Friday, March 9, 2012

မဇင်မာအောင်ကိုကလင်တန်နှင့် သမ္မတကတော်မီရှယ်မှဆုချီးမြှင့်စဉ်

Uploaded by statevideo on Mar 8, 2012


U.S. Secretary of State Hillary Rodham Clinton and First Lady Michelle Obama present Zin Mar Aung, political activist and NGO co-founder from Burma with an International Women of Courage Award at the Department of State in Washington, D.C. on March 8, 2012. [Go to http://video.state.gov/ for more video and text transcript.]
— with Burma Freedom


နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု မဇင်မာအောင်ကို ချီးမြှင့်


2012-03-08
နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၀ါရှင်တန်ဒီစီမြို့တော် အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် ဆုပေးပွဲ အခမ်းအနားမှာ မြန်မာအမျိုးသမီး မဇင်မာအောင်ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။



RFA

ဝါရှင်တန်ဒီစီမြို့တော် အမေရိကန် နိုင်ငံခြားရေးဌာနတွင် ကျင်းပသည့် ၂၀၁၂ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် ဆုပေးပွဲ အခမ်းအနား၌ မဇင်မာအောင် စကားပြောနေစဉ်။

ဒီနှစ်အတွက် ရွေးချယ်ခံရတဲ့ အမျိုးသမီးဆုရှင် ၁၀ ဦးလုံးဟာ လာဘ်စားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ခွဲခြားဆက်ဆံမှုတွေကို ဦးဆောင် တိုက်ပွဲဝင်နေသူတွေဖြစ်တယ်လို့ အခမ်းအနားမှာ အမေရိကန် သမ္မတကတော် Michelle Obama က ပြောဆိုပါတယ်။ မြန်မာအမျိုးသမီးမဇင်မာအောင်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုအာဏာလွှဲပေးဖို့ စာရေးသားတောင်းဆိုရုံနဲ့ အသက် ၂၂ နှစ်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရတယ်လို့ Michelle Obama က ပြောပါတယ်။
ဆုကို လက်ခံရရှိတဲ့ မဇင်မာအောင်ကလည်း အမျိုးသမီးဆုရှင် ၁၀ ဦးကိုယ်စား အခမ်းအနားမှာ စကားပြောဆိုခွင့် ရခဲ့ပါတယ်။
"ကျွန်မတို့ဟာ နိုင်ငံပေါင်းစုံက လာကြသူတွေဖြစ်ပေမယ့် ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လွတ်မြောက်ရေးဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေအတွက် ရုန်းကန် လှုပ်ရှားနေကြသူတွေပါ။ ဒါ့အပြင် အခု ချီးမြှင့်ခံရတဲ့ဆုတွေဟာ ကျွန်မတို့အတွက်တင် မဟုတ်ဘဲ မတရားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ချင်တဲ့ အမျိုးသမီးတွေကိုပါ ကိုယ်စားပြုပါတယ်" လို့ မဇင်မာအောင်က ပြောဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေး အတွက် လုပ်ဆောင်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ရုံသာမက အဆင့်အတန်းရှိတဲ့ အပြုအမူလည်း ဖြစ်တယ်လို့ အခမ်းအနားမှာ ပြောကြားပါတယ်။
ဒီနှစ်အတွက် ဆုချီးမြှင့်ခံရသူတွေထဲမှာ မဇင်မာအောင်နဲ့အတူ အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ကိုလံဘီယာ၊ လစ်ဗျား၊ မဲလ်ဒါးဗစ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျနဲ့ တူရကီနိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။
http://www.rfa.org/burmese/news/zin-mar-aung--03082012211920.html

ပြင်သစ်နှင့်မြန်မာ အရိုးခွဲစိတ်အထူးကုဆရာဝန်များပူးပေါင်း၍ မွေးရာပါ ခါးရိုးကောက်ခြေလက်အဆစ်များ ကောင်းမွန်ခြင်းမရှိသည့် ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသမည်




မွေးရာပါ ခါးကိုးကောက်ခြင်း၊ ခြေလက်အဆစ်များ ကောင်းမွန်ခြင်းမရှိသည့်အသက် ၁၈ နှစ် အောက်ကလေးငယ်များကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၉ ရက်မှ ၃၀ ရက်နေ့အထိ ကြည့်မြင်တိုင် အရိုးရောဂါကု ဆေးရုံကြီးနှင့် ရန်ကုန်ကလေးဆေးရုံကြီးတို့တွင် အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမဲ့ခွဲစိတ်ကုသေပေးခြင်းကို မြန်မာနိုင်ငံရှိ ခါးရိုးခွဲစိတ်ကုဆရာဝန်များအဖွဲ့နှင့် ပြင်သစ်နိုင်ငံမှ ခါးရိုးကောက်ခွဲစိတ်အထူးကု ဆရာဝန်ကြီး fProfessor Dr.Sale Degauzy နှင့်အဖွဲ့တို့မှပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိမွေးရာပါ ခါးရိုးကောက်ခြေလက်အဆစ်များ ကောင်းမွန်ခြင်းမရှိ သည့်အသက် ၁၈ နှစ်အောက် ကလေးငယ်များကို ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး မည်သည့်အခကြေးငွေမျှပေးရန် မလိုကြောင်းသိရသည်။

ခါးရိုးကောက်လူနာများကိုခွဲစိတ်ကုသရာတွင် တစ်ဦးလျှင်ခွဲစိတ်ချိန်ခုနစ်နာရီမှ ရှစ်နာရီခန့်ကြာ မြင့်ပြီး ခါးရိုးတွင် ထောက်ကူပစ္စည်းကိရိယာများ အသုံးပြု၍ ခိုင်မာခံ့ဖြောင့်မတ်အောင် ခွဲစိတ်ပြုလုပ်ရခြင်းဖြစ် ကြောင်းနှင့် ခွဲစိတ်ကုသမည်ဆိုပါက ကျပ်သိန်း ၂၀၀ မှ ၃၀၀ ၀န်းကျင်ကုန်ကျနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေး ရုံကြီး အရိုးထိခိုက်ဒဏ်ရာဌာနမှ ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပြခဲ့သည်။

" ခွဲစိတ်မှု လုပ်ပြီးတဲ့သူတွေက တစ်ရက် (၂၄ နာရီ)လောက် လှဲနေရပြီး နောက်တစ်ရက်ဆိုရင် ထိုင်နိုင်၊ မတ်တပ်ရပ်နိုင်နေပါပြီ။ ဆေးရုံမှာ နှစ်ပတ်လောက်နေပြီးစိတ်ခ်ျရပြီဆိုရင် တစ်လလောက်မှာ ပုံမှန်အ တိုင်း ကျောင်းပြန်တက်နိုင်နေပါပြီ။ ခါးရိုးကောက်ရောဂါဖြစ်တာက ကလေးတွေမှာဖြစ်တာများပြီး ခွဲစိတ်မှုကို အသက် ၂၀ နဲ့ ၂၅ နှစ်မတိုင်မီ လုပ်ရင်အကောင်းဆုံးပါ။ စောစောကုရင်ပြန်ကောင်းနိုင်ပေမယ့် နောက်ကျမှလာ ကုရင် ခွဲစိတ်ဖို့တောင် တော်တော်ခက်ခဲပါတယ်" ဟုပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ဆက်လက်ပြောကြားခဲ့ သည်။ အသက် ၁၈ နှစ်အောက် ခါးရိုးကောက်၊ ခြေလက်တင်ပါးဆုံအဆစ်ကောင်းမွန်ခြင်းမရှိသည့် ကလေးငယ်များခွဲစိတ်ကုသလိုပါက ရန်ကုန်မြို့ ကြည်မြင်တိုင်အရိုးရောဂါကုဆေးရုံကြီး အဆောင်(၃)သို့ ဆက် သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
Source: Weekly Eleven News Journal

အဓမ္မခိုင်းစေမှု မရှိမှ ပိတ်ဆို့ဒဏ်ခတ် ရုတ်သိမ်းသင့်

သတင်းသုံးသပ်ချက်
ဗုဒ္ဓဟူး, 07 မတ် 2012
By ဦးကျော်ဇံသာ

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိမရှိ စောင့်ကြည့်ပြီးမှ အရေးယူပိတ်ဆို့မှုတွေကို စဉ်းစားပါလို့ တချို့ ကပြောဆိုနေချိန်မှာ ဗြိတိန်နိုင်ငံက TUC (Trades Union Congress) အလုပ်သမားများသမဂ္ဂများ ကွန်ဂရက်ကတော့ အလုပ်ကြမ်းစေခိုင်းမှုတွေ ရပ်ဆိုင်းပြီးမှ စဉ်းစားဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး UK TUC ရဲ့  နိုင်ငံတကာရေးရာ ညွှန်းကြားရေးမှူး Ben Moxhem ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ မြန်မာနိုင်ငံအပေါ်မှာ အရေးယူပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့ လိုအပ်တယ်လို့ ပြောရသလဲ။

Ben Moxhem ။ ။ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုအဖွဲ့ရဲ့  ရပ်တည်ချက်က ဒီလိုပါ။ မြန်မာပြည်မှာ အားတက်စရာကောင်းတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတချို့ ကို ရုတ်သိမ်းသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနေရာ အနှံအပြားမှာ အတင်းအဓမ္မအလုပ်ခိုင်းစေမှုတွေက ရှိနေဆဲပါ။ ဒါတွေကို အစိုးရက ပြုပြင်ဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ဥရောပသမဂ္ဂနဲ့ တခြားသော အစိုးရတွေကို တောင်းဆိုထားပါတယ်။ ဒီလို သိပ်ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသမျှ၊ တိုးတက်ကောင်းမွန်လာခြင်း မရှိသမျှ၊ ပိတ်ဆို့အရေးယူမှုတွေကို မရုတ်သိမ်းကြပါနဲ့အုန်းလို့ တောင်းဆိုထားပါတယ်။

ဦးကျော်ဇံသာ ။ ။ လက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ လူ့အခွင့်အရေး တိုးတက်မှုအတွက် ဒဏ်ခတ်အရေးယူမှုဆိုတဲ့ နည်းလမ်းတခုပဲ ရှိပါသလား။ တခြားအကူအညီပေးတဲ့ နည်းလမ်းတွေ၊ လူ့အခွင့်အရေး သင်တန်းပေးဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ကမ်းလှမ်းပြီးတော့ အစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းတွေနဲ့ မကြိုးစားသင့်ပေဘူးလား။

Ben Moxhem ။ ။ သေချာပါတယ်။ ဒါတွေက အင်မတန် သင့်တော်တဲ့ အကြံဥာဏ်တွေဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဥရောပသမဂ္ဂက မြန်မာအရာရှိကြီး ၉၀ လောက်အပေါ် ပြည်ဝင်ခွင့် ဗီဇာရုတ်သိမ်းခဲ့တာကို ကြိုဆိုပါတယ်။ ဒါ သဘောထား မှန်ကန်မှုကို ပြသခြင်း ဖြစ်တယ်လို့ လက်ခံပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖြစ်ထွန်းဖို့ အားပေးမှုတရပ်လည်း ဖြစ်ပါတယ်။ ဒါအပြင် စာနာမှုဆိုင်ရာ အထောက်အပံ့တွေ၊ လူ့အခွင့်အရေး ကောင်းမွန်ရေး အထောက်အပံ့တွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ထွန်းဖို့ ကူညီပံ့ပိုးတာတွေကိုလည်း ကျနော်တို့ ထောက်ခံပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ စီးပွားရေးဒဏ်ခတ် အရေးယူမှုတွေကို ရုတ်သိမ်းမယ်ဆိုရင်တော့။ ဥပမာ သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်းတို့မှာ ဥရောပ စီးပွားရေးလုပ်ငန်းတွေကစပြီးတော့ ထုတ်ယူတဲ့အဆင့်ကနေ သွားရောက်မြုပ်နှံကြမယ်ဆိုရင် အဲဒီဒေသတွေမှာ အတင်းအဓမ္မ အလုပ်ကြမ်းစေခိုင်းမှုတွေ၊ အလုပ်သမားသမဂ္ဂကို ပိတ်ပင်ထားတာတွေ၊ တိုင်းရင်းသားအုပ်စုတွေကို မြန်မာစစ်တပ်က တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ဒါတွေကို မကိုင်တွယ် မဖြေရှင်းဘဲနဲ့ ဥရောပသမဂ္ဂအနေနဲ့ အဲဒီနယ်ပယ်တွေမှာ ရင်းနှီးမြုပ်နှံမှု မလုပ်သင့်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ TUC အနေနဲ့ ထောက်ခံတင်ပြထားတာက sanction အားလုံးကို ဆက်ထားဖို့ လွှမ်းခြုံပြောနေတာ မဟုတ်ဘဲနဲ့ လုပ်ငန်းတခုချင်းအလိုက် စီစစ်ပြီးတော့ ထိခိုက်မှုသိပ်ရှိတဲ့ နေရာတွေကိုသာ ရွေးပြီး sanction တွေ ဆက်ထားသင့်တယ်ဆိုတဲ့ သဘောလား။

Ben Moxhem ။ ။ တိုးတက်မှုတွေ တခုပြီးတခုရှိလာလို့ ပိတ်ဆို့အရေးယူမှုတွေကို တဖြည်းဖြည်း ရုတ်သိမ်းသင့်တဲ့ သဘောပါ။ တိုးတက်ကောင်းမွန်လာမှုအတွက် ဆုချသင့်ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကိုတော့ တချက်တည်းနဲ့ မရုတ်သိမ်းသင့်ပါဘူး။ ဥရောပသမဂ္ဂအနေနဲ့ ဧပြီလမှာ စည်းဝေးပြီး မြန်မာအစိုးရက အတင်းအဓမ္မ အလုပ်ကြမ်းခိုင်းစေမှုကို မဖျက်သိမ်းဘဲ sanction အားလုံးရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ရင်တော့ ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ။ ILO ရဲ့  နိုဝင်ဘာလတုန်းက တင်ပြခဲ့တဲ့ နောက်ဆုံးအစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံအတွင်း နေရာတိုင်းမှာ အလုပ်ကြမ်းစေခိုင်းမှုတွေ ရှိနေဆဲလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂ၊ ILO နဲ့ မြန်မာအစိုးရတို့ အတူတူထိုင်ပြီး အလုပ်ကြမ်းစေခိုင်းမှု တိုက်ဖျက်ရေးအတွက် Action Plan လုပ်ငန်းအစီအစဉ်တရပ် ချမှတ်ရပါလိမ့်မယ်။ ဒါကို မြန်မာအစိုးရက အရင်အကောင်အထည်ဖော်ပါစေ။ အဲဒီကြမှ အရေးကြီးတဲ့ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းရပါလိမ့်မယ်။ အပြန်အလှန်သဘောပဲ ဖြစ်သင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်အနေနဲ့ သဘောထားဆန်တဲ့ မေးခွန်းတခု မေးပါရစေ။ လူ့အဖွဲ့အစည်းတခုမှာ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်မှုဟာ ဒီမိုကရေစီဖော်ဆောင်ရေးထက် ဦးစွာဖြစ်ထွန်းဖို့ လိုအပ်ပါသလား။ ဒီမိုကရေစီ ဖော်ဆောင်ရေးထက် ဦးစွာ ဖြစ်ထွန်းနိုင်ပါသလား။ ဒီနှစ်ခုက တချိန်တည်းမှာ တပြိုင်တည်း ဖြစ်သွားနိုင်ပါသလား။ ဒါမှမဟုတ် ဒီမိုကရေစီ ထွန်းကားပြီးမှ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် လုပ်ယူနိုင်ပါသလား။

Ben Moxhem ။ ။ သိပ်မေးသင့်တဲ့ မေးခွန်းပါ။ ကမ္ဘာ့နိုင်ငံအတော်တော်များများမှာ ဒီမိုကရေစီဖော်ဆောင်ရေး နဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်ရေးတို့ဟာ အရှိန်အဟုန်အမျိုးမျိုး၊ တခုနဲ့တခု ဆက်နွှယ်မှုအမျိုးမျိုးနဲ့ သွားနေတာကို တွေ့ရပါတယ်။ ဒီနှစ်ခု တခုနဲ့တခု ဆက်စပ်မှုရှိနေတယ်ဆိုတာကတော့ လုံးဝသေချာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုတာ။ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာတွေကို ကျနော်တို့ ကြိုဆိုပါတယ်။ သူတို့ဟာ လူ့အခွင့်အရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အင်အားတရပ် ဖြစ်လာမှာ သေချာပါတယ်။ အလားတူစွာပါပဲ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေကိုလည်း မြန်မာအစိုးရအနေနဲ့ အပြည့်အဝ၊ တရားဝင်ခွင့်ပြုသင့်ပါတယ်။ ဒါဟာ လူမှုရေးတရားမျှတမှု ထွန်းကားရေးအတွက် တကယ့်ကို အထောက်အကူဖြစ်စေမယ့် အလုပ်သမားတွေရဲ့ အသံကို ပေါ်ထွက်လာစေပါလိမ့်မယ်။ ဆိုတော့ ဒီနှစ်ခုဟာ လက်ချင်းချိတ်နေတာပါ။ မြန်မာနိုင်ငံရဲ့  ပြဿနာက အရင် အစိုးရတုန်းက အုပ်ချုပ်သူလူတစုကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ဘာမှလုပ်ချင်တဲ့ သဘောမပြခဲ့တာ။ သိပ်ကိုတွန့်ဆုတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဖြစ်လာခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ နောက်အကြံဥာဏ်တချို့ လည်း ကြားရပါသေးတယ်။ မြန်မာပြည်မှာ လူ့အခွင့်အရေးအခြေအနေ ကောင်းမွန် ထွန်းကားစေချင်သူတွေအနေနဲ့၊ အဖွဲ့အစည်းတွေအနေနဲ့ ပြည်ပက ဖိအားပေးနေကြမယ့်အစား မြန်မာနိုင်ငံ အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ချိုးဖောက်မှုတွေ ရှိနေတဲ့နေရာတွေ - အထူးသဖြင့် တိုင်းရင်းသားဒေသ နယ်စွန်နယ်ဖြားတွေကို ကိုယ်တိုင်သွားကြပါ။ အဲဒီမှာ ပြုပြင်စရာတွေ အများကြီးတွေ့ပါလိမ့်မယ်။ ကိုယ်တိုင်လုပ်ဆောင်ကြပါ။ ပြုပြင်ကြပါလို့ အကြံပေးနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးကို ခင်များတို့အနေနဲ့ လုပ်သင့်တယ်လို့ မထင်ဘူးလား။

Ben Moxhem ။ ။ သေချာပါတယ်။ လုပ်သင့်ပါတယ်။ ကျနော်တို့အနေနဲ့ ပြင်ပကနေ ဖိအားပေးနေရတာက ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာအဖွဲ့အစည်းက တိုက်တွန်းလို့သာ ဖြစ်ပါတယ်။ ဒီလိုလုပ်မှသာ လူ့အခွင့်အရေး တိုးတက်မှုအတွက် ထိရောက်မှုအရှိဆုံး ဖြစ်မယ်လို့ သူတို့က ဆိုပါတယ်။ ကျနော်တို့က ဒီလို လုပ်နေပေမယ့် မြန်မာနိုင်ငံထဲကို အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တွေ အများကြီးရောက်နေပါတယ်။ အပြုသဘော တိုးတက်မှုတွေရှိအောင် ကွင်းဆင်းလုပ်ဆောင်နေကြပါတယ်။ ဒီအခြေအနေမျိုးသာ ဆက်ပြီးဖြစ်ထွန်းနေမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီရှိလာနိုင်ပါတယ်။ နောက်တခု ပြောချင်တာက အရင်တုန်းကဆိုရင် ခင်များပြောတဲ့ တိုင်းရင်းသားဒေသတချို့ ကို သွားရောက်ခွင့် မရှိခဲ့တာ အင်မတန် စိတ်ပျက်ခဲ့ရပါတယ်။ ILO ရဲ့  ထောက်ခံတင်ပြချက်နဲ့ အဲဒီဒေသတွေနဲ့ စစ်ဖြစ်ပွါးတဲ့နေရာတွေဆီ သွားရောက်ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဟိုတုန်းက အစိုးရက လုံးဝတွန့်ဆုတ်နေခဲ့ပါတယ်။ အခုလို အခြေအနေကောင်းတွေ ဆက်ပြီးဖြစ်ထွန်းနေရင်တော့ ခင်များပြောတဲ့ အကြံပြုချက်တွေအတိုင်း ကျနော်တို့ တကယ်လုပ်မှာပါ။

ဦးကျော်ဇံသာ ။ ။ UK TUC က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကို ပေးတဲ့စာထဲမှာ sister organization လို့ ဖော်ပြထားတဲ့ FTUB မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဆိုပါတော့။ အဲဒီအဖွဲ့အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်ရောက်ပြီး တရားဝင်မှတ်ပုံတင်ပြီး လုပ်ငန်းဆောင်ရွက်နိုင်မယ့် အလားအလာ ရှိနေပြီလား။ မြန်မာအစိုးရက သူ့ရဲ့  အဓိကပြိုင်ဘက် သူကို အဓိကစိန်ခေါ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတောင် အခုအခါမှာ အသိအမှတ်ပြုပြီး ရှေ့ တိုးဆောင်ရွက်နေတာတွေ ရှိပါတယ်။

Ben Moxhem ။ ။ ဖြစ်နိုင်တဲ့ အလားအလာတော့ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာတချို့  ရှိနေပါသေးတယ်။ တခုကတော့ လူတိုင်း ကြိုဆိုကြတယ့် အလုပ်သမားအဖွဲ့အစည်း ဥပဒေ - Labor Organization Law ကို တရားဝင်အတည်မပြုသေးတဲ့ကိစ္စပါ။ ဒီဥပဒေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြဌာန်းအကောင်အထည်ဖော်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ နောက်တခုက အဲဒီ ဥပဒေထဲမှာ နိုင်ငံတကာ အလုပ်သမား ဥပဒေ အဆင့်အတန်းတွေနဲ့ ကိုက်ညီမှုမရှိသေးတဲ့ အချက်တွေ အများကြီးပါနေပါတယ်။ ဒါလည်း စိတ်မချရတဲ့အချက်ပါ။ ဒီအချက်တွေ ပြင်ဆင်ရေးအတွက်လည်း အမြန်ဆုံး ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါအပြင် ခင်များမေးခွန်းကို တိုက်ရိုက်ဖြေဆိုရမယ့်ဆိုရင်တော့ FTUB ကို အရင် အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။ ဆိုတော့ သူတို့မြန်မာပြည် ပြန်သွားရင် သူတို့ လုံခြုံမှုရရှိဖို့နဲ့ တရားဝင်မှတ်ပုံတင်ခွင့် ရရှိဖို့အတွက် အာမခံချက် လိုအပ်ပါတယ်။ ကျနော် နားလည်းသလောက်တော့ ဆွေးနွေးညှိနှိုင်းတာတွေ ရှိနေဆဲလို့ ထင်ပါတယ်။ တိုးတက်မှု ရှိလာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပထမအချက်ကတော့ အလုပ်သမားဥပဒေတွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တချို့  ကမ္ဘာ့နိုင်ငံတွေကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ပါ။ လွတ်လပ်ပြီး တရားမျှတရဲ့ လားဆိုတာကို ကြည့်ပြီးမှ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့ စဉ်းစားပါလို့ ပြောနေကြပါတယ်။ သူတို့ပြောတဲ့အထဲမှာ သူတို့ရဲ့  သတ်မှတ်ချက်တွေထဲမှာ အလုပ်ကြမ်းစေခိုင်းမှု မပါဝင်တော့သလိုပါပဲ။ ခင်များတို့ Trades Union Congress ကသာ ဒီကိစ္စကို အဓိကထားနေတာပါ။

Ben Moxhem ။ ။ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  နောက်ဆုံးသဘောထား မှတ်ချက်ကို ကျနော်တို့ မကြားရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ အရင်တုန်းက သဘောပေါက်ထားတာကတော့ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက သိပ်အလောတကြီး မဖြစ်သင့်ဘူးဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ သတိကြီးစွာနဲ့ ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့ ပြောတယ်လို့လည်း သိထားပါတယ်။ ကျနော်တို့ရဲ့  မြန်မာအဖွဲ့အစည်းကလည်း ဒီသဘောထားကို ထောက်ခံထားပါတယ်။ ကျနော်တို့ဟာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ကျနော်တို့ အလုပ်သမားအဖွဲ့အစည်းတွေကို အထူးအလေးထားပါတယ်။ သူတို့ပြောတာကိုလည်း နားထောင်ပါတယ်။ ဥရောပသမဂ္ဂကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ရွေးကောက်ပွဲကိစ္စနဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ အပစ်အခတ်ရပ်ဆဲရေးကိစ္စတွေကို sanction ရုတ်သိမ်းဖို့ လိုအပ်ချက်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ချက်တွေနဲ့တောင်မှ မကိုက်ညီသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ ရှိနေသေးပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာလည်း ပြောစရာတွေ ကြုံရသလို။ တိုင်းရင်းသားတွေ နဲ့ စိုးရိမ်စရာကောင်းလောက်အောင် တိုက်ပွဲတွေဖြစ်နေပါသေးတယ်။ ဆိုတော့ EU ရဲ့  သတ်မှတ်ချက်တွေကိုတောင်မှ စောင့်ကြည့်နေရဆဲပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံမှာ အခုမှ ဖြစ်ထွန်းပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်နဲ့ စတင်ပေါ်ပေါက်လာတာပါ။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးကတည်းကဆိုပါစို့။ ရာစုဝက် ရှိခဲ့ပါပြီ။ တခုခုလုပ်လိုက်ရုံနဲ့ ချက်ချင်းပျောက်ပျက်သွားနိုင်ပါသလား။ ဒီအခြေအနေဟာ။ လူ့အခွင့်အရေး အခြေအနေ လုံးဝတိုးတက်ကောင်းမွန်လာအောင် လုပ်ရမယ့်ကိစ္စတွေ၊ လိုအပ်ချက်တွေကို ပြောပါ။ ခင်များတို့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းကြီးတရပ်အနေနဲ့ ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။

Ben Moxhem ။ ။ ဒါဟာ ဖြည်းဖြည်းချင်း ဖြစ်လာမယ့်ကိစ္စပါ။ တိုးတက်မှုခြေလှမ်း သိပ်နှေးကွေးမယ်ဆိုတာ ကျနော်တို့ ကောင်းကောင်းသဘောပေါက်ပါတယ်။ အလုပ်ကြမ်း စေခိုင်းမှုအတွက် လုပ်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နမူနာတခု ပြောပါရစေ။ နံပတ်တစ် အစိုးရအနေနဲ့ အလုပ်ကြမ်းစေခိုင်းမှုကို ဥပဒေနဲ့ ဆန့်ကျင်တဲ့အလုပ်အဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ် ပြဌာန်းရပါလိမ့်မယ်။ အလုပ်ကြမ်း အဓမ္မစေခိုင်းသူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပါလိမ့်မယ်။ ဒီအတွက် အမိန့်ပေးညွှန်းကြားသူတွေကိုလည်း အရေးယူဖို့ လိုအပ်ပါတယ်။ အလုပ်ကြမ်းစေခိုင်းမှု ပပျောက်သွားခဲ့ပြီဖြစ်တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။ မြန်မာပြည် လေ့လာသင်ယူနိုင်တာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အကောင်းမြင်နိုင်တဲ့အချက်တွေလည်း ရှိပါတယ်။ တကယ်လို့ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေကို တရားဝင်ခွင့်ပြုလိုက်မယ်ဆိုရင် လုပ်ငန်းခွင်တွေမှာ ရှိနေတဲ့ ပြဿနာတွေကို အလုပ်သမားတွေအနေနဲ့ ပထမဦးဆုံးအကြိမ် ထောက်ပြပြောဆိုခွင့် ရလာမယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်။ အထောက်အကူ ဖြစ်လာနိုင်ပါလိမ့်မယ်။ ဒါဟာ လူမှုရေးတရားမျှတမှု ထွန်းကားရေး၊ အလုပ်ကြမ်းစေခိုင်းမှု ပပျောက်ရေးတို့အတွက် ကြီးမားသော အင်အားစုတရပ် ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ ဒီဖြစ်စဉ်ဟာ ကြာမယ်။ ဒါပေမဲ့ သမိုင်းဟာ အပြုသဘောဆောင်တဲ့ဘက်မှာ ရှိနေပါပြီ။

ဦးကျော်ဇံသာ ။ ။ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးရဲ့  နောက်ဆုံး မေးခွန်းတခုတော့ မေးပါရစေ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲ အနိုင်ရပြီး အရွေးခံရမယ်ဆိုရင် အဲဒီနောက်ပိုင်း ဖြစ်လာနိုင်တဲ့ မြင်ကွင်း scenario ကို စဉ်းစားမိပါသလဲ။ အထူးသဖြင့် လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောပါ။

Ben Moxhem ။ ။ ဒီမေးခွန်းကိုတောင် မြန်မာ့အရေးကို TUC ထက် စောင့်ကြည့်လေ့လာနေသူတွေ၊ ပိုပြီးသိရှိနားလည်းသူတွေအတွက် ချန်ထားချင်ပါတယ်။ သူ အရွေးခံရဖို့အရေးအတွက် ကျနော်တို့ သိပ်ပြီး စိတ်အားထက်သန်နေကြပါတယ်။ အပြုသဘော လက္ခဏာလို့လည်း မှတ်ယူပါတယ်။ အဲဒီနောက် ဘာဖြစ်လာမလဲဆိုတာကိုတော့ မခန့်မှန်ရပါစေနဲ့။
http://www.voanews.com/burmese/news/news-analysis/news_analysis_03-07-2012-141845033.html

သက်စွန့် စံဖျားမြန်မာ့သတင်းသမား

ဓါတ်ပုံ-ချင်းတွင်းကိုကို

သတင်းသမားကိုသတင်းသမားကအမိဖမ်းထားတာပါ။ဖမ်းသူကချင်းတွင်းကိုကိုဖြစ်ပြီးအဖမ်းခံရသူကကျော်ဇေ၀င်းဖြစ်ပါတယ်။
ဆေးဖိုး၎သောင်းကျော်ထွက်သွားတယ်လို့ ကျော်ဇေ၀င်းကဆိုပါတယ်။အမေစုစစ်ကိုင်းခရီးခရီးစဉ်သတင်းရယူနေကြတဲ့သတင်းသမား
များဖြစ်ပါတယ်။ဘေးရန်ကင်းရှင်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ

သောကြာ, 09 မတ် 2012
By မနန္ဒာချမ်း

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။ ဘယ်အချက်ကို လက်မခံခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့တာပါ။ လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -

“ကျနော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ တင်ခဲ့ပါတယ်။ စာပိုဒ်တပိုဒ်ကို ဖြုတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ရေးထားတဲ့ စာပိုဒ်ပါ။ အဲ့ဒီဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျနော်တို့ အစားထိုး ထပ်တင်တယ်။ အချိန်ကနည်းတော့ ကျနော်တို့ဘက်ကလည်း Fax နဲ့ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အလားတူပဲ - ဒီိမိုကရက်တစ် ပါတီ မြန်မာအဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ယှဉ်ပြီး သုံးသပ်ပြထားတာတွေ ပြောခွင့်မပြုခဲ့တာကြောင့် ဒီအချက်တွေချန်ပြီး ပြောခဲ့ရတယ်လို့ ဦးသုဝေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဒီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အဟန့် အတား အကန့်အသတ်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ - ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ မမှန်မကန် လုပ်ဆောင်တာတွေ တွေ့ရသလို - အထူးသဖြင့် - မဲဆန္ဒရှင်စာရင်းတွေထဲမှာ ကွယ်လွန်ပြီးသား လူတွေရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ ကြာသာပတေးနေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်းကတော့ - မဲစာရင်းကွာဟမှုတွေကို သက်ဆိုင်ရာကော်မရှင်ထံ အချိန်မီ အကြောင်းကြားပေးနေပြီး - ကော်မရှင်တွေ ဘက်ကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ထဲကနေ ပြင်ဆင်မှုတွေ လုပ်ပေးနေကြောင်း ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော အာဆီယံကပါ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ဒီဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး - မရုပ်သိမ်းရေးကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် အာဆီယံကလည်း - ဒီကြားဖြတ် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး အကဲခတ်အဖွဲ့တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/--03_09_12_my-news-burma

7Day News သူရဲကောင်းဆုရရှိသူများ

7Day News Journal

 7Day News သူရဲကောင်းဆုများ စတင်ချီးမြှင့်
မြန်မာပြည်သူတွေထဲမှာ မိမိကျရာကဏ္ဍက ကိုယ်ကျိုးမဖက်ဘဲ သတ္တိရှိရှိ၊ တာဝန်သိသိနဲ့ အများပြည်သူအကျိုးအတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြတဲ့၊ တာဝန်ကျေခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ယခုနှစ်မှစပြီး 7Day News သူရဲကောင်းဆု ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ဆုပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဘက်ပေါင်းစုံက နိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ သူရဲကောင်းတွေ၊ သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေ ထပ်မံတိုးပွားလာဖို့ပဲဖြစ်ပါတယ်။ ဒီဆုကို 7Day News က နှစ်တိုင်းချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။


 ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မောင်မြင့်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
အဆိုပါဆုကို ဦးတိုးနိုင်မန်း (ပြည်သူ့လွှတ်တော်ဥပပေရေးရာနှင့်ထူးခြားဖြစ်စဉ်များ လေ့လာစီစစ်သုံးသပ်ရေးကော်မတီဝင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဒုတပ်ကြပ်ခင်မောင်မြင့်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။


 ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာ အခုဆိုရင် ၉ လပြည့်ခဲ့ ပါပြီ။ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့သူဦးရေဟာလည်း ပြည်နယ်တစ်ခု လုံးမှာ ခုနစ်သောင်းကျော်ရှိသွားပါပြီ။ ဦးမျိုးလတ်ဟာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်ခရိုင်ထဲက ဆမ်ဂန်ဒေသက ရွာသူရွာသားတွေကို ကူညီပေးခဲ့တဲ့သူပါ။ စစ်ဘေး ကိုကြောက်ရွံ့ပြီး နေရပ်ကထွက်ခွာလိုတဲ့ ရွာသူရွာသားပေါင်း ၄၀၀ ကျော်ကို သူတစ် ယောက်တည်း ကူညီရွှေ့ပြောင်းပြီး စားရေးသောက်ရေးကအစ တာဝန်ယူကူညီပေးနေ တာ အခုဆိုရင် (၉) လ ပြည့်ခဲ့ပါပြီ။ တိုက်ပွဲတွေကြား၊ သေနတ်သံ၊ ဗုံးသံတွေကြားထဲ ကပဲ အဖိုးအဘွားအရွယ်တွေကို ဆိုင်ကယ်နဲ့ မောင်းပို့လို့တစ်နည်း၊ ပခုံးထမ်းပိုးပြီးတစ်ဖုံ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့သူပါ။ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီနေရတာ နဲ့ လားရှိုးမြို့မှာ နေထိုင်တဲ့ ဇနီးသည်မီးဖွားတာကိုတောင် မပြန်နိုင်ခဲ့ပါဘူး။ ဒီလိုကိုယ် ကျိုးစွန့်ကူညီခဲ့တာကြောင့် ဦးမျိုးလတ်ကို 7Day News Hero ဆုကိုပေးဖို့ အယ်ဒီတာအဖွဲ့က ရွေးချယ်ခဲ့တာပါ။ ဦးမျိုးလတ်ဟာ မွန်ဂါခရမ်အသင်းတော်က ဓမ္မဆရာ တစ်ဦးဖြစ်ပါတယ်။
အဆိုပါဆုကို ဦးကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသားတစ်ဦး)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီးဦးမျိုးလတ်မှာ တရုတ် - မြန်မာနယ်စပ်က ဝေးလံခေါင်ဖျားနေရာမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ ရောက်ရှိနေတာဖြစ်လို့ ပွဲကိုမ တက်ရောက်နိုင်ခဲ့သဖြင့် ရန်ကုန်ကချင်နှစ်ခြင်းအသင်းတော်က ဦးပေါ်နော်အော်န်က ကိုယ်စားလက်ခံပေးခဲ့ပါတယ်။


 ၂၀၁၁ ဒီဇင်ဘာ ၂၉ ရက် နံနက်(၁)နာရီ မိနစ် ၄၀ လောက်မှာ ရန်ကုန်တစ်မြို့လုံး သိမ့်သိမ့် တုန်ခဲ့တဲ့ပေါက်ကွဲမှုကြီးကို အများစုမှတ်မိကြဦးမှာပါ။ ရန်ကုန်တစ်မြို့လုံးထိတ်လန့်ခဲ့ရတဲ့ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ထဲက မေတ္တာမွန်ဂိုဒေါင်မီးလောင်ပေါက်ကွဲမှုကြီးကို ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ဝင်တွေက သက်စွန့်ဆံဖျားငြှိမ်းသတ်ခဲ့ကြပါတယ်။ အန္တရာယ်များလှ တဲ့ ဒီမီးလောင်ပေါက်ကွဲမှုကြီးကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး အသက်စတေးခဲ့ရသလို၊ တပ်ဖွဲ့ ၀င် ၄၀ ခန့်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ မီးသတ်အရာရှိကြီးတွေအပါအ၀င် တပ်ဖွဲ့ဝင်အားလုံးဟာ ရန်ကုန်ပြည်သူတွေရဲ့ အကြောက်တရားတွေ၊ အန္တရာယ်တွေကို ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား ဖယ်ရှားပေးခဲ့ပါတယ်။ သူတို့ရဲ့စွမ်းဆောင်ခဲ့မှုတွေအတွက် ၂၀၁၁၊ 7Day News သူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။
အဆိုပါဆုအား 7Day News ဂျာနယ်၏ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းမှ ချီးမြှင့်ပေးခဲ့ပြီး “ရန်ကုန်မှာဒီနေ့ညနေမီးမလောင်ရင် အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးမယ်”လို့ ပြောခဲ့တဲ့ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့တိုင်းဦးစီးမှူး ဦးကြည်ဝင်းကိုယ်တိုင် တက်ရောက်လက်ခံပေးခဲ့ပါတယ်။


 
ဆေးဝါးကုသဖို့ ခက်ခဲသူတွေဆီကို လူတစ်ယောက် ငွေတစ်ထောင်ကျပ်စီစုပြီး ထမင်း စားဖို့၊ မှေးစက်နားခိုဖို့၊ လုံလုံခြုံခြုံဝတ်စားဖို့၊ ပညာသင်ဖို့ လိုအပ်နေသူတွေကို ပူးပေါင်း လှူဒါန်းဖို့ စုစည်းထားတဲ့ One More ပရဟိတအဖွဲ့ကို 7Day News သူရဲကောင်းဆု ချီးမြှင့်ဖို့ ရွေးချယ်ခဲ့ပါတယ်။
ဆုတံဆိပ်ကိုတော့ One More အလှူရှင်များကိုယ်စား One More ကိုစတင်စေခဲ့ပြီး အလှူရှင်များထံက စုဆောင်း ရသမျှငွေစကြေးစတို့ကို ဂရုဏာနဲ့ မေတ္တာငံ့လင့်နေသူတွေဆီ အရောက်ပို့ပေးနေတဲ့ ဥညန သြမန ဦးဆောင်သူတွေက ကိုယ်စားလက်ခံပေးမှာဖြစ်ပြီးတော့ ရရှိမယ့်ဆုငွေတွေ ကိုတော့One Moreအလှူငွေအဖြစ် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။
အဆိုပါဆုကို ဒေါက်တာအောင်ထွန်းသက်မှ တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး One More အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ပါတယ်။


၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်ညက မုံရွာခရိုင်အတွင်းက မြောက်ယမားချောင်း ရေကြီးမှုကြောင့် ယင်းမာပင်မြို့နယ်၊ ရွှေပန်းခိုင်ကျေးရွာအတွင်း ရေအလုံးအရင်းများ စီးဝင်ခဲ့ပါတယ်။ ကျေးရွာမှာရှိတဲ့ ရွာသား (၆၀၀) ကျော်အနက် ရွာသား (၃၀၀)ကျော် ကို တူဖြစ်သူနှင့်အတူ တစ်ရွာလုံးတွင် တစ်စီးတည်းသာရှိတဲ့ မိမိပိုင်လှေဖြင့် ကယ်တင်ခဲ့တဲ့ ရွှေပန်းခိုင်ရွာသား တူဝရီး(၂)နှစ်ယောက်ကို 7Day News သူရဲကောင်းဆုကို ပူးတွဲချီးမြှင့်ဖို့ ရွေးချယ်ခဲ့ပါတယ်။
အဆိုပါဆုကို ဒေါက်တာထွန်းလွင်(မိုးလေ၀သပညာရှင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ရွှေပန်းခိုင်ရွာသား ဦးနိုင်လင်းနဲ့တူဖြစ်သူ မောင်ထွန်းထွန်းဝင်းတို့ကိုယ်စား ဦးနိုင်လင်းက ဆုကို လက်ခံရယူခဲ့ပါတယ်။

CRPP အမည်နှင့်ရည်ရွယ်ချက်ပြင်ဆင်မည်

by Yangon Press International on Friday, March 9, 2012 at 6:52am ·

မတ်၊ ၉၊ ၂၀၁၂ (YPI)

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPP ( ၁၉၉၀ ) အား အမည်နှင့် ရည်ရွယ်ချက်ကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြင်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင်တစ်ဦးဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကပြောသည်။
“ CRPP ဆိုတာဖွဲ့လို့မရတော့ဘူးလေ။ CRPP ကိုယ်စားပြုတဲ့လွှတ်တော်က လွန်သွားပြီ။ အဲဒီပုံစံလုပ်လို့မရတော့ဘူး။ အခြားပုံစံတစ်မျိုးပြောင်း လုပ်ရမယ်” ဟု၎င်းကဆိုသည်။
CRPP အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်ကလည်း ယခုအချိန်တွင် အခြေအနေများပြောင်းလဲလာသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော နာမည်နှင့် ရည်ရွယ်ချက်ကိုပါ ပြောင်းလဲရခြင်းဖြစ်ကြောင်း ပြောသည်
၁၉၉၀ ရွေးကောက်ပွဲုတွင် ရွေးကောက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်များကို န.၀.တ အစိုးရမှ လွှတ်တော်ခေါ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ယင်းကိုယ်စားလှယ်အများစုမှ စုပေါင်းကာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ လွှတ်တော်ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်ပေါက်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရေး တို့ဖြစ်သည်။
ယခုအခါ ထိုရည်ရွယ်ချက်များအစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ၂၀၀၈ ဖွဲု့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးစသော ရည်ရွယ်ချက်များ ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်ကဆိုသည်။
၎င်းက “ ဒေါ်အောင်ဆန်းစုကြည့်က လွှတ်တော်တွင်းကနေ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက အပြင်ကလုပ်မယ်။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပေါင်းလုပ်မယ့်သဘောပါ” ဟုပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော အမည်အား အစားထိုးရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကော်မတီဝင်များ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီပါတီ၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ လူ့အခွင့်ုအရေးနှင့် ဒီမိုကရက်တစ်ပါတီ တို့မှ ၁၉၉၀ ရွေးကောက်ပွဲနိုင်ကိုယ်စားလှယ်များပါဝင်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးသိန်းဖေလည်း ပါဝင်သည်။
၎င်းပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားပြီး ကျန်ရှိသောပါတီများမှာမူ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြသည်။ ။

အရှင် ဂမ္ဘီရ ကို KIO နှင့်ပတ်သတ်မှု ရှိမရှိ ခေါ်စစ်


by Yangon Press International on Friday, March 9, 2012 at 10:01am ·

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ဦးဆောင်သံယာတော်တပါးအဖြစ် ပါဝင်လှုပ်ရှားခဲ့သောအရှင် ဂမ္ဘီရကို အဏာပိုင်များက ဒုတိယအကြိမ် ခေါ်ယူစစ်ဆေးရာတွင် KIO နှင့် ပတ်သတ်မှု ရှိမရှိ ခေါ်ယူစစ်ဆေးခဲ့ကြောင်း အရှင် ဂမ္ဘီရ၏ အစ်ကို ကိုအောင်ကျော်ကျော်က ပြောသည်။

“အဓိက ခေါ်စစ်တာက မတ်လ၆ရက်နေ့ ညကပြန်လာခဲ့တဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို ဘာကြောင့်သွား ခဲ့တာလဲ ၊KIO(Kachin Independent Organization) နဲ့ ပတ်သတ်မှု ရှိမရှိ ခေါ်စစ်ခဲ့တာပါ” ဟု ၎င်း ကပြောသည်။

အရှင် ဂမ္ဘီရကို ဒုတိယအကြိမ် အဖြစ် ယခုလ၆ ရက်နေ့ည ၉နာရီ ၄၅ မိနစ်တွင်ရန်ကုန်တိုင်း မြောက်ဒဂုံမြို့သစ်ရှိ အစ်မ မခင်သူဋ္ဌေး၏ နေအိမ်တွင်သီးတင်းသုံးနေစဉ် ရဲသတင်းတပ်ဖွဲ့မှ လာရောက် ခေါ်ဆောင်သွားပြီး ၇ရက်နေ့ည ၉နာရီခွဲမှ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ခေါ်ဆောင်သွားသောအဖွဲ့မှာ ရန်ကုန်တိုင်းကျောက်တံတားမြို့နယ် ထဲရှိ ပန်းဆိုးတန်း ရန်ကုန်တိုင်း အထူးသတင်းတပ်ဖွဲ့ (SB) ဟု သူ့အနေဖြင့် ယူဆကြောင်း ၎င်းကပြောသည်။

ခေါ်ယူစစ်ဆေးစဉ် နှိပ်စက်မှုများမရှိသော်လည်း မအိပ်မနေစစ်ဆေးခဲ့သည့်အတွက် အိပ်စက်ခြင်းမပြုနိုင်ခဲ့ ကြောင်းအရှင် ဂမ္ဘီရ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း မေးမြန်းခဲ့သည်ဟုဆိုသည်။

“ဦးဇင်းကတော့ ကချင်ကိုသွားတာ စစ်ဘေးဒုက္ခသည်တွေကို သွားကြည့်တာ KIO နဲ့ပတ်သက်မှု မရှိဘူး၊ ပြီးတော့ ရှေ့ဆက်စစ်ဘေးဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ပြန်ဖြေခဲ့တယ်”ဟု ကိုအောင်ကျော်ကျော်ကပြောသည်။

ခေါ်ယူစစ်ဆေးသည့်အခါ အရှင် ဂမ္ဘီရနှင့်အတူတူ ညီဖြစ်သူ ကိုလွင်မောင်မောင်နှင့် လယ်သမားအရေးဆောင် ရွက်နေသူ ကိုထွန်းထွန်းဦးတို့ပါဝင်ကာ ၎င်းတို့နှစ်ဦးကို အရင်လွှတ်ပေးခဲ့ သည်ဟုဆိုသည်။

အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် အတွက် ထောင်ဒဏ် ၆၃ နှစ်ချမှတ်ခံရကာ ၄ နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

အကျဉ်းထောင်က ပြန်လွတ်မြောက်လာပြီးနောက် ယခင်စစ်အစိုးရက ချိတ်ပိတ်ထားသည့် ရန်ကုန်မြို့ရှိ မဂ္ဂင် ကျောင်းတိုက်ကို သော့ဖျက်ဝင်ရောက် သီတင်းသုံးနေထိုင်ခဲ့သည်ကို အပြစ်ရှိသည်ဟုဆိုကာ နိုင်ငံ တော် သံဃ မဟာနာယက အဖွဲ့(မဟန) က ဆင့်ခေါ်သည်ကို သွားရောက်ခြင်း မရှိခဲ့ပေ။

ထိုအတွက် ကြောင့် အာဏာပိုင်များက ဖေဖော်ဝါရီလဆန်း၌ ပထမအကြိမ် ခေါ်ယူ၍ မဟန ဆရာတော်ကြီးများထံ ပို့ဆောင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက်က နိုင်ငံပိုင် သတင်းစာများတွင် အရှင်ဂမ္ဘီရအား ဓမ္မစက်ဖြင့်ဆိုဆုံးမ၍ မရတော့သောကြောင့် အာဏာ စက်ဖြင့် အရေးယူတော့မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့သို့ ဖြစ်ပွားပြီးနောက်ပိုင်း အရှင်ဂမ္ဘီရ သည် ကချင်ပြည်နယ် ခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ပေးအပ်

Uploaded by BurmaVJMedia on Mar 8, 2012

မတ်လ ၈ ရက်နေ့ ညနေ ၃း၃၀ နာရီ ၄း၀၀ နာရီ အချိန်အထိ ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီနောက် သတင်းထောက်တွေက သိလိုတာတွေကို မေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်သလို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်မယ်လို့ သူမအနေနဲ့ ယုံကြည်တဲ့အကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲလိမ်မှု

By Burma VJ Media Network
နေပြည်တော်တိုင်းဒေသကြီးထဲမှ မြို့နယ်တချို့မှာ လူတွေနေထိုင်ခြင်း မရှိပါပဲနှင့် တဲအိမ်လေးများ ဖြစ်သလို ဆောက်လုပ်လျှက် လူဦးရေစာရင်းပြကာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲများကို လိမ်လည်အသုံးချခဲ့ကြပါတယ်။















ဆုံးရှုံး နစ်နာသူရဲ့ အခွင့်အရေး ရပိုင်ခွင့်အတွက် တကိုယ်တော်ဆန္ဒထုတ်ဖော်

Uploaded by BurmaVJMedia on Mar 9, 2012

အမှုတိုင်ကြားသူတွေဘက်က မမှန်မကန် တိုင်ကြားခဲ့တယ်ဆိုတဲ့ အချက်နဲ့ တွံတေးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရမှုကို မကျေနပ်တဲ့အတွက် နစ်နာသူရဲ့အခွင့်အရေး ရပိုင်ခွင့်ကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ မတ်လ ၉ ရက်နေ့က မြို့တော်ခန်းမရှေ့မှာ နေ့လယ် ၁း၀၀ နာရီလောက်က တကိုယ်တော် ဆန္ဒထုတ်ဖော်မှု တခု ဖြစ်ပွားခဲ့ပါတယ်။
အချက် သုံးချက် ပါဝင်တဲ့ တောင်းဆိုချက်စာတန်းကို ကိုင်မြှောက်ပြီး ငါးမိနစ်ကြာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ နစ်နာဆုံးရှုံးမှု အတွက် တွံတေးမြို့နယ် တရားရုံးထံ တင်ပြတောင်းဆိုခဲ့ပေမဲ့ ပယ်ချခံခဲ့ရတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဆန္ဒပြခွင့်ကိုလဲ တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံ တင်ပြခဲ့ပေမဲ့ ဥပဒေပုဒ်မ ၂၄ ပါ ငြိမ်းချမ်းစွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်တဲ့ နည်းဥပဒေစည်းမျဉ်း စည်းကမ်းတွေ အတွက် ပြည်ထဲရေးဝန်ကြီးဌာနကနေ အမိန့်ကြေညာစာ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ရဦးမှာဖြစ်တဲ့အတွက် ခွင့်မပြုနိုင်တဲ့ အကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ အမိန့်စာ ပြန်ကြားခဲ့တယ်လို့ သိရှိရပါတယ်

လူငယ်နဲ့ ပညာရေးအကြောင်း အဓိက ဟောပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ မဲဆွယ်ခရီးစဉ်

Uploaded by BurmaVJMedia on Mar 9, 2012

မတ်လ ၆ ရက်နေ့က တောင်ငူမြို့ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ငူမြို့ မိုင်ဒါကွင်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မဲဆွယ်စည်းရုံး ဟောပြောပွဲကို သောင်းနဲ့ချီ တက်ရောက်လာတဲ့ တောင်ငူမြို့ခံ ပြည်သူလူထုတွေကို လူငယ်နဲ့ပညာရေးအကြောင်း အဓိက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က 'လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်ဖြစ်တယ်၊ ကျမတို့ လူငယ်တွေ ပညာမတတ်လို့၊ အရည်အချင်း မပြည့်ဝလို့တော့ ဒီနိုင်ငံဟာ တိုးတက်နိုင်မှာ မဟုတ်ပါဘူး၊ အဲ့တာကြောင့်မို့လို့ လူငယ်တွေ ပညာတတ်ရေးအတွက်ကို အားလုံးက တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းပြီးတော့ ကူညီကြပါ၊ ကျမတို့ နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဘာတွေ လွဲချော်နေလို့ လူငယ်တွေ ဘွဲ့ရပြီးတော့ အလုပ်မရတာလဲဆိုတာ အများကြီး စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်' လို့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။

ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှု

Uploaded by BurmaVJMedia on Mar 9, 2012

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အ.ထ.က(၂) စမ်းချောင်းမှာ ပညာသင်ကြားနေတဲ့ ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ဒုတိယတန်း ကျောင်းသူ မမိုးမြတ်သူဟာ နေမကောင်းတဲ့ ရက်အတွင်း လွတ်သွားတဲ့ စာတွေ လိုက်ကူးနေတဲ့အချိန်မှာ အတန်းပိုင်ဆရာမ ဒေါ်မိမိခင်က စာမလုပ်ဘူးဆိုပြီး ရိုက်နှက်ခဲ့တာကြောင့် ဘယ်ဘက်လက်မောင်းနဲ့ လက်ခလယ်မှာ ဒဏ်ရာအနာတရတွေ ရခဲ့ပါတယ်။အခုလိုမျိုး ဒဏ်ရာ အနာတရ ရခဲ့တဲ့အပေါ် ဆရာမ ဒေါ်မိမိခင်က လာေ၇ာက်တောင်းပန်တာမျိုး မရှိတဲ့အပြင် တစုံတရာ ကူညီဆောင်ရွက်ပေးမှုမျိုးလဲ မရှိတဲ့အတွက် ကလေးငယ်ရဲ့ မိခင်က သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဒီကိစ္စကို စုံစမ်း အရေးယူပေးဖို့အတွက် တိုင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ နောက်အစိုးရတက်မလာခင် အပြုတ်ကိုလုပ်ဖို့ စီမံကိန်းရှိ

ဖားကင်္န့ ဒေသ ကျောက်စိမ်းလုပ်ကွက် များ အား လက်ရှိအစိုးရသက်တမ်းအတွင်း မှာ အရှိန်မြှင့်လုပ်ကိုင်နေ. . .

ကချင်ပြည်နယ်ဖားကန့်ဒေသကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အရှိန်မြှင့်တူးဖော်နေရတဲ့ အကြောင်းကို ကျောက်စိမ်းကုမ္မဏီ ဝန်ထမ်းတရုတ်အမျိုးသားတစ်ဦး ယခုလိုပြောပါတယ် . . .
ကျွှန်တော်တို့ က နောက်အစိုးရတက်မလာခင် အပြုတ်ကိုလုပ်ဖို့ စီမံကိန်းရှိတယ် ။ ဒါကြောင့်မို့အရင်ကလုပ်ကွက်တစ်ခုဆို ဘက်ဟိုး လေးငါးစီးသုံးပေမဲ့ အခုဆို အကန့်အသတ်မရှိသုံးပြီးလုပ်နေရတာလေ ။ လုပ်ကွက်တစ်ခုမှာ စက်ယန္တရားသုံးစွဲတာတွေကန့်သတ်ထားတယ်မဟုတ်လားလို့ မေးတော့ ဘယ်လိုဘဲသတ်မှတ်သတ်မှတ် ပိုက်ဆံပေးရင် ရပြီလေတဲ့ ။ လက်ရှိဒီမှာ ရှိတဲ့ဌာနဆိုင်ရာနဲ့အဆင်ပြေရင်ဒီနယ်မြေမှာ ကြိုက်တာလုပ်လို့ ရပြီလေတဲ့ ။ ဒါကတော့ ဝန်ထမ်းတစ်ဦးကပြောပြသွားတာပါ ။ ဝန်ထမ်းဆိုပေမဲ့ ကိုယ်စားလှယ်ကြီးပါ ။
ဖားကန့်ဒေသမှာ ကျောက်စိမ်းများ အာလူးခင်းဖော်သလို ဒရစပ် စက်ယန္တရား အမြှောက်အများ သုံးပြီး လုက်ကိုင်နိုင်မှုမှာ မြင်ရသူမြန်မာနိုင်ငံသားများ သိရှိဘို့ တင်ပြလိုက်ပါတယ်ဗျာ ။ သဘာဝအရင်းအမြစ်များကို နှမျောရကောင်းမှန်းမသိ ရောင်းစားသူက ရောင်းစား ၊ မစာမနာ ဝယ်ပြီး ရက်ရက်စက်စက် လုပ်သူက လုပ် ။ သူတို့ကတော့ ဟုတ်နေကြတာပဲဗျာ ။
မြန်မာပြည်တစ်ခုတည်းသာ ထွက်တဲ့ ကျောက်စိမ်း ဈေးကြတော့ နှိမ်လိုက်တာ ဗျာ ။ တရုတ်ပြည် ရွှေလီ ၊ကြယ်ဂေါင် ၊ ရင်ကျန်း မြို့တွေမှာ ဟင်းရွက် ကန်ဇွန်းရောင်းသလိုရောင်းနေလေရဲ့ ။ ကျောက်စိမ်းတုံးကို ခြေထောက်နဲ့ကန်ပြီး ဒါဘယ်လောက်လို့ ဈေးမေးတဲ့ တရုတ်ကလဲ ရှိသေးဗျာ ။ မြင်ကွင်းတွေကတော့ ရင်နာစရာတွေကြီးပဲဗျာ ။ အရင်းစစ်တော့ ကိုယ့်လူက စပြီးမဟုတ်တာဗျ ။ သဘာဝ တွင်းထွက်တွေကို မိဘအမွေရတဲ့ ပညာမရှိသော သူဌေးသားလို တစ်ခုပြီးတစ်ခုရောင်းစားနေတဲ့ အုပ်ချုပ်သူ လူတန်းစား စစ်ဗိုလ်လက်တစ်ဆုတ်စာကြောင့် ဒီလိုဖြစ်ရတာပါ ။ အာဏာတည်မြဲရေး ၊ဆွေဝရေး မျိုးဝရေးလောက်သာသိတဲ့ လူ့အောက်တန်းစားတစ်ချို့ကြောင့် ဒီလိုဖြစ်ရတာလို့ပဲ မြင်မိပါတယ် ။
ကျောက်စိမ်းတွေ နှစ်စဉ် ဘယ်လောက်ထွက်နေပါစေ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံသားတွေ ဘာတစ်ခုမှမခံစားရ ပါ ။ ရုပ်ဆိုးအကျီးတန်သွားတာပဲရှိပါတယ် ။ ပျက်စီးသွားတဲ့ သဘာဝတောတောင်တွေ ၊လမ်းပန်းဆက်သွယ်ရေးတွေ ၊ဒါတွေဟာ တစ်နေ့တစ်ခြား ဆိုးဝါးလာတာဟာ လက်တွေ့ပါ ။
ဒါတွေကို အမျိုးသားရေး မြစ်ဆုံးကိစ္စလိုမျိုး ဆန်ရှင် လုပ်သွားကြဘို့ များများရှယ်ပေးကြဘို့ကို လည်း တိုက်တွန်းချင်ပါတယ် ။

by zawmoehetet





အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများသို့


by Swe Swe Kyi on Tuesday, March 6, 2012 at 9:51pm ·




နယူးရောက်မြန်မာသံအမတ် ဦးသန်းဆွေ




လေးစားစွာဖြင့်

-မြန်မာအစိုးရဟာ ဆန်ရှင်ရုတ်သိမ်းရေးအတွက် စစ်အစိုးရလက်ထက်မှစပြီး အောက်လမ်းနည်းမျိုးစုံ သုံးခဲ့သော်လည်း သက်သေပြနိုင်ဖို့ ခက်ခဲ့ပါတယ်။

-သမ္မတဦးသိန်းစိန်အစိုးရဟာ အမေရိကန်ဆန်ရှင်ရုတ်သိမ်းရေးအတွက် နယူးရောက်ရှိ ကုလသမဂ္ဂ မြန်မာအမြဲတန်းကိုယ်စားလှယ်အဖွဲ့ကတဆင့် နယူးရောက် တရုတ်မြန်မာအသင်းကို ခုတုံးလုပ်ပြီး အိုဘားမားနှင့် ဆီနိတ်တာများကို ဖိအားပေးတဲ့ အောက်လမ်းနည်းသုံးလာတာတွေ့ရပါတယ်။

-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးသန်းဆွေကနေ နယူးရောက် တရုတ်မြန်မာအသင်းကို ဖိအားပေးပြီး ဆန်ရှင်ဖွင့်ပေးအောင် အမေရိကန်သမတကို စာရေးခိုင်းတာ သက်သေအထောက်အထားနဲ့တကွ တတ်နိုင်သူတွေက ဖော်ထုတ်တင်ပြထားပါတယ်။ ဒီအထောက်အထားတွေဟာ လွယ်လွယ်ကူကူ ရခဲ့တာမဟုတ်ပါ။ ခုဆိုရင် ဒီအထောက်အထားတွေ ပေါက်ကြားမှုအတွက် နေပြည်တော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီဖြစ်ပါတယ်။

-ဒီအထောက်အထားတွေကို အင်္ဂလိပ်ဘာသာပြန်ပြီး မြန်မာအစိုးရ ကလိမ်ကကျစ်နည်းနဲ့ ဆန်ရှင်ဖွင့်အောင်လုပ်နေတယ်ဆိုတာ သမ္မတ အိုဘားမားနဲ့ အမေရိကန် ဆီနိတ်တာတွေထံ Burma Campaign U.S ဦးအောင်ဒင်တို့လို စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းတို့လို ပုဂ္ဂိုလ်တွေက အမြန်ဆုံးတင်ပြမယ်ဆိုရင် မြန်မာအစိုးရ အရှက်ရပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေကို အမြန်ဆုံးပြုပြင်ပေးအောင် ဖိအားပေးနိုင်မှာဖြစ်ပါတယ်။

-နယူးရောက်မှ မိုးသီးဇွန်တို့လို လှုပ်ရှားသူတွေကလဲ အလားတူ သမ္မတ အိုဘားမားနဲ့ အမေရိကန် ဆီနိတ်တာတွေထံ စာရေးကြမယ်ဆိုရင် ဦးသိန်းစိန်အစိုးရကို ဖိအားပေးနိုင်တဲ့ ကြီးမားတဲ့ ကမ်ပိန်းကြီး ဖြစ်လာနိုင်ပါကြောင်း တိုက်တွန်းအပ်ပါတယ်။

အမေရိကန် သမ္မတနှင့် ဆီနိတ်တာများထံရေးသည့်စာတွင် ပူးတွဲတင်ပြသင့်သည့် အထောက်အထားများ





































ဦးသိန်းစိန်အရပ်သားအစိုးရအုပ်ချုပ်ရေးမှာ စစ်တပ်က ၀င်စွက်နေတဲ့ သက်သေ(၁)

Swe Swe Kyi facebook
(posting မရှိဘဲ သံအတွေ့အကြုံမရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးချုပ်ကို သံအမတ်တိုက်ရိုက်ခန့်)
Washington Post သတင်းစာနဲ့ ဗျူးရာမှာ စစ်တပ်က အုပ်ချုပ်ရေးမှာ မစွက်ပါလို့ သမ္မတ ဦးသိန်းစိန် လိမ်ပြောခဲ့ပါသည်။
၁၉၈၈ မတိုင်မှီ မဆလ လက်ထက်တုန်းကတော့ ၄၀% လောက်တော့ အရပ်သား ဝန်ထမ်းတွေကဖြစ်လာတာ။ နောက်ပိုင်း နဝတ နအဖ စစ်အစိုးရ လက်ထက်ကြတော့ ၁၀% လောက်ဘဲ အရပ်သား၊ ကျန် ၉၀ % က အစိမ်းရောင် ယူနီဖောင်း ဝတ် / ချွတ်တွေ ဖြစ်လာတယ်။ ပြည်သူမဲပေးတဲ့ အရပ်သား အစိုးရလို့ မျက်နှာပြောင်စွာ အရှက်မရှိ ပြောနေတဲ့ ခောတ်မှာဘဲ ၉၅% က အဲဒီ ဘောင်းဘီချွတ်ဘဲဖြစ်မယ်။ ခု ဝန်ကြီးဦးဝဏ္ဏမောင်လွင်ဆိုတာလည်း စစ်တပ်က လာတာဘဲ။




လွတ်လပ်ငြိမ်းချမ်းခွင့်နှင့် နံရံကြားမှအနုပညာပန်းချီပြပွဲ


လွတ်လပ်ငြိမ်းချမ်းခွင့် နှင့် နံရံကြားမှ အနုပညာပန်းချီပြပွဲက ယနေ့ (၉-၃-၂၀၁၂)နေ့ နံနက် ၉ နာရီခွဲ မှာ ပန်းဆိုးတန်း စာပေလောကစာပေတိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပန်းချီပြပွဲတွင် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းချခံခဲ့ရပြီး သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် နောက်ဆုံးမှပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပန်းချီကားများပါ ပြသထားပါသည်။ အကျဉ်းထောင်တွင်း သို့ အသင့် စားစရာများ ကိုထုတ်ပိုးထားသော ပလပ်စတစ်များ ၊ကော်ဖီထုပ်အခွံများနှင့် ပုံဖော်ထားသော ကိုစန်းဇော်ထွေး၏ ပန်းချီကားများ ကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါသည်။ပန်းချီပြပွဲကို ယနေ့(၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ သုံးရက်တိုင်ကျင်းပပေးသွားမှာ ဖြစ်ပါသည်။
By: Political Prisoner