Wednesday, May 30, 2012

ဒီလိုအတွေးခေါ်ပညာရှင်မျိုးအစားထိုးစရာမရှိပါဖူး

အမေစုလုံခြုံရေးကိုရာနဲ့ ချီတဲ့နယ်မြေခံလုံခြုံရေးရဲတွေတာဝန်ယူခဲ့တယ်။
မြန်မာနိုင်ငံမှာအစိုးရတာဝန်ရှိသူတွေဟာဒီလိုမျိုးပဲတာဝန်ယူပေးရမှာပါ။
လက်ရှိကမ္ဘာမှာဒီလိုလူသားမျိုးကလက်ချိုးရေလို့ ရပါတယ်။
အစားထိုးလို့ မရပါဖူး၊ဒီတန်ဖိုးကိုထိုင်းအာဏာပိုင်တွေသိတယ်။
အမှားအဖြစ်မခံဖူး၊ဒီပုံထဲမှာဦးခွန်သာမြင့်လူအုပ်အနောက်မှာတယောက်ထဲ
လက်ကားယားလေးဖြစ်နေပါတယ်၊ပုံမှန်အမေစုလုံခြုံရေးတာဝန်ယူတဲ့လူငယ်
လေးယောက်လောက်အနည်းဆုံးလိုက်ပါသင့်ပါတယ်။ဒလိုင်းလားမားဘုန်းတော်ကြီး
ဆိုရင်တိဘက်လုံခြုံရေးဆယ်ဂဏန်းထက်မနဲပါပါတယ်။မြန်မာနိုင်ငံအပြောင်းအလဲဟာ
မြန်မာနိုင်ငံသားအားလုံးအပေါ်မှာပဲမူတည်ပါတယ်။ကမ္ဘာမှာမြန်မာတွေလက်မထောင်နိုင်
တဲ့ဒီလိုအတွေးခေါ်ပညာရှင်မျိုးအစားထိုးစရာမရှိပါဖူး။ပြည်တွင်းခရီးတွေမှာလည်း
သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေဟာဒီပုံထဲကလိုပဲလိုက်ပါစောင့်ကြပ်ပေးရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဒေါက်တာငယ်ငယ်၊ ဒေါ်စန္ဒာမင်း၊ ဦးစိုးဝင်း အပြင် ဦးခွန်သာမြင့်တို့ပဲ လိုက်ပါပါတယ်။

ရွှေနံသာလယ်သမားတွေက အင်းစိန်မြေစာရင်းရုံးကို သွားရောက်

DVB TV News
May 30, 2012 9:51am
မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာအုပ်စုက လယ်ယာမြေတွေကို ဇေကမ္ဘာကုမ္ပဏီကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးလိုက်တဲ့အတွက် လယ်သမားတွေက အင်းစိန်မြေစာရင်းရုံးကို သွားရောက်တိုင်ကြားခဲ့ပါတယ်၊ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ 
ရိုက်ကူး ASH

ဒီပဲယင်း သတ်ဖြတ်မှုကြီး ၉ နှစ်မြောက် ရုပ်သံ မှတ်တမ်း။

DVB TV News 30May2012Wed ဦးမောင်တူး တင်ဆက်။

IMPACT - BBC WORLD NEWSဒေါ်အောင်ဆန်းစုကြည်ရွှေ့ ပြောင်းအလုပ်သမားများအားတွေ့ ဆုံ

အနောက်ကိုငဲ့ မျှော်လိုက်လျှင် အပိုင်း(၂).. ၉ နှစ်မြောက် ဒီပဲယင်းနေ့သို့..

မဇ္ဈိမသတင်းဌာန
| ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၉ မိနစ်
DPY
၉ နှစ်မြောက် ဒီပဲယင်းနေ့သို့..


(၃)
၂ဝဝ၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ညနေတွင် ကချင်ပြည်နယ် ခရီးစဉ်မှ မန္တလေးသို့ ပြန်ရောက်ကြပြီး မန္တလေး တိုင်းရုံးတွင်ပင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ တည်းခို၍ နေကြသည်။

၂၇၊ ၂၈ နှစ်ရက်လုံးလုံး မန္တလေးတိုင်းရုံးတွင်ပင် နားနားနေနေနှင့် နားကြ၏။ နားသည်ဟု ဆိုသော်လည်း ၂၇ ရက်နေ့ တွင် ရတနာမဉ္စူ ဘုရားအား ဖူးမျှော်ပြီး တံတားဦးမြို့နယ်ရုံးသို့ ခရီးဆက်၍ လူငယ်ဖွဲ့စည်းရေးအား ဆောင်ရွက်၏။ မန္တလေးမြို့ပေါ်ရှိ အောင်မြေသာဇံရုံးနှင့် အနောက်မြောက် မြို့နယ် အဖွဲ့ချုပ်ရုံးများ သို့လည်း သွား၍ မြို့နယ်စည်းများ
နှင့် တွေ့၏။ ဆွေးနွေးပွဲများ ပြုလုပ်၏။ မြို့ခံ လူထုပရိသတ်အား ဟောပြော၏။ ပြီးလျှင် ရွှေဂုံတိုင်တွင် ပြုလုပ်မည့် ၁၃ နှစ်မြောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှစ်ပါတ်လည်အခမ်းအနားသို့ သဝဏ်လွှာ တစောင်ကို
ရေးသား၍ ပေးပို့၏။

၂၈ နေ့တွင်မူ ၂၉ ရက်နေ့တွင် စတင်မည့် စစ်ကိုင်းတိုင်း ခရီးစဉ်အတွက် မန္တလေးတိုင်းရုံးမှာပင် မန္တလေးတိုင်းစည်းများ၊ မန္တလေးမြို့ပေါ် လေးမြို့နယ်မှ မြို့နယ်စည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၏။ ပြီးလျှင် ရန်ကုန်မှ ပါလာ သည့် ဗဟိုလူငယ် လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုထွန်းဇော်ဇော်၊ အထက်မြန်မာပြည် လူငယ် စည်းရုံးရေးတာဝန်ခံ၊ လယ်ဝေး လွှတ်တော်ကိုယ်စားလှယ် ကိုတင်ထွဋ်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ကိုသိန်းနိုင် တို့နှင့်လည်း ခရီးစဉ်လုံခြုံရေး ကိစ္စများကို ညှိရနှိုင်းရ ဆွေးနွေးရသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားသည့် အဓိကလိုက်နာရမည့်မူက “ခရီးစဉ်အတွင်း အနှောက် အယှက်များ ကြုံလျှင် မည်သူက ကျွံကျွံ လွန်လွန်၊ ကိုယ့်ဘက်က သည်းခံရမယ်။ ရိုက်လျှင်လည်း ခံရမည်။ သတ်လျှင် လည်း အသေခံရမည်၊ လက်တုံ့မပြန်ရ”

ဤမူက အဖွဲ့ချုပ်၏ လူထုစည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါသည့်သူများ အားလုံး မျက်လုံးအိမ် သဖွယ်၊ နှစ်လုံးအိမ် သဖွယ် စောင့်ထိန်းရမည့်မူ ဖြစ်သည်။ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြဲခိုင်ခိုင် ကျင့်ကြံရမည့်၊ စောင့်ထိန်းကြရမည့် သံမဏိ စည်းကမ်း ဖြစ်သည်။

ခရီးစဉ်အတွက် စီစဉ်ဖွယ်ရာ၊ ညှိနှိုင်းဖွယ်ရာများက ပြီးပြီ။

အနားယူရန် မန္တလေးတိုင်းရုံး အပေါ်ထပ်တွင် သူ့အတွက် စီစဉ်ပေးထားသည့် အခန်းအတွင်းသို့ ဒေါ်အောင်ဆန်း စုကြည် ဝင်ခဲ့၏။ ဒီမိုကရက်တစ် မြန်မာ့အသံ၏ သတင်းကြေညာသံအား သဲ့သဲ့ ကြားနေရသည်။

“မြန်မာ့ ဒီမိုကရေစီရေးအတွက် နော်ဝေနိုင်ငံသည် ဂျပန်အစိုးရနှင့် ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဟု နော်ဝေ ဝန်ကြီးချုပ်`ရှယ်မိုနာဗိုနာဗစ်`က ထုတ်ဖော်ပြောသွားကြောင်း…”

သတင်းကြေညာသံက တိုးသွားလိုက်၊ ကျယ်လာလိုက်နှင့်…။ လှိုင်းတို ရေဒီယိုအတွင်းမှ လေလှိုင်းသံသည် မငြိမ်…။ မန်းမြေ၏ ညဦးယံက ရန်ကုန်ထက် နွေးသည်ဟု ထင်မိ၏။

၂ဝဝ၃ ခုနှစ်၊ မေလ ၂၉ ရက်။ ကြာသာပတေးနေ့။

နံနက် ၉ နာရီတွင် မန္တလေးတိုင်းရုံးမှ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း စ၍ ထွက်ကြသည်။ မော်တော်ယာဉ် ၇ စီးနှင့် ဖြစ်သည်။ သို့သော် မန္တလေးလူထုကြီးမှလည်း လိုက်ပါ ပို့ဆောင်ကြသည် ဖြစ်၍ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် ယာဉ်တန်းကြီးကား မျက်စိတဆုံး မဆုံးနိုင်။ ၃၈ လမ်း အနောက်ဘက် တည့်တည့်မှ ၈၄ လမ်းအတိုင်း စစ်ကိုင်းသို့ ဦးတည် မောင်းနှင်ကြ၏။ စစ်ကိုင်းမြို့ အဝင်တွင် စစ်ကိုင်းလူထု ထောင်ပေါင်းများစွာက လမ်း၏ ဝဲဘက်တွင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲစွာ ကြိုဆိုပါသည်” ဟူသည့် နဖူးစီး ဆိုင်းဘုတ်ကြီးအား ဆွဲ၍ ကြိုဆိုရေး စခန်းကြီးနှင့် ကြိုဆိုကြ၏။ သောင်းသောင်းဖျဖျ၊ သဲသဲ လှုပ်လှုပ်…။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယာဉ်တန်းကြီးက နံနက် ၁ဝ နာရီခန့်တွင် စစ်ကိုင်းသို့ ရောက်သည်။
ဒေါ်အောင်ဆန်းစုကြည်တို့က စစ်ကိုင်းမြို့အတွင်းသို့ မဝင်။ စစ်ကိုင်း မြို့ပါတ် လမ်းမှပင် ပါတ်၍ မြင်းမူသို့ ဆက်ကြ ၏။ မြင်းမူတွင် NLD မြို့နယ်ရုံးအား ပြန်ဖွင့်ပြီး ဆိုင်းဘုတ် ပြန်တင်သည်။ ပြီးလျှင် မြင်းမူမြို့နယ် လူငယ်ဖွဲ့စည်းရေးအား ဖွဲ့စည်းဆောင်ရွက်သည်။ ညနေ ၃ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ မြင်းမူမှ ခရီးဆက်၏။

မြင်းမူ၊ ချောင်းဦး၊ မုံရွာ။

ချောင်းဦး မရောက်မီ ရေပိုးစားရွာ အနီးတွင် ကြံ့ခိုင်ရေး ၁,ဝဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား
နှောက်ယှက်ရန် လမ်းဘေးဝဲယာမှ စောင့်နေကြ၏။ ထိုလူအုပ်ကြီး၏ အနီးတွင်ကား ကျောက်ခဲပုံများ။ ကျောက်ခဲပုံများ က လမ်းပြင်ရန်အတွက် မဟုတ်။ ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်းအား တိုက်ခိုက်ရန် စုပုံထားသည့် ကြံ့ခိုင်ရေး တို့၏ ခဲယမ်းများ ဖြစ်သည်။ လမ်းဘေး ထနောင်းပင်များ၏ အကွယ်တွင်မူ မော်တော်ယာဉ် အစီး ၃ဝ ခန့် ရပ်ထားသည် ကို တွေ့ရ၏။ ထိုယာဉ်များက ထိုလူအုပ်ကြီးအား သယ်ပို့ပေးသည့် ယာဉ်များ ဖြစ်သည်။ ထနောင်းပင်များ အကွယ်၌ ယူနီဖောင်းဝတ် ရဲများ၊ လုံထိန်းများကိုလည်း တွေ့ရ၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း ထိုနေရာသို့ မရောက်မီမှာပင် မုံရွာ၊ ချောင်းဦးမှ ဒေါ်အောင်ဆန်းစုကြည် တို့အား လာရောက်၍ ကြိုဆိုကြသည့် မော်တော်ဆိုင်ကယ်များက ရာနှင့်ချီ၍ ရောက်လာခဲ့ကြ၏။

ကြံ့ခိုင်ရေးတို့၏ အစီအမံက ရေပိုးစားတွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်ရန် အထိ ရည်ရွယ်ဟန်ရှိ၏။ နေရာက ရွာဆက် ဝေးသည့်နေရာ ဖြစ်ပြီး ရွာတို့က ကားလမ်းဘေးတွင် မေးတင်၍ မရှိကြ။ ပြီးလျှင် မုံရွာ-မြင်းမူ ယာဉ်ကြောအား အာဏာပိုင်တို့က ပိတ်ထားပြီး အသွားအလာ ဖြတ်ထား၏။ ဒေါ်အောင်ဆန်း စုကြည်အား မုံရွာမှ လာရောက်ကြိုဆိုကြမည့် ဆိုင်ကယ်များ၊ မော်တော်ကားများကိုလည်း အာဏာပိုင်တို့သည် မုံရွာမြို့မှ ထွက်ခွင့်မပြု။ ပိတ်ထား၏။ ဤတွင် မုံရွာတက္ကသိုလ်နှင့် ကောလိပ်မှ ကျောင်းသားများက ဆိုင်ကယ် အစီး ၂ဝဝ-၃ဝဝ ခန့်နှင့် တားမြစ်ထားသည်ကို ဖီဆန်၍ ထွက်ကြသည်မှစ၍ အာဏာပိုင်များ တားဆီးမရဘဲ လွှတ်ပေး လိုက်ရ၍ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းဆီသို့ မုံရွာ၊ ချောင်းဦးမှ လာရောက် ကြိုဆိုကြသည့် သူများ အင်နှင့်အားနှင့် ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ရေပိုးစားရွာအနီးမှ ဖြတ်သန်းရာတွင် ကြံ့ခိုင်ရေးတို့၏ တိုက်ခိုက်မှုအား မကြုံခဲ့ကြရခြင်း ဖြစ်သည်။

ညနေ ၅ နာရီခန့်တွင် ချောမောစွာနှင့် မုံရွာမြို့သို့ဝင်၏။ ကြိုဆိုကြသည့် ယာဉ်များက မုံရွာမြို့၏ လမ်းများထက်တွင်
ပြည့်သိပ်၍ နေသည်။ ကြိုဆိုကြသည့် လူများက မုံရွာမြို့၏ လမ်းဘေးဝဲယာတွင် ဖွေးဖွေးလှုပ်နေ၏။ လူပင်လယ်ကြီး အလား။ အပ်ဖျား ချစရာပင် မရှိ။ ယာဉ်တန်းများ မောင်းနှင်၍မရ။ တဘီးချင်း လှိမ့်၍ တရွေ့ရွေ့ သွားနေကြရသည်။

မုံရွာလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်…။

လူထု၏ ဆုတောင်းမေတ္တာ ပို့သသံများက မုံရွာ၏ ကောင်းကင်ယံတွင် မိုးခြိန်းသံအလား မြည်ဟီး၍ နေသည်။
“ဒို့… ဗိုလ်ချုပ်သမီးလေးကို မြင်ချင်လိုက်တာ။ ဘယ်မလဲ…ပြစမ်းပါ…။” တိုးတိုးဝှေ့ဝှေ့နှင့် မေးကြ၏။ ရှာကြ၏။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုသည့်အတွက် အာဏာပိုင်များက အရေးယူမည်ဆိုပါက မုံရွာမြို့အား ထောင်ဝင်း ဆင်၍ အကျဉ်းချမှ ရမည်။ အာဏာပိုင်များက မုံရွာမြို့အား မီးဖျက်လိုက်၏။ ကဆုန်လပြည့်ကျော် ၁၄ ရက်ည။ ညသည် လရောင် မရှိသော်လည်း မှောင်မှောင်မဲမဲ ဖြစ်မနေ။ လူထုက ဖယောင်တိုင်း ကိုယ်စီထွန်းညှိ၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လမ်းပြကြသည်။ မြို့အဝင်ခရီးက ၄ နာရီမျှ ကြာခဲ့၏။ မုံရွာမြို့ အမှတ် ၁၁၇/ခ သာစည်လမ်း၊ ချမ်းမြ သာစည် ရပ်ကွက်ရှိ အဖွဲ့ချုပ်ရုံးရှေ့တွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းစကား ဆို၏။

“၁၉၄၇ ခုနှစ်က အထက်မြန်မာနိုင်ငံမှာ စည်းရုံးရေးခရီး သွားပြီးတဲ့နောက်မှာ ဖေဖေကနေပြီးတော့ မုံရွာကို ရောက်ခဲ့ ပါတယ်။ အဲလို မုံရွာကို ရောက်တဲ့အတွက် စည်းရုံးရေးခရီးကလည်း နည်းနည်း ပန်းလာတဲ့အခါကျတော့ မုံရွာကို
ရောက်တဲ့အခါမှာ မုံရွာက (ဖဆပလ) အဖွဲ့ချုပ်ကနေပြီးတော့ သူတို့ အနေနဲ့ နားနားနေနေ နေထိုင်ဖို့အတွက် စီစဉ်လိုက်ပါတယ်။ စီစဉ်တဲ့အခါတော့ ဖေဖေက ဘယ်လို ပြောလဲဆိုတော့ ‘မုံရွာကကွယ် …လိမ္မာတယ်’ လို့
ပြောတယ်တဲ့။ ကျမတို့ ပြောရမှာက မုံရွာက လိမ္မာတယ်လို့ ပြောမယ့်အစား ‘မုံရွာက ခိုင်မာတယ်’လို့ ကျမ ပြောချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုံရွာက ၁၉၈၈ ခုနှစ်နဲ့ မထူးဘဲ မထူးခြားနားဘဲ ခိုင်ခိုင်မာမာ ရပ်တည်နေတယ်။ ပိုပြီးတော့တောင်မှ ခိုင်မာတယ်ဆိုတာ ကျမတို့ မြင်ရပါတယ်။ “ပိုပြီး ခိုင်မာလာတဲ့အကြောင်းကို ကျမ စဉ်းစားလိုက်
တော့ ဒါ ကျမ ထင်တာနော်။ ကျမတို့ ပြည်သူ လူထုက မတရားတာကို မကြိုက်ဘူး။ အနိုင်ကျင့်တာကို မကြိုက်ဘူး…။”

လက်ခုပ်သံများ ဆူညံစွာနှင့် သြဘာပေးကြသည်။ ဒေါ်အောင်ဆန်းစုကြည်က စကားကို ခဏငယ်မျှ ရပ်ထားလိုက်ပြီး ဆက်ပြန်သည်။

“မတရားမှုကို မကြိုက်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ မိမိတို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ထိထိရောက်
ရောက် လုပ်ပေးနိုင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ။ တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ လူတိုင်း လူတိုင်းကို ဥပဒေ
ဘောင်အောက်မှာ တန်းတူညီတူ ကာကွယ်မှု ပေးထားပြီးတော့ နိုင်ငံတော် နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို လုံခြုံမှုပေးတဲ့စနစ်ပဲ။

“ကျမတို့ ပြည်သူဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ကျမတို့ ယုံကြည်တယ်။ ဒါပေမယ့် ကျမတို့ ဒီမိုကရေစီ ရဖို့ဆိုတာတော့ ကြိုးစားရမှာပဲ။ ဘာမှ အလကား မရဘူးနော်။ လွယ်လွယ်နဲ့တော့ မရဘူး။ လွယ်လွယ်နဲ့ ပေးချင်လို့ ရှိရင် ပေးတာ ကြာလှပြီ။

“ဒီတော့ လွယ်လွယ်နဲ့ မရတဲ့ ကိစ္စမို့လို့ ကြိုးစားပမ်းစားနဲ့ လုပ်ရမယ်။ ကျမတို့ အဖွဲ့ချုပ်က ပြည်သူ လူထုကို ပေးထားတဲ့ ကတိအတိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့အတွက်၊ တည်တံ့ ခိုင်မာဖို့အတွက် ထပ်ပြီးတော့ ကျမတို့ ကြိုးစားမှာပဲ။ ရတဲ့အထိ လုပ်သွားမှာပဲ…”

မြေလတ်၏ ညယံတွင် သြဘာသံများက တော်လဲသံများအလား… မြည်မြည်ဟီးဟီး။ ညသည် လရောင်နှင့် မရွှန်းမြ။ ကြယ်ရောင်တို့နှင့် မတောက်ပ။ သို့သော် သိန်းနှင့်ချီသော ဆီးမီးရောင်တို့နှင့် ဝင်းပ၍ လင်းလင်းလက်လက်၊ ပြိုးပြိုးပြက်ပြက်။

(၄)
၂ဝဝ၃ ခုနှစ် ၊ မေလ ၃ဝ ရက်။ သောကြာနေ့။

နံနက်စောစောမှာပင် မုံရွာမြို့ရှိ ဇောတိက ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အား ဒေါ်အောင်ဆန်း စုကြည်တို့ ဖူးမြော်ကြ၏။ ထိုမှ ဥက္ကံ တောရကျောင်းသို့ သွားရန် စီစဉ်ထားသော်လည်း ဥက္ကံတောရ ဆရာတော် မရှိသည့်အတွက် မသွားဖြစ်…။ ဇောတိက ကျောင်းတိုက်မှပင် ဘုတလင်သို့ ခရီးဆက်ကြ၏။

ဘုတလင်းမြို့…။ ဆရာသိန်းဖေမြင့်၏ဇာတိမြေ။

ဦးသိန်းဖေမြင့်က ကျောင်းသားဘဝကတည်းက သူ့ဖေဖေနှင့်သမဂ္ဂတွင်တွဲပြီး ကျွန်ပညာရေး စနစ်အား ဆန့်ကျင်ခဲ့ သည့် သူ့ဖေဖေ၏ မိတ်ဆွေ ရဲဘော် ရဲဘက်တဦး ဖြစ်သည်။ ဤအတွက် ဦးသိန်းဖေမြင့်၏ ဇာတိမြေသို့ ခြေချမိသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်စိတ်တွင် သမိုင်း၏ ရိုက်ပုတ်မှုအား ခံစားရ၏။ နတ်မောက်သား ကိုအောင်ဆန်း
နှင့် ဘုတလင်သား ကိုသိန်းဖေတို့ကား သမဂ္ဂစဉ်မြင့်မှစ၍ ကိုလိုနီ တံပိုးအား ရိုက်ချိုးခဲ့ကြသည်။ ပြီးလျှင် လွတ်လပ်ရေး တိုက်ပွဲခရီး။ သမိုင်းအား ထုဆစ်သူတို့၏ ရုပ်ပုံလွှာများက ဖျက်ကနဲ…ဖျက်ကနဲ။ အတိတ်နှင့်ပစ္စုပန်အကြား
ဒေါ်အောင်ဆန်းစုကြည်၏ အတွေးသည် လူးလာကူးနေ၏။

မုံရွာနှင့်ဘုတလင် ခရီးတွင် ကြံ့ခိုင်ရေးတို့၏ လူစုလူဝေးနှင့် ဆူပူအော်ဟစ် နှောက်ယှက်မှုများကိုမူ
ဒေါ်အောင်ဆန်းစုကြည် တို့ မကြုံတွေ့ရ။ သို့သော် မုံရွာနှင့် ဘုတလင်းအကြား အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနီးရှိ ဇီးတောရွာတွင်မူ စစ်ဘက်မှ ပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းအား ရပ်တန့်စေပြီး မုံရွာမှ လိုက်ပါ ပို့ဆောင်ကြသည့်သူများကို ဘုတလင်အထိသာ လိုက်ပါ ပို့ဆောင်ခွင့် ပြုကြောင်း ကန့်သတ်၏။

ဘုတလင်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ နေ့လယ်စာ စားကြသည်။ အဖွဲ့ချုပ်ရုံး အပေါ်ထပ်တွင်ပင် စားသောက်ကြ၏။ စားသောက်နေစဉ် ရှေ့ပြေး လုံခြုံရေး တာဝန်ယူထားသည့် လူ့ဘောင်သစ် ပါတီမှ ကိုသိန်းနိုင် က ဇီးတောရွာတွင်
ဒေါ်အောင်ဆန်းစုကြည်တို့အား လိုက်ပါပို့ဆောင်ပြီး ပြန်သွားကြသည့် ဆိုင်ကယ်အစီး ၈ဝ ခန့်ကို ရဲများက ရိုက်နှက်၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းပို့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဘုတလင်မြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် ဝက်လက်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြိုင်တို့ နှစ်ဦးကို ဇီးတော်တွင် ဖမ်းဆီးနေမှုအား သွားရောက်ဖြေရှင်းရန် တာဝန်ပေး၏။ အာဏာပိုင်တို့က ဦးအောင်ဆန်းနှင့် ဦးထွန်းမြိုင် တို့ကိုပင် ထပ်၍ ထိန်းသိမ်းလိုက်ပြန်သည်။

အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်လာသကဲ့သို့ ကြံ့ခိုင်ရေးများ၊ စွမ်းအားရှင်များအား တင်ဆောင်ထား သည့် မော်တော်ယာဉ်များသည်လည်း ဘုတလင်မြို့အဝင် ဓါတ်ဆီဆိုင်တွင် စုရုံးနေ၏။ ကားပေါ်တွင် လူဝတ်ကြောင်
နှင့် ကြံ့ခိုင်ရေးများအပြင် သင်္ကန်းဝတ် ကြံ့ခိုင်ရေးများ ကိုလည်း တွေ့ရ၏။ အားလုံး၏ လက်ဝဲဘက် လက်မောင်းတွင် ကား လက်ပါတ် အဖြူများကို စည်းထားကြ၏။ လူမမှားရန် စည်းနှောင်ထားကြခြင်းဖြစ်၍ ရည်ရွယ်ချက်က စဉ်းစားရာ
ဖြစ်သည်။ ထုံးစံအတိုင်း လမ်းဘေးမှ ဆိုင်းဘုတ် ကိုင်၍ ဆူပူအော်ဟစ်ကြရုံ ဆိုပါက ဤသို့ လူမမှားရန် လက်ပါတ်များ ပါတ်ထားပေးရန် မလို။ ရည်ရွယ်ချက်က မည်သို့နည်း။

ဘုတလင်မြို့နယ် အဖွဲ့ချုပ်ရုံး ဖွင့်လှစ်ခြင်းနှင့် လူငယ်ဖွဲ့စည်းခြင်း လုပ်ငန်းများ ပြုလုပ်၍ ပြီးစီးလေပြီ။ နေချိုနေပြီ
ဖြစ်သော်လည်း အပူရှိန်က မလျော့။ ထနောင်းပင်များ အကြားမှ တိုက်ခတ်လာသော လေသည် နွေးနေ၏။

ဘုတလင်မှ ဒီပဲယင်းသို့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ကြသည်။ စိုင်ပြင်ကြီးက ဘုတလင်နှင့် ဒီပဲယင်း အကြားတွင် ရှိသည့် တိုက်နယ် မြို့ငယ်လေးဖြစ်သည်။ စိုင်ပြင်ကြီးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၏ နေအိမ် ရှိသည်။ ဦးဝင်းမြင့်အောင်၏ နေအိမ်တွင် ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်း တထောက် နားကြ၏။ ဦးဝင်းမြင့်အောင်က နေအိမ်တွင် မရှိ။ အကျဉ်းထောင်အတွင်း ရောက်နေသည်။

စိုင်ပြင်ကြီးနှင့် ဒီပဲယင်းအကြား လမ်းခရီး၏ လုံခြုံရေး အခြေအနေအား ကြည့်ရှုရန် ရှေ့ပြေးအဖြစ် သွားရောက် စုံစမ်းသည့် ဦးစောလှိုင်တို့အဖွဲ့ ထွက်သွားသည်မှာ တနာရီကျော်ပြီ ဖြစ်သော်လည်း ပြန်၍ ဆက်သွယ် သတင်းပို့ခြင်း မရှိ။ နောက်ထပ် ဦးဝင်းမြင့်အောင်၏သား ထပ်၍ လိုက်သွားပြန်သည်။ ပြန်၍ မဆက်သွယ်။

မန္တလေးမှ စ၍ လမ်းကြောင်းတလျှောက် ရှေ့ပြေးလုံခြုံရေးအဖြစ် လိုက်ပါခဲ့သည့် လူ့ဘောင်သစ်ပါတီမှ ကိုသိန်းနိုင်တို့၏
မော်တော်ယာဉ် ထပ်၍ ဒီပဲယင်းသို့ ထွက်သွားကြပြန်သည်။ အဆက်အသွယ် ပြန်မရ။

ထူးလေပြီ။
ရှေ့ပြေးအဖွဲ့များနှင့်ကား အဆက်အသွယ် ပြတ်၍နေပြီ။ စိုင်းပြင်ကြီးနှင့် ဒီပဲယင်းအကြား လမ်းပိုင်း အခြေအနေအား မည်သို့မျှ မသိရ။ မည်သို့ ဆုံးဖြတ်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် ချသည်။ ချက်ချင်းပင် ဒီပဲယင်းသို့ မိမိတို့ယာဉ်တန်း ဆက်၍ထွက်မည်။ အမှောင်ထုက ကဲ၍ စိုးမိုးလာ၏။ ကြယ်တို့ကား မစုံ။ ကားမီးရောင်များ၏
အောက်၌ အမှောင်ထုသည် ခဏငယ်မျှ ရှဲ၍ ပျောက်ကွယ်သွား၏။ ကျဉ်းသောလမ်းက ချိုင့်ငယ်များနှင့် ပြည့်နေသည်။ လမ်း၏ ဝဲယာတွင် လယ်ကွင်းပြင်များအား မကြာခဏ ဖျက်ကနဲ ဖျက်ကနဲ တွေ့ရ၏။ ပျံကျရွာလွန်လျှင် ဒေါ်အောင်ဆန်း
စုကြည်တို့၏ ယာဉ်တန်း နောက်မှ ခရီးသည်တင် မှန်လုံကား အစီး ၂ဝ ခန့် လိုက်ပါလာသည်ကို တွေ့ရသည်။ ယာဉ်တစီးတွင်မူ လူ ၅ဝ ခန့် ပါမည်။

သေချာ၏။ ဘုတလင်မှ စ၍ နောက်မှ လိုက်ပါနေခဲ့သည့်ကြံ့ခိုင်ရေးနှင့် အာဏာပိုင်တို့ မွေးထားသည့် သူများ၏ ယာဉ်များ ဖြစ်သည်။ လမ်း၏ ဝဲယာရှိ အုပ်ဆိုင်းနေသည့် ကုက္ကိုပင်များက လမ်းအား ယှက်၍ မိုးထားကြ၏။

ရှေ့တွင်ကျီရွာ…။
ကျီရွာ လွန်လျှင် လမ်း၏ ယာဘက်၌ ဆည်မြောင်းဝင်း။ ဆည်မြောင်းဝင်းအား လွန်လျှင်ကား ဒီပဲယင်းမြို့သို့ ရောက်ပြီ။ ဆည်မြောင်းဝင်းနှင့် ဒီပဲယင်းက ၂ မိုင် ခရီးမျှသာ ရှိ၏။ ဒေါ်အောင်ဆန်း စုကြည်တို့ ယာဉ်တန်း၏ ရှေ့ဆုံးတွင်ကား ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ တောင်းအေ့စ် ၇က/၅၆၆၁။ ဒုတိယက မန္တလေးတိုင်းအဖွဲ့ချုပ်မှ ဦးကိုကိုလေး မောင်းသည့် ဟိုင်းလက်။ ထို့နောက်တွင်မှ ဒေါ်အောင်ဆန်းစုကြည်၏ အ/၅၄၁၅ ဖြစ်သည်။

ကျီရွာသို့ ရောက်ပြီ။ ရွာသားများက လမ်း၏ ဝဲယာမှ ဒေါ်အောင်ဆန်းစုကြည်အား စောင့်၍ ကြိုဆိုကြ၏။ ပန်းစည်းများ ကမ်းကြ၏။ မော်တော်ယာဉ်များအား ဖြေးညင်းစွာ မောင်းနှင်ရင်း ကားပေါ်မှပင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုသူများအား နှုတ်ဆက်၏။

ယာဉ်တန်းက ကြိုဆိုကြသည့်သူများအား ကျော်၍လာပြီ။ ထိုစဉ် သံဃာနှစ်ပါးက ဒေါ်အောင်ဆန်းစုကြည်တို့၏
မော်တော်ယာဉ်အား လမ်းမလယ်မှ ပိတ်ရပ်၍ တား၏။ သံဃာနှစ်ပါးက သင်္ကန်း ရုံသားမကျသဖြင့် ချပ်ချပ်ရပ်ရပ်မရှိ။ ညာဘက်လက်မောင်းတွင်မူ လက်ပါတ်အဖြူစ ပါတ်ထား သည်ကို သင်္ကန်းအောက်မှ မြင်ရ၏။

“မင်းတို့ကောင်တွေ ငါတို့ တားနေတာတောင် ဂရုမစိုက်တဲ့သဘောလား” သံဃာနှစ်ပါးထဲမှ ဂင်တိုတိုနှင့် တုတ်တုတ် ခိုင်ခိုင် သံဃာက ဒေါသစကားဆို၏။ “လူထုကို မိန့်ခွန်း နည်းနည်းလောက် ပြောပါ။” ထိုသံဃာကပင် တောင်းဆိုပြန်၏။ အချိန်လင့်နေပြီဖြစ်၍ ခွင့်လွှတ်ပါရန် တောင်းပန် သော်လည်း သံဃာနှစ်ပါးကမရ…။ အဓမ္မပင် ဒေါ်အောင်ဆန်းစုကြည် အား စကားပြောခိုင်းနေ၏။

“ဦးဇင်းလူတွေကို စုလိုက်ပါ။ တပည့်တော်မ ၁ဝ မိနစ်လောက်တော့ နှုတ်ဆက်စကား ပြောပါ့မယ်။”
ဒေါ်အောင်ဆန်းစုကြည်က ဝင်၍ ဆုံးဖြတ်ချက်ပေး၏။ ကားမီးရောင်များနှင့် ကားရပ်သံများကြောင့် မိမိတို့ယာဉ်တန်း၏
နောက်မှ လိုက်လာသည့် ကြံ့ခိုင်ရေး ကားများ ရောက်လာပြီကို ဒေါ်အောင်ဆန်း စုကြည် သတိထားမိလိုက်သည်။

ကျီရွာမှ လူထုက မပြန်ကြသေး။ မိမိတို့ယာဉ်တန်း၏ နောက်တွင် ကပ်လျက်ရှိနေကြသေး၏။
“ ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများ အလိုမရှိ…။”
“ ဒို့ ပြည်သူလူထုကလည်း မင်းတို့ကို အလိုမရှိ…။”
ကားပေါ်မှ ဆင်းလာကြသည့် ကြံ့ခိုင်ရေးများနှင့် ကျီရွာသားတို့၊ အပြန်အလှန် အော်ဟစ်နေကြသည့် အသံများအား
ဒေါ်အောင်ဆန်းစုကြည် သဲ့သဲ့ကြားရ၏။ အသံများက လုံးလုံးထွေးထွေး။ မကြာ။ ယာဉ်တန်း၏ နောက်ပိုင်းဆီမှ ရိုက်နှက်သံများ၊ အော်ဟစ်သံများ၊ ပြေးလွှားသံများကို ကြားရ၏။ ဆူဆူပွတ်ပွတ်။

တဖက်သတ် ရိုက်နှက်နေသည့် သူများက ပထမ ကျီရွာသားများအား ရိုက်၏။ ပြီးလျှင် ဒေါ်အောင်ဆန်း စုကြည်တို့၏ ယာဉ်တန်းအား နောက်မှစ၍ တစီးပြီးတစီး ရိုက်၏။ ခေါင်းကို ရိုက်၏။ ခါးဆစ်ကို ရိုက်၏။ ရိုက်နှက်ပုံက သေသပ်သည်။ စနစ်ကျ၏။ လေ့ကျင့်ထားသည့် ရိုက်နည်း ပုံသဏ္ဍာန်က တပုံစံတည်း။ ပြန်လည်၍ ခုခံမှု မရှိသဖြင့် ကားမီးရောင်များ၏
အောက်၌ တဖက်သတ် အကြမ်းဖက် ရိုက်နှက်မှုက စိတ်မချမ့်မြေ့ဖွယ်ရာ။

ကားပေါ်တွင်လည်း အပြိုပြိုအလဲလဲ။ လမ်းမထက်တွင်လည်း အကွဲကွဲအပြဲပြဲ။ လမ်း၏ ဘေး ဝဲယာတွင်လည်း
သွေးသံရဲရဲနှင့် လဲလဲပြိုပြို။ အုတ်ဆက် ပွင့်၍ သေနေသူ။ မျက်လုံးစုံထွက်၍ အသက်ငင်နေသူ။ ဇက်ကျိုး၍ ဆုံးပါးနေ သူတို့နှင့် ညဉ်ဦးယံသည် အကျည်းတန်နေပြီ။ သေသူက သေသူအပေါ် ထပ်၍ ပိနေ၏။ ရိုက်သည့်သူများက ယာဉ် တစီးပြီး တစီး ရိုက်နှက်၍ ရှေ့သို့ တတ်လာကြ၏။ ယာဉ်တန်း၏ ရှေ့ဆုံးတွင် ရောက်နေသည့် ဦးတင်ဦးက
ဒေါ်အောင်ဆန်းစုကြည် ရှိရာသို့ ရောက်လာပြီး “သမီးရယ်…ဒင်းတို့အခြေအနေက မကောင်းတော့ဘူး။ သမီးရယ်… သမီးရဲ့ကား ထွက်ပါတော့”

ဦးတင်ဦး၏ အသံက တည်ငြိမ်သော်လည်း စိုးရိမ်မှုက စွက်နေ၏။ သူရဘွဲ့ရ တပ်မှူးကြီး တဦး အနေဖြင့် အခြေအနေ အား အကဲခတ် သုံးသပ်ထားပြီး ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်း စုကြည်၏ အသက်အန္တရာယ်ကို စိုးရိမ်နေခြင်း
ဖြစ်သည်။ သို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်အား သတ်ကွင်း အတွင်းမှ ထွက်ခွာရန် တိုက်တွန်းနေ၏။
ဖျောင်းဖျနေ၏။

“ဘဘ… ကျမရဲ့နောက်မှာ ရွာသူရွာသားတွေ၊ ပြည်သူတွေ..၊ အဖွဲ့ဝင်တွေ အရိုက်ခံနေရပြီး ကျမ ဒီလို ထွက်သွားရက် ပါ့မလား”

ဒေါ်အောင်ဆန်းစုကြည်၏ ကားပေါ်သို့ ခဲလုံးများ..၊ ဝါးဆစ်ပိုင်းများ ကျလာ၏။ ဆဲဆို အော်ဟစ်သံများက နီးလာသဖြင့် ကျယ်ကျယ်လောင်လောင်၊ ဆူဆူပွတ်ပွတ်…။ ရှုတ်ရှုတ် ထွေးထွေး အခြေအနေအတွင်း အပြန်အလှန် ပြောဆိုနေကြရ
သော်လည်း စကားသံများက ပီပီသသ…။

ကားမီးရောင်များကြောင့် ဝါးရင်းတုတ်များနှင့် မြင်မြင်ရာကို မဲရိုတ်နေကြသည့် လူရမ်းကား အုပ်စုကြီးကို မြင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ် နောက်တွင် ကပ်လျက် ပါလာသည့် မော်တော်ယာဉ်က ဒေါ်အောင်ဆန်း စုကြည် လုံခြုံရေးအတွက် တာဝန်ယူကြသည့် မန္တလေးတိုင်း လူငယ်များ၏ ကား။ လူငယ်များက ဒေါ်အောင်ဆန်း စုကြည်၏ ယာဉ်ငယ်အား ဝိုင်း၍ လူသားတံတိုင်း ရံထားလိုက်ကြ၏။ အကြမ်းဖက်သမား လူရမ်းကားများက
ဒေါ်အောင်ဆန်းစုကြည် ကား၏ ဘယ်ဘက်အခြမ်းအား စတင်၍ တိုက်ခိုက်၏။ ကား၏ ဘယ်ဘက်အခြမ်းတွင် ကာရံထားကြသည့် ကိုသီဟ၊ ကိုတိုးလွင်၊ ကိုမိုးသော်၊ ကိုသန်းထွန်း။ တယောက်ပြီး တယောက် ထိ၏။ ဒဏ်ရာရကြ၏။ ခါးဆစ်၊ နောက်ကျော၊ ဦးခေါင်း။ ဦးခေါင်းတို့က သွေးချင်းချင်းနီရဲလျက်။

ခဏငယ်အတွင်းမှာပင် ကား၏ ဘယ်ဘက်အခြမ်းတွင် ကာရံထားသည့် လူငယ်တို့ ပြိုလေ၏။ လူတံတိုင်း ပြိုလျှင် အကြမ်းဖက်သမားတို့က မော်တော်ယာဉ်အား တိုက်ခိုက်ကြသည်။ ကားအတွင်း ဘယ်ဘက်အခြမ်းတွင်
ဒေါ်အောင်ဆန်းစုကြည် ထိုင်သဖြင့် ရိုက်နှက်သူတို့က မော်တော်ယာဉ်၏ ဘယ်ဘက်အခြမ်းကိုပင် ဖိ၍ တိုက်ခိုက်ကြ ၏။ ဘေးကာ မှန်များ ကွဲသွား၏။ ကွဲကြေသွားသည့် ဘေးကာ မှန်နေရာမှ ကားအတွင်းသို့ ဝါးချွန်များနှင့်ထိုး၏။ ခဲများနှင့် ပစ်ထည့်၏။ ကားတံခါးအား ဆွဲ၍ ဖွင့်ကြ၏။

လည်ပင်းမှ စူးကနဲ နာကြင်သွားသည်ကို ဒေါ်အောင်ဆန်းစုကြည် သိလိုက်၏။ ဘေးမှန်ကာများ ကွဲကြေ သွားစဉ်တွင် အစငယ်တခုခု မိမိ၏ လည်ပင်းအား လာရောက်ထိခိုက်မိလိုက်ခြင်းဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် နားလည်လိုက် ၏။ ပြဿနာမရှိ။

ကားစက်နိုးသံ၊ ဂီယာထိုးသံနှင့် လီဗာအား ပုတ်၍ နင်းလိုက်သဖြင့် ကားသည် အရှေ့သို့ တိုးထွက်သွားသည်ကို
ဒေါ်အောင်ဆန်းစုကြည် သိလိုက်သည်။ ယာဉ်မောင်း ကိုကျော်စိုးလင်းအား တခုခု လှမ်းပြောရန်
ဒေါ်အောင်ဆန်းစုကြည် ပြင်လိုက်၏။ မော်တော်ယာဉ်၏ ရှေ့မီးရောင်အောက်၌ သံဆူးကြိုးတန်းများ ဘွားကနဲ တွေ့ လိုက်ရသည်။ သံဆူးကြိုးတန်းနှင့် မော်တော်ယာဉ် တိုက်မိသည့်အသံအား ကြား၏။ မော်တော်ယာဉ်က တွန့်မသွား၊ ရပ်မသွား၊ တိမ်းမသွား၊ မှောက်မသွား။ ကိုကျော်စိုးလင်း၏ ကျွမ်းကျင်စွာ မောင်းနှင်သည့် အောက်တွင် လေးညှို့မှ လွှတ်လိုက်သည့် မြားတစင်းပမာ အရှိန်နှင့် ပြေးလွှားနေ၏။ ကားမီးရောင်အောက်တွင် ဖျတ်ကနဲ၊ လူအုပ်ကြီးအား
တွေ့ရပြန်သည်။ ဝါးရင်းတုတ်များ၊ အုတ်ခဲများနှင့် တိုက်ခိုက်ရန် အသင့်။ ထို လူအုပ်ကြီးအား ခဏငယ်အတွင်းမှာပင်
ကျော်ဖြတ်ခဲ့ပြန်သည်။ လူအုပ်ကြီး၏ အလွန်တွင်မူ အစိုးရပိုင် အဆောက်အဦးဝင်းကြီးတခု။

လမ်း၏ ဝဲဘက်မှ မီးအားပြင်းသည့် မီးမောင်းကြီးများဖြင့် လမ်းပေါ်သို့ ထိုးထားသည်ကို သတိပြုမိ၏။ ထိုဝင်းကြီး အတွင်းမှ အရှိန်နှင့် မောင်းထွက်လာသော ဒိုင်နာကားကြီး နှစ်စီးက ရုတ်ခြည်းပင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကားအား ခေါင်းချင်းဆိုင်တိုက်ရန် ထိုးဝင်လာ၏။ လမ်းက ကျဉ်းသည်။ ချိုင့်များနှင့် ဖြစ်၍ ကျဉ်းသောလမ်းသည် ပို၍ ရှောင်တိမ်းရန်ခက်ခဲ၏။ အရှိန်နှင့်ထိုးဝင်လာသော ဒိုင်နာ နှစ်စီးအား ကိုကျော်စိုးလင်းက ကျွမ်းကျင်စွာနှင့်
ရှောင်တိမ်းနိုင်ခဲ့ပြန်သည်။

ကားငယ်က ဒီပဲယင်း လမ်းပေါ်၌ ပြိုင်မြင်းတကောင်အလား။ ကိုကျော်စိုးလင်း၏ မောင်းနှင်သည့် အောက်၌ ကားငယ်သည် အရှိန်နှင့် ပြေးလွှားနေ၏။ အော်သံ၊ ဟစ်သံ၊ ရိုက်သံ၊ ပြေးလွှားသံ၊ အမိန့် ပေးသံများက နောက်တွင် ကျန်ခဲ့ပြီ။ အမှောင်ထုက စိုးမိုးလာ၏။ မော်တော်ယာဉ်၏ ရှေ့မီး ရောင်အောက်၌ ကတ္တရာလမ်းသည် မဲနက်နေသည်။

ရေဦးမြို့အဝင်…။
လမ်းအား ကန့်လန့်ဖြတ် ပိတ်ထားကြ၏။ လမ်း၏ ဝဲယာတွင် ရဲသား ၁ဝ ဦးခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ကားငယ် အား သေနတ်များဖြင့် အသင့်ချိန်းထားကြ၏။ ကိုကျော်စိုးလင်းက ကားအား ရပ်ပေးလိုက်သည်။ ကားငယ်အတွင်း၌ ပင် ဒေါ်အောင်ဆန်းစုကြည် ထိုင်နေ၏။ လက်မှ နာရီအား ငုံ့၍ ကြည့်မိသည်။ ၁ဝး၃၅ နာရီ…။

ကဆုန် လကွယ်ညက နက်နက်ရှိုင်းရှိုင်း မှောင်မိုက်လွန်းနေ၏။ အရာအားလုံးသည် တိတ်ဆိတ်၍ ငြိမ်သက်နေသည်။   ။

မင်းဟန်
http://www.mizzimaburmese.com/edop/songpa/9408-2012-05-30-13-31-06.html

ဒီပဲယင်းအရေးအခင်း တရားခံများ...

by အဓိပတိဘွား စနေသား on Wednesday, May 30, 2012 at 1:39pm ·
- ဒီပဲယင်းအရေးအခင်း တရားခံများ
မေးလ်ထဲသို့ ရောက်ရှိလာသည်ကို ပြန်လည် မျှဝေပါသည်...

၁။ ခင်ညွန့် -နအဖ အတွင်းရေးမှူး(၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိကအမိန့် ပေးသူ၊
၎င်းနောက် ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီး စစ်အာဏာနေရာလုရန်ကြိုးပန်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။

၂။ စိုးဝင်း-နမခ စစ်တိုင်းမှူး ၊ ဒီပဲယင်းအရေးအခင်းတွင် အနီးဆုံးကြီးကြပ်ကွပ်ကဲသူ၊
၎င်းနောက် အတွင်းရေးမှူး(၁)၊ ပြီး ဝန်ကြီးချုပ်၊ ယခု သေဆုံးပြီး။

၃။ သန်းဟန်-ဒု ဗိုလ်မှူးကြီး၊ ရွှေဘို ခယက ဥက္ကဌ၊ဒီပဲယင်းသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ခဲ့သူ၊၄င်း အရေးအခင်းအပြီး ရဲမှူးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။

၎။ တင်မြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှူး၊ ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊လက်နက်များ၊လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ(၃၀၀၀)ကျပ်ပေးကာ အင်အားစုစည်းပေးသူ၊ အရေးအခင်းပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှူဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှူး အဖြစ် ချီးမြှောက်ခဲ့။

၅။ စိုးမြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အမှူဆောင်၊ ဒေါ်စုအရေးအခင်းတွင် အတက်ကြွဆုံး စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့သူ၊ဒီပဲယင်းသို့ ကိုယ်တိုင်လိုက်ပါ၍ ရိုက်နှက်ခဲ့သူ၊အရေးအခင်းပြီး၍ ဆောင်ရွက်ခဲ့မှူအား စစ်ကိုင်းတိုင်းကြံ့ဖွံ့ ခေါင်းဆောင် သူရအေးမြင့်ထံ ရှင်းလင်းတင်ပြရာတွင် တင်မြင့်ကိုပင် သွေးကြောင်သည်ဟုစွပ်စွဲခဲ့သည်။

၆။ ထွန်းကိုကို-ခရိုင်ကြံ့ဖွံ့ အမှုဆောင်၊ ၄င်းပိုင် သံဆိုင်မှ သံဒုတ်များယူကာ ရပ်ကွက်အရက်ဆိုင်များ၊ဆိုက်ကားသမားအချို့ နှင့်ကားဂိတ်ကြိုများအားပေး၍၄င်းမိသားစုပိုင် ဒိုင်နာကားဖြင့် ဒီပဲယင်းသို့ သွားရောက်ဆောင်ရွက်ပြီး အရေးအခင်းအပြီးတွင် ခရိုင်အတွင်းရေးမှုးဖြစ်လာကာ ကြံ့ခိုင်ရေးထောက်ပံ့ငွေများဖြင့် ယခု ကောင်းမြတ်ထက် အမည်ဖြင့် ဘုရားမြေအားကျူးကျော်ကာ သံဆိုင်ဖွင့်လျှက်ရှိ။

၇။ သန်းထွန်း-ခရိုင်အမှူဆောင်၊ ၄င်းဇာတိ ရွှေခြင်္သေ့ကားသင်းမှ ဒိုင်နာကားတစ်စင်းအပြည့်လူခေါ်ကာ ဒီပဲယင်းသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်။

၈။ ဇော်ဇော်-မြို့ နယ်ကြံ့ဖွံ့ အတွင်းရေးမှူး၊ ရွှေဘိုမြို့ အနီးကျေးရွာများမှ ရပ်/ကျေးအမှူဆောင်များအား စခန်းချလေ့ကျင့်ရေးဟုလိမ်ညာကာ ဒီပဲယင်းသို့ ခေါ်သွားရာ အချို့ ကအဖြစ်မှန်သိ၍ ပြန်သွားခဲ့၊ယခု ဘက်စုံခြံအား အပိုင်စီးကာ စီးပွါးရေးလုပ်ကိုင်လျှက်ရှိ။

၉။ သန်းထွန်း-ခရိုင် ပို့ ဆက်ဦးစီး၊ ရွှေဘိုမှဒီပဲယင်းအတွက် ကားများချောဆွဲပေးခဲ့သူ၊အရေးအခင်းအပြီး မူဆယ်သို့ ပြောင်းရွေ့ ၍ ချေရာဖျောက် ချီးမြှင့်ပေးခဲ့သည်။

၁၀။ သောင်းဝင်း-ဒုရဲမှူး၊ဒီပဲယင်းမြို့ နယ်မှူး၊ အထူးရေးရန်မလိုပါ၊ရဲက အထက်အမိန့် နာခံ၍ ရဲအလုပ် ရဲလုပ်သွားခဲ့သည်၊အရေးအခင်းအပြီး ကျောက်ပန်းတောင်းသို့ ပြောင်းပေးထားခဲ့သည်။

၁၁။ ဝင်းသိန်း-ဒီပဲယင်းမြို့ နယ် ကြွံဖွံ့ အတွင်းရေးမှူး၊ အရေးအခင်းတွင် ဒီပဲယင်းမှလူများ၊ရွှေဘိုမှလူများအားရွာသစ်ကျေးရွာနှင့် သမိုင်းဝင် ကြည်ရွာကားလမ်းဘေး ဝဲယာတွင်နေရာချထားကာ ဒေါ်စုယာဉ်တန်းလာပါကဝိုင်းဝန်းရိုက်နှက်ရန် စီစဉ်ခဲ့သူ။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ယာဉ်တန်းအား တားဆီးပိတ်ဆို့ ရိုက်နှက်ရန်အတွက် ဒီပဲယင်းမှလူအချို့ နှင့် ရွှေဘိုမှ အင်အားအများဆုံးခေါ်ယူရခြင်းမှာ ဒေါ်စုခရီးစဉ်အား ထောက်ခံကြိုဆိုသည့် ဒီပဲယင်းနယ်သားများအား တစ်နယ်ထည်းသားချင်းဆိုလျှင် ရိုက်နှက်မည်မဟုတ်သောကြောင့် ရွှေဘိုမှ လူမိုက်များအားခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခု ယင်းကိစ္စအဓိကတရားခံခေါင်းဆောင်ကြီး လွတ်လာပြီ။ကျန်လူများကလည်း အဆင်သင့်။တော်လှန်ရေးအသိ၊တော်လှန်ရေးသတိ အမြဲရှိပါ။လက်ရှိအောင်မြင်မှုလေးအပေါ်သာယာနေရုံနှင့် မပြီးသေးပါ။နောက်မှ နောင်တရ ကြေကွဲစရာဖြစ်လာမယ်။

၁၉ ဇူလိုင် ပြီး နောက်ထပ် အာဇာနည်နေ့  မလိုချင်ပါ။ အားလုံးဟာ ကိုယ့်အင်အားအစစ်အမှန် မဟုတ်သေးဘူး။
နအဖရဲ့ ပြည်သူ့ သဘောထားဆိုတဲ့ပွဲမှာ `စုကြည် အလိုမရှိ` `ကုလားအုပ်မ ပြန်သွား` လို့ အားပါးတရ ဆဲဆိုခဲ့တဲ့သူတွေ ယခုရှိနေ ဆဲပါ။

အဲဒီတုံးက အသည်းနှလုံးဆတ်ဆတ်ခါအောင် နာခဲ့ရသူတွေက နောက်ထပ်ဝမ်းနည်းကြေကွဲမှုမလိုချင်တော့တဲ့အတွက် ဒီပဲယင်းအရေးအခင်း တရားခံတွေကို အမြန်ဆုံးအရေးယူပေးပါ။

အမှုမှန်ပေါ်ပေါက်ရေးအတွက်ထပ်မံသိရှိသူများ ပူးပေါင်းဖေါ်ထုတ် ပေးကြပါ။
နိုင်ငံတော်ကလည်းစစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ မျက်နှာကိုပဲ ကြည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

---------------------------------------------------
ခွပ်တဲ့ဒေါင်းမှ ခွပ်ဒေါင်းဖြစ်မယ် .... ဖွတ်နဲ့ပေါင်းရင် ဖွတ်ဒေါင်းဖြစ်မယ်။

သားဆွေ   ၁၉-၂ -၂၀၁၂

ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ

လင်းဘိုဘို
| ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၄ မိနစ်
(ဒီပဲယင်း ၉ နှစ်ပြည့် အထူးအင်တာဗျူး)

ရန်ကုန် (မဇ္ဈိမ) ။       ။ ၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့
ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဖြစ်ရပ်မှန်သမျှ သမိုင်းချည်းပင် ဖြစ်သည်။ သမိုင်းသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ သမိုင်းမှ သာဓကယူ ဆန်းစစ်ရသည်။ ခေတ်အဆက်ဆက် သမိုင်းစစ်ကို ရှာဖွေတူးဆွသူများ ရှိခဲ့သလို သမိုင်းကြောင်း၌ ကမ္ဗည်းတင် မခံဝံ့သူတို့က ဖြစ်ရပ်ဟောင်းကို ဖုံးဖိပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။

ဒီပဲယင်း အရေးအခင်းကို သမိုင်းအဖြစ်မှန်အဖြစ် တရားဝင် ပေါ်ပေါက်စေလိုသူများအနက် ဒီပဲယင်းလုပ်ကြံမှု၏ အဓိကပစ်မှတ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အားထုတ်ခဲ့သူ တဦးဖြစ်သည့် ထိုစဉ်က
ဒေါ်အောင်ဆန်းစုကြည် စီးနှင်းသည့် ကားကို မောင်းနှင်ခဲ့သူ ကိုကျော်စိုးလင်းလည်း ပါဝင်နေသည်။
kyawsolwin သမိုင်းကို အဖြစ်မှန်အတိုင်း ဖြစ်စေချင်သူ ကိုကျော်စိုးလင်း (၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို မောင်းနှင်ခဲ့စဉ်က ကိုကျော်စိုးလင်းသည် ဒုတိယနှစ် ဥပဒေကျောင်းသား အရွယ်ဖြစ်သည်။)
ဒုတိယနှစ် ကျောင်းသားအရွယ်သာ ရှိခဲ့သော်လည်း လုပ်ကြံမှု ဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးဆုံး
နေရာတွင် ရှိခဲ့ပြီး မျက်မြင်သက်သေလည်း ဖြစ်သည့် ကိုကျော်စိုးလင်းနှင့် ဒီပဲယင်း ကိုးနှစ်ပြည့်အဖြစ် မဇ္ဈိမသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါသည်။


ဒီပဲယင်းကိစ္စ ၉ နှစ်ပြည့်တော့မယ် ဒီအချိန်မှာ ဘယ်လိုခံစားရလဲ။

ပြန်ပြီးတော့ သတိရနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စ ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်လေးကိုတော့ ပေါ်ပေါက်
စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့။
ကြီးကတရားဝင် ဖော်ထုတ်နိုင်ခြင်းလည်း မရှိခဲ့ဘူး။ အဲ့တာ
ကြောင့် လည်း ဒီ ဒီပဲယင်းကို အမြဲတမ်းပဲ သတိရနေစေဖို့ အတွက်ရယ်၊ နောက်ပြီးတော့ ပြဿနာအရပ်ရပ်ကို
ဘယ်သူက ဘယ်လို စလုပ်တယ် ဆိုတာကို ပြည်သူအားလုံး
က သိစေချင်တဲ့ ဆန္ဒနဲ့ ဒီနှစ်ကို ကျီရွာမှာ သွားပြီး အလှူ
လုပ်ဖို့ စီစဉ်ထားပါတယ်။

အန်တီ့ကားကို မောင်းဖြစ်သွားပုံလေးက စပြီး ပြန်ပြောပြပါဦး။

ကျနော့်အဖေ ဦးကိုကြီး က မန္တလေးတိုင်း NLD တိုင်းဦးစီးမှူး(ဘဏ္ဍာရေး) လုပ်တော့ အဖွဲ့ချုပ်က ကိစ္စတွေဘာတွေ ရှိရင် ကျနော့်အိမ်က ကားတွေဘာတွေ သုံးလေ့ရှိတယ်။ ကျနော်ရယ်၊ ကျနော့်အကိုရယ်က အဲ့လိုကိစ္စတွေမှာ လိုက်ပို့တာရှိတော့ တိုင်းက လူကြီးတွေက ကျနော်တို့ ကား ကောင်းကောင်းမွန်မွန် မောင်းတတ်တာ သိနေတယ်။ အဲ့ဒီမှာ အန်တီ့ခရီးစဉ် ရောက်လာတယ်။ အဲ့ဒီတုန်းက ကျနော်က ဒုတိယနှစ်ပဲ ရှိသေးတယ်။ ဥပဒေ မေဂျာနဲ့။ အစကတော့ ကျနော်တို့က လူငယ်အနေနဲ့ လုံခြုံရေးပဲ လိုက်ရတာ။

အန်တီ့ခရီးစဉ် ဒုတိယတခေါက်အနေနဲ့ ရောက်လာတော့ ကား ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ် တဲ့ လူ လေးဦး လိုတယ်ဆိုလို့ ကျနော်တို့ ညီအကို နှစ်ယောက်ရယ်၊ စက်မှုထဲက ဦးကံရယ်၊ မောင်ကိုလေးရယ် ဆိုပြီး လေးယောက်
ပေးလိုက်တယ်။ ဒါပေမယ့် တကယ်တမ်း လိုက်ဖြစ်တာက ဦးကိုလေးနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ။

စမောင်းတော့ ဦးကိုလေး မောင်းတာ။ နောက် ကချင်ပြည်နယ် ခရီးစဉ်တခုလုံး ကျနော် ဆက်မောင်းတယ်။ ကချင်ပြည်နယ်  မိုးကုတ်၊ သပိတ်ကျင်းဘက်ကနေ မန္တလေးကို ဝင်တယ်။ မန္တလေးကနေ မုံရွာခရီးစဉ်ဘက် တွေလည်း ကျနော်ပဲ ဆက်မောင်းတာ နောက်ဆုံး ပြဿနာ ဖြစ်တဲ့နေ့အထိပဲ။

မေ ၃ဝ ရက်နေ့ အနေအထားတွေကို မှတ်မိသလောက် ပြန်ပြောပြပါဦး။

တောက်လျှောက် သူတို့ လိုက်နှောင့်ယှက်နေတဲ့ကိစ္စတွေကို သတင်းတွေ ရတယ်။ သိလည်း သိတယ်။ ဘာတွေလဲ ဆိုတော့ ကြံ့ခိုင်ရေးဝတ်စုံတွေနဲ့ လိုက်ပြီး နှောင့်ယှက်နေတယ်ဆိုတော့ ဆိုးဆိုးဝါးဝါးကြီး နှောင့်ယှက်လိမ့်မယ်တော့ မထင်ဘူး။ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နှောက်ယှက်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ နောက် ဘုတလင်နဲ့ မုံရွာက ခရီးစဉ်ကို လိုက်ပို့တဲ့ ကျောင်းသားလေးတွေ အပြန်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်း ကြားတယ်။ ရှေ့ပြေး လွှတ်တဲ့သူကလည်း ပြန်မလာနိုင်ဘူး။ ပြန်မလာနိုင်ပေမယ့် သတင်းကတော့ အဆက်မပြတ် ကြားနေတာ။

အဲ့ဒီနေ့က လမ်းကြောင်းတခုလုံးမှာ အန်တီရှိနေတဲ့ နေရာအထိ သတင်းတွေ ရောက်လား။ သတင်းပို့မှု အစပ်အဆက် ရှိနေလား။

ရှိတယ်။ ဒါပေမယ့် နှောက်ယှက်မယ်လို့ပဲ ကြားနေတာ။ နောက်ပြီး ဘုန်းကြီးအတုတွေ၊ အတုတွေဆိုတာက သင်္ကန်း
တောင် မဝတ်ရသေးဘူး။ ကတုံးစိမ်းတွေနဲ့ ကားကြီးတွေနဲ့ ထွက်သွားတယ်။ သွားလိုက်လာလိုက် လုပ်နေတယ် ဆိုတဲ့ သတင်းလည်း ကြားရတယ်။  ဒါပေမယ့် အန်တီကတော့ အဖွဲ့တွေအားလုံးနဲ့ သွားမယ့် ခရီးစဉ် ဆက်ထွက်တယ်။

အဲ့ဒီအချိန်က သူတို့ဘက်က အနှောက်အယှက်ပေးရင် ညပိုင်းတွေများတယ်။ မိုးကုတ်၊ သပိတ်ကျင်း ဘက်မှာဆိုရင် လာကြည့်တဲ့ ပြည်သူတွေကို လေးဂွတွေ၊ ခဲတွေနဲ့ ထုတာ၊ မီးမောင်းတွေထိုးတာ၊ သံပုံးတွေရိုက်တာ မျိုးပေါ့နော်။
နေ့လည်ပိုင်းဆို သူတို့က သိပ်ပြီးတော့ မလုပ်ကြဘူး။ ဆန္ဒပြသလို သာမန် နှောင့်ယှက်တာလေးတွေလောက်ပဲ လုပ်တယ်။ အဲ့တော့ ကျနော်တို့က ညကို အရောက်မခံဘဲ မောင်းတာ များတယ်။ နောက်တချက်က အဲ့ဒီနေ့က ကျနော်တို့ဘက်က ခရီးစဉ် မိုင်တွက်တာလည်း မှားတယ်။ မိုင်အကွာအဝေးကို ၁၄ မိုင်လို့ ရေးထားတဲ့ နေရာမှာ ၁ ပြုတ်ပြီး ၄ မိုင်လို့ ဖြစ်နေတာလည်း နောက်ပိုင်းမှာ ကျနော်တို့ သွားတွေ့ရတယ်။

ကျီရွာကို ရောက်တဲ့အချိန်မှာ ဘုန်းကြီး နှစ်ပါးက “ဒကာမကြီး မနက်ကတည်းက ကျနော်တို့ စောင့်နေလို့ပါ။ ရပ်ပြီး
နှုတ်ဆက်စကားလေး ပြောပေးပါ”လို့ ပြောလာတယ်။ အချိန်က ငါးနာရီခွဲ ခြောက်နာရီလောက် ရှိပြီ။ မမှောင်သေး ဘူး။ မှောင်ရီပျိုးပြလေး။ ဘုန်းကြီးက တောင်းတောင်း ပန်ပန်နဲ့ ပြေးပြီးတော့ လိုက်ပြောတဲ့ အခါကြတော့ အန်တီက “ငါ့သားရယ် ရပ်ပေးလိုက်ပါဦး” ဆိုတော့ ကျနော်က ရပ်လိုက်တယ်။ အဲ့ဒီမှာ ဘုန်းကြီးနှစ်ပါးရယ် ရွာသားတွေကော အများကြီး စောင့်ပြီး ကြိုနေတယ်။ ဘုန်းကြီးအိုကြီး တယောက်လည်း ပါတယ်ပြောတယ်။

ရပ်လိုက်တဲ့ အချိန်မှာ နောက်က လိုက်လာတဲ့ ကားတန်းကလည်း တော်တော်များတယ်။ ကား အစီးရေတော့ မမှတ်မိဘူး။ ကားတန်းရပ်သွားတော့ နောက်က လိုက်လာတဲ့ ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ။

PA က လုံခြုံရေးအတွက် ဆင်းပြီးတော့ ကြည့်တဲ့အချိန်မှာ နောက်မှာ စရိုက်နေပြီလို့ သိတော့ အန်တီ မဆင်းဖြစ်တော့ ဘူး။ မဆင်းဖြစ်တော့ဘဲ PA ပါ ပြန်တက်၊ ကားတံခါးတွေကို Lock ချ လိုက်တယ်။ ကျနော့်ရှေ့မှာက ကား သုံးလေးစီး
လောက်တော့ ရှိတယ်။ ဘဘဦးတင်ဦး ကားကလည်း ရှေ့မှာပဲ။ အနီးကပ် လုံခြုံရေးတွေကတော့ ကျနော့်ကားပေါ် မှာပေါ့။ မန္တလေး တိုင်းက လုံခြုံရေးအဖွဲ့တွေကတော့ ရှေ့မှာကော နောက်မှာကော ပါတယ်။

နောက်ကနေ ရိုက်လာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေက “ကိုကျော်စိုးလင်း မောင်းမောင်း” ဆိုပြီး ပြောတယ်။
နောက်က အမျိုးသမီးတွေပါတဲ့ ကားတစီးက ကျော်တက်ပြီး ကျနော်တို့ ကားနား ရောက်လာတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လာတဲ့ ကျောင်းသားတွေကလဲ ပြန်ချမယ်၊ ပြန်ထုမယ် ဆိုတော့ အန်တီက တားခိုင်းလိုက်တယ်။ မလုပ်ပါနဲ့ သူတို့က ဘယ်လိုအကြံအစည်နဲ့မှန်း မသိဘူးဆိုပြီး အန်တီက တားတော့ သူတို့က မလုပ်ဖြစ်တော့ဘူး။

နောက်ကနေ ရိုက်လာရင်းနဲ့ ကျနော်တို့ ကားနားအထိ ရောက်လာတယ်။ ကျနော်တို့ ကားနား ရောက်လာတော့ ကိုတိုးလွင်တို့ တခြားလုံခြုံရေး အဖွဲ့ဝင်တွေက တားတယ်။ “ဒါ ဒေါ်အောင်ဆန်းစုကြည်ကားနော်။ မင်းတို့ သမိုင်းဝင် သွားမယ်နော်” ဆိုပြီး တားတယ်။ တားတော့ သူတို့ ရိုက်တာ တန့်သွားတယ်။ ကျနော်တို့ ကားနားကို အရင်ရောက် လာတဲ့ ရှေ့ဆုံးက ၄၊ ၅ယောက်က ဘုန်းကြီးဝတ်တွေ။ သင်္ကန်းတွေနဲ့ တုတ်တွေနဲ့။ ညာဘက်လက်တွေမှာ လက်ပတ် အဖြူတွေ ပတ်ထားတယ်။

အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင် အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင်တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက် တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်ကိုလည်း
သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်သားလေး လဲသွားတယ်။
အဲ့နေရာမှာပဲ ပုံကျသွားတော့ သေပြီလို့ပဲ ထင်လိုက်တယ်။
တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက်တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်
ကိုလည်း သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်
သားလေး လဲသွားတယ်။ အဲ့နေရာမှာပဲ ပုံကျသွားတော့
သေပြီလို့ပဲ ထင်လိုက်တယ်။

ကျနော့်စိတ်ထဲမှာ အဲ့ဒီတုန်းက တော်တော် ဒေါသဖြစ် သွားသေးတယ်။ နောက်ကနေ ပြေးလာတဲ့ သူတွေက
ပြေး၊ လိုက်ရိုက်တဲ့သူတွေက လိုက်ရိုက်နဲ့ဆိုတော့လေ။
တချို့ဆို ကိုယ်တုံးလုံး ကျွတ်တွေနဲ့ ထွက်ပြေးလာတာကို လိုက်ရိုက်နေတာလည်း တွေ့တော့ ဒေါသဖြစ်ပြီး ပထမ တခုခု တုန့်ပြန်မယ် စဉ်းစားသေးတယ်။ ကျနော် ကားကို ဘက်ဆုတ်လိုက်တယ်။ ဘက်မဆုတ်ခင် လီဗာကို အကျယ်ကြီး နင်းလိုက်တယ်။ ကိုယ့်လူတွေလည်း ရှိတော့ရှောင်လို့ရအောင် အသံ ပေးလိုက်တာပေါ့။

အဲ့ဒီမှာ ကျနော့်ကားရဲ့ တိုက်ရော့နဲ့ ဘီးနဲ့ကြားမှာ သစ်သားချောင်း ဘယ်အချိန်က ထိုးခံထားလဲ မသိဘူး။ စတီရာရင်
ခေါက်လို့ မရအောင် ထိုးထည့်ထားတာ။ ကံကောင်းချင်တော့ ကျနော်က နောက်အရင် ဆုတ်လိုက်တော့ အဲ့ဒီဟာက ကျိုးထွက်သွားတယ်။ ဒိုင်းကနဲ ဘာနဲ့မှလည်း မထိဘဲ အသံထွက်လာတော့မှ တခုခု ကလန့်ထားတာ ကျိုးသွားတာ သိတာ။ နောက်ဆုတ်တဲ့အချိန်မှာ ကျနော့် ညာဘက်က မှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့ အကုန်ရိုက်ခွဲကြတယ်။

အဲ့အချိန် ကားဘေးမှာ လုံခြုံရေးတွေ ရှိနေတယ်။ သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။ ကျနော် ကားနောက် ဆုတ်ပြီ ဆိုတာနဲ့ သူတို့က ကားပေါ်ကို အတင်းဝိုင်းတက်ကြတယ်။ ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေက မှောက်နေ တယ်။ ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှ မတိုက်တော့ပဲ ကျနော် ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ။ အဲ့ဒီနေရာမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။

အန်တီကကော အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေလဲ။ အန်တီက ကား မောင်းထွက်ဖို့တွေဘာတွေ ပြောလား။

အန်တီက ဒီမှာလည်း လူတွေ အရိုက်ခံနေရပြီ။ ပြည်သူတွေလည်း အရိုက်ခံနေရပြီ။ သူများတွေက “မောင်းမောင်း”လို့
ပြောနေကြတယ်။ အန်တီက ဘာမှ မပြောဘူး။ ကျနော့် အမြင်ပေါ့၊ ကျနော့်အတွေးက အန်တီက တကယ်လို့
မောင်းခိုင်းမယ်ဆိုရင် သူများတွေ အရိုက်ခံ နေရတာကို ပစ်ပြီးတော့ ပြေးရာရောက်မယ်။ အဲ့လိုလည်း အဖြစ်မခံချင် ဘူးလို့ ထင်တယ်။ ကျနော် မမောင်းဘဲနဲ့ နေမယ်ဆိုရင်လည်း ဘယ်သူမှ မောင်းလို့မရဘူးလေ။ အကုန်လုံး ပဋိပက္ခ
ဖြစ်သွားနိုင်တယ်။ အဲ့ဒီမှာ ကျနော်ကလည်း အဲ့တုန်းက လူငယ်စိတ်နဲ့ပေါ့နော် ဒေါသလဲ ဖြစ်တော့ ကျနော် ၁ သက်ဆို သူတို့ ၂ သက်ဆိုပြီး ဖြစ်ချင်ရာဖြစ် မောင်းထွက်လိုက်တာ။

နောက်ထပ် သတ်ကွင်းလို တနေရာ ကြုံရတယ် ဆိုတာက ဘယ်လိုမျိုးလဲ။

ဒုတိယနေရာကမှ တကယ့် သတ်ကွင်း။ ပထမနေရာနဲ့ နောက်တနေရာက တမိုင်လောက် ဝေးတယ်။ ကျနော် ထွက်လာတော့ ဘဘဦးတင်ဦးကားတို့၊ အမျိုးသမီးကားတို့ကို ကျော်ပြီး ထိပ်ဆုံးက မောင်းထွက်လာတာ ရှေ့ကိုပဲ အာရုံစိုက်ပြီး မောင်းနေတော့ သူတို့လည်း နောက်က ပါလာတယ်ပဲ ထင်တာ။ ငါးမိနစ်လောက် မောင်းရတယ်။ ရှေ့မှာ ကုန်ကားကြီး ၃ စီး တွေ့တယ်။ အဝေးကတည်းက မြင်တော့ လမ်းကို ဒီကားတွေ ကန့်လန့် ပိတ်လိုက်မှာလည်း စိုးတယ်။ သိပ်လည်း မသင်္ကာဘူးပေါ့ စပြီးလည်း ဖြစ်နေပြီဆိုတော့လေ။

အဲ့တာနဲ့ သူတို့ ထိပ်တည့်တည့်ရောက်ပြီဆိုမှ ညာဘက်ကို လှည်းလမ်းပေါ်ကို ချိုးချပြီး မောင်းမယ် လုပ်မှ ဒီဘက်အခြမ်းမှာ ကားအစီး ၂ဝ၊ ၃ဝ လောက်က မီးတွေဖွင့်ပီး ထိုးထားတာတွေ့ရတယ်။ လမ်းရဲ့ဘေးမှာ ကွင်းက အကျယ်ကြီး ဒိုင်နာလိုလို၊ ကုန်ကားလိုလို ကားတွေ၊ ကွင်းထဲမှာ စီရပ်ထားတာ။ မီးကြီးတွေ လမ်းဘက်ကို ထိုးထားတာ။ ကားသုံးစီးကို ကျော်တော့မှ မြင်ရတာ။ မီးတွေနဲ့ လူတွေလည်း များပါလားပေါ့။ လူတွေက စီရပ်နေတာ မန္တလေးလိုဆိုရင် တပြလောက်ကို ရှိတယ်။ လူအပြည့်ပဲ တုတ်တွေနဲ့ စောင့်နေတာ။ လမ်းဘေးတလျှောက်လုံး အပြည့်ပဲ။ ဟိုမှာက ရိုက်တာနှက်တာ ကိုယ့်ရှေ့မှာတင် ကြုံလာခဲ့ပြီဆိုတော့ ကျနော်က သိလိုက်တယ်။ အဲ့ဒီမှာ သတ်ကွင်းဆိုတာ သိလိုက်တယ်။ တုတ်တွေနဲ့ လူတွေက လမ်းရဲ့ ညာဘက်မှာ။ ကျနော် ဆင်းကျော်တဲ့ ညာဘက်မှာ
ပေါ့နော်။ လမ်းရဲ့ ဘယ်ဘက်မှာက ကြံ့ခိုင်ရေး ဝတ်စုံတွေနဲ့ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ အရင်နှောက်ယှက် သလို စောင့်နေကြတာ။

ကျနော်က ကားကို ခေါင်းတည်ပြီး လီဗာနည်းနည်း နင်းလိုက်တော့ တုတ်တွေနဲ့ လူတွေက ရှဲသွားတယ်။ ရှဲသွားပြီဆိုမှ ကျနော်က လမ်းပေါ်ကို ခေါင်းတင်လိုက်တယ်။ ကားနောက်မှာကော ဘေးပတ်လည်မှာ တွယ်လိုက်လာတဲ့ အခါကျ
တော့ ဆွဲချပြီး ရိုက်လိုက်မှာကို စိုးတယ်။ ကား လမ်းပေါ်  ရောက်သွားတော့ လက်လှမ်းမမီတော့မှ နောက်ကနေ ဝိုင်းထုကြတာ။ အဲ့မှာ ကျနော့်ခေါင်းကို တချက်မှန်တယ်။ ဘာနဲ့ ထုလိုက်လည်း မသိဘူး။ သွေးတွေ ဖြာသွားတယ်။ အန်တီက “ဘာဖြစ်သွားသေးလဲ” မေးတော့ ကျနော် သတိရှိသေးတယ် “ရတယ်”လို့ ပြောလိုက်ပါတယ်။ လမ်းရဲ့ အဆုံးမှာ သစ်သားနဲ့ သံဆူးကြိုးနဲ့ ဘယ်ရီဂိတ် ပိတ်ထားတယ်။ အဲ့တာကို ကျနော်က တိုက်ချိုးပြီး ဆက်မောင်းမယ် လုပ်တော့ ကားနှစ်စီးနဲ့ ဆက်ပိတ်ထားတာ တွေ့ရတယ်။ ကားနှစ်စီးရဲ့ ကြားမှာ လူသွားဖို့ လမ်းချန်ထားတာ ရှိတယ်။ အဲ့ဒီ လူသွားလမ်းက ကျနော့်ကားနဲ့ ကွက်တိဖြစ်နေတယ်။ အဲ့ဒီကနေ လွတ်သွားတာ။ လွတ်သွားတော့ အရှေ့မှာ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ သေနတ်တွေနဲ့ ချိန်ထားတာ။ ကျနော်လည်း မထူးဘူးဆိုပြီး ဆက်မောင်းတော့ သူတို့က ဒိုင်ဗင်တွေဘာတွေ ထိုးပြီး ရှောင်တဲ့သူက ရှောင်တယ်။ ဘယ်သူ့ကိုမှတော့ ကျနော် မတိုက်ဖြစ်ပါဘူး။

နောက်တော့ကော ဘာတွေ ဆက်ဖြစ်သေးလဲ။

အဲ့ဒီက လွတ်လာတော့ အန်တီက ပြောတယ်။ ဒီပဲယင်းကိုဝင်မယ် ငါ့သား။ ဒီကိစ္စကို ဖြေရှင်းမယ်။ မဖြေရှင်းလို့ မရဘူးပေါ့ ပြောတယ်။ ကျနော့်ကို ပြောတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီပဲယင်းကို မရောက်ဖူးတော့ ဒီပဲယင်းကို ကျော်သွားတယ်။ ဒီပဲယင်းက လမ်းဘေးလေး ချိုးဝင်လိုက်ရတာ။ ကျနော်က မြို့ရှောင်လမ်းပေါ့နော် အဲ့ဘက်က ထွက်သွားလိုက်တော့ ကျော်သွားတယ်။ ကျော်သွားပြီးတော့ လမ်းဘေး တောထဲမှာ ခဏဝင်ရပ်တယ်။ ကားပေါ်မှာ တုတ်တွေကော၊ ကားအောက်မှာ ကလန့်ထားတဲ့ တုတ်ကလဲ စဖြစ်တဲ့ နေရာကတည်းက ဒီးဒီး၊ ဒီးဒီး
မြည်ပြီးတော့ ပါလာတာလေ။ နောက်ပြီး ကျနော် တိုက်ဖြတ်လာတဲ့ သံဆူးကြိုးတွေလဲ ကားနဲ့ငြိပြီး ပါလာတယ်။

အဲ့ဒီမှာ တုတ်တွေဘာတွေ ဖြုတ်၊ သံဆူးကြိုးတွေ ဖြည်ပြီး “ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲ
ဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေ တုန်းပဲ။
တော့အန်တီက လူ ဘယ်နှစ်ယောက်ပါလဲ။ နာမည်တွေ
ပြောဆိုပြီး တခါတည်း အန်တီက သူ့စိတ်နဲ့ပဲ မှတ်ထား
လိုက်တယ်။ အန်တီအပါအဝင် ကျနော်တို့အားလုံး ၁၈
ယောက် ပါတယ်။ အန်တီက ဘယ်သူမှ အန်တီနဲ့ မခွာနဲ့။
ဘယ်မှ မသွားကြနဲ့ အန်တီ့ဘေးမှာပဲ နေလို့ မှာတယ်။
ကြောက်လန့် ပြီး ခွဲထွက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့
မှာတယ်လို့ ထင်ပါတယ်။

အဲ့ဒီက ပြန်ထွက်တော့ ရေဦးမြို့အဝင် သံလမ်းနားမှာ မောင်းတံဂိတ်လေးတွေ့တော့ ကျနော်က ကားခဏရပ်တယ်။ ကားရပ်တော့ အဘိုးကြီး နှစ်ယောက်က ဒါဘယ်သူ့ကားလဲတဲ့ လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားပါလို့ ဆိုတော့ တိုင်းမှူးက အမိန့်ချထားတယ်တဲ့။ ဘယ်ကားမှ အဝင်မခံနဲ့လို့ ပြောထားတယ်တဲ့။ အဲ့တာကြောင့်မို့ပါဆိုတော့ ရပါတယ် ကျနော်တို့စောင့်မယ်လို့ ပြောလိုက်တယ်။

နောက် နာရီဝက်လောက် ကြာတော့ ကျနော်တို့ရှေ့က ရထားသံလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ သံလမ်းပိတ်ပြီး သံလမ်းရဲ့ ဟိုဘက်မှာ ဘယ်ရီဂိတ်တွေ ချလိုက်တယ်။ ရေဦးဘက်က စစ်သားတွေ ထွက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းတာတော့ တော်တော်ဝေးဝေးက ဝိုင်းတာပါ။ သေနတ်တွေနဲ့ပဲ။ ဝိုင်းပြီးတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့ ကျနော်တို့လဲ အေးအေးဆေးဆေးပဲ နေလိုက်တယ်။

အဲ့ဒီလို ဝိုင်းပြီး နာရီဝက်လောက် ထပ်ကြာတော့မှ စစ်တပ်ယူနီဖောင်းနဲ့ အရာရှိကြီးတယောက် ရောက်လာတယ်။ အသက်က ၅ဝ လောက်ရှိမယ်။ သူက ကျနော့်ကို နားထင်ကို သေနတ်နဲ့ ချိန်တယ်။ ချိန်ပြီးတော့ “မင်းလိုက်မလား မလိုက်ဘူးလား” ဆိုပြီး မေးတယ်။ အန်တီ့ကို ကြည့်တော့ အန်တီက ခေါင်းညှိမ့်ပြတော့ “လိုက်မယ်”လို့ ပြောလိုက် တယ်။ “အဲ့တာဆို နောက်က လူတွေ တက်”ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီး တက်ခိုင်းတယ်။ နောက်က လူတွေပါ တက်တော့မှ သံလမ်းတံခါးနဲ့ ဘယ်ရီဂိတ်တွေပါ ဖယ်။ ရှေ့က ရဲကားနဲ့ သူတို့က အနောက်က လိုက်လာကြတယ်။
ဘေးက မော်တော်ပီကယ်တွေ ဘာတွေနဲ့ပါ ခေါ်ပြီးတော့ ရေဦး ရဲစခန်းထဲ ရောက်သွားတယ်။

ရေဦး ရဲစခန်းရောက်ပြီး ဘာဆက်ဖြစ်ကြလဲ။

ရေဦး ရဲစခန်းရောက်တော့ အန်တီက ပြောတယ်။ “ရှင်တို့ သတ်ချင်ရင် ကျမတို့ကို ဒီနေရာမှာ သတ်ချင် သတ်ပစ် လိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျမတို့ကတော့ ဒီကိစ္စကို ဖြေရှင်းရမှာပဲ”လို့ ပြောတယ်။ အဲ့ဒီမှာ သူတို့က အန်တီ့ကို အဲ့လိုတော့ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကျနော်တို့နဲ့ လိုက်ခဲ့ပေးပါဦး လို့ ပြောတယ်။ အဲ့မှာ အန်တီက “မလိုက်နိုင်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်းမှ သာလျှင် လိုက်မယ်”လို့ ပြောလိုက်တယ်။ နောက် ၁ဝ မိနစ်လောက် နေတော့ ဥပဒေ
ကြောင်းအရ ဖြေရှင်းပေးပါ့မယ်လို့ သူတို့က ပြောတယ်။ အဲ့ဒီမှာ အန်တီနဲ့ ကိုထွန်းဇော်ဇော်ရယ်၊ ကိုထွန်းမြင့်ရယ် လိုက်သွားတယ်။ ကိုထွန်းဇော်ဇော်နဲ့ ကိုထွန်းမြင့်ကို အန်တီက သက်သေအနေနဲ့ ခေါ်သွားလိုက်တာ။ ကျနော်ကတော့ ကားနဲ့ ကားမှာပါတဲ့ သက်သေခံပစ္စည်းတွေကို စောင့်ကြည့်တဲ့ အနေနဲ့ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ သူတို့က အချုပ်ထဲ ထည့်လိုက်တယ်။

ရဲစခန်းကို သက်သေဆိုပြီး လိုက်လာတဲ့သူတွေ ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အဲ့ဒီလူတွေမှာလည်း စရိုက်တုန်းက လူတွေ ပတ်ထားတဲ့ လက်ပတ်အဖြူတွေ ပတ်ထားတာတွေ့တယ်။ သူတို့က ရပ်ကွက်လူကြီးတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အဲ့လိုလူတွေ။ ကျနော်တို့ကိုလည်း ဗီဒီယို မှတ်တမ်း တင်တာတွေဘာတွေ လုပ်တယ်။ အဲ့ဒီက ထောက်လှမ်းရေး ထင်တယ် တယောက်က “မင်းတို့က စရိုက်လို့ ငါတို့က လုပ်ရတယ်” ဆိုပြီး ကျနော့်ကို ပြောတယ်။ အဲ့မှာ ကားပေါ် ပါတဲ့ သက်သေပစ္စည်းတွေ စာရင်းတွေလုပ်။ စာရင်းတွေ လုပ်ပြီးပြီဆိုမှ ကျနော့်ကိုပါ အချုပ်ထဲ ထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ကို ထမင်းလည်း မကျွေးဘူး။ အဲ့ဒီညနဲ့ နောက်နေ့ တနေ့လုံး ထားတယ်။

အန်တီနဲ့ လိုက်သွားတဲ့ နှစ်ယောက်က သိပ်မကြာဘူး ပြန်ရောက်လာတယ်။ ကျနော်တို့ ၁၇ ယောက်ကို နောက်နေ့ ညနေမှာ ဒိုင်နာ ၂ စီးနဲ့ ရွှေဘိုထောင်ကို ပို့တယ်။ ဒိုင်နာ ၂ စီးကို တာလပတ်တွေနဲ့ အုပ်ပြီးတော့ ရဲတွေနဲ့ ခေါ်သွား တယ်။ ရွှေဘိုထောင်ရောက်တော့ ကျနော်တို့ တယောက်စီကို ရာဇဝတ်သား ၂ ယောက်၊ တန်းစီးလိုမျိုးပေါ့ အဲ့လို လူတွေနဲ့ ထားတယ်။ အဟန့်ပေါ့ဗျာ။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဘယ်သူမှ ရိုင်းရိုင်းပြပြ မဆက်ဆံပါဘူး။
ကောင်းကောင်းမွန်မွန် စောင်တွေဘာတွေနဲ့ ထားပါတယ်။

ရွှေဘိုထောင်မှာ ကိုတိုးလွင်ကိုလည်း ကျနော်တို့ ပြန်တွေ့တယ်။ စရိုက်လို့ ကျနော်တို့ကား ထွက်လာတဲ့အချိန်မှာ သူက မှောက်ကျန်နေခဲ့တော့ သူ့ကို ကျနော်တို့က အသေဆိုပြီး တွက်ထားတာ ရွှေဘိုထောင် ရောက်မှ ပြန်တွေ့တာ။ သူကလည်း ခေါင်းတခေါင်းလုံး အရိုက်ခံထားရတာ ပွစိကို လန်နေတာပဲ။ အဲ့ဒီအချိန်အထိ သူ့ကို ဆေးကုမပေး ထားဘူး။

အဲ့ဒီမှာ ည ၂ နာရီလောက်မှာ ရွှေဘိုထောင်ကနေ ပြန်ထုတ်တယ်။ ပြန်ခါနီးမှ ကိုတိုးလွင်ကို ပတ်တီးတွေစည်းပြီး ကျနော်တို့နဲ့ ပြန်ထည့်ပေးလိုက်တယ်။ ကျနော်တို့ထဲက မုံရွာက ကျောင်းသားလေး တယောက်ကိုတော့ သူတို့
ရွှေဘိုထောင်မှာပဲ ထားခဲ့တယ်။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ပြီး ကုန်ကားကြီးပေါ် တင်တယ်။ ကားပေါ်ရောက်
တော့ မျက်နှာဖုံး ပြန်ချွတ်တယ်။ ကားပေါ်မှာ မတ်တပ်မရပ်ခိုင်းပေမယ့် ပတ်ဝန်းကျင်ကို မြင်ရတော့ တံတားဦးဘက်
ရောက်နေတာ ကျနော်သိရတယ်။ အဲ့ဘက်က ရောက်နေကျဆိုတော့ ကျနော်က သိတယ်လေ။ နောက် ကျနော်တို့ကို မျက်နှာဖုံးပြန်စွပ်ပြီး နာမည်တွေခေါ်ပြီး လေယာဉ်ပေါ် တင်တယ်။

လေယာဉ်ပေါ်မှာ ကျနော်တို့က မျက်နှာဖုံးစွပ်တွေက မွန်းတယ်။ လေယာဉ်ပေါ်ကနေ ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူးလို့ တောင်းပန်တော့မှ မျက်နှာဖုံးစွပ်တွေ ချွတ်ပေးတယ်။ လေယာဉ်က ထိုင်ခုံတွေနဲ့ပဲ။ ဒီဘက်ထိုင်ခုံ နှစ်ခုံ ဟိုဘက်နှစ်ခုံ နှစ်တန်းပါတယ်။ လေယာဉ်မယ် ပါတယ်။ ဒီဘက်မှာ ကျနော်တို့ကို နှစ်ယောက်စီ ထားလိုက်တယ်။ ဟိုဘက်မှာက စစ် ထောက်လှမ်းရေးတွေ၊ ရဲထဲက SB တို့ ပါမယ်ထင်တယ်။ သူတို့လည်း နှစ်ယောက်စီ ထိုင်တယ်။ ကျနော်တို့ ၁၇ ယောက်ကို သူတို့ကလည်း ၁၇ ယောက် ပါတယ်။

၁ နာရီ၊ ၂ နာရီလောက် ကြာတော့ ခန္တီးကို ရောက်တယ်။ မိုးလင်းပြီ။ ခန္တီးထောင်မှာ ကျနော်တို့ နေဖို့ နေရာတွေချ တယ်။ မင်းတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါ့မယ် ဘာညာပြောပြီး ကျနော်တို့ကို ရွှေဘိုက ထည့်ပေးလိုက်တဲ့ အထုပ်လေးတွေတောင် သိမ်းသွားတယ်။ ကျနော် နေရတဲ့ အခန်းက ၃ ပေ၊ ၈ ပေ လောက် ရှိမယ်။ (ခန္တီးထောင်တွင် ကိုကျော်စိုးလင်း ကြုံတွေ့ ခဲ့ရသည်များမှာ စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့ခဲ့ရသည့် အနေအထား များအတိုင်းဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်။)

ခန္ဓီးထောင်မှာ ဘယ်လောက်နေခဲ့ရလဲ။

ခြောက်လ။

အဲ့ဒီခြောက်လက တရားခွင်တွေဘာတွေတင်၊ အမှုတွေဘာတွေ စစ်ပြီး ချုပ်တာလား။

တရားခွင် မတင်ဘူး။ ဒီလို မတရားချုပ်နှောင်တဲ့အပြင် မတရားဖမ်းဆီးမှုလို့လည်း ပြောရမှာပေါ့။ အဲ့ဒီမှာ ၁၅ ရက်
လောက်က စစ်ကြောရေး ဝင်ခဲ့ရတယ်။ စစ်ကြောရေးကတော့ တကယ့် ဆိုးဆိုးဝါးဝါး ငရဲခန်းပါပဲ။

စစ်ကြောရေးမှာ အဓိက ဘာတွေစစ်လဲ။

အဓိကကတော့ ကျနော်တို့က စလုပ်တာပေါ့။ ကျနော်တို့က ရိုက်တယ်ဆိုတဲ့ အကြောင်းကို ထွက် ဆိုခိုင်းတာ။ ပထမ တကြိမ် လာစစ်လည်း ကျနော် အမှန်အတိုင်းပြောတယ်။ ဒုတိယ တကြိမ်၊ တတိယ အကြိမ်လဲ အဲ့ဒီအတိုင်းပဲ ထွက်တယ်။ ကျနော်တယောက်တည်းကို လူ ၄၊ ၅၊ ၆ ယောက် လောက်က ဝိုင်းစစ်တာ။ ဒီလူ ၄၊ ၅၊ ၆ ယောက်က
လည်း အဲ့တာကိုပဲ မေးတယ်။ မနက်တခါ၊ နေ့လည်တခါ၊ ညဆိုလည်း ၇ နာရီတခါ၊ ၁၂ နာရီတခါ အဲ့လို စစ်တယ်။

ဒီပဲယင်း ဖြစ်စဉ်ကို အိပ်မက်တွေ ပြန်မက်တာမျိုး၊ ပြန်ပြီး ခံစားနေရတာမျိုး ရှိလား။

ထောင်ထဲရောက်နေတဲ့ အချိန်တုန်းကတော့ နားထဲမှာ အဲ့အဖြစ်အပျက်တွေ ကြားနေရတာမျိုး ရှိတယ်။ ကျနော်က
ဖြစ်တဲ့ နေရာမှာတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ထောင်ထဲ ရောက်မှ နှိပ်စက်ခံရတဲ့ အခါကျမှ မျက်လုံး တဘက် ထိလာတယ်။ မျက်လုံးက အားနည်း သွားတယ် ပြောရမှာပေါ့။ သွားတွေလည်း အခုထိ မကောင်းတော့ဘူး။ နားတွေလည်း သိပ် မကောင်းတော့ဘူး။ အဲ့တော့ ထောင်ထဲက အဖြစ်အပျက်တွေ အိပ်မက်လို ပြန်မက်တာတွေ ရှိတယ်။ အမြဲတမ်း အာရုံထဲမှာ ရောက်နေတာမျိုး ရှိပါတယ်။

အခုအချိန်အထိ ခံစားနေရတာကတော့ ဒီကိစ္စက အစိုးရတရပ်အနေနဲ့ လုပ်ကြံတယ်လို့ သိပေမယ့် ဘယ်သူက ဦးဆောင်ပြီးတော့ လုပ်သလဲ ဆိုတာကို။ တာဝန်ရှိတာတော့ အစိုးရမှာ တာဝန်ရှိတယ်။ အများကလည်း သိတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ဒီဥစ္စာကို ဘယ်သူက ဦးဆောင်ပြီးတော့ အကွက်ကျကျ စီစဉ်ပြီးတော့ လုပ်သလဲ ဆိုတာ အခုအချိန်အထိ မပေါ်ပေါက် သေးဘူး။ နောက်ပြီး လုပ်တဲ့သူတွေ ဘယ်နှစ်ယောက်၊ ဘယ်သူတွေဆိုတာ ကျနော်တို့ တိတိကျကျ ဖော်ထုတ်နိုင်စွမ်း မရှိသေးဘူး။

ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်
လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့နော်။

ခန္တီးကနေ ပြန်လွတ်လာပြီး နောက်ပိုင်း အန်တီနဲ့ ဘယ်နှစ်ခါ ပြန်တွေ့ဖြစ်လဲ။

အန်တီ ၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က လွတ်ပြီးတော့မှပဲ ကျနော်သွားပြန်တွေ့ဖြစ်တယ်။ အခုဆို ၇ ကြိမ်လောက်
တော့ တွေ့ပြီးပါပြီ။

အန်တီနဲ့ အဲ့ဒီတုန်းက အခြေအနေတွေ ပြန်ပြောဖြစ်လား။ အကို့ ပါဝင်မှုနဲ့ ပတ်သတ်ပြီး အန်တီက ဘာပြောသေး လဲ။

စစတွေ့ချင်းတုန်းက အန်တီက အချိန်သိပ်မရဘူး။ ထွက်လာကာစဆိုတော့ သတင်းယူတဲ့သူတွေ၊ တွေ့ချင်တဲ့ သံအမတ်တွေ၊ သံတမန်တွေ များနေပေမယ့် ကျနော့်ကို အန်တီက တော်တော်လေး အချိန်ပေး စကားပြောဖြစ်ပါ တယ်။ စစတွေ့တဲ့ အချိန်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အခြေအနေပေါ့။ ဒါတွေကိုပဲ အဓိက ကျနော်တို့ ပြောဖြစ်ပါ တယ်။ နောက် ကျနော့်ကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောပါတယ်။ ကျနော်က ရှေ့နေတယောက် ဖြစ်နေတယ် ဆိုတော့ ရှေ့နေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေလည်း ပြောဖြစ်ပါတယ်။

အခု အခြေအနေတွေ ပြောင်းနေပြီ။ အန်တီလည်း လွှတ်တော်ထဲရောက်သွားပြီ။ ဆိုတော့ တချိန်က အန်တီနဲ့ အသက်အန္တရာယ် အတူကြုံခဲ့ဖူးတဲ့သူ အနေနဲ့ ဒီအနေအထားပေါ်မှာ ဘယ်လိုထင်လဲ။

သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ
ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေး
ကို ပေါ်လွင်စေချင်တာပေါ့ဗျာ။ နောင်သမိုင်း ကျရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင်
ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။ အန်တီက လွှတ်တော်ထဲရောက်သွားပြီ။ အစိုးရနဲ့ အတိုက် အခံနဲ့ ပေါင်းပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ အချိန်ရောက်သွား
တော့ အန်တီလည်း ပိုပြီး တာဝန်တွေ ကြီးလာတယ်လို့ ခံစားရတယ်။ ဖြစ်တဲ့ ပြဿနာတွေ အားလုံး အန်တီ့ဆီကို
တိုက်ရိုက် တိုင်တည်လာကြတယ်။ အရင်က မတိုင်
တည်ရဲ ကြဘူး။ အခုလွှတ်တော်ထဲ ရောက်ပြီဆိုတော့
အန်တီ့ကို ခေါင်းတည်ပြီး တိုင်တည်လာတာတွေ ရှိလာ တယ်။ ရောက်လာတဲ့ ပြဿနာတွေကို အန်တီက
ဖြေရှင်းပေးရတဲ့အပြင် တိုင်းပြည်ရဲ့ အပြောင်းအလဲ အတွက်လည်း ဖြေရှင်းနေရတော့ အန်တီ့အနေနဲ့ တာဝန်တွေ ပိုများလာတယ်လို့ ခံစားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ် အဲ့လို အနီးကပ်တာဝန် ယူပေးချင်သေးလား။

အန်တီလွတ်ပြီးတော့ ကျနော်က ပြောပါတယ်။ အန်တီ လိုအပ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ခေါ်ပါခိုင်းပါ ဆိုတော့ အန်တီ က ကျနော့်မှာက မိန်းမနဲ့ ကလေးနဲ့ မိသားစုနဲ့ ဖြစ်ဆိုတော့ မိသားစုကို ဂရုစိုက်ဖို့ လိုတယ်ပေါ့။ နောက် ရှေ့နေ အနေနဲ့ကော တခြားလုပ်နိုင်တာတွေ ရှိသေးတယ်ပေါ့ အဲ့လို ပြောပါတယ်။

ဒီပဲယင်းကိစ္စလို ဖြစ်ပြီးခဲ့တာတွေ ပြန်ဖော်တာ ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်နိုင်တယ်လို့ ပြောတာတွေလည်း ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုထင်လဲ။

ဒီဖြစ်ရပ်လေးက သမိုင်းပေါ့ဗျာ။ သမိုင်းအဖြစ်မှန်ပေါ့။ အခု ကျနော်တို့ကို လုပ်တဲ့သူတွေ အားလုံးက တော်တော်များ များက သက်ရှိထင်ရှား ရှိနေကြတုန်းပဲ။ သူတို့ကိုယ် သူတို့ပေါ့ဗျာ “ဟာ… ကျနော်တို့က အဲ့တုန်းက အဲ့လို ဖြစ်ခဲ့တယ်၊ အခုတော့ ကျနော်တို့က ပြောင်းလဲချင်ပြီ” ဆိုတာမျိုးပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေးကို ပေါ်လွင်စေချင်တာပေါ့ဗျာ။ နောင်သမိုင်းကြရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင်
ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။

ဒီပဲယင်းဖြစ်စဉ်မှာ ရိုက်ကြနှက်ကြနဲ့ ငရဲပွက်နေတဲ့အချိန် မှတ်မှတ်ရရ အဖြစ်ဆုံး အပြုအမူ ဒါမှမဟုတ် စကားလုံးက ဘာဖြစ်မလဲ။

စွဲစွဲမြဲမြဲ သတိထားမိတာက ကျနော့်အရှေ့မှာ ပြောကြဆိုကြတဲ့အချိန်မှာ “ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေတုန်းပဲ။
http://www.mizzimaburmese.com/

မဟာချိုင်မှာအမေစု

Published on May 30, 2012 by myherosukyi c.c DVB