Friday, April 6, 2012

အခကြေးငွေယူပြီး ဖော်ထုတ်ပေးခဲ့တဲ့ တိုးချဲ့ ရပ်ကွက်စည်ပင်သာယာက ဖယ်ရှားဖို့ ကြိုးစား

Uploaded by RFABurmeseVideo on 6 Apr 2012
ရန်ကုန်ရွှေပြည်သာ စက်မှုဇုံ (၁) မှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေ အခကြေးငွေယူပြီး ဖော်ထုတ်ပေးခဲ့တဲ့ တိုးချဲ့ ရပ်ကွက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာက ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ ဒီအခြေအနေတွေကို ကိုဂျေက တင်ပြထားပါတယ်။

မဲပြားပေါ်တွင် ဖယောင်းသုတ်ခြင်း ကိစ္စအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးမည်

The Voice Weekly facebook
about an hour ago ·

ရန်ကုန်၊ ဧပြီ ၆

မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အချို့၌ ဖြစ်ပွားခဲ့သည့် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်းများ သုတ်ထားသည့် ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ ထံမှ သိရသည်။

ဆန္ဒမဲ လက်မှတ်များပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ဆန္ဒပြုရမည့် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားခြင်းကို အရေးယူပေးပါရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုင်ကြားလာသည့် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးသွားရန် ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဧပြီလ ၄ ရက်နေ့ ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော် ကိုယ်စားလောင်းများကို စတင်ခေါ်ယူ မေးမြန်းသွားမည် ဖြစ်ပြီး အထက်ပါ ကိစ္စ ဟုတ်မှန်ခြင်း ရှိပါက မည့်သည့် ရပ်ကွက် ကျေးရွာ အုပ်စုတွင် ဖြစ်ခဲ့သည်ကို မေးမြန်း၍ ၎င်းမဲရုံများရှိ ဆန္ဒမဲများကို ပြန်လည် ဖွင့်ဖောက် စစ်ဆေးသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။

အဆိုပါ မြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးများသို့ ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀ နာရီ အရောက် စေလွှတ်ပေးပါရန် နိုင်ငံရေးပါတီများသို့ အကြောင်းကြား ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က NLD ကို ဆန့်ကျင်ပြီးတင်ပြလာတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုစွပ်စွဲချက်ကိုမဆိုရင်ဆိုင်ဖြေရှင်းသွားမယ်

RFA Burmese
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သူ့ကိုထောက်ခံသူတွေက ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖေါက်တဲ့လုပ်ရပ်တွေရှိခဲ့တာကိုတွေ့ရလို့ ဒီကိစ္စတွေကို တိုင်ကြားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ပြောလိုက်ပါတယ်။

ဥပဒေကသတ်မှတ်ထားတဲ့အတိုင်းအတာထက်ကျော်ပြီး မဲရုံပတ်ဝန်းကျင်တွေမှာအနီးကပ်မဲဆွယ်ခဲ့တဲ့ လုပ်ရပ်မျိုးတွေအပါအဝင်၊ အခြားဖြစ်ရပ်တွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေကို ရန်ကုန်မြို့တွင်းက အဓိကကျတဲ့နေရာတချို့မှာရော ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်က တချို့နေရာတွေမှာတွေ့ရှိထားတယ်လို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စွပ်စွဲပါတယ်။ ဒါပေမယ့် အခုလိုတိုင်ကြားမယ့်ကိစ္စဟာ အတိုက်အခံပါတီ တခုကိုရည်ရွယ်တာမဟုတ်ပဲ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို လက်မခံတာလို့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တယောက် ဖြစ်တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက သတင်းထောက်တွေကို ပြောတယ်လို့သိရပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစိုးမင်းကလဲ - ရွေးကောက်ပွဲနေ့က သူ့ရုံးခန်း အရှေ့ မှာ လူတစုက NLD အလံတွေဝှေ့ရမ်းခဲ့တယ် - ဒါပေမယ့် အဲဒီလူတွေက NLD ပါတီဝင်တွေ ဟုတ်-မဟုတ် ဆိုတာတော့ သူ့အနေနဲ့အတိအကျမပြောနိုင်ဘူး- လို့ဆိုပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင် ကိုယ်စား မဲရုံမှူးတွေက မဲစာရွက်မှာခြစ်ပေးတဲ့ သက်သေနှစ်ခုလဲ အခိုင်အမာရထားတယ်လို့ ဒေါက်တာစိုးမင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ NLD ကို ဆန့်ကျင်ပြီးတင်ပြလာတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုစွပ်စွဲချက်ကိုမဆို သူ့အနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

လျှပ်စစ်မီးတိုးချဲ့ပေးရန် စီစဉ်ခြင်းမှာ ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်ဆိုသော သတင်းများနှင့် မသက်ဆိုင်

7Day News Journal
2 hours ago
ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး ကျန် ၂ ရက်တွင် ၁၈ နာရီစီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားတော့မည်ဖြစ်ကြောင်း

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်တို့ကပြောသည်။

သို့သော် နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများကဆက်လက်ပြောသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်ဖြစ်ပြီး စက်မှုဇုန်များသို့ ညပိုင်းလျှပ်စစ်မီးပေးဝေမှု ရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။ 
ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုးချဲ့ပေးရန် စီစဉ်ခြင်းမှာ မြို့ခံလူထုအဆင်ပြေရန်ဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသော ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်ဆိုသော သတင်းများနှင့် မသက်ဆိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ဆိုသည်။
ထို့အပြင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် စက် ၂ လုံးထပ်မံတပ်ဆင်လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂၀ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။

သုံးရက်လျှင် တစ်ရက် ၂၄ နာရီနှင့် ၂ ရက် ၁၈ နာရီစီပေးဝေမှုမှာ ယနေ့ညနေမှ စတင်မည်ဖြစ်သည်။ ထိုသို့ပေးဝေသောအခါ အုပ်စုသုံးအုပ်စုကို ထိုမီးပေးသည့်အချိန်တိုင်း အလှည့်ကျပေးဝေသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အများဆုံးအချိန်တွင် ၆၂၂ မဂ္ဂါဝပ်၊ အနည်းဆုံးအချိန်တွင် ၃၀၂.၉ မဂ္ဂါဝပ်ရှိပြီး ပျမ်းမျှ ၄၈၅ မဂ္ဂါဝပ်ကျော်ရှိသည်။

စိတ်လျော့လိုက်ပါတော့ဧရာဝတီကိုသတ်မဲ့ဦးဇော်မင်းရယ်..

ပြည်သူတွေတောင်းဆိုတာကအပြီးရပ်၊တတ်နိုင်ရင်လုပ်ထားပြီးတာတွေပါပြန်ဖြိုဖျက်ရမှာ။
မြစ်ဆုံအလှပျက်တယ်။လက်ရှိအစိုးရလက်ထက်ရပ်နားထားမယ်ပဲထပ်ခါထပ်ခါပြောနေတော့နောက်အစိုးရကဘယ်သူလဲ။
ဘာတွေကြံစည်နေတာလည်း။စာချူပ်ပျက်တဲ့လျော်ကြေးဘယ်အစိုးရလက်ထက်မှာရှင်းမှာလဲ။ကိုယ်စားထားတာကိုယ်ရှင်းပါ။

Yangon Press International
မြစ်ဆုံဆည်တည်ဆောက်ရေးကိုလက်ရှိ အစိုးရလက်ထက် ရပ်နားထားမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ထပ်မံပြောကြား

ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုသည့် သတင်းများ ယခုတလော ထွက်ပေါ်လျှက်ရှိရာ မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းများလက်ရှိ အစိုးရလက်ထက်တွင် ရပ်နားထားမည်ဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ကေအန်ယူနှင့် အစိုးရ အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏ အမေးကို လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်

သတင်းသုံးသပ်ချက်
ဗုဒ္ဓဟူး, 04 ဧပြီ 2012
By ဦးကျော်ဇံသာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မတ်လ (၂၇) ရက်နေ့ တော်လှန်ရေး/တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ပြောဆိုသွားခဲ့တဲ့ မိန့်ခွန်းအကြောင်း ဦးကျော်ဇံသာ က မြန်မာနိုင်ငံစစ်ရေး အကဲခတ် ဦးဌေးအောင်၊ ဗွီအိုအေ တပ်မှူးတပ်သားပြောစကားအစီအစဉ် ထုတ်လုပ်သူ ဦးရော်နီညိမ်း တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ကာကွယ်ဦးစီးချုပ်တွေ အစဉ်အဆက်မိန့်ခွန်းပြောကြားခဲ့တယ်။ အထူးသဖြင့် ၈၈ နောက်ပိုင်းဆိုပါတော့။ အဲဒီနောက်ပိုင်း ပြောဆိုခဲ့တဲ့ ကာကွယ်ဦးစီးချုပ်တွေအသီးသီး မိန့်ခွန်းတွေနဲ့ အခုခေတ်ပြောင်းနေပြီလို့ ခေတ်မှာ ပြောဆိုလာတဲ့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ရဲ့  မိန့်ခွန်းကို ယေဘုယျနှိုင်းယှဉ်ချက် ဘာတွေထူးခြားချက် တွေ့သလဲဆိုတာကို အကျဉ်းချုံး ကြည့်ကြရအောင်ပါ။

ဦးဌေးအောင် ။ ။ နိုင်ငံတော်အကြီးအကဲတွေပဲဖြစ်ဖြစ်၊ တပ်မတော်အကြီးအကဲတွေပဲဖြစ်ဖြစ် သူတို့ ဒီအခမ်းအနားကြီးတွေမှာ သူတို့ပြောတဲ့ မိန့်ခွန်းတွေက သူတို့ရဲ့ ပေါ်လစီ၊ သူတို့သွားမယ့်လမ်းကြောင်းတွေ၊ ရည်ရွယ်ချက်တွေကို ဖော်ပြတဲ့သဘောဖြစ်ပါတယ်။ အခုလက်ရှိ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့  ၆၇ နှစ်မြောက် တပ်မတော်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ပြန်ကြည့်တဲ့အခါကြတော့ တပ်မတော်ပေါ်ပေါက်လာပုံနဲ့ တပ်မတော်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တပ်ခေါင်းဆောင်အဆင့်ဆင့်ရဲ့  အနေအထားတွေကိုလည်း ဖော်ပြတာတွေ့ရတယ်။ နောက်တခုက ဒီမှာ ထူးခြားတယ်လို့ ပြောနိုင်တာကတော့ သူတို့အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံကို တပ်မတော်အနေနဲ့ အဓိကထားပြီး ကာကွယ်စောင့်ရှောက်သွားမယ်။ နောက်တခုက သူတို့အနေနဲ့ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်ပြီးပါဝင်သွားမယ်ဆိုတဲ့အနေအထားတွေကို အဓိကထားပြောသွားတာကို တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ကိုရော်နီအနေနဲ့ ဘာများထူးခြားလာသလဲ။ ဒီမိန့်ခွန်းဟာ အရင် ဦးစီးချုပ်တွေရဲ့  မိန့်ခွန်းနဲ့ဆရင်။

ဦးရော်နီညိမ်း ။ ။ ဘာထူးခြားသလဲဆိုရင် အရင်အစဉ်အဆက်က တပ်မတော်ကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေကို အရင်တုန်းက ပစ်ပယ်ထားခဲ့တဲ့သဘောရှိရာကနေ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအစ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေအဖြစ် ထည့်ပြောသွားတာ ဒါတခုက ထူးခြားတယ်။ နောက်တခုက အခုန ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောသွားတာကတော့ မတ်လ (၁၄) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် က ရေဒီယို၊ ရုပ်မြင်သံကြား မိန့်ခွန်းမှာ အန်အယ်လ်ဒီရဲ့  ရွေးကောက်ပွဲဝင်ရတဲ့ အဓိက ရည်ရွယ်ချက် (၃) ခုထဲက နံပတ် (၃) ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြုပြင် ပြင်ဆင်ရေးဆိုတာကို ဥပမာပေး ပြောသွားတဲ့အခါမှာ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း လွှတ်တော်မှာ ပါဝင်နေတာကို မသင့်လျော်တဲ့ကိစ္စ။ ဒါမျိုးကိစ္စတွေကို ပြင်ဆင်ဖို့အတွက် အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲဝင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားခဲ့တယ်။ ဆိုတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကတော့ တပ်မတော်သားတွေ (၂၅) ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ပါဝင်ပြီးတော့ တည်ရှိနေတာဟာ အမျိုးသားရေး၊ နိုင်ငံရေး တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်တယ်လို့ သူကိုပြောသွားတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်ကို ပြန်လည်ချေပတယ်လို့ အဲဒီလိုမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တချို့ မီဒီယာသမားတွေလည်း ထောက်ပြကြတယ်။ အဲဒါကို အဓိကထား ပြောကြားတာ တွေ့ရပါတယ်။ ကျနော်တို့ အဲဒါကို နောက်အသေးစိတ် ဆွေးနွေးကြတာပေါ့။ အရပ်ဖက် ဥပဒေကို စစ်တပ်က လိုက်နာရမယ်ဆိုတဲ့ စကားကိုလည်း ပြောတယ်။ တချို့ က ထောက်ပြပြီးတော့ အကောင်းမြင်ကြပါတယ်။ ဦးဌေးအောင် ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။ အမှတ်ပေးချင်ပါသလား။

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ တပ်မတော်ဆိုတာကလည်း ဗမာပြည်သူပြည်သားတွေ၊ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခု။ အဲဒီတော့ ဝန်ထမ်းအဖွဲ့အစည်းတွေ မှန်သမျှ၊ ဗမာနိုင်ငံသား မှန်သမျှဟာ မြန်မာနိုင်ငံအစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အရပ်ဖက်ဥပဒေတွေကို လိုက်နာရမယ်ဆိုတာကတော့ ပြောစရာမလိုပါဘူး။ ဒါပေမဲ့ တကယ် အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်၌က တိတိကျကျ လိုက်နာခဲ့ရဲ့ သလားဆိုတာကတော့ ပြန်စမ်းစစ်ဖို့လိုတယ်။ ကျနော်တို့ ထောက်ပြချင်တာကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့ သမ္မတကိုယ်၌က လက်မှတ်ရေးထိုး ညွှန်းကြားတာကို ဒီနေ့အထိ လိုက်နာခြင်းမရှိတာကို ကျနော်တို့တွေ့ရတယ်။ အဲဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကိုယ်၌က အရပ်ဖက်ဥပဒေတွေကို လေးစားလိုက်နာမှု ရှိရဲ့ လား။ အစိုးရကိုရော အသိအမှတ်ပြုရဲ့ လားဆိုတာကို မေးခွန်းထုတ်စရာတခု ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လိုက်နာရမယ်လို့ စကားပြောတာထက် လက်တွေ့လိုက်နာပြရမယ်ဆိုတာက ပိုအရေးကြီးတယ်ဆိုတဲ့ သဘောပေါ့။

ဦးဌေးအောင် ။ ။ ဟုတ်ပါတယ်။ နောက် ကျနော်ပြောချင်တဲ့ အချက်တချက်က တပ်မတော်ရဲ့  ခေါင်းဆောင် (၃) ယောက်ကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုသွားတဲ့နေရာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တပ်မတော်ကို စပြီးတည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့  ဖခင်အစစ်အမှန်ဖြစ်တယ်။ နောက်တခုကလည်း နိုင်ငံရေးလုပ်မယ့်အခါမှာ တပ်မတော်ကနေ နုတ်ထွက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ရိုးရိုးသားသား ရှင်းရှင်းလင်းလင်းနဲ့ နိုင်ငံရေးလုပ်သွားတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ နောက် ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကြတော့ တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားခဲ့တဲ့ မူဝါဒတွေကို လွှဲချော်ပြီးတော့ စစ်အာဏာရှင်တွေကို ကာကွယ်ပေးတဲ့ တပ်မတော်ဖြစ်အောင် တလက်ကိုင် တပ်မတော်ဖြစ်အောင် ပြောင်းလဲပြစ်ခဲ့တဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ အဲဒီတော့ ဒီ ခေါင်းဆောင်နှစ်ယောက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရိုးရိုးသားသားနဲ့ တပ်မတော်ကို ထူးထောင်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်တယောက်ကို နှိုင်းယှဉ်တာကတော့ ကျနော်အမြင်မှာတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က တမင် ဆင့်ကဲဆင့်ကဲ အာဏာအမွေလွှဲပေးခဲ့တဲ့ စစ်ခေါင်းဆောင် နှစ်ယောက်ကိုပါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်ပြီးတော့ အရောင်တင်ပေးလိုက်တာ၊ အမွမ်းတင်ပေးလိုက်တယ်လို့ပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအချက်နဲ့ ပတ်သက်လို့လည်း ကိုရော်နီ ကို မေးချင်ပါတယ်။ ကိုရော်နီအနေနဲ့ အဲဒီအချက်ကို ဘယ်လို သဘောရပါသလဲ။ နောက် ဒီနေရာမှာ ကျနော် သတိထားမိတာလေး ရှိသေးတယ်။ သူ့ရဲ့  မိန့်ခွန်းထဲမှာ ဖွဲ့စည်းပုံဥပဒေကို ကာကွယ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်းဟာ ဖွဲ့စည်းပုံဥပဒေကို တကယ်တော့ ဖျက်ဆီးခဲ့တဲ့လူပဲ။

ဦးရော်နီညိမ်း ။ ။ သူကတော့ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ တပ်မတော်သမိုင်းကြောင်းထဲမှာ ဖျောက်ဖျက်ထားတဲ့ ကိစ္စတွေတချို့ ကို အခုမှ ပြန်ဖော်ထုတ်ပြီး တပ်မတော်က ၁၉၄၁ ဒီဇင်ဘာ ၂၇ နေ့မှ စတင် ပြီး ဘီအိုင်အေ အနေနဲ့ ပေါက်ဖွားလာတာကို အခုခေတ် တပ်မတော်သားတွေ မသိရှိဘူး ဖြစ်နေတာကို သူကထောက်ပြပြီး ဒီ ပုဂ္ဂိုလ်တွေကိုပါ ထည့်ပြီးတော့ ပြောသွားတာပေါ့။ ပြောရမယ်ဆိုရင်လည်း သူ့အနေနဲ့ ရှိသမျှ ကာကွယ်ဦးစီးချုပ်။ သူက ရှစ်ယောက်မြောက်။ သူ့ရှေ့ က (၇) ယောက်စလုံးကို ထည့်ပြောရင်တော့ သိပ်ပြီးမဆိုးဘူးပေါ့။ အခုတော့ နှစ်ယောက်ကိုပဲ ပြောသွားတာက အခုန ကိုဌေးအောင် ပြောသလို အမွမ်းတင်ပြောသွားတာ သူမှာ ရည်ရွယ်ချက်တော့ ရှိပုံရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်။ တပ်မတော်ဟာ နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါနေမယ်။ နောက်ပြီးတော့ သူတို့က ထင်မြင်ယူဆရင် သူတို့အထင်နဲ့ သတ်မှတ်ပြီး နိုင်ငံတော်အာဏာကိုလည်း သိမ်းနိုင်တယ်ဆိုတဲ့ ကိစ္စတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ရဲ့  ရွေးကောက်ပွဲ ဦးစားပေးလုပ်ငန်းစဉ် (၃) ရပ်။ အဲဒီအထဲမှာ နောက်ဆုံးအချက်က ထည့်ပြောခဲ့တာကို တုံ့ပြန်ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဌေးအောင် ဘယ်လိုသဘောပေါက်ပါသလဲ။

ဦးဌေးအောင် ။ ။ ဟုတ်ပါတယ်။ သူတို့လိုချင်တဲ့ စစ်အာဏာရှင်စနစ်ကို ရာသက်ပန်တည်ဆောက်နိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး ဖြစ်လာအောင် ဆယ်စုနှစ် နှစ်ခုနီးပါးလောက် အချိန်တွေယူပြီး စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ အဲဒီနေရာမှာ အာဏာသိမ်းစရာ မလိုတော့ဘဲနဲ့ အလိုအလျောက် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အာဏာကို သိမ်းထားပြီးသာဖြစ်အောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို အခုလက်ရှိ ကာကွယ်ရေးဦးစီးချုပ်က သူတို့အနေနဲ့ အသက်နဲ့လဲ ကာကွယ်စောင့်ရှောက်မယ် ပြောနေတာကတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် တိုင်းသူပြည်သားတွေအကုန်လုံးက ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ပြင်ဆင်ပြောင်းလဲမယ်ဆိုတာကို သူ့အနေနဲ့ ခြိမ်းခြောက်တဲ့သဘောလည်း ပါတယ်လို့ ကျနော်ကယူဆတယ်။ နောက်တခုက တပ်မတော်သားတွေကို ဒါကိုပြောပြီးတော့ သွေးထိုးလှုံဆော်တယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာ ဗိုလ်ချုပ်နေဝင်းကတော့ သူကိုယ်တိုင် နှင်းခြေဖျက်ဆီးပြီးတော့ အာဏာသိမ်းလိုက်တာ။ ဗိုလ်ချုပ်မင်းအောင်လှိုင် ပြောတာက ကာကွယ်စောင့်ရှောက်တယ်ဆိုတာဟာ amendment ကို ဖွဲ့စည်းပုံနည်းအရ ပြင်ဆင်ခြင်းကို ဆန့်ကျင်တယ်လို့ ကျနော်တို့ တန်ပြန်လို့ရမလား။ အဓိပ္ပါယ်ကောက်ယူလို့ ရမလား။ ကိုရော်နီ ဒီကိစ္စနဲ့ ပတ်သက်လို့ပြောပါ။

ဦးရော်နီညိမ်း ။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ အချက်တချက်ကို သူထောက်ပြသွားတာကို ကျနော် သတိထားမိပါတယ်။ ဘာလဲဆိုတော့ တိုင်းသူပြည်သားတိုင်းက ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရမယ်။ ငါတို့ဟာ တိုင်းသူပြည်သားထဲက ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကိုလည်း ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို သူက တိုင်းသူပြည်သားတွေပါ တာဝန်ရှိပြီးတော့ ကာကွယ်စောင့်ရှောက်ရမှာမို့ သူတို့က အဲဒီအထဲကနေအပါအဝင် ကာကွယ်စောင့်ရှောက်ရတဲ့ အနေအထားမျိုး သူကပြောတယ်။ အခု ဦးကျော်ဇံသာ မေးတဲ့အတိုင်းဆိုရင် သူက ပြင်ဆင်မယ်တို့။ အခြေခံဥပဒေတခုလုံးကို ဖျက်ပစ်မယ်တို့ ဆိုတဲ့ဟာမျိုးကို သူတို့ ပါးစပ်ကနေ commitment လုပ်ပြီး ပြောနေစရာမလိုဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာရိုသေစောင့်ရှောက်ပါမည်လို့ ကျမ်းကျိန်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း သူအာဏာသိမ်းတဲ့အခါမှာ တခါတည်း ဖျက်ချလိုက်တာပဲ။ အဲဒီတော့ ဒီဥစ္စာက လုပ်ချင်ရင် လုပ်လို့ရတယ့် အနေအထားရှိပါတယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ပြောပါ။ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ်ဆိုတာဟာ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့် မပေးဘူး ဥပဒေအရ ပြောတာမဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံကို ဖျက်ဆီးမယ့်အရေးကနေ ကာကွယ်မယ်ဆိုတဲ့ သဘောမျိုး မဖြစ်နိုင်ဘူးလား။

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာက တပ်မတော်တခုတည်းမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားအားလုံးက ကိုယ့်စိတ်ဆန္ဒအမှန်နဲ့ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင် ဒါကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားရှိကိုရှိပါတယ်။ ဒါပေမဲ့လို့ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၂၀ ပုဒ်မခွဲ (စ) မှာ ပြဌာန်းထားတာက တပ်မတော်ဟာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိက တာဝန်ရှိတယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာကို အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က တပ်မတော်နေ့ မိန့်ခွန်းထဲမှာ တခါထပ်ပြီး စကားလုံးအတိအကျနဲ့ ထပ်ပြောသွားခဲ့တယ်။ အဲဒါ ဘာကိုဖော်ပြသလဲဆိုရင် အခုလက်ရှိ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့အနေနဲ့ ကာကွယ်စောင့်ရှောက်မယ်ဆိုတာက ဒီဟာကြီးတခုလုံးကို ပြောတာမဟုတ်ဘဲနဲ့ ဒီအထဲမှာပါတဲ့ တချို့ အချက်တွေ အဓိကအားဖြင့် တပ်မတော်က လက်မခံနိုင်တဲ့အချက်တွေကို သူတို့အနေနဲ့ ပြောင်းလဲမယ်ဆိုလို့ရှိရင် ဒါကို အပြောင်းအလဲမခံဘူး။ ဒါကို တို့က ကာကွယ်သွားမယ်။ ဒါကို တားဆီးသွားမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ခြိမ်းခြောက်ပြီး ပြောတယ်လို့ ကျနော်ကတော့ သဘောပေါက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မှတ်ချက်တောင်းချင်တာက ကိုရော်နီ အရင်ပြောပါ။ ဒီ မိန့်ခွန်းကို ကြည့်လိုက်ရင် တပ်မတော်ရဲ့  အခန်းကဏ္ဍ။ တပ်မတော်ဟာ နောက်ကွယ်က ရှိနေတာကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ပြောလိုက်တော့ နောက်ကွယ်ကနေမကဘူး ငါတို့ကို မေ့မထားနဲ့ဆိုတာကို သတိပေးလိုက်တဲ့သဘောလား။ သို့တည်းမဟုတ် တပ်မတော်ရဲ့  အခန်းဟာ အပြင်က သုံးသပ်နေသူတွေပြောအရ တဖြည်းဖြည်း နောက်ဆုတ်သွားမယ့်သဘောလား ဘယ်လိုတွေ့ရပါသလဲ။

ဦးရော်နီညိမ်း ။ ။ အခု မိန့်ခွန်းအရတော့ တပ်မတော်က နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ပါနေအုန်းမယ်ဆိုတာကို သူထပ်ပြီးတော့ သူ့တပ်မတော်သားတွေကို အတည်ပြုရင် တိုင်းသူပြည်သားတွေကိုလည်း အသိပေးလိုက်တာ။ အဲဒီတော့ လောလောဆယ်တော့ တဖြည်းဖြည်း နောက်ဆုတ်သွားမယ်ဆိုတဲ့ အရိပ်အရောင်ကိုတော့ ဒီမိန့်ခွန်းမှာ မတွေ့ရဘူး။ နောက် အဓိက လိုအပ်ချက်ကြီးတခုကတော့ တိုင်းရင်းသားအရေး။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆက်ပြီးတိုက်ပွဲဖြစ်နေတာ၊ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲ၊ ငြိမ်းချမ်းရေးလုပ်တာတွေ။ အဲဒါတွေကို ဘာမှထည့်သွင်းပြောဆိုသွားခြင်း မရှိဘူး။ ဒီတခုကတော့ ဒီမိန့်ခွန်းမှာ အဓိက လိုအပ်ချက်ကြီးလို့ ကျနော်မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်အနေနဲ့ ခပ်တိုတိုပြောပေးပါ။

ဦးဌေးအောင် ။ ။ ဗမာတပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းတယောက်တည်း ထူထောင်ခဲ့တာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့က ပိုပြီးတော့ ကြီးထွားအောင် တပ်မတော်ကြီး ခေတ်မီအောင်လုပ်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးနှစ်ယောက်ရဲ့  အခန်းကဏ္ဍကို မြှင့်တင်ပြောဆိုမှုတွေပါတယ်။ နောက်တခုက တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှေ့ တန်းကဆက်ပြီး ပါနေမယ်။ နောက်တခုက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့  အဓိကကျတဲ့ အနှစ်သာရတွေကို ပြုပြင်မယ်၊ ပြောင်းလဲမယ်၊ ဖျက်ဆီးမယ်ဆိုရင် တပ်မတော်အနေနဲ့ လက်ခံမှာမဟုတ်ဘူးဆိုတာကို ထည့်ပြတယ်။ နောက်ဆုံးအနေနဲ့ကတော့ တပ်မတော်ကြီးကို ခေတ်မီအောင် ဆက်ပြီးအင်အားကြီးထွားအောင် တည်ဆောက်မယ်ဆိုတာကို တိတိလင်းလင်း တပ်မတော်သားတွေကို ပြောသလိုနဲ့ တိုင်းသူပြည်သားတွေကို သတိပေးသွားတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_04-04-2012-146214895.html

Iron Cross ပရိသတ်များသို့.........





Iron Cross ·

Iron Cross ပရိသတ်များသို့.........
မျိုးကြီး https://www.facebook.com/pages/Myo-Gyi/295255650497318 သည် မျိုးကြီး အစစ်မဟုတ်ပဲ မျိုးကြီး ဟန်ဆောင်ကာ မရေးသင့် မရေးအပ်သော အကြောင်းအရာများ၊ Post များ တင်ခြင်း၊ အပြန်အလှန် ရိသဲ့သဲ့ ပြောဆိုခြင်းများကို ပြုလုပ်နေပါသဖြင့် မျိုးကြီး အား ပရိသတ်မှ အထင်အမြင် လွဲမှားမူများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် သိရှိနိုင်စေရန် အသိပေးအပ်ပါသည်။
မျိုးကြီး၏ page address မှာ
https://www.facebook.com/thunderbolt.mg ဖြစ်ပြီး သူ၏ ဇနီး page မှာ https://www.facebook.com/lonelone.lwin ဖြစ်ပါသည်။ Iron Cross အဖွဲ့သားများအနက် facebook အသုံးပြုသူများ၏ address များကို ပရိသတ်များ သိရှိနိုင်ရန် အောက်တွင် ဖော်ပြထားပါသည်။
လေးဖြူ
https://www.facebook.com/profile.php?id=100001008893200
ခရမ်း
https://www.facebook.com/KhayannIC
ကိုကိုလွင်
https://www.facebook.com/kokolwin
ချစ်စမ်းမောင်
https://www.facebook.com/profile.php?id=1202066974

စုံစမ်းမေးမြန်းလိုပါက drkokolwin@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။



လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဝေမှု အကြောင်းပြချက် ပေးသင့်



By ကျော်ကျော်သိန်း

ဓာတ်ပုံ ASSOCIATED PRESS

ရန်ကုန်မြို့ လယ်၌ အမျိုးသမီး တစ်ဦး လှေကားမှ ဆင်းသွားပုံ

လျှပ်စစ်မီးကို အလှည့်ကျ ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ တိကျတဲ့အကြောင်းပြချက် တစုံတရာ ပေးသင့်တယ်လို့ ထင်ရှားတဲ့ အနုပညာရှင်တချို့က ပြောလိုက်ပါတယ်။ လျှပ်စစ်မီးဟာ လူထုရဲ့ အဓိကလိုအပ်ချက် တရပ်ဖြစ်တဲ့အတွက် ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးခြင်းအားဖြင့် တာဝန်ရှိသူတွေ အနေနဲ့ လူထုရဲ့ ထောက်ခံမှုကို ရယူသင့် တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ မြို့ကြီးအတော်များများမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ မကျင်းပခင်ရက်အထိ လျှပ်စစ်မီး ပုံမှန် လာနေရာကနေ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်မှာ လျှော့ချပြီးတော့ အလှည့်ကျ ဖြန့်ဝေ နေတာပါ။ လျှပ်စစ်မီးပေးတဲ့အချိန်ကို လျှော့ချပြီး အလှည့်ကျဖြန့်ဝေမယ်ဆိုတာကို နိုင်ငံပိုင် သတင်း မီဒီယာတွေ ကနေ ကြိုတင် ကြေညာခဲ့ပေမဲ့ ဘာကြောင့်ဆိုတာကို တော့ အတိအကျ မပြောခဲ့ပါဘူး။
ဒါကြောင့်လည်းပဲ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ ထင်ရှားတဲ့ အနုပညာရှင်တချို့ တွေ့ဆုံကြပြီး ဒီကိစ္စကို ပြောဆို ဆွေးနွေးကြတာဖြစ်ပါတယ်။ လျှပ်စစ်မီး လျှော့ချဖြန့်ဝေ ရတဲ့အကြောင်းရင်း ကို မသိရဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တေးရေး အဆိုတော် ကိုဆောင်းဦးလှိုင်က ဆွေးနွေးပွဲမတိုင်ခင် ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ ပြောခဲ့ပါတယ်။
“ဒါဘာကြောင့် ဖြတ်တာလဲ ပေါ့ဗျာ။ ကျနော်တို့က တော့ ဘာမှ မကြားဘူးဗျ။ တရားဝင်တော့လေ။ ဘာကြောင့် ပျက်တာလဲပေါ့လေ။ ဒါကို ကျနော်တို့က ပျက်တယ်ဆိုရင် လူထုက တအား ဒုက္ခရောက် ပါတယ်ဆိုတဲ့ ကိစ္စ ကို အဓိက ထားဆွေးနွေး မှာပါ။ သူက ဘာကြောင့် ပျက်တာမှန်း ကို ကျနော်တို့ ကလည်း မသိဘူးခင်ဗျ။ ခြေခြေမြစ်မြစ် ပေါ့လေ။ တာဝန်ရှိတယ်ပေါ့။ နိုင်ငံတကာ အဆင့်မှာ ဆိုရင်တော့ ညွှန်ချုပ်တို့ ဝန်ကြီးတို့ ဘာတို့ က တောင်းပန်ရတယ်။ မရရင် သူတို့ မလုပ်နိုင်ရင် နှုတ်ထွက် ပေးရတာပေါ့ဗျာ။ မြန်မာပြည်မှာ တော့ ဘယ်သူ တာဝန်ယူမှာလဲ ပေါ့နော်။ ဒါလေး တွေ ပြောဆို ဆွေးနွေးသွားမှာပါ။”
လျှပ်စစ်မီးဆိုတာ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပြီး အခုလို ၂၁ ရာစုကာလမှာ ကမ္ဘာပေါ်က တခြားနိုင်ငံ တွေ မှာလိုပဲ မြန်မာ နိုင်ငံမှာလည်း အလုံအလောက်သုံးစွဲနိုင်အောင် လုပ်ပေးသင့်တယ် ဆိုတဲ့အချက်အပါအ၀င် တခြားအချက်တွေကို ပြောဆို ဆွေးနွေးခဲ့ ကြပါတယ်လို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့သူ အဆိုတော် အနဂ္ဂက ဗွီအိုအေကိုပြောပါတယ်။
“နောက်ထပ် တစ်ခုကတော့ လျှပ်စစ်မီး ပျက်တဲ့ အချိန်နဲ့ ကြားဖြတ် ရွေးကောက်ပွဲ နိုင် တဲ့ အချိန်နဲ့ က ကွက်တိ နီးပါး ဖြစ်နေတာ လေးကိုလည်း ပြောပြတယ်။ နောက်တစ်ခု က ကျတော့ လျှပ်စစ်မီး ကိစ္စပြောတဲ့ ဟာ တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားဖို့ မဟုတ်၊ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားဖို့ မဟုတ်၊ လုပ်ပေးသင့်တဲ့ ဟာလေးကို အစိုးရ နဲ့ ပြည်သူ နဲ့ ကျနော်တို့က ပြည်သူ့ ကိုယ်စား၊ အဲဒီလို မျိုးလေး ပေးဖို့ ကို ပြန်လည် တောင်းလျှောက်တဲ့ သဘောပေါ့။ အဲဒီလို မျိုးပြောတယ်။ နောက် တစ်ခုကလည်း ဒီဟာတွေ အကုန်လုံးက ကျနော်တို့ ဒီ အခွင့်အရေးတွေ အကုန်လုံးကလည်း ရထားပြီးသား ရှိထားပြီးသား အခွင့်အရေးတွေ အခု လတ်တလော ဆုံးရှုံးသွားတဲ့ ပုံစံမျိုး ကိုလည်း ပြောကြတယ် ခင်ဗျ။”
အခုလက်ရှိ လျှပ်စစ်မီးဖြန့်ဝေတဲ့ပုံစံက တသမတ်ထဲမရှိဘဲ တနေရာနဲ့တနေရာ မတူပါဘူး။ ည ၁၁ နာရီ လာရင် မနက် ၁၁ နာရီ မှာ ပြန်ပျက်တဲ့နေရာတွေရှိသလို ပျက်တဲ့အချိန်ကျ စောပျက်ပြီး လာရမယ့် အချိန်ကျ နောက်ကျလာနေတဲ့ နေရာတွေလည်း ရှိနေ တယ်လို့ အဆိုတော် အနဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးထုတ်လုပ်မှုက လုံလောက်တဲ့အပြင် ပိုလျှံနေတာကြောင့် နိုင်ငံခြားကိုတောင် ထုတ်ရောင်း နေရတယ် ဆိုပြီး သိပ်မကြာသေးခင်အချိန်ကပဲ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ပြောခဲ့ ဖူးပါတယ်။ ရောင်းတာဝယ်တာတွေကို အပြစ်တင်တာ မဟုတ်ဘဲ ပြည်သူလူထု လိုအပ်ချက်ကို အစိုးရတရပ် အနေနဲ့ လုပ်ပေးဖို့ကိုသာ ပြောတာပါလို့ အနဂ္ဂက ပြောပါတယ်။ အစိုးရအဖွဲ့ တရပ် နာမည်ကောင်း ရချင်တယ်၊ သမိုင်းမှာ နာမည်လှချင်တယ်ဆိုရင် ဒီလိုကိစ္စမျိုးဟာ အများဆုံး အလုပ်သင့်ဆုံး ဆိုတာကို လည်း ထောက်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။လျှပ်စစ်မီး အလုံအလောက်မရလို့ လူထု ကြုံတွေ့ နေရတဲ့ ဒုက္ခတွေကို ဆွေးနွေးပွဲတက်တဲ့သူ အသီးသီး ဖော်ပြ ပြောဆိုခဲ့ကြပုံတွေ ကိုတော့ အနဂ္ဂက အခုလို ပြန်ပြောပါတယ်။
“လူထု အနေနဲ့ ပေါ့နော်။ ကျနော်တို့ ရန်ရန်ချမ်း ပြောသွားတဲ့ စကားလေး အရ ပြောမယ် ဆိုရင်တော့ ကွန်ပျုတာ တစ်လုံးကို ချက်ချင်း ရပ်လိုက်စေ ချင်တယ် ဆိုရင်ပေါ့နော်။ Shut down ခလုတ်ကို နှိပ်လိုက်ပါ။ အဲဒီ အခါကျရင် အဲဒီ ကွန်ပျုတာ တစ်လုံး က အလုပ်လုပ်တဲ့ နှုန်းတွေ အကုန်လုံး ချက်ချင်း ရပ်သွားတာ ပေါ့နော်။ အဲဒီလို မျိုး ဘဲ ပြန်ပြီး ယှဉ်ကြည့်မယ် ဆိုရင် ဥပမာ အနေနဲ့ ရန်ကုန်မြို့ ကို ချက်ချင်း ရပ်ချင်တယ် ဆိုရင်၊ ရန်ကုန်မြို့ မှ မဟုတ်ဘူး။ အဲဒီလို မြို့ ပြ တွေကို ချက်ချင်း ရပ်ချင်တယ် ဆိုရင် လျှပ်စစ်မီးကို ချက်ချင်း ပိတ်လိုက် ပါဆိုရင် အဲဒီ မြို့ ပြတွေ က လုံးဝရပ်ဆိုင်းသွားလိမ့်မယ်။ ဆိုတော့ မြို့ ပြတွေ ရပ်ဆိုင်းသွားလို့ ရှိရင် အဲဒီမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကုန်လုံး၊ အကုန်လုံး တောက်လျှောက် ပါလာတယ်။ ပြီးရင် သံသာဝင်း ဖြေထားတဲ့ အထဲမှာ ဆိုရင် အမှောင်ထုကို အားပေးလိုက်တဲ့ အတွက် အမှောင်ထု က ဖြစ်လာမယ့် ရာဇဝတ်မှု တွေ အကုန်လုံးကလည်း အမှောင်ထု က မောင်းနှင်ပေးလိုက်တဲ့ အင်အား တစ်ခု ဖြစ်သွားမယ် လို့ ပြောသွားတယ် ခင်ဗျ။”
လျှပ်စစ်မီး အလုံအလောက်မရတာနဲ့ပတ်သက်ပြီး စုဝေးဆွေးနွေးခဲ့ကြတာမှာ ပါဝင်ခဲ့တဲ့ အဆိုတော် အနဂ္ဂပါ။
မတ်လ ၅ ရက်၊ ကြာသပတေးနေ့က ဆွေးနွေးပွဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ ဆောင်းဦးလှိုင်၊ သျှီ၊ ရန်ရန်ချမ်း၊ သံသာဝင်း၊ အနဂ္ဂတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲရက် ပြီးကတည်းက လျှပ်စစ်မီးကို လျှော့ချခဲ့တာဖြစ်ပေမဲ့ ဘယ်အချိန်မှာ အပြည့်အ၀ ပြန်ပေးမယ်ဆိုတာ ကိုတော့ ဘယ်သူမှ အတိအကျ မသိရသေးပါဘူးခင်ဗျား။
http://www.voanews.com/burmese/news

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး ညဘက်မီးအပြည့်အဝ ပြန်ရမည်

ရန်ကုန်၊ ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များကို ဧပြီလ၂ရက်နေ့မှစတင်ကာ မြိုနယ်တစ်ခုလျှင် အုပ်စုအေ၊ ဘီ၊စီ ဟူ၍ ၆ နာရီခြားတစ်ခါ အလှည့်ကျမီးပေးခဲ့ရာမှ ယခုလ၆ရက်နေ့မှ စတင်ပြီး ညလုံးပေါက် မီးအပြည့်အဝ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထုတ်လုပ်မှုညီမျှလုံလောက်မှုမရှိခြင်းကြောင့် ယခုကဲ့သို့သော အလှည့်ကျမီးပေးစနစ်ကို အသုံးပြုခဲ့ရသော်လည်း ယနေ့(ဧပြီလ ၆ ရက်နေ့) မှ စတင်ကာ နယ်စပ်ဒေသများရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်များကို အပြည့်အဝပြန်တိုးမြင့်ထုတ်လုပ်စေကာ ယင်းကဲ့သို့ ပြန်လည်ဓာတ်အားဖြန့်ဖြူးခြင်းဖြစ်ကြောင်း ၄င်း ကဆက်လက်ရှင်းပြသည်။

“ အခုရက်ပိုင်း လျှပ်စစ်မီးက အလှည့်ကျပေးတော့ စက်မှုဇုန်တွေမှာ ကုန်လုပ်စွမ်းအားတွေပြန်ကျနေ တယ်။ ဒါပေမဲ့ သူတို့ ပေးတဲ့အတိုင်းပဲ ကျေနပ်ရမှာပါ “ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ်မှ အထွေထွေအတွင်ရေးမှူးဦးမျိုးသက်က ပြောကြားသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ထက်ဝက်ကျော်ရှိသော ရန်ကုန်မြို့ တော်တွင် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အချိန်ပိုင်း စနစ်ဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဝေနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ယနေ့ မတ်လ ၂၉ မွန်းလွှဲ ၂ နာရီခန့်တွင် ၎င်း၏ ရုံးခန်း၌ The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု မှာ မြင့်တက်လာခြင်းမရှိဘဲ သုံစွဲမှုမှာ သိသိသာသာ တိုးတက်လာခြင်းကြောင်း ယခုကဲ့သို့အချိန်ပိုင်းဖြင့်သာ မီးပေးရကြောင်း ၎င်းက ဆက်ပြောသည်။

ရေအားလျှပ်စစ်ကိုသာ အဓိက ထုတ်ယူသုံးစွဲနေရသော မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လျှပ်စစ်ဓါတ်အားရရှိမှုမှာ ၁၀၇၀ ဒသမ ၆ မဂ္ဂဝပ် ရှိပြီး၊ ရန်ကုန်မြို့ တွင် သုံးစွဲသော မဂ္ဂဝပ်စုစုပေါင်းမှာ ၅၂၉ ဒသမ ၄ ရှိကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။


Yangon Press International
ညနေ ငါးနာရီမှ မနက်ငါးနာရီ အထိ ရန်ကုန် တစ်မြို့လုံးမီးလင်းမည်ဟု ပြော

ရန်ကုန် ၊ဧပြီ ၆ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI)

ဧပြီလ ၆ ရက်နေ့မှ စ၍ ညနေငါးနာရီမှ မနက်ငါးနာရီအထိ ရန်ကုန်တစ်မြို့လုံးမီးပေးနိုင်အောင် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

“ရနိုင်တာမှန်သမျှကလေးကို ခြစ်ခြုပ်ပြီး ဒီနေ့ညကစလို့ တစ်ညလုံးကျွန်တော်တို့ပေးပါမယ်”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌက ဆိုသည်။

ဧပြီလ ၂ရက်နေ့မှ စတင် ကျင့်သုံးလိုက်သည့် အလှည့်ကျလျှပ်စစ်မီးပေးဝေရေး စနစ်အစား ယနေ့ညမှ စတင်ကာ ဖြန့်ဝေရေးစနစ်အသစ်အနေဖြင့် ညနေငါးနာရီမှ မနက်ငါးနာရီအထိ လူနေရပ်ကွက်အားလုံး မီးအပြည့်ရမည်ဖြစ်သည်ဟု သတင်းမီဒီယာများအား ၎င်းကပြောသည်။

ယနေ့မှ စတင်သည့် စနစ်သစ်အရ အုပ်စုသုံးစုခွဲ၍ နေ့ခင်းပိုင်းများတွင် အုပ်စုတစ်စု လျှင် ၆နာရီသာ ဓါတ်အား ဖြတ်တောက်မည်ဖြစ်ကာ သုံးရက်တွင် တရက်မှာမူ ၂၄ နာရီအပြည့်ရရှိမည်ဖြစ်သည်။

ယခုနှစ် အလှည့်ကျ လျှပ်စစ်ဓါတ်အားပေးစနစ် ကျင့်သုံးရခြင်းမှာ ပြည်တွင်းမငြိမ်သက်မှုများကြောင့် ဖြစ်သည်ဟု ပြောဆိုလိုက်ကာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များက လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခဲ့ခြင်း ရန်ကုန်မြို့တော်နေထိုင်သူများ လျှပ်စစ်ဓါတ်အား သုံးစွဲမှုပမာဏ ပိုမို မြင့်တက်လာခြင်းကြောင့် လည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော်အား ယခုကဲ့သို့ မီးပေးနိုင်ရေး အတွက် ရွှေလီရေအားလျှပ်စစ်မှ တာဘိုင် ၂လုံးအား လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပြီး ၊မလိုအပ်သည့် နယ်ဘက်ဒေသများတွင် မီးဖြတ်တောက်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်ခိုင်မှ ဆက်လက်ပြောကြားသည်။

“မနေ့ကည ကဆိုရင် ကျွန်တော်တို့ရွှေလီကို ၁၈၀ မီဂါဝပ်အထိ တိုးထုတ်ခိုင်းပါတယ်၊ ကျွန်တော်တို့ နယ်ဘက်တွေမှာ တစ်ချို့မလိုအပ်တဲ့နေရာတွေမှာ မီးတွေပိတ်ပါတယ်” ဟု ဥက္ကဋ္ဌကပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ နွေရာသီမှာ တွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား အလှည့်ကျ ရရှိခဲ့မှုမှာအဆိုးဆုံးဖြစ်ခဲ့ပြီး ။ ၂၀၁၁ ခုနှစ်အတွင်း မုတ္တမ ပင်လယ်ကွေ့ အတွင်းမှ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုပြီးစီးခြင်းနှင့် ရဲရွာရေအားလျှပ်စစ် ပြီးစီးခြင်းကြောင့် အလှည့်ကျမီးပေးစနစ်မရှိခဲ့ ဘဲမီးပုံမှန်ရရှိခဲ့ပြီးနေားက်ပိုင်း ယခုနှစ် ၂၀၁၂ နွေရာသီတွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တမြို့လုံး၏ သုံးစွဲမှု ပမာဏမှာ မြန်မာနိုင်ငံအခြားဒေသအားလုံး သုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းနီးပါး ရှိကာ ၂၀၁၁ ဇွန်လတွင် အမြင့်ဆုံးသုံးစွဲမှုအဖြစ် ၆၈၂ မဂ္ဂါဝပ် သုံးစွဲခဲ့သည်ဟု ဋ္ဌာနမှ ထုတ်ပြန်သည့် စာရင်းအရ သိရှိရသည

ယမန်နှစ်က ဧရာဝတီမြစ်ဆုံဒေသတွင် ဆောက်လုပ်သည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ပိုလျှံနေသဖြင့် ရောင်းစားနေရကြောင်း ပြောဆိုခဲ့ဖူးသည်။ ။


မြန်မာပြည်က လျှပ်စစ်မီးနဲ့ တထောင်တန် ရိုက်နှက်မှု

By featured, မစပ်စု on April 6, 2012 4:07 pm in သတင်း

တထောင်တန်ရိုက်နှက်မှု

ရက်ပေါင်းအတန်ကြာ ပလူပျံနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲ သတင်းတွေနဲ့အတူ အင်တာနက်မှာ တွေ့ခဲ့ရတာကတော့ သရုပ်ဆောင်အကယ်ဒမီ ထက်ထက်မိုးဦးအမှုကို စီရင်ချက်ချတဲ့ သတင်းပါပဲ။

ဟိုတယ်ကြီးတခုရဲ့ အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအမှုကို စီရင်ချက်ချဖို့ တရားရုံးက ၂ နှစ်နီးပါး ကြာအောင် အချိန်ယူခဲ့ရတာပါ။ ဒီကာလအတွင်း ထက်ထက်မိုးဦးရော၊ အရိုက်ခံရသူ မအေးသူစံရော ရင်သွေး တဦးစီ ထွန်းကားခဲ့ပါတယ်။

ချမှတ်လိုက်တဲ့ စီရင်ချက်ကတော့ ဆံပင်ဆွဲ ရိုက်နှက်သူ ထက်ထက်မိုးဦး အပြစ်ရှိတဲ့အတွက် “ငွေဒဏ် တထောင်ကျပ်” ကျခံစေ တဲ့။ ငွေမဆောင်နိုင်ရင် ထောင်ဒဏ် တလကျ ဆိုတော့ မင်းသမီးက ငွေဒဏ် ပေးဆောင်ပြီး တရားရုံးထဲကနေ ပျော်ရွှင်စွာ ထွက်ခွာသွားတယ်လို့ ဆိုတယ်။

ဒီစီရင်ချက်အပေါ် လူအများက အထူး စိတ်ဝင်တစား ပြောဆိုနေကြတာပါ။ မြန်မာကျပ်ငွေ တထောင် အကုန်ခံနိုင်ရင် ကိုယ်မကျေနပ်သူကို ဆံပင်ဆွဲပြီး ပါးရိုက်လို့ရနိုင်ပါပြီ ဆိုပြီး မစပ်စုတို့ မြန်မာနိုင်ငံမှာ ဥပဒေတခုများ ထပ်တိုးလာလေသလား ဆိုတဲ့ အတွေးတွေနဲ့ပေါ့။

မစပ်စုတို့ မြန်မာနိုင်ငံကလည်း ဘယ်နိုင်ငံနဲ့မှမတူ ထူးခြားတဲ့ စီရင်ချက် သတ်မှတ်ချက်တွေနဲ့ အုပ်ချုပ်နေတာ ဆိုတော့လည်း ဒီလိုမျိုးတွေးမိကြတာ အဆန်း မဟုတ်ပါဘူး။

စီရင်ချက်အပေါ် ပြည်တွင်း သတင်းထောက်လောကအကြား မကျေနပ်သံတွေကတော့ ညံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သမီး စိန်စီသောည မင်္ဂလာပွဲ့နဲ့ ဆက်စပ်တယ်လို့ လူပြောများတဲ့ ငါးလောင်းပြိုင်လူသတ်မှု၊ ဒါရိုက်တာ တယောက်ကို ကားနဲ့ တရွတ်တိုက်ဆွဲပြီး သတ်ခဲ့တဲ့အမှု၊ ပဲခူးမှာ စစ်ဗိုလ်တဦးက ရပ်ကွက်ထဲဝင်ပြီး သေနတ်နဲ့ ၀င်ပစ်မှု ဒီလို ဒီလို လူသိရှင်ကြားအမှုတွေတောင် ဘာမှန်းမသိ ကြက်ပျောက်ငှက်ပျောက် ပျောက်နေသေးတယ် ဆိုတော့ အခုလို အမှုလောက်ကတော့ ဘာဆန်းမလဲလို့ ပြောဆိုနေကြတာပါ။

နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ကြီးတွေထဲက တခုအပါအ၀င်ဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးကတော့ စစ်အာဏာရှင်လက်ထက်ကတည်းက ယိုယွင်း ပျက်စီးလာခဲ့တယ်လို့ ဆိုရမှာပါ။ အာဏာပါဝါရှိသူ၊ လူဂုဏ်တန် အသိုင်းအ၀ိုင်းများကသာ တရားစီရင်ရေးမှာ အသာစီးရ အောင်နိုင်နေကြတယ် ဆိုရမှာပါ။

လတ်တလောမှာလည်း ပဲခူးက တရားသူကြီး တဦးရဲ့ဇနီးသည်က အသက် ၁၅ နှစ်အရွယ် အိမ်ဖော် အလုပ်သမားရဲ့ လည်ပင်း၊ ရင်ဘတ်တို့ကို မီးပူနဲ့ ထိုးကပ်တယ် ဆိုတဲ့ သတင်းတပုဒ် ဖေ့စ်ဘုတ်မှာ ဆူညံနေပါပြီ။

သရုပ်ဆောင် ထက်ထက်မိုးဦးအမှုကတော့ ဒဏ်ငွေ တထောင်ကျပ်နဲ့ ပြီးစီး သွားခဲ့ပြီ ဆိုတော့ တရားသူကြီးဇနီးသည်အမှုဆိုရင် ဒဏ်ငွေ ငါးရာကျပ်နဲ့များ ပြီးသွားလေမလားပါပဲ။

မြန်မာနိုင်ငံမှာ တရားဥပဒေ အမှန်တကယ်စိုးမိုးပြီး တရားစီရင်ရေး မဏ္ဍိုင်ကြီးလည်း တည့်မတ်မှန်ကန်လာပါစေလို့ ဆန္ဒပြုရင်း…..။

မြန်မာပြည်ကလျှပ်စစ်မီး

“လျှပ်စစ်က ကွန်တိန်နာနဲ့ သိမ်းထားလို့မရဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အခု မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲ့ဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့ သဘောအရ ရောင်းစားရမှာပေါ့”

ဒါကတော့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ၂၀၁၁ ခုနှစ်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာများနဲ့ တွေ့ဆုံပွဲတခုမှာ ပြောကြားခဲ့တာပါ။

ဟော … ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြည်တွင်းမီဒီယာတွေမှာ ပြောဆိုလိုက်ပါပြီ၊ ဒီလ ၂ ရက်နေ့ကစပြီးတော့ ရန်ကုန်မြို့တော်ကို ၄ လတိတိ အလှည့်ကျမီးပေးစနစ်နဲ့ အုပ်စု A,B,C ခွဲပြီး မီးပေးပါတော့မယ် တဲ့။

ဒီလို အတွဲညီတဲ့ အချက်အလက်လေးများ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကို ရောက်လာရင် ဘာများ ပြောကြမလဲ ဆိုတာတော့ မစပ်စု မပြောတော့ပါဘူး။

အလှည့်ကျစနစ်ကို ရန်ကုန်မြို့အတွက်လို့ ဆိုလိုက်ခြင်းဟာ နယ်မြို့တွေရဲ့ အလှည့်ကျ မီးပေးစနစ်က တနှစ်မှာ ၁၂ လလုံးလုံးဖြစ်နေလို့ သီးခြား ပြောနေစရာမလိုတော့ဘူးပေါ့။

ပိုလျှံလို့တောင် ဈေးကွက် သဘောအရ ရောင်းစားနေရပါတယ်ဆိုတဲ့ လျှပ်စစ်တွေကရော..။ ရွာနီးချုပ်စပ်တွေ အနီးအနား ပတ်ဝန်းကျင်မှာ နေထိုင်နေရတဲ့ ရွာတွေ မြို့တွေပါမကျန် ပြောင်းရွှေ့ ပေးနေရတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေက ထွက်လာတဲ့ လျှပ်စစ်တွေကရော.. ဆိုတဲ့ ဆိုတဲ့ မေးခွန်းတွေလည်း ပလူပျံနေပါပြီ။ ဖြေတဲ့သူတော့ မဆိုထားနဲ့၊ မေးတဲ့သူတွေလည်း မေးရလွန်းလို့ မောနေလောက်ပါပြီ။

လျှပ်စစ်မီးသာ ပုံမမှန်တာ မီတာခကတော့ တက်မြဲတက်ဆဲ၊ ပုံမှန် လာမြဲလာဆဲပါပဲ။ အဲ့ဒီလို လျှပ်စစ်မီး တနေ့ကို ၆ နာရီ ပေးတဲ့ထဲကတောင် ၂ နာရီစာလောက် ပျက်လိုက်ပါသေးတယ်လို့ ဆိုပါတယ်။

“နေ့လည် ၅ နာရီပျက်ပြီး ည ၁၁ နာရီဆို ပြန်လာရမှာတောင် ညကို ၂ နာရီလောက်မှ ပြန်လာတယ်။ ပျက်ချိန်ကျတော့ တိကျတယ်။ ၅ နာရီဆို ၅ နာရီ၊ တိခနဲပျက်တော့တာပဲ” လို့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ မစန္ဒာက ဧရာဝတီကို ပြောပါတယ်။

မန္တလေးမှာဆိုရင်တော့ လာရမယ့်အချိန်မှာတောင် ၁၅ မိနစ်ခြား တခါ ပျက်နေပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနေ့မှာ ဖယောင်းတိုင်၊ မှန်အိမ် ထွန်းထားတဲ့ မဲရုံတွေကို တွေခဲ့ကြရမှာပါ။

မီးပျက်လိုက် လာလိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ရူပဗေဒ ပါမောက္ခဟောင်း ဆရာကြီး တဦးက “မြန်မာနိုင်ငံမှာ မျောက်တွေ သောင်းကျန်းနေတယ်။ မီးက ပျက်လိုက် လာလိုက်နဲ့ ဓာတ်အား ပေးဝေရေး ခလုတ်ကို မျောက်တွေ လက်ဆော့နေတာလားလို့ မေးရမလိုဖြစ်နေပြီ” လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ မီးပုံမှန်လာတဲ့အချိန်က မိုးတွင်းတတွင်းထဲလို့ ပြောရမလိုပါပဲ။ နွေရာသီနဲ့ ဆောင်းရာသီ မရှိဘဲ မိုးရာသီ တခုတည်းသာ ရှိပါစေလို့ ဆုတောင်းသူတွေတောင် ရှိနေလောက်ပါပြီ။

ရွေးကောက်ပွဲအပြီး နိုင်ငံတကာက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုကြတယ်၊ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးတွေမှာ တနှစ်အတွင်း လေးလလောက် လျှပ်စစ်မီး ပြတ်တောက်မှု ရှိမယ်လို့ ဆိုလိုက်ခြင်းဟာ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ရန်ကုန်အခြေစိုက် အလဲဗင်း မီဒီယာက ဆိုလိုက်ပါတယ်။

ကဲ… မစပ်စုတို့ တိုင်းပြည်ကြီးဟာလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဦးတည်ပြီးရင်း ဦးတည်နေပါပြီ။ ဒီလို လျှပ်စစ်မီး မပြည့်စုံတဲ့ တိုင်းပြည်တပြည်အဖြစ်နဲ့ ကမ္ဘာ့အလယ်မှာ ဆက်လက် ရပ်တည်သွားဖို့ မဖြစ်သင့်တော့ကြောင်း စဉ်းစားရင်း မြန်မာပြည်ကြီး အမှောင်ခွင်းပြီး အလင်း အမြန်ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
burma.irrawaddy.org

ရန်ကုန်မြို့တွင်း လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ကာ လုပ်ငန်းချိန်ထိခိုက်မှုများရှိလာ





ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 6 Apr, 2012

ရန်ကုန်မြို့တွင်းရှိ ရုံးတက်ရုံးဆင်းချိန်များတွင် ကားလမ်းပိတ့်ဆို့မှုများ အချိန်ကြာမြင့်စွာဖြစ်ပေါ်လျက်ရှိသောကြောင့် ဘတ်စ်ကားဖြင့် သွားလာနေကြသောအလုပ်သမားအများစုမှာ ရုံးချိန်နောက်ကျသဖြင့် လုပ်အားခဖြတ်တောက်ခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရှိရသည်။
 မြောက်ဒဂုံမှာနေတဲ့ ကျမက မနက် ၉ နာရီဝင်ရတဲ့အလုပ်ကို အခုလိုလမ်းတွေ ပိတ်တော့ အလုပ် နောက်ကျတာပေါ့။ အလုပ်က တစ်မိနစ်ကို နှစ်ရာဖြတ်တယ် တစ်နေ့ကို နာရီဝက် ဆယ့်ငါးမိနစ်လောက် နောက်ကျတော့ တော်တော်ထိကုန်ပြီဟု မင်္ဂလာတောင်ညွန့်မြို့နယ်က အရောင်းစာရေးမတစ်ဦးဖြစ်သည့် မအိအိအောင်က ပြောသည်။
အောက်ခြေလခစားဝန်ထမ်းများအနေဖြင့်  အခြေခံလုပ်အားခတစ်လလျှင် ကျပ်ငွေ လေးသောင်းသာ ရရှိပြီး ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုကြုံတွေ့လာသည့်အတွက်  အလုပ်ချိန်နောက်ကျကာ လုပ်အားခ အဖြတ်ခံရ၍စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း အောက်ခြေ၀န်ထမ်းများက ဆိုသည်။
 ကျမက တောင်ဥက္ကလာကနေ လှည်းတန်းကို အလုပ်သွားရတယ် ကားက တစ်လမ်းလုံးပိတ်တယ်ဟု လှည်းတန်း အရောင်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မဇင်မာက ပြောသည်။
ကားပိတ်ဆို့မှုများ ယခင်ထက် ပိုမိုဖြစ်ပေါ်နေခြင်းကို မထသ(ဗဟို) အတွင်းရေးမှူး ဗိုလ်မှူးကြီး (ငြိမ်း)ဦးဘမြင့် က အတည်ပြုပြောဆိုသည်။
 ဘယ်လောက်များလာလဲဆိုတာ သေချာတော့မသိဘူး  အရင်ကထက်တော့ပိုများလာတယ်ဆိုတာအမှန်ပဲ။ အဓိကတော့ ယာဉ်တွေဖြတ်သိမ်းတော့ ကားသစ်တွေ လမ်းပေါ်ရောက်လာတာပဲ။ အရင်ကလဲ ဒီကားတွေက ရှိပြီးသား။ လမ်းပေါ်ရောက်တာနဲ့ မရောက်တာကွာတယ်။ဟု ဗိုလ်မှူးကြီး (ငြိမ်း) ဦးဘမြင့်က ပြောသည်။
ယခင် ကားဟောင်းများအား စက်ဆီထုတ်ပြီး အိမ်သာ သိမ်းထားလေ့ရှိသော်လည်း ယခုအခါ ကားဟောင်းများအား ကားသစ်လဲလည်ပေးပြီးသည့်နောက် ထုတ်မောင်းလာခြင်းကြောင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်နေရသည်ဟု ကားပွဲစား ကိုမောင်စိုးက သူ၏ အမြင်အား ယခုကဲ့သို့ဆိုသည်။
ယာဉ်အိုယာဉ်ဟောင်းတွေ ဖျက်သိမ်းတော့ လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်တယ် ကျောင်းသွား ကျောင်းပြန် အလုပ်သွားအလုပ်ပြန်တွေ အချိန်နှောင့်နှေးတယ် ဒုက္ခရောက်တယ်ဟု မထသ(ဗဟို)ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနမှဦးရဲဝင်းအောင်က ပြောသည်။
အဆိုပါ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေခြင်းအား လမ်းရှင်းစနစ်များဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် နောက်ဆက်တွဲပြသာနာများအနေနှင့် ကျောင်းသူကျောင်းသားများ၊ နေ့စဉ်အလုပ်သွား အလုပ်ပြန် အလုပ်သမားများအနေဖြင့် အခက်ခဲကြုံတွေ့လျက်ရှိကြောင်း ဦးရဲဝင်းအောင်က ဆက်ပြောသည်။
လုပ်ငန်းများတွင် အလုပ်ချိန်နောက်ကျသူများအား လုပ်အားခတွင်းမှ ဖြတ်တောက်ခြင်းမှာ အလုပ်ချိန်ကိုလေးစားရန်နှင့်စည်းကမ်းလိုက်နာမှုကို တန်ဖိုးထားစေချင်သောကြောင့်ဖြစ်ကြောင်း တောင်ဒဂုံစက်မှုဇုံ၊ စက်ရုံတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။
`အလုပ်ထိခိုက်တာထက် အလုပ်ချိန်နောက်ကျမှု များရင် စည်းကမ်းပိုင်းမှာ ထိခိုက်တယ်၊ နောက်ပိုင်း အလုပ်ကိုလည်း ထိခိုက်လာနိုင်တဲ့အတွက် ၃ရက် ဆက်တိုက်နောက်ကျရင် ၁ ရက်စာဖြတ်ပါတယ်`ဟု အဆိုပါတာ ၀န်ရှိသူက ပြောသည်။




CJMyanmar
Wednesday

ဧပြီ ၄၊ ၂၀၁၂၊ နေ့လည် ၂ နာရီခွဲ၊ ရန်ကုန်မြို့

ရွှေတိဂုံဘုရား မြောက်ဘက်မုခ်၊ အာဇာနည်ကုန်းအဆင်း လမ်းဆုံ တစ်နေရာတွင် တက္ကစီနှစ်စင်း ခေါင်းချင်းဆိုင် တိုက်နေပုံ။ ရန်ကုန်မြို့တွင် တက္ကစီကားစင်းရေမှာ တစ်နေ့တစ်ခြား များပြားလာပြီး ယာဉ်အန္တရာယ်၊ ယာဉ်တိုက်မှု ဖြစ်စဉ်များလည်း တိုးပွားလာလျက် ရှိသည်။ တက္ကစီယာဉ်မောင်း အတော်များများမှာ ယာဉ်စည်းကမ်း လိုက်နာခြင်း မရှိဘဲ မောင်းနှင်နေသောကြောင့် အများသူငါ၏ အမြင်မကြည်လင်ခြင်းကို ခံနေရကြောင်းလည်း ရန်ကုန်အခြေစိုက် အမည်မဖော်လိုသူ ဘလော်ဂါတစ်ဦးက ပြောကြားသည်။ အထက်ပါ ဖြစ်စဉ်တွင် ယာဉ်ထိန်းရဲ မခေါ်ဘဲ သူမှန်ကိုယ်မှန် ငြင်းခုန်နေကြသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု အချိန်အတော်ကြာ ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရသည်။


CJMyanmar

ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ရဲတိုက်ဖောင်ဒေးရှင်းမှ အလှူငွေကောက်ခံ




ကောင်းမြတ်ဖြိုး(မြစ်မခ)
by Myit Makha Mediagroup on 6 Apr, 2012
မတ်လ ၆ ရက်နေ့တွင် တော်ဝင် စင်တာ၌ ပြုလုပ်သော သင်္ကြန်အကြိုဈေးရောင်းပွဲတော်တွင် ကချင်စစ်ဘေး
ဒုက္ခသည်များအတွက် ရဲတိုက်ဖောင်ဒေးရှင်းမှ အလှူငွေကောက်ခံခဲကြောင်းသိရှိရသည်။
“ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ကျွန်တော်ကလုပ်အားစိုက်ပေးတယ် ၊ အလှူငွေထည့်ချင်တဲ့လူတွေ
အတွက်ကျွန်တော်က ပိုက်ဆံလိုက်ကောက်ပေးတယ်” ဟု သရုပ်ဆောင်ရဲတိုက် ကပြောသည်။
ကချင်စစ်ဘေးဒုက္ခသည်စခန်းများတွင် အလုပ်လုပ်နိုင်သော ယောက်ျားလေးများအလွန်ရှားပြီး သက်ကြီးရွယ်
အိုများ ၊ ကလေးငယ်များနှင့် မိန်းမများသာရှိကြောင်းသိရှိရသည်။
“ကျွန်မတို့သွားတော့ အဘွားကြီးတွေက ကလေးထိန်းနေရတယ် ၊ ပြီးတော့ နှစ်နှစ်သုံးနှစ်လောက်ရှိတဲ့
ကလေးတွေကလည်း လသားအရွယ်ကလေးတွေကို ထိန်းနေရတယ်” ဟု မတ်လဆန်းပိုင်းတွင် ကချင်စစ်
ဘေးဒုက္ခသည်များစခန်းသို့သွားရောက်ခဲ့သော အဖြူရောင်တွဲလက်များမှ မနီမိုလှိုင်ကပြောသည်။
အဆိုပါ ရဲတိုက်ဖောင်ဒေးရှင်းသည် ဧပြီ ၃ ရက်နေ့မှစတင်ကာ အိမ်တိုင်ရာရောက်အလှူငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၆ ရက်နေ့တွင်ပြုလုပ်သောအလှူငွေကောက်ခံခြင်းသည် နောက်ဆုံးဖြစ်၍ ဧပြီ ၈ ရက်နေ့တွင် ကချင်စစ်ဘေးဒုက္ခသည်များစခန်းသို့သွားရောက် အကူအညီပေးမည်ဖြစ်ကြောင်းသိရသည်း။
“ကျွန်တော်က ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ကိုယ်ချင်းစာပြီးတော့ လှူချင်စိတ်ရှိလာလို့
လှူလိုက်တာပါ” ဟု ရဲတိုက်ဖောင်ဒေးရှင်းမှတဆင့် ကချင်စစ်ဘေးဒုက္ခသည်များအတွက် အလှူငွေထည့်ခဲ့သူ
ကိုမြတ်ကျော်ကပြောသည်။


တရုတ်အရေးကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်လ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ခန့်အပ်မည်




by Yangon Media Group on Friday, April 6, 2012 at 1:25am ·
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခံရသော သံအမတ်ကြီးအဖြစ်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာဒဲရစ်မစ်ချဲလ်ကို ခန့်အပ်တော့မည်ဖြစ်ကြောင်း သံတမန်အသိုင်းအ၀န်းမှ သိရှိရသည်။
ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံအတွက် အမေရိကန်သံအမတ်ကြီး နာမည်ပေးခန့်အပ်တော့မည်ဟု ပြောဆိုကြေငြာအပြီး ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုမူ မည်သူ့ကိုခန့်အပ်မည် မသိရှိရသေးသော်လည်း အင်္ဂလိပ်စာကျွမ်းကျင်ပြီး စီးပွားရေးတတ် ကျွမ်းနားလည်သူတစ်ဦးဦးထားသင့်ကြောင်း၊အဘယ်ကြောင့်မူ အမေရိကန်၏ စီးပွားရေးအသိုင်းအ၀န်းတွင်ဝင်ဆံ့ရန်လိုပြီး နှစ်နိုင်ငံအကြား စီးပွားရေးမြှင့်တင်ရန်အထူးလိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူပညာရှင်တစ်ဦးကသုံးသပ်ပြောကြားသည်။
၁၉၆၄ခုနှစ် စက်တင်ဘာ ၁၆ရက်တွင်ဖွားမြင်ပြီး အသက်၄၈နှစ်ရှိပြီဖြစ်သည့် ဒဲရစ်မစ်ချယ်လ်သည် အာရှမူဝါဒကိုအထူးကျွမ်းကျင်သည့် သံတမန် တစ်ဦးဖြစ်သည်။ သူသည်ဗာဂျင်းနီးယားတက္ကသိုလ်မှ B.A (Foreign Affair) ဘွဲ့ရရှိခဲ့သည်။ ၁၉၉၁တွင် ဥပဒေနှင့်ဒီပလိုမေစီဖြင့် M.A ဘွဲ့ထပ်ရရှိသည်။
၁၉၈၉တွင် တိုင်ဝမ်ရှိ ချိုင်းနားပို့စ်သတင်းစာတွင် အင်္ဂလိပ်ဘာသာ ကော်ပီအယ်ဒီတာအလုပ်လုပ်ခဲ့သည်။ သူသည် တရုတ်မင်ဒရင်းဘာသာကို အထူးလေ့လာခဲ့ပြီး ဘာသာစကားကျွမ်းကျင်လက်မှတ်ရရှိခဲ့သည်။
သူသည် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး အထူးလေ့လာထားသူဖြစ်ပြီး တရုတ်နှင့်ပတ်သက်သည့်စာအုပ်များစွာရေးခဲ့သည်။ထင်ရှားသောစာအုပ်မှာChina’s Rise: Challenges and Opportunities ဖြစ်သည်။
ဒဲရစ်မစ်ချယ်လ်သည် စန္ဒယားအတီးကောင်းသူတစ်ဦးဖြစ်ပြီး ဆိုရှယ်ပါတီများတွင် တီးခတ်ဖျော်ဖြေလေ့ရှိသူလည်းဖြစ်သည်။
သူ့ကို သံအမတ်အဖြစ် မြန်မာနိုင်ငံတွင် ခန့်အပ်လိုက်ခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို စိုးရိမ်နေသည့် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးရာသဘောထားများကို ထင်ဟပ်လိုက်ခြင်းဖြစ်ကြောင်း သံတမန်တစ်ဦးကပြောသည်။

ဆွေးနွေးပွဲတွင် ကေအန်ယူဘက်မှ အချက် ၆ ချက်တောင်းဆို

7Day News Journal

ရန်ကုန်၊ ဧပြီ- ၆
မြန်မာအစိုးရနှင့် KNU တို့ပထမအကြိမ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် KNU ဘက်မှ တောင်းဆိုချက် ၆ ချက်တောင်းဆိုလိုက်သည်။
KNU အဖွဲ့သည် ဧပြီ ၆ ရက်ညနေ ၅း၃၀ နာရီခန့်က ရန်ကုန်သို့ ရောက်ရှိပြီး ဆီဒိုးနားဟိုတယ်တွင် တည်းခိုကာ ယနေ့နံနက် ၈း၃၀ နာရီတွင် အစည်းအဝေးစတင်ခဲ့သည်။ KNU ဘက်မှ အထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်အပါအ၀င် ၂၁ ဦးနှင့် မြန်မာဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင် ဦးအောင်မင်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦးတို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

KNU ဘက်မှ အဓိကတောင်းဆိုသော အဓိက ၆ ချက်မှာ
၁။ တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများအတွင်းဖြစ်ပွားနေသည့် စစ်မက်များအမြန်ဆုံး ရပ်ဆဲရမည်၊
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘသအဖြစ်ရပ်တည်နိုင်ရန် အာမခံရမည်၊
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေတည်ဆောက်ရန်၊
၎။ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်းပုံစံမျိုးဖြင့် ငွေကောက် ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော ငွေကြေးကူညီစေခြင်းများမပြုရန်၊
၅။ အကျဉ်းသားများ လွှတ်ပေးရန်နှင့်
၆။ ပြည်သူပြည်သားများ ဘ၀ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန်၊ စောင့်ကြပ်ကြည့်ရှုပေးတဲ့အဖွဲ့ဖွဲ့ရန်တို့ဖြစ်သည်။

"ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံး ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့"



Popular Myanmar News Journal
2 hours ago





ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံးသည် ဧပြီ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများ တွင် ပါဝင်ကူညီ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ''၂၈ ရက်နေ့ ကစပြီး ပြန် လှုပ်ရှားခဲ့တယ်။ ၂၉ မှာ မျက်လုံး ထဲက သွေးကျလာလို့ တစ်ရက် နားခဲ့တယ်။ နောက်ပိုင်း နေ့တိုင်း လှုပ်ရှားခဲ့တယ်။ မဲရုံကိုယ်စား လှယ်လည်း လုပ်ခဲ့သလို မဲရုံ စစ်ဆေးတဲ့နေရာမှာလည်း လုပ်ခဲ့ တယ်''ဟု ၄င်းက NLD ယာဉ်တန်းများ မြို့တွင်း၌ လှည့်လည် ရန် ပြင်ဆင်နေချိန် ဧပြီ ၂ ရက်က ပြောသည်။ ၄င်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက် ည ၇နာရီ ဝန်းကျင်ခန့်က နေပြည် တော် ကောင်စီ ဥတ္တရသီရိမြို့နယ်အတွင်း NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူနှင့် စည်းရုံးရေးအဖွဲ့အား လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်ခံခဲ့ ရစဉ်က ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံတွင် လေး ရက်ကြာဆေးကုသမှု ခံယူခဲ့ရသည်။ ''အခု မျက်လုံးက သွေးနည်း နည်းကျ တာကလွဲရင် အရင်လို မူးတာတို့၊ အန်တာတို့ ဘာမှမရှိတော့ ပါဘူး။ အရင် ကထက် အများကြီး ပိုသက်သာ လာပါပြီ''ဟု မပွင့်ဖြူပြုံး က ၄င်း၏ ကျန်းမာရေး အခြေအနေအား ပေါ်ပြူလာနယူးစ်မှ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားသည်။ ဆရာဝန်ထံ တစ်ပတ်တစ်ခါ ပြသနေရဆဲပင်ဖြစ်ပြီး ကုန်ကျ သည့်ဆေးကုသစရိတ်အား NLD ပါတီမှတာဝန် ယူဖြေရှင်း ပေးကြောင်း၊ ပျဉ်းမနားဒေသခံ ပါတီဝင်များက အနီးကပ်စောင့်ရှောက်ပေး ထား ကြောင်း သိရသည်။ ''သူကတော့ ဧပြီ ၁ ရက် ထိအောင်နိုင်ရေးကို မမှိတ်မသုန် လုပ်နေတာပါပဲ''ဟု ဥတ္တရသီရိ မြို့နယ်ကိုယ်စား လှယ်လောင်း ဦးမင်းသူက ပေါ်ပြူလာနယူးစ်သို့ ဧပြီ ၂ ရက်က ပြောသည်။

လူတိုင်း၏တာဝန်




by Myat Thwin on Saturday, March 31, 2012 at 9:16am ·

    ယနေ့ မြန်မာနိုင်ငံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
နိုင်ငံရေးအတွေးအမြင်၊ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်မှ စ၍ တည်ကြည်ဖြောင့်မတ်မှု၊ ရိုးသားမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ဇွဲသတ္တိရှိမှုစသည့် ပြုမူပြောဆိုလုပ်ဆောင်နေမှု မှန်သမျှသည် ပြည်သူလူထု တစ်ရပ်လုံးအတွက် အတုယူစံပြုစရာများ ဖြစ်နေရပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် (၁၂)နှစ် သမီးအရွယ် ကျောင်းသူဘဝကပင် သူငယ်ချင်းတစ်ဦး၏ အမှတ်တရအော်တိုစာအုပ်လေးထဲ၌ အောင်ပါအတိုင်း အမှတ်တရ စာသားရေးသားထားလေသည်။
                                               မျက်စိမမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။
                                               နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။
                                               အဝတ်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏။
                                               သို့သော်....ရည်မှန်းချက်မရှိသော မိန်းကလေးမူကား အရူးပမာသာတည်း။

                                                                                      အောင်ဆန်းစုကြည် (၁၅.၈.၁၉၅၇)
      ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် သူ၏ ရည်မှန်းချက်ကြီးမားသော၊ ဘဝကို အလေးအနက်ထားသော ဒဿနအတွေး အမြင်ဟု တွက်ဆနိုင်ပါသည်။ ယခုအခါ အာဏာရှင် စစ်အစိုးရကို ဖြုတ်ချ၍ စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ကြီး
ပေါ်ထွန်းရေး အတွက် လူထုအား ဦးဆောင်၍ နုလုံးရည်ဖြင့် ရဲရဲဝံ့ဝံ့ သတ္တိံရှိရှိ တိုက်ပွဲဝင်သည့် လူထုခေါင်းဆောင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း သူ့အားမြန်မာ့ဒီမိုကရေစီ၏ သင်္ကေတ၊ လူထုတစ်ရပ်လုံးအတွက် မျှော်လင့်ချက်အလင်းရောင်အဖြစ် အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ခဲ့ကြသည်။ နိုင်ငံတကာ ဒီမိုကရေစီ မြတ်နိုးသူများကလည်း သူ၏စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု အရည်အသွေးကို လေးစား တန်ဖိုးထားကြသည့် အတွက် နိုင်ငံတကာမှ ချီးမြှင့်ခဲ့သည့် ရာကျော်နေပြီဖြစ်သော ဆုတံဆိပ်များကို ကြည့်ရှုပါက သိသာလှပေသည်။
     ခေါင်းဆောင်မှု အရည်အသွေး
သူမသည် ကိုယ်ကျင့်တရား ရိုးဖြောင့်ခြင်း၊ မလျှော့သော ဇွဲလုံးလဝီရိယ ရှိခြင်း၊ ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ထား ရှိခြင်း၊ ပြဿနာကို အကောင်းမြင်ဖက်မှ ချဉ်းကပ်လေ့ရှိခြင်း၊ ဖိနှိပ်ချုပ်ချယ်မှု၊ ရန်လိုမှုများနှင့် ကြုံတွေ့ရသောအခါ မတုန်လှုပ်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ နိုင်ငံရေးအမြင်ကျယ်ခြင်း၊ ယုံကြည်ချက် ခံယူချက်ခိုင်မာခြင်း၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသောအခါ လိုလို
လားလား လက်ခံရင်ဆိုင် နိုင်စွမ်းရှိခြင်း၊ အချိန်နှင့်စည်းကမ်းကို လေးစားတန်ဖိုးထားခြင်း၊ ကတိသစ္စာကို လေးစားတန်ဖိုးထားခြင်း၊ မမှန်
လျှင် မတရားလျှင် လက်ခံလေ့မရှိခြင်း စသည့်ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် တွေ့မြင်ရပေမည်။
    နိုင်ငံရေးအတွေးအမြင်
သူမကို လေ့လာကြည့်ပါက ကြောက်ရွံ့မှု လုံးဝမရှိခြင်းပင်ဖြစ်သည်။ အာဏာရှင်တိုင်းသည်ပြည်သူလူထုအား
ကြောက်ရွံ့ထိပ်လန့်နေခြင်းမှာ မှားယွင်းခဲ့သော ဖောက်ပြန်မှုများကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။
အကြောက်တရားသည် မကောင်းမှုကို သံသရာလည်စေသည့် အရင်းခံအကြောင်းတရားဖြစ်သောကြောင့် လူထုကိုကြောက်ရွံ့မှု ကင်းမဲ့စေရန် အမြဲတစေတိုက်တွန်းနိုးဆော်လျှက်ရှိသည်။ သူကိုယ်တိုင်လည်း အကြောက်တရားကင်းမဲ့ကြောင်း စစ်အာဏာရှင်တို့၏ တုတ်၊ ဓား၊ သေနတ်၊ လက်နက်များကို ဣနြေ္ဒမပျက် ရဲဝံ့စွာ ရင်ဆိုင်ပြခဲ့ဖူးသည်။ အားကျအတုယူဖွယ် သူ၏သစ္စာ၊ သမာဓိ၊ ပညာ၊ သတ္တိ တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ အမေရိကန် လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာ
ကင်း၊ တောင်အာဖရိက သမ္မတ နယ်ဆင်မန်ဒဲလား၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ကဲ့သို့ နိုင်ငံဂုဏ်ဆောင်
လူထုခေါင်းဆောင်အဖြစ် အားလုံးက သဘောတူလက်ခံခဲ့ကြသည်။

ဒီမိုကရေစီအရေခြုံ အာဏာရှင်နှင့် ကမ္ဘာ့အာဏာရှင်ခေါင်းဆောင် အချို့က စီးပွားရေးသည်ပထမ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ဒုတိယဟူ၍ကြွေးကြော်နေကြသောလည်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ပထမ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးသည် ဒုတိယ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် တတိယဟူ၍ သူ၏နိုင်ငံရေးအမြင်ကို ရှင်းလင်းပြတ်သားစွာ
ပြောဆိုလုပ်ဆောင်ခဲ့သည်။ လူ့လောကတွင် သတ္တိကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်၏။ ကာယသတ္တိနှင့် စိတ္တသတ္တိတို့ဖြစ်သည်။ ကာယသတ္တိမှာ မိမိခန္ဓာကိုယ်နာကျင်သွားမည် ထိခိုက်သွားမည် အသက်သေဆုံးသွားမည်ကို မကြောက်ရွံ့ဘဲ ရင်ဆိုင်ရဲသော
သတ္တိဖြစ်ပေသည်။ စိတ္တသတ္တိမှာ မိမိ၏အကျိုးစီးပွားကို မည်မျှထိခိုက်သည်ဖြစ်စေ အမှန်တရားကို လုပ်ရဲသော မှန်သည့်ဘက်၌ အမြဲရပ်တည်ရဲသော သတ္တိပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က သတ္တိဆိုတာ မကြောက်တတ်တာဟာ တကယ့်သတ္တိမဟုတ်ဘူး။ ကြောက်လျှက်နဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတာဟာ တကယ့်သတ္တိပဲ၊ အဲဒီတော့ ဒူးတုန်တုန်နဲ့ လုပ်တဲ့သူဟာ တော်တော်သတ္တိရှိတယ်လို့ ခေါ်ရမှာပဲ ဟူ၍ ဆိုခဲ့ဖူးသည်။

ယနေ့မြန်မာပြည်သူတို့လိုလားတောင့်တနေသော အရာသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီရေး အတွက် ရုန်းကန်တိုက်ပွဲဝင်ကြသည်။ ဒီမိုကရေစီတိုက်ပွဲသည် နှလုံးရည်တိုက်ပွဲဖြစ်သောကြောင့် သစ္စာရှိရှိ၊ ဉာဏ်အမြော်အမြင် ရှိရှိ၊ ရဲရဲဝံ့ဝံ့ သတ္တိရှိစွာဖြင့် ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ကိုယ်ကျိုးစွန့်အနစ်နာခံကာ ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကို မလိုလားသော အာဏာရှင်အချို့က ယနေ့မြန်မာနိုင်ငံတော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူမျှ စိတ်မဝင်စားတော့ချေ။ သူ့ကို အကျယ်ချုပ်ဖြင့် နှစ်ရှည်ထိန်းသိမ်းထားလိုက်သည့်အတွက် လူထုနှင့် ဝေးသွားပြီ၊ ကင်းကွာသွားပြီဟု ဝါဒဖြန့်ခဲ့ကြသည်။ သို့သော် သူလွတ်မြောက်ခဲ့သည် ၂ဝ၁ဝပြည့်နှစ် နိုဝင်ဘာလ (၁၃) ရက် ညနေခင်းက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့သို့ ပြေးအလွှားသွားရောက်ကြိုဆိုခဲ့ကြသော ထောင်ပေါင်းများစွာသောလူထုပရိသတ်ကို ကြည့်ခြင်းဖြင့်ပြည်သူတို့သည်
ဒေါ်အောင်ဆန်းစုကြည်အားမိမိတို့ ဦးနှောက်မှ မေ့ပျောက်သွားသည့်တိုင် နှလုံးသားထဲမှ အစဉ်ထာဝရ ရှိနေကြောင်း သိသာလှပေသည်။
      ယနေ့အချိန်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် လွန်စွာအရေးကြီးသော  ဆုံမှတ် သို့ရောက်ရှိနေသည်။ ယင်းကြောင့် ဒီမိုကရေစီအရေးနှင့်စစ်မှန်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အခန်းကဏ္ဍသည် လွန်စွာအရေးပါပြီဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး (၄၁)နှစ်အကြာတွင်
ပေါ်ထွန်းလာခဲ့သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မီးဒုတ်ကို ဇောက်ထိုးထားမရသလို မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှ မည်သူမျှ ဖယ်ထုတ်ထား၍ ရမည်မဟုတ်ပေ။ ဖယ်ထုတ်လိုက်ပါက မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးသည်လည်း ရေစုံမျော၍ ပျက်သုဉ်းသွားမည်သာဖြစ်သည်။
     မည်သို့ဆိုစေ ...
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးပြဿနာများကို စေတနာမှန်ဖြင့် ရှုမြင်သုံးသပ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်
အတိုင်း ဒီမိုကရေစီစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ညီညီညွတ်ညွတ်လုပ်ဆောင်ကြရမည်မှာ လူတိုင်း၏တာဝန်ဖြစ်ပေသည်။

                                              မြတ်သုတ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃) ဦး NLD အဖွဲ့ဝင်အဖြစ် လျှောက်လွှာ တင်

RFA Burmese


ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများစု အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်အဖြစ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃) ဦးက လျှောက်လွှာ တင်သွင်း
လာကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။

အဲဒီ ကိုယ်စားလှယ် ၃ ဦးထဲက လမ်းမတော်မြို့နယ် တသီးပုဂ္ဂလ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က… NLD ပါတီဝင်အဖြစ် သူအခုလို လျှောက်ထားရတာဟာ စိတ်ပြောင်းသွားလို့ မဟုတ်ကြောင်း၊ လာမယ့် ၂ဝ၁၅ ခုနှစ်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ပြန်လုပ်ဖို့ ရည်ရွယ်ချက် မရှိကြောင်းနဲ့ NLD ပါတီ မှတ်ပုံပြန်တင်ရင် NLD ကို
ပြန်သွားဖို့ စောစောပိုင်း ကတည်းက ရည်ရွယ်ထားတာကြောင့်
ဖြစ်ကြောင်း ပြောပါတယ်။ NLD ပါတီဝင်အဖြစ် လျှောက်ထားသူ
နောက်ထပ် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးကတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု- NDF ပါတီရဲ့ လမ်းမတော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနဲ့ မြောက်ဥက္ကလာပ
မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းတို့
ဖြစ်တယ်လို့ သိရပါတယ်။