Monday, September 10, 2012

တစ်နွယ်ငင် တစ်စင် ပါနိုင်သောကြောင့်....


တစ်နွယ်ငင် တစ်စင် ပါနိုင်သောကြောင့် နိုင်ငံသား အဖြစ် မှ ရုပ်သိမ်းပြီး ၊ ပြည်နှင်ဒဏ်ပေး ရန် ဆန္ဒ ဗိုလ်ချုပ်မှုး ကြီး ဟောင်း မှာ ရှိနေ
by FNG on September 10, 2012
228526_10151144584278913_1147082251_n

လတ်တလော မြန်မာ နိုင်ငံ တွင်း သို့  ပြန်လာ သည့် ပြည်တော် ပြန် နိုင်ငံရေး သမား များ အနက်
ABSDF ဥက္ကဌ ဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန် နှင့် ဒေါက်တာ နိုင်အောင် တို့  သည် ၎င်း တို့ 
တာဝန် ထမ်းဆောင်ခဲ့ စဉ် က ဖြစ်ပွား ခဲ့ သည့် ကချင် ပြည်နယ် ပါဂျောင် ဒေသ တွင် ကျောင်းသား
များ အား အစု လိုက် အပြံ လိုက် သတ် ပွဲ နှင့် ဆပ်စပ် တာဝန် ရှိ နေ ၍ ၎င်း တို့  ကို ပြည်နှင့် ဒဏ်
ပေး ရန် စဉ်းစား ထား ကြောင်း FNG မှ သတင်း ရရှိသည်။
မြောက်ပိုင်း ဒေသ အစုလိုက် အပြုံ လိုက် ရက်စက် စွာ သတ်မှု တွင် သေဆုံး သွား သူ ၏
ကျန်ရစ်သူ မိသား စုများ က အပြစ် ရှိသည် ဟု စွပ်ဆွဲထား သည့် ဒေါက်တာ နိုင်အောင် နှင့်
ကို မိုးသီးဇွန် တို့ ၏ ကိစ္စသည် တစ်စ တစ်စ ကျယ် ပြန့် လာ ရာ အချို့  က ယခင် စစ်အစိုးရ
လက်ထက် က ရာဇ၀တ်မှု များ ၊ ရွှေဝါရောင် တော်လှန် ရေး တွင် သံဃာများ အသတ် ခံရမှု။
ဗဟန်း ငါးလောင်ပြိုင် လူသတ်မှု များ စသည် တို့  ကို ပါ အမှု မှန် ပေါ်ပေါက် ရေး ပါ တောင်း
ဆို လာကြသည်။
အမည် မဖော် လို သည့် ပြည်ထဲရေး ၀န်ကြီး ဌာန မှ အရာ ရှိ တစ်ဦး က ” သူ တို့  ပြဿနာ
က အမျိုးသား ရင်ကြားစေ့ ရေး နဲ့  ဒီမို ကရေစီ ခရီး ကို ပါ အနှောင့် အယှက် ဖြစ် သလို ဖြစ်
နေ ပြီ အထက် က တစ်ခုခု ဆုံး ဖြတ် ပါ လိမ့် မယ် ” ဟု FNG ကို ပြောသည်။
ပါဂျောင် ဒေသ မှ သေကံ မရောက် သက် မပျောက် ဘဲ လွတ်မြောက် လာသူများ နှင့် သေ
ဆုံး သူများ ၏ မိသားစု များ က လည်း မြန်မာ အစိုးရ အနေဖြင့် အပြစ် ရှိ သူများ ကို လွတ်
ငြိမ်း ချမ်းသာ ခွင့် ပေး ရန် မလို လား ဘဲ  တရားခွင် တွင် စီရင် ဆုံး ဖြတ် ရန် သာ လိုလား
သည် ဟု မနေ့  က ဆန္ဒ ထုတ် ဖော် ခဲ့ ကြသည်။
ဒေါက်တာ နိုင်အောင် နှင့် ကိုမိုးသီးဇွန်း တို့  နှစ်ဦး တွင် အဓိက တာဝန်ရှိ သည် ဆိုသည့် ပါဂျောင်
ဒေသ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှု သည် အသက် အရွယ် ကြီးရင့် ပြီး ဖြစ် ပြီး မြန်မာ နိုင်ငံ
ဒီမိုကရေစီ ရေး ချောမွေ့  စွာ အသွင် ကူးပြောင်း နိုင်ရေး အတွက် လမ်းဖွင့် ပေး ခဲ့ သော စစ်ခေါင်း
ဆောင် ဟောင်း ဗိုလ်ချုပ်မှုး ကြီး သန်း ရွှေ အပါ အ၀င် လက် ရှိ အစိုးရ အဖွဲ့  ခေါင်းဆောင် များ ပါ
ဘုန်းကြီး အမှု ရွာ ပတ် သလို ဖြစ် နိုင် သဖြင့် ဦးသန်းရွှေ က ယခု ကဲ့ သို့  စီစဉ် ရခြင်း ဖြစ်သူ ဟု
သူ၏ မိသားစု ၀င် တစ်ဦး နှင့် နီးစပ် သူ တစ်ဦး က ပြောသည်။
ပြည်နှင်ဒဏ် ပေး ခြင်း ၊ နိုင်ငံ သား အဖြစ် မှ ရပ် စဲခြင်း  သို့  တည်း မဟုတ် အခြား ဆုံး ဖြတ် ချက်
တစ်ခု ခု ကို လည်း ၇၂ နာရီ အတွင်း အကောင် အထည် ဖော် မည် ဟု သိရသည်။
ထိုသတင်း နှင့် တစ်ဆက် တည်း ရဲတပ်ဖွဲ့  သတင်းဌာန မှ သိရသည့် သတင်း တစ်ခု မှာ
၎င်း တို့  ကို ပါဂျောင် ဒေသ ပြစ်မှု များ အတွက် ဖမ်းဆီး ထား ရန် အစီ အစဉ် ရှိ သည်
ဟု သိရသည်။

http://freedomnewsgroup.com/2012/09/10/devote-citizenship/

ဇိုမီးလွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းတည်ထောင်

ဒီချုပ်မှ စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ကြေငြာချက်တစ်စောင်ထုတ်ပြန်


Popular Myanmar News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုညီလာခံကော်မရှင်မှစက်တင်ဘာလ၁၀ရက်စွဲပါဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
အရ ကြေငြာချက်တစ်စောင်ကိုထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။

ယင်းကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွင့်လှစ်ထားရှိသော ပြည်နယ်၊ တိုင်း၊ခရိုင်၊မြို့နယ် ရုံးခန်းအသီးသီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်မှ အပ အခြားသော ပါတီအဖွဲ့အစည်း အစုအဖွဲ့၊ တသီးပုဂ္ဂလတို့ စီစဉ်သော အစည်းအဝေးများ ဆွေးနွေးပွဲများကို ကျင်းပခွင့်မပြုကြောင်းဖြင့်ဖော်ပြထားသည်။

သမ္မတမိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကျင်းပ

Popular Myanmar News Journal

နေပြည်တော် စက်တင်ဘာ ၁၀ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ခန်းမဆောင်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ပြည်ထောင်စုတရားသူကြီးချုပ် ၊ ပြည်ထောင်စုရွးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီးများ ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသောပုဂ္ဂိုလ်များဖြစ်သည့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

ယင်းအခမ်းအနားဝယ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပြောကြားသည့်မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-

အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီး အသစ်တွေ ကတိသစ္စာ ပြုခဲ့ကြပါပြီ။ ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မယ် လို့လည်း အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒီလို ယုံကြည်ထားလို့လည်း စနစ်တကျ ရွေးချယ်ပြီး ဥပဒေနဲ့အညီ ခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

ယခုလို ရာထူးတွေ တိုးမြှင့်ခန့်အပ်တာဝန်ပေးမှု ခံရခြင်းဟာ မိမိတို့ရဲ့ကြိုးစားမှု၊ ရိုးသားမှု ကြောင့်သာ ဖြစ်ပြီး ကြီးလေးတဲ့ရာထူးတွေ တိုးမြှင့်ရရှိလာတာနဲ့အမျှ မိမိတို့ ထမ်းဆောင်ကြရမယ့် တာဝန်တွေ ဟာလည်း ပိုမိုပြီး ကြီးမား များပြားလာမှာ ဖြစ်တဲ့အတွက် ဒီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြဖို့အတွက် အရည်အချင်းတွေ၊ အရည်အသွေးတွေ ပြည့်ဝနေအောင် အမြဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တာဝန်ဆိုတဲ့နေရာမှာ နိုင်ငံတော်ရဲ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း စောင့်ထိန်းရမယ့် တာဝန်တွေ ရှိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို ကျေပွန်ဖို့ အရေးကြီးပါတယ်။ အဓိကကျတဲ့ နိုင်ငံတော်ရဲ့ တာဝန်ဟာပြည်ထောင်စုကြီး မပြိုကွဲ မပျက်စီးအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ မပျက်စီးအောင်၊ မိမိတို့ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ရေးပဲ ဖြစ်ပါတယ်။

မိမိတို့ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ တာဝန်တွေ အောင်မြင်ဖို့ အတွက် ဝန်ကြီးဌာနအလိုက် ခွဲဝေ ထမ်းဆောင် နေကြတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေ၊ ဆောင်ရွက်ချက်တွေက ဘာတွေလဲ။ ဒါတွေကို တစ်ဦးချင်း နားလည်သိရှိ ထားကြဖို့ လိုပါတယ်။

တိုင်းပြည်ရဲ့တာဝန်၊ အစိုးရရဲ့တာဝန်တွေကို မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင် အကောင်အထည်ဖော်ကြရမှာ ဖြစ်တဲ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အစွန်းတစ်ဖက်သို့ ရောက်မသွားစေဖို့ အထူး သတိပြုပြီး မူဝါဒများကို ယုံယုံကြည်ကြည် ခံယူထားကြဖို့ လိုပါ တယ်။ အသိမှန်မှ အလုပ်မှန်မှာ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ အစိုးရဟာ သန်း(၆၀)သော ပြည်သူတွေရဲ့ တူညီတဲ့ အဓိက ရည်မှန်းချက်(၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရင်း နိစ္စဓူဝ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့ပဲ ဖြစ်ပြီး ပြည်သူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေ ကတော့ အလုပ်အကိုင် ရရှိရေး၊ ထိုက်သင့်တဲ့ ဝင်ငွေရရှိရေး၊ စားဝတ်နေမှု အဆင်ပြေရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် ရေ၊ မီးနဲ့ သွားလာရေး အဆင်ပြေ ကောင်းမွန်ရေးတို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ဒီဆန္ဒတွေကို အလေးအနက် ထားရပါမယ်။ အစိုးရရဲ့ ဆောင်ရွက်ချက် မှန်သမျှဟာ ပြည်သူတွေရဲ့ အဆင်ပြေ ချောမွေ့မှု၊ စိတ်ချလုံခြုံမှု၊ စိတ်ကျေနပ် စိတ်ချမ်းသာမှုတွေကို ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒတွေကို အခြေပြုပြီး ဖော်ထုတ်ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ မှာလည်း ပြည်သူတွေကို ဗဟိုပြုပြီး ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ခေတ်ပြောင်း စနစ်ပြောင်းမှာ အပြောင်းအလဲတွေ သိသာထင်ရှားစွာ ထွက်ပေါ်လာဖို့ အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးကြတဲ့ နေရာမှာ အမှန်တစ်ကယ် ပြောင်းလဲလာဖို့၊ ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်၊ ဘာတွေ လိုလားတောင့်တ နေကြတယ်၊ ဒါတွေကို သိရှိနားလည်အောင် လုပ်ကြဖို့ လိုပါတယ်။ ပြည်သူတွေအကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ဂုဏ် သိက္ခာ မြင့်မားတဲ့ အစိုးရယန္တရား တစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်၊ အထက်က ညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေမှာ ထောက်ပြလာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့ အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကို ယုံကြည်စွာနဲ့ တာဝန်တွေ အပ်နှင်းပေးလိုက်ပါပြီ။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ အနေနဲ့လည်း လက်အောက်မှာရှိနေတဲ့ အစိုးရဝန်ထမ်း အရာရှိ အဆင့်ဆင့်ကို ယုံကြည်စွာနဲ့ တာဝန်တွေ ခွဲဝေအပ်နှင်းပေးကြဖို့ လိုပါတယ်။ ရှင်းလင်း လွယ်ကူပြီး တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တွေ ချမှတ် ပေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့ အမှန်တစ်ကယ် ထိတွေ့ ဆက်ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်အထိ ရောက်ရှိဖို့ လိုပါတယ်။ ဒါမှသာလျှင် အစိုးရအုပ်ချုပ်ရေးယန္တရားအတွက် ခေတ်အဆက်ဆက် မလိုလားအပ်တဲ့ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်ခဲ့တဲ့ ကြိုးနီစနစ်တွေ လျော့နည်း ပပျောက် သွားစေမှာ ဖြစ်ပါတယ်။

ဒီတာဝန်တွေဟာ အလွန်မှ ကြီးမားကျယ်ပြန့် များပြားပြီး တစ်ရက်တည်း၊ တစ်လတည်း၊ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့ လည်း မရနိုင်တဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီတာဝန်တွေ အောင်မြင်ဖို့ အတွက် အစိုးရတစ်ဖွဲ့တည်း အားနဲ့တင် မရဘဲ မိဘပြည်သူတွေပါ ပါဝင်ပြီး တက်ညီ လက်ညီ ဦးထမ်းပဲ့ထမ်းနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အားကို ရယူနိုင်ဖို့အတွက် ပြည်သူတွေ လေးစား ယုံကြည်တဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ပြည်သူတွေဟာ ကျွန်တော်တို့ အစိုးရအပေါ်မှာ မြင့်မြင့်မားမား မျှော်လင့်ချက် ထားနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒတွေ၊ ထားရှိတဲ့ မျှော်လင့်ချက်တွေကို အတတ်နိုင်ဆုံး ပြည့်ဝအောင်မြင်လာအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ရပ်လုံးက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ကြရပါမယ်။ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်တစ်ဦးချင်း ကောင်းရုံနဲ့လည်း မရပါဘူး။ အဖွဲ့အစည်းတစ်ခုကို တာဝန်ခံ၊ တာဝန်ယူ ထားကြရသူများ ဖြစ်ကြတဲ့အတွက် ကိုယ်ကောင်းသလို ကိုယ့်အဖွဲ့အစည်း ကောင်းအောင်လည်း လုပ်ကြရပါမယ်။ ကိုယ့်အဖွဲ့အစည်း ကောင်းအောင် တည်ဆောက်ရာမှာ ခေါင်ကလုံမှ တံစက်မြိတ်လည်း လုံမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ အလားတူပဲ မိမိတို့ဝန်ကြီးဌာန၊ မိမိတို့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ ရှုမြင်ချက်၊ သတ်မှတ်ချက်တွေ အတွက်လည်း မိမိတို့မှာ အဓိက တာဝန်ရှိကြောင်း သတိပြုကြစေ လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါ၊ ဒို့တာဝန်အရေး(၃) ပါးကို ဦးထိပ်ထားပြီး အလုပ်လုပ်တဲ့အခါ အမှားမှား အယွင်းယွင်း မဖြစ်စေဖို့ ဝန်ကြီးဌာနအလိုက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုးစား အကောင်အထည် ဖော်ကြပါ။ နိုင်ငံတော်ရဲ့ မူဝါဒ၊ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ငန်း တာဝန်တွေကို သိရှိ နားလည်ပြီး အလုပ်ကို ရိုးရိုးသားသားနဲ့ စေတနာထား ကြိုးစားလုပ်ဆောင်ကြပါ။ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူ ပြုပြင် ပေးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုယ်ကျင့်တရား၊ စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တစ်ဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

(နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှ)

မသွဲ့သွဲ့ဝင်းနှင့် မအေးနက်တို့အားပြန်လွှတ်ပေးပါ

Popular Myanmar News Journal

မုံရွာလက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ယာနှင့်ရွာမဆုံးရှုံးစေရေးအတွက်မုံရွာမြို့ဆုတောင်းပြည့်ဘုရားတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်က လာရောက်ဆုတောင်းကြသူများအနက် ဖမ်းဆီးထိမ်းသိမ်းခြင်းခံရသည့် မသွဲ့သွဲ့ဝင်းနှင့် မအေးနက်တို့အားပြန်လွှတ်ပေးရန် မုံရွာ အမှတ်(၁)ရဲစခန်းရှေ့တွင် အရေးဆိုနေကြသူများ။
(ဓာတ်ပုံ- မုံရွာ ပွင့်လင်းလူ့အဖွဲ့အစည်း)



Nik Nayman
ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ် ဘုရားဝတ်ပြုရန် လာကြတဲ့ မုံရွာက မသွဲ့ သွဲ့ ဝင်းအပါအ၀င် ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးပါ။

စစ်ကိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်အတွက် ၀တ်ပြုဆုတောင်းရန်လာရောက်သူ မသွဲ့သွဲ့ဝင်းတို့အား ယနေ့ (၁၂) နာရီခန့်က မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး -ဦးကြူအင်းက မုံရွာအမှတ် (၁) ရဲစခန်းသို့ လိုက်ထရပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ထိုဖြစ်စဉ်များကြောင့် မုံရွာမြို့၏ တန်ခိုးကြီးအထင်ကရ ဆုတောင်းပြည့် မြတ်စွာဘုရားကြီးအား တံခါးပေါက်များ ပိတ်ခြင်း၊ မြစ်ကူးကူတို့များ ပိတ်ထား ခြင်း၊ ချင်းတွင်းတံတားပိတ်ထားခြင်း၊ တစ်ခါမျှ မဆောင်ရွက်ခဲ့ဘူးသော ချင်းတွင်းတံတားတွင် ဆိုင်ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေပါတယ်။
မသွဲ့ သွဲ့ ဝင်းအပါအ၀င် ဖမ်းဆီးခံရသူ အမျိုးသမီး (၁၂) ဦး ပြန်လည်လွတ်မြောက်ဖို့ အတွက် ယနေ့နေ့လည် (၁)နာရီဝန်းကျင်က မုံရွာမြို့ ဘူတာလမ်းရှိ အမှတ် (၁) ရဲစခန်းရှေ့တွင် လက်ပန်းတောင်းတောင်အနီးတ၀ိုက်မှ ရွာသူရွာသားများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ အမေရိကန်သံရုံးမှထုတ်ပြန်ချက်

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၄)



by May Thingyan Hein on Monday, September 10, 2012 at 10:00am · မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ  ၁၀၊ ရန်ကုန်မြို့။

facebook နဲ့ Blog တွေကနေ  မြောက်ပိုင်းက အရိုးတွန်သံများကို ဖတ်ရတုန်းက   စို့စို့နင်နင်ကြီးဖြစ်ပြီး ၀မ်းနည်းနာကျင်နေခဲ့တာက ၃ ရက်မကဘူး။

ကျမရဲ့ မောင်၊ ကျမရဲ့ အမ၊ ကျမရဲ့ နှမ ဘယ်သူမှ မပါဘဲနဲ့ ကျမ ခံစားခဲ့ရတယ်၊ ဘာကြောင့်လဲလို့မေးရင်တော့ ကျမမှာ ဒီနေ့ထက်ထိ ဖြေစရာ စကားမရှိပါဘူး။

ဒါ့အပြင် ခုလို ရန်ကုန်ပြန်လာနိုင်တဲ့အချိန်မှာ တောခိုသွားတဲ့ သား၊ ဘယ်တော့ပြန်လာမယ်မှန်းမသိတဲ့ မိခင်တွေရဲ့ ခံစားချက်နဲ့ ပြောဆိုသံတွေကို ကျမ မကြားရက်ခဲ့ဘူး။ ပြီးတော့ သားပျောက်ရှာတဲ့ မိခင်အိုတွေအကြောင်း ရေးတာတွေ့ရင်လည်း
ကျမ မဖတ်ရဲတော့ဘူး။အဲဒီလို အသတ်ခံခဲ့ရတဲ့ လူငယ်တွေရဲ့ မိဘ၊သားချင်း ခံစားချက်ကို ကျမ နားလည်စာနာမိခဲ့တယ်။

ABSDF ရဲ့ သမိုင်းကြောင်းမှာတော့ အမည်းစက်ကြီး စွန်းပြီးသွားပြီ ဆိုတာကိုလည်း နားလည်လိုက်မိတယ်။ အဲဒီအမည်းစက်ကြီးက တကယ်ဖြစ်ခဲ့တာလား၊ အမှန်လား။ ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတာတွေကိုလည်း ကျမ သိချင်ပါတယ်။ ပြီးတော့ သေဆုံးသွားခဲရတဲ့ သူတွေအတွက်လည်း မိသားစုဝင်တွေ တနှုံနှုံနဲ့ ခံစားနေရတာတွေကို  ကျေနပ်သွားတာမျိုး ဖြစ်သွားစေချင်တယ်။

ဒါတွေကြောင့် ဒီအချိန်မှာ ကျမဟာ ဒေါက်တာနိုင်အောင်ကို အင်တာဗျူးခဲ့တာပါ။ ကိုမိုးသီးဇွန်ကိုလည်း အင်တာဗျူးချင်ခဲ့တာပါ။

ကိုမိုးသီးဇွန်ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ်ကို ကိုဇော်ရဲက ပေးပါတယ်။ ကျမ ဆက်တော့လည်း ကိုကိုအောင်ရဲ့ ဖုန်းနံပတ်ပါ။ ကျမက ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ကိုမိုးသီးဇွန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စက်တင်ဘာလ ၈ ရက်နေ့က ပြောပါတယ်။ကိုကိုအောင်က ကိုမိုးသီးကို မေးပေးမယ်လို့ ပြောပါတယ်။ ခုချိန်ထိတော့ အင်တာဗျူး မရသေးပါဘူး။

မနေ့က ဒေါက်တာနိုင်အောင်နဲ့ အင်တာဗျူးကို ပြန်စပါတယ်။ ဒီနေ့မှ ဖတ်တဲ့သူတွေအတွက် အဆင်ပြေအောင်မနေ့က နောက်ဆုံးစာပုဒ်ကိုပြန်ဖော်ပြပေးပါမယ်။

မေး။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုမောင်မောင်ရေးထားတဲ့ ခေတ်သစ်ဟသာင်္ကိုးသောင်း စာအုပ်ကို အကိုဖတ်ပြီးပြီဆိုတော့လေ၊ အဲဒါတွေက အမှန်လားရှင့်။

ဖြေ။ ကျနော်ပြောချင်တာကလေ ဒီစာအုပ်အကြောင်းပြောရမယ်ဆိုရင် ABSDF ရဲ့ နောက်ခံအခြေအနေလေးကို နည်းနည်းသိဖို့လိုမယ်။ ကျနော်တို့ ၈၈ တုန်းက တောထဲကို သွားကြတယ်ဆိုတာက အားလုံးကနေပြီးတော့မှ အဖွဲ့အစည်းတခုတည်းကနေပြီးတော့မှ အားလုံးတောထဲကို သွားကြတာ မဟုတ်ဘူး။ အဖွဲ့စည်းတခုတည်းက မဟုတ်တော့ တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ အရင်ကလို ကွန်မြူနစ်ပါတီတောခိုသလိုမျိုး မဟုတ်ဘူး၊ ကိုယ့်သပိတ်စခန်းအသီးသီးကနေ နီးစပ်ရာတိုင်းရင်းသား နယ်မြေတွေကို သွားကြတယ်၊ အဲဒီမှာ စခန်းတွေဖွဲ့ကြတယ်၊ အဖွဲ့အစည်းတွေ ထောင်ကြတယ်။အဲဒီလူတွေအားလုံးကို စုပြီးတော့ ABSDF ကို ဖွဲ့ရတာ။ပြောချင်တာက တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ဒါကတချက်ပေါ့ နောက်တချက်က နယ်မြေအသီးသီးက ကျောင်းသားတွေက အဖွဲ့စည်းတခုတည်းဖွဲ့ကြမယ်ဆိုတဲ့အခါ absdf စတင်ဖွဲ့စည်းတဲ့ ညီလာခံလေး လုပ်တယ်။ ကျနော်တို့ရဲဘော်တွေက ရခိုင်ဘက်လည်း ရောက်တယ်၊ အိန္ဒိယဘက်လည်း ရောက်သွားတယ်၊  ကချင်ဘက်လည်း ရောက်သွားတယ်။ ရှမ်းဘက်လည်း ရောက်သွားတယ်၊ ထိုင်းဘက်မှာဆိုရင် ကရင်နီဒေသ အဲလို အကုန်နေရာခွဲပြီး ရောက်သွားကြတာ၊ ကျနော်တို့ ညီလာခံလုပ်တဲ့ နေရာမှာ ကျနော်တို့စုစည်းနိုင်တာက ထိုင်းဘက်ခြမ်းကများတယ်။ အဲလို ကျနော်တို့အဖွဲ့စည်းအခြေအနေအရ လက်လှမ်းမမီတဲ့အပေါ်မှာ စခန်းတွေက ကို်ယ့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ကိုယ့်အုပ်ချုပ်မှုနဲ့ သွားကြတာ။ ကျနော်တို့ ဗဟိုက တခုလုံးရဲ့ တခုလုံးရဲ့ စုစည်းတဲ့ မူ၊ပေါ်လစီ ကိစ္စတွေကိုပဲ ကျနော်တို့က တာဝန်ယူ ဆုံးဖြတ်နိုင်တဲ့ အနေအထားမျိုးပါ။ ပြောချင်တာကတော့ စီမံခန့်ခွန့်မှုနဲ့ အုပ်ချုပ်ရေး အာဏာ ကျနော်တို့မှာ မရှိဘူး။ နောက်တခုက…။

သူက အသက်ရှုလိုက်သလို ခဏနားပြီးမှ ဆက်ပြောပါတယ်။

မြောက်ပိုင်းတို့ အနောက်ပိုင်းတို့လို အကြမ်းဖက်မှုလိုဟာမျိုးမှာ ဆက်သွယ်မှု အခက်အခဲရှိတယ်။မြောက်ပိုင်း ကိစ္စဖြစ်တဲ့ ၁၉၉၁ ခုနှစ် ကုန်ခါနီးလောက်မှာ တတိယအကြိမ်ညီလာခံဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကိုမိုးသီးကတော့ လက်ရှိ ဗဟိုကော်မတီဥက္ကဋ္ဌပေါ့။ အဲဒါက ညီလာခံသက်တမ်းကုန်တဲ့နှစ် ကျနော်တို့တွေ စပြီးတော့ နောက်ညီလာခံသက်တမ်းပေါ့အစည်းဝေးပေါ့။ ABSDF နှစ်ဖွဲ့ကွဲတဲ့ အစည်းဝေးမှာ ကျနော်က ဖျားလုံစခန်းကတက်တဲ့ ညီလာခံ ကိုယ်စားလှယ်ပဲ ရှိပါသေးတယ်။ ညီလာခံထဲက တရက်မှာ ကိုမိုးသီးရှင်းပြတာ ရှိတယ်။ မြောက်ပိုင်းမှာတော့ အဲလိုမျိုးတွေ ဖြစ်နေတယ် သူလျှိုကိစ္စနဲ့ပတ်သက်လို့ မဟာမိတ်ဆီကနေ ကြေးနန်းနဲ့ သိရတာဖြစ်တယ်လို့ ညီလာခံမှ ပြောတယ်။နောက် အဲဒီအချိန်ထဲမှာပဲ တချို့ လွတ်သွားတာလား ဘာလား မသိဘူး။အထဲမှာတော့ န၀တ ခေတ်ပေါ့၊ သတင်းစာရှင်းလင်းပွဲ လုပ်တာ ရှိတယ်။အဲဒီ သတင်းစာရှင်းလင်းပွဲ လေဒီယိုကနေ လာတာရှိတယ်၊ အဲဒါကြားရတာ ရှိတယ်။ အဲလိုအချိန်မှာလည်း ကျနော်တို့က ကွဲမလိုဖြစ်နေတဲ့ အချိန်လည်း ဖြစ်နေတော့ ဘာမှ အဲဒီကိစ္စကို သေသေချာချာပြောဖြစ်ကြတဲ့ ကိစ္စလည်း မဟုတ်ဘူးပေါ့။နောက် ဘယ်လောက် အတိုင်းအတာလည်း ကျနော် မသိဘူး။ အဲဒါနဲ့ပဲ ကွဲသွားတယ် ဆိုပါတော့ဗျာ။

နောက် ကျနော်တို့ရဲ့ ခေတ်အဆက်ဆက်မှာရော ရှေ့ပိုင်းမှာရော နောက်ပိုင်းမှာရော ထောက်လှမ်းရေးရဲ့ သတင်းပေး ရှိတယ်ဆိုတာ ကျနော်အမြဲ ယုံပါတယ်။ ဒါက အခုဖြစ်တဲ့ သူတွေ ဟုတ်တယ် မဟုတ်တယ်ဆိုတာကို ကျနော် ပြောတာ မဟုတ်ဘူးနော်။ သူတို့လည်း အဲလို အလုပ်လုပ်ပါတယ်။ အဲဒါတော့ ကျနော် သေချာသိပါတယ်။

မေး။ ။ ဟုတ်ကဲ့ အဲလိုဆိုရင် ကျမ တခုတော့ မေးချင်တယ်။ ပြီးခဲ့တဲ့ 7 Days ဂျာနယ်မှာပေါ့နော် ကိုဘိုဘိုရဲ့ အမေက ရှင်းထားတာပါ။ သူ့သားဟာ အဲဒီအရွယ်တုန်းက ၁၄ နှစ်ပဲ ရှိသေးတယ်။ အဲဒီ ၁၄ နှစ်အရွယ်ဟာ ထောက်လှမ်းရေး ဖြစ်နိုင်ပါ့မလား  ဆိုတာရယ်၊ပြီးတော့ ကျောင်းသား ၃၀၀ ကျော်မှာ ၁၅၀ လောက်ကို ထောက်လှမ်းရေးလို့ ပြောပြီးတော့ စွတ်စွဲတယ်ဆိုတော့လေ။ အဲဒီလို စွတ်စွဲခံရတဲ့ လူငယ်တွေထဲမှာ ၁၄ နှစ်သားတွေ၊ ၁၅ နှစ်သားတွေ ပါနေတယ်ဆိုတော့အဲဒီအရွယ်တွေက ထောက်လှမ်းရေးက ဆိုတာ ပြီးတော့ ဗိုလ်ဆိုပြီး စွတ်စွဲကြတာတွေကလည်း တွေးကြည့် တော့ အဲလို အခြေအနေမျိုးထိ ဘာကြောင့်ဒီလိုဖြစ်သွားရတာပါလဲ။

ဖြေ။ ။အဲဒါကို ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့  ကျနော်တို့ မသိဘူးလို့ပဲ ပြောရမှာပါပဲ။ မသိဘူးလို့ပြောရင် ကျနော်က တာဝန်ရှိရဲ့သားနဲ့ အတင်းမသိဘူးလို့ ပြောတယ်လို့ဖြစ်မှာပေါ့။ အဲဒါကြောင့် ကျနော်အမြဲပြောတာက ဒီကိစ္စကို အဖြစ်မှန်ပေါ်ပေါက်အောင် ပွင့်လင်းထင်သာတဲ့ တရားစီရင်ရေးဖြစ်တဲ့အချိန်မှာ လွတ်လပ်တဲ့ ကော်မရှင်တခုဖွဲ့ပြီး ဖော်ထုတ်သင့်တယ်။

ကျနော်တို့ မြောက်ပိုင်းမှာ သတ်ခဲ့တာတွေကို ကြားရတာကလည်း ဘန်ကောက်မှာ ရှိတဲ့ Nation သတင်းစာမှာ ပါမှ ကျနော်တို့ သိရတာပါ။ အဲလိုသိလာတော့ ကျနော်တို့က ဒါတော့ မဖြစ်ဘူး ဆိုပြီး ကျနော်တို့ဘက် ခြမ်းကိုလည်း ရိုက်ခတ်မှုတွေ ရှိလာတယ်လေ၊ နိုင်ငံတကာကလည်း ပြောလာတာတွေ ရှိတယ်။ လူ့အခွင့်အရေးလုပ်နေတဲ့ အဖွဲ့အစည်း ကျောင်းသားတွေ လူ့အခွင့်ရေးချိုးဖောက်သလား လို့ ပြောလာတာတွေ ရှိတယ်။ ကျနော်တို့ တောင်ပိုင်းက ပြောမယ်ဆိုရင်တော့ ကျနော်တို့တာဝန်ယူ ဆုံးဖြတ် တဲ့ကိစ္စတွေ မဟုတ်ဘဲနဲ့ တဖွဲ့လုံးအနေနဲ့ ခံရတဲ့ကိစ္စတွေဖြစ်နေတော့ ကျနော်တို့ တိုင်ပင်ကြတယ်။

ဘာအကောင်းဆုံးလုပ်နိုင်မလဲပေါ့၊ ကျနော်တို့ သွားစစ်လည်း ဘာမှ အမှန်ကို သိနိုင်မယ် မဟုတ်ဘူးဆိုတာကို ကျနော်တို့က တွက်ပြီးသားပဲ။

ဒေါက်တာနိုင်အောင်ရဲ့ အသံတွေက မြန်လာတယ်။ ပြီးတော့ ဆက်ပြောနေတယ်။

 ကျနော်တို့မှာ ဘာအာဏာမှ မရှိဘူး ဆိုတာလည်း သိပြီးသားပါ၊နောက်သွားလို့ရှိရင်လည်း မြောက်ပိုင်းက လူတွေကို မယုံဘူးဆိုတဲ့ အခြေအနေအောက်ထဲမှာ ကျနော်တယောက်တည်းသွားရမဲ့ အခြေအနေမျိုးဖြစ်လာတဲ့အတွက်  ဖြစ်နေတယ်။ အဲလို အခြေအနေမှာ ကျနော်လည်း ဘာမှ မလုပ်နိုင်ဘူးဆိုတော့ ကျနော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာကို စဉ်းစားတယ်။

ကျန်နေတဲ့ သူတွေ ထပ်အသတ်မခံရဖို့နဲ့ အဲလူတွေ လွတ်မြောက်အောင်လုပ်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်တခုကိုပဲ ကျနော်တို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျနော်တို့သွားတယ်။ မသွားခင်မှာလည်း ကျနော်တို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို ဆက်သွယ်တယ်။ နောက် နိုင်ငံတကာ သံရုံးတွေကို အကူညီတောင်းတယ်။ တကယ်လို့ အဲဒီလူတွေကို မင်းတို့ သူတို့မိဘတွေလက်ထဲကို ပြန်ပို့ပေးနိုင်သလား။ပြန်ပို့ပေးနိုင်တယ်ဆိုရင် ငါတို့သွားဆွေးနွေးတော့မလို့။ သူတို့ကလည်း ဒါ စစ်သုံပန်းဆိုရင်တော့ရတယ်ပေါ့ဗျာ။ သူလျှိုဆိုရင်တော့…တကယ်တော့ တရုတ်ပြည်ကြီးကို ဖြတ်ပြီး တော့သွားရမဲ့ ကိစ္စမှာ အိမ်ရှင်နိုင်ငံရဲ့ ခွင့်ပြုချက် မပါဘဲနဲ့တော့သွားလို့မရဘူးပေါ့။ အဲဒါဆိုရင်တော့ ကျနော်တို့ နည်း ကျနော်တို့ ဟန်နဲ့ လုပ်ရတော့မယ်ဆိုပြီးတော့ ကျနော်တို့အနေနဲ့ဦးတည်ကြိုးပမ်းတာကတော့ အဲဒါပါပဲ။

နောက်အချို့ဟာတွေကို သိနိုင်အောင် သူတို့လည်း ပြောချင်တာ ပြောလို့ရအောင် မေးတာရှိတယ်။သူတို့လည်း မပြောကြဘူးလေ။ သူတို့မေးနိုင်အောင် လုပ်ပေးတယ်၊ ပြီးတော့ မဟာမိတ်တွေရှေ့မှာ မေတ္တာရပ်ခံတာကတော့ သံခြေကျဉ်းတွေပေါ့ဗျာ၊ ကျနော်တို့ရဲဘော်တွေလည်းထောင်ထဲမှာ သံခြေကျင်းနဲ့ နေရတာရှိတယ်။ သူတို့လည်း မယုံကြတော့ဘူးဆိုရင်လည်း ပြန်ပါစေပေါ့၊ လွှတ်လိုက်ပေါ့။အဲလိုမျိုးကြီး မထားပါနဲ့ပေါ့၊ ရဲဘော်တွေ ကျွေးသလောက်တော့ ကျွေးပါပေါ့ရဲဘော်တွေ ခံစားခွင့်ရတဲ့ ကျန်းမာရေး ကုသခွင့်လောက်တော့ပေးပါပေါ့၊ အဲဒါမျိုးပေါ့လေ။

ပြောရင်းနဲ့ လေသံပျော့သွားပြီး ခဏနားတယ်။ပြီးမှ ကျမမေးခွန်းစမေးဖြစ်ပါတယ်။

မေး။ အကိုတို့အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်ဖြစ်စေချင်တယ်ပေါ့လေ၊ ကျမတို့ပြည်သူတွေအနေနဲ့လည်း ABSDF ရဲ့ သမိုင်းကြောင်းမှာ ဒီဟာကြီးက အမည်းစက်ကြီး ဖြစ်နေတော့လေ၊ ပြည်သူတွေအနေနဲ့ ခုထက်ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထောက်လှမ်းရေးတွေနဲ့လည်း ခုလို စုံစမ်းဖော်ထုတ်လို့ရနိုင်တဲ့ အနေအထားတခုရော ဖြစ်လာနိုင်ပါသလားရှင်။

ဖြေ။ ကျနော်မြောက်ပိုင်းခေါင်းဆောင်တွေအားလုံးကိုလည်း တင်ပြပါတယ်။တော်လှန်ရေးအတွေ့အကြုံအရ  အရမ်းကြီးမရှိသေးပေမဲ့လို့ ကျနော် ဖတ်ဖူး၊လေ့လာဖူးတာတွေ ကြားဖူးတာတွေ မဟာမိတ်တွေ ပြောပြတာတွေ ရှိခဲ့ဖူးတာကိုး။ ဒါက ဒီလောက်အများကြီးတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။မြောက်ပိုင်းသွားတုန်းကလည်း ကျနော်ပြောတယ်၊ ဒီကိစ္စက တနေ့နေ့တချိန်ချိန်ကျရင်တော့ ရှင်းရမှာ။

မေး။ ။ဟုတ်ကဲ့၊ ရှင်းသင့်တာပေါ့။

ဖြေ။ ရှင်းရမှာ ဆိုတာကလည်း ဗျာ ဥပမာ ကျနော်က ဒီလူကို ဒီလိုမြင်တယ်လို့ စွတ်စွဲတယ်။ အဲလို စွတ်စွဲတာကို တဖက်က ပြန်လှန်မေးဖို့ လူက ဘယ်မှာလဲ ဆိုတော့ မန္တလေးမှာပဲ ရှိတယ်။နောက် အစိုးရဘက်က ထောက်လှမ်းရေး တာဝန်ရှိတဲ့ သူကို ကျနော် ဘယ်လိုသွားမေးမလဲ။ ဆိုတော့ ကျနော်ပြောချင်တာက ဒါကြောင့်မို့ ဒီလို စွတ်စွဲထားတာတွေက မှန်တယ် မမှန်ဘူး၊ စဉ်းစားတဲ့အခါမှာ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ နောက်ပိုင်းမှာ သိလာတာပဲ။ လူ့အခွင့်ရေးချိုးဖောက်ခံရပြီး စစ်တာတွေ ရှိတယ်။
ဒါတော့ မှားတယ်။ နောက်တခုက သေဒဏ်ပေးတဲ့အထိ မဖြစ်သင့်ဘူး။ ဒီနေ့ထိ သူတို့ရှိနေရင်တော့ ဖြေလို့ရတာပေါ့ဗျာ။ မှားသွားပြီးမှ ဆိုတော့ စိတ်မကောင်းစရာတွေဖြစ်တော့တာပေါ့။ နောက် ABSDF တခုလုံးပေါ့ဗျာတောထဲမှာ ABSDF ကတိုက်ပွဲဝင်ပြီး သေခဲ့တာတွေ အနစ်နာခံပြီး လုပ်ခဲ့တဲ့ ABSDF ရဲ့ သမိုင်းတွေကို ဒီအမည်းစက်ကြီး အမှားတခုလို ဖြစ်သွားတယ်ပဲ ထားဦးတော့နော်။  ဒါကြီးနဲ့တော့နော်…နော် ချေဖျက်လိုက်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။

မေး။ ။ကျမတို့ မီဒီယာအနေနဲ့ကတော့ ဒါကို ပြည်သူကလည်း တကယ်သိချင်တယ်။ နောက် သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဝင်တွေကလည်း သူတို့လည်း ခံစားရတာအပြင် တခုခုပေါ့နော်၊ သူတို့လည်း သူတို့သားသမီးတွေကို ဆုံးရှုံးသွားခဲ့ရတဲ့ အတွက် တခုခုပြန်လုပ်ပေးတာမျိုးနဲ့ ကျေနပ်ချင်တာပေါ့လေ။

ဖြေ။ ။ဒါပေါ့။ဒါပေါ့။ ကျနော်လည်း ကြုံတုန်းမှာ ပြောချင်တာက ဘာလဲ ဆိုတော့ ကျနော်နဲ့ အရင်တုန်းက ထောက်လှမ်းရေးတွေကိုပေါ့လေ သူတို့လည်း သားသမီးချင်း စာနာတဲ့ စိတ်နဲ့ ၀င်ကူညီပေးစေချင်ပါတယ်။ မဟုတ်ဘဲနဲ့ စွတ်စွဲခံရတယ်ဆိုတာကလည်း မကောင်းဘူး။အဖွဲ့အစည်းကလည်း ဒါမျိုးတွေဖြစ်သွားတဲ့အခါကျတော့ မှားသွားတယ်ဆိုလို့ရှိရင်လည်း သူတို့လည်း တာဝန်ယူရမှာပဲ။ ကျနော်တို့ ဗဟိုအနေနဲ့ ပြောမယ်ဆိုရင် မဟုတ်သော်ငြားလည်း တာဝန်ယူရမှာပဲ တောင်းပန်ရမှာပဲ။ ဒီမှာ တဆက်တည်းပြောချင်တာကတော့ ထောက်လှမ်းရေးအနေနဲ့လည်း ဒါကိုဝိုင်းကူပြီးတော့ ဖြေရှင်းပေးကြပါ။

မေး။ ။ ဘယ်လိုကြောင့် ABSDF အဖွဲ့ နှစ်ဖွဲ့ ကွဲသွားကြတာလဲရှင့်၊ အကိုပြောခဲ့တဲ့ထဲမှာလည်း ပါတော့လေ အဲဒီပြသနာဖြစ်တဲ့ အချိန်မှာ ကွဲတယ်ဆိုတာမျိုး ကြားတော့လေ။

ဖြေ။ အဖွဲ့ ၂ ဖွဲ့က ဘာကြောင့်ကွဲသွားကြသလဲ ဆိုရင်တော့ ဦးဆောင်မှု ပြသနာပေါ့ဗျာ။ ဦးဆောင်မှု ပြသနာကို ရှင်းရမယ်ဆိုရင်တော့ ကျနော်တို့ကြားထဲမှာ ဒီမိုကရေစီကျင့်သုံးမှုနဲ့ပတ်သက်ရင် အမြင်မတူဘူး။ အမြင်မတူဘူးဆိုတာက အဲဒီအချိန်တုန်းက ကျနော်တို့က ရွေးကောက်ပွဲ ပုံစံနဲ့ ဒါကို လုပ်ချင်တယ်ပေါ့။တဖက်က ကိုမိုးသီးတို့ကလည်း တော်လှန်ရေးကာလမှာ ဒါမျိုး မလုပ်သင့်ဘူးပေါ့။ မှန်တာမှားတာတွေလည်း အဲဒီမှာ ညှိုလို့မရတာပေါ့။ အဲဒီအချိန်တုန်းက စိတ်ထဲမှာ ရှိနေတဲ့ နောက်ခံသံသယတွေကလည်း ဘာလည်း ဆိုတော့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဆင်နွဲရမယ်။ ဒီလူတွေက တော်လှန်ရေးကို ပြတ်ပြတ်သားသားဆင်နွဲမှာ မဟုတ်ဘူး၊ အတွေးအခေါ်သမားတွေဆိုတဲ့ သံသယလေးတွေလည်း ၀င်လာတာမျိုး ရှိတယ်။ ဒါပေမဲ့ ဒီနေ့လို ၂၄ နှစ်လောက်နေလာပြီးတဲ့ အခါကျတော့ ဒါတွေကလည်း ဘာမှ မဟုတ်ဘူးပေါ့။ အဲဒီလို စွတ်စွဲကြတဲ့  သူတွေကလည်း ဒီလိုပဲ တောထဲမှာ ဆက်နေပြီး ဒီလိုပဲ နေလာကြတော့ စိတ်ထဲမှာ သံသယရှင်းသွားတာပေါ့ဗျာ။ အဲဒီအချိန်တုန်းကတော့ အဲဒီအချိန်တုန်းကတော့ အတွေ့အကြုံ နုနယ်ကြတဲ့ အချိန်၊ လူတွေကလည်း မာန်တက်ကြတဲ့အချိန်၊ အပြိုင်အဆိုင်ကလည်း ကြီးတဲ့အချိန်မှာ ကျနော်တို့ စိတ်နုနုနဲ့ မဖြစ်သင့်တာတွေဖြစ်ကြတာပါပဲ။

ခုချိန်မှာတော့ ဒေါက်တာ နိုင်အောင်က အသက် ၅၀  ရှိပြီလို့ သိရပါတယ်။ အသက် ၅၀ အရွယ်နဲ့ ပြန်သုံးသပ်ကြည့်ရင်တော့ စိတ်နုနုနဲ့ မဖြစ်သင့်တာဖြစ်ကြတယ်လို့မြင်ကြောင်း ပြောဆိုတာပါ။

“ကျနော် ဒီဘ၀ထဲမှာ ခံယူမှု ၂ ခုပေါ့။ တခုက ဘာလဲ ဆိုတော့ ကျနော်တို့ တကယ်လွတ်မြောက်ချင်တယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်တိုင်က တရားမျှတမှုဆိုတာ ဘာလဲဆိုတာ သိရမယ်၊ တခြားလူတွေရဲ့ မတရားမမျှတမှု အဲဒီအတွက်လည်း တိုက်ပွဲ ၀င်နိုင်ရမယ်။ သူတို့အတွက် တိုက်ပွဲဝင်ပေးနိုင်မှ သူတို့အတွက် ပြောဆိုပေးနိုင်မှ ကိုယ့်ရဲ့ တရားမျှတမှုဆိုတာရှိတယ်၊ အဲဒါတွေကို ခံယူနိုင်မှ ကျနော်တို့ လွတ်မြောက်နိုင်မယ်လို့  ခံယူတယ်`“

အသက် ၅၀ အရွယ်ရဲ့ ခံယူချက်ကို ပြောပါတယ်။ အဲဒီနောက်မှာတော့ ခဏ နားပြီး အင်တာဗျူးကို ပြန်စဖြစ်ပါတယ်။

ဆက်လျက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)