Monday, May 7, 2012

ပြည်သူလူထုကို စော်ကားတဲ့ ဦးဌေးဦးသို့...


( ဟာဂျူလီ(ကသာ)၏ပေးစာ )
by CJMyanmar on Monday, May 7, 2012 at 8:36am ·
ဦးဌေးဦးခင်ဗျာ..
တစ်သက်နဲ့တစ်ကိုယ် ကြံ့ဖွံ့အပါအ၀င် ဘယ်အစိုးရကိုမှ အဆက်အသွယ်မလုပ်ဖူးခဲ့တဲ့ မောင်ဂျူ ဒီတစ်ခါတော့ အရှက်အကြောက်အသာထားပြီး စာလွှာလေးပါးလိုက်ပါရစေ။ ဒီအပါတ် တွဲ(၃) အမှတ်(၆))ထုတ်တဲ့ လျှပ်တစ်ပြက်ဂျာနယ်မှာ ဦးဌေးဦးပြောခဲ့တဲ့ စကားလေးကို နားခါးလွန်းလို့လည်း ဒီစာလေးရေးဖြစ်လိုက်တာပါ။ ဦးဌေးဦးပြောတာက
“Bi-electionမှာတော့ သူတို့ အကုန်ရတယ်။ သို့သော်လည်း ရပုံရနည်းတွေက လူထုကနေ ဘာကြောင့်ထည့်တယ်ဆိုတဲ့ဥစ္စာတွေသည် waveကြောင့်လည်းဖြစ်နိုင်တယ်။ wave ဆိုတာ လှိုင်းကြီးပေါ့။ ဆူနာမီပေါ့။ အမြဲတမ်းဆူနာမီတော့ မရှိဘူး။ မဟုတ်ဘူးလား။ ဆူနာမီရှိရင်တော့ အကုန်လုံးပျက်ဆီးတာပဲ။ ဒါသူ့ကိုပျက်ဆီးတယ်လို့ ပြောတာမဟုတ်ဘူးနော်။ ပြည်သူလူထုကိုထင်မြင်ယူဆတာ။ ...........................”...တဲ့။

ဟုတ်ကဲ့ ဦးဌေးဦးက မဲပေးတဲ့လူထုတွေဟာ ဆူနာမီမုန်တိုင်းလို ရက်စက်တယ်လို့ဆိုလိုလိုက်ခြင်းဟာ ရိုးသားစွာမဲပေးတဲ့လူထုအပေါ်မှာ မိုက်ရိုင်းပြလိုက်တဲ့ စကားလို့ယူဆပါတယ်။ ဆူနာမီမုန်တိုင်းဆိုတာဟာ လူသားတွေကို အသေဆိုးနဲ့သေအောင်၊ အပြစ်မဲ့တဲ့လူသားတွေရဲ့စည်းစိမ်တွေကို ပျက်ဆီးအောင်၊ သားတစ်ကွဲ မယားတစ်ကွဲ ဘ၀တွေ အလဲလဲ အပြိုပြိုဖြစ်အောင် တိုက်ခတ်ခဲ့တယ်ဆိုတာ လူ့အတွေးလူ့အခေါ်ရှိတဲ့သူတိုင်း သိကြပါတယ်။ ပိုရှင်းအောင်ပြောရရင်တော့ လူ့လောက၀န်းကျင်မှာ သဘာဝ အဇာတသတ်လို့ပဲပြောရမှာပါ။ အဲဒီလို အင်မတန်လူရွံ့မုန်းတဲ့ အမည်နာမနဲ့ မဲပေးတဲ့လူထုကို ဥပမာပေးလိုက်တာဟာ ဦးဌေးဦးတစ်ယောက် လူကြီးမဆန်မှုကိုပြလိုက်တာပဲလို့မြင်မိပါတယ်။ နောက်ပြီး ပြောရရင် ဦးဌေးဦးဆိုတာဟာ ပါတီကြီးတစ်ခုရဲ့ အကြီးမြင့်ဆုံးခေါင်းဆောင်ပါ။ အဲ
ဒီလို ပါတီတစ်ခုရဲ့ အကြီးအကဲက လူထုကိုဒီလို ထပ်တူပြပြောဆိုလိုက်တာဟာ လူထုကိုစော်ကားတာချိုးဖဲ့တာဖြစ်လို့ မောင်ဂျူအနေနဲ့ ဦးဌေးဦးရဲ့ ဥပမာစကားကို ဆန့်ကျင်ပါတယ်။ ရှုံ့ချပါတယ်။ အထင်သေးပါတယ်။ ဒီစကားကို ဦးဌေးဦးက မသိလို့ ခိုင်းနှိုင်းခဲ့တာလား။ သိသိကြီးနဲ့ကေးဝဋ်ပုဏ္ဏားလို အမာရွတ်မြင်တိုင်း အခဲမကြေလို့ပြောတာလားဆိုတာကတော့ ဦးဌေးဦး အသိဆုံးပဲဖြစ်ပါလိမ့်မယ်။ ဘယ်လို
ပဲဆိုဆိုပါ။ မသိလို့ပါလို့ ဆင်ခြေပေး ရင်လည်း မောင်ဂျူတို့လူထုက ပြောစရာရှိပါတယ်။ ပါတီအကြီးအကဲတစ်ယောက်ဟာ ကိုယ်ခိုင်းနှိုင်းတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် မသိလောက်အောင်ညံ့ဖျင်းနေသလားလို့ တွေးရမှာပါ။ တကယ်လို့ သိသိကြီးနဲ့ပြော
တာပါလို့ ဆိုခဲ့ရင်လည်း ခင်ဗျားအထင်သေးချိုးဖဲ့ခဲ့တဲ့ လူထုဟာ ခင်ဗျားတို့အပေါ်မှာလည်း ဘယ်သောအခါမှ ထောက်ခံမှာ မဟုတ်ပါဘူး။ အဲဒီလိုခိုင်းနှိုင်းမိုက်မဲပြတဲ့ ဦးဌေးဦးကို ခွဲစိပ်ဝေဖန်ပြရရင် ခုအချိန်အထိ ဦးဌေးဦးဟာ ကိုယ့် အခြေအနေနဲ့ ကိုယ့်အဖွဲ့အခြေအနေကို ကိုယ် နားမလည်သေးတဲ့လူလို့ပဲ သုံးသပ်ရမှာပါ၊ဒီတော့ဦးဌေးဦးကို စကားလေးတစ်ခွန်းလောက်လက်ဆောင်ပေးပါရစေ။ (လာတ်ထိုးတာ မဟုတ်ဘူးနော်) “လောကကြီးမှာ ကိုယ့်ကိုကိုယ်ဘာမှန်းမသိတဲ့သူတွေဟာ လောကမှာ အညံ့ဖျင်းဆုံးဖြစ်လေသည်” ဆိုတဲ့စကားလက်ဆောင်လေးပါ။ ဦးဌေးဦး စာများများဖတ်ပြီး အတွေးအခေါ်အမြန်ပြည့်ဖြိုးနိုင်ပါစေ...။

ဟာဂျူလီ(ကသာ)

(ယခုဖော်ပြသော ပေးစာသည် သက်ဆိုင်ရာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)



စစ်တွေမှ ဈေးသည်များ ၀န်ကြီးချုပ် နေအိမ်ထိ ချီတက်တောင်းဆို

http://www.narinjara.com
စစ်တွေမြို့ နာဇီရွာဈေးက ဈေးသည် ၆၀ ခန့်သည် တနင်္ဂနွေနေ့ နံနက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အိမ်ထိ ချီတက်ပြီး သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်း ပေးရန် တောင်းဆိုခဲ့ကြသည်။


 "
ကျွန်တော်တို့က အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ အဓိက ဈေးကောက်ခွန် အလွန်မြင့်နေတဲ့ အတွက် ဖြစ်ပါတယ်။ ၈ ပေပတ်လည် အခန်း တစ်ခန်းကို တစ်ရက်ကို ၁၀၀၀ ကောက်ပါတယ်။ အထုတ် တစ်ထုတ်နဲ့ ဆိုက်ကား တစ်စီး ဈေးထဲကို သွင်းရင်လည်း ၁၀၀၀ ကောက်ပါတယ်။ မုန့်တီဆိုင် တစ်ဆိုင်ကို ၇၀၀ ကျပ်၊ ကောက်ညှင်း တစ်ပေါင်းကို ၅၀၀ ကျပ်၊ ယုတ်စွ အဆုံး ပစ္စည်းတွေတင်ပြီး ဆိုက်ကားနဲ့ ဈေးကောက် လိုင်စင်ရထားတဲ့ ဦးခင်မောင်လှ အိမ်ရှေ့က ဖြတ်ရင်လည်း ကောက်ပါတယ်။ မပေးရင် လူမိုက်တွေနဲ့ ရန်ရှာပါတယ်။ ဒီလို ဒဏ်တွေကို မခံနိုင်တဲ့ အတွက် ပြည်နယ် ၀န်ကြီးချုပ်အိမ်ကို သုံးဘီးတွေနဲ့ ချီတက်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။ လူပေါင်း ၆၀ ပါတယ်" ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဈေးသည် တစ်ဦးက ပြောသည်။

ဝန်ကြီးချုပ် အိမ်ထိ ချီတက်ပြီး တောင်းဆိုသော်လည်း ၀န်ကြီးချုပ်နှင့် တွေ့ဆုံခွင့်မရသဖြင့် မြို့နယ် စည်ပင်ရုံးသို့ ချီတက်ကာ ၎င်းတို့ ကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်း ပေးရန် ဆက်လက် တောင်းဆိုခဲ့ကြသည်။

" ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်မရတဲ့ အတွက် မြို့နယ် စည်ပင်ရုံးကို ကျွန်တော်တို့ ဆက်လက် ချီတက်ကြပြီး ကျွန်တော်တို့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။ စည်ပင်ရုံးမှာတော့ စည်ပင်ဝန်ကြီး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ပြည်နယ် စည်ပင် အရာရှိတွေက တွေ့ဆုံပြီး သူတို့က ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အထဲက လူပေါင်း ၂၀ ကို ဒီနေ့ မနက်မှာ ထပ်ချိန်းထားပါတယ်။ စစ်ဆေးလို့ မှန်တယ်ဆိုရင် ဈေးလိုင်စင်ကို ရုတ်သိမ်းမယ်လို့ ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

ဈေးသူ ဈေးသားများ အနေဖြင့် သူတို့ ရင်ဆိုင် ကြုံတွေ့နေရသော ဈေးကောက်ခ မြင့်မားနေမူကို ဗွီဒီယို ရိုက်ပြီး စာရွက် စာတန်း အထောက်အထားများနှင့် တစ်ကွ အထက်ကို တင်ပြသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ယခုကဲ့သို့ ၀န်ကြီးချုပ်အိမ်ထိ ချီတက်ပြီး တောင်းဆိုရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

" ကျွန်တော်တို့ တစ်နေ့ ရောင်းလို့ ရတဲ့ အမြတ်က ဈေးကောက်ကို ပေးနေရတာနဲ့ ဘာမှ မကျန်တော့ပါဘူး။ ဒါ့ပြင် ဈေးလာဝယ်ရင်လည်း ကုန်ပစ္စည်းတွေကို ယူသွားတဲ့ အခါ ဈေးဝင်၊ ဈေးထွက်ခ ကောက်တော့ ဘယ်သူမှ ကျွန်တော်တို့ နာဇီရွာ ဈေးက လာမ၀ယ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ စီးပွားရေး အရမ်းထိခိုက်လာပါတယ်။ ဒါကို အထက်ကို အထောက်အထားတွေနဲ့ တင်ပြတယ်။ ဘယ်သူမှ အရေးမစိုက်ဘူး။ ဒါကြောင့် ခုလို အခက်အခဲတွေကို မခံစားနိုင်တော့လို့ ၀န်ကြီးချုပ်ကို တောင်းဆို ရတာဖြစ်ပါတယ်။"

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုလို ပြောသည်။

" အဲဒီ ဦးခင်မောင်လှ (ခေါ်) ဆော်လိမ် ဆိုသူက ထောက်လှမ်းရေးခေတ်ကတည်းက ဒီလို လူထုကို အနိုင်ကျင့်လာတဲ့ သူတစ်ဦးဖြစ်တဲ့ အတွက် အခုလည်း လူထုကို အဲသလိုမျိုး အနိုင်ကျင့်နေတယ်။ သူနဲ့ ပတ်သက်ပြီး တိုင်တန်းတဲ့ စာတွေလည်း ကျွန်တော်တို့ အများကြီး လက်ခံရရှိပါတယ်။ ဒီကိစ္စကို မဖြေရှင်းရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ပြည်နယ် အစိုးရ အဖွဲ့ကိုလည်း ကျွန်တော်တို့ ဒီကိစ္စကို အသိပေးထားပါတယ်" ဟု ပြောသည်။

ဦးခင်မောင်လှသည် နာဇီရွာ ဈေးတွင် ထိုသို့ ဈေးကောက်ခကို ထင်သလို တိုးမြှင့်ကောက်နေသည်သာမက အဆိုပါ ဈေးမှ ပေ ၁၅၀၀ ခန့်ကွာဝေးသော အေးသာယာလမ်း စက်ရုံစု ရပ်ကွက် အမှတ် (၃) မူလတန်းကျောင်းရှေ့၌ မရှိဆင်းရဲသားများ တရားမ၀င် ရောင်းချနေသော ဈေးတွင်လည်း အခွန်အခများကို မည်သည့် အထက်အရာရှိမှ ခွင့်ပြုချက် မရှိဘဲ ကောက်ခံနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ယခင် စစ်တပ်နှင့် ရင်းနှီးသူများ၊ ထောက်လှမ်းရေးကို လက်ကိုင်ပြုပြီး ကြီးပွားနေသူများသည် ဈေးကောက် လိုင်စင်၊ ငါးဖမ်းကွက် လိုင်စင်၊ ပုဇွန်ကန် လိုင်စင် စသည်များကို ယခုအချိန်ထိ လက်ဝယ် ရရှိထားပြီး လူုထု အပေါ် နည်းမျိုးစုံဖြင့် ခေါင်းပုံ ဖြတ် ဂုတ်သွေး စုတ်နေကြကြောင်း သိရသည်။

ယခု ကဲ့သို့ စစ်တွေမှ ဈေးသည်များ ဈေးကောက်ခ လျှော့ချရန် ၀န်ကြီးချုပ် အိမ်ထိ သွားရောက် ဆန္ဒပြ တောင်းဆိုမူမှာ ယခု အကြိမ်သည် ပထမဆုံး ဖြစ်ကြာင်း သိရသည်။ 

r

နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ်နဲ့အထက်မိုဒယ်ကား တင်သွင်းခွင့်ပြုမည်၊

ရှစ်လအတွင်း မူဝါဒ ခြောက်ကြိမ်ပြောင်းလဲခြင်းဖြစ် ....
မေလ ၇ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)

နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူ မြန်မာနိုင်ငံသားတိုင်း ၂၀၀၇ ခုနှစ်အထက် မိုဒယ် အိမ်စီးကားများ တင်သွင်းခွင့်ပြုတော့မည်ဟု ယနေ့မွန်းလွဲ ၂ နာရီ နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားကူးသန်းဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

ယခုကဲ့သို့ တင်သွင်းခွင့်ပြုလိုက်ခြင်းမှာ ကားပါမစ် စနစ်ဖျက်သိမ်းလိုက်ခြင်း မဟုတ်ဟုလည်း ၀န်ကြီးက ရှင်းလင်းပြောဆိုသည်။

၂၀၀၇ ခုနှစ်မိုဒယ်နှင့် အထက် ကားတင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်း ညာမောင်း နှစ်မျိုးစလုံး တင်သွင်းခွင့်ပြုမည် ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

နိုင်ငံခြားငွေ ဘဏ်စာရင်းဟုဆိုရာတွင် MICB Myanmar Investment and Commercial Bank နှင့် MFTB Myanmar Foreign Trade Bank သို့မဟုတ် နိုင်ငံခြားဘဏ်တခုခုဖြင့် ချိတ်ဆက်ထားသည့် ပုဂ္ဂလိကဘဏ်တခုခုတွင် ငွေစာရင်းဖွင့် လှစ်ထားသည့် ငွေစာရင်းကို ရည်ညွှန်းခြင်းဖြစ်၍ ငွေစာရင်းတွင် တင်သွင်းမည့် ကားတန်ဖိုး ပမာဏသာရှိဖို့ လိုအပ်သည်ဟု ၀န်ကြီးက ပြောသည်။

ကားတင်သွင်းခွင့်ကို ဆယ်စုနှစ် တစ်ခုကျော်ကြာ ချုပ်ကိုင်ထားခြင်းကြောင့်ွှဲအိမ်နီးချင်းနိုင်ငံများထက် မြမန်မာနိုင်ငံတွင် ကားတန်ဖိုး အဆမတန်မြင့်တက်ခဲ့ရာ လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလတွင် ဖင်ကောက်ဟု ကားဈေးကွက်မှခေါ်ဆိုသည့် ကိုရိုလာဗင် (ဒီဇယ်) ၂၀၀၀ ၉၇၊ ၉၈ ခုနှစ်မိုဒယ်ကားမှာ သိန်း ၇၅၀ ၊ ၈၀၀ အထိမြင့်တက်ခဲ့သည်။
ယခုအခါ သိန်း ၃၀၀ ၀န်းကျင် ရောင်းချနေသည့် ၂၀၀၁/ ၂ခုနှစ်မိုဒယ် တိုယိုတာမတ်တူး ( ဈေးကွက်အခေါ်ရွှေငါး ) ကားမှာ သိန်း ၁၄၀၀ အထိ အမြင့်ဆုံးဈေးရှိခဲ့သည်။

ယခု ခွင့်ပြုလိုက်သည့် ကားတင်သွင်းခွင့်ပါမစ်လျှောက်ထားခြင်းကို သဘက်ခါ (မေလ ၉ ) ရက်မှစတင်၍ စီးပွားကူးသန်းဝန်ကြီးဋ္ဌာနမှကိုင်တွယ် ဆောင်ရွက်ပေးသွားမည် ဟုလည်း ၀န်ကြီးက ပြောဆိုသွားသည်။

စီတီးတက်စီနှင့် ဘတ်စ်ကား တင်သွင်းခွင့်ကိုမူ ပုံမှန်ရှိပြီးသား သတ်မှတ်ချက်များအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရများထံမှ ခွင့်ပြုချက် လျှောက်ထားရမည်ဟုလည်း ၀န်ကြီးက ပြောဆိုသည်။

ယင်းသို့ သတ်မှတ်ရခြင်းမှာ သက်ဆိုင်ရာ နယ်မြေအလိုက် လိုအပ်ချက် အရေအတွက်၊ လမ်းအခြေအနေတို့အပေါ် မူတည်ကာ ဒေသဆိုင်ရာ အစိုးရများက တင်သွင်းခွင့်ပေးရန် ဆုံးဖြတ်မည့် သဘောဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။


ဦးသိန်းစိန် အစိုးရတက်လာချိန်မှစတင်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျှက်ရှိရာ ယမန်နှစ် စက်တင်ဘာလတွင် ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်ကို စတင်ခဲ့သည်။ယင်းအစီအစဉ် စတင်သည့်နောက်ပိုင်း ကားဈေးများ ခေါက်ချိုးအောက် ထိကျဆင်းလာခဲ့သည်။

သင်္ဘောသား ပါမစ်ဟုခေါ်ဆိုသည့် နိုင်ငံခြား သင်္ဘောသား လုပ်ကိုင်သူများ အနေဖြင့် လျှောက်ထားရရှိသည့် ပါမစ်ဝယ်ယူထားသူ ဦးမျိုးထွန်းက “ကျွန်တော်ဝယ်ထားတဲ့ ပါမစ်က သိန်း ၇၀လောက်ပေးရတယ်။ အဲဒီပါမစ်နဲ့ အခု ခွင့်ပြုလိုက်တဲ့ ပါမစ်က အတူတူဆိုတော့ ကျွန်တော်ပါမစ် က တန်ဖိုး သုည ဖြစ်သွားတဲ့သဘောပေါ့” ဟု YPI သို့ပြောသည်။ ။

 

7Day News Journal
““ဟံသာဝတီကားပွဲစားတန်း အရောင်းအ၀ယ်ရပ်တန့်””
ဟံသာဝတီကားဝင်းအတွင်း ကားအရောင်းအ၀ယ် ရပ်တန့်သွား ပြီဖြစ်ကြောင်း သတင်းရရှိသည်။
““အပေါ်ကားလည်း အ၀ယ်မရှိဘူး။ အောက်ကားလည်း အ၀ယ်မရှိ ဘူး။ မနေ့က သိန်း ၁၅၀ တန်ကားကို ဒီနေ့ သိန်း ၁၂၀ နဲ့ရောင်းတာ ဘယ် သူမှ မ၀ယ်ဘူး””ဟု ကားပွဲစားတစ်ဦးက ပြောသည်။ ထို့ပြင် ယာဉ်အို ယာဉ်ဟောင်းလဲလှယ်သည့် အထူးပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၆၀ ခန့်အထိ ဈေးကျသွားခဲ့ပြီး အလုပ်သမား များနှင့် သင်္ဘောသားများအတွက် ချပေးသော ပါမစ်များမှာ ကျပ်ငါးသိန်းဖြင့် ၀ယ်မည့်သူမရှိဖြစ်သွားသည်။ ယခင်က ယာဉ်အို ယာဉ်ဟောင်းလဲလှယ်သည့် ပါမစ်မှာ ကျပ်သိန်း ၁၅၀ အထိဈေးရှိခဲ့ပြီး အလုပ်သမားများနှင့် သင်္ဘောသားများအတွက် ချပေးသော ပါမစ်မှာ ကျပ် ၁၈ သိန်းအထိ ဈေးရှိခဲ့သည်။

ဆင်းရဲပါတယ်ဆို တစ်ဇွန်းကူသောက်သွားသေးတယ်

အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ
by Yangon Press International on Sunday, May 6, 2012 at 1:35pm ·
ရန်ကုန်၊မေ ၆ ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI)

၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာ ဦးဆောင်၍  ရွှေပြည်သာ သံတင်း ၄၅ ရှိမြေကွက် တစ်ချို့ကို ရွှေပြည်သာမြို့နယ် အင်ဂျင်နီယာတပ်ဝင်းမှ နေရာမှ ဖယ်ရှားခံရသည့် ကျူးကျော်ဒုက္ခသည်များထံ  ငွေငါးသောင်းဖြင့် ရောင်းချပေးလျှက်ရှိသည်။

ယင်းသို့ အခကြေးငွေယူရောင်းချပြီးမကြာမီ အိုးအိမ်ဦးစီးဋ္ဌာနမှ ၎င်းတို့ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်လာရောက် စိုက်ထူထားသည်ဟု ကျူးကျော် ဒုက္ခသည်များကပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဋ္ဌာနပိုင်မြေဟု ဆိုင်းဘုတ်လာရောက်စိုက်ထူ ထားသော်လည်း နေစရာမရှိသူ တို့အဖို့မှာ နေစရာ တဲအိမ်ကို ဆောက်လုပ်နေဆဲဖြစ်သည်။ (ဓါတ်ပုံ-သူရမျိုး)

“ဟိုမှာတုန်းကလည်း သူတို့ပဲ ဆောက်ဆောက်ဆို ကျွန်မတို့ဆောက်ခဲ့တာ ဆောက်လို့ အိမ်ပေါ်မတက်ရသေးဘူး အခုဒီဘက်ရောက်လာတယ်။ ဒါလည်သူတို့ပဲ ဆောက်ခိုင်းတာဘဲ ဒါလည်းအရစ်ကျနဲ့ ဆပ်ပေးရမယ်ဆိုလို့။ အခုအရစ်ကျနဲ့မဟုတ်ဘူး တလုံးထဲ (တကြိမ်ထဲ) ပေးဆိုတော့ ကျွန်မတို့မှာလည်း တစ်လကိုးသီတင်း အလုပ်ကမလုပ်ခဲ့ရဘူး။ မပေးနိုင်ဘူး ” ဟု ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးက YPI သို့ပြောသည်။

ယင်းကျူးကျော် ဒုက္ခသည်များသည် ပြီးခဲ့သည့် ၎င်းတို့နေထိုင်ရာ ရွှေပြည်သာ ဒညင်းကုန်းလမ်းဆုံအနီး အင်ဂျင်နီယာ တပ်ဝင်းမှ ဧပြီလ  ၂၇ ရက်နေ့မှ စတင်ပိတ်ဆို့ပြီး  ဖယ်ရှားခံခဲ့ရသူများ ဖြစ်သည်။

ထိုသို့ပိတ်ဆို့ခံရသည့်အခြေအနေစဉ်အတွင်း ယခုလ ၃ ရက်နေ့က  ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ မအေးအေးမာက ဦးဆောင်၍ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် ၊ သံတင်း ၄၅ အတွင်းရှိ လယ်မြေများပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် မအေးအေးမာမှ အဆိုပါမြေကွက်များကို ငါးသောင်းဖြင့်အရစ်ကျရောင်းချပေးမည် ဆိုသော်လည်း ၅ရက်နေ့ နေ့လည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ မကျူးကျော်ရဆိုင်းဘုတ် လာစိုက်ထူပြီးနောက်ပိုင်း တစ်လုံးတစ်ခဲတည်းတောင်းဆိုလျှက်ရှိကြောင်း ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးကဆိုသည်။

အဆိုပါမြေကွက်များသည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနပိုင် မြေကွက်များဖြစ်ပြီး ရွှေဝါကုမ္ပဏီသို့ ချပေးထားပြီးဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ယခုလို ဒုက္ခသည်များ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၎င်းတို့နှင့် ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်များ အကြား အခြေအနေတင်းမာလျှက်ရှိသည်ဟု ကျူးကျော်ဒုက္ခသည်များက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီမှ ပြောဆိုသည်နှင့် ပတ်သက်၍ ဒုက္ခသည် မိန်းမကြီးတဦးက  “သူတို့က အဖွဲ့အစည်းတွေနဲ့ရောက်လာပြီး အိုးအိမ်လေးတစ်နေရာစာပေးမယ် နောက်ပိုင်းကျ အတည်အကျဖြစ်မယ် ပေါ့ အဘွားကြီးတို့လို မရှိဆင်းရဲသားတွေ ပေးမယ်ဆိုတော့ အဘွားကြီးလည်းပြောင်းတာပေါ့”ဟုဆိုသည်။

ထိုသို့အင်ဂျင်နီယာတပ်ဝင်း အတွင်းပြောင်းရွှေ့နေထိုင်ရန်အတွက် ယင်းပါတီဝင်ဖြစ်ဖို့ရာအတွက် လျှောက်လွှာ ကို ၂၀၀၀ကျပ်ဖြင့် ၀ယ်ယူဖြည့်သွင်းခဲ့ ရသည်ဟုလည်း  အမည်မဖော်လိုသူ ကျူးကျော်ဒုက္ခသည် တစ်ဦးက YPI သို့ပြောသည်။
ယင်းပါတီမှ ရွှေပြည်သာ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာအား မေးမြန်းဖို့ရာ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပါ။          ။
The Voice Weekly
ရွေ့ပြောင်း အိမ်ထောင်စုများကို ကူညီမှုနှင့် ငွေတောင်းခံမှု ပါတီတစ်ခု ပူးတွဲပြုလုပ်
ရန်ကုန်၊ မေ ၆
ရွှေပြည်သာ မြို့နယ်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးပိုင် (ဂျီအီး) တပ်နယ်မြေအတွင်းမှ ကျူးကျော် နေထိုင်သူများအဖြစ် သတ်မှတ်ပြီး နှင်ထုတ်ခံရသော အိမ်ထောင်စု တစ်ရာကျော်ကို နိုင်ငံရေးပါတီ တစ်ခုက လိုက်လံကူညီ ဆောင်ရွက် ပေးပြီးနောက် ငွေတောင်းခံခဲ့ကြောင်း ယင်းပြောင်းရွေ့ခံရသူတို့က ယနေ့ ပြောကြားသည်။
တညင်းကုန်း လမ်းဆုံ ဆောက်လုပ်ရေး မှတ်တိုင်အနီးရှိ ဂျီအီး တပ်နယ်မြေအတွင်း ဧပြီ ၂၇ ရက်နေ့တွင် ကျူးကျော်ဝင်း အတွင်း အစာရေစာ ဖြတ်တောက်သည့်အထိ ယင်းတပ်မတော်က ဝိုင်းရံပိတ်ပင်ကာ နှင်ထုတ်လိုက်သည့် အတွက် ရွှေပြည်သာ သံတင်း ၁၉ ရပ်ကွက် အပိုင်း ၄၇ ရှိ လယ်မြေသို့ ပြောင်းရွှေ့ရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ပါတီက ကူညီဆောင်ရွက် ပေးပြီးနောက် ငွေတောင်းခံခဲ့ခြင်း ဖြစ်သည်။
“တစ်အိမ်ကို ငွေငါးသောင်း တောင်းတယ်။ မပေးနိုင်လို့ ပြန်သွားကြတဲ့ သူတွေလည်း ရှိတယ်” ဟု အိမ်ပြောင်းရွှေ့ ခံရသူ အသက် ၄၀ ဝန်းကျင်အရွယ် မစန်းစန်းအေးက ပြောသည်။ ယင်းကဲ့သို့ ငွေကြေး တောင်းခံသည့် အတွက် ရွှေ့ပြောင်းခံရသူ အချို့မှာ မကျေမနပ် ဖြစ်ကာ ဆောက်လုပ်နေဆဲ ဝါးဓနိအိမ်များကို ပြန်လည် ဖျက်သိမ်း နေသည်ကို တွေ့ရသည်။
ရွှေ့ပြောင်းခံရသူ အသက် ၂၅ နှစ်အရွယ် မငြိမ်းငြိမ်းကမူ “၈၈ ပါတီက ထမင်းထုပ် ဝေတယ်။ ခု အိမ်ဆောက်နေတုန်းမို့ လမ်းဘေးမှာ အိပ်နေရတယ်” ဟု ဆိုသည်။ ယင်းလယ်မြေကို ဦးစိန်ဝင်း ဆိုသူက လေးဧက ပိုင်ဆိုင်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ပါတီသို့ လှူဒါန်းထားသည့် အတွက် ယင်းရွှေ့ပြောင်း ဒုက္ခဖြစ်သူများ နေထိုင်နိုင်ရန် ကူညီဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း ယင်းပါတီမှ အလုပ်အမှုဆောင် ဦးသန်းဇော်ဝင်းက The Voice weekly သို့ ပြောကြားသည်။ ငွေကြေးကောက်ခံခြင်း ကိစ္စကိုမူ ပြောဆိုရှင်းလင်းခြင်း မရှိပေ။
သို့သော် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနကမူ အစိုးရပိုင်နယ်မြေ မကျူးကျော်ရ ဟူသော ဆိုင်းဘုတ်ကို ယင်းရွှေ့ပြောင်းခံရသူများ ဆောက်လုပ်နေသည့် လယ်မြေတွင် ဧပြီ ၅ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် လာရောက်စိုက်ထူ သွားသည်။

မြန်မာစစ်တပ်မှာ ခလေးစစ်သားရှိနေဆဲ

Published on 7 May 2012 by BurmaVJMedia
ဧရာဝတီတိုင်း ပုသိမ်မြို့ ရာမည ၃ လမ်းက အသက် ၁၆ နှစ်သာရှိသေးတဲ့ မောင်မျိုးမျိုး (ခ) မောင်မျိုးမင်းထွန်း ဟာ ခလေးစစ်သားအဖြစ် စုဆောင်းခြင်း ခံနေရပါတယ်။ အဲဒီလို ခလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရတာ နဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ကို အကြောင်းကြားခဲ့ပြီးနောက်ပိုင်း စစ်တပ် က မောင်မျိုးမင်းထွန်းနဲ့ ပတ်သက်တဲ့ အထောက်အထား စာရွပ်စာတန်းတွေကို မိဘတွေဆီက လာရောက် ယူဆောင်သွားပါတယ်။ အဲဒီလို စစ်တပ်က ယူဆောင်သွားပြီး နောက်ပိုင်း ခလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ မောင်မျိုးမင်းထွန်းဟာ မိဘတွေကို ပြန်လည်ဆက်သွယ်လာခြင်းမရှိတော့ဘူးလို့ မောင်မျိုးမင်းထွန်းရဲ့ ဖခင် ဦးဆန်းအေးက Burma VJ Media ကိုပြောပါတယ်။

တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့်

ဒေါ်အောင်ဆန်းစုကြည် နှင့် ကမ္ဘာ့အမျိုးသမီးရေးရာအဖွဲ့ရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် တို့ တွေ့ဆုံ

Published on 7 May 2012 by BurmaVJMedia

ကမ္ဘာ့အမျိုးသမီးရေးရာအဖွဲ့ရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် Melanne Verveer နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ မေလ ၆ ရက်နေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ Melanne Verveer ဟာ မြန်မာနိုင်ငံကို လာေ၇ာက်တဲ့ ခရီးစဉ်အတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ နဲ့ အခွင့်အရေးတွေကို ကြည့်ရှုသွားမှာ ဖြစ်ကြောင်းနဲ့ လူ့ အဖွဲ့အစည်းထဲမှာ ပါဝင်သမျှ လူအားလုံးဟာ သူတို့  ပါဝင်လှုပ်ရှား ဆောင်ရွက်ရမယ့် အခန်းဏ္ဍတွေ ကိုယ်စီ ရှိရမယ်လို့  တက်ရောက်လာတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့သည်။

Notebook ဆိုတာမြန်မာကစခဲ့တာ...

Credit To Khin Myo

လူထုက မှတ်မိနေတဲ့ သူ