Monday, May 28, 2012

Yangon Crown Steel hunger strike day 4

သမ္မတ အကြံပေး ဦးကိုကိုလှိုင်ကို ပြည်သူတွေ မကျေမနပ်ဖြစ်နေ

Published on May 28, 2012 by
သမ္မတ အကြံပေ ဦးကိုကိုလှိုင်ကို ပြည်သူတွေ မကျေမနပ်ဖြစ်နေ
ရန်ကုန်မြို့တော် ၂၄ နာရီ လျှပ်စစ်မီးအပြည့်အဝ ရရှိရေး ပဉ္စမမြောက်နေ့ အဖြစ် ရန်ကုန်မြို့နေ ပြည်သူ လူထုက မေလ ၂၆ ရက်နေ့ ည ၇ နာရီက ဆူးလေဘုရားအနီးမှာ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူ ၃၀၀ လောက်ဟာ ဖယောင်းတွေတိုင်ထွန်းညှိပြီး ငြိမ်းချမ်းစွာ လှည့်လယ် ဆန္ဒထုတ် ဖော် ခဲ့ကြပြီး ဆူးလေဘုရားပေါ်မှာပဲ စုဝေးခဲ့ကြတာပါ။ အဲဒီနောက် မေလ ၂၄ ရက်နေ့က သမ္မတ အကြံပေး ဦးကိုကိုလှိုင် ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေကို ပြောဆိုခဲ့ပါတယ်။ တဆက်ထဲမှာလည်း လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက် တာမွေမြို့နယ်မှာလည်း ဒေသခံ အယောက် ၅၀ လောက်ဟာ ည ၇ နာရီကနေ စတင်ပြီး ည ၈:၃၀ နာရီအထိ တာမွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဖယောင်းတိုင် တွေ ထွန်းညှိပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါ သေးတယ်။

မြစ်ကြီးနားမြို့ပေါ်တွင် မိုင်းဗုံးပေါက်ကွဲ၊ ဒဏ်ရာရသူမရှိ

Yangon Press International



မြစ်ကြီးနား မေ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် -ဆိုင်းဆွတ် (YPI)

ယနေ့ မနက် ၆နာရီ ၁၀ မိနစ် က ယုဇနရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်မူထမ်းဟောင်းရုံးရှေ့တွင် မိုင်းဗုံးတလုံး ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိ ဟုသိရှိရသည်။ ပေါက်ကွဲသည့်နေရာနှင့် ၁၀ ပေအကွာတွင် နောက်ထပ် မိုင်းဗုံးတလုံးတွေ့ရှိရသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းဗုံးအား မပေါက်ကွဲစေရန် လုပ်ဆောင်နိုင်ခဲ့သည်။

အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့


by Yangon Press International on Monday, May 28, 2012 at 6:48am ·
မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန်ကရောင်း သံရည်ကြိုစက်ရုံကို အစာငတ်ခံဆန္ဒပြနေသော အလုပ်သမားအချို့ ကျန်းမာရေးအခြေအနေ ချို့တဲ့လာကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် အစာငတ်ခံဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။

“ဒီနေ့မနက်ပဲ ၀မ်းကိုက်တဲ့တယောက်ကို မှော်ဘီဆေးရုံကိုပို့လိုက်ရတယ်၊ အခြားသူတွေလည်း အစာအိမ်အောင့်တဲ့သူရယ်၊ အားနည်းတဲ့သူတွေကို နီးစပ်ရာဆေးခန်းလိုက်ပြနေရတယ်”ဟု အလုပ်သမားအရေးဆာင်ရွက်ပေးနေသူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါ်မာမာဦးက ပြောသည်။

မြောင်းတကာ ရန်ကုန်ကရောင်း သံမဏိစက်ရုံမှ အစာငတ်ခံဆန္ဒပြသူများအား ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်၊ (သတင်းဓါတ်ပုံ-MMO)

ကျန်းမာရေးချို့တဲ့နေသူများထဲတွင် ၀မ်းကိုက်ရောဂါကြောင့် မှော်ဘီဆေးရုံသို့တက်ရောက်ကုသနေသူ ဦးဇော်မင်းလတ်၊ မျက်စိများ မှုန်လာကာ အဖျားဝင်နေသူ ဦးတင်မိုးဝင်း၊ အစာအိမ်အောင့်နေသည့် ဦးတင်ကိုဦးနှင့် ဦးသားလှစိုးတို့ဖြစ်ပြီး ၎င်းတို့ကိုလည်းအပြင်ဆေးခန်းတွင် ဆေးကုသနေရကြောင်း ၎င်းကဆိုသည်။

လုပ်ခ တနေ့ ၁၆၀ကျပ်မှ ၁၆၀၀ ကျပ်တိုးမြှင့်ပေးရန် မြောင်းတကာ သံရည်ကြိုစက်ရုံမှ အလုပ်သမား၅ ရာနီးပါးကယခင်သီတင်းပတ်မှစတင် ဆန္ဒပြနေရာမှ ၎င်းတို့အနက်မှ ၂၅ ဦးက လွန်ခဲ့သည့် လေးရက်ကစပြီး စတင် အစာအငတ်ခံ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် “တောင်းဆိုချက်များ မရမချင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်မည်”ဟုဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြလျှက်ရှိကြသည်။

အစာငတ်ခံဆန္ဒပြသူများမှာ အစာလုံးဝမစားဘဲ ရေတမျိုးတည်းသာသောက်၍ စက်ရုံရှေ့တွင် နေ့ရောညပါ ဆန္ဒပြလျက်ရှိပြီး သာမာန်ဆန္ဒပြသူများမှာ ၄၅၀ ခန့်ရှိသည်ဟုဆိုသည်။

ဆန္ဒပြတောင်းဆိုရာတွင် အလုပ်သမား ၆၀ ဦးအတွက်သာ နေ့တွက်ကြေးတိုးပေးရန်တောင်းဆို ဆန္ဒပြကြခြင်းဖြစ်ပြီး ကျန်သူများမှာဝိုင်းဝန်း ဆန္ဒပြပေးခြင်းဖြစ်သည်။

ဆန္ဒပြမှုကိုညှိနှိုင်းပေးရန်  ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားခေါင်းဆောင်များ ညှိုနှိုင်းဆွေးနွေးလျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းထိ အဖြေမထွက်သေးဟုဆိုသည်။

လေးရက်ခန့်အစာငတ်ခံဆန္ဒပြခဲ့သူတဦးဖြစ်သည့် ကိုအောင်ကျော်က “ဗိုက်ဆာလည်း ကြိတ်မှိတ်ပြီး ကိုယ့်အလုပ်သမားတွေ အတွက်ဆန္ဒဆက်ပြမှာပဲ။ ဒီမှာပဲတောက်လျှောက်ပြနေတာ၊ အိမ်လည်းမပြန်ဘူး ရေလည်းမချိုးရဘူး” ဟုဆိုသည်။

ရန်ကုန်ကရောင်း သံမဏိစက်ရုံကို တရုတ်(ထိုင်ဝမ်)နိုင်ငံသား ဦးရှောက်စမ်းက ပိုင်ဆိုင်ခြင်းဖြစ်ပြီး စက်ရုံမှူးမှာ ရဲမှူးဟောင်း ဦးမြင့်ဆွေဖြစ်သည် ဟုသိရှိရသည်။

ယခုလအတွင်း လုပ်ခတိုးမြှင့်ရေးနှင့်ပတ်သတ်၍ အလုပ်သမားများ ဆန္ဒပြမှုများ တိုးပွားလာလျှက်ရှိရာ ယခင်သီတင်းပတ်တွင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်အတွင်းစက်ရုံပေါင်း ၁၀ ရုံကျော်ကျော် ဆန္ဒပြခဲ့ကြပြီး စက်ရုံ ၈ ရုံဝန်းကျင်ခန့်မှာ ညှိုနှိုင်းဆွေးနွေးမှုပြေလည်ခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ဦးနန္ဒာစစ်အောင်က ပြောသည်။       ။

လေစိမ်းတွေ တိုက်နေတယ် (ရေးသူ။ ။ ဒဂုံတာရာ)

by အား မာန် on Monday, May 28, 2012 at 2:33pm ·
၁။
စိမ်းနုဝေရွက် မဂ္ဂဇင်း တိုက်သို့ ကျွန်တော် တယ်လီဖုန်း ဆက်လိုက်သော အခါ ကဗျာဆရာ အယ်ဒီတာက “ဟာ- အတော်ပဲ။
ကျွန်တော် ဘယ်လိုက်ရှာ ရမှန်း မသိဘူး။ အခုလက်မှတ် ရပြီ။ ဒီနေ့ဆင်းခဲ့ ပေတော့။ ကျွန်တော်တို့ စောင့်နေမယ်”ဟု ပြော၍ ကျွန်တော် ၀မ်းသာသွားသည်။

သူပြန်ပြော လိုက်သည့်အခါ ကျွန်တော်မှာ မိတ်ဆွေ သခင်ဖုန်းတင့် အိမ်တွင် ရောက်နေစဉ် ဖြစ်သည်။ ကိုဖုန်းတင့်က ကျွန်တော် ရန်ကုန် ရောက်နေခိုက် “စားရင်းသောက်ရင်း ပေါ့ဗျာ” ဟု ပြောပြီး ချိန်းလေ့ ရှိသည်။ ယခုလည်း နံနက်စာ သူ့အိမ်တွင် စားရန် ရောက်နေခိုက် ဖြစ်သည်။ ကျွန်တော်က ၂၁ ရက်နေ့တွင် လက်မှတ် လိုချင်သည်ဟု ပြောထားသော်လည်း ထိုနေ့က လိုရမည်ရ ဖုန်းဆက်ကြည့်ဦး မှပဲဟု စိတ်ကူးရ၍ စိမ်းနုဝေရွက် မဂ္ဂဇင်း တိုက်သို့ တယ်လီဖုန်း ဆက်လိုက်ခြင်း ဖြစ်သည်။ ကျွန်တော် ၂၁ ရက်နေ့ကို အစောဆုံး ထား၍ ၂၂-၂၃-၂၄ ရက် တစ်နေ့နေ့ ရလျှင် တော်ပါပြီဟု သူတို့အား ပြောထားခဲ့သည်။ ပြောထားသည့် ရက်ထက်ပင် တစ်ရက်စော၍ လက်မှတ်ရ သွားခြင်းဖြစ်သည်။ ဧပြီလ ရက် ၂၀။ ကျွန်တော့်မှာ နွေရက် တိုင်းတွင် ကမ္ဘောဇ ရဋ္ဌသာ မိုင်းခမ်းသို့ ထွက်ပြေး ဆုတ်ခွာ လေ့ရှိသည်။ ခါတိုင်း ဟေမာလေးက မီးရထားလက်မှတ် လုပ်ပေးလေ့ရှိသည်။

ဟေမာလေး သူငယ်ချင်းက လုပ်ပေးခြင်းဖြစ်သည်။ ဒီနှစ်တော့ ဟေမာလေးမှာ အလုပ်များနေ၍ ကျွန်တော် မပြောလိုက်။ စိမ်းနုဝေရွက် မဂ္ဂဇင်း တိုက်က ကဗျာ ဆရာက “ဟာ-ကျွန်တော် လုပ်ပေးပါမယ်” ဆို၍ သူက လက်မှတ်လုပ်ပေး ခြင်းဖြစ်သည်။ ဘူတာရုံသို့ ၁ နာရီခွဲ ရောက်မှ ဖြစ်မည်။

ယခု ၁၂ နာရီခန့် ရှိမည်။ ကျွန်တော်သည် ကမန်း ကတန်းပင် ငမိုးရိပ် ဆိပ်ကမ်းသာသို့ သွားရမည်။ သခင်ဖုန်းတင့် ဇနီး ဒေါ်ရင်ရင်မြက ကျွန်တော် ကြိုက်တတ်သော ငါးပုပ်ခြောက်နှင့် ဟင်းသီး ဟင်းရွက်စုံ ချဉ်ရည် ချက်ထားသည်။ ခါတိုင်း ကျွန်တော် ဇိမ်ဆွဲ၍ စားသောက်တတ်သည်။ ယခု မစားနိုင်။ သုတ်ခြေတင် စားရသည်။ တည်းခိုရာသို့ အမြန် သွားရမည်။ အထုပ် အပိုးများ ပြင်ရမည်။ ကားငှားရမည်။ ဘူတာကြီးသို့ ဆင်းရမည်။ သို့ဖြစ်ရာ စိတ်က လှုပ်ရှားနေ၍ ခါတိုင်းလို အေးအေးဆေးဆေး မစားနိုင်။ အမြန် စားသောက်ရသည်။ ချဉ်ရည်ဟင်းက ကျွန်တော့် အကြိုက်ပင်။ ကန်ပဲ့ရှိ သခင်ဖုန်းတင့် အိမ်မှတည်းရာ မြင်သာသို့ အတော်ကြာကြာ စောင့်၍ ကားငှားရသည်။ သခင်ဖုန်းတင့် အိမ်မှ နံနက်စာ စားပြီးလျှင် မြို့အစွန် မြောက်ဘက်ရှိ ဆွေမျိုးများ ရှိရာသို့ သွားရမည်။ ညနေဘက် အပြန်တွင် ချမ်းမြေ့ ရိပ်သာရှိ ၀တ္ထုရေး ဆရာမထံ သွားမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ရသည်။ ကားခ နှစ်ဆယ် ပေးရသည်။ မနည်းဆစ်၍ နှစ်ဆယ့်ပေးရ ခြင်းဖြစ်သည်။ ကမန်းကတန်း ထုပ်ပိုးပြီး ဘူတာရုံသို့ ပြေးရသည်။ ကားက အတော်စောင့် ငှားရသည်။ တက္ကစီ ခက မဆိုးပါ။ ၃၅ ကျပ် ပေးရသည်။

ဘူတာရုံသို့ ရောက်သောအခါ လက်မှတ်က မရ။ မောရသည်။ ဟာ ဘယ့်နှယ် ဖြစ်ပါလိမ့်။ သူတို့ကလည်း လက်မှတ် ၀ယ်နေကျလူ မဟုတ်။ ရမယ့်ရတော့ ပါမစ်က နှစ်စောင်တည်း။ သို့သော် ပထမ ကျွန်တော်၏ မိတ်ဆွေပိတောက် မဂ္ဂဇင်းမှ သီချင်းရေး ဆရာ အယ်ဒီတာ လုပ်ပေးသော ပါမစ်နှင့် သွား၍၀ယ်သည်။ ပါမစ်က ရှိနေသော်လည်း လက်မှတ်က ရောင်းကုန်ပြီ ဆို၍ လက်မှတ်က မရတော့။ ၁၀ နာရီခွဲ ၁၁ နာရီလောက်က သွား၍ ပါမစ်ကို ပြ၍ လက်မှတ် သွားဝယ်ခဲ့ သော်လည်း မရခဲ့။ နောက်ကျ သွားပြီတဲ့။ ဌာန အကြီးအကဲ များကို မေးကြည့်တော့ ပါမစ် ရသူများ ၂ နာရီခွဲ အထိ ၀ယ်နိုင်သည်ဟု သိရသည်။ ကျွန်တော်လည်း ဤကိစ္စ များကို မသိ၍ ကဗျာ ဆရာအား “ဟာ- ဘယ်တတ်နိုင်မှာ လဲဗျာ။ ရတဲ့နေ့ သွားရမှာပေါ့” ဟု ပြောလိုက်သည်။ သူ့တွင် ကျွန်တော့် မိတ်ဆွေ ကဗျာဆရာ အရာရှိကြီး တစ်ဦး လုပ်ပေးသော ပါမစ်တစ်ခု ကျန်သေးသည်။ ကျွန်တော်မှာ အထုပ်အပိုး တွေနှင့် တည်းခိုရာသို့ ပြန်ရသည်။

သို့သော် ယင်းပါမစ် ဖြင့်ပင် ၂၄ ရက်နေ့တွင် လက်မှတ်ရသည်။ ရမည့်ရတော့ အိပ်ခန်းပါ ရသည်။ ကျွန်တော် ကျေနပ် သွားရသည်။ ကျွန်တော်နှင့် အတူ ကျွန်တော့် တူမ၏ သမီးငယ်လေး ပါနေ၍ အိပ်စင် ရသည်ကိုပင် ကျေးဇူး တင်ရသည်။ ကဗျာ ဆရာများ လက်မှတ်ရောင်းသူ အားလုံးကိုပင် ကျေးဇူး တင်ရသေးသည်။ ကျေးဇူး မတင်၍ မဖြစ်။ ကျွန်တော်က အလကား အကောင်။ ဘာကောင်မျှ မဟုတ်။ သူတို့ လုပ်ပေးမှ ရသည်။ ကျွန်တော်က အရေး မကြီးဆုံး ပုဂ်္ဂိုလ်မဟုတ် ပါလား။

၂။
ပြေးလွှား၊ ပွတ်တိုက်ဆူညံ အော်ဟစ် ယှက်သန်းရှုပ် ထွေးသော ဘူတာရုံ မြင်ကွင်းကို ခံစားရင်း ကျွန်တော့်မှာ ဒေါက်တာ ဇီးဗားဂိုး ဇာတ်ကားကို စိတ်ကူးဖန်တီး လိုက်သည့် ဒေးဗစ်လင်းကို သတိရမိသည်။ သူ့ကို ကျွန်တော်ချီးကျူး မိသည်။ စိတ်ကူး ကောင်းသော အနု ပညာရှင်။ ဒီဇယ်ရထား ကြီးသည် ၃ နာရီ မီနစ် ၄၀ ခန့်တွင် ဥသြရှည် မှုတ်ကာ တုံ့ခနဲ တုံ့ခနဲ ရှေ့ထိုးနောက်ငင် ရွေ့လျားပြီး ထွက်ခွာလာ ခဲ့သည်။ ဘူတာရုံ အဆောက်အအုံ အမိုး အကာများ၊ ခုံးတံတား ကြီးများ၊ သစ်ပင်၊ အုတ်တိုင်များ ဘေးမှာ မှောင်တောင်တောင် နေသည်။

စောင့်စား နေရသော ဝေဒနာ မရှိတော့ပြီ။ ရထားသည် ပုဇွန်တောင် ဘူတာကို ဖြတ်၍ သုဝဏ္ဏကို ကျော်လာသော အခါ အလင်းရောင်သည် ပို၍ အခန်းထဲဝင် ရောက်လာသည်။ ကျွန်တော်တို့ လိုက်ပါလာသော လေးယောက်ခန်းတွင် အခန်းဖော်များ မနည်းလှ။ ခြောက်ယောက် ခန့်ရှိမည်။ အသက် ၇၀ ကျော် အဘွားကြီး တစ်ယောက်မှ လွဲ၍ ကျန်လူများမှာ အသက်ငယ်သော အမျိုးသမီး များသာ ဖြစ်သည်။ ကျွန်တော့်ထက် ၅၀ ခန့်ငယ်သူများ။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ပြောဆိုရယ်မော အော်ဟစ်ငြင်းခုံ နေကြ၍ အတော်ပင် စည်စည်ဝေေ၀ ဖြစ်နေကြသည်။ ကောင်မလေးတွေ ကတော့ ယနေ့ခေတ်ပေါ် ၀တ်စား ဆင်ယင်မှု၊ ဘလောက်စ် အင်္ကျီများနှင့် ပါတိတ် အပြောင်သားနှင့်၊ ဆံပင်အကြေ ကောက်နှင့်၊ ဟေမာနေ၀င်း ကေနှင့်၊ အင်္ကျီနှင့်၊ ဆင်တူရောင်စုံ ပလတ်စတစ် ညှပ်နားကပ် တွေနှင့်။ သူတို့ ပြောစကား များတွင် ယနေ့ခေတ်ပေါ် အဆောင် အယောင်တွေ အားလုံး ပါဝင်နေသည်။

တီဗီ အစီအစဉ်၊ ဗီဒီယို ဇာတ်လမ်း၊ အောင်ကြီးကိတ်မုန့်၊ ချိစ်၊ သံဘူးဘီယာ၊ ယိုးဒယားမှ လာသော ပလတ်စတစ်ဘူး အချိုရည်၊ ကိုကာကိုလာ၊ ပလတ်စတစ် တုတ်ချောင်းနှင့် လုပ်ထားသော စုတ်ပြားခေါ်သည့် သကြားလုံး၊ ယိုးဒယား ခေါက်ဆွဲခြောက်ထုပ်၊ ယိုးဒယား ရှောက်သီးဆေးပြား၊ ယိုးဒယား ဂျင်တန်၊ ယိုးဒယား ပူရှိန်း၊ ယိုးဒယား ပီကေ၊ စင်ကာပူမှ လာသည့် သံဘူး ဘီစကွတ်၊ ဂိုးဒ်ဒင်းပတ်ဖ် ဘူးကို လှမ်းကြည့်လိုက်သော အခါ စင်ကာပူ ဘက်မှ ၀င်သော အမျိုးအစား။ မြန်မာ ဖြစ်ဆို၍ အရီးတောင်း ပွဲထိုင်လက်ဖက် သုပ်နှင့် ပုသိမ် ဟာလ၀ါ။ သူတို့ နှုတ်ဖျားတွင် ဤယိုးဒယား စကားလုံး များသည် လေးယောက်ခန်းတွင် ပဲ့တင်ရိုက်ခတ် လျက်ရှိသည်။ သူတို့တွင် ပါလာသော ပစ္စည်း ပစ္စယ အသုံးအဆောင် များကလည်း အပျံစား ခေတ်ပေါ်သုံး သံမဏိ (စတီး) ထမင်းချိုင့်၊ သံမဏိ ရေခွက်၊ သံမဏိ ထမင်းစား ပန်းကန်ပြား၊ သံမဏိ ရေခွက်ကြီး၊ ကျွန်တော်သည်ပင် ယိုးဒယားနှင့် စင်ကာပူသို့ ရောက်သွားရ ပေသည်။

ရထားကြီးသည် တဂျုံးဂျုံးနှင့် တံတားကြီးကို ကျော်ဖြတ်သွားမှ ဌာနေ မြန်မာပြည်ကို ပြန်ရောက်သွားသည်။ ကျွန်တော့် တူမ၏ ကလေးငယ် ကတော့ ရထားကြီး တဂျုံးဂျုံး မြည်ကာဖြတ် သွားသည်ကို ငေးရင်း ဂျုံးဂျုံးဂျက်ဂျက်၊ ဂျုံးဂျုံး ဂျက်ဂျက်ဟု နှုတ်မှအသံ ခပ်တိုးတိုးနှင့် ရွတ်ဆိုနေသည်။ သူမသည်လည်း ဤပဲ့တင် ရိုက်ခတ်နေသော ယိုးဒယားနှင့် စင်ကာပူ ဝေါဟာရ စကားလုံး များကြောင့် အသံတိုး နေသည်ဟု ထင်ရစေသည်။

၃။
ရထားသည် ဂျုံးဂျုံးဂျက်ဂျက်၊ ဂျုံးဂျုံးဂျက်ဂျက် မြည်သံဖြင့် ခုတ်မောင်းလျက် ရှိသည်။ ဤရွင်လန်း တက်ကြွစွာ ပြောဆို သုံးနှုန်းနေသော စကားလုံးကို ကြည့်ခြင်းအားဖြင့် ခေတ်ပေါ် အလွှာသစ်များ လားဟု အကဲခတ် လိုက်ခြင်းဖြစ်သည်။ ကျွန်တော့်မှာ အင်္ဂလိပ် ကိုလိုနီ ခေတ်မှ စတင်၍ ကြီးပြင်း လာရသူ ဖြစ်သည်။ လွန်ခဲ့သော အနှစ် ၅၀ ကျော်က ဖျားပြီဆိုလျှင် ကျွန်တော်တို့ အိမ်က အင်္ဂလန်လုပ် ဂိုးလ်ဒင်းပတ်ဖ် ဘီစကွတ် တစ်ပုံးနှင့် ဟောလစ်၊ အိုဗာတင်းနှင့် ရောက်လာမြဲ။ အင်္ဂလိပ် ကိုလိုနီ လက်ထက်ဖြစ်၍ ဤနိုင်ငံခြား ပစ္စည်းများမှာ အဆန်းမဟုတ်။ နေရာတကာ ၀ယ်၍ရသည်။ ထိုအခါက ကျွန်တော်တို့သည် အင်္ဂလန်နှင့် ဂျာမနီ၊ ပြင်သစ်မှ လာသော ပစ္စည်းများကို အထင်ကြီးခဲ့သည်။ ဂျပန်ပစ္စည်း ဆိုလျှင်ပင် သိပ်ပြီး အထင်မကြီး။ ဂျပန် ပစ္စည်းသည် ပျက်လွယ်သည်ဟု ထင်ခဲ့ကြသည်။

ယခုတော့ ဂျပန်မှာ ကမ္ဘာပေါ်တွင် ပစ္စည်းကောင်းများ ထုတ်လုပ်သော တိုင်းပြည်အဖြစ် ထင်ရှားသည်။ ကမ္ဘာပေါ်ရှိ ဒီမို ကရေစီ စက်မှုနိုင်ငံ ၇ နိုင်ငံတွင် ဂျပန်ကလည်း တစ်နိုင်ငံ ပါဝင်နေပြီ ဖြစ်သည်။ ကိုလိုနီခေတ် ကမူ ယိုးဒယား ဆို၍ ယိုးဒယား ကနုတ်ပန်းနှင့် ယိုးဒယား သီချင်းကိုသာ သိသည်။

လွန်ခဲ့သော ၂၇ နှစ်က ကျွန်တော်သည် ဆွီဒင်ပြည်သို့ ရောက်သွားရာ အပြန်တွင် ဖီလစ် ရေဒီယို တစ်လုံး ၀ယ်ခဲ့သည်။ စစ်မဖြစ်ခင် ကလည်း ကျွန်တော်တို့ အိမ်တွင် ဖိလစ် ရေဒီယို ကိုပင်သုံးသည်။ ထိုအခါက ကမ္ဘာ ပေါ်တွင် အကောင်းဆုံး ရေဒီယိုဟု နားလည် ခဲ့ကြသည်။ ယခုကား ဖိလစ် ရေဒီယိုကို ရှာ၍ ပင်မရ။ ကျွန်တော်၏ အခန်းဖော် ကောင်မလေး များက နေရှင်နယ် ရေဒီယို အသေးစား ကလေးကို ဖွင့်သည်။ ရထားက လှုပ်နေ၍လား၊ ဘက်ထရီက အားလျော့ နေ၍လား မသိ။ အသံက မပီမသ။

ယနေ့ ခေတ်တွင်ကား အနောက် နိုင်ငံမှ အရင်းရှင် ကုမ္ပဏီ များသည် အာရှရှိ နိုင်ငံများတွင် အရင်း တင်ပို့ကာ လုပ်ငန်းများ ဖွင့်လှစ်ကြသည်။ ဤသို့ လုပ်ငန်းများ ဖွင့်လှစ် ကြခြင်းကြောင့် ကုန်ပစ္စည်း များကို ယခင်မူလ နာမည်ဖြင့်ပင် ရောင်းချလျက် ရှိကြသည်။ ဤသို့ဖြင့် ရှေးကမူလ တံဆိပ်လက်ဟောင်း များကို ၀ယ်ယူစားသုံး ကြသည်။ အင်္ဂလိပ် ကိုလိုနီခေတ် ကမူ မြို့ရွာများတွင် ရိုး၊ ဂင်းမဲ ကနေဒီ၊ ၀ပ်ဆင်၊ ၀ှိုက်ဝေးစသော ကုမ္ပဏီ များမှ ဖွင့်လှစ်ထားသော ကုန်ပဒေသာ ဆိုင်များတွင် နိုင်ငံခြားဖြစ် ကုန်ပစ္စည်း များကို ၀ယ်ယူ နိုင်ကြသည်။

ထမင်းစားချိန် ရောက်၍ စားကြ သောက်ကြသည်။ ကျွန်တော်နှင့် အခန်းဖော် အသိုင်းအ၀ိုင်း ကလည်း စားကြသည်။ သူတို့ကတော့ ဟင်းကောင်းတွေ ပုစွန်တုပ်ကြော်၊ ကြက်ကြော်၊ ၀က်သားကြော်၊ ငါးကြော်၊ ရွှန်းလက်တောက်ပ နေသာ သံမဏိ ပန်းကန်နှင့် စားကြသည်။ သူတို့ အသံတွေ ကလည်း ဆူညံလျက်။ ကျွန်တော်ကတော့ ကြိမ်ခြင်းမှ ယွန်းချိုင့်ကို ထုတ်ခိုင်းသည်။ ကျွန်တော့်တူမ ကတော့ ခပ်ဖြည်းဖြည်းပင် ထုတ်သည်။

သံမဏိ ထမင်းချိုင့်မှာ ဟင်းများ သိုးတတ်သဖြင့် ကျွန်တော်က မယူခိုင်းခဲ့။ ကျွန်တော်က အိမ်မှ ကြော်ယူလာသော ငါးရံ့ခြောက် ထောင်းကြော်၊ ငါးပိကြော်နှင့် စားသည်။ ကျွန်တော်က ဟင်းဇီဇာ ကြောင်သူဖြစ်သည်။ တူမများ ကပင် ညည်းကြသည်။ သို့သော် ကျွန်တော်က ခရီး သွားစဉ်ပင် ကျွန်တော်သည် ဗိုက်နာ၊ ဘာနာ ဖြစ်မည်စိုး၍ ခပ်ရိုးရိုးပင် စားချင်သည်။

အခန်း ဖော်များကပင် “ဟင်းယူစားပါ။ အားမနာနဲ့။ ကျွန်မတို့ အများကြီး ချက်လာတာပါ”ဟု အတင်းပေး ကြသည်။ သို့သော် ကျွန်တော်က မစား။ ယင်းမာပင် ဘူတာတွင် ကျွန်တော်က ထမင်းထုပ် တစ်ထုပ် ၀ယ်စားသည်။ ကြက်သားကြော်၊ ငရုတ်သီးကြော် တစ်ထောင့်၊ သရက်သီး အစိမ်းသနပ် နှစ်ဖတ်။ ကျွန်တော်က တောဆန်ဆန် လက်ပေါ်တွင် ဖက်တင် စားရသည်ကို ကျေနပ်နေသည်။ အခန်းဖော် များကတော့ ကျွန်တော့်ကို ဘယ်လိုထင်သည် မသိ။ ကျွန်တော်က အိမ်မှာစားလျှင် ဂျွန်ဆင်ရွှေရေး ပန်းကန်နှင့် စားရသည်ကို ကျေနပ်နေသည်။ အခန်းဖော်များ ကတော့ ရွှန်းလက်ပြောင်ဝင်း တောက်ပနေသော ယိုးဒယားလုပ် သံမဏိ ပန်းကန်နှင့်။

ထမင်းစားပြီး တစ်အောင့်လောက် ကြာသောအခါ သူတို့ ထံမှ နက်စ်ကဖေးနံ့ သင်းပျံ့လာသည်။ ကျွန်တော့်ကိုလည်း သောက်ပါလားဟု လူကြီးတစ်ယောက် ဖိတ်ခေါ်သလို ခေါ်သည်။ ကျွန်တော်က ပြုံးကာ ခေါင်းခါလိုက်သည်။ ကိတ်မုန့်တွေလည်း စားကြသည်။ အမှန်က ကျွန်တော် စစ်မဖြစ်ခင်က ပလန်းကိတ် ဟုခေါ်သော သစ်သီး ကိတ်မုန့်သာ ကြိုက်သည်။ အခြား မလိုင်များ ပါသော ကိတ်မုန့်ကို မကြိုက်။ ပလန်းကိတ်မုန့် ဆိုသည်မှာ အရောင်က မည်းမည်း၊ အရသာက အချိုထဲတွင် ခပ်ခါးခါးလေး ခပ်စီးစီး၊ ကျွန်တော် အလွန်ကြိုက်သော ပလန်းကိတ်။ ယခုတော့ ဘယ်မှာမှပင် သိပ်မတွေ့ ရ၍ ကျွန်တော်ပင် ကိတ်မုန့်ကို စားချင်စိတ် မရှိခဲ့ သည်မှာကြာပြီ။

ခြင်းထဲတွင် လက်ဆောင်ပေးရန် ကရပ်ဖ်ချိစ် ဒိန်ခဲ နှစ်ဘူး ပါလာသည်။ ကျွန်တော်က တူမလေးအား စက္ကူဖြင့် ပတ်၍ ထည့်ရန် ပြောထားသည်။ လူမမြင်ရန် ဖြစ်သည်။ တူမလေး ကတော့ ငေးကာ ကြည့်နေသည်။ တူမက စက္ကူ ပတ်ထားသည် ကို ဘယ်လို နားလည်သည် မသိ။ ကျွန်တော်က “ရောကုန် လိမ့်မယ်”ဟု ပြောလိုက်သည်။ သူမက နားလည်ချင်မှ နားလည်မည်။

သူတို့သည်ပင် ယနေ့ခေတ်ပေါ် စာပေ အနုပညာ အကြောင်းများကို ပြောဆိုနေသည်။
ဆွေဆွေအောင်၊ ဝေေ၀အောင်၊ နေနွယ်ဇင်မြင့်၊ ရန်အောင်၊ စိုးသူ၊ ကော်နီ။
ကျွန်တော့် တူမက ကောင်မလေးများနှင့် စကားအလွမ်း သင့်ကာ စပ်စုသည်ဟု ထင်သည်။ “ဘယ်သွားမှာလဲ” ဟု မေးသလား မသိ။ သူတို့စကားထဲမှ “ကာစတန် ဆိုလား ရှာစတန်” ဆိုလား အသံထွက် မကွဲမပြား စကားလုံးများ ပါလာသည်။ မိသားစု အလုပ် ပြောင်းရွှေ့ရန် လိုက်ပါလာ ကြပါကလား။

၎။
ရထားသည် တောင်ပေါ်သို့ တက်စပြုလာ ပေပြီ။ အဝေးတွင် အစိမ်းနု၊ အစိမ်းရင့်၊ နီညိုရောင် တောင်တန်းများ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ တို့ဖြင့် မွှမ်းပြောက်ကာ ထားသော တောင်နံရံ။ သာမိုင်းခမ်းသို့ ရောက်သောအခါ ထင်းရှူး ရနံ့က သင်းပျံ့လာသည်။ ကျွန်တော်သည် လန်းဆန်းလာသည်။ ဤမြင်ကွင်းက ကျွန်တော်နှင့် မစိမ်း။ ဤသဘာဝ အလှများ နှင့်သာ ကျွန်တော်က မွေ့လျော်ချင်သည်။

ကျွန်တော်သည် သူတို့ကို နှုတ်ဆက်လိုက်သည်။ ကျွန်တော်သည် ကျွန်တော်နှင့် ရင်းနှီးနေသော ထင်းရှူးရနံ့ သင်းပျံ့သော၊ ချစ်ခင်သော၊ ပဲပုပ်နံ့ သင်းသော၊ တောဆန်သော၊ သစ်ခွပန်း ခရမ်းရောင်၊ ရွှေဝါရောင်၊ ကြေးနီရောင်၊ အနီရောင် သစ်ခွပန်း များဖြင့် လှပသော သာမိုင်းခမ်းသို့ ခြေချ ရပေတော့မည်။


ဒဂုန်တာရာ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
ရွှေအမြုတေမှ ကူးယူဖော်ပြသည်။

မန်းမြေကျောက်ဝိုင်းဆန္ဒပြ (မှတ်တမ်းတို)


ကိုဝိုင် ဝိုင်ကေ

မန္တလေးမြို့တွင် ယနေ့(၂၈-၅--၁၂)နေ့၊နေ့လည်(၁၁း၀၀)နာရီက ဈေးအတွင်းဝငိခွင့်ကဒ်ပြုလုပ်ရန် ကြေငြာသည့် အပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုဆန္ဒပြခြင်း ဆောင်ရွက်ခဲ့ကြသည်။

မန္တလေး ကျောက်မျက်ဝိုင်းအတွင်း တစ်ဦးလျှင် ၅၀၀၀ကျပ်ဖြင့် ဝင်ခွင့်ကဒ်ပြုလုပ်ပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဟူသော ကြေငြာချက် ပေါ်ထွက်လာပြီးနောက် ဆနိ့ကျင် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ညှိနှိုင်းမှု အဆင်မပြေသေးပဲ ဆက်လက်တောင်းဆို ဆန္ဒပြနေကြခြင်းဖြစ်သည်။

( ပြန်လည်ရုပ်သိမ်းပေးဖို့ သမ္မတကြီးဆီ စာတင်တောင်းဆိုထားပါတယ်။ ဒီနေ့ ရာဇာ ကဖေးမှာ ကျင်းပမယ့် တောင်းဆိုသူတွေရဲ့ အစည်းအဝေးကို ဖိအားပေးလာတာကြောင့် ဆိုင်ရှင်က ငြင်းပယ်တဲ့ အတွက် မကျင်းပဖြစ်တော့ပါဘူး..။ ဒါကြောင့် အခုလို ချက်ချင်း စာရွက်တွေကိုင်ပြီး ဆန္ဒဖော်ထုတ်ပြရတာပါ ) ဟု ပါဝင်ဆန္ဒပြနေသူ တစ်ဦးကပြောပြသည်။

ဆန္ဒများရေးသားထားသော စာတန်းများကို အလှည့်ကျ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။ ဝိုင်းဝန်းလာရောက်ကြည့်နေသူများ
မှလည်း လုပ်သင့်ကြောင်း ပြောဆိုနေသံများကြားရသည်။

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရတဲ့ လဖိုင်နော်မိန်း



လဖိုင်နော်မိန်း (Kachinland News)
nawming 01၁၉၆၈ ခုနှစ် မေလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖ ဒူဝါလဖိုင်ဇော်ရစ် (ကွယ်လွန်) နှင့် အမိ ဒူဂျန် အင်ဒေါင်လုဘောက် တို့ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒသမတန်း အောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၌ ရန်ကုန် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်သို့ တက်ရောက်ပြီး B.Th ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မန်ဒုံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုဆောင်အဖြစ် ၁ နှစ် ဆောင်ရွက်ခဲ့သည်။
ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တွင်လည်း ၁ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်းစိန်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် B.D ဘွဲ့ထပ်မံ ရယူခဲ့သည်။ ကျောင်းတက်နေချိန်တွင် ဓမ္မတက္ကသိုလ် ကချင်ကျောင်းသားများ မိတ်သဟာရအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ မန္တလေး အဝေးသင်တက္ကသိုလ်မှလည်း သမိုင်းဘာသာအဓိကဖြင့် B.A ဘွဲ့ ရရှိခဲ့သည်။
ကျောင်းတက်နေချိန်အတွင်း ကချင်ဘာသာမဂ္ဂဇင်းများတွင် အသိပညာပေးဆောင်းပါးများ ရေးသားခဲ့သည်။ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ မွေးရပ်မြေ မန်ဒုံကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုတော်ဆောင်အဖြစ် ပြန်လည်ဆက်ကပ်ပြီး၊ ရှမ်းပြည်နယ်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူငယ်ဌာန၏ တာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ လူမှုရေးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးအဖိုးအခကို မကြည့်ဘဲ ဆောင်ရွက်တတ်သူဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံကျေးရွာကလေးတွင် အမှုတော်ဆောင်ရင်း ဒေသဖွံ့ဖြိုးရေး၊ လူငယ်များအား ပြုစုပျိုးထောင်ရေးတို့ကို အာဏာပိုင်များ၏ဖိနှိပ်ခံ ဒေသခံများအတွက် ရပ်တည်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မန်တုံကျေးရွာတွင် ဘုရားရှိခိုးကျောင်းဆောက်လုပ်မှုတွင် ဦးဆောင်ခဲ့မှုအတွက် မြန်မာစစ်တပ်၏ရိုက်နှက်၊ ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရသည်။ ဒေသခံရွာသူ/သားများကို မြန်မာစစ်တပ်မှ ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးခြင်းများအတွက် မားမားမတ်မတ်ရပ်တည်၍ ကာကွယ်ခဲ့သောကြောင့်လည်း စစ်တပ်၏စောင့်ကြည့်ခံရမှုနှင့် ဖမ်းဆီးစစ်ဆေးခြင်း မကြာခဏခံရသူဖြစ်ပါသည်။
၂ဝဝ၂ ခုနှစ်မှစ၍ မီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်ရန်အတွက် မိုင်ဂျာယန်တွင် Sinpraw Bum Media (ဆင်ပရော့ဘွမ် မီဒီယာ) လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သည်။ လူငယ်များအား မီဒီယာနှင့်ပတ်သက်သည့် သင်တန်းများ ပို့ချခြင်း၊ ကေအိုင်အိုအဖွဲ့၏ သတင်း မှတ်တမ်းဌာနတွင် ကူညီပံ့ပိုးခြင်း၊ ကချင်စကားပြော ဗီဒီယိုဇာတ်လမ်းများ တာဝန်ယူရိုက်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် Kachinlandnews Web Site ကို တက်ကြွသည့် ကချင်လူငယ်တစုနှင့်လက်တွဲ၍ ဦးဆောင်တည်ထောင်ခဲ့သည်။
၂ဝ၁၁ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ်အတွင်း ပြန်လည်စတင်ခဲ့သော ပြည်တွင်းစစ်ကာလအတွင်း ကချင်လူငယ်တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ရာ လဖိုင်နော်မိန်းသည် တက်ကြွစွာပါဝင်ခဲ့ပြီး Kachinland News သတင်းဌာန၏ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။
၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွားရောက် သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။
လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဒေါ်အင်ခွန်ဆိုင်းအောင် နှင့် သမီး လဖိုင်နန်ဆိုင်းပန် တို့က အနီးကပ် ပြုစုစောင့်ရှောက် ပေးနေရသည်။
လဖိုင်နော်မိန်းသည် ပတ်ဝန်းကျင်ရှိ လူငယ်များအား လူသားတစ်ယောက်အနေဖြင့် အရေးကြီးသည့် ရှင်သန်ရပ်တည်မှုအပြင် ချစ်ခြင်းမေတ္တာ၊ စိတ်နှလုံးနှိမ့်ချခြင်းများနှင့် လူ့အဖွဲ့အစည်းအား အကျိုးပြုစေလိုပြီး လူသားဆန်စွာ အသက်ရှင်သန်ရန် စံနမူနာပြနေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဘဝကို ရိုးသားစွာဖြတ်သန်းပြီး သူတပါးအကျိုးအား အမြဲရှေးရှု ကူညီတတ်သူတစ်ဦးလည်းဖြစ်သည်။
http://www.citizenofburma.org

အခွင့်ထူးခံ စီးပွားရေးသမားများ

သောကြာ, 25 မေ 2012
By ဦးအောင်ခင် & မညိုညိုလွင်
စစ်အုပ်စုရဲ့  ဦးပိုင်ကုမ္မဏီတွေ၊ စွမ်းရည်မရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အခွင့်ထူးခံတစု ကြီးစိုးနေတဲ့ မြန်မာစီးပွားရေးမှာ တခြားလုပ်ငန်းကြီးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် လုပ်ဖို့လိုကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ESCAP (ခေါ်) ကုလသမဂ္ဂ အာရှပစ္စဖိတ် လူမှုစီးပွားရေးကော်မရှင်ရဲ့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရပ်သားတပိုင်းအစိုးရက ကြိုးစားပြီး ပြုပြင်ပြောင်းလဲနေပေမယ့် ချုပ်ချယ်ကန့်သတ်မှုတွေ ရှိနေသေးတာဟာ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ဟန့်တားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ လုပ်ငန်းအသေးစားနဲ့ အလတ်စားတွေ များပြားလာဖို့ လိုပါတယ်။ စစ်အစိုးရဟာ ချုပ်ချယ်ကန့်သတ်မှုတွေလုပ်ပြီး နီးစပ်တဲ့အသိုင်းအဝိုင်းကိုသာ လုပ်ပိုင်ခွင့်ပေးတာကြောင့် အခွင့်ထူးခံလူတန်းစား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ပိုင်းရဲ့  ဆွေမျိုးသားချင်းတွေ အခွင့်ထူးခံဖြစ်လာသလို သူတို့နဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားလည်း အထူးလုပ်ပိုင်ခွင့်ရကြပါတယ်။ အခုတော့ အခွင့်ထူးခံတွေဟာ ဆက်လက်ကြီးပွားချမ်းသာနိုင်အောင် အသွေးအရောင်ပြောင်းဖို့ ကြိုးပမ်းနေကြောင်း ဧပြီလ (၁၂) ရက်နေ့ထုတ် ရိုက်တာသတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ရိုက်တာသတင်းထောက် (၄) ဦးက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်းပြီး ရေးထားတာဖြစ်ပါတယ်။ စစ်အစိုးရခေတ် (၂၂) နှစ်မှာ ကုဋေကြွယ်သူဌေးမိသားစု (၂၀) လောက်ရှိပေမယ့် နာမည်ကြီး ပုဂ္ဂိုလ် (၇) ဦး ခေတ်နဲ့အညီ အသွေးအရောင်ပြောင်းဖို့ ကြိုးပမ်းကြပုံကို ဖော်ပြထားပါတယ်။ လောဘကို အတောသပ်ပြီး ပရဟိတလုပ်ငန်းတွေကို စိတ်ဝင်စားလာတဲ့ သူဌေးကြီးဦးတေဇ လို ပုဂ္ဂိုလ်မျိုးရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးချင်တဲ့ သူဌေးဦးဇော်ဇော် နဲ့ ဦးမိုးမြင့် တို့လို ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ကမ္ဘောဇ ဦးအောင်ကိုဝင်း နဲ့ လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေ တို့ကိုလည်း အသွင်အပြင်ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ သူဌေးတွေအဖြစ် ဖော်ပြထားပါတယ်။ Steven Law (ခေါ်) ဦးထွန်းမြင့်နိုင် ကိုတော့ အပြင်လောကနဲ့ အဆက်အသွယ်နည်းသူအဖြစ် ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ ၁၉၈၈ က စစ်အစိုးရတက်လာပြီး စီးပွားရေးသမားတစု ချမ်းသာလာပုံနဲ့ ဆူဟာတိုခေတ် အင်ဒိုနီးရှားမှာ လူတစုချမ်းသာလာပုံနဲ့ အလွန်တူတယ်လို့ ယေးလ်တက္ကသိုလ် ဥပဒေပါမောက္ခ အေမီချူး က သုံးသပ်ခဲ့ပါတယ်။ တရုတ်စီးပွားရေးသမားတွေကို အားကိုးလွန်တဲ့ ဆူဟာတို အစိုးရ ပြုတ်ကျသွားတာနဲ့ တရုတ်ဆန့်ကျင်ရေး အထိကရုဏ်းဖြစ်ပွားပုံဟာ အင်မတန် သင်ခန်းစာယူစရာ ကောင်းတယ်လို့ ဒေါက်တာအေမီးချူး က ဆိုပါတယ်။ တရုတ်သူဌေးတွေ ငွေထုပ်ပိုက်ပြီး စင်္ကာပူကို ထွက်ပြေးတဲ့အခါမှာ အင်ဒိုနီးရှားမှာ ငွေပင်ငွေရင်း ကုန်ခမ်းသလောက် ဖြစ်သွားပါတယ်။ အင်ဒိုနီးရှား သန်းကြွယ်သူဌေး နှစ်သောင်းလောက် စင်္ကာပူမှာ ခိုလှုံနေကြပါတယ်။ ဗမာစစ်အုပ်စု အသိုင်းအဝိုင်းရဲ့  ဒေါ်လာငွေမဲကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာလည်း စင်္ကာပူဟာ နာမည်ကြီးပါတယ်။ ဘိန်းမှောင်ခိုတဖြစ်လည်း ဒေါ်လာကုဋေရာကျော်ပိုင်ရှင် ကိုးကန့်တရုတ် လော်စစ်ဟန် နဲ့ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ဦးဆောင်တဲ့ Asia World ကုမ္မဏီဟာ အင်ဒိုနီးရှား တရုတ်သူဌေး Sudono Salim ရဲ့  စီးပွားရေးလုပ်ငန်းနဲ့ အသွင်တူပါတယ်။ အနှစ် (၃၀) ကျော် ဆူဟာတိုအစိုးရနဲ့ အပေးအယူလုပ်ခဲ့တဲ့ တရုတ်သူဌေးဟာ ဆူဟာတို ပြုတ်ခါနီးမှာ ကုမ္မဏီ ငါးရာကျော်နဲ့ ဒေါ်လာသန်းပေါင်း နှစ်သောင်းကျော် ပိုင်နေပါပြီ။ ဦးထွန်းမြင့်နိုင်ကတော့ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတဲ့အတွက် စင်္ကာပူမှာလည်း ကုမ္မဏီတွေ ရှိပါတယ်။ ဦးထွန်းမြင့်နိုင်ရဲ့  မင်္ဂလာဆောင်ကို ဝန်ကြီးဗိုလ်ချုပ် (၇) ဦး တက်ရောက်ကြပြီး အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ အမျိုးသားပွဲတော်လို ဖော်ပြတာတွေ့ရပါတယ်။ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ကြိုးပမ်းတဲ့အခါ ခေတ်သူဌေးလူတန်းစာဟာ သူတို့သားသမီးတွေကို အရိုက်အရာဆက်ခံစေပြီး အသွေးအရောင်ပြောင်းဖို့ ကြိုးစားကြပြန်ပါတယ်။ မိဘကို အရေးယူထားပေမယ့် သားသမီးတွေကို ကင်းလွတ်ခွင့်ပေးတဲ့ သာဓကရှိပါတယ်။ သားစဉ်မြေးဆက် ဆက်ခံလုပ်ကိုင်လာတဲ့အတွက် အရင်ကရှိခဲ့တဲ့ အမည်ဆိုး မှေးမှိန်ပျောက်ကွယ်သွားပုံကို ဘိန်းမှောင်ခိုတွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။ အထင်ရှားဆုံးက ဦးလော်စစ်ဟန် မိသားစု ဖြစ်ပါတယ်။ မူးယစ်ဆေးအမှုနဲ့ ထိုင်းနဲ့မြန်မာမှာ ထောင်ကျခဲ့ဖူးတဲ့ ကိုးကန့်တရုတ်လော်စစ်ဟန် ခေတ်သစ်သူဌေးဖြစ်လာအောင် စစ်အစိုးရက လမ်းခင်းပေးတာပါ။ ဦးလော်စစ်ဟန်ရဲ့ သား Steven Law (ခေါ်) ဦးထွန်းမြင့်နိုင် ကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ ဦးထွန်းမြင့်နိုင်ဟာ အစိုးရလူယုံ ဖြစ်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့  တရုတ်ပြည်ခရီးမှာ ဦးထွန်းမြင့်နိုင် လိုက်ပါသွားပြိး စကားပြန်လုပ်ပေးတဲ့အထိ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အရေးပါနေပါတယ်။ အခွင့်ထူးခံ စီးပွားရေးသမားတွေ ဆက်လက်ကြီးစိုးဦးမှာ ဖြစ်ပေမယ့် မှတ်ပုံမတင်တဲ့ လုပ်ငန်းလေးတွေ ရှင်သန်လာမှသာ တပြည်လုံးအတိုင်းအတာနဲ့ တိုးတက်နိုင်မှာဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

http://www.voanews.com/burmese/news/news-analysis/news_analysis_05-26-2012-154233375.html

ကျောက်တံတား... ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်

Published on May 28, 2012 by DVBBurmese ၂၅ မေ ၂၀၁၂ ကျောက်တံတားမြို့နယ် အန်အယ်ဒီ ရုံးဖွင့်ပွဲက ပြည်သူတို့ရဲ့ မေးခွန်း၃ခုကို ထည့်သွင်းဖြေကြားသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်

ဖေါက်ထုတ်ပစ်

Phot htote pyit (nay zaw(th-z)nayzaw337@gmail Phot htote pyit (nay zaw(th-z)nayzaw337@gmail by NAY ZAW(TH-Z)

ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ -၂-(ရေးသူ- ဒေါ်အောင်ဆန်းစုကြည်)

by Ko MawPyay on Monday, May 28, 2012 at 5:37am ·
၁၉၄၁ ခုနှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာစစ်ကြီးဟာ မြန်မာနိုင်ငံကိုရှေ့ရှုရောက်ရှိလာခဲ့ပါတယ်။ အရှေ့ တောင်အာရှကို ဂျပန်စစ်တပ်ကဖြတ်သန်းလာတာနဲ့အမျှ ရန်ကုန်မြို့ဟာလဲညလယ်တွေမှာမကြာခဏ ဗုံးကြဲခံလာရပါတယ်။ ကျွန်မမိခင်ရဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ကြားထဲ မပူမပန်လှုပ်ရှားနေမှုကြောင့် လုပ်ဖော်ကိုင်ဘက် သူနာပြု ဆရာမတွေရဲ့ အထင်ကြီးမှုနဲ့စိတ်အနှောက်အယှက်ဖြစ်မှုကို ခံရပါတယ်။ ဗုံးခိုကျင်းထဲမသွားခင် သူ ဟာ မရမက သေသပ်လှပစွာ ဝတ်စားခြယ်မှုန်းနေတတ်ပါတယ်။ လုံခြုံစိတ် ချရမဲ့နေရာကို မျက်ရည်စက်လက် သုတ်သီးသုတ်ပြာသွားနေကြတဲ့သူငယ်ချင်းတွေက သူမ ရဲ့အရူးထ အမူအရာကို မြည်တွန်တောက်တီးလုပ်ကြပါတယ်။ သူကတော့ “တကယ်လို့ သေသွားရင်လဲ လှလှပပ အဆင်းနဲ့ပဲ သေသွားချင်တယ်” လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်တုန့်ပြန်ခဲ့ပါတယ်။

အဆုံးစွန်ကြိုးပမ်းရုန်းကန်နေရတဲ့အခြေအနေတွေအောက်မှာတောင် စံနှုန်းများကိုဆုပ်ကိုင်ထားလိုတဲ့ မေမေ့ရဲ့ဆုံးဖြတ်ချက်ကို ဒီအချက်ကဖော်ညွှန်းနေခဲ့တာပါ။ သူမရဲ့နောက်ဆုံးနေ့များအထိ ခေါင်းမူး ခြင်းရဲ့ အားကုန်ခမ်းနွမ်းနယ်မှုများကို မကြာခဏ မေမေခံစားနေခဲ့ပါတယ်။ လက်တွေ့မှာခံစားနိုင်စွမ်း မရှိနိုင်တဲ့အချိန်မှာတော့ မေမေဟာ မနက်ပိုင်းမှာ အိပ်ရာကထပြီး၊ မျက်နှာသစ်၊ အဝတ်အစားလဲ၊  ခေါင်းကိုသပ်ယပ်စွာဖြီးသင် ထုံးဖွဲ့ကာ မျက်နှာမှာ သနပ်ခါးလိမ်းခြယ်သလျက် တနေကုန် အိပ်တော့ တာပါပဲ။  ဘဝမှာကြုံတွေ့လာမဲ့စိန်ခေါ်မှုများကို သူမရဲ့သတ္တိနဲ့ဂုဏ်သိက္ခာတို့က တွန်းလှန်ပစ်နိုင်ဘို့ကို ပဲ ဆန္ဒပြုခဲ့ပါတယ်။

၁၉၄၁ ခုနှစ်မှာ ဗြိတိသျှတွေ ရန်ကုန်မှစတင်ဆုတ်ခွါသွားစဉ် ရန်ကုန်ဆေးရုံကြီးမှလူနာများကို ရေ ကြောင်းမှ တဆင့် ကာလကတ္တား(ခိုးလ်ကတ္တား)သို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြောင်းရွှေ့ပေးခံရသူ များကို စေတနာ့ဝန်ထမ်းအဖော်ပြုလိုက်ပါမဲ့သူနာပြုများတွင် မေမေလဲပါဝင်ခဲ့ပါတယ်။ ဂျပန်စစ်တပ် ရောက်မလာခင် မြန်မာပြည်ကလွတ်မြောက်သွားလိုသူ သင်္ဘောပေါ်ပါ ဆေးဝန်ထမ်းအများစုဟာ မြန်မာနိုင်ငံသားများမဟုတ်ကြပါ။ သူတို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုများကို မေမေက စာနာနားလည်ပေးခဲ့ ပါတယ်။ အိန္ဒိယမှာပဲ စစ်အတွင်းနေထိုင်မယ်ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလဲ မဝေဘန်ခဲ့ပါဘူး။ မေ မေကတော့ သူ့နိုင်ငံရဲ့ကံကြမ္မာကိုပဲ မျှဝေခံစားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကာလကတ္တားရဲ့ရှုခင်း များကိုကြည့်ခဲ့ရတဲ့ ပူပင်ကြောင့်ကြမှုကင်းတဲ့ ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် မြန်မာနိုင်ငံ ကို နောက်ဆုံးသင်္ဘောဖြင့် မေမေပြန်လာခဲ့ပါတယ်။ ဆေးရုံတွေအားလုံး ပိတ်ထားတဲ့အတွက် မြောင်းမြကို ပြန်လာခဲ့ပါတယ်။  ဒါကတော့ ဝမ်းနည်းကြေကွဲဘွယ် အိမ်အပြန်ဖြစ်ခဲ့ပါတော့တယ်။ မေမေမရှိခင်အချိန်အတွင်းမှာ သူ့မိခင်ဟာ အဆုတ်အအေးပတ်ရောဂါ နမိုးနီးယားနဲ့ ကွယ်လွန်သွားခဲ့ တာကြောင့်ပါ။

မေမေဟာ အလဟဿ ဝမ်းနည်းပူဆွေးမှုကို အချိန်ကြာရှည်စွာ ယစ်မူးနေသူတဦးမဟုတ်ခဲ့ပါ။ မေမေ ဟာ ငယ်ရွယ်ပြီး ကြ့ကြံ့ခံနိုင်ရည်ရှိသူဖြစ်ပါတယ်။ စစ်ကလဲဖြစ်ပွါးနေပါတယ်။ ပြည်သူလူထုလဲ ခံစား နေကြရပါတယ်။ ခံစားနေမှုများမှ လျော့ပါးပျောက်ကွယ်အောင်ဆောင်ရွက်ပေးရမှာက သူ့ရဲ့ အသက် မွေးကြောင်း မဟုတ်ပါလား။ နိုင်ငံတဝှမ်းလုံးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ အထူးတလည်လိုအပ်နေ လျက်ပါ။ ရန်ကုန် မြို့မှာ စစ်အတွင်း အခြေခံအုပ်ချုပ်ရေးကို ထူထောင်ပြီးပြီးခြင်း ဆရာဝန်တစုဟာ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွမ်းကျင်သူများခေါ်ဆိုလိုက်တဲ့အခါ မေမေ ဟာချက်ခြင်းပဲ စာရင်းပေးတုန့်ပြန်လိုက်ခဲ့ပါတယ်။ စိတ်ဒုံးဒုံးချလျက် ကျန်းမာရေးဝန်ဆောင်မှုပေးမဲ့ ရဲဝံ့သတ္တိရှိလှတဲ့အဖွဲ့မှာ သူနာပြုချုပ်အဖြစ် ပါဝင်တာဝန်ယူခဲ့ပါတယ်။

၁၉၄၂ ခုနှစ် ဆေးရုံကိုရောက်ရှိလာတဲ့ လူနာတွေအထဲမှာ ကျွန်မဖေဖေလဲပါလာခဲ့ပါတယ်။ သူဟာ ဂျပန်တွေနဲ့ အတူ မြန်မာနိုင်ငံအတွင်းချီတက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ငယ်ရွယ်တဲ့ စစ်သေနာပတိချုပ် ဖြစ်ပါတယ်။ သူဟာ ကြမ်းတမ်းမှု၊ အစာရေစာချို့တဲ့မှုနဲ့ ငှက်ဖျားရောဂါကြောင့် ပင်ပန်းနွမ်းနယ်လျက်ရှိနေပါတယ်။ သူဟာ စိတ်လှုပ်ရှားနေပြီး၊ အံကြိတ်ကာ ကတ်တီးကတ်ဖဲ့ခေါင်းမာ စွာ ချဉ်းကပ်ရန်ခက်ခဲသူဖြစ်နေပါတယ်။ ဖေဖေ့အတွက်တာဝန်ချထားပေးတဲ့ သူနာပြုငယ်ဟာ သူ့ လူနာဟာ ကြောက်စရာကောင်းပြီး ပေကတ်ကတ်နိုင်ကြောင်းတွေ့မြင်လာခဲ့ပါတယ်။ အမှန်ပါပဲ။ ယခုလို ထင်ရှားပြီး ခက်ခဲတဲ့အမျိုးသားတယောက်ကို ကိုင်တွယ် ဆက်ဆံနိုင်စွမ်းမှုဟာ သူနာပြုချုပ် ဆီမှာပဲရှိနိုင်ပါတယ်။ ဒါကြောင့် မေမေက လွှဲပြောင်းယူခဲ့ပါတယ်။ ဖေဖေကလဲ အပြည့်အဝနဲ့ အမြဲ တမ်းအဖြစ် လွှဲပြောင်းပေးခြင်းမျိုးပဲဖြစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေမေလက်ထပ်ချိန်မှာ အသက် ၂၀ နှောင်းပိုင်းအတွင်းမှာပါ။  ကိုယ်ဟန်ကြော့ရှင်းလျက် ယုံကြည် ချက်ခိုင်မာစွာ ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်ချမ်းမြေ့မှုများဖြင့် လန်းဆန်းနေပါတယ်။ မေမေဟာ အလှကြီးလို့တော့ မဆိုသာပါဘူး။ ဘဲဥပုံမျက်နှာပေါက်၊ ကျယ်ပြန့်တဲ့မျက်ခုံးနဲ့ ကြီးမားပြီး အရည်လဲ့တဲ့ မျက်ဝန်း၊ ပင်ကိုယ်ဟန်ပန် အာရုံနဲ့ ချစ်မွေး တို့ကြောင့် မေမေဟာ ထူးထူးခြားခြား ဆွဲ ဆောင်မှုရှိသူတဦးဖြစ်ပါတယ်။  ကျွန်မဘခင်ကိုတွေ့ မြင်ရတဲ့အထိတော့ မေမေဟာ သူ့လုပ်ငန်းမှာပဲ အာရုံဝင်နှစ်မြုပ်နေလျက်ပါ။ လက်ထပ်ရေးကိစ္စကို အလေးထား ပုံမပေါ်ပါဘူး။ မေမေ့ရဲ့အိမ်ထောင် သည်ဘဝကိုဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူနာပြုငယ်များက စိတ်အား ထက်သန်စွာ မကြိုဆိုခဲ့ကြ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ မျိုးချစ်ပုဂ္ဂိုလ်တဦး သူရဲကောင်းတဦးဖြစ်တာတော့ မှန်ပါတယ်။  ဒါပေ မင့် မျိုးချစ်ပုဂ္ဂိုလ် သူရဲကောင်းတွေဟာ လင်သားကောင်းတွေတော့ သေချာပေါက် မဖြစ်တတ်ပါဘူး။ တကယ်လို့ သူဟာ မယားကိုရိုက်နှက်နှိပ်စက်တတ်သူဖြစ်ရင်ကော။ “မပူကြပါနဲ့လေ…တို့ကို သူရိုက် ရင် သူ့ကိုထားရစ်ခဲ့ပြီး သူနာပြုပဲ ပြန်လာလုပ်မှာပါ”လို့ မေမေကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်အငယ်များကို ပြောခဲ့ပါတယ်။

ဆရာဝန်များဟာလဲ မေမေလက်ထပ်မဲ့ကိစ္စကို အားလုံးက အတူတကွမပျော်ရွှင်ကြပါ။ ဗိုလ်ချုပ်ကို သူတို့ အမှန်တကယ်လေးစားကြပါတယ်။ ဗိုလ်ချုပ်အနေနဲ့ မယားကောင်းကိုရထိုက်ကြောင်းလဲ သံသယ မရှိကြပါ။ ဒါပေမင့် အရည်အချင်းအရှိဆုံး အထက်တန်းသူနာပြုတဦး ဆုံးရှုံးရမဲ့အရေးမှာ ကတော့ ကျေနပ်ဝမ်းသာစရာတော့မဟုတ်လှပါ။ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးကတော့ အဘိုး အတန်ဆုံးခွဲစိတ်ခန်းလက်ထောက်တဦး ဆုံးရှုံးရပြီလို့ ညည်းတွားခဲ့ပါတယ်။ တူညီတဲ့အရည်အချင်းနဲ့ ယုံကြည်စိတ်ချရမဲ့ အစားထိုးနိုင်သူတဦးကိုတွေ့ဘို့ဆိုတာ အလွန်ခဲယဉ်းကြောင်းလဲ တတွတ်တွတ် ပြောခဲ့ပါတယ်။ ကျွန်မမိဘများရဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ လေယာဉ်ဗုံးကြဲဒဏ်ကြောင့် ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုလုပ်ရပါတယ်။ သူနာပြုများအဆောင်မှာနေဆဲဖြစ်တဲ့မေမေဟာ အိပ်ရာမှထပြီး ခွဲစိတ်ခန်း ဝင်ကူခဲ့ရပါတယ်။ ခွဲစိတ်မှုပြီးသွားတော့ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးက  “သူကတော့ သူနာပြုတွေအနက် စံတင်လောက်သူပါပဲ။ လက်ထပ်ရက်မတိုင်ခင်ညမှာတောင် ဉာဉ့်နက်နက် အချိန် တွင် ခွဲစိတ်ခန်းဝင်ပေးရသေးတယ်နော်”လို့မှတ်ချက်ချခဲ့ပါသေးတယ်။ ဆရာဝန်ကြီးကပဲ မေမေရဲ့ ဘဝသစ်ရဲ့ပထမနေ့ကို ရင်မဆိုင်ရမီ သွားအိပ်စေခဲ့ပါတယ်။

ကျွန်မဘခင် အသတ်မခံရမီအထိ  ကျွန်မမိဘများမှာ အိမ်ထောင်ရေးသက်တမ်း ၅ နှစ် မပြည့်ခဲ့ပါ။ ကျွန်မမိခင် က ရိုးရိုးလေးပဲ ကျွန်မကိုပြောခဲ့ပါတယ်၊ သူတို့ဇနီးမောင်နှံနှစ်ဦး အလွန်ပျော်ရွှင်စွာပဲ အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်…တဲ့။ သူတို့ပျော်ရွှင်စွာနေထိုင်ကောင်း နေထိုင်ခဲ့ပေမင့် လွယ်ကူမှုမရှိတဲ့ သို့မဟုတ် ငြိမ်းအေးမှုမရှိ တဲ့အချိန်များလဲ ရှိခဲ့ပါတယ်…တဲ့။ ကျွန်မဖေဖေဟာ စစ်အတွင်းတပ်မတော်ရဲ့အကြီးအကဲဖြစ်ရုံသာမက နောက်ဆုံးအထိ လွတ်လပ်ရေးလှုပ်ရှားမှု ရဲ့ အဦးဆုံးခေါင်းဆောင်ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ဘဝဟာ ကြမ်းတမ်းကာ အန္တရယ်များလှပါတယ်။ မေမေ ကတော့ ကြေကွဲဘွယ်အဆုံးသတ်ခဲ့ရတဲ့အထိ မျှဝေခံစားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

၂၀၁၂ ခု မေ ၂၇

မိုင်အိနိချိနေ့စဉ်၊ ဂျပန်

[၂၀၁၂ မေ ၂၇ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter

from Burma: Flowers in her hair 2 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။]

မောင်မောင်လှကြိုင်

၂၀၁၂-မေ-၂၈