Sunday, September 16, 2012

ဦးခွန်ထွန်းဦး မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့မှာပါဝင်

RFA Burmese

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမဲ့ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ထဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာအစိုးရက အမည်စာရင်း ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။

ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့မှာပါဝင်ဖို့ သမ္မတအကြံပေးအဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို ဦးခွန်ထွန်းဦးက လက်ခံလိုက်ပြီး၊ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်နိုင်ငံကူး လက်မှတ် ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကို အတည်ပြု ပြောပါတယ်။

ဦးခွန်ထွန်းဦးဟာ လောလောဆယ် ၀ါရှင်တန်ဒီစီမြို့တော် အခြေစိုက် NED အဖွဲ့က ချီးမြှင့်တဲ့ ဒီမိုကရေစီကြိုးပမ်းမှု ဆုကို လက်ခံရယူဖို့ အမေရိကန် ပြည်ထောင်စုကို စက်တင်ဘာ ၁၄ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ပြီး သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက်မြို့မှာ သွားရောက် ပူးပေါင်းနိုင်လိမ့်မယ်လို့ ဦးစိုင်းလိတ်ကပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်ဖို့
အတွက် (၃) ရက်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အခုလ ၂၃ ရက်နေ့ စတင်မယ်လို့လည်း သိရပါတယ်။

ကြံ့ခိုင်ရေးနှင့် ပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ


ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်ဖြင့်ရောက်ရှိလာသော ပြည်ထောင်စု ကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်းဦးမောင်ဦးသည် ရသေ့တောင်ခရီးစဉ်
အတွင်း ပြည်သူများကို ဆဲဆိုကြိမ်းမောင်းကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း
သတင်းရရှိသည်။
စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ၀န်ကြီးဟောင်း
ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်
တစ်စီးနှင့် ရောက်ရှိလာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက
ဖုန်းဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ယူခဲ့ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော
ဒေသခံများအား ကြမ်းကြုတ်သောစကားလုံးများနှင့် ဆဲဆိုခဲ့ကြောင့်
သိရသည်။
ဦးမောင်ဦးဟာ စပီးဘုတ်နဲ့ လာမယ်ကြားလို့ ဆိပ်ကမ်းမှာ ရဲတွေ၊ မြို့နယ်မှူး၊
စခန်းမှူး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် လူထုတွေက ကြိုဆိုနေကြတယ်။အဲဒါကို လာပြီးတော့ အစအနမရှိဘဲနဲ့ ဆဲဆိုပါတယ်။ ဦးမောင်သောင်းဆိုတဲ့ ပုဂ္ဂိုလ်က ဦးဝေကျန်အောင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဓါတ်ပုံရိုက်ပါတယ်။ ဦးမောင်ဦးဟာ ငါ့ကို ဘာကြောင့်
ဓါတ်ပုံရိုက်တာလဲ။
ဘယ်သူ့အာဏာနဲ့ ရိုက်ခိုင်းတာလဲ။ ဒီလူကို ဖမ်းပေးပါ။ မင်းတော့က ဘယ်ကောင်လဲ။
မင်းတော့ ဒီလိုလုပ်လို့ရမလား။
ဟေး ရဲတွေ ဒီကိုလာ ဒီကောင်ကိုဖမ်းပေးပါ။ သင်္ဘောဆိပ်ကမ်းဘေးမှာ
ဦးထွန်းသာစိန် အသုဘရှိပါတယ်။
အသုဘမှာလည်း လူတွေအများကြီးရှိပါတယ်။ လူများတဲ့ဘက်ကိုလှည့်ပြီးတော့
အရုပ်ဆိုးတဲ့ စကားလုံးများကိုသုံးပြီး ဆဲဆိုပါတယ်။
ကျနော်ကလည်း အသုဘမှာရှိပါတယ်။ အပြင်ကိုထွက်ပြီးတော့ ကျနော်က
ဦးမောင်ဦးကို တောင်းပန်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ အဲလိုမပြောပါနဲ့
ဒီမှာလဲ အသုဘဖြစ်နေပါတယ်။
အသုဘဖြစ်တဲ့အတွက် လူတွေကလည်း စိတ်ညစ်နေကြပါတယ်။ အဲလိုမျိုးပြော
လိုက်တော့ ဦးမောင်ဦးဟာ နည်းနည်း ထိန်းသိမ်းသွားပါတယ်။
ပြဿနာကတော့ ထပ်ပြီးတော့ မဖြစ်ပါဘူး။ ဦးမောင်သောင်းဖုန်းကိုတော့
သိမ်းထားလိုက်ကြပါတယ်။ " ဟု ရသေ့တောင် ပြည်နယ်လွှတ်တော် ကိုယ်စား
လှယ် ဦးလှမောင်သိန်းက အခုလို အာရ်ကန်တိုင်းမ်စ်ကို ပြောသွားပါတယ်။
ဦးမောင်ဦး အရုပ်ဆိုးစွာ ကြိမ်းမောင်း ဆဲဆိုသွားတဲ့အပေါ်မှာ ရသေ့တောင်
လူထုအနေနဲ့ ဦးမောင်ဦးအပေါ်မှာ ဘယ်လိုသဘောထား ရှိနေကြသည်ကို
ဆက်လက်ပြီး ဦးလှမောင်သိန်းက ပြောသွားသည်။
" လူကြီးတစ်ယောက်ဖြစ်ပြီးတော့ အရုပ်ဆိုးစွာ လူကြားမကောင်းတဲ့ အသံမျိုးနဲ့
ဆဲဆိုသွားတာဆိုတော့ ရသေ့တောင် ပြည်သူလူထုအနေနဲ့ အရမ်းစိတ်
မကောင်းဖြစ်ကြတာပေါ့။
အံ့သြသွားကြတာပေါ့။ ဒီလိုမျိုးမဖြစ်သင့်ပါဘူး။ လူကြီးအင်္ဂါရပ်နဲ့ မညီညွတ်ပါဘူး။
" ဟု သိရသည်။
ဦးမောင်သောင်းက တကယ်တမ်းရိုက်သောဓါတ်ပုံမှာ ဦးမောင်ဦးမဟုတ်ဘဲ
ဦးမောင်ဦးဘေးမှာ ထီးမိုးပေးသော ဦးဝေကျန်အောင်ဖြစ်သည်ကို သိရပြီး
သူတို့နှစ်ယောက်မှာ သူငယ်ချင်းတွေဖြစ်ကြပြီး ရဲသားဘဝမှ နုတ်ထွက်သွားကြ
သော ပုဂ္ဂိုလ်များလည်းဖြစ်သည်ကို ဦးလှမောင်သိန်း ပြောပြချက်အရ သိရသည်။
" ကျနော်တို့က ဘာလုပ်လို့ရမှာလဲဗျာ။ သူတို့တွေက အာဏာရှင်ဖြစ်တယ်လေ။
သူ့လက်ထဲမှာပဲ အာဏာပါဝါ အပြည်ညအဝရှိပါတယ်။
အမှန်ကိုပြောရင် မကောင်းမြင်မှာစိုးရိပ်ရပါတယ်။ ကျနော်တို့ရခိုင်တွေက
ကျွန်ဖြစ်ပါတယ်။ကျွန်က သခင်ကို လုပ်လို့မရဘူးလေ။
" ဟု ဦးမောင်ဦး ဆဲဆိုသံကို ကြားလိုက်ရတဲ့ သင်္ဘောဆိပ်ကမ်းမှ မိုးပုလဲ လက်ဖက်
ရည်ဆိုင်ပိုင်ရှင် ဦးမောင်သန်းတိန်က သူ့ရဲ့ သဘောထားကို
ပြောသွားသည်။....
(ရွှေမြန်မာမီဒီယာ)

REF: အင်တာနတ် (Journalist)
Posted by Admin-HWH

ပျူမြို့များ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မဝင်ဆုံးဖြတ်မည်

The Voice Weekly
ရန်ကုန်၊ စက်တင်ဘာ ၁၅

မြန်မာ့ အမျိုးသား ယဉ်ကျေးမှု အမွေ အနှစ်များ ဖြစ် သည့် ပျူ မြို့ ဟောင်းများ ကို ၂၀၁၄ ဇွန်၊ ဇူလိုင်လတွင် UNESCO မှဦးစီး ကျင်းပမည့် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်း အဝေးတွင် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း စက်တင်ဘာ ၁၅ ရက် နေ့တွင် ကျင်းပသော ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းရေး အတွက် ကြီးကြပ် ညှိုနိ
ှုင်းရေး အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပျူမြို့ဟောင်းများဖြစ်သည့် ဗိဿနိုး ၊ ဟန်လင်း၊ သရေခေတ္တရာ တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းနိုင်ရန် ရေးသားထားသော မူကြမ်းကို ညှိုနှိုင်း စီစစ် အတည် ပြုနိုင် ရန်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ဦးစီးသော ပြည် တွင်း၊ ပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များက လိုအပ် သည် များကို ပြင်ဆင်တည်းဖြတ်၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြောင်းပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ထပ်လောင်း ပြောကြားသည်။

ဒုတိယ အဆင့်အနေဖြင့် ပြင်ဆင် တည်းဖြတ်ပြီးသော မူကြမ်း အပြည့်အစုံ ကို ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်းရေးဌာနသို့ ၂၀၁၃ ဖေဖော်ဝါ ရီ ၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ ရမည် ဖြစ်ပြီး ၂၀၁၃နှင့် ၂၀၁၄ အကြား UNESCO ပညာရှင်များမှ လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း ၊ နောက်ဆုံး အဆင့် အနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်းအဝေးတွင် ၄င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော ပျူမြို့ဟောင်း များကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းသို့ အတည်ပြု နိုင်ရန် ကြိုးပမ်းရခြင်းမှာ ဧရာဝတီ မြစ်ဝှမ်း တစ်လျှောက် မြောက်မှတောင် ဒေသများ စည်ပင်ဖွံ့ဖြိုး တိုးတတ်ရေးကို ရည်ညွှန်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပညာရှင် တစ် ဦးဖြစ်သည့် ဦးစန်းဝင်းက ပြောကြားသည်။ အဆိုပါ ပျူမြို့ဟောင်း များကို ၂၀၁၀ ခုနှစ်မှ စတင်၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် UNESCO သို့ စာရင်း တင်သွင်းသော်လည်း ၂၀၁၁ ခုနှစ်တွင် ၄င်းအဖွဲ့အစည်း မှ ပညာရှင်များ လာရောက်စစ်ဆေးပြီး ဖြည့်ဆည်း ပြင်ဆင်ရန် လိုအပ်ေ ကြာင်း အကြံပေး ယခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိုနှိုင်း ဆောင်ရွက် ခဲ့ပြီး ၂၀၁၄ အတွင်း အတည် ပြုနိုင်ရန် အကောင်အထည်ဖော် ကြိုးပမ်းလျှက် ရှိသည်။

မြန်မာတွေ ညံ့သလား


by Kyaw Zin Win on Saturday, September 15, 2012 at 2:20pm ·
ရေအလျဉ်သည် ပြောင်းလဲမြဲ မည်သည့် အခါမှ တသမတ်တည်း မရှိခဲ့။ အချိန်နှင့် နေရာသည် ပြောင်းလဲမြဲ မည်သည့် အခါမှ တသမတ်တည်း မရှိခဲ့။ ယနေ့၏ ပစ္စုပ္ပန်သည် မနက်ဖြန်၏ အတိတ်ဖြစ်သကဲ့သို့ မနေ့က၏ အနာဂတ်လည်း ဖြစ်ပေမည်။ ထို့အတူ လူမျိုးတစ်မျိုး၏ သမိုင်း (သို့) တိုင်းပြည်တစ်ပြည်၏ သမိုင်းသည်လည်း အတက်အကျ အနိမ့်အမြင့် ရှိမြဲပင်။ ” မအအောင် သမိုင်းကို သင်” ကြရာတွင် ထိုသမိုင်းထဲတွင် နစ်မွန်းနေရန်မဟုတ်။ အတိတ်က သင်ခန်းစာများကို ထုတ်ယူဆင်ခြင်၍ အနာဂတ်ကို မျှော်တွေးကာ ပစ္စုပ္ပန်တွင် အကောင်းဆုံး လုပ်ဆောင် ဆောင်ရွက်နိုင်ဖို့ပင် ဖြစ်သည်။

လောကကြီးသည် မျှတမှု မရှိ။ တရားဥပဒေ မရှိ။ ကြီးနိုင်ငယ်ညှင်း တရားသာ အမှန်ဖြစ်သည်။ အင်အားကြီးသောသူသာ ရှင်သန်နိုင်သည်။ ဒါဝင် သီအိုရီအရ လောကကြီးနှင့် လိုက်လျောညီထွေ ဖြစ်အောင် အရောင်ပြောင်းနိုင်သူများသာ တင်ကျန်ရစ်သည်။ မည်သည့်အရာမှလည်း မတည်မြဲခဲ့။ အင်အားကြီးမားသော နိုင်ငံများ၊ ပြည်ထောင်စုများသည်လည်း ပြိုကွဲပျက်စီး ခဲ့ကြဖူးပြီ။ ပြာပုံထဲမှလည်း တဖန် ပြန် ရုန်းထခဲ့ကြဖူးပြီ။

မြန်မာနိုင်ငံ၏ သမိုင်းစာအုပ်ကို လှန်လှောကြည့်ပြန်လျှင်လည်း အတက်အကျ အနိမ့်အမြင့် များစွာကို တွေ.ရပေမည်။ အာဏာလုပွဲများ၊ မှားယွင်းချွတ်ချော်မှုများ၊ ညံ့ဖျင်းမှုများ များစွာ ရှိနေမည် ဖြစ်သကဲ့သို့ ဂုဏ်ယူစရာဖြစ်ရပ်များ၊ သင်ခန်းစာယူစရာ ဖြစ်ရပ်များလည်း အမြောက်အမြားပင်။ မကြာသေးမီက စစ်အုပ်ချုပ်ရေးစနစ် တစ်လျှောက်တွင် မြန်မာနိုင်ငံသည် ရှိသင့်သည့် အနေအထားထက် နိမ့်ကျခဲ့သည်မှာ မငြင်းနိုင်သော အချက်ပင်။ ငြင်းစရာ ဖြစ်နေသည်မှာ ထိုသို့ နိမ့်ကျခဲ့သည်မှာ လူကြောင့်လော၊ မူကြောင့်လော ဟူ၍ပင် ဖြစ်သည်။

မူဆိုသည်မှာလည်း လူကပင် ထီထွင်ကြံဆခဲ့သည်မှာ ငြင်းနိုင်မည်မဟုတ်။ လူမရှိပါက မူရှိမည်မဟုတ်။ ရေအလျဉ်သည် ပြောင်းလဲမြဲ စီးဆင်းမြဲ၊ အချိန်ရထားသည် သူ့အရှိန်နှင့်သူ ရွေ.လျားမြဲ ဖြစ်သကဲ့သို့ မညီမျှသော လောကကြီးကိုလည်း သာယာနာပျော်ဖွယ်ဖြစ်အောင်၊ တတ်နိုင်သမျှ ညီမျှအောင်၊ တိုးတက်စည်ပင်အောင် လူတို့သည် အမြဲတစေ ကြံဆ နေကြရပေမည်။ ဥပဒေများ၊ နိင်ငံရေး သဘောတရားများ၊ လူမှုရေး သဘောတရားများ စသည်တို့သည်လည်း အစဉ်အမြဲ တိုးတက်ပြောင်းလဲ နေကြရပေသည်။ ယနေ့ ခေတ်စားနေသော ၀ါဒများသည် မနက်ဖြန်တွင် ခေတ်ကုန်သွားမည် ဖြစ်ပေမည်။ သို့သော် သမိုင်းဆိုသည်မှာ တပတ်ပြန်လည် တတ်သည့် သဘောရှိသဖြင့် ရှေးယခင်က ခေတ်စားခဲ့သော ၀ါဒများ၊ အယူအဆများသည် အသစ်တဖန် ပြန်လည် အသုံးဝင်လာတတ်ပေသည်။ ထို့ကြောင့်ပင် ”  မအအောင်” သမိုင်းကို သင်ယူကြရပေမည်။ ရှေးယခင် စနစ်များမှ ကောင်းမွန် သင့်တော် အသုံးဝင်မည့် အယူအဆများကို ယနေ့ခေတ်စားနေသော ၀ါဒများနှင့် ပေါင်းစပ် အသုံးပြုရပေမည်။

လောကကြီး၏ မညီမျှမှု သဘောတရားအရ လူ့မျိုးနွယ် စတင်ဖြစ်တည်စ အချိန်တည်းက ယခုခေတ်အချိန်ထိ မှန်နေသေးသော သဘောတရားတစ်ခုမှာ ” အင်အားကြီးမားသူသာ စိုးမိုးအုပ်ချုပ်နိုင်မည်” ဆိုသည်ပင် ဖြစ်သည်။ ရှေးယခင်က စစ်ရေးအင်အားသည်သာ အမှန်တရားဖြစ်သည်။ စစ်ရေးအင်အား ကြီးမားသူသာ အနိုင်ရမြဲ လွှမ်းမိုးမြဲ ဖြစ်သည်။ သာဓကအနေဖြင့် ယဉ်ကျေးမှု သာလွန်သော ရှေးခေတ် ခရိ လူမျိုးများကို စစ်အင်အား သာလွန်သော လူရိုင်းတစ်ပိုင်းဖြစ်သည့် ဂရိလူမျိုးများက လွှမ်းမိုးခဲ့ဖူး သကဲ့သို့ နိုင်ငံရေး၊ ယဉ်ကျေးမှု အဘက်ဘက်က သာလွန်သော ရှေးခေတ် ရောမပြည်သည် ဂျာမန်အနွယ်ဝင် လူရိုင်းများလက်တွင် ပျက်စီးခဲ့ရဖူးပေသည်။ သို့သော် သိပ္ပံပညာ ထွန်းကားလာသော ခေတ်တွင် သိပ္ပံပညာနှင့် အသိဥာဏ် ပညာသည်သာ အမှန်တရားဖြစ်လာသည်။ သာဓက ပြရလျှင် သေနတ်များ၊ အမြောက်များ ထုတ်လုပ်တတ်လာသော ဥရောပသည် ကမ္ဘာကို လွှမ်းမိုးကာ ကိုလိုနီ ကျွန်ပြု အုပ်ချုပ်ခဲ့ဖူးပေသည်။ သိပ္ပံပညာတတ်မြောက်သော ရုရှားပြည်သည် ယနေ့ကာဇတ်စတန်နိုင်ငံ အစရှိသော တူရကီအနွယ်ဝင် ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေသော လူရိုင်းမျိုးနွယ်စုများကို လွှမ်းမိုးခဲ့ဖူးပေသည်။ ပြိုင်ဘက်မရှိသော ရေတပ်အင်အားရှိသည့် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ခြမ်းနီးပါးရှိသည့် နေမ၀င် အင်ပါယာကြီးကို အုပ်စိုး နိုင်ခဲ့ဖူးပေသည်။

မြန်မာနိင်ငံ၏ သမိုင်းသည်လည်း ထို့အတူပင်။ တောင်ပေါ်ဒေသများမှ ရေကြည်ရာ မြက်နုရာ ဧရာဝတီ မြစ်ဝှမ်းသို့ ဆင်းလာကြသော မြင်းစီးကျွမ်းကျင်သော မြန်မာလူမျိုးများသည် ယဉ်ကျေးမှု သာလွန်သော ပျုလူမျိုးများကို လွှမ်းမိုးနိုင်ခဲ့ပေသည်။ ပျူလူမျိုးများ၏ ယဉ်ကျေးမှုများကို ဆက်လက်ခံယူ ကျင့်သုံးကာ ယဉ်ကျေးမှုအရ တိုးတက်လာခဲ့ပေသည်။ တဖန် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းတွင် လယ်ယာစိုက်ပျိုး နေထိုင်ရင်း မြစ်ဝှမ်းအောက်ပိုင်းရှိ မွန်လူမျိုးများကို လွှမ်းမိုးနိုင်ခဲ့ပေသည်။ သမိုင်း၏ အတက်အကျ အနိမ့်အမြင့်တစ်လျှောက် မျောပါရင်း ကုန်းဘောင်ခေတ်တွင် ဒေသတွင်း အင်အားကြီးနိုင်ငံ အဖြစ် ရပ်တည်ခဲ့ပေသည်။ ယိုးဒယားကိုလည်း နိုင်ခဲ့ဖူးပြီ။ ရခိုင်၊ အာသံပြည်နှင့် မဏိပူရကိုလည်း သိမ်းပိုက်နိုင်ခဲ့ဖူးပြီ။ သို့သော် အိန္ဒိယတိုက်ငယ်တွင် အင်္ဂလိပ်တို့ ရောက်ရှိနေခဲ့ပြီ။ စစ်ရေးအောင်မြင်မှု အချို့ကြောင့် မိမိကိုယ်ကို စိတ်ကြီးဝင်နေကြသော မြန်မာခေါင်းဆောင်များသည် အင်္ဂလိပ်ကို ထီမထင်တော့။ ထိုအချိန်တွင် အင်္ဂလိပ်တို့သည် ကိုလိုနီနယ်ပယ် အများအပြားပိုင်ဆိုင်သော၊ ရေတပ်အင်အား ပြိုင်ဘက်မရှိ ကြီးမားသော၊ ကိုလိုနီ လက်ဝါးကြီးအုပ် အရင်းရှင် စီးပွားရေးဖြင့် ကြွယ်ဝချမ်းသာနေသော နိုင်ငံ ဖြစ်နေပေပြီ။ ထို့ကြောင့်ပင် အကြောင်းအမျိုးမျိုးပြ၍ တိုက်ခိုက်ခဲ့သော အင်္ဂလိပ် - မြန်မာ စစ်ပွဲ သုံးပွဲအပြီးတွင် မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့ လက်အောက်သို့ ရောက်ရှိခဲ့ပေသည်။

ထိုဖြစ်ရပ်များ မတိုင်မီတွင် မြန်မာနိုင်ငံသည် သက်ဦးဆံပိုင် မြေရှင် ပဒေသရာဇ် စနစ်ဖြင့် အုပ်ချုပ်ခဲ့ပေသည်။ အာဏာသည် ရှင်ဘုရင်၏ နှုတ်တော်တွင် တည်သည်။ ရှင်ဘုရင့် အလိုကျ ” ထားရင်လဲနေ သတ်ရင်လဲသေ” ရပေမည်။ ရှင်ဘုရင့် ဆွေတော်မျိုးတော်များ၊ မှူးမတ်မျိုး၊ စစ်သူကြီးမျိုးနွယ်များ ပါဝင်သော အထက်တန်းလွှာ လူတန်းစားတစ်ရပ် ပေါ်ထွန်းခဲ့ပေလိမ့်မည်။ အာဏာ၊ စည်းစိမ်၊ အထက်တန်းလွှာ အသုံးအဆောင်များနှင့် အခွင့်ထူးခံ ပညာရေးသည် ထိုသူများအတွက်သာ ဖြစ်ပေသည်။ သာမာန် ပြည်သူများထဲမှ ထူးချွန်သူများ သူကောင်းမြောက်ခြင်း ခံရသည်မှာ ရှိသော်လည်း နည်းပါးလှပေသည်။ ” မျက်နှာကြီးရာ ဟင်းဖတ်ပါ” သော စနစ်ဖြစ်သဖြင့် အခွင့်ထူးခံ လူတန်းစားများသာ တွင်ကျယ်ကြ ပေသည်။ တိုင်းပြည် ကောင်းစားရေး၊ တိုးတက်ကြီးပွားရေးမှာ ရှင်ဘုရင်နှင့် သူ၏ ထံပါးတွင် အနီးကပ် ခစားနေကြသော လက်တစ်ဆုပ်စာ လူတစ်စုပေါ်တွင် မူတည်နေပေသည်။ ရှင်ဘုရင်ကို ထိန်းကျောင်းပြုပြင်နိုင်သည်မှာ ဗုဒ္ဓဘာသာ အဆုံးအမနှင့် ဘုန်းတော်ကြီးများသာ ရှိသည်။ ကျောသားရင်သား မခွဲခြားသော၊ တရားမျှတမှုရှိသော၊ မင်းကျင့်တရား ဆယ်ပါးနှင့် အညီ အုပ်ချုပ်သော၊ အရည်အချင်းရှိသော ရှင်ဘုရင်များလက်ထက်တွင် တိုင်းပြည်တိုးတက် ကြီးပွားမည် ဖြစ်သကဲ့သို့ တရားမျှတမှု မရှိ၊ အရည်အချင်းမရှိသော ရှင်ဘုရင်များ လက်ထက်တွင် တိုင်းပြည်သည် ယုတ်လျော့ ကျဆင်းခဲ့လေသည်။

မြန်မာ့ရှင်ဘုရင်များကို စိတ်ကူးဖြင့် အတန်းအစားခွဲခြားကြည့်ပါက အံ့သြဖွယ်ရာ အချက်တစ်ခု တွေ.ရပေလိမ့်မည်။ အရည်အချင်းအရှိဆုံးဟုဆိုနိုင်သော ပထမတန်းစား ဘုရင်များတွင် ရှင်ဘုရင့်သားများ ပါဝင်မှု နည်းပါးပေသည်။ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့သည် မင်းမျိုးမင်းနွယ်များ မဟုတ်ခဲ့ကြ။ ( ကျန်စစ်သားကို အနော်ရထာ၏ သားဟု ရာဇ၀င်အချို့က ဆိုကြသော်လည်း ယုတ္တိယုတ္တာ သိပ်မရှိလှ။ အနော်ရထာ၏ သားဖြစ်လျှင်တောင်မှ ဘုရင့်သားအနေဖြင့် ကြီးပြင်းလာခဲ့ခြင်းမဟုတ်ပေ။) ထိုဘုရင်တို့သည် ကိုယ့်ထူးကိုယ်ချွန် ကြိုးစားလာခဲ့ကြသူများ၊ အောက်သက်ကြေသူများ ဖြစ်ကြသဖြင့် ဘုရင့်သားများထက် အရည်အချင်း သာလွန်ကာ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်များကို တည်ထောင် အုပ်ချုပ်နိုင်ခဲ့ပေသည်။ ဒုတိယ တန်းစား အရည်အချင်းရှိသော ဘုရင်များဟု ခေါ်ဆိုနိုင်သော အနော်ရထာ၊ မွန်ဘုရင် ရာဇဓိရာဇ်၊ တပင်ရွှေထီး၊ သာလွန်မင်း၊ ဆင်ဖြူရှင် တို့သည်သာ ရှင်ဘုရင့်မျိုးနွယ်များ ဖြစ်ကြပေသည်။ သို့သော် ထိုဘုရင်များသည်ပင် ဘုရင့်နန်းတော်၏ အခွင့်ထူးခံ အကြီးဆုံးသားများ မဟုတ်ကြ။ အနော်ရထာသည် နောင်တော် စုက္ကတေးမင်း၏ နောက်တွင် ငယ်ဘ၀ကို စိတ်ဒဏ်ရာများဖြင့် ဖြတ်သန်းခဲ့ရပေမည်။ ရာဇဓိရာဇ်သည်လည်း ဖခမည်းတော်၏ ချစ်ခင်ခြင်း မခံခဲ့ရ။ သာလွန်မင်းသည်လည်း ဘုရင့်နောင်၏မြေး၊ အနောက်ဘက်လွန်မင်း၏ ညီသာဖြစ်သည်။ ဆင်ဖြူရှင်သည်လည်း အလောင်းဘုရား၏ သားအကြီးဆုံးဖြစ်သော နောင်တော်ကြီးမင်း မရှိသည့်အခါမှ အာဏာရခဲ့သည်။ တပင်ရွှေထီးသည်သာ နန်းတော်ထဲတွင် ခမည်းတော် ဘုရင်၏ ချစ်ခင်မှုခံခဲ့ရပြီး လက်ညိုးညွှန်ရာ ရေဖြစ်သော အိမ်ရှေ့စံ ငယ်ဘ၀ကို ပိုင်ဆိုင်ခဲ့ရဖူးပေသည်။

ကျောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်သော ဘုရင်များသည် မြန်မာ့သမိုင်းတွင် မရှိသလောက် ရှားပါးခဲ့ပေသည်။ ပြည်သူများကို မဆိုထားနှင့်။ မိမိ၏ သားအရင်းများအပေါ်တွင်တောင် ပေးအပ်သည့် အခွင့်အရေးများ တူညီမှုမရှိခဲ့။ မိဖုရားက မွေးသည့်သားနှင့် ကိုယ်လုပ်တော်က မွေးသည့်သား အခွင့်အရေး မတူညီခဲ့။ မိဖုရားက မွေးသည့်သားအချင်းချင်း အပေါ်တွင်တောင် မျက်နှာသာပေးမှု မတူညီခဲ့။ ထိုသို့ မျက်နှာသာပေးမှု မတူညီသော်လည်း အခွင့်ထူးခံ ရှင်ဘုရင့်သားများ သမိုင်းတွင် ကျရှုံးသွားကာ ကိုယ့်ထူးကိုယ်ချွန် အောက်သက်ကြေသူများ၊ ပြည်သူများကို စည်းရုံးနိုင်သော အမြော်အမြင်ကြီးမားသူများသာ မင်းမျိုးမင်းနွယ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သမိုင်းတွင် အောင်မြင် ပေါက်မြောက် ခဲ့ပေသည်။

ရှင်ဘုရင့်သားများသည် အခြားသူများထက် အဘက်ဘက်မှ အခွင့်အရေး ပိုရခဲ့ပါလျက် မည်သည့်အတွက်ကြောင့် မြန်မာ့သမိုင်းတွင် အောင်မြင်မှု နည်းပါးခဲ့ရသနည်း။ အာဏာရသော မင်းမျိုးမင်းနွယ်များသည် မိမိကိုယ်ကို စိတ်ကြီးဝင်ကာ အောက်ခြေလွတ်တတ်သလော။ မြန်မာလူမျိုးများသည် အနည်းငယ်မျှသော အောင်မြင်မှုရရုံဖြင့် မိမိကိုယ်ကို အထင်ကြီးသည့်စိတ် အခြားလူမျိုးများထက် ကြီးမားသလော။ မေးနိုင်ပါသည်။ မှန်ပေသည်။ မြန်မာလူမျိုးများသည် မိမိကိုယ်ကို အထင်ကြီးသည့်စိတ် ကြီးမားပေသည်။ ဤသည်မှာလည်း လူ့သဘာဝပင်ဖြစ်သည်။ အခြားလူမျိုးများ၏  သမိုင်းတွင်လည်း အနည်းနှင့်အများ ရှိသည်သာဖြစ်သည်။ မြန်မာလူမျိုးများ မိမိကိုယ်ကို အထင်ကြီးရသည့် အကြောင်းများမှာ ပြင်ပကမ္ဘာနှင့် ထိတွေ.မှု အတော်အတန် နည်းပါးခြင်း (ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု နည်းပါးခြင်း)၊ မိမိအ၀န်းဝိုင်းတွင် မြန်မာလူမျိုးသည်သာ အင်အားအကြီးဆုံးဖြစ်ခြင်း ( ဧရာဝတီမြစ်သည် မြေဆီသြဇာကောင်းမွန်သဖြင့် မြန်မာလူမျိုးများသည် အခြားအနီးတစ်ဝိုက်ရှိ တိုင်းရင်းသားလူမျိုးများထက် တန်ခိုးသြဇာ ကြီးမားခြင်း)၊ အစရှိသည်တို့ကြောင့် ဖြစ်သည်။

လူဖြစ်လာထဲက လူချင်းအတူတူပင် ဖြစ်သည်။ မည်သည့် လူမျိုးပင်ဖြစ်စေ အတူတူပင်ဖြစ်သည်။ ကွဲပြားခြားနားခြင်း အနည်းငယ်သာ ရှိမည်ဖြစ်သည်။ ” လူချင်းတူပေမယ့် အသက်ရှုခြင်း ကွဲသည်” ဆိုသော်လည်း အဆုတ်ဖြင့် အသက်ရှုရခြင်းမှာ အတူတူပင်ဖြစ်သည်။ အမြင်ကျယ်သည်ဟု ကြွေးကြော်ကြသော အမေရိကန်လူမျိုးများ၊ အင်္ဂလိပ်လူမျိုးများကို မြန်မာ့ ပထ၀ီဝင် အနေအထားတွင် စတင်ဖြစ်တည်ကတည်းက နေရာချထားလိုက်ပါက မြန်မာတို့ကဲ့သို့ပင် ဖြစ်လာမည် ဖြစ်သည်။ တစ်ချိန်က အာဖရိကမှ အမေရိကသို့ တင်ပို့လာသော ငွေဝယ်ကျွန် လူမည်းမျိုးနွယ်များသည်ပင် အမေရိကန်နိုင်ငံတွင် လူဖြူအမေရိကန်များနှင့်  ကောင်းမွန်သော စနစ်အောက်တွင် ညီတူညီမျှ ရောထွေးနေထိုင်နိုင်ခဲ့ပေပြီ။ လူမျိုးတူသော်လည်း စနစ်မတူသော မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားသည်ပင် ဖွံ.ဖြိုးတိုးတက်မှု မတူညီခဲ့ပေ။

မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်ကောက်ရလျှင် စစ်ပွဲသုံးပွဲပြီးနောက် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့သည်။ မြန်မာတို့သည် မိမိလူမျိုးကို အထင်ကြီးစိတ် ရှိသဖြင့် ဒေသစွဲ၊ လူမျိုးစွဲ ကြီးသည်။ (မိမိလူမျိုးကို အထင်ကြီးစိတ်သည် အင်္ဂလိပ်များ၊ ဂျာမန်များ၊ တရုတ်များ၊ ဂျပန်များနှင့် အခြား လူမျိုးများစွာ တို့တွင်လည်း ရှိသည်မှာလည်း သမိုင်း အထောက်အထားများစွာ ရှိသည်။ )ထို့ကြောင့် အင်္ဂလိပ်၏ ကိုလိုနီ အုပ်ချုပ်ရေးတွင် အသားမကျခဲ့။ ပြဿနာ ကြီးငယ် များစွာ ရှိခဲ့သည်။ အင်္ဂလိပ်တို့က ဗျူရိုကရက် အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာကို အိန္ဒိယ အင်ပါယာအောက်တွင် ထည့်သွင်းအုပ်ချုပ်ခဲ့သဖြင့် အုပ်ချုပ်ရေး ရာထူးအကြီးပိုင်း နေရာများတွင် အင်္ဂလိပ်များ၊ အိန္ဒိယလူမျိုးများ နှင့် မြန်မာလူမျိုးတို့ ယှဉ်ပြိုင်ဖို့ မလွယ်ခဲ့။ အင်္ဂလိပ် သြဇာ မခံလိုသော မြန်မာများသည်လည်း ရက်ရက်စက်စက် နှိပ်ကွပ်ခြင်း ခံခဲ့ရပေသည်။ ဘာသာ သာသနာကိုလည်း ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ရပေသည်။ ထို့အပြင် အင်္ဂလိပ်တို့၏ ဂုတ်သွေးစုပ် အရင်းရှင် စနစ်ကြောင့် အခြေခံလူတန်းစားများ အတိဒုက္ခ ရောက်နေကြရသည်ကို မျက်ဝါးထင်ထင် တွေ.ရသဖြင့်လည်း အမျိုးသားရေးစိတ်ဓါတ်များ နိုးကြားလာခဲ့ပေသည်။ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းလာခဲ့ပေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ အင်္ဂလိပ်တို့ အင်အားချိနဲ့သွား၍ ” အင်္ဂလိပ်အခက်၊ ဗမာ့အချက်” ဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကျောင်းသားလူငယ်များသည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင် အသုံးပြုခဲ့ကြသောကြောင့် ဂျပန်၊ အင်္ဂလိပ် စသည်တို့ကို တိုက်ထုတ်နိုင်၊ နိုင်ငံရေးအရ ဆွေးနွေးနိုင်ခဲ့သောကြောင့် လွတ်လပ်ရေး ရရှိခဲ့ပေသည်။

ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံသို့ အိန္ဒိယလူမျိုးများ အမြောက်အမြား ၀င်ရောက်နေထိုင်ခဲ့ပေသည်။ ရန်ကုန် အစရှိသော မြို့ကြီးများ၏ အချက်အချာနေရာများတွင် လည်းကောင်း၊ ရခိုင်မြောက်ပိုင်းသို့ ဘင်္ဂါလီ လူမျိုးများက လည်းကောင်း ၀င်ရောက်အခြေချ နေထိုင်ကြပေသည်။ သို့ဖြစ်ရာ မြန်မာလူမျိုးများနှင့် အိန္ဒိယလူမျိုးများ အလုပ်အကိုင် အခွင့်အလမ်း ယှဉ်ပြိုင် လုပ်ကိုင်လာခဲ့ရပေသည်။ မူလက လယ်ပိုင်ယာပိုင် မြန်မာ လယ်သမားတို့သည် အိန္ဒိယပြည်ဖွား ချစ်တီးကုလားများ၏ အတိုးနှုန်းကြီးမြင့်စွာ ငွေချေးယူမှုကြောင့် လယ်ယာမြေများ ဆုံးရှုံးခဲ့ရပေသည်။ အောက်ခြေသိမ်း အလုပ်များတွင်လည်း မြန်မာတို့ ပင်ပင်ပန်းပန်း မလုပ်ကိုင်နိုင်ခဲ့ခြင်းများ ရှိပေသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က ” မြန်မာများ ပျင်းရိသည်” ဟု စွပ်စွဲကြပေသည်။ ထိုကိုလိုနီခေတ်ကို မကြုံတွေ.ခဲ့ရသောကြောင့် သေချာမသိသော်လည်း ယနေ့ခေတ်တွင်တော့ ကျွန်တော့်အမြင်အရ မြန်မာများ မပျင်းပါ။ အလုပ်လက်မဲ့ လူငယ်များစွာ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ ” အလုပ်မရှိခြင်းထက် မျှော်လင့်ချက် မရှိခြင်း” က ပိုပါသည်။ နိင်ငံရပ်ခြားတွင် ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်နေကြသော၊ ပေါက်မြောက်အောင်မြင်နေကြသော မြန်မာလူမျိုးများစွာ ရှိပေသည်။ ကိုလိုနီခေတ်က ကျင့်သုံးခဲ့သော စနစ်ကို အိန္ဒိယလူမျိုးများက အချိန်စော၍ ကြုံတွေ.ခဲ့ရသဖြင့် ပိုမို အကျွမ်းဝင်ခဲ့ဟန် တူပါသည်။ ထို့အပြင် Meritocracy ဟုခေါ်သော လူတော်များကို ဦးစားပေးသည့် စနစ် မြန်မာပြည်တွင် မရောက်ရှိ မထွန်းကားခဲ့သဖြင့်လည်း အချို့မြန်မာတို့သည် ရောင့်ရဲခြင်းနှင့် ပျင်းရိခြင်းကို ရောထွေးနေခဲ့နိုင်ပေသည်။ ပျင်းရိခြင်းဆိုသည်မှာလည်း လူမျိုးတစ်မျိုးတည်း၏ စရိုက်မဟုတ်။ လူသားအားလုံးတွင် ရှိနိုင်ပေသည်။ သာဓက ပြရလျှင် စစ်တမ်းများအရ ဥရောပ လူမျိုးများသည် အမေရိကန်လူမျိုးများထက် ပိုမို ပျင်းရိသည်ဟု ဆိုကြပေသည်။ အမေရိကန်များသည် ဥရောပလူမျိုးများမှ ဆင်းသက်လာသည် မှန်သော်လည်း ဘ၀တွင် ယှဉ်ပြိုင်မှု ပိုမိုမြင့်မားသော Meritocracy စနစ်ကို လက်ခံ ကျင့်သုံးခဲ့သောကြောင့် အလုပ်ပိုမို ကြိုးစားခြင်း အလေ့အထကောင်းကို ရရှိခဲ့ပေသည်။

လူသူ အပြောများဆုံးမှာ ” မြန်မာများ စည်းကမ်းမရှိ” ဟူ၍ ဖြစ်ပေသည်။ မှန်ပေသည်။ ကွမ်းတံတွေး နေရာတကာ ထွေးခြင်း၊ မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင်ခြင်း စသည်တို့ကို ယနေ့ခေတ် ရန်ကုန်တွင် နေရာတကာ၌ အလွယ်တကူ တွေ.နိုင်ပေသည်။ ဤသည်မှာလည်း ဥပဒေများ၊ နည်းဥပဒေများ အသက်ဝင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်မည် ထင်သည်။ ကိုလိုနီခေတ်ကလည်း အင်္ဂလိပ်တို့ ထိုကဲ့သို့ပင် စွပ်စွဲခဲ့ဖူးသည်။ ကိုလိုနီခေတ်က မြန်မာပြည်သည် အိန္ဒိယအင်ပါယာရှိ နယ်ပယ်များအနက် ဓါးပြမှု၊ လူသတ်မှု အစရှိသော ရာဇ၀တ်မှုများ အမြင့်မားဆုံး ဖြစ်ပွားခဲ့ပေသည်။ ဤသည်မှာလည်း စည်းကမ်းမရှိခြင်းထက် သွေးဆူလွယ်သော စရိုက်ကြောင့် ဖြစ်သည်။ ကိုလိုနီခေတ်တွင် လယ်မဲ့ယာမဲ့ ဖြစ်သွားသော၊ အိန္ဒိယလူမျိုးများနှင့် အလုပ်အကိုင် အခွင့်အလမ်း မယှဉ်ပြိုင်နိုင်သော အောက်ခြေ မြန်မာ လူတန်းစားများသည် ကြံမိကြံရာဖြင့် ရာဇ၀တ်မှုများ ကျုးလွန်ခဲ့ခြင်း ဖြစ်သည်။ မြန်မာလူမျိုးများသည် မဟုတ်သည့် နေရာများတွင် အားနာတတ်၊ သည်းခံရောင့်ရဲ တတ်သလောက် သွေးဆူလည်း လွယ်တတ်ပေသည်။ အထူးသဖြင့် ဘာသာရေးနှင့် ပတ်သက်လျှင် ဖြစ်သည်။ ဤသွေးဆူလွယ်သည့် စရိုက်ကို တရားဥပဒေ စိုးမိုးမှုဖြင့်သာ ထိန်းချုပ်ရပေမည်။ မရနိုင်သည့် အကြောင်းမရှိပေ။ စည်းကမ်းကိုလည်း နည်းဥပဒေများ၊ အရေးယူခြင်းများ၊ လူထု အသိအမြင် ပေးမှုများဖြင့် ထိန်းချုပ်ရပေမည်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် မြန်မာပြည်သည် မတည်ငြိမ်မှုများ၊ ပဋိပက္ခများ မြောက်မြားစွာ ကြုံတွေ.ခဲ့ပေသည်။ ပဒေသရာဇ်ခေတ်တည်းက ဗမာတို့သည် အပူပိုင်းဇုံရှိ ရောဂါဘယများ၊ ပိုးမွှားများ ထူပြောသော နေရာတွင် နေထိုင်ခဲ့ရသဖြင့် လူဦးရေ အရေအတွက် အတော်အတန်နည်းပါးခဲ့ပေသည်။ မြစ်ဝှမ်းဒေသများတွင်သာ အဓိကနေထိုင်၍ ကျန်ဒေသများတွင် လူဦးရေ ကျဲပါးခဲ့ပေသည်။ တိုင်းရင်းသားများကို နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးနိုင်ခဲ့သော်လည်း လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ မလွှမ်းမိုးနိုင်ခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားလူမျိုးများကို စုစည်း၍ လွတ်လပ်ရေး ရအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်းတွင် ဂျပန်နှင့် အင်္ဂလိပ်တို့ထံမှ စစ်ပညာနှင့် လက်နက်များကို အဓိက ရရှိခဲ့သည့် ဗမာစစ်တပ်နှင့် တိုင်းရင်းသားတို့ ပဋိပက္ခများ မြောက်မြားစွာ ဖြစ်ပွားခဲ့ပေသည်။ ထိုသို့ဖြစ်ပွားရခြင်း အကြောင်းရင်းကို ဗမာစစ်တပ်က အင်္ဂလိပ်တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခြင်းကို အပြစ်ပုံချ ခဲ့သကဲ့သို့ တိုင်းရင်းသားများက ဗမာတို့၏ လူမျိုးကြီးဝါဒကို အပြစ်ပုံချ ခဲ့ကြသည်။ အင်္ဂလိပ်တို့၏ ကိုလိုနီ အရင်းရှင် စီးပွားရေး စနစ်ကို မနှစ်သက်ခဲ့ကြသော မြန်မာ အမျိုးသားရေး ၀ါဒီအချို့သည် ထိုစဉ်က ခေတ်စားနေသော ကွန်မြူနစ် စနစ်၊ ဆိုရှယ်လစ် စနစ်တို့ကို စိတ်ယိမ်းယိုင်ခဲ့ကြသည်။ အယူဝါဒချင်း မတိုက်ဆိုင်၍လည်း လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြပေသည်။ ဤသို့ဖြင့် ဒီမိုကရေစီ အစိုးရသည် လက်နက်ကိုင် ပုန်ကန်မှုများ၊ အာဏာရ ဖဆပလ ပါတီအတွင်းတွင်ပင် အယူဝါဒ ကွဲပြားမှုများ တို့ကို ကြုံတွေ.ခဲ့ရပေသည်။ တိုင်းပြည်ပြိုကွဲမည်ကို စိုးရိမ်လာသော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော အမျိုးသားရေး ၀ါဒီများသည် အာဏာသိမ်းယူခဲ့ပေသည်။

ထိုဖြစ်ရပ်များကြောင့် ” မြန်မာတို့သည် စည်းလုံးညီညွတ်မှု မရှိ။ အသင်းအဖွဲ.၊ အဖွဲ.အစည်းနှင့် ဆောင်ရွက်တတ်သော အလေ့အထများ၊ စိတ်ဓါတ်များ မရှိ” ဟု စွပ်စွဲခံခဲ့ကြပေသည်။ မှန်သင့်သလောက် မှန်ပေသည်။ ထိုအခြင်းအရာကို ဖြစ်စေသော အကြောင်းရင်းများလည်း ရှိပေသေးသည်။ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းမှာ နှစ်ဖက်စလုံးက လူမျိုးစွဲ ကြီးမားခြင်း၊ ယဉ်ကျေးမှု ကွာဟခြင်း၊ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမားခြင်းတို့ကြောင့် ဖြစ်ပေသည်။ ယနေ့ခေတ်အထိလည်း တိုင်းရင်းသား ပြဿနာများ ရှိနေဆဲပင်။ ထိုပြဿနာများသည် တိုင်းရင်းသား ဒေသများတွင် ဆင်းရဲမွဲတေမှု လျှော့ချနိုင်ပါက အတော်အတန် ပြေလည်သွားမည်ဟု ယူဆမိပေသည်။ ကွန်မြူနစ်ဝါဒကို မကြိုက်သော်လည်း ” လူမျိုးရေး ပြဿနာဟူသည် လူထု လူတန်းစား ပြဿနာသာ ဖြစ်သည်” ဟူသော သဘောတရားကိုတော့ ကျွန်တော် လက်ခံမိသည်။ သို့သော် ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရန် ဦးစွာ ငြိမ်းချမ်းရေး ရရှိနိုင်ရန် လိုအပ်ပေလိမ့်မည်။ တိုင်းရင်းသားတို့ လိုလားတောင့်တနေသော ” ဖက်ဒရယ်မူ” ကို ဗမာစစ်တပ်မှ ပေးနိုင်မည်လော၊ ပေးမည်လော ဆိုသည်လည်း စိတ်ဝင်စားစရာ နိုင်ငံရေး ပုစ္ဆာတစ်ပုဒ်ပင်။

ဒီမိုကရက်များ၊ ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များ စသည်ဖြင့် အယူဝါဒ ကွဲပြားခြင်းမှာလည်း ထိုခေတ်က ကမ္ဘာနိုင်ငံရေး အယူဝါဒ အားပြိုင်မှုများ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ အင်္ဂလိပ်တို့၏ ကိုလိုနီဟောင်း ဖြစ်ခဲ့သဖြင့် အနောက်ဆန်သော အယူအဆများ ထွန်းကားခဲ့သလို ကွန်မြူနစ် တရုတ်မှလည်း ဗမာပြည် ကွန်မြူနစ်ပါတီ ကို အယူဝါဒပိုင်းဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အကူအညီပေးခဲ့ပေသည်။ နောက်ဆုံးတွင် အာဏာရှိသော၊ အမျိုးသားရေးဝါဒီဆန်သော ဗမာစစ်တပ်သည်သာ အနိုင်ရရှိ အုပ်ချုပ်နိုင်ခဲ့ပေသည်။

အဖွဲ.အစည်းနှင့် ဆောင်ရွက်တတ်သော အလေ့အထသည် ကျွန်တော်အပါအ၀င် ယခုခေတ် မြန်မာလူငယ် လူရွယ်များတွင် နည်းပါးပါသည်။ ဤသည်မှာလည်း ကျောင်းနေစဉ် ငယ်ရွယ်စဉ်အချိန်တည်းက မည်သည့် အဖွဲ.အစည်းတွင်မှ ပါဝင်ဖွဲ.စည်း ဆောင်ရွက်ခွင့် မရခဲ့ခြင်း၊ မည်သည့် အားကစားနည်းကိုမှ ကျောင်းတွင် အားမပေးခဲ့ခြင်း ( ကစားချင်လျှင် မိမိအစီအစဉ်ဖြင့်သာ လုပ်ရခြင်း)၊ တက္ကသိုလ်တက်စဉ်တွင်လည်း ကျောင်းသား သမဂ္ဂ အစရှိသော အဖွဲ.အစည်းများ ဖွဲ.စည်းဆောင်ရွက်ခွင့် မရခြင်း၊ အဆောင်နေခွင့်မရခြင်း၊ အားကစားနည်းများကို တက္ကသိုလ်မှ ကမကထ လုပ်ဆောင်ပေးခြင်း မရှိခြင်း၊ ကျောင်းသား အခွင့်အရေးများ ချိုးဖေါက်ခံရခြင်း စသည်တို့ကြောင့် ဖြစ်ပေမည်။

” မြန်မာတို့သည် မနာလို ၀န်တိုစိတ် ကြီးမားသည်” ဟုလည်း အချို့က ပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် ထိုအကြောင်းခြင်းရာနှင့် ပတ်သက်၍ ထုတ်ဖေါ် ပြောဆိုခဲ့ပေသည်။ မြန်မာတို့ ကြီးပြင်းလာသော ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ ကြီးပြင်းလာသော ပတ်ဝန်းကျင်၏ သွန်သင်မှုအရ နိုင်လျှင်နိုင်၊ မနိုင်လျှင် ချေမှုန်းခံရပေမည် ဟူသော စိတ်ဓါတ်က ကြီးစိုးခဲ့သည်။ အခြားနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှု ဟူ၍ မြန်မာ့သမိုင်းတွင် မရှိသလောက် ရှားပါးခဲ့သည်။ အင်္ဂလိပ်ကျွန် မဖြစ်ချင်၍ ပြင်သစ်သို့ ဆက်သွယ် အကူအညီ တောင်းခံခဲ့သော်လည်း အဖက်လုပ်၍  ကူညီခြင်း မရှိ။ အင်္ဂလိပ် လက်အောက်တွင်လည်း ထိန်းချုပ်ရ ခက်ခဲသော မြန်မာတို့၏ စရိုက်ကြောင့် အင်္ဂလိပ်တို့သည် မြန်မာတို့ကို စေတနာမရှိ။ စစ်တပ်လက်ထက်တွင်လည်း လူအခွင့်အရေး ချိုးဖေါက်မှုများကြောင့် နိုင်ငံတကာမှ ဆန်ရှင်များ ချမှတ်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ကြောက်စရာ ကောင်းလောက်အောင် အထီးကျန်ခဲ့ရပေသည်။ ထို့ကြောင့်လည်း  ပုံမှန် အဆက်အသွယ် ပြုလုပ်သော တရုတ်နိုင်ငံဘက်သို့ စိတ်ယိမ်းယိုင်ခဲ့ရပေသည်။

မည်သို့ပင် ဆိုစေ ကမ္ဘာမြေကြီးတွင် ပေါက်ရောက် ရှင်သန် နေကြရသော သစ်ပင်များထက် တိရစ္ဆာန်များက ရွေ.လျားနိုင်သဖြင့် သဘာဝကို ပို၍ အံတုနိုင်ကြပေသည်။ တိရစ္ဆာန်များထက် လူသားတို့က တွေးခေါ်နိုင်သဖြင့် သဘာဝကို ပို၍ အံတုနိုင်ကြပေသည်။ လူလောက ပိုမို ညီမျှ တိုးတက် ကောင်းမွန်စေရန် စာပေများ၊ ဥပဒေများ၊ နိုင်ငံရေး စနစ်များ၊ လူမှုရေး စနစ်များ စသည်တို့ကို လူသားတို့ပင် တီတွင် တည်ဆောက်နေ ကြရပေသည်။  အချို့ကြီးမြတ်သော ပုဂ္ဂိုလ်များသည် သမိုင်းကို အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲစေနိုင်သော်လည်း လူသားတို့သည် လူမှုရေး သတ္တ၀ါများ ဖြစ်သဖြင့် ကိုယ်တိုင် ဆောက်တည်ခဲ့သော စနစ်၏ ဘောင်များအတွင်းသာ နေထိုင်နိုင်ကြသည်။ လူသားဖြစ်ထဲက လူသားအားလုံး အတူတူပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့် လူမျိုးမှ အခြားလူမျိုးများထက် မမြင့်မြတ်သလို နိမ့်ကျနေခြင်းလည်း မရှိပေ။ ကွာခြားသည်မှာ ကြီးပြင်းလာခဲ့သည့် ပတ်ဝန်းကျင်နှင့် စနစ်သာ ဖြစ်သည်။ ဥာဏ်ရည်အနိမ့်အမြင့်၊ အရပ် အနိမ့်အမြင့်၊ အလုပ်ကြိုးစားသည့် စရိုက်၊ စည်းကမ်းရှိခြင်း မရှိခြင်း စသည်တို့သည် အချို့လူမျိုးများ၏ မျိုးရိုးဗီဇတွင် ကိန်းအောင်းနေခဲ့ပြီး ဖြစ်သော်လည်း မျိုးရိုးဗီဇကိုပင် အချိန်အတိုင်းအတာတစ်ခုရှိပါက ပြုပြင်၍ ရနိုင်ပေသည်။ သာဓကအားဖြင့် ဒုတိယ ကမ္ဘာစစ်က မြန်မာတို့ ဂျပန်ငပုဟု ခေါ်ဆိုကြသော ဂျပန်တို့သည် ယခုအခါ မြန်မာတို့ထက် အရပ် သိသိသာသာ ပိုရှည်နေပြီ ဖြစ်သည်။

တစ်စုံတစ်ယောက်က ” မြန်မာတွေ ညံ့သလား” ဟု ကျွန်တော့်ကို မေးလာလျှင် ခေါင်းညိတ်မိမည် ဖြစ်သော်လည်း ညံ့သင့်သလောက်သာ ညံ့သည်ဟု ပြန်ဖြေမိပေမည်။ မြန်မာလူမျိုးဖြစ်ခြင်းကိုလည်း ရှက်စရာ မလိုပေ။ ညံ့ခြင်းကိုလည်း ရှက်စရာ မလိုပေ။ သိမ်ငယ်စရာ မလိုပေ။ မြန်မာလူမျိုးဖြစ်ခြင်းကိုလည်း မျိုးချစ်စိတ်ကြောင့် ဂုဏ်ယူရခြင်းမှလွဲ၍ အလွန်အမင်း ဂုဏ်ယူစရာ အကြောင်းမရှိပေ။ ကံအကြောင်းတရား တိုက်ဆိုင်၍ ကျွန်တော်တို့ မြန်မာလူမျိုး ဖြစ်လာခြင်း ဖြစ်သည်။ ကံအကြောင်းတရား တိုက်ဆိုင်၍ မြန်မာလူမျိုးများ အချို့နေရာတွင် ညံ့နေခြင်း ဖြစ်သည်။ ရှက်စရာကိစ္စမှာ ကျွန်တော်တို့ထက် တော်အောင် နောက်လာမည့် မျိုးဆက်များကို မပျိုးထောင်နိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။

အညာမြေသည် ရာသီဥတု ပြင်းထန်သော်လည်း အညာသူ၊ အညာသားများက ဖေါ်ရွေ ယဉ်ကျေးကြပေသည်။ အညာတင် မဟုတ်။ ရှမ်းပြည်ဘက်တွင် လည်းကောင်း၊ အောက်ပြည်အောက်ရွာရှိ ကျေးလက်ဒေသများတွင်လည်းကောင်း၊ မြန်မာပြည် တစ်နံတစ်လျားတွင် ကူညီတတ်သော၊ ရိုးသားအေးဆေးသော လူမျိုးများ ရှိပေသည်။ ကမ္ဘာပေါ်တွင် သဘောအကောင်းဆုံး လူမျိုးများဟုပင် ခရီးသွား လမ်းညွှန် တစ်ခုက ဆိုထားပေသည်။ လောက ဓမ္မတာအရ အကောင်းအဆိုးသည် အစဉ်အမြဲ ဒွန်တွဲနေပေသည်။ အဆိုးကို တတ်နိုင်သမျှ လျော့ပါးအောင်၊ အကောင်းကို တတ်နိုင်သမျှ များပြားအောင် လုပ်ဆောင်ရန်မှာ ကျွန်တော်တို့ လူသားများ၏ တာဝန်ပင် ဖြစ်ပေတော့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ် စတင်

The Voice Weekly

အစိုးရ ရှိမှန်းတောင် မသိရဘူး ဆိုတာ ဘာလဲ


by Lwin Aung Soe on Sunday, September 16, 2012 at 5:36am ·

အစိုးရ ရှိမှန်းတောင် မသိရဘူး ဆိုတာ ဘာလဲ
.........................................................

ဂျပန်ပြည်သူတွေဟာ သူတို့အစိုးရကို ရှိတယ်လို့တောင် အလေးအနက် မစဉ်းစားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ သူတို့ကိုယ်တိုင်ကသာ ဆန္ဒရှိတဲ့အတိုင်း လွတ်လပ်စွာ လုပ်ကိုင်စီမံနိုင်ကြလို့ ဖြစ်ပါတယ်။

သူတို့ မလုပ်နိုင်တဲ့အခါကျမှ ဘာကြောင့် မလုပ်နိုင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာပြီး အစိုးရဘက်က တာဝန် မကျေတာ ဖြစ်နေရင် မီဒီယာကို ချက်ချင်း အကြောင်းကြားပြီး စောဒက တက်ပါတော့တယ်။ တချို့ကလည်း နိုင်ငံရေးပါတီတွေနဲ့ အစိုးရကို တိုက်ရိုက် စောဒက တက်ကြတာ ရှိပါတယ်။

မီဒီယာက အဲဒီလို စောဒက သတင်းကို လွတ်လပ်စွာ ထုတ်ဖော်လိုက်တဲ့အခါ ပြည်သူတွေက သိသွားပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေကို မထိခိုက်စေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းပါတော့တယ်။

အစိုးရတွေက သူတို့တာဝန်တွေကို မပျက်ကွက်ရအောင် အမြဲတမ်း ဂရုစိုက်နေရပါတယ်။ ဒါ့အပြင် နောက်ထပ် ဘာတွေလိုနေဦးမလဲလို့ အမြဲ ကြံဆစဉ်းစားပြီး ကြိုတင်ပြင်ဆင် လုပ်ထားပေးလေ့ ရှိပါတယ်။



ဂျပန်လူမျိုးတွေရဲ့ စရိုက်ကောင်းတခုကတော့ သူတို့ဘက်က တာဝန် မပျက်ကွက်အောင် ဂရုစိုက်တတ်ကြတာ ဖြစ်ပါတယ်။ အခြားသူတွေဘက်က တာဝန်ပျက်ကွက်တာကိုလည်း မကြိုက်ပါဘူး။ ကိုယ့်ဘက်က တာဝန်ကျေထားတာကြောင့်လည်း တာဝန်မကြေတဲ့ အခြားသူကို ပြတ်ပြတ်သားသား ပြောနိုင်ကြတာ ဖြစ်ပါတယ်။

ဂျပန်ပြည်သူတွေက ဘယ်လောက်ထိ ပြတ်သားသလဲဆိုရင် အစိုးရကိုတောင် သူတို့ မကြိုက်ရင် သတ္တိရှိရှိ ဝေဖန်ပြီး ထွက်ခိုင်းတတ်ကြပါတယ်။ ဂျပန်အစိုးရအဆက်ဆက်ကတော့ ဒါမျိုး အပြောမခံရအောင် ကြိုးစားကြပါတယ်။ အစိုးရအပေါ် ဝေဖန်တာတွေဟာ မီဒီယာကတဆင့် အသံထွက်လာတာနဲ့ တပြိုင်နက် အစိုးရဝန်ကြီးတွေဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ၊ အစိုးရ တဖွဲ့လုံးဖြစ်စေ တာဝန်ယူတဲ့အနေနဲ့ နှုတ်ထွက်ပေးကြပါတယ်။ မြို့နယ် ခရိုင် မြို့တော် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အလားတူ ဖြစ်ပါတယ်။ မီဒီယာနဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေက ပြည်သူတွေကိုယ်စား ဒါကို တာဝန်အရ လုပ်ပေးကြပါတယ်။

တကယ်တော့  အစိုးရဟာ တာဝန် သိပ်ကျေပွန်လို့ ဘာမှ အပြစ်တင် စောဒကတက်စရာ ရှိမနေတာကြောင့် ပြည်သူတွေမှာ သူတို့ လိုအပ်ချက်တွေ အမြဲတမ်း အဆင်သင့် ဖြစ်နေပြီး အစိုးရ ဆိုတာကို ရှိမှန်းတောင် မသိကြတာ ဖြစ်ပါတယ်။ အတုယူစရာ ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကတော့ ကျနော် တွေ့ကြုံမိသမျှ ဒီမိုကရေစီ ဂျပန်နိုင်ငံက အဖြစ်ပါ။ အခြားဒီမိုကရေစီ နိုင်ငံတွေမှာလည်း အလားတူ ဖြစ်နေကြတာကိုတော့ ဖတ်ဖူးကြားဖူးပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံကြီးမှာလည်း ဘယ်အစိုးရ တက်နေမှန်း မသိအောင် ပြည်သူတွေဟာ နေ့စဉ်ဘဝတွေကို လွတ်လပ်စွာ ကိုယ့်တာဝန်ကိုယ်ယူပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ။

လွင်အောင်စိုး
၁၆-၉-၂ဝ၁၂

(ဖြည့်စွက်ချက် --- ပြည်သူတွေဟာ အစိုးရကို ရှိမှန်းမသိအောင် နေနိုင်ကြရပါမယ်။ အစိုးရကတော့ ပြည်သူတွေ ဘာလိုနေသလဲ ဆိုတာ အမြဲတမ်း သိနေ၊ လုပ်ပေးနေရပါမယ်။)