Friday, March 2, 2012

ရေပေါ် လေ၀ဲ စပါးခွံများ (သို့) ဗိုလ်သိန်းစိန်၏ ဒီမိုဧချင်း

Posted by on March 3, 2012


ဒီနေ့က ဗမာတပြည်လုံး ကံဆိုးမိုးမှောင်ကျပြီး စစ်အာဏာရှင် ငရဲခန်းထဲကျရောက်ခဲ့ရတာ အနှစ် (၅၀) ပြည့်မြောက် တယ်။ ဒီနေ့မှာပဲ ၀ဲစားကြီး ဗိုလ်နေ၀င်းက ဒီမိုကရေစ်ီအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တယ်။ မနေ့ကတော့ ဗိုလ် နေ၀င်း အမွေခံ ဗိုလ်သိန်းစိန်က ဒီမိုကရေစီဖေါ်ဆောင်ရေး မိန့်ခွန်းတော်ကြီး ချွေသွားတယ်။ အတော်များများ အငိုက်မိ သလို ကြိုက်မိတယ် ဆိုကြတယ်။ တချို့ကတော့ အချောင်နှိုက်ဖို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အလိုက်သင့်ဟောကြ၊ ဖောကြတာပါ။
ကြိုက်မယ်ဆိုလဲ ကြိုက်စရာ၊ ဗိုလ်သိန်းစိန်က မဆလရဲ့ နောက်ဆုံး သမတ ဆိုတဲ့ စစ်ကျွန်ပညာရှင် ဒေါက်တာ မောင် မောင် လို အေးအေး အေးအေးနဲ့ ဒီမိုကရေစီလေချိုလေး သွေးသွားတယ်။ ပေါက်ပေါက်ဖေါက်သလို စကားလုံး လှလှ လေးတွေ ပစ်သွားတယ်။ လူမျိုးစုတွေအရေးလဲပါ။ တိုင်းသူပြည်သားတွေရဲ့ အရေးလဲမကျန် အကုန်ထဲ့ပြောသွားခဲ့တယ်။ ဒေါက်တာ မောင်မောင် တုန်းကလဲ ဒီလိုပါပဲ။ ဒီလောက်လေးမှ မစောင့်နိုင်ကြတော့ဘူးလား၊ သမဂ္ဂကြီးကို ပျော်ပျော်ပါး ပါး အုပ်မြစ်ချရအောင်ဆိုပြီး ရှေ့မှာလေချိုသွေး။ နောက်မှာ စစ်တပ်ကို အသုံးချဖို့ပြင်နဲ့ နောက်ဆုံး ဘုန်းကြီးရဟန်း မ ကျန် ပစ်သတ်နှိပ်ကွပ်ပြီး စစ်တပ်အာဏာသိမ်းတယ်ဆို လုပ်သွားခဲ့တာပဲ။
သူ့မိန့်ခွန်းထဲက တောတွင်းလက်နက်ကိုင် လူငယ်လေးတွေက သူတို့လည်း ကွန်ပြူတာလက်တော့ (Lap-talk) ကိုင်ချင် တယ်ဆိုတော့ သူအတော်စိတ်မကောင်း ဖြစ်မိတယ်ဆိုတဲ့ အလုံးကတော့ လူအများကို အတော်ထိ၊ တိုင်းရင်းသားတွေကို အတော်ဘ၀င်ခိုက်စေမယ့် စကားပဲ။ အရင်က သောင်းကျန်းသူ အဖျက်သမားလို့ အပုတ်ချနေသူတွေဆီ ဒီစကားမျိုး ထွက်လာတာကိုး။ ဒါပေမဲ့ လူမျိုးစုပြဿနာကို အဖြေရှာရေးကြတော့ အဆင့် (၃) ဆင့်နဲ့ သွားမယ်လို့ ကြိုးရှည်ရှည်နဲ့ လှန်လိုက်သလို ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပါတ်သက်ပြီးတော့လည်း ဝေ့လည်ကြောင်ပတ် လုပ်သွားပြန်တယ်။ သူကော ဦးစီးချုပ်ကော ရပ်ဖို့အမိန့်ပေးပါလျှက် ဘာကြောင့်များ တိုက်ပွဲတွေဆက်ဖြစ်နေရပါလိမ့်၊ မစားရ ၀ခမန်းပါပဲ။
လက်တော့ မကိုင်နိုင်တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ သမတကြီးက ထမင်းနပ်မှန်အောင် မစားရတဲ့ လူ ထုတွေ၊ ပညာသင်ခွင့်မရကြတဲ့ ကလေးလူငယ်တွေ၊ မဝရေစာနဲ့ အလုပ်လုပ်နေကြရတဲ့ တိုင်းတပါးကုမ္မဏီပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်ခံ အလုပ်သမလေးတွေ၊ ကိုယ့်ဘိုးဘွား လယ်ယာတွေကို ခြံခတ်အသိမ်းခံနေတဲ့ သိန်းသန်းချီတဲ့ လယ်သမား တွေအတွက်တော့ သနားစရာ၊ ဂရုဏာ မကျန်တော့ဘူး ထင်တယ်။

လူထုလိုချင်တာက ထမင်းနပ်မှန်မှန် စားရရေးပါ၊ ဇိမ်ခံကားဈေးတွေကျတာ သူတို့ စိတ်မ၀င်စားပါဘူး၊ သူတို့နဲ့ မဆိုင်ပါ ဘူး၊ သူတို့ထမင်း သူတို့ လွတ်လွတ်လပ်လပ် ရိုးရိုးသားသား ရှာဖွေစားသောက်ခွင့်ပါ။ သူတို့ ထမင်းလုပ်ကို လုယက်နေ တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါ ကုမ္မဏီတွေရဲ့ ဗိုလ်ကျမှုကို ခုခံကာကွယ်ခွင့် ဖြစ်ပါတယ်။ အိမ်နီးချင်း တိုင်း ပြည်တွေမှာ သန်းချီရှိနေကြတဲ့ ကျားမအစုံ အလုပ်သမားတွေက ကိုယ့်တိုင်းပြည်ထဲမှာ ဒီလိုအခွင့်အရေးတွေ မရနိုင် တော့လို့ သူတပါးဆီမှာ မတန်တဆလုပ်ခနဲ့ အဖိနှိပ်ခံ၊ ဗိုလ်ကျခံပြီး အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။
ဒီလို ဒုက္ခဘုံသား ပြည်သူအများအတွက်တော့ သမတကြီးရဲ့ ဂရုဏာက မရွာမစွေ ခေါင်းပါးချို့တဲ့ဟန်တူတယ်။
နောက်ရယ်ရခက် ငိုရခက်တဲ့ သမတကြီးရဲ့ စကားကတော့ Rule of law ဥပဒေစိုးမိုးရေးနဲ့ အခြေခံဥပဒေပြုပြင်ရေး ဆို တာပဲ၊ မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ သူတွေကိုတောင် လွှတ်မပေးနိုင်သေးဘဲ ဥပဒေစိုးမိုးရေးဆိုတာတော့ သား သတ်သမား၊ ဘိန်းစား၊ မယားခိုး၊ လူလိမ်က ငါးပါးသီလပေးနေသလို ပါပဲ။ ပြီးတော့ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ရအောင်တဲ့။ ဒါလဲ နှုတ်သီးအရှည်ကို ပန်းကန်ပြားနဲ့ကျွေး၊ တပြန် နှုတ်သီးအတိုကို ၀ါးကျည်တောက်နဲ့ကျွေးတဲ့ မြေ ခွေးနဲ့ ငှက်ကျားပုံပြင်ထဲကလို ကျွေးတော့ ကျွေးတယ်၊ ဒါပေမဲ့ စားမရအောင်ကျွေးတာပဲ။
သမတကြီး နောက်ဆုံးအလေးပေး ပြောသွားတာကတော့ အရေးယူပိတ်ဆို့မှု ဆန်ရှင်တွေ ရုပ်သိမ်းပေးရေးပါ။ နိုင်ငံတ ကာက အလှူငွေတွေပေးကြပါ ဆိုတာပါပဲ။ အလှူငွေ တဒေါ်လာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နောက်လှန်ကျ မသွားအောင် ကူနိုင်တယ်ဆိုပါလား။ ဒီလိုဆိုတော့ အရေးယူပိတ်ဆို့ထားတာတွေ မလုပ်ယင်၊ နိုင်ငံတကာက အလှူငွေ တွေမပေးယင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နောက်ကြောင်းပြန်လှည့်မယ်လို့ တဖက်လှည့်နဲ့ ခြိမ်းခြောက်တာများ လား။ ဗမာလူထုကြီးနဲ့ သူတို့လိုလားချက် ဒီမိုကရေစီကို အလဲအလှယ် ပြန်ပေးဆွဲခံထားရသလိုပါပဲလား၊
အော်… ဒုက္ခ .. ဒုက္ခ သံသရာဝန်လေးလှချေတကား။
နိဂုံးချုပ်ရရင် ဗိုလ်သိန်းစိန်ရဲ့ ဒီမိုကရေစီ ရွှေနားတော်သွင်း ဧချင်းက ကောင်းတော့ကောင်းပါ၏။ သို့သော်…
ဗိုလ်နေ၀င်းရဲ့ မဆလခေတ်ဦးတုန်းက ဘုန်းကြီးတပါးက မဆလပါတ်ီရဲ့အညမည သဘောတရားစာအုပ်ကို ဖတ်မိပြီး “ကောင်းလိုက်တာ၊ ဘယ်ဘုန်းကြီးလူထွက် ရေးထားတာပါလိမ့်” လို့ ဆိုသတဲ့၊ ကောင်းမှာပေါ့ အကောင်းတွေချည်း ကူး ချထားတာကိုး၊ လက်တွေ့လုပ်ဖို့မှ မဟုတ်ဘဲ၊ ဒီလိုနဲ့ အဲဒီအကောင်းချည်း ပြပြီး ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ်လိုက်ကြတာ ၂၆ နှစ်လည်းကြာရော တိုင်းပြည်လဲ လူမွဲစာရင်းဝင် လူထုလဲဖွတ်ကျောပြာစု၊ ခရုဆန်ကျွတ်ဖြစ် ကျန်ခဲ့တယ်။
အခုလည်း ဗိုလ်သိန်းစိန် တို့က နတ်သံနှောလို့ တကျော့လာပြန်ပြီး။ တဒေါ်လာလှူယင် ဒီမိုကရေစီနောက်ကြောင်းပြန် မလှည့်တော့ဘူးတဲ့။ ကောင်းတော့ ကောင်းပါ၏။ ဒါပေမယ့် လက်တွေ့မပါ၊ အပြောတွေချည်းဆိုတော့ အဆန်မပါတဲ့ ရေပေါ် လေ၀ဲတဲ့ စပါးခွံတွေလို့ပဲ မြင်မိတယ်။
ရဲဘော်ကျော်သန်း
photo: http://www.dvb.no/news/as-troops-withdraw-kachin-refugees-fear-return/20054
http://www.naytthit.net/?p=24877




သမတ ဦးသိန်းစိန် ကို ဒီလိုအကြံပေးချင်တယ်

Posted by on March 2, 2012 


ဦးသိန်းစိန် မိန့်ခွန်းကို အနှစ်ချုပ်ရင် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေပါတယ်။
အခက်ခဲတွေ ရင်ဆိုင်နေရတယ်။ ပူးပေါင်းပါ။ တည့်မတ်ပေးပါလို့ ဆိုတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အစိုးရရင်ဆိုင် နေရတဲ့ အကျပ်တည်းကို ဖြေရှင်းဖို့အတွက် အကြံပြုချင်ပါတယ်။
မြန်မာပြည်ရဲ့ပြသာနာဟာ ဒီမိုကရေစီဆိတ်သုဉ်းမှုနဲ့ တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံးနေမှု ဖြစ်ပါတယ်။
ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့ ဒီမိုကရက်တစ် ပတ်ဝန်းကျင်နဲ့ ဒီမိုကရက်တွေ ရှိဖို့လိုတယ်။
ဒါကတော့ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်ခွင့်ရှိရေး လိုအပ်တယ်။ ပြည်ပနိုင်ငံသားတွေနဲ့ ပြည်တွင်းကအင်အားစုတွေ ပူးပေါင်းနိုင်ကာမှ အစိုးရအနေနဲ့ အထွေထွေအကျပ်တည်းကနေ တကယ်လွတ်မြောက်မယ်။ ယနေ့ ကြုံတွေနေရတဲ့ အထွေအထွေ အကျပ်အတည်းကြီးကို အစိုးရတဖွဲ့တည်း မလုပ်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်ရင်လည်း မ လုပ်နိုင်ပါ။
အစိုးရက အစိုးရအလုပ်ကိုလုပ်နေချိန်မှာ နိုင်ငံရေးအင်အားစုတွေက လူထုအကျပ်အတည်းကို တဖက်တလမ်းက ကူညီ ဖြေရှင်းပေးတာဟာ အစိုးရကို ကူညီတာပဲ မဟုတ်ဘူး။ နိုင်ငံတော်ကို ကူညီတာပဲ မဟုတ်လား။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အမှိုက်ပုံး ၂ လုံးရှိတယ်။ တလုံးက မြူနီစပယ် (အစိုးရ) က တာဝန်ယူပြီး အမှိုက်ထည့်ဖို့ ပေး ထားတာ။ နောက်ထပ်တလုံးက လူမှုအသင်းအပင်းတခုက မြို့ရဲ့တာဝန်ကို လူမှုဝန်ထမ်းစိတ်နဲ့ ကူညီဖြေရှင်းပေးတာပါ။ ဒါက အစိုးရကို ဆန်ကျင်နေတာမှ မဟုတ်ဘဲ။
ကျနော်ကို ခုနေ မြန်မာပြည်ပြန်ပြီး ဘာလုပ်မလဲလို့ မေးရင်း မဲပုံး မထောင်ချင်ပါဘူး။ အမှိုက်ပုံးထောင်ပြီး အမှိုက်တွေ လိုက်သိမ်းပေးချင်ပါတယ်။ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒပါ။ အစိုးရကို ဖြုတ်ချဖို့။ မဲလိုချင်လို့ မဟုတ်ပါဘူး။ လူတွေကို အ သိတရားပေးဖို့ကလဲ တကယ်ကို လိုအပ်နေတယ်ဆိုတာ ကျနော် မြင်မိတယ်။
နိုင်ငံတော်မှာ ဒီနေ့ကြုံနေတဲ့ မဟာအကျပ်အတည်းက ပညာရှင်တွေမရှိတော့တဲ့ ပြဿနာပါ။ လုပ်ငန်းပေါင်းစုံမှာ ပညာ ရှင်တွေ လိုအပ်နေတယ်။ ဒါကို ပြည်ပက မျိုးချစ်မြန်မာတွေက ဖြေရှင်းပေးနိုင်တယ်။
အနိမ့်ဆုံးပြောရရင် ဈေးထဲမှာရောင်းနေတဲ့ အမဲသားငါးတွေဟာ ဒီတိုင်း ဆိုင်ပေါ်တင်ထားရုံနဲ့ ၂ နာရီအတွင်းမှာ ပရိုး တိန်းဓါတ်တွေ ကုန်သွားတယ်။ ဒီပရိုတင်းကို ဗက်တီးရီးယားတမျိုးက စားသုံးလိုက်တယ်။ အသားကတော့ လတ်နေပါ သေးတယ်။ အဟာရဖြစ်တဲ့ဓါတ်က မရှိတော့ဘူး။ ဒီဗက်တီးရီးယားက ပရိုတိန်းတွေကို စားသုံးမှုမပြုနိုင်အောင် အသား တွေကို စနစ်တကျ အအေးခန်းမှာသိုမှီးရပါတယ်။ အဟာရဓါတ်မရှိတဲ့ အသားငါးတွေကို ကျနော်တို့ မျိုးရိုးစဉ်ဆက် ဒီ တိုင်းစားနေကြတယ်။ ဒါကြောင့်  မြန်မာတွေဟာ ပရိုတိန်းအပြည့်အ၀ မစားရတော့ဘဲ ခန္ဓာကိုယ် မထွားမကြိုင်း ဖြစ်ကုန် တယ်။ သေးလှီလွန်းလာတယ်။ မွေးကင်းစကနေ  ၅ နှစ်အတွင်း အဟာရပြည့်အောင် ပေးရပါတယ်။ ၅ နှစ်မှာရှိတဲ့ အရပ် က အရွယ်ရောက်တဲ့အချိန်မှာ ၃ ဆရတယ်။ မြန်မာပြည်က ကလေးအများစုဟာ ၅ နှစ်မှာရှိတဲ့ အရပ်က ၂ ပေ အောက် ကို အလွန်ကျနေတယ်။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်။ ခန္ဓာကိုယ်သေးကွေးရင် ဦးနှောက်ဖွံ့ဖြိုးမှုလည်း နှေး သွားပါတယ်။ ဒီလို အစားသောက်တွေ၊ အဟာရတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့ပညာရှင်တွေဟာ ပြည်ပမှာရှိနေတယ်။ တခြားဘာသာရပ်တွေမှာလည်း အထူးကျွမ်းကျင်တဲ ပညာရှင်တွေ အပြင်မှာပဲ ရှိတော့တယ်။
မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေဖို့ အနည်းဆုံး စီးပွားရေးပါရဂူ ကျွမ်းကျင်သူတွေ အနည်းဆုံးတရာခန့်လို အပ်နေပါ တယ်။ မြန်မာပြည်မှာ မရှိတော့ပါ။ အခုရှိနေတဲ့သူတွေဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေပါ။ ဒါပေမဲ့ သူတို့ဟာ ၀န်နဲ့လုပ် အား မမျှမတ ဖြစ်နေပါတယ်။
ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့၊ သတင်းလွတ်လပ်ခွင့်တွေရှိဖို့၊ တရားဥပဒေရှိဖို့၊ လူမှုရေးအသင်း အပင်းတွေ လွတ်လပ်စွာတည်ထောင်ခွင့်ပြုဖို့တွေကို ချက်ခြင်းလုပ်ဆောင်ခွင့်ပြုပေးဖို့ လိုနေပါတယ်။ ဒီလိုလုပ်ဆောင်မှု ခွင့်ပြုခြင်းဟာ အစိုးရကို ခြိမ်းခြောက်တာမဟုတ်ဘဲ။ အစိုးရကို ပူးပေါင်းနေတာဖြစ်တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအ တွက် ပျော်ရွင်မှုကိုသာ ဖန်တီးပေးလာမယ်ဆိုတာကို ယုံကြည်ပါတယ်။
နောက်တခုက ပြည်တွင်းစစ်ပါ။ ပြည်တွင်းစစ် အဓိကဖြစ်စေတဲ့ အကြောင်းတရားကတော့ မသိကျိုးကျွန်ပြုမှုပါ။ (Ignor ance)၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ ခံစားမှုတွေကို မသိကျိုးကျွန်ပြုထားမှု ဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အ ရေးတွေကိုပေးဖို့ သူတို့ခံစားချက်ကို ကိုယ်ချင်းစာနာမှု ရှိဖို့ပါပဲ။ ဗမာလူမျိုးတိုင်းက စစ်ဖြစ်နေလို့ကတော့ မဖြစ်တော့ဘူး ငြိမ်းချမ်းရေးကို တည်ဆောက်မှာသာ တကယ်တောင့်တင်းတဲ့ နိုင်ငံတော် (Strong State) ကို တည်ဆောက်နိုင်မယ်ဆို တဲ့ အသိတရားရှိကြဖို့ ပါပဲ။
ပြည်တွင်းစစ်က အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့သလိုလို၊ ဦးနုက အမွေးပေးခဲ့သလိုလို၊ ဦးနေ၀င်းက လုပ်ကြံခဲ့သလိုလို တွေးခေါ်ကြ ရေးသားကြ။ ပြောနေကြမယ်ဆိုရင် မပြီးတော့ပါ။
စစ်ပွဲတွေကို အပြီးတိုင်ချုပ်ငြိမ်းပြီး တကယ်ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့  ဦးသိန်းစိန် တင်ပြတဲ့ အဆင့်သုံးဆင့်ဟာ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ပြဖို့လဲ လိုတယ်။
ဒါကတော့ တိုင်းရင်းသားနယ်တွေမှာ တပ်စွဲနေတဲ့ တပ်တွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ ပါပဲ။ တိုင်းရင်းသားတွေ ကိုယ် တိုင် ကိုယ့်ပြည်နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးတွေကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုဖို့ပဲ ဖြစ်ပါတယ်။
မိုးသီးဇွန်
http://www.naytthit.net/?p=24809


အမှန်တရားကို လက်ခံနိုင်သလား



သတင်းသုံးသပ်ချက်
သောကြာ, 02 မတ် 2012

By ဦးအောင်ခင် & မညိုညိုလွင်

အနှစ် (၅၀) လောက် လူ့အခွင့်အရေးချိုးဖျက်မှုတွေ ဖြစ်ပွါးလာခဲ့တဲ့ မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့ ရှုမယ်ဆိုရင် အမှန်တရား ထုတ်ဖော်ရေး၊ တရားမျှတရေး နဲ့ တာဝန်သိရေး စတာတွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား က ပြောသွားပါတယ်။ ဒါပေမဲ့ မစ္စတာကင်တားနားရဲ့  ခရီးစဉ်ကို အစိုးရသတင်းစာမှာ အရေးမကြီးတဲ့ သတင်းအတိုအထွာအဖြစ်သာ ဖော်ပြပါတယ်။ မစ္စတာကင်တားနားရဲ့  သုံးမျက်နှာ ကြေညာချက်ပါ အကြောင်းအရာကို လုံးဝမဖော်ပြပါဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့  ခရီးစဉ်ဟာ ဗမာအစိုးရအတွက် အရေးမကြီးကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို စစ်ဆေးမေးမြန်းဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ စီစဉ်နေတာကို နိုင်ငံပေါင်း (၁၆) နိုင်ငံက အတိအလင်း ထောက်ခံထားပါတယ်။ ဒါပေမဲ့ ပြုပြင်ရေး အစီအစဉ်လုပ်လာတာကြောင့် စောင့်ကြည့်ဖို့ လိုတယ်လို့ ယူဆလာကြတဲ့အတွက် စုံစမ်းရေးကော်မရှင် စေလွှတ်ရေးကို အကောင်အထည်ဖော်ဖို့ ဘယ်သူကမှ မကြိုးစားတော့ပါဘူး။ တနည်းဆိုရင်တော့ ဗမာအစိုးရကို အကောင်အထည်ဖော်ဖို့ ဘယ်သူကမှ မကြိုးစားတော့ပါဘူး။ တနည်းဆိုရင်တော့ ဗမာအစိုးရကို အရေးယူမယ့်ကိစ္စတွေ အားလုံးရပ်ဆိုင်းသွားပါတယ်။

မြန်မာပြည်မှာ ပြုပြင်ရေးဆက်လုပ်နိုင်ဖို့အတွက် ဖြစ်ပျက်ခဲ့တာတွေကို ဂရုမစိုက်လို့ မဖြစ်ဘူးလို့ မစ္စတာကင်တားနား က ဆိုပါတယ်။ အမှန်တရား ဖော်ထုတ်ရေးဟာ အရေးကြီးတဲ့ အခြေခံဖြစ်တယ်လို့ ဆိုပါတယ်။ အတိတ်ကဖြစ်ရပ်တွေကို ဘက်မလိုက်ဘဲ အတိအကျ မှတ်တမ်းတင်နိုင်မယ်ဆိုရင် အမှန်တရားကို သိရှိလာမှာဖြစ်တဲ့အတွက် အစိုးရဝါဒ ဖြန့်ယန္တရားက လုပ်ကြံပြောဆိုထားတာတွေဟာ အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။ နှိပ်စက်ညှဉ်းပန်းခံရသူတွေကို လျှော်ကြေးပေးဖို့လည်း အမှန်တရားဖော်ထုတ်ရေး ကော်မရှင်က စီစဉ်နိုင်ပါတယ်။ ဆန့်ကျင်ဘက်အုပ်စုတွေ အပြန်အလှန်ကြားနာရင်း ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာတာဟာ ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးကြီးတယ်လို့ မြင်ကြပါတယ်။ စနစ်ဟောင်းနဲ့ အဆက်ဖြတ်ကြောင်း ပြသတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ အမှန်တရားကို ထုတ်ဖော်နိုင်တာ မဟုတ်ပါဘူး။ သဘောတူချက်ရယူပြီး အသွင်ကူးပြောင်းတဲ့ တိုင်းပြည်မှာသာ အမှန်တရား (သို့မဟုတ်) အဖြစ်မှန် သိရှိရေး ကော်မရှင်ဖွဲ့စည်းပြီး လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို ထုတ်ဖော်ဖို့ ကြိုးပမ်းကြတာ တွေ့ပါတယ်။ မြန်မာပြည်လို စစ်တပ်က တဖတ်သတ် ဆုံးဖြတ်ပြီး အသွင်ပြောင်းဖို့ ကြိုးပမ်းတဲ့နိုင်ငံမှာ အမှန်တရား ထုတ်ဖော်ရေးကို ခေါင်းဆောင်ပိုင်းက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ စစ်အစိုးရလက်ထက်မှာ လျှို့ ဝှက်လုပ်ကိုင်တဲ့ကိစ္စကို ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်။ စစ်အစိုးရအဆက်ဆက်က ဝါဒဖြန့်လာတာတွေ အချည်းနှီးဖြစ်ကုန်မယ့်ကိစ္စကို ခေါင်းဆောင်ပိုင်းက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သတင်းမီဒီယာမှာ ဖြစ်ရပ်မှန်ကို ဖော်ပြခွင့် မပြုတဲ့ အစိုးရအဖို့ အမှန်တရားကို ထုတ်ဖော်ဖို့ အများကြီးအခက်အခဲ ရှိနိုင်ပါတယ်။ အကျင့်ဓလေ့ဟောင်းကို ချက်ချင်းစွန့်ပစ်ဖို့ခက်တယ်ဆိုတဲ့ စကားရှိပါတယ်။

အမှန်တရား ဖော်ထုတ်ရေးကော်မရှင်ကို သမ္မတရုံး (သို့မဟုတ်) လွှတ်တော်က ဖွဲ့စည်းနိုင်ပါတယ်။ ဒီလို ကော်မရှင်မျိုး ပေါ်ထွက်လာအောင် ပြည်သူလူထုက တောင်းဆိုနိုင်ပါတယ်။ အရပ်သားအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့၊ လူမျိုးရေးဘာသာရေးအဖွဲ့၊ ပညာတက်အသိုင်းအဝိုင်းနဲ့ စာနယ်ဇင်းတွေက တောင်းဆိုနိုင်ပါတယ်။ တိုင်းရင်းသားနယ်မြေမှာ လူ့အခွင့်အရေးချိုးဖျက်မှုတွေ အများဆုံးဖြစ်ပွါးနေတာကို ပြည်သူလူထုအများစုက သူတို့ရဲ့ အရေးကိစ္စအဖြစ် ခံယူပြီးတောင်းဆိုနိုင်ပါတယ်။ တချိန်တည်းမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဝိုင်းဝန်းတိုက်တွန်းမယ်ဆိုရင် အမှန်တရားဖော်ထုတ်ရေး ကော်မရှင်ပေါ်ထွက်လာဖို့ အလားအလာ ရှိနိုင်ပါတယ်။ လောလောဆယ်မှာတော့ အစိုးရနဲ့ အခြားအဖွဲ့အစည်းတွေဟာ ဆက်လက်ရပ်တည်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိုသာ အာရုံစိုက်နေကြပုံရပါတယ်။

အနှစ် (၅၀) လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းပြည်မှာ အခွင့်သာတုန်း ပြန်လည်တည်ဆောက်ရေးကို ဦးစားပေးဖို့ ဆုံးဖြတ်ထားကြပုံ ရပါတယ်။ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတာဟာလည်း အမှန်တရား ဖော်ထုတ်ရေးလုပ်ဖို့အတွက် အခြေအနေမပေးသလို ဖြစ်နေပါတယ်။ နောက်တချက်က အမှန်တရား ဖော်ထုတ်ရေးကော်မရှင် တည်ထောင်ရာမှာ လူအင်အားနဲ့ ငွေအင်အားကောင်းဖို့ လိုပါတယ်။ အဂတိလိုက်စားတဲ့ တရားစီရင်ရေးဌာန၊ ရဲအဖွဲ့နဲ့စစ်တပ်က အကူအညီ မပေးရင် အမှန်တရား ဖော်ထုတ်ရေးဟာ မဖြစ်နိုင်သလောက်ပါ။ အပြစ်ကျူးလွန်တဲ့ အမှုထမ်းက သက်သေအထောက်အထားတွေကို ဖျောက်ဖျက်နိုင်ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို အမှန်တရားထုတ်ဖော်နိုင်မှသာ နောက်ထပ်မဖြစ်ပွါးအောင် ဟန့်တားနိုင်မယ်လို့ ယူဆကြပါတယ်။ မတရားလုပ်တိုင်း လွတ်ငြိမ်းချမ်းသာခွင့် ရနေတာဟာ မတရားလုပ်ဖို့ အားပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် မစ္စတာကင်တားနား ပြောသွားသလို အမှန်တရား၊ တရားမျှတမှု နဲ့ တာဝန်ယူမှုအတွက် ဘယ်လိုဆောင်ရွက်နိုင်မယ်ဆိုတာကို လေ့လာဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/

ဟိုတယ်ဝန်ထမ်းကို ပါးရိုက်ခဲ့သူ ဂျပန်အမျိုးသားဟာ လုပ်ငန်းဗီဇာနဲ့ ပြည်ဝင်ခွင့်ရထားသူဖြစ်တယ်၊ သူ့ကို အမည်ပျက်စာရင်းသွင်းထားကြောင်း နိုင်ငံတကာမှာရှိတဲ့ မြန်မာသံအဖွဲ့တွေကို အကြောင်းကြားတဲ့စာ




http://www.irrawaddyblog.com/2012/03/blog-post_1135.html

ကြိုတင်မဲကိစ္စ ရှင်းလင်းသော ထုတ်ပြန်ချက် မရှိသေး


By featured, ဧရာဝတီ on March 1, 2012 6:32 pm

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲနှင့် ပတ်သက်ပြီး ရှင်းလင်းတိကျသော ထုတ်ပြန်ချက်များမရှိသေးကြောင်း ရန်ကုန် တိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က ပြောသည်။

လာမည့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများ ကောက်ခံ အနိုင်ယူ သည့် နည်းလမ်းအသုံးပြုမည့် အရိပ်အရောင်များ တွေ့မြင်နေရကြောင်း ၄င်းက ဆိုသည်။

“ကြိုတင်မဲနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းချက်တွေက ရှင်းလင်းမှုမရှိဘူး။ ကြိုတင်မဲပေးနိုင်တဲ့ အမျိုးအစား ခုနစ်မျိုး ရှိတယ်ဆိုတာရယ်၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက် မတိုင်မီ
ကြိုတင်မဲ ကောက်ခံနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လောက်ပဲ ပါတယ်။ ကြိုတင်မဲ ကောက်ခံတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တိတိ ကျကျ ပြဋ္ဌာန်းချက်မရှိဘူး”ဟု ဒေါက်တာစောနိုင်က ရှင်းပြသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ နေပြည်တော်မဲဆန္ဒနယ် တခုတွင် မဲပေးနေစဉ်(ဓာတ်ပုံ - အောင်သက်ဝိုင်း)

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ကြိုတင်မဲပေးနိုင်သည်များမှာ နာမကျန်းဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊
မဲဆန္ဒနယ်ပြင်ပ၌ တာဝန်ထမ်းနေသော နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ခရီးသွားမည့် သူများ အပါအ၀င် အမျိုးအစားခုနစ်မျိုး အကျုံးဝင်သည်ဟု ဥပဒေတွင် တရားဝင် ပြဋ္ဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်း ၉ နာရီကျော်သည်အထိ တောင် ဥက္ကလာ ပ ရပ်ကွက် ကော်မရှင်ရုံးများတွင် ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း၊ တချို့ရပ်ကွက်များတွင် ကြိုတင်မဲ အရေအတွက်သည် မဲပေးနိုင်သောလူဦးရေ၏၂၀ ရာခိုင်နှုန်းထက် ကျော်သွားသည်ကို တွေ့ရှိရကြောင်း၊ ကြိုတင်မဲများ မှန်မှန်ကန်ကန် ဖြစ်စေရေး သည် ရွေးကောက်ပွဲ တရားမျှတရေး အတွက် အလွန်အရေးကြီးကြောင်း ဒေါက်တာစောနိုင်က ဆိုသည်။

“ကြိုတင်မဲကို ဘယ်နေ့ကနေ ဘယ်နေ့ ဘယ်အချိန်အထိ နောက်ဆုံးပေးနိုင်မလဲ ဆိုတာ တရားဝင်ထုတ် ပြန်ရမယ်။ ကြိုတင်မဲ အများဆုံးပေးနိုင်မယ့် ရာခိုင်နှုန်းကိုသတ်မှတ်ပေးရမယ်။ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲအတွက် ၆ ရက်နေ့ည သန်းခေါင်ယံ အထိ ကြိုတင်မဲလက်ခံတယ်ဆိုတာက ဘယ်လိုမှ လက်ခံလို့မရဘူး”ဟု ၎င်းက ပြောသည်။

ဒေါက်တာ စောနိုင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေမှ တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနှင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ရွေးကောက်ပွဲအပြီး မဲရေတွက်စဉ်က ဒေါက်တာ စောနိုင် အနိုင်ရရှိသော်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အနိုင်၊ အရှုံး ရလဒ်ကြေညာချိန်၌ ရှုံးနိမ့်ကြောင်းကြေညာခဲ့ရာ ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)မှ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးက အနိုင်ရရှိခဲ့သည့် အငြင်းပွားဖွယ်ဖြစ်ရပ် ရှိခဲ့သည်။

ထိုအငြင်းပွားဖွယ် ဖြစ်ရပ်ကို မဲလိမ်မှု၊ မဲမသမာမှု အနေနှင့် ဒေါက်တာ စောနိုင်က ပြည်ပ မီဒီယာများမှတဆင့် အများပြည်သူ သိရှိနိုင်ရန် ထုတ်ဖော် ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကမူ ကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပမည့် အချိန် နှစ်ရက်အလို အထိ
ကောက်ခံမည်ဖြစ်ပြီး ကြိုတင်မဲကောက်ခံသည့်လုပ်ငန်းများကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ စောင့်ကြည့်ခွင့် မရှိကြောင်း ဖေဖော်ဝါရီ၂၄ ရက်ထုတ် ဂလိုဘယ်ပို့စ် သတင်းဂျာနယ်နှင့်တွေ့ဆုံခန်းတွင် ပြောဆို ထားသည်။
ယင်းတွေ့ဆုံခန်းတွင်ပင် ဦးကိုကိုက၂၀၁၀ ရွေးကောက်ပွဲ၌ မဲမသမာမှုရှိသည်ဆိုသော တိုင်ကြားချက်များသည် သတင်းမှားများအပေါ် အခြေခံထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် မဲရုံကိုယ်စားလှယ်ခန့်အပ်ရာတွင် နားလည်တတ်ကျွမ်း သူများကို ခန့်ထားသင့်ကြောင်း ပြောသည်။

“မဲရုံ ကိုယ်စားလှယ်တွေရဲ့ သတင်းအချက်အလက် မှားတဲ့အပေါ်မှာ သူတို့ကစောဒကတက်တဲ့အခါ အခုလိုလွဲတဲ့ အမှားတွေ ဖြစ် လာတာပေါ့။ မှန်တယ်၊ မမှန်ဘူး ဆိုတာ ပြည်သူ လူထု က မသိဘူး။ မီဒီယာမှာ သူတို့ ပြောလိုက်တာတွေက ပြန်ဖျက်လို့မရတော့ဘူး”ဟုလည်း ဦးကိုကို က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့သူ နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးကမူ မဲရုံတွင် မဲရေတွက်ပြီးသည်နှင့် အများပြည်သူကို ထုတ်ပြန်ပြောဆိုပြီး ရလဒ်ကို သက်ဆိုင်ရာမဲရုံတွင် တရားဝင်ကပ်ထားသင့်သည်ဟု အကြံပြုပြော ဆို သည်။

“၂၀၁၀ တုန်းက ရပ်ကွက်မဲရုံတွေမှာ ရေတွက်ပြီး မဲတွေကိုမြို့နယ်မှာ ပြန်ရေတယ်၊ ပြန်ပြင်တယ်။ နိုင်တဲ့သူက ရှုံး၊ ရှုံးတဲ့သူက နိုင်။ ဘယ်ကမှန်း မသိတဲ့ ကြိုတင်မဲတွေ ရောက်လာတာတွေ ဖြစ်ကုန် တယ်”ဟုလည်း ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မဲလိမ်မှု၊ မဲမသမာမှုများရှိပြီး ကြိုတင်မဲများနှင့် အနိုင်ယူခဲ့သော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ရှုံးနိမ်ခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်လောင်း အများစုက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

http://burma.irrawaddy.org/archives/6734

ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့နေရာများ မပြေလည်

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့နေရာ မပြေလည်သေး
2012-03-01

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဟောပြောမှာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ကန့်ကွက်ထားကြောင်း သိရပါတယ်။


မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့်နေရာဟာ စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ နီးတဲ့အတွက်ဖြစ်ကြောင်း အကြောင်းပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲဝင်မယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ခေါ် ဦးဇေယျာသော်က ဟောပြောခွင့်ရဖို့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အားကစားကွင်းလို နေရာမျိုးမဟုတ်ဘဲ မြို့နယ်အတွင်းက ကိုယ်ပိုင်လယ်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ တောင်သူတစ်ဦးက နေရာဌားရမ်းထားတာလို့ ဦးဇေယျာသော်က ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည် မိတ္ထီလာ လွတ်လပ်ရေးကွင်းမှာ ဟောပြောခွင့်မရ
2012-03-02

အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတ်လ ၅ ရက်မှာ ဟောပြောမယ့် မိတ္ထီလာမြို့က လူထုဟောပြောပွဲအတွက် လွတ်လပ်ရေးကွင်းကို သုံးခွင့်မပြုကြောင်း ဒီကနေ့ ခရိုင်ကော်မရှင်ရုံးက အကြောင်းပြန်ကြားတယ်လို့ မိတ္ထီလာမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

Photo courtesy of NLD Web site

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် အဖွဲ့ချုပ် ဗဟိုနာယက ဦးဝင်းတင်(ယာ)၊ဒေါ်ဖြူဖြူသင်း(ဝဲ)နှင့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်ညွန့်တို့ တက်ရောက်လာစဉ်။

မိထ္တီလာမြို့မှာ အောင်မင်္ဂလာကွင်းမှာ ဟောပြောခွင့်ရဖို့ ထပ်မံ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။ ဒီအတောအတွင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် လေးခုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ်ထဲက မဟာမြိုင်၊ ဗောဓိကုန်း၊ စိန်ပန်း၊ ဒေးဝန်း ရပ်ကွက်တွေမှာ ဖွင့်လှစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲတွေကို အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်တို့ တက်ရောက်ဖွင့်လှစ်ပြီး အမှာစကား ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က တံတားဦးလေဆိပ်ကို မနက်ဖြန် ရောက်ရှိလာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စီစဉ်ထားတဲ့ ခွပ်ဒေါင်းနဲ့ ကြယ်ပုံပါ အလှပြယာဉ်နဲ့ မန္တလေး ဆယ်မြို့နယ်အတွင်း လှည့်လည်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ လူထုကို ရှင်းပြကြကြောင်း သိရပါတယ်။
http://www.rfa.org/burmese

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားအရေး ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံး ဆုံးဖြတ်ချက်ချ

2012-03-01

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားအရေးကို အစိုးရရဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးက အလုပ်သမားတစ်ဦးကို တခြားခံစားခွင့်မပါ အနည်းဆုံး လစာငွေ ငါးသောင်း တစ်ထောင် သတ်မှတ်ပြီး မနေ့ ညနေက ဆုံးဖြတ်ချက်ချပေးလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လှိုင်သာယာ စက်မှုဇုံ ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံ၌ အလုပ်သမားများ ဆန္ဒပြနေစဉ်

ဒီကိစ္စနဲ့ပတ်သက်လို့ တောင်းဆိုထားတာတွေ တစ်ခုမှ လိုက်လျောတာ မတွေ့ရတာကြောင့်ရော၊ မူရင်း လစာငွေထက် နှစ်သောင်းကျော်ကျော် နည်းသွားတာကြောင့်ရော အလုပ်သမားတွေက မကျေနပ်ကြောင်း အလုပ်သမားကိုယ်စားလှယ် မမိုးဝေက အာအက်ဖ်အေကို ပြောပါတယ်။ အလုပ်သမားတွေက လုပ်ခ တစ်နာရီနှုန်းထား ၇၅ ကျပ်ကနေ ၁၅၀ ကျပ်ထိ တိုးပေးဖို့ တစ်လလုံး အလုပ်ပျက်ရက်မရှိဘဲ အလုပ်ဆင်းလို့ရတဲ့လုပ်ခကို ခြောက်ထောင်ကျပ်ကနေ ရှစ်ထောင်ကျပ်ကို တိုးပေးဖို့ စတဲ့အချက်တွေ အပါအဝင် စုစုပေါင်း ခုနစ်ချက် တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ရှင်က လုပ်ခ တစ်နာရီနှုန်းထားကို ၂၅ ကျပ်တိုးပေးပြီး ရက်မှန်ကြေး ကျပ်တစ်ထောင် တိုးပေးမယ်လို့ ညှိခဲ့ပေမယ့် အလုပ်သမား သုံးပုံနှစ်ပုံက လက်မခံဘဲ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးကို တိုင်ကြားခဲ့တာပါ။ အခုဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိတဲ့အတွက် အဆင့်ဆင့် ဆက်လက် တိုင်ကြားမယ်လို့ အလုပ်သမား ကိုယ်စားလှယ်တွေကပြောပါတယ်။ အလုပ်သမား ကိုယ်စားလှယ် မမိုးဝေနဲ့ အာအက်ဖ်အေ ဆက်သွယ်မေးမြန်းချက်ကို ဆက်လက် နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/tai-yi-factory-industrial-tribunal-03012012212938.html

တိုင်ရီ အလုပ်သမားများကို တနာရီ ၁၂၀ ပေးရန် ဝါဏိဇ္ဇခုံရုံးဆုံးဖြတ်
မျိုးသန့် | သောကြာနေ့၊ မတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်


ချင်းမိုင်(မဇ္ဈိမ) ။ ။ လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃) ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများကို အခြေခံလစာ ၅၁,ဝဝဝ ပေးရန် ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်လိုက်ခြင်းကြောင့် တနာရီလုပ်ခ ၁၂ဝ ကျပ် ရရှိမည်ဖြစ်သည်ဟု အလုပ်သမားများ၏ ဥပဒေ အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

"ဝါဏိဇ္ဇပဋိပက္ခကို တင်တဲ့အခါမှာ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လိုက်တဲ့အခါမှာ တနာရီကို ၁၂ဝ နှုန်းလောက် ကျတယ်။ တနာရီကို ကျပ် ၂ဝ တိုးပေးတဲ့သဘောပေါ့" ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမားများ ၁,၈ဝဝ ကျော်ကို ကိုယ်စားပြု အလုပ်သမားခေါင်းဆောင် ၄၅ ဦးက တနာရီလျှင် ၁၅ဝ ကျပ် ပေးရန်
တောင်းဆိုထားသော်လည်း ယခုဆုံးဖြတ်ချက်သည် သင့်တင့်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကိုဖိုးဖြူက ပြောသည်။

"အလုပ်သမားကိုယ်စားလှယ်တွေကတော့ ဒါဟာ သူတို့ ရသင့်တဲ့ အတိုင်းအတာလောက်အထိ မရသည့်တိုင်အောင် သင့်တင့်လျောက်ပတ်တယ်လို့ သူတို့ ယူဆပါတယ်" ဟု ပြောသည်။

ဝါဏိဇ္ဇပဋိပက္ခ ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် ဝင်ငွေ ၂ဝ,ဝဝဝ ခန့် တိုးလာသော်လည်း အလုပ်သမားများ နှစ်ကုန်လျှင် တလစာ ရရှိမည့် ရက်မှန်ကြေးနှင့် လုပ်သက်ကြေးတို့မှာ ရရှိတော့မည်မဟုတ်ကြောင်း အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောသည်။

လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်း
ကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ
ညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာ
တော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ဆန္ဒပြအလုပ်သမားများသည် ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးများ တိုးမြှင့်ရရှိအောင် လုပ်ငန်းခွင်အတွင်းမှ ဆက်လက်တောင်းဆို သွားမည်ဟု ဆိုသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈,၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကတည်းက တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖေါ်ဝါရီလ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် အဆိုပြုတောင်းဆိုခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးမှ ငြင်းပယ်ခဲ့သည်။

ထို လစာတိုးပေးရေး ဆွေးနွေးမှုများကြောင့် ကုန်ဈေးနှုန်းများ ရုတ်တရက် တက်လာသည်ဟုလည်း အစိုးရ သက်တမ်းတနှစ်ပြည့် သမ္မတမိန့်ခွန်းတွင် ကြာသပတေးနေ့က ထည့်သွင်းပြောသွားသည်။
http://www.mizzimaburmese.com/news/inside-burma/9070-2012-03-02-13-39-40.html

Carleton University and Canadian Friends of Burma host live conversation with Aung San Suu Kyi

Uploaded by CarletonUvideos on Mar 1, 2012


လူထု ထောက်ခံအားပေးမှုများ တခဲနက် ရရှိနေသည့်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း

Uploaded by BurmaVJMedia on Mar 2, 2012

လူထု ထောက်ခံအားပေးမှုများ တခဲနက် ရရှိနေသည့် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းသည် မတ်လ ၁ ရက်နေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် မှာ ရှိတဲ့ သပြေကုန်းရပ်ကွက် ကို သွားရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ပါသည်။ ကြားဖြတ်ရွေးကောက်ပွဲဝင်တာဟာ ဒီမိုကရေစီ လမ်းကြောင်းမှာ ပထမ ခြေလှမ်းဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို အဖွဲ့ချုပ် ရဲ့ ကိုယ်စားလှယ် ၄၈ ဦး နဲ့သာ ဝင်ရောက်မှာ မဟုတ်ပဲ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူလူထု တွေရဲ့ အင်အားနဲ့ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းက တက်ရောက်လာသည့် ပြည်သူများကို အမှာစကားပြောကြားသွားခဲ့ပါသည်။


ဒေါ်အောင်ဆန်းစုကြည် အောင်ပန်း၊ ကလောနဲ့ ဟဲဟိုးမြို့တွေဆီ မဲဆွယ်စည်းရုံးရေးခရီးစဉ်

Uploaded by BurmaVJMedia on Mar 2, 2012

ရှမ်းပြည်နယ် တောင်ပိုင်း ကလောခရီးစဉ် - မတ်လ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ အောင်ပန်း၊ ကလောနဲ့ ဟဲဟိုးမြို့တွေဆီ မဲဆွယ်စည်းရုံးရေးခရီးစဉ် အဖြစ် သွားရောက်ခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့ ပြည်သူလူထုတွေက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စု စိတ်ဓာတ်တွေကို မြင့်တက်စေဖို့ ပြည်သူလူထုကို ဟောပြောခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်မှာ ရုပ်ရှင်သရုပ်ဆောင် ကိုရဲတိုက်ကလဲ လိုက်ပါ အားပေးခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် တနိုင်ငံလုံးက မဲဆန္ဒနယ်တွေဆီ ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။
ကလောမြို့

ကလောမြို့

အောင်ပန်းမြို

ဒေါ်အောင်ဆန်းစုကြည်ရဲ့  မန္တလေးခရီးစဉ် အဆင်မပြေမှုတချို့ ရှိနေ


Published on March 2, 2012 by နေသွင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ် မနက်ဖြန်မှာစတင်တော့မှာ ဖြစ်ပေမယ့် မြို့နယ်တချို့က ဟောပြောမယ့် နေရာတချို့မှာ အဆင်မပြေမှုတွေ ရှိနေတယ်လို့ သက်ဆိုင်ရာ မြို့နယ်အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။မန္တလေးမြို့ပေါ်က ကြိုဆိုရေး အစီအစဉ်တွေ အဆင်သင့် ဖြစ်နေပေမယ့်၊ မန္တလေးတိုင်း မိထ္ထီလာမြို့နဲ့အစိုးရရုံးစိုက်တဲ့ နေပြည်တော်မှာ ဟောပြောမယ့် နေရာတွေမှာ အဆင်မပြေမှုတွေ ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ခရီးစဉ်

ဒီလ၅ရက်နေ့မိတ္ထီလာခရီးစဉ်မှာ ဟောပြောဖို့ လျှောက်ထားတဲ့ နေရာကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုတဲ့အကြောင်း၊ ဒီနေ့ ၁ နာရီမှာ အကြောင်းကြားခဲ့တယ် လို့ မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ ဒီနေရာကိုရဖို့ ကြိုးစားနေတာ ၁၀ ရက် လောက်ရှိပြီ။ ဒီရက်အတွင်းမှာ ဘယ်လိုမှ အကြောင်းမထူးဘူး။ လွန်ခဲ့တဲ့ ၃ရက်လောက်က သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သွားညှိတယ်။ ဘယ်လိုမှ မပြေလည်ဘူး။ စည်ပင်ကနေ ထွေ/အုပ်ကိုလွှဲတယ်၊ ထွေ/အုပ်ကနေ ကော်မရှင်ကိုလွှဲတယ်။ ကော်မရှင်ကနေ ထွေ/အုပ်ကို ပြန်လွှဲ။

ဒီလိုဖြစ်နေတဲ့အချိန်မှာ မနေ့က ကျနော်တို့ သူတို့ရုံးကို ၃ ကြိမ်တိုင်တိုင် သွားပြီးတော့ ပြောတဲ့အခါမှ ည ၇နာရီခွဲ အထိ မရသေးဘူး။ ဒီမနက်ကျတော့ ကျင်းပနေကျ လွတ်လပ်ရေး ကွင်းကို ခွင့်မပြုနိုင်ဘူးဆိုလို့ နေရာတခု ရှာတယ်။ ရှာတဲ့နေရာကို သူတို့ကို လှမ်းတင်ပြမယ်ပေါ့။ တင်ပြလို့ မရရင်တော့ မြို့လယ်ခေါင် လမ်းမကြီးပေါ်မှာ လုပ်မယ်လို့ စဉ်းစားထားပါတယ်။”

ခွင့်မပြုနိုင်ကြောင်းရေးထားတဲ့ ခရိုင်ကော်မရှင်ရဲ့ စာထဲမှာပါတာတော့ နိုင်ငံတော် အထိမ်းအမှတ် လွတ်လပ်ရေးကျောက်တိုင်ရှိနေခြင်း အများပြည်သူ သွားလာ အပန်းဖြေသည့် နေရာ ဖြစ်ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်နေရာ ဖြစ်ခြင်းတို့ကြောင့် ၎င်းနေရာအား ခွင့်မပြုနိုင် တာလို့ ပါရှိပါတယ်။

အလားတူ ဒီလ ၅ ရက်နေ့မှာ စီစဉ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ် အတွင်း ဟောပြောဖို့ နေရာအခက်အခဲ ကြုံနေရတယ်လို့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

“မြို့နယ်ကော်မရှင်ကတော့ ကျနော်တင်တဲ့ ကွင်းအနေအထားကို ကန့်ကွက်ရန် မရှိပါလို့ စာထုတ် ထားပေးတယ်။ ဒါပေမယ့် မစန္ဒာမင်း ၀င်ပြိုင်မယ့် ဇမ္မူသီရိမြို့နယ်နဲ့ ကိုနိုင်ငံလင်း ၀င်ရောက် ယှဉ်ပြိုင်မယ့် ဒက္ခိဏသီရိ မြို့နယ်မှာတော့ ကွင်းအနေအထားက မသေချာသေးဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆင့်ထိ တင်ပြ တောင်းဆို ထားတယ်လို့ ကြားသိရပါတယ်။ အဆင်ပြေသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့ အရာအားလုံးကို တရားဥပဒေနဲ့အညီ လုပ်ကိုင်ထားတာပါ။”

နေပြည်တော်က မဲဆန္ဒနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တွေလည်း ဓားနဲ့ ဖျက်ဆီးတာတွေ ခံနေရပြီး၊ စည်းရုံးရေး လုပ်ငန်းတွေမှာလည်း မညီမျှမှုတွေ ရှိနေတာတွေကို ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဥပဒေနဲ့အညီ ထိန်းကျောင်းပေးသင့်တယ်လို့ ဦးဇေယာသော်က ဆက်ပြောပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက် နေ့စွဲနဲ့ ကြေညာချက် ၁ စောင် ထုတ်ပါတယ်။ အားကစားကွင်း၊ ဘောလုံးကွင်း အစရှိတဲ့ ကွင်းတွေကို နိုင်ငံရေးအရ စည်းရုံး ဟောပြောမှုကို ဘယ်ပါတီကိုမှ ခွင့်မပြုပါဘူးဆိုတဲ့ အချက်ပါ။ ဒါပေမယ့် ကျနော်တို့ ပုဗ္ဗသီရိ မြို့နယ်မှာရှိတဲ့ ဘောလုံးကွင်းကိုတော့ ကြံ့ခိုင်ရေးပါတီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စည်းရုံးဟောပြောပွဲ တခု လုပ်သွားပါတယ်။ ဒါကိုလည်း သက်သေနဲ့ ဓာတ်ပုံ အထောက် အထားတွေ အပါအ၀င် ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ပါဝင်တဲ့ အထောက်အထားတွေနဲ့ တင်ပြပြီး ကန့်ကွက်သွားမှာပါ။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ချိန်ခွင်လျှာလိုမျိုး အလယ်ကနေ သမာသမတ်ကျကျ ရပ်တည်သင့်တယ်လို့ ထင်ပါတယ်။”

မိထ္ထီလာနဲ့ နေပြည်တော်မှာ ဒီလို ပြဿနာတွေ ရှိနေပေမယ့်၊ မနက်ဖြန် မန္တလေးမြို့ပေါ်က ကြိုဆိုရေး အစီအစဉ်နဲ့ ဟောပြောမယ့် နေရာတွေအားလုံး အဆင်ပြေပြေ စီစဉ်ထားပြီး ဖြစ်တယ်လို့ မန္တလေးမြို့မှာ အသင့်စောင့်နေတဲ့ မဟာအောင်မြေ မဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဥက္ကဋ္ဌရဲ့ လေယာဉ်ခရီးစဉ်က မနက်ဆိုတော့ ၈ နာရီ ခွဲလောက် ဖြစ်နိုင်ပါတယ်။ မန္တလေးတိုင်းက ကြိုဆိုဖို့အတွက် ရွှေရောင်ခွပ်ဒေါင်းနဲ့ ကြယ်ပေါ့။ ဟိုတုန်းက မြို့မ အဖွဲ့ကားတွေလို သရုပ်ဖော် ငွေငန်းတို့ဘာတို့ ဆင်သလိုပေါ့။ ရွှေရောင်ခွပ်ဒေါင်းနဲ့ ကြယ်ကို အလှဆင်ထားတဲ့ တူရိယာကားနဲ့ ကြိုဆိုရေးကားတွေဖြင့် လေဆိပ်ကနေ ကြိုဆိုပါမယ်။ အောင်ပင်လယ်ကွင်းဆိုတာ အောင်ဇေယျလမ်းနဲ့ ခိုင်ရွှေဝါ လမ်းဒေါင့်မှာပေါ့။ ၅၀ x ၅၁ လမ်းကြားမှာ ရှိပါတယ်။ ဒါကွင်းကျယ်ကြီးပါ။ အဲဒီမှာတော့ ဟောပြောဖို့ စင်မြင့်ရယ်၊ အခင်းအကျင်းတို့ကို အပြီးသတ် ကျနော်တို့ ပြင်ဆင်ထားပြီးပါပြီ။” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ စတင်မယ့် မန္တလေးတိုင်း ခရီးစဉ်အတွင်းမှာ မတ် ၃ ရက်နေ့ မန္တလေးမြို့၊ ၄ ရက်နေ့ စစ်ကိုင်းနဲ့ ၅ ရက်နေ့မှာ မန္တလေးတိုင်းအတွင်းက တံတားဦး၊ နွာထိုးကြီးမြို့၊ မိထ္ထီလာ၊ နေပြည်တော်တို့ကို စည်းရုံးရေးသွားရောက်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/21988

သောကဇာတ်ဝင်ခန်းရဲ့ အစ

ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် မဏ္ဍပ်စင်
(အောင်ပင်လယ်ကွင်း တောင်ဘက်ခြမ်း)
ဓါတ်ပုံ-ဘလော့ကာညိုကြီး
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီစဉ် အကြိုည (၂.၃.၁၂)






2.3.2012 ညက မန္တလေးမြို့ပေါ် လှည့်လည်နေသော NLD ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်

လာရှိုးသိန်းအောင် သီချင်းသံလေးကလည်း လွင့်ပျံ့ လို့ပေါ့။

အလှပြယာဉ်လှည့်လည်စဉ် NLD လူငယ်များက အောင်ပင်လယ် လူထုဟာပြောပွဲလမ်းညွှန်မြေပုံ နှင့် မန္တလေးမြို့ လူထုပရိသတ်ကြီး "တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစား၊ အသိအမှတ်ပြု၊ ကူညီ၊ ရိုင်းပင်းကြ" ဖို့ တိုက်တွန်းထားတဲ့ စာများ လိုက်လံဝေငှလျက်ရှိပါတယ်။

ညိုကြီးရိုက်ကူးတင်ဆက်သည်။