Wednesday, August 8, 2012

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်းအရေးယူရန်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့


Eleven Media Group အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချ မှတ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန်အဆိုအား သြဂုတ်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့် ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။ အနောက်ဘက်မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။ အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။ နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။ တရားမ၀င် ၀င်ရောက်လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ မညီညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ထားတာ တွေ့ရပါတယ်။ အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာမထောက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေကို တွေ့နေ ရပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်မှာ အချက် အလက်တွေ အကုန်မထည့်ဘဲ ထုတ်ပေးရတာတွေ ရှိပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ မငြိမ်မသက်ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ တရားမ၀င် စိမ့်ဝင်လာတာတွေ၊ စိစစ်ရေးကတ် ကိုင်ထားတာတွေ၊ လူမျိုးခြားတွေကို အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ''ဟု တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအဆိုကို မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေက ''ဒီအဆိုကို ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးမှ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ လတ်တလောဆွေးနွေးရင် မီးလောင်ရာ လေပင့်သလို ဖြစ်နေပါတယ်။ မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ကပဲ ကျောက်တော်မှာ မီးရှို့မှု ဖြစ်သွားပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပဲ အလုပ်ရှုပ်ပါတယ်။ အဆိုမှာပါတဲ့ အလုပ်က အခုမှ လုပ်ဆောင်သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန်လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှု အကဲဆတ်နေတဲ့အချိန်ဖြစ်လို့ လွှတ်တော်အနေနဲ့ မဆွေးနွေးသင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လတ်တလော မွတ်စလင်နိုင်ငံတွေက စောင့်ကြည့်နေတာ ကိုလည်း ကျွန်တော်တို့ခံနေရပါတယ်။ ဒါကြောင့် လတ်တလောဆွေးနွေးဖို့ အချိန်စောနေ ပါသေးတယ်''ဟု ထောက်ပြဆွေးနွေးခဲ့သည်။

အဆိုကိုကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်ရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူဦးရေ ၄၀ ဦးမပြည့်သည့်အတွက် ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ကလေးတွေကို ပြည်အာဏာပိုင်တွေက တောနက်ထဲမှာ သွားရောက်စွန့်ပစ်

New MyanmarFoundation

2012-08-07

ပဲခူးတိုင်း ပြည်မြို့ မြကွမ်းတောင် ဘုရားဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကရုဏာလက်များ ကွန်ယက် စာသင်ကျောင်းမှာ ပညာသင်နေတဲ့ အခြေအနေမဲ့ ကလေး အယောက် (၄၀) လောက်ကို ဒေသခံ အာဏာပိုင်တွေက ဖမ်းခေါ်သွားပြီး ပြည်မြို့နဲ့  မိုင်(၁၀၀) ကျော် ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက် စွန့်ပစ်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကလေးတွေကို ပြီးခဲ့တဲ့ စနေနေ့ ည (၉) နာရီက ဖမ်းဆီးပြီးတဲ့နောက် စည်ပင်လူကြီး ၆ ယောက်နဲ့  ဆိုင်ကယ်စီးရဲ အယောက် ၂၀ လောက်က စည်ပင်အမှိုက်သိမ်းကားထဲမှာ စုပြုံထည့်ပြီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။ အဲဒီနောက် ဓာတ်ပုံရိုက်ယူပြီး မိဘနာမည် မေးမြန်းခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။

အဲဒီကလေးတွေဟာ ၂ ညအိပ် လမ်းလျှောက် ပြန်လာခဲ့ကြရပြီး ဒီနေ့ မနက်ပိုင်းကမှ ပြည်မြို့ကို ရောက်ရှိတယ်လို့ စာသင်ကျောင်း ဖြစ်မြောက်ရေးအတွက် အကူအညီပေးနေသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က နောက်နေ့ကျမှ သတင်းရတာ။ ကျွန်တော်တို့ ကျောင်းသားလေးတွေ ကျောင်းကို ရောက်မလာကြဘူး။ ၅ ရက်နေ့ကျတော့။ စုံစမ်းတာလည်း စုံစမ်းလို့ မရဘူး။ ၆ ရက်နေ့ကျတော့ ပြန်ရောက်လာရော။ ၁၅ ယောက် အယောက် ၂၀ လောက် ရောက်လာတယ်။ မေးကြည့်တော့ ကျွန်တော်တို့ကိုတဲ့ အဲဒီမှာ ဖမ်းသွားတယ်တဲ့။ ဖမ်းသွားပြီးတော့ အကုန်လုံးကို ကားအောက်ထဲမှာ ငုတ်တုတ်ထိုင်ခိုင်းတယ်။ မထရဘူး။ လမ်းကို မမြင်ရဘူး။ အပြင်ကလူတွေလည်း အထဲကို မမြင်ရအောင်ထင်တယ်တဲ့။ လူအစိတ်လောက် ရှိတယ်တဲ့။ အဲဒါ ကျွန်တော်တို့ ကားကြီးကို မောင်းသွားတာ ဘယ်ကိုမောင်းလို့ မောင်းမှန်းမသိဘူးတဲ့။ အဲဒီမှာ ကျွန်တော်တို့ တရေး၊ နှစ်ရေးလောက်တောင် ရတယ်တဲ့။ နောက် သန်းခေါင် သန်းလွှဲလောက် ကျတော့ နေရာတစ်ခု အဲဒီမှာ မင်းတို့ဆင်းဆိုပြီး ဆင်းခိုင်းလိုက်တယ်။ ဆင်းခိုင်းပြီးတော့ သူတို့ကားက ပြန်ထွက်သွားတယ်။ ကျွန်တော်တို့လည်း ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ ကားလမ်းဘေးပေါ့တဲ့။ အဲတာနဲ့ ကျွန်တော်တို့ ရွာရှိမယ် ထင်ရတဲ့ နေရာကို ခန့်မှန်းပြီးတော့ လျှောက်လာကြတယ်။ ကတ္တရာလမ်းအတိုင်း။ ရွာတစ်ရွာရောက်တော့ ကျွန်တော်တို့ အဲဒီမှာပဲ မိုးလင်းအောင် နေလိုက်တယ်တဲ့။ မိုးလင်းတော့မှ မေးကြည့်တော့ ပြည်ကနေ ရခိုင်ဘက်ကို ထွက်တဲ့ လမ်းမှာ ရောက်နေတယ်။ အဲဒါနဲ့ ဥသျှစ်ပင်ကို မှန်းပြီး အဲလမ်းအတိုင်း လျှောက်တာ တနေကုန်လမ်းလျှောက်ပြီး ဥသျှစ်ပင်ကို ရောက်တယ်။ ဥသျှစ်ပင်မှာ တောင်းရမ်းစားသောက်ပြီး ကားခလေး ဘာလေးရှာဖွေပြီး တချို့က ကားနဲ့ တချို့က လမ်းလျှောက်ပြီး ပြည်ကို ပြန်ရောက်လာတယ်"

ကလေးတွေအနေနဲ့ ပြည်မြို့ကိုပြန်လာရင် ထောင်ချပစ်မယ်လို့  စည်ပင်လူကြီးက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့  အဖမ်းခံရာမှာ ပါဝင်တဲ့ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးက RFA ကိုပြောပါတယ်။

"ပြည်ဘက်ကို ပြန်လာရင်တဲ့ နင်တို့ကို ထောင်ထဲထည့်မယ်တဲ့။ နင်တို့ အုပ်စု ရခိုင်ပြည်နယ်ကို သွားရင်တဲ့ နင်တို့ကို မှတ်ပုံတင်လည်း ပေးမယ်။ အိမ်သစ်လုံးကြီးတွေလည်း ပေးမယ်။ ဆန်တွေလည်း ပေးမယ်တဲ့။ အဲဒီလို ပြောပါတယ်။ စည်ပင် ခေါင်းဆောင်ကြီးက"

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်မြို့ စည်ပင်သာယာဌာနကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ကလေးအများစုဟာ မိဘမဲ့တွေဖြစ်ပြီး တောထဲမှာ ဒီအတိုင်း စွန့်ပစ်ခံခဲ့ရတာကြောင့် အားလုံးနီးပါး ဖျားနာနေကြပါတယ်။ သူတို့ကို နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးလှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က ဆေးဝါးနဲ့ အစားအသောက်တွေ ကူညီပေးထားတယ်လို့ သိရပါတယ်။

မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား

August 8, 2012 at 10:46 am

ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက်သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပိုင်များက ယနေ့တွင် ဈေးဆိုင်တန်းများ၊ လမ်းဘေးဈေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။

“ ဟုတ်တယ်။ ဗုံးသတင်းကြောင့် ဒီနေ့က ဈေးဆိုင်တွေ၊ လမ်းဘေးဈေးတွေ အပါအ၀င်၊ လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
မောင်တောမြို့တွင် ဈေးကြီးကို အရေးအခင်း ဖြစ်ပွားသည့် အချိန်မှ ပိတ်ထားခဲ့ရာ ယခု အချိန်ထိ ပြန်မဖွင့်နိုင်သေးသော်လည်း လမ်းဘေး ဈေးများနှင့် ပြင်ပ ဈေးဆိုင်များကို ဖွင့်လှစ်ရောင်း ချနေကြောင်း သိရသည်။
ယနေ့တွင် အဆိုပါ ဈေးများနှင့် ဈေးဆိုင်များကို ဖွင့်လှစ် မရောင်းချရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း ဒေသခံ အမျိုးသမီးကြီး တစ်ဦးကလည်း  ပြောကြားသည်။
“အကြမ်းဖက်သမားတွေ ဗုံးဖေါက်ခွဲမယ်ဆိုပြီး မနေ့ကညနေပိုင်း ကနေ သတင်းတွေ ထွက်နေ ပါတယ်။ ဒီနေ့ လမ်းဘေးဈေးတွေ အားလုံး မနက် ၆နာရီကနေ ပိတ်လိုက်ပါပြီ။ လူတွေကိုလည်း အပြင် မသွားကြဖို့၊ ကိုယ်အိမ်မှာကိုယ်နေကြဖို့  မြို့နယ်နဲ့  ခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေက ပြောထားပါတယ်” ဟု ပြောသည်။
အစိုးရ ရုံးအများအပြားလည်း ယနေ့တွင် ပိတ်ထားကြောင်း မျက်မြင် ဒေသခံ လူငယ် တစ်ဦးဖြစ်သူ ကိုမျိုးချစ်က ပြောသည်။
“ အစိုးရရုံးတွေလည်း ဖွင့်တာ မတွေ့ဘူး အစ်ကို။ မနက်ပိုင်းကတော့ အစိုးရ ဘဏ်နဲ့ ကမ္ဘောဇ ဘဏ်ကို ဖွင့်တာတော့ တွေ့လိုက်ရတယ်။ အခုတော့ ပိတ်သွားပြီ။ အထက်တန်းကျောင်းကတော့ အရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားတဲ့ အတွက် ကျောင်းက မဖွင့် ဖြစ်သေးပါဘူး။ အခုတော့ လူတွေ အကုန်လုံး အိမ်ထဲမှာနေကြပါတယ်။ လူငယ် တစ်ချို့ ဆိုင်ကယ်နဲ့ သွားလာ တာက လွဲပြီး လမ်းပေါ်မှာ လူမရှိဘူး အစ်ကို” ဟု ပြောသည်။
ဘင်္ဂလီ မွတ်ဆလင် လူမျိုးများမှာလည်း အပြင်ကို မထွက်ကြဘဲ အိမ်တွေတွင် နေထိုင်နေကြသည်ဟု ဆိုသည်။
“ လုံခြုံရေးတွေကတော့ နေရာတိုင်းမှာ ချထားတာကို တွေ့ရပါတယ်။ လမ်းဆုံ လမ်းခွတိုင်းမှာပါဘဲ။ မနေ့ကလည်း မောင်နီရွာဘက်ကို အာရ်အက်စ်အို လက်နက်ကိုင် အဖွဲ့တွေ ၀င်လာတယ်ဆိုပြီး သတင်းရတဲ့ အတွက် စစ်သားတွေ လိုက်သွားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် မွတ်ဆလင် ဘင်္ဂလီတွေလည်း အိမ်ထဲမှာ နေနေကြတာကို တွေ့ရပါတယ်” ဟု ကိုမျိုးချစ်က ပြောသည်။
လုံထိန်း၊ ရဲ၊ စစ်တပ် နှင့် နစကတပ်ဖွဲ့ များကို မောင်တောမြို့နယ် ခန်းမဆောင်၊ အလိုတော် ပြည့်ကျောင်း၊ အထက် တန်းကျောင်း၊ ဈေးရုံဝ၊ ဈေးကြီးနှင့် မွတ်ဆလင်ရွာများ၌ တင်းကျပ်စွာ ဖြည့်တင်း ချထားသည်ဟု သိရသည်။
မောင်တောမြို့ပေါ်တွင်  နစကနဲ့ လုံထိန်း ကားများဖြင့် လှည့်လည်နေသည်မှ အပ အခြေအနေမှာ အေးဆေး ငြိမ်သက်နေပြီး  မုန်တိုင်းမတိုက်မှီ ငြိမ်သက်ခြင်းမျိုးဖြင့် ငြိမ်သက် တိတ်ဆိတ် နေကြောင်း သူက ပြောသည်။
 http://www.narinjara.com/burmese/?p=1600

မုံရွာ အလုပ်ရုံ ဆွေးနွေးပွဲ သမ၀ါယမ ဝန်ကြီး ပွဲကြမ်း၍ပျက်

The Voice Weekly

မုံရွာမြို့တော်ခန်းမ တွင်သြဂုတ်လ ၅ ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့သည့် လယ်ယာကဏ္ဍ နှင့် သားငါးဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် သမဝါယမ ဝန်ကြီး ဦးအုန်းမြင့် က စီးပွားရေး ပညာရှင် တစ်ဦး၏ ဝေဖန်ပြော ဆိုမှုကို ပြန်လည် စိန်ခေါ်သည် ပြောကြားမှုများ အပြီး အလုပ်ရုံ ဆွေးနွေးပွဲ ပျက်သွားခဲ့ကြောင်း ယင်းအစည်းဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြား သည်။

၎င်း စီးပွားရေး ပညာရှင်မှာ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် အစိုးရ ဝန်ကြီးများ၏ ဆောင်ရွက်မှုများကို ဝေဖန် ပြောကြားသဖြင့် ၀န်ကြီးက ယင်းသို့ စိန်ခေါ် ပြောကြားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မုံရွာမြို့၊ မြို့တော် ခန်းမ ၌ နံနက်၈ နာရီတွင် ပြုလုပ်သည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး၊ သမ၀ါယမ ၀န်ကြီး၊လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးများ အပါအ၀င် လုပ်ငန်းရှင်များ၊ လယ်သမား ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်း သြဂုတ်လ ၆ ရက်နေ့ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ တွင် ဖော်ပြ ထားသည်။

တန့်ဆည်သား စီးပွား/ကူးသန်း ၀န်ကြီး ဦးဝင်းမြင့်က အခမ်းအနားကို ဦးခင်မောင်ညို ( ဘောဂဗေဒ)ကို အလွတ် သဘော ခေါ်လာတယ်။ သူက ဝန်ကြီးတွေ ပြောအပြီး ထုံးစံအတိုင်း ရိတိတိ ပြောသွားတယ်။ အဲဒါကို သမ၀န်ကြီးက ပြန်တွယ်တာ အဲဒီကနေ စဖြစ်တာပဲ တဲ့။ နေ့လည် ၂ နာရီကျော်မှာ အခမ်းအနား ပျက်သွားတယ် ဟု အစိုးရ ဌာနများနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။

ယင်းနေ့က အစည်းအဝေးသည် အလုပ်ရုံ ဆွေးနွေးပွဲ ခေါင်းစဉ် တပ်ထားသော်လည်း ဟောပြောပွဲ နှင့် တူနေကြောင်း စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင် တစ်ဦးတည်းက ၁နာရီကြာ မိန့်ခွန်း ပြောသွားကြောင်း ဌာနဆိုင်ရာများနှင့် အစည်းဝေး တက်ရောက်သူ များက ပြောကြားသည်။

မြန်မာနိုင်ငံ သမဝါယမ စနစ် ကိုဝေဖန် ပြောဆိုသူ စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)ကို သမ၀ါယမ ဝန်ကြီး ဦးအုန်းမြင့် ကသူသည် ၁၈ နှစ်သား ကတည်းကတပ်မတော်သို့ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးများဟု အမည် မတပ်ဘဲ သမ ဝန်ကြီးဟု အမည်တပ် ပြော နိုင်ကြောင်း ပြန်လည် စိန်ခေါ်ခဲ့ ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ အစိုးရ သတင်းစာတွင် ယင်းကိစ္စကို ဖော်ပြခြင်း မတွေ့ရကြောင်း ယင်းနေ့ တွင် ဆွေးနွေးသည့် လုပ်ငန်းရှင် အချို့မှာ အမှန်တကယ် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ၎င်းတို့က The Voice weekly သို့ပြောကြားသည်။

ယင်းနေ့က စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က အစိုးရ ဖော်ဆောင်နေသော အပြောင်းအလဲ သည် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ရောက်လာခြင်း သာ ထင်ထင်ရှားရှား မြင်ရကြောင်း အခြား အကြောင်းရာများမှာ ပြောင်းလဲခြင်း ရှိသည်ကို မတွေ့ရကြောင်း ဝေဖန် ပြောဆို ခဲ့သည်။

ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး

The Voice Weekly


ရန်ကုန်၊ သြဂုတ် ၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားသော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ကျေးရွာလေးရွာခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။
"ဒဏ်ရာရတဲ့ စာရင်းကိုတော့ မရသေးဘူး။ အခု စစ်တပ်က ၀င်ထိန်းနေတယ်" ဟု ၄င်းက ရှင်းပြသည်။

ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပှုအကြမ်းဖက်မှုများ စတင် ဖြစ်ပွားခဲ့ပြီး ၆ ရက်နေ့၊ ၇ ရက်နေ့ တို့တွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင် တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများနှင့် ရွှေပြည်သစ် အဝေးပြေးကားဂိတ်တို့ကို ဘင်္ဂါလီလူမျိုးများက သြဂုတ်လ ၅ရက်နေ့တွင် ၀င်ရောက် ဖျက်စီးရာမှ ဒေသနေ လူမျိုးစု နှစ်စု ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းထားချက်များ အရ သိရှိရသည်။

အဆိုပါ မြို့နယ်တွင် ဖြစ်ပွား နေသော ဆူပူ အကြမ်းဖက်မှု အခြေအနေများကို တပ်မတော်က အင်အားတိုးမြင့်ကာ ၀င် ရောက်ထိန်းသိမ်းနေ သဖြင့် သြဂုတ်လ ၈ရက်နေ့ (ယနေ့) အခြေအနေမှ တည်ငြိမ်နေကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သည် အဆိုပါ ဆူပှုအကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရန် သြဂုတ်လ ၇ရက်နေ့တွင် ကျောက်တော် မြို့နယ်သို့ သွားရောက်ကာ ၀င်ရောက် ထိန်းသိမ်းနေကြောင်း ယင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကိုမင်းကိုနိုင်နှင့်ကိုကိုကြီးပြောပြတဲ့ရခိုင်အကြောင်း

ဇူလိုင်လ ၅ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားများရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

သေမင်းတမာန် ဓါတ်တိုင် (သို့) ရေ သတိပြု

DVB

ကျွန်တော်တို့ မြန်မာနိုင်ငံတော်တွင် အများပြည်သူလိုက်နာနိုင်ရန်စေ ထုတ်ပြန်ထားသော ဆောင်ပုဒ်များအနက် “လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ” ၊ “ပြည်ပအားကိုး ပုဆိန်ရိုး” ၊ “သင့်သွေးဖြင့် အသက်ကယ်ပါ” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ၊ “သင့်ကြောင့် မီးမလောင်ပါစေနှင့်” ၊ “မီးသတိပြု” စသည့် ဆောင်ပုဒ်များစွာရှိပေသည်။

၇.၈.၂ဝ၁၂ (အင်္ဂါ)နေ့တွင် “ရေ သတိပြု” ဟူသော ဆောင်ပုဒ်တစ်ခု ထပ်မံထုတ်ပြန်ရမည့် အနေ အထားတရပ်သို့ ဖြစ်ပေါ်လာခဲ့ပြီဟု ခေါ်ဆိုရတော့မည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် မိုးရာသီဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရပ် ဒေသအချို့၌ ရေကြီးခြင်း၊ ရေလျှံခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။ ရေဘေးဒုက္ခသည်များ၊ အိုး/အိမ် ပစ် ရသည့် ဒုက္ခသည်များ၊ စားရေးသောက်ရေးခက်ခဲသူများ များစွာဖြစ်ပေါ်လျှက်ရှိသည်။

ထိုသူများထဲတွင် အိုးအိမ်ရှိပါလျှက်နှင့် နေရာအတည် တကျရှိပါလျှက်နှင့် ဘဝကိုရုန်းကန်ရပ်တည် နေထိုင်လျှက်ရှိသော မိသားစုများလည်းရှိသည်။ ထိုသူများထဲတွင် အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ ဈေးညစောင့် ဖြစ်သူ ဦးဝင်းဆွေ၊ ဇနီးဖြစ်သူ သပြေပန်းရောင်းချသူ မဥမ္မာသန်းနှင့် (၈) တန်းကျောင်းသား မောင်ခန့်ဝင်း အောင် တို့သည်လည်း အပါအဝင်ဖြစ်သည်။

၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ်နေသောရေကို ဖြတ်လျှောက်သွားစဉ် . . . .

မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဉ် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့ လဲကျသွားပြန်တော့သည်။

ထိုစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းဆွေသည်လည်း ဈေးညစောင့် တာဝန်ပြီးစီး၍ နေအိမ်တွင် ပြန်လည် အနားယူနေခိုက် ဇနီးနှင့်သားတို့၏ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သော အသံများကို ကြားသိသောအခါ သားဇော၊ မယားဇောတို့ဖြင့် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အော်ဟစ် နေသော ရေအိုင်ထဲသို့ တရှိန်ထိုး ပြေးဆင်းတော့မည့်အခိုက်တွင် ဈေးအတွင်း၌ စားဝတ်နေရေးအတွက် ထမင်းကြော်ရောင်းနေသော ဈေးသည်တစ်ဦးမှ “မဆင်းနဲ့ … မဆင်းနဲ့ … ဓါတ်လိုက်နေတာ” ဟု အတင်းအကြပ်အော်ဟစ် တားမြစ်မှုကြောင့် ဇနီးဖြစ်သူ မဥမ္မာသန်းနှင့် သားဖြစ်သူ မောင်ခန့်ဝင်းအောင်တို့ သည် မိမိမျက်စိရှေ့မှောက်တွင် ငြိမ်သက်သွားသည်အထိ ရင်နင့်စွာဖြင့် ခံစားကြည့်ရှု နေရတော့သည်။

ပတ်ဝန်းကျင်မှလည်း မည်သို့မှ အသက်နှစ်ချောင်းကို မကယ်တင်နိုင်ခဲ့တော့ချေ။ မြို့နယ်လျှပ်စစ်ရုံးမှ လာရောက်၍ စစ်ဆေးကြည့်ရှုသည့်အခါ စည်ပင်ရုံးဘေးတွင်ရှိ ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်များဝင်ရောက်၍ ရေထဲသို့ လျှပ်စစ်များစီးဆင်းနေမှုကို တွေ့မြင် ရတော့သည်။

ဘဝတစ်ပါးသို့ ပြောင်းသွားသော မဥမ္မာသန်းနှင့် မောင်ခန့်ဝင်းအောင်တို့၏ ရုပ်အလောင်း အား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်မှုပြုလုပ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ နှင့် ဝန်ထမ်းများတို့သည် ကွယ်လွန်သွားသော ရုပ်အလောင်းများ သယ်ဆောင်ရန်အတွက် နိဗ္ဗာန်ယာဉ် (၂) စီး ဖြင့် သွားရောက်ကူညီဖေးမ၍ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းဖြစ်ရပ်အားပြန်လည်၍ သုံးသပ်ကြည့်ပါက ရေကြီးရေလျှံမှုကြောင့် အိုးအိမ်အသက် ဆုံးရှုံးမှု များ ဖြစ်ခဲ့ရသလို ယခုကဲ့သို့ မထင်မှတ်သည့် ဖြစ်ရပ်များကြောင့်လည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ ကြောင်း သင်ခန်းစာရခဲ့သည်။

ထိုသို့သော အဖြစ်ဆိုးများ အချိန်မတန်ဘဲနှင့် ဘဝတစ်ပါးသို့ ထွက်ခွာခဲ့ရမှု များ မဖြစ်ပေါ်ရန်အတွက် ပြည်သူ/သားများအားလုံးတွင် တာဝန်ရှိပေသည်။ မိဘများအနေဖြင့်လည်း ရေမြောင်း၊ ရေကန်၊ ရေအိုင်လေးများပါမကျန် မိမိတို့၏ ရင်သွေးငယ်လေးများအား သွားရောက်ဆော့ ကစားခြင်း၊ ဖြတ်သွားဖြတ်လာ ပြုလုပ်ခြင်းများကို သတိပေး တားမြစ်မှုများကို ပြုလုပ်သင့်ပေသည်။ ထိုသို့ တားမြစ်မှုသည် ကလေးသူငယ်များအား ချုပ်ခြယ်ခြင်း၊ ဟန့်တားခြင်း၊ ကလေးသူငယ်တို့၏ အခွင့်အရေး အား ချိုးဖောက်ခြင်း မဟုတ်ချေ။

ကလေးသူငယ်များအား အသိပေး နားလည်စေရန်အတွက် သင်ခန်းစာ ပေးခြင်းပင်ဖြစ်သည်။ သို့မှသာ တတ်သိနားလည်သော ကလေးငယ်များ၏ စိတ်သန္ဓေတွင် လုပ်သင့် လုပ်ထိုက်၊ သွားသင့်သွားထိုက်၊ စားသင့်စားထိုက်သော အမှန်တရားများကို သိရှိလာကာ လူ့ဘဝ သက်တမ်းတစ်လျှောက် ငြိမ်းချမ်းသာယာသောဘဝကို မိသားစုနှင့်အတူ ပျော်ရွှင်စွာလျှောက်လှမ်းနိုင် တော့မည် ဖြစ်ပေသည်။

ကမ္ဘာမြေပြင်တစ်ခုလုံးတွင် အချိန်မတန်ဘဲနှင့် မကြွေသင့်ဘဲ ကြွေလွင့်သွားရှာကြရသော ရင်နင့် ဖွယ်ရာ အဖြစ်ဆိုးများမှ ကင်းဝေးပပျောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ဆွေးနွေးရန်အဆင့်သင့်မဖြစ်သေး

ပြည်သူ့ခေတ်

အစီအစဉ်တမျိုးပြောင်း၊ နာရီပိုင်းအတွင်းမှာဘဲ ခုမဆွေးနွေးဘူး.........ခုဆွေးနွေးမယ်နဲ့ အပြောင်းလဲကအတော်မြန်နေတယ်။...................အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးမည့်အစီအစဉ်ကိုယနေ့အပြီးသတ်ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆုံးဖြတ်ကြောင်း။

........................................................

အဆင့်သင့်မဖြစ်သေး၍ အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာ။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးမည့် အစီအစဉ်အား လုပ်ဆောင်ရန်များရှိသဖြင့် ရွှေ့ဆိုင်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာလိုက်သည်။

“ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၄င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း နှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်”အဆိုကို ဦးဝင်းမြင့်(ပုသိမ်၊မဲဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က)တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒီချုပ်ကိုယ်စားလှယ်၎ဦးအပါအ၀င် စုစုပေါင်း၈ဦးပါဝင်ဆွေးနွေးရန် မူလကစီစဉ်ထားခြင်းဖြစ်သည်။



Eleven Media Group

Updated: အမျိုးသား လွှတ်တော်၌ ဒေါက်တာ မြတ်ဥာဏစိုး တင်သွင်းသည့် အဆိုကို ကန့်ကွက်သူ ရှိလာသဖြင့် မဆွေးနွေးဖြစ်တော့ကြောင်း သိရပါသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ဆွေးနွေးရန် တင်သွင်းသည့် အဆိုမှာ အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း များကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ဒေါက်တာ မြတ်ဥာဏစိုး၏ အဆိုကို ကန့်ကွက်ခဲ့သူမှာ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ မှ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ဖြစ်ပြီး လက်ရှိအချိန်တွင် ထိုအဆိုကို ဆွေးနွေးပါက မတည်မငြိမ်ဖြစ်မှုများ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ခြင်းများကို ရုတ်သိမ်းပြီးသည့် အချိန်၌ ဆွေးနွေးပါက ပိုမိုသင့်တော်နိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။



Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်၏ `Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်´ အဆိုနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ- မဲပေးနိုင်သူ ၃၇၉ ယောက်ရှိပြီး ၃၅၄ ဦး မဲပေးရာ-
ထောက်ခံမဲ ၆၈
ကန့်ကွက်မဲ ၂၇၁
ကြားနေမဲ ၁၅ တို့ဖြစ်ကြောင်း သိရသည်။


“သမ္မတကြီး၏ ပိုင်ဆိုင်မှုစာရင်းထုတ်ပြန်ကြေညာရန် ညွှန်ကြားချက်တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်၍ မပါရှိကြောင်း၊ အုပ်ချုပ်ရေး ပိုင်းတွင် တာဝန်ယူထားကြသူများဖြစ်သဖြင့် ထည့်သွင်းသင့်ကြောင်း” ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ NLD)

အမြန်လမ်းပေါ်တွင် မျက်စိရှေ့ယာဉ်တိမ်းမှောက်မှု

News of Myanmar
"မိုင်တိုင် ၃၁၁ / ၄ Meikhtila အနီး အမှတ်မထင် ရုတ်တရက် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျသွားကာ၊ မိုင်တိုင် ၃၁၁ ကို ဝင်တိုက်ပြီး ၃ ပတ်လောက်ဂျွမ်းပြန် အောက်သို့ ကျသွားတာ ကျနော်ဓါတ်ပုံရိုက်နေချိန်ဖြစ်လို့ လိုက်ရိုက်နိုင်ခဲ့တယ်။ (ဇနီးသည်ကကားမောင်းပါသည်)။ ချက်ချင်း မန်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ သို့ ဖုန်းဆက်ပြီး ကြိုးမဲ့ရေဒီယိုဖြင့် Meikhtila ခရိုင်ရဲတပ်ဖွဲ့ သို့ အကြောင်းကြားနိုင်ခဲ့ပါတယ်။ မိနစ် ၂၀ လောက်ကျတော့ ရဲကားတစ်စီးရောက်လာလို့  လိုအပ်တာတွေဆက်လက်လုပ်ဆောင်သွားကြပါတယ်။ (လူနာတင်ယာဉ်နောက်ကပါလာတယ်။) ကံကောင်းရင်တော့ ယာဉ်မောင်းအသက်ရှင်မှာပါ။"ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ Hkam Awng ထံမှ ရရှိသည်။


firefighter(ရှိ/မမြန်)မလိုတဲ့တိုင်းပြည်။

"၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရှစ်လေးလုံး ငွေရတုအကြို (၂၄)နှစ်မြောက် အမှတ်တရစကား"

Popular Myanmar News Journal



ရှစ်လေးလုံး ငွေရတုအကြို(၂၄)နှစ်ပေါ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တာ၊ လွန်ခဲ့တဲ့ (၂၄)နှစ်ကိုပြန်ကြည့်ရင် ကျွန်တော်တို့ ပေါက်ကွဲသံတွေနဲ့၊ တက်ခေါက်သံတွေနဲ့၊ဒို့အရေးသံတွေနဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီကနေ့ တော့ ပြန် လည်သင့်မြတ်ရေးဆိုတဲ့နည်းကို ကျွန်တော်တို့ ကြိုးညှိနေကြပြီ။

ဒါပေမဲ့ တောထဲ တောင်ထဲမှာတော့ ယမ်း ခိုးတွေ ဝေနေတုန်းပါ။ လွန်ခဲ့တဲ့ (၂၄)နှစ်က လမ်းတွေပေါ်မှာ ကျွန်တော်တို့ နံပါတ်တုတ်တွေ၊ သေနတ်ပြောင်း တွေနဲ့ ချိန်ရွယ်ခံကြရတယ်။ အခုတော့ ကျွန်တော်တို့ကို ကင်မရာမီးတဖျပ်ဖျပ်နဲ့ဓာတ်ပုံရိုက်တဲ့ မှန်ဘီလူးတွေနဲ့ ကျွန်တော်တို့ကိုချိန် ရွယ်ခံနေရတယ်။ တစ်ဖက်ကိုကြည့်လိုက်ပြန်တော့ စက်ချုပ်အလုပ်သမ လေးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ညီမငယ်တွေရဲ့ခေါင်းထက်မှာဆင်းရဲ မွဲတေမှုနဲ့ပညာမဲ့ခြင်းဆိုတဲ့လက်နက်တွေနဲ့ ချိန်ရွယ်ခံနေရတယ်။ သူတို့ ထမင်းချိုင့်တွေထဲကို ကြည့်လိုက်ရင်ဘဲဥတစ်လုံးတောင် မပြည့်တာကို တွေ့ရပါလိမ့်မယ်။ ဘဲဥတစ်ခြမ်းနဲ့ဆက်နေရတဲ့ သူတို့ရဲ့အာဟာရ အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေဟာ ဘယ်လောက်အရာထင်သလဲဆို တာ ပြန်တွက်ကြရအောင်။

လွှတ်တော်ထဲ ကို ကြည့်လိုက်တော့ အရင်တုန်းကတော့ တစ် ပါတီလွှတ်တော်၊ အခုတော့ ပါတီစုံ လွှတ်တော်။ ဒါပေမဲ့ ဒီလွှတ်တော် ထဲကို ထပ်ကြည့်ပြန်ရင်လည်း စစ် ယူနီဖောင်းတွေက ကျကျနန ဝင်ထိုင်နေတာကို ကျွန်တော်တို့ မလိမ် တန်း မညာတန်း ဝန်ခံကြရမယ်။ နိုင်ငံတော်သမ္မတကတော့ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်လို့ ကတိပေးနေပြီ။ အားလုံးပါဝင်ရအောင် နိုင်ငံရေးအကျဉ်းသားတွေအဖြစ်သံတိုင်နောက်မှာ ကျန်နေခဲ့တဲ့ ကျွန် တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ကော ကျွန်တော်တို့ မေး ခွန်းထုတ်ပါရစေ။ သူတို့ ပါဝင်ခွင့်မရှိတော့ဘူးလား။

လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တောတွင်းအဖွဲ့အစည်းတွေ၊ တစ်ခါက တရားမဝင် အဖွဲ့အစည်းလို့ စွပ်စွဲခံခဲ့ရတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံမိလို့၊ ထမင်းတစ်နပ်ကျွေး မိလို့ အဲဒီ ဒေသခံပြည်သူတွေကို အကျဉ်းထောင်ထဲမှာ အခုထိ ရှိပါသေး တယ်။ အခုန အဖွဲ့အစည်းတွေက တရားဝင်ရုံးခန်းတွေ ဖွင့်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အောင်မြင်မှု ရလဒ်အဖြစ် ရပ်တည်နေတဲ့အချိန် မှာ ကျွန်တော်တို့ ပြည်သူတွေကို အဲဒီ အဖွဲ့အစည်းတွေနဲ့ ပတ်သက် မိတဲ့ ပြည်သူတွေ နိုင်ငံရေးအကျဉ်းသားအဖြစ် မကျန်ရှိသင့်တော့ပါဘူး။

ကျွန်တော်တို့ ဒေါင်းအလံတွေအရင်တုန်းက၊ လွန်ခဲ့တဲ့(၂၄)နှစ်က လမ်းတွေပေါ်မှာ ထူလွှင့်ပြီးတော့ ကျွန်တော်တို့ ပြေးခဲ့လွှားခဲ့ကြတာ တွေ၊ မိုးရေထဲမှာ ကျွန်တော်တို့ ဒေါင်းအလံလေးတွေမြောင်းထဲအထိ ပြုတ်ကျလို့လိုက်ကောက်ရတာတွေ၊အခုတော့ ကျွန်တော်တို့ဒေါင်းအလံ တွေ ခန်းမကျယ်ထဲမှာ ခန်းလုံးပြည့် ကော်ဇောခင်းတဲ့နံရံတွေမှာ ခံ့ခံ့ ညားညား ထူလွှင့်လို့ရပါပြီ။ ဒီပြောင်းလဲမှု အင်မတန်ကြီးကျယ်ပါတယ်။ သမိုင်းသစ်တစ်ခုပါ။ ဒါကို ရေးခဲ့တာ ဘယ်သူတွေပါလိမ့်လို့ မမေးပါနဲ့။ ပြည်သူတွေကိုယ်တိုင်ပါ။

ပြည်သူတွေကိုယ်တိုင်သာလျှင် သမိုင်းရဲ့ အပြောင်းအလဲကို ဖန်တီးနိုင်ပါတယ်။ အဲဒီအပြောင်းအလဲကြီးကသာလျှင် အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီပြောင်းလဲမှုကြီးမှာ ငါတို့ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ပြည်သူတွေ ပြန်ပြီးတော့ သတိရစေချင်တယ်။ နောက် ထပ် ငါတို့ ဘာလုပ်နိုင်ဦးမလဲဆိုတာကို ပြည်သူတွေလည်း ထပ်ပြီးတော့ အတွေးထဲမှာ နှစ်ထားစေချင်ပါတယ်။ ပြည်တွင်းမှာ ပြည်ပမှာ ကျွန်တော်တို့ အင်အားတွေ ရှိတယ်။ ပြည်ပမှာတော့ သခင်မျိုးဟေ့ ဒို့ဗမာတွေ သွားပြီးတော့ ကုန်ထမ်းနေရတာ ရှိပါတယ်။ ဒါ အရှိတရားပါ။

အလုပ်ကြမ်းတွေ လုပ်နေရတယ်။ နောက်တစ်မျိုးက ကျွန်တော်တို့ရဲ့ ပရောဟိတ်တွေပေါ့။ နိုင်ငံတကာ ရောက်နေကြတဲ့ ပညာမျိုးစုံသင်ယူ ထားကြတဲ့ ကျွန်တော်တို့ရဲ့ ပညာတတ်အလွှာတွေ၊ ကျွန်တော်တို့ကို လှမ်းမေးပါတယ်။ ပြည်တွင်းကို သူတို့လာခဲ့ရမလားလို့ မေးပါတယ်။ ကျွန်တော်တို့ပြည်တွင်းမှာ လမ်းခင်းနေပါပြီ။အဲဒီခင်းတဲ့လမ်းဟာ ပန်းခင်း တဲ့လမ်းဖြစ်စေချင်ရင်တော့ ခင်ဗျား တို့ကိုယ်တိုင် ပန်းပင်တွေစိုက်ပျိုးမှ ဖြစ်ပါလိမ့်မယ်။ ဧရာဝတီမြစ်ကမ်း ဘေးမှာ သံပြိုင်ဆိုရမယ့် ကျွန်တော် တို့ရဲ့အောင်ပွဲခံသီချင်းကို ကျွန်တော် တို့အားလုံး ခင်ဗျားတို့အားလုံး ကိုယ် တိုင် ဝိုင်းပြီး ရေးစပ်ပြီးမှ ကျွန်တော် တို့ ဆိုနိုင်မယ်ဆိုတာကို ခင်ဗျား တို့ကို သိစေချင်ပါတယ်။

ဟောဒီ ရှစ်လေးလုံးဟာ ကျွန်တော်တို့ အတွက် ဆက်ချီတက်ရ မယ့် ရှစ်လေးလုံးစိတ်ဓာတ်ကို ဖော်ညွှန်းနေပါတယ်။ ရှစ်လေးလုံးစိတ်ဓာတ်ဆိုတာ ဘာလဲလို့ မေးပါ။ နိုင်ငံတစ်ခုရဲ့ ကြီးကျယ်တဲ့ အပြောင်း အလဲမှန်သမျှကို ပြည်သူတွေသာ လျှင် ဖန်တီးနိုင်တယ် ဆိုတဲ့ အောင် စိတ်ပါ။ ရှစ်လေးလုံးဟာ အောင်စိတ်ပါ။ အဲဒီ အောင်စိတ်နဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ ချီတက်ကြရအောင်။ အတူလိုက်ခဲ့ပါ။

ဖိတ်ခေါ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။



မင်းကိုနိုင်

၈၈ မျိုးဆက် ကျောင်းသားများ

(Popular News ဂျာနယ်၊ သြဂုတ် ၈၊ အတွဲ ၄၊ အမှတ် ၃၁၊ စာမျက်နှာ -၂)



photo-88 Generation Students