြပြီး သေလုမြောပါးခံစားနေရတဲ့သူတွေလည်းဆေးရုံကမဆင်းသေး..တွင်းကြီးကိုတော့ ပြန်ဖို့ဖို့လုပ်နေကြပြီ။
ခုထိ မေတ္တာမွန်ဂိုတောင်ပေါက်ကွဲမှုက ပဟေဠိဆန် နေတုန်း...


 
၂၉နေ့ညက
နောက်ထပ်ပေါက်ကွဲမှာကြောက်လို့ ပုဇွန်တောင်ချောင်းကမ်းပါးတွင်ပုန်းခိုနေသူများ
 
စုံစမ်းစစ်ဆေး
 
မီးစုန်းနီပုံးများ
 
မီးစုန်းနီ (RP)တွေချောင်းကမ်းပါးမှာသွန်ချ မီးတွေထတောက်
မီးစုန်းနီများလေဖြင့်မထိတွေ့အောင်သဲဖြည့်ထားပုံ
 
UN cn /580029 PI :001

အခြေခံအခွင့်အရေး အတွက် ဆန္ဒပြသူ ထိန်းသိမ်းခံရ




DVB TV News
ရန်ကုန်တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြပွဲ ဒီနေ့ ဖြစ်ခဲ့ပါတယ်။ ကျန်စစ်သားလမ်းမှာ အင်္ဂါနေ့ မနက် ဇန်န၀ါရီ ၁၀ ရက် ကိုးနာရီခွဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဝင် ဦးစိုးကြွယ်ဟာ ဆိုင်းဘုတ်ကိုင်ပြီး တကိုယ်တော် ဆန္ဒပြခဲ့တာပါ။ အစိုးရ ၀န်ထမ်းတွေရဲ့ လဒ်စားမှုတွေ၊ ပြည်သူတွေအပေါ် အဓမ္မငွေကြေး ကောက်ခံတာတွေကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြသူရဲ့ သားဖြစ်တဲ့ ကိုညီညီမင်းက ပြောပါတယ်။ တကိုယ်တော်ဆန္ဒပြသူ ဦးစိုးကြွယ်ကို နောက်ပိုင်းမှာ တောင်ဒဂုံရဲက ဖမ်းပါတယ်။ အာမခံပေးတယ်လို့  သိရပေမဲ့ အမှုစွဲတင်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီ အထိ ရဲစခန်းထဲက ထွက်မလာသေးပါဘူး။ ။


By , on January 10, 2012 6:14 pm

အခြေခံ လူ့အခွင့်အရေးများကို တောင်းဆိုဆန္ဒပြသည့် ရန်ကုန် တောင်ဒဂုံမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးစိုးကြွယ်ကို ဒေသခံ အာဏာပိုင်များက ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
“ဥပဒေ မထုတ်ရသေးတဲ့အတွက် ဒီလိုမျိုး ခွင့်မပြုဘူး၊ ဆက်မသွားပါနဲ့ ပြောတော့ အဖေက မင်းတို့လည်း မင်းတို့ အလုပ်လုပ်တာ၊ ငါလည်း ငါ့အလုပ် ငါလုပ်မယ်ဆိုပြီး ဆက်လျှောက်တော့ ဖမ်းသွားတယ်။ လောလောဆယ်တော့ တောင်ဒဂုံ ရဲစခန်းမှာ စစ်ဆေးနေတုန်းပဲ” ဟု သားမက်ဖြစ်သူ ကိုညီညီဌေးက ပြောသည်။


အခြေခံအခွင့်အရေးများ တောင်းဆို ဆန္ဒပြနေသည့် ဦးစိုးကြွယ် (ဓာတ်ပုံ - DVB ရုပ်သံမှကူးယူသည်)

ဦးစိုးကြွယ်ကို တောင်ဒဂုံမြို့နယ်မှူးက စစ်ဆေးမေးမြန်းမှုများ ပြုနေပြီး အာမခံပေးနိုင်သည့် ပုဒ်မမျိုးဖြစ်ပါက အာမခံ ပေးနိုင်ရန်အတွက် ပြင်ဆင်ထားရန် မိသားစုဝင်များကို မှာကြားလိုက်သည်ဟု သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါတီအမည်သုံးက ငွေကြေး ကောက်ခံနေခြင်းများကို အရေးယူပေးရန်၊ ၀န်ထမ်းများ အကျင့်ပျက် လာဘ်စားနေမှုများကို တိုင်ကြားပါက အရေးယူပေးရန်၊ ရပ်ကွက်အတွင်းရှိ လမ်းများကို တပြေးညီဖြစ်အောင် ခင်းပေးရန်၊ ယာဉ်လိုင်း ပြေးဆွဲနေသော လမ်းများကို အဓိကထား ပြုပြင်ပေးရန်၊ လျှပ်စစ်မီတာခကို ပြန်လည် ပြင်ဆင်ပေးရန်နှင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ မြို့တော်စည်ပင် ရေပေးဝေရေးမှ ရေကို ရေမီတာဖြင့် ပေးဆောင် သုံးစွဲနေသူများအတွက် ရေပုံမှန် ရရေး ဆောင်ရွက်ပေးရန် စသည့် အချက်များ ရေးသားထားသော စာရွက်ကို ဦးစိုးကြွယ်က ကိုင်ဆောင်ကာ တောင်ဒဂုံ ၇၁ ရပ်ကွက် အောင်စုမွန် လက်ဖက်ရည်ဆိုင်မှ စတင်၍ မိသားစုဝင်များ၊ တောင်ဒဂုံ NLD ပါတီဝင်တချို့တို့နှင့် အတူ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။
တောင်ဒဂုံမြို့နယ်အတွင်းတွင် ကြံ့ဖွံ့ ပါတီဝင်များက ပါတီအမည်သုံးကာ မြို့နယ်တွင်း ပြုပြင်မှုများ ပြုလုပ်ပေးမည်ဆို၍ ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း၊ ရပ်ကွက်များအတွင်းရှိ လမ်းများမှာလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ကြံ့ဖွံ့ ပါတီ မဲဆွယ် စည်းရုံးသည့် အနေဖြင့် ခင်းပေးထားသည့် လမ်းများဖြစ်ပြီး တ၀က်တပျက်နှင့် မပြီးပြတ်သေးဘဲ ကျန်သည့် လမ်းပိုင်းများမှာလည်း ယိုယွင်းနေသောကြောင့် သွားလာရ ခက်ခဲနေကြောင်း တောင်ဒဂုံ ဒေသခံများက ပြောသည်။
ထို့အတူ လျှပ်စစ်မီတာခ နှုန်းထားများကို ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်လိုက်သည့်အတွက် ပြည်သူလူထု အနေဖြင့် စားဝတ်နေရေး ကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း၊ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံသော်လည်း လျှပ်စစ်မီး ပုံမှန်မရခြင်း၊ ရေပုံမှန် မရခြင်းတို့ကို တင်ပြ တောင်းဆိုခွင့်မှာ နိုင်ငံသားတိုင်းတွင်ရှိကြောင်း ဦးစိုးကြွယ်က ပြောဆိုသဖြင့် ယခုကဲ့သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များကဆိုသည်။
ဦးစိုးကြွယ်သည် ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးတက်၍ ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး မြစ်ကြီးနား ထောင်၌ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။
http://burma.irrawaddy.org/archives/4680

အင်္ဂါ, 10 ဇန်နဝါရီ 2012
တောင်ဒဂုံ တကိုယ်တော်ဆန္ဒပြသူဖမ်းဆီးခံရ

By မအေးအေးမာ

ဒီကနေ့ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ တကိုယ်တော်ဆန္ဒပြခဲ့သူ အသက် ၆၇ နှစ်အရွယ် NLD ပါတီဝင် ဦးစိုးကြွယ်ကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ဦးစိုးကြွယ်ဟာ လူအခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုရည်ရွယ်ပြီး ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ လောလောဆယ် သူ့ကို ဘယ်မှာထိန်းသိမ်းထားသလဲ၊ နောက်ဆုံးအခြေအနေတွေကိုသိရအောင်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

တောင်ဒဂုံမြို့နယ် ကျန်စစ်သားလမ်းမကြီးပေါ်မှာ လူအခွင့်ရေးနဲ့တရားဥပဒေ စိုးမိုးရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခြေခံလိုအပ်ချက်တွေကို တောင်းဆိုဆန္ဒပြတဲ့ NLD ပါတီဝင် ဦးစိုးကြွယ်ဟာ မနက် ၉ နာရီကျော်မှာပဲ အဖမ်းဆီးခံရကြောင်း မိသားစုဝင်တဦးက ပြောပြပါတယ်။

“ခေါင်းစဉ်ကတော့ မိမိအခွင့်အရေးကို မိမိတောင်းဆိုခွင့်ရှိသည်။ တောင်းဆိုချက်ထဲမှာ ပါတီအမည် သုံးပြီး လမ်းသူလမ်းသားများထံမှ ငွေကြေးကောက်ခံထားခြင်းကို အရေးယူပေးပါ၊ နံပါတ် (၁) က၊ နံပါတ် (၂) က အကျင့်ပျက်ဝန်ထမ်းများအား တိုင်ကြားထားခြင်းကို အရေးယူပေးပါ။ နံပါတ် (၃) က ရပ်ကွက်အတွင်း ကျန်ရှိနေသည့်လမ်းများအား တပြေးညီ ကွန်ကရစ်ခင်းပေးပါ။ နံပါတ် (၄) အချက်က မြို့နယ်အတွင်း ယာဉ်လမ်းပြေးဆွဲနေသည့် အဓိက မိန်းလမ်းမကြီးများအား ပြုပြင်ပေးပါ။ နံပါတ် (၅) က လျှပ်စစ်မီတာခ၊ မီတာထိန်းသိမ်းခနှင့် မီတာခများပြင်ဆင်ပြီး ၂၄ နာရီ မီးရရှိရေး ဆောင်ရွက်ပေးပါ။ နံပါတ် (၆) က မြို့နယ်အတွင်းရှိ ရေမီတာသုံးစွဲသူများ ရေအပြည့်အဝရရှိရေး ဆောင်ရွက်ပေးပါ။

ရည်ရွယ်ချက်-လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် - တကိုယ်တော် ဆန္ဒပြတာပေါ့။ ဆိုင်းဘုတ်ကိုင်ပြီး ဒီတိုင်း လျှောက်သွားတာပေါ့။ ကားမှတ်တိုင် ၂ မှတ်တိုင်လောက် လျှောက်ပြီးတော့ ခေါ်တင်သွားရော”

ဆန္ဒပြပြီးတဲ့နောက် သူနောက်ကနေ လူအင်အား ၅၀ လောက်က လိုက်ပါတောင်းဆိုဖို့ လူစုဝေး ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ရဲတွေ က သူကိုခေါ်သွာပြီးနောက် တောင်ဒဂုံရဲစခန်းမှာ ထားကြောင်း မိသားစုက အာမခံပေးဖို့ တောင်းဆိုနေဆဲဖြစ်ကြောင်းတွေကိုလည်း ပြောပြပါတယ်။

“အခုချိန်က စခန်းမှာ၊ စခန်းကတော့ စခန်းမှူး၊ မြို့နယ်မှူးကတော့ အာမခံရမယ်လို့တော့ ပြောလိုက် တယ်။ လောလောဆယ် အာမခံလုပ်ဖို့သွားတဲ့အခါကျတော့ သူတို့အကြောင်းကြားပါ့မယ်တဲ့။ ခဏ ပြန်လိုက်ပါအုံးတဲ့။ ပြန်ပြီးတော့ နားပြီးတော့မှ ကျနော်တို့အကြောင်းကြားမယ်ပေါ့လေ၊ အာမခံ အတွက်။ မေးတော့ မေးသွားတယ်။ သေချာ မသေချာတော့ မသိသေးဘူး။ အခုကတော့ မြို့နယ်မှူးနဲ့ စခန်းမှူးနဲ့ကတော့ သဘောချိုပါတယ်။ အာမခံပေးမယ် ပြောထားတယ်။ ကျနော်တို့လည်း ဒါ မိသားစု စဘော်လေးတွေ၊ ဘာတွေ၊ ညာတွေနဲ့ အာမခံဖို့ တင်ထားပြီးသွားပြီ။”

တောင်ဒဂုံက လမ်းတွေဟာအရင် ၂၀၁၀ ရွေကောက်ပွဲမတိုင်ခင်က ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေး ဆင်းပြီး လမ်းတွေခင်းပေးမယ်ဆိုတာမျိုးတွေကို လုပ်ဆောင်ခဲ့သလို လမ်းကြေးကောက်ခံပြီး စံနစ်တကျ ခင်းပေးတာတွေလည်းမရှိတာမျိုး တွေရှိတယ်လို့ ရပ်ကွက်လူထုက ပြောပါတယ်။

ဦးစိုးကြွယ်ဟာ တောင်ဒဂုံမြို့နယ်ထဲက လူထုခံစားနေရတာတွေကို အရေးယူဆောင်ရွက်ပေးဖို့ အတွက် ဆန္ဒပြခဲ့တာဖြစ်ကြောင်း သူတောင်းဆိုချက်တွေဟာ သူတိုမြို့နယ်တွင်းက ပြည်သူတွေ ရသင့်ရထိုက်တဲ့ အချက်အလက်တွေသာဖြစ်ကြောင်း သူရဲ့လုပ်ဖော်ကိုင်ဘက်တွေက ဆိုပါတယ်။

မကြာသေးခင်ကပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးအောင်မြင့်ဟာ ဘိုကလေးမြို့မှာ သံခြေကျင်းခတ်ပြီး ဆန္ဒပြခဲ့သလို တွံတေးမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ဖေဟာ ထောင်ဝတ်စုံဝတ်ပြီး တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေကိုတော့ ဖမ်းဆီးတာမျိုးတွေ မရှိပေမယ့် စောင့်ကြည့်မှတ်တမ်းတင်တာတွေကို လုပ်ခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာပဲ အရင်တုန်းကလို စောင့်ကြည့်သတင်းယူတာအပြင် ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်နေဆဲပဲ ဖြစ်ပါတယ်ရှင်။
http://www.voanews.com/burmese/news/---01_10_12_my-news-burma------137005548.html

Yangon Press International
တောင်ဒဂုံ တွင် တကိုယ်တော် ဆန္ဒပြ
ဇန်န၀ါရီ ၁၀ ရက်၊ နံနက် ၁၁နာရီ (YPI)

ယနေ့နံနက် ၉နာရီ ၄၅ မိနစ်မှ စ၍ တောင်ဒဂုံ ၇၀ ရပ်ကွက်အနီး၌ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးစိုးကြွယ် တောင်းဆိုချက် ၆ ချက်ကို ဗီနိုင်းတွင်ရေးသား ကိုင်ဆောင်ကာ တကိုယ်တော် ဆန္ဒပြခဲ့သည်။
၁၅ မိနစ်ကြာ လမ်းလျှောက် ဆန္ဒပြပြီးနောက် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များက ဦးစိုးကြွယ်အား ကားဖြင့်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့လိုက်ရသူ တဦးက YPI သို့ပြောသည်။
“ သူ့ကို ဆွဲတင်တော့ ဦးစိုးကြွယ်က ဆွဲမတင်နဲ့ ဂုဏ်သိက္ခာရှိရှိ လိုက်မယ်ပြောပြီး လိုက်သွားတယ်၊ ခေါ်သွားတာတောင် တောင်းဆိုချက် ၆ ချက်ပါတဲ့ ဗီနိုင်းကို ကိုင်လျှက်သားပဲ” ၎င်းမျက်မြင်တွေ့သူက ပြောပြသည်။
တောင်းဆိုချက် ၆ ချက်မှာ ကွန်ကရစ်လမ်းများ ခင်းပေးရေး၊ မီတာထိန်းသိမ်းခ နှင့် မီတာခ လျှော့ချရေး၊ ရေမော်တာမှရေ ပုံမှန်ရရှိရေး၊ အစိုးရ၀န်ထမ်းများ အကျင့်ပျက်မှု အရေးယူပေးရေး၊ ၂၄ နာရီမီးပုံမှန်ရရှိရေးနှင့် အစိုးရ၀န်ထမ်းများ၏ အခက်အခဲကို တာဝန်ယူဖြေရှင်းပေးရေး တို့ဖြစ်သည်။
ဦးစိုးကြွယ်နှင့် အခြားနိုင်ငံရေး လှုပ်ရှားသူတို့မှာ ယခုလ ၄ ရက်နေ့က ငြိမ်းချမ်းစွာစုဝေး စီတန်းခွင့် သက်ဆိုင်ရာတွင် လျှောက်ထားခဲ့သော်လည်း ချပေးခြင်းမရှိသဖြင့် ယခုကဲ့သို့ တကိုယ်တော် ဆန္ဒပြခြင်းဖြစ်သည်ဟု နိုင်ငံရေးလှုပ်ရှားသူတဦးက ပြောသည်။
ဦးစိုးကြွယ်မှာ ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၂ နှစ်အပြစ်ပေးခံရဖူးကာ နောက်ပိုင်း လူ့အခွင့်အရေး ဆိုင်ရာ ကလေးစစ်သားပပျောက်ရေး ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေး နေသူတဦးဖြစ်သည်။ ၎င်းသည် တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတဦးဖြစ်သည်။ ။

၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ လမ်းကြောင်းအပေါ်မှာ ရပ်တည်ချက်သုံးချက်နဲ့ ၀ိုင်းရံထောက်ခံသွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြော

Burma VJ Media Network




အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်
2012-01-10

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

(Photo: AFP)

‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)

“အဖွဲ့ချုပ်ထဲကို ၈၈ မျိုးဆက်ကနေ ကျောင်းသားတွေဟာ အစုအဖွဲ့နဲ့ ဝင်ရောက်မှာ မဟုတ်ဘူး။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒတွေ အပေါ်ကနေ ဝင်ရောက် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် အနှံ့၊ ပြောမယ်ဆိုရင် နယ်မြို့တွေက လူတွေ တော်တော် များများဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ရပ်တည်ကြဖို့ ဆန္ဒ သဘောထား ရှိပါတယ်။ ရန်ကုန်မှာတော့ တချို့က အဖွဲ့ချုပ်ရဲ့ ပြင်ပကနေပြီးတော့ပဲ ဝိုင်းရံမယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ အခုကာလမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တစ်ရပ်ကို ဆောင်ရွက်နေတဲ့ အခြေအနေမှာ ၂၀၁၀ ကြားဖြတ် ရွေးကောက်ပွဲကို ဒီမိုကရေစီရေး တိုက်ပွဲ အသွင်သဏ္ဌာန်နဲ့ လူထုပါဝင်တဲ့ လူထုလှုပ်ရှားမှုပုံစံ ကျွန်တော်တို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားမယ့် ဒီမိုကရေစီ တိုက်ပွဲ တစ်ခုပါ။”

လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အချင်းမှာလည်း ဒီမိုကရေစီရေး အပေါ် သစ္စာစောင့်သိသူတွေ၊ ပညာ အရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံ ရှိသူတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့ အန်အယ်လ်ဒီက ကြေညာထားပါတယ်။

ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေကိုတော့ အန်အယ်လ်ဒီ ပါတီကို မနက်ဖြန် နောက်ဆုံး စာရင်း ပေးသွင်းရပါမယ်။

ဒီအတောအတွင်း မနေ့က ကျင်းပတဲ့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ မိမိ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဗဟို အလုပ်အမူဆောင် အဖွဲ့ကလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာအနက် အန်အယ်လ်ဒီ ပါတီက ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းကို ဇန်န၀ါရီ ၁၁ ရက်နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။
http://www.rfa.org/burmese/news/nld-youth-elected-01102012112348.html

လွတ်ခါနီး နာရီပိုင်းအလိုမှ အမှုသစ် တိုးခံလိုက်ရတဲ့ အင်းစိန်ထောင်မှ မန်းငြိမ်းမောင်





by Burma VJ Media Network on Tuesday, January 10, 2012 at 1:51pm
ဇန်န၀ါရီလ ၁၀ ရက်-၂၀၁၂

-ကျနော် သန့်ဇင်ထွန်းပါ ခင်ဗျာ။
-ဟုတ်ကဲ့ ကျနော် ဘားမားဗီဂျေမီဒီယာကပါ။ ကိုသန့်ဇင်ထွန်း ဘယ်ရက်က ပြန်လွတ် လာတာလဲ မသိဘူး  ခင်ဗျာ။
-၅ရက်နေ့က ပြန်လွတ်လာတာပါ

-အင်းစိန်ကနေ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အင်းစိန် ဘယ်တိုက်ကနေ ပြန်လွတ်လာတာ ပါလဲ ခင်ဗျာ။
-လေးရှည်တိုက် ၉ ခန်းက ခင်ဗျာ

-အဲဒီမှာ ကိုသန့်ဇင်ထွန်းက အခု ဖထီး မန်းငြိမ်းမောင်နဲ့ အတူတူ နေခဲ့ရတယ်လို့ သိထားရတယ် ခင်ဗျ
 ဖထီး မန်းငြိမ်းမောင်ရဲ့အခြေအနေလေး ပြောပြပါအုံး ခင်ဗျာ။
-ဟုတ်ကဲ့ ဖထီးနဲ့ ကျနော်က တတိုက်တော့ တတိုက်စီပါဘဲ။ တွေ့ရတာတော့ တွေ့ရပါတယ်။ ဖထီးကကျန်းမာရေးလဲ ကောင်းပါတယ်။ မဆိုးပါဘူး။ သူ့ကို နောက်မှု ကပ်တယ်လေ။ နှစ်မှု ကပ်တယ်ဗျာ။ အဲဒါလေး နဲနဲပြောမယ်ဗျာ။ သူ့ကို နောက်မှုကပ်တာက နိုင်ငံတော်(လွတ်ငြိမ်းချမ်းသာခွင့်) လာတဲ့နေ့ဗျာ။ နိုင်ငံတော် လာတာက  ၂ရက်နေ့ ၄ နာရီမှာ လာတယ်ဗျာ။ သူ့ကို နောက်မှုကပ်ဖို့ ခေါ်ထုတ်သွားတာက နိုင်ငံတော် လာဖို့ နာရီဝက်အလို ၃း၃၀ နာရီမှာ ခေါ်ထုတ်သွားတယ်။ နောက်ထပ် နှစ်မှုကပ်တယ်၊ သူ့ကို ရုံးထုတ်မဲ့နေ့က  ၁၂ရက်နေ့။ လာမဲ့ ၁၂ ရက်နေ့ဗျာ။ အဲဒီ ၁၂ ရက်နေ့က ခင်ဗျားတို့လဲ သိတဲ့အတိုင်းဘဲနောက်ပြီးတော့ထုတ်တဲ့ တရားရုံးက အထူးတရားရုံး ဖြစ်နေတယ်။

-၂ ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင့် ကြေငြာတာက ၄ နာရီ ဖထီးကို နောက်မှု လာကပ်တာက ၃း၃၀ နာရီ ပေါ့ အဲဒါဘာကြောင့်လို့ ကိုသန့်ဇင်ထွန်း ထင်ပါသလဲ ခင်ဗျာ။
-ထင်မြင်ချက် ကတော့ဗျာ ဒါကြီးကတော့ မကောင်းဘူးပေါ့ဗျာ။ လွတ်ရက်လဲ စေ့နေပြီ နာရီပိုင်း အလိုမှ  ဒါမျိုး လုပ်တာတော့ မကောင်းဘူး။ အဲဒါလေးကိုဘဲ ကျနော်တို့ မြင်တယ်

- ဟုတ်ကဲ့ ဖထီးက ပထမတမှုမှာ ဘာပုဒ်မနဲ့ ထောင်ဘယ်လောက် ချထားတာလဲ ခင်ဗျာ။
- ကျနော်က အဲဒီလောက်ကြီး အတိအကျ မသိဘူးဗျ။ နောက်ကပ်တဲ့ အမှုကတော့ ကျနော် ကြားတာကတော့ ၁၇(၁)၊ ၁၂၂(၁) (လူဝင်မှုကြီးကြပ်ရေး) အမှုပေါ့။ဟိုအမှုက ၆ လ လားမသိဘဲကျတာ။ ကျနော် အဲလောက်ဘဲ သိတာ

- ဟုတ်ကဲ့ သူက ၆ လ ဘဲကျထားတာ ဆိုတော့ ၂ ရက်နေ့မှာ ကြေငြာတဲ့ နိုင်ငံတော် ကြေငြာချက်နဲ့ ဆိုရင် သူ ၆ လ ကလွတ်တယ်လို့ ယူဆလို့ ရတာပေါ့နော်။
- ဟုတ်ကဲ့။ တကယ်လို့ အဲဒီနေ့မှာ နောက်မှု ထပ်မကပ်ဘူး ဆိုရင် လွတ်တယ်။

- ဟုတ်ကဲ့ နိုင်ငံတော်မလာခင် နောက်မှု လာမကပ်ဘူးဆိုရင် သူက လွတ်တယ် ပေါ့နော်။ အဲဒီတော့ ကိုသန့်ဇင်ထွန်း မလွတ်ခင် သူ့ကို နောက်ဆုံး မြင်တွေ့ရသလောက် သူ့ရဲ့ ကျန်းမာရေး အနေအထားလေး   မြင်ရ ကြားရ သလောက် ပြောပြပေးပါအုံး ခင်ဗျာ။
- ကျန်းမာရေး ကတော့လေ ဖထီး ကိုယ်တိုင် ပြောတာပေါ့နော် ကျန်းမာရေးက မဆိုးပါဘူး ကောင်းပါတယ်။  ကျန်းမာရေးကတော့ ကောင်းတယ်။ ဖထီးကတော့ နောက်မှု ဘယ်လောက်ဘဲ ကပ်ကပ် တုန်လှုပ်မှု  မရှိဘူး။ ဒီထဲမှာ ရဲရဲဝံ့ဝံ့ဘဲ နေသွားမယ်၊ ကျန်းမာရေး ကောင်းကောင်း ပေါ့နော်။ နေရေး ထိုင်ရေးကတော့   ဒီထဲမှာဖထီးကို ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးက ဂရုစိုက်ကြပါတယ်။ တခြား စားစရာ သောက်စရာက အစပေါ့နော် ကျန်းမာရေး ကောင်းပါတယ် ဟုတ်ကဲ့။

- သူ့ မိသားစုကကော ထောင်ဝင်စာတွေ ဘာတွေ လာတယ်လို့ကော ကြားမိလား ခင်ဗျာ။
- ဟုတ်ကဲ့ အဲဒါတော့ ကျနော် မကြားမိဘူး ခင်ဗျ။ မလာနိုင်ဘူး ထင်တယ်ဗျ ဟုတ်ကဲ့။ ကျနော် ရှိနေစဉ်   အတွင်း ဖထီး ထောင်ဝင်စာလာတာ တခါမှ မမြင်မိဘူး အခုတော့မသိဘူးပေါ့ ကျနော်ရှိ နေတုန်းကတော့   တခါမှမလာပါဘူး

- ဟုတ်ကဲ့ အခုဇန်နဝါရီ ၁၂ ရက်နေ့မှာ ဖထီးကို အထူးတရားရုံး ထုတ်မယ်ပေါ့နော်။ အဲဒီဟာကိုကော  အကို့ အနေနဲ့ ဘယ်လိုမြင်လဲ ခင်ဗျာ။
- အထူးတရားရုံး ဆိုတာမရှိသင့်ဘူး ခင်ဗျ။ အထူးတရားရုံးက အင်းစိန် ထောင်ထဲမှာရှိတဲ့ တရားရုံးဗျ။ ကျနော်တို့ တရားရုံးဆိုတာက အများပြည်သူရှေ့မှာဘဲ စစ်ရမယ်လေ။ ကျနော်တို့ နိုင်ငံရေး အကျဉ်း  သားတွေကို အထူး တရားရုံးမှာဘဲ လူမသိ သူမသိ စစ်သွားတယ်။ ရှေ့နေတွေလဲ ဘာမှမပါဘူးဗျ။ ကျနော်တို့ဆိုရင်လဲ အထူး တရားရုံးနဲ့ချတာဘဲဗျ ဒါမရှိသင့်တဲ့ကိစ္စဘဲ။ ဒီကိစ္စဟာပေါ့နော်။ အမှုစစ်စရာ   ရှိရင်လဲ အများပြည်သူရှေ့မှာ စစ်ပေါ့ဗျာ။ အခုတော့ တရားဥပဒေ စိုးမိုးရေး ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်း  ထုတ်စရာ ဖြစ်နေတယ်။

-- ဟုတ်ကဲ့ ကိုသန့်ဇင်ထွန်းကကော ဘယ်နှစ်ခုနှစ်က ထောင်စကျပြီးတော့ ပြန်လွတ် လာတာလဲ ခင်ဗျာ။
- ကျနော် ၂၀၀၉ ကပါ အကို။၂၀၀၉  ၁၀ လ ၂၂ ရက်နေ့ပါ အကို။ ကျနော်တို့လဲ အထူးတရားရုံးကဘဲ   ချခဲ့တာ။ဒီအထူးတရားရုံးကြီးက ရှိကိုမရှိသင့်ဘူးဗျ။ အဲဒီမှာ လူတွေလဲ ဘယ်သူမှ မဝင်ရဘူး မထွက်ရဘူး။
တရားဥပဒေစိုးမိုးရေး ဆိုတဲ့စကားလုံးက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

- ကိုသန့်ဇင်ထွန်းရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ
- ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ


တယ်လီဖုန်း အင်တာဗျုး အသံအရည်အသွေး အားနည်းသဖြင့် စာဖြင့် ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။
photo credit - http://karennews.org

မှတ်ချက် -
မန်းငြိမ်းမောင်အား၂၀၁၁ ဇူလိုင်လအတွင်း တရုတ်ပြည်သို့ခရီးထွက်သွားရာမှစတင်ပျောက်ဆုံးခဲ့ပြီး တရုတ်အာဏာပိုင်များက သူ့အား မြန်မာအာဏာပိုင်များထံအပ်နှံခဲ့ခြင်းဖြစ်ပါတယ်။၂၀၁၁ စက်တင်ဘာ ၂၇ရက်နေ့မှာ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ထောင် ၆လ ကိုပထမဦးစွာ ချခံခဲ့ရခြင်းဖြစ်ပါတယ်။