Tuesday, August 14, 2012

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေ ရခိုင်အရေး ပြေလည်အောင် ကြိုးစား

နန္ဒာချမ်း

12.08.2012
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူမျိုးရေး အကြမ်းဖက်မှုပဋိပက္ခတွေကို  ပြေလည်စေဖို့ အတွက် ရည်ရွယ်ပြီးတော့ RNDP  က တာဝန် ရှိသူတွေဟာ ပါတီအဖွဲ့ဝင်တွေ.. ဒေသခံပြည်သူတွေနဲ့  စစ်တွေမြို့မှာ ဒီကနေ့ စတင် တွေ့ဆုံခဲ့ပါ တယ်။ ရခိုင် ပြည်နယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်တွေကို အကောင် အထည် ဖော်တဲ့ ခြေလှမ်း အစလည်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ်မှာတော့  ညမထွက်ရအမိန့်  ထုတ်ပြန် ထားဆဲ ဖြစ်ပါ တယ်။ ဒီအကြောင်းတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီးတော့  ဒီကနေ့ တနင်္ဂနွေနေ့မှာ ပါတီအထူးအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပါ။ ရခိုင်ပြည်နယ် အရေး ကိစ္စမှာ RNDP အဖွဲ့ဝင်တွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်  အကြမ်းဖက်မှု ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အေးဆေး တည်ငြိမ်လာအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေ ကို ဒေသ ခံ ပါတီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း RNDP တာဝန်ရှိသူတွေဟာ ဒေသခံ ပြည်သူတွေနဲ့ပါ တွေ့ဆုံသွားမယ်လို့ အဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒါတွေဟာ သမ္မတ ဦးသိန်းစိန် ကနေ ရခိုင်ပြဿနာပြေလည်အောင် ရခိုင် တိုင်းရင်းသားခေါင်းဆောင်တွေကိုယ်တိုင်က ဦးဆောင် ဖြေရှင်းစေ လိုတယ်လို့ မေတ္တာရပ်ခံချက်ကို စတင် အကောင်အထည်ဖော်တာလည်း ဖြစ်တယ်လို့ မကြာသေး ခင်တုန်းက သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ RNDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပြပါတယ်။

“သမ္မတကြီးပြောတာကတော့သူတို့ဆယ်ခွန်းပြောတာနဲ့ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ရခိုင် ပါတီတွေက တစ်ခွန်း ပြောတာမတူပါဘူးတဲ့။ကိုယ့်ပြည်သူတွေအခြေအနေကို ကိုယ်ထိမ်းနိုင်ရင် ပိုပြီးကောင်းပါတယ်။ ကျွန်တော်တို့ကို အကူအညီ ပေးပါ။ မေတ္တာရပ်ခံပါတယ်ဆိုပြီး ပြောပါတယ်။ အဓိကကတော့ ဒီအတိုင်းဆက်သွားနေလို့ ဒီပြသာနာဟာ ပြေလည်နိုင်မှာ မဟုတ်ဘူး။ ပိုပြီးတော့ ဆိုးလာမယ်။ ဒါကြောင့် အဖြေတခုကိုရှာပြီး ကျွန်တော်တို့ သွားရမယ်။ အဓိက ကတော့ ပဋိပက္ခ္ခတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေသွားနိုင်အောင် ပဋိပက္ခတွေ လောလောဆယ်မဖြစ်ပွားအောင် ကျနော် တို့က ဘယ်လိုထိန်းမယ် ဆိုတာကို အကြံလည်း တောင်းပါတယ်။ ကျနော်တို့ကလည်း အကြံပေးပါတယ် ခင်ဗျ”

ပြီးခဲ့တဲ့ ကြာသပတေးနေ့ သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်နဲ့ ရခိုင်နိုင်ငံရေးပါတီ ၂ ဖွဲ့ဘက်ကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၆ ယောက် ပြီးတော့ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီက ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ယောက် တို့ဟာ သမ္မတ ဦးသိန်းစိန် အပြင် ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ရခိုင်ပြည်နယ် အရေး ကိစ္စ တွေ ကို တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်ကြီး လှမင်းကနေ  အခု ဒီ ရခိုင်ပြည် နယ် ပြဿနာမှာ RNDP အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုချက်ကို RNDP က လက်မခံခဲ့ပါဘူး။ ဒါဟာ ပါတီရပ်တည်ရေးအတွက် ထိခိုက်မှုရှိသလို  ပါတီရဲ့ မူဝါဒတွေနဲ့လည်း ကွဲလွဲနေတယ်လို့ ဦးဖေသန်း က အခုလို ပြောခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြီးလှမင်း ပြောတာကတော့လေ၊  ကျနော်တို့ RNDP ပါတီက ပါဝင် ပတ်သက်တယ်ဆိုပြီး စာတမ်းတစောင် သူပြုစုထားတာရှိပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ ဒီအရေးအခင်းမှာ မပါဝင်ဖို့ ဒီလိုအကြမ်းဖက်မှုတွေကို ကျနော်တို့ အားလည်း မပေးပါဘူး။ ကျနော်တို့ပါတီရဲ့ မူဝါဒနဲ့လည်း မပတ်သက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ ပြည်သူရဲ့ ကိုယ်စား လှယ် တွေ၊ ပါတီဆိုတာလည်း ပြည်သူကို ဦးဆောင်နေတဲ့ပါတီဆိုတော့ ပြည်သူတွေ အကူအညီ တောင်းတဲ့အခါတွေ ရှိတယ်။ ပြည်သူကလာပါလို့ ဖိတ်ကြားတဲ့အခါရှိတယ်။ ပြည်သူရဲ့အခက်အခဲတွေကို ၀င်ရောက်ဖြေရှင်းရမယ့် အခါတွေ ရှိပါတယ် ခင်ဗျ။ အဲဒီလိုအခါမျိုးမှာ အထင်မှား အမြင်မှား ဖြစ်ပြီးတော့ပေါ့လေ၊ အဲဒီလို သတင်းတွေက အများကြီး ပျံ့ သွားတာ ဖြစ်ပါလိမ့်မယ်။ အကြမ်းဖက်မှုဆိုတာ ကျနော်တို့ပါတီရဲ့  မူဝါဒမဟုတ်ပါဘူး။ ဒါတွေကို ပြင်ပစကားတွေ နဲ့ ပေါ့ လေ၊ သွေးထိုး တဲ့ စကားတွေနဲ့  ကျနော်တို့ ပါတီပေါ်မှာ အထင် အမြင် လွဲမှားမှုတွေသာ ဖြစ်လိမ့်မယ်လို့ ကျနော်တို့က သုံးသပ်ပါတယ် ခင်ဗျား”

လောလောဆယ် ဒီအကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီးတော့ RNDP အဖွဲ့ဝင် ၃ ဦးကို အာဏာပိုင်တွေက တရား စွဲ ဆို ထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မှာတော့ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူစလင် တွေအကြား အခြေအနေ တင်းမာနေ ဆဲ ဖြစ်တာကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် ထားဆဲ ဖြစ်ပါတယ်။  ရခိုင်ပြည်နယ်တွင်း တချို့မြို့နယ်တွေမှာတော့ လုံခြုံရေးအခြေအနေကြောင့် အခြေခံပညာ စာသင်ကျောင်း တွေ ပိတ် ထားရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

လအတန်ကြာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ တွေကြောင့် ရခိုင်တိုင်းရင်းသား ၃၁ ယောက်၊ မူဆလင် ၄၆ ယောက် အပါအ၀င် လူ ၇၇ ယောက် သေဆုံးခဲ့ ပြီး ထိခိုက် ဒဏ်ရာရသူ ၁၀၀ နီးပါးနဲ့ အိမ်ခြေ ၄၈၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ အတွက် ဒုက္ခသည်ပေါင်း ၆ သောင်း ကျော် ရှိတယ် လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကတော့ ဒီ အခြေ အနေတွေကို လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စစ်ဆေးဖို့ အစိုးရကို အကြံပြုထားတာ ပါ။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် ကလည်း ရခိုင်ပြည်နယ် ပြဿနာကို လေ့လာ ကြည့်ရှုဖို့အတွက် ဆော်ဒီ အာရေဗျ အခြေစိုက် ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အဖွဲ့ လာရောက်တာကို ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
http://burmese.voanews.com/content/rakhine-issue/1484836.html

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်း

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။   ဦးသန်းလွင်ထွန်း 14.08.2012 

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေဟာ ပြစ်မှု တခုကို အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်ပါရှင်။

မေး။    ။ အခုဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက အထူးသဖြင့် ရခိုင်ပြည် ရိုဟင်ဂျာ ကိစ္စ ပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းဝေးတွေ လုပ်မယ်။ နိုင်ငံတကာ အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးတွေ လုပ်တော့မယ် ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူဆလင်တွေ ပေါ့ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်အရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ စွပ်စွဲမူတွေ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံက ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေးဝန်ကြီးက အကူအညီတွေ ပေးသွားတာတွေ ရှိနေတယ် ဆိုတော့ မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာက နေပြီးတော့ လူအခွင့်အရေးဆိုပြီးတော့ ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မူတွေ ရှိနေတယ် ဆိုပြီး ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲ့တော့ အဲ့ဒီ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

ဖြေ။     ။  ဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက် နေတဲ့နေရာမှာ မမျှော်လင့်ပဲနဲ့ ဒါ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။  ဒီရခိုင်မှာဖြစ်ပျက်တဲ့ ကိစ္စ ကလည်း တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့  ဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက် ဒီအပေါ်မှာ မခံမရပ်နိုင် ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုကြီးက ကြီးထွားလာတယ်။ ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ ဖျက်တဲ့ အဆင့်ရောက်လာတယ်။ နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါ  ဆိုရင် ကိုယ်အိမ် ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေ ရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ဒီရာဇ၀တ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်တဲ့ အတွက်ကြောင့် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ တကယ်တော့လည်း အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး ပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်ပေါ့လေ မတွေ့ခဲ့ရပါဘူး။ ကျွန်တော် ပြောချင်တာက ဒီလိုဖြစ်ပျက်မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေ ဖြစ်ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ့် တစ်ကယ်ကြတော့ လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် ပမာဏအားဖြင့် အင်မတန် အင်မတန်မှ နည်းပါတယ်။ သေဆုံးတာ ဆိုရင်လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာ ဆိုရင်လည်း တစ်ရာ တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ သို့သော်လည်း အိမ်တွေကို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတဲ့ အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါး လောက် မီးလောင်တဲ့ အတွက် ဒီအိမ်တွေမှာ နေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေ ဆိုကြပါစို့၊ အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားကြတာပေါ့။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက် လောက်ရှိလဲဆိုတော့ ဒီကနေ့  ခြောက်သောင်း လောက်ရှိတယ်။ ခြောက်သောင်း လောက်ရှိတဲ့ အတွက် ကျွန်တော်တို့က အခု နှစ်ဘက်ပေါ့ တစ်ဘက်က လည်း  ရခိုင်တိုင်းရင်းသား ဒုက္ခသည် ဟိုဘက်ကလည်း ဘင်္ဂါလီ ဒုက္ခသည် အခုဆိုရင် စခန်း (၅၃) ခု ဖွင့်ပြီးတော့မှ ကူညီတဲ့ လုပ်ငန်းတွေ၊ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ပြန်လည် ထူထောင်တဲ့ လုပ်ငန်းတွေ  ဒီလုပ်ငန်းတွေကို  ကျွန်တော်တို့ က ဒီမြန်မာနိုင်ငံမှာ ရှိနေတဲ့ UN အေဂျင်စီက အဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ နောက်တစ်ခါ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်းပြီးတော့မှ တစ် အချက်က စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေ ဘာတွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များ တဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက် ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့ အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေး ဘာပေးနဲ့ နှစ်ဖက်စလုံးကို လုပ်ပေးနေပါတယ်။ လူမျိုးရေးအရ ကျွန်တော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဒါတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့ကြားရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တာတွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့စည်း တွေနဲ့ ပွင့်လင်းမြင်သာမူ ရှိအောင် ပူးပေါင်းပြီးတော့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေကို လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူဆလင် နိုင်ငံက အကြီးအကဲတွေပေါ့ ဟိုတစ်လောက ဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး လာပါတယ်။ နောက်တစ်ခါ ၀န်ကြီးချုပ်ရဲ့အမျိုးသမီးလဲ ပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက် ရှိပါတယ်။ ကျွန်တော်နဲ့လည်း တွေ့တယ် ကျွန်တော်ကလည်း ဒီ ကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲ သူတို့ကြည့်ချင်တဲ့အတွက် ပို့ပေးပါတယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင် သွားပြီးတော့ ကူညီ ကယ်ဆယ်တဲ့ ပစ္စည်း ဘာတွေ  ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခ သည်တွေ ကို သွားပြီး တွေ့သလို တစ်ဖက်လည်း ရခိုင်  ဒုက္ခသည်တွေကို သူတို့ တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူဆလင် ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ သူတွေ သွားတဲ့လူ ကိုယ်တိုင်က မူဆလင် ဘာသာဝင် ဖြစ်ပေမယ့်လည်း ဗုဒ္ဓ ဘာသာ ဘုန်းကြီးတွေနဲ့ လေးလေးစားစား တွေ့တာပြုတာ တို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျွန်တော်တို့ ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှား ကနေပြီးတော့ အင်ဒိုနီးရှား ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း  ဥက္ကဌ   မစ္စတာကာလာ ဆိုတာ ဟိုတုန်းက ဒု သမ္မတ ပါပဲ။ ဟိုတုန်းတည်းက  ကျွန်တော် အင်ဒိုနီးရှား သွားလည်ပတ် ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့ အတွက် ကြောင့် ကျွန်တော် ၀မ်းသာသွားတယ်။ ဒါကြောင့်မို့လို့ သူ့လဲရှင်းပြတယ်။ သူသွားချင်တယ် ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူအညီတွေ ဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက် ဒီလိုတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံ စွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကို သက်သေ သာဓကနဲ့ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင် လုပ်နေတာတွေရှိပါတယ်။

မေး။    ။ သူတို့ တောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ပေးဖို့  စုံစမ်းမူတွေ လုပ်ပေးဖို့ ဆိုတာရော ဖြစ်လာနိုင်မလား ခင်ဗျာ။

ဖြေ။     ။ တစ်ခုကတော့ ဒီဟာကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒီ ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေး တစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလဲ မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူဆလင်တွေ အများကြီး နေတာ ရှိတယ်။  ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူ တွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာ မရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေး တစ်ခုမှာပဲဖြစ်တာဖြစ်ပါတယ်။  ဒါ ကျွန်တော်တို့ ပြည်တွင်းရေး ကိစ္စ သက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျွန်တော် တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလဲ ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သတ်လို့လည်း တောက်လျောက် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာလဲ လွတ်လပ်တဲ့ လူအခွင့်ရေး ကော်မရှင် ဖွဲ့ထားတာ ရှိပါတယ်။ လူအခွင့်အရေး ကော်မရှင်ကိုလည်း ကျွန်တော်တို့က ဒါလေးကို စစ်ဆေးပေးပါလို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့ အတွက်ကြောင့် ပြည်ပကနေပြီးတော့ ဒါကို အင်တာနေရှင်နယ် အစ်ရှုး (Issue) တစ်ခုလို ဒီမှာလာပြီး စစ်မယ်ပြုမယ် ဆိုရင်တော့ အမှန်တော့ မလိုအပ်ပါဘူး။ ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ်ပြည်တွင်းရေး ကိစ္စ လည်းဖြစ်တယ်။ လုပ်သင့် လုပ်ထိုက်တာတွေလဲ ကျွန်တော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလို စစ်မယ်ပြုမယ် ဆိုရင် ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စ လို့ ကျွန်တော်ထင်ပါတယ်။

မေး။    ။သမ္မတကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေး ကိစ္စ မဟုတ်ဘူး။ အဓိကရုဏ်း မဟုတ်ဘူး ဆိုပေမယ့်  ဒေသတွင်းမှာ နေနေတဲ့ အသိုင်းအ၀ိုင်း နှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆိုတာက ကျွန်တော်တို့လဲ ငြင်းလို့မရတဲ့ ကိစ္စ ပါ။ အဲ့လို မုန်းတီးမှုဆိုတဲ့ ကိစ္စ ဒီထက်ပိုပြီး ပြန့်ပွားမလာအောင် အတူယှဉ်တွဲပြီး နေနိုင်အောင် သမ္မတကြီးတို့ အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုဖြေရှင်းမူတွေလုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။    ။ မှန်ပါတယ်။ ကိစ္စ က ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စ ပါပဲ။ အခုချိန်မှာ တန်းရှင်း Tension က အတော်လေး မြင့်နေတဲ့အချိန်မှာ Cool Down ဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်းသားပါတီတွေ ရှိပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီ အကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ မှာလဲ လူအခွင့်အရေးဆိုတဲ့ ကိစ္စ ကို ရှေ့တန်းတင်ပြီးတော့ ပြောကြားလာတယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါးခွန်း ပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီး တော့ အချိန်ယူ ပြောင်းရမယ့် သဘောဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက်ငြင်းလို့မရအောင် ဥပဒေနဲ့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ခုနှစ် ဥပဒေဆိုတာကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့ အကာအကွယ်ပေးထားတာ တွေရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော်သိရသလောက် ဆိုရင် ၄၈ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့ ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင်တင်ပြီးတော့ နေနေကြတာပေါ့။ ၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့် တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။ အခုက ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက်ပိုင်းမှာ ဘင်္ဂလီတွေနဲ့ ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင် ပညာရေးစနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။

မေး။    ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျွန်တော်ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံက နေပြီးတော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စ မျိုး၊ နိုင်ငံတော်အစိုးရဆီက နေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့ ကောင်းတာပေါ့ ဒါ သမ္မတ ကြီးတို့လည်း ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက် ဆိုပြီးတော့ ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေတဲ့ ဆော်သြ ပေးနေတဲ့ အဖွဲ့အစည်းတွေကို တဆင့် ထောက်ပံ့ ပေးလိုက်တဲ့ အနေအထားမျိုးကို ရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။

ဖြေ။     ။ စိုးရိမ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ကလည်း သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြောနေတာပါ။ ခင်ဗျားတို့ ကူညီမယ်ပြုမယ် ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ ကူညီပါ လက်တွေ့ ခုနကလို ဒုက္ခ ခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ ဟာတွေကို ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့က သူတို့နဲ့တွေ့တိုင်း၊ တွေ့တိုင်း ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း ကျွန်တော်တို့ စိုးရိမ်ပါတယ်။

မေး။    ။ ဒေသတွင်းက အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာတွေရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေး အခြေခံတွေကို အကြောင်းပြုပြီးတော်တော်လေး ပြင်းပြင်းထန်ထန် ဖော်ပြတာတွေတွေ့ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ လူ့အခွင့်အရေးကို အခြေခံပြီး ဖော်ပြတယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကို တောင်မှပဲ တစ်ဖက်က ကျူးကျော်လာတဲ့ သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ပြည်ပမီဒီယာတွေ ပြောကြားချက်ကို တစ်စုံတရာများ စိတ်အနှောက်ယှက် ဖြစ်ခဲ့တာတွေ ရှိခဲ့လားခင်ဗျ။

ဖြေ။     ။     ကျတော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိ ကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတွေ တော်တော်လေး ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေ ရှိသလို တစ်ဖက်က ခုနလို မူဆလင်ဘာသာ ကိုးကွယ်တဲ့ သူတွေကို  နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေ အင်တာနက် သတင်းတွေ ကျွန်တော်တို့ အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျတော်တို့မှာ အတော်လေး စိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့ ကျွန်တော်တို့သံရုံးတွေထဲက  အီဂျစ်မှာ ရှိနေတဲ့ သံရုံးဆိုရင် ဆန္ဒ လာပြတာတွေရှိခဲ့ပါတယ်။ သာမာန် ဆန္ဒ ပြတာတော့ လူ့အခွင့်အရေးပါပဲ ပြသာနာမရှိပါဘူး သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ ဘာတွေဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါ အဲ့မှာရှိတဲ့ မိသားစုတွေ သံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့ စိုးရိမ်ရပါတယ်။ ဒီ ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျွန်တော်အနေနဲ့ သက်ဆိုင်ရာ နိုင်ငံအကြီးကဲတွေဆီ ကိုယ်တိုင် စာရေးပါတယ် ကုလသမဂ္ဂ  မစ္စတာ ဘန်ကီမွန်းထံကိုလဲ ကျွန်တော်စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလို ဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး တပြည်လုံးမှာ ဖြစ်နေတဲ့ ကိစ္စ မဟုတ်ပါဘူး။ နေရာလေးတစ်နေရာမှာ ကွက်ပြီးဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။ အဲဒီတော့ အင်ဒိုနီးရှားက သမ္မတကလဲ ကျတော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ကျွန်တော်စာရေးပါတယ်။ မလေးရှားက ၀န်ကြီးချုပ်ဆိုလဲ ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာ သိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့ ဒီပြသနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်း စာနာမှု အမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒါတွေကို သူတို့သိလာတဲ့ ဒီလိုအမြင် ပြောင်းတဲ့ တချိန်ထဲမှာပဲ ပြည်ပကအမြင်တွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ်လာတဲ့အတွက် ကိုယ့်နိုင်ငံ အတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုးတွေ မဖြစ်ရအောင် ခုနကလို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော် ဖိတ်ထားပါတယ်။ လာပါ ခင်ဗျားတို့ လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။ On Ground လဲလိုက် ပြပါမယ်။ နောက်ဒါမျိုးတွေ ဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ ကျွန်တော်တို့ စိတ်ထဲမှာ ရှိပါတယ်။

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်ရှင်။  http://burmese.voanews.com/content/president-utheinsein-voa-exclusive-interview/1485796.html

တပည့်အတွက်အသက်စွန့်သောစံပြဆရာမ

Zwepai Mhu

နိုင်ငံရေးသမားဆိုတာ...

Yangon Media Group

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ရှိ အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်များ နေ့လည်စာအ တူတကွစားသုံးကြစဉ် ပုံတွင် - ဒေါ်အောင်ဆန်းစုကြည်၏ ယာဘက်မှ ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဖြစ်သည်

မောင်တောမြို့နယ်တွင် ကျောင်းများ စတင် ဖွင့်သော်လည်း ကျောင်းသားများ ကျောင်းမလာ

မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသည့် ကတည်းက ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း များကို သြဂတ်စ်လ ၁၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းလာတက် သည့် ကျောင်းသား ကျောင်းသူများ အလွန် နည်းပါးကြောင်း သတင်း ရရှိသည်။

“စာသင်ကျောင်းတွေကတော့ ကျေညာထားတဲ့ အတိုင်း စဖွင့်ပါတယ်။ ကျောင်းသားတွေ ကျောင်းမတက်ကြဘူး။ ဆရာမတွေလည်း ကျောင်းသားတွေ မလာတော့ နေ့လည် ၁၂ နာရီကျော်ရင် ပြန်သွားကြပါတယ်။ ကျောင်းသားတွေ ဘာကြောင့် ကျောင်းမလာဘူးဆိုတော့ လုံခြုံရေး စိတ်မချ ရသေးတဲ့ အတွက်ပါ” ဟု မောင်တောမြို့ခံ တဦးကပြောသည်။
မြို့မိမြို့ဘများနှင့် အာဏာပိုင်များတွေ့ဆုံစဉ် မောင်တောမြို့နယ်ရှိ  ကျောင်းများကို သြဂတ်စ်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ရန် သတ်မှတ်ခဲ့ကြသည်ဟု ဆိုသည်။
သို့သော်လည်း ကျောင်းသားအများစုမှာ ကျောင်းမလာခဲ့ကြဟု မောင်တောမြို့မှ ပညာရေး ၀န်ထမ်း တစ်ဦးက ပြောသည်။
“ အထက်တန်းကျောင်းမှာ ကျောင်းဆရာမ ၆ ယောက်နဲ့ ကျောင်းသား ၄၀ ရောက်နီးပါး ရောက်တယ်။ မောင်တော အကွက် (၁)  မူလတန်းကျောင်းမှာ ၄ တန်းက ကျောင်းသား နည်းနည်း ရောက်တယ်။ ၂ တန်းက ကျောင်းသား ၆ ယောက်ရောက်တယ်။ အတန်းငယ်က လေးတွေက တယောက်မှ မရောက်ဘူး။ နေ့လည် ၁ နာရီကျော်တာနဲ့ ကျောင်းလွှတ်လိုက်တယ်။ အလယ်တန်း ကျောင်းကတော့ မဖွင့်ဖြစ်ဘူး။”
မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် နံနက်ပိုင်းတွင် ရခိုင် ကျောင်းသား ကျောင်းသူ များကို သင်ကြားပြီး ညနေပိုင်းတွင် ဘင်္ဂလီ ကျောင်းသားများကို သင်ကြားရန် စီစဉ် ခဲ့သော်လည်း ဘင်္ဂလီကျောင်းသား တဦးတယောက်မှလည်း ကျောင်းလာခြင်း မရှိကြောင်း မောင် တောမြို့မှ အဆိုပါ ကျောင်းဆရာက ပြောသည်။
မောင်တောခရိုင်အတွင်း စာသင်ကျောင်းပေါင်း ၁၆၀ ကျော်ရှိပြီး အများစုမှာ လုံခြုံရေးအရ မဖွင့်လှစ်နိုင် သေးကြောင်း မောင်တောမြို့မှ ပညာရေးဝန်ထမ်းက ဆက်ပြောသည်။
မောင်တောမြို့ရှိ အထက်တန်းကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များချထားသော်လည်း လုံခြုံရေးစိတ်မချ ရသည့် အတွက် ကလေးများကို မိဘများက ကျောင်းမလွတ်ကြသေးကြောင်း မောင်တောမြို့ခံများက ပြော သည်။
အလားတူ မောင်တောမြို့နယ် နယ်မြေ ၃ နံသာတောင်ကျေးရွာမှ ကျောင်းသားကျောင်းသူ ၇၀ ခန့် အပါအ၀င် တခြားကျေးရွာများမှ ကလေးများမှာလည်း ကျောင်းမတက်နိုင်သေးကြောင်း ကျေးရွာ သားတဦးကပြောသည်။
“ ကလေးတွေက ပြဿနာဖြစ်ကတည်းက ကျောင်းမတက်ရဘူး။ ဒီဘက်ပိုင်းက ရွာတွေမှာ တရွာမှ ကျောင်းမဖွင့်သေးဘူး။  ကျောင်းဖွင့်ရင်လည်း ပြမဲ့ ဆရာဆရာမတွေ မရှိဘူး။ ဆရာ ဆရာမတွေလည်း ဒီမှာ မနေ ရဲလို့ အားလုံးပြန် သွားကြတယ်။”
သြဂတ်စ်လ  ၈ ရက်နေ့ကတည်းက မောင်တောမြို့တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ သော်လည်း မောင်တောမြို့တွင် ဗုံးပေါက်ကွဲမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် သြဂတ်စ် ၁၃ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
http://www.narinjara.com/burmese/?p=1668

ရခိုင်ပါတီနှစ်ခုမှ ခေါင်းဆောင်များ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ

  August 14, 2012 at 2:38 pm
မောင်ရမ္မာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ရခိုင်ပါတီနှစ်ခုမှ ခေါင်းဆောင်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ခေါင်းဆောင်များသည် သြဂတ်လ ၈ ရက်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်ခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တွေ့ဆုံဆွေးနွေးခဲ့ သည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိရဉ္စရာသို့ ပြောသည်။
“ ဘကြီးတို့နဲ့ နေ့လည် ၂ နာရီကနေ ၄ နာရီထိ ရွှေးကောက်ပွဲ ကော်မရှင်နဲ့တွေ့တယ်။ ၄ နာရီမှာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ တယ်။  သမ္မတနဲ့ တွေ့တဲ့အခါမှာ အဓိက ရခိုင်ပြည်နယ် ပြဿနာကို တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်။ အဲဒီလို ဖြစ်မှသာ နောက်ထပ် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပြန်လည်တည်ဆောက်ရေး တွေကိုလုပ်နိုင်မယ်။ အဲဒီလို လုပ်တဲ့အခါမှာ နိုင်ငံရေး ပါတီတွေကပါ ၀ိုင်းဝန်း ပူးပေါင်းပြီးတော့ တည်ငြိမ်အောင် လုပ်ပေးဖို့အတွက် မေတ္တာရပ်ခံပါတယ်။ သမ္မတကိုလည်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အားလုံးက ၀ိုင်း ကြိုးပမ်း ဆောင်ရွက်ပေးကြမယ်လို့ ပြောကြားခဲ့ပါတယ်” ဟုဆိုသည်။
ဆွေးနွေးပွဲသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှ ဥက္ကဌ ဦးအေးသာအောင်၊ ဒုဥက္ကဌ ဦးကျော်မြင့်၊ အတွင်း ရေး မှူး ဦးမျိုးကျော်၊ ဗဟိုကော်မီတီအဖွဲ့ဝင် ဦးထွန်းညို၊ ဦးလှမြင့်၊ ဦးထွန်းရွှေနှင့် ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီမှာ ဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်တို့ တက်ရောက်ခဲ့သည်။
မြန်မာအစိုးရဖက်မှ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ နယ် စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=1665

၅၀၀ ကေဗွီ မဟာ ဓာတ်အားလိုင်း သုံးနိုင်ငံ၏ အကူအညီဖြင့် ဆောက်လုပ်မည်

The Voice Weekly

ရန်ကုန်၊သြဂုတ် ၁၄

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၅၀၀ ကေဗွီ မဟာ ဓါတ်အားလိုင်း တစ်ခုကို ဂျပန် ကိုရီးယားနှင့် ဆားဗီးယား နိုင်ငံတို့ ၏အကူအညီဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေး တစ်ဦး ကပြောကြားသည်။

အဆိုပါ စီမံကိန်းကို အပိုင်း ၃ ပိုင်းခွ
ဲပြီး တည်ဆောက်ရာတွင် သပြေ၀(မိတ္ထီလာ)-တောင်ငူ ဓာတ်အားလိုင်း ၁၄၆မိုင်၊ တောင်ငူ- ကမာနတ်(ပဲခူး) ဓာတ်အားလိုင်း ၁၁၇ မိုင်နှင့်သပြေ၀၊ တောင်ငူ၊ ကမာနတ် ဓာတ်အားခွဲရုံ ၃ရုံ ဆောက်လုပ်ခြင်း လုပ်ငန်းများ ပါဝင်မည်ပြီး ကုန်ကျငွေ ကန်ဒေါ်လာ၂၈၂.၀၇သန်း ကုန်ကျမည် ဖြစ်ကြောင်း ၎င်းထံက သိရသည်။

ရဲရွာ စီမံကိန်းကို အကောင်အထည်ဖော်တာနဲ့ အခု စီမံကိန်းကို တပြိုင်တည်း လုပ်ဆောင်ဖို့ အခြေအနေ မပေးခဲ့ဘူး၊ ဒါကြောင့် မြောက်ပိုင်းက ထုတ်တာကို တောင်ပိုင်းကို သယ်ပို့ဖို့ အကန့်အသတ် ဖြစ်ခဲ့ရတယ်၊ အခုမှ အကောင်အထည် ဖော်ဖြစ်တယ် ဟု ဓာတ်အားလိုင်း တိုးချဲ့မည့် စီမံကိန်း ဖြစ်လာပုံကို ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းတွင် ဆည်တော်ကြီး၊ မုန်း၊ ရွှေလီ၁၊ သဖန်းဆိပ်၊ ပေါင်းလောင်း၊ ရဲရွာ၊ ကင်းတား၊ ဇော်ဂျီ ၁၊ ၂၊ ကျိုင်းတောင်း၊ ကြီးအုံကြီးဝ ရေအား လျှပ်စစ် စက်ရုံကြီးများ၏ စက်တပ်ဆင်အားသည် ၁၇၁၄ မဂ္ဂ၀ပ် ရှိပြီး၊ ယင်းအတွက်၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၈ ခုကို ယင်းစီမံကိန်း မလုပ်နိုင်သေးခင်က တပ်ဆင်ခဲ့ရကြောင်း၊ ယင်းထဲမှ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၂လိုင်းဖြင့် ဓာတ်အား ပေးပို့ရာတွင် ယင်းလိုင်းများသည် သက်တမ်း ကြာမြင့် နေခြင်း၊ လိုင်း မိုင် ရှည်လျားသည့်အတွက် ဓာတ်အား ပျောက်ဆုံးမှု ရှိခြင်း တို့ကြောင့် ရောက်ရှိ ဓာတ်အားမှာ ၆၂၅ မဂ္ဂ၀ပ်သာ သယ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ပိုင်ဆိုင်မှုတင်ပြခြင်းအဆို ကန့်ကွက်ခံရခြင်း၏ နောက်ကွယ်တွင်..။

(ကောင်းမွန်သော အုပ်ချုပ်ရေး) (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်ရန် ပိုင်ဆိုင်မှုတင်ပြခြင်းအဆို ကန့်ကွက်ခံရခြင်း၏ နောက်ကွယ်တွင်..။

by Yan Aung on Tuesday, August 14, 2012 at 4:36am ·

ဖြစ်စဉ်

NLD မှ တင်ပြသည့် 'အစိုးရသစ်လက်ထက်တွင်  Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government  (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေး အပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆို' ကို ၂၅-၇-၂၀၁၂ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်.။
နောက်တစ်နေ့ ၂၆ ရက်နေ့မှာ သမ္မတရုံးက အောက်ပါအတိုင်း ညွှန်ကြားစာထွက်လာပါတယ်။

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သောပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စု စာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီး နိုင် ငံတော်သမ္မတထံ အမည်ဖော်ပြ လိပ်မူ၍ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် ။ စသဖြင့် ပါဝင်ပါတယ်။

ပြည်နယ်နှင့်တိုင်းအစိုးရအဆင့်ဆင့်အထိ အဲဒီညွှန်ကြားချက်ထွက်ပေါ်လာပါတယ်။
၈-၈-၂၀၁၂ နေ့မှာ NLD ကတင်တဲ့ Clean Government အဆိုဟာ ကန့်ကွက်မဲပေါင်းများစွာနဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ သမ္မတရဲ့ အထက်ပါ ညွှန်ကြားချက်ဟာလည်း ၉-၈-၂၀၁၂ မှာ ရုတ်တရက် ဆိုင်းငံ့သွားပါတယ်..။ ဥပဒေဆိုင်ရာ အငြင်းပွားမှု ရှိနေတဲ့အတွက် ဆိုင်းငံ့ထားခြင်းဖြစ်တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်.။
အဲဒီ ဖြစ်စဉ်များကို အခြေခံဥပဒေ ဆိုင်ရာ အချက်အလက်များနဲ့ သုံးသပ်ကြည့်ပါမယ်..။



သုံးသပ်ခြင်း။
အဲဒီမှာ ၈-၈-၂၀၁၂ နေ့က လွှတ်တော်မှာဖြစ်ခဲ့တဲ့ NLD ရဲ့ အဆိုနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးကြတဲ့အချက်တွေကို ပြန်လေ့လာမိပါတယ်..။ ပြန်လေ့လာကြည့်တဲ့အခါမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းရဲ့ ဆွေးနွေးချက်ကို သေသေချာချာ လေ့လာဖတ်ရှုမိပါတယ်။ သူ့ဆွေးနွေးချက်တွေထဲက ဆိုလိုရင်းအပိုဒ်တစ်ခုကို ပြန်လည်ဖော်ပြပါ့မယ်.။

....... ဒါပေမယ့်လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေအိမ်၊ အဆောက်အုံ၊ စီးပွားရေး လုပ်ငန်းစုငွေနဲ့ အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမယ်လို့သာ ဖော်ပြထားပါတယ်။
ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ကတိသစ္စာပြုချက်ပါ အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ရဲ့ ဥပဒေများကိုလည်း လိုက်နာရမှာဖြစ်တဲ့ အတွက် ဦးဝင်းမြင့်အဆိုမှာပါတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး အာဏာကို ခွဲဝေအပ်နှင်းခြင်း ခံရတဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစုကာ ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားရမယ့်အတိုင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ ကို ကျော်လွန်နေတာ တွေ့ရှိရပါ တယ်။ သို့ပါ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစု ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားရမယ်ဆိုတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့အဆိုဟာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ နဲ့ မကိုက်ညီတဲ့အတွက် အဆိုကိုပြန်လည်သုံးသပ်သင့် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဆိုလိုရင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျော်လွန်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုး ပြောသွားတာဖြစ်ပါတယ်..။ အနှစ်သာရပိုင်းကို မကြည့်ပဲ ဥပဒေကိုကောင်းကောင်းမကောင်းကောင်း ကာကွယ်ရမှာပဲ ဆိုတဲ့ သမိုင်းပေးတာဝန်သဏ္ဍန် မျက်စိစုံမှိတ် ဆွေးနွေးသွားတာဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၀၈ အခြေခံဥပဒေ ကို ပြန်လေ့လာကြည့်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ မှာ

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေအိမ်၊ အဆောက်အုံ၊ စီးပွားရေး လုပ်ငန်းစုငွေနဲ့ အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်။

ဆိုတဲ့ အချက်ကို ဗိုလ်မှူးကြီးခင်မောင်ထွန်းပြောတဲ့အတိုင်း သွားတွေ့ပါတယ်။

ဒါပေမယ့် NLD ဦးဝင်းမြင့် ရည်ညွှန်းသွားတဲ့ အခြားဥပဒေတစ်ခုဖြစ်တဲ့ ၂၀၁၀ အောက်တိုဘာ ၂၁ ရက် ရက်စွဲနဲ့ ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ  ပုဒ်မ (၁၀၁) မှာ တော့

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သောပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်။

ဆိုတဲ့အချက်ပါဝင်ခဲ့ပါတယ်။ ဒါကို NLD ဦးဝင်းမြင့်က ထောက်ပြပြီး မိမိရဲ့ အဆိုဟာလည်း ထိုဥပဒေကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော်လွန်ကြောင်း၊ အဓိကက ပြည်သူကို ချပြဖို့အတွက်ဖြစ်ကြောင်း ပြောကြားကာ ပြည်ထောင်စုရှေ့နေချုပ်ရဲ့စကားကို ကိုးကားပြီး နောက်ဆုံး ကန့်ကွက်မခံရခင်မှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်..။ ဘာ့ကြောင့်လဲဆိုတော့ အထက်ပါ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၁ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၈) နဲ့ မတူသလို မိမိအဆိုဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မတူကြောင်းပါ။

 ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်ပြောခဲ့တဲ့အချက်တွေထဲမှာ  ..

အထက်ဖော်ပြခဲ့သော ပုဂ္ဂိုလ်အားလုံး All  Inclusive အကျုံးဝင် စေမည်ဆိုပါက အခြေခံဥပဒေက အသေအချာ ပြုထားသည့် ရည်ရွယ်ချက်အတိုင်း ဖြစ်စေရန်အလို့ငှာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈၊ နောက်ဆက်တွဲ ၆၈(က) ဖြင့် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်ရန် လည်းကောင်း လိုအပ်မည်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေဥပဒေပုဒ်မ ၄၃၆(ခ)အရ ပုဒ်မ (၆၈)ကို ပြင်ဆင်မည်ဆိုပါက ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရန်ဖြစ်ပါတယ်။
လို့ ဆွေးနွေးခဲ့တဲ့ အတွက်ပါ..။ ၄င်းဆွေးနွေးပုံက NLD ရဲ့အဆိုဟာ ကောင်းတဲ့အချက်လို့ လွှတ်တော်မှ လက်ခံကြရင် ဒီအဆိုကို အတည်ပြုချင်ရင် အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်မလား…. ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ဖြည့်စွက်မလားဆိုပြီး ဥပဒေပညာရှင်ပီပီ ပညာသားပါပါထောက်ပြသွားတဲ့ ဆွေးနွေးမှုပါ။ တနည်းအားဖြင့် အားလုံးကို သတိပေးခေါင်းလောင်း တီးပေးလိုက်တာပါ။
အဲဒီတော့ ပြည်ထောင်စုအစိုးရဥပဒေပုဒ်မ (၁၀၁) ကို ပြင်မလား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၈) ကို ပြင်မလား ဆိုတဲ့ ပြဿနာ ဖြစ်လာပါတယ်။ အဲဒါကိုလေ့လာကြည့်ရင် သမ္မတရဲ့ ပိုင်ဆိုင်မှု အပ်နှံရန် ညွှန်ကြားချက် ယနေ့အချိန်မှာ ဘာ့ကြောင့် ဆိုင်းငံ့သွားသလဲဆိုတာ သဘောပေါက်လောက်ပါပြီ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၈) ကိုခွဲဖြန့်လေ့လာခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မှ ၆၈ မှာ သမ္မတ နဲ့ ဒုသမ္မတတွေရဲ့ ပိုင်ဆိုင်မှုကို ပြည်ထောင်စုလွှတ်တော်အကြီးအကဲ (နာယက) ကို တင်ရမယ်လို့ ပါဝင်ပါတယ်..။ အဲဒီအချက်အရ လွှတ်တော်အကြီးအကဲ ဆိုသူများဟာ ဘယ်လိုလူတွေလဲ ဆိုတာကို ၂၀၀၈ အခြေခံဥပဒေကိုပဲ ပြန်အသုံးပြုပြီး လေ့လာပါ့မယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥဒေ ပုဒ်မ ၇၆ (က) မှာ

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကများ၏ တာဝန်ထမ်းဆောင်ခြင်း
၇၆။(က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်းကာလအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။
ဆိုတဲ့ အချက်ပါဝင်ပါတယ်။
အဲဒီတော့ အမျိုးသားလွှတ်တော် ဥက္ကဌ ဆိုတာ ဘယ်လိုလူမျိုးကို ရွေးချယ်သလဲဆိုတာကို  တိုက်ရိုက်  အခြေခံဥပဒေမှာမပြဌာန်းထားပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဌများ၏ ရွှေးချယ်ပုံအတိုင်းဖြစ်သည် ဆိုတော့ ဆက်လက်လေ့လာမိပြန်ပါတယ်။

ပုဒ်မ ၁၁၁။(က)(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြှောက်ရမည်၊

အဲဒီတော့ အတိုချုပ်လိုက်ရင် ပြည်ထောင်စုလွှတ်တော် နာယက ဆိုတာ တနည်းအားဖြင့် ရွှေးကောက်တင်မြှောက်ခံထားရတဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဌဆိုတာလည်း ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ အဲဒီ လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေဟာ သက်ဆိုင်ရာပါတီဝင်တွေဖြစ်ကြပါတယ်..။ သမ္မတ/ဒုသမ္မတ လို ဘယ်ပါတီဝင်အဖြစ်ကမှ အလိုလျောက်အနားယူထားသူတွေမဟုတ်ပါဘူး။
သတိထားမိတာက ပြည်ထောင်စုလွှတ်တော်နာယကသက်တမ်းဟာ လပေါင်းသုံးဆယ်ပါ။
အခြေခံဥပဒေ ပုဒ်မ (၇၆)-က အရ လပေါင်းသုံးဆယ်ကျော်ရင် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ယူထားတဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌကို ပြည်ထောင်စုလွှတ်တော်နာယက တာဝန် လွှဲပေးရပါတော့မယ်။ ပွင့်လင်းစွာပြောရရင် ဦးခင်အောင်မြင့်နေရာကို လပေါင်းသုံးဆယ်ကြာရင် ဦးရွှေမန်း ရောက်မှာဖြစ်ပါတယ်။

အခု NLD က ကန့်ကွက်ခံခဲ့ရတဲ့အဆိုအရ လက်ရှိအချိန်မှာ အစိုးရအဖွဲ့ဝင်များဟာ သမ္မတကို ပိုင်ဆိုင်မှုတင်နိုင်ခဲ့ရင် သမ္မတဟာ မည်သည့်ပါတီဝင်မှမဟုတ်ပါ။ အခြေခံဥပဒေပုဒ်မအရဆိုလျှင်လည်း ပြဿနာမရှိပါ။

ပုဒ်မ ၅၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုမြန်မာနိုင်ငံတ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ဖြစ်သည်။

အစိုးရအဖွဲ့ဝင်များရဲ့ပိုင်ဆိုင်မှုများကို  လွှတ်တော်အကြီးအကဲကို တင်ရမယ်လို့ အခြေခံဥပဒေကို ဖြည့်စွက်ခဲ့ရင်/ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ခဲ့မယ်ဆိုရင် အစိုးရအဖွဲ့ဝင်များဟာ ယခင်တုန်းက ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများဖြစ်သလို လွှတ်တော်နာယကများဟာလည်း လက်ရှိအချိန်မှာပြည်ခိုင်ဖြိုးပါတီဝင်တွေဖြစ်နေကြတုန်းပါ။ ဒါကြောင့် လွှတ်တော်နာယများကို အစိုးရအဖွဲ့မှ ပိုင်ဆိုင်မှုတင်တင်ခြင်းဟာ တရားမျှတမှု ရှိနိုင်ပါ့မလား..။ ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်အကြီးအကဲတိုင်းဟာ အာဏာရပါတီ ဒါမှမဟုတ် အတိုက်အခံ ပါတီ တစ်ခုခုကို ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ရွှေးချယ်ထားတာပါပဲ။

ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသော သုံးသပ်ချက်
လက်ရှိအစိုးရအဖွဲ့ဝင်များထဲမှာ သမ္မတနဲ့ ပိုင်ဆိုင်မှုကို မှတ်ကျောက်တင်ရဲသူ တစ်ယောက်နှစ်ယောက်ကလွဲလို့ ကျန်အစိုးရအဖွဲ့ဝင်အားလုံးနီးပါးရဲ့ ပိုင်ဆိုင်မှုများကို စစ်ဆေးဖို့အတွက်လည်း ပြဿနာရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုရင် အစိုးရအဖွဲ့ဝင်အများစုဟာ ယခင်က စစ်အစိုးရရဲ့ တပ်မတော်အရာရှိကြီးများဖြစ်ခဲ့ကြပါတယ်။ အဲဒီတုန်းကအခြေအနေဟာ ယခု အစိုးရသစ်သက်တမ်း တစ်နှစ်ကျော်အတွင်းကထက် အဂတိလိုက်စားမှု ပိုမိုများပြားခဲ့တဲ့အတွက်  ယခုအချိန်မှာ ၄င်းတို့/၄င်းတို့မိသားစုများရဲ့ပိုင်ဆိုင်မှုကို စစ်ဆေးမယ်ဆိုရင် ယခင်အစိုးရဟောင်းလက်ထက်ကတည်းက မြောက်များစွာသော ပိုင်ဆိုင်မှုများကို ပြန်လည်တွေ့ရှိမှာဖြစ်ပါတယ်။  ဥပမာ  ပိုင်ဆိုင်မှုအရ လုပ်ငန်း ငါးခုရှိသည်ဆိုပါစို့ အဲဒီလုပ်ငန်းတွေဟာ ယခင် အစိုးရလက်ထက်ကတည်းက မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေဆိုရင် ယခင်စစ်တပ်အုပ်ချုပ်ခဲ့တဲ့ တပ်မတော်အရာရှိဘ၀မှာ ၄င်းနဲ့ ၄င်းရဲ့မိသားစုများမှ စီးပွားရေးလုပ်ငန်း မည်မျှ လုပ်ကိုင်ခဲ့ကြောင်း အထောက်အထားတွေ ပိုမိုပေါ်လွင်လာမှာဖြစ်ပါတယ်။

ယခုအချိန်ကျမှ ထိုမျှများပြားသော ပိုင်ဆိုင်မှုများ စီးပွားရေးလုပ်ငန်းများကို အချိန်တိုအတွင်း စာရင်းဖျောက်ရန် ဘယ်လိုမှမဖြစ်နိုင်ပါ။
အဲဒါကြောင့် ယခုကိစ္စမှာ တပ်မတော်သားကိုယ်စားလှယ်များက အခြေခံ ဥပဒေ ပုဒ်မ ၆၈ ကို အကြောင်းပြကာ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့  ယခင်တပ်မတော်အစိုးရလက်ထက်က တပ်မတော်အရာရှိကြီးများ ကြီးမားစွာ အဂတိလိုက်စားမှုများအဖြစ် ပြည်သူ့နားသို့ တရားဝင်ပေါက်ကြားကာ နောက်ကြောင်းပြန်ရိုက်ခတ်လာမယ့် အကျိုးသက်ရောက်မှု (သမိုင်း) ကိုပါ ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့အပြင် လွှတ်တော်ထဲတွင် အင်အားအကြီးဆုံး အာဏာရပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များထဲမှာ လွှတ်တော်ဥက္ကဌများအပါအ၀င် အင်အား အများစု ရှိပါတယ်။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များမှ ၄င်းတို့ပါတီဝင်ဟောင်းများ၊ ယခင်စစ်အစိုးရလက်ထက်မှ လုပ်ဖော်ကိုင်ဖက် Senior Junior ဖြစ်ခဲ့ဖူးသူ အစိုးရအဖွဲ့ဝင်များရဲ့ အကျိုးစီးပွားကို ပြည်သူ့မျက်နှာမထောက် ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒါကြောင့် ဒီအဆိုဟာ ပျက်ပြယ်ခဲ့ပါတယ်..။ ဒါပေမယ့် လွှတ်တော်ထဲရှိ NLD ဦးဝင်မြင့်၏ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ နဲ့ အခြေခံဥပဒေပုဒ်မ ၆၈ ကို ယှဉ်ထောက်ပြလိုက်တဲ့အတွက် သမ္မတရုံးအပါအ၀င် အခြေခံဥပဒေခုံရုံးနှင့် လွှတ်တော်ထဲအထိပါ ဂယက်ရိုက်သွားတယ်ဆိုတာ ငြင်းမရပါ။

နိဂုံး
အဲဒါကြောင့် ဒီအချက်တွေကို လေ့လာသုံးသပ်ပြီး  အမတ်အနည်းငယ်သာရှိတဲ့ NLD ရဲ့  လွှတ်တော်တွင်းနဲ့ သမ္မတအပါအ၀င် အစိုးရတစ်ရပ်လုံးကို အဆို တစ်ခုတည်းနဲ့ ကိုင်လှုပ်နိုင်စွမ်းရှိခြင်းအပြင် အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပထမခြေလှမ်းအဖြစ် အားလုံးကို တပ်လှန့်လိုက်ခြင်းဖြစ်ကြောင်း နားလည်ကာ လေးစားအသိအမှတ်ပြုမိသလို နောက်ဆက်တွဲဖြစ်လာမယ့် အားပြိုင်မှုများ၊ ခြေထိုးမှုများနဲ့ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်လေ့လာသုံးသပ်နိုင်ကြရန်အတွက် ရေးသားလိုက်ရပါတယ်..။

Ref: http://www.pyithuhluttaw.gov.mm
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)


ရန်အောင်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အခြေခံဥပဒေဆိုင်ရာခုံရုံးကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ပြောကြားချက်

RThe Voice Weekly

-

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

ကျွန်တော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)ပါပြဋ္ဌာန်းချက်အား ဖောက်ဖျက်

ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ်(၅)အရ ဥပဒေအရပေးအပ်ေသာ တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို၂၀၁၂ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် လွှတ်တော်အခွင့်အရေး ကော်မတီမှတစ်ဆင့် ဒုတိယအကြိမ်အဖြစ် ထပ်မံတင်ပြလာကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက တရားနည်းလမ်းကျစွာ တင်ပြ တောင်းဆိုလာသော ကိစ္စရပ်များနှင့် တာဝန်ပေးမှုများအား လက်ခံဆောင်ရွက်ပေးရမည်ကို မိမိနားလည် သဘောပေါက်ပါတယ်။ သို့ရာတွင် ဤလို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းကိစ္စရပ် များကို အလျဉ်းမပြုလုပ်လိုပါ။ လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း မိမိထက်မနည်းသော စိတ်စေတနာကောင်းများရှိကြလိမ့်မည်ဟု ယုံကြည်ပါတယ်။ သို့ပါသောကြောင့် စွပ်စွဲပြစ်တင်မှု နည်းလမ်းအစား အခြားနည်းလမ်း တစ်ခုခုဖြစ်မြောက်ရေး အတွက် ကြိုးပမ်းမှုပြုနေချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သည်းခံစိတ်ထားရှိ၍ ခေတ္တခဏ စောင့်ဆိုင်း ပေးစေလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒများကို နိုင်ငံတော် သမ္မတထံပေးပို့အကြောင်းကြားပြီး နိုင်ငံတော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် ဆက်စပ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား မထိခိုက်စေ‌ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ခွင့် ပြုစေလိုပါတယ်။ မိမိဆောင်ရွက်လို သည်မှာ လွှတ်တော်ကိုယ်စားလှယ်များအတွင်း ဖြစ်ပေါ်နေသောဆန္ဒနှင့် သဘောထားများကို နိုင်ငံတော် သမ္မတသိရှိစေပြီး ကောင်းမွန်မှန်ကန်စွာ ဆုံွးဖတ်ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ပါတယ်။

ယခုကိစ္စကို စတင်ပေါ်ပေါက်စေခဲ့သော နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၃/ညမ (၁)၃-၁ (၉၂)နပတ(၇၂)အရ တင်သွင်းခဲ့သည့်တင်သွင်းလွှာအား ပြန်လည် ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူစေခြင်း တို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၂၁) ရက်နေ့ မတိုင်မီ အပြီးဆောင်ရွက်ပေးပါရန်၊ ထိုသို့ဆောင်ရွက် ပေးပါက ကိုယ်စားလှယ်များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်မှု ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ရေးသား ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီသဘောထားနှင့် ဆောင်ရွက်မှုကို လွှတ်တော်အား အသိပေး တင်ပြခြင်းဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ၊ နာစရာရှိရင် လွမ်းစရာနှင့်ဖြေ ဆိုသည့်စကားများအတိုင်း စာနာထောက်ထား ငဲ့ညှာမှုများနှင့် ဆက်လက် ပြုမူဆောင်ရွက်သွားစေလိုပါတယ်။

ယခုကိစ္စရပ်ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာ အပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ၃-၂-၂၀၁၂ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်မှ အခွင့်အာဏာလွှဲအပ်ခြင်းခံရသူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ၁၇-၂-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာအပေါ် ရှင်းလင်းချက်အား ပြန်လည် တင်သွင်းခဲ့ပါတယ်။ ၎င်းနောက် ၂၈-၃-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက "လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိကြောင်း" ဆုံးဖြတ်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များအရလည်းကောင်း၊ ယင်းအပေါ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင်လည်းကောင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သဘောထား ဆန္ဒများမှာ တည်ဆဲဥပဒေများဖြစ်သောပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများတွင် အတိအလင်းပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များအပေါ် ယခုကဲ့သို့ ဆောင်ရွက်မှု များသည် နိုင်ငံတော်ဖွဲ့စည်းပုံအွခေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဆုံးဖြတ် ဆောင်ရွက်ခွင့်မရှိသလို ဆုံးဖြတ်ဆောင်ရွက်ရာတွင်လည်း ဥပဒေများကို မျက်ကွယ်ပြု၍ မှားယွင်းစွာ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဤသို့မှားယွင်း ဆောင်ရွက်ခဲ့သည့်ကိစ္စများအတွက် လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာများထိခိုက်ခြင်း၊ လွှတ်တော်လုပ်ငန်းများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကန့်သတ်မှု၊ ခက်ခဲမှုနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း တင်ပြခဲ့ကြ ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
၂၀၁၂ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦး က လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အရေးကြီးအဆိုတင်သွင်း မည်ဖြစ်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီမှတစ်ဆင့် မိမိထံအသိပေး တင်ပြလာခဲ့ကြပါတယ်။
၎င်းကိစ္စအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ခေတ္တဆိုင်းငံ့ထားပြီး ပြည်သူ့လွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များအား ခေါ်ယူတွေ့ဆုံ၍ ပြေလည်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ သွားရောက် ရှင်းလင်းတင်ပြစေခဲ့ရာ နိုင်ငံတော်သမ္မတက ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ပြန်ကြားလာမှုကို ကြားသိခဲ့ရ၍ စွပ်စွဲပြစ်တင်ခြင်း ဆောင်ရွက်မည့်ကိစ္စအား ဆက်လက် ဆောင်ရွက်ခြင်းမပြုစေဘဲ ရပ်ဆိုင်း ထားခဲ့ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိထားပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌ အနေဖြင့်လည်း စွပ်စွဲပြစ်တင်မှုအဆင့်အထိ မရောက်ရှိစေရေးအတွက် နိုင်ငံတော် သမ္မတနှင့်လည်းကောင်း၊ အခြားတာဝန်ရှိသူများနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုခဲ့ပါတယ်။ (၉-၈-၂၀၁၂) ရက်နေ့ကပင် နိုင်ငံတော် သမ္မတထံ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ၏ သဘောထားဆန္ဒ အခြေအနေများကို ရှင်းလင်းပြောကြားပြီး စွပ်စွဲပြစ်တင်မှုမပြုလုပ်ဘဲ ဖြေရှင်းဆောင်ရွက်၍ ပြေလည်စေနိုင်သော အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံး နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ရန် တင်ပြခဲ့ပါ သေးတယ်။

သို့သော်လည်း ယခုအချိန်အထိ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခြင်းမရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ယင်းတို့၏ လွှတ်တော်ရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာပြီး ခံစားမှုများကြီးမားလာကာ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ရန် အဆင့်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ဒီကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်၍ သည်းခံစိတ်ထားရှိပြီး သတ်မှတ် ပေးထားသည့်ကာလအတွင်း နိုင်ငံတော် သမ္မတက ဆောင်ရွက်ပေးမည့်အချိန်အထိ စောင့်ဆိုင်းပေးပါရန်နှင့် မိမိ ကလည်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ဆောင်ရွက်သွားပါမယ်။ သတ်မှတ်ကာလအတွင်း အဆင်ပြေခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ် များ၏ဆန္ဒအတိုင်း စွပ်စွဲပြစ်တင်မှုပြုလုပ်လိုပါက ပြုလုပ်နိုင်ကြပါကြောင်း နှင့် ယခုမူ ခေတ္တစောင့်ဆိုင်း သည်းခံပေးပါရန် မေတ္တာရပ်ခံတင်ပြအပ် ပါတယ်။ 


Eleven Media Group


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်း ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံသို့ သ၀ဏ်လွှာ ပေးပို့မည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိ စိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်း ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံသို့ သ၀ဏ်လွှာ ပေးပို့သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားမှုမှာ လွှတ်တော် ကော်မတီများသည် ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ် တင်ပြီး နုတ်ထွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးမှ စုပေါင်း လက်မှတ် ရေးထိုးကာ သြဂုတ်လ ၈ ရက်နေ့က လွှတ်တော် အခွင့်အရေး ကော်မတီမှ တစ်ဆင့် တင်ပြလာသည့် အတွက် ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ဖြေရှင်း ဆောင်ရွက်မည့် နည်းလမ်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုရာ၌ ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်ပါသည်။  လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးရန် လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးမှ စုပေါင်း လက်မှတ်ရေးထိုး တင်ပြ လာသည့်အထဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကြောင်း သိရသည်။


  အအခြေခံဥပဒေ ခုံရုံးအဖွဲ့ နုတ်ထွက်ရမည်
2012-08-14

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ နိုင်ငံတော် သမ္မတထံ တင်ပြမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွှတ်တော်တွေက ဖွဲ့စည်းခဲ့တဲ့ ကော်မတီတွေရဲ့ အဆင့်ဟာ ပြည်ထောင်စုအဆင့်မဟုတ်ဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် အရေးယူ ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၃၃၁ ဦးက စုပေါင်း လက်မှတ်ရေးထိုး တင်ပြချက်ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူ့လွှတ်တော်ကို၊ လုပ်ငန်းတွေကို၊ ဂုဏ်သိက္ခာကို ထိပါးစေတယ်လို့ ယူဆတဲ့အလျောက် အဲဒီ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၃၁ ဦးက လက်မှတ်ရေးထိုးပြီး တင်ပြ ကန့်ကွက်တဲ့ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဲဒီခုံရုံး တာဝန်ရှိတဲ့ သူတွေကို မမှန်မကန် ပြုလုပ်မှုနဲ့ စွပ်စွဲအရေးယူဖို့ တင်ပြတယ်။ အဲဒါကို ဥက္ကဋ္ဌက ခုံရုံးရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပေးပါလို့ နိုင်ငံတော် သမ္မတဆီကို သဝဏ်လွှာပေးဖို့၊ စာရေးဖို့ပေါ့။ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်အနေနဲ့ စာရေးတင်ပြဖို့ သဘောတူကြတယ်။ လွှတ်တော်ကတော့ အတည်ပြုပေးလိုက်တယ်"

အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်ရန် အဲဒီလို လက်မှတ်ထိုးကြတဲ့ သူတွေထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများအပြားလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ တိုင်းရင်းသား အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးနဲ့ ဒီကနေ့ နေ့လည်စာ အတူသုံးဆောင်ခဲ့ကြောင်း သိရပါတယ်။

လွှတ်တော်က ထမင်းစားဆောင်မှာ တိုင်းရင်းသား အစားအသောက်တွေ အပါအဝင် ကိုယ်တိုင်ချက်ဟင်းတွေနဲ့ မိမိတို့ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီး မဲဆန္ဒနယ်မြေ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေက ပြောပါတယ်။

သတင်းထောက်တွေက လွတ်တော်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်နဲ့ တနင်္ဂနွေနေ့ နောက်ဆုံး တွေ့ဆုံမှုအကြောင်း မေးမြန်းခဲ့ရာမှာ အလွတ်သဘော တွေ့ဆုံမှုသာ ဖြစ်ကြောင်း သမ္မတနဲ့ ဆက်ဆံရေးမှာ အရင်ကထက် တိုးတက်မှု ရှိလာကြောင်း ပြန်လည် ဖြေကြားတယ်လို့လည်း သိရပါတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေး

2012-08-13

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေး တက်ရောက်နေစဉ်။

တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"နေ့ခင်း ၁၁ နာရီ ကျော်ကျော်လောက်မှာ အဲဒီကနေ တောက်လျှောက်တွေ့တာ နေ့လည် ၁၂ နာရီခွဲလောက်အထိ အဲဒီမှာတွေ့ပါတယ်။ သီးသန့်လာပြီးတော့ ဖိတ်ကြားပြီးတော့ အဲတာ ဆွေးနွေးတာ။ ဘာတွေဆွေးနွေးလဲ မပြောပါဘူး။ ဘာမှ ထပ်ပြီးထုတ်ပြန်ဖို့ မပြောဘူး။ မနေ့က ဆွေးနွေးချက်တွေလည်း မပြောဘူး" လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ပါဝင်တဲ့ တချို့ပုဒ်မတွေကို အတည်ပြုကြောင်းလည်း သိရပါတယ်။
rfa.org

ဒေါ်အောင်ဆန်းစုကြည်နှင့်နဲ့ အမျိုးသမီးအမတ်တွေ (14-8-2012) နေ့ကကိုယ့်ထမင်းဘူးနဲ့ ကိုယ်

ဓာတ်ပုံ- NLD ပြန်ကြားရေးဌာန