Monday, May 14, 2012

နာတာရှည်ရောဂါသည်လို ခံစားရတဲ့ ဒုက္ခမျိုး

ရွှေကို မလို၊ ရေကိုသာ လိုပါ၏
Tay Ling
သုံးခွမြို့နယ်အတွင်း သောက်သုံးရေလိုအပ်ချက်ရှိသော ကျေးရွာများ


မုတ္တမပင်လယ်ကွေ့ ကျေးရွာများသို့ စေတနာပန်းခင်း ရေအလှူတော် မှတ်တမ်း အကျဉ်း(ပထမ အကြိမ်)
by Tay Ling on Monday, May 14, 2012 at 8:24am ·
13.5.12
နံနက် 6:00နာရီ ထော်လီဂွေ့မှာ အစာပြေ စားကြပြီး ကားထွက်ကြသည်၊ အဖွဲ့ဝင်များကတော့ စေတနာပန်းခင်းမှ ဘုန်းဘုန်း အပါအ၀င် နှစ်ပါး..သုံးယောက်နဲ့...လုပ်အားဒါန ပြုကြသော ကိုဝင်းသူနိုင် နှင့် သငယ်ချင်းများ True donation မှ 9 ဦး၊ စုစုပေါင်း အဖွဲ့ဝင် 14 ဦးပါ။
နံနက် 7:30
သုံးခွသို့ ရောက်ကြသည်၊ ရေဘူးကြီး အစကနဦး အစီစဉ်မှာ လေးရာ စီစဉ်ထားသော်လည်း လိုအပ်ချက် အရ တိုးတိုးရင်း တိုးရင်းနဲ့ပဲ စုစုပေါင်း ရေဘူးကြီး ၆၀၀ ဖြစ်သွားပါတယ်၊ လာကတန်ဘိုး=နှစ်သိန်း တစ်သောင်းပါ။ လယ်ထွန်စက် ကားကြီး 3 စီး ငှားရပါတယ်။
နံနက် 11:30
နေ့လည်ဆွမ်း၊ နေ့လည် စာများ အဆင်ပြေသလို စားကြ၍ ခရီးဆက်ထွက်ကြသည်၊ လိုက်ပါ လုပ်အားပေးကြသော လူငယ်လေးများ လမ်းဘေးမှာပဲ ထမင်းဘူးနှင့် စားကြရသည်၊ ရေသယ်ရသည့် အလုပ်လည်း အလွန်ပင်ပန်းပါသည်၊ ပထမ ရေသန့်ဘူးကြီးများဝယ်၊ ထို့နောက်...ထိုဘူးထဲမှ ရေးများအား ကားပေါ်မှ ကော်ရေတိုင်ကီ အကြီးများထဲသို့ လှယ်ထဲ့ရပါသည်၊ (ထိုသို့ ပင်ပင်ပန်းပန်း လုပ်အား ဒါန ပြုကြသော True donation မှ လူငယ်လေးများနှင့် သုံးခွမြို့နယ် NLD ပါတီဝင်များအား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း...)
နေ့လည် 2:30
မုတ္တမပင်လယ်ကွေ့ မှ ရွာတစ်ရွာဖြစ်သော က၀ ကျေးရွာသို့ေ၇ာက်၍ ရေဘူး ၂၅၀ အားလှူဒါန်းသည်။
ထိုရွာမှ သက်တော် ၈၀ ရှီပြီဖြစ်သော ကျောင်းထိုင်ဆရာတော်ကြီးအား သွားရောက် ကန်တော့၍ ၀တ္ထုငွေ ငါးထောင် လှူဒါန်းသည် ဆရာတော်ကြီးက လက်မခံချင်ပါ၊(အလွန်ရောင့်ရဲပြီး သီလ၊ သမာဓိနှင့် ပြည့်စုံသော ဆရာတော်ကြီးပါ၊ သွားရောက် ဖူးမြှော်စဉ် တရားထိုင်နေ၍ စောင့်ဆိုင်းနေသေးသည်) ထို့နောက် ကလေးများအား ချိုချဉ်ဝေ၊ ထူးထူးခြားခြားလေး တစ်ခုကတော့ ထိုရွာမှ အသက်ကိုးဆယ်ကျော် အဘွားအို တစ်ဦးကို တွေ့ရသည်၊ အဘွားမှာ အပျိုကြီး ဖြစ်ပါသည် ၊တစ်ယောက်တည်း နေရသည်၊ ထမင်းကိုတော့ ဆရာတော်ကြီးမှ ကျောင်းသားလေး တစ်ယောက်ကို လွှတ်၍ ကျွေးမွေးပါသည်၊ အလင်းအိမ် ဘုန်းဘုန်းမှ အလှူငွေ ငါးထောင် လှူဒါန်းသော အခါ လေးထောင် ကို ပြန်ပြီး လှူနေတဲ့ အတွက် မနည်းပြောပြီး အတင်းပေးခဲ့ရသည်၊ ထိုကျောင်းသားလေး၏ ပြောပြချက်အရ...အဘွားက သူများ လှူသမျှအား စုစုပြီး ကျေးဇူးရှင် ဆရာတော်ကြီးအား ပြန်လည်၍ လှူဒါန်းသည်ဟု သိရပါသည်၊ ရင်နာစရာကောင်းတာကတော့ ထိုအဘွားစုဆောင်းထားသော အလှူငွေလေးများအား ခိုးယူ သုံးစွဲမှုများလည်း ရှိသည်ဟု သိရသည်။ အဘွား ခု လှူတဲ့ အလှူငွေတွေကို သူများမခိုးအောင် ဘယ်လို သိမ်းမလဲဆိုတော့ တစ်နေရာ တစ်ထောင်စီ ခွဲပြီး သိမ်းထားမယ်တဲ့...လေ။
နေ့လည် 3:30
က၀ ကျေးရွာမှ ရေလှူခြင်း ကိစ္စပြီးဆုံးသော အခါ ဆက်လက်၍ ခရီးထွက်ကြသည်၊ ဒုတိယမြောက်ရောက်သော ကျေးရွာမှာ ပင်လယ်ပြင်နားမှာ ရွာတည်ထားသော အောင်သာတန်းဆိုသော တံငှါ ရွာလေး တစ်ရွာဖြစ်သည်၊ ထိုကျေးရွာလေး၏ နောက်မှာတော့ ပင်လယ်ပြင်ကြီးပဲ ရှိပါတော့သည်၊ ထိုရွာမှ ညဘက်များဆိုလျှင် ကျိုက်ထီးရိုးစေတီတော်ကြီးမှ မီးရောင်များကိုပင် လှမ်း၍ ဖူးမြင်နိုင်ကြောင်း သိရသည်၊ (ထိုပင်လယ်ပြီး အရောက်မှာတော့ မောသမျှ အပန်းပြေ၍ ရင်ထဲ အေးချမ်းရသည်၊ ပါလာသော လူငယ်လေးများ ပယ်လင်ပြင်ထဲ ဆင်း၍ ပျော်ကြသည်၊ ဓါတ်ပုံရိုက်ကြသည်၊ သူတို့လည်း အလွန်ပင်ပန်းကြသည်)
ညနေ..6:30
အောင်သာတန်း ကျေးရွာမှ အထွက်မှာတော့ မိုးချုပ်ပါပြီ၊ ထို့နောက် ထွန်းစိန်ရွာသို့ အရောက်မှာတော့ ဘုန်းဘုန်းတို့ ကားမှာ ရေကုန်သွား၍ လှည့်ပြန်ခဲ့ရသည်၊ ရေပုံးလေးတွေ ကိုင်ပြီး သောက်ရေ မရပဲ ပြန်သွားရရှာသော ကလေးများ ကို မကြည့်ရက်တော့၊ မျက်နှာလွှဲပြီး ပြန်ခဲ့ရသည်။
ည 7:00
ခန့်မှာတော့ ဘုန်းဘုန်းတို့နဲ့ အလှမ်းကွာမှရောက်လာသော ဘုန်းဘုန်းတို့ လှူဒါန်းထားသော ထော်လာဂျီ တစ်စီးမှ ရေဘူး တစ်ရာကျော်အား အောပန်းစိန်ရွာမှာ နောက်ဆုံး လှူဒါန်းခဲ့သည်၊ ထိုရွာမှ လူငယ်လေးများ စားဘို့ရန် အိမ်သားများ စားဘို့ ကြော်ထားသော ကြက်ဥကြော်များအား ကြွပ်ကြွပ် အိတ်နှင့် ထည့်၍ ပေးလိုက်ပါသည်၊ အောင်ပန်းစိန်ကျေးရွာ အပြီးမှာတော့ ထော်လာဂျီ သုံစီး ရှေ့နောက် တန်း၍ ပြန်ခဲ့ကြသည်၊ ဒီခရီး စဉ် ပင်ပန်းဆင်းရဲမှုကတော့ ပြောမယုံကြုံဖူးမှ သိပါမည်၊ သို့သော်လည်း ပင်ပန်းရကျိုးနပ်၍ အလွန်ထူးမြတ်သော ကုသိုလ်ဖြစ်ပါသောကြောင့် ငွေအား ဒါနတင်မကပဲ လုပ်အား ဒါနပါ ပြုစေချင်ပါသည်၊
ည 10:00
သုံးခွသို့ ရောက်သည်၊ ကျောင်းသို့ ၁၁ ကျော်ကျော်မှာ ရောက်၍ ရေချိုးပြီး (ရေမချိုးလို့ မရဘူး၊ ကိုယ်မှာ ဆားပွင့်နေပြီ)ကျိန်းစက်လိုက်ရာ မနက် ၈ နာရီမှ နိုးပါတော့သည်၊ နိုးနိုးချင်း မျက်နှစ်သစ်၍ မနားနိုင်သေးပပါ၊ မယ်တော်ကြီးကို ကြည့်ဘို့နဲ့ စာကြည့်တိုက်လေး အချောသတ်ရန် 14.5.12 ဒီမနက်မှာပဲ မနားနိုင်ပဲ အဝေးပြေးကွင်းကို သွား၊ လက်မှတ်ဖြတ်၍ ခုတော့ ဇလွန်ကို ရောက်နေပါပြီ...အလှူရှင်များ စိတ်အားထက်သန်မည်ဆိုပါက ထပ်မံ၍ ရေလှူခရီးစဉ်များ ရေရှည်စီမံကိန်းများ အကောငထည်ဖော်ပါဦးမည်...။
မှတ်ချက်။ ။ မှတ်ချက် သုံးခွမြို့နယ် NLD ပါတီမှ ကားငှားခြင်း ကိစ္စများ၊ ရေ၀ယ်ခြင်း ကိစ္စများနှင့် ရေလှူသွားရောက်သော ပယ်လယ်ကွေ့ကျေးရွာများအထိ ခရီးစဉ် အစမှ အဆုံးတိုင် ပင်ပင်ပန်းပန်း လိုက်ပါ၊ ကူညီကြပါသည်၊ အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပါသည်၊ ဘုန်းဘုန်းတို့ အဖွဲ့တင်မဟုတ်၊ ရေလှူလာသော မည်သူမဆိုကို ကူညီကြခြင်းဖြစ်ပါတယ်။

မေတ္တာဖြင့်...ဘုန်းဘုန်း အလင်းအိမ် (14.5.12.. Z.L)

မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင်တို့အမှု တရားရုံး ပြောင်းစစ်

The Voice Weekly
ရန်ကုန်၊ မေ ၁၂
ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။
"ဒီနေ့ အမှု ရင်ဆိုင်ဖို့ စခေါ်တယ်။ အာမခံလုပ်ဖို့နဲ့ သက်သေတင်ဖို့'' ဟု ဟိုတယ်ဝန်ထမ်း အမျိုးသမီး၏ ရှေ့နေ ဦးဝင်းနိုင်က ဆိုသည်။
ယင်းအမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် တရားရုံး၌ ပြစ်မှုကြီး အမှတ် ၃၄၉ /၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ ဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး ဒေါ်အေးအေးကြည်က လည်းကောင်း၊ ပြစ်မှုကြီး အမှတ် ၃၅၀/၁၂ ပြစ်မှုပုဒ်မ ၃၄၁/၅၀၆ ဖြင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ အိုကာဟာ ရှိဒါကာရှိက လည်းကောင်း အပြန်အလှန် တရားရင်ဆိုင် ခဲ့ကြသည်။
ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာ လမ်းရှိ ယင်းဟိုတယ်တွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားနှင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တို့သည် ဂျပန်နိုင်ငံသားက အမျိုးသမီးတစ်ဦးအား အဖော်အဖြစ် ဇန်နဝါရီ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် ဟိုတယ်သို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သတ်၍ ဟိုတယ်စည်းကမ်းနှင့် မကိုက်ညီကြောင်း ပြောဆိုရာမှ ထိုဂျပန် အမျိုးသားက ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သဖြင့် ပုဇွန်တောင် ရဲစခန်း၌ အမှုဖွင့်ထား သကဲ့သို့ ယင်းဂျပန် အမျိုးသားကလည်း ဟိုတယ်အတွင်း ဝင်ရောက်ခြင်းကို တားဆီးမှုဖြင့် အပြန်အလှန် အမှုဖွင့်ကာ ပုဇွန်တောင် တရားရုံးတွင် အမှုရင်ဆိုင်နေခြင်း ဖြစ်သည်။
ယင်းသို့ အမှုရင်ဆိုင်နေရာမှ ဟိုတယ်ဝန်ထမ်း အမျိုးသမီးက ရုံးပြောင်းစစ်ရန် ခရိုင်တရားရုံးသို့ လျှောက်ထားချက်အရ ယခုမေလ ၁၁ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွေ့ အမှုရင်ဆိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာ စက်မှုဇုန် လုပ်သား မကျေနပ်မှု တင်ပြ

မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်- သူရမျိုး (YPI )
လုပ်ခ လစာငွေမလုံလောက်သည်ကို ဖြေရှင်းပေးဖို့ တင်ပြရန် အတွက် လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ မင်းကြီးမဟာမင်းခေါင်လမ်းပေါ်ရှိ Jasmine(စပါယ်ပွင့်) အထည်စက်ရုံအလုပ်သမများ ယနေ့မနက်၉နာရီခန့်က စတင်စုရုံးခဲ့သည်။ ထိုသို့စုရုံးရခြင်းမှာ ဆန္ဒပြရန်မဟုတ်ဘဲ အလုပ်ရှင်နှင့်ညှိနှိုင်းရန် အလုပ်သမားရေးရာတာဝန်ရှိသူများကိုစောင့်စားခြင်းဖြစ်ကြောင်း အလုပ်သမများက ပြောသည်။
အဆိုပါစက်ရုံတွင် ပုဒ်ဖြတ်စားစနစ်ဖြင့် လုပ်ကိုင်ရပြီး အထည်အော်ဒါရှိလျှင်ရှိသလို အလုပ်သမတစ်ဦးလျှင် တစ်လ ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာရသဖြင့် ပုံသေလစာရရှိရန် တောင်ဆိုသွားမည်ဖြစ်ကြောင်း၊ ၄င်းအပြင် တစ်လလျှင် ခွင့်၂ရက်အပြင် တစ်လ ၂ရက် ၁၀မိနစ်ခန့်နောက်ကျခွင့်ရရှိရန်လည်း တောင်းဆိုသွားမည်ဟု အထည်ချုပ်အလုပ်သမ မခင်ဝေက YPI သို့ ပြောသည်။
အဆိုပါ စံပါယ်ဖူး စက်ရုံအလုပ်သမ အခက်အခဲအားလှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် မြို့နယ်အလုပ်သမားရေးရာ တာဝန်ရှိသူများမှ အလုပ်ရှင်နှင်အလုပ်သမများကြား စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။ ။

မြရွှေဝါကုမ္ပဏီကို ဥပဒေကြောင်းအရရင်ဆိုင်မည်ဟု ဒဂုံဆိပ်ကမ်းလယ်သမားများဆို

by Yangon Press International on Monday, May 14, 2012 at 10:24am ·
မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)·
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် မြရွှေဝါကုမ္ပဏီ၏ လယ်မြေသိမ်းယူခြင်းကိုခံထားရသော ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမားများအနေဖြင့် ထိုကုမ္ပဏီအား ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ယင်းလယ်သမားများအရေး ဆောင်ရွက်နေသူက ပြောသည်။ ယင်းလယ်သမားများအရေးဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်က “ ခုအချိန်မှာ အချို့လယ်သမားတွေ လယ်စလုပ်နေပြီ။ ကုမ္ပဏီက အနှောင့်အယှက်ပေးလာရင် ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်။ဒီကိစ္စကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုလည်း တိုင်ထားတယ် ” ဟုပြောသည်။ လယ်သမားများဘက်မှ ဆောင်ရွက်သူ အခြားရှေ့နေဦးဖြစ်သည့် ဦးအောင်သိန်းကလည်း လယ်ယာမြေအမှုများမှာ တရားစွဲဆိုရန်အခွင့်အရေး နည်းပါးသော်လည်း လယ်သမားများပိုင် လယ်ယာမြေများအား ကုမ္ပဏီမှ ၀င်ရောက် လုပ်ကိုင်လာပါက တရားရုံးမှတဆင့် တားဝရမ်း ထုတ်ပေးရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောသည်။ မြရွှေဝါကုမ္ပဏီဘက်မှလည်း ၎င်းတို့အနေဖြင့် လယ်ယာမြေများကို စတင် လုပ်ကိုင်တော့မည်ဖြစ်ပြီး နှောက်ယှက်ပါက ကာကွယ်ပေးရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပြောကြားထားသည်ဟု လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်ကပြောသည်။ “ သူတို့ဘက်က အာဏာသုံးပြီးလုပ်မယ့်ပုံစံရှိတယ်ဗျ။ ကျွန်တော်တို့က လယ်သမားတွေဆိုတော့ သူတို့နဲ့ ငွေအားလည်းမယှဉ်နိုင်ဘူး။ ဥာဏ်အားလည်းမယှဉ်နိုင်ဘူး ” ဟု၎င်းကပြောသည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား ၂၀၀၈ ခုနှစ်က မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကြောင်း၊ ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းဝန်ကြီးဌာနမှတဆင့် မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း လယ်သမား များ၏ ပြောဆိုချက်အရ သိရသည်။ မြရွှေဝါကုမ္ပဏီအနေဖြင့် ယခုလ ၁၁ ရက်နေ့က လယ်သမားများအား ခေါ်ယူ၍ တွေ့ဆုံခဲ့ကြောင်း ယင်းသို့ တွေ့ဆုံရာတွင် လယ်သမားများအနေဖြင့် မိမိတို့ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲရယူရန်ပြောခဲ့ကြောင်း ကျီစုရွာမှ လယ်သမားများက ဆိုသည်။ လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်က “ ကျွန်တော်တို့က လျော်ကြေးလည်း မလိုချင်ဘူး။ အကျိုးတူလည်း မလုပ်ချင်ဘူး။ ကိုယ့်လယ်ပဲ ကိုပြန်လိုချင်တာ။ လယ်ကိုပဲ သံယောဇဉ်ရှိတယ်” ဟုပြောသည်။ လယ်မြေအသိမ်းခံရသော လယ်သမားများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်ကြားစာ သုံးကြိမ်တိုင်တိုင် ပေးပို့တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း လယ်သမားများက ပြောသည်။

အဘမန်း… ဘာလဲ!!!! အဘမန်း… ဘယ်လဲ !!!!


၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးရဲ့ (၆) ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ‘‘ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ စရိတ်၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ၀န်ထမ်းများနဲ့ အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ လစာနဲ့ စရိတ်တွေကို လုံလောက်စွာ ချီးမြှင့်ပေး ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြတဲ့ လိုအပ်ရင် နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် အသက်ပေးစွန့်လွှတ်နေကြတဲ့ တပ်မတော်သားတွေရဲ့ ရိက္ခာ၊ စရိတ်၊ စစ်ဝတ်နဲ့ အသုံးအဆောင်စရိတ်တွေ အပါအ၀င် အခြားစရိတ်တွေ ကိုလည်း အနည်းဆုံး ၁၉၅၉-၁၉၆၀ ခုနှစ်က ရရှိထားတဲ့ စရိတ်တွေရဲ့ တန်ဖိုးအတိုင်း ရရှိအောင် ခွင့်ပြုပေးသင့်ကြောင်း’’ ကို ပြောကြားခဲ့ပါတယ်။
ဦးရွှေမန်းရဲ့ တင်ပြချက်ကို နိုင်ငံတော် သမ္မတကိုယ်စား ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းမှ လစာတိုးမြှင့်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကုန်ကျလာမည့် လစာနှင့် အခြားအသုံးစရိတ်တွေ များပြာားလာမှာဖြစ်လို့ နိုင်ငံတော် ဘတ်ဂျတ်မှာ အခက်အခဲတွေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာထောက်ထားသောအားဖြင့် ၄င်းတို့ရဲ့ ဒေသစရိတ်နှုန်းထားများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် ကျွန်တော်တို့ အစိုးရ အဖွဲ့ဟာ စတင်တာဝန်လွဲပြောင်းရယူချိန်ကစပြီး မြင့်မားတဲ့ လစာနှုန်းထားတွေကို ရယူခံစားခြင်းမပြုပဲ ယခင်အစိုးရ လက်ထက်က နှုန်းထားအတိုင်း ရယူခံစားနေကြသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးမှာ အစိုးရ၀န်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ (၃.၃%)ခန့်ရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူအစိုးရဖြစ်တာနဲ့ အညီ အစိုးရ ၀န်ထမ်းမဟုတ်သော သာမန်လက်လုပ်လက်စား ပြည်သူ (၉၆.၇%) ကိုလည်း ပြန်လည်ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးပေးမှုတွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ လစာသို့မဟုတ် ထောက်ပံ့ကူညီမှုတွေ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဦးရွှေမန်းအနေနဲ့ သမ္မတထံ တောင်းဆိုချက်နဲ့ ပတ်သတ်ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံကာ ၀န်ထမ်းများလစာတိုးရေးကိစ္စကို အဓိကထား ဆွေးနွေး သွားပါတယ်။ ဒီလိုဆွေးနွေးခဲ့ရာတွင် နိုင်ငံသားများ အနေနဲ့ ရဲရဲရင့်ရင့် သတ္တိရှိရှိဖြင့် ပြောဆိုရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ ပြောကြားချက်အကြောင်းကို မီဒီယာတွေကနေတဆင့် ပျံ့နှံ့ပြီးတဲ့နောက် ရန်ကုန်တွင် တိုင်ရီစက်ရုံမှ အလုပ်သမားများ အခွင့်အရေးတောင်းဆိုမှုများမှ စတင်ပြီး စက်ရုံများတွင် အလုပ်သမား အခွင့်အရေးလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာရပါတယ်။ လွှတ်တော်မှာ ၀န်ထမ်းတွေ လစာတိုးပေးရေးကိစ္စကို တင်သွင်းစဉ်ကလည်း ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းမှ တဆင့် မီဒီယာများသို့ ပိုမို ပြန့်ပွားအောင်ဆောင်ရွက်ခဲ့စေပါတယ်။ ဦးရွှေမန်းအနေနဲ့ ၀န်ထမ်းများ လစာတိုးရေးကိစ္စကို အကြောင်းပြ ပြီးတော့ အစိုးရကို ဖိအားတွေ တောက်လျှောက်ပေးလာခဲ့ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို သမ္မတမှ လွှတ်တော်သို့ တင်ပြအတည်ပြုချက်မယူပဲ သမ္မတလုပ်ပိုင်ခွင့်အတွင်းမှ ရပ်တန့်ပေးခဲ့တာကို လည်း ဦးရွှေမန်းမှ အမြင်မကြည်လင်ခဲ့ပါဘူးဆိုတာ လွှတ်တော်တွင်းမှာ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။
ယခင် စစ်အစိုးရ လက်ထက်က ကုန်ဈေးနှုန်းကြီးမြင့်မှုကို လက်တလောပြေလည်စေဖို့ ၀န်ထမ်းတွေကို လစာတိုး ပေးခြင်းနဲ့ဖြေရှင်းခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၃ခုနှစ် မှာတစ်ကြိမ်၊ ၂၀၀၀ပြည့်နှစ်မှာ တစ်ကြိမ်၊ ၂၀၀၆ ခုနှစ်မှာ တစ်ကြိမ၊ ၂၀၁၀ပြည့်နှစ် ဇန်န၀ါရီလ တွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်တိတိ လစာတွေ တိုးပေးခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ ရွှေတစ်ကျပ်သားကို တစ်သိန်းတစ်သောင်းကျော်လောက် ပေးရပေမဲ့ ၂၀၁၂ ခုနှစ် ယနေ့ကာလမှာတော့ ၇၁၀၀၀၀ ကျော် ပေးရပါတယ်။ ဆန်ဆိုရင် လည်း ၂၀၀၂ခုနှစ်မှာ တစ်ပြည် ၂၈၀ ကျပ်သာ ပေးရ ပေမဲ့ ခုအချိန်မှာတော့ တစ်ပြည်ကို ၁၅၀၀ ကျပ်တောင်ပေးရလို့ ငွေကြေး ဖောင်းပွမှုဟာ ခြောက်ဆ လောက် အထိထိုးတက်လာတာကို တွေ့ရမှာပါ။ ဒီလိုလုပ်ဆောင်ခဲ့တာဟာ စစ်အစိုးရရဲ့ ငါးပွက်ရာငါးစာချလုပ်ဆောင်မှုကြောင့် နိုင်ငံတော်အနေနဲ့ ငွေကြေးဖောင်းပွနှုန်း မြင့်တက်ခဲ့ပြီးတော့ အခြေခံ လူတန်းစားတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံခဲ့ရပါတယ်။ လစာတိုးလာပေမယ့် ကုန်ဈေးနှုန်းက လိုက်ပါမြင့်တတ်ခဲ့လို့ ဂျာအေး သူ့အမေရိုက် ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ၀န်ထမ်းတွေရဲ့ အခက်အခဲကို လစာ တိုးပေးလိုက်ရုံဖြင့် မဖြေရှင်းနိုင်ပဲ ငွေကြေး ဖောင်းပွမှုသာမြင့်တတ်လာခဲ့ပါတယ်။
ပြည်သူတွေရဲ့လိုလားချက်က လစာတိုးဖို့ မဟုတ်ပါဘူး ကုန်ဈေးနှုန်းကျဆင်းဖို့ပါပဲ။ လစာသာတိုးလာပြီး ကျန်တဲ့ကုန်ဈေးနှုန်းတွေ တက်လို့ ၀န်ထမ်းတွေပဲ ခဏတာ အဆင်ပြေပြီး ကျန် ၅၈ သန်းကျော် ပြည်သူတွေက ကုန်ဈေးနှုန်းဒဏ်ကို ခံရပါတယ်။ ၀န်ထမ်းတွေကလည်း လစာတိုးတာ နာမည်သာရှိပေမယ့် တကယ်တန်းကျတော့ ကုန်ဈေးနှုန်းတတ်တာနဲ့ ယှဉ်လိုက်ရင် မူလအတိုင်းပဲ မလောက်မငှ ပြန်ဖြစ်တာပါပဲ။ ဒါကြောင့် ဦးရွှေမန်းပြောတဲ့ လစာတိုးပေးဖို့ဆိုတာက ပြည်သူကို အပေါစား စည်းရုံးလိုက်တာပဲ ဖြစ်ပါတယ်။ လစာတိုးပေမယ် ဒါပေမယ့် နိုင်ငံတော်က ကုန်ဈေးနှုန်းကို ဘယ်လိုတွေ ထိန်းချုပ်ပေးမယ်ဆိုတာတွေ မပါပဲ လစာတိုးပေးမယ်ဆိုတာချည်းပဲ ပြောနေတော့ ပြည်သူ ၅၈ သန်းကျော်ကို ဒုက္ခရောက်အောင်လုပ်နေသလိုပါပဲ။ တကယ်စေတနာထားတာ မဟုတ်ပဲ စီးပွာရေး ကမောက်ကမဖြစ်အောင် လုပ်နေတာလို့ ပြည်သူတွေက ပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း တောင်းဆိုတဲ့ ၀န်ထမ်းများ လစာတိုးမြှင့်ပေးရေး ကို လိုက်လျောခြင်း မရှိပေမဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၀န်ထမ်းတွေ အားလုံးကို ထောက်ပံ့ကြေးငွေ အဖြစ် တစ်လလျှင် ၃၀၀၀၀ကျပ်စီ ၂၀၁၂ ဧပြီလက စတင်ပြီးတော့ ထောက်ပံ့ ပေးခဲ့ပါတယ်။ ဒီလို ထောက်ပံ့ပေးဖို့အတွက် နေပြည်တော်ကောင်စီရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ မြန်မာနိုင်ငံစက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဘက်ဂျက်တွေအပြင်အခြားဝန်ကြီးဌာနတွေရဲ့ဘက်ဂျက်အချို့ကိုလျှော့ချပေးခဲ့ရပါတယ်။ ဒါ့အပြင် မတ်လ (၂၄) ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်နာယက ထံသို့ ဦးရွှေမန်းက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုနဲ့ပတ်သတ်ပြီးတော့ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သ၀ဏ်လွှာထဲမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ အငြိမ်းစားလစာတွေကို တိုးမြှင့်ပေးခြင်းနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိ ကြောင်း ဖော်ပြ ထားပါတယ်။
အဲဒီသ၀ဏ်လွှာပါ အချက်တွေနဲ့ပတ်သတ်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဧပြီလ (၉)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ပါတယ်။ အဲဒီ သ၀ဏ်လွှာမှာ ပါဝင်တဲ့ ဖော်ပြချက်တွေကတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ လစဉ်ချီးမြှင့်ငွေကိုသာ လျော့ပေါ့ခံစားခြင်း ဖြစ်ကြောင်းနဲ့ ပင်စင်လစာကို တိုးမြှင့်ပေးခြင်းကလည်း နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာ အတွင်းကပဲ ဆောင်ရွက်ခြင်းဖြစ်တာကြောင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းမှာ အုပ်ချုပ်မှု အာဏာ အရဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို ပြန်လည်ရှင်းလင်းထားတဲ့ အချက်တွေပါဝင်ပါတယ်။
နိုင်ငံတော်သမ္မတကြီးက ရရှိမယ့် အခွင့်အရေးကိုတောင် အပြည့်အ၀မယူပဲ လစာကို လျော့ယူတာ ပြည်သူတွေ အပေါ်မှာ စေတနာထားတာပါ။ သမ္မတတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀မယူပဲ နိုင်ငံတော်အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့ အငြိမ်းစားလစာ တိုးမြှင့်ပေးတာက လည်း အငြိမ်းစားယူသွားတဲ့ ၀န်ထမ်းတွေကို လက်ရှိကုန်ဈေးနှုန်းနဲ့ ချင့်ချိန်ပြီး မတောင့်မတနေရအောင် စေတနာထားဆောင်ရွက်ပေးတာပါ။ ဦးရွှေမန်းလို သားတွေက ကုမ္ပဏီထောင် အဖေကလုပ်ပိုင်ခွင့်တွေပေး စတဲ့အလုပ်တွေနဲ့ ချမ်းသာနေတော့ ဒီပင်စင်လစာကို ဘယ်မက်မောပါ့မလဲ။ ဒါပေမယ့် အငြိမ်းစား ၀န်ထမ်းအများစုကတော့ ဘ၀ရဲ့ နေ၀င်ချိန်တွေမှာ မတောင့်မတ မကြောင့်မကြ နေနိုင်အောင် ဆောင်ရွက် ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်နေကြပါတယ်။
လူ့အခွင့်အရေး ကောင်မရှင် ဖွဲ့စည်းပေးတာကလည်း လူသားချင်းစာနာထောက်ထားမှုအတွက် ဖွဲ့စည်းပေးထားတာပါ။ ပြည်သူတွေ ခံစားနေရတဲ့ မတရားမှု တွေကို ဖြေရှင်းပေးမယ့် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပေးထားတာဖြစ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြည်သူတွေ အပေါ်ထားတဲ့ စေတနာကို ထင်ဟပ်စေပါတယ်။ ဒါပေမယ့် ဦးရွှေမန်းကတော့ မြစ်ဆုံအရေးကတည်းက မကျေလည်မှုတွေကို အရင်းပြုပြီး ဥပဒေတွေ မူတွေနဲ့ သမ္မတရဲ့လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့ မညီကြောင်း ပြောကြားခဲ့မှုအပေါ် ပြည်သူတွေက မကျေနပ် ကျပါဘူး။ ပြည်သူ့ အကျိုးကို ဆောင်ရွက်တဲ့ နေရာမှာ လူတွေ မူတွေ မလိုပါဘူး။ တကယ် အကျိုးရှိအောင် လုပ်ပေးချင်စိတ်အပေါ်မှာပဲမူတည်နေတာပါ။
နိုင်ငံတော်သမ္မတအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို တည်ငြိမ်အောင်ဆောင်ရွက်ပြီးတော့ တစ်ဘက်ကလည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်နေတာကို ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ဦးအနေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘဲနဲ့ ဒီမိုကရေစီ ဘက်တော်သား အမည်ကောင်း ခံယူပြီးတော့ အစိုးရအဖွဲ့ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ DSA (၁၁)က ဖြစ်ပြီးတော့ ၁၉၈၈ အရေးအခင်းမှာ ဗိုလ်မှူး အဆင့်ပဲ ရှိပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး နောက်ဆုံး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို ရရှိခဲ့ပါတယ်။
ဦးရွှေမန်းဟာ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပါတယ်။ တိုးနိုင်မန်းဟာ အသက်ငယ်ရွယ်လို့ လွှတ်တော်အမတ်အချို့က မကျေနပ်ပါဘူး။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး ကွယ်လွန်ပြီးနောက် သူ့သား ကင်ဂျုံအန် ဟာ ခေါင်းဆောင်ဖြစ်လာပါတယ်။ ဒါကြောင့် အဖေသေရင် သားဆက်လက် တာဝန်ထမ်းဆောင်မှာလား ဆိုတဲ့ မေးခွန်းတွေကလည်း ပြည်သူ့ လွှတ်တော်အတွင်းမှာ တီးတိုးပျံ့နှံ့ခဲ့ပါတယ်။ ဦးရွှေမန်းဟာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း မကျေလည်မှုတွေရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်းကို နိုင်ငံတော်ခုံရုံးသို့ တင်ပြဖို့ဆုံးဖြတ်ချက်ကို ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်ခဲ့ပါတယ်။ ဒီလို ကန့်ကွက်ခဲ့လို့ ပြည်ထောင်စု လွှတ်တော်ဥက္ကဌ အဖြစ် တာဝန်ယူရတဲ့ ဦးခင်အောင်မြင့်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ပျက်စေပြီး ဂုဏ်သိက္ခာညှိးနွမ်းအောင် လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန် ပြောကြားခဲ့ပါတယ်။
အဘမန်းဟာ စစ်အစိုးရလက်ထက်က ထိပ်တန်းတာဝန်ကို ထမ်းဆောင်ခဲ့ပေမဲ့ အခုအခါမှာ ဒီမိုကရေစီ အရေးကို အကြောင်းပြပြီး လွှတ်တော်အတွင်းမှာ အာဏာကို တည်ဆောက်နေပါတယ်။ အစိုးရရဲ့ အတိုက်အခံအင်အားစုတွေနဲ့ အလွမ်းသင့်ပြီး ကြံ့ခိုင်ရေးပါတီကို ကြားဖြတ်ရွေးကောက်ပွဲကာလ မှာ ထိရောက်တဲ့ ကြီးကြပ်ကွပ်ကဲမှုမလုပ်ခဲ့လို့ ပါတီဟာလည်း ရှုံးနိမ့်ခဲ့ရကြောင်း၊ ဒီလိုရှုံးနိမ့်မှုအပေါ်မှာ ပါတီဝင်အချင်းချင်းကလည်း မကျေနပ်မှုတွေရှိလာပြီး ပါတီအတွင်းနဲ့ လွှတ်တော်အတွင်းမှာ အဘမန်းကို နှုတ်ထွက်ပေးဖို့ ဖိအားတွေများပြားလာတယ်လို့ တီးတိုးဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။
အဘမန်းသာ နှုတ်ထွက်သွားပါက သူ့ သားတွေပိုင်ဆိုင်တဲ့ ဧရာရွှေဝါ ကုမ္ပဏီ၊ Red Link ကုမ္ပဏီ တွေအပြင် (ဇေကမ္ဘာ) ဦးခင်ရွှေရဲ့ လုပ်ငန်းတွေပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အဘမန်း အနေနဲ့ ဖိအားတွေကို ဘယ်လိုရင်ဆိုင်ပြီးတော့ လွှတ်တော်ထဲဝင်ရောက်လာတဲ့ အတိုက်အခံပါတီ NLD နဲ့ ပူးပေါင်း ဆောင်ရွက်မှာလား၊ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကပဲ ရပ်တည်ဆောင်ရွက် သွားမှာလား နိုင်ငံရေး အမြတ်ထွက်အောင် ဆောင်ရွက်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမယ် လို့ အစိုးရအဖွဲ့ ကြားမှာ သတင်းတွေ ပျံ့နှံ့နေပါတယ်။
motrakin

http://www.hittai.net

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ပညာရေး၊ ကျန်းမာရေး နဲ့ ဖွံဖြိုးရေး အခြေအနေတွေကို လေ့လာ

Published on May 14, 2012 by RFABurmeseVideo

အိမ်အတွင်း ၀င်ရောက် ပြီးမထွယ်အောင် အားထိုးကြိတ်

မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးစန်းမောင် ၏ သားဖြစ်သူ ချိုသဲမောင် သည် ၃၁-၃-၂၀၁၂ နေ့ က နေ့ လည် ၁၁း၃၀ နာရီအချိန် တွင် ၆၆ x ၆၇ ကြား၊ ၃၈ x ၃၉ ကြား မဟာမြိုင် အပိုင်း(၁)၊ အကွက်(၅) မန္တလေးမြို့  မဟာအောင်မြေမြို့ နယ်တွင် နေထိုင်သော ကျွန်မ မထွယ်အောင် နေအိမ် အတွင်းရှိ နေစဉ် ကားနံပါတ် ၃၈/၉၉၄၆ စူပါ စလွန်းအဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး မည်သည့် အကြောင်းမှပြောဆိုခြင်းမရှိပဲ ကျွန်မ၏ အင်္ကျီရင်ဘတ်အား ဆောင့်ဆွဲပြီး ထိုးကျိတ်ကန်ရိုက်နှက်ကာ ငါ့ကို ဘာကောင်မှတ်နေသလဲ ဘယ်ရုံးကိုတိုင်တိုင် စောက်ဂရုမစိုက်ဘူး တိုင်ချင်ရတိုင် နင့်ကိုငါသတ်ပစ်မယ်၊ ထိုးသတ်မည်ဟု ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုကာ ထွက်သွားပြီး ကားနားအရောက်တွင် သတ္တိရှိတဲ့ကောင်လာခဲ့ ဟုပြောဆိုကာ ကားမောင်းပြီးထွက်သွားပါသည်။
ကျွန်မ မထွယ်အောင်မှ ၂.၄.၂၀၁၂ နေ့ တွင် မန္တလေးမြို့  အမှတ်(၉)ရဲ စခန်းသို့ သွား ရောက်အမှု့ ဖွင့်တိုင်းကြားခဲ့သော်လည်း ၅.၅.၂၀၁၂ နေ့ အထိ မည်သို့ မှ အကြောင်း ပြန်ကြားခြင်းမရှိသဖြင့် ရဲ စခန်းသို့ သွားရောက်စုံစမ်းမေးမြန်းရာ တရားခံအား အဖမ်းပြပြီး အာမခံပေးလိုက်သည်ဟု သိရပါသည်။
ဤအမှု့ နှင့် ပါတ်သတ်၍ ကျွန်တော်တို့ အား အထက်မှဖိအားပေးနေသဖြင့် အမှု့ မှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရာတွင် အနှောက်အယှက်အဟန့် အတားဖြစ်နေ ပါသည်ဟုလည်း ကျွန်မတို့ အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့ ကြောင့်မြို့ တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်အတွင်းရေးမှူးဦးစန်းမောင် ၏ သားဖြစ်သူသည် ဖခင်အာဏာကို အလွှဲသုံးစားပြုလျှက် မြို့ တော်နေ ပြည်သူမိန်း ခလေးတစ်ဦးအား နေအိမ်အတွင်းသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်ကာ ကာအိန္ဒြာပျက်ပျား စေခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကျိတ်ရိုက်နှက်ကာ ခြိမ်းခြောက်ကြိမ်းမောင်းသွားသည်ကို ထိရောက်မှန်ကန်စွာအရေးယူပေးပါရန် နှင့် အများပြည်သူသိရှိနိုင်အောင်တင်ပြလိုက်ပါသည်။

မထွယ်အောင်