Tuesday, April 24, 2012

လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား



ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၂



ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အင်န်အယ်ဒီပါတီက ကိုယ်စားလှယ် ၄၃ ဦး တခဲနက် ရွေးချယ်ခံခဲ့ရတယ်။ ဧပြီလ ၂၃ မှာ ပြန်လည်စတင်မယ့် လွှတ်တော်ညီလာခံမှာ ကိုယ်စားလှယ်သစ်များ တက်ရောက် ကျမ်းကျိန် တာဝန်ထမ်းဆောင်ဖို့ အရေးက အကြပ်အတည်းဖြစ်နေတယ်။ အခြေခံဥပဒေအလိုအရ ကျမ်းကျိန်စာသားမှာ
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အစား လေးစာလိုက်နာလို့ ပြောင်းလဲပြင်ဆင်ပေးရန် အနိုင်ရ အတိုက်အခံပါတီက တောင်းဆိုနေချိန်မှာ အာဏာရကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နဲ့
တပ်မတော်အာဏာပိုင်များက ပြင်ဆင်ပေးဖို့ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေပါတယ်။

ဧပြီလ ၂၃ လွှတ်တော်ညီလာခံ ပြန်လည်စတင်ချိန်မှာတော့ အနိုင်ရ အင်န်အယ်ဒီအမတ်မင်းများ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို စတင်ခဲ့ကြပြီဖြစ်တာကို တွေ့ရပါတယ်။ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စကားလုံး အသုံးအနှုန်း ပြုပြင်ပေးဖို့ဆိုတဲ့ အကြပ်အတည်းအကြောင်းနဲ့ ပတ်သက်ပြီး မိုးမခက ဦးဝင်းတင်ကို ဧပြီလ ၂၃ ရက်နေ့ နံနက်ခင်းက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။     ။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားလုံးကို ဆရာတို့က ဘာဖြစ်လို့ အရေးတယူ ပြင်ဆင်ခိုင်းနေရတာလဲ။

ဖြေ။     ။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ခံဝန်ကတိပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲသည်အတွက် ၂၀၁၀ စက်တင်ဘာ ၁၅ မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ အဲသည်မှာ ပါတီကို တရားဝင်ဖြစ်အောင် ပြောင်းလဲစေချင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို
ဝင်စေချင်တယ်ဆိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။

မေး။     ။ ဒါက ဦးသိန်းစိန် သဘောထားလား။ အာဏာရပါတီဦးဆောင်တဲ့ လွှတ်တော်ရဲ့ သဘောထားလား။
ဖြေ။     ။ ဦးသိန်းစိန်ရဲ့ အင်န်အယ်ဒီအပေါ် သဘောထားလို့ ပြောရမယ်။ အစိုးရရဲ့သဘောထားကတော့ ရှိသမျှလူတွေ အဖွဲ့တွေအကုန်လုံး ဘာလုပ်ချင် လုပ်ချင်၊ ဘာဖြစ်ချင် ဖြစ်ချင် ပါလီမာန်ထဲ ၀င်ကြပါ။ လွှတ်တော်အတွင်းကနေ ဆောင်ရွက်ကြပါ။ တောင်းဆိုကြပါလို့ ပဲ သူတို့က အမြဲပြောခဲ့ကြတာပဲလေ။

မေး။     ။ အဲသည်အတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးကို အချက်ကို ပြင်ဆင်ပြီးမှ ဆရာတို့ ပါတီက မှတ်ပုံပြန်တင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ကို ပြန်လည် လုပ်ဆောင်တယ်လို့ ပြောချင်တာလား။

ဖြေ။     ။ ဟုတ်ပါတယ်။ အဲသည်တုန်းက ဦးသိန်းစိန်က ပြင်တယ်။ လွှတ်တော်ကို ပို့ပြီးတော့လည်း ဦးသိန်းစိန်က ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့အစား လေးစားလိုက်နာပါမည်ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့တယ်။ ဒါက ရွေးကောက်ပွဲကော်မရှင်ဥပဒေကို
ပြင်ဆင်တဲ့ ဥပဒေနဲ့ ပြင်ဆင်ပေးလိုက်တာပေါ့။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲကို ၀င်ခဲ့တယ်။ ပြည်သူလူထုကလည်း တခဲနက် ထောက်ခံလို့လည်း ရွေးကောက်ခံခဲ့ရတယ်။

မေး။     ။ အဲသည်တော့ ဆန္ဒမဲရလဒ်တွေအရ ဆရာတို့ ကိုယ်စားလှယ်တွေ အနိုင်ရပြီ၊ လွှတ်တော်ထဲကို ၀င်ကြတော့မယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတော့မှ အဲသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်က ပြန်ပြီး အတားအဆီးဖြစ်နေပြန်တာပေါ့။

ဖြေ။     ။ ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ဒီ သုံးချက်နဲ့ လွှတ်တော်ကို ၀င်မယ်။ အဲသည်အတွက် လွှတ်တော်ဝင်မယ့် အမတ်တွေကိုလည်း လွှတ်တော်ဆိုင်ရာ သင်တန်းတွေတောင် ပေးနေပြီ ဖြစ်တယ်။ အဲသည်မှာ အခုအကြပ်အတည်းပေါ်လာတာပဲ။
ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေကို ပြင်ပေးခဲ့ပြီးပြီ။ ဒါကြောင့်လည်း ရွေးကောက်ပွဲဝင်ပြီးပြီ။ အခု လွှတ်တော်ထဲ ၀င်မယ်ဆိုတော့မှ အခြေခံဥပဒေမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသား၁၂၅ (ဇယား ၄) အရ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စကားထပ်ပါနေတယ်။ အဲသည် ကျမ်းသစ္စာအတိုင်းသာ ဆိုပြီး လွှတ်တော်ထဲ ၀င်ရမယ်သာ ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင်
ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်။

မေး။     ။ ဒါဆိုရင် ဟိုတုန်းကလိုပဲ ဆရာတို့က သမ္မတကြီးနဲ့ အစိုးရကို ပြန်လည်တင်ပြဆွေးနွေးတာတွေ လုပ်ပြီး ပြင်ဆင်မှုတွေ မလုပ်နိုင်တော့ဘူးလား။ အခုမှ ဒါက ဘယ်လိုမျိုး အကြပ်အတည်းဖြစ်ရပြန်တာလဲ။

ဖြေ။     ။ ဒီကိစ္စကိုလည်း ကျနော်တို့ဖက်က တင်ပြဆွေးနွေး အကြံပေးတာတွေ လုပ်တယ်။ ကျနော်တို့က ဘာပြောသလဲဆိုတော့ စကားလုံးတွေ ပြုပြင်ဖို့ဆိုရင် အခြေခံဥပဒေခုံရုံးကနေပြီးတော့ သိန်းစိုးခေါင်းဆောင်တဲ့ ခုံရုံးကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်လို့ အကြံပြုတဲ့စာပို့ပါတယ်။  ဒါပေမယ့် ရွေးကောက်ပွဲ မ၀င်ခင်တုန်းက သမ္မတကြီးကိုယ်တိုင်ကနေပြီး အင်န်အယ်ဒီအတွက် အရေးယူဆောင်ရွက်တာတွေ ကိုယ်တိုင်လုပ်ခဲ့သလိုမျိုး အခုတကြိမ်မှာ သူက မလုပ်တော့ဘဲနဲ့  ခုံရုံးကို လွှဲပေးလိုက်တယ်။
အဲသည်မှာ ခုံရုံးကနေပြီးတော့ ပါတီက အတွင်းရေးမှူးအဖွဲ့ထဲက ဦးဥာဏ်ဝင်းကို ခေါ်တွေ့တယ်။ သူတို့က စကားလုံးပြုပြင်ပေးတာကို တုန့်ပြန်တာမျိုးထက် အခြေခံဥပဒေကို ပြုပြင်တာမျိုး သဘောထားတွေ ထုတ်ပြောလာတယ်။ အဲသည်အခါကျတော့ လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ ကြံ့ဖွံ့အမတ်တွေရော၊ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေရောပါ ရယူပြီးမှ ထောက်ခံမှသာ ပြင်ဆင်ရမလိုမျိုးတွေ ဖြစ်လာတယ်။

မေး။     ။ ဒါကလည်း ကြိုပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ် မဟုတ်လားဆရာ။ မတ်လ ၂၇ တပ်မတော်နေ့မှာတုန်းက။ တပ်မတော်သားတွေက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရမယ်လို့ အမှာစကားပြောထားတော့ သူတို့ဖက်က ပြုပြင်ပေးဖို့ကို လက်ခံမယ့် အနေအထား ရှိပါ့မလား။

ဖြေ။     ။ အဲသည်လို အမှာစကားတွေ ပြောထားတော့ သူတို့ဖက်ကနေပြီးတော့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားလုံးပြုပြင်ပြောင်းလဲပေးဖို့ အနေအထား မရှိဘူးလို့ ပြောရင် ရနိုင်တာပေါ့။

မေး။     ။ ဒါဆိုရင် ဒီအကြပ်အတည်းကြီးကို ဘယ်လိုရင်ဆိုင်မှာလဲ။ ဆရာတို့က လွှတ်တော်ကို ကျောခိုင်းသွားတော့မှာလား။
ဖြေ။     ။ အဲသည်မှာ ကျနော်တို့ဖက်ကပြောနေတာကတော့ အခုအခြေအနေဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်နေသလို၊ ကမ္ဘာ့နိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်။ အခုအချိန်မှာ နိုင်ငံတကာက မြန်မာပြည်အရေးကို အကောင်းမြင်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းတာတွေ၊ လျော့ချတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ အများပြည်သူကလည်း အခြေခံဥပဒေကို ပြုပြင်မယ်ဆိုတဲ့ အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံပြီးတော့ မဲဆန္ဒတွေ ပေးကြတယ်။ မျှော်လင့်အားကိုးကြတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့တကွ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်နေမှုတွေကို ပျက်စီးသွားအောင်၊  ယိမ်းယိုင်သွားအောင် လုပ်ရမယ့် အချိန်အခါမဟုတ်ဘူး။ ဒါကြောင့် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ စကားလုံး ပြောင်းလဲပေးဖို့ ဖြစ်လာမယ်လို့ ကျနော်တို့က ဆက်လက်မျှော်လင့်နေတယ်။ ကျနော်တို့တွေဖက်က လွှတ်တော်ကို တက်ရောက်ဖို့ အခြေအနေနဲ့ အချိန်အခါကို ပြင်ဆင်ပြီးတော့ စောင့်ကြိုနေတယ်လို့ ပြောချင်တယ်။


မေး။     ။ ဒါဆိုရင် အခြေခံဥပဒေထဲက ကျမ်းကျိန်ရမယ့် စကားရပ်ကို ပြင်ဆင်ပေးဖို့ဆိုတာက လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပေါ်မှာ မူတည်နေပြီ။ သူတို့ရဲ့ သဘောထားသာ အဓိကဖြစ်နေပြီ လို့ ပြောရတော့မှာပေါ့။ အဲသည်အချိန်တရပ်တည်းမှာပဲ တပ်မတော်က သူတို့ရဲ့ တပ်မတော်ကိုယ်စားလှယ် ၅၉ ဦးကို အဆင်မြင့်အရာရှိတွေနဲ့ အစားထိုးလဲလှယ်ခန့်အပ်လိုက်တာလဲ ဒီနေ့ လွှတ်တော်မတက်ခင် ထုတ်ပြန်လိုက်တယ်။ အင်န်အယ်ဒီဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ထဲကို ပါဝင်လာတော့မှာပဲ
ဆိုပြီး တပ်မတော်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူတို့ဖက်က လှုပ်ရှားမှုတွေ ပြုလုပ်လာပြီလို့ မြင်သလား။ ဒါကကော ဘာသဘောလဲ လို့ ဆရာကထင်သလဲ။
ဖြေ။     ။ တဖက်ကကြည့်ရင်တော့ တပ်မတော်က လွှတ်တော်ထဲမှာ ရှိတဲ့သူတွေဟာ သဘောထားပျော့ပြောင်းတဲ့သူတွေရှိနေလို့ မတ်လ ၂၇ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မူဖြစ်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲမယ့် လူတွေနဲ့ အစားထိုးလိုက်တယ်လို့လဲ ပြောချင် ပြောလို့ရတာပါပဲ။ မှန်းလို့တော့ မရပါဘူး။


မေး။     ။ ဆိုတော့ အခုတကြိမ်မှာလည်းပဲ ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီအမတ်တွေဟာ လွှတ်တော်ကို တက်ဖို့၊ တရားဝင် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ မပေးပြန်ဘူးပေါ့။ အခွင့်အရေး မရပြန်ဘူးပေါ့။ အဲသည်လိုမျိုး ပြန်ကြည့်လိုက်ရင် အင်န်အယ်ဒီပါတီဟာ သမိုင်းတလျောက်လုံးမှာကော၊ အခုလက်ရှိအစိုးရနဲ့ ဆက်ဆံရေးတလျောက်လုံးမှာပါ အကြိမ်အကြိမ် အခါခါ အချိန်ဆွဲခံရတဲ့ အဖြစ်တွေနဲ့ အမြဲတမ်း ကြုံတွေ့နေရတယ်၊ ရင်ဆိုင်နေရတယ်လို့ ပြောရင် ရမလားဆရာ။ အချိန်ဆွဲခံရတယ်။ ဈေးဆစ်ခံရတယ်။
အလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရတယ်။ အချိန်ဆွဲခံရတိုင်းမှာ၊ ဈေးဆစ်ခံနေရတဲ့ အချိန်တိုင်းအခါတိုင်းမှာ လက်ရှိအာဏာရအစိုးရက အကျိုးအမြတ်ထွက်တယ်။ အင်န်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်မယ်၊ ပါတီမှတ်ပုံတင်မယ် ပြောလိုက်လို့ သိန်စိန်အစိုးရက အာင်္ဆီယံဥက္ကဋ္ဌဖြစ်သွားတယ်။ ဟောအခု ဧပြီ ၁ မှာ ရွေးကောက်ပွဲ နိုင်ပါတယ် ဆိုရုံ ရှိသေးတယ်၊ အရှေ့ အနောက်အုပ်စုတွေက ကြံ့ဖွံ့အစိုးရကို ပိတ်ဆို့အရေးယူထားတွေ၊ ဘာတွေကို လျော့ချတာနဲ့၊ ဆိုင်းငံ့တာနဲ့ ဘာနဲ့ ချက်ခြင်းဆိုသလို အလျင်အမြန် ဆုတွေ
ပေးနေကြပြီ။ ဧပြီလတောင် မကုန်သေးဘူး။ အနိုင်ရတဲ့ ပါတီက လွှတ်တော်ထဲတောင် မရောက်သေးဘူး။ အဲသည်အချိန်မှာ စစ်အစိုးရက အဲလေ ကြံ့ဖွံ့အစိုးရက ဘာလို့ လက်နှေးနေရပြန်တာလဲ။

ဖြေ။     ။ အရင်တုန်းကတည်းက လက်ရှိအစိုးရကို အယုံအကြည်မရှိတဲ့သဘော၊ သံသယရှိတဲ့သဘော ပြောဆိုနေကြတာတွေက ရှိတာပါပဲ။ ဒါပေမယ့် ကျနော်တို့ဖက်က ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရတာပဲ။ အကယ်၍သာ နိုင်ငံရေးအခြေအနေတွေဟာ တိုးတက်ကောင်းမွန်တဲ့ဆီကို ဦးတည်ကြမယ်ဆိုရင် … ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်နဲ့ပဲ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြေခံဥပဒေကို လေးစားလိုက်နာဆိုတဲ့ စကားလုံးပြုပြင်မှုဆိုတဲ့ သော့ခလောက်ဖြုတ်ပေးလို့၊ တခါးတချပ်ဖွင့်ပေးလို့ ကျနော်တို့တတွေ ပါတီကို မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် လွှတ်တော်ကို ၀င်ကြမယ်လို့ လုပ်တဲ့အခါကျတော့ အဲသည်သော့ခလောက်နဲ့ပဲ ပြန်တွေ့နေရတယ်။ တခါးနောက်တချပ်နဲ့ ထပ်တိုးတယ်လို့ ပြောချင်တယ်။ ဒါတွေကြောင့် အစိုးရကို အယုံအကြည်မရှိဘူး၊ သံသယရှိတယ်လို့ ပြောနေကြတဲ့ ဝေဖန်နေကြတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ စကားတွေ ပြောဆိုချက်တွေဟာ မမှားဖူးလို့ ပြောရမလို ဖြစ်လာတယ်။ သူတို့တွေက အရေးယူပိတ်ဆို့တာတွေ ဖယ်ရှားအောင်လို့ လှည့်ဖြားနေတာဖြစ်တယ်။ အသုံးချနေတယ်လို့ပြောဆို ဝေဖန်နေကြတာတွေဟာ  အတည်ပြုပေးနေသလိုတောင် ဖြစ်လာတယ်။

မေး။     ။ ဒါဆိုရင် ဆရာတို့တွေက ခုနင်က သံသယတွေ၊ မယုံကြည်မှုတွေ လက်ကိုင်ထားပြီးတော့ လက်ရှိကြံ့ဖွံ့အစိုးရကို ရင်ဆိုင်မယ်သာ ဆိုရင် အခုနှစ်ဆန်းကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှု၊ အကောင်းမြင်မှုတွေကနေ နောက်ပြန်လှည့်သလို ဖြစ်သွားမှာပေါ့ ဆရာ။

ဖြေ။     ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလက်ရှိအခြေအနေ၊ အချိန်အခါမှာ ကျနော်တို့က အဲသည်လိုတော့ သဘောမထားပါဘူး။ အခုလက်ရှိ ပြောင်းလဲမှုတွေက ပေါ်ထွန်းလာနေတဲ အခြေအနေသစ်တွေကိုပဲဆက်လက် မျှော်လင့်ချင်တယ်။ နှစ်ဖက် တင်းမာတဲ့ အနေအထားတွေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အနေအထားတွေ ပေါ်ထွန်းလာမှာကို
ကျနော်တို့တွေကကော ရွေးကောက်ပွဲမှာ မျှော်လင့်တကြီး ယုံကြည်အားကိုးပြီး မဲပေးခဲ့ကြတဲ့ ပြည်သူလူုထုကြီးကပါ မလိုလားဘူး။ အကုန်လုံး ညီညီညွတ်ညွတ် မျှမျှတတ အကျိုးသင့်အကြောင်းသင့်နဲ့ အားလုံးက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီးတော့ပဲ ရင်ဆိုင်ချင်တယ်။ ဖြေရှင်းချင်တယ်။ အခုအချိန်မှာ ကျနော်တို့ဖက်ကကော၊ ပြည်သူလူထုကြီးကပါ ဆင်ခြင်တုံတရား ရှိရှိနဲ့ ရင်ဆိုင်လိုက်တာဖြစ်တယ်။ အခုလက်ရှိမှာ ဆင်ခြင်တုံတရားရှိမရှိ ဆိုတဲ့မေးခွန်းဟာ  ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေ
ဖက်ကို ရောက်သွားပြီ။ သူတို့ဆီကို ဦးတည်သွားပြီ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်လောက်အထိ ဆင်ခြင်တုံတရားရှိသလဲ ဆိုတာနဲ့ ဆိုင်သွားပြီ လို့ ဆိုချင်တယ်။


မေး။     ။ ဆရာပြောချင်တာက အရင်တုန်းက အင်န်အယ်ဒီပါတီအတွက် ရွေးကောက်ပွဲကော်မရှင်က စကားရပ်တွေကို အစိုးရက ဆင်ခြင်တုံတရားအပြည့်နဲ့ ပြင်ဆင်ခဲ့ပေးပြီပြီ။ အစိုးရရဲ့ လိုအင်ဆန္ဒနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အခုအချိန်မှာလည်း အစိုးရနဲ့ လွှတ်တော်ဟာ ဆင်ခြင်တုံတရားနဲ့ပဲ ဆက်လက်ဆောင်ရွက်သင့်တယ်။ မလိုလားအပ်တဲ့ အကြပ်အတည်းကို မဖန်တီးသင့်ဘူးလို့ ပြောချင်တာပေါ့။

ဖြေ။     ။ ကျနော်တဦးချင်းအနေနဲ့ ပြောရရင် ဦးဝင်းတင်တဦးချင်းအနေနဲ့ ပြန်ပြောရရင် လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော်တို့ဟာ ဒီစကားလုံးအတွက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံဝန်ကတိမပြုနိုင်ဘူး၊ လက်မခံနိုင်ဘူး ဆိုပြီးတော့ ရပ်တည်ခဲ့တဲ့အတွက် ပါတီကိုတောင်မှ ဖျက်သိမ်းခံရတဲ့ အထိရောက်ခဲ့တယ်။ လူပေါင်းများစွာ ဖမ်းဆီးခြင်းခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ကျနော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ ရပ်တည်ခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်တို့ကလည်း ဆင်ခြင်တုံတရားနဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေးပြီး ဖြစ်တယ်။ အခုအချိန်မှာတော့ ဆင်ခြင်တုံတရားဟာ
လွှတ်တော်ထဲကို ရောက်နေပြီ။ သူတို့အပေါ်မှာ မူတည်တော့တယ်လို့ ပြောချင်ပါတယ်။

မေး။     ။ ဒါဆိုရင် ဆရာတို့က အခြေအနေကောင်းတွေပေါ်ထွန်းလာရင် လွှတ်တော်ကို တက်မှာပဲပေါ့။

ဖြေ။     ။ တို့ဖက်ကတော့ စိတ်ကောင်းစေတနာတွေ ရှိတယ်။ လွှတ်တော်ကို တက်မှာပါ။ ကျနော်တို့က ဘယ်လောက်အထိ တက်မယ်လို့ ပြောချင်သလဲဆိုတော့ အကယ်၍ ဒီကိစ္စဟာ တလကြာမယ်။ ၂လကြာမယ်။ ကြာသွားလို့ နောက်ဆုံး လွှတ်တော်ရုပ်သိမ်းခါနီး တရက် ၂ရက် အလိုကျမှပဲ ကျနော်တို့ကို ခွင့်ပေးမယ်၊ ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုရင်လည်း
ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက တခဲနက် ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲသည်အတွက် ပြည်သူ့တွေရဲ့ အလိုဆန္ဒနဲ့အညီ ကျမ်းသစ္စာကျိန်ဆိုထိုက်တယ် လို့ ယူဆပါတယ်။



မေး။     ။ ဒါဆိုရင် ခုနင်က မေးခွန်းကို ပြန်ကောက်ရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာဟာ မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဆိုနိုင်သလိုပဲ တဖက်ကလည်း လက်ရှိအစိုးရအပေါ်မှာ သံသယတွေရှိတာ၊
ယုံကြည်မှုမရှိနိုင်သေးတာတွေကလည်း မမှားဘူးလို့ ပြောရမလို ဖြစ်နေတာပေါ့။
ဖြေ။     ။ အဲလိုပြောရင်လည်း ရပါတယ်။

မေး။     ။ ဒါဆိုရင် အခုလက်ရှိအခြေအနေမှာ အချိန်တိုတိုအတွင်းမှာတင် အရေးယူတာတွေ၊ ပိတ်ဆို့တာတွေကို လျော့ချမယ်၊ ရပ်ဆိုင်းမယ်၊ လက်ရှိအစိုးရကို ငွေချေးမယ်၊ ငွေလျော်မယ် စသည်ဖြင့် အမြန်အဆန် ဆုံးဖြတ်ချက်ချနေကြတဲ့ အရှေ့အုပ်စု၊ အနောက်အုပ်စုက အစိုးရတွေကလည်းပဲ ဆရာပြောတဲ့ ဆင်ခြင်တုံတရားနဲ့  လက်ရှိအစိုးရကို စောင့်ကြည့်ဖို့ မလိုဘူးလားဆရာရယ်။
ဖြေ။     ။ အဲသည်လိုမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။ တလောက ဗြိတိန်ဝန်ကြီးချုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ အီးယူတို့ သြစတြေးလျတို့ဆိုရင် ရုတ်သိမ်းမယ် ဘာညာလုပ်လာတယ်။ ဂျပန်ဆိုရင် ငွေချေးမယ်၊ အလည်ဖိတ်တယ်လုပ်လာတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ဘာပြောသလဲဆိုတော့ အခုအချိန်မှာ ရုတ်သိမ်းတာထက် ဆိုင်းငံ့တာသာ ကောင်းလိမ့်မယ်လို့ ထင်တယ်။ နိုင်ငံရေးအခြေအနေတွေက ဘယ်လိုပေါ်ပေါက်လာလိမ့်မယ်လို့ မပြောနိုင်သေးဘူးလို့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် လောလောဆယ်မှာ လျော့ပေးမယ်လို့ အီးယူတို့ ဆုံးဖြတ်သော်လည်းဘဲ ဆိုင်းငံ့တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာလည်း နိုင်ငံတကာက မြန်မာပြည်လက်ရှိအခြေအနေကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်နေတယ်လို့ ပြောရင်ရပါတယ်။


မေး။     ။ နောက်ဆုံး ပြောချင်တာကတော့ ဆရာရယ်၊ လွှတ်တော်ထဲဝင်မယ်ဆိုတဲ့ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေအတွက်က ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ကြမယ်ဆိုတဲ့ စိန်ခေါ်မှုကြီးက ရှေ့မှာ ဘယ်လိုမျှော်မှန်းရမယ်တောင် မသိသေးဘူးပေါ့လေ။ အဲသည်အတွက် လွှတ်တော်အ၀မှာတင်ကို
အကြပ်အတည်းတွေ့နေကြရပြီ။ ဥပမာ ကျနော်တို့ ထောင်ဗူးဝထဲကို ၀င်ကြရသလိုပေါ့။ အကျဉ်းထောင်ထဲမှာ ဘယ်လို ရုန်းကန် ရင်ဆိုင်ကြရမယ်ဆိုတာ မသိနိုင်သေးဘူး။ သို့သော် ထောင်ထဲဝင်တဲ့ နိုင်ငံရေးပုဒ်မတပ်ခံထားရတဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ခေါင်းမော့ ရင်ကော့ပြီး မ၀င်စေဘဲနဲ့ ခေါင်းငုံပြီး ၀င်ခိုင်းသလိုမျိုး၊ ပုံစံပေးပြီး ၀င်ခိုင်းသလိုမျိုး ဖြစ်နေတယ်လို့ ဥပမာပေးနေကြတဲ့အကြောင်းလည်း ပြောလိုက်ချင်ပါတယ် ဆရာရယ်။
ဖြေ။     ။ အင်း၊ ကောင်းသားပဲ ဥပမာက။ အေး ဟုတ်ပြီလေ။ ဒီနေ့တော့ ဒီလောက်ပဲကွာ။

Barcelona - Chelsea (2:2)..2-3 agg.. Chelsea go final


Barcelona - Chelsea (2:2) Full highlights HD /... by OMGSPORT

ဒီလိုကားပိုင်ရှင်တွေဟာ တရားဥပဒေ အထက်ကလူတွေဖြစ်ရမယ်

Ah Ba Yah က.ည.န နံပါတ်ပြားလည်းမဟုတ် ။ ဖတ်ရလွယ်ပြီးမြင်သာသော အရွယ်ရှိသော စာလုံး နံပါတ်ပြားလည်းမဟုတ် ။ စာလုံးအရောင်ကလည်း အဖြူမဟုတ် ။ ဒီကားမျိုးတွေကို အရေးမယူပဲ ( ရန်ကုန်မြို့ ) လမ်းတွေပေါ်မှာ ပေါ်ပေါ်ထင်ထင် သွားလာ မောင်းနှင်ခွင့်ပေးထားတာဟာ .............. ဒီလိုကားပိုင်ရှင်တွေဟာ တရားဥပဒေ အထက်ကလူတွေဖြစ်ရမယ် ။ မှတ်ချက် ။ ။ ယခုအချိန်အထိ မြန်မာပြည်တွင် တရားဥပဒေ စိုးမိုးမှု မရှိသေးတာကို ပြဆိုပါတယ် ။

ရွာသားက ကန်သင်းပြင် ဦးခင်ရွှေကဖျက် အုပ်ချုပ်ရေးကလက်ပိုက်ကြည့်နေ



ဓါးဓါးချင်းတုတ်တုတ်ချင်း မဖြစ်ဖို့ နိုင်ငံရေးသမားကတားနေရ မီဒီယာကဖွမှဗျို့ ယခင်သိန်း50ကိစ္စ လျှိုဝှက်ချက် နေမျိုးဝေ DVB မှာပြန်ဖော်လိုက်ပြီ နေမျိုးဝေ နဲ့ ၀င်းချို ဒီနေ့ဗီဒီယိုသွားရိုက်သည် မကြာမီ 88 တွေပါဖိတ်ဦးမည် ။ 24.4.2012 ဇေကမ္ဘာ ကုမ်ပဏီက ရွှေနံသာလယ်ကွင်းတွေ ဘူဒိုဇာနဲ့ ထပ်ထိုးပြီးကန်သင်းတွေဖျက်လိုက်ပြန်ပြီ ရွာသားတွေမိုးကျခါနီးကန်သင်းပြင်မရ

ထမင်းဖြူအတွက် ဆုတောင်း
by Win Ko Myint on Saturday, February 11, 2012 at 11:01am ·
တံငါတစ်သက် လယ်တစ်ကွက်တဲ့လားဗျို
သူတို့ခမျာ ဒါတွေသိလည်း
မိုးရွာမရှောင်နေပူထဲ
ခင်ဗျားတို့စားဖို့ ပျိုးတွေဆက်ကြဲနေကြရှာတုန်း
ထွန်ယက်နေကြရှာတုန်းလေ

စပါးကိုအသွင်ဖျက်လိုက်တယ် ဆန်
ဆန်ကိုအသွင်ဖျက်လိုက်တယ် ထမင်း
ထမင်းတွေအသွင်ပျက်သွားတော့ ကျုပ်တို့အလုပ်လုပ်နေကြ အသက်ရှုနေကြတဲ့ ဇီဝစွမ်းအားတွေပဲ

ဟုတ်တယ်
ဘယ်သောအခါမှ အသွင်ပျက်မသွားတာကတော့
တောင်သူလယ်သမားဦးကြီးများရဲ့ ကျေဇူးတရားတွေ

ဇီဝစွမ်းအားကို ထမင်းကရတယ်
ထမင်းကို ဆန်ကရတယ်
ဆန်ကို ဆိုင်ကရတယ်
ဆိုင်တွေက ကုန်သွယ်မှရတယ်
ကုန်သည်က ကုန်သွယ်ရတယ်

“တခါတရံ ဆန်တွေဈေးကြီးကြီးသွားရတာဟာ ဦးကြီးတို့လက်ချက်လုံလုံးမဟုတ်ရပါဘူးဗျာ” တဲ့


ကဲကဲ
တစ်ပြည်နှစ်ပြည် လက်လီလက်ကားကစလို့ အိတ်စပို့လုပ်သူများအထိ
အိုဘယ့်ကုန်သည်များ စပါးဆန်ဝယ်ကြသိုလှောင်ကြသည် အမျိုးကွဲဘယ်လောက်ရှိသနည်းလို့ တချက်တေးထားလိုက်

ဟုတ်ပါရဲ့ သူတို့ဟာ တကယ်တော့ သနားစရာအပြစ်ကင်းစင်ကြသူများပါ
သူတို့တတွေ ကျမ်းမာချမ်းသာနေကြပါရဲ့လား
သူတို့တတွေ ဘေးရန်ကင်းကွာ ပျော်ရွှင်နေကြပါသလား
သူတို့ဟာ လူသူမသိ တိတ်ဆိတ်ငြိမ်သက်လှပါ၏

ထမင်းစားအသက်ရှင်နေတုန်း စဉ်းစားကြည့်လိုက်တယ်
စပါးကနေ ဗိုက်ထဲကအာဟာရအထိ အသွင်တွေ ဘယ်လိုပြောင်းခဲ့ပျက်ခဲ့လည်း
တောင်သူလယ်သမားဦးကြီးများရဲ့ ကျေးဇူးတရားဟာ ပျက်ပြယ်မသွားတော့ပါလားဗျာ...

အညာဒေသ မြစ်ဝကျွန်းပေါ် မြေလတ်နဲ့တောင်ပေါ်မရွေး
ကောက်ပဲသီးနှံ ဆန်ရေစပါးစိုက်သူများ
ကျမ်းမာချမ်းသာလို့ ဘေးဘယာတွေကွာဝေး အေးချမ်းစွာထွန်ယက်စိုက်ပျိုးနိုင်ကြပါစေ
လူနေမှုအဆင့် မြင့်သည်ထက်မမြင့်နိုင်ခဲ့တောင်
လူ့အောက်ကျခံ လူ့ညှင်းဆဲဒါဏ်များ ပလွှားနိုင်ကြပါစေ

အရုဏ်မတက်ခင်ကလယ်တောထွက်
အများအတွက်စိုက်ပျိုးချင်ကြရှာသူတွေ
အဆိပ်ပြင်းတဲ့ ပိုး ထိပြီးမသေကြပါစေနဲ့

ဥတုမကောင်းလို့ သီးနှံပျက်တဲ့အခါ
နောက်တစ်ခါစိုက်ဖို့ ငွေတွေချေး
အတိုးပေးစား ခေတ်သစ်ချစ်တီးများရဲ့ ညှာတာခြင်းများလည်းခံရပါစေ

စနစ်တွေမကောင်းလို့ အာဏာရ
ခေတ်တွေမကောင်းလို့ ပါဝါပြ
ဥပဒေကိုငွေနဲ့ပြုနေသော ဓနရှင်လူ့ငနွားတွေရဲ့
လယ်သိမ်း မြေသိမ်း လူကိုထိန်းတဲ့ ခပ်သိမ်းသောအဓမ္မအမှုတွေလည်း
သူတော်တွေအမြန်သိကာ ထိန်းညှိနိုင်ကြပါစေ

လူဆင်းရဲ လူလတ် လူချမ်းသာ
လူ့အလွှာပေါင်းစုံရဲ့ကျေးဇူးရှင် လယ်ယာလုပ်ကိုင်စားကြသူတွေ
လူဟာလူအဖြစ် လူပီသနိုင်သောခေတ်တစ်ခုကို
လူ့အခွင့်အရေးတစ်ခုအနေနဲ့ ရရှိသွားနိုင်ကြပါစေ

ကျနော်တို့ ပြည်သူတွေအနေနဲ့ တောင်သူလယ်သမားဦးကြီးတွေကို
အချိန်တိုင်းမဟုတ်တောင်မှ
ထမင်းမစားမီတစ်ခါ
ထမင်းစားနေတုန်းတစ်ခါ
ထမင်းစားပြီးအားအင်ပြည့်ဖြိုးနေတုန်းတစ်ခါလောက်တော့
ပုံမှန်လေး မေတ္တာပို့သနေလျှက်ပါဗျိုး...

အခြားလူ






ပုံများအား ဂူဂဲလ်မှကျေးဇူးပြုသည်

ကနေဒါ ကလည်း ပိတ်ဆို့မှုတွေ ဆိုင်းငံ့

RFA Burmese

မြန်မာနိုင်ငံရဲ့ လတ်တလော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှု အများစုကို ယာယီ ဆိုင်းငံ့လိုက်တော့မှာ ဖြစ်ကြောင်း ကနေဒါ နိုင်ငံ ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဥရောပသမဂ္ဂ အီးယူ ရဲ့ မြန်မာအပေါ် ပိတ်ဆို့မှု တွေ ယာယီဆိုင်းငံ့လိုက်တဲ့ ကြေညာ ချက် ထွက်ပေါ်လာခဲ့အပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က မနေ့က ထုတ်ဖေါ် ပြောဆို လိုက်တာပါ။

ကနေဒါ ရဲ့ ဆိုင်းငံ့လိုက်တဲ့ ပိတ်ဆို့မှုအများစုမှာ သွင်းကုန်၊ ပို့ကုန် နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး၊ လူပုဂ္ဂိုလ်တွေ အပေါ် ပိတ်ဆို့အရေးယူ ထားတာတွေလည်းပါဝင်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဒါပေမဲ့ လက်နက်အရောင်းအ၀ယ်ကိုတော့ ဆက်လက်ပိတ်ဆို့ထား မှာဖြစ်ပါတယ်။

ကနေဒါ နိုင်ငံဟာ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရအပေါ်
ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ် အရေးယူ ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က -

- ပိတ်ဆို့ အရေးယူတဲ့နည်းဟာ ဒီကနေ့ ခေတ်သစ်ကမ္ဘာမှာ ထိရောက်တယ် ဆိုတာ သက်သေသာဓကကောင်း တစ်ရပ်အနေနဲ့
ပြသလိုက်တာလို့ ဆိုနိုင်ပါလိမ့်မယ်၊ ကာယကံရှင်အစိုးရက
ပြုပြင်ပြောင်းလဲ လာတဲ့အခါမှာလည်း မိမိတို့အနေနဲ့ ကူညီအားပေး ရမှာဖြစ်ပါတယ်-လို့ ပြောဆိုပါတယ်။

ဆက်လက်ပြီး - မိမိတို့အနေနဲ့ အကောင်းမြင်သဘော နဲ့ မျှော်လင့်ချက် ထားပါတယ်၊ တချိန်တည်းမှာလည်း မိမိတို့ဟာ ရိုးအ သူတွေမဟုတ်ပါဘူး၊ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေမှာဖြစ်ပါတယ်၊ ကနေဒါ အနေနဲ့ မြန်မာနိုင်ငံမှာ အခုထက်ပိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေ
မြင်ချင်ပါတယ်။ အလားတူ လိုအပ်လာရင် ပိတ်ဆို့မှုတွေ ပြန်လည် ချမှတ်ရမှာဖြစ်ပါတယ်- လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် ကနေဒါ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
(ဓာတ်ပုံ - မတ်လ ၈ ရက်နေ့က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဉ်)

အိမ်ဖော်အဖြစ် သွားရောက် လုပ်ကိုင်လိုသူများ ဒီစာကို အရင်ဖတ်စေချင်ပါတယ်

မြန်မာနိုင်ငံကနေ စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာနိုင်အောင် ဒီစာကိုရေးလိုက်တာပါ။ အိမ်ဖော်အဖြစ် သွားရောက် လုပ်ကိုင်လိုသူများ ဒီစာကို အရင်ဖတ်စေချင်ပါတယ်။ ---------------------------------------------------
စကာင်္ပူမှာ အိမ်ဖော် လာလုပ်ကြရတဲ့ မိန်းကလေးတွေ အနေနဲ့ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ရှိပါတယ်။ အများအားဖြင့် ဖစ်လစ်ပိုင်၊ အင်ဒိုနီးရှာ၊ ယိုးဒယားနဲ့ မြန်မာပြည်က မိန်းကလေးတွေပါ။ အဲ့ဒီလို လူမျိုးစုံထဲကမှ မြန်မာပြည်က အိမ်ဖော်တွေ ရတဲ့ အခွင့်အရေးနဲ့ တခြားနိုင်ငံက အိမ်ဖော်တွေ ရတဲ့ အခွင့်အရေး အများကြီး ကွာခြားပါတယ်။ ကျမနဲ့ အိမ်မှာ တခန်းတည်း အတူနေခဲ့တဲ့ ညီမလေး တယောက်က Maid Agency မှာ ရုံးဝန်ထမ်း လုပ်ပါတယ်။ ဒါကြောင့် သူပြောပြသမျှကို ကျမ သိခဲ့ရတယ်။ မြန်မာအိမ်ဖော်တွေ အဓိက အနှိမ်ခံရတဲ့ အချက်တွေက ဘာသာစကား အားနည်းမှု၊ မိမိ အလုပ်ရှင်ကို ရိုသေလေးစား အားနာမှု၊ သည်းခံတတ်မှုတွေကြောင့် အလုပ်ရှင် အိမ်ရှင်တွေက အတင့်ရဲစွာနဲ့ အနိုင်ကျင့် နှိမ်ချရဲတာပါ။ အိမ်ဖော်ချင်း အတူတူ ဖိလစ်ပိုင်နဲ့ မြန်မာ ရတဲ့ အခွင့်အရေး ကွာခြားတာကို ကျမ ရှင်းပြပါ့မယ်။ ဖိလစ်ပိုင်က လာတဲ့ အိမ်ဖော်တွေက သူများနိုင်ငံမှာ အိမ်ဖော် သွားလုပ်တော့မယ်ဆိုရင် မသွားခင်မှာ အရင်ဆုံး သင်တန်းတက်ရတယ်။ ကိုယ်လုပ်မယ့် လူမျိုးတွေရဲ့ စရိုက်၊ နေထိုင်မှု၊ သန့်ရှင်းရေး၊ စားပုံသောက်ပုံ၊ ချက်ပြုတ်တာတွေကအစ သင်ခဲ့ကြတယ်။ မြန်မာပြည်က လာတဲ့ အိမ်ဖော်မိန်းကလေးတွေက အများအားဖြင့် နယ်က ကလေးတွေဖြစ်ကြတယ်။ ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရှိသမျှလေး ပေါင်နှံပြီး Agent တွေကို မတန်တစ ပေးပြီး ရောက်လာခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ စင်္ကာပူမှာ အလုပ်ရမယ်ဆိုလို့ လိုက်လာတာမျိုးတွေ တပုံကြီးပါ။ လေဆိပ်ရောက်တော့မှ Agent က သူတို့ လက်ထဲကို In-Principle Approvals (IPA Letter) ထည့်ပေးလိုက်မှ သူတို့ရဲ့ အလုပ်အကိုင်နေရာကို မြင်မှ သိလိုက်ရတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ဘူး။ ဒီတော့ မျက်စိမှိတ်ပြီး ရောက်ခဲ့ကြရပြန်ရော။ တချို့ဆိုရင် အဲ့ဒီ In-Principle Approvals (IPA Letter) ကိုတောင် နားမလည်ပါဘူး။ ဘာမှန်းညာမှန်း မသိပဲ အလုပ်ရချင်တဲ့ စိတ်လေး တခုတည်းနဲ့ ရောက်ခဲ့ကြတာ။ ဒီတော့ ဘယ်မှာလည်း သင်တန်းတွေ၊ ဘာသာစကား လေ့လာမှုတွေ၊ လုပ်ငန်းတဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ... တကယ့်ကို ဘာမှ မရှိပဲ ရောက်လာကြရတာပါ။ ဒီတော့ သူများနဲ့ ယှဉ်ပြီးလည်း ရွေးရော မြန်မာလူမျိုးက ဘာမှ မတတ်ဘူးဆိုပြီး Agent ကစလို့ လစာကို နှိမ်ပြီး သတ်မှတ်တော့တာပဲ။ အလုပ်ရှင်တွေဆီ ပို့ပြန်တော့လည်း တခြားနိုင်ငံသားတွေကို စကာင်္ပူ လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား (အနောက်နိုင်ငံသား) အိမ်တွေကို ပို့တာများတယ်။ မြန်မာတွေက ဘာသာစကား အားနည်းလို့ ဆိုပြီး စလုံးတရုတ် အိမ်တွေကို ပို့တယ်။ တခြားနိုင်ငံသားတွေ တလကို စကာင်္ပူဒေါ်လာ (၆၀၀) ရတဲ့ အချိန်မှာ မြန်မာလူမျိုးကို တလ စကာင်္ပူဒေါ်လာ (၃၅၀) ပဲပေးတယ်။ အလုပ်နားရက် ပေးပြန်တော့လည်း တခြားလူမျိုးတွေက တပတ်ကို (၁)ရက် ခံစားခွင့်ရတယ်။ မြန်မာလူမျိုးကို တလမှ (၁) ရက်ပဲ ခံစားခွင့် ပေးတယ်။ ဟန်းဖုန်းသုံးလို့ မရတဲ့ အိမ်ရှင်တောင် ရှိပါတယ်။ ကိုယ်ပိုင်အပြင် ထွက်လို့ရတဲ့ နေမှာပဲ ဆက်သွယ်လို့ရပါတယ်။ အခုပြောပြတာတွေက ကျမတို့သိထားတဲ့ အပြင်ပန်း ခွဲခြားဆက်ဆံမှုပဲ ရှိပါသေးတယ်။ တကယ် အလုပ် လုပ်ရတဲ့ ကာယကံရှင် အိမ်ဖော်တွေက သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘ၀မှာ ကျမတို့ မသိနိုင် မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ဆိုရင် အိမ်ရှင်က ကိုယ်ထိလက်ရောက် နာကျဉ်အောင် ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။ အဲ့လို ဖြစ်လို့ Agent ကို အကြောင်းကြားရင် Agent က အလုပ်ရှင်ဘက်ကနေပဲ ရပ်တည်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ တခါမှ ဘာအလုပ်မှ မလုပ်ခဲ့ဘူးပဲနဲ့ စင်္ကာပူရောက်မှ အခုလို အိမ်ဖော်ဘ၀ လုပ်ရတဲ့ သူတွေလည်း အများကြီး ဆုံခဲ့ဖူးပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာ မြန်မာ လူမျိုးပီပီ တခုဆိုလျှင် ကံ ကံ၏ အကျိုးဆိုပြီး သည်းခံ ခွင့်လွှတ်တတ်ကြတဲ့ လူမျိုးတွေပါ။ တချို့တွေ ဒီလို ဒုက္ခတွေကို မခံနိုင်တော့လို့ ရခဲ့လှတဲ့ လူ့ဘ၀ကိုတောင် စွန့်ခွာတဲ့ အထိဖြစ်ကြပါတယ်။ ကျမ အနေနဲ့ ဘယ်နေရာမှာ မြန်မာလူမျိုးတွေ့တွေ့ နှုတ်ဆက်တယ် အဆင်ပြေလား ဆိုတဲ့ စကားကို မေးမိတယ်။ ကိုယ်ချင်းစာတယ်၊ မြန်မာလူမျိုး အချင်းချင်း၊ အမျိုးကောင်း သမီးတွေကို တန်ဖိုးထားစေချင်တယ်။ လူတိုင်လူတိုင်း ပြည့်စုံတဲ့ ဘ၀နဲ့သာ ရှင်သန်ချင်ကြပါတယ်။ အကြောင်းမလှလို့ ဒီလို ဘ၀မျိုး ရောက်တဲ့သူတွေကို ညှာတာပါ၊ သနားပါ၊ စာနာပါ။ ကိုယ်ချင်းစာတရားနဲ့ ကူညီပေးကြပါ။ မြန်မာနိုင်ငံမှ နိုင်ငံခြားတွင် အိမ်ဖော်အလုပ်ဖြင့် သွားရောက်လုပ်ကိုင်လိုသော မြန်မာမိန်းကလေးများ သတိပြုနိုင်ပါစေ။ စကာင်္ပူနိုင်ငံလို ဥပဒေ ပြင်းထန်သော နိုင်ငံတွင် ဒီလောက် ဖြစ်သည် ဆိုလျှင် အခြားသော တိုင်းပြည်များတွင် ဒီထက်သာ ဆိုးပါလိမ့်မည်။ အခုလို အိမ်ဖော်တွေ အနေနဲ့လည်း လစာ တလကို ဒေါ်လာ (၂၀၀) ပဲ ရရ (၃၀၀) ပဲရရ Work Permit ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာသံရုံးကို ၀င်ငွေခွန် တလ ဒေါ်လာ (၄၀) နှုန်းနဲ့ ဆောင်ရပါတယ်။ မြန်မာသံရုံးအနေဖြင့် အခွန်ကိုသာ ပုံမှန်တောင်းခံပြီး ကိုယ့်နိုင်ငံသား အပေါ်တွင် မည်သည့်အကူအညီ၊ ကာကွယ်ခြင်းမျိုး မပေးနိုင်ပါ။ တွေးလို့သာ ကြည့်ကြပါတော့။ မြန်မာသံရုံးကို ထမ်းဆောင်ရတဲ့ အခွန်နှုန်းထားတွေဟာ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရပါတယ်။ (၁) Work Permit - $40/ month (၂) S-Pass - $80/month (၃) E-Pass/ PR - $120/month (၄) Passport စာအုပ် သက်တမ်းတိုးခြင်း - $150 

အလျဉ်းသင့်သလို စကာင်္ပူနိုင်ငံက မြန်မာသံရုံးရဲ့ ညစ်ပတ်မှုတွေ ကိုလည်း ရေးသားပါဦးမယ်။ ဒီဆောင်းပါးလေးကို လွတ်လပ်စွာ ရှယ်နိုင် ကူးယူနိုင်ပါတယ်။ ခင်ကလျာစိုး ဧပြီ ၂၄ ၂၀၁၂

စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ မြန်မာများရဲ့ ဒုက္ခ

သက်တမ်းတိုးတဲ့ သူတွေ စာအုပ်တအုပ်ကို ဒေါ်လာ ၁၅၀ ပေးရတယ်။ အရင် မြန်မာပြည်မှာ ၄၀ နဲ့စောင်ခဲ့တဲ့သူတွေ ခြားနားခွန်ဆိုပြီး ပြန်ကောက်တယ် မပေးရင် စာအုပ်ထုပ်မပေးဘူး။ ဧပြီ ၂၄ ရက် ဒီနေ့လည်း စကာင်္ပူနိုင်ငံက မြန်မာသံရုံးမှာ လူတစ်ထောင်ကျော် တန်းဆီမြဲပါတဲ့။ မနေ့ကလည်း ညအိပ်ပြီးစောင့်ရတဲ့ သူတွေအလှည့် ဒီမနက် ၆ နာရီကျော်မှ ရပါတယ်။ အသုံးမကျတဲ့ E-System ကြီးကို ဘာဖြစ်လို့များ သုံးနေလဲ မသိပါ။ သံရုံးဝန်ထမ်းတွေလို မြန်မာနိုင်ငံရဲ့ရုံးပိတ်ရက် မှန်သမျှလည်း ပိတ်၊ စကာင်္ပူနိုင်ငံရဲ့ ရုံးပိတ်ရက်မှန်သမျှလည်း ပိတ်နေတာမျိုး မဟုတ်ပါ။ စကာင်္ပူနိုင်ငံက ၀န်ထမ်းတွေ ခွင့်တရက်ရဖို့ မလွယ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေအတွက် ဒီနည်းလမ်းနဲ့ အဆင်မပြေရင် တခြားအဆင်ပြေမယ့် နည်းလမ်းကို တာဝန်ရှိသူများ လုပ်ပေးစေလိုပါတယ်။ ဒီလောက် ဆက်ဆံရေး ညံ့ဖျင်းပြီး အော်ဟောက်နေတဲ့ နေရာကို မည်သူကမှ အပျော် မလာချင်ပါ။ တတ်နိုင်သူများ၊ ခွင့်ယူ၍ မရသူများ ပွဲစားဖြင့် လုပ်ကြပါသည်။ တန်ရာ တန်ကြေးရော မတန်ရာ မတန်ကြေးနဲ့ရော ပေးနေကြရတာပါ။ ကိုယ်ချင်းစာ တရားထားပြီး ငဲ့ညှာပါ။ စကာင်္ပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေဟာ သံရုံးကို ၀န်ငွေခွန် လာဆောင်ခြင်းပါ။ မြန်မာနိုင်ငံရှိ အခွန်ဦးစီးရုံးတွင် တရားဝင် ၀င်ငွေခွန် ထမ်းဆောင်ပြီး သူများကိုပင် "ခြားနားခွန်" ဟု အမည်တပ်ခါ မည်သည့် ဥပဒေတွင်မှ မပါရှိသော ဥပဒေဖြင့် မတရားသဖြင့်လည်း အခွန် ကောက်ခံလျှက် ရှိပါသည်။ အခု ကလျာ ရေးတဲ့ စတေးတပ်နဲ့ ဓါတ်ပုံကို တာဝန်ရှိသူများ မြင်စေလိုပါတယ်။ ခင္ကလ်ာစိုး (စကာၤပူ) ဧၿပီ ၂၄ ၂၀၁၂

ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမှု

Nik Nayman
လူသားအကျိုး ဆောင်ရွက်မယ် လူ့ အသက်တွေကို ကယ်တင်စောင်မမယ်ဆိုတဲ့ ဆရာဝန်စိတ်ဓါတ် ခေါင်းပါးနေတဲ့ မင်းတပ်မြို့ မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်း။

ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိ ဦးဆောင်၍ ဖွဲ့ စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာတင်ယာဉ်တစ်စီးနှင့် နာရေးတင်ယာဉ်တစ်စီးတို့ ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့  ပြီးခဲ့တဲ့ အပတ်က ပေးအပ်လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့ နယ်အတွင်း ဗုဒ္စဘာသာဝင်များရော၊ ခရစ်ယန်ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။ သို့ သော်လည်း ၄င်းယာဉ်နှစ်စီးကို လူမျိုးဘာသာမရွေး ကူညီနိုင်ရန်အတွက် ဆရာတော်ဘုရားကြီးမှ မင်းတပ်မြို့  ခရိုင်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက်ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံသည့်အတွက် ဆရာတော်နှင့်တကွ ဒါယကာ ဒါယိကာမများအားလုံး စိတ်မကောင်းဖြစ်နေကြရပါသည်။ ဆေးရုံမှ အခြားဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးလည်း အံ့သြ စိတ်မကောင်းဖြစ်နေကြပါတယ်။ ဗုဒ္စဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမှု၊ ပရဟိတစိတ် ခေါင်းပါးမူများကို သက်ဆိုင်ရာမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။ 
မင်းတပ်မြို့ သားတစ်ဦး။

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်

by Maung Maung Wann on Monday, April 23, 2012 at 10:42pm ·


                                                        ( မောင်မောင်ဝမ်း )

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုအနိုင်ရရှိခဲ့တယ်ဆိုတာ..အားလုံးအသိဖြစ်ပါတယ်…သို့သော် လွှတ်တော် တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို…အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲဖြစ်တော့မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော်ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။
          လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် ( အင်္ဂလိပ်လို ) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့..နိုင်ငံတွေက…ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီးပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ…သူပြောသွားတာက………
အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.
ဂျာမနီမှာ ဆိုရင် - Defend of the visit law.
ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.
ဂရိမှာလည်း ဒီတိုင်းပဲ...
အိန္ဒယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.
ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.
စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.
ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်... ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။ ( facebook မှာ တယောက်တင်ထားတဲ့ ဟာပါ )
          ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက       
( defend ) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကားနွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်

                                                SCHEDULE FOUR
                                       Form of Oaths or Affirmation
                                                   (Refer to Section 125)
I ................ do solemnly and sincerely promise that as an elected representative
of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold
and abide by the Constitution of the Union. I will be loyal to the Republic of the
Union of Myanmar and citizenry and hold always in esteem non-disintegration
of the Union, non-disintegration of national solidarity and perpetuation of sovereignty.
In addition, I will carry out the responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..ဝေါဟာရပြသနာမဟုတ်ပါ
ယုံချက်ချက်ပြသနာဖြစ်သည်..ဒီကိစ္စကိုပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထား
သော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..
(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါ
မည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်း
စားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်
ဆိုတာ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့
ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်
ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။
          .အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်…အရေးကြီးပါတယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ….တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်…အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ…ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။( မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်းပါမယ်…..အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုကသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်….အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။
          တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း…၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာမလိုလောက်တဲ့ အနေထားမို့ သုံးတာ….။
          အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး…ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် ( နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ )…

          A solemn affirmation or declaration, made with an appeal to God for the truth of what is
affirmed. The appeal to God in an oath, implies that the person imprecates his vengeance and
renounces his favor if the declaration is false, or if the declaration is a promise, the person
invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”

          ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြုပြဌာန်းထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..( လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။
          ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား…..။ပြင်စရာ မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို…လွယ်လွယ်ကူကူနဲ့..တို့ကတော့ လူထုက တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့..လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ…လွှတ်တော်ထဲ ၀င်ကြစို့ ဆို လုပ်လို့မရ..လွှတ်တော် တံခါးဝမှာ..ဆီးပိတ်ထားသော ကျမ်း သစ္စာကျိန်ဆိုခြင်း..ဆိုတဲ့အရာကြီးရှိနေပါတယ်…ဒီတံခါးနောက်ကနေ..လက်ယပ်ခေါ်နေမှု့များကို…..လူပြိန်းဆန်သည်
ဟုပြောချင်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ
          လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ…တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ…မှတ်ပုံတင်ပြီးသည့်တိုင်အောင်လည်း….လူထုကရွေးချယ်တင်မြှောက်အပ်နှင်းထားတဲ့ ( Mandate ) ပါဝါ မရှိသေးပါ…..ယခု အချိန်ကာလသည်…ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီဖြစ်သောကြောင့်….ဖွင့်ဟညွှန်ပြလိုက်ခြင်းဖြစ်သည်ဟုယုံကြည်မိပါတယ်။( ၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့…အဓိပ္ပါယ်တွေ အများကြီးထွက်နိုင်ပါတယ်..သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်းလိုပါလိမ့်မည် )
          ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း(Oaths or Affirmation ) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင်ထည်ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန်အခြေနေမပေးသော်လည်း…လွှတ်တော်တွင်း ရှိနေသော…ပါတီအသီးသီး ၊ တသီးပုဂ္ဂိုလ အသီးသီးကနေ..ဒီကိစ္စကို စတင် တင်ပြဆွေးနွေး…ဖြင့်စတင်နိုင်မယ်လို့ထင်ပါတယ်….လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများမှလည်း…၀ိုင်းဝန်း ဖိအားပေးကြိုးစားလုပ်ဆောင်ဘို့လိုပါလိမ့်မည်။
          ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ( ဈေးသည် စကားနဲ့ပြောရရင် ) ဈေးဦးဖောက်ဖြစ်ပါတယ်…ဈေးဦးဖောက်မှာ…အလားအလာမကောင်းရင်…ဈေးရောင်းမကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်…..အောင်မြင်ခဲ့မယ်ဆိုရင်…၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် ( First Amendment ) အဖြစ် သမိုင်းတွင်နေပါလိမ့်မယ်…အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် ( Bill of Right )ဟာ လူသန်းပေါင်းများစွာ ကိုနှစ်ပေါင်းများစွာ စောင့်ရှောက်သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment ) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကိုစတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။

                                                          အားလုံးကိုလေးစားစွာဖြင့်
                                                          ( မောင်မောင်ဝမ်း )

Khin Kalayah Soe ‎(က) ဟယ်လို .... အမှတ် (၅၄) သင်တန်းကပါလား ....
(ခ) ဟုတ်ကဲ့ပါ အမိန့်ရှိပါ ..

(က) အော် ကျွန်တော် ဖဘ ပေါ်မှာ ကြောငြာထားတဲ့ အင်္ဂလိပ်စာ သင်တန်းလေး စုံစမ်းချင်လို့ပါ။
(ခ) ဟုတ်ကဲ့ရှင့် ရပါတယ် တက်မယ့် ကလေးက ဘယ်အရွယ်လဲ ရှင့်...

(က) တက်မှာက ကျွန်တော်ပါ ခင်ဗျ တခါတည်း နာမည် စာရင်း ပေးခဲ့လို့ ရမလား
(ခ) ဟုတ်ကဲ့ ရပါတယ် ဒါဆိုရင် နာမည်လေး ပြောပါ...

(က) ဟုတ်ကဲ့ ... ကျွန်တော့နာမည် ဒေါက်တာခင်ရွှေပါ......
(ခ) ရှင်.............. ဒေါက်တာ.............. :D :D :D

အရင်းစစ်တော့ စနစ်တစ်ခုလုံး ပြင်ရမှာ (လူထုစိန်ဝင်း)

by ကိုဝိုင် ဝိုင်ကေ on Tuesday, April 24, 2012 at 1:26pm ·



ကျောင်းဆရာလုပ်တုန်းက တပည့်ဖြစ်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အခုအချိန် ပြန်တွေ့ကြတဲ့အခါမှာ သူတို့အားလုံးလိုလိုဟာ ကျောင်းသားမိဘတွေဖြစ်နေကြပြီ။ အိမ်နားက သံရုံးမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာသင်တန်းကို ကလေးတွေလိုက်ပို့ရင်း ၀င်ဝင်လာတတ်ကြတယ်။

သူတို့လို မဖြစ်စေချင်လို့တပည့်ဟောင်းတွေနဲ့ စကားပြောရင်း သိလိုက်ရတာတစ်ခုက သူတို့အားလုံးလောက်နီးပါးဟာ သားသမီးတွေကို အစိုးရကျောင်းတွေမှာ မထားကြတော့ဘူးဆိုတာပဲ။ နိုင်ငံခြားသားတွေလာသင်တယ်ဆိုတဲ့ ရန်ကုန်က နိုင်ငံတကာကျောင်းတွေမှာ ထားသူကထားကြပြီး စင်ကာပူကကျောင်းတွေသွားထားသူက ထားကြတယ်။ ဘယ်မိဘမဆို သားသမီးကို အကောင်းဆုံးပညာပေးချင်ကြတာကတော့ ဘယ်ခေတ်ဖြစ်ဖြစ် အတူတူပါပဲ။ တပည့်တွေက သူတို့လိုဘွဲ့ရပြီး ဘာမှမသိ၊ ဘာမှမတတ်တဲ့သူတွေ မဖြစ်စေချင်လို့ ငွေကုန်ကြေးကျ အများကြီးခံပြီး သားသမီးတွေကို ပညာပေးနေရတာ ဖြစ်ကြောင်းပြောကြတယ်။

ကျုရှင်ကျမှသင်တယ်ကလေးတွေ အကြောင်းကစပြီး ပညာရေးအကြောင်းပြောကြတော့ အစိုးရကျောင်းတွေကတော့ တော်တော်ဆိုးနေပြီ။ ဆရာဆရာမတွေက ကျောင်းမှာ ကောင်းကောင်းမသင်ဘဲ၊ ကျူရှင်ကျမှ သေသေချာချာ သင်ကြတယ်။ ကျူရှင်မယူတဲ့ ကလေးတွေဆို မျက်နှာကောင်းမရဘူး။ အဲဒီ ကျူရှင်လခနဲ့ ၀ိုင်းကျူရှင်လခနဲ့ ဂိုက်အတွက်ပေးရတာနဲ့ အားလုံးပေါင်းလိုက်ရင် အပြင်ကျောင်းကုန်ကျစရိတ်နဲ့ သိပ်မကွာလှတော့ဘူးလို့ ဆိုကြတယ်။ အစိုးရကျောင်းမတက်တော့ တက္ကသိုလ်တက်ရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ဒီက တက္ကသိုလ်တွေ ဘာလုပ်မှာလဲ၊ နိုင်ငံခြားတက္ကသိုလ်တွေတက်ကြမှာပေါ့တဲ့။ ခြုံစရာရှိလို့ ချမ်းကြတာမို့ ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ဆရာ၊ဆရာမတွေရဲ့  ကျူရှင်ကြောင့် အစိုးရကျောင်းတွေ ပျက်တာဆိုတဲ့ စကားကိုတော့ တယ်ပြီး ဘ၀င်မကျချင်ဘူး။

မ တစ်ရာသားတွေမှန်ပါတယ်။ ဒီခေတ်မှာ မူကြိုအရွယ်ကနေ ဘွဲ့ရပြီးတဲ့အရွယ်ထိ ကျူရှင်နဲ့ဘယ်သူမှ မကင်းနိုင်ကြဘူး။ ဘွဲ့ရပြီးတော့လည်း အလုပ်ခွင်ဝင်ခွင့်ကျူရှင်ဆိုတာ တက်ကြရသေးတယ်။ ကျူရှင်တွေကို ဆရာ၊ဆရာမတွေက တမင်မွေးထုတ်လိုက်တာမဟုတ်တာတော့ သေချာတယ်။ ကျောင်းမှာတစ်နေ့လုံး " မ တစ်ရာသား " တွေကို တဟဲ့ဟဲ့နဲ့ ထိန်းကျောင်းခဲ့ရပြီး၊ အနားယူရမယ့် အချိန်ကလေးမှာလည်းဆက်ပြီး ထိန်းရင်းကျောင်းရင်း စာသင်ပေးရတာမျိုးကို ဘယ်ဆရာ၊ ဆရာမမှ လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ တပည့်လေးတွေကို တတ်စေချင၊် အောင်စေချင်တဲ့ စေတနာကြီးမားလွန်းလို့သာ သင်ကြရရှာတာပါ။

ငါ့ဝမ်းပူဆာမနေသာ
ကျူရှင်မယူရင် ဆူပူကြိမ်းမောင်းတယ်ဆိုတာကလည်း " စုန်းပြူး " တစ်ယောက်တစ်လေဖြစ်မှာပါ။ ရတဲ့လခလေး မဖြစ်စလောက်မို့ " ငါ့ဝမ်းပူဆာမနေသာ " တာကြောင့် ကျူရှင်ပေးရလည်း အရင်းခံကတော့ စေတနာပါ။ ဘွဲ့ရပြီးဘာမှမတတ် ဘာမှမသိဖြစ်ရတဲ့ကိစကို ကျူရှင်အပေါ်ပုံချ၊ ဆရာဆရာမတွေကို အပြစ်ဖို့လုပ်ရုံနဲ့ ပြသနာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ပြသနာရဲ့ အရင်းအမြစ်ကို မှန်မှန်ကန်ကန်ရှာဖွေနိုင်မှ အဖြေရမှာ ဖြစ်တယ်။ အရင်းအမြစ်ကို ရှာတဲ့အခါမှာလည်း အစည်းအဝေးခန်းမကြီးတွေထဲမှာတင် ရှာဖွေနေလို့ကတော့ ပကတိအဖြစ်မှန်၊ အခြေအနေမှန်ကို ဘယ်နည်းနဲ့မှ မရနိုင်မသိနိုင်ဘူး။

နောက်တော်ပါတွေနဲ့အောက်ခြေဆင်းတယ်ဆိုပြီး နောက်တော်ပါ တစ်ပြုံကြီးနဲ့ သွားကြည့်ရင်လည်း ပကတိအခြေအနေမှန်ကို မသိနိုင်ဘူး။ သနပ်ခါးလိမ်း၊ ပန်းပန်ပြထားတာတွေပဲ တွေ့ရလိမ့်မယ်။ တကယ့်အဖြစ်မှန်၊ အခြေအနေမှန်ကိုသိချင်ရင် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို တွေ့ဆုံမေးမြန်းမှပဲ ဖြစ်လိမ့်မယ်။ ကျောင်းထဲမှာ အစည်းအဝေးခေါ်ပြီး ပြောပါဆိုရုံနဲ့တော့ ဘယ်သူမှပြောမှာမဟုတ်တာ သေချာတယ်။ အတိုင်ခံရသူတွေက ဘာမှမဖြစ်ဘဲ၊ တိုင်ကြားသူသာအရေးယူခံရတဲ့ အဖြစ်မျိုးတွေ ကြုံဖူးပေါင်းများပြီဆိုတော့ လူတွေက ရှေ့ထွက်ပြီး လူစွမ်းကောင်း မလုပ်ချင်ကြတော့ဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဆိုတာကလည်း သိသိသာသာဖြစ်လာတာ မတွေ့မမြင်ရသေးဘူး။

အဆင့်မြင့်ပါတယ်ဆရာ၊ဆရာမတွေရဲ့ ကျူရှင်ကြောင့် မဟုတ်ဘူးဆိုတော့ ၊ ပြဋ္ဌာန်းတဲ့သင်ရိုးညွှန်းတမ်းစာအုပ်တွေကြောင့်လား ဆိုပြီး သူငယ်တန်းကနေ ဆယ်တန်းအထိစာအုပ်တွေ လှန်လှောကြည့်တော့ တော်တော်တောင် အံ့အားသင့်သွားတယ်။ စာအုပ်တွေမှာပါတဲ့ သင်ခန်းစာတွေဟာ အတော်ကို အဆင့်အတန်းမြင့်ကြပါတယ်။ မူလတန်းစာအုပ်ထဲက စာတွေဟာ မူလတန်းအရွယ်ကလေးတွေနဲ့တောင် မလိုက်အောင် အဆင့်မြင့်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာသင်တဲ့ သင်္ချာ၊ ဓာတု၊ ရူပ သင်ခန်းစာတချို့ဆိုရင် ကျွန်တော်တို့ခေတ် အိုင်အက်စ်စီ (စီနီယာ)တန်းရောက်မှ သင်ရတာတွေ ဖြစ်တာတွေ့ရတယ်။ တကသိုလ်အတန်းအသီးသီးက စာတွေလည်း အဆင့်မနိမ့်ပါဘူး။

လေ့လာဆန်းစစ်ဖို့လိုဆရာတွေနဲ့ ကျူရှင်ကြောင့်လည်း မဟုတ်၊ သင်ရိုးညွှန်းတမ်းကြောင့်လည်း မဟုတ်ဆိုရင်တော့ ဘာကြောင့် ဒီနေ့ လက်ရှိအခြေအနေမျိုး ဖြစ်နေရတာလဲ။ သေသေချာချာ စနစ်တကျလေ့လာ ဆန်းစစ်ကြဖို့ လိုပါတယ်။ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကြီးတွေအားလုံး ပါဝင်တက်ရောက်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ၀ပ်ရှော့တွေ အများကြီးလုပ်ကြဖို့ တိုက်တွန်းလိုတယ်။ ဘေးကပညာရေး စိတ်ဝင်စားသူတစ်ယောက်ရဲ့ အမြင်ကို ပြောရရင်တော့ ဟိုနားနည်းနည်းပြင်လိုက်၊ ဒီနားနည်းနည်းဖာထေးလိုက်လုပ်ရုံနဲ့ လုံလောက်လိမ့်မယ် မထင်ဘူး။ အလုံးစုံတစ်ခုလုံးကို ပြင်ပစ်မှာပဲ ရတော့မယ်လို့ထင်မိတယ်။

အားလုံးကောင်းပါသည်ခင်ဗျား
နောက်တော်ပါ ခြွေရံသင်းပင်းတွေ တစ်ပြုံကြီးနဲ့ စစ်ဆေးရေးသွားတဲ့အကျင့်တွေ လုံးဝဖျောက်ပစ်ဖို့ လိုသလို၊ လူကြီးလာမယ်ဆိုမှ အကျည်းတန်တွေအားလုံး သနပ်ခါးလိမ်း၊ ပန်းပန်၊ မရှိတာတွေ အရှိလုပ်ပြ၊ မေးသမျှ မေးခွန်းတိုင်း အားလုံးကောင်းပါသည်ခင်ဗျား လုပ်ကြတဲ့ ၀န်ထမ်းလက်စွဲ အစဉ်အလာအားလုံး ကိုလည်း ဖျောက်ပစ်ဖို့လိုတယ်။ ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အကျင့်ပါခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ထစ်ခနဲဆို ပါတီကခေါ်ခိုင်း၊ အရေးအကြောင်းဆို ကောင်စီက ခေါ်ခိုင်း၊ ဘာမှခိုင်းစရာမရှိရင် ကောင်စီမှာ ကင်းစောင့် ခိုင်းတယ်။ တယ်လီဖုန်းစောင့်ခိုင်းဆိုတဲ့ ခေါက်ရိုးကျိုးစိတ်ဓာတ်တွေလည်း လုံးဝပျောက်ကွယ်သွားဖို့လိုတယ်။

အားနာနာနဲ့ဖြေရတာမြန်မာ့ဆိုရှယ်လစ် တစ်ခေတ်လုံး ဆရာ၊ဆရာမတွေမှာ ကျောင်းအလုပ်နဲ့ မဆိုင်တာတွေနဲ့ချည်း အချိန်ကုန် နေရတဲ့အတွက် ကျောင်းမှာ စာကောင်းကောင်း မသင်နိုင်ခဲ့ကြဘူး။ ပြီးတော့ အတန်းတစ်တန်းမှာ လူ၆၀၊ ၇၀ ပြွတ်သိပ်ညပ်နေတာတွေလည်း ပြုပြင်ဖို့လိုတယ်။ ဗလာစာအုပ်ဝယ်ရ ရောင်းရ၊ ကျောင်းဝတ်စုံ ၀ယ်ရ ရောင်းရ၊ စာသင်ခုံတွေ ရှာရဖွေရ ၊ မြေဖြူခဲတွေရှာရ ဆိုတဲ့ ဒုကပေါင်းစုံကလည်း ကင်းလွတ်အောင် လုပ်ပေးဖို့လိုတယ်။ ဒါဆိုရင် ရပြီလား၊ ကောင်းသွားမှာလားမေးရင် ဒီလောက်နဲ့လည်း မရသေးဘူးလို့ အားနာနာနဲ့ ဖြေရတာကို ခွင့်လွှတ်ပါ။

တွန်းအားပေးကြဖို့စနစ်တစ်ခုက တစ်ခုကို ပြောင်းမယ်ဆိုရင် တစ်နေရာတည်း တစ်ခုတည်းကွက်ပြီး ပြောင်းလို့မရနိုင်ဘူး။ တစ်စုံလုံးပြောင်းပစ်မှဖြစ်မှာ။ ပျက်တာကလည်း ပညာရေးတစ်ခုတည်းမဟုတ်ဘူး။ အားလုံးပြုပြင်ဖို့ လိုနေတာ ချည်းပဲ။ ဒါကြောင့် အားလုံးတစ်စုံလုံး ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲနဲ့ ပညာရေးကဏ္ဍတို့၊ ကျန်းမာရေးကဏ္ဍတို့ချည်း ကွက်ပြီးလုပ်ဖို့မဖြစ်နိုင်ဘူး။ အားလုံးပြင်နိုင်အောင် ၀ိုင်းပြီး တွန်းအားပေးကြဖို့ အထူးလိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

လူထုစိန်ဝင်း

ဒီ "အရင်းစစ်တော့ စနစ်တစ်ခုလုံးပြင်ရမှာ " ဆောင်းပါးက
၂၆-၀၂-၂၀၁၂အပတ် ထုတ်ဝေတဲ့ True News Journal မှာ ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။