Friday, July 6, 2012
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်တွင် ကျရောက်သော အနှစ် ၅၀ ပြည့် 7 July နေ့ အတွက် ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ
ဒေါ်အောင်ဆန်းစုကြည်ဖဆပလ အဖွဲ့ချုပ်ရုံး၌ ၇-၇-၈၉ နေ့တွင် ပြောကြားသည့် မိန့်ခွန်း
7 July အမှတ်တရ မိန့်ခွန်း (ဒေါ်အောင်ဆန်းစုကြည်)
by Kyaw Swar on Friday, July 6, 2012 at 5:28am ·
ဇူလိုင် ခုနှစ်ရက်နေ့
ဖဆပလ အဖွဲ့ချုပ်ရုံး၌ ၇-၇-၈၉ နေ့တွင် ပြောကြားသည့် မိန့်ခွန်း
* * *
          ကျမတို့ ဇူလိုင်လ (၇) ရက်နေ့ဟာ သမဂ္ဂ ပြိုကွဲတဲ့နေ့လည်း ဖြစ်ပါတယ်။ ကျောင်းသားလူငယ်များ ကျဆုံးတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီတော့ ဒီနေ့ဟာ ပညာရေးနဲ့လည်း သက်ဆိုင်တယ်။ နိုင်ငံရေးနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒီတော့ ဒီနေ့နဲ့ပတ်သက်လို့  နိုင်ငံရေးကိစ္စများ၊ ပညာရေးကိစ္စများ ပြောတဲ့အခါ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဟာ ဆက်စပ်နေတယ်ဆိုတာ ကျမတို့ သတိထားဖို့လိုပါတယ်။ ဒီတော့ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေးပြဿနာများကို လေ့လာတဲ့အခါမှာ အခုပစ္စုပ္ပန်မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျမတို့ ကြည့်ရမယ်။ ကျောင်းသားသမဂ္ဂကို ဘာဖြစ်လို့ ဖြိုခွဲသွားသလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရမှာပဲ။ ဘယ်လိုနည်းတွေနဲ့ ဖြိုခွဲသွားသလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရပါလိမ့်မယ်။
            ၁၉၆၂ ကျောင်းသားများကို ပစ်သတ်ခြင်း၊ ကျောင်းသားသမဂ္ဂကို ဖြိုခွဲခြင်းမဖြစ်ခင်မှာ ကျောင်းသားများဟာ အဲ့ဒီတုန်းက စစ်အာဏာပိုင်များနဲ့ ဆွေးနွေးပါ၊ ညှိနှိုင်းပါဆိုပြီးတော့ တောင်းဆိုခဲ့တယ်။ ဒါကိုလည်း ငြင်းခဲ့တယ်။ ဒီစစ်အာဏာပိုင်များဟာ ကျောင်းသားများနဲ့ ကျောင်းသားသမဂ္ဂအရေးကို ဖြေရှင်းတဲ့နေရာမှာ Aid to Civil Power လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျဉ်းများကို မလိုက်နာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ အဲဒီတော့ ဖြေရှင်းတဲ့နည်း၊ ညှိနှိုင်းတိုင်ပင်တဲ့နည်းကို ငြင်းဆန်ခဲ့တဲ့ Aid to civil Power ဆိုတဲ့ တပ်မတော်တခုအနေနဲ့ ထိန်းသင့်ထိန်းထိုက်တဲ့ စည်းမျဉ်းတွေကို မထိန်းခဲ့တာကတော့ ဦးနေဝင်းပဲ။ အဲ့ဒီဟာကို အားလုံးရင်ဆိုင်ရမယ်။
             ကျမ ဒီလိုပြောနေရခြင်းအကြောင်းဟာ ဦးနေဝင်းကို သက်သက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ အခု ပစ္စုပ္ပန်ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်နေလို့ပါ။ တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ဟာ မိန့်ခွန်းပြောသွားပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ Aid to Civil Power ဆိုတာ သူအယုံအကြည်မရှိဘူး ဆိုတာကိုလည်း ပြောသွားပါတယ်။ အဲဒီတော့ အဒီသဘောထားတွေဟာ ဦးနေဝင်း သဘောထားတွေနဲ့ တထပ်ထဲပါပဲ။ ဦးနေဝင်းရဲ့ သဘောထားတွေနဲ့ တထပ်ထဲမို့လို့ အခုထိတိုင်အောင် ဦးနေဝင်းရဲ့ ဩဇာအာဏာဟာ မြန်မာနိုင်ငံပေါ်မှာ လွှမ်းမိုးနေတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။
              ကျမတို့ နိုင်ငံရေးပြဿနာတွေကို မှန်မှန်ကန်ကန် မရင်ဆိုင်နိုင်လို့ရှိရင်တော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမ ဒီကိစ္စတွေကို ဖော်ပြတာပါ။ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဘယ်လိုပဲ ဦးနေဝင်းဟာ အငြိမ်းစားသွားပြီလို့ပြောပြော၊ ဦးနေဝင်းလုပ်တဲ့အတိုင်း ဆက်ပြီး လုပ်မယ်ဆိုလို့ရှိရင် ဦးနေဝင်းရဲ့ အာဏာအောက်မှာရှိတယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်များကို လက်နက်နည်းနဲ့ ဆက်ပြီးတော့ ချေမှုန်းဦးမယ်၊ ထိခိုက်ဦးမယ်ဆိုလို့ရှိရင်တော့လည်း ဦးနေဝင်းရဲ့ အမိန့်အရ လုပ်တယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ဒီတော့ နဝတ အစိုးရအနေနဲ့ တကယ်ပဲ ဦးနေဝင်းရဲ့ ဩဇာအဏာ အောက်ကနေပြီးတော့ လွတ်ကင်းတယ်ဆိုတာ ပြချင်လို့ရှိရင် ဦးနေဝင်းနည်းတွေကို ဆက်ပြီးတော့ မသုံးပါနဲ့တော့။ သမဂ္ဂကို ဖြိုခွဲတဲ့ ဦးနေဝင်း၊ ကျောင်းသားများကို သတ်ဖြတ်ခဲ့တဲ့ ဦးနေဝင်းရဲ့ နည်းတွေကို လုံးလုံးဆက်ပြီးတော့ မသုံးပါနဲ့တော့ ဆိုပြီးတော့ ကျမတို့ ဒီကနေ့ ဆက်ပြီးတော့ တောင်းဆိုရမှာပဲ။
                ဒါနိုင်ငံရေးအရ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာ ညှိနှိုင်းဆွေးနွေး တိုင်ပင်တဲ့နည်းပါ။ အရင်တုန်းက နိုင်ငံခြားကိုလိုနီအစိုးရများတောင်မှ ဒီနည်းကို သုံးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အချင်းချင်း ဒီနည်းကို ပိုပြီးတော့ သုံးသင့်ပါတယ်။ အချင်းချင်း ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ အများကောင်းကျိုးအတွက် ဆွေးနွေးရမှာ၊ ညှိနှိုင်းရမှာ၊ တိုင်ပင်ရမှာဖြစ်ပါတယ်။ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်တယ်ဆိုတာ စကားရည်လုပွဲမဟုတ်ပါဘူး။ အရှုံးအနိုင်ရှာတဲ့ပွဲ မဟုတ်ပါဘူး။ ပြည်သူလူထုအတွက် အကောင်းဆုံးအဖြေရှာတဲ့ပွဲ ဖြစ်ပါတယ်။ ဒါကို ကျမတို့အားလုံး ဦးတည်ရမယ်။
             ကျောင်းသားလူငယ်များဟာ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်၊ ပါလည်း ပါဝင်သင့်တယ်။ ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျောင်းသားများဟာ နိုင်ငံရေးတာဝန်များလည်း ရှိတယ်။ ပညာရေးတာဝန်များလည်း ရှိတယ်။ ပညာရေးတာဝန်ဆိုတော့ ကျောင်းသားများဟာ ပညာရှာဖို့ပဲ။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ပညာဆိုတာ ဘာလဲ။ ကျမအမြင်တော့ တန်ဖိုးရှိတဲ့ပညာဆိုတာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ ပညာသာဖြစ်ရမယ်။ အများကောင်ကျိုးအတွက် မသုံးနိုင်တဲ့ ပညာဟာ တန်ဖိုးမရှိနိုင်ဘူး။ ဒါကြောင့် ကျမတို့ ကျောင်းသားလူငယ်များဟာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ ပညာမျိုးကို ရှာရမယ်။ ဒီလိုရှာတဲ့နေရာမှာ ပညာမာန်တက်ဖို့ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂ ဖြိုခွဲရေးကိစ္စနဲ့ပတ်သက်လို့ မနက်တုန်းက အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ အရင်တုန်းက ကျောင်းသားဟောင်း ဦးတင်မောင်ဝင်းဟာ ပြောသွားပါတယ်။ အဲ့ဒီအချိန်အခါတုန်းက အပြင်မှာ တပ်တွေကရှိတယ်၊ တပ်မတော်သားများဟာ ရှိတယ်၊ အတွင်းမှာ ကျောင်းသားများဟာ ရှိတယ်၊ အဲသလို တပ်မတော်သားများက ကျောင်းသားများကို သေနတ်တွေနဲ့ ချိန်ထားတဲ့အခါကျတော့ ကျောင်းသားများဟာ ဒေါသဖြစ်ပြီးတော့ အော်လိုက်ကြတယ်တဲ့။ မင်းတို့ သုံးယောက်ပေါင်းလို့မှ (၇) တန်းအောင်ရဲ့လားလို့ ပြောလိုက်ကြတယ်တဲ့။ (ဩဘာသံများ) ကျမနဲ့ နားလည်းမှုလွဲပြီလို့ ထင်ပါတယ်။ ကျမ မပြောသင့်ဘူးလို့ ပြောမလို့၊ ဒီလိုဟာ မပြောသင့်ပါဘူး။ ဒီလို (ပြောတာဟာ) ပညာမာန်ပါတယ်လို့ ကျမ ထင်ပါတယ်။ ရဲဘော်များ၊ တပ်မတော်သားဟာလည်း ကျမတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲ။ ဒီလိုတပ်မတော်ထဲကို ဝင်းသွားရတဲ့ တပ်မတော်သားများဟ ဘယ်လိုအခြေအနေက လာလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမယ်။ တော်တော်များများဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက လာတာပါ။ ကျမတို့တိုင်းပြည် ဆင်းရဲနေလို့ အဲ့ဒီလို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ရှိနေတာပဲ။ အဲ့ဒီတော့ ပညာဆိုတာနဲ့ပတ်သက်လို့ တခါထဲ ပြောသွားမယ်။ ဒီတပ်မတော်သားများဟာ ဟုတ်တယ်၊ သုံးယောက်ပေါင်းလို့ (၇) တန်းအောင်ချင်မှလည်း အောင်မယ်။ ဒါပေမဲ့ ဒါကြောင့်မို့လို့ ကျမတို့ဟာ နှိမ်ဖို့မလိုပါဘူး။
                   အရေးအခင်းတုန်းက ပြည်သူလူထုအော်သွားတဲ့ ကြွေးကြော်သံ တခုရှိတယ်။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ကျောင်းသားပြည်သူ သတ်ဖို့ မဟုတ်ဘူးတဲ့။ အဲဒီတော့ တပ်မတော်သားများကို စစ်ပညာပေးထားတယ်။ စစ်ပညာဆိုတာ ဘာလဲ။ ပြည်သူလူထုကို ကာကွယ်ဖို့၊ ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ပညာပဲ။ အဲ့ဒီလို ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ ပညာမရှိလို့သာ မပ်မတော်သားများကို ပညာမရှိဘူးလို့ ကျမတို့ ပြောရမှာပဲ။ (၇) တန်းမအောင်လို့ မဟုတ်ဘူး။ ဆယ်တန်းမအောင်လို့ မဟုတ်ဘူး။ တက္ကသိုလ်မရောက်လို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ပြည်သူလူထုအကျိုး ထမ်းဆောင်ဖို့ ပေးထားတဲ့ပညာကို အလွဲသုံးစား လုပ်လို့သာဖြစ်တယ်။ ဒီတော့ ပညာဆိုတာဟာ တက္ကသိုလ် ကျောင်းသားများသာ ပိုင်ဆိုင်တာမဟုတ်ပါဘူး။ တပ်မတော်သားများလည်း ပိုင်ဆိုင်နိုင်တယ်။ မှန်ကန်တဲ့ စစ်ပညာကို ပိုင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ကျမတို့ (၂၆) နှစ်အတွင်းမှာ ကျောင်းသားတွေကိုလည်း မှန်ကန်တဲ့ တွေးခေါ်တတ်တဲ့ပညာကို မပေးထားဘူး။ တပ်မတော်သားတွေကိုလည်း မှန်ကန်တဲ့စစ်ပညာကို မပေးထားဘူး။ အဲ့ဒီလိုမပေးတာလည်း ဦးနေဝင်းပဲ။ တရားခံကိုတော့ကျမတို့အားလုံးသိရမယ်။ ဦးနေဝင်း ဘာဖြစ်လို့ ဒီတိုင်းပြည်ကို ဒီလောက်ကြာကြာ အုပ်စိုးသွားလဲ။ ကျမတို့အားလုံးကြောင့်ပဲ။ ပြည်သူလူထုက ဘာဖြစ်လို့ လူတယောက်ရဲ့ ဩဇာအာဏာ၊ မှန်မှန်မလုပ်နိုင်တဲ့ လူတယောက်ရဲ့ ဩဇာအာဏာ၊ တန်ဖိုးရှိတဲ့ ပညာကို နားမလည်တဲ့ လူတယောက်ရဲ့ ဩဇာအာဏာကို ဒီတိုင်းပြည်ပေါ်မှာ ဒီလောက်ကြာကြာ လွှမ်းမိုးခွင့်ပေးသွားသလဲ။ ဒါကျမတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အခု ဒီမှာရှိတဲ့ ကျောင်းသားလူငယ်များကတော့ တာဝန်အကင်းလွတ်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အခုတောင်မှ (၂၆) နှစ်အရွယ်မရှိတဲ့ လူငယ်တွေ အများကြီးပါပဲ။ ငယ်ငယ်လေးတွေမို့လို့ မလုပ်နိုင်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးကတော့ တာဝန်ရှိတာပဲ။ ဘယ်လိုမှ ကျမတို့ဟာ ဒီတာဝန် အောက်က ရုန်းကန်ပြီးတော့ ထွက်လို့မဖြစ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးတာဟာ နိုင်ငံသူ၊ နိုင်ငံသား အပေါင်းဖြစ်တယ်။ ဒီတော့ ကျမတို့အားလုံးဟာ တာဝန်ရှိခဲ့ပြီ။ အရင်တုန်းက အဖြစ်အပျက်တွေအတွက် တာဝန်ရှိခဲ့ပြီ။ မှားတဲ့နိုင်ငံရေးလမ်းစဉ်တွေ၊ မှားတဲ့ ပညာရေးလမ်းစဉ်တွေနဲ့ ကျမတို့ တိုင်းပြည်ဟာ နွှဲခဲ့ရပြီ။ နောင်ကျလို့ရှိရင် မှန်ကန်တဲ့နိုင်ငံရေးလမ်းစဉ်နဲ့ မှန်ကန်တဲ့ပညာရေးလမ်းစဉ်တွေသာ ဒီတိုင်းပြည်မှာ ရှိဖို့လိုပါတယ်။ ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များဟာ အခုအချိန်မှာ ကျောင်းတွေပိတ်နေတယ်။ ပညာရေးနဲ့ ကင်းကွာနေတယ်ဆိုတာ ကျောင်းပညာရေးနဲ့ ကင်းကွာနေတယ်။ လောကထဲမှာ ပညာရှာနေတယ်။ လောကကြီးထဲမှာ ပညာရှာနေတဲ့အခါ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ပညာရှာတဲ့အခါမှာလည်း တန်ဖိုးရှိတဲ့ ပညာရှာဖို့ လိုပါတယ်။ အများအကျိုးအတွက်ဆိုတဲ့ ပညာ ရှာကြပါတယ်။ အများအကျိုးအတွက်ဆိုတဲ့ ပညာဟာ ကျောင်းတခါမှ မနေဖူးတဲ့ လူတောင်မှ ရှာနိုင်ပါတယ်။ ဒီလိုပညာတွေ ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေမှာ အားလုံးရှိလို့ရှိရင် ဒီတိုင်းပြည်က နိုင်ငံရေးစနစ်ကလည်း မှန်ကန်မယ်။ လူမှုရေးစနစ်မလည်း မှန်ကန်မယ်။ လူမှုရေးစနစ်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးစနစ်ဆိုတာ အားလုံး ဆက်နွယ်နေပါတယ်။ ဒါလည်း အားလုံးသိပြီးသားပဲ။ ဒီတော့ မှန်ကန်တဲ့ပညာ ရှာရေးဆိုတာ မှန်ကန်တဲ့ နိုင်ငံရေးလုပ်ရေးလည်း ဖြစ်ပါတယ်။ တခါထဲနဲ့ ကျောင်းသားများဟာ နိုင်ငံရေးရော၊ ပညာရေးရော အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကျောင်းများပိတ်နေတာတောင်မှ အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ်။
             အခုဆိုလို့ရှိရင် ခုနှစ် ဇူလိုင်လ (၇ ဇူလိုင်) သတိရတဲ့အခါမှာ အင်မတန်မှ ဝမ်းနည်းတယ်။ တို့ရဲ့တိုင်းပြည်မှာ အင်မတန်မှ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူသွားကြတယ်။ ယဉ်ကျေးတဲ့ တိုင်းပြည်တခုမှာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်သွားကြတယ်။ ယဉ်ကျေးတဲ့တိုင်းပြည်တခု ပြန်ပြီးတော့ဖြစ်အောင် ကျမတို့ ကြိုးစားရမယ်။ ဒီလိုယဉ်ကျေးတဲ့ တိုင်းပြည်တခုဖြစ်ဖို့ဆိုတာကလည်း ကျောင်းသားလူငယ်များရဲ့ လက်ထဲမှာ ရှိပါတယ်။ စောစောက ဝိဓူရဦးချစ်မောင် ပြောသွားတဲ့အတိုင်းပဲ အနာဂတ်ဆိုတာကလည်း လူငယ်တွေရဲ့ လက်ထဲမှာ အများဆုံးပဲရှိပါတယ်။ ဒီအနာဂတ်ကို ချီတက်သွားတဲ့အချိန်မှာ မှန်မှန်ကန်ကန် ချီတက်သွားကြပါ။ ကျမတို့တိုင်းပြည်ရဲ့ ရှေ့ရေးကို အမြဲပဲကြည့်ပါ။ ဒါကြောင့် ကျမတို့ တမင်သက်သက် တပ်မတော်သားများရဲ့ ပညာရေးကို ထည့်ပြီးတော့ ပြောတာပါ။ တပ်မတော်နဲ့ ပြည်သူ အစဉ်အမြဲကွဲနေလို့တော့ မဖြစ်ပါဘူး။ ဒီတပ်မတော်သားများဟာ အင်မတန်မှ ဆင်းရဲတဲ့ အသိုင်းအဝိုင်းများက လာတယ်ဆိုတာ ကျမတို့ သတိထားရမယ်။ ဒါကြောင့်မို့လို့ ကျမတို့မှာ ကြင်နာစိတ်တွေ ရှိရမယ်။ ဒီတပ်မတော်သားများဟာ ကျမတို့ တက္ကသိုလ်ကျောင်းသားတွေလို ပညာသင်ရတဲ့ အခွင့်အရေးတွေ မရှိခဲ့ဘူး။ တပ်မတော်ထဲမှာ ဦးနေဝင်းတို့လို ပုဂ္ဂိုလ်မျိုးပေးလိုက်တဲ့ စစ်ပညာတွေ၊ မမှန်မကန်တဲ့ စစ်ပညာတွေသာ ရှိခဲ့တယ်။ ဒီတော့ ဒီလိုမမှန်မကန်တဲ့ စစ်ပညာတွေအစား မှန်ကန်တဲ့အမျိုးသားရေးစိတ်ဓာတ်တွေ ကျမတို့ ပြန်ပြီးတော့ သွင်းပေးရမယ်။ ဒါ အားလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံတနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ဖို့၊ တည်တံ့ခိုင်မြဲ၊ ဂုဏ်သက္ခာရှိတဲ့ တပ်မတော် ရှိဖို့ လိုပါတယ်။ အခုအချိန်မှာတော့ အထူးသဖြင့် စိတ်ဝမ်းကွဲနေတာကတော့ ကျောင်းသားတွေနဲ့ တပ်မတော် ကြားထဲမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော်လက်ထဲမှာ အခံရဆုံးက ကျောင်းသားတွေပဲ။ စစ်ဆိုလို့ ရေတောင်စစ်မသောက်ဖူးလို့ ကျမကို ပြောပါတယ်။ ရေ စစ်မသောက်လို့ရှိရင်တော့ ပိုးဝင်ရုံပဲရှိတယ်။ အဲဒီတော့ ကျမတို့ ဒီလိုစိတ်တွေ ထားလို့မဖြစ်ဘူး။ ကျောင်းသားများဟာ ပညာသင်တဲ့လူတွေပဲ။ ဒါကြောင့်မို့လို့ ပိုပြီးတော့ သဘောထားကြီးရမယ်။ ပိုပြီးတော့ အမြင်ကျယ်ရမယ်။ သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေရှိရမယ်။ ပညာမရှိတဲ့လူနဲ့ ရုန်းနေလို့၊ နဘမ်းသတ်နေလို့လည်း မသင့်တော်ပါဘူး။ ဒီတော့ ကိုယ်နဲ့ တန်းတူညီတူဖြစ်အောင် ပညာပေးပြီးမှ နဘမ်းသတ်တာမှ နဘမ်းသတ်ရကျိုး နပ်ပါတယ်။ ဒါကြောင့် ကြိုးစားကြပါ။
            စစ်ပညာများ ပြန်ပြိးတော့ သင်ပေးနိုင်ရမယ်၊ စစ်ပညာဆိုတာ ပြည်သူ့အတွက်၊ ပြည်သူ့ကို ကာကွယ်ဖို့၊ ပြည်သူကိုသတ်ဖို့ မဟုတ်ဘူးဆိုတာ ကျမတို့ ပြန်ပြီးတော့ သင်ပေးရမယ်။ အခုအချိန်မှာ ကျမတို့ သတိထားရပါလိမ့်မယ်။ မနေ့တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ အရိပ်ယောင်တွေ ပါတယ်လို့ ကျမ မြင်ပါတယ်။ ဒီလို ခြိမ်းခြောက်တဲ့ အရိပ်ယောင်ဆိုတာ ကျမ လုံးလုံးမနှစ်သက်ပါဘူး။ ဒီလို အာဏာကို ကိုင်ပြီးတော့၊ လက်နက်ကို ကိုင်ပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက်တယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး။ နည်းအမျိုးမျိုးနဲ့ မဟုတ်မမှန်ကန်တာတွေ ပြောပြီးတော့ ဒီမိုကရေစီရေးကို ထိုးနှက်နေတယ်။ ဒါတွေက ဆိုးလှပါပြီ။ ကျမတို့နိုင်ငံမှာ အာဏာစက် ဆက်ပြီးတော့ သုံးသွားမယ်ဆိုလို့ရှိရင်တော့ ဘယ်လိုမှ အဖတ်ဆယ်နိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ အာဏာစက်သုံးတဲ့ အလေ့အထကြီးကိုတော့ ကျမတို့ ဒီကနေပြီးတော့ ရပ်ဆိုင်းရတော့မယ်။ နဝတ အနေနဲ့ နိုင်ငံအပေါ်မှာ စေတနာရှိရင်၊ နဝတ အနေနဲ့ ဦးနေဝင်းရဲ့ အမိန့်အာဏာကို လွန်ဆန်ရဲတဲ့ သတ္တိရှိရင် အာဏာစက်ဆိုတဲ့ စကားလုံးကို လုံးလုံး ဆက်ပြီးတော့ မသုံးပါနဲ့တော့။ ပြည်သူလူထုနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ရဲတဲ့ သတ္တိကိုသာ မွေးမြူပါ။ အဲ့ဒါမှ တကယ့်သတ္တိပါ။ သေနတ်ကြီးရှိလို့ ပစ်ရဲတယ်ဆိုတာဟာ သတ္တိမဟုတ်ပါဘူး။ ဘာမှ လက်ထဲမှာ မရှိဘဲနဲ့ အမှန်တရားအရ အဖြေရှာချင်တဲ့ သတ္တိမျိုးသား ကျမတို့ လိုချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုများကလည်း အတိတ်ကဖြစ်ရပ်များကို စဉ်းစားပြီးတော့ မှန်မှန်ကန်ကန်လုပ်ဖို့ သန္နိဌာန်ချကြပါ။ ကျမ ဒါ ထပ်တလဲလဲပြောနေတဲ့ကိစ္စပါ။ မှန်မှန်ကန်ကန်လုပ်ရင် ကျမတို့ တနေ့မဟုတ်တနေ့ အောင်မြင်ရမယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့အင်အား၊ ညီညွှတ်မှုအင်အားကို ဘယ်သူမှ ရေရှည်လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတ လည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ တပ်မတော်လည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတတို့၊ တပ်မတော်တို့ဆိုတာလည်း ပြည်သူလူထုက ကျွေးမွေးထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒီတော့ ပြည်သူလူထုအပေါ်မှာ အင်မတန်မှ ကျေးဇူးရှိပါတယ်။ ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်လို့ရှိရင်တော့ ဒုက္ခရောက်စမြဲပဲ။ ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ ခြိမ်းခြောက်တာကြောင့် မကြောက်ပါနဲ့။ ဒါပေမဲ့ သတ္တိဆိုတာတော့ ရှိပါ။
                 ကျမကို ဆရာတော်ကြီးတပါးကနေပြီးတော့ မိန့်လိုက်သလိုပေါ့လေ။ အရင်တုန်းက ဖေဖေ့ကိုလည်း မိန့်ခဲ့ပါတယ်ဆိုပြီး ကျမကို ထပ်ပြီးတော့ မိန့်လိုက်ပါတယ်။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့ပေါ့လေ။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့ဆိုတာဟာ သတိထားရမယ်။ အကာအကွယ် ယူရမယ်။ ဒီလိုခြိမ်းခြောက်နေတယ်ဆိုတာ နားလည်ရမယ်။ ဘယ်လိုသဘောနဲ့ ခြိမ်းခြောက်နေသလဲဆိုတာ ကျမတို့ နားလည်ရမယ်။ ကျမတို့ရဲ့ အကောင်းဆုံးအကာအကွယ်ကတော့ ညီညွှတ်မှုအင်အားပဲ၊ စည်းကမ်းပဲ။ ကျမတို့ ညီညီညွှတ်ညွှတ် စည်းကမ်းရှိရှိနဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် ကျမတို့ကို ရန်ရှာဖို့ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။ အခုလို ကျောင်းသားလူငယ်များဟာ စည်းကမ်းရှိရှိ တညီတညွှတ် အခမ်းအနာကြီး ကျင်းပသွားနိုင်တယ်ဆိုတာဟာ အင်မတန်မှ အားတက်စရာဖြစ်ပါတယ်။ မနက်တုန်းကလည်း ပါတီပေါင်းများစွာဟာ (၇) ရက်နေ့ ဇူလိုင်လ အခမ်းအနားများကိုလည်း ကျင်းပသွားပါတယ်။ ဒီလိုညီညွှတ်မှုအင်အားဟာ တနေ့ထက်တနေ့ တက်လာတယ်ဆိုတာ မြင်တွေ့ရပါတယ်။ ဒီလိုတက်လာတဲ့ ညီညွှတ်မှုအင်အားနဲ့ပဲ ကျမတို့ အောင်ပန်းကို ဆင်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်သွားမှာပါ။ တဖြေးဖြေး မဟုတ်ဘဲနဲ့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရောက်ရေးအတွက် ကျမတို့ ပိုပြီးတော့ ကြိုးစားရမယ်။
             ဒီနောက် တလ၊ နှစ်လအတွင်းမှာ ဆိုလို့ရှိရင် အခမ်းအနားအမျိုးမျိုး ကျင်းပရမယ်ဆိုတာ ကျမ ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးစောမောင်ကနေပြီးတော့ (၇) ရက်နေ့ ဇူလိုင်လ၊ (၁၉) ရက်နေ့ ဇူလိုင်လဆိုပြီးတော့ ကြိမ်းမောင်းနေတယ်လို့ ပြောသွားပါတယ်။ ကျမ ကြိမ်းမောင်းနေတာ မဟုတ်ပါဘူး။ သတိပေးနေတာပါ။ ပြည်သူလူထုကို၊ ဒီအခမ်းအနားတွေရှိတယ်။ ဒီအဖြစ်အပျက်အားလုံးဟာ ကျမတို့နိုင်ငံမှာ နိုင်ငံရေးပြဿနာများကို လက်နက်နည်းနဲ့ ဖြေရှင်းခဲ့လို့ဖြစ်တယ်။ နောင်ထပ်ပြီးတော့ လက်နက်နည်းနဲ့ နိုင်ငံရေး ပြဿနာများ မဖြေရှင်းနိုင်အောင်လို့ ကျမတို့ ကြိုးပမ်းသွားရမယ်။ စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်းနဲ့ ကြိုးပမ်းသွားရမယ်။ ဒါပဲ ကျမ ထပ်တလဲလဲ ပြောသွားတာပါ။ ကျမ စပီကာမကောင်းလို့ အော်မိလို့ ကြိမ်းမောင်းနေတယ်ထင်သလားတော့ မသိဘူး။ ဒီတော့ ကျမတို့ ပြည်သူလူထုက ဒါကို စိတ်ထဲမှာထားပါ။ နောင် ဒီတိုင်းပြည်မှာ နိုင်ငံရေးပြဿနာများကို လက်နက်နည်းနဲ့ မဖြေရှင်းရေး၊ မဖြေရှင်းနိုင်အောင်လို့ ကျမတို့ ကြိုးစားရမယ်။ ဆက်ပြီး ကြိုးစားသွားရမှာပဲ။ ဒီ နှစ်လ၊ သုံးလရဲ့ ပြဿနာများကို ကျမတို့ အောင်အောင်မြင်မြင် ကျော်လွှားနိုင်လို့ရှိရင်တော့ ဒီမိုကရေစီကို မြန်မြန်ဆန်ဆန် ရနိုင်တယ်လို့ ကျမ ယုံကြည်ပါတယ်။ အရင့်အရင်တုန်းက ကျောင်းသားလူငယ်များဟာလည်း ဆက်ပြီးတော့ တိုင်းပြည်ရဲ့အကျိုးကို ထမ်းဆောင်သွားနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်အတိုင်းပဲ အားလုံး ညီညီညွှတ်ညွှတ်၊ သတ္တိရှိရှိ၊ သတိရှိရှိနဲ့ ဆက်လက်ချီတက်သွားကြပါလို့ တောင်းပန်ရင်းနဲ့ ကျမ နိဂုံးချုပ်ပါတယ်။ ။
(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးသားထားသော “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from Fear)” စာအုပ်ကို မြန်မာ ဘာသာပြန်၍ ဒေါက်တာအောင်ခင် တည်းဖြတ်ထုတ်ဝေထားသည့်  စာအုပ်မှ ကူးယူးဖေါ်ပြပါသည်။)
ဆက်လက်ဖော်ပြပါမည်။
((( ကိုဇော်မင်းဦး Zaw Min Oo ဖေ့ဘုစ် စာမျက်နှာမှ (( ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ - ၈ [Freedom from Fear - 22]ှ ဆောင်းပါးမှ ကူးယူပါသည် ။ ကူးယူခွင့်ပေးသော ကိုဇော်မင်းဦးကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ။  )))))
★ ဖမ်းဆီးသွားသည့် ဗကသကျောင်းသားများကို ချက်ချင်းလွှတ်!!!!! ချက်ချင်းလွှတ်!!!!!
Eleven Media Group
7 July အထိမ်းအမှတ် အခမ်းအနားကျင်းပရေးနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဇူလိုင်လ ၆ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က သတင်းမီဒီယာများသို့ ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
ဇူလိုင်လ ၆ ရက်နေ့ ညဦးပိုင်းက ရန်ကုန်မြို့မှ ဗကသအဖွဲ့ဝင်များဖြစ်သော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့အား စစ်ဆေးရန်အတွက် သက်ဆိုင်ရာအဏာပိုင်အဖွဲ့အစည်းများမှ ခေါ်ယူသွားခဲ့ကြောင်း၊ အလားတူပင် မန္တလေး၊ ရွှေဘို၊ မုံရွာ၊ မြင်းခြံ၊ လားရှိုးမြို့များရှိ ဗကသ အဖွဲ့ဝင်များကိုလည်း စစ်ဆေးရန်အတွက် ခေါ်ယူသွားခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က 7 july အခမ်းအနားကျင်းပရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်က "7 July အထိမ်းအမှတ်အခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း ကျွန်တော်တို့ရုံးခန်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့လုပ်သွားမှာပါ။ ဆူပူမှုကို ကျွန်တော်တို့လည်း မလိုလားပါဘူး။ ကျောင်းသားသမဂ္ဂအဆောက်အဦကြီး မရှိတော့တဲ့အတွက် ဘယ်လောက်ထိနစ်နာခဲ့တယ်ဆိုတာမျိုးလောက်ပဲ ပြောသွားမှာပါ။ သမိုင်းမှာ သင်ခန်းစာယူနိုင်အောင်ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်"ဟုပြောကြားပါသည်။
သိရှိရသော သတင်းများအရ မန္တလေးမြို့မှ ခေတ္တခေါ်ယူသွားခြင်းခံရသူများမှာ ကိုအောင်မှိုင်းဆန်း၊ ကိုအောင် ၊ကျော်မိုး(ခ)မိုးထက်နေ၊ ကိုသန်းထိုက်၊ ကိုမင်းခန့်တို့ဖြစ်ကြောင်းသိရသည်။
ရွှေဘိုမှ ခေါ်ယူသွားခြင်းခံရသူများမှာ ကိုပြည့်ဖြိုးကျော်၊ ကိုဝက်သိုးအပါအ၀င် ယောက်ျားလေးလေးဦးနှင့် မဌေးဌေးဝင်းတို့ဖြစ်ကြောင်း သိရသည်။
သိရှိရသော အရေအတွက်များအရ မုံရွာမှ ၄ ဦး၊ လားရှိုးမှ ၄ ဦးနှင့် မြင်းခြံမှ ၇ ဦးဖြစ်ကြောင်း သိရသည်။
သန်လျင် အောင်ချမ်းသာရပ်ကွက် လူသတ်မှုအတွက် တရားခံ (၁၃)ဦးအား တစ်ပြိုင်နက်တည်း သေဒဏ်ချမှတ်
ရဲခေါင်မောင်ညို နှင့် တိုးဝေအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)
သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ ရမ်းကား၍ လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသူ ၁၃ ဦးတို့ အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁) (ခ)/၃၄ နှင့် ပုဒ်မ ၃၀၂(၁)(ခ)တို့အရ ပြစ်မှုထင်ရှားသဖြင့် သေဒဏ် အသီးသီး ကျခံစေရန် တောင်ပိုင်း ခရိုင် တရားရုံး ဒုတိယ ခရိုင် တရားသူကြီး(၁)က ဇွန်လ ၂၂ ရက်နေ့က စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။
အမှုဖြစ်ပွားပုံမှာ ယမန်နှစ် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် မြရတနာအိမ်ရာ၊ မြရတနာလမ်းနေ ဒေါ်ရင်ရင်ရွှေ (၇၀ နှစ်)သည် ကျိုက်ခေါက် ဘုရားလမ်းရှိ သားဖြစ်သူ ကိုယုဝေ ပိုင်ဆိုင်သည့် သုခဝေ စားသောက်ဆိုင်ရှေ့၌ သားဖြစ်သူနှင့်အတူရပ်ကာ စကားပြောနေခဲ့သည်။
ထိုစဉ် အမည်မသိသူ ခုနစ်ဦးတို့ ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး မွန်းလွဲ ၂ နာရီ အချိန်ခန့်က စားသောက်ဆိုင်ရှေ့တွင် လူများ ရှုပ်နေ၍ "လူမိုက်တွေလားမသိဘူး လာကြည့်ပါဦး"ဟု သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသည့်အပေါ် မကျေနပ်၍ ပြန်ရောက်လာခြင်းဖြစ်ပြီး "ရဲစခန်းသို့ ဖုန်းဆက်သူမှာ မည်သူနည်း"ဟု မေးခဲ့သည်။
ဒေါ်ရင်ရင်ရွှေက ဖုန်းဆက်သူမှာ ၎င်း ဖြစ်ကြောင်း ပြန်ပြောလိုက်ချိန်တွင် လူခုနစ်ဦး အနက် တစ်ဦးက ဒေါ်ရင်ရင်ရွှေ၏ ရှေ့မှောက် ၌ပင် သားဖြစ်သူကို ပါးရိုက်ခဲ့သည်ဟု ဆိုသည်။
ပါးရိုက်ပြီးနောက် ဆိုင်ထဲသို့ အဓမ္မ ဆွဲခေါ်သွားခဲ့ကြချိန်တွင် ဒေါ်ရင်ရင်ရွှေက လမ်းဘေးရှိ တယ်လီဖုန်းဖြင့် သန်လျင် ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့သည်။
ရဲစခန်းသို့ အကြောင်းကြားပြီးနောက် ဆိုင်ထဲသို့ ၀င်ရောက်ကြည့်ရှုစဉ် လူစိမ်း ခုနစ်ဦးကို မတွေ့ရတော့ဘဲ သားဖြစ်သူ ကိုယုဝေမှာ ဆိုင်ကောင်တာနောက်၌ ၀ဲလက် ပြင်အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ကျောလယ် တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဆီးခုံဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရသည်။
ဒေါ်ရင်ရင်ရွှေက တိုင်တန်းသဖြင့် သန်လျင် ရဲစခန်းက (ပ)၅၈၄/၁၁ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂/၁၁၄ အရ အရေးယူကာ တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့မှုဖြစ်သည်။
ယင်းအမှုကို ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံး ဒုတိယတရားသူကြီး(၁)ရုံးက ကြားနာစစ်ဆေးပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁) (ခ) ၃၄/နှင့် ပုဒ်မ ၃၀၂ (၁)(ခ) တို့ အရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားသဖြင့် သန်လျင်မြို့နယ် နှင့် သာကေတမြို့နယ်တွင် နေထိုင်ကြသည့် လှမိုး၊ မအေးအေးစိုး၊ ငသက်(ခ) သက်လင်းနိုင်၊ ဘူမောင်၊ ကရင်(ခ) ကိုကိုနိုင်၊ ကျားကြီး (ခ) ကျော်နိုင်ဝင်း၊ မိုးဆန်း၊ မဖြူဖြူခင်၊ ရာဇ(ခ)ရာဇာထွန်း၊ အရုပ်သည် (ခ) သန်းမိုးထွန်း၊ ဖိုးအေး၊ စိုးတင့် (ခ) ကုလားဘုရား နှင့် မှဲ့ကြီး (ခ) ကျော်ထွန်း တို့ကို သေဒဏ်အသီးသီး ကျခံစေရန်၊ ၎င်းတရားခံများအားလုံးကို မသေမချင်း ကြိုးကွင်းစွပ်၍ သတ်ရမည်ဟု အမိန့် ချမှတ်ခဲ့သည်။
တောင်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး(၁)၏ ရုံးအမိန့်တွင် (၁) တရားခံလှမိုးနှင့် (၂)တရားခံ မအေးအေးစိုးတို့သည် အခင်းဖြစ်ဆိုင်ခန်းနှင့်ပတ်သက်၍ ကိုယုဝေက ဖယ်မပေးသည့်အတွက် ဖယ်ရှားနိုင်ရန် (၄) တရားခံဘူမောင်နှင့် ၎င်း၏ညီမ (၈) တရားခံမဖြူဖြူခင်တို့နှင့် ဆက်သွယ်ခဲ့ပြီး (၃) တရားခံ ငသက် (ခ) သက်လင်းနိုင်၊ (၅) တရားခံ ကရင်(ခ) ကိုကိုနိုင်၊ (၆) တရားခံ ကျားကြီး (၇) တရားခံ မိုးဆန်း၊ (၉) တရားခံရာဇာ (ခ)ရာဇာထွန်း၊ (၁၀) တရားခံ အရုပ်သည် (ခ) သန်းမိုးထွန်း၊ (၁၁) တရားခံ ဖိုးအေး၊ (၁၂) တရားခံ စိုးတင့် (ခ) ကုလားဘုရား၊ (၁၃) တရားခံမှဲ့ကြီး (ခ) ကျော်ထွန်းနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများ ဖြစ်သည့် အခင်းဖြစ်ချိန်က ကားမောင်းသူတရားခံ ကိုရဲ၊ ကြည်စိုး၊ သန်းဇော်တို့ ၁၂ ဦးနှင့်အတူ ပူးပေါင်း ပြီး ကိုယုဝေ အား မိမိတို့၏ အကြံထမြောက်စေရန်သော်လည်းကောင်း၊ တင်ကူးကြံရွယ်ချက်ဖြင့် သေစေခဲ့ကြောင်း၊ လူသတ်ခဲ့ကြောင်း တွေ့ရှိ ရသည်ဟု တရားသူကြီး၏ အမိန့်ချမှတ်မှုတွင် ဖော်ပြခဲ့သည်။
ဤအမှုမဖြစ်မီ ၁၄-၇-၂၀၁၁ နေ့က သေသူကိုယုဝေ၏ဆိုင်သို့ ၀င်ရောက်ပြီး ခြိမ်းခြောက်ကာ စကေဘာနှင့်ထိုး၊ အရက်ပုလင်း ခိုးယူ သည်ဟုဆိုပြီး တရားခံများဖြစ်သည့် မိုးဆန်း၊ ရာဇာ (ခ) ရာဇာ ထွန်း၊ ကျားကြီး (ခ) ကျော်နိုင်ဝင်း၊ ငသက်(ခ) သက်လင်းနိုင်နှင့် မအေးအေးစိုးတို့အား သေသူကိုယုဝေက တရားလိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၀/၃၂၄/၃၂၃/၅၀၆/၁၁၄ အရ စွဲဆိုထား စဉ် ၂၀-၇-၂၀၁၁ ရက်နေ့တွင် တစ်ဖန် ၎င်းဆိုင်သို့ ၀င်ရောက်ခဲ့ပြီး ကိုယုဝေအားသေစေခဲ့ရာ ၎င်းအမှုတွင် ကိုယုဝေအား တရားလို အဖြစ် စစ်ဆေးနိုင်ခြင်းမရှိသည်ကို တွေ့ရပြီး ဤအမှုနှင့် ၎င်းအမှု တစ်ပေါင်းတည်း စွဲတင်ခဲ့ ခြင်းဖြစ်သည်။
၎င်းအမှုအမှတ်မှာ ပြစ်မှုကြီး ၄၉/၂၀၁၁ ဖြစ်သည်။
ယင်းအမှုဖွင့်ထားစဉ် ယခုအမှု ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"တရားခံသည် လူတစ်ဦးအား သတ်သင့်၊ မသတ်သင့် အချိန်ယူ စဉ်းစားပြီး သတ်မည်ဟုဆုံးဖြတ်ကာ ယင်းဆုံးဖြတ်ချက်အရ တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန်ရာရောက်သည်။
အဓိကအားဖြင့် စဉ်းစားရန်အချိန်ရှိရမည်။
စဉ်းစားပြီးနောက် သတ်မည်ဟုဆုံးဖြတ်ချက်ချကာ ပြုလုပ်ခြင်းဖြစ်ရမည်" ဟု 'အထွေး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်' အမှုတွင် စီရင်လမ်းညွှန်ထားသည်ဟု တရားသူကြီး၏အမိန့်တွင် ဖော်ပြထားသည်။
၎င်းအပြင် "တင်ကူးကြံရွယ်မှုရှိသည် မရှိသည် ဆိုသောအချက်မှာ အကြောင်းခြင်းရာပြဿနာဖြစ်သောကြောင့် အမှုကိုလိုက်၍ ပေါ်ပေါက်နေသော ပတ်ဝန်းကျင်အခြေအနေများပေါ်တွင် မူတည်၍ စဉ်းစားရသည်။
တင်ကူးကြံရွယ်မှုရှိကြောင်း သက်သေ အထောက်အထားများရှိနေလျှင် ဤပုဒ်မခွဲအရ ပြစ်မှုထင်ရှား စီရင်ရမည်"ဟု "မောင်အောင်ထွေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်" အမှုတွင်လည်း စီရင်လမ်းညွှန်ထားပြီးဖြစ်သည်။
သို့ဖြစ်၍ အခင်းဖြစ်နေ့က အခင်းဖြစ်နေရာသို့ မနက်ပိုင်း တစ်ကြိမ်၊ ညနေ ၃ နာရီ တစ်ကြိမ်၊ နှစ်ကြိမ် သွားရောက်ခဲ့စဉ်က တရားခံ များပါဝင်ခဲ့ကြသည်။
ကိုယုဝေ၏ ဆိုင်အတွင်းသို့ ၀င်ရောက်ကာ တင်ကူးကြံရွယ်ချက်ဖြင့် ဓားနှင့်ထိုးခဲ့၍ ကိုယုဝေအား သေစေခဲ့သည်ဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ) အရ အပြစ်ရှိကြောင်း တွေ့ရှိရသည်ဖြစ်၍ အပြစ်ပေးရန်သာရှိပြီး အခင်းဖြစ်စဉ်က ဆိုင်အတွင်းသို့ ၀င်ရောက်ခြင်းမရှိသော်လည်း ဆိုင်ပြင်ပတွင် တရားခံခြောက်ဦးကို အကြံအစည်အောင်မြင်စေရန် စောင့်ဆိုင်းနေကြသော တရားခံ များကိုလည်း ၃၀၂ (၁) (ခ)/ ၃၄ အရ အပြစ်ပေးရန်သာရှိသည်ဟု စီရင်ထုံးအကိုးအကားဖြင့် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။
ဤအမှု၏ အဓိကတရားခံများဖြစ်သည့် (၁) တရားခံလှမိုးနှင့် ဇနီးဖြစ်သူ (၂) တရားခံ မအေးအေးစိုးတို့မှာ ၎င်း၏ အခင်းဖြစ်ပွား ရာဆိုင်ခန်းမှ ဖယ်ရှားမပေးသဖြင့် (၄) တရားခံ လူမောင်နှင့် (၈) တရားခံ မဖြူဖြူခင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အထက် ဖော်ပြပါ တရားခံများဖြစ်သည့် ရာဇာ(ခ) ရာဇာထွန်းအပါအ၀င် ၁၂ ဦးတို့နှင့် ကိုယုဝေအားဆိုင်မှ ဖယ်ရှားပေးစေရန် ရည်ရွယ် ချက်ဖြင့် ငှားရမ်းကာ လူသတ်စေခဲ့သည်ဖြစ်၍ အကြံတူတစ်ခုကို အထမြောက်စေရန် ပြုမူဆောင်ရွက်ခဲ့သည်ဖြစ်ပြီး ၎င်းတရားခံ များလည်း ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂(၁)(ခ)/ ၃၄အရ အပြစ်ရှိကြောင်း သုံးသပ်တွေ့ရှိရကြောင်း စီရင်ချက်တွင် ဖော်ပြထားသည်။
myanmar.mmtimes.com
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်တင်သွင်းမည့် အဆိုများကို ပြည်သူများစိတ်ဝင်စား
ကျော်ဆုမွန်နှင့် ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ၀င်ရောက်လာသောအခါ အဓိက ဆွေးနွေးလိုသော အကြောင်းအရာမှာ ဥပဒေပြုရေးနှင့် ပတ်သက်သော်လည်း ယာယီအားဖြင့်မူ အဆိုတင်သွင်းပြောဆိုမှုများတွင် ခဲယဉ်းမှုများ ရှိနိုင်ကြောင်း သုံးသပ်သူများက ပြောသည်။
၂၄ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်တွင် ကိုယ်စား လှယ်အဖြစ် တက်ရောက် ဆွေးနွေးမည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံသားများအတွက် ကောင်းမွန်သည့် ဒီမိုကရေစီနည်းလမ်းကျသော ဖွံ့ဖြိုးမှု များ ယူဆောင်လာနိုင်လိမ့်မည်ဟု ပြည်သူများက မျှော်လင့်ကြသည်။
ထိုအခြေအနေတွင် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပြည်သူ့ကိုယ်စားပြု ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးများနှင့် တရားဥပဒေရေးဆွဲနိုင်ရေးတို့အပြင် လတ်တလောအကျပ်အတည်း ဖြစ်နေသည့် စီးပွားရေးလောကနှင့် သက်ဆိုင်သည့် အဆိုများကို တင်သွင်းဆွေးနွေး နိုင်ဖွယ်ရှိကြောင်း သုံးသပ်ခန့်မှန်းသူများ လည်းရှိသည်။
"တရားဥပဒေနဲ့ပတ်သက်ပြီး အခုမှ လွှတ်တော်ဝင်ခါစဆိုတော့ အဆိုတင် တဲ့အခါမှာ အခက်အခဲတွေ ရှိနိုင်သေးတယ်။ အခုတက်တဲ့ လွှတ်တော်မှာတော့ စီးပွားရေးကိစ္စရပ်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးနိုင်လိမ့်မယ်လို့ ခန့် မှန်းရတယ်"ဟု ရန်ကုန်မြို့မှ နိုင်ငံရေး သုံးသပ်လေ့လာသူ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။
"အဓိကကတော့ လက်ရှိ တုံ့ဆိုင်းနေ တဲ့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ရတယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် လွှတ်တော်မရှိဘဲ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၅၀ နီးပါးမျှ ရှိခဲ့သောကြောင့် ဒီမိုကရေစီနည်းလမ်း တကျဖြင့် လွှတ်တော်အတွင်း ပြည်သူ လိုလားသည့် အဆိုများကို ထိရောက် စွာတင်သွင်းနိုင်ရန်နှင့် ဆွေးနွေးငြင်းခုံခြင်းမှာ အချိန်ပေးရဦးမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
နိုင်ငံရေးလေ့လာနေသူ အချို့၏ ခန့် မှန်းသုံးသပ်ချက်များအရ မြန်မာနိုင်ငံ တွင်လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာ များကို စိတ်ပါဝင်စား သူ ဦးရေမှာ နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင် နှုန်းခန့်ပင်ရှိမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းပါတီမှ ကိုယ်စားလှယ် လောင်းများ ၀င်ရောက်လာပါက ရာခိုင် နှုန်း ၅၀ နှင့် ၆၀ ကြားသို့ တိုးတက်လာ နိုင်မည်ဖြစ်ကြောင်း သုံးသပ် ခန့်မှန်းကြသည်။
နိုင်ငံရေးနှင့် ပတ်သက်ပြီး အကောင်း မြင်စိတ်ရှိသူများက ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်အတွင်း ၀င်ရောက် လာခြင်းကို အပြုသဘောဆောင်သည့် အမြင်ဖြင့် ကြည့်ရှုပြီး ၎င်းသည် လွှတ် တော်အတွင်းအပြင် နှစ်ခုစလုံးကို ကောင်းမွန်စွာ ကိုင်တွယ် ဆောင်ရွက်နိုင် မည်ဟု အမြင်ရှိကြသည်။
"ကျွန်မတို့ လွှတ်တော်ထဲမှာ လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီးတော့ အဆိုတင်သွင်းပြီးတော့မှပဲ လုပ်ရမှာပဲ။လုပ်ပိုင်ခွင့် ရှိသမျှတော့ ကျွန်မတို့လုပ်မယ်။ လုပ်ပိုင်ခွင့်ထက် ပိုပြီးလိုအပ်ရင်တော့ အဆိုတင်သွင်းပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"ဥပဒေစိုးမိုးရေးဟာ အခြေခံကျတယ်လို့ အန်တီတို့ ထင်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုလည်း ဥပဒေစိုးမိုးရေးနဲ့အများကြီး ဆိုင်ပါတယ်။ဒါကြောင့် ဥပဒေ စိုးမိုးရေးနဲ့ ဆက်စပ်နေတဲ့ကိစ္စတွေကို ဦးစားပေးပြီးလုပ်ပါမယ်"ဟု ၎င်း ကပြောသည်။
"ဥပဒေတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဥပဒေပြုရေး၊ ပြုပုံပြုနည်းကို ကလည်း ပြုပြင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ဥပမာ ဥပဒေပြုနေတဲ့အချိန်အခါ မှာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်။အခုဆိုလို့ရှိရင် ဥပဒေဖြစ်တဲ့ အခါကျမှ ဥပဒေကို ထုတ်ပြပြီးတော့မှပဲ အများပြည်သူတွေက လေ့လာပြီး ဒီ ဥပဒေမှာ ဘာရှိလဲ ဆိုတာကို သိရပါတယ်။ တကယ်ဆို ဒီဥပဒေမပြုခင် ဒီဟာ ကိုလွှတ်တော်မှာ ဥပဒေပြုဖို့အတွက် ဆွေးနွေးတဲ့အခါမှာတောင် ပွင့်လင်း မြင်သာမှုရှိဖို့ လိုပါတယ်။ ဒါမှ ပါဝင် ပတ်သက်မယ့် သူအားလုံးဟာ ဒီပြဋ္ဌာန်း မယ့် ဥပဒေထဲမှာ ပါတဲ့အချက်အလက် တွေကို လေ့လာပြီးတော့ လိုရင်လိုသလို၊ ပိုရင်ပိုသလို ပြောဆိုနိုင် တဲ့အခါကျတော့ ဥပဒေမပြုခင်ကတည်းက အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ တခြားဥပဒေတွေ ပြုပြင်တာတို့၊ တချို့မသင့်တော်တဲ့ဥပဒေတွေ ဖယ်ရှားတာတို့လည်း လုပ်ရမှာပါ။ ဒါပေမယ့် ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်မယ် လို့ ကျွန်မထင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
myanmar.mmtimes.com
ကျောင်း နံ ရံ နဲ့ ဒေါင်း အ လံ
Wai Hnin Mon
ကျောင်း နံ ရံ နဲ့ ဒေါင်း အ လံ
By : Nay Zaw Th-z
Created By : Wai Hnin Mon
7th July ( 50th Anniversary ) အ ထိမ်း အ မှတ်
7th July, 1962 - 7th July, 2012
Don't forget 7th July
ဇူလိုင် ၇ ရက် အာဏာရှင်များရဲ့  ယုတ်မာမှုများကို ပြန်ပြောင်း ပြောပြချက်များ..။
မန္တလေး ဗကသ ၏ ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရန် စီစဉ်သူများ ဖမ်းဆီး၊ တားဆီးခံရ ။
ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်
၆-၇-၁၂ (ည၈း၀၀)
... ဗကသများ အဖွဲ့ချုပ်မှ ကျင်းပရန်စီစဉ်ထားသော ဇူလိုင်(၇)ရက် အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနား ကို ခွင့်မပြုနိုင်ကြောင်း ပွဲကျင်းပရန် စီစဉ်နေသူ များထံသို့ မြိုနယ် ထွေ/အုပ် မှ (မြဝတီ မင်းကြီး ကျောင်းတိုက်အတွင်းသို့ ) ဝင်ရောက်လျက် တားဆီးခဲ့သည်။
ည(၈)နာရီ ခွဲ ခန့်က ပွဲကျင်းပရေးကော်မတီ မှ ကိုအောင်မှိုင်းဆန်း ၊းကိုမိုးထက်နေ တို့ကို သက်ဆိုင်ရာ အိမ်များတွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဖြစ်သည်။
ည(၁၀း၀၀) အချိန်တွင် အခမ်းအနား တက်ရောက်ရန် ရောက်ရှိနေသော ရွှေဘို မှ ကျောင်းသား(၃) ဦး၊ ကျောင်းသူ (၁) ဦးတို့ ကို ၎င်းတို့ မြို့နယ်မှ ခေါ်ယူခိုင်းသည်ဟု ဆိုလျက် မြဝတီ မင်းကြီး ကျောင်းတိုက် အတွင်း သို့ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကြေငြာအသိပေးအပ်ပါသည် ။
ဆက်လက်သတင်းအရ ကော်မတီ ဝင် ကိုသန်းထိုက် ကို ဖမ်းဆီးသွားပြီ ဖြစ်ကြောင်း အတည်ပြုပါသည်။ ကိုရဲရင့်ကျော် အား ဆက်သွယ်၍ မရသေးပါ ။
သတင်းနှင့်ပြန်ကြားရေး ကော်မတီ
ဗကသများအဖွဲ့ချုပ် ( အထက်ဗမာပြည် လုပ်ငန်းကော်မတီ )
ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်
မန္တလေးမြို့တွင် ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် ကျင်းပရန် စီစဉ်နေစဉ် ဖမ်းဆီး ထိမ်းသိမ်းခံရသော ဗကသများအဖွဲ့ချုပ် ( အထက်ဗမာပြည် လုပ်ငန်းကော်မတီ ) မှ စာရင်း ။
၁။ ကိုအောင်မှိုင်းဆန်း (ဗကသ- မှတ်တမ်း )
၂။ ကိုသန်းထိုက် (ဗကသ - ဘဏ္ဍာရေး )
၃။ ကိုမိုးထက်...နေ (ဗကသ - ဒုဥက္ကဌ )
၎။ ကိုမင်းခန့် (အထက်/ဗကသ - ဥက္ကဌ )
၅။ ကိုပြည့်ဖြိုးကျော် (ရွှေဘိုခရိုင် )
၆။ ကိုဝဿန် (ရွှေဘိုခရိုင် )
၇။ မဌေးဌေးဝင်း (ရွှေဘိုခရိုင်)
၈။ ကိုခင်ဦး (ရွှေဘိုခရိုင် )
တို့ ဖြစ်ပါသည် ။
၈၈ ညသန်းခေါင် သတင်းစာရှင်းလင်းပွဲ
ဗကသ ကျောင်းသားတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီးကိုမင်းကိုနိုင် ပြောကြားချက်
ဗကသ ကျောင်းသားတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရုံးမှာ ဇူလိုင်လ ၆ ရက် ညပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအထဲက ကိုမင်းကိုနိုင်ရဲ့ ပြောဆိုချက်တွေကို နားဆင်နိုင်ပါတယ်။
ကျောင်းသားးတွေအသံကြောက်လို့  လုပ်မိလုပ်ရာ လုပ်ကြလေပြီ
        ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့  မင်းကိုနိုင်၊ကိုကိုကြီးတို့ နဲ့  လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတွေ့ တော့ ကျနော်တို့  စိတ်ချမ်းသာ ကိုယ်ချမ်းသာ ပီတိဖြစ်မိရပါတယ် ။ ကျောင်းသားလူငယ်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့  အခုလို အစိုးရတာဝန်ရှိသူ တဦးက လက်ခံတွေ့ ဆုံတာဟာ နိုင်ငံအတွက် အကောင်းဆုံးအခြေအနေတွေကို ဖန်တီးတာပါဘဲ ။ တချိန်တည်းမှာဘဲ ဒီ-၈၈- ကျောင်သားတွေနဲ့  အစိုးရက လက်တွဲ ပြီးတော့ နိုင်ငံကို တည်ဆောက်သွားမယ်ဆိုရင် ဖွ့ံဖြိုးတိုးတက်သွားစေနိုင်မှာဘဲလို့ လဲ ထင်မိယူဆမိပါတယ် ။ ယုံလဲ ယုံကြည်ဖြစ်ပါတယ် ။ တိတိကျကျ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျောင်းသားတွေ နိုင်ငံရေးလုပ်တာကို အစိုးရက နားလည်သွားပြီဖြစ်လို့  အဖမ်းအဆီး မရှိနိုင်တော့ဘူးလို့  စိတ်ထဲမှာ စွဲစွဲမြဲမြဲ ယုံကြည်သွားခဲ့ ရပါတယ် ။
      ဒါပေမဲ့  ဒီနေ့ ဘဲ ဇူလိုင်-ရ-ရက်နေ့ အခန်းအနားကို ပြုလုပ်ချင်တဲ့  ကျောင်းသားတွေကို ဖမ်းဆီးလိုက်တယ်လို့  သတင်းတွေ ကြားလာရတယ် ။ ဒီငြိမ်းလင်း ၊ ကျော်ကိုကို၊ မဖြိုးဖြိုးအောင် ၊ ရဲမင်ဟိန်း ၊ အောင်မိုးဆန်း ၊ မိုးထက်နေ  နဲ့ေ ရွှဘို ၊ လာရှိုးးက လေးဦး ၊  မြင်းခြံက လေးဦး တို့ ကို ဖမ်းဆီးသွားတယ်ဆိုတာကြားရတယ် ။ ဒီ ဗကသ ကျောင်းသားတွေဟာ မြေအောက်နိုင်ငံရေးအလုပ်ကို လုပ်ကြတာမဟုတ်တဲ့ အတွက် ဘာမှ ဖမ်းဆီးစရာ အကြောင်းမရှိဘူးလို့  မြင်တယ် ။ သူတို့ ဟာ စားသောက်ဆိုင်မှာ ဘုန်းကြီးကျောင်းမှာ လူသိရှင်ကြားပြုလုပ်ကြမှာဖြစ်တယ် ။ ဒီတော့ သူတို့ ရဲ့  ဦးတည်ချက်ဟာ ဘာတွေလဲ ဆိုတာ အစိုးရက ဗြောင် သိခွင့်ရှိတယ် ၊ ဗြောင်သတင်းယူလို့ ရတယ် ။ အစိုးးရကို ဖြုတ်ချဖို့ အတွက် လက်နက်တွေ တပုံကြီးနဲ့  တော်လှန်ရေးလုပ်ကြမယ် ဆိုပြီး အခန်းအနား ပြုလုပ်ဖို့  မြေအောက်လှုပ်ရှားမှုလဲ လုပ်ကြတာမဟုတ်ဘူး ။ ခုတော့ ကျောင်းသားတွေကို အခန်းအနားလုပ်မယ်ဆိုတာနဲ့  ဖမ်းတယ်ဆိုတော့ အစိုးရမှာ သံသယရှိတယ်ဆိုတာနဲ့ တင် ညအချိန်မတော် ဖမ်းဆီးပိုင်ခွင့် ရှိနေပါသလားလို့  မေးစရာတွေ ရှိနေပြီ ။ ဘာဝရမ်းကိုမှ ထုတ်ပြတာမရှိပါဘဲ မဖြိုးဖြိုးအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ ကြားရတယ် ။
       ဗကသ ကျောင်းသားတွေဟာ သူတို့ ရဲ့ အသံကို အစိုးရကြားအောင် ပြောဆိုကြမှာဖြစ်တယ် ။ ကျင်းပနေတဲ့  ပြည်သူ့ လွှတ်တော် ညီလာခံမှာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့ အသံ နားထောင်နေတယ်လို့  ပြောသွားတယ် ။ သမ္မတကြီး ဦးသိန်းစိန်အစိုးရကလဲဘဲ ပြည်သူတွေရဲ့ အသံကို နားထောင်နေပါတယ် လို့  ပြောနေတယ် ။ ပြည်သူတွေရဲ့  အသံကို လေးစားလိုက်နာပြီး အစိုးရက ဆောင်ရွက်ပေးနေတာပါလို့  ပြောနေတယ် ။ အခုတော့ ကျောင်းသားလေးတွေက သူတို့  ရဲ့ အသံကို ဘာမှ ထုတ်ဖေါ်မပြောရသေးဘူး ၊ အသံကို နားထောင်လိုပါတယ် ဆိုတဲ့  အစိုးရက အသံကို နားထောင်ဖို့  ဘာကြောင့်များ ကြောက်လန့် နေရပါလိမ့် ။ ဒါဟာ အပြောတမျိုး အလုပ်တမျိုးဆိုတာ ပြသနေတာဖြစ်တယ် ။
      လမ်းမပေါ်ကို ထွက်လာပြီး ဒို့ အရေးလို့  မအော်တဲ့  ကျောင်းသားတွေဟာ အစိုးရကို သိစေချင်လို့  ခမ်းမတွေထဲ ဘုန်းကြီးကျောင်းတွေထဲမှာ သူတို့ အသံကို ဂုဏ်သရေရှိရှိ ထုတ်ပြောကြမှာဖြစ်တယ် ။ ဒါကို အစိုးရက ဘာကြောင့်များ ကြောက်နေရပါလိမ့်လို့  မေးခွန်းတွေ ထွက်လာနေပြီ ။ ရှင်းရှင်းလင်းလင်း သိထားကတော့ အစိုးရဟာ အရေခြုံထားတဲ့  တရိစ္ဆာန်တကောင်လို ကျင့်ကြံလိုက်တာဖြစ်တယ် ။ အသားမစားတော့ဘူးလို့  လိမ်ညာပြောနေတဲ့  ကျားတကောင်လို နောက်ဆုံးမှာ မြိန်ရေယှက်ရေ အသားကို ခံတွင်းအရသာ ခံရင်း စားသောက်ပြသလိုဖြစ်နေပြီ ။ သဘောကတော့ အချိန်မရွေး နောက်ကြောင်းပြန်လှည့် သွားနိုင်တဲ့  မီးစိမ်းကို ထုတ်ပြလိုက်ခြင်းဖြစ်တယ် ။ သွားလေသူ ဗိုလ်ချုပ်ကြီးနေ၀င်းကို တမလွန်ဘ၀က လက်ခုပ်လက်ဝါးတီးဖို့  ပျော်ရွှင်ချမ်းမြေ့ စေဖို့  လုပ်ပေးတာဟာ ခုအချိန်မှာ နှစ် ( ၅၀ ) ရှိနေပါပြီ ။ တော်လောက်ပြီလို့  ထင်ပါတယ် ။ ဒီမိုကရေစီနိုင်ငံသစ်ဆီသို့  ချီတက်ရမဲ့ အချိန်မှာ စစ်အစိုးရရဲ့ ဆိုးမွေတွေကို မယူမိဖို့ လိုတယ် ။ ဗိုလ်ချုပ်ကြီးနေ၀င်းခေတ် ။ ဦးစိန်လွင်ခေတ်၊ ဒေါက်တာမောင်မောင်ခေတ် ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်ခေတ် ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် နဲ့  ခုအချိန် သမ္မတဦးသိန်းစိန်ခေတ်မှာ ကောင်းတာလေးတွေ ရှိပါတယ် ။ ဒီလိုကောင်းကွက်ကလေးတွေကို အသိအမှတ်ပြုပါတယ် ။ ဒါပေမဲ့  ဗိုလ်ချုပ်ကြီးနေ၀င်းခေတ်မှာ တက္ကသိုလ်သမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်နဲ့  ဖေါက်ခွဲ ခြင်း ၊ ကျောင်းသား ကျောင်းသူတွေ သမဂ္ဂအဆောက်အဦထဲမှာ ပိတ်မိပြီး သေဆုံးသွားရခြင်းဟာ မြန်မာနိုင်ငံရဲ့  ပညာရေးစနစ် တခုလုံး ချွတ်ချုံကျသွားအောင် လုပ်လိုက်တာဘဲဖြစ်တဲ့ အတွက် ဒီဖြစ်ရပ်ဆိုးကို ဘယ်သူမဆို အမွေအဖြစ် မသယ်ဆောင်ပေးဖို့ လိုတယ် ။ ဒါကို အစိုးရက တွန်းတွန်းတိုက်တိုက်နဲ့ ကို မီးမောင်းထိုးပြရမှာဖြစ်တယ် ။ ဒီလိုဖြစ်ရပ်ဆိုးကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ပညာရေးအနိမ့်ဆုံးနဲ့  မတိုးတက်သော နိုင်ငံတခုဖြစ်သွားရတယ် ဆိုတာကို ကျောင်းသား ကျောင်းသူတွေကို ပညာရေးကျောင်းစာသင်ကြားရာမှာ သင်ကြားပေးရမှာတောင်ဖြစ်တယ် ။ ခုတော့ ဒီအမွေဆိုးကြီးကို တပွေ့ ပွေ့ တဖက်ဖက်နဲ့  လက်ကကို မချနိုင်လောက်အောင် သံယောဇဉ်တမျှင်ကြီးတွေ ထားပြီး အခုအချိန်ထိ ဒီလိုအခန်းအနားမျိုးမှာ စိတ်နာကျည်းစရာတွေမပြောမဆိုရအောင် တားဆီးပိတ်ပင်နေတာကိုက သဘာဝမကျဘူးလို့  ထင်တယ် ။
       နာစရာရှိတာကို လွမ်းစရာနဲ့  ဖုံးလို့ ရပေမဲ့  နှစ် ( ၅၀ ) လောက် နာလွန်းမက နာလွန်းနေတာကို အခုအချိန်ထိ ပြောခွင့်လေးတောင်မှ မပြောရသေးတာ နိုင်ငံရေးစကားထဲကလို ဖြစ်နေတယ် ။ အဲဒီနိုင်ငံရေးစကားကတော့ ပြည်သူတွေဟာ သူတို့ နဲ့ ထိုက်တန်တဲ့  အစိုးရနဲ့ မှ သူတို့  ဖြစ်သွားတတ်တယ်လို့  ဆိုရိုးတခုရှိသလိုဘဲ ။ ဒီတော့ မြန်မာနိုင်ငံသားတွေဟာ သူတို့ ကို ဖိနှပ်ချုပ်ချယ်နေတဲ့  အစိုးရနဲ့ မှ ထိုက်တန်းနေသလားလို့  တွေးတောရမလိုဖြစ်ပြေီ ။ ခုတော့ ကျောင်းသားတွေကို ဘာကြောင့်များ ဖမ်းဆီးရတာလဲ ဆိုတာ တွေးရင်း အဖြေတွေက ပေါ်ထွက်လာနေပြီ ။ ဖမ်းမယ်ဆီးမယ် လောက်နဲ့  ပြည်သူတွေကို လက်နက်အားကိုးနဲ့  ခုအချိန်ထိ စစ်အာဏာရှင် စနစ်ကို အကောင်အထည် ဖေါ်ဆောင်နေတုံးဘဲဆိုတာ ဒီလိုလက္ခဏာတွေကြောင့် သိသာနေရပြီ  ။ ပြီးတော့ နိုင်ငံသူ နိုင်ငံသားကို ဥပဒေမဲ့  ဖမ်းဆီးခေါ်ဆောင်ခြင်း မရှိရဆိုတဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွေမှာ အတိအလင်း ဖွင့်ဆိုထားကြပါတယ် ။ လွန်ခဲ့ တဲ့  ဇူလိုင်-၂-ရက်နေ့ ကဘဲ သမ္မတဦးသိန်းစိန်က နိုင်ငံသားတဦးရဲ့ အခွင့်အရေးတွေကို ဥပဒေပုဒ်မတွေနဲ့  ထုတ်ဖေါ်ပြော ဆိုသွားတာကြားလိုက်ပါသေးတယ် ။ အခုလို ဗကသကျောင်းသားတွေကို ဖမ်းဆီးတာဟာ သမ္မတဦးသိန်းစိန်ရဲ့ မိန့် ခွန်းနဲ့  မကိုက်ညီဘူးဆိုရင် အမြန်ဆုံး လွှတ်ပေးဖို့  တောင်းဆိုပါရစေ ။
ခိုင်အောင်ကျော် ( နယူးယောက် )