Wednesday, November 21, 2012

အိုဘားမားကိုမတွေ့လိုက်ရမှာစိုးလို့ဦးခင်ရွှေကြားဖြတ်....

ကျနော့ရှေ့ကလူတယောက်ကိုစကားရောဖောရောပြီးကြားဖြတ်ဝင်သွားတဲ့လွတ်တော်အမတ်မင်း ဦးခင်ရွှေကိုဓာတ်ပုံအမိအရရိုက်လိုက်နိုင်ခဲ့ပါတယ်။

စည်သူမောင်

Burma နဲ့  Myanmar ပြဿနာ အမေရိကန်သံအမတ် ရှင်း


Wednesday, November 21, 2012

အမေရိကန်သံအမတ်နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း မြန်မာနိုင်ငံကိုပထမဆုံးလာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ တစ်ယောက်ရဲ့ ခရီးစဉ် အတွင်း သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ရာမှာ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြ သလဲ၊ ဒါတွေက ဘယ်ကို ဦးတည် နေသလဲ ဆိုတာ သိရအောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကို ရန်ကုန် မြို့ ရောက် ဘီဘီစီ မြန်မာဌာနရဲ့ အကြီးတန်း အယ်ဒီတာ ဦးမင်းထက်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး - သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ပထမဆုံးသော အမေရိကန် သမ္မတ အနေနဲ့လာရောက်ခဲ့တာကို တခိျု့က သိပ်ကို စောလွန်းတယ်လို့ ပြောနေကြ ပါတယ်။ အခုလို လာရောက်ခဲ့တာကို ဘယ်လို စဉ်းစားပြီး လုပ်ခဲ့တာပါလဲ။ သိပ်များစောနေပါသလား။

ဖြေ - ကျနော်တို့ကတော့ အချိန် စောတယ်လို့ မယူဆပါဘူး။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံဦးတည်နေတဲ့ လမ်းကြောင်းနဲ့ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ အပေါ် အားပေးတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် အခုချိန်ဟာအောင်ပွဲခံရမယ့်အချိန် မရောက်သေးဘူး။ အခက်အခဲအတားအဆီးတွေကို
ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နောက်ထပ်လုပ်စရာတွေရှိနေသေးတယ်ဆိုတာကိုသမ္မတ အိုဘားမားကိုယ်တိုင် မြန်မာလူထုကို အတိအလင်း ပြောသွား ခဲ့ပါတယ်။ ဒီတော့ ဒီခရီးစဉ်ဟာ ဘက်မျှတဲ့ ခရီးစဉ် ဖြစ်တယ်ဆိုတာကို
ပြနိုင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်သူတွေအင်အားကောင်းလာအောင်ဆောင်ရွက်ပေးဖို့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက် သံဓိဌာန်အတိုင်း ရည်ရွယ် လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် သွားနေသမျှတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ပူးတွဲ ဆောင်ရွက် သွားမှာပါ။

မေး - ပိတ်ဆို့မှုတွေ တဖြည်းဖြည်း လျှော့ချပေးလာတာ တွေ့ရပါတယ်။ တခိျု့က ဒီပိတ်ဆို့မှုတွေ အကုန်လုံးသာ မရှိတော့ရင် အမေရိကန်ရဲ့ ဩဇာ မရှိတော့မှာကို စိုးရိမ်တာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး တွေကို ဆက်ပြီးမသွားတော့ဘူးဆိုရင် ဒီပိတ်ဆို့မှုတွေကိုပြန်ပြီးချဖို့ရော အစီအစဉ်ရှိပါသလား။

ဖြေ - ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ လျှော့ပေါ့ပေးတာမျိုးတွေ လုပ်ခဲ့ပေမယ့် အမေရိကန် အခြေခံဥပဒေအရတော့ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက ဆက်ရှိနေဆဲပါ။ တကယ်လို့ အကြီးအကျယ်
ပြောင်းလဲမှုတွေ ရှိလာမယ် ဆိုရင် ပေါ်လစီတွေကို ပြန်သုံးသပ်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံ လျှောက်လှမ်းနေတဲ့ ခရီးစဉ်မှာ အခက်အခဲတွေ ရှိနေတယ် ဆိုတာကို နားလည်ထားပါတယ်။ စိတ်ရှည်ရှည်နဲ့ ကျနော်တို့ စောင့်ကြည့်နေမှာပါ။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘက်ပေါင်းစုံရဲ့ အသံတွေကို အထိရောက်နိုင်ဆုံး နားစွင့်သွားမှာပါ။

မေး - သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမားတို့ တွေ့ဆုံခဲ့စဉ်မှာ ဒီပြုပြင် ပြောင်းလဲရေး လမ်းစဉ်နဲ့ ပတ်သက်လို့ တော်တော် ပြောဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ သမ္မတ ဦးသိန်းစိန် ဆီကရော တိကျတဲ့ အာမခံချက်မျိုးတွေ ရခဲ့ပါသလား။

ဖြေ - သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရဆီက တင်ပြ ပြောဆိုချက် တွေကို ကျနော်တို့ အမြဲ ကြားရပါတယ်။ သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနဲ့ တွေ့တုန်းက မြန်မာနိုင်ငံဟာ နောက်ကြောင်း
ပြန်မလှည့်နိုင်တဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတဲ့အကြောင်းနဲ့ သမ္မတ အိုဘားမားရဲ့ ရှေ့သို့ ချီတက်ကြစို့ဆိုတဲ့ မဲဆွယ် စည်းရုံးရေး ဆောင်ပုဒ်အတိုင်း ရှေ့တိုး ဆောင်ရွက်နေပါတယ်လို့ ပြောသွားတော့ သမ္မတ အိုဘားမား အတော်လေး ဘဝင်ခိုက်သွားခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကို ကျနော်တို့ မပြတ်စောင့်ကြည့် အကဲခတ်နေ
ရာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အကုန်လုံး မဟုတ်တောင်တဆင့်ချင်းလျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ ဒီအတိုင်း ဆက်လုပ်သွားလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်နေပါတယ်။

မေး - အရင်က စစ်အစိုးရကို သဘောမတွေ့တဲ့ အကြောင်းကို ပြောတဲ့ အနေနဲ့ Burma လို့သုံးခဲ့တယ်လို့ သိရပါတယ်။ အခု မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုတွေတိုးပြီး လုပ်လာတဲ့အခါမှာ အမေရိကန်ရဲ့ မူဝါဒအနေနဲ့ Burma လို့ ဆက်ခေါ်နေတာ ဘယ်လိုသဘောရှိပါသလဲ။

ဖြေ - တကယ်တမ်းမှာ အမေရိကန် အစိုးရရဲ့ အခြေခံ ပေါ်လစီက နဂိုအတိုင်း ဆက်ရှိနေမှာပါ။ နိုင်ငံတိုင်းပြည်တခုရဲ့အမည်ကို ဘယ်လိုခေါ်ဝေါ် သုံးစွဲရမယ်ဆိုတာ ပြည်သူ လထုကသာ ဒီမိုကရေစီနည်းအရ ဆုံးဖြတ်ကြမှာပါ။ Myanmar လို့ ပြောင်းလဲ သတ်မှတ်တုန်းက ဒီမိုကရေစီနည်းအရ ပြောင်းလဲသတ်မှတ်ခဲ့တာမျိုး မတွေ့ရတာမို့ အမေရိကန်နိုင်ငံရဲ့ ပေါ်လစီဟောင်းအရ Burma လို့ ခေါ်ဝေါ် သုံးစွဲခဲ့တာပါ။မနေ့တုန်းက သမ္မတ အိုဘားမားက Myanmar ခေါ်ဝေါ် သုံးစွဲခဲ့တာဟာ သံတမန်ရေးအရ လေးစားသမှု ပြုတဲ့အနေနဲ့ ခေါ်ဝေါ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သီးသန့် တွေ့ခဲ့တုန်းကလည်း Myanmar လို့ သုံးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းကတော့ Burma လို့ သုံးခဲ့ပါတယ်။ ဒီ Burma, Myanmar ကိစ္စဟာ ခုချိန်ထိ အခြေအတင် အငြင်းပွားစရာ ဖြစ်နေဆဲပါ။ ဒီကိစ္စကို ပွင့်လင်း မြင်သာတဲ့ ဒီမိုကရေစီနည်းနဲ့ အခြေအတင် ဆွေးနွေးဆုံးဖြတ်ရမှာပါ။ ဒီတော့ မြန်မာပြည်သူ လူထုတွေရဲ့ သဘောဆန္ဒအတိုင်း ကျနော်တို့ လိုက်နာသုံးစွဲသွားမှာပါ။

မေး - မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ပြောရင် စစ်တပ်က မပါလို့ မရဘူးလို့ ပြောကြပါတယ်။ စစ်တပ်ကို တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေ လုပ်ရမယ်လို့ ပြောတာလည်း ရှိပါတယ်။ အမေရိကန်ဘက်က စစ်တပ် အချင်းချင်းပဲ ဖြစ်ဖြစ်၊ အမေရိကန် အစိုးရအနေနဲ့ပဲ ဖြစ်ဖြစ် မြန်မာ စစ်တပ်ကို တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ရှိပါသလား။

ဖြေ - ဟုတ်ကဲ့ ။ ထိတွေ့ ဆက်ဆံတယ်ဆိုရာမှာ အစိုးရ တွင်းမှာပါတဲ့ အုပ်စု အဖွဲ့တွေအားလုံးနဲ့ရော၊ လူမှုအဖွဲ့အစည်းထဲက အုပ်စုအဖွဲ့တွေ အားလုံးနဲ့ပါ ထိတွေ့ဆက်ဆံမှသာ ပြုပြင် ပြောင်းလဲရေး တွေကို နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ အရေးပါတဲ့ အုပ်စုဖြစ်တယ်ဆိုတာ အထင်အရှားပါ။ မြန်မာနိုင်ငံကို ကာလအတော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်တပ်အနေနဲ့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်ထဲမှာလည်း လုပ်ပိုင်ခွင့် အထူးအာဏာတွေရထားတာ တွေ့ရပါတယ်။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ တဆင့်ချင်း ထိတွေ့ဆက်ဆံနေပါတယ်။ လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ အပြုသဘော ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အမေရိကန် စစ်တပ်ဟာ အရပ်သား အုပ်ချုပ်မှုအောက်မှာ ဒီမိုကရေစီနည်းအရ လှုပ်ရှားလည်ပတ်နေတာ ဖြစ်ပါတယ်။ဒီတော့ တဖြည်းဖြည်းနဲ့မြန်မာစစ်တပ်ရဲ့ သဘောသဘာဝကို ပိုနားလည်လာအောင် ဆက်ဆံရေးတွေဖန်တီးပြီး အချိန်ကြာလာတာနဲ့အမျှ စစ်တပ်အချင်းချင်းထိတွေ့ဆက်ဆံမှုတွေ လုပ်လာနိုင်မယ်လို့ ယူဆပါတယ်။

BBC

အိုဘားမားထိုးနေသည်။

ခေါင်းလောင်း

(PHOTO CREDIT: Pete Souza/White House)

ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သောငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ ကို ဥပဒေအရ အရေးယူ

ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သော ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များ မြန်မာတစ်နိုင်ငံလုံးရှိ ဈေးကွက်များသို့ ဆိုးရွားစွာပျံ့နှံ့နေကြောင်း စစ်ဆေးတွေ့ရှိ ၊ ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ ကို ဥပဒေအရ အရေးယူ
Wednesday, November 21, 2012

မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရောင်းချနေသည့် ဈေးကွက်များအတွင်း၌ ကင်ဆာဖြစ်နိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသော ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်ကဲ့သို့ အမှုန့်မျိုးစုံမှာ ဆိုးရွားစွာ ပျံ့နှံ့လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသော ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအားကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA မှ ထုတ်ပြန်ထားသည်။

ယင်းသို့ စစ်ဆေးရာတွင် ငရုတ်သီးမှုန့်နမူနာ ၅၃၄ ခုတွင် ၁၇၅ ခု၌ စားသုံးသူအား ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါ ငရုတ်သီးမှုန့်များကို ထုတ်လုပ်ခဲ့သည့် အမှတ်တံဆိပ် ၂၀ အား အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူ
ထားကြောင်း သိရသည်။

ယင်းအပြင် နနွင်းမှုန့်နမူနာ ၄၃၀ ကို စစ်ဆေးရာတွင် ၃၉ ခု၌ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းနနွင်းမှုန့်များ ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုကိုလည်း အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူထားကြောင်း သိရပါသည်။

အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရဆိုပါက ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ကျပ် ၃၀၀၀၀သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။

ငရုတ်သီးမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ် ၂၀ နှင့်နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုတို့မှ ထုတ်လုပ်ထားသည့် အမှုန့်များမှာ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိမထားဘဲ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအမည်လိပ်စာများ ဖော်ပြထားခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ထို့အတွက် အဆိုပါအမှတ်တံဆိပ်များမှ ထုတ်လုပ်သည့် အမှုန့်များမှာ စားသုံးရန်မသင့်ကြောင်းကိုလည်း သတိပေးထားသည်။

ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်များတွင် သုံးစွဲထားသည့် စားသုံးရန်မသင့်သော ဆိုးဆေးများမှာ အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုသည့် Auramine-O နှင့် Rhodamine B အမျိုးအစားများဖြစ်ကြောင်း သိရသည်။

Rhodamine B အမျိုးအစားမှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းနှင့် ရေရှည်စားသုံးပါက ကင်ဆာရောဂါများ ဖြစ်စေနိုင်သည့် အနီရောင်ဆိုးဆေး ဖြစ်ကြောင်း၊ Auramine-O မှာ ရေရှည်တွင် အသည်းနှင့်ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါ
တို့ကို ဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီး၊နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ရှိ ဈေးကွက်များအတွင်း စစ်ဆေးရာတွင် တွေ့ရှိခြင်းဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးနီးပါးသို့ ပျံ့နှံ့နေသည်ဟု ဆိုရမည်ဟု ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက ပြောကြားခဲ့ပါသည်။

“ဒီစာရင်းအရဆိုရင်တော့ တစ်နိုင်ငံလုံးနီးပါးမှာ ပျံ့သလိုပါပဲ။ ဒါထိထိရောက်ရောက် အရေးမယူလို့ ဆက်လုပ်နေကြတာ။ သိတယ်၊ စစ်တယ်၊ မိတယ်။ အရေးယူတာကျ မထိရောက်ဘူး၊ ပင်ရင်းထုတ်တဲ့အထိ အရေးမယူဘူး။ ဆက်လုပ်တာပေါ့။ ဒါကြောင့် အခုလောက်ထိ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတာ။ ဒါတောင် မိတဲ့ဟာပဲရှိသေးတယ် တကယ့်နာမည်ကြီး တံဆိပ်တွေမှာလည်း ဒီလိုရှိနိုင်တယ်။ အထပ်ထပ်စစ်ပြီး နာမည်ကြီးတာ မကြီးတာမခွဲနဲ့ တစ်ခါတည်း အရေးယူပစ်ရမယ်။ အခုက နေ့တိုင်းအများပြည်သူက အဆိပ်တွေကို ပါးစပ်ထဲထည့်နေရတယ်။ ကြာရင် နိုင်ငံမှာ ကျန်းမာရေးအတွက် အခက်အခဲတောင် ရှိလာနိုင်တယ်။ နှစ်ကြာလာတာနဲ့အမျှ ဒီဒဏ်တွေကို အများပြည်သူ ခံစားရတော့မှာလေ” ဟု မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိထားသည့် အမှတ်တံဆိပ်များ

ဝင်းမိုး ငရုတ်သီးမှုန့်
မော်လမြိုင် ငရုတ်သီးမှုန့်
ရွှေမင်းဝန် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
အိအိချို ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
စံပယ် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
နှင်းပုလဲ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ဘုရင် ငရုတ်သီးမှုန့်
ညိုညို ငရုတ်သီးမှုန့်(အနုမှုန့်)
အောင်ကြည်သိန်း ငရုတ်သီးမှုန့်
နိုင်း ငရုတ်သီးမှုန့်(အနုမှုန့်)
ရွှေမြင့်မိုရ် ငရုတ်သီးမှုန့်(အနုမှုန့်)
ဓူဝံ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ဖိုးဝ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ရွှေဝတီ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
ညွှန့်သဘာဝ ငရုတ်သီးမှုန့်(အလှော်မှုန့်)
ရဲသီဟ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
သွယ်သွယ်အေး ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
မြန်မာရနံ့ ငရုတ်သီးမှုန့်(အကြမ်းမှုန့်)
စွဲကြိုက် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
မွှေးမွှေးလေး နနွင်းမှုန့်
ရွှေမိ နနွင်းမှုန့်
ဖိုးဝ နနွင်းမှုန့်

eleven media group

အန်တီစု၊ ဘင်္ဂါလီနှင့် သန်း ၂၀ ဧ။် မနက်ဖြန်

by Thanda Win on Wednesday, November 21, 2012 at 10:46am ·

  • ကမ္ဘာပြားပြီ ဆိုတဲ့စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည် မပါလို့တွေးခဲ့တာ။ ရှိပေမယ့် နှေးလွန်းလို့။  အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တနေ့ တနေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေလိုက်တာ၊ လူချင်းလည်းမသိ။ နေရာဌာန အကွာအဝေးဆိုတာကို အင်တာနက်ကြီးက ချုံ့ချပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေသလိုလို။
  • ဟိုးတုန်းက သတင်းတွေဆိုတာ တီဗွီမှာလာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲပျောက်သွားပြီ။ သတင်းစာတွေ ဆိုရင်တော့ တထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ ပေါ်တယ်ကုလားဆီရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တချက်ခေါက်လိုက်တာနဲ့ ဘယ်နှစ် နှစ်စာလိုချင်သလဲ၊ အကုန်ရ။ အချိန်ဆိုတာကို ချုံ့ချပစ်လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ်ဖတ်ကြည့်လိုက်တော့ ဇတ်လမ်းတပုဒ်စာ ထွက်ပါရောလား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင်ဆိုတာ ဒိုမီနိုသီအိုရီလို တဆက်တစပ်တည်း ရှိနေတာကလား။



  • ကမ္ဘာကြီးပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူးသားပဲ။ အယ်လ်ဂိုး ရိုက်ပြထားတာ ကြည့်ရတော့မှပဲ နဲနဲတီးမိခေါက်မိတာ။ ကမ္ဘာမြေ အပူချိန်ဒီဂရီဟာ ၀.၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေပါသတဲ့။ အလွယ်စဉ်းစားနိုင်တာကတော့ အပူချိန်များလာတော့ ရေအပြန့်ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်လာတယ်။ ရေထုထည်များတော့ ပင်လယ်ရေမျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့မြင့်တက်နေပါတယ်တဲ့။ ပင်လယ်ရေမျက်နှာပြင်မြင့်လာတော့ ကုန်းမြေကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံသေးသေးလေးတွေဆို ၁၀ နှစ် ကနေ နှစ် ၅၀ အတွင်း ရေအောက်ရောက်သွားမယ်ဆိုပဲ။  လူဦးရေ ၃ သိန်းကျော်သာ ရှိတဲ့ မော်လဒိုက်ကျွန်းနိုင်ငံ  ဆိုရင် ဆောက်တည်ရာမရဖြစ်နေတာ ကြာပြီ။ ဘယ်ပြေးရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။


  • ကမ္ဘာကြီးဘာကြောင့် ပူနွေး လာသလဲဆိုတော့ ကာဘွန်ဓါတ်ငွေ့ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဘွန်ဓါတ်ငွေ့ဘယ်ကထွက်လည်းဆိုတော့ စက်ရုံတွေ၊ကားတွေကတဲ့။ နောက်ဆုံးစာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ်ပါတဲ့။ ဘယ်လူတွေလည်းဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဘွန်ထုတ်လုပ်မှုအများဆုံး ၃ နိုင်ငံ - အမေရိကန်၊တရုတ်၊ အိန္ဒိယ တဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ပါတာပေါ့။

  • ဒီပြသနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကော ဆိုတဲ့ စာချုပ်ကြီးပေါ်လာပါရော။ စည်းကမ်းတွေသတ်မှတ်၊ ကာဘွန်တွေ လျှော့ထုတ်ကြမယ်ပေါ့။ နိုင်ငံစုံ စည်းဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံးထုတ်တဲ့ ၃ နိုင်ငံက လက်မှတ်မထိုးလို့။ နင်လျော့ရင် ငါလည်းလျော့မယ် နဲ့ အပြန်အလှန်လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူးတဲ့။ ကောင်းရော။
  • အားတက်စရာလေးပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံက ကာဘွန်ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ်  ၉၁။ လူ တယောက်ချင်းထုတ်တဲ့နှုန်းနဲ့သာပြန်တွက်ရင် နံပါတ် ၁၈၅။ တကမ္ဘာလုံးထုတ်လုပ်မှုရဲ့ ၀.၀၄% ပဲရှိသတဲ့ ။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေတော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းအောင်နေတဲ့ တိုင်းပြည်လို့။ လူသားတမျိုးလုံးနဲ့ တောရိုင်းတိရိစ္ဆာန်များကို တထောင့်တနေရာကနေ စောင့်ရှောက်ပေးနေတဲ့အကြောင်း ကမ္ဘာ့စူပါ ပါဝါ ၃ နိုင်ငံသားတွေရှေ့မှာ ခေါင်းကိုမော့ပြီးပြောလို့ရတယ်။
  • အဲဒီလို ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရင် ရေအောက်ရောက်သွားမယ်လို့ စာရင်းပြုစုခံရတဲ့ နိုင်ငံ ၈ နိုင်ငံရှိပါတယ်။ ( ၁) မော်လဒိုက်ကျွန်းစုများ (၂) ဘင်္ဂလားဒေ့ရှ် (၃) ဖိလစ်ပိုင် (၄) အီဂျစ် (၅) တူဗာလု(၆) ပေါ်ပူဝါနယူးဂီနီ (၇) ဘာဘေးဒိုး (၈) ကီရိဘာတီ တို့ပါတယ်။



  • ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ ဒုက္ခကို ပြက်ရယ်မပြုချင်ပေမယ့် သူ့ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းလေးတွေကိုတော့ အနီးကပ်နေရသူပီပီ သိထားဖို့လိုပါတယ်။
  • ပင်လယ်ရေတက်လာမှုကြောင့် တကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်းနေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ဘေးအန္တရာယ်ကို ခံစားရတာမို့ အနောက်အုပ်စုထံက ဒေါ်လာ ၄ ဘီလီယံလိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။ 
  • ဒါအပြင် ဒီလိုဒုက္ခရောက်တဲ့လူတွေကို လက်ခံဖို့ ဗြိတိန်နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့်သတဲ့။ ဥရောပနဲ့ အမေရိကန်ကလည်း ဒီသန်းနဲ့ချီတဲ့ ဘင်္ဂါလီတွေကို တာဝန်ယူသင့်တာတဲ့။ အော်တောင် ရယ်ချင်လာပြီ။ ဒါတွေက ၂၀၀၉ ခုနှစ်ကတည်းက တောင်းဆိုနေခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။
  • ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင်အရေးအခင်းပြသနာထဲကို ဘာလို့များ တကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ဂရုဏာတွေသက်ပြီး စုတ်တသတ်သတ်နဲ့ တက်တက်ကြွကြွကြီး ၀င်ရောက်ကူညီချင်နေသလဲဆိုတာကို ဆက်စပ်လို့ရလောက်ပါပြီ။



  • OIC ရယ်၊ BBC, VOA, RFA, Irrawaddy, DVB တို့အပြင် လက်သည်တရားခံတွေထဲမှာ ရေကြီးတာလည်းပါသကိုး။ ဒါကြောင့်လည်း အန်တီစုက ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ်ကိုတာဝန်ယူသင့်ကြောင်းပြောလိုက်တာနဲ့ ဆတ်ဆတ်ခါ ထွန့်ထွန့်လူးဖြစ်ကုန်ကြတာပဲ။
  • သူ့လူသန်း၂၀ကို နဂိုကမှ ဘယ်ပို့ရမှန်းမသိရတဲ့အထဲနော်။ တရုတ်ကြီးလိုပဲ တအိမ်ထောင် ကလေးတယောက်အမိန့်ထုတ်လိုက် ပြီးရော။



  • နောက်ခံအကြောင်းတွေ အများကြီးရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီအရေးကို လူမျိုးစုနှစ်ခု မကျေမနပ်သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ်ကလေး လက်ခံဖို့မသင့်ပါဘူး။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလို့ အကျယ်ကြီးအော်နေပေမယ့်လည်း အနောက်ဖက်စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက်ခြင်းတိုက်တာ ထင်သာမြင်သာရှိလှပေမယ့်လည်း လူကိုလူခြင်းဖိသတ်နိုင်တဲ့အနေအထားမျိုးမှာ ကျည်ဆံကလည်း အသုံးဝင်လိမ့်မယ် မဟုတ်ပါဘူး။
  • လတ်တလော သတင်းကောင်းကတော့ အာဆီယံအဖွဲ့ကရော၊ အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့်ဆိုတာကို ၀င်ရောက်စွက်ဖက်လို့မရပါဘူးလို့ ပြောသွားပါတယ်။ နားလည်သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်းကူညီမှုတော့ပြုရမယ်။ နိုင်ငံသား ပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံသားဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့်မရှိပါဘူးတဲ့။
  • အချုပ်ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာတမျိုးသားလုံးအရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။
( ကို James ရေးတဲ့ ဒက်ကာ ရေအောက်ရောက်မယ်ဆိုတာကို ဖတ်မိတော့ ရှာဖတ်ဦးမယ်လို့ တေးထားတာ။ ကျေးဇူးပါ။ )

ပြည်တွင်းပြည်ပကြွေး (၂၇) ဘီလီယံ



Hlaing Bwa
ကျွန်တော်မမှားဘူးဆိုရင် - ၁၉၈၈ အရေးအခင်း ကာလအထိ မြန်မာပြည်ရဲ့နိုင်ငံခြားကြွေးမြီဟာ ဒေါ်လာသန်းပေါင်း ၅၀၀၀ (၅ ဘီလီယံ) ပါ။ အခု အားလုံးပေါင်း ပြည်တွင်းပြည်ပကြွေး (၂၇) ဘီလီယံနီးပါးရှိတယ်တဲ့။
... ခရိုနီတစုနဲ့  အာဏာပိုင်လက်တဆုပ်စာ ဒေါ်လာ ဘီလီယံနာ မီလီယံနာ ချမ်းသာသွားခဲ့ပြီး ပြည်သူ လူထုက ဖွတ်ကျောပြာစုတိုင်းပြည်က - (၂၇) ဘီလီယံဒေါ်လာနီးပါးအကြွေးတင်၊ သစ်တောတွေ လည်းပြောင်၊ တောင်တွေလည်းကတုံးဖြစ်၊ မြေပေါ် မြေအောက် ရေပေါ် ရေအောက်လည်းကုန်တော့ မယ်။ မြန်မာ (၅) သန်းကျော်လည်း ကမ္ဘာပတ်ပြီး ကျွန်ခံနေကြရတဲ့ အဖြစ်ဆိုးကြီးထဲမှာ ... အဲသည် (၂၇) ဘီလီယံဒေါ်လာကို ဘယ်မှာများသွားပြီး ရင်းနှီးမြှုတ်နှံခဲ့ကြသလဲမသိဘူး။ သည်ကြားထဲ နိုင်ငံတကာက ကုန်သွယ်ရေးပိတ်ဆို့ ထားတုံးက တရုတ်က ကူညီခဲ့လို့  တရုတ်ဆီမှာကျေးဇူးရှိတယ် လို့ ဦးသိန်းစိန်က တနေ့ က သတင်းစာရှင်းလင်းပွဲ မှာထုတ်ပြောလိုက်သေးတယ်။ တရုတ်ကိုရော ဘာတွေထပ်ပေးရဦးမှာတုံးဗျာ။ အဲသည် (၂၇) ဘီလီယံဒေါ်လာ အကြွေးယူတဲ့ပိုက်ဆံတွေ ဘယ် ကိုများ ခြေထောက်ပေါက် ရောက်ကုန်တာလဲ ... အရပ်ကတို့ ရေ့)။ စာရင်းပြစရာမရှိတာ သိနေမှန်း မေးမိတဲ့အတွက် မေးဖြစ်သွားတဲ့သူကိုသာ အပြစ် မြင်ပါတော့။

လှိုင်ဘွား/၈၈

ရိုဟင်ဂျာအမည်သုံးစွဲလိုမှုကို အစိုးရကအသိအမှတ်မပြု

DVB TV News

ရခိုင်ပြည်နယ်ရှိအစ္စလာမ်ဘာသာဝင်အချို.၏ ရိုဟင်ဂျာအမည်သုံးစွဲလိုမှုကို အစိုးရကအသိအမှတ်မပြုဘူးလို့ နိုဝင်ဘာလ ၂၁ ရက်နေ့က UMFCCI မှာပြုလုပ်တဲ့ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲမှာ
ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကပြောကြားခဲ့ပါတယ်။
ဓါတ်ပုံ-ဖိုးသီဟ


ရိုဟင်ဂျာကို လက်မခံဟု နယ်စပ်ရေးရာ ဝန်ကြီးဆို


ရိုဟင်ဂျာ အခေါ်အဝေါ်နှင့်ရိုဟင်ဂျာ တိုင်းရင်းသား ဆိုသည့် အသုံး အနှုန်း ကို ပြည်ထောင်စု အစိုးရ က လက်ခံမည် မဟုတ်ကြောင်း နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာ များကို ယနေ့ ပြောကြားသည်။
ယနေ့ည ၅နာရီ ၃၀ မိနစ် ခန့်က ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွင် ကျင်းပသော ရခိုင်ပြည် နယ် အရေး ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ချက် များကို ပြန်လည် သုံးသပ်ချက် ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ပြည်ထောင်စု အစိုးရ အနေနဲ့ရော ရှေးအစိုးရ အဆက်ဆက် ကရော ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ကိုသော် လည်းကောင်း တိုင်းရင်းသား ဆိုတဲ့ အချက်ကို သော်လည်းကောင်း လက်ခံထားခြင်း မရှိခဲ့ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက်နေ့ က သမိုင်းဝင် ခရီးအဖြစ် လာရောက် ခဲ့သော အမေရိကန် သမ္မတ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရိုဟင်ဂျာ အခေါ်အဝေါ်ကို သုံးစွဲခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုးများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရာတွင် ဘင်္ဂါလီလူမျိုး နေရာ၌ ရိုဟင်ဂျာ ဟု ပြောင်းလဲ မသုံးစွဲပါက လက်မှတ် မထိုးသူ ရာဂဏန်း ရှိကြောင်း ဦးသိန်းဌေးက ထပ်မံ ပြောကြားသည်။
ရခိုင်ပြည်နယ်၌ နိုင်ငံသား စိစစ်မှုများ ပြုလုပ်ရာတွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနမှ အရာရှိ များ သာမက သက်ဆိုင် ဌာန ဆိုင်ရာမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ လူ့ အဖွဲ့အစည်း နှစ်ခုလုံးက ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly