Thursday, January 26, 2012

အစိုးရ နဲ့ အတိုက်အခံ တန်တူအခွင့်အရေးရဖို့က အဓိက

ဗုဒ္ဓဟူး, 25 ဇန်နဝါရီ 2012


By ဦးကျော်ဇံသာ
မြန်မာနိုင်ငံမှာ ပါလီမန်အတိုက်အခံတွေကို အစိုးရက တန်တူအခွင့်အရေးပေးပြီး လေးလေးစားစား ဆက်ဆံရေး ပေါ်ထွန်းရေးစနစ်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက စံတရပ်ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ Dr. Josef Silverstein က ပြောဆိုလိုက်ပါတယ်။ ဦးကျော်ဇံသာ က ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ Dr. Josef Silverstein ကို ဆက်သွယ် ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဟာ အခုအခါမှာ ဒီမိုကရေစီဖြစ်ထွန်းရေးဆီကို ဦးတည်ရွေ့ လျားနေတယ်လို့ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများက ယူဆနေကြပါတယ်။ ဒီကိစ္စအပေါ် ဆရာကြီးရဲ့  သဘောထားကို သိချင်ပါတယ်။

Dr. Josef Silverstein ။ ။ ကျနော်တို့ နားလည်းထားရမယ့် ကိစ္စ နှစ်ခု ရှိပါတယ်။ ပထမတချက်က မြန်မာအစိုးရဟာ အရေးကြီးတဲ့ အတိုက်အခံအင်အားစုဖြစ်တဲ့ ကရင် ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေပါတယ်။ ရှမ်းအပါအဝင် တခြား တိုင်းရင်းသားအင်အားစုတွေနဲ့လည်း အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ကချင်နဲ့တော့ သိပ်တိုးတက်မှု မရှိသေးပါဘူး။ ဒါကတော့ ကျနော် သိရှိထားတဲ့ အခြေအနေပါ။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားအတိုက်အခံတွေ ပြဿနာအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြေပေါ်အင်အားစုတွေအပေါ် သဘောထားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေပေါ် ဆရာကြီး ဘယ်လိုမြင်ပါသလဲ။

Dr. Josef Silverstein ။ ။ ဒီဘက်မှာတော့ အခြေအနေ ပိုကောင်းတဲ့ပုံ ပေါက်နေပါတယ်။ ဧပြီလမှာလုပ်မယ့် ရွေးကောက်ပွဲပြီးရင် ကျနော်တို့ ပိုပြီး တိတိကျကျ ပြောလာနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ပြီး ပါလီမန်မှာ နေရာရလာတဲ့အခါ အစိုးရက ဘယ်လိုတုံ့ပြန်မလဲ။ မဲဆွယ်ချိန်မှာ လွတ်လွတ်လပ်လပ် ဟောပြောခွင့် ပေးမလား။ လူထုက သူကို တခဲနက် ထောက်ခံပြီး အတိုက်အခံခေါင်းဆောင်အဖြစ် သတ်မှတ်လာကြရင်ကော စစ်တပ်က၊ ဒါမှမဟုတ် အစိုးရက အဲဒါကို သဘောတူခွင့်ပြုမလားဆိုတာတွေကို ကြည့်ရမှာပါ။ ဒါကြောင့် ကျနော် သတိထားပါတယ်။ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ သတိနဲ့ အကောင်းမြင်တာပါ။ အခုတော့ ရွေးကောက်ပွဲဆိုတာ ရှိခဲ့ပြီ။ အမည်ခံ ဒီမိုကရေစီ။ ဒါမှမဟုတ် ပွင့်လင်းတဲ့ အစိုးရဆိုတာ ရှိနေပါပြီ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ တကယ် စမ်းသပ်ဖို့ လိုနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင်အနေနဲ့ ပေါ်ထွက်လာမှ လူထုဆန္ဒကို ကိုယ်စားပြုပြီး လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့် ရှိမရှိနဲ့ စမ်းသပ်ရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ လူတွေက ကြားဖြတ်ရွေးကောက်ပွဲကိစ္စကို အတော်လေး အလေးထားပြောနေကြပါတယ်။ ဒီ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အရေးကြီးတယ်။ ဒါကို စောင့်ကြည့်ပြီးမှ ပိတ်စို့အရေးယူမှုကိစ္စကို စဉ်းစားမယ် ဘာညာ ပြောကြတာ ရှိပါတယ်။ ဒါပေမဲ့ ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက်များ အရေးကြီးလိုလဲ။ ဒီ ရွေးကောက်ပွဲ နိုင်ရုံနဲ့ ယူနီဖောင်း ပြောင်းထားတဲ့ အစိုးရရဲ့  အာဏာကို စိန်ခေါ်လာနိုင်မှာလဲ မဟုတ်ပါဘူး။ ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်ဟာ လွှတ်တော်နှစ်ရပ်လုံးမှာ အများကြီး အပေါ်စီးယူထားပြီး ဖြစ်ပါတယ်။ ဆိုတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ မျှမျှတတ လုပ်ပေးဖို့က အစိုးရအတွက် သိပ်ဝန်လေးမယ် မထင်ပါဘူး။ လွတ်လပ်မှု ပေးသွားမယ် ထင်ပါတယ်။

Dr. Josef Silverstein ။ ။ ဒါကတော့ ခင်များ ကျနော်ရဲ့  မှတ်ချက်စကားကို နိဂုံးမှားဆွဲတယ် ထင်ပါတယ်။ ကျနော် ပြောလိုတာက သူဟာ တိုင်းပြည်ခေါင်းဆောင်မှုရာထူး ဒါမှမဟုတ် အစိုးရယန္တယားရဲ့  အစိတ်အပိုင်းတခုခုကို ရယူမယ့်ကိစ္စ မဟုတ်ပါဘူး။ အစိုးရက သူအပေါ် မျှမျှတတ တန်တူထားပြီး ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတာပဲ ဖြစ်ပါတယ်။ သူကို လွတ်လွတ်လပ်လပ် လှုပ်ရှားပြောဆိုခွင့် မပေးဘဲ ချိုးနှိမ်ထားအုံးမလားဆိုတာကို စောင့်ကြည့်ရမှာပါ။ သူကို ပြည်သူတရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပါတယ်။ ဒါကြောင့် သူ ပါလီမန်မှာ နေရာယူတဲ့အခါ အရွေးခံရမယ်လို့ ကျနော်က ယုံကြည်ထားပြီသာပါ။ အရွေးခံရပြီး လွှတ်တော်အမတ် ဖြစ်လာတဲ့အခါ ကျန် လွှတ်တော်အမတ်တွေက သူကို ခေါင်းဆောင်တင်ကြရင် ဒါမျိုးကို ခွင့်ပြုမလား။ လူထုခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင်အဖြစ် အစိုးရက လေးလေးစားစား ဆက်ဆံမလား။ ပါလီမန်မှာ သူ ဘယ်အတိုင်းအတာအထိ လှုပ်ရှားဆောင်ရွက်ခွင့်ရှိမယ်ဆိုတာကို ကျနော်တို့ မသိရသေးပါဘူး။ သူ အရွေးခံရမယ်၊ ပါလီမန် ရောက်လာမယ်ဆိုတာကိုတော့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ အမတ်ဖြစ်လာတာနဲ့ အတိုက်အခံခေါင်းဆောင် တယောက်ဖြစ်လာတယ်ဆိုတာ မတူပါဘူး။ အတိုက်အခံ ခေါင်းဆောင်ဖြစ်လာမယ်ဆိုတာကိုလည်း ကျနော် ယုံကြည်နေပါတယ်။ အဲဒီလို အတိုက်အခံ ခေါင်းဆောင်ဖြစ်လာရင် အာဏာပိုင်တွေက ဘယ်အတိုင်းအတာအထိ ခွင့်ပြုမလဲ၊ စစ်တပ်ဘက်က ဘာအရိပ်အမြွက်မှ မပြောသေးပါဘူး။ တိုင်းပြည်အနှံ ခရီးထွက်ခွင့် ပြုမလား။ ပြည်ပသွားရင် ပြန်လာခွင့်ပေးမလား ဒါတွေကို ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဝေဖန်သူတချို့ ကတော့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ကို သူတို့အကျိုးအတွက် အသုံးချနေတယ်။ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့အတွက် ပိတ်စို့ဒဏ်ခတ်မှုတွေက လွတ်ကင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ရှေ့ တန်းထုတ် အသုံးချနေတယ်လို့ ပြောနေကြပါတယ်။

Dr. Josef Silverstein ။ ။ ကျနော်ကတော့ ဒီလို ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန် ဥာဏ်ပညာထက်မြက်တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း အစိုးရရဲ့  အကျဉ်းသားအဖြစ် နှုတ်ပိတ်ခံနေရတာပါ။ ဒါပေမဲ့ သူ့ရင်ထဲမှာ မုန်းတီးခံစားမှုတွေ မထားရှိခဲ့ပါဘူး။ မေတ္တာတရားကို လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရေးကို ဦးတည်လာပါတယ်။ ဒါကြောင့် သူ ပါလီမန်ကို ဦးတည်လာတာကလည်း မှန်ကန်သော သဘောထားနဲ့ လာနေတာပါ။ မေးခွန်းမေးဖို့ ရှိတာက သူကို စစ်တပ်က ဘယ်လိုဆက်ဆံမလဲဆိုတာပဲ ဖြစ်ပါတယ်။ သူ ရလာမယ့် အနေအထားမှာ ထိုက်တန်သလို လေးလေးစားစား မဆက်ဆံရင်။ လွတ်လွတ်လပ်လပ် သွားလာခွင့် မပြုရင် သူရရှိတဲ့ အခန်းကဏ္ဍအတိုင်း လှုပ်ရှားမှုကို တနည်းနည်းနဲ့ ဟန့်တားထိန်းချုပ်ဖို့ လုပ်လာရင်တော့ ကျနော်တို့ မျှော်လင့်ထားတဲ့၊ မျှော်လင့်နေတဲ့ တိုးတက်မှုဟာ တကယ် မဖြစ်လာသေးဘူးလို့ ပြောရပါလိမ့်မယ်။ ဒါကြောင့် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အရွေးခံရရင် လူထုနဲ့ လွတ်လွတ်လပ်လပ် ဆက်ဆံပြီး လူထုဆန္ဒကို လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ပြောကြားနိုင်မှုတွေကို စောင့်ကြည့်ပြီး တိုးတက်မှုကို ဆုံးဖြတ်မှာပါ။ ဒါ ကျနော်တိုင်းတာတဲ့ စံဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီဟာတွေကို အခု မတွေ့မမြင်ရသေးဘဲနဲ့ အနောက်နိုင်ငံတွေ အမေရိကန်ပြည်ထောင်စုကအစ လိုက်လျောမှုတချို့  လုပ်လာတာ။ စဉ်ဆက်မပြတ် ဆက်သွယ်နေကြတာ။ တခါ သံအမတ်ကြီးအဆင့် တိုးမြှင့်လုပ်ဆောင်လာတာတွေကို ဆရာကြီး ဘယ်လိုမြင်ပါသလဲ။ ဒီလူတွေ နည်းနည်းများ အဖြစ်သည်းနေကြတယ်လို့ မထင်ဘူးလား။

Dr. Josef Silverstein ။ ။ ဘာတွေဖြစ်နေကြတယ်ဆိုတာကို သူတို့က သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြတာပါ။ စစ်အစိုးရကို ထွေးပိုက်ဖို့ အလောတကြီး လုပ်ဆောင်နေကြတာတော့ မဟုတ်ပါဘူး။ စစ်အစိုးရကို ဘယ်လိုဆက်ဆံကြရမယ်ဆိုတာကို သူတို့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိကြပါတယ်။ ရှေ့ ကို ခရီးဆက်တဲ့နေရာမှာ အရှိန်လျှော့ပြီး လှုပ်ရှားကြရမှာပါ။ အခု ကျနော်တို့ဘက်က ခြေလှမ်းတိုင်းဟာ အနာဂတ်မြန်မာအစိုးရကို ရိုက်ခတ်ပါလိမ့်မယ်။ ဒါကြောင့် ပထမအနေနဲ့ ရွေးကောက်ပွဲဟာ မျှမျှတတ ရှိမလားဆိုတာကို ကြည့်ရမယ်။ မျှတမယ်ဆိုရင် လွှတ်တော်အမတ် ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လို ဆက်ဆံလာမလဲဆိုတာကို ကြည့်ရမယ်။ မျှတမှု၊ ဖြောင့်မတ်မှု၊ လေးစားမှု အပြည့်အဝ ပြသမလား။ သူတို့က အဲဒီလို ဆက်ဆံမယ်။ သူကလည်း လူထုကို ပေးထားတဲ့ ကတိအတိုင်း အကောင်းအထည်ဖော် ဆောင်ရွက်နိုင်မယ်။ လူထုပြောစေ၊ လုပ်စေချင်တဲ့အတိုင်း လုပ်နိုင်ဆောင်ရွက် နိုင်ရပါလိမ့်မယ်။ ဒါတွေဟာ တကယ့် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ကိစ္စတွေပါ။ ပါလီမန်အမတ်တွေ လုပ်နေပြီး ထောင်ကျမှာစိုးလို့၊ အဖမ်းခံရမှာစိုးလို့ မပြောရဲ၊ မလုပ်ရဲ ဖြစ်နေတာမျိုး မရှိစေရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အနောက်နိုင်ငံတွေအဖို့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းဖို့ သတ်မှတ်ထားတဲ့ အဓိကဖြစ်ထွန်းမှုက ဘာလဲခင်များ။ ဘယ်လိုအချက်တွေကို မြင်ရတွေ့ရရင် ရုတ်သိမ်းသွားကြမလဲ။

Dr. Josef Silverstein ။ ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုပြီး အနောက်နိုင်ငံတွေက ယေဘုယျအားဖြင့်တော့ ချီးကြူးနေကြပါပြီ။ ဒါပေမဲ့ လုံးဝဥဿုံအကောင်းမြင်တဲ့လူတော့ ဘယ်သူမှ မရှိသေးပါဘူး။ သတိထားစောင့်ကြည့်နေကြတုန်း ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်လာမယ့်အချိန်မှာ သူကို အတိုက်အခံခေါင်းဆောင်အဖြစ် အာဏာပိုင်တွေက ဘယ်လိုဆက်ဆံကြမလဲဆိုတာကို စောင့်ကြည့်နေကြတာပါ။ ဒါက တကယ်တော့ ဒုတိယအဆင့်ပါ။ ပထမအဆင့်ကတော့ တိုင်းရင်းသားပြဿနာ ဖြေရှင်းပုံဖြေရှင်းနည်းပါ။ တိုက်ပွဲတွေ လုံးဝရပ်ဆိုင်းသွားခြင်း ရှိမရှိကို စောင့်ကြည့်ရပါမယ်။ အတိုပြောရရင် ကျနော်တို့က ပထမအဆင့်ကနေ ဒုတိယအဆင့်ကို ပြောင်းနေကြပါတယ်။ တကယ်တော့ ပထမအဆင့်လည်း မပြေလည်သေးပါဘူး။ ကချင်ဒေသမှာ တိုက်ပွဲတွေ ရှိနေစဲပါ။ ဒုတိယအဆင့်ကတော့ အတိုက်အခံရှိသော ပါလီမန်တရပ် ထွန်းကားရေးပါ။ အဲဒီ ပါလီမန်မှာ အစိုးရနဲ့ အတိုက်အခံ တန်တူ ပြောဆိုခွင့် ရှိရမယ်။ တူညီမျှတတဲ့ လေးစားမှု ရရှိစေရမယ်။ မဲဆန္ဒရှင်တွေနဲ့ လွတ်လွတ်လပ်လပ် ရရှိဖို့ပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ကျနော် နောက်ဆုံးမေးချင်တာကတော့ မြန်မာအစိုးရအနေနဲ့ ဒီလို အပြောင်းအလဲ ဖြစ်လာရတာ ဘာကြောင့်လည်းဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကြီး ဘယ်လိုမြင်ပါသလဲ။

Dr. Josef Silverstein ။ ။ အကြောင်းတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ မနှစ်တုန်းက တရုတ်ကို ဧရာမ ရေကာတာကြီး စပြီးလုပ်ပိုင်ခွင့် ပေးလိုက်ပြီးနောက် သူတို့ပြည်သူတွေအတွက် ဘာမှ ပြောခွင့်ဆိုခွင့် မရှိတော့ပါလားလို့ အထူးစိုးရိမ်လာတယ်လို့ ထင်ပါတယ်။ ပြည်သူလူထုဟာ အဲဒီ စီမံကိန်းကို မလိုလား မနှစ်သက်ဘူးဆိုတာကို ပြသပြီး စစ်အစိုးရကို ထွက်ပေါက်ပေးခဲ့ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေဟာ တရုတ်တို့နဲ့ တွေ့ဆုံပြီး လူထု မကျေမနပ် ဖြစ်နေရတာမို့ ပြန်ပြင်ပါရစေလို့ ပြောနိုင်ခဲ့ပါတယ်။ ဒါ အပြောင်းအလဲရဲ့  တကယ့် ကနဦးစဖြစ်တယ်လို့ ထင်တယ်။ အဲဒီ ဖြစ်ရပ်ဟာ စစ်တပ်ရဲ့  လုပ်ဆောင်ချက်ကို ပြည်သူလူထုတရပ်လုံးက ကြိုဆိုထောက်ခံခဲ့တဲ့ ပထမဦးဆုံး ဖြစ်ရပ်ပါ။ ဧရာဝတီမြစ်ကြောင်း ပိတ်စို့စေမယ့် တရုတ်တို့ လုပ်ရပ်ကို မလိုလားကြဘူးလို့ ပြသကြတဲ့နေရာမှာလည်း ပြည်သူတွေဟာ အင်မတန် ခိုင်မာပြတ်သားခဲ့ကြပါတယ်။ ဒါကိုလည်း တရုတ်နဲ့ ဆွေးနွေးခဲ့ကြတဲ့အခါမှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ တရုတ်တို့ကိုလည်း ချီးကျူးရပါလိမ့်မယ်။ သူတို့မှာ မြန်မာအစိုးရရဲ့  တင်ပြချက်ကို လက်ခံခဲ့ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်ဆိုတော့ စစ်တပ်နဲ့ပြည်သူ လူထု ပဋိပက္ခဖြစ်ပြီး ပြည်တွင်းစစ်မီး အရှိန်အဟုန် ကြီးထွားလာမယ့်အရေးကို မလိုလားကြပါဘူး။ အစိုးရကလည်း ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ အဲဒီကစပြီး ဒုတိယခြေလှမ်းကို လှမ်းနိုင်ခဲ့တာပါ။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ပေးလာတာ ဖြစ်ပါတယ်။ အခုတော့ သူတို့လုပ်ပြမယ့် ပါလီမန်ဟာ ကျနော်တို့မျှော်လင့်တဲ့ ဖြစ်စေချင်တဲ့ Liberal Democracy ဆန်သော ပါလီမန် ဟုတ်မဟုတ်ဆိုတာကို စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_01-25-2012-138098698.html

မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ

ကြာသပတေး, 26 ဇန်နဝါရီ 2012

By ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပြီလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့အတွက် တရားရေးနဲ့ ဥပဒေပြဌာန်းမှုတွေမှာ ပြုပြင်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့ကစပြီး ၅ ရက်ကြာ ကျင်းပတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုသဝဏ်လွှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပါပြီ။ အခုအချိန်ဟာ အရေးကြီးတဲ့ အဆင့်ကို ရောက်နေတာပါ။ မြန်မာနိုင်ငံအတွင်း ရွေးကောက် တင်မြှောက်မှုတွေနဲ့ တရားရေး လုပ်ငန်းစဉ်တွေအတွက် သင့်လျော်တဲ့ အင်အားစုတွေ ပါဝင်လာနိုင်တဲ့ စစ်မှန်တဲ့ အပြောင်းအလဲ တရပ် ဖြစ်လာဖို့ တဖြည်းဖြည်း နီးလာတဲ့အဆင့်မှာ အခု ကျမတို့ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်ပြင်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီကနေတဆင့် ကျမတို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အထူး အချက် တချက်ဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကို ဖြေရှင်းဖို့ လိုနေတာနဲ့ အမျိုးသားလွှတ်တော်မှာ ဒီမိုကရေစီ စနစ် ထွန်းကားရေးအထိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ကောင်းမွန်ရေးအတွက် အခု ကြိုးစားနေတာဟာ တချိန်မှာ ကမ္ဘာ့ဝန်းကျင်အတွက်ပါ ဖြစ်လာစေမယ်လို့လည်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနှစ် အစည်းအဝေးရဲ့ဆောင်ပုဒ်က ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေဖို့ ပုံစံသစ်တွေ ပုံသွင်းဖို့ပါ။ ဒီဆောင်ပုဒ်ကို ပုံဖော်နေတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးကြီးနေတဲ့ အချိန်မှာ ဒီနှီးနှောဖလှယ်ပွဲကို မတက်ရောက်နိုင်ဘူးလို့ ပြောခဲ့သလို မြန်မာနိုင်ငံမှာ တကယ့်ပြောင်းလဲချိန်ကို မရောက်သေးပေမယ့် မြန်မာစက်မှုဝန်ကြီး ဦးစိုးသိမ်း ဒီနှစ် အစည်းအဝေးကို ထူးထူးခြားခြား တက်ရောက်လာတာဟာ မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ လက္ခဏာကို ပြနေပါတယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအလဲတွေထဲမှာ စီးပွားရေးတိုးတက် ပြောင်းလဲလာစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အခု နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေကနေ ပေးအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာမှာတင်ပဲ မူတည်နေတာ မဟုတ်ပါဘူး။ နိုင်ငံမှာ စနစ်ကျတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တရားမျှတစွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် တရားရေးဆိုင်ရာနဲ့ ဥပဒေပြဌာန်းမှုတွေကိုပါ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်နေတာပါ”

တရားဥပဒေ စိုးမိုးရေးအပြင် မြန်မာနိုင်ငံမှာ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရလာစေမယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဝန်းကျင်ကောင်း တရပ်ကိုပါ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အနာဂတ် ကမ္ဘာမှာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင်ဆိုင်ရာတွေနဲ့ ဆက်နွယ်နေတဲ့ လူမှုဝန်းကျင်ကောင်းတရပ်အတွက် ရေရှည်စံပြ စီးပွားရေစနစ်တခုကို စံနမူနာအဖြစ် မြန်မာနိုင်ငံကနေ ယူနိုင်တာမျိုးအထိပါ ဖြစ်လာစေချင်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/---01_26_12_my-news-burma-----138166694.html

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ” ဦးတင်ဦး ရှင်းပြ





ကိုပေါက်၊ ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၈ မိနစ်


နယူးဒေလီ၊ ချင်းမိုင် (မဇ္ဈိမ) ။         ။ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယှဉ်ပြိုင်တင်ပြမှုများ ရှိခဲ့၍ ဘဝင်မကျ ဖြစ်ရသည်များ ရှိခဲ့ကြောင်း နာယက ဦးတင်ဦး က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲတွင် မိန့်ခွန်းပြောစဉ်က အဆိုပါကိစ္စများနှင့်ပတ်သက်၍ တခွန်းတစ ထည့်သွင်းပြောဆိုခဲ့ဖူးပြီး ထိုကိစ္စများကို ရွံမုန်းကြောင်း ပါတီဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ။ ကျနော်တို့ ဒုက္ခသုခ ရောက်စဉ်အခါတုန်းကတော့ တခါတည်း ငြိမ်ပြီးတော့ ဘာမှ မပါကြ၊ ကင်းကွာနေကြတယ်။ အခု နေရာလေး ပေါ်လာရော သူကလည်း ငါလုပ်တာ ဘယ်လောက်၊ ဘယ်တုန်းက ဘယ်သူနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့တယ်၊ ကျနော် အရင်တုန်းက လူမှုရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ခဲ့ဖူးတယ်၊ ကျနော်သာလျှင် အသင့်တော်ဆုံး ဖြစ်တယ်။ အဲဒီနေရာ အရွေးခံပါရစေ။ ဒီလိုဟာတွေက သိပ်လာတယ်ဗျ။ အဲဒါတွေ ကျနော်က ရွံတယ်” ဟု ပြောသည်။

nlslastdetermine3
အချို့နေရာများကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကွင်းဆင်း စည်းရုံးပေးသွားမည်ဟုလည်း ဦးတင်ဦးက ပြော (ဓါတ်ပုံ မဇ္ဈိမ)
NLD ၏ လွတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် အမျိုးသမီး၊ ဒေသခံ၊ ပညာတတ်နှင့် လုပ်ငန်း အတွေ့အကြုံ ရှိမှုပေါ်တွင် မူတည်၍ ရွေးချယ်သွားမည်ဟု ကြေညာထားရာ အချို့နယ်မြေများတွင် ယခုကဲ့သို့ အင်အားစု၍ ယှဉ်ပြိုင် တင်သွင်းမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“အသိုင်းအဝိုင်းတွေနဲ့ လော်ဘီလုပ်ပြီး လက်မှတ်တွေဝိုင်းထိုးပြီး ရွေးပါခင်ဗျဆိုပြီး လာနေလို့ ပြောလိုက်တာပါ။ အချင်းချင်း မညီညွတ်လို့ မဟုတ်ပါဘူး။ သိပ်ပြီး ကိုယ်ရည်သွေးလာကြတာတွေ များလွန်းလို့ဗျာ။ ဘဝင်မကျလို့ နည်းနည်း ပြောလိုက်တဲ့သဘောပါ” ဟု ဦးတင်ဦး က ပြောသည်။

ပြည်နယ်/တိုင်းတို့မှ ရွေးချယ်တင်ပြသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုမှ စိစစ်ချမှတ်ပေးခြင်းဖြစ်ပြီး မကျေလည်မှု အတော်များများကို ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကာ ဘဝင်မကျမှုရှိနေသေးသည့် အချို့နေရာများကို ပါတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကွင်းဆင်း စည်းရုံးပေးသွားမည်ဟုလည်း ဦးတင်ဦးက ပြောသည်။

ထို့ပြင် NLD က ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခက်အခဲနှင့် ပြဿနာများ ဖြေရှင်းပေးရန် အတွက် လည်း အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းအား ကြာသပတေးနေ့က တာဝန်ပေးအပ်လိုက်သည်။ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

“ဦးဉာဏ်ဝင်းက ဘယ်မဲဆန္ဒနယ်မှာမှ ပါဝင်အရွေးခံမှာ မဟုတ်ဘူး။ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် တယောက်လည်း
ဖြစ်တယ်။ ဒါကြောင့် မဲဆွယ်ကာလမှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် မဲဆွယ်နိုင်ဖို့နဲ့ ကြုံတွေ့နိုင်တဲ့ အခဲအခဲတွေကို တရား မျှမျှတတနဲ့ မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ သူ့ကို ဒီတာဝန်ပေးတာ
ဖြစ်ပါတယ်” ဟု သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့်မြို့နယ်များရှိ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ခွဲများတွင်မူ အတွင်းရေးမှူးများ ထားရှိမည် မဟုတ်ကြောင်းလည်း သိရသည်။

NLD ၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဦးဝင်းတင် ခေါင်းဆောင်သည့် သတင်းပြန်ကြားရေးနှင့် စာစောင် ထုတ်ဝေရေး ကော်မတီ၊ မုံရွာအောင်ရှင် ခေါင်းဆောင်သည့် မဲဆွယ်ဟောပြောရေး ကော်မတီ၊ ဦးဟံသာမြင့်
ခေါင်းဆောင်သည့် ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီ၊ ဦးတင်ဦး ခေါင်းဆောင်သည့် ဥပဒေရေးရာ ကော်မတီနှင့် ဦးသိန်းဦး ခေါင်းဆောင်သည့် စာရေးစစ်အဖွဲ့တို့၏ အဖွဲ့ဝင် အမည်စာရင်းများကိုလည်း ဖော်ပြထားသည်။

လာမည့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ပါတီ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်း စတင်လုပ်ဆောင်မည် ဖြစ်ပြီး ပထမဆုံး မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်အဖြစ် မဲဆန္ဒရှင်များကို ဆန္ဒမဲနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ
ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

NLDlist
http://www.mizzimaburmese.com/news/inside-burma/8931-2012-01-26-12-51-42.html

စကားလုံးကအရေးမကြီး..ဖက်ရှင်ကအရေးကြီးသည့်မြန်မာ့လွှတ်တော်





The Voice Weekly

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများသည် ဒုတိယပိုင်း လွှတ်တော် အစည်းအဝေးတွင် ဝတ်ရုံ မဝတ်တော့ဘဲ တိုက်ပုံအနက်သာ ဝတ်ဆင်မည် ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး တက်စဉ်ကာလတွင် တိုက်ပုံအနက် ဝတ်ဆင်ခြင်း မပြုရန် အသိပေးထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

တရုတ်လက်ထဲ ကျရောက်တော့မယ် လက်ပတောင်းတောင် ကြေးနီစီမံကိန်း





by Burma VJ Media Network on Thursday, January 26, 2012 at 5:16am

By ဇာဏီ ၊ ဇန္နဝါရီလ ၂၆ ရက်နေ့ ၊ ၂၀၁၂ ခုနှစ် ။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ  လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့  ထူး ကုမ္မဏီ(မြန်မာ)တို့ကို ရောင်းချခဲ့တာကြောင့်  အဆိုပါ ကြေးနီစီမံကိန်း အနီးတဝိုက်မှာရှိတဲ့ ကံတော၊ ဝက်မှေး၊ ဆည်တည်းနဲ့ ဆီးတောရွာအစရှိတဲ့ ရွာလေးရွာကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ အဲဒီအပြင် အနီးတဝိုက်ရှိ လယ်ယာမြေတွေကိုပါ  တပါတည်းသိမ်းယူနေပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် စတင်၍  ဝက်မှေးရွာကို ဘူဒိုဇာနဲ့ လာဖျက်မယ်ဆိုပြီး ရွာသားတွေကို  ဝက်မှေးရွာမှ နှစ်မိုင်အကွာမှာရှိတဲ့ နေရာအသစ်ကို ပြောင်းရွှေ့ခိုင်းတာကြောင့် မပြောင်းရွှေ့လိုကြတဲ့ ရွာသားတွေနဲ့ လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြပါတယ်။

"သူတို့အစားပြန်ပေးတယ်ဆိုတာ အဖြစ်ပဲ ပေးတာ။ ကျမတို့ သွားနေမယ်ဆိုရင် ဘယ်လိုမှ နေလို့မဖြစ်ဘူး။ ကျမတို့ သွားနေရမယ့်နေရာက နွား နေဖို့လဲ မရှိဘူး။ လူနေဖို့တောင် မဖြစ်ဘူး။ အိမ်တွေကလဲ အကြမ်းတွေကြီးပဲ ဆောက်ပေးထားတာ ။ ဘာတခုမှ အကောင်းမပါဘူး။ ကျမတို့ လယ်တွေကိုလဲ သူတို့က အစက ရွာသားတွေကို သီးနှံလျော်ကြေးဆိုပြီးတော့  ၁ ဧက ကို ၅ သိန်း ၃သောင်းနှုန်းနဲ့ လျော်တယ်။ အခုကျတော့ မြေလျော်ကြေးလိုလို ဘာလိုလိုနဲ့ ဥပဒေကို လက်တလုံးခြား ပြုလုပ်နေတာ" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

ဝက်မှေးရွာက ရွာသား၆၄ ဦးက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့  ထူး ကုမ္မဏီ(မြန်မာ)က အစားပြန်ပေးထားတဲ့ ဝက်မှေးရွာနှင့် ၂ မိုင်အကွာမှာရှိတဲ့ နေရာသစ်ကို  ပြောင်းရွှေ့သွားကြပြီး ရွာသား ၄၈ ဦးကတော့ မပြောင်းရွှေ့လိုသောကြောင့် လက်ရှိရွာမှာပဲ ဆက်လက်နေထိုင်နေခဲ့ကြပါတယ်။

"ကျမတို့ ကျန်ခဲ့တဲ့ ၄၈ ဦးက ကျမတို့ရွာကနေပြီး လုံးဝ ဖယ်မပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျမတို့လုံးဝ မဖယ်ပေးနိုင်ဘူး။ ကျမတို့ ဘုန်းကြီးကျောင်းကိုလဲ ချိတ်ပိတ်ထားတယ်။ ကျမတို့ သမ္မတ ဦးသိန်းစိန်ဆီကို အသနားခံစာ တင်ထားပါတယ်။"ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး  ဦးခင်မောင်စန်း ၊ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဇော်ဝင်းဟန် ၊ သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် နှင့် ဌာနဆိုင်ရာ အသီးသီး လူကြီးတွေ ပေါင်းပြီးတော့ ဝက်မှေးရွာက ဘုန်းကြီးကျောင်းကို  တာဝန်မှအပ မဝင်ရဆိုပြီးတော့ ဘုန်းကြီးကျောင်းတဝိုက်မှာ စာတွေကပ်ကာ ချိတ်ပိတ်ထားပြီး အသက်(၈၀)ကျော်ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီးကို နေရာသစ်ကို ပင့်ဆောင်သွားတယ်။ အဲဒီနောက်မှာ ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ (၁၀) ရက်က အာဏာပိုင်တွေက အတင်းဝင်ရောက်ဖျက်ဆီးတဲ့အခါမှာ ရွာသားတွေနဲ့ အချင်းများကြပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်ထိန်းသိမ်းတဲ့အတွက် လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေ ပြန်လှည့်သွားကြပါတယ်။

"ဒီကျောင်းကို နိုင်ငံတော်က ဆောက်ပေးထားတာ မဟုတ်ဘူး ။ ကျမတို့ရွာသားတွေက ချွေးနဲစာနဲ့ ဆောက်ပေးထားတဲ့ ကျောင်းဆိုတော့ လုံးဝ အပျက်စီး မခံနိုင်ဘူးဆိုပြီး တားဆီးတဲ့အတွက် ဌာနဆိုင်ရာတွေကို ဖုန်းဆက်ခေါ်ပြီး လူတွေ ထပ်ခေါ်ပြီး အင်အားပြတယ် ။ ကျမတို့ရွာကလဲ မကြောက်ဘူးလေ။ အင်္ဂလိပ်လက်အောက်လဲ ကျမတို့နိုင်ငံ ကျရောက်ခဲ့တယ်။ ဂျပန် လက်အောက်လဲ ကျရောက်ခဲ့တယ်။ အဲဒီ တိုင်းတပါးလက်အောက်ကျရောက်ခဲ့တဲ့ အချိန်ကတောင်မှ ကျမတို့ရွာကို လာရောက်ဖျက်တာမျိုး မရှိခဲ့ပဲနဲ့။ အခု မြန်မာပြည် ဒီမိုကရေစီလဲ ရတော့မယ်။ လွတ်လပ်ရေးလဲ ရနေတဲ့ခေတ်ကြီးကျမှ ကျမတို့ ရွာကို ဖျက်ပေးရမယ်ဆိုတာက အဓိပ္ပါယ် မရှိဘူးလေ။ လုံးဝအဖျက်မခံနိုင်ဘူး။" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

အဲဒီနောက် ဝက်မှေးကျေးရွာရှိ စာသင်ကျောင်းမှ စာသင်ခုံတွေအပါအဝင်၊ ကျောက်သင်ပုန်းအစရှိတဲံ သင်ထောက်ကူပစ္စည်းတွေကို  နေရာအသစ်သို့ အကုန် ပြောင်းရွှေ့ထားပြီး  စာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေကို ခေါ်ဆောင်သွားပါတယ်။ဝက်မှေးကျေးရွာရှိ ကျောင်းသားတွေဟာ  ကျောင်းမှာ မသင်ရတဲ့အတွက်ကြောင့် အနီးအနားတဝိုက် ကျောင်းတွေကို သွားအပ်တဲ့အခါမှာ မြို့နယ်ပညာရေးမှူးနဲ့ မယကတွေက လက်မခံခိုင်းလို့ ဆိုပြီးတော့ ကျောင်းသားတွေကို  လက်မခံခဲ့ဘူးဟု သိရပါတယ်။

"မယကမှ  ဦးဇော်ဝင်းဟန်က ကျမတို့ရွာကို မပြောင်း ပြောင်းအောင် နည်းမျိုးစုံ သုံးပြီး အကျပ်ကိုင်နေတာ၊ ကျမတို့က ကျမတို့ ကလေးတွေကို ကျောင်းအပ်ဖို့အတွက် ရွာနဲ့ နီးစပ်တဲ့ ရွာသစ်ကြီး ကျောင်းကိုသွားပြီးတော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနဲ့ သွားတွေ့တယ်။ ဒေါ်နှင်းကလဲ သူမပိုင်ဘူးတဲ့ ၊ ဒီကမြို့နယ်ပညာရေးမှူးနဲ့ သွားပြောကြည့်ပါဦး လို့ ကျမတို့ကို ပြောတယ်။ အဲလိုပြောတော့ ကျမတို့က မြို့နယ် ပညာရေးမှူးနဲ့ သွားတွေ့တယ်။ သွားတွေ့တဲ့အခါကျတော့ မြို့နယ် ပညာရေးမှူးကလဲ အထက်က ခိုင်းလို့ လုပ်ရတာပေါ့ ။ မြို့နယ်က ဦးဇော်ဝင်းဟန်နဲ့ သွားတွေ့ပါလို့ ပြောပါတယ်။" ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။

"ကျောင်းသားတွေက ကျောင်းဖွင့်ချိန်မှာ တနှစ်နီးပါး ကျောင်းမတက်ရတဲ့အတွက်ကြောင့် ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးရတယ် ။ ဒီပညာရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ* ဆိုတဲ့ စာပိုဒ်ကို သူတို့ မဖတ်မိဘူးလားလို့ပဲ ယူဆတယ်။"ဟု ရှေ့နေ တဦးဖြစ်တဲ့ ဦးကျော်စိုးဝင်းက သူ့အမြင်ကို ဘားမားဗီဂျေ ကို ပြောပါတယ်။

အဆိုပါ ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စကို အရေးယူပေးပါရန် အသနားခံစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု တရားသူကြီးချုပ် ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ၊ အလုပ်သမားရေးရာ ဝန်ကြီး ၊ လယ်သမားရေးရာ ဝန်ကြီး ၊ ပညာရေး ဝန်ကြီး ၊ ပြည်ထောင်စု ရှေ့နေချုပ် နှင့်  ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဆီကို ပေးပို့ဖို့ စီစဉ်နေပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ* စာပိုဒ်အတွင်းတွင်
နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့် အညီ -
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
(ခ)  ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်။
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊စာပေနှင့် အနုပညာခေတ်မှတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည် ဟု ဖော်ပြထားပါတယ်။


Photo Credit and Thank to http://chintwin.com
 
ကြေးနီ ထွက်ရှိသည့် လက်ပတောင်းတောင်

Mizzima ရန်ကုန်ရောက်ပြီ...





Yangon Media Group

Mizzima သတင်းဌာန၏ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန်အပြင် အဆိုပါ ဝန်ကြီးဌာနမှ ပြုလုပ်သည့် မီဒီယာဖိုရမ်ကို တက်ရောက်နိုင်ရန် ဇန်န၀ါရီလ ၂၆ ရက်နေ့ ည ကိုးနာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် ခြောက်ရက်ကြာ နေထိုင်မည် ဖြစ်ကာ Mizzima သတင်းဌာနကို ပြည်တွင်းသတင်းဌာန တစ်ခုအဖြစ်ပြောင်းလဲနိုင်ရန် အားလုံးနှင့် လက်တွဲလုပ်ဆောင်ခြင်ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောကြားခဲ့သည်။

နိုင်ငံ့ဘဏ္ဍာများကို အာသာငမ်းငမ်းကြည့်နေ ကြသော အာဏာရှင်များ



Cherry Soemyint

ဓါတ်ပုံဟောင်းလေးတစ်ပုံတင်ပေးလိုက်ပါတယ်။ နိုင်ငံ့ဘဏ္ဍာများကို အာသာငမ်းငမ်းကြည့်နေ ကြသော အာဏာရှင်များပါ........။
၎င်းဓါတ်ပုံသည် ကွန်ပျုတာပြုပြင်ချက်တစ်ခုမှ မပါကြောင်း အာမခံပါသည်.......။
နိုင်ငံ့ပုလဲရတနာကြီးကို ဆက်သခြင်း ဖြစ်ပါသည်။

ရာအိမ်မှူးလက်မှတ်နဲ့  ထုတ်ပြန်လိုက်ပုံက







Aungmyo Tun



“အုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားချက်အရ စခန်းမှူးနှင့် တွေ့ ဆုံဆွေးနွေးလိုပါသဖြင့်” တဲ့ဗျာ။
ကျော်မကောင်းကြားမကောင်း ပရိုစီဂျာတွေ။
အင်း.. စခန်းမှူးက ရိပ်မိတယ်၊ ခင်ဗျားနဲ့  ကျွန်တော်ကို ရန်တိုက်ပေးတာ တဲ့။
သမ္မတမကြီးတကြီး ခင်ဗျား...
ပါတီနိုင်ငံရေးသမားဆိုတာ နိုင်ငံရေးပြစ်မှု လိုက်ရှာရတဲ့ သနားစရာ့သတ္တ၀ါလေးတွေပါ။
မရမ်းကုန်းမြို့ နယ်က ကြားဖြတ်ထဲမှာ ပါနေတဲ့နယ်မြေဆိုတော့
ဒီကိစ္စက အမတ်လောင်းများ သည်းခြေကြိုက် လုပ်ကွက်ဖြစ်ကြောင်း ရဲရဲအာမခံပါတယ်။
လမ်းဘေးက ကျွန်တော်ကကော ဘာများတတ်နိုင်ပါဦးမည်နည်း
မီးကင်းပြို၊ တုတ်နဲ့ ရိုက်၊ အချုပ်ကျ၊ ဆေးရုံရောက်၊ ခေးအော့်လို သောက်တလွဲ။



ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ
2012-01-26

အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်းဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်န၀ါရီ ၂၆ ရက်မှ လက်ဝယ်ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။

စာမှာ ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေလို့ သုံးနှုန်းထားပြီး သံဃာ့ နာယက အဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် လက်မှတ်ထိုးကာ မနက်ဖြန် လာပြီး ဖြေရှင်းဖို့ ပင့်ထားကြောင်း မိန့်ပါတယ်။

ဦးဂမ္ဘီရ အပါအ၀င် သံဃာငါးပါး သီတင်းသုံး နေထိုင်တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီး ချိတ်ပိတ်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်းကို ဖွင့်ပြီး သီတင်းသုံး နေထိုင်တဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း၊ ပြေလည်အောင် ညှိနိုင်းသွားမှာ ဖြစ်ကြောင်း ဦးဣဿရိယက မိန့်ပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော် ငါးပါးလုံးဟာ အခုလ ၁၃ ရက်က နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်တွေ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/gambira-monks-meggin-01262012104420.html

“သံဃာ့မဟာနာယကအဖွဲ့ တစ်စခန်း ထပြန်ပြီ”


By Aungmyo Tun


အရှင်ဂန္ဘီရ အပါအ၀င် မကြာခင်ကမှ အကျဉ်းထောင်တွေထဲက ပြန်လည်လွတ်မြောက်လာတဲ့
ရွှေဝါရောင်လှုပ်ရှားမှုဦးဆောင်ကိုယ်တော် (၅)ပါးကို ဆုံးမသြ၀ါဒပေးရန်
မနက်ဖြန် (သောကြာ)နေ့ ကို ကြွရောက်ကြဖို့  မ.ဟ.န မှ ဆင့်ခေါ်လိုက်ပါတယ်။
ထောင်ကလွတ်လာပြီး သီတင်းသုံးစရာနေရာမရှိလို့ ၊ အခြားကျောင်းတိုက်တွေကလည်း
လက်မခံရဲလို့  ချိတ်ပိတ်ထားတဲ့ မိမိကျောင်းတိုက်တွေကို ဖွင့်လှစ်ဝင်ရောက်နေထိုင်မှုဟာ
ဝိနည်းတော်နဲ့  မညီညွတ်တာကြောင့် အပြစ်ရှိတယ်ဆိုပြီး စွဲချက်တင်တာဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့လို့  ကြံ့ဖွံ့ အသင်းဝင်တွေ၊
အာဏာပိုင်ရဲတပ်ဖွဲ့ နဲ့  စွမ်းအားရှင်တွေ ပူးပေါင်းပြီး အဲဒီ့ကျောင်းတိုက်တွေကို ဥပဒေမဲ့
မတရားသဖြင့် သော့ခတ်ချိတ်ပိတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ထိုစဉ်က မ.ဟ.န အနေနဲ့ 
အာဏာရှင်အစိုးရရဲ့  ဖိနှိပ်မှုတွေကို ၀ိနည်းတော်နဲ့  မညီညွတ်မှန်း သိလျက်နဲ့ 
မသိကျိုးကျွံ ပြုထားခဲ့ပြီးမှ အခုအခါ ကိုယ့်ကျောင်းကိုယ် တံခါးဖွင့် ၀င်ရောက်တဲ့ကိစ္စမှာ
ဝိနည်းတော်ကို ချိုးဖောက်တယ် ဆိုတဲ့အချက်ဟာ အငြင်းပွားစရာပါ။
နိုင်ငံတော်မဟာသံဃာ့နာယက (မဟန)ရဲ့  လုပ်ဆောင်မှုတွေဟာ
အာဏာရအစိုးရရဲ့ ဆန္ဒနဲ့ လွတ်လွတ်ကင်းကင်း ရှိပါ့မလားလို့  ကျွန်တော် သံသယဖြစ်မိပါတယ်။




ကြာသပတေး, 26 ဇန်နဝါရီ 2012
ရွှေဝါရောင်မှာအပိတ်ခံရကျောင်းတွေ ပြန်ဖွင့်သူသံဃာများသတိပေးခံရ

အေးအေးမာ

ရွှေဝါရောင် သံဃာလှုပ်ရှားမှုကာလမှာ အာဏာပိုင်တွေက စီးနင်းသိမ်းယူ ချိတ်ပိတ်ခဲ့တဲ့ ရန်ကုန်တိုင်း အတွင်းက ကျောင်းတိုက်တွေကို၊ နိုင်ငံရေးအရ အကျဉ်းကျပြီး မကြာခင်က ပြန်လွတ်လာတဲ့ သံဃာတော် အချို့က သော့တွေ ရိုက်ချိုးပြီး ကျောင်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ပိတ်ခံရတဲ့ အချို့ကျောင်းတွေမှာ သက်ဆိုင်ရာ သံဃာတော် တွေ ပြန်လည်သီတင်းသုံးနေပြီး အချို့ကျောင်းတွေမှာကျောင်းဖွင့်ခဲ့ပေမဲ့ သံဃာတော်တွေ သီတင်းသုံးခွင့်မရသေးပါဘူး။ ဒီလို ပိတ်ထားတဲ့ကျောင်းတွေကို ပြန်ဖွင့်တာဟာ ၀ိနည်းနဲ့ မညီညွတ်ဘူးဆိုပြီး နိုင်ငံတော်သံဃာ့မဟာနယက (မဟန) က အဲဒီ ကျောင်းတွေကို ဖွင့်ပေးခဲ့တဲ့ သံဃာ တော်တွေကို သြ၀ါဒပေးဖို့ ဆင့်ခေါ်ထား ပါတယ်။ မအေးအေးမာက သတင်းပို့ထားပါတယ်။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဟာ နိုင်ငံရေးကြောင့်အကျဉ်းကျပြီးပြန်လွတ်လာတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော်ငါးပါးကို အရေးယူဖို့အတွက် စာနဲ့ ဆင့်ခေါ်ခဲ့ကြောင်းမဂ္ဂင်ကျောင်းတိုက်က ဆရာတော် ဦး ကအခုလို မိန့်ပါတယ်။

“ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော ရဟန်းများကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၅-၁-၂၀၁၂ နေ့တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် ပထမ အထူးအစည်းအဝေးက ဖော်ပြပါအတိုင်း ဆုံးဖြတ်ပါသည်။ ဆုံးဖြတ်ချက် - ပြစ်မှုကျူးလွန်နေသော ဦးဂမ္ဘီရ၊ ဦးဤသရိယ၊ ဦးပဏ္ဍ၀ံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသီဟတို့အား - သို့ဖြစ်ပါ၍ အထက်အပိုဒ် (၁) ပါဆုံးဖြတ်ချက် အရ ပြစ်မှုကျူးလွန်နေသော ရဟန်းတော်များ သည် ၂၇-၁-၂၀၁၂ သောကြာနေ့ မွန်းလွဲ ၁၂း၃၀ နာရီအချိန် ကမ္ဘာအေးကုန်းမြေ ဥတ္တရကုရု ကျောင်းဆောင် အစည်းအဝေးခန်းမသို့ ကြွရောက်သတင်းပို့ရန် အကြောင်း ကြားပါသည်တဲ့။”

ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေဟာ ၂၀၀၇ခုနှစ် ရွေဝါရောင်လှုပ်ရှားမှုဖြစ်တဲ့အချိန်မှာ အဲဒီ ကျောင်းဝင်းတွေထဲကို စစ်တပ်နဲ့ ပြည်ခိုင်ဖြိုး စွမ်းအာရှင်တွေ ၀င်ပြီး ဘုန်းကြီးတွေကို သင်္ကန်းတွေ ဆွဲချွတ် ရိုက်နှက်ပြီး ကျောင်းတိုက်တွေက ပစ္စည်းတွေဖျက်ဆီးခံခဲ့ရတာပါ။ အခုသံဃာတော်တွေ ပြန်လွတ်မြောက် လာချိန်မှာ သူတို့နေထိုင်စရာနေရာအခက်အခဲကြောင့် သူတို့ရဲ့ကျောင်းကို ပြန်ပြီးဝင်ခဲ့ရတယ်လို့ဆိုပါတယ်

“သူတို့ ချိတ်ပိတ်ထားတာတို့ကို စာတွေဘာတွေတင်တာနဲ့ ကြာနေတာပေါ့။ ကြာနေတော့ ကိုယ်တော်တွေမှာ သတင်းသုံးစရာနေရာ မရှိဘူးလေ။ ဒီပြင်ကျောင်းတွေက လည်း အကျဉ်းထောင်ကပြန်လာတဲ့ ကိုယ်တော် တွေ ဖြစ်နေတော့ လက်မခံရဲကြဘူးပေါ့နော် ကိုယ်တော်တွေက ညအချိန်ရောက်တဲ့အခါကျတော့ ကျိန်းစရာ မရှိတော့ အဲဒိလိုဘဲ ဖွင့်ပြီးဝင်ရတာပေါ့။”

သံဃာတော်တွေ ချိတ်ပိတ်ထားတဲ့ကျောင်းကို ဖျက်ဝင်တာဟာ သံဃ့ာဝိနည်းနဲ့ ညီခြင်းရှိမရှိကိုတော့ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ဆရာတော် ဦးဇ၀နက အခုလိုမိန့်ပါတယ်။

“ချိတ်ပိတ်ပြိးကျောင်းကိုဝင်တဲ့ကိစ္စက ကျောင်းပြသနာတက်လို့ ၀ိနည်းအရ ပိတ်ထားတဲ့ကျောင်းကို ၀င်တယ် ဆိုရင်တော့ ဖျက်ဝင်တဲ့သံဃာတွေမှာ အပြစ်ရှိတာပေါ့။ ဒါမှမဟုတ်ဘဲ ကျောင်းကိုဓါးမြတိုက်သလို သိမ်းထား တဲ့ အချိန်တုန်းကလည်း ၀ိနည်းကြောင်းအရ မဟုတ်ဘဲနဲ့  သူတို့သိမ်းချင်းသလို သိမ်းထားပြီးတော့ သံဃာ တွေက ကိုယ်ပစ္စည်းကိုယ်ဝင်ယူတာ ၀ိနည်းအရ အပြစ်မရှိပါဘူး။ ဒါက သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေ လည်းသိပါတယ်။ ဒီကိစ္စက သူတိုသိမ်းစဉ်အခါက သူတို့ ဘယ်လို ၀ိနည်းကြောင်းနဲ့မှ သိမ်းခဲ့တာမဟုတ်ဘူး။ နိုင်ငံရေးအရ လုံးဝမကျေနပ်လို့ နိုင်ငံရေးအရ ဘုန်းကြီးတွေကျောင်းတွေကို ကလဲ့စားချေတဲ့အနေနဲ့ ဒဏ် ခတ်တဲ့အနေနဲ့ အဲဒီလို လုပ်တာကျတော့ ၀ိနည်းကြောင်းအရ လုပ်တာမဟုတ်ဘူး။ အဲဒီအချိန်တုန်းကတော့ သံဃာအဖွဲ့ အစည်းတွေက အစိုးရလုပ်တာကို တရားသလို မှန်ကန်သလို ငြိမ်နေပြိးတော့ အခုလို အချိန်မှာ လည်း ဆက်ပြိးတော့ ငြိမ်နေမယ်ဆိုလို့ ရှိရင် အစိုးရလုပ်ချင်သလိုလုပ် ကိုယ့်ဝိနည်းကိုတောင်မှ သံဃာတွေ က ကာကွယ်တဲ့ အနေအထားမရှိတဲ့ အဖြစ်ကိုရောက်သွားမယ်။”

အခု မဟန ကဆင့်ခေါ်တာကတော့ မြို့နယ်အုပ်ချုပ်ရေးမူတွေကနေ တိုင်ကြားတာကြောင့်လို့ သံဃာတွေက ဆိုပါတယ်။ အခုအခါမှာတော့ မြန်မာအာဏာပိုင်တွေက သံဃာ့ကိစ္စတွေကို ကိုင်တွယ်ရာမှာ နိုင်ငံတော် သံဃာ့မဟာနာယကကို အသုံးပြုပြီး ကိုင်တွယ်လာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရွေည၀ါဆရာတော်ကို တရားဟောတဲ့အတွက် ကျောင်းတိုက်ကနေ ဖယ်ရှားပေးဖို့ ဖိအားပေးခဲ့သလို ပြီးးခဲတဲ့ရက်ပိုင်းကပဲ တရားဟောတဲ့ ဒယ်အိုးဆရာတောဦးသုမင်္ဂလကိုလည်း ပြည်ခိုင်ဖြိုးနဲ့ စွမ်းအားရှင်တို့က နှောက်ယှက်ခဲ့တာပါ။ အခုအခါမှာတော့ မိမိကျောင်းတိုက်ကို ၀င်တာကို ၀ိနည်းအရ မညိ ဘူးဆိုပြီး အရေးယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/10-26-12-Maggin_monastery_sangha_mahana-138112463.html

ဒီဗွီဘီ တီဗွီ သတင်း တပုဒ် အတွက် အမှားပြင်ဆင် တောင်းပန်ချက်။



ကိုမင်းကိုနိုင်ရဲ့ဖေ့စ်ဘွတ်

ဒီ စကား (ဒေါ်အောင်ဆန်းစုကြည်) ဒီလှိုင်း အမှတ် ၀၂





by အဂ္ဂမဟာ ဒီမိုဖက်တီး on Thursday, January 26, 2012 at 2:13am
          ဒီမိုကရေစီ
          ဒီလှိုင်း
          ဒီရေ
          ဒီအရေး
          ဒီစကား တွေကတော့
          အများကြီးပါပဲ။

          ဒီအပတ်တော့ ဒီမိုကရေစီရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီမိုအကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။
ဒီမိုကရေစီ ဆိုတဲ့ စကားလုံးက ဂရိဘာသာကလာတာပါ။ ဒီမို(စ်) (demos) ပြည်သူနဲ့ ကရာတို့(စ်)
(kratos) အင်အား ၊ အာဏကို ပေါင်းစပ်ထားတဲ့ (demokratia) က ဆင်းသက်လာတာပါ။ ဒီတော့ ဒီမိုကို ပြည်သူလို့အဓိပ္ပာယ် ဖော်ရမှာပါ။ အချိန်နေရာမရွေး အမြဲကြားနေတဲ့ပြည်သူပါပဲ။ ဒီနိစ္စဓူဝသုံး
နေတဲ့ စကားလုံးအကြောင်းကို စဉ်းစား မိပါတယ်။

          ကျွန်မတို့ငယ်ငယ်တုန်းက ဇာတ်ပွဲတွေမှာ မကြာခဏ ၀န်ကြီးတွေ ၊ အမတ်ကြီးတွေ ပုံစံနဲ့
လူရွှင်တော်တွေ က ခန့်ခန့်ကြီး တစ်လှမ်းခြင်းလျှောက်ပြီး စာလိပ်ကြီးကိုမြှောက်၊ တိုင်းသူပြည်သား
လူအများတို့လို့ အသံအောကြီး နဲ့ဖက်လိုက်တာနဲ့ ၊ မောင်းကိုထမ်းလာတဲ့ တပည့်တွေက ''ဒူ -အူ-အူ'' လို့ မြည်းဟည်းအောင်တီးလိုက်ကြပါတယ်။ အဲ့ဒီတော့ ကျွန်မက ''တိုင်းသူပြည်သား လူအများတွေ
ဟာ တော်တော်အရေးပါပါလားလို့ ထင်မိပါတယ်။ ဘာမှန်းသိပ်နားမလည်ပေမယ့် ဆော့ကစားတဲ့အခါ
''တိုင်းသူပြည်သား လူအများတို့ ၊ ဒူ-အူ-အူ လို့အော်ဟစ်ပြီး ပြောရာတာ ပြောစရာကြီးပါပဲ။ ဇာတ်ဆရာ
တွေရဲ့ ရည်ရွယ်ချက်ကတော့ ဘာလို့မသိပါဘူး၊ ကျွန်မကတော့ ပြည်သူတွေကို ဦးထိပ်ထားတယ်လို့
ယူဆမိပါတယ်။

          ဒီမိုကရေစီဟာ '' ပြည်သူ့အင်အား၊ အာဏာ'' ကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးစနစ်ဖြစ်လို့ တိုင်းသူပြည်
သား လူအများတို့ရဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေကို အလေးအနက်ထားရမှာပါ။ ''ကျုပ်တို့ ဆင်းရဲသား
တွေက ဘယ်အစိုးရတက်တက် ဆင်းရဲနေမှာပဲ'' ''နင်းပြားက နင်းပြားပါပဲ'' လို့ စိတ်လျှော့လက်လျှော့၊
မျှော်လင့်ချက် စွန့်လွှတ်ထားသူတွေကို ယုံကြည်နိုင်အောင် လက်တွေ့လုပ်ပြကြရမယ်ဆိုတာ ကြားဖြတ်
ရွေးကောက်ပွဲမှာ ၀င်အရွေးခံမဲ့ အမတ်လောင်းတွေ (ကျွန်မအပါအ၀င်) ရဲ့တာဝန်ပါပဲ။

ဒီနေ့တော့ဒီမျှသာ…    အောင်ဆန်းစုကြည်