Saturday, April 28, 2012

ဒဏ်ရာပြင်းထန်စွာ ရရှိသည့်အလုပ်သမားအမျိုးသမီးငယ်အထည်ချုပ်ကုမ္ပဏီတာဝန်ရှိသူများက လျစ်လျူရှုထား


အဘ ဥက္ကာကိုကို

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံ စက်မှုဇုန်ရှိတရုတ်နိုင်ငံသားပိုင်ကုမဏီ ADK အထည်ချုပ်စက်ရုံ ဖယ်ရီကား တိမ်းမှောက်ရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသည့် အသက် ၁၉ နှစ်အရွယ် အလုပ်သမားအမျိုးသမီးငယ်၏ လွန်စွာဆိုးရွားနေသောကျန်းမာရေး< အဆိုပါအထည်ချုပ်ကုမ္ပဏီတာဝန်ရှိသူများက လျစ်လျူရှုထားကြောင်း သိရသည်။
ယင်းကုမ္ပဏီမှ အရှည် ၁၄ပေရှိ စက်ရုံဖယ်ရီကားကို မောင်းနှင်သည့် ဒရိုင်ဘာကိုကျော်မင်းဆိုသူမှာ ကားပေါ်တွင် အရက်ပုလင်းများတင်ပြီး အခြားအပေါင်းအသင်း အမျိုးအသား သုံး လေးယောက်ကိုပါ ဖယ်ရီကားပေါ်သို့ခေါ်တင်ကာမောင်းနှင်စဉ် ရှေ့မှ ကွန်တိန်နာယာဉ်ကို ၀င်တိုက်မိခြင်းဖြစ်သည်။ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ စက်ရုံအလုပ်သမားများ ၂၃ ဦးခန့် အနက်မှကိုယ်ဝန် ငါးလရှိ အမျိုးသမီးတစ်ဦးအပါအ၀င် စုစုပေါင်း လေးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သူများမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် အသက် ၁၉ နှစ်အရွယ် မဝေေ၀လင်း ခေါ် မသူဇာလင်းမှာပြင်းထန်သောဒဏ်ရာများကို ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ဆေးကုသမှုကို ခံယူလျက်ရှိသည်။“ယာဉ်တိုက်မှုဖြစ်ကတည်းက ရန်ကုန်ဆေးရုံကြီးကို ဝေေ၀လင်းတစ်ယောက်ကိုပဲ
တင်ခဲ့ပါတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာ အင်းစိန်ဆေးရုံမှာပဲ ကုသပေးခဲ့ပါတယ်။ ဝေေ၀လင်းရဲ့အစ်မ အသက် ၂၉နှစ်အရွယ် မသန္တာလင်းကတော့အင်းစိန်ဆေးရုံကြီးမှာ သားအိမ်ကို ထုတ်လိုက်ရပါတယ်။ အခုတော့နားနေရတဲ့အနေအထားမှာပဲ ရှိပါတယ်။ လမ်းတောင်မလျှောက်နိုင်သေးပါဘူး(မိသားစုဝင်ကပြောစကား)“ယာဉ်တိုက်မှုဖြစ်ပြီးတော့ နောက်တစ်ရက်မှာပဲ စက်ရုံက ဆေးဖိုး ၃၅၀၀၀၀
တစ်ကြိမ်၊ ၉၇၀၀၀ တစ်ကြိမ် ရတယ်။ အဲဒါပြီးတော့ စက်ရုံက ၀န်ထမ်းတွေစုပေးတဲ့ငွေဆိုပြီးတော့ ၁၅၀၀၀၀ ရတယ်။ မတ်လ ၁၈ ရက်နေ့မှာ စက်ရုံမှ တာဝန်ရှိသူက ဆေးဖိုး ၂၀၀၀၀ ပေးတယ်။ အလုပ်သမားတွေက ပေးတဲ့ငွေဆိုပြီး ၇၀၀၀၀တစ်ခါရတယ်။ အဲဒီနောက်ပိုင်းကတည်းက စက်ရုံက ဒီလူနာကို တစ်ယောက်မှလာမကြည့်ကြတော့ပါဘူး
၂၅-၄-၂၀၁၂ ရက်နေ့မှာတော့ စက်ရုံမန်နေဂျာဒေါ်စန္ဒာထွန်းနဲ့ နောက်နှစ်ယောက်ကလာပြီး ဆေးဖိုးပိုက်ဆံပေးဖို့လုပ်ပါတယ်။ လူကြီးတွေလည်း မရှိသေးတာနဲ့ မယူလိုက်ပါဘူး”
(မိသားစုဝင်ပြောစကား)
“ကျွန်တော်တို့ က လည်း သိတာ နောက်ကျတယ် ။ တိုင်းရင်သားရေးရာ ၀န်ကြီးကိုပြောပြီး နောက်နေ့မှာပဲ စက်ရုံက လာသွားတယ်လို့ သိရတယ်၊ ကျွန်တော်တို့လည်းမရှိတာနဲ့ လူနာရှင်ကလည်း သိပ်နားမလည်တော့ ပိုက်ဆံထုတ်လိုက်ပေးတာကိုမယူလိုက်တာဖြစ်မယ်။ ကျွန်တော်တို့ စက်ရုံပိုင်ရှင်ဆီကိုထိ သွားဖို့လုပ်နေကြတယ်။ လူနာအခြေအနေက သိပ်မကောင်းဘူး။ တကိုယ်လုံး စုတ်ပြတ်နေတာပဲ”(ကူညီဆောင်ရွက်ပေးနေသူ တစ်ဦး)
လူနာ မဝေေ၀လင်းမှာ ယာဉ်တိုက်မှုကြောင့် ဦးခေါင်းကွဲ၊ အဆုတ် အသည်းများကို ထိခိုက်ကာ သရက်ရွက် စုတ်သွားပြီ၊ ဆီးအိမ်ကွဲသွားကြောင်း၊ယင်းနောက် အူပိတ်ကာ တင်ပဆုံရိုးဒဏ်ရာနှင့် လက်ဝဲလက်မောင်းကျိုးခြင်း ဒဏ်ရာတို့ကိုရကာ ရန်ကုန်ဆေးရုံကြီး ICU တွင် အထူးဂရုစိုက်ကုသနေရကြောင်း သိရသည်။ ယခုအခါ ၀မ်းဗိုက်ကို သုံးကြိမ်တိတိ ခွဲပြီးကုသပြီးဖြစ်ကြောင်း၊ သို့သော်လည်း လူနာရှင်များမှာ နယ်မှဖြစ်သည်ကတစ်ကြောင်း၊ဆင်းရဲနွမ်းပါးသည်ကတစ်ကြောင်းကြောင့် ဆေးဖိုးဝါးခများအခက်အခဲတွေ့နေရကြောင်း သိရသည်။
အဆိုပါ ဖယ်ရီယာဉ်သည် လှော်ကား ၀ါးတရာအနီး လိပ်ကုန်းရွာတွင်နေထိုင်သောဦးမြင့်ဆွေပိုင် ယာဉ်ဖြစ်ပြီး ယာဉ်မောင်းသူမှာ ဦးမြင့်ဆွေ၏သားဖြစ်ကာယခုအခါ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။
အမှုကို အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းဌေးမှ တရားလိုပြုကာ ပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၉/၂၀၂တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်

ထိုင်းဗိုလ်ချုပ်တွေပေးတဲ့ သင်္ခန်းစာ

သောကြာ, 27 ဧပြီ 2012
By ဦးအောင်ခင် & ဒေါ်ခင်စိုးဝင်း
အနှစ် (၂၀) ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရက ဖွဲ့စည်းလိုက်တဲ့ အရပ်သားတပိုင်းအစိုးရရဲ့  ပြုပြင်ရေးအစီအစဉ်တွေကြောင့် ပြည်တွင်းပြည်ပမှာ အခြေအနေပြောင်းဖို့ အလားအလာကောင်းနေပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကို ယုံကြည်စိတ်ချလို့မရသေးကြောင်း ဝေဖန်သုံးသပ်တာတွေရှိပါတယ်။ စစ်ဗိုလ်တွေ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံက စီးပွားရေးအားကောင်းပြီး မြန်မာပြည်ချွတ်ခြုံကျရတဲ့ကိစ္စကို ဆန်းစစ်ကြပါတယ်။ ထိုင်းစီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်ကြီးထွားနေပါတယ်။

မနှစ်က ထိုင်းအစိုးရမှာ နိုင်ငံခြားသုံးငွေလက်ကျန်ဒေါ်လာ သန်းပေါင်းတသိန်း (၇) သောင်း (၅) ထောင်ကျော် (၁၇၅၁၀၀) ရှိပြီး ဗမာအစိုးရမှာတော့ (၄) ထောင်နီးပါးသာ (၃၉၂၉) ရှိပါတယ်။ ဗမာစစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ မှာ ထိုင်းနဲ့မြန်မာ စီးပွားရေးဟာ မတိမ်းမယိမ်းရှိနေရာက အနှစ် (၅၀) ကြာတဲ့အခါမှာ ထိုင်းအစိုးရက ဗမာအစိုးရထက် (၄၅) ဆ ပိုပြီးချမ်းသာနေတာတွေ့ရပါတယ်။ နှစ်နိုင်ငံစလုံးမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ပေမယ့် စီးပွားရေးမှာ ကွာဟချက် ကြီးမားလွန်တာကို သုံးသပ်ဖို့ လိုပါတယ်။

ခေတ်နဲ့မဆီလျှော်တော့တဲ့ အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကိုပယ်ဖျက်ပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ဘုရင်စနစ်ကို ၁၉၃၂ ခုနှစ်မှာ တည်ထောင်သူဟာ ထိုင်းစစ်ဗိုလ်နဲ့ အရပ်သားဝန်ထမ်းဖြစ်ပါတယ်။ အဲဒီကတည်းက ပညာတတ်အရပ်သားဝန်ထမ်းနဲ့ လက်တွဲလုပ်နိုင်တာဟာ ထိုင်းစစ်ဗိုလ်ရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်ကတော့ အာဏာရပြီးတာနဲ့ အရပ်သားဝန်ထမ်းကို အခိုင်းအစေဖြစ်အောင်လုပ်ပြီး BCS နိုင်ငံ့ဝန်ထမ်းစနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ရာထူးမှန်သမျှ ဗမာစစ်ဗိုလ်က သိမ်းယူလိုက်ပါတယ်။ ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ ဒုတိယအသွင် လက္ခဏာဟာ နိုင်ငံရေးအမြင်ဖြစ်ပါတယ်။ တိုင်းပြည်အကျပ်အတည်းကို အရပ်သားက ဖြေရှင်းနိုင်စွမ်းမရှိရင် စစ်တပ်က ဖြေရှင်းပေးရမယ့်လို့ ထိုင်းစစ်ဗိုလ်က ယုံကြည်တာကြောင့် ရေရှည်အာဏာသိမ်းဖို့ မရည်ရွယ်ပါဘူး။

ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ တတိယအသွင်လက္ခဏာကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအင်အားစုလို့ ယူဆတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီပြုပြင်ရေးပြီးတာနဲ့ တပ်စခန်းကို ပြန်ကြပါတယ်။ ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက အာဏာကို လက်ဝါးကြီးအုပ်သုံးစွဲခဲ့ပြီး ၂၀၀၈ မှာ စစ်ဗိုလ်ဦးဆောင်တဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားပါတယ်။ နေပြည်တော်ဟာ စစ်အာဏာရှင်ရဲ့  ပြယုဂ်ဖြစ်ပါတယ်။ ဗမာစစ်တပ်မှာ ဒီမိုကရေစီဆန့်ကျင်တဲ့ အစဉ်အလာကြီးမားပါတယ်။ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းစစ်ဗိုလ်ဟာ ကိုယ်ကျိုးစီးပွားအာရုံစိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ လက်နက်ခဲယမ်းရောင်းဝယ်ရေး၊ မှောင်ခိုလုပ်ငန်းအစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ ၁၉၉၈ စာရင်းအရ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ် (၁၈၅၉) ဦးရှိပြီး (၆၀၀) ကျော်မှာ ဘာတာဝန်မှ မရှိပါဘူး။

ဒါပေမဲ့ ထိုင်းစစ်ဗိုလ်ရဲ့  ကိုယ်ကျိုးရှာလုပ်ငန်းဟာ တိုင်းပြည်မထိခိုက်တဲ့အတွက် ထိုင်းစီးပွားရေး ရှင်သန်တိုးတက်နေတာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ ဆိုရှယ်လစစ်စနစ်မှာရော ဈေးကွက်စနစ်မှာရော အာဏာပါဝါပြဖို့ အဓိကထားအတွက် တိုင်းပြည်ချွတ်ခြုံကျရပါတယ်။ ထိုင်းစစ်တပ်ရဲ့  တာဝန်ဟာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၁၉၉၄ စာတမ်းမှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင်ကတော့ ဖွံ့ဖြိုးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ စစ်တပ်ပါဝင်တာကို သဘောကျပါတယ်။ ပြည်သူလူထု သက်သာချောင်ချိရေးနဲ့ ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးအတွက် ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ စစ်တပ်ပါဝင်ရမယ်လို့ ထိုင်းဘုရင်က ၁၉၉၅ မှာ ပြောဖူးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း (၁၆) ခု ရှိခဲ့ပေမယ့် ထိုင်းစီးပွားရေးဟာ တိုးတက်နေပါတယ်။

၁၉၃၂ ခုနှစ်မှာ ပထမဆုံးအကြိမ် အာဏာသိမ်းတဲ့ ထိုင်းစစ်အစိုးရကစပြီး ဘယ်စစ်အစိုးရကမှ တိုင်းပြည်ကိုခွစီးပြီး ကိုယ်ကျိုးရှာဖို့ စိတ်မကူးကြပါဘူး။ လုပ်စရာရှိတဲ့ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ပြီးတာနဲ့ စစ်တန်းလျားကို ပြန်ကြတာချည်းပါပဲ။ အဲဒီကစပြီး စစ်ဗိုလ်နဲ့ အရပ်သားလက်တွဲပြီး ပြုပြင်ရေးလုပ်တဲ့ဓလေ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသမိုင်းမှာ တန်ပြန်အာဏာသိမ်းပွဲတွေ ရှိတာကိုကြည့်ရင် ထိုင်းစစ်ဗိုလ်ထဲမှာ မိမိယုံကြည်ချက်အတိုင်း လုပ်သူတွေရှိတာ သိသာပါတယ်။ ဒီ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်ဟာ ရာသက်ပန်အာဏာရယူဖို့ စိတ်မကူးပါဘူး။

ထိုင်းစစ်ဗိုလ်ဟာ အဂတိလိုက်စားတဲ့နေရာမှာ နာမည်ကြီးပါတယ်။ စစ်အာဏာသိမ်းတိုင်း စစ်တပ်အသုံးစရိတ် တိုးတောင်းပြီး အကြံအဖန်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ စည်းလုံးရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးမှာလည်း ထိုင်းစစ်ဗိုလ်ဟာ အရပ်သားပညာတတ်နဲ့ လက်တွဲပြီး ပါဝင်နေပါတယ်။ ထိုင်းစစ်တပ်ဟာ ပြည်တွင်းရန်ကိုသာ အာရုံစိုက်ပေမယ့် နေရတကာမှာ ချုပ်ချယ်ဖို့ စိတ်မကူးပါဘူး။ ဒါကြောင့်မို့ စစ်အာဏာသိမ်းတာတွေ ရှိပေမယ့် တိုင်းပြည်စီးပွားရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးနေတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_04-28-2012-149318525.html

ဒေသခံ အာဏာပိုင်တွေရဲ့ မတရားမှု လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြ

2012-04-27
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ကံကောက်ရပ်ကွက်က နေအိမ်တွေကို လုပ်ငန်းရှင်နဲ့ ဒေသခံအာဏာပိုင် ပေါင်းပြီး ဈေးနှိမ်ဝယ်ယူ သိမ်းပိုက်နေသလို သဘောမတူတဲ့ အိမ်ရှင်တွေကို တရားစွဲမယ်လို့ သတိပေးစာ ပို့တယ်လို့ သိရပါတယ်။
RFA
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
အဲဒီကိစ္စအတွက် ဒေသခံတွေက လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားတယ်လို့ အိမ်အသိမ်းခံရမယ့် သူတစ်ဦးဖြစ်တဲ့ ဦးနန္ဒာဦးက RFA ကို ပြောပါတယ်။
အဲဒီနေရာက အိမ်မြေဈေးဟာ အရင်က တန်ဖိုးမကြီးပေမယ့် အခုနောက်ပိုင်းမှာတော့ သိန်းလေးရာဝန်းကျင် တန်တဲ့နေရာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
စုစုပေါင်း နေအိမ် ၂၅ လုံးလောက်မှာ အိမ်ခြေတစ်ဝက်လောက်ကို သိန်းဆယ်ဂဏန်းလောက်နဲ့ ဝယ်ယူ သိမ်းပိုက်လိုက်တဲ့အတွက် အခုဆိုရင် မဖယ်ပေးဘဲ ဆက်လက်နေထိုင်သူ ဆယ်ဦးကျော်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။
 http://www.rfa.org/burmese/news/land-human-rights-commission-04272012105658.html

တရုတ်ပြည်မှာရွှေရွှေဝယ်ထားတဲ့အိမ်ရောင်းလိုက်ရင်ADBအကြွေး၂ခါပြန်ဆပ်လို့ရတယ်

အကြွေးပြန်ဆပ်ရင် အာရှဖွံဖြိုးရေးဘဏ်က မြန်မာကိုကူမည်
2012-04-27
မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းလာတဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ဥက္ကဋ္ဌ Haruhiko Kuroda က မနေ့က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ADB အပေါ် အကြွေးတင်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးကို လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ မဖြစ်မနေ ပြန်ဆပ်မှသာ နောက်ထပ် ငွေကြေးဆိုင်ရာ အကူအညီအသစ်တွေကို ပေးနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီလိုအကြွေးပေးဆပ်နိုင်ဖို့ အတွက်လည်း ADB ဟာ မြန်မာအစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံသွားမယ်လို့ Mr. Kuroda က ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် ရည်ရွယ်တယ်လို့လည်း သူကဆိုပါတယ်။ အရှေ့တောင်အာရှရဲ့လူဦးရေ စာရင်းအရဆိုရင် မြန်မာပြည်ဟာ အဆင့်လေးမှာရှိနေပြီး အလုပ်သမားဦးရေ အများအပြားရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် အခွင့်အလမ်းကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး သဘာဝရေနံနဲ့ ဓာတ်ငွေ့တွေ ထွက်ရှိတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း ADB ဥက္ကဋ္ဌ က ပြောသွားပါတယ်။
http://www.rfa.org/burmese/news/adb-burma-04272012210529.html

ADB အကြွေးကြေမှ ပြန်ကူမည်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အာရှဖွံ့ဖြိုးရေးဘဏ် ADB သို့ မြန်မာအစိုးရ ဆပ်ရန်ရှိသည့် ကြွေးငွေ ဒေါ်လာ သန်း ၄၉ဝ ပြန်လည်ပေးဆပ်ပြီးမှသာ နောက်ထပ် ငွေကြေးအကူအညီများ ပေးနိုင်မည်ဟုဆိုသည်။ အကူအညီများ ပြန်လည်စတင်ပေးရန်အတွက် စုပြုံသော အကြွေးများမှာ “အတားအဆီးကြီး”တခု ဖြစ်နေကြောင်း ADB ဥက္ကဋ္ဌ Haruhiko Kuroda က ပြောသည်။ “ကျနော် အထူးပြုပြောလိုတာကတော့ အများနဲ့ချုပ်ဆိုရတဲ့ စာချုပ်တွေဖြစ်နေတော့ ကျနော်တို့အနေနဲ့ သိပ်ပြီး ပျော့ပြောင်းလို့ မရပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စတုတ္ထ လူဦးရေအများဆုံး တိုင်းပြည်ဖြစ်သည့်အလျောက် ရင်းနှီးမြှုပ်နှံမှုများ အတွက် လုပ်သားအလားအလာ ကြီးမားလှပြီး မဖော်ထုတ်ရသေးသည့် သဘာဝ သယံဇာတများ ရှိနေသည်ဟုလည်း မစ္စတာ ကူရိုဒါ က ပြောသည်။ ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အတိုးနည်းချေးငွေနှင့် ထောက်ပံ့ကြေးများ ပေးလာခဲ့သော ADB အား မူလ စတင် တည်ထောင်သည့် ၁၉၆၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုအား စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့သည့်မှစ၍ မြန်မာနိုင်ငံအပေါ် ADB ကူညီမှုများ ရပ်ဆိုင်းထားခဲ့သည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အခြေစိုက်သည့် ၎င်းတို့ဘဏ်အနေဖြင့် မြန်မာအစိုးရနှင့် “အပြုသဘော ဆက်ဆံ”ရန် ပြင်ဆင်ထားကြောင်း မစ္စတာ ကူရိုဒါ က ပြောဆိုသွားကြောင်း သြစတြေးလျ ABC သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံနှင့် နှစ်ပေါင်း ၂ဝ ကျော် အဆက်ဖြတ်ထားခဲ့သော ကမ္ဘာ့ဘဏ်အနေနှင့်လည်း အကူအညီများ ပြန်လည် ပေးအပ်နိုင်ရန် အတွက် ဘဏ်ရုံးခွဲတခု မြန်မာနိုင်ငံအတွင်း လာရောက် ဖွင့်လှစ်တော့မည် ဖြစ်သည်။ ဇွန်လအတွင်း ဖွင့်လှစ်ရန်ရှိသည့် ကမ္ဘာ့ဘဏ်ရုံးအနေဖြင့် လက်ရှိ အကြွေးများကို စီစစ်သွားကာ တိကျမှန်ကန်သည့် စီးပွားရေးအချက်အလက်များကို ရယူသွားမည်ဟု ဆိုသည်။ ကမ္ဘာ့ဘဏ်အား ပေးရန်ရှိသည့်အကြွေးမှာလည်း ဒေါ်လာ ၃၉၃ သန်း ရှိနေသည်မှာ ၁၉၈ဝ စုနှစ်များကတည်းက ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အရှေ့အာရှ ဒု-ဥက္ကဋ္ဌ Pamela Cox က ပြောကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြပါရှိ သည်။
မြန်မာအစိုးရနှင့် ဆက်ဆံရေးအတွက် ဘဏ်၏ဘုတ်အဖွဲ့၊ ရှယ်ယာရှင်များ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ တွဲဖက်အဖွဲ့များအပြင် မြန်မာအစိုးရနှင့်ပါ နီးကပ်စွာ လုပ်ကိုင်လျက်ရှိကြောင်း မစ္စကောက်က်စ် က ဆိုသည်။ “ပြုပြင်ပြောင်းလဲရေးတွေဟာ အကဲဆတ်သေးတယ်ဆိုတာ ကျမတို့ သတိပြုမိပါတယ်။ စွန့်စားရမယ့်ဟာတွေလည်း သိထားပါတယ်။ ကျမတို့နဲ့ ထိတွေ့ဆက်ဆံရေး တိုးတက်မြန်ဆန်မှုဟာ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ ဆိုတာအပေါ်မှာ မူတည်ပါတယ်” ဟု ပြောဆိုသွားသည်။
http://www.mizzimaburmese.com/news/inside-burma/9271-adb--.html

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် NLD ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံမည်


2012-04-27 ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေးနဲ့ ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်တွေကို တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

RFA ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။ NLD ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း အမြန်ဆုံး ပါဝင်လာရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့ အနေနဲ့ အခုလို သွားရောက်တွေ့ဆုံဖို့ စီစဉ် တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို ဧပြီလ ၂၅ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကလည်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ မနေ့က စာရေးသား တောင်းဆိုခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးဟာ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး စတုတ္ထ ပုံမှန်အစည်းအဝေးကို လာမဲ့ ဇူလိုင်လမှာ ပြန်လည် ကျင်းပမယ်လို့ သိရပါတယ်။
 http://www.rfa.org/burmese/news/rndp-dr-aye-maung-nld-04272012082820.html

ရွှေနံသာလယ်သမားများအရေး ဘယ်သူတွေ ၀င်ရှင်းပေးမလဲ


by Naung Taw Lay on Saturday, April 28, 2012 at 1:44am ·
ရွှေနံသာကျေးရွာက လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေထဲမှာ ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးနေတာတွေ နဲ့ပတ်သက်ပြီး ၂၇.၂.၂၀၁၂ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။ ယခင်နှစ်ကလည်း စပါးစိုက်ချိန်မှာ လယ်ကန် သင်းတွေ ဖျက်စီးခံရလို့ ပြန်လည်ပြုပြင်ခဲ့ရကြောင်း၊ ယခုအခါမှာလည်း ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးလို့ လယ်ကန်သင်းတွေ မရှိသလောက် ဖြစ်နေပြီဆိုတဲ့အကြောင်း သက်သေသက်ကာယအနေနဲ့ လိုက်လံပြသရာ မှာ ဇေကမ္ဘာကုမ္ပဏီပိုင် ဘူဒိုဇာနှစ်စီးဟာ အပြိုင်အဆိုင် လယ်ကန်သင်းများကို ဖြိုဖျက်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။

လယ်သမားကြီး ဦးလန်ချားရဲ့ လယ်ယာမြေထဲမှာ ဘူဒိုဇာတစ်စီး ဖုန်တထောင်းထောင်းနဲ့ လယ်ကန်သင်းတွေ ကိုဖြိုဖျက်စီးနေတာကို မြင်တဲ့အတွက် လယ်သမားတွေနဲ့ အတူ လိုက်သွားစဉ်မှာ လုပ်ငန်းလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ တခြားတစ်ဖက်ကို လှမ်းကြည့်တဲ့အခါမှာတော့ ဘူဒိုဇာတစ်စီးဟာ ဦးချစ်ဝင်းစိန်ရဲ့ လယ်ယာမြေအတွင်းမှာ လယ်ကန်သင်းရိုးတွေကို ဖျက်စီးနေတာ မြင်တွေ့ရလို့ ကားနဲ့ထပ်မံသွားရောက် ရာမှာလည်း လုပ်ငန်းလုပ်ဆောင်မှုကို ရပ်နားလိုက်ပြန်ပါတယ်။

လယ်သမားကြီး ဦးကျော်စိန် ပြောပြတာကတော့`ဒါက ဦးချစ်ဝင်းစိန်လယ်တွေ။ လယ်တွေက ဘောလုံးကွင်း လိုဖြစ်နေပြီ။ လယ်သမားတွေက ဘယ်လိုဆက်လုပ်ကြမလဲ။ ဇေကမ္ဘာကလယ်သမားကို ဒုက္ခပေးနေတာ။ အခုထိုးနေတာက ဦးချစ်ဝင်းစိန်လယ်အားလုံး။ မနှစ်ကလည်း တစ်ခါထိုးဖျက်လိုက်ပြီးပြီ။ ဒီနှစ်တစ်ခါ ပြန်ဖျက် နေပြန်တာ။ လယ်သမားတွေက ကိုယ့်စရိတ်နဲ့ကို ပြန်ပြင်ထားတာ။ ဟိုမှာလည်း ခုနထိုးနေတယ်။ ဒီမှာလည်း ထိုးနေတယ်။ အခုပဲစက်လိုက်တာ မြင်လား။ ဒီကားလာတာတွေ့လို့ သူတို့ရပ်လိုက်တာ´လို့ပြောပါတယ်။
လိုက်ပါလာသူ တစ်ဦးရှင်းပြတာကတော့ `ကျွန်တော်တို့နောက်ကိုလိုက်လာတဲ့ SB၊ စအဖ တွေကသွားရပ်ခိုင်း လိုက်လို့ ရပ်သွားတာ။ လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုကို အကူအညီပေးရင်းနဲ့လာတာ။ လာတဲ့နေရာမှာ SB တွေ စအဖတွေ ဆိုင်ကယ်နဲ့လိုက်လာတယ်။ လိုက်လာပြီးတော့ ဒီလယ်ကွင်းထဲမှာဒီစက်တွေကို သူတို့မောင်း နေတယ်။ မောင်းနေတာကို ကျွန်တော်တို့ကို ကျော်လာပြီး သွားရပ်ခိုင်းလိုက်တဲ့အတွက် ဒီဘက်ကိုလာတဲ့ အချိန်မှာဒီစက်က ရပ်သွားတယ်။ ဟိုဘက်ကိုသွားတဲ့အချိန်မှာ ဟိုဘက်က ရပ်သွားတယ်။´ လို့ပြောပြပါတယ်။

ဦးလန်ချားရဲ့ လယ်တွေဘက်ကို ဆိုင်ကယ်နဲ့ ထပ်မံသွားရောက်ရာမှာတော့ တစ်ဖက်က စကားပြောစက်နဲ့ လှမ်း ပြောပေးနေတဲ့အတွက် ရောက်သွားချိန်မှာပဲ စက်ကို နားခိုတဲနားပြန်ကပ်ပြီး ရပ်ထားလိုက်တာကို မြင်တွေ့လိုက်ရပြန်ပါတယ်။ လယ်ရှင်ဖြစ်တဲ့ ဦးလန်ချားရဲ့ ခံစားချက်ကို မေးမြန်းကြည့်ရာမှာတော့ `နိုင်ငံ တော်က စိုက်ပျိုးရေးကိုအခြေခံ၍ ဆိုတာကိုနေ့တိုင်းကြေညာတယ်။ ကျွန်တော်တို့လယ်သမားတွေ စိုက်ပျိုးရေး လုပ်နေတာ။ သူတို့ကဘာမှ ဖြေရှင်းမပေးနိုင်ဘူး။ ဟုတ်ပလား။´လို့ပြောပါတယ်။ ဦးလေးတေို့ နောက်ဆုံး အဆင့် ဘယ်လိုဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားသလဲလို့ မေးမြန်းရာမှာတော့`ဒီနေ့ပါဆို (၂၇.၄.၂၀၁၂) လေးရက်ရှိပြီ။ ဘယ်လိုဆက်လုပ်မလဲဆိုတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူးလေ။ ဘယ်သူမှ ဖြေရှင်း မပေးဘူးဆိုရင်တော့ လူစုပြီးရိုက်ကြဖို့ပဲရှိတော့တယ်။ လယ်မလုပ်ရ၊ ထမင်းငတ်မယ့်အတူတူတော့ ရိုက်ကြ မယ်ပေါ့´လို့ မွန်သံဝဲ၀ဲနဲ့ ပြောပါတယ်။
လယ်သမားတွေကတော့ လယ်တွေထဲမှာ မြေသြဇာအဖြစ် နွားခြေးခြောက်တွေ ချထားတာကိုလည်း တွေ့ရ ပါတယ်။ တင်ပြချထားတွေကို အရေးယူဆောင်ရွက်ပေးမယ်ဆိုရင်လည်း ဒီအထိကြာနေစရာ မလိုဘူး။ ပထမ ပြောထားတာ နိုင်ငံတော်က သိမ်းမယ်ဆိုတာ ဦးလေးတို့ဘာမှ ပြောစရာမရှိဘူး။ လယ်သမားတွေကို ခြိမ်းခြောက်ပြီးတော့ အတင်းအဓမ္မ လက်ဝါးကြီးအုပ်ကြီးဆိုးတာကို လယ်သမားတွေ ခံနေရတယ်။ အခုတော့ လွှတ်တော်မှာလည်း ပြောနေတာပဲ။ ငွေများတရားနိုင်တဲ့ခေတ်မဟုတ်တော့ဘူးဆိုတာကို လွှတ်တော်မှာလည်း ပြောနေတာပဲ´လို့ လယ်သမားတွေက ရင်နာနာနဲ့ ပြောဆိုလာပါတယ်။

နောင်တော်လေး

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံး ဖွင့်ပွဲအမေစုဖဲကြိုးဖြတ်

RFA Burmese
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်တွေ ပိုပြီးခိုင်မာဖို့နဲ့ ပိုပြီးမြန်ဆန်ဖို့ မျှော်လင့်ချက်နဲ့ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားတာကို ဆိုင်းငံ့လိုက်တာဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
သတင်းစာ ရှင်းလင်းပွဲမလုပ်ခင်မှာ အီးယူ အကြီးအကဲနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို NLD ရုံးချုပ် အစည်းအဝေး ခန်းမမှာတွှေဆုံဆွေးနွေးပါတယ်။
Ms Ashton ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုကို ဆိုင်းငံ့လိုက်ပြီးတဲ့နောက်ပိုင်းမှာ အီးယူကအဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။
သူ က အင်းလျားမြိုင်လမ်းမှာ ရှိတဲ့ အီးယူ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့နဲ့ အတူ မွန်းလွဲပိုင်းမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်။
တနင်္လာနေ့ထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း တွှေဆုံဖို့ ရှိပါတယ်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂမှ မူဝါဒ အကြီးအကဲ တွေ့ဆုံ.

Burma VJ Media Network
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂ မူဝါဒအကြီးအကဲ မစ္စစ် ကတ်သရင်း အစတန် တို့ရဲ့ သတင်းစာရှင်းလင်းပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂ မူဝါဒအကြီးအကဲ (ကတ်သရင်း အစတန်) Chief of EUForeign Policy, Ms. Catherine Ashton တို့ဟာ ဒီကနေ့မနက် ၁၀:၃၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ် ခဲ့ပါတယ်။

The Voice Weekly)ဥရောပ သမဂ္ဂ အနေနှင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ ယူရို သန်း ၁၅၀ ပေးအပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍတွင် အဓိကထား အကူအညီ ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဥရောပသမဂ္ဂမှ မူဝါဒ အကြီးအကဲ ကတ်သရင်း အဲရှ်တန်က ပြောကြားလိုက်သည်။ ရန်ကုန်မြို့တော် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ပြုလုပ်သော ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အတုအယောင် ကမ္ဘာ မှာ ဆင်ခြင်စရာ

by Nyein Chan Aye on Saturday, April 28, 2012 at 3:33am ·
လူမှုကွန်ယက်စာမျက်နှာတွေဟာ မျက်မှောက်ခေတ်ရဲ့ လူမှုဘဝထဲကို ထည်ထည်ဝင်ဝင် ဝင်ရောက်လို့လာနေပါတယ်။ သတင်း၊ အချက်အလက်တွေ မြန်ဆန်စွာ ဖလှယ်နိုင်မှုဆိုတဲ့ အားသာချက်ကြာင့် သတင်းခေတ် လူသားတွေအတွက် အွန်လိုင်းစာမျက်နှာတွေကို ချိတ်ဆက်အသုံးပြုမှုဟာ နေ့စဉ် ဘဝရဲ့ နိစ္စဓူဝ အလုပ်ဖြစ်လာပါတယ်။ သတင်းဌာနတွေကလည်း အွန်လိုင်းကို အသုံးပြုပြီး သတင်းတွေကို သတင်းဖတ်သူထံ အမြန်ဆုံးပို့ဆောင်ခြင်းဖြင့် သတင်းစီးဆင်းမှုကို ပိုမိုမြန်စေတယ်။ စီးပွားရေးလုပ်ငန်းတွေကလည်း လူမှုကွန်ယက်စာမျက်နှာတွေမှ တဆင့် ကြော်ငြာတာ၊ ဈေးကွက်မြှင့်တင်တာ တွေ ပိုလုပ်လာနိုင်တယ်။  နိုင်ငံရေးပါတီတွေ၊ တိုင်းပြည် ခေါင်းဆောင်တွေ၊ နာမည်ကျော်ကြားသူတွေ စတဲ့ နယ်ပယ်ဒေသ ပေါင်းစုံက ပုဂ္ဂိုလ် အသီးသီးကလည်း သူတို့ရဲ့ ပရိသတ်၊  ထောက်ခံသူ၊ နောက်လိုက် တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် ထိတွေ့ ဆက်ဆံဖို့ ဒီလို လူမှုကွန်ယက်စာမျက်နှာတွေရဲ့ အကျိုး ကို ပိုမို အသုံးပြုလာကြပါတယ်။  လူမှုကွန်ယက်စာမျက်နှာတွေရဲ့ ကြီးမား၊ ကျယ်ပြန့်တဲ့ ထိရောက်မှုကြောင့် လှုမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေမှာလည်း အလှူငွေတွေ၊ လူထု အသိအမှတ်ပြုမှုတွေ ရရှိတာ ပိုလာပြီး လူမှုလုပ်ငန်းတွေ ပိုပြီးထိရောက်အောင်မြင်လာတယ်။ ဒီလို တစ်ဦးချင်း (သို့) အဖွဲ့အစည်း တွေအနေ လူမှုကွန်ယက်စာမျက်နှာတွေ ကို ကောင်းကျိုးအဖြစ် အသုံးချလာနိုင်ကြတယ်။ နောက်ဆုံး လူမှုကွန်ယက်စာမျက်နှာတွေဟာ တိုင်းပြည်တွေရဲ့ အနာဂတ်ကိုတောင် အကောင်းဘက်ကို ပြောင်းလဲစေတယ်ဆိုတာကို အာရပ်နွေဦးက သက်သေပြခဲ့ပါတယ်။

ဒါပေမယ့် အကြောင်းအရာတိုင်း၊ တိုးတက်ပြောင်းလဲမှုတိုင်းမှာ အကျိုး နဲ့ အတူ အဆိုး၊ အပြစ် ဆိုတာ တွဲပါလေ့ရှိပါတယ်။ လူအများမြင်သာတဲ့ လူတစ်ယောက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မှတ်တမ်းလုပ်ရတဲ့ သတင်းအချက်အလက်တွေကို ခိုးယူမှု၊ အတုပြုလုပ်မှု၊ ကိုယ်ပိုင်ဘဝလုံခြုံမှု အားနည်းမှုလာမှု၊ ဗိုင်းရက်စ် (Virus) လို၊ မားဝယ်လ် (Malware) လို၊ Malicious Programs တွေရဲ့ တိုက်ခိုက်ခံရမှု စတာတွေ အပြင် ကြီးမားတဲ့ လူမှုပြဿနာတွေ အထိ ဆိုးကျိုးသက်ရောက်စေပါတယ်။

ရုပ်ပိုင်းဆိုင်ရာ နည်းပညာတိုးတက်လာမှုနဲ့အတူ ယနေ့ ခေတ်လူငယ်ဟာ အတုအယောင် ကမ္ဘာ (Virtual World) ထဲမှာ  ပိုပြီး ပျော်မွေ့လေ့ရှိပါတယ်။ မွေးလာကတည်းက အပြင် လက်တွေ့ လောကနဲ့ ထိတွေ့မှု နည်းလာပြီး ဖန်သားပြင်တွေက တဆင့် ထိတွေ့ရတဲ့ ကမ္ဘာလေးကို နှစ်ခြိုက်လေ့ရှိပါတယ်။ အပြင်မှာ တကယ့် သူငယ်ချင်းတွေနဲ့ စစ်တိုက်တိုင်း ကစားတာထက် ဂိမ်းထဲမှာ စစ်တိုက်ရတာကို ပိုသဘောကျ လာပါတယ်။ တကယ်မဟုတ်တဲ့ စစ်ပွဲအတုတွေ ကို နိုင်ဖို့အတွက် တကယ့် ပိုက်ဆံ အစစ်တွေကို ရက်ရက်ရောရော အသုံးပြုလာကြပါတယ်။ ကလေးတွေဟာ ကျန်းမာ၊ ပျော်ရွှင်၊ လွတ်လပ်စွာနဲ့ သဘာဝ ကွင်းပြင်ကျယ်မှာ ကစားရတာထက် အမြင်အာရုံအရ ပိုပြီးစွဲဆောင်မှုရှိတဲ့ ဘဝ အတုထဲမှာ ကစားရမှုကို ပိုပြီး နှစ်သက်လာပါတယ်။ ဒီအခြေအနေမှာလည်း ကောင်းတဲ့ အကျိုးက ရှိပါတယ်။ လှုပ်ရှားမှု အသားပေးတဲ့ ကစားနည်း (Action Games) တွေကြောင့် ကလေးတွေရဲ့ ကိစ္စတစ်ခု၊ ပြဿနာတစ်ခု၊ မမျှော်လင့်ဘဲ အဖြစ်အပျက်တစ်ခုကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်မှုစွမ်းရည်တွေ တက်ရသလို၊ စဉ်းစားတွေးခေါ်မှုကို အဓိက သုံးရတဲ့ ကစားနည်း (Strategy Games) တွေကြောင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို အဆိုး၊ အကောင်းရှိသလို အလွန်အကျွံ ဆိုရင် ဆေးတောင်မှ ဘေးဖြစ်တတ်တော့ မျှတစွာ ထိန်းညှိအသုံးချနိုင်မှု (Balance) က လိုပါတယ်။ ခေတ်နည်းပညာ အကူအညီ နဲ့ ကစားမှုဟာ လိုအပ်သလို အပြင်လက်တွေ့ ဘဝ၊ သူငယ်ချင်း အစစ်၊ လူအစစ်တွေနဲ့ ကစားနည်း အစစ်တွေကို ကာယကံမြောက် ပါဝင်လှုပ်ရှားမှုဖို့က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မှန်ကန်စွာ ဖွံ့ဖြိုးစေမှုအတွက် အရေးကြီးလှပါတယ်။

ဒီလို အတုအယောင် ကစားနည်းတွေနဲ့ ကျင့်သားရ၊ ပျော်တတ် နေတဲ့ ခေတ်ကလေးတွေ နည်းနည်းအရွယ်ရောက်လာတော့လည်း အတုအယောင် လူမှုဆက်ဆံရေး တစ်မျိုးဖြစ်တဲ့ လူမှုကွန်ယက်စာမျက်နှာတွေဟာ သူတို့အတွက် နောက်ထပ် ကျင်လည်ကျက်စားရာ ကမ္ဘာတုအသစ်လေး ဖြစ်လာပါတယ်။ ဒီလို ဖြစ်လာတာဟာ ဆောင်းပါးအစမှာ တင်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေကို ရရှိလို့ ခေတ်လူငယ်၊ ခေတ်လူသားအနေနဲ့ အကျိုးရှိပေမယ့် တစ်ဘက်ကလည်း လူငယ်တွရဲ့ တစ်ကိုယ်ရေ ကိုယ်ရည်ကိုယ်သွေး (Personality) ထက်မြက်စေမှုကို အားပေးတဲ့ လူအချင်းချင်း ဆက်သွယ်၊ ပြောဆို၊ ဆက်ဆံမှု (Interpersonal Communication) ကို အကြီးအကျယ် ထိခိုက်လာစေပါတယ်။ တကယ့်လက်တွေ့ လူမှုဆက်ဆံရေးမှာ အားနည်းလာတာ၊ ပေါင်းသင်းဆက်ဆံမှုအားနည်တာ၊ လူတောမတိုး၊ လူမဝင်ဆန့် ဖြစ်ရတာ၊ လက်တွေ့ လူလောက အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်း သိနားလည်မှု နည်းလာတာ၊ အပြင်လောကမှာ အထီးကျန် ခံစားရမှု များလာတာ စတဲ့ လူမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေပါတယ်။ ဒီလို လူမှု၊ စိတ္တအပြစ်တွေဟာ လူငယ်၊ လူကြီး အားလုံးကို ထိခိုက်စေတာ ဖြစ်ပေမယ့် ငယ်ရွယ်နုနယ်၊ အတွေးမကြွယ်တဲ့ စဉ်းစာဆင်ခြင်မှု အားနည်းနေသေးတဲ့ လူငယ်တွေ၊ ကလေးတွေ (၁၈ နှစ်အောက်) ကို သက်ရောက်မှု က ပိုများပြီး ထိခိုက်မှုလည်း ပိုကြီးပါတယ်။

အတုအယောင် အသိုင်းအဝန်း (Virtual Community) ဟာ လူတွေရဲ့ ချိတ်ဆက်နိုင်တဲ့ အဝန်းအဝိုင်း (Network) ကို အတိုင်းအဆမရှိ ချဲ့ထွင်နိုင်လို့ ကောင်းတဲ့ အကျိုးရှိသလို ကြီးမားတဲ့ အဆိုးကတော့ အဝန်းအဝိုင်းကြီးရင်ကြီးသလို ဆက်ဆံရတဲ့ လူပုဂ္ဂိုလ်တွေ ပိုများလာပြီး ဒီလူတွေရဲ့ တကယ့် အစစ်အမှန် သရုပ်ကို ခန့်မှန်းရတာ ခက်တာပါ။ ဒါဟာ လူကြီး၊ လူငယ် ကြုံတွေ့ရတာပါ။ ဒါပေမယ့် ဆင်ခြင်ထုံတရား နည်းသေးတဲ့ ကလေးတွေ၊ လူငယ်တွေကတော့ ဆိုးကျိုးကို ပိုခံရလေ့ရှိပါတယ်။ ဒါကြောင့် အွန်လိုင်း ရာဇဝတ်မှုတွေ (Cyber Crimes) ရဲ့ သားကောင်တွေဟာ များသောအားဖြင့် ကလေး၊ လူငယ်တွေ ဖြစ်လေ့ရှိနေတာပါ။ လူငယ်တွေအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ လုံခြုံမှု အားနည်းမှုက ပိုကြီးပါတယ်။

လူငယ် မိန်းခလေး၊ ယောင်္ကျားလေးတွေကို အမြဲတမ်း ခြေရာကောက်၊ လိုက်ရှာနေတတ်တဲ့ ကာမမုဆိုးတွေ (Sexual Predators) ဟာ အွန်လိုင်းရဲ့ နေရာတိုင်းမှာ၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ တည်ရှိနေတတ်ပါတယ်။ သိမြင်လွယ်တဲ့၊ ချက်ချင်း သတိထားမိနိုင်တဲ့ ပုံစံတွေကတော့ အွန်လိုင်းမှာ လိင် (သို့) လူမျိုး၊ ဘာသာ စတဲ့ ကွဲပြားခြားနားမှု အတွက် အနိုင်ကျင့် ပြောဆို၊ ပြုမှုဆက်ဆံမှု (Online Bullying)၊ အွန်လိုင်း (သို့) လူမှုကွန်ယက်စာမျက်နှာ ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ပြောဆို၊ ဆက်ဆံ၊ စော်ကားမှု (Online Trolling)၊ လိင်ပိုင်းဆိုင်ရာ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြုမူပြောဆိုမှု (Sexual Harassment)၊ အွန်လိုင်းမှ တဆင့် ဆက်သွယ်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု (Sexual Abuse) စတာတွေ ဖြစ်ပါတယ်။ ဒါတွေဟာ လူကြီး တင်မက လူငယ်တွေလည်း ချက်ချင်း မဟုတ်တောင် အဖြစ်အပျက်တစ်ခု၊ နှစ်ခု ကြည့်ပြီး၊ ကြုံတွေ့ပြီးရင် ကာကွယ်၊ ဆင်ခြေသွားနိုင်လို့ ရပါသေးတယ်။

ဒါတွေထက်ပိုကြီးမားတဲ့ အန္တရာယ်ကတော့ ချက်ချင်း သတိမမူနိုင်တဲ့ အပေါ်ယံမှာ ဟန်ဆောင်ကောင်းတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေပါ။ သူတို့ဟာ သူတို့ ကျွမ်းကျင်တဲ့ အတတ်ပညာ တစ်ခုခု၊ ကျွမ်းကျင်မှု တစ်ခုခုကို အသုံးချပြီး လူတွ စိတ်ဝင်းစားလာအောင် လုပ်မယ်၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှုတွေ (Social Engineering Skills) ကိုသုံးပြီး လူတွေကို ယုံကြည်လာအောင်လုပ်မယ်၊ ဒါတွေအားလုံး အခြေခိုင်ပြီဆိုရင် စိတ်ဝင်းစားမှု၊ ယုံကြည်မှုကို တလွဲ အသုံးချတတ်ကြတဲ့ သဘောပါ။ လူမှုဆက်ဆံရေးကျွမ်းကျင်မှုပညာ (Social Engineering Skills) ကို သတင်း၊ နည်းပညာ ဘာသာရပ် (IT) မှာ ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံမှု အန္တရာယ် (Potential Threat / Risk) ထဲမှာ ထည့်လေ့ရှိပါတယ်။ သတင်း၊ နည်းပညာ အခေါ်အဝေါ်အရတော့ Phishing လို့ ခေါ်ပါတယ်။ ယုံကြည်မှု (သို့) အမှတ်မဲ့နေမှုကို အလွဲသုံးစားလုပ်မှုလို့ ဆိုနိုင်ပါတယ်။ အရင်လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဗမာပြည်မှာ နာမည်ကြီးတဲ့ အွန်လိုင်းက ထီပေါက်တယ်၊ ဒါမှ မဟုတ် သန်းနဲ့ချီတဲ့ အမွေလွှဲပြောင်းမှုမှာ ကူညီဖို့ ဆိုတဲ့ စာတွေရောက်တာ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ယူဖို့ ဖိတ်တာ စတာတွေဟာ ဒီသဘောပါပဲ။ ဗမာပြည်က လုပ်ငန်းရှင်ကြီး တချို့ တောင် ဒီလိုနည်းနဲ့ ငွေကုန်၊ လူပန်းဖြစ်ပြီး အရှက်တကွဲ အလိမ်ခံရဖူးပါတယ်။ သူများ မျက်ခုံးမွှေး စင်္ကြန် လျှောက်နေတဲ့ ဒီလို ပုဂ္ဂိုလ်မျိုးတွေ၊ လူကြီးတွေတောင် အလိမ်ခံရနိုင်ရင် ငယ်ရွယ်တဲ့ ကလေးသူငယ်တွေအတွက် ဒီလို  အတတ်ပညာ၊ ကျွမ်းကျင်မှုနဲ့ လူမှုဆက်ဆံရေးကျွမ်းကျင်မှုကို အသုံးချပြီး ယုံကြည်မှုအလွဲသုံးစာလုပ် တလွဲ အသုံးချခံရမှုဟာ တကယ့်ကို ကြီးမားတဲ့ အသက်၊ အရှက်၊ ဘဝ အကုန်လုံးကို ထိခိုက်နိုင်တဲ့ လုံခြုံမှု အန္တရာယ် ဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် စသိ၊ ပြီးတော့ အွန်လိုင်းမှာ စည်းရုံးခံရ၊ နောက် လူချင်းတွေ့ပြီး ကာမ လုယူခံရ၊ တခါတလေ အသတ်ပါခံရတတ်တဲ့ မိန်းခလေးငယ်၊ ယောင်္ကျားလေးငယ်တွေ ရင့်နင့်ဖွယ် အဖြစ်အပျက်တွေဟာ နိုင်ငံတကာ သတင်းတွေမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဗမာပြည်မှာတောင် သိပ်မကြာခင်က အွန်လိုင်းမှာ ခင်မင်ရာက တဆင့် ရင်းနှီးပြီး မိန်းခလေးငယ်က ယောင်္ကျားလူကြီးဆီ မိဘမသိအောင် ခိုးလိုက်လာတဲ့ သတင်းတွေ့ရပါသေးတယ်။ ဒီဖြစ်ရပ်မှာတော့ ယောင်္ကျားဖြစ်သူ လူကြီးက အကျင့်သီလ ပြည့်စုံသူဖြစ်တော့ မိဘကို အကြောင်းကြားပြီး ပြန်ပို့နိုင်ခဲ့ပါတယ်။ ဒီလို မဟုတ်ဘဲ လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့်၊ ဖျက်စီးခံရတဲ့ ယောင်္ကျား၊ မိန်းမ ကလေးသူငယ်တွေရဲ့ အဖြစ်ဆိုးတွေ ဗမာပြည်မှာလည်း ရှိနေနိုင်ပါတယ်။ နိုင်ငံတကာ လေ့လာမှု စစ်တမ်းများရဲ့ သုံးသပ်ချက်အရတော့ ကာမမုဆိုးတွေ ဟာ အွန်လိုင်းမှာ သောင်းနဲ့ချီတဲ့ ပမဏနဲ့ အချိန်တိုင်း ရှိနေတယ်လို့ ဆိုပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ကမ္ဘာနဲ့ အဝှမ်း ဖြစ်လေ့ရှိတဲ့ သဘောနဲ့ အန္တရာယ် တွေပါ။ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ တွေးခေါ်၊ ဆင်ခြင်၊ စဉ်းစားမှုကို အားပေးတဲ့ အလေ့အကျင့်ရှိတဲ့ လူ့အဖွဲ့အစည်းတွေ ရှင်သန်တဲ့ တိုးတက်ခေတ်မီတဲ့ တိုင်းပြည်ကြီးတွေမှာလည်း ကြုံတွေ့နေရတဲ့ ပြဿနာတွေပါ။ ဒီတော့ ဗမာပြည်လို အတွေးအခေါ်၊ စဉ်းစာမှု ပေးတာကို အားနည်းတဲ့ ပညာရေးစနစ် ရှိတဲ့၊ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းတွေရှင်သန်တဲ့၊ အသိ၊ အမြင်နည်းတဲ့ တိုင်းပြည်အတွက် ဒီလို အန္တရာယ် တွေဟာ မဖြစ်မနေ အလေးဂရုပြုပြီး ပညာပေးတာ၊ ကာကွယ်တာ လုပ်ဖို့လိုပါတယ်။

နောက်တစ်ခုတင်ပြချင်တာကတော့ လူမှုကွန်ယက်စာမျက်နှာတွေရဲ့ နည်းပညာ သဘောပါ။ ဒီလို အွန်လိုင်းဆက်သွယ်ရတဲ့ စာမျက်နှာတွေဟာ အနောက်တိုင်းက အစပြုတာပါ။ အနောက်တိုင်းဓလေ့က ကိုယ်ပိုင် လွတ်လပ်မှု၊ ကိုယ်ပိုင်ဘဝ (Private Life) လုံခြုံမှုကို အင်မတန်အလေးထားပါတယ်။ ဒီသဘောကို သူတို့ရဲ့ နည်းပညာတွေမှာလည်း အပြည့်အဝ ထည့်ပေးထားပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း သုံးစွဲသူတွေရဲ့ လုံခြုံမှုကို အလုံးစုံ အပြည့်အဝမဟုတ်တောင် အထိုက်အလျောက် ကာကွယ်နိုင်တဲ့ အရာ (Features) တွေထည့်ပေးထားပါတယ်။ ဒါတွေကို လူကြီး၊ လူငယ်အားလုံး သုံးတတ်အောင်၊ ကာကွယ်နိုင်အောင် သိနားလည်ထားပြီး တကယ်လည်း ကာကွယ် အသုံးချရပါမယ်။ မသိသေးရင်လည်း နေ့စဉ် ထမင်းစားတာ၊ ရေသောက်တာလို ဖြစ်နေပြီဖြစ်တဲ့ အလေ့အကျင့်တစ်ခုရဲ့ လုံခြုံရေးအတွက် အချိန်ပေးပြီး လေ့လာရပါမယ်။

နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ မှန်ကန်တဲ့ ပညာပေးမှုပါ။ ဗမာ့လူ့အဖွဲ့အစည်းမှာ ရှက်လို့၊ ကြောက်လို့၊ ဒါမှ မဟုတ် လူကြီးနဲ့ လူငယ် မပြောကောင်းလို့၊ ယဉ်ကျေးမှုကြောင့်၊ ရိုးရာကြောင့် အစရှိလို့ မပြောမဆို၊ မဆွေးမနွေး၊ ပညာမပေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ၁၉၉၀ ခုနှစ်များတုန်းကဆို လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ အေအိုင်ဒီအက်စ်ရောဂါ အကြောင်းကို အထက်မှာ တင်ပြခဲ့တဲ့ လွဲမှားတဲ့ အကြောင်းပြချက်တွေကြောင့် လူငယ်တွေအပေါ် လိင်ဆက်ဆံရာမှာ အကာအကွယ် သုံးဖို့ လှုံ့ဆော်တာမျိုး၊ ထိရောက်တဲ့ ပညာပေးမှုမျိုး မပြုလုပ်နိုင်ဘူး။ ဒီလို ရှေးဆန်တဲ့၊ ကျဉ်းမြောင်းတဲ့ အယူအဆတွေကြောင့် တိုင်းပြည်ရဲ့ အဖိုးတန် ရတနာတွေကို အချိန်မတိုင်ခင် ဆုံးရှုံးကုန်ရပါတယ်။ ခု အချိန်ထိလည်း လိင်ပညာပေး အစီအစဉ်၊ ကိုယ်ဝန်ဖြစ်ပေါ်လာပုံ၊ လိင်ဆက်ဆံမှုမှာ ဆောင်ရန်၊ ရှောင်ရန် စတာတွေကို ကျောင်းပညာရေးမှာ စနစ်တကျ သင်ပေးခြင်း မရှိသေးပါဘူး။ လူမှုရေးရှုထောင့်၊ ဒါမှမဟုတ် ဘာသာရေးရှုထောင့်ကနေ ပြောဆိုဆွေးနွေးထောက်ပြစရာ အကြောင်းတွေ ရှိကောင်း ရှိနိုင်တဲ့ အိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းဟာ ပျိုရွယ်တဲ့၊ သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ပုထုဇဉ် လူသာ၊ အထူးသဖြင့် လူငယ်၊ လူရွယ် အတွက် သဘာဝပါ ဆိုတာကိုလည်း လက်ခံထားရပါမယ်။ လိင်ပညာဟာ လူဘဝတလျောက်လုံးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါမှာဖြစ်တဲ့အတွက် ကလေးသာသာ အလယ်တန်းကျောင်းသား အရွယ်မှာကတည်းစပြီး ကျောင်းသန်ခန်းစာတွေမှာ စနစ်တကျ ထည့်သွင်းပြီး သင်ကြားပေးရမယ့် ပညာဖြစ်ပါတယ်။  ထိုနည်းတူ အခြား လူငယ်တွေ လက်တည့်စမ်း နိုင်တဲ့ ဆေးလိပ်၊ အရက်၊ မူးရစ်ဆေးဝါး စတာတွေ၊ လူငယ်ကြားရေပန်းစားတဲ့၊  အထက်မှာ အဓိက တင်ပြခဲ့တဲ့ လူမှုကွန်ယက်စာမျက်နှာတွေလို လူငယ်ရေပန်းစားယဉ်ကျေးမှုရဲ့ အကောင်းအဆိုးတွေ ကိုလည်း စနစ်တကျ မှန်ကန်တဲ့ ပညာပေးမှုတွေ လုပ်ကို လုပ်ရမှာပါ။

လူမှုကွန်ယက်စာမျက်နှာအကြောင်းကို နောက်ဆုံးနိဂုံးချုပ်ရရင်  အွန်လိုင်းဆက်သွယ်ပြောဆိုဆက်ဆံနိုင်တဲ့ သဘောရဲ့ အကျိုးကျေးဇူးကြီးပုံတွေကို လူကြီး၊ လူငယ်အားလုံးသိကြပါတယ်။ ထို့အတူ တပါတည်း ပါလာတဲ့ မြင်သာတဲ့ အဆိုးတွေ၊ မမြင်သာတဲ့ အပြစ်တွေကိုလည်း လူကြီး၊ လူငယ်အားလုံးသိအောင် ပြောဆို၊ ဆွေးနွေး၊ ထောက်ပြ ရပါမယ်။ ကလေးသူငယ်၊ လူငယ်တွေအတွက် ထိခိုက်မှုက ပိုကြီးမားလွန်းတော့ သူတို့အတွက် ကောင်းမွန်၊ မှန်ကန်၊ အကျိုး၊ အကြောင်းညီတဲ့ ပညာပေးမှုတွေ လုပ်ကိုလုပ်ရပါမယ်။ ယဉ်ကျေးမှု ထိခိုက်လို့ ကိုရီးယားကားတွေ မပြနဲ့ကွာဆိုတဲ့ လွဲမှား၊ ကျဉ်းမြောင်းတဲ့ အယူအဆ လို လူငယ်တွေ ဒါတွေ၊ ဒါတွေ မသုံးစေနဲ့လို့ တားမြစ်လို့မရပါ။ အထက်ကတင်ပြခဲ့သလို ဒါတွေ ဒါတွေမှာ  ဒီလို၊ ဒီလို ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိတယ်၊ ဒီတော့ ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ရမယ် ဆိုပြီး အကျိုး၊ အကြောင်းညီ၊ တော်တည့်မှန်ကန်တဲ့ လမ်းညွှန်မှုမျိုး၊ ပညာပေးမှုမျိုး လုပ်ရပါမယ်။ ဒီလို အကြောင်းအရာတွေကို လူကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ ဝေငှပါ၊ နှိုးဆော်ပါ၊ လူငယ်တွေကိုလည်း မှန်ကန်တဲ့ ဗဟုသုတပေးပါ။ ဒီလိုနဲ့ ပိုမိုကောင်းမွန်တဲ့ လက်တွေ့ ကမ္ဘာ လူအဖွဲ့အစည်းနဲ့ အတူ ပိုမိုကောင်းမွန်တဲ့၊ ကလေး၊ လူကြီးမရွေး လုံခြုံစိတ်ချရတဲ့ အတုအယောင်ကမ္ဘာငယ်လေးကိုလည်း တွဲလျက် ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး
၂၈၊ ဧပြီ၊ ၂၀၁၂

Some Social Networking Sites Logo Photo from http://www.emanuelfernandes.com