Monday, August 27, 2012

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။

သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။
“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။
ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။
ဗိုလ်မှူးကြီးအောင်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့က မောင်တောမြို့ကို လာရောက် လည်ပတ်ပြီး အပြန်တွင် ရာထူးချကာ စစ်တွေသို့ ခေါ်ယူသွားပြီး၊ စစ်တွေမှ တဆင့် နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။
“ အခု သူ့ကို ထောင်ချလိုက်တာက နေပြည်တော်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို စရဖ အဖွဲ့က တော်တော် ပြင်းပြင်းထန်ထန် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။
ဒေါ်လတ်လတ်သိန်း အပြောအရ ဗိုလ်မှူးကြီးအောင်ကြီးမှာ သွေးကို လန့်တတ်သူ ဖြစ်သဖြင့် ဆန္ဒပြသူ ဘင်္ဂလီမွတ်ဆလင် များအား ပစ်မိန့် မပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
“ သူမရဲ့ယောင်္ကျားက သွေးကို အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးရင် သွေးတွေကို မြင်ရမယ်။ လူတွေ သေမယ်။ ဒါကြောင့် ပစ်မိန့်မပေးတာလို့ ပြောပါတယ်။ ပိုက်ဆံတွေ ယူပြီး ပစ်မိန့် မပေးတာ မဟုတ်ဘူးလို့ ဒေါ်လတ်လတ်သိန်းက ပြောပါတယ်” ဟု ဆက်ပြောသည်။
မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ဗိုလ်မှူးကြီး အောင်ကြီး သည် လာဒ်ငွေ အမြောက်အများ ယူပြီး အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့သူ အဖြစ် အများ ပြည်သူများက စွပ်စွဲထားကြသည်။
ဆူပူ အကြမ်းဖက်သူ မွတ်ဆလင် လူအုပ်သည် ရခိုင်အမျိုးသားများနေထိုင်သော အိမ်များကို စတင်တိုက်ခိုက်စဉ် ဗိုလ်မှူကြီး အောင်ကြီးမှာ အခြံအရံများဖြင့် ရောက်ရှိလာရာ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူများက လက်ခုပ်လက်ဝါးတီးကာ သြဘာပေးခဲ့ကြသည်ဟု အနီးအနားရှိ မျက်မြင်များက ပြောသည်။
၎င်းနောက် သူ့၏ ရှေ့တွင် ပင် အကြမ်းဖက်သူများသည် ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ပြီး လူများကို သတ်ဖြတ်မူများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဗိုလ်မှူးကြီး အောင်ကြီးသည် တစ်စုံတစ်ရာ ဟန့်တာခြင်း မရှိဘဲ အနီးအနားရှိ ဆေးရုံထဲသို့ ဆုတ်သွားကာ အဆိုပါ ဆေးရုံဝင်းထဲမှ နေပြီး ဆူပူ အကြမ်းဖက်သူများ၏ ကျူးလွန်နေမူများကို ရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးအောင်ကြီးမှ ပစ်မိန့် မပေးသဖြင့် ဆူပူ အကြမ်းဖက်သူများသည် နစက စခန်းအနီးရှိ ကျေးရွာများကို သာမက မောင်တောမြို့ပေါ်ရှိ ရခိုင်အိမ်များ၊ နစက ကင်းစခန်းမျာ ချထားသော ကျေးရွာများကိုပါ တစ်ရွာပြီး တစ်ရွာ ၀င်ရောက် မီးရှို့သွားခဲ့ဟု ဆိုသည်။ သို့အတွက် အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ခံရကာ လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။
ဗိုလ်မှူးကြီးအောင်ကြီးအား  ထောင် အနှစ် (၄၀) ချလိုက်သည်ဟု အပြင်တွင် သတင်းများ ထွက်နေသော်လည်း အစိုးရပိုင်းမှ ယခု အချိန်ထိ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးပါ။
 http://www.narinjara.com

ဆီးဂိမ်းတွင် ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းများ မြန်မာမပြိုင်


by Mizzima - News in Burmese on Monday, August 27, 2012 at 6:17am ·
လင်းကိုကိုထက် | တနင်္လာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၀၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။     ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၃ ခုနှစ် ဆီးဂိမ်း SEA Games အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းများကို ချန်လှပ်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင်
ပြုလုပ်ခဲ့သည့် အကောင်းဆုံး အားကစားသမားဆု ချီးမြှင့်သည့် အခမ်းအနားတွင်  မြန်မာ အားကစားဝန်ကြီး ဦးတင့်ဆန်း က ပြောသည်။

၂ဝ၁၃ ခုနှစ် ဆီးဂိမ်းတွင် မြန်မာက အားကစားနည်း ၃၂ မျိုး ယှဉ်ပြိုင်ရန် လျာထားပြီး ထိုအထဲမှ မည်သည့် အားကစားနည်းများ ပယ်ဖျက်မည်ကို မစိစစ်ရသေးကြောင်း ဝန်ကြီး က ပြောသည်။

“ဆီးဂိမ်းမှာ ရွှေတံဆိပ် မရနိုင်တဲ့ အားကစားနည်းတွေကို ချန်လှပ်ထားဖို့ ရှိပါတယ်။ ဘယ်ကစားနည်းကို ချန်မလဲ ဆိုတာကတော့ သေချာ မပြောနိုင်သေးပါဘူး။ ကစားနည်း လေးမျိုးလောက်ကို ချန်လှပ်ထားဖို့တော့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြိုင်ပွဲမှ ချန်လှပ်ထားမည့် အားကစားနည်းများကို ၂ဝ၁၃ ဇန်နဝါရီလတွင် ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ဝန်ကြီး များအစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်မည့် အားကစားသမားများကိုလည်း ရွှေတံဆိပ်တခုကို အနည်းဆုံး ကျပ်သိန်းတရာ ချီးမြှင့်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

“ဆီးဂိမ်းမှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်မယ့် ကစားသမားတွေကို ရွှေတခုကို အနည်းဆုံး ကျပ်သိန်းတရာ ချီးမြှင့်မယ်လို့
ကြေညာထားပါတယ်။ ဒီထက်ပိုချင်လည်း ပိုမှာဖြစ်ပေမယ့် သိန်းတရာ ထက်တော့ မနည်းပါဘူး” ဟု ဦးတင့်ဆန်း က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခုသာ ဆွတ်ခူးနိုင်ခဲ့သော် လည်း ၂ဝ၁၃ ခုနှစ်၊ ဆီးဂိမ်းပြိုင်ပွဲတွင်မူ အနည်းဆုံး ရွှေတံဆိပ် အခု တရာအထိ ဆွတ်ခူးနိုင်လိမ့်မည်ဟု ဝန်ကြီးက ခန့်မှန်းထား၍ ဆုကြေးအဖြစ် အနည်းဆုံး ကျပ်သိန်းပေါင်း တသောင်း ချီးမြှင့်ရန် ဖြစ်သည်။

"တရုတ်လုပ် Cheryကား မော်ဒယ် နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်ခြင်းရှိမရှိ စစ်ဆေးနေ"


Popular Myanmar News Journal


တရုတ်လုပ် Chery ကား မော်ဒယ် နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်နေမနေ ဓာတ်ခွဲခန်းတွင်စစ်ဆေးနေကြောင်းသိရသည်။

အဆိုပါ Chery ကား မော်ဒယ်နှစ်ခုမှာ J3 ဆီဒင်ကားနှင့်၊ T11 ပြိုင်ကားမော်ဒယ်များဖြစ်ကြပြီး၊ ယင်းကားများကိုတင်သွင်းသည့် ဗားတက်စ် ကုမ္ပဏီက ကျောက်ဂွမ်းပါဝင်သည်ဆိုသော အင်ဂျင်နှင့် အိပ်ဇောစနစ်မှ ဂတ်စက် နမူနာ ခြောက်ခုကို ဆက်စကို ဓာတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးလျှက်ရှိသည်။ ဓာတ်ခွဲခန်းမှ အဖြေကို လာမည့် ရက်သတ္တပတ်တွင်သိရမည်ဆို၏။

ကျောက်ဂွမ်း(Asbestos)ဆိုသည်မှာ မီးမလောင်နိုင်သည့်ပစ္စည်းတစ်မျိုးဖြစ်ပြီး၊ မီးသတ်သမားများဝတ်ဆင်လေ့ရှိသည့် မီးခံဝတ်စုံတွင် ထည့်သွင်းအသုံးပြုသော်လည်း လူသားတို့အတွက် အန္တရာယ်ရှိသဖြင့် ကမ္ဘာ့နိုင်ငံ ငါးဆယ်တို့တွင် ကျောက်ဂွမ်းသုံးခြင်းကို တားမြစ်ပိတ်ပင်ထားကြသည်။ ယင်းသို့ တားမြစ်ပိတ်ပင်သည့် နိုင်ငံများထဲတွင် သြစတြေးလျနိုင်ငံသည်လည်း အပါအ၀င်ဖြစ်လေရာ ယင်း Chery ကား မော်ဒယ်နှစ်ခုတို့တွင် ကျောက်ဂွမ်းများပါဝင်နေကြောင်းသေချာပါက ကားအစီးရေ ၂၃၀၀၀ ကို ယင်းတို့ လာရာဌာနသို့ ပြန်ပို့မည်ဖြစ်ကြောင်းသိရသည်။

ကျောက်ဂွမ်းမှထွက်သည့် အနံ့ကို ကြာကြာရှုရှိုက်ပါက အသက်ရှုလမ်းကြောင်းတွင် ရောဂါဖြစ်နိုင်ကြောင်း ဆေးပညာရှင်များကဆိုသည်။ မောင့်အဲလိဇဘက်ဆေးရုံမှ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပါရဂူ ဒေါက်တာ ချန်တောင်အင်က "ကျောက်ဂွမ်းအမျှင်တွေဟာ အဆုပ်ထဲဝင်တာများရင် အန္တရာယ်ဖြစ်စေနိုင်တယ်။ အဆုပ်ထဲကို ကျောက်ဂွမ်းအမျှင်တွေ ရောက်နေတာကို နှစ် ၂၀ ကနေ ၃၀ လောက်ကြာမှ သိရတတ်တယ်။ ဒါကြောင့် ရောဂါဖြစ်နေတာကို လူတွေမသိကြတာများတယ်"ပြောသည်။ ကျောက်ဂွမ်းအမျှင်စလေးများငည် အသက်ရှုသည့်အခါ နည်းနည်းချင်းပါသွားပြီးနောက် ယင်းအမျှင်များ ထောင်နှင့်ချီ၍ အဆုပ်ထဲသို့ရောက်နေပါက ဖယ်ရှားပစ်ရန် ခက်ခဲသည်ဟုယင်းကဆိုသည်။

စင်ကာပူနိုင်ငံတွင်မူ Chery ကားပေါင်း ၁၈၀၀ ကျော်မျှ မောင်းနှင်သွားလာနေကြသော်လည်း ယခုသံသယဖြစ်နေကြသည့် မော်ဒယ်များမှာမူ ၄၁၄ စီးသာရှိကြောင်းသိရသည်။ စင်ကာပူနိုင်ငံတွင်လည်း ကျောက်ဂွမ်းကို ၁၉၈၉ မှစတင်၍ တားမြစ်ခဲ့ပြီး၊ ကားများတွင် အသုံးမပြုရန်ကိုမူ ၁၉၉၅ ခုနှစ်တွင် တားမြစ်ခဲ့ကြောင်းသိရသည်။

" ၀ူဟူး အခြေစိုက် Chery ကားစက်ရုံကလဲ စင်ကာပူကို ပို့တဲ့ကားတွေမှာ ကျောက်ဂွမ်းတွေပါမပါဆိုတာကို စစ်ဆေးနေပါတယ်" ဟုယင်းကားများကို တင်သွင်းသော ဗားတက်စ်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဆင်ခိုင်ဘီက စထရိတ်တိုင်းမ်စ် သတင်းစာသို့ပြောကြားခဲ့သည်။

PN-009
ref: Chery cars being tested for banned asbestos- Straits Times

ကုတင်ကြီးပါ....ပါသွားလား..

Yangon Media Group
အင်းစိန်ဆေးရုံမှ အကျဉ်း သားတစ်ဦး ထွက်ပြေးလွတ်မြောက်
======================================
စောမြင့်သန်း၊ကျော်မြတ်ဇံ
======================================
အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါး အမူဖြင့်ထောင် ဒဏ် ၁၂နှစ်ကျခံနေရသော တရားခံ တစ်ဦး ဩဂုတ်လ ၂၆ ရက်နံနက် ၆ နာရီခန့်ကထွက်ပြေးလွတ်မြောက် သွားကြောင်း အကျဉ်းဦးစီးဌာနမှတာဝန် ရှိသူ တစ်ဦး က အတည် ပြုပြော ကြားလိုက်သည်။

''ဟုတ်ပါတယ်။မူးယစ်ဆေးဝါးအမူနဲ့ကျခံနေ ရတဲ့သူတစ်ဦးဖြစ် ပါတယ်။မနေ့ကနံနက် ၆နာရီ လောက်ကနေ အင်းစိန် ဆေးရုံက ထွက်ပြေး သွားတာဖြစ်ပါတယ်။သူက ထောင်၁၂နှစ်ကျခံထားရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရဲလုံခြုံရေး ယူထား တဲ့ ကြားကနေ ထွက်ပြေးသွားတာဖြစ်ပါ တယ်''ဟု ယင်းကအ တည်ပြု ပြော ကြား သည်။

လွှတ်မြောက် သွားသူမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်နေသူတစ်ဦး ဖြစ်ပြီး ၎င်းသည် မကြာ သေးခင်ကမူးယစ်ဆေးဝါးအမူဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးက ရာကြီး အမှတ် ၄၈၃/၁၂ မူးယစ် ပုဒ်မ ၁၅/ ၁၆ (ဂ)ဖြင့် ထောင်ဒဏ် ၁၂ နှစ် ပြစ် ဒဏ်ကျခံစေရန်အမိန့်ချမှတ် ခံခဲ့ရသူတစ်ဦး ဖြစ်ကြောင်း သိရ သည်။

ယင်းသည် ထောင်အတွင်း နေထိုင်စဉ် ကျန်းမာရေး ချို့ယွင်း လာသဖြင့် ကျောက်ကပ်နှင့်ဆီးချို ရောဂါကို ကုသရန် အင်းစိန် ထောင်တွင်း တွင်ရှိသော ဆေးရုံတွင် ကုသခံ နေရသော လူနာတစ်ဦးဖြစ်ကြောင်း သိရသည်။

''သူကိုကျန်းမာရေးကြောင့်ဆေးကုသရမယ့် အတွက် အင်းစိန်အကျဉ်းထောင် ဆေးရုံမှာ တာဝန်ကျလုံခြုံရေး ၃ယောက်က စောင့်ကြပ်ပြီး ဆေးကုသခွင့်ပေး ခဲ့ပါတယ်။ဒါကို အခွင့်ကောင်းယူပြီး ကုတင်သံတိုင် နဲ့သူ့ ခြေထောက် ကို သံကြိုးတွေ နဲ့ချည်နှောင်ထားတဲ့ ကြားကနေ ထွက်ပြေး သွားတာဖြစ်ပါတယ်။ တရားခံကို ပြန်လည် ဖမ်းဆီးနိုင်ဖို့ အတွက် အဓိ ကကျတဲ့နေရာတွေ ကိုလိုက်လံစုံစမ်း နေပါတယ်'' ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦး ကပြောသည်။

ယခုအခါ အဆိုပါအမူ ကိုအင်းစိန်ရဲစခန်းမှ (ပ)၁၁၉၇/၁၂ပုဒ်မ ၂၂၄ ဖြင့်အမူဖွင့်ကာစစ်ဆေး နေကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တွေ့ဆုံခြင်း



Monday, 27 August 2012 10:07     Written by 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ၏ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ဖွဲ့စည်းထားသော ရေးရာ ကော်မတီများ၊ ကော်မရှင်များမှာ ပြည်ထောင်စု အဆင့် မဟုတ် ဟူသော ဆုံးဖြတ်ချက် အပေါ် လွှတ်တော်က ဥပဒေနှင့် မညီညွတ် သဖြင့် ခုံရုံးအဖွဲ့ကို စွပ်စွဲ ပြစ်တင်ရန် ဆုံးဖြတ်ခြင်း၊ အုပ်ချုပ်ရေး အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် နည်းလမ်းကို ရွေးချယ် စေလိုခြင်း၊ခုံရုံး အဖွဲ့က နုတ်ထွက်မည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာခြင်းတို့ ဖြစ်နေပြီး ယင်းအပေါ် သဘောထား အမျိုးမျိုး ဖြစ်ပေါ်နေရာ ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် The Voice Weekly တို့ တွေ့ဆုံကာ ရှေ့နေ တစ်ဦး၏ ဥပဒေ ရှုထောင့်မှ အမြင်ကို တွေ့ဆုံ မေးမြန်း ဖော်ပြ အပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးနဲ့ လွှတ်တော်အကြား အခုဖြစ်နေတဲ့ ပြည်ထောင်စု အဆင့် မရှိကြောင်း ခုံရုံး ဆုံးဖြတ်ချက်နဲ့ နောက်ဆက်တွဲ ပြဿနာ တွေကို ဘယ်လို မြင်ပါသလဲ။
UKN : အခု ဖြစ်နေတဲ့ ပြဿနာက အစက ပြန်ကောက်ရရင် အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုရေး အာဏာဖြစ်တာ၊ ခုံရုံးနဲ့ ပြဿနာ မဟုတ်ဘူး။ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်က ကော်မတီ၊ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် ဖြစ်သလား၊ မဖြစ်ဘူးလား။ ပြည်ထောင်စု အဆင့် ဖြစ်ခဲ့ရင် ဘာ အကျိုး သက်ရောက်မှု ရှိလာမလဲ၊ မဖြစ်ခဲ့ရင် ဘာဖြစ်မလဲ အဲဒါ အဓိကပဲ။ တချို့က ပြောတယ်။ ပြည်ထောင်စု အဖွဲ့ဝင် ဖြစ်ခဲ့ရင် တိုက်တစ်လုံး ရမယ်။ ကားသုံးစီး ရမယ်။ ဒါက အဓိက ဆွေးနွေးရမယ့် ပြဿနာမဟုတ်ဘူး။ ပိုက်ဆံရှိရင် တိုက်နှစ်လုံးလည်း ပေးလို့ရတယ်။ အဓိကမကျဘူး။ အဓိကက ဘာတုန်း ဆိုရင် ပြည်ထောင်စုအဆင့် ရှိတဲ့ အဖွဲ့ဆိုရင် သူရဲ့လုပ်ပိုင်ခွင့်က ပြည်ထောင်စု အဆင့်နဲ့ လျော်ညီတဲ့ လုပ်ပိုင်ခွင့် ဖြစ်မယ်။ပြည်ထောင်စု အဆင့်မရှိ ဘူးဆိုရင် သူ့ရဲ့လုပ်ပိုင်ခွင့်က နိမ့်သွားမယ်။ ကျွန်တော်တို့ Check and Balance စနစ်အရ ပြည်ထောင်စု အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထိန်းညှိ ပေးရမယ့် အဖွဲ့တွေ ပြည်ထောင်စု အဆင့်ထက် နိမ့်လို့ မရပါဘူး။ အခုဖြစ်နေတဲ့ ပြဿနာကို ဘယ်သူက စတာလဲ ဆိုတော့ နိုင်ငံတော် သမ္မတ ကိုယ်စား၊ အစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်တာ။ ဒါကြောင့် အုပ်ချုပ်ရေး အဖွဲ့ အစိုးရက လျှောက်ထားသူ၊ လျှောက်ထား ခံရသူက လွှတ်တော် နှစ်ရပ်ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကလျှောက်ထား ခံရသူ။ ဒါကြောင့်မို့လို့ ကြားနာတဲ့ နေရာမှာ ပြည်ထောင်စု အစိုးရဘက်က ရှေ့နေချုပ်က ပြောတယ်။ အမျိုးသား လွှတ်တော်အတွက် ဒုတိယ ဥက္ကဋ္ဌက ပြောတယ်။ ပြည်သူ့လွှတ်တော် အတွက် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ပြောတယ်။ ပြဿနာ ဖြစ်တဲ့ ဘက်နှစ်ဖက်က အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင် နှစ်ခု စဖြစ်ကြတာ။ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရဲ့ လျှောက်လဲချက် ထဲမှာ လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ဥပဒေမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရေးသားထားတယ်လို့ လျှောက်လဲတယ်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့်ပါပဲလို့ ပြည်သူ့လွှတ်တော် ဥပဒေကို ကိုးကားပြီးတော့ လျှောက်လဲတယ်။
ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေမှာ လွှတ်တော် ဖွဲ့စည်းတဲ့ ကော်မတီ၊ကော်မရှင် တွေဟာ ပြည်ထောင်စု အဆင့်ပါပဲလို့ လျှောက်လဲတယ် အားကိုးအားထား ပြုတဲ့ ဥပဒေ နှစ်ခု ရှိသွားပြီ ဖြစ်တဲ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုလည်း ကိုးကား ထားတယ်။ပြည်ထောင်စု အစိုးရ ဘက်ကတော့ အခြေခံ ဥပဒေကို ကိုးကားပြီး အငြင်းပွားတယ်။ပြည်ထောင်စု လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥပဒေတွေမှာ အတော့်ကို ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုတာ ဘာလဲဆိုတာ အတော့်ကို ရှင်းလင်း ရေးထားတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့
-ပြည်ထောင်စု အစိုးရအဖွဲ့၊
-အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊
-နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး၊
-ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊
-ပြည်ထောင်စု စာရင်းစစ်ချုပ်၊
-ပြည်ထောင်စ ရာထူးဝန် အဖွဲ့၊
-ပြည်ထောင်စု လွှတ်တော်၊
-ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့်
ကော်မတီ၊ ကော်မရှင် အဖွဲ့တို့ကိုလည်း ပြည်ထောင်စု အဆင့် အဖွဲ့အစည်း
ဟု ဆိုလိုသည်လို့ ဖော်ပြထားတယ်။
ဒီကနေ့ တည်ဆဲဖြစ်နေတဲ့ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥပဒေတွေမှာ အဲဒီဥပဒေ သုံးခုစလုံးမှာ လွှတ်တော် အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ကော်မရှင် တွေဟာ ပြည်ထောင်စု အဆင့်အဖွဲ့ ဖြစ်တယ်လို့ ဥပဒေ ပြဋ္ဌာန်းထားတယ်။ အဲဒါ ငြင်းလို့ မရဘူး။ ဒီဥပဒေ သုံးခုမှာ ပြည်ထောင်စုရှိတဲ့ အဖွဲ့အစည်းတွေလို့ သတ်သတ်မှတ်မှတ် အဓိပ္ပာယ် ဖွင့်သလိုမျိုး ၂၀ဝ၈ အခြေခံ ဥပဒေမှာ ရှိသလား။ ရှိခဲ့ရင် အခြေခံ ဥပဒေမှာ ပါတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ လွှတ်တော် ဥပဒေ သုံးခုလုံးမှာပါတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ယှဉ်ကြည့်ရမယ်။ မတူဘူး ဆိုရင် ဖွဲ့စည်းပုံကို ယူရမယ်။ တူနေရင် ပြောစရာမရှိဘူး။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ် ထဲမှာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသည်မှာ ဘယ်ကဲ့သို့သော အဖွဲ့အစည်းကို ဆိုလိုသည်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ခုံရုံးရဲ့ သုံးသပ်ချက် ထဲမှာလည်း လွှတ်တော် အသီးသီး၏ ဥပဒေများတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလို့ အနက် အဓိပ္ပာယ် ဖွင့်ဆို ထားသော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်ထောင်စု အဆင့် စကားရပ်နှင့် စပ်လျဉ်း၍ အနက် အဓိပ္ပာယ် ဖွင့်ဆိုထားခြင်း မရှိလို့ ရေးထားတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စု အဆင့်ဆိုတဲ့ စကားရပ် အဓိပ္ပာယ် ဖွင့်ဆိုထားတာ မပါဘူး။ လွှတ်တော် ဥပဒေတွေမှာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းကို ဘာတွေလဲ ဆိုတာ ပါတယ်။မပါတာနဲ့ ပါတာဟာ ဆန့်ကျင်တယ်လို့ ပြောလို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တစ်မျိုး လွှတ်တော်ဥပဒေ မှာတစ်မျိုး ကွဲပြားနေရင် မတူဘူး ဆန့်ကျင်နေတယ် လို့ပြောလို့ ရတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၂၀ဝ၈ မှာ ပြဋ္ဌာန်းထားတာ။ လွှတ်တော်အသီး သီးရဲ့ ဥပဒေတွေက ၂၀၁၀ မှာ ပြဋ္ဌာန်း ထားတာ။ ၂၀ဝ၈ အခြေခံ ဥပဒေ ပြီးမှ ပြဋ္ဌာန်းထားတာ။ ၂၀ဝ၈ အခြေခံ ဥပဒေနဲ့ ဟိုရှေးက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်နေရင် ပျက်တယ်။ မဆန့်ကျင် သရွေ့ ဆက်ပြီး သုံးရမယ်။ဒါ အခြေခံ ဥပဒေ ပုဒ်မ ၄၄၆လို့ ဥပမာ ၁၉၆၂ ပုံနှိပ်သူများ ဥပဒေ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် ၃၅၄ အရ ဆန့်ကျင်နေတယ်။လွှတ်တော် ဥပဒေတွေဟာ ၂၀ဝ၈ နောက်မှာပြတာ။ အရေးကြီးဆုံးက လွှတ်တော် ဥပဒေတွေ ပြဋ္ဌာန်းတဲ့ နိဒါန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၄၃ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည် ဖော်ရေးတွင် လိုအပ်သည့် လုပ်ငန်းများကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်း များကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဒီဥပဒေကို ပြဋ္ဌာန်းသည်။ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေအကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက် ရသည့်လုပ်ငန်းစဉ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဆောင်ရွက်သည်ဟု မှတ်ယူရမည်။ အခြေခံ ဥပဒေ အသက်ဝင် တာက ၂၀၁၁ ဇန်နဝါရီ ၃၁ ကျမှ အသက်ဝင်တာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သောနေ့မတိုင်မီ ဥပဒေပြုရေး၊အုပ်ချုပ်ရေး တရားစီရင်ရေးလုပ်ငန်းစဉ်ချောမွေ့စွာ ဆောင်ရွက်ဖို့ အသွင်ကူးပြောင်းရေး ကာလအတွက် ရည်ရွယ်ပြီးပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေဟာ ဒီအခြေခံဥပဒေအရ ဆောင်ရွက်တာတဲ့ ၂၀၁၀ မှာထုတ်ပြန်ခဲ့တဲ့ လွှတ်တော်ဥပဒေတွေ ဟာ Part of Constitution တဲ့။
အခိုင်အမာအကိုးအကားဥပဒေတွေမရှိဘဲ အခြေခံဥပဒေခုံရုံးက စွဲယူ ဆုံးဖြတ်ခဲ့တာ။ အခြေခံဥပဒေမှာ ဘယ်အဖွဲ့အစည်းက ပြည်ထောင်စု အဆင့်အဖွဲ့အစည်းလို့ မရေးဘူး။ဒါကို ကြီးကြီးကျယ်ကျယ် မဖြစ်အောင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းလမ်းရှာလိုက်တဲ့အခါမှာ အခြေခံဥပဒေအရ သမ္မတကြီးကဖွဲ့တဲ့ အဖွဲ့အစည်းတွေ၊အခြေခံဥပဒေတွေအရ ဖွဲ့ရမယ်လို့ သတ်မှတ်တဲ့ အဖွဲ့အစည်းတွေ အဲဒီအဖွဲ့အစည်းတွေ အားလုံးသည် ပြည်ထောင်စု အဆင့် အဖွဲ့စည်းများဖြစ်တယ်။ ထိုနည်းတူစွာ ဒီ Constitution ရဲ့ တစ်စိတ် တစ်ဒေသအဖြစ် အသွင်ကူးပြောင်းရေးကာလမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ Run နိုင်အောင် ကြိုတင်ပြင်ဆင်တဲ့ ပြဋ္ဌာန်းထားတဲ့ လွှတ်တော် ဥပဒေမှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သတ်မှတ်ထားတဲ့ လွှတ်တော်ကော်မတီတွေလည်း ပြည်ထောင်စုအဆင့် အဖွဲ့ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ရင်ဒီလိုပြဿနာမပေါ်ဘူး။ အခြေခံဥပဒေ အသက်ဝင်အောင်နဲ့ အသွင်ကူးပြောင်းရေးကာလ အောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ဥပဒေတွေကို Honor လုပ်တဲ့သဘော ဖြစ်နေတယ်။
လွှတ်တော်ရေးရာကော်မတီ၊ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် နဲ့မညီဘူး။ မှားတယ်လို့ ပြောလို့ရအောင် အခြေခံ ဥပဒေမှာ ရှာလို့ကိုမရဘူး။ အခြေခံဥပဒေရဲ့ ဘယ်ပြဋ္ဌာန်းချက်နဲ့ မညီတာလဲ။ လွှတ်တော်ဆိုတာ ပြည်သူက ရွေးချယ်ထားတာ။ ပြည်သူ့လွှတ်တော်ကိုအပြစ်တင်ရင် ပြည်သူကို အပြစ်တင်တာပဲ။ အုပ်ချုပ်ရေးအာဏာပိုင်းဖြစ်တဲ့သမ္မတကြီးအစိုးရအဖွဲ့နဲ့ ဥပဒေပြု လွှတ်တော်တို့ အကြား ဖြစ်တဲ့ ပြဿနာ ဖြစ်သော်လည်း ခုံရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက်ခုံရုံးနဲ့ လွှတ်တော်ဖြစ်တဲ့ ပြဿနာ၊ကျွန်တော့်သဘော ထားကတော့ ဒီအထိကို ရောက်ဖို့မသင့်ဘူး။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲဆိုတာ စဉ်းစားဖို့လိုတယ်။အခြေခံဥပဒေခုံရုံးဆိုတာ တစ်ရုံးတည်း နဲ့ နောက်ဆုံးရုံး။စည်းနှောင်အားကြီးတဲ့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ရှုထောင့် ပေါင်းစုံက စဉ်းစားဖို့လိုပါတယ်။ဥပဒေတွေ ဆင်ခြင်တုံတရားတွေကို ရှေ့မှာ ထားမှဖြစ်မှာပါ။ ဖြစ်နိုင်သမျှနောက်ဆက်တွဲ ပြဿနာမပေါ်အောင် ဆုံးဖြတ်ရမှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေ အားလုံး ပြည်ထောင်စုအဆင့်ဖြစ်သလို လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင်တွေကိုလည်း ပြည်ထောင်စုအဆင့်ရှိတဲ့အဖွဲ့အစည်းဖြစ်တယ် လို့ ဆုံးဖြတ်ခဲ့လို့ ရှိရင် တိုင်းပြည်ပျက်မှာလား။ အခြေခံဥပဒေခုံရုံးက စွဲယူ ဆုံးဖြတ်လို့ ပြဿနာတက်တာ။ တကယ်လို့များ ဒီဆုံးဖြတ်ချက်အတည် ဖြစ်တဲ့အတွက် နာခံလိုက်ရင် Check and Balance စနစ်ပျက်သွားမယ်။
Voice : အချို့လည်း သုံးသပ်ကြတာက ကော်မတီ၊ ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် ပေးလိုက်ရင် ကော်မတီ၊ကော်မရှင်တွေက ပြည်ထောင်စု ဝန်ကြီးတွေကို အချိန်ပြည့်ခေါ်ယူ မေးမြန်းတာမျိုး လုပ်နေရင် သူတို့ ပင်မတာဝန်တွေ မထိခိုက် စေဘူးလားလို့ပြောတာ တွေ့ရတယ်။
UKN : အဲဒီလိုလွှတ်တော်ကဖွဲ့စည်းတဲ့ရေးရာကော်မတီတွေက ဝန်ကြီးတွေကို အမြဲတမ်း ခေါ်ထားရင် ဝန်ကြီးရဲ့အလုပ်တာဝန်လစ်ဟင်းမှာစိုးလို့ဆိုတာက ကျွန်တော့်သဘော ပြောရရင် ဒါကစကားကပ်ြပီး ပြောတာ၊ ရေးရာ ကော်မတီတွေက ကိစ္စရှိရင်ခေါ်ထားမယ်။ ကိစ္စမရှိရင် ခေါ်မှာကိုမဟုတ်ဘူး။ အဲဒါ ပြဿနာမဟုတ်ဘူး။ ဒီရာထူးမှာ တာဝန်ထမ်းဆောင်တဲ့ လူတွေ၊ လွှတ်တော်ရဲ့ Check and Balance လုပ်တာကို လက်ခံရမှာပါ။ ငါတို့က မလာနိုင်ဘူးလို့ ပြောလို့မရဘူး။ အခြေခံဥပဒေကို လက်ခံရင် Check and Balance ကို လက်ခံရမှာ၊ ပြည်ထောင်စု အဆင့် ဖွဲ့လိုက်ရင် ခံစားခွင့် ပေးရတော့မယ်။ ငွေအများကြီး ကုန်တော့မယ်လို့ ပြောလို့မရဘူး။ တိုင်းပြည် အတွက် အလုပ်လုပ်နေတဲ့ သူကို ထမင်းမကျွေး ဘူးလား။သူ့ အိမ်နဲ့ ရုံးနဲ့သွားဖို့ မော်တော်ကား မပေးနိုင်ဘူးလား။ အလုပ်လုပ်နေတဲ့သူ အတွက် Support လုပ်ရမှာပါ။ ပိုက်ဆံကုန်မှာ စိုးလို့ အဆင့် လျှော့ချတယ် ဆိုရင် ဝန်ကြီးဌာနတွေ အများကြီး လျှော့ချလိုက်ပါ။ ဒုတိယ သမ္မတ တစ်ယောက်ပဲ ထား။ ဝန်ကြီးဌာန သုံးဆယ်ကျော် မထားနဲ့ ၁၀ ခုနဲ့လုပ်။ အမေရိကန် ပြည်ထောင်စုမှာ ရှစ်ခုပဲ ရှိပါတယ်။ လိုအပ်ရင် ထားပါ။ ဒီအတွက် ပိုက်ဆံ ကုန်ပါစေ။
တိုင်းပြည်အကျိုး အတွက် လုပ်ပိုင်ခွင့် အာဏာ ပေးရမှာ။ ဒါမှ Check and Balance လုပ်လို့ ရမှာပါ။
Voice : အခြေခံ ဥပဒေ ပြုပြင်တာ ပိုသင့်တော်တယ်လို့ သမ္မတကြီးရဲ့ ထောက်ပြမှု ကိုရော ဘယ်လိုမြင်ပါသလဲ။
UKN : အခြေခံ ဥပဒေ ပြင်ဖို့က ပိုပြီး ကြာနိုင်တယ်။ ပိုပြီး ကြီးကျယ်တယ်။ ခုံရုံး ဆုံးဖြတ်ချက် ချဖို့က ထင်သာမြင်သာ အငြင်းမပွား နိုင်တဲ့ နည်းနှစ်နည်း ရှိတယ်။ ခုံရုံးက သူတို့ ဆုံးဖြတ်ချက် မှားပါတယ်လို့ ကြေညာပြီး နုတ်ထွက် ပေးရတာ။ ဒုတိယနည်း စွပ်စွဲ ပြစ်တင်ပြီး ထုတ်လိုက်တာ။ ဒါလည်း ဆုံးဖြတ်ချက် ပျက်ပြယ်တယ်။ နောက်တစ်နည်းက ခုံရုံးက မိမိ ဆုံးဖြတ်ချက်ကို မိမိဘာသာ ပြန်ပြင်တာ။ ဒီမှာလည်း ပြဿနာ ရှိတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ပြန်ပြင်လို့ ရသလား ဆိုတဲ့ မေးခွန်း ရှိလာနိုင်တယ်။ Review လုပ် သုံးသပ်ပြီး ပြန်ပြင်တာ ရှိတာ။ Constitution ပြန်ပြင်ရအောင် လွှတ်တော် ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စု အဆင့် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပါမှမပါတာ။ ဘာပြင်ရမှာလဲ။ မရှိဘူးလို့ ရေးထားရင် ရှိပါတယ်လို့ ပြင်ရမှာ။
လွှတ်တော်ရေးရာ ကော်မတီ တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ အခြေခံ ဥပဒေမှာ မရေးထားဘူး။ ဘာမှကို မပါဘူး။ မရှိတာကို ဘယ်လိုပြင် မှာလဲ။ ဘာကိုပြင်မှာလဲ။လွှတ်တော် ဥပဒေတွေမှာ ပါတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ ဘယ်အဖွဲ့တွေ ဖြစ်ပါတယ်လို့ အခြေခံ ဥပဒေ ဖြည့်စွက်ချက် အနေနဲ့ ပြဋ္ဌာန်း လိုက်ဖို့ ဆိုတာ ၂၀ဝ၈ ဖွဲ့စည်းပုံ အသက်ဝင်ဖို့ ၂၀၁၀ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွေ ပြဋ္ဌာန်း ပေးထား တာပါ။ တစ်ချိန်တည်း မှာ ဒီ ဥပဒေတွေဟာ Part of Constitution ။ အခြေခံဥပဒေတွေရဲ့ အစိတ်အပိုင်းလို့ အသုံးပြုနိုင်တယ်။ အခြေခံ ဥပဒေမှာ ပြည်ထောင်စု အဆင့်နဲ့ ပတ်သက်ပြီး မဖော်ပြထားဘူး။ လွှတ်တော် ဥပဒေ သုံးခုမှာ ပြဋ္ဌာန်းထားတာ မပါတာနဲ့ ဆန့်ကျင်တယ်လို့ ပြောလို့မရဘူး။
Voice : စွပ်စွဲပြစ်တင်ပြီး ဖြုတ်ပစ်တာမျိုး ဓလေ့တစ်ခု ဖြစ်သွားခဲ့ရင် Check and Balance ပျောက် မသွား နိုင်ဘူးလား။ နောက်ပိုင်း လွှတ်တော်နဲ့ ပတ်သက်ရင် မဆုံးဖြတ်ရဲသလို ဖြစ်မသွားနိုင်ဘူးလား။
UKN : Check and Balance သဘောတရားက အခြေခံ ဥပဒေ ခုံရုံးက အဓိက မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ခုံရုံး ဖွဲ့ထားတာ။ ထိပ်တန်း ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ခုံရုံး မရှိဘူး။ ဒီအာဏာကို တရား လွှတ်တော်ချုပ်ကို ပေးထားတာ။ မမှားအောင် လုပ်ဖို့က သူ့တာဝန်ပဲ။ အကောင်းဆုံး လုပ်ရမှာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဟာ ဘက်လိုက်ပြီး ဆုံးဖြတ်တယ်လို့ ကျွန်တော် မယုံဘူး။သူတို့ကောင်းမယ် ထင်လို့ လုပ်တာ ဆိုပေမယ့် ပြဿနာ တက်နေပြီ။ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူတွေ တိုက်ရိုက် ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လက်မခံတာ။ ဒီအဖွဲ့တွေ မကြိုက်ဘူးဆိုရင် ပြည်သူတွေ မကြိုက်တာ။ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ကျွန်တော်တို့ တိုင်းပြည်မှာက သမ္မတကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ် ခန့်အပ်တာ။ နိုင်ငံတော် သမ္မတ က ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံ ရတယ်။ဒုတိယ သမ္မတ တွေဟာ နိုင်ငံတော် သမ္မတ ကနေ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်ကို တာဝန် ခံရတာပါ။ တိုင်းပြည် အုပ်ချုပ်ရေး အတွက် သမ္မတကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ပေးထား ပေမယ့် သူရဲ့ဆောင်ရွက်ချက် အားလုံး လွှတ်တော် က တာဝန်ခံ ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အုပ်ချုပ်ရေး ကဏ္ဍကို ဥပဒေပြုရေး ကဏ္ဍက ထိန်းကျောင်းခွင့် ပေးထားတယ်။အမေရိကန်နဲ့ မတူဘူး။ အမေရိကန် စံနှုန်းနဲ့ တိုင်းလို့မရဘူး။ အမေရိကန်မှာ သမ္မတက အမည်စာရင်း သွင်းတဲ့ လူတွေကို ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ ပယ်ချ လို့ရတယ်။ဒီမှာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖော်ပြထားတဲ့ သတ်မှတ် အရည်အချင်းနဲ့ မပြည့်စုံကြောင်း ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ငြင်းပယ်လို့ မရဘူး။ နိုင်ငံတော် အာဏာဟာ မူလပိုင်ရှင် ဖြစ်တဲ့ ပြည်သူတွေ ရွေးချယ် တင်မြှောက် ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကို အပ်နှင်း ထားပြီး ပြည်ထောင်စု လွှတ်တော်က အုပ်ချုပ်ရေး အာဏာကို သမ္မတ ကို ခွဲဝေပေး ထားတာ။ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာ သုံးရပ်စလုံးကို ပြည်ထောင်စု လွှတ်တော်က ပြန်ပြီး ခွဲဝေပေးတာ။ ပြည်ထောင်စု လွှတ်တော်က သမ္မတကို ရွေးချယ်ပေးပြီး အုပ်ချုပ်ရေးပိုင်းကို လုပ်။သမ္မတကြီး အမည်စာရင်း သွင်းတဲ့ တရားသူကြီးချုပ်ကို သဘောတူပြီး တရား စီရင်ရေး ခွဲဝေပေးတာ။ ပြည်ထောင်စု လွှတ်တော်က အားလုံးကို ခွဲဝေပေးတာ။နိုင်ငံတော် သမ္မတဟာ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ် တင်မြှောက်ထားတဲ့ Elected မဟုတ်ဘူး ။ Selected ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးတာ။နိုင်ငံတော် သမ္မတ တစ်ယောက်တည်း က အုပ်ချုပ်ရေး ယန္တရား တစ်ခုတည်းကို ဦးဆောင်တာ သူကြိုက်တဲ့သူတွေ ခန့်ပြီး လုပ်လို့ ရတယ်။ လွှတ်တော်ဆိုတာ တစ်ယောက်တည်း မဟုတ်ဘူး။ တစ်တိုင်းပြည်လုံး လူ ၇၀ဝ လောက် စုပေါင်းတာ။ လူ ၇၀ဝလောက် အပြန်အလှန် ဆွေးနွေးပြီးချတဲ့ ဆုံးဖြတ်ချက်နဲ့ သမ္မတ တစ်ယောက်တည်း ချတာ ကွာပါတယ်။ ဒါကြောင့် လွှတ်တော်က Check and Balance ပျောက်သွားလို့ မရဘူးလို့ ထင်ပါတယ်။

ခုံရုံးကိစ္စ အငြင်းအခုံကို စိတ်ပျက်စရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

Written by  The Voice
ရန်ကုန်၊ ဩဂုတ် ၂၇

မြန်မာနိုင်ငံ သမ္မတနှင့် လွှတ်တော် တို့ကြား ယခုရက်ပိုင်း တွင်ဖြစ်ပေါ်နေသည် အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက် အငြင်းအခုံနှင့် ပက်သက် ၍ သဘောထားကြီးကြီးနဲ့ အမြော်အမြင် ရှိရှိဖြင့် ဖြေရှင်းရန် လိုအပ်ပြီး စိတ်ပျက်စရာ မလိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ကျွန်မတို့ အနေနဲ့လည်း စိတ်ပျက်စရာ မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြဿနာတွေပဲ ဖြစ်ဖြစ် တကယ် အရေးကြီးတာက ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ တကယ့် ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်း သာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဆွေးနွေးခဲ့သည်။

ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ပါက နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်လာမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆွေးနွေးခဲ့သည်။

ပြည်သူတွေ ကလည်း ဒီဖြေရှင်းပုံ ဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တာက အခုကိစ္စက တရားဥပဒေ ကိစ္စ ဖြစ်တဲ့ အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့ လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့လိုပါတယ် ဟု ဒေါ်အောင်ဆန်းစုကြည် က မေတ္တာ ရပ်ခံပြောဆိုခဲ့သည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး အဆိုတင်သွင်းခဲ့သော လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင် များသည် ပြည်ထောင်စု အဆင့်မဟုတ်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက် ချခဲ့ခြင်းသည် မှားယွင်း ဆောင်ရွက်ခြင်း ဖြစ် ကြောင်း ကြေညာရန် အဆိုကို ထောက်ခံမဲ ၄၄၇ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲ၊ ကြားနေမဲ ၄ မဲဖြင့် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူThe Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး၏ အဆိုကို ဆွေးနွေးလိုသူ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး အနက် ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၂ ဦးက ၀င်ရောက်ဆွေးနွေး ခဲ့ကြသည်။
id="stream_story_503be3a98b7eb1836195485"> The Voice Weekly အခု ဦးမြင့်စိုးတင်သွားတဲ့အဆိုကို တရားဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်းရပါတယ်။ နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ရပါတယ်။ တရားဥပဒေရှုထောင့်ကနေ အများအပြားဆွေးနွေးသွားပြီးဖြစ်ပါတယ်။

အဲ့ဒါတွေကိုတော့ ကျွန်မထပ်ပြီးတော့ မဆွေးနွေးချင်ပါဘူး။ ကျွန်မ နိုင်ငံေ၇းရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်နဲ့ တရားရေးမှဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာ ညီမျှရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။

ထို့နည်းတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်တာ၊ သဘောမတူညီမှုတွေဖြစ်တာ၊ ပြသနာတွေ တက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေရောက်တဲ့အခါကျလို့ရှိရင် ကြိုက်သလို၊ မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေဟာ ရှိတတ်ပါတယ်။ ဒီလိုပြသနာတွေ တက်လို့ ကျွန်မတို့အ နေနဲ့ စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မ၇ှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာဖြစ်ဖြစ်၊ တကယ်အရေး ကြီးတာက ဒီပြသနာကို ဘယ်လို ဖြေရှင်းလဲ ဆိုတဲ့ဟာပါပဲ။

ကျွန်မတို့ ပြသနာကို ဖြေ၇ှင်းတဲ့ နေရာမှာ တကယ့် ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ မှီအောင် တကယ်ကို ပြည်သူ ပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ကျွန်မတို့ ဦးတည်ရဲ့လားဆိုတာ စဉ်းစားပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းဟာ မှန်လို့ ရှိလို့ရှိရင် ကျွန်မတို့ရဲ့နိုင်ငံရဲ့ သိက္ခာလည်း တက်ပါလိမ့်မယ်။ ကျွန်မတို့ ပြည်သူတွေကလည်း ဖြေရှင်းပုံဖြေရှင်းနည်းရဲ့ ရလဒ်ကို လေးလေးစားစားနဲ့ လက်ခံမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မပြောချင်တာက အခုကိစ္စဟာ တရားဥပဒေကိစ္စဖြစ်တဲ့ပိုင်းမှာ တရားဥပေဒအရ ကျေကျေလည်လည် နှစ်ဦးနှစ်ဖက်ဟာ ဆွေးနွေး ဖို့လိုပါတယ်။ တစ်ဖက်ကို တစ်ဖက် လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင်နဲ့ မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့ မ၇ပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို ကျွန်မတို့ လေးစားဖို့ လိုပါတယ်။ နားလည်အောင် လုပ်ဖို့ လိုပါတယ်။

ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့ လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့လေးစားမှုကို ခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ ကိုက်ညီမှ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေ၇ှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိ၇ှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု အပြည်အစုံ

ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၁)


by Yangon Press International on Monday, August 27, 2012 at 7:36am · ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည်မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ။ ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။

“ပဋိပက္ခကအသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိ ရောက်သွားတယ်”

ရန်ကုန်၊ သြဂုတ် ၂၇၊ ၂၀၁၂ (YPI)

မကြာသေးခင်က  ရခိုင်ပြည်နယ်မှာ အုပ်စုလိုက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ရသည်။ အစိုးရစာရင်းဇယားများအရ လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုဆိုသည်။ ယင်းပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကျယ်ကျယ်လောင်လောင် ဝေဖန်မှုများ လည်း ပေါ်ထွက်လာခဲ့ပါသည်။
ရှုပ်ထွေးနက်နဲလှသော ယင်းအရေးအခင်း၏ နောက်ကွယ်မှ ဇာစ်မြစ်များက ဘာတွေပါလဲ၊ နိုင်ငံတကာက ဝေဖန်ထိုးနှက်မှုများက ပကတိအရှိတရားများနှင့် ဆီလျော်မှုရှိ၊ မရှိ၊ နောက်ပိုင်းမှာ အလားတူ အရေး အခင်းမျိုး မပေါ်ပေါက်အောင် ဘယ်လိုကာကွယ်ကြမည်နည်း အစရှိသည့် မေးခွန်း များကို ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ (Dr. Jacques P. Leider) အား ဇူလိုင်လ အတွင်း ၄င်းရန်ကုန်ရောက်နေစဉ်မှာ မော်ကွန်းက သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။

 ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါသည် ပြင်သစ်နိုင်ငံ အရှေ့တိုင်း ပညာရပ်များ လေ့လာရေးဌာန အကြီးအကဲတစ်ဦးဖြစ်ပြီး အရှေ့ တောင်အာရှ (အထူးသဖြင့် မြန်မာ့အရေးနှင့် ထိုင်းနိုင်ငံအရေးတို့)ကို နှစ်ပေါင်း ၂၀ ၀န်းကျင် လေ့လာထားသူဖြစ်သည်။ သူကိုယ် တိုင်လည်း အရှေ့တောင်အာရှတွင် နေထိုင်နေသူဖြစ်သည်။            မြန်မာ့အရေးကို အထူးပြုလေ့လာထားသူဖြစ်ပြီး ရခိုင်အ ရေးနှင့်ပတ်သက်သည့် စာတမ်းများ၊ စာအုပ်များကို ရေးသားနေသူ ဒေါက်တာဂျာ့က်ပီ၊လိုက်ဒါ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်သည့် ၎င်း၏ အမြင်အယူအဆများကို မြန်မာစာဖတ်ပရိသတ်များ ဖတ်ရှုဝေဖန်ဆန်းစစ်နိုင်ကြစေရန် မော်ကွန်းက တင်ပြလိုက် ပါသည်။

MAWKUN - ရိုဟင်ဂျာဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကဘာပါလဲ။

LEIDER  - ရိုဟင်ဂျာဆိုတဲ့စကားလုံးက ရှိခဲ့တာကြာပါပြီ။ သိပ်မသုံးကြတာပဲရှိတယ်။ တချို့တွေပြောကြသလို ဒီစကား လုံးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကျမှ ထွင်ပြီးသုံးတဲ့ စကားလုံး တော့ မဟုတ်ပါဘူး။ ဇာစ်မြစ်ကိုလိုက်ကြည့်မယ်ဆိုရင် ၁၈ ရာစုအ ကုန်မှာ ဗြိတိသျှဆရာဝန် ဖရန်စစ်ဟမီလ်တန်ရဲ့ ဆောင်းပါးတစ် ပုဒ်ထဲမှာ ဒီအသုံးအနှုန်းကို သွားတွေ့တယ်။ သူကဘာပြောထား သလဲဆိုတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ ရခိုင်မှာနေထိုင် ကြတဲ့ မွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ကြတဲ့အသုံး အနှုန်းဆိုပြီး ပြောထားတယ်။ ဘယ်ကနေ ဒီစကားလုံး ဆင်းသက် လာသလဲဆိုရင် ရခိုင်တွေကို ဘင်္ဂါလီတွေခေါ်တဲ့ ရိုရှန်း (Roshanga) ဆိုတဲ့ ဘင်္ဂါလီနာမည်ကနေ ဆင်းသက်လာတာပဲ။ ဒါပေမဲ့ လူတွေက ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို လှပအောင်စိတ်ကူး ယဉ်ပြီး ရှင်းလင်းချက်တွေ ထုတ်ချင်ကြတယ်။ အစောပိုင်း စာပေ တွေထဲမှာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို တွေ့ရမယ့်ပုံမပေါ်ဘူး။ ဗြိတိသျှကိုလိုနီအထောက်အထားတွေထဲမှာ ၁၈၇၀ မတိုင်မီက ရခိုင်မှာရှိကြတဲ့ မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာ က အတော့်ကို နည်းပါတယ်။



MAWKUN - စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောဧရိယာ တစ်ဝိုက်မှာ ကျွန်တော်တို့တွေ့ဆုံမေးမြန်းမှုတွေ လိုက်လုပ်ကြည့် သလောက်တော့ အဲဒီမှာ ဘင်္ဂါလီအတော်များများက ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ကြားတောင်မကြားဖူးဘူးလို့ဆိုတယ်။ (သူတို့ ကို  အင်တာဗျူးတဲ့အခါမှာ ဘာသာပြန်ကတစ်ဆင့်ပေါ့လေ။ ဘာ လို့လဲဆိုတော့ သူတို့ဘာသာစကားကို ကျွန်တော်တို့ နားမလည် လို့ဘဲ။ ကျွန်တော်တို့ မြန်မာစကားကိုလည်း သူတို့အတော်များ များ နားမလည်ကြဘူး။) နိုင်ငံတကာက သူတို့ကို ရိုဟင်ဂျာဆိုပြီး သိနေကြတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို အဲဒီဒေသကလူအများစု က ကြားတောင်မကြားဖူးကြဘူး ဖြစ်နေတယ်ဗျ။

LEIDER  - ခင်ဗျားတို့ပြောတဲ့ဟာကို ကျွန်တော်တော့ အတည်မပြုနိုင်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသားတစ် ယောက်အနေနဲ့ အဲဒီဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို သွားလို့မရခဲ့ဘူးဆိုတော့။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာရော၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာရော ကျွန်တော်ကြားခဲ့ရတာက ရခိုင် ဒေသမှာရှိတဲ့ မွတ်ဆလင်အားလုံးက သူတို့ကို ရိုဟင်ဂျာအဖြစ် ရည်òန်းပြောဆိုတာမျိုးကို မခံချင်ကြဘူးလို့ ဆိုတယ်။ ရခိုင်မွတ် ဆလင်လို့ပဲ အခေါ်ခံချင်ကြတာတဲ့။

ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည်မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ။ မျက်မှောက်ခေတ်ကျမှ ရခိုင်ဒေသ က မွတ်ဆလင်တွေကို သီးခြားအဖွဲ့တစ်ခုအဖြစ် ခွဲထုတ်သတ် မှတ်ဖို့အတွက် ဒီစကားလုံးကို ပြည်လည်ဖော်ထုတ်လိုက်ကြတာပဲ။ ဘာနဲ့နှိုင်းလို့ရသလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ တရုတ်မွတ် ဆလင်တွေကိုခေါ်တဲ့ “ပန်းသေး” ဆိုတဲ့ နာမည်နဲ့နှိုင်းရင် ရကောင်းရနိုင်တယ်။

MAWKUN -- ပြည်ပက ဘင်္ဂါလီပညာတတ်တွေက ရိုဟင်ဂျာဆိုတဲ့စကားလုံးကို လူသိများအောင် လုပ်နေကြတဲ့ နောက်ကွယ်မှာ ငုပ်လျှိုးနေတဲ့ ဘယ်လိုအကြောင်းပြချက်တွေရှိ နေနိုင်လဲ။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေပါလို့ ခေါ်ဝေါ်သမုတ် ကြတဲ့ ဘင်္ဂါလီတွေဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံချင် နေကြတာက နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိနေကြတယ် ဆိုပြီးတော့ မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ထားကြတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။

LEIDER     - ခင်ဗျားတို့ပြောတဲ့ မွတ်ဆလင်ခေါင်း ဆောင်တွေဟာ ဟိုးအရင်က ရခိုင်ဘုရင့်နိုင်ငံတော်မှာရှိခဲ့တဲ့ မွတ်ဆလင်သမိုင်းနဲ့ ချိတ်ဆက်ပြီး သူတို့လူအစုအဖွဲ့ကို နာမည် တစ်ခုပေးနိုင်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ ကြတယ်။ တိုင်းရင်းသားအဖြစ် တောင်းဆိုတဲ့ဟာနဲ့ နိုင်ငံသား ဖြစ်ရေး တောင်းဆိုတဲ့ကိစ္စကိုလည်း ချိတ်ထားကြတယ်။ နိုင်ငံ တကာမီဒီယာတွေကလည်း ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မွေး စားပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပြီဆိုတော့ သူတို့ရဲ့ရွေး ချယ်မှုဟာ မဟာဗျူဟာအရ အောင်မြင်တယ်။ ပြည်တွင်းမှာရှိတဲ့ အိန္ဒိယလူမျိုးတွေက သူတို့ဟာ တိုင်းရင်းသား အဖွဲ့အစုတစ်ခု ဖြစ်ပါတယ်လို့ မပြောကြပါဘူး။ မတောင်းဆိုကြဘူး။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ရည်ညွှန်းပြောဆိုနေတာဟာ မြန်မာပြည်လွတ်လပ်ရေးမရခင်နဲ့ ရပြီးနောက်ပိုင်းတွေမှာ တောင်းဆိုခဲ့ကြတာကို ရည်ညွှန်းတယ်လို့ ကျွန်တော်ထင်တယ်။ လက်ရှိလွှတ်တော်မှာ ရွေးကောက်တင် မြှောက်ခံရတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ခံဆွေးနွေးကြတာကို ကျွန်တော်မကြားမိဘူး။

သမိုင်းရှုထောင့်ကကြည့်မယ်ဆိုရင် အဓိက အချက်နှစ်ချက် ကို ပြန်သတိရရမယ်။ ပထမအချက်က ရခိုင်မှာရှိတဲ့ မွတ်ဆလင် အများစုက သူတို့ရဲ့ဇာစ်မြစ်ကို ဗြိတိသျှကိုလိုနီခေတ်အတွင်း ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေ ရွှေ့ပြောင်းလာကြတာနဲ့ ခြေရာခံ ကြတယ်။ ဒါအရေးကြီးပြီး ၁၈၇၀ နှောင်းပိုင်း ၂၀ ရာစုရဲ့ အစော ပိုင်းဆယ်စုနှစ်တွေအထိ မှတ်တမ်းတင်ထားတာရှိတယ်။ ကုန် စည်ရောင်းဝယ်ဖောက်ကားတဲ့အလုပ်တွေ၊ ဆိပ်ကမ်းအလုပ် တွေ၊ ဒါမှမဟုတ် ဗြိတိသျှအစိုးရအောက်မှာ အမှုထမ်းတဲ့ အိန္ဒိယ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့မတူတာက ဘင်္ဂါလီတွေက လယ် ယာလုပ်ငန်းလုပ်တဲ့အလုပ်ကို အများစုလုပ်ကြတယ်။ နောက် ဒုတိယအချက်က ကိုလိုနီခေတ်မတိုင်မီကတည်းက ရခိုင်မှာ အရင်က မွတ်ဆလင်အသိုင်းအ၀ိုင်းဆိုတာ ရှိနေခဲ့တယ်။ ဒီမွတ် ဆလင် အသိုင်းအ၀ိုင်းဟာ ၁၅ ရာစုနှောင်းပိုင်းကစပြီး ပါရှား အနွယ်ဝင်တွေ၊ အိန္ဒိယအနွယ်ဝင်တွေနဲ့ ရောထွေးခဲ့တာဖြစ်နိုင်တယ်။

ရခိုင်ဘုရင်တွေ စစ်တကောင်းကို ထိန်းချုပ်ပြီးနောက်ပိုင်း (မင်းဖလောင်း(၁၅၇၁-၉၃) စိုးစံတဲ့ကာလအလယ်လောက်ဖြစ် မယ်)နိုင်ငံတော်အတွင်းက အုပ်ချုပ်ခံလူအများစုဟာ မွတ်ဆလင် တွေဖြစ်တယ်။ ၁၇ ရာစုအစောပိုင်းမှာ ရခိုင်ဘုရင်တွေဟာ မဂိုတို့ ရဲ့ ကျူးကျော်မှုကို တိုက်ထုတ်ဖို့ အရှေ့ဘင်္ဂေါကို ၀င်ရောက်စီးနင်း ကြတယ်။ ရခိုင်ရဲ့ နိုင်ငံခြားရေးမူဝါဒက မွတ်ဆလင်ဆန့်ကျင်ရေး မဟုတ်ခဲ့ဘူး။ မဂိုဆန့်ကျင်ရေးပဲဖြစ်ခဲ့တယ်။ ဘိုးတော်ဘုရား ရခိုင်ကိုအနိုင်ရသွားပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ်အကြာမှာ ရခိုင် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်ဆလင်ဘာသာဝင်တွေ ရော အတော်များများ အရှေ့တောင်ဘဂေါနယ်ဘက်ကို အခြေ သွားချကြတယ်။ နောက်တော့ အဲဒီဒေသမှာရှိနေခဲ့တဲ့ လူအစု အဖွဲ့ကို ရွှေ့ပြောင်းအခြေချကြတဲ့သူတွေ မြောက်မြားစွာက ၀ါးမျို လိုက်ကြတယ်။ နောက်တော့ အစုအဖွဲ့နှစ်ခုကနေ ဆင်းသက်လာ တဲ့သူတွေဟာ အစု အဖွဲ့တစ်ခုတည်းအဖြစ် ပျော်ဝင်သွားကြတယ်။


MAWKUN -မကြာသေးခင်ကဖြစ်သွားခဲ့တဲ့ ပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းတွေက ဘာတွေလဲ။

LEIDER     - အဲဒီအတွက် (ကျွန်တော်ဖြေမယ့်)အဖြေက ရေတိုအမြင်ကလာတာထက် ရေရှည်အမြင်ကနေလာတာပါ။ ဒီပဋိပက္ခက အသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားအထိ ရောက်သွားတယ်။ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်များများကို ကြည့်မယ်ဆိုရင် လူဝင်၊ လူထွက် ကို ကြီးကြပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ရခိုင်ဒေသကို လာရောက် အခြေချတဲ့ အိန္ဒိယအလုပ်သမားတွေကို ဗြိတိသျှက မထိန်းချုပ် ခဲ့ဘူး။ မတူညီတဲ့ လူအစုအဖွဲ့နှစ်ခုအကြား တင်းမာမှုတွေမြင့် တက်လာချိန် ၁၉၂၀ ပြည့်လွန်နှစ်တွေမှာကတည်းက ဒီနှစ်ဖွဲ့ အကြားမှာ အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာမယ့်၊ ခိုက်ရန်တွေဖြစ် လာမယ့်အခြေအနေကို လေ့လာသူတွေ ကြိုတင်သိမြင်ခဲ့ကြ တယ်။

၁၉၄၂ ခုနှစ် မြန်မာကို ဂျပန်တွေကျူးကျော်လာတော့ လူထောင်ပေါင်းများစွာဟာ အိန္ဒိယဘက် ထွက်ပြေးသွားကြ တယ်။ အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာတယ်။ လွတ်လပ်ရေးရပြီး ချိန်နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရခိုင်ပြည်နယ်တစ်ခုလုံးအနေနဲ့ လူနည်းစု (ဒါပေမဲ့ သူတို့ရှိတဲ့ဒေသတွေမှာတော့ အားကြီးတဲ့လူ အများစု) မွတ်ဆလင်တွေဟာ ရခိုင်လူ့အဖွဲ့အစည်းထဲမှာ ပူး ပေါင်းပြီး သဟဇာတ ဖြစ်အောင်နေဖို့ မရည်ရွယ်ကြတော့ဘူး။ အဲဒီလိုနေမယ့်အစား သူတို့ရဲ့ သီးသန့်ဖြစ်တည်နေတဲ့ ၀ိသေသ လက္ခဏာတွေကို ကာကွယ်ဖို့ကိုပဲ သူတို့လိုလားကြတယ်။

မွတ် ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ယဉ်ကျေးမှုအရရော၊ နိုင်ငံရေးအရ ရော မတူကွဲပြား၊ သီးခြားဖြစ်နေကြပြီး အုပ်စုနှစ်စုကြားက တင်း မာမှုကတော့ ယုတ်လျော့ ရပ်စဲသွားတာမရှိခဲ့ဘူး။ ၁၉၆၂ ခုနှစ် နှောင်းပိုင်းမှာလည်း ဒီအခြေအနေဟာ ပြောင်းလဲမသွားဘူး။ ဒါပေမဲ့ နှစ်ဖက်နိုင်ငံက အစိုးရ တွေ (နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဖြစ်လာမယ့် အရှေ့ပါကစ္စတန် အစိုးရကတစ်ဖက်၊ မြန်မာအစိုးရက တစ်ဖက်) က ဒီအခြေအနေကို ခေါင်းချင်းဆိုင် မဖြေရှင်း၊ မကိုင် တွယ်ခဲ့ကြဘူး။ ဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေ၊ နေရာရွှေ့ပြောင်းကျက် စားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ကင်းမဲ့တာတွေဟာ အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့တယ်။

မွတ် ဆလင်တွေကိုယ်စား ပဋိပက္ခကို ဥပဒေဆိုင်ရာ အခွင့်အရေးကင်း မဲ့မှုလို့ အများစုက ဖော်ပြကြတယ်။ လိုရင်လိုသလို၊ မလိုရင် မလို သလို လုပ်နေတာတွေက အများကြီးပဲ။ ၁၉၅၀ ပြည့်လွန်နှစ် တွေမှာ မွတ်ဆလင်တွေဟာ မဲပေးပိုင်ခွင့်တောင် ရခဲ့ကြပေမဲ့ ၁၉၈၂ ခုနှစ်နှောင်းပိုင်းမှာ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ နောက်ကို ပြန်အတွန်းထုတ်ခံရတယ်။ နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုပြီး အငြင်း ခံရတယ်။ ယေဘုယျပြောရရင် ဒေသတွင်းအားပြိုင်မှုတွေကို အမြတ်ထုတ်နေတဲ့ တစ်ချိန်တည်းမှာ မွတ်ဆလင်နဲ့ ရခိုင်တို့ရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို ထိန်းချုပ်ဖို့ အစိုးရမူဝါဒက ရည်ရွယ် ထားခဲ့တယ်။ ဗုဒ္ဓဘာသာရခိုင် တွေရဲ့အမြင်မှာ သူတို့ရဲ့ဖြစ်တည် မှုဟာ အခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေရတယ်။

ပြီးတော့ သူတို့မြေပေါ်က မွတ်ဆလင်အမြောက်အမြားကို တိုင်းတစ်ပါး သားတွေအဖြစ် မြင်နေကြတဲ့အတွက်ကြောင့် ဒီပဋိပက္ခဟာ ယဉ် ကျေးမှုအရ ဖြေရှင်းလို့မရတဲ့ ပြဿနာအဖြစ် အမြဲဆက်ရှိနေလိမ့် မယ်လို့ ခံယူထားကြတယ်။ မွတ်ဆလင်နဲ့ ဗုဒ္ခဘာသာဝင် နှစ်ဖက် စလုံးအနေနဲ့ အတိတ်ကအကြောင်းတွေကို တစ်ဖက်သက် အဓိပ္ပာယ်ကောက်ယူတာကနေရရှိလာတဲ့ တရားဝင်ဖြစ်မှုကို မြစ် ဖျားခံပြီး ကိုယ့်အ၀န်းအ၀ိုင်းအပေါ်မှာပဲ ကိုယ်စားပြုအာရုံစိုက်၊ ယိမ်းယိုင်ကြတာဟာ (ပဋိပက္ခပြေလည်ရေးအတွက်) အထောက် အကူမဖြစ်ပါဘူး။ နယ်မြေရဲ့ သမိုင်းကြောင်းပေါ်မှာ နှစ်ဖက်စလုံး က တူညီတဲ့အမြင်မရှိတဲ့အခါမှာ ရခိုင်မှာ ကျွန်တော်တို့တွေ့ကြတဲ့ အတိုင်း တစ်ဖက်နဲ့တစ်ဖက် အဆက်အသွယ် လုံးလုံးကင်းနေကြ တယ်။

အဲဒီအခါမှာ ပဋိပက္ခဟာ ပိုပြီးဆိုးရွားလာတယ်။ ပဋိပက္ခက ရေတိုဖြေရှင်းနည်းနဲ့ ဖြေရှင်းလို့မရနိုင်လောက်အောင် ကြီးမား တယ်။ ဒါမှမဟုတ် အစိုးရဟာ ပိုကောင်းမွန်တဲ့ လုံခြုံရေးမူဝါဒ တွေနဲ့ နှစ်ဖက်အကြား ကွာဟမှုကို ကုစားပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်လို့မရလောက်အောင် နှစ်ဖက်အကြား ကွာဟမှုကြီးက ကြီးမားတယ်။

MAWKUN   - ရခိုင်ပဋိပက္ခကို ညွှန်းဆိုကြတဲ့အခါမှာ စကားလုံးအသုံးအနှုန်းနဲ့ပတ်သက်လို့ နိုင်ငံတကာမီဒီယာတချို့နဲ့ အချို့အဖွဲ့တွေက “လူမျိုးတုံးသတ်ဖြတ်မှု (genocide)”၊ “တိုင်း ရင်းသား သုတ်သင်ရှင်းလင်းမှု (ethnic cleansing)” စတဲ့ စကားလုံးတွေကို သုံးကြတာတွေ့ရတယ်။ The New York Times မှာပါသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါမောက္ခတစ် ယောက်ရေးတဲ့ အတွေးအမြင်ဆောင်းပါးမှာဆိုရင် “တိုင်းရင်း သားသုတ်သင်ရှင်းလင်းမှု” ဆိုတဲ့ စကားလုံးကို သုံးသွားတယ်။ ဒီစကားလုံးတွေဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပကတိအခြေ အနေကို ထင်ဟပ်ကြ သလား။

LEIDER  - အဲဒီလို အစွန်းရောက်တဲ့ ထုတ်ဖော်ပြော ဆိုမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်သဘောမတူပါဘူး။ ဒီပဋိပက္ခ ဟာ ငါ့လူမျိုးက သူ့လူမျိုးထက်သာတယ်ဆိုတဲ့ လူတွေဆင်နွှဲတဲ့ စစ်ပွဲမဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ဘာသာက ပိုကောင်းတယ် ဆိုပြီး တိုက်ကြခိုက်ကြတာလည်း မဟုတ်ပါဘူး။ ၀ါဒဖြန့်ချိရေး စစ်ပွဲဟာ (အထူးသဖြင့် အင်တာနက်ပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တဲ့ အသုံးအနှုန်းတွေသုံးကြတာဟာ) ပဋိပက္ခရဲ့ သဘောသဘာဝကို ဖော်ပြရာမရောက်ပါဘူး။ အဖြစ်မှန်က ဘာလဲဆိုတော့ ရွှေ့ပြောင်းလာတဲ့ မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တွေဟာ သူတို့မဖန်တီးတဲ့ သမိုင်းအခြေအနေတွေမှာ အတူ တူ အထားခံကြရတယ်။

သူတို့ဘ၀ မရေရာမသေချာမှုတွေ၊ ဥပဒေအရ အကာအကွယ်မဲ့မှုတွေကြောင့် ရိုဟင်ဂျာဆိုသူတွေကို တိုင်းမဲ့ပြည်မဲ့လို့ခေါ် ရင် ရခိုင်တွေကို ပြောရေးဆိုခွင့်မဲ့သူတွေလို့ ခေါ်ရမယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာစုနှစ်နှစ်ခုလုံး ရခိုင်တွေဟာ အသိမ်းပိုက်ခံ၊ အအုပ်ချုပ်ခံ၊ အဖိနှိပ်ခံရပြီး အမြဲတမ်းရှုံးနိမ့်မှုတွေကို တစ်လျှောက်လုံးခံစားခဲ့ကြရတဲ့ သမိုင်းကြောင်းရှိနေလို့ပဲ။ ကုန်ကုန်ပြောရရင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာ နှစ်ပေါင်းများစွာ သူတို့ရင်ထဲ ကိန်းအောင်းလာခဲ့တဲ့ မျှော်လင့်ချက်ကင်းမဲ့ နေမှုတွေ၊ ဒေါသတွေကို ထုတ်လွှတ်လိုက်တာပဲ။ ဒါတွေကို ထိပ် တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းနဲ့ ထုတ်ပြလိုက်တာပဲ။

လက်တလော အဖြစ်အပျက်က ပြစ်မှုဆိုင်ရာကျူးလွန်တဲ့ကိစ္စနဲ့စဖြစ်ခဲ့တာပါ။ ရခိုင်အမျိုးသမီး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စမှာ ရဲရဲ့အလုပ်က တရား ခံကိုလိုက်ရှာပြီး ဖမ်းဆီးရမယ့်အလုပ်ပါ။ အချိန်တိုတိုအတွင်းထိရောက်အောင် မလုပ်နိုင်ခဲ့တဲ့အခါမှာ မွတ်ဆလင်အဖွဲ့ကို အ ကြောင်းမဲ့သတ်ဖြတ်တဲ့ ကိစ္စဖြစ်လာအောင် အစပျိုးပေးလိုက်သလိုဖြစ်သွားတယ်။ အဲဒီအချိန်ကစလို့ ရက်ရက်စက်စက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဖော်ညွှန်းလိုက်တဲ့အခါမှာ တိုင်းရင်း သားသုတ်သင်ရှင်းလင်းမှု၊ လူမျိုးတုံးသတ်ဖြတ်မှုလို့ သုံးနှုန်းခဲ့ကြ တယ်။

အဲဒီအခါမှာ ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်း အရင်းတွေ (ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့သမျှ အရင်းခံ အကြောင်းတရားတွေ)နဲ့ ပတ်သက်တဲ့အမြင်တွေကိုေ၀၀ါးသွားစေခဲ့တယ်။ တခြားနေရာတွေမှာလိုပဲ ဒီမှာလည်း လူတွေဟာ အခြေခံအားဖြင့် တရားမျှတမှု၊ တိုးတက်မှုနဲ့ သူတို့ရဲ့ ဖြစ်တည်မှု တွေနဲ့ပတ်သက်ပြီး အခိုင်အမာရချင်ကြတာပဲ။

တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေတဲ့အနေအထားမှာ အစိုးရယူရမယ့်တာဝန်ကတော့ သူတို့ကို ဖျန်ဖြေပြီး ခွဲထားလိုက်ဖို့ပဲ။ ဒါပေမဲ့ ခွဲထားတယ်ဆိုတာ လုံခြုံရေးအရ ရေတိုထက်မပိုရပါဘူး။ မကြာခင်မှာ လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားထားတယ်လို့ အဝေဖန်ခံရပါလိမ့်မယ်။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်

ပြည်ထောင်စု ၀န်ကြီး (၉) ဦးတာဝန်ပြောင်းလဲ ပေးအပ်

Yangon Press International

ပြည်ထောင်စု ၀န်ကြီး (၉) ဦးတာဝန်ပြောင်းလဲ ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ကြေညာ
ကြေညာချက် အပြည့်အစုံမှာ

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၂/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည် -


(၁) ဦးစိုးသိန်း သမ္မတရုံးဝန်ကြီးဌာန

(၂) ဦးအောင်မင်း သမ္မတရုံးဝန်ကြီးဌာန

(၃) ဦးလှထွန်း သမ္မတရုံးဝန်ကြီးဌာန

(၄) ဦးတင်နိုင်သိန်း သမ္မတရုံးဝန်ကြီးဌာန

(၅) ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီးဌာန

(၆) ဦးကျော်ဆန်း သမဝါယမ ဝန်ကြီးဌာန

(၇) ဦးအုန်းမြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန

(၈) ဦးအေးမြင့် စက်မှုဝန်ကြီးဌာန

(၉) ဦးတင့်ဆန်း အားကစားဝန်ကြီးဌာန


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Monday, August 27, 2012 - 18:45 



 
Yangon Press International
ပြည်ထောင်စု ဒုတိယ၀န်ကြီး ၁၅ ဦးတာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ကြေညာ
ယင်းကြေညာချက် အပြည့်အစုံမှာ

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၁/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -

(၁) ရဲချုပ်ကျော်ကျော်ထွန်း ပြည်ထဲရေးဝန်ကြီးဌာန

(၂) ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာန

(၃) ဦးသန်းဆွေ ယဉ်ကျေးမှုဝန်ကြီးဌာန

(၄) ဦးအောင်သိမ်း သမ္မတရုံးဝန်ကြီးဌာန

(၅) ဒေါက်တာလင်းအောင် ဘဏ္ဍဍာရေးနှင့်အခွန်ဝန်ကြီးဌာန

(၆) ဦးဆက်အောင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

(၇) ဒေါက်တာဒေါ်ခင်စန်းရီ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

(၈) ဒေါ်စုစုလှိုင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

(၉) ဦးသောင်းတင် ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန
(၁၀) ဦးထင်အောင် စွမ်းအင်ဝန်ကြီးဌာန

(၁၁) ဗိုလ်မှူးချုပ်ဝင်းမြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

(၁၂) ဦးအေးမြင့်မောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

(၁၃) ဒေါက်တာဒေါ်သက်သက်ဇင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

(၁၄) ဦးသောင်းထိုက် အားကစားဝန်ကြီးဌာန

(၁၅) ဒေါက်တာဒေါ်သိန်းသိန်းဌေး ကျန်းမာရေးဝန်ကြီးဌာန

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Monday, August 27, 2012 - 18:45

မောင်တောတွင် ရခိုင်အိမ်များ ရောင်းမည်

August 27, 2012 at 7:51 am
မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထားသည်ဟု သတင်း ရရှိသည်။
“ ဟုတ်တယ်။ အခုတစ်လော ရခိုင်အမျိုးသားပိုင် အိမ်တစ်ချို့ “အိမ်ရောင်းမည်” ဆိုပြီး စာကပ် ထားတာကို တွေ့ရပါတယ်။ စိတ်မကောင်း စရာပါ။ အဓိကတော့ မောင်တောမှာ ရခိုင်တွေ နေနိုင်မယ့် အနေအထား မရှိဆိုတာကို ပြသနေတာ ဖြစ်ပါတယ်” ဟု မောင်တောမြို့ လူကြီး တစ်ဦးက ပြောသည်။

အိမ်ရောင်းမည် စာတန်းများ ယခု ရက်ပိုင်းအတွင်း ပိုများပြားလာကြောင်း  အမှတ် (၁) ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။
“ ဒီလို စာကပ်ထားတဲ့ အိမ် ၁၆ အိမ်ခန့်ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမှာ လုံခြုံမှုက မရှိ တော့ဘူး။ အရေးအခင်းတုန်းက အိမ်တွေကို မီးရှို့တဲ့ ခေါင်းဆောင် လုပ်သူတွေကို  ထိထိ ရောက်ရောက် အရေးယူတာ မရှိဘူး။ ဘာမှ မဟုတ်တဲ့ လူတွေကိုဘဲ ဖမ်းဆီးပြတယ်။ ဒီအရေး အခင်းကို ဖန်တီးတဲ့  UN နဲ့ အန်ဂျီအိုမှာ လုပ်နေကြတဲ့လူတွေကို အစိုးရက လွတ်ပေး လိုက်တယ် လေ။ ဒီလို အစိုးရက လုပ်နေရင် ရှေ့မှာ ပိုဆိုးမယ်။  မောင်တော ဒေသခံတွေ ရဲ့ ဘ၀လုံခြုံမရှိဘူးလို့ ခံစားနေကြတယ်။ ဒါကြောင့် အိမ်တွေကိုရောင်းပြီး ရန်ကုန်ကို ပြောင်းဖို့ စဉ်းစား လာကြတယ်”  ဟု ပြောသည်။
ယခု အိမ်ရောင်းရန် စာတန်းများကပ်ထားသည့် နေအိမ်များမှာ မောင်တောမြို့  လမ်းမကြီးမှ ကံ့ကော် လ္ဘက်ရည်ဆိုင်၊ ဦးစောလှချေပိုင် ဖြိုးကဖီး၊ ဦးကျော်ဘအေး၊ လင်းသစ် လ္ဘက်ရည်ဆိုင်၊ ဦးအောင်မင်း နိုင် (အိမ်ဆောက်လုပ်ဆဲ) အပါအ၀င် တခြားအိမ် တချို့လည်း ပါဝင်သည်ဟု သိရသည်။
နိုင်ငံတော် အစိုးရသည် နိုင်ငံတကာ ဖိအားကို စိုးရိမ်သဖြင့် အပြစ်ရှိ၍ ဖမ်းဆီးထားသူများကိုပင် တစ်စုံတစ်ရာ အမူမစစ်ဘဲ လွှတ်ပေးမူများ ရှိနေကြောင်း  ကားဒရိုင်ဘာ တစ်ဦးကလည်း  ပြောသည်။
“ ဒီမှာအခြေအနေက စစ်တပ်ရှိနေသမျှ ငြိမ်နေမယ်။ စစ်တပ် ပြန်သွားရင် ကျွန်တော်တို့ အေးချမ်းဖို့ အနေအထား မရှိဘူး။ မောင်တောမြို့မှာ ရခိုင်တွေကိုသတ်၊ အိမ်တွေကို မီးချို့တဲ့သူတွေကို ဖမ်းပြီး အစိုးရက ပြန်လွှတ်ပေးနေတော့ ကျွန်တော်တို့က ဘယ်သူ့ကို အားကိုးရမှာလည်း။ ဒီမှာ ဥပဒေ မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီက လူတွေ တခြားတနေရာကို ပြောင်းဖို့ စဉ်းစားလာကြတယ်” ဟု မောင်တောမြို့မှ ကားဒရိုင်ဘာ တဦး က ပြောသည်။
မောင်တောမြို့တွင် အလိုတော်ပြည့်ကျောင်း၊ ရဲစခန်း၊ ကြေးနန်းကွင်း၊ ဗဟိုကျောင်းအပါအ၀င် နေရာ ၅ နေရာကို ဗုံးခွဲမည်ဆိုသည့်သတင်းများ မကြာသေးမီက ထွက်ပေါ်ခဲ့သည့်အတွက် လူထုအတွင်း စိုး ရိမ်မှုများ မြင့်မားလာခဲ့သည်။
မောင်တောမြို့တွင် မီးစက်လမ်းဆုံ၊ နာရီစင်ရှေ့၊ သာသနဗိမာန်။ မြို့တော်ခန်းမ၊ ဗဟိုကျောင်း၊ အလို တော်ပြည့် ကျောင်း၊ အထက်တန်းကျောင်း၊ ရွှေဇားတံတား၊ အောင်ဗလ၊ မြို့ဦးကျောင်းနှင့် ဘော်လုံး ကွင်းတို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကျက် ချထားသော်လည်း မောင်တော ဒေသခံ ရခိုင်များမှာ အစိုးရ၏ စီမံခန့်ခွဲမူ ညံ့ဖျင်းမူကြောင့် နေချင်စိတ် ကုန်လာနေကြသည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=1855

အပြစ်တွေ အကုန်လုံး ပုံချမည့် အကြံ တိုင်းချစ် ပြည်ချစ် ရခိုင်အမတ်များ လက်မခံ

  August 27, 2012 at 9:20 am
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွှတ်တော်နှစ်ရပ်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ရခိုင် အရေးအခင်းနှင့် ပတ်သက်ပြီး အချက် (၉) ချက်ကို ထည့်သွင်း ဖေါ်ပြထားခဲ့သည်။
အဆိုပါ အချက် (၉) မှာ ကျိုးကြောင်း ဆီလျော်မူ မရှိသည့် အပြင် လက်တွေ့ ဖြစ်ရပ်မှန် နှင့် အလွန် ကင်းကွာနေသဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (၂) ရပ်ပေါင်းမှ ရခိုင်အမတ် ၁၄ ဦးက ကန့်ကွက်ခဲ့သည်။ သို့အတွက်ကြောင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို သြဂတ်စ်လ ၁၇ ရက်နေ့က လွှတ်တော် (၂) ရပ်သို့ တင်သွင်း မဖြစ်ဘဲ ဆိုင်းငံ့ထားခဲ့ရသည်။

ရခိုင်အမတ်များ အနေဖြင့် ကန့်ကွက်ရခြင်း အဓိက အကြောင်းအရင်းကို မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ယခုလို ပြောပြသည်။
“ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်မှာ ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်လို့ သုံးသပ်ချက်ဆိုပြီးတော့ စာတမ်းတစောင်ကို သ၀ဏ်လွှာနဲ့ အတူ ပို့ပါတယ်။ အဲဒီသ၀ဏ်လွှာမှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တွေကို စွပ်စွဲထားတဲ့ အချက် ၉ ချက် ပါပါတယ်။  အဲဒီ ၉ ချက်မှာ ကျွန်တော်တို့ ရခိုင်ပါတီတွေ၊ သံဃာတွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေကို လူမျိုးရေး မုန်းတီးမှု အလွန်အကျွန် ရှိတယ်။ အဆင်အခြင်မဲ့ တိုက်ခိုက်လိုစိတ် ရှိတယ်။  နိုင်ငံတကာကိုပါ၊  ရခိုင် အသိုင်းအ၀ိုင်း ကိုပါ စည်းရုံးတယ်ဆိုတဲ့ တချက်ပါ။ နိုင်ငံ အနှံ့အပြားမှာ နေတဲ့ ဘင်္ဂလီတွေကို အကြမ်းဖက်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲပါတယ်။ နံပါတ် ၃ အချက်က ခေတ်အဆက်ဆက် အစိုးရဟာ ရခိုင်ပြည်က သယံဇာတ တွေကို ယူပြီးတော့ ရခိုင်အတွက် ဘာတခုမှ မပြုလုပ်ဆိုပြီးတော့  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်စီး အောင် ပြိုကွဲအောင် လုံ့ဆော်တယ်ဆိုပြီးစွပ်စွဲတာလည်း ပါပါတယ်။ နောက်တချက်က ဘင်္ဂလီတွေ ၀င်ရောက်တာကို အစိုးရက လာဒ်စားပီး အစိုးရ အရေးယူဆောင်ရွက်တာ မရှိလို့ ပြောတယ်လို့ ပြောပါတယ်။ နောက်တခုက ကြံ့ခိုင်ရေးပါတီအနေနဲ့ မြို့နယ် တွေမှာ ဘင်္ဂလီ မွတ်ဆလင်တွေကို မသင့်လျော်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်တယ်လို့ ရခိုင်ပါတီတွေက စွပ်စွဲတယ်လို့ ပြောပါတယ်။ နောက်တခုက ၈၂ ခု နှိင်ငံသား ဥပဒေကို ရခိုင် လူမျိုးတွေက လက်မခံနိုင် နားမလည်နိုင်လို့ ဆိုပါတယ်။ နောက်တခုက ဘင်္ဂလီတွေကို ကူညီနေတဲ့ ကုလသမဂ္ဂနဲ့ NGO တွေကို မကောင်းအမြင်နဲ့ အဲဒီဒေသမှ မနေရဲအောင် အမျိုးမျိုးကြိုးစား လုပ်ဆောင်နေတယ်လို့ ပါပါတယ်။ နောက်တခုက ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင် တချို့ဟာ ပဋိပက္ခကြောင့် ရပ်ဆိုင်းထားတဲ့ ဘင်္ဂလီ၊ စီးပွားရေး လုပ်ငန်းတွေကို အချောင်ရဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားတဲ့ အချက် ၉ ချက် စွပ်စွဲပါတယ်” ဟု ပြောသည်။
အချက် (၉) ချက်တွင်  ၈ ချက်ကို ရခိုင်အမတ်မျာက ပြည်ထောင်စု လွှတ်တော်တွင် မတင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အမျိုးသား လွတ်တော်ကိုယ်စားလှယ် ၇ ယောက်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ၇ ယောက်က လက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့ကြသည်။
“ အဲသလို ကန့်ကွက်တဲ့ အတွက်  လွတ်တော်အ စည်းအဝေးမှာ နာယက ကြီးက နံပါတ် ၅ အစီအစဉ်ဖြစ်တဲ့ သမ္မတရဲ့ သ၀ဏ်လွှာကို မှတ်တမ်းတင်ဖို့ နေရာမှာ လွှတ်တော် ကိုယ်စားလှယ် အချို့က ကန့်ကွက်တဲ့အတွက် ရွေ့ဆိုင်း ထားတယ်လို့ ပြောပါတယ်။ အခု နောက်ပိုင်းမှာ သမ္မတရုံးက ကြေငြာချက်ထုတ်တယ်လို့ သိရပါတယ်။ အချက်(၉) ချက်ဟာ လွှတ်တော် သ၀ဏ်လွှာထဲမှာ ပါသွားမဟုတ်ဘဲ သုံးသပ်ချက် အနေနဲ့ လွှတ်တော် ဥက္ကဌ သိသာအောင် တွဲပြီး ပို့ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတက ညွှန်ကြားချက် အရ မဟုတ်ဘဲ အခြား အကြောင်းများကြောင့် ပါသွားခြင်းသာ ဖြစ်တယ်လို့ ကြေငြာချက် ထုတ်တာကို တွေ့ရပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းက အချက် (၉) ချက်တွင် တချက်ကိုသာ သဘောတူပြီး အဆိုပါ အချက်မှာ ရခိုင်တိုင်းရင်းသားများ အားလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားလျှက်ရှိကြောင်း ဖေါ်ပြချက် ဖြစ်ကြောင်း ဆိုသည်။
၎င်းပြင် ဦးဖေသန်းက သမ္မတ သ၀ဏ်လွှာပါ အချက် (၉) ချက်နှင့် ပတ်သက်ပြီး သူ့အမြင် သူ့ သဘောထားကိုလည်း ယခုလိုပြောသည်။
“ ရခိုင်ပြည်သူတွေကို အခု သမ္မတရဲ့ ထုတ်ပြန်ကြေငြာချက်ကို သမ္မတရဲ့ ဆန္ဒနဲ့ ထုတ်ပြန်လိုက်တာမဟုတ်။ အကြောင်း ကြောင်းကြောင့် ရေးသားတာဖြစ်တယ်လို့ သမ္မတရုံးက ကြေငြာချက် ထုတ်ပြန်တာဖြစ်တယ်။ အဲဒါကြောင့် ဒီလို လုပ်ရပ် တွေဟာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ၊ ရခိုင်ပါတီတွေနဲ့ သံဃာတွေ့ရဲ့စိတ်ဓါတ်ကို ထိခိုက်အောင် ဒီလို ပြောဆို ချက်တွေဟာ တရားမ၀င် ပြောဆိုချက်တွေသာ ဖြစ်တယ်။ သို့သော်လည်း ကျွန်တော်တို့ ရခိုင်သူ ရခိုင်သားတွေ အနေနဲ့ ဒီလိုဖြစ်ပျက်တာတွေကို နားလည်ပေးပြီးတော့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ရရှိ နိုင်အောင် ဥပဒေဘောင်အတွင်းက စည်းလုံး ညီညွှတ်စွာနဲ့ ကြိုးစာဖို့ လိုပါတယ်။ နောင်တချိန်မှာ ဒီလို အရေး အခင်းမျိုးတွေ နောက်ထပ်  ဖြစ်ပေါ်မလာရအောင်၊ ဘာတွေက ဒီလို အရေး အခင်းတွေကို ဖြစ်ပေါ်စေတယ်။ ဘယ်လို ဟာတွေက လွမ်းမိုးနေသလဲဆိုတာကို ကျွန်တော်တို့ နိုင်ငံရေးအမြင်နဲ့  မျှမျှတတကြည့်ပြီးတော့ ရခိုင်တွေရဲ့ စည်းလုံး မှုအောက်မှာ ရဲရဲဝံ့ဝံ ဆန္ဒတွေနဲ့ ရခိုင်တမျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ ရှိကြမယ်ဆို့ရင် ကျွန်တော်တို့  ရခိုင် အမျိုးသားတွေ ဒီိလို ဆုံးရှုံးနေတာတွေဟာ နောင်တချိန်မှာ ၀မ်းနည်းကြေကွဲဖွယ်ရာ အကြောင်းတွေ ဖြစ်ပေါ် မလာ နိုင်အောင် ကျွန်တော်တို့ တားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခု ကျွန်တော်တို့ ရခိုင်သားတွေဟာ မျိုးချစ် စိတ်ဓါတ်အပြည့်အ၀နဲ့  နေမှသာလျှင် ကျွန်တော်တို့ ရခိုင်ပြည် ရခိုင်လူမျိုး မပျောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့က တခြားလူမျိုးတွေကိုလည်း ရန်စတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ကျွန်တော်တို့  စိတ်ဓါတ် အမျှော်အမြင် တိုးပွားအောင် ထိန်းသိမ်းပြုပြင်သွားဖို့ လိုပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေး ပြဿနာဖြစ်ပါတယ်။ နိုင်ငံရေးနည်းဖြင့် ရှင်းကြရမှာ ဖြစ်တယ်လို့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကို အကြံပေးလိုပါတယ်။ တင်ပြလိုပါတယ်” ဟု ဆိုသည်။
နိုင်ငံတော် အစိုးရသည် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော မည်သည့်  ပြဿနာကို မဆို တာဝန်ခံရမည် ဖြစ်သော်လည်း တာဝန်ယူလိုစိတ် မရှိဘဲ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရှိ၊ ပြောဆိုပိုင်ခွင့် တစ်စုံတစ်ရာ မရှိ အာဏာဆို၍ နှမ်းတစေ့မျှလောက်ပင် မရှိသော ရခိုင် အမျိုးသားများ အပေါ် ကျိုးကြောင်း ဆီလျော်မူ တစ်စုံတစ်ရာမရှိဘဲ ရခိုင်အရေးနှင့် ပတ်သက်ပြီး အပြစ်ပုံချရန် စီစဉ်ခြင်း အပေါ် ရခိုင်အမျိုးသားများက နားမလည် နိုင်အောင် ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။
http://www.narinjara.com/burmese/?p=1858

ဒေါ်အောင်ဆန်းစုကြည်နှင့်နယူးယောက်တွေ့ဆုံပွဲအစီအစဉ်