Wednesday, March 7, 2012

မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ



2012-03-07
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ International Women’s Courage ဆုကို ဒီနှစ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း ချီးမြှင့်ခံရပါတယ်။


RFA
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်သည့် International Women’s Courage ဆု ချီးမြှင့်ခံရသူ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်
ဒီဆုကို လက်ခံဖို့ မဇင်မာအောင်ဟာ အခု ဝါရှင်တန်ဒီစီမြို့ကိုရောက်နေပါတယ်။ ဆုရရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ မဇင်မာအောင်က အခုလို ပြောပြပါတယ်။
“လတ်တလော ဖြစ်နေတဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့ကိစ္စ၊ အဲဒီကိစ္စအပေါ်မှာ ပြည်သူလူထုက ပိုပြီး စိတ်အားထက်သန်လာအောင်လို့၊ အဲဒီမှာ အများစု ဒုက္ခရောက်တာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်၊ peace process မှာ အမျိုးသမီးတွေ အများစု ပါဝင်လာနိုင်အောင်၊ ထို့အတူပဲ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေမှာ အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာနိုင်အောင် ကိစ္စတွေမှာ အကူအညီပေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်”
မဇင်မာအောင်ဟာ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုကနေ ၂၀၀၉ ခုအထိ ထောင် ၁၁ နှစ်ကျခံခဲ့ရပြီး ထောင်က လွတ်လာတဲ့နောက်မှာလည်း ဒီမိုကရေစီရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သလို တိုင်းရင်းသားရေးရာတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လူ့အဖွဲ့အစည်းအတွက် ရှေ့တန်းကနေ မဆုတ်မနစ် ရဲရဲရင့်ရင့် ကြိုပမ်းသူ အမျိုးသမီးတွေကို အခုလို အမျိုးသမီးသတ္တိရှင်ဆုပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ်ကွန်ဒိုလီဇာရိုက်စ်က ၂၀၀၇ ခုက ဒီဆုကို စတင်ဖန်တီးခဲ့ပါတယ်။
ဒီနှစ်အတွက် မြန်မာနိုင်ငံက မဇင်မာအောင်အပြင် အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ ကိုလမ်ဘီယာ၊ လစ်ဗျား၊ မောလ်ဒိုက်၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့ တူရီကီနိုင်ငံတို့က အမျိုးသမီးတွေ ဆုရကြပါတယ်။
ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန် ကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းစံတော်ချိန် မနက် ၁၁ နာရီမှာ စတင်မှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ သမ္မတကတော် မစ်ရှဲ အိုဘားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/zin-mar-aung-Courage-award%20-03072012114456.html

ခေါင်းမြီးခြုံ စစ်အာဏာရှင်၏ ခေါင်းမြီးခြုံ စစ်ဆင်ရေး



Posted by on March 7, 2012


အပစ်အခတ်ရပ်စဲတယ်၊ ငြိမ်းချမ်းရေးလိုလားတယ် ဆိုတဲ့ ခေါင်းမြီးခြုံစစ်အာဏာရှင်တွေဟာ ပါးစပ်က ငြိမ်းချမ်းရေး အော်ပြီး လက်ကတော့ ပုဆိုးခြုံထဲမှာ သေနတ်ပြောင်းတိုက်နေပါတယ်။
တကယ်တော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စစ်တပ်က သမတ (ဗိုလ်ချုပ်ကြီးဟောင်း)သိန်းစိန်ရဲ့ အပစ်ရပ်ဖို့ အမိန့်ကို မလိုက်နာတာ မဟုတ်ပါဘူး။ ဒါတွေက ကြိုတင်ဇာတ်ညွှန်းဆွဲ စီစဉ်ပြီးသားဖြစ်ပါတယ်။ ၁၉၆၂ ခုကတည်းက မုသာဝါဒ ကံ၊ ပါဏာတိပါတာကံ၊ အဒိန္နဒါနာကံ သီလတွေတခုမှမမြဲခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ဘယ်အချိန် ဘယ်သူက ဘယ်လိုလိမ်၊ ဘယ်သူက ဘယ်လိုသတ်၊ ဘယ်သူက ဘယ်လိုခိုးဆိုတာ စီမံချက်ဆွဲပြီးသား ဖြစ်ပါတယ်။
(၁)
၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်မှာ ကချင်ပြည်နယ် စစ်ဆင်ရေးတွေ ရပ်ဆိုင်းခိုင်းလိုက်တယ်လို့ ကြော်ငြာပြီး ငြိမ်းချမ်းရေး ဝါဒဖြန့်ထိုးစစ်တွေ စလာခဲ့ပါတယ်။ ဇန်နဝါရီလလယ်လောက်မှာ ကချင်ပြည်နယ် မန့်ဝိန်းကြီးနဲ့ ရှမ်းမြောက်ပိုင်း နမ့်ခမ်း ဂွင်တွေထဲက မြန်မာတပ်တွေ လူမြင်သူမြင် ရုပ်သိမ်းခဲ့လို့ ဒေသခံပြည်သူတွေ ပျော်ခဲ့ကြပါတယ်။ သမတကြီး အမိန့်အ တိုင်း တကယ်စစ်ရပ်စဲပြီ ထင်ခဲ့ကြပါတယ်။ တပ်မ ၉၉ လက်အောက်ခံ ၉၉၃ ဗျူဟာနဲ့ ခလရ ၁၄၊ ခမရ ၃၁၅၊ ခမရ ၄၂၀ တို့ဟာ နမ့်ခမ်း-မူဆယ်-လားရှိုး-မန္တလေး လမ်းကြောင်းအတိုင်း သီချင်းတွေအော်ဆို မြူးပျော်ပြီး နောက်တန်းကို ပြန်သွား ကြပါတယ်။
ဒါပေမဲ့ ခေါင်းမြီးခြုံစစ်အာဏာရှင်တွေဟာ တပတ်လောက်အကြာမှာ ၉၉၁ ဗျူဟာနဲ့ ခလရ ၇၉၊ ခမရ ၁၁၃၊ ခမရ ၄၁၇၊ ခမရ ၄၁၈ တို့ကို မန္တလေး-မိုးမိတ်လမ်းကနေ ခိုးကြောင်ခိုးဝှက်နဲ့ ရှမ်း-ကချင်နယ်စပ်ကို သွင်းလာပါတယ်။ ဒီ ၄ ရင်းအပြင် သိန္နီအခြေစိုက် ခလရ ၆၉ ကိုပါ ၉၉၃ အပြန်မှာခေါ်ချသွားပြီး ၉၉၁ နဲ့ ပြန်ထည့်လိုက်ပါတယ်။ ဒီလိုနဲ့ ၉၉၁ နဲ့ ၅ ရင်း ဟာ မန့်ဝိန်းကြီးဂွင်မှာ ပြန်ရောက်နေပြီး ကေအိုင်အေ တပ်မဟာ ၃ နဲ့ ၄ ကိုဖြတ်တောက်တိုက်ခိုက်နေပါ တယ်။
အလားတူဘဲ ဗိုလ်ချုပ်မင်းအောင်လှိုင် တပ်မမှူးလုပ်ခဲ့တဲ့ တပ်မ ၄၄ ကိုလဲ အကျအဆုံးများလာရင် တပ်မမှူးဟောင်း အ ပေါ် ရှိစုမဲ့စုထောက်ခံမှုလေး ပျောက်မစိုးလို့ သထုံပြန်ပို့ပေးပြီး မြောက်ပိုင်းတိုင်း(မပခ) နဲ့ကပ်ရက် အနောက်မြောက် တိုင်း (နမခ) လက်အောက်ခံ ဗျူဟာတခုနဲ့တပ်ရင်း ၃ ရင်းကို ဖားကန့်-ကာမိုင်း-ဆင်ဘိုဂွင်ထဲ သွင်းလာပါတယ်။ အခု ဆိုရင် နမခ က နောက်ထပ် ၂ ရင်း ထပ်ထည့်လိုက်လို့ ၅ ရင်း ဖြစ်သွားပြီး ကေအိုင်အေ တပ်မဟာ ၂ နဲ့ ကေအိုင်အေ ဗဟိုကို ဖြတ်တောက်ဖို့ (ဧရာဝတီမြစ် အနောက်ခြမ်းနဲ့အရှေ့ခြမ်း အဆက်ဖြတ်ဖို့) ကြိုးစားနေပါတယ်။ တပ်မတပ်တွေ ထပ်သွင်းရင် သိသာလို့ တခြားတိုင်းကတပ်တွေ ခိုးသွင်းတဲ့သဘောပါ။
မကွေးကလာတဲ့ တပ်မ ၈၈ က ၁၀ ရင်း၊ ဗန်းမော်အခြေစိုက် စကခ-၂၁ ၁၀ ရင်း၊ မိုးကောင်းအခြေစိုက် စကခ-၃ ၁၀ ရင်းတို့ကလဲ ကေအိုင်အေဗဟို လိုင်ဇာကို ဝိုင်းပတ် တိုက်ခိုက်နေဆဲဖြစ်သလို မပခ တိုင်းတပ် ၂၀ ရင်းလောက်ကလဲ ဗျုဟာ ၃ ခုခွဲပြီး အင်ဂျန်းယန်ဂွင်၊ ဖားကန့်ဂွင်၊ မြစ်ကြီးနား-ဝိုင်းမော်ဂွင်တွေမှာ ကေအိုင်အေ တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၅ တို့ကို တိုက်နေပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာတော့ အရှေ့မြောက်တိုင်း (ရမခ) က ဗျူဟာတခုနဲ့ ၆ ရင်းက နမ့်ခမ်းမှာ တရုတ်ပိုက်လိုင်း နဲ့ ရွှေလီဓာတ်အားလိုင်းတွေကို ကာကွယ်ပေးနေပြီး စကခ-၁၆ ကတဗျူဟာနဲ့ ၃ ရင်းက မုံးဝီးဂွင်၊ စကခ-၁ က တဗျူဟာ နဲ့ ၆ ရင်းက နမ္မတူဘော်တွင်းဂွင်၊ ရမခ က ဗျူဟာ ၁ ခုနဲ့ ၄ ရင်းက နမ္မတူနဲ့လားရှိုးကြားမှာ လှုပ်ရှားနေကြပါတယ်။ ဒီ တပ်တွေက မန္တလေး-လားရှိုးလမ်းမြောက်ဖက်-အနောက်ဖက် ရှမ်း-ကချင်နယ်စပ်မှာ ကေအိုင်အေ တပ်မဟာ ၄ နဲ့ ၃ ကို အဆက်ဖြတ် တိုက်ခိုက်ဖို့ဖြစ်သလို အဲဒီဂွင်ထဲမှာရှိတဲ့ ဗိုလ်ချုပ်ပန်ဖရဲ့ အက်စ်အက်စ်အေတပ်၊ ဗိုလ်ချုပ်ရွက်စစ်ရဲ့ အက်စ်အက်စ်အေ(တောင်ပိုင်း)တပ်၊ တကျော့ပြန်ပလောင်တော်လှန်ရေးတပ်တို့ကိုပါ ချေမှုန်းဖို့ လှုပ်ရှားနေတာ ဖြစ်ပါ တယ်။
ကြံ့ဖွတ်တပ်တွေကို ထောက်ကူဖို့ လွှတ်တော်ကိုယ်စားလှယ် ဘိန်းဘုရင်ကျော်မြင့်ရဲ့ ပန်ဆေးပြည်သူ့စစ် နဲ့ ဘိန်း ဘုရင်မြင့်လွင်ရဲ့ မုံးဝီးပြည်သူ့စစ်တွေကိုလဲ သုံးနေပါတယ်။အရှေ့ခြမ်းမှာတော့ သိန္နီအခြေစိုက် စကခ-၁၆ က ၂ ဗျူဟာနဲ့ ၆ ရင်း၊ ကျောက်မဲအခြေစိုက် စကခ-၁ က တဗျူဟာ နဲ့ ၂ ရင်းတို့က ကချင်တပ်မဟာ ၄ ကို ဦးတည်တိုက်နေပြီး ရမခတပ်တွေကတော့ ကွတ်ခိုင်ဗျူ ဟာနဲ့ ကွမ်းလုံဗျူဟာတို့က ၁၂ ရင်းလောက်နဲ့ နယ်မြေထိန်းလှုပ်ရှားနေပါတယ်။
ဗိုလ်ချုပ်ပန်ဖရဲ့ အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီတပ်တွေကိုတော့ တန့်ယန်းမှာ တဗျူဟာနဲ့ ၅ ရင်း၊ သီပေါ တောင် ခြမ်းမှာ တဗျူဟာနဲ့ ၄ ရင်းက ဦးတည်တိုက်နေပါတယ်။ ငြိမ်းချမ်းတည်ငြိမ်သွားပြီဆိုတဲ့ ကိုးကန့်ဒေသမှာ တပ်မ ၃၃ က နောက်တန်း စစ်ကိုင်းကိုပြန်သွားပြီး ကလေးအခြေစိုက် စကခ ၁၀ လက်အောက်ခံ ၂ ဗျူဟာနဲ့ ၇ ရင်း က လောက်ကိုင် ဒေသခံ ၂ ရင်းနဲ့ပေါင်းပြီး ဖုန်ကြားရှင်းရဲ့ ကိုးကန့်ပြောက်ကျားတွေကို ရင်ဆိုင်နေပါတယ်။
ခြုံကြည့်လိုက်ရင် ဗမာစစ်တပ်တပ်ရင်းပေါင်း ၅၂၅ ရင်းမှာ တပ်ရင်း ၁၀၀ လောက် သို့မဟုတ် ၂၀% လောက်ကို ကချင်နဲ့ တိုက်ခိုင်းနေတာ တွေ့ရပါတယ်။
(၂)
အက်စ်အက်စ်အေ (မြောက်ပိုင်း) ကို ရမခ၊ စကခ-၁၊ စကခ-၁၆ တို့က တပ်ရင်း ၂၈ ရင်းနဲ့ တိုက်နေသလို စကခ-၂ က ဗျူဟာ ၃ ခုနဲ့ ၁၀ ရင်းကလဲ တိုက်နေပါတယ်။
အက်စ်အက်စ်အေ (တောင်ပိုင်း) တပ်တွေကိုတော့ သံလွင်အနောက်ဖက်မှာ ကွန်ဟိန်း၊ လင်းခေး၊ မိုင်းကိုင်တို့မှာ အခြေ ပြုထားတဲ့ အရှေ့အလယ်ပိုင်းတိုင်း (ရလခ) ရဲ့ ဗျူဟာ ၃ ခုနဲ့ တပ်ရင်း ၁၃ ရင်းက ထိန်းချုပ်ရှင်းလင်းနေပြီး သံလွင်အ ရှေ့ဖက်မှာတော့ ဟိုမိန်းဗျူဟာ နဲ့ ၄ ရင်း၊ မိုင်းဆတ်အခြေစိုက် စကခ-၁၄ နဲ့ ၁၀ ရင်း၊ မိုင်ဖြတ်အခြေစိုက် စကခ-၁၈ နဲ့ ၄ ရင်း၊ တြိဂံတိုင်းက ၁၅ ရင်းလောက်က ကန့်သတ်ထိန်းချုပ်တာတွေ လုပ်နေပါတယ်။
(၃)
အပစ်ရပ်ပါပြီဆိုတဲ့ ကေအဲန်ယူ-ဒီကေဘီအေ နယ်မြေမှာလဲ ဗမာတပ်တွေ နေရာဝင်ယူလှုပ်ရှားနေတာကို ခုလိုတွေ့ရပါ တယ်။ ကေအဲန်ယူတပ်မဟာ ၁ သထုံနယ်မြေမှာ ရန်ကုန်-အင်းတိုင်အခြေစိုက် တပ်မ ၁၁ နဲ့ ၄ ရင်း၊ တပ်မဟာ ၂ တောင် ငူအရှေ့ခြမ်းမှာ ပြည်အခြေစိုက် တပ်မ ၆၆ နဲ့ ၇ ရင်း၊ ရခိုင်ကလာတဲ့ စကခ-၉ နဲ့ ၇ ရင်း၊ တပ်မဟာ ၃ နယ်မြေ ညောင် လေးပင်အရှေ့ခြမ်းမှာ ရန်ကုန် ဖူးကြီးအခြေစိုက် စကခ-၄ နဲ့ ၇ ရင်း၊ တပ်မဟာ ၄ နယ်မြေ ဘိတ်-ထားဝယ်ဘက်မှာ ဘုတ်ပြင်းအခြေစိုက် စကခ-၁၃ နဲ့ ၁၀ ရင်း၊ တပ်မဟာ ၅ နယ်မြေ ဖာပွန်ဂွင်မှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နဲ့ ၇ ရင်း၊ တပ်မ ၁၁ နဲ့ ၃ ရင်း၊ တပ်မဟာ ၆ မော်လမြိုင်အရှေ့ခြမ်းမှာ တပ်မ ၂၂ က ၃ ရင်း၊ ရေးအခြေစိုက် စကခ-၁၉ က ၁၀ ရင်း၊ တပ်မဟာ ၇ ဖားအံခရိုင်မှာ တပ်မ ၂၂ က ၄ ရင်းနဲ့ ကော့ကရိတ်အခြေ စိုက် စကခ-၁၂ က ၁၀ ရင်း လှုပ်ရှားနေပါတယ်။
တိုင်းတပ်တွေအနေနဲ့ တောင်ပိုင်းတိုင်း (တပခ) က ဗျူဟာ ၃ ခု ရွှေကျင်၊ သံဘို နဲ့ လိပ်သိုမှာ ထိုင်ပြီး တပ်ရင်း ၁၂ ခု၊ အရှေ့တောင်တိုင်း (ရတခ) ဗျူဟာ ၄ ခုက လှိုင်းဘွဲ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ သင်္ဃန်းညီနောင် တို့မှာ တပ်ရင်း ၁၀ ခု၊ ကမ်းရိုးတန်းတိုင်း (ကရခ) ဗျူဟာ ၂ ခုက ကော့သောင်းနဲ့ မေတ္တာမှာ တပ်ရင်း ၁၀ ခုနဲ့ နယ်မြေထိန်းချုပ် နေပါတယ်။ အားလုံးပေါင်းလိုက်ရင် တပ်ရင်းပေါင်း ၁၀၀ ကျော်ရှိပြီး တနိုင်ငံလုံးကတပ် ၂၀% ကျော်ပါတယ်။
(၄)
တိုက်တိုက် မတိုက်တိုက်၊ အဲဒီတပ်တွေကို တိုင်းရင်းသားနယ်မြေတွေက မရုပ်သိမ်းသရွေ့ လက်ရှိအစိုးရဟာ တကယ် တန်းငြိမ်းချမ်းရေးကို လိုလားတယ်လို့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကို ဘယ်တော့မှမရနိုင်ပါ။ တပ်မတော်သားတွေရဲ့ ထောက်ခံမှုကိုလဲ ဘယ်တော့မှမရနိုင်ပါ။
ဂါမဏိ
http://www.naytthit.net/?p=25217

နှစ်ဆပေးမှာတကယ်လား

Htun Aung


တရားမျှတသော ရွေးကောက်ပွဲ လို့ သင်ယူဆပါသလား


by Myo Myat Min on Tuesday, March 6, 2012 at 4:04pm ·
အခုတလော ကြားနေရတဲ့ သတင်းတွေကတော့ မကောင်းဘူး။ ဖျာပုံမှာ တစ်မျိုး၊ မြောင်းမြက တစ်မျိုး၊ ဗန်းမော်က တစ်မျိုး၊ မင်္ဂလာတောင်ညွန့်က တစ်မျိုး အမျိုးမျိုးကို ကြားနေရတယ်ဗျာ။ တစ်ခုကတော့ ဒီလို ရွေးကောက်ပွဲဆိုတာ နိုင်ငံတော်ရဲ့ အရေးကြီးသော အခန်းဂဏ္ဍ တစ်ရပ်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော စာရင်းတွင် မိမိတို့ အမည်ပါမပါ ကြည့်ရှု့ရန်၊ မပါရှိပါက ပုံစံဖြည့်သွင်းရမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အော်လံဖြင့် လိုက်အော်နေသည်။ ထို့ပြင် မြေဖြူဖြင့် ရေးထားသော ဆိုင်းဘုတ် ထောင်ထားသည်။ ဆိုင်းဘုတ် တွင် မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့ဟုရေးထားပြီး အော်လံဖြင့် လိုက်အောင်ရာတွင် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ ညနေ ၅ နာရီကျော်ပါက တာဝန်ယူမည်မဟုတ် ဟု အော်သွားသည်ကိုတွေ့ရသည်။ ရေးထားသော ဆိုင်းဘုတ်တွင် ၁ ရက်နေ့ ဟုရေးထားပြီး အော်သော အခါ ဘာလို့ မတ်လ ၃ ရက်နေ့ ဖြစ်နေရသနည်း။
တိုင်းပြည်တစ်ခု၏ ရွေးကောက်ပွဲ ပြလုပ်သော အချိန်ကို ဤကဲ့သို့  မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့ ဟုထားလိုက်ပါ။ တစ်ပတ်သာ အချိန်အတိုင်းအတာ တစ်ခုဖြစ်သည်။ သို့သော် အော်လံဖြင့် လိုက်လံ အော်ရာတွင် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ ဆိုလျှင် ၅ ရက်သာ အချိန်ရသည်။ မတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့သည် စနေ၊တနင်္ဂနွေ ဖြစ်နေသည်။ တကယ်တမ်းဆိုလျှင် ၃ ရက်သာ အချိန်ရသည်။
တိုင်းပြည်၏ အရေးကြီးသော အစိတ်အပိုင်းကို ဘာဖြစ်လို့များ နိုင်ငံပိုင် သတင်းစာများဖြစ်သော မြန်မာအလင်း၊ ကြေးမုံတို့တွင် မဖော်ပြသနည်း။ထို့နောက် နိုင်ငံပိုင် ရုပ်သံလိုင်းများ ဖြစ်သော မြဝတီ၊ မြန်မာအသံတို့တွင် မကြေညာသနည်း။ ဒါ စဉ်းစားစရာ အချက်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော နိုင်ငံများတွင် ရွေးကောက်ပွဲ ပြုလုပ်လျှင် မိမိတို့နေထိုက်ရာ အိမ်များကို စာပို့အကြောင်းကြားသည်။ နိုင်ငံတွင်း သတင်းစာများတွင် ထည့်သွင်းဖော်ပြသည်။ နိုင်ငံပိုင် ရုပ်သံလိုင်းများ၊ ပုဂ္ဂလိက ရုပ်သံလိုင်းများတွင် ကြေညာချက် များထည့်သွင်းဖော်ပြသည်။ နိုင်ငံတွင်းနေထိုင်သော နိုင်ငံသားအားလုံး မသိရ မရှိလေအောင် ကြေညာချက်များ ထုတ်ပြန်သည်။
သို့သော်မြန်မာနိုင်ငံတွင်ကား ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေပြီဟု ပြောနေသော်လည်း ယခု လက်ရှိအချိန်ထိ စစ်အာဏာရှင် စနစ်မကုန်သေးသည်မှာ အထင်းသားပင် ဖြစ်သည်။ မည်သို့ပင် ယူနီဖောင်းချွတ်၍ အရပ်သားဝတ်စုံ ဝတ်ပြီးနေသော်လည်း လက်ရှိအမြင်မှာ အာဏာရှင် စနစ်အောက်တွင်သာ ရှိသေးသည်။
ရပ်ကွပ်ရုံးများတွင် ကြံဖွံမှာ လူများကြီးစိုးနေသည်မှာ သိသူများ ရှိသလို မသိသူများ လဲ ရှိနိုင်ပါသည်။ သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွပ်ရုံးများတွင် ဥက္ကဌများသည် ကြံဖွံမှ လူများ ဖြစ်နေသည်။ ရွေးကောက်ပွဲ ကော်မရှင် သည် ဘက်လိုက်လုပ်ဆောင်၍ မရသော အဖွဲ့အစည်း ဖြစ်သည်။ သို့သော် ယခုတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌများ ကိုယ်တိုင်က မမှန်မကန်လုပ်ဆောင်နေပေတော့သည်။
ကျနော်ရေးသော စာအား ကျနော်တာဝန်ယူသည်။ သို့သော် ဆဲဆိုခြင်းကိုတော့ လက်မခံပါ။ အချက်ကျကျ ပြန်လည်ဖြေရှင်းနိုင်သည်။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသည် တရာမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု သင် ထင်မြင်ပါသလား?


နေပြည်တော်တွင် ဒေါ်စု ယာဉ်တန်းအား လှမ်းနတ်ဆက်နေသည့် ရဲဘော်များ ...


ဓါတ်ပုံ - Thiha Thwe



ဒေါ်အောင်ဆန်းစုကြည်အား နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးလာရောက်တွေ့

Burma VJ Media Network

၇-၃-၂၀၁၂ နေ့ ၁၁း၀၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်အား အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Mr. MeCully နှင့်အဖွဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်....



Eleven Media Group




ဦးဂမ္ဘီရအား ကျောက်တံတားမြို့နယ်ရဲစခန်းတွင် ရောက်ရှိနေစဉ် ဆက်သွယ်မေးမြန်းချက်

မတ်လ ၆ ရက်နေ့ ည ၁၀း၃၀ အချိန်ခန့်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဆရာတော် ဦးဂမ္ဘီရ အား ကချင်ပြည်နယ်ခရီးစဉ်နှင့်ပတ်သတ်ပြီး မေးမြန်းစရာရှိလို့ လိုက်ခဲ့ပါရန် အထူးရဲတပ်ဖွဲ့ SB မှ ကားဖြင့်လာရောက် ခေါ်ဆောင်သွားပါသည်။ ထိုသို့ခေါ်ဆောင်သွားရာ၌ ၎င်းဧ။်အမဖြစ်သူရဲ့နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မနက်ဖြန်မနက် ပြန်ပို့ပေးမည်ဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ သိရပါသည်။

ဦးထွန်းလွင်ကနာဂစ်မုန်တိုင်းသတင်း နအဖ စစ်အစိုးရထံ တင်ပြခဲ့ပေမဲ့ သတင်းမှန်ကိုထိန်ချန်

Burma VJ Media Network
လူအသေအပျောက်များခဲ့ရတဲ့ နာဂစ်မုန်တိုင်း ဘယ်သူမှာ တာဝန်ရှိလဲ

မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်က ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအတွင်း မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်တွေကို နအဖ စစ်အစိုးရထံ တင်ပြခဲ့ပေမဲ့ သတင်းမှန်ကို ပြည်သူလူထုကို အသိမပေးဘဲ ထိန်ချန်ခဲ့တဲ့အပြင် နှောင့်နှေးကြန့်ကြာမှုတွေနဲ့ကန့်သတ်မှုတွေရှိခဲ့တဲ့အတွက်လူသိန်းနဲ့ချီ သေဆုံးခဲ့ရတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။မတ်လ (၆) ရက်နေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံးရုံးချုပ်မှာ ကျင်းပပြုလုပ်တဲ့ ဦးထွန်းလွင်ရဲ့ မိုးလေဝသဆိုင်ရာ ဟောပြောပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။




ပြည်သူတွေဆင်းရဲနေတာဟာ အုပ်ချုပ်မှုမမှန်တာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Uploaded by BurmaVJMedia on Mar 7, 2012

ပြည်သူတွေဆင်းရဲနေတာဟာ အုပ်ချုပ်မှုမမှန်တာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မက်လ ၆ ရက်နေ့က ပဲခူးတိုင်းထဲက တောင်ငူ ၊ ထန်းတစ်ပင်နဲ့ ၊ အုတ်တွင်းမြို့နယ်တွေကို သွားရောက်ပြီး လူထုနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံဖြစ်ပေမယ့် ဘာကြောင့်ဆင်းရဲနေရတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကပြောသွားခဲ့သလို သဘာဝအရင်းအမြစ်တွေက ရရှိတဲ့ နိုင်ငံတော် ဘဏ္ဍာငွေတွေနဲ့ပတ်သက်လို့ ပြည်သူတွေ သိသင့်တယ်လို့ သူကပြောဆိုသွားခဲ့ပါတယ်။

လွတ်လပ်သောအလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ၏ သတင်းစာရှင်းပွဲ

By Burma VJ Media Network
၂၀၁၂ခုနစ် မတ်လ(၇)ရက်နေ့နေ့လည် ၂း၀၀ နာရီက ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံရှေ့ရှိ M3 Food center (golden hall) တွင် လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် မကြာခင်ရက်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မအိရွှေစင်က ဆောင်ရွက်ပြီး ဦးစိုးမြင့်စိုး၊ ဦးရဲ(ခ)ဦးရွှေထွန်း၊ ဦးထွန်းထွန်းနိုင်(ခ)ဇီးကွက်၊ ဦးယဉ်ထွေး(မကြာမီကပြည်ပမှပြန်လည်ရောက်ရှိလာသူ)တို့အပါအဝင် အဖွဲ့ဝင်၁၅ဦးဖြင့် ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့ပါသည်။ထိုအခမ်းအနားသို့ ဇန်နဝါရီလက နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းထောင်များမှပြန်လည် လွတ်မြောက်လာကြသည့် ကိုဇော်သက်ထွေး၊ ကိုဝင်းမော်(ရွှေသံစဉ်) ၊ ကိုထင်ကျော်၊ နေဘုန်းလတ်(blogger) တို့လည်းတက်ရောက်ကြသည်။ ရှေ့နေဖိုးဖြူ၊ ကိုသူရိန်အောင်၊ကိုထွန်းကြည်၊ ကိုဝင်းချိုနှင့် ကိုဇေယျတို့မှ ဆွေးနွေးအကြံပြုကြသည်။











ဧရာဝတီတိုင်းတွင် မဲစာရင်းအချို့မှားနေသော်လည်း ပြင်ဆင်ပေးရန်တိုင်ကြားမှုမရှိသေး


by Yangon Press International on Wednesday, March 7, 2012 at 2:17am ·
မတ် ၇၊ ၂၀၁၂ (YPI)

ဧရာဝတီတိုင်းဖျာပုံမြို့နယ်တွင် မဲပေးနိုင်သူစာရင်းများ မှားယွင်းနေကြောင်း ပြောဆိုမှုများရှိနေသော်လည်း မဲစာရင်းထုတ်ပြန်ပြီး တစ်ပတ်ကြာသည်အထိ ကန့်ကွက်တိုင်ကြားမှု မရှိသေးကြောင်း ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက YPI သို့ပြောသည်။

“ခုချိန်အထိတော့ တိုင်ကြားစာ တစ်စုံတစ်ရာ မရှိသေးပါဘူး”ဟု ၄င်းတာဝန်ရှိသူက ပြောသည်။

ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွန်ခဲ့သောတစ်လကျော်ကစ၍ မဲစာရင်းများ ကောက်ယူ ခဲ့ပြီး၂၀၁၀ခုနှစ်ရွေးကောက်ပွဲစာရင်းကို အခြေခံကာ ပြန်လည်စစ်ဆေးထားပြီး ဖြစ်ကြောင်း အထက်ပါ အရာရှိက ဆိုသည်။

မဲပေးနိုင်သည့် စာရင်းများကိုဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းအလိုက်ထုတ်ပြန် ကြေညာပြီး နောက် ဗန်းမော်မြို့နယ်၊ ဖျာပုံမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့ တွင် မဲစာရင်းမှားယွင်းမှုများ ရှိနေကြောင်း မီဒီယာသတင်း ဖော်ပြချက်အချို့ရှိခဲ့ရာတွင် ဖျာပုံအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ဖျာပုံမြို့နယ် (၁၆) ရပ်ကွက်တွင် ဒေသခံဖြစ်သော်လည်း မဲစာရင်းတွင် မပါခြင်းများ ကြုံတွေ့နေရကြောင်း ဧရာဝတီတိုင်း ဖျာပုံနှင့်ဒေးဒရဲမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၀)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေက ဆိုသည်။

“မဲရုံကိုယ်စားလှယ်ကိုယ်တိုင်မဲစာရင်းထဲ မပါဘူး ဖြစ်နေလို့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်ကို သွားပြောတော့ သူတို့က ပြန်ထည့်ပေးပါမယ်လို့ ပြောတယ်”ဟု ၄င်းက ပြောသည်။

မဲစာရင်းကောက်ခံရာတွင် ရပ်ကွက်ကျေးရွာကော်မရှင်များက (၁၈)နှစ်ပြည့် မဲပေးနိုင်သူလူဦးရေစာရင်းကို တစ်အိမ်တစ်ရွက်စီ ပေးကာ ဖြည့်စွက်စေပြီး ပြန်လည်ကောက်ယူခြင်းနည်းဖြင့် ရယူခဲ့ကြောင်း ဧရာဝတီတိုင်းကော်မရှင်တာဝန်ရှိသူကရှင်းပြသည်။

မဲစာရင်းများတွင် မပါသူများအနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ ရွေးကောက်ပွဲ မကျင်းပမီ တစ်ပတ်အလိုအထိ သတ်မှတ်ပုံစံဖြည့်စွက်၍ လျှောက်ထားနိုင်ကြောင်း ၎င်းကပင်ပြောသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ်ခုနှစ်နေရာရှိပြီး မဲရုံစုစုပေါင်း(၁၅၆၈)ရုံရှိကာ မဲပေးနိုင်သူဦးရေ (၁၃)သိန်းခွဲကျော်ရှိသည်။      ။

အလုပ်သမားထုအခွင့်အရေးအတွက် အဖွဲ့အစည်းများဖွဲ့စည်းရန် အရေးတကြီးလိုအပ်


by Yangon Press International on Wednesday, March 7, 2012 at 6:47am ·
မတ်၊ ၇၊ ၂၀၁၂ (YPI)

အလုပ်သမားထု၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် အလုပ်သမားသမဂ္ဂကဲ့သို့ အဖွဲ့အစည်းများ လက်ရှိအချိန်တွင် အရေးတကြီးလိုအပ်လျက်ရှိကြောင်း လွတ်လပ်သောအလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးရဲနိုင်ဝင်းကပြောသည်။

“ တည်ဆဲဥပဒေတွေက အားနည်းနေတဲ့အပြင် သူတို့ဘက်က ရပ်တည်ပေးမယ့် အဖွဲ့အစည်းတွေမရှိတဲ့အတွက် လက်ရှိမှာ အလုပ်သမားတွေဟာ  အလုပ်ရှင်တွေရဲ့ဖိနှိပ်မှုကို ခံနေကြရပါတယ်” ဟု ၎င်းက ပြောသည်။

အခြား ကော်မတီဝင် တဦးဖြစ်သူ ဒေါ်အိရွှေစင်ညွန့်ကလည်း အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်လာရေးအတွက် ၎င်းတို့အနေဖြင့် ကြိုးပမ်းလျှက်ရှိပြီး အလုပ်သမားများအရေးကို ဆောင်ရွက်လိုသော အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့်လည်း ကော်မတီသို့ လာရောက် ပူးပေါင်းနိုင်ကြောင်း ပြောသည်။

အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဖိုးဖြူကမူ လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖွဲ့စည်းရာတွင် အလုပ်သမားစစ်စစ်များသာ ပါဝင်ရန်အရေးကြီးကြောင်း၊ သို့မဟုတ်ပါက သမဂ္ဂ၏ လွတ်လပ်မှုကို ခြိမ်းခြောက် ခံရနိုင်ကြောင်း ပြောသည်။

၎င်းက “ အလုပ်သမားသမဂ္ဂတွေမှာ အလုပ်ရှင်ကိုကိုယ်စားပြုတဲ့ အလုပ်သမားတွေမပါဖို့လိုတယ်။ အဲဒီလိုအလုပ်သမားတွေ သမဂ္ဂမှာဦးဆောင်ရင် သမဂ္ဂအချင်းချင်း အငြင်းပွားမှုတွေဖြစ်နိုင်တယ်။ လွတ်လပ်မှုကိုလည်း စိန်ခေါ်ခံရနိုင်တယ်” ဟုပြောသည်။

ထို့ပြင်၎င်းက အလုပ်သမားသမဂ္ဂများ အမှန်တကယ်လွတ်လပ်သောအဖွဲ့အစည်းများဖြစ်လိုပါက အလုပ်သမား ဥပဒေများကိုလည်း ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ အလုပ်သမားများ၏ လွတ်လပ်စွာဆန္ဒပြခွင့်ကဲ့သို့ အခွင့်အရေးများကို ရရှိမည်ဖြစ်ကြောင်းပြောသည်။

“ လက်ရှိပြဌာန်းထားတဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ဆန္ဒပြချင်တဲ့အလုပ်သမားတွေက အလုပ်သမားသမဂ္ဂရဲ့ ခွင့်ပြုချက်ယူရမယ်ဆိုတာ သဘာဝမကျပါဘူး။ နိုင်ငံတကာစံနဲ့လည်း မညီပါဘူး။” ဟု၎င်းကပြောသည်။

လက်ရှိတွင် အလုပ်သမားအခွင့်အရေးအတွက်တောင်းဆိုလျက်ရှိသော တိုင်ရီဖိနပ်စက်ရုံတွင် ယာယီအလုပ်သမား သမဂ္ဂနှစ်ခုဖွဲ့စည်းထားပြီး အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေ ထွက်ရှိပါက မှတ်ပုံတင်နိုင်ရန်ပြင်ဆင်ထားသည်။

အခြားစက်ရုံအလုပ်ရုံများမှလည်း အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်စိတ်ဝင်စားလျက်ရှိပြီး တိုင်ရီစက်ရုံမှ ယာယီအလုပ်သမား သမဂ္ဂတွင်လည်း အဖွဲ့ဝင်အဖြစ် ၀င်ရောက်ထားသူများရှိကြောင်း ယင်းသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမျိုးမင်းသိန်းက ပြောသည်။

ယခုအချိန်တွင် အလုပ်သမားအဖွဲ့အစည်းဥပဒေကို အတည်ပြုပြဌာန်းပြီးဖြစ်သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည့် နည်းဥပဒေကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။        ။
ယခင် သီတင်းပတ်က ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ

ငြိမ်းချမ်းရေး ဆွေးနွေးရန် ABSDF ကိုယ်စားလှယ် ဘားအံမြို့သို့ ထွက်ခွာ


by Yangon Press International on Wednesday, March 7, 2012 at 4:32am ·
မတ်လ (၇) ရက်၊ ၂၀၁၂ (YPI)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF သည် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ဆက်သွယ်ရေး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန်အတွက် ယနေ့ဘားအံမြို့သို့ထွက်ခွါသွားပြီဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းကပြောသည်။

“အစိုးရကိုယ်စားလှယ်တွေနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမယ့် ခရီးစဉ် အတွက် ပြင်ဆင်ဖို့သွားတဲ့ခရီးစဉ်ပါ ”ဟု ၄င်းက YPI သို့ပြောသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် အခြေစိုက် လှုပ်ရှားသည့် ABSDF မှ တွဲဖက်အထွေထွေအတွင်းရေးမှုး (၁) ရဲဘော်မြင့်ဦး ဦးဆောင်သည့် အဖွဲ့ဝင်ခြောက်ဦးနှင့် အစိုးရဘက်က ဒုတိယဗိုလ်မှုးကြီး(ဟောင်း) စောခင်စိုး ဦးဆောင်သည့် နှစ်ဖက်ဆက်သွယ်ရေး ကိုယ်စားလှယ်တို့ မနက်ဖန်တွင် ဘားအံမြို့၌ တွေ့ဆုံသွားမည်ဖြစ်သည်ဟု ဦးမျိုးဝင်းကပြောသည်။

ဧပြီလပထမပတ်တွင်  အစိုးရဘက်က ဦးအောင်သောင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ABSDF အဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း ၎င်း ကပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နှစ်ဖက်ကိုယ်စားလှယ်တို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အကြိုသဘောဖြင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ကြသေးသည်။

ABSDF သည်  ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းဖြစ်ပွားပြီးနောက် နိုဝင်ဘာလ (၁) ရက်နေ့တွင် တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစားပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ကျောင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။    ။

ဝါဏိဇ္ဖဆုံးဖြတ်ချက်အား ကိုအလုပ်သမားများ အယူခံဝင်မည်


by Yangon Press International on Wednesday, March 7, 2012 at 6:23am ·
မတ်၊ ၇ ၊ ၂၀၁၂ (YPI) 

မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက်အရ ဆိုပါက အလုပ်သမားများ၏ လုပ်ခလစာသည် ယခင်ကထက်ပင် နည်းသွားနိုင်သဖြင့် ယင်းဆုံးဖြတ်ချက်အား အလုပ်သမားများထဲမှ ကျေနပ်မှု မရှိပဲ ရန်ကုန်တိုင်းဒေသကြီး ၀ါဏိဇ္ဖတရားရုံးသို့ အယူခံဝင်မည်ဟု တိုင်ရီဖိနပ်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောသည်။

၎င်းက “ အမိန့်စာထုတ် စတုန်းကတော့ ဟုတ်မလိုလို ရှိခဲ့ပေမယ့် တကယ်တမ်း ရှင်းလင်းချက်တောင်းကြည့်လိုက်တော့ အရင်ကထက်တောင် နည်းသွားသေးတယ်။ ဒါကြောင့် တိုင်းဝါဏိဇ္ဖရုံးကို အယူခံတင်သွားမှာပါ” ဟုပြောသည်။

ဝါဏိဇ္ဖတရားရုံး၏ လက်ရှိဆုံးဖြတ်ချက်အရ အလုပ်သမားများသည် ယခင်က ရရှိသောရက်မှန်ကြေး၊ အတတ်ပညာကြေး၊ ဆုကြေး၊ တာဝန်ကျေကြေး၊ လုပ်သက်ကြေး စသည်တို့ကိုရရှိတော့မည်မဟုတ်ဘဲ စုစုပေါင်းဝင်ငွေအဖြစ် တစ်လလျှင် ၅၁၀၀၀ ကျပ်ကိုသာရရှိမည်ဖြစ်သည်။

တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများ ဆန္ဒပြနေသည်ကို ယခင်သီတင်းပတ် က ယခုကဲ့သို့ တွေ့မြင်ရသည်။

လက်ရှိဆုံးဖြတ်ချက်အားအလုပ်သမားများဘက်မှ သဘောမတူပါက ဖေဖော်ဝါရီလအတွက် လစာကို အလုပ်သမားများ ရရှိနိုင်မည် မဟုတ်ကြောင်း ၀ါဏိဇ္ဖရုံးမှပြောကြားသည်ဟု မမိုးဝေကပြောသည်။


ယခုကိစ္စနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ်များက အလုပ်ရှင်နှင့် တွေ့ဆုံဆွေးနွေးကြရာ အလုပ်ရှင်ဘက်မှ ယခုလ ၉ ရက်နေ့တွင် လစာများထုတ်ပေးမည်ဟု ပြောကြောင်း ယင်းကဆက်လက်ပြောသည်။
ယခုအချိန်တွင် ဖေဖော်ဝါရီလအတွက် လစာကိုမရရှိသေးသဖြင့် အလုပ်သမားများအနေဖြင့် စားဝတ်နေရေး ကြပ်တည်းလျက်ရှိကြောင်း ၎င်းက ပြောသည်။

တိုင်းဒေသကြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရာတွင် ထူးခြားမှုမရှိပါက အလုပ်သမားများအပေါ်မူတည်ပြီးဆက်လက်ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မမိုးဝေက ဆက်ပြောသည်။

လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများသည် တရုတ်နှစ်သစ်ကူးရုံးပိတ်ရက် လစာငွေ ဖြတ်တောက်ခံရမှုအပေါ် မကျေနပ်သဖြင့် ယခင်လ ၆ ရက်နေ့မှ စတင်ဆန္ဒပြခဲ့ရာယမန်နေ့ဆိုလျင်  တစ်လပြည့်ပြီဖြစ်သည်။

ယင်းအလုပ်သမားများသည် တစ်နာရီလျှင် လုပ်ခလစာ ၇၅ ကျပ်မှ ၁၅၀ ကျပ်တိုးမြှင့်ရရှိရေးနှင့် ရက်မှန်ကြေးတစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့ တိုးမြှင့်ရရှိရေး စသောအချက်များကို တောင်းဆိုထားပြီးအလုပ်ရှင်ဘက်မှ တစ်နာရီလျှင် လုပ်ခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး တစ်လလ၊ျှင် ၇၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် ကမ်းလှမ်းထားသည်။

အလုပ်သမား ၁၈၀၀ ၀န်းကျင်အနက် အချို့မှာအလုပ်ရှင်ဘက်မှတိုးမြှင့်ပေးသည့် နှုန်းထားကိုကျေနပ်ခြင်းမရှိသော်လည်း မိမိတို့၏ စားဝတ်နေရေးကြောင့် လုပ်ငန်းခွင်ပြန်ဝင်လျက်ရှိကြောင်း ယင်းအလုပ်သမားများ၏ခေါင်းဆောင် ဦးမျိုးမင်းသိန်းက ဆိုသည်။        ။

မြန်မာ နိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ ဖျက်သိမ်းတော့မည်


by Yangon Press International on Wednesday, March 7, 2012 at 10:43am ·
မတ်လ (၇) ရက်၊ ၂၀၁၂ (YPI)

မြန်မာနိုင်ငံ စာပေ၊ စာနယ်ဇင်း နယ်ပယ်နှင့် သက်ဆိုင်သည့်  အသင်းအဖွဲ့သုံးဖွဲ့ ဖွဲ့စည်း ပြီးပါက မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို က YPI သို့ပြောသည်။

လာမည့် မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ အရေးပေါ်ညီလာခံ တခုကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင် စာပေ၊ စာနယ်ဇင်းနှင့် ပတ်သက်သည့် အသင်းအဖွဲ့သုံဖွဲ့ ဖွဲ့စည်း သွားမည်ဖြစ်သည်။

"ခေတ်တွေကလည်းပြောင်းသွားပြီးလေ စတုတ္ထမဏ္ဍိုင် ပီပီပြင်ပြင်ပေါ်လာဖို့အတွက် လွတ်လပ်တဲ့ အသင်းတွေ ပေါ်လာဖို့လိုတယ် ၊လွတ်လပ်တဲ့အသင်းတွေ ပေါ်လာရင်စာပေနဲ့ စာနယ်ဇင်း အကျိုးအတွက်ပိုပြီး လုပ်ပေးနိုင်တာပေါ့"ဟု ဦးကိုကိုက YPI သို့ပြောသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ နှောင်းပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပသည့် မီဒီယာ ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲ၊ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့က ကြီးမှူး စီစဉ်ကာ ပြည်ပ မြန်မာမီဒီယာအချို့ကိုပါ ဖိတ်ကြားခဲ့သည်။ ( Photo: YPI)

ဖွဲ့စည်းမည့်အသင်းသုံးသင်းမှာ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းတို့ဖြစ်ပြီး ယင်းအသင်းများကို ဖွဲ့စည်းပြီးသည်နှင့်လက်ရှိ စာပေနှင့်စာနယ်ဇင်းအသင်းကိုဖျက်သိမ်း သွားမည်ဟုဆိုသည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့ထဲမှ  သတင်းစာဆရာများကို သတင်းစာဆရာများအသင်းထဲသို့လည်းကောင်း စာရေးဆရာများကို စာရေးဆရာ အသင်းထဲသို့လည်းကောင်း စသည်ဖြင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအသင်းအလိုက် အသင်းသားအသစ်များကိုလည်းခေါ်ယူပြီး ၎င်းတို့အထဲမှဗဟိုအလုပ်အမှုဆောင်များ၊ ဥက္ကဋ္ဌ အတွင်းရေးမှူးများ ထပ်မံရွေးချယ်မည်ဖြစ်သည်။

"အခုလက်ရှိအသင်းမှာ တာဝန်ယူထားတဲ့သူတွေက အသစ်ထပ်ဖွဲ့တဲ့အသင်းထဲမှာတာဝန်ယူထားတဲ့ သူတွေအနေနဲ့ ပါချင်မှလည်းပါမယ် ၊မပါချင်လည်းမပါဘူးပေါ့ အသစ်ပါလာမဲ့အသင်းသားအားလုံးထဲက ပြန်ရွေးမှာပါ" ဟုမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ တွဲဖက် ဘဏ္ဍာရေးမှူး မောင်မျိုး (ကြောင်နှစ်ကောင်) မှ ပြောသည်။

ရွေးချယ်သည့်အခါမှာလည်း မဲဖြင့်ရွေးချယ်တင်မြောက်သည့်စနစ်ဖြင့်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးကိုကိုကဆိုသည်။

အဆိုပါအဖွဲ့ အသစ်များ ထပ်မံဖွဲ့စည်းလာခြင်းနှင့်ပတ်သတ်၍ မြန်မာ့ဓနမဂ္ဂဇင်း ၏ အယ်ဒီတာချုပ် ဦးသီဟစောက "စာရေးဆရာတွေ ၊သတင်းစာဆရာ အသင်းတွေဆိုတာ အစိုးရနဲ့သီးခြားဖြစ်ပြီးလွတ်လပ်တဲ့ အသင်းအဖွဲ့ဖြစ်ရမယ် ၊အကယ်လို့လွတ်လပ်တဲ့ အဖွဲ့အစည်း အမှန်တကယ်ဖြစ်လာရင် အရင်ထက်စာရင် စာပေအကျိုးအတွက်ပိုပြီး လွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့" ဟုပြောသည်။

အသစ်ဖွဲ့မည့် အဖွဲ့များ အနေအထားနှင့် ပတ်သက်ပြီး ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့် ကမူ "ဘယ်လိုဖွဲ့မယ်ဆိုတာမသိသေးတော့ ပြောရခက်တယ် ၊အခုစာပေနဲ့စာနယ်ဇင်းအဖွဲ့ဆို ပြန်ကြားရေးကဦးဆောင်ပြီး ပါနေတာရှိတယ်၊ အဖွဲ့ဝင်တွေထဲမှာအစိုးရက တိုက်ရိုက်ခန့်တာတွေရှိတယ်လေ ဘယ်သူတွေ ပြန်ပါလာမလဲဆိုတောမသိဘူး၊ ပုံမှန်အားဖြင့် စာရေးဆရာအဖွဲ့ဆိုတာ ဦးဆောင်ဖွဲ့စည်းတဲ့သူ ကိုယ်တိုင်က စာရေးဆရာဖြစ်သင့်တယ်"ဟု သူ့အမြင်ကို ပြောသည်။

လက်ရှိမြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ဆယ်နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ဥက္ကဌဦးတင်လှိုင် (လယ်တွင်းသားစောချစ်) ဖြစ်ပြီး အတွင်းရေးမှူးမှာ ဦးကိုကို(ကိုကိုစက်မှုတက္ကသိုလ်) တို့ဖြစ်ကြသည်။
 
အရပ်သား အစိုးရတက်လာပြီးနောက် တစ်နှစ်နီးပါး ကြာမြင့်လာသည့်နောက် အလုပ်သမား သမဂ္ဂများ၊ လယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းရန် ပြင်ဆင်လျှက်ရှိသကဲ့သို့ နကိုက အစိုးရ အာဏာပိုင်များက ထိန်းချုပ်ထားသည့် ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့တို့ကိုလည်း လွတ်လပ်သည့် အသင်းအဖွဲ့များ ဖြစ်စေရန် ပြန်လည်ဖွဲ့စည်းဖို့ကြိုးပမ်းမှုများ ရှိနေသည်ကို တွေ့ရသည်။       ။