Monday, July 9, 2012

မြစ်ဆုံစီမံကိန်းပြန်လည်စတင်သည့်သတင်းမဖေါ်ပြရန် စာပေစီစစ်ရေးမှသတိပေး



Aung Pan

သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းသောမြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် CPI တရုပ်ကုမ္မဏီကြိုးပမ်းမှုသတင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်မဖေါ်ပြရန် စာပေစီစစ်ရေးမှသတိပေး။

မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် CPI ကုမ္မဏီမှ ကောကိမ်းလျောင်( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ)နှင့်တာဝန်ရှိသူများစုစုပေါင်း၁၀ ယောက်ကျော် မြစ်ဆုံရွာနှင့် အောင်မြင်သာရွာဒေသခံများ အိမ်သို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဇွန်လိုင် (၁) ရက်နေ့မှစတင်ကာ စည်းရုံးရေးဆင်းကြောင်း CPIကုမ္မဏီ နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဒေသခံတစ်ဦးကပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းထားခဲ့သော အဆိုပါမြစ်ဆုံစီမံကိန်းကို CPI တာဝန်ရှိသူက မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး သမ္မတအမိန့်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်မှုသတင်းများထွက်ပေါ်လာပြီးနောက်စာပေစီစစ်ရေးမှ ပြည်တွင်းထုတ်မီဒီယာဂျာနယ်များအား မြစ်ဆုံစီမံကိန်းသတင်းများမဖေါ်ပြရန်တားမြစ်ကြောင်းသတင်းများထွက်ပေါ်လာခဲ့သည်။
CPI တရုပ်ကုမ္မဏီသည်သမ္မတအမိန့်ကိုချိုးဖောက်သည့်အပြင် ပြည်တွင်းမီဒီယာများတွင်ပါ ၄င်းတို့မြစ်ဆုံစီမံကိန်းပြန်စနိုင်ရန်ကြိုးပမ်းနေမှုများကိုမီဒီယာတွင်မဖေါ်ပြရန်အတွက် တားမြစ်နိုင်သည်မှာ မည်ကဲ့သို့သောအာဏာပိုင်မျိုးတရုပ်ကုမ္မဏီရဲ့နောက်ကွယ်မှာရှိနေပြီလည်းဆိုတာ မြန်မာပြည်သူတို့သတိရှိကြရတော့မည်။

ဒုရဲအုပ်ကျော်ခိုင် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ဆက်ကြေးကောက်ခံ

ThanLarWaddy Times
ကလေးခရိုင်၊ ကလေးဝမြို့နယ် အောင်ချမ်းသာ ရဲစခန်း ရဲကင်းမှုး ဒုရဲအုပ်ကျော်ခိုင် ဆိုသူက မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ဆက်ကြေးကောက်ခံတောင်းကာ တရားဝင်သဖွယ်ရောင်းချလျက်ရှိတယ်..။ အောင်ချမ်းသာ၊ သက္ကယ်ကျင်း၊ ဝေပုံ၊ ချင်းချောင်း၊ ကျောင်းကြီး၊ စတဲ့ကျေးရွာတွေမှာဆိုရင် ကျောင်းသားလူငယ်အားလုံးနီးပါး ဘိန်းစွဲကုန်ပြီဖြစ်တယ်...ဟု ယင်းဒေသခံများကပြောသည်။ " ဗိုလ်လေး ကျော်ခိုင် ကိုပိုက်ဆံပေးရင် ..အရာအားလုံးရတယ်.."ဟု ၎င်းကဆက်လက်၍ ပြောသည်။

ဖောက်ပြန်တတ်တဲ့ တာမွေကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေ။

Nik Nayman

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ဇူလိုင် ၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမြင်ကွင်း



ဒုတိယ ဗိုလ်ချူပ်မှူးကြီးဟောင်း မောင်အေးစင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံမှာ

DVB TV News

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယ ဗိုလ်ချူပ်မှူးကြီးဟောင်း မောင်အေး ကျန်းမာရေး မကောင်းတဲ့အတွက် ဇူလိုင်လ ၉ ရက်နေ့က စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံမှာ တက်ရောက်နေတယ်လို့ နေပြည်တော်သတင်းရပ်ကွက်တွေကို ကိုးကားပြီး ပြည်တွင်းဂျာနယ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒုတိယ ဗိုလ်ချူပ်မှူးကြီးဟောင်း မောင်အေးဟာ ဦးနှောက်သွေးကြောရောဂါကြောင့် ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီးတဲ့နောက် ဇူလိုင် ၉ ရက်နေ့မှာ စင်င်္ကာပူဆေးရုံကို သွားရောက်ခဲ့တာပါ။ န၀တ နအဖ စစ်အစိုးရလက်ထက် ဒုတိယနေရာမှာတာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချူပ်မှူးကြီး မောင်အေးဟာ (DSA) စစ် တက္ကသိုလ် အပတ်စဉ် (၁) ဆင်းဖြစ်ပြီး အသက် ၇၄ နှစ်လောက် ရှိပြီလို့ သိရပါတယ်။

စီတန်းလှည့်လည်ခွင့်နည်းဥပဒေ ကောက်နှုတ်ချက်

ကိုဝိုင် ဝိုင်ကေ

..................................................................

ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် ၃၆၄/ ၂၀၁၂ ၊ ဇူလိုင်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဥပဒေပုဒ်မ ၂၄ ၊ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဆိုပါ နည်းဥပဒေများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများတွင် အခန်း ၄ ခန်း ဖော်ပြပါရှိပြီး အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်။ခွင့်ပြုမိန့်လျှောက်ထားခြင်း။
ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း နှင့် အထွေထွေ အခန်းတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါအခန်းများတွင်ဖော်ပြပါရှိချက်များအရ ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊စီတန်းလှည့်လှည်ခွင့်ကိုဖြစ်စေ၊
ရရှိလိုသူသည် သက်ဆိုင်ရာပုံစံဖြင့် ဆောင်ရွက်လိုသည့်နေ့ရက်မတိုင်မီ ၅ ရက်ကြိုတင်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုထက်ကျော်လွန်ဆောင်ရွက်လိုပါက ဆောင်ရွက်လိုသော မြို့နယ်အားလုံး၏သက်ဆိုင်ရာမြို့နယ်ရဲမှူးများထံလျှောက်ထား
ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာမြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ပြည်နယ်ရဲတပ်ဖွဲ့မှူးများသို့အဆင့်ဆင့်တင်ပြပြီး
နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသော ဥပဒေများနှင့်
မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ ဟု ဖော်ပြထားကြောင်းသိရသည်။

အဆိုပါ နည်းဥပဒေများကို ကျင်းပလျှက်ရှိသော လွှတ်တော်သို့တက်ရောက်လျှက်ရှိသည့် ကိုယ်စားလှယ်များကိုပေးဝေထားပြီးဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

သူခိုးဟု စွပ်စွဲခံရသူ အိမ်ဖေါ် အမျိုးသမီးကို စစ်တပ်က ရိုက်နက် စစ်ဆေး



မောင်ရမ္မာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သမီးနှစ်ယောက်၏ မိခင်ဖြစ်သူ အိမ်ဖေါ် အမျိုးသမီး တစ်ဦးကို ရွှေထည် ပစ္စည်းများ ခိုးသည်ဟု စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးပြီး  ရိုက်နက်ခဲ့သည်ဟု သတင်း ရရှိသည်။

စစ်တပ်၏ ရိုက်နှက် စစ်ဆေးခြင်းခံရသူ အမျိုးသမီးမှာ ဒေါ်အေးအေးမူ အသက် (၄၂)နှစ် ဖြစ်ပြီး တောင်ကုတ်မြို့ ဂူတာ ရပ်ကွက်၊ ညောင်တန်းလမ်းမှ ဒေါ်မိုးမိုး ဆိုသူထံတွင် အိမ်ဖေါ် အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
“ ကျွန်မကို ရွှေထည် ပစ္စည်း သူခိုးလို့ ဒေါ်မိုးမိုးက စွပ်စွဲတယ်။ သူတို့က အဲဒီပစ္စည်းကို ပြန်တောင်းတယ်။ မရတော့ စစ်တပ်ကို သွားတိုင်တယ်။ စစ်တပ်က ကျွန်မကို ဖမ်းခေါ်သွားပြီး ပစ္စည်းတွေကို ပြန်တောင်းတဲ့အခါ မယူဘူးလို့ ကျွန်မက  ငြင်းတယ်။ ငြင်းတဲ့ အခါ  သူတို့က ဟိုလျှောက်မေး၊ ဒီလျှောက်မေး လုပ်တယ်။ ကျွန်မက မယူ ဘူးလို့ ဆိုတယ်။ မယူလို့ဆိုတဲ့အတွက် ကျွန်မကို ရိုက်တယ်။ စစ်သားသုံးယောက်က ပထမ တုတ်နဲ့ ရိုက်ပါတယ်။ ကျွန်မက သူတို့ကို ရိုက်တာ မခံနိုင်တဲ့ အတွက် ရုန်းတဲ့အခါမှာ ကျွန်မလက်ကို လက်ထိပ်ခတ်ပြီး ရိုက်ပါတယ်။ ၆ ချက်တိတိ  ရိုက်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒေါ်အေးအေးမူက သူမအား စစ်တပ်က ခေါ်ယူသွားပုံကို ယခုလို ပြောသည်။
“ စကခ ၅ တပ်မက  စစ်သား သုံးလေး ယောက် ညနေ ၅ နာရီမှာ ကျွန်မကို စစ်ဆေးစရာ ရှိတယ် ဆိုပြီး ခေါ်ယူသွားပါတယ်။ ညနေ  ၅ နာရီကနေ ည ၁၁ နာရီထိ ရိုက်နှက် ညှင်းပမ်း နှိပ်စက်ပြီးတော့ ဒေါ်မိုးမိုးရဲ့ ရွှေထည် ပစ္စည်းတွေကို ယူပါတယ်ဆိုပြီး ၀န်ခံခိုင်းတယ်။ ကျွန်မက ဒီပစ္စည်းတွေကို မယူဘူး ဆိုပြီး အကြိမ်ကြိမ် ငြင်းမှ  ညနေ ၁၁ နာရီမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။”
အဆိုပါ ရွှေထည် ပစ္စည်း ၃ သိန်းဖိုးခန့် ပျောက်ဆုံးမူမှာ စစ်တပ်နှင့် တစ်စုံတစ်ရာ မသက်ဆိုင်ဘဲ  ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအ၀င် ရဲ အဖွဲ့နှင့်သာ သက်ဆိုင်ပါလျှက် သူတို့ထံ မတိုင်ကြားဘဲ စစ်တပ်ကို မည်သည့် အတွက် တိုင်ကြားရပါသလဲဟု မေးမြန်းရာ ဒေါ်မိုးမိုးမှာ စစ်တပ်နှင့် နီးစပ်သူ ဖြစ်ကြောင်း သူမက ပြောသည်။
ယခုအခါ  ဒေါ်အေးအေးမူ၏ သမီး နှစ်ဦးအားလည်း ဒေါ်မိုးမိုးက စစ်တပ်အားကိုးဖြင့် ပြန်ပေး သဘောမျိုးဖြင့် သူမအိမ်သို့ ခေါ်ယူထားကြောင်း သိရသည်။
ဒေါ်မိုးမိုး ခေါ်ယူထားခြင်းခံရသူ ဒေါ်အေးအေးမူ၏ သမီးနှစ်ဦးမှာ မရီရီလှိုင် (အသက် ၆နှစ်) သူငယ် တန်းနှင့်  မဖြူထွေး အသက် (၃)နှစ် တို့ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဒေါ်အေးအေးမူကို ပစ္စည်းခိုးသူဟု စွပ်စွဲပြီး ကလေးနှစ်ယောက်ကို ပြန်ပေး သဘော ခေါ်ယူထားမှုမှာ မှန်ကန်ကြောင်း တောင်ကုတ် မြို့နယ် အဖွဲ့ချုပ် ဒုဥက္ကဌ ဦးခင်လှက ပြော သည်။
“ ဒီကိစ္စ ကျွန်တော်တို့ကိုလည်း လာတိုင်ကြားထားတယ်။ ကလေးနှစ်ယောက်ကိုလည်း ပြန်ပေး သဘောမျိုးနဲ့ ဒေါ်မိုးမိုးက ခုအချိန်ထိ အိမ်ကို ခေါ်ယူထားတယ်။  ပျောက်သွားတဲ့ ရွှေထည် ပစ္စည်း သုံးသိန်းဖိုးကို ပြန်ပေးရမယ် ဆိုပြီးတောင်းတယ်။ မပေးနိုင်ရင် ကလေးတွေကို မပေးနိုင်ဘူး ဆိုပြီး ပြောတယ်။ ဒီနေ့ဘဲ ဒီ အမူ ကိစ္စကို တောင်ကုတ်  ရဲစခန်းကို ကျွန်တော်တို့ သွားရောက် တိုင်တန်း လိုက်ပါတယ်” ဟု ပြောသည်။
ဒေါ်အေးအေးမူမှာ  ယောက်ျား ဖြစ်သူလည်း ဆုံးသွားပြီ  ဖြစ်ပြီး  သမီးနှစ်ယောက်နှင့်အတူ ဆင်းရဲ ကျပ်တည်းစွာဖြင့် လုပ် ကိုင်စားသောက်နေရသူ ဖြစ်ကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=1170

ရိုဟင်ဂျာ ဖြစ်ခွင့် မရလိုက်သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၄၈ ဦး အဖမ်းခံရ

July 9, 2012 at 12:49 pm

မလေးရှားနိုင်ငံသို့ တရားမ၀င် ခိုးလှေဖြင့် ထွက်ခွာရန်အတွက် ပြင်ဆင်နေသော ဘင်္ဂလာဒေခ်ျ့   နိုင်ငံသား ၄၈ ဦးကို လူမှောင်ခို သမားနှစ်ဦးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးလိုက်သည်။
လူကုန်ကူးသူ လက်မှ ကယ်တင်လိုက်နိုင်သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ (ဓါတ်ပုံ- Star) ဖမ်ဆီးခံရသူ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ လူမှောင်ခို အဖွဲ့တစ်ခု၏ အစီအစဉ်ဖြင့် မလေးရှား သို့ မော်တော်ဘုတ် တစ်စီးဖြင့် ထွက်ခွာရန် စီစဉ်နေစဉ် စစ်တကောင်းမြို့ Kadamtali အရပ်ရှိ ဟိုတည် (၄) ခုမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အထူး မူခင်း တပ်ဖွဲ့က ပြောကြားသည်။
“ ကျွန်တော်တို့ အမှတ် (၇) Rapid Action Battalion တပ်ရင်းက တနင်္ဂနွေနေ့ နံနက် အစောကြီး အချိန်မှာ သတင်းအရ ဟိုတည် ၄ ခုကို ၀င်ရောက်စီးနှင်းစဉ်မှာ ဖမ်းမိတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူး ရက်ခီးဘူလ် အာမီက ပြောသည်။
ဖမ်းဆီးခံရသူ ၄၈ ဦးမှာ ရက္ကန်းသမား၊ လယ်သမား၊ ကုန်စုံဆိုင် ရောင်းသူနှင့် အလုပ်အကိုင် မရှိသူများ ဖြစ်ပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဆီရဂန်းစီ၊ နာဂေါဝါ၊ ပါဗနာ၊ မာဂူရ၊ ဂျန်နီ ဒက် မြို့များမှ ဖြစ်ကြောင်း အာဏာာပိုင်များမှ ပြောသည်။
မလေးရှားသို့ သွားရောက်ရန် အတွက် ဟိုတည်များတွင် တည်းခိုနေသူ ဘင်္ဂလာဒေခ်ျ့နိုင်ငံသား အရေအတွက်မှာ ၁၀၀ ကျော်ရှိပြီး အများစုမှာ ဟိုတည်များကို ၀င်ရောက်စီးနှင်းစဉ် ထွက်ပြေး လွှတ်မြောက်သွားကြသည်ဟု သိရသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းက ထုတ်လွှင့်သွားသော ဘီဘီစီ ( ဘင်္ဂလာ အစီအစဉ်)တွင် ဖမ်းဆီးခံရသူ ၁၀၀ နီးပါးခန့် ရှိကြောင်း၊ ထိုသူများကို မလေးရှားသို့ သွားရောက်ရန် အတွက် ပထမဆုံး အနေဖြင့်  မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ ရန်ကုန်မှ တဆင့် မလေးရှားသို့ ဆက်လက် ပို့ဆောင်မည် ဖြစ်ကြောင်း သတင်း ထုတ်လွှင့်သွားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများမှာ ရေလမ်းကြောင်းမှ တဆင့် တရားမ ၀င် မော်တော် ဘုတ်များ၊ ငါးဖမ်း စက်လှေများကို အသုံးပြုပြီး  မလေးရှားသို့ တင်ပို့နေကြသည်မှာ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်ကြောင်း လူမှောင်ခိုသမား စူရူ ဇာမန်က ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား အများအပြားမှာ ခိုးလှေများဖြင့်သွား၍ ထိုင်း၊ မလေးရှားသို့ ရောက်ရှိ သွားသော အခါ သူတို့ကို သူတို့ ရိုဟင်ဂျာများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရမှ လူ့အခွင့်အရေး ချိုးဖေါက်၍ ထွက်ပြေးလာသူများ ဖြစ်ကြောင်း၊ ထိုသို့ ပြောဆိုခြင်းအားဖြင့် ခိုလုံခွင့်ရရှိပြီး မလေးရှားရှိ ယူအန်အိပ်စီအာ ဒုက္ခသည်များ ရုံးကလည်း ချက်ချင်း ဒုက္ခသည် အသိအမှတ်ပြု ကဒ်များ ထုတ်ပေးကြောင်း သိရသည်။
ယခု ဖမ်းဆီးခံရသူများမှာ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ကို ကျော်လွန်ပြီး နိုင်ငံတကာ ရေပိုင်နက် အတွင်း ရောက်ရှိသွားပါက ရိုဟင်ဂျာ ခံယူပြီး ခရီးသွားကြမည့်သူများ ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင်လည်း မလေးရှားသို့ တရားမ၀င် စက်လှေများဖြင့် သွားရောက်သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အများအပြားကို ဖမ်းဆီး မိနေပြီး လွန်ခဲ့သော ရက်အနည်းငယ် အတွင်းကလည်း ဂွမြို့နယ် ဂွကျွန်းတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀၀ နီးပါးခန့်ကို ဖမ်းမိခဲ့သည်။
အလားတူ မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း မလေးရှားသို့ သွားသူ ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈၂ ဦးအား မေလအတွင်းက ဖမ်းဆီးပြီး ဇွန်လ ၁၉ ရက်နေ့က ထောင် တနှစ်စီ ချမှတ်ခဲ့သည်။ အဆိုပါ သတင်းကို ဇွန်လ ၂၂ ရက်နေ့က သတင်း ရေးသား ဖေါ်ပြကြရာတွင် ဗွီအိုအေ (မြန်မာပိုင်း အစီအစဉ်)မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၀ ခန့် လူဝင်မှုဥပဒေအရ ထောင်ဒဏ်ချမှတ် ခေါင်းစီးဖြင့် သတင်းရေးသားဖေါ်ပြခဲ့ပြီး မစ္ဈိမမှ ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ ခေါင်းစီးဖြင့် ရေးသားဖေါ်ပြခဲ့သည်။
အလားတူ ကောင်ဝါ သတင်းဌာနက တရားမ၀င် နိုင်ငံခိုးဝင်မှုဖြင့် ဘင်္ဂါလီ  ၈၂ ဦးကို ထောင်ဒဏ် ချမှတ် ခေါင်းစီးဖြင့် သတင်းရေးသားဖေါ်ပြသည်။
သို့သော် ပြည်ပ အခြေစိုက် ဧရာဝတီ သတင်းဌာနက အဆိုပါ သတင်းကို Rohingya Boat people Sentenced on Immigration Charges ခေါင်းစီးဖြင့် ရေးသား ဖေါ်ပြခဲ့ပြီး  ထောင်ချခံရသူ ၈၂ ဦးမှာ ရိုဟင်ဂျာများ ဖြစ်ကြောင်း ဖေါ်ပြသည်။ ၎င်းသတင်းတွင်ပင် Arakan Project မှ ဒါရိုက်တာ Chris Lewa ယခုကဲ့သို့ မိမိနိုင်ငံသားများကို မိမိမြေပေါ်တွင် ဖမ်းပြီး ထောင်ချခြင်းမှာ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
http://www.narinjara.com/burmese/?p=1178

ကျောက်ဖြူတွင် ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ

July 9, 2012 at 1:04 pm
ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၁၀၀ ကျော်ခန့်သည် သူတို့ ကျောင်းတက်နေသော ကားလမ်း ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားသည်ကို မကျေနပ်သဖြင့် ယနေ့နံနက်က ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ ကျောင်းသားများသည် ကျောင်းဝတ်စုံများကို ဆင်တူ ၀တ်ဆင်ပြီး ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ငလကျွန်းမှ ဂုံးရှိန်ကျေးရွာ သို့ သွားသည့် ကားလမ်းတလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကားလမ်းဘေးတွင် ဒေ၀ူး ကုမ္ပဏီ အပါအ၀င် နိုင်ငံခြား ကုမ္ပဏီ အများအပြား၏ ရုံးများ တည်ရှိကြောင်း သိရသည်။
“ ကျောင်းသားတွေက လမ်းကို ပြန်လည် ပြုပြင်ပေးပါ။ ကျောင်းသားတွေ လိုလား ချက် ဖြည့် ဆည်းပေးပါ ဆိုပြီး စာသားတွေရေးထိုးထားတဲ့ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ဒီကနေ့ နံနက် ၇ နာရီခွဲမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို တွေ့ရပါတယ်” ကျောင်းသားမိဖတစ်ဦးက ပြောသည်။

ယခု ဆန္ဒပြရာတွင် ဤကျောင်းမှ ကျောင်းသားများလည်း ပါဝင်သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောင်းသားများ အသုံးပြုနေသော ငလကျွန်းမှ ဂုံးချိန်ကျေးရွာသို့ သွားသော လမ်းသည် ယခင်က ဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီးများကို အသုံးပြုပြီး သွားလာနိုင်သော်လည်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဒေ၀ူး ကုမ္ပဏီနှင့် အိန္ဒိယ ကုမ္ပဏီမှ ကားကြီးများ အသုံးပြုပစ်ခဲ့သဖြင့် သွားလာ၍ မရအောင် ပျက်စီးနေပြီး ရွံ့နွံများမှာ ဒူးဆစ်ထိ နစ်နေကြောင်း သိရသည်။
“ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ဈေးသွား ဈေးလာတွေရော အခု လုံးဝ သွားလာလို့ မရအောင် ပျက်စီးနေပါတယ်။ ဒီလမ်းက ငလကျွန်းအုပ်စုက ကျေးရွာသားတွေ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားတဲ့ လမ်းဖြစ်ပါတယ်။ အခု ပျက်စီးသွားတော့ ပြန်လည် လုပ်မပေးတဲ့ အတွက် ကျောင်းသားတွေက ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ဆန္ဒပြကြသော ကျောင်းသားများမှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အတန်းကြီး များ ကျောင်းသားများ ပါဝင်ကြပြီး ကျောင်းသားများမှာ လိပ်ခမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ ငလကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာမှ ကျောင်းသားများ ဖြစ်ကြသည်။
ကျောင်းသားများ ဆန္ဒပြကြပြီးနောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ အဆိုပါ ဆန္ဒပြရာသို့ လိုက်ပါသွားပြီး ဖြေရှင်းမူ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လမ်းကို ပြန်လည် ပြုလုပ်ပေးရန် အတွက် ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြ တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မူ မရှိရာ မှ ကျောင်းသားများက ယခုလို ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ပျက်စီးနေသော ငလကျွန်း- ဂုံးရှိန်လမ်းအတွက် ပြုပြင်ရန်  အတွက် ဒေ၀ူး ကိုးရီးယား ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ထုတ်ပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒေသ အာဏာပိုင်များက လမ်းကို ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် ကျောင်းသားများ အပါအ၀င် ဒေသခံများ အကြားတွင် အထူးမကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။
http://www.narinjara.com/burmese/?p=1181

မီးကြွေ ကပ်ခံရသော ကလေးမ

မတင်နီလာအေးဆိုသူ ကလေးငယ်တစ်ဦး အသက်(၁၄)နှစ်၊ (ဘ) ဦးညို၊ စစ်တန်းကုန်းရပ် မိုးကုတ်မြို့ နေသူသည် လွန်ခဲ့သော (၆)လခန့်က မဟာအောင်မြေမြို့နယ်၊ ဆင်တိုင်ရပ်၊စိန်ပန်းရပ်ကွက်နေ ဦးဝင်းမောင်+ဒေါ်ပုတို့နေအိမ်တွင် အိမ်ဖော်အလုပ်လုပ်ကိုင်လျှက်နေထိုင်ပါသည်။ ထိုသို့ အိမ်ဖော်အဖြစ် လုပ်ကိုင်နေထိုင်နေစဉ် ကာလများတွင် ၅.၇.၂၀၁၂ ရက်နေ့ နံနက် ပိုင်(၇)နာရီခန့်တွင်၊ ဦ၀င်းမောင်၏ သမီဖြစ်သူ မတင်နီလာဝင်း(ခ) မနီနီမှ အိမ်ဖော်ဖြစ်သူ မတင်နီလာအေး ဆိုသူ မိန်းခလေးငယ်အား တံမျက်စည်းလှည်းတာမပြောင်ဘူးဟု ပြောဆိုကာ ခေါင်းအား၎င်စီးထာသော ဒေါက်ဖိနပ်ဖြင့် ရိုက်ခဲ့သဖြင့် ဦးခေါင်းပေါက်သွားပြီး (၇)ချက်ချုပ်ရကြောင်း၊ ကုလားထိုင်ဖြင့်ရိုက်ခဲ့သဖြင့် ကလးငယ်၏ ဘယ်ဖက်လက် ကျိုးသွားကြောင်း၊ ဖိနပ်ဖြင့်ပါးရိုက်ရာ နှုတ်ခမ်းပေါက်သွားကြောင်း ၊ ဒူးခေါင်းနှင့် ပေါင်များတွင် မီးပူဖြင့်ကပ်သော အပူလောင်ဒဏ်ရာများလည်းတွေရှိခဲ့ရပါသည်။ကလေးငယ်၏ လက်များကိုလည်း အ၀တ်လျှော်တာမပြောင်၍ဆိုပြီး ပြောင်စင်အောင် ဒီလိုတိုက်ရတယ်ဟုဆိုကာ ကလေးငယ်၏ လက်များကို သံ ဘရက်(စ်) ဖြစ်ပွတ်တိုက်ပြခဲ့ကြောင်း ၊ ၄င်းနောက် ကလေးငယ်မှာ အိမ်မှထွက်ပြေးခဲ့ရာ ရပ်ကွက်အတွင်းရှိ (၎င်း ဈေးဝယ်နေကြ ) ဈေးဆိုင်မှ အဒေါ်ကြီး တစ်ဦးမှ ရဲစခန်းသို့ပို့ပေးခဲ့ရာ ရဲစခန်းမှတဆင့် ဆေးရုံသို့ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ ၄င်းကိစ္စနှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ၊ အမှတ်(၇)ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှုးမှ ကျူးလွန်သူ မတင်နီလာဝင်း(ခ) မနီနီအား ပြစ်မှု ပုဒ်မ (၂၉၄/၃၂၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းပြောကြားသည် ။

သြော် နာမည်ဆင်နေလို့ နင်နဲ့ငါ အဆင့်မတူဘူးဆိုပြီ ကွဲပြားအောင်တဲ့ ...ဆံပင်တွေ ကက်ကျေးနဲ့ ညှပ်ချလို့ ခုလို ဆံပင် ဖြစ်နေတာပါ။



ကိုဝိုင်ဝိုင်ကေ

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2012-07-09
ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။

AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား စကားပြောကြားနေစဉ်။

လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။
ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။
လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ်တင်မြှောက် ပေးရမယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
  rfa.org

လူ့ ကပ်ပါး သံကောင်

by Khu Daun on Monday, July 9, 2012 at 10:56am ·

ယခုအချိန်ကာလသည်  တိုင်းပြည်တွင်း၌ အပြောင်းအလဲများ ဆက်တိုက် ဆိုသလို ပေါ်ပေါက်နေချိန်တွင်  တော်လှန်ရေး သန့်စင်မှု လုပ်ငန်းတခု အနေဖြင့် စတင်ဖေါ်ဆောင်ရန်  လိုအပ်သည်နှင့်အညီ မိမိ၏ အတွေ့အ ကြုံနှင့် ရရှိထားသည့် အချက်အလက်များအား  တော်လှန်ရေး အသိုင်းအ ၀ိုင်းနှင့် ပြည်တွင်းရှိ  နိုင်ငံရေးခေါင်းဆောင်ကြီးများအား အသိပေး သတိ ပေးခြင်း ပြုလိုက်ပါသည်။

နှစ်ပေါင်း (၂၀) ကျော်တွင် မြန်မာ့နိုင်ငံရေးကို  အတိုက်အခံအုပ်စုများနှင့် စစ်တပ်လိုလားသည့် အုပ်စုများ ဖြတ်သန်းကြရာတွင်  စစ်ဖက်လိုလား သည့် အုပ်စုသည် အချင်းချင်းစည်းလုံးညီညွတ်ပြီး  အကျိုးတူစီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်ကို တွေ့ရသည်။

ဥပမာပြရရလျင် စစ်တပ်အရာရှိကြီးများက စီးပွားရေးသမားများကို အခွင့်  အရေးများပေး၍ စီးပွားရေးသမားများကလည်း စစ်တပ်အရာရှိကြီးများ အား ပြန်လည်၍  အမြတ်အစွန်းများခွဲဝေကာ အတူတကွစားသုံးကြသဖြင့် ယနေ့ထိ အင်အား  တောင့်တင်းခိုင်မာလျှက် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် များကို ဆက်လက်  အကောင်အထည်ဖော်နိုင်ခဲ့သည်။

အခြားတဖက်တွင်ရှိသော အတိုက်အခံအုပ်စုများတွင်မူကား ၎င်းတို့နှင့်  ဆန့်ကျင်လျှက် ရှိနေသည်။ ဒီမိုကရေစီအတိုက် အခံ အခြေခံအင်အားစုများကြောင့်  အနှစ် (၂၀) အတွင်းတွင် ရရှိလာခဲ့သည့် ဒီမိုကရေစီရရှိရေးအတွက်  ပံ့ပိုးမှုများဖြစ် သည့် အမေရိကန်ဒေါ်လာငွေ သန်းနှင့်ချီသည့် ငွေကြေးများ၊  ပညာတော် သင်အခွင့်အရေးများကို လူလည်ကျသော ခေါင်းဆောင်တန်းတွင်  နေရာယူထားသည့် နိုင်ငံရေးအဖွဲ့ အစည်းခေါင်းဆောင်များ၊  ကျောင်းသားခေါင်းဆောင်ဟု ကိုယ့် ကိုကိုယ် တံဆိပ်တံထားသူများသာ ရယူခဲ့ကြသည်၊  ခံစားလျှက်ရှိကြသည်။ ဤကဲ့သို့ အခြေခံအခွင့်အရေးများ ညီညွတ်မျှ တမှု  မရှိသောကြောင့် အတိုက်အခံအုပ်စုများတွင် အုပ်စုများ အမျိုးမျိုးကွဲကာ  မည်သို့မျှ စည်းရုံးညီညွတ်မှု မရဘဲ ပြိုကွဲ လျှက် ညီညွတ်မှုမရှိဘဲ  ဖြတ်သန်းနေကြသည်။

ယခုအခါ ထိုအချောင်သမားတို့သည် ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှ  အခွင့်အရေးများကို အစွမ်းကုန် သုံးစားပြီး နောက် စစ်အုပ်စုနှင့်ပေါင်းကာ  တိုင်းပြည်နှင့်လူမျိုးအပေါ် နိုင်ငံရေးဗန်းပြပြီး ဆက်လက်ကိုယ်ကျိုးရှာဖို့  အားထုတ်နေကြ သည်။

ထို့ကြောင့် စာရေးသူအနေဖြင့် ပြည်တွင်းပြည်ပမှ တိုင်းပြည်နှင့်  လူမျိုးအပေါ် စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်နေသူများ သကဲ့သို့  နိုင်ငံရေးအကျင့်ပျက်ချစားနေသူများထဲမှ အလွန်အန္တရယ်ကြီးသည်။ လောက်ကောင် တ  ကောင်အား ဥပမာ ပေး၍ တင်ပြလိုပါသည်။ ထိုသို့ တင်ပြရခြင်းမှာလည်း တိုင်းပြည်၏  နောင်အနာဂတ်အရေးအတွက် ကျရောက်လာမည့် အန္တရာယ်ဆိုးများကို  ကြိုတင်ကာကွယ်နိုင်ရန်အတွက် တင်ပြရခြင်းဖြစ်ပါသည်။


အရင်ဦးဆုံး တင်ပြမယ့် ပုဂ္ဂိုလ်ကတော့ စီးပွားရေးပညာရှင် ဇော်ဦး ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဇော်ဦးဟာ ဥပမာနဲ့ ပြာရလျင် တော်လှန်ရေး အစကနဦးကတည်းက  ယနေ့ထက်တိုင်အောင် အခွင့်အ ရေးများကို အဆင့်ဆင့်စားသုံး  အသက်ရှင်သန်ကြီးထွားလျှက်ရှိနေသည့် လူ၏မစင်နှင့် တိရိစ္ဆာန်  မစင်များကြားတွင် သံ သရာလည်ကျက်စားသော ကပ်ပါးသံကောင်များကဲ့သို့  နိုင်ငံရေးအကျင့်ပျက် သံကောင်များထဲမှ သံကောင်တကောင်ဖြစ် သည့် ဇော်ဦး  အကြောင်းနှင့် ထိုသူ၏ ကိုယ်ကျိုးရှာလုပ်ရပ်သည် မြန်မာနိုင်ငံ၏  အနာဂတ်အန္တရာယ် ဖြစ်လာနိုင်သည့် အကြောင်းကို ဦးစွာပထမ ဖော်ပြလိုက်ပါသည်။

ကျောင်းသားတပ်မတော် (ABSDF) ဘုရားသုံးဆူစခန်း ပြိုကွဲရခြင်း

၁၉၈၈ ခုနှစ်ကာလ ဇော်ဦးသည် ဘုရားသုံးဆူစခန်း ဥက္ကဋ္ဌ အနေဖြင့်ခံယူကာ  အပြည်ပြည်ဆိုင်ရာမှ အထောက်အပံ့အား လုံးကို တဦးတည်းချုပ်ကိုင်ကာ  ငွေစာရင်းရှင်းလင်းခြင်း၊ ရရှိသည့် ငွေကြေးပမာဏများအား ရှင်းလင်းစွာ  အသိပေးခြင်း တို့ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ တာဝန်ခံတဦးအနေဖြင့်  ချုပ်ကိုင်ထားကာ စခန်းမှ ရဲဘော်များအား တပည့်မွေး ဆရာမွေး စနစ်ကို  ကျင့်သုံးခဲ့ပါသည်။ စခန်းရှိ ရဲဘော်များ ငှက်ဖျားရောဂါ ခံစားနေရမှုများ၊  ငတ်မွတ်ခေါင်းပါးမှုများ ရာသီဥတုဒဏ် များကြောင့် အသေအပျောက်များခြင်း စသည့်  ဆင်းရဲဒုက္ခများခံစားနေရချိန်တွင် စခန်းတွင် တပတ်ထက်မကျော်သော ရက်များဖြင့်  နေ့လာ ညပျောက် စခန်းဥက္ကဋ္ဌ လုပ်ခဲ့ပါသည်။

စခန်းသို့ လာရောက်စဉ်တွင်လည်း သူ၏အကောင်းစားအ၀တ်အစား အသုံးအဆောင်များအား  အ၀တ်အစားအဟောင်း များနှင့် လဲလှယ်ဝတ်ဆင်ပြီး တကယ် ပင်ပင်ပန်းပန်း  ပေပေရေရေဖြင့် အများအကျိုး လုပ်နေဟန်ဆောင်ထားသော ရုပ် ဖြင့် စခန်းသို့  ဝင်လာခဲ့ပါသည်။

ဤကာလတွင် ညီညွတ်မျှတမှုမရှိသည့် ဖြစ်ရပ်များမှာ စခန်းရှိ ရဲဘော်များ  စားရမဲ့သောက်ရမဲ့ဘဝ ဖြစ်နေချိန်တွင် ၎င်းမှ စခန်းတွင်နေထိုင်မှုမရှိဘဲ  စံခရဘူရီမြို့တွင် သူ၏နောက်လိုက်နောက်ပါများဖြင့် ၀ါးဖောင်တည်း ခိုခန်းတွင်  ပြည်တန်ဆာ များနှင့် ပျော်ပါးခြင်း၊ ဘန်ကောက်မြို့တည်းခိုခန်းများတွင်လည်း  အတိုင်းအဆမရှိ သုံးဖြုန်းစားသောက်နေထိုင်ခဲ့သည်။

မိမိလုပ်ငန်းစစ်ဆေးရေး တာဝန်ယူစဉ်အခါက ABSDF ရုံးခန်းရှိသော်လည်း  ဗဟိုနှင့် အဆက်အသွယ်မလုပ်ဘဲ ဘန် ကောက်မြို့ ပါတနာကန် ရပ်ကွက်တွင်  အခန်းတခန်းငှားထားကြောင်းကို သိရှိခ့ရဲသည်။ ထိုစဉ်အခါက ဘတ်ငွေ တ  သောင်းတထောင် အိမ်လခပေးရန်လိုကြောင်း မိမိအား တင်ပြလာသည်။ ထိုအခန်းသည်  ရဲဘော်များ ဘန်ကောက် ရောက်လျင် တည်းခိုရန်အတွက် ဖွင့်ထားသည့်အခန်းဟု  သိရှိရသည်။ ထို့ကြောင့် ၎င်းအခန်း ခပေးရန်လိုသည့်အတွက် မိမိအား  စိုက်ထုတ်ပေးရန် ပြောသဖြင့် မိမိမှပေးခဲ့ပါသည်။ မယုံကြည်သော်လည်း  အုပ်စုကွဲပြီး စခန်းမတည်ငြိမ်မှုများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုငွေအား  ပေးခဲ့ခြင်းဖြစ်သည်။နောင်မှ ထိုအခန်းကို အခြားတနေရာမှ ထောက်ပံ့မှုဖြင့်  ငှားထား ကြောင်း သိရှိခဲ့ရ ပြန်ပါသည်။ ၎င်းသည် ထိုအခန်းတွင်နေထိုင်ရုံမျှမက  ဦးတင်မောင်ဝင်း၏ နေအိမ်တွင်လည်း တခါတရံ သွားရောက်နေထိုင်ခဲ့ပြီး  တယ်လီဖုန်းများကို မြန်မာပြည်သို့ ခိုးဆက်ခဲ့ရာ ဖုန်းဘေလ်ဆောင်သည့် အခါမှ  ဘတ် ထောင် သောင်းချီကျနေပြီး ဇော်ဦး ခိုးဆက်ထားမှန်း ဦးတင်မောင်ဝင်း က  သိရှိခဲ့သည်ဟု ပြောပြသဖြင့် ABSDF ရဲဘော် တဦး အနေဖြင့် သူ့အစား  ရှက်ခဲ့မိပါသည်။

၎င်းမှ စခန်းရှိ ရဲမေများအား ဘန်ကောကသို့ ဆေးကုပေးရန်  အကြောင်းပြ၍လည်းကောင်း၊ ဒုက္ခသည် အဖြစ်လည်း ကောင်း လျှောက်ပေးရန်  ခေါ်ဆောင်သွားပြီး စခန်းသို့ ပြန်ရောက်လာသည့်အခါ မျက်ရည်နှင့် မျက်ခွက်  ဖြစ်နေကြသည် ကို မြင်တွေ့ခဲ့ရသည်။ ထို့အတူ အချို့ မစို့တစို  ယောင်္ကျားလေးများပင် အခြောက်ဘ၀သို့ သက်ဆင်းခဲ့ရသည်။ နဂါချိဆန် (ရွှေဝါရောင်  တော်လှန်ရေးတွင် ကျဆုံးသွားသော ဂျပန်သတင်းထောက်)နှင့် အဖွဲ့  ဘုရားသုံးဆူစခန်းသို့ လာစဉ် အမဲ သားဝယ်ကျွေးသဖြင့် ရဲဘော်များ တယောက်တတုံး  ရကြသည်၊ ထွန်းနိုင် တို့ ညီအကိုက တတုံးပဲ မျှစားကြပြီး ကျန်တ တုံးကို  သိမ်းထားရာတွင်၊ ဘောကြီးဆိုသူက ခိုးစားသည်ကိုသိပြီး ထိုးမည်လိုက်သည့်အခါ  ကြောက်လန့်စွာထွက် ပြေး သဖြင့် ရန်သူဖမ်းမိကာ အသတ်ခံလိုက်ရသည့် ဖြစ်ရပ်မှာ  ရင်နာစရာကောင်းသည်။

စိတ်မကောင်းစရာ ဒီအကြောင်းကို ပြန်ပြောရတာက အဲဒီအချိန်က  စခန်းရှိကျောင်းသားတွေရဲ့ ဆင်းရဲခေါင်းပါးလှတဲ့ အချိန်မှာ လူလည်လူလိမ်  ဇော်ဦး တယောက်ကတော့ ဘယ်သူတွေ ဘာဖြစ်နေနေ ကိုယ်သက်သာရာ သက်သာကြောင်းကောင်းကောင်းနေ ကောင်းကောင်းစားရဖို့ အရှက်မရှိ အဲဒီလို လုပ်ခဲ့တယ်ဆိုတာကို သိစေချင်လို့ တင်ပြရခြင်းဖြစ်ပါ သည်။

ထိုကဲ့သို ရဲဘော်များ ငတ်လွန်မက ငတ်နေသည်၊ ဆားများလွန်သဖြင့်  ယင်ကောင်ပင်မနားသည့် “ယင်မနားငပိ” ကို စားခဲ့ရသည့် ဘဝ၊ ဘုရားသုံးဆူတဝိုက်  ပေါက်နေသော စိမ်းစိမ်းအပင်မှန်သမျှကို စားနေရသောဘဝ၊ ဝတ်စရာမရှိသဖြင့်  မဲနှိုက်၍ ထမီပေါက်လျင် ရသောထမီကိုသာ ဝတ်ရသောဘဝနှင့် ဖြစ်သလိုနေခြဲ့ကသော  ရဲဘော်များဘဝကို ဇော်ဦး တို့ က ဂရုမစိုက် အရေးပင်မလုပ်ခဲ့ချေ။

ထိုကဲ့သို့ ABSDF ရဲဘော်များအပေါ် ခုတုံးလုပ်ကိုယ်ကျိုးရှာ  အမြတ်ထုတ်သွားသည့် ဇော်ဦးသည် မြန်မာနိုင်ငံသို့ပြန်ပြီး သတင်းမီဒီယာကို  အသုံးချ၍ သူသည် ABSDF ခေါင်းဆောင်ဟု ပြောသည်ကို ကြားရသည့်အခါ ကျနော်အပါအဝင်  ရဲ ဘော်များ အလွန်ခံပြင်းဒေါသ ထွက်ခဲ့ကြရပါသည်။ ထိုကဲ့သို့ ရဲဘော်  ရဲမေများ အားနည်းချက်၊ ငွေကြေး ချို့တဲ့မှုများကို အခွင့်ကောင်းယူခဲ့သည့်  တကိုယ်ကောင်းသမား၊ တော်လှန်ရေးရဲဘော်၊ ရဲမေများများအပေါ် စည်းမထားဘဲ  လူမှုရေးအရအကျင့်ပျက်ဖေါက်ပြန်နေသော ဇော်ဦးအကြောင်းကို၊ ကိုအောင်သူငြိမ်း တို့ (ယခု  ဗဟုအဖွဲ့ဝင်များ) မှ သိရှိပြီး စခန်းတွင် စတင်ဆန့်ကျင်လာပြီး ပြဿနာများ  တက်လာခဲ့သည်။

ဇော်ဦးနှင့် သူပေးကျွေးထားသော အခွင့်ထူးခံအဖွဲ့နှင့် အခြေအတင်ဖြစ်ပြီးနောက် စခန်းမတည်မငြိမ် စဖြစ်လာခဲ့သည်။ထို့နောက် ဇော်ဦးအား စခန်းဥက္ကဋ္ဌအဖြစ်မှ ဖြုတ်ချကာ အောင်သူငြိမ်းအား ဥက္ကဋ္ဌအဖြစ် တင်ခဲ့သည်။

ဤအချိန်တွင် အလှူရှင်တချို့မှ စစ်သင်တန်းဆင်းပွဲအတွက်  အချိန်မီလှူထားသည့် ယူနီဖောင်းများကို ဇော်ဦးမှ လက်ခံ  ထားရှိပြီးဖြစ်သော်လည်း ၎င်းဥက္ကဋ္ဌမဟုတ်တော့သည့်အတွက် စခန်းသို့ နောက်ကျမှ  ပေးပို့ခဲ့သည်။ ထို့ကြောင့် ရဲဘော် များ ပုဆိုးများနှင့် ခါးတောင်းကျိုက်၍  သင်တန်းဆင်းခဲ့ကြရသည်။ သင်တန်းဆင်းပွဲ ဓါတ်ပုံဖလင်များကိုလဲ မတော်တဆ  ဟုဆိုကာ သမိုင်းဝင် ဖလင်မှတ်တမ်းများကို ယုတ်မာစွာ ဖျက်ဆီးပစ်ခဲ့သည်။

ထိုမှစ၍ အောင်သူငြိမ်း တို့သည် ဇော်ဦး၏ ဆန့်ကျင်ဘက် အုပ်စုတစုအနေဖြင့်  ရပ်တည်သွားတော့သည်။ ဤပြသနာများ ကြောင့် စခန်းတွင်းရှိ ရဲဘော်အချင်းချင်း  အာပီဂျေနှင့် ပစ်ခတ်သည့်အဆင့်သို့ ရောက်ရှိပြီး  ဗုံးသီးမပေါက်ကွဲခဲ့သဖြင့်သာ ရဲဘော်များ အသေအပျောက် မဖြစ်ခဲ့သော်လည်း  ကြီးမားသည့် စိတ်ဝမ်းကွဲသည့် ပြဿနာဖြစ်ပေါ်ခဲ့ပါသည်။

ထိုကြောင့် …

ဗဟိုမှ တာဝန်ရှိသည့် ဒေါက်တာ သောင်းထွန်းမှ လာရောက်စစ်ဆေးရာ ဒညတမှ  ပိုက်ဆံများယူပြီး လူတွင်ကျယ် လာ လုပ်သည့် ဇော်ဦး ကြောင့်  ထိုပြဿနာများဖြစ်သည်ကို သိရှိသွားသည်။ ထို့အတူ စခန်းမှ လူများသည်လည်း  ဖရိုဖရဲဖြစ် ကာ ဒုက္ခသည်လျှောက်သူများ၊ ပြည်တွင်းပြန်ဝင်သူများ၊  အခြားစခန်းသို့ ပြောင်းရွှေ့ သူများ၊ စခန်းမှ ထွက်၍ ထိုင်းနိုင်ငံတွင်းသို့ ၀င်ရောက်အလုပ်လုပ်ကိုင်သူများ အများအပြားဖြစ်လာပြီး စခန်တွင်  မိုးဗြဲဒယ်အိုး (၆) အိုးချက်ကနေရာမှ (၂) အိုးသာ ချက်ရတော့သည့် အဖြစ်သို့  ရောက်ခဲ့ရသည်။

ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) ပြိုကွဲသွားခြင်း

နောက်ပိုင်းတွင် ငွေကြေးတောင့်တင်းသည့် ဒညတအဖွဲ့တွင်  လျှို့ဝှက်အဖွဲ့ဝင်ဘဝမှ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဗြောင်  လုပ်ကိုင်လာသည်ကို တွေ့ခဲ့ရသည်။ ဇော်ဦး ဒညတ တွင် နေထိုင်စဉ် ကာလတွင်လည်း  အောက်ခြေရဲဘော်များအား ထိုင်းရဲမှ မကြာခဏဖမ်းခံရချိန်တွင် ဇော်ဦးမှ  မြန်မာနိုင်ငံကူး လက်မှတ်အတု (Passport) ကို သူကိုယ်တိုင် အတုလုပ်  ကိုင်ပြီး (Passport) အတုများကို ထည်လဲကိုင်ဆောင်နေသဖြင့် ရဲဖမ်းခြင်းမှ  လွတ်အောင်နေခဲ့သည်။ ထိုသို့ ဇော်ဦး ဒညတ ၀င်ရောက်သွားသည်နှင့် ဒညတတွင်လည်း  ငွေကြေးချစားမှုများ၊ မညီညွတ်မမျှတမှုများ ဖြစ်ပေါ်တိုးတက်လာ ကာ  အောက်ခြေရဲဘော်များဖြင့် ညီညွတ်ရေး ပြိုကွဲခဲ့ကြရသည်။

နိုင်ငံရေးကျောင်းသားများ၏ အညွန့်ကို ခူးစားခြင်း

၁၉၉၃ ခုနှစ်ကာလများအတွင်း ကျောင်းသားများသည် တောတွင်းတိုက်ပွဲအပြင်  ဘန်ကောက်၌ နိုင်ငံရေးတိုက်ပွဲများကို စတင်ဖေါ်ဆောင်လာခဲ့ပေသည်။ ၎င်းကာလများ၌  ထိုင်းနိုင်ငံတွင် နိုင်ငံရေးတိုက်ပွဲများ ဖြစ်သည့်  သံရုံးရှေ့ဆန္ဒပြခြင်းများ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများ၊  ထောင်တွင်းအစာငတ်ခံဆန္ဒပြတိုက်ပွဲများကို ဖေါ်ဆောင်ခဲ့ကြသည်။

ထိုအချိန်ကာလတွင် ၎င်းမှ တော်လှန်ရေးနိုင်ငံရေး အသိုင်းအ၀ိုင်းမှ  မဟုတ်သောသူများအား ဒုက္ခသည်အဖြစ် လိမ်လည် ၍ ကူညီလျှောက်ထားပေးခြင်းများဖြင့်  အဂတိ လိုက်စားခဲ့သည်။ ထိုသို့လျှောက်ထားပေးရာတွင် အမျိုးသမီငယ်များလည်း  ပန်းကောင်းအညွန့်ချိုး ခံခဲ့ရသည်။

မြန်မာကျောင်းသားများ၏ ထိုင်းနိုင်ငံတွင်း  နိုင်ငံရေးလှုပ်ရှားမှုများကြောင့် Open Society အဖွဲ့ မှ သိရှိလာကာ မြန်မာ  ကျောင်းသားများအတွက် ပညာတော်သင် (Scholarship) စကောလားရှစ် အစီအစဉ်များ  ပေါ်ပေါက်လာခဲ့သည်။ ထို အစီစဉ်ပေါ်လာခဲ့ရာတွင်လည်း ဇော်ဦးမှ  အညွန့်ခူးသွားခဲ့ပြန်သည်။ သူတဦးတည်းမဟုတ် တော်လှန်ရေးကျောင်းသား များအတွက်  ပညာသင်ဆုကိုဖြတ်ယူ၍ ပြင်ပအသိုင်းအ၀ိုင်းမှ သူခြေတော်တင်ထားသည့်  မိန်းခလေးငယ်များအပါအ၀င် သူနှင့် လက်သင့်ရာများကို  ထည့်သွင်းလျှောက်ထားရယူစေခြင်းဖြင့် အညွန့်ခူးစေသည်။

ကပ်ပါးသံသရာလည်ခြင်း

ထို့နောက် ဇော်ဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီး အလုပ်အကိုင်မရ  ဖြစ်နေချိန်တွင် အင်န်စီဂျီယူဘ်ီထံတွင် အလုပ်သွားလျှောက်ရာ  ဒေါက်တာသောင်းထွန်း (ဒညတအား အလွန်မုန်းတီးခဲ့သူ) ဦးစီးသည့် ၎င်းအဖွဲ့မှ ဒညတ  ခေါင်း ဆောင်တဦးဖြစ်ခဲ့သည့် ဇော်ဦးအား အလုပ်ခန့်လိုက်သည်။ ထိုမှတဆင့်  မြန်မာ့ငွေကြေးရန်ပုံငွေအဖွဲ့  (Burma Fund) ဘာမားဖန်တွင် ဒါရိုက်တာအဖြစ်  ရာထူးတိုးမြှင့်ခန့်အပ်လိုက်ပြန်သည်။ ဤအချိန်တွင် အိမ်ယာမြေဈေး  အကြီးဆုံးဖြစ် သည့် ၀ါရှင်တန်ဒီစီ နေရာတွင် မည်သို့ကြံဖန်လိုက်သည်မသိ  ဇော်ဦး အိမ်တလုံး ပိုင်ဆိုင်သွားတော့သည်။ (ထိုအချိန်က ဒေါက်တာစိန်ဝင်း  အိမ်ဌား၍ နေထိုင်နေရဆဲဖြစ်သည်)။

ထိုကာလမှာပဲ ကျနော့် မိတ်ဆွေတဦးဖြစ်သူ အမေရိကန်လူမျိုး မစ္စတာစကော်ဒီ  (မြန်မာဗုဒ္ဓဘာသာလေ့လာနေသူ University of Pennsylvania) သည် ဇော်ဦး အိမ်၌  ဇော်ဦး မရှိခိုက်တွင် ဇော်ဦး၏ အဒေါ်ဆိုသူနှင့် အမှတ်မထင်တွေ့ခဲ့ ပြီး  ထိုအဒေါ်ဆိုသူမှ သူသည် နအဖအစိုးရမှ ပညာရေးအစီအစဉ်ဖြင့် လွတ်လိုက်သည့်  ကိုယ်စားလှယ်ဖြစ်ကြောင်းနှင့် US State Department နှင့် တွေ့ရန်  လာသည်ဖြစ်ကြောင်းကို ပြောပြခဲ့သဖြင့် ဇော်ဦးဟာ ထိုစဉ်ကပင် နအဖအသိုင်း  အ၀ိုင်းနှင့် အဆက်အသွယ် ရှိကြောင်း သိရှိခ့ရဲသည်။ ထိုကိစ္စကို ကျနော်မှ  အင်စီဂျီယူဘီနှင့် ကိုမောင်မောင် တို့ကို သ တင်းပေးပို့ခဲ့သော်လည်း  မည်သည့်အရေးယူဆောင်ရွက်ကိုမျှ မပြုလုပ်ခဲ့ကြပါ။

နောက်ပိုင်းတွင် ဘာမားဖန် ဒါရိုက်တာ မြန်မာ့ရံပုံငွေအဖွဲ့  ဦးဆောင်ညွန်ကြားရေးမှူး ရာထူးနှင့်အတူ ဇော်ဦး မည်သို့ လုပ် လိုက်သည်မသိ  တိုတောင်းသော အချိန်ကာအတွင်း နောက်ထပ် အိမ် (၁) လုံးနှင့် ကား (၁) စီးကို  ပိုင်ဆိုင်ခဲ့တော့သည်။

Burma Fund ဒါရိုက်တာအဖြစ် လုပ်ကိုင်နေစဉ် နှစ် ၂၀ တိုင်တိုင်  ငွေစာရင်းရှင်းတမ်းကို သူပြည်သူသို မချပြသည့် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး  ညွန့်ပေါင်းအစိုးရ ဝန်ကြီးများအဖွဲ့အရှိန်ဖြင့် ပေးလာသော ထောက်ပံ့ငွေများ၊  အဆက်အသွယ်များ၊ ဒိုနာများနှင့် ချိတ်ဆက်မိပြီးသည့်နောက် ဟန်ညောင်ရွှေက  အင်န်စီဂျီယူဘီမှ ခွဲထွက်ပြီး Euro-Burma Office ဆိုကာ တစင်ထောင်သလို၊  ဇော်ဦးကလည်း အင်န်စီဂျီယူဘီကို ခြေစုံကန်ပြီး ဘားမားဖန်မှ နှုတ်ထွက်သွားကာ  ဟားဗတ်အုပ်စု အားငွေပေးဝယ်ယူခါ ဗဟုအဖွဲ့ကို ဖွဲ့စည်းပြီး  တစင်ထောင်လိုက်ပြန်သည်။

ယခင်က ဇော်ဦး ရဲ့ အကျင့်ပျက်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ကိုအောင်သူငြိမ်း၊  ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦး တို့သည် ယနေ့ တွင် ဇော်ဦး ကို အလုပ်အကျွေး  ပြုနေကြသည့် လခစားများ ဖြစ်နေကြသည်မှာ နားမလည်နိုင်စရာ သံဝေဂတရားလို့ပဲ  မှတ်ရပါတော့သည်။
 
ဤနောက်ပိုင်းတွင် …

ဘားမားဖန်မှ ဇော်ဦးနှင့် ဥရောပ ဟန်ညောင်ဝေတို့ ချိတ်ဆက်ကာ ဘဏ္ဍာရေးသော့  တချောင်းစီ ဖလှယ်လိုက်ကြသည်။ ယခုအချိန်တွင် ဘာမားဖန် ဒါရိုက်တာနေရာတွင်  ဇော်ဦး အစား ဒေါက်တာသောင်းထွန်းမှ လုပ်ကိုင်စားသောက်နေသည်။ ဤအချက်များကို  ကြည့်လျင် လူ့ဝမ်းထဲမှ မစင်နှင့် ရော၍ကျလာသော ကပ်ပါးကောင် တုတ်ကောင်  သန်ကောင် (Paras ites) များကို ကြက်၊ ၀က် ဘဲ ငါး သတ္တ၀ါများမှ စား၍  ထိုသတ္တ၀ါများအား လူများမှပြန်စားကြကာ မစင်နှင့်အတူ သံသရာ လည်နေသော သံကောင်တုတ်ကောင် ကပ်ပါးကောင်များ သကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

၎င်း မစင်သံသရာလည် ကပ်ပါးကောင်များဖြစ်ကြသည့် ဇော်ဦးနှင့်  ဗဟုအဖွဲ့ဝင်တို့သည် ဟန်ညောင်ဝေတို့နှင့် ပေါင်းစည်း မိကာ  မြန်မာ့နိုင်ငံရေးတွင် အရေးကြီးလှသော Vote No, No Vote ကိစ္စတွင်  ပညာရှင်များအဖြစ် တစခန်းထ ၀င်ရောက် စွက်ဖက်ကာ ဂန်ဘာရီထံ ၀င်ရောက်ဆက်နွယ်၍  ဂန်ဘာရီ မစင်ပါချရာမှတဆင့် ကြပ်ပြေးအိမ်သာထဲသို့၎င်း ကပ်ပါး ကောင်များ  ရောက်သွားတော့သည်။

ထိုမှတဆင့် အီလစ်အဖွဲ့ ကို ၀င်ရောက်ကာ အသက်သွင်း၍ ၂၀၀၈ ခုနှစ်  အခြေခံဥပဒေအား ထောက်ခံရန် ကမ္ဘာပတ်၍ စည်းရုံးခဲ့သည်။ ထိုအချိန်ကာလတွင်  ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာနေသည့်အတွက်ကြောင့် တွေ့ဆုံဆွေးနွေးရေးက  ခက်နေတာဟု ဇော်ဦးမှ ကျနော့်အား လော့စ်အိမ်ဂျယ်လီမြို့တွင် ပြောခဲ့ပါသည်။  ဗဟုအဖွဲ့ဝင် အောင်နိုင်ဦး ကလည်း ဆရာ့လေသံနင်းပြီး ဒေါ်စု  ခေါင်းမာနေတာကြောင့်ဟု ဆောင်းပါးများရေးခါ ဒေါ်စုကို ဆရာဇော်ဦး အလိုကျ  ပုတ်ခတ် တိုက်ခိုက်ခဲ့သည်။

မစင် ကပ်ပါးသံကောင် ဇော်ဦးသည် သူ၏ မိဘ (၂) နှစ်ပါး  စစ်တပ်အရာရှိကြီးများ၊ ဦးလေးတော်သူ ဦးလင်းမြိုင် (နအဖ၊ န၀တ သံအမတ်ဟောင်း  USA) တို့၏ အရှိန်အ၀ါ အဆက်အသွယ်များနှင့် ဆွေမျိုး မိသင်္ဂဟများမှတဆင့်  နိုင်ငံတော် အ ကြံပေးအဖွဲ့၊ အခြားနိုင်ငံရေး ပါတီအဖွဲ့ အစည်းများ၏  အတွင်းသို့ ၀င်ရောက်ကာ တိုင်းပြည်တွင်း၌ ဒုက္ခပေးရန်အတွက် စတင်နေသည်။

ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ) ရိုဟင်ဂျာ ဥက္ကဋ္ဌ နရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး

ပထမဆုံး ခြေလှမ်းအဖြစ် ကြပ်ပြေးနေပြည်တော်၌လုပ်သည့် အမျိုးသားစီးပွားရေး  အလုပ်ရုံအစည်းဝေးတွင် အာဆီယံ စီးပွားရေး ကွန်မြူနတီ (Asian Economic  Community)မှ ရေးထားသည့် “အခွင့်အလမ်းနှင့် စိန်ခေါ်မှု” (Opportunity and  Challenging) ဆိုသည့်စာတမ်းကို သူရေးထားသယောင်နှင့် ခတ်တည်တည်တက်၍  ဖတ်ခဲ့ပါသည်။

ထိုကဲ့သို့ ပညာခိုးမှု (Plagiarism) လုပ်ဆောင်ခြင်းကို ဘာမှမသိသောနိုင်ငံ  ရေးအကြံပေးအဖွဲ့ ဆိုသူများမှ အထင်တကြီး နှင့် ခွင့်ပေးခဲ့သည်ကိုလည်း  သတိထားသင့်ပါသည်။

ထို့အတူ သတင်းမီဒီယာများနှင့် ပူးပေါင်းလုပ်ကြံ၍ ဇော်ဦးသည် ABSDF  ကျောင်းသားခေါင်းဆောင်ဟု သုံးစွဲထုတ်လွှင့် အင်တာဗျူးနေခြင်းများသည်လည်း  လွန်စွာမှ စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ အတွင်း၌ ယခုကဲ့သို့  ပညာရှင်များဟု အရေခြုံကာ မစင်ကပ်ပါး သံကောင်များမှ ၀င်ရောက်လာခြင်းကို  ကြီးစွာသတိထားရှိရန် အသိပေးလိုသည်မှာ ၎င်းတို့သည် မည်သည့်လုပ်ငန်း သက်တမ်း  အတွေ့အကြုံများ စိုးစဉ်းမျှမရှိခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြားနေခြင်း၊  ရဲဘော်ရဲဘက် မောင်နှမသားချင်း စာ နာစိတ်မရှိခြင်း၊ ငွေကြေးချစားခြင်း  စသည့်အချက်များနှင့် ပြည့်စုံနေသူများဖြစ်ကြောင်းကို သတိပေးအပ်ပါသည်။

ထို့အတူ ပညာရှင်ဟုဆိုရာတွင်လည်း ဘွဲ့ရကျောင်းပြီးသူများအားလုံးကို  ပညာရှင်ဟု မသတ်မှတ်နိုင်သလို ဘွဲ့မရဘဲ ပညာရှင်ဖြစ်သူများလည်း ရှိကြပေသည်။  ဥပမာ အမေရိကန်နိုင်ငံ ကွန်ပြူတာပညာရှင် Steve Job စတီ့ဗ်ဂျော့ ဆိုလျင်  တက္ကသိုလ်ဘွဲ့ ကောင်းကောင်း မရရှိခဲ့ဘဲ ကမ္ဘာကျော် ကွန်ပြူတာပညာရှင်တဦး  ဖြစ်ခဲ့သည်မှာ သူ၏ကျိုးစားစိတ်၊ ရိုး သားစိတ်နှင့်  လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့် ဖြစ်ပေသည်။ ထို့အတူ ကွန်ပြူတာပညာရှင်  Microsoft တီထွင်သူ Bill Gate ဘေးလ်ဂိတ် သည်လည်း အပါအ၀င်ဖြစ်သည်။

၎င်းအပြင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင် (Phil Maung)  (အမေရိကန်နိုင်ငံတွင် ဘွဲ့မရသူ) ကို အမေရိကန်နိုင်ငံ စီးပွား  ရေးကျနေချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများ တိုးတက်၍ အအောင်မြင်ဆုံး  စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်လာသည့် အတွက်ကြောင့် အမေရိ ကန်သမတ  အိုဘားမားနှင့် လွတ်တော်အဖွဲ့တို့မှ ခေါ်ယူတွေ့ဆုံ ဂုဏ်ပြု၍  စီးပွားရေးပညာရှင်ဟု သတ်မှတ် လိုက်ပါသည်။ ထို့ကြောင့် ကျနော်တို့  တိုင်းပြည်တွင် ခေတ်နောက်ကျနေသည့် အတွေးအခေါ် တချို့ကို ယနေ့အချိန်ကာလမှာ  ပြင်သင့်သည်ကို ပြင်ရမည် ဖြစ်ပါသည်။

နိဂုံးအားဖြင့် ဇော်ဦး တို့လို မစင်စား သံကောင်များရှိသည့် အစာကို  စားမိလျင် စားမိသည့် သူများအားလုံး ဒုက္ခဘေးနဲ့ သာ ကြုံတွေ့ရမည်ကို  အထက်ဖေါ်ပြပါ အချက်များအရ ဆင်ခြင်သုံးသတ် သတိထားပြီး ဤအန္တရာယ်ကို  ကာကွယ်ရန်မှာ တာဝန်သိသူများတွင် တာဝန်ရှိကြောင်းနှင့် နောင်အနာဂတ်  တိုင်းပြည်အန္တရာယ်များအတွက် ကြိုတင်ကာကွယ်နိုင်ရန် အသိပေး တင်ပြအပ်ပါသည်။

မူးသာ၁၀၁ ဘုရားသုံးဆူစခန်းအောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်။
 မှတ်ချက်။နောင်အနာဂတ်တိုင်းပြည်  ဒီမိုကရေစီပြန်လည်ထွန်းကားချိန်တွင် သန့်ရှင်းစင်ကြယ်စွာဖြင့်  လုပ်ဆောင်နိုင်ရန် ဖေါ်ပြပါ မစင်စားသံကောင်များကဲ့သို့  နိုင်ငံရေးအကြောင်းပြု အကျင့်ပျက်ချစားနေသူများအား မိမိအနေဖြင့်  ဆက်လက်ဖေါ်ထုတ် တင်ပြသွားမည်ဖြစ်ပါသည်။

မန္တလေး ယကက နှင့် အမှတ်(၈)ယာဉ်လိုင်း တိုက်ပွဲ ။

by ကိုဝိုင် ဝိုင်ကေ on Monday, July 9, 2012 at 3:14pm ·
(၉-၇-၁၂) နေ့ ညနေ (၆း၀၀)နာရီမှာ မန္တလေးတိုင်းဒေသကြိး အမရပူရမြို့နယ်မှာရှိတဲ့ အမှတ်(၈)မော်တော်ယာဉ် အသင်းရုံးမှာ ယာဥိမှူး ယာဉ်လိုက်များ စုဝေးရောက်ရှိလာကြပြီး အစည်းအဝေးတခုပြုလုပ်ပါတယ်။

စုရုံးရောက်ရှိနေရတဲ့ အကြောင်းကတော့ မန္တလေးယာဉ်ကြီးကြပ်ရေး ကော်မတီကနေ ယာဉ်တစ်စီးကို ဓါတ်ဆီ/ဒီဇယ် ဆိုရင် ၅၀၀ကျပ်၊ ဓါတ်ငွေ့ကားဆိုရင် ၆၀၀ကျပ် ကောက်ခံနေမှုအပေါ် လက်ခံနိုင်ခြင်းမရှိတဲ့ အတွက် ကန့်ကွက်ကြတာဖြစ်ပါတယ်။

ယခင် မထသ လို့ခေါ်တဲ့ မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ ခေတ်ကလည်း ထိုသို့ကောက်ခံခဲ့ပြီး ဖြစ်ပြိး ထို မထသ ဖျက်သိမ်းပြီးနောက်မှာ အသွင်မပြောင်း အမည်ပြောင်းထားတဲ့ ယကက ဆိုတာ ပြန်ဖွဲ့လာပါတယ်။

အမှတ်(၈)ယာဉ်လိုင်းမှ မော်တော်ယာဉ်များဟာ ယာဉ်လိုင်းအသင်းကို ၁၃၀၀ကျပ်နှင့် ယကက အတွက် ၅၀၀/၆၀၀ ကျပ် (စုစုပေါင်း ၁၈၀၀/၁၉၀၀ ကျပ်)ကို နေ့စဉ်ပေးဆောင်နေရပါတယ်။ ဒီအတွက် ယာဉ်လိုင်းအသင်းကိုပေးဆောင်နေရတဲ့ ၁၃၀၀ကျပ်ကို မေးတဲ့အခါ အမှတ်(၈)ယာဉ်လိုင်း အသင်းဝင်တွေ ၊ယာဉ်တွေ အတွက် သာရေး၊နာရေး၊ကထိန် စသည့်ကိစ္စရပ်များ၊ အသင်း၏လည်ပတ်ရေးဆိုင်ရာများ အသုံးပြုရန် ဖြစ်သည့်အပြင် နှစ်စဉ် ဘဏ္ဍာရေးရှင်းတမ်းရှိသည့်အတွက် အသင်းသားများက လက်ခံကြသည်ဖြစ်သည်။

ယကက မှ ကောက်သော ၅၀၀/၆၀၀ နှင့်ပတ်သက်၍ မည်သည်ကြောင့် ကောက်သည်၊ မည်သို့ အသူံးချမည် ဆိုတာ ပွင့်လင်းမြင်သာမရှိပဲ နှစ်စဉ်ဘဏ္ဍာရေး ရှင်းတမ်းလည်းထွက်မလာသောကြောင့် အသင်းသားများမှ ထည့်ဝင်ခြင်းမရှိတော့ပဲ ရပ်ဆိုင်းလိုက်ကြသည်။ အမှတ်(၈)ယာဉ်လိုင်းသည် နေ့စဉ် အစီး(၆၀)အောက်ခံပြေးဆွဲနေသော လိုင်းဖြစ်ပြီး ကားအစီးရေ(၁၀၃)စီးရှိသည့် မန္တလေးတွင် ယာဉ်အများဆုံးလိုင်းတလိုင်း ဖြစ်သည်။ လစဉ် ၁၂သိန်းကျော် ယကက သို့ပေးသွင်းနေရပြီး ထိုဘဏ္ဍာများ မည်သို့ အသုံးချသည်ကို ယနေ့ထိ ဖော်ပြခြင်းမရှိသေးပေ။ မန္တလေးမြို့တွင် ယာဉ်လိုင်းပေါင်း ၄၀ ကျော် မြို့တွင်းတွင် ပြေးဆွဲလျက်ရှိရာ တစ်လဝင်ငွေကို မှန်းဆကြည်နိုင်သည်။ ထိုသို့ မပေးဆောင်ခြင်းနှင့် ပတ်သက်၍ ယကက မှ ယာဉ်လိုင်းပိတ်သိမ်းမည်ဟု စာထွက်လာသောကြောင့် တိုင်းပို/ဆက်ရုံးသို့ တိုင်ကြားခဲ့ရာ တိုင်းပို့/ဆက်မှ ယကက အား မည်သူကကောက်ခိုင်းသနည်.၊ ယာဉ်လိုင်း ပိတ်ခြင်းသည် ယကက မှဆောင်ရွက်နိုင်သည့် အာဏာမရှိကြောင်း တိုင်တန်းသူတို့ရှေ့တွင် ပြောကြားခဲ့သောလည်း ၊ တဆင့်တက်၍ ယာဉ်ပိုင်ကျန် ရငွေမှ ၅%ကောက်ခံခွင့်ရှိကြောင်းပင် ပြောဆိုလာသည့် အတွက် ကန့်ကွက်မှုများဖြစ်ပေါ်လာခြင်း ဇြစ်သည်။ လွန်ခဲ့သည့် (၂)နှစ်ခန့်မှ စပြီး မပေးဆောင်ပဲ ပြေးဆွဲနေသော ဂရိတ် ကားအသင်းအား အရေးယူမှု တစုံတရာ မပြုလုပ်ပဲ ယခု အမှတ်(၈)ယာဉ်လိုင်း အပေါ် ခြိမ်းခြောက်ပြောဆိုလာခြင်းဖြစ်သည်။ ဂရိတ် ကားအသင်းသည် ပီဒီပီပါတီ ဥက္ကဌ၏ ပုဂ္ဂလိက အသင်းဖြစ်သည်။

ထိုသို့ ဆွေးနွေးဆောင်ရွက်ခြင်းအပေါ် မေးမြန်းရာတွင် ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုကျော်သူမောင် မှ မိမိတို့ ယာဉ်လိုင်းတွင် စီးပွားရေး အဆင်မပြေလို့ ယာဉ်မှူး/ယာဉ်လိုက်တွေ၏ သားသမီးများ ကျောင်းထွက်ဈေးရောင်းနေရသူများရှိကြောင်း၊ မိမိတို့ ထည့်ဝင်သည်ငွေသည် ယာဉ်လိုင်းများမှ လူမှုဖူလုံရေးများ၊ ကျန်းမာရေး ၊ သာရေး/နာရေးများ ၊ နှင့် မတော်တဆထိခိုက်မှုများအပေါ် မည်သို့ မှ ကြည့်ရှုစောင်မခြင်းမရှိ့ပဲ.. အခက်အခဲများဖြစ်ပေါ်တိုင်း မိမိတို့ ဘာသာ ဖြေရှင်းရပြိး ငွေကြေး တစ်စုံတရာ ထောက်ပံ့ပေးခြင်း မရှိကြောင်း သို့သော် ထိုပိုက်ဆံတို့ကိုမူ ပေးနေရကြောင်း ၊ ထို့ကြောင့် ဘာအတွက်ကောက်သည် ဘယ်လိုရည်ရွှယ်ချက်ဖြစ်သည် သိလိုကြကြောင်း သင့်တော်သော ရည်ရွယ်ချက်ဖြစ်ပါက ထည့်ဝင်ကြမှာဖြစ်ကြောင်း၊ သို့ရာတွင်မူ ဘာမှ လုပ်မပေး မစောင့်ရှောက်ပဲ သီးသန့်ကောက်နေခြင်းမှာ အဆင်မပြေကြောင်းပြောကြားသည်။

ထိုကိစ္စကို ဥိးဆောင်လှုပ်ရှားနေသူ ကိုအောင်ဇော်ထွန်း( ကိုမလေးရှား)ကိုမေးမြန်းရာတွင် မိမိတို့ ယခုလို ဆောင်ရွက် ရခြင်းမှာ ကောက်ခံနေသော ငွေကြေးများ ဘာကြောင့် ကောက်တာလဲ ၊ ဘာတွေလုပ်ဖို့လဲု ၊ ဘာတွေလုပ်ပြီးပြီလဲ၊ ဘာတွေသုံးလို့ ဘယ်လောက်ကျန်တာလဲ ... ဘာမှ မသိရကြောင်း ၊ ပြောပြသည်။

 မန္တလေးတိုင်း ဒေသကြီး အစိုးရ အတွက် ဖွံ့ဖြိုးရေးရံပုံငွေ ရှာတာလား ၊ အပ်ရသလား ၊ ဒါမှမဟုတ် ယာဉ်လိုင်းတွေ အတွက် အကာအကွယ်တွေပေးဖို့ ၊လူမှုဖူလုံရေး၊ သားသမီးတွေရဲ့ပညာရေး ၊ ကျန်းမာရေး စတာတွေ ကြည့်ရှုစောင့်ရှောက်ဖို့ ဒီလိုမျိုးဆို ကျွန်တော်တို့ ၅၀၀/၆၀၀ ကျပ် ပေး၇တာ ကိစ္စ မရှိကြောင်း ၊ ခုဟာက အပေါ်လဲမရောက် အောက်လဲ မရောက် ၎င်းတို့ လက်ထဲတွင် သာ ရှိပြီး ဘဏ္ဍာရေးရှင်းတမ်းလည်းမထွက်လာဘူး..ဒီငွေတွေ ဘယ်ရောက်သွားလဲ ၊ ဘာတွေ လုပ်သလဲ... ၊ ကြားထဲကနေ သက်သက်မဲ့ ဂုတ်သွေးစုတ်သကဲ့သို့ ခံစားရကြောင်း ထို့အတွက် ယကက သို့ မပေးသွင်းတော့ဘူး..နေကြတာ...။ အဲဒီမှာ မပေးသွင်းရင် ယာဉ်လိုင်းပိတ်မယ်ဆိုပြီး စာနှင့်ကို ပို့လာတာ.. အဲတာကို ပို့/ဆက်ကိုလည်းတင်ပြီးပြိး ၊ ပို့/ဆက်ရုံးကို ကျွန်တော်တို့ ကိုယ်တိုင် သွားတွေ့တယ်။ ပို့/ဆက် ကလည်း ယကက ကိုပြောတယ် လုပ်ပိုင်ခွင့်မရှိဘူး၊ ကောက်ခံခွင့်မရှိဘူးဆိုတာ ပြောတယ်။ ဒါကို မရဘူး...ဟု ၎င်းက ပြောသည်။

ယခင် မထသ ရှိစဉ်ကလည်း ရံပုံငွေ ပေးသွင်းခဲ့ရပြီး မည်သည်ယာဉ်လိုင်းမှ ထောက်ပံ့စောင့်ရှောက်မှု မရခဲ့ကြောင်း ၊ နာရေးပို့ လိုက်ပါရသည့် ယာဉ်ကိုပင် ၃၀၀ ကျပ်ကောက်ခဲ့ကြောင်း၊ ၃၀၀ ပေးသွင်းသည့်လက်မှတ်ကို အချိန်မှိ မပေးသွင်းမိ၍ နံနက်စောစော ၅၀၀ ကျပ်ပေး၍ တံဆိပ်ထုခိုင်းရကြောင်း သိရှိရသည်။

နိုင်ငံတော်မှ ပြောင်းလဲမှုများ ဆောင်ရွက်နေချိန်တွင် မိမိတို့ အကျိုးစီးပွားကို အထောက်အကူ မပြုပဲ ၊ ရည်ရွယ်ချက်မရှိ အကြောင်းပြချက် မရှိ အကြောင်းမဲ့ ကောက်ခံနေခြင်းကို သီးမခံနိုင်တော့၍ ဆက်လက်ပေးသွင်းရေး -မပေးသွင်းရေး အတွက် ဒီနေ့ အစည်းအဝေး ပြုလုပ်ခြင်း ဖြစ်ကြောင်း ယာဉ်မှူး တစ်ဦးကပြောသည်။

အရေးယူခွင့်ရှိခဲ့ရင်လည်း လွန်ခဲ့သော ၂ နှစ်ခန့်မှ စ၍ ယကက ၏ကောက်ခံမှုကို ကန့်ကွက်ပြီး ယနေ့ထိ မပေးသွင်းသော ဂ၇ိတ် ယာဉ်လိုင်းကို မူ အရေးယူတာ လိုင်းပိတ်သိမ်းကြောင်း တစုံတရာ မကြားရကြောင်း... ဒီ ဂရိတ် အသင်းပိုင်ရှင် ကလည်း ပြည်သူ့ဒိမိုကရေစီပါတီ ဥက္ကဌ ... သူတို့ကိုတော့ အရေးယူတာ မကြားသေးဘူး..။ ဒါ ဘာသဘောလဲ မသိဘူး ဟု ယာဉ်နောက်လိုက်တစ်ဥိးကပြောသည်။

ဒီနေ့ အသင်းကနေ ဒီပြဿနာ ဖြေရှင်းဖို့ ယာဉ်းမှူး/ယာဉ်လိုက်တွေထဲက ဥိးဆောင်မယ့်သူ ကိုယ်စားလှယ် (၁၀)ဦးတောင်းတယ်။ လူကြီးတွေနဲ့ တွေ့ရင် ပြောရမယ်သူတွေလို့ ပြောတယ်။ ပျက်ကွက်ရင် အသင်းကထုတ်ခံရမယ်လို့ ပြောတယ်။ အဲတာကိုတော့ လက်မခံဘူး။ တွေ့ရမယ်အချိန်မှာ အဖေသေတယ်ဗျာ ၊ ၊အမေသေတယ်ဗျာ နာရေးရှိမယ်ဆို ဘယ်လိုလုပ်မလဲ ..အခြားတခုခုကြောင့် မလာနိုင်ရင်ကော  တွေ့တာမလိုက်တာနဲ့ အသင်းကထုတ်မယ်ဆိုတာ မဖြစ်သင့်ဘူး ဟု ယာဉ်မှူး တစ်ဦးကပြောပါတယ်။

အမှတ်(၈)ယာဉ်လိုင်းသည် မဆလခေတ်လက်ထက်မှ အစိုးရက သတ်မှတ်ပေးသော အမှတ်စဉ်ဖြင့် တည်ထောင်ခဲ့တာ ဖြစ်သည်။ အမရပူရမြိုနယ် သိမ်ကြီးဈေးအနီးတွင် ရုံးတည်ရှိပြီး ၊ ဈေးချို-အိုးတုတ္တန်း ၊ ဈေးချို-အမရပူရ ပြေးဆွဲနေသော သက်တမ်းရင့် ယာဉ်လိုင်း တစ်ခုဖြစ်သည်။ ယာဉ်အစီးပေါင်း (၁၀၃)စိးရှိပြီး ၊ နေ့စဉ် ယာဉ်အစီး (၆၀) မှ (၈၀)ကြား ပြေးဆွဲပေးနေသည်။

သတင်းနှင့်ဓါတ်ပုံ
ကိုဝိုင်ဝိုင်ကေ

ရန်ကုန်က၅၀နှစ်ပြည့် 7 july အခမ်းအနားရုပ်သံ

၁မှ၅အထိ...