Thursday, March 22, 2012

ရွေးကောက်ပွဲသည် ပြည်တွင်းရေးသာဖြစ်သည်ဟု ပြည်ခိုင်ဖြိုးတုံ့ပြန်

by Yangon Press International on Thursday, March 22, 2012 at 8:15am ·
မတ်လ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

သမ္မတဦးသိန်းစိန်က လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖိတ်ခေါ်နေချိန်တွင် ရွေးကောက်ပွဲကျင်းပရေးသည် ပြည်တွင်းရေးကိစ္စသာ ဖြစ်သည်ဟု ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာဆီယံ စသည်နိုင်ငံများမှ စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်များလာရောက်နိုင်ရန် အစိုးရက ယခုအပတ်အတွင်း ဖိတ်ခေါ်လိုက်ပြီးနောက် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ယင်းသို့ တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ သူတို့တွေ မလာလည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရေး အရေးကိစ္စကို ကျွန်တော်တို့ဘာသာ စည်းနဲ့ကမ်းနဲ့ ဆောင်ရွက်နေတာပဲဖြစ်တယ်။ ဒါဟာကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတွင်းအရေးကိစ္စ ဖြစ်တယ်” ဟု ဦးအောင်သိန်းလင်းက ၀ိုင်ပီအိုင်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ အတွေ့အကြုံ ရှိပြီးသဖြင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ မရှိပါကလည်း အဆင်ပြေနိုင်ကြောင်း သူက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်ခြင်းမရှိခဲ့သော်လည်း သန့်ရှင်းလွတ်လပ်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပါတီများလိုက်နာဆောင်ရွက်ရန်သာ အဓိကကျကြောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရက နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်ခြင်းမရှိခဲ့သလို ယင်းရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟု အသံများထွက်ပေါ်ခဲ့သည်။ ယင်း၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများဆုံးအနိုင်ရရှိခဲ့သည်။

ပါတီတချို့ကမူ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များ လာရောက်သည်မှာ အကျိုးရှိသည်
ဟုမြင်ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲ၏ တရားမျှတမှု ရှိမရှိအပေါ်တွင် တိုင်းတာ၍ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ ရပ်ဆိုင်းရေးကို ဆုံးဖြတ်မည်ဖြစ်သောကြောင့် နိုင်ငံတကာလေ့လာစောင့်ကြည့်မှုများသည် တိုင်းပြည်အတွက် အကျိုးရှိနိုင်သည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းရီက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ ဦးအုန်းကြိုင်ကမူ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရာတွင် အစိုးရက ခေါ်ယူပြသသည့် နေရာတွင်သာမက ရွေးကောက်ပွဲကျင်းပရာ နေရာအနှံ့သို့ သွားရောက်လေ့လာခွင့် ပေးမှသာ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို လေ့လာအကဲဖြတ်နိုင်မည် ဖြစ်ကြောင်း ထောက်ပြသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက စောင့်ကြည့် လေ့လာသူများအနေဖြင့် မဲပေးစဉ်ကာလတွင်သာ မဟုတ်ဘဲ ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးကို စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း ပြောသည်။

“ဖားကန့်မှာဆိုရင် လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ထားတဲ့ မဲရုံတွေရှိတယ်။တကယ်တန်း ကျွန်တော်တို့ ကိုယ်တိုင်သွားကြည့်တော့ မဲရုံထောင်လို့ရတဲ့ အနေအထားတွေ ရှိနေတာကို တွေ့ရတယ်။ နိုင်ငံတကာ အနေနဲ့ ဒါတွေကိုလည်း စောင့်ကြည့်လေ့လာပြီး ကြည့်နိုင်ဖို့လိုပါမယ်”ဟု ၄င်းကဆက်ပြောသည်။

လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာရှိပြီး လက်ရှိအချိန်တွင် ရွေးကောက်ပွဲကျင်းပမည့် နေရာအနှံ့အပြားတွင် မဲစာရင်း မှားယွင်းနေမှုများ ရှိနေသေးသည်။       ။


မဲရုံများပြန်ဖွင့်ပေးရေး ဖားကန့်ရွေးကောက်ပွဲကော်မရှင်ငြင်း
by Yangon Press International on Thursday, March 22, 2012 at 11:23am ·
မတ်၊ ၂၂၊ ၂၀၁၂ (YPI)

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာတွင်လုံခြုံရေးအကြောင်းပြချက်ဖြင့်  မဲပေးခွင့်ပိတ်ထားသော ဒေသများမှ မဲရုံများအား ပြန်လည်ဖွင့်လှစ်ပေးရေး အတွက်တောင်းဆိုခြင်းအား ဖားကန့်မြို့နယ် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှ ယနေ့ ငြင်းဆိုခဲ့ကြောင်း ယင်းသို့ တောင်းဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

“ ပြည်ထောင်စုကော်မရှင်ဥက္ကဌကို ပြောတုန်းကလည်း သူက ပြောပါ့မယ်လို့ပြောတယ်။ အခုမြို့နယ်ကော်မရှင် ဥက္ကဌ ကိုပြောတော့  သူက လုပ်ပိုင်ခွင့် မရှိဘူးပြောတယ်။ ဘယ်ကိုသွားပြောရမလဲမသိဘူးဖြစ်နေပြီ”ဟု၎င်းကပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှိ ရွားပေါင်း (၁၀) ရွာကျော်အား လုံခြုံရေးအကြောင်းပြချက်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာတွင် ချန်လှပ်ထားခဲ့ပြီး ယင်းရွာများရှိ ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က အသုံးပြုခဲ့သော မဲရုံ ၃၀ အားပိတ်ထားခဲ့သည်။

ထိုမဲရုံ ၃၀ အနက် ၁၆ ရုံမှာ ဒေသခံများ မဲပေးသည့်မဲရုံများဖြစ်ပြီး ၁၄ ရုံမှာ ကုမ္ပဏီများမှ မဲပေးသည့်မဲရုံများဖြစ်သည်။
ထိုသို့ ချန်လှပ်ထားခြင်းခံရသည့် ဒေသတွင် လူဦးရေ (၁၀၀၀၀) ၀န်းကျင်နေထိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခန့်မှန်းသည်။

ဒေါ်ဘောက်ဂျာက “ ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ သက်သေပြတာပဲ ” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီိလဆိုင်းကလည်း မဲပေးခွင့်ပိတ်ထားသော ဒေသများမှာ အန္တရယ်ရှိသောအခြေအနေတွင် မရှိဘဲမဲပေးခွင့်ပြုပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း ပြောသည်။

၎င်းက “ကျွန်တော်တို့က ကျောသားရင်သားမခွဲခြားတဲ့သူတွေ ဆိုတော့ ဘယ်နေရာမဆို သွားလို့လုံခြုံတယ်။  အခုဟာက အဲဒီနယ်မြေတွေက မသွားရဲတဲ့ ပါတီတစ်ခုရဲ့ ပယောဂကြောင့်ဖြစ်နေရတာပါ။ ” ဟုပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖားကန့်မြို့နယ် အတွင်းရေးမှူး ဦပီတာကလည်း ထိုဒေသများသည် အေးချမ်းမှုအမှန်တကယ်မရှိသော ဒေသများဖြစ်သော်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်ဒေသမျိုးမဟုတ်ကြောင်းပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဖားကန့်မြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေ ၉၅၁၃၇ ဦးရှိပြီး လက်ရှိခွင့်ပြုထားသော မဲရုံပေါင်း ၇၁ ရုံရှိသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁ သိန်း ၁ သောင်းနီးပါး (၁၀၉၈၁၃) ရှိသည့်အတွက် လူဦးရေ ၁သောင်း၃ထောင်ကျော် မဲပေးပိုင်ခွင့် လျော့နည်းနေကြောင်း အင်န်ဒီအက်ဖ် ပါတီ အောင်နိုင်ရေးအဖွဲ့ဝင်များက လည်း ထောက်ပြထားပြီးဖြစ်သည်။

ယင်းမြို့နယ်တွင် ၀င်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မှာ ဒေါ်ဘောက်ဂျာ ( အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ)၊ ဦးဒါရှီလဆိုင်း(အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်) နှင့် ဦးစိုင်းသိန်းထွန်း (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) တို့ဖြစ်ကြသည်။       ။

ပြိုင်ပွဲဝင်စကာတင်ကား ၂ - Freedom (ကျော်သူ)

DVB entertainment
ပြိုင်ပွဲဝင်စကာတင်ကား ၂ - Freedom (ကျော်သူ)
လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်က ဒါရိုက်တာ ကျော်သူ ရဲ့  Freedom ရုပ်ရှင်ကားပါ.. ပိတ်ဆို့ ထားတဲ့ အဖြူရောင်ဆိုးလိုက်တဲ့ သံဆူးကြိုးကို ဖြတ်စက် တခုနဲ့  ဖြတ်တောက်လိုက်တယ်.. ပြတ်တောက်သွားတဲ့ သံဆူးကြိုးကို ထွက်ပေါက် ရရှိဘို့  ပလာယာနဲ့  ဆွဲဟလိုက်တယ်.. ၀ိရောဓိ စစ်ပွဲများရပ်ဆိုင်းပြီး လွတ်လပ်တဲ့ ငြိမ်းချမ်းမှု ရရှိစေလိုပါတယ်တဲ့ .. (ဒါရိုက်တာ ကျော်သူရဲ့  မှတ်ချက်) —

ပြိုင်ပွဲဝင်စကာတင်ကား ၃ - ၀ိမုတ္တိ

DVB entertainment
လောဘ ဒေါသ မောဟ မကင်းရင် မလွတ်လပ်နိုင်ကြောင်း - မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဒေသနာတော်တွေထဲက လွတ်လပ်ခြင်း (၀ိမုတ္တိ) ရဲ့  ရသ ကို ဒါရိုက်တာ နိုင်မျိုးထွန်း (ရန်ကုန်တက္ကသိုလ်) က ရိုက်ကူးတင်ပြထားတာပါ..

ဒေါ်အောင်ဆန်းစုကြည်၏ စတုတ္ထအကြိမ် ကော့မှူး စည်းရုံးရေးခရီးစဉ်

Yangon Press International
အမျိုးသား ဒီမိုကရေစီအဇွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၎င်းအရွေးချယ်ခံမည့် ကော့မှူးမြို့နယ်သို့ စတုတ္ထအကြိမ် စည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၂၂ ရက်နေ့မွန်းလွဲပိုင်းတွင် သွားရောက်ခဲ့သည်။


>





Thu Ra Myo ရဲ့ ရိုက်ချက်ပါ။ကလေးမကမျက်လုံးလှလို့ ရိုက်မိတာပါတဲ့။












မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီ


by Burma VJ Media Network on Thursday, March 22, 2012 at 9:40am ·
ရွှေနဂါးမင်း ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာနှင့် ဇေယျာရွှေမြေဘောလုံး အသင်း ပိုင်ရှင်ဖြစ်သူ ဦးသူရိန် သည် စစ်ကိုင်းတိုင်း မုံရွာတောင် ကူးတို့ ကုန်းကွင်းတွင်ရှိသည့် မြေပိုင်ရှင် ကိုးဦးတို့၏ မြေနေရာများတွင် မုံရွာခရိုင် အားကစားကွင်း ဆောက်လုပ်ရန်ဟုဆိုကာ မြေပိုင်ရှင်များကို ကာလပေါက်ဈေးထက် နိမ့်ကျသော လျော်ကြေးငွေသာ ပေး၍ ၂၀၁၀ ခုနှစ်တွင် အဆိုပါ မြေနေရာများအား သိမ်းယူခဲ့ပါသည်။

အခုချိန်ထိ သိမ်းယူထားသော မြေနေရာများတွင် ခရိုင်အားကစားကွင်း တည်ဆောက်ခြင်း မရှိပဲ မြို့ပြအိမ်ယာစီမံကိန်းဟု ဆိုကာ  ကျပ်သိန်း ၄ဝဝ၊ ကျပ်သိန်း ၅ဝဝ စသည့် ဈေးနှုန်းများဖြင့် မြေနေရာများကို ရောင်းချခဲ့ကြသည်။ ထို့ကြောင့် ထို မြေပိုင်ရှင် ကိုးဦးအနက် သုံးဦးဖြစ်သည့် ဒေါ်စန်း၊ ဦးစိုးနိုင် နှင့် ဦးလှိုင်မြင့် တို့၏ မြေနေရာများသည် ကာလပေါက်ဈေး သိန်း ၅ဝဝ နှင့်အထက် ရှိသည့်အတွက် ထိုမြေပိုင်ရှင်များမှ ၄င်းတို့၏ မြေနေရာများကို ကျပ်သိန်း ၄ဝဝ ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ရွှေနဂါးမင်း ကုမ္ပဏီမှ ပထမအကြိမ်တွင် ကျပ် ၂၅ သိန်း၊ ဒုတိယအကြိမ်တွင် ကျပ် သိန်း ၆ဝ နှင့် တတိယအကြိမ်တွင် ကျပ် သိန်း ၈ဝ သာ ပေးခဲ့သည့် အတွက် မြေပိုင်ရှင်များနှင့် ညှိနှိုင်းမှု အဆင်မပြေသောကြောင့် မြေပိုင်ရှင်များက ၄င်းတို့၏ မြေနေရာများမှ ဖယ်ရှားမပေးဘဲ နေခဲ့ကြသည်။ ထိုသို့ ဖယ်ရှားမပေးသောကြောင့် ရွှေနဂါးမင်း ကုမ္ပဏီ  ဥက္ကဌဖြစ်သူ ဦးသူရိန်မှ ကျူးကျော်မြေ ဖယ်မပေးမှု ဟု ဆိုကာ ထိုမြေပိုင်ရှင် သုံးဦးအား  မုံရွာ ခရိုင်တရားရုံး၌ ၂ဝ၁၁ ခုနှစ်တွင် စတင် တရားစွဲဆိုခဲ့ပါသည်။

" ဒီမြေက ကျွန်မတို့ ဘိုးဘွားပိုင်မြေပါ၊ ကျူးကျော်မြေ မဟုတ်ဘူး၊ ဒီမြေနေရာမှာ နေလာတာ နှစ်ပေါင်း ၆ဝ၊ ၇ဝ လောက်ရှိပြီ။  နှစ်တိုင်းလည်း ခြောက်လ တစ်ခါ ကျပ် ၅ဝဝ နဲ့ တစ်နှစ်ကို နှစ်ခါ မြေစာရင်းရုံးမှာ အခွန်ဆောင်ရတယ်။ ဟိုး တစ်ကျပ် နှစ်ကျပ် ခေတ်ကတည်းက ဆောင်လာတာ အခုထိပဲ။ အဲ့ဒီ စာရွက်တွေလည်း ရှိတယ်" ဟု မြေပိုင်ရှင် သုံးဦးအနက် ဒေါ်စန်း၏ သမီးဖြစ်သူက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

"အခုလို ကုမ္ပဏီ  က တရားစွဲတော့ မြေပိုင်ရှင်သုံးဦးဘက်က ဦးဝင်းဗိုလ် ဆိုတဲ့ ရှေ့နေကို ငှားတယ်။ သူ့ကို ငှားရမ်းခ က ကျပ် ၁ဝ သိန်းပေးရတယ်။ အဲ့ဒီ ၁ဝ သိန်းအပြင် စာရွက်စာတမ်းကြေး ဘာကြေး ညာကြေး ဆိုပြီး နောက်ထပ် ၁ဝ သိန်းလောက် ထပ်ပေးရတယ်"ဟု ၄င်းအမှုကို ဝိုင်းဝန်း အကူအညီ ပေးနေသူ တစ်ယောက်ဖြစ်သည့် မသီတာဝင်းမှ ပြောပြခဲ့သည်။

အဆိုပါ အမှုကို တစ်နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရပြီး ၂ဝ၁၂ ခုနှစ် မတ်လ ၉ ရက်နေ့ တွင် မုံရွာခရိုင် တရားသူကြီး ဦးအုန်းသောင်းမှ မြေပိုင်ရှင်များကို မည်သည့် လျော်ကြေးငွေမှ မပေးဘဲ၂ လ အတွင်း ဖယ်ရှားပေးရန် အမိန့်ချမှတ်ခဲ့သည့်အတွက် မြေပိုင်ရှင် သုံးဦးမှာ အမှုရှုံးနိမ့်ခဲ့ရပါသည်။ ထို့ ကြောင့် မြေပိုင်ရှင်များက မကျေနပ်၍ နေပြည်တော် အထိ ဆက်လက်ပြီး အယူခံဝင်ရန် ပြင်ဆင်နေကြပါသည်။

အခုလို ရှုံးနိမ့်ပြီးနောက်ပိုင်း မုံရွာခရိုင် စ.ရ.ဖ မှ ဦးရဲမင်း သည် အမှုကို ဝိုင်းဝန်း အကူအညီ ပေးနေသူ တစ်ယောက်ဖြစ်သည့် မသီတာဝင်း နှင့် တွေ့ဆုံကာ အမှုကို သူကိုယ်တိုင် ဆက်လက် အကူအညီ ပေးမည်ဟု ပြောသွားခဲ့ပါသည်။

"သူ က ကျွန်မဆီကို နေပြည်တော် က သတင်းထောက်ဆိုပြီး လာတာ၊ နောက်တော့မှ စ.ရ.ဖ က ဖြစ်ကြောင်း ပြောတာ။ အဲ့တော့ ကျွန်မလည်း အကူအညီတောင်းလိုက်တယ်၊ နိုင်ငံတော် အဖွဲ့အစည်း တွေက လုပ်ပေးရင် ပိုကောင်းတာပေါ့ဆိုပြီး၊ သူကလည်း ဆက်ပြီး ဆောင်ရွက်ပေးပါ့မယ်၊ နေပြည်တော်ကလည်း သူတို ကို စုံစမ်းဖို့ တာဝန်ပေးထားပါတယ်လို့ ပြောပြီး နောက်နေ့ ကျတော့ ကျွန်မရဲ့ အစ်ကိုပါ ဆိုပြီး မြေပိုင်ရှင် ဒေါ်စန်းအိမ်ကို သွားပြီး အမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အကုန်ကို ယူသွားတယ်။ ၂၂ ရက်နေ့ ညနေ လာပေးမယ်ဆိုပြီး အခုအချိန်ထိ လာမပေးသေးဘူး။ အဲ့ဒီ ဦးရဲမင်းက ဆင်းရဲသားပြည်သူတွေ ဘက်က သူရပ်တည်ပေးပါ့မယ်၊ ပြည်သူတွေ အကျိုးကိုလည်း ဆောင်ရွက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်ဆိုပြီး တာဝန်ရှိသူတစ်ယောက် အနေနဲ့ ပြောသွားတာလေ၊ အဲ့ဒီတော့ သူက ဒီလို မတရားမှုတွေကို ပြည်သူတွေဘက်က ဆောင်ရွက်ပေးမယ်လို့ တော့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်" ဟု
မသီတာဝင်း က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသူရိန်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၏ သားဖြစ်ပြီး ရွှေနဂါးမင်း ကုမ္ပဏီက စစ်ကိုင်းတိုင်း မုံရွာတောင် ကူးတို့ ကုန်းကွင်းတွင်ရှိသည့် မြေနေရာများကို ကာလပေါက်ဈေးထက် ဈေးနှိမ်ပြီး လျော်ကြေးငွေများ ပေးကာ လိုက်လံ သိမ်းယူနေခြင်းကြောင့် ကျန်ရှိသည့် အသိမ်းဆည်းခံ မြေပိုင်ရှင်များ အနေနှင့်လည်း မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရပါသည်။

(သူရိယ)

Photo Credit and Thanks to http://www.zeyarfc.com

ပြိုင်ပွဲဝင် စကာတင်ကား ၆ - The caged Saviour

DVB entertainment

လူတိုင်းလူတိုင်း အသက်ရှင် နေထိုင်ဘို့ အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ရုန်းကန်ရင်း - ထွက်ပေါက်တွေ ရှာဖွေကြရင်း --- ကိုယ်မလွတ်လပ်သေးပေမယ့် တိရစ္ဆာန်လေးတွေကို လွှတ်ပေးရင်း လွတ်မြောက်ခြင်းပီတိ ခံစားပုံကို ဒါရိုက်တာ Wunna Kyaw ရိုက်ကူးတင်ပြထားတာပါ.. ထီဆိုင်မှာ အလုပ်လုပ်နေရတဲ့ အသက် ၂၀ ပြည့် မွေးနေ့ ရှင် ခင်လေး ရဲ့  မွေးနေ့  လုပ်ဆောင်ချက်လေးနဲ့  ပုံဖေါ်ထားပါတယ်..

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်

Uploaded by BurmaVJMedia on 22 Mar 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် မတ် လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ကို မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ်သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့နေရာမှာ ညနေ ၆ နာရီကနေစပြီး မိနစ် ၄၀ အကြာ လူထုကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ရန်ကုန်တိုင်း ခရီးစဉ်တွေမှာ ပရိသတ်အများဆုံးဖြစ်တဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင်ကို မဲထည့်ပေးကြဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။






မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်နိုင်ရန် ကိုယ်တိုင်ဆန္ဒပြုသူ အမည်စာရင်းထွက်ရှိ

by Popular Journal

မတ်လ၁၆ရက်၊ နေ့ခင်း ၁နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်အဖွဲ့က စာနယ်ဇင်းများနဲ့ ဒုတိယအကြိမ်တွေ့ဆုံပြီး အစည်းအရုံးနဲ့ပတ်သက်လို့ ရှေ့လျှောက်ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဦးစွာမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဗိုလ်ကလေးတင့်အောင်က ”အမှုဆောင်အသစ် ရွေးချယ်တဲ့နေရာမှာ သမာသမတ်ရှိအောင်၊ မျှမျှတတရှိအောင် ရွေးချယ်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးက အဓိကကျတဲ့နေရာက ပါဝင်နေပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ လုပ်ငန်းစု အားလုံးအောင်အောင်မြင် မြင်ဖြစ်ဖို့ အတွက်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဆိုတာကိုလည်း ကော်မရှင်က ရွေးပေးသွားမှာပါ။ အခုလို အနုပညာသမားတွေ ညီညီညွတ်ညွတ် ရှိကြတဲ့ဟာကိုလည်း တိုင်းပြည်ကို သိစေချင် ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလွှာ၁ဝလွှာမှာ မဲပေးနိုင်သူအရေအတွက်နဲ့ ပတ်သက်ပြီး ပန်းချီစိုးမိုးက”ဇာတ်လမ်း၊ ဇာတ်ညွှန်းအလွှာမှာ ၈၃ယောက်၊ ဒါရိုက်တာ အလွှာမှာ ၉၉ယောက်၊ တေးဂီတ၊ပြဇာတ်အလွှာမှာ ၃၇ယောက်၊ ထုတ်လုပ်မှုအလွှာမှာ ၃၇ယောက် အဓိကသရုပ်ဆောင် အလွှာမှာ ၁၇၅ယောက်၊ စက်မှုအလွှာမှာ ၃၁၁ယောက်၊ တည်းဖြတ်နဲ့ မှတ်တမ်းအလွှာမှာ ၁၂၆ယောက်၊ ဗီဒီယိုအလွှာမှာ ၆၈ယောက်၊ အုပ်ချုပ်၊ပြသ၊ ဖြန့်ချိအလွှာမှာ၂၂၅ ယောက်၊ ဇာတ်ပို့အလွှာမှာ ၅၅၅ ယောက် ရှိပါတယ်။

မဲပေးမယ့်သူနဲ့ မဲပေးခံရမယ့်သူ မတူညီပါဘူး။ အရင်တုန်းက မဲပေးတဲ့နေရာမှာ သတ်မှတ်ချက်တွေ ရှိခဲ့ပေမယ့် အခုအခါမှာ လူတွေရဲ့လွတ်လပ်ခွင့်နဲ့ လူအများစုရဲ့ဆန္ဒအရ မဲပေးနိုင်တယ်။ လက်ရှိစာရင်းဝင်သူများသာ မဲပေးနိုင်မှာပါ။ အရွေးချယ်ခံမယ့် သူကလည်း ဦးစီးဦးရွက် လုပ်ရမယ့်သူ ဖြစ်တဲ့အတွက် ကန့်သတ် ချက်တွေရှိမှာပါ။ သက်တမ်းရှိတဲ့ သူ တွေကိုပဲအဓိကထားတယ်၊၊ မူတွေဘောင်တွေနဲ့ ကော်မရှင်က သေချာလေး စဉ်းစားတယ်။ အရင်စည်းမျဉ်း စည်းကမ်းတွေကို အကုန်မယူသလို လုံးဝလည်း မပစ်ပယ်ပါဘူး။ နောက်ထပ်လူအများစုရဲ့ ဒီဘက်ခေတ်ကာလရဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းကမ်းတွေကိုလည်း ထည့်ထားတယ်။ အခု လောလောဆယ် ရွေးကောက်ပွဲကို မတ်လ၂၁ရက်လောက် အကြမ်းဖျင်းသတ်မှတ် ထားတယ်”လို့ ပြောပါတယ်။ အရွေးချယ်ခံမယ့်သူစာရင်း အရေအတွက်နဲ့ ပတ်သက်ပြီး ဦးနှင်းမိုးက”ဒါရိုက်တာအလွှာမှာ ၈ယောက်၊ အဓိကသရုပ်ဆောင်အလွှာမှာ ၁၂ယောက်၊ ဇာတ်ပို့အလွှာမှာ ၁၄ယောက်၊ ဇာတ်လမ်း၊ဇာတ်ညွှန်းအလွှာ မှာ၇ယောက်၊ တည်းဖြတ်နဲ့မှတ်တမ်းအလွှာမှာ ၅ယောက်၊ စက်မှုအလွှာမှာ ၈ယောက်၊ တေးဂီတအလွှာမှာ၂ယောက် အုပ်ချုပ်၊ ပြသ၊ဖြန့်ချိအလွှာမှာ ၁ဝယောက်၊ ဗီဒီယို အလွှာမှာ ၁၂ယောက်ရှိပါတယ်။ဒီမှာပြောစရာတစ်ခုက တေးဂီတ၊ ပြဇာတ်အလွှာမှာ ၂ဦးတည်းရှိတဲ့အတွက် နှစ်ဦးသဘောတူရင် ရွေးစရာမရှိပါဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကျရင်လည်း မီဒီယာများအနေနဲ့ လွတ်လပ်စွာသတင်းယူခွင့် ရှိမှာဖြစ်ကြောင်း သိရပါတယ်။ အနုပညာသမားတိုင်း ကိုယ့်အခွင့်အရေးကိုကိုယ် အဆုံးရှုံးမခံဘဲမပျက်မကွက် မဲပေးကြဖို့အတွက် အစည်းအရုံးက တိုက်တွန်းနှိုးဆော် ထားပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မတ်လ(၂၂)ရက်သတင်းထုတ်ပြန်ချက်

National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၂)ရက်

သတင်းထုတ်ပြန်ချက်

၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသောလုပ်ဆောင်မှုများ ပိုမိုများပြားလာပါသည်။ ယင်းပြဿနာများအနက် အချို့ကိုအောက်ပါအတိုင်း ဖေါ်ပြလိုက်ပါသည်။

ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်

၁။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ် အောင်ချမ်းသာကျေးရွာမှ လယ်သမားများအား ကြိုတင်ထုတ်ပေးငွေများ ထုတ်ပေးရာတွင် “ခင်ဗျားတို့တောင်းတာတွေအကုန်လုပ်ပေးထားပြီးပြီ ပြန်တောင်းဆိုဖို့ပဲ ရှိတော့တယ်” ဟုပြောဆိုခဲ့သည်ကို လယ်သမားများက “ဟုတ်ကဲ့သိပါတယ်” ဟုပြန်လည်ပြောကြားခဲ့ကြောင်း (7DAY NEWS Vol 11,No.3) တွင်တွေ့ရှိရပါသည်။

နိုင်ငံတော်သမ္မတကြီး၏ ပြောကြားချက်မှာ မဲဆွယ်စည်းရုံးရေးဟုအများက ယူဆနေပါသည်။

၂။ ဇမ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် ငွေကျပ် ၂၅၀၀၀၀ (ကျပ်နှစ်သိန်းငါးသောင်း) သွင်းသူတိုင်း လျပ်စစ်မီးရသော်လည်း ယင်းရပ်ကွက်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ထားသော ဦးကြည်၏နေအိမ်တစ်ခုတည်းသာ လျပ်စစ်မီးမရရှိပါ။

ယင်းကိစ္စနှင့်စပ်လျင်းပြီး ရာအိမ်မှုးဦးဝင်းအောင်နှင့် ကိုကုလားကြီးတို့က နေပြည်တော် ကောင်စီဝင် ဦးမျိုးညွန့်၏ ညွှန်ကြားချက်အရ ချန်ထားခြင်းဖြစ်သည်ဟု ပြောဆိုကြောင်းသတင်းရရှိပါသည်။

ထိုသို့ပြောကြားခြင်းမှန်ကန်ပါက ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်မည့် အဖွဲ့ချုပ်အပေါ် တာဝန်ရှိသူတစ်ဦး၏ သဘောထားမှာ များစွာမလျော်ကန်သည့် သဘောထားဖြစ်ပါသည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့