Friday, November 23, 2012

ကျောင်းလမ်းပေါ်တွင် အိပ်နေကြပြီ

Zegyo Mandalay

မန်းလေးတိုင်းရင်းသား ဒီဂရီကောလိပ်တွင် ပြန်လည်ပညာသင်ကြားနိုင်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသားလူငယ်ကျောင်းသားများ ယနေ့ညတွင် ယခုကဲ့သို့ ကျောင်းလမ်းပေါ်တွင် အိပ်နေကြပြီး ဆရာမ များကလည်း စောင့်ဆိုင်း အားဖြည့်ပေးနေကြပါကြောင်း
ကျောင်းကကျောင်းသားတွေကိုဘယ်သူ.ရဲ.ဆန္ဒမှမပါဘဲရွာသစ်ကြီးကိုပြောင်းရွှေ.လိုက်တဲ့ယောကျာ်းလေးတွေချည်းပဲကျောင်းတတ်ရလို့ ကျားကျောင်းလို.လူသိများတဲ့ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ.ဖြိုးရေးဒီဂရီကောလိပ်မနေ.ညကမြင်ကွင်းပါ။
credit to စန်းယုကျော်


7Day News Journal

ယခင် မန္တလေးမြို့ စွယ်တော်ဘုရားအနီးရှိ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းရွာသစ်ကြီးသို့ပြောင်းရွှေ့ခံရသည့် ကျောင်းသားများသည် ယခုလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်မှစတင်တာ စစ်ကိုင်းရွာသစ်ကြီးမှ မူလကျောင်းသို့ ခြေလျင်ခရီးနှင်ကာ ပြန်လည်ပြောင်းရွှေ့လာကြကြောင်းသတင်းရရှိသည်။
ကျောင်းသား ၅၀၀ ခန့် ပြန်လည်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး စစ်ကိုင်းရွာသစ်ကြီးရှိ ကျောင်းတွင် ပညာသင်ကြားရသည်မှာ အဆင်မပြေမှုရှိ၍ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု သိရသည်။
"ကျွန်တော်တို့က တောထဲက လာခဲ့ရတာပါ ဒါကြောင့်မြို့ပေါ်မှာပဲစာသင်ချင်ပါတယ်။ကျောင်းသားအားလုံး သဘောတူလို့ပြောင်းလာကြတာပါ" ဟုတိုင်းရင်းသားကျောင်းသားတစ်ဦးကပြောသည်။
ခြေလျင်ပြောင်းရွှေ့လာကြသည့်ကျောင်းသားများသည် စစ်ကိုင်းရွာသစ်ကြီးမှ ဧရာဝတီတံတား (ရတာနာပုံ) ကိုဖြတ်ကာ မြစ်ငယ်-စစ်ကိုင်း လမ်းခွဲမှတဆင့် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ မူလကျောင်းသို့ ၇ နာရီ ၀န်းကျင်ကြာလမ်းလျှောက်ပြောင်းရွှေ့ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက် နံနက် တစ်နာရီဆယ့်ငါးမိနစ်ခန့်တွင် မူလကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မိုးထိမိုးမိရွှေလုပ်သားအဖွဲ့ကိုစွမ်းအားရှင် (၃၀) ဦးခန့်မှ ဝင်ရောက်ရိုက်နှက်

Daw Sandar Min (Shwee)
မိုးထိမိုးမိရွှေလုပ်သားအဖွဲ့သည် ရန်ကုန်မြို့မှ မြို့လှ ဓမ္မရောင်ခြည်ကျောင်းရောက်သည်အထိ အေးချမ်းစွာ စီတန်းလမ်းလျှောက်ခဲ့ပါသည်။ ထို မြို့လှ ဓမ္မရောင်ခြည်ကျောင်းရောက်သည် အထိ မည်သည့်အနှောင့်အယှက်မှ မရှိပဲ ခွင့်ပြုထားပြီးမှ ရေနီမြို့အဝင် စက္ကူစက်ရုံဂိတ်ပေါက် အနီးအရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် (၄၀၀) ခန့်နှင့် အရပ်ဝတ်စွမ်းအားရှင် (၃၀) ဦးခန့်မှ ဝင်ရောက်ရိုက်နှက်၍ ခေါင်းဆောင်လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ၂၂. ၁၁.၂၀၁၂ ညနေပိုင်းတွင် ဈေးဝယ်ထွက်သွားသောသူနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

တရုတ်ကိုကြောက်ရတဲ့ဦးအောင်မင်း

DVB TV News
စစ်ကိုင်းတိုင်း ရွာသစ်ကြီး ရှိ တိုင်းရင်သား စွမ်းရည်မြင့်တင်ရေး ကျောင်းရှိ တိုင်းရင်းသား ကျောင်းသားများ အား နေရပ်သို့ ပြန်လွတ်ရာ မှ ကျောင်းသားများမှ ကျေနပ်ခြင်းမရှိ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့ပတ်သက်ပီး ၂၆ ရွာမှ ကိုယ်စာလှယ်များ နှင့် ဦးအောင်းမင်း တွေ့ဆုံ တဲ့သတင်းများကို ပြည်သူပြည်သား သတင်းသမားများပေးပို့ ထားပါတယ်

ေ၇ွှတိဂုံဘု၇ားဇောင်းတန်းမှာ ဘား၇တ်အိုဘားမား

နိုင်ငံတော် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး(ကိုကိုကြီး )


by Ko Ko Gyi (The 88 Generation Students) on Sunday, November 4, 2012 at 10:55am ·
နိုင်ငံတော် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး

 ( ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်၊ ညနေ ၃ နာရီတွင် တော်ဝင်နှင်းဆီ၌ ပြုလုပ်သော "ရှေ့နေများကွန်ယက်" ၏ ဥပဒေရေးရာဆွေးနွေးပွဲတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖတ်ကြားသည်။ )

နိုင်ငံတော်ဟူသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် အကြိမ်ရေ အများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည် ထင်သည်။ ရာစုနှစ်ဝက်ရှိသည့်တိုင် "နိုင်ငံသားများ" အနေဖြင့် အဓိပ္ပာယ် ဗလုံးဗထွေးဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ရပြီး ဖြစ်သည်။
အမှန်စစ်စစ် "အစိုးရ" နှင့် "နိုင်ငံတော်"ကို လုံးထွေးသုံးစွဲခြင်းသာ ဖြစ်သည်။ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ခြင်း- ပုဒ်မ ၁၂၄ (က) ကို ကျင့်သုံးနိုင်ရန်အတွက်  "နိုင်ငံတော် ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ" ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုသည်။ အဖွဲ့ပုံအခြေခံ ဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုပ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉာဉ်စာချုပ်ပင် ဖြစ်သည်။
ပဋိဉာဉ်စာချုပ်တစ်ခု တရားဝင် ခိုင်မာမှု ရှိစေရန်မှာ ခြိမ်းခြောက်ခြင်း၊ ဖျားဆောင်သွေးဆောင်ခြင်း တစ်စုံတစ်ရာမပါပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာလျက်ရှိစဉ် မိမိဆန္ဒသဘောအလျောက် ချုပ်ဆိုသော စာချုပ်ဖြစ်ရန် လိုအပ်သည်။ ဤအချက်သည် စာချုပ်၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာဖော်ဆောင်ရမည့် နိုင်ငံသားများနှင့် အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၏ ဂုဏ်သိက္ခာဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပင်လျှင် "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်"  ဟူ၍ နိုင်ငံတော် အခြေခံမူများ၊ အခန်း ၁၊ ပုဒ်မ (၄) တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် နိုင်ငံတွင်းရှိ ဥပဒေအားလုံး၏ အမြင့်ဆုံး ဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံများသားထံမှ ဆင်းသက်ခြင်းမဟုတ်ဘဲ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်းသည် တရားမဝင်ကြောင်း၊ နိုင်ငံတော်ဟူ၍ သတ်မှတ်ခေါ်ဝေါ်ခြင်း မပြုနိုင်ကြောင်း ထင်ရှားပေါ်လွင်ပြီး ဖြစ်သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၁) နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုင်ရာ ပြဋ္ဌာန်းချက်များအရလည်း "ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ" ဟူ၍ အတိအလင်း ဖွင့်ဆိုပြဌာန်းချက်အရ အခြားနည်းဖြင်း တည်ထောင်ဖွဲ့စည်းသော အစိုးရများကို နိုင်ငံတော်ဟူ၍ မသတ်မှတ်ကြောင်း သိသာထင်ရှားပြီးဖြစ်သည်။

နိုင်ငံရေး သိပ္ပံပညာရပ်အရ "နိုင်ငံတော်" ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်း နိုင်ငံတော်၏ အင်္ဂါရပ်များအဖြစ်
၁။ ပထဝီနယ်နိမိတ်
၂။ နိုင်ငံသား
၃။ အစိုးရ နှင့်
၎။ အချုပ်အခြာ အာဏာဟူ၍ ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းဖွင့်ဆိုချက်သည်ပင် နိုင်ငံရေးစနစ်အားလုံးအတွက် ခြုံငုံဖွင့်ဆိုချက်ဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ကျင့်သုံးသည့် နိုင်ငံများအတွက်သာ သီးခြား ပြဋ္ဌာန်းချက်မျိုး မဟုတ်ပေ၊ ထို့ကြောင့်လည်း သက်ဦးဆံပိုင်ဘုရင်အစိုးရ၊ တစ်ပါတီ အာဏာရှင်၊ စစ်အာဏာရှင် အစိုးရများသည်ပင်လျှင် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ မိမိကိုယ်မိမိ နိုင်ငံတော်ဟူ၍ မသတ်မှတ်နိုင်ပေ၊ အစိုးရနှင့် နိုင်ငံတော်ကို ထပ်တူပြု၍ မရပေ။
"နိုင်ငံတော်ဆိုတာ ငါပဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပဲ" ဟူ၍ သမိုင်းတွင်သည့် စကားကို သုံးစွဲခဲ့သူမှာ ပြင်သစ်နိုင်ငံမှ (၁၆) ဆက်မြောက် လူဝီဘုရင် ဖြစ်သည်။ နိဂုံးမကောင်းခဲ့ပါ။ အာဏာရှင်နိုင်ငံများတွင် အစိုးရများက 'နိုင်ငံတော်' ဆိုသည့် ဝေါဟာရကို ပုဂ္ဂလိကပိုင် ပြုလုပ်သုံးစွဲခဲ့ရာမှ 'အမည်ခံနိုင်ငံတော်' ၏ အခန်းကဏ္ဍမှာ အတိုင်းအဆမရှိ ကြီးမားနေပြီး နိုင်ငံသားများ၏ အခန်းကဏ္ဍမှာ မှေးမှိန်ပျောက်ကွယ် ခဲ့ရသည်။
ယနေ့ခေတ်သတ် လူ့အဖွဲ့အစည်းတွင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းသည် တစ်စတစ်စ ကျယ်ပြန့်ကြီးထွားလာနေပြီ ဖြစ်သည်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍ ကြီးမားအရေးပါလာခြင်း၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာမြင့်မားလာခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းပင် ဖြစ်သည်။ နိုင်ငံသားများ၏ အခန်းကဏ္ဍကို ပစ်ပယ်သည့် အစိုးရများ၊ နိုင်ငံသားအခွင့်အရေးများကို ပိတ်ပင် ညှဉ်းပန်းသည့် အစိုးရများကို နိုင်ငံတကာ မိသားစုများက ဝေဖန်ပြစ်တင်ခြင်း၊ အရေးယူပိတ်ဆို့ခြင်းများသည်လည်း အထင်အရှားပင်ဖြစ်သည်။

နိုင်ငံတော်၏ ပုံရိပ်ထိခိုက်နိမ့်ကျခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြင့်သာ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပေမည်။

တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ စိုးမိုးအုပ်ချုပ်ခြင်းနှင့် လုံးဝဆန့်ကျင်ခြားနားသည်။ တရားဥပဒေစိုးမိုးသည့် အခြေအနေတွင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးသည် တရားဥပဒေအရ သတ်မှတ်ထားသည့် အခွင့်အရေး၊ တာဝန်၊ လုပ်ပိုင်ခွင့်များအတိုင်းသာ ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားအခွင့်အရေးများကို အာမခံနိုင်ရန် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုပြဋ္ဌာန်းရမည် ဖြစ်သည်။ တည်ဆဲ ဥပဒေများသည် နိုင်ငံသားများဘက်က ရပ်တည်သဘော၊ အုပ်ချုပ်သူများဘက်က ရပ်တည်သလော ပြန်လည်ဆန်းစစ်ဝေဖန်ရင် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေများကို ပြန်လည်သုံးသပ်၍ ပြုပြင်ပယ်ဖျက်ပေးပါရန် တင်ပြတော၅ ခုနှစ်င်းဆိုရမည့် အချိန်လည်း ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေအချို့ကို တင်ပြ ဆွေးနွေးသွားမည် ဖြစ်ပါသည်။


၁။ ၁၉၀၇ ခုနှစ် ကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်း

ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရ ဖြစ်သည်။ သက်တမ်းအားဖြင့် ၁၀၅ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၈၈၅  ခုနှစ် သီပေါမင်း အစိုးရကို ဖမ်းဆီးကျွန်ပြုပြီးနောက်ပိုင်း မြန်မာမျိုးချစ်များ၏ လက်နက်ကိုင် ပုန်ကန်မှုကို ဓားပြမှု၊ လုယက်မှု၊ သောင်းကျန်းမှုများအဖြစ် ချိုးနှိမ်စွပ်စွဲပြီး ပြင်ပြင်းထန်ထန် နှိမ်းနင်းခဲ့သည့် ကာလလည်းဖြစ်သည်။ ၁၉၀၄ ခုနှစ် ရုရှား-ဂျပန်စစ်ပွဲတွင် ဂျပန်က အနိုင်ရခဲ့ပြီး မြန်မာမျိုးချစ်များအကြား အာရှသားများ၏ အောင်ပွဲအဖြစ် အမျိုးသားရေးစိတ်ဓာတ်များ စတင်နိုးကြားလာသည့် ကာလလည်း ဖြစ်သည်။ ထို့ကြောင့် အုပ်စိုးသူ အစိုးရ၏ လုံခြုံရေး လိုအပ်ချက်အရ ကိုလိုနီ နိုင်ငံသားများ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ရန် ဥပဒေတွင် ထည့်သွင်းပြဌာန်းခဲ့ခြင်း ဖြစ်သည်။

ဤဥပဒေ အနှစ်တစ်ရာကျော်လာသည့် အချိန်အထိ ဆက်လက်ကျင့်သုံးနေခြင်းကို အလေးအနက် ပြန်လည် သုံးသပ်ရတော့မည်။ မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာသည့်အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်း တိုင်ကြားရခြင်း မရှိပဲ မိမိနိုင်ငံတွင်း ခရီးသွားလာ လည်ပတ်သည့်အခါ ဧည့်စာရင်းတိုင်ကြားရမည် ဆိုသည့်အချက်ကို နှိုင်းယှဉ်သုံးသပ်ရန် လိုပေလိမ့်မည်။ နိုင်ငံသားအားလုံး သန်းပေါင်း ၆၀ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ ( suspects ) အဖြစ် သတ်မှတ်ခံရသည့် သဘောဖြစ်သည်။ ဧည့်သည်အဖြစ် သွားရောက်လည်ပတ်တည်းခိုသည့် ဧည့်သည်များသည် လည်းကောင်း၊ လက်ခံခွင့်ပြုသည့် အိမ်ရှင်များသည် လည်းကောင်း၊ နိုင်ငံသားအားလုံးသည် ယုံကြည်စိတ်ချဖွယ်ရာ မရှိသည့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဖွယ် ရှိသူများအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။ ရံဖန်ရံခါဖြစ်ပေါ်ခဲ့သည့် ဗုံးကွဲမှု တစ်ချို့ရှိခဲ့ခြင်းအတါက် နိုင်ငံသား သန်း ၆၀ က ဝန်ထုပ်ဝန်ပိုးအဖြစ် လိုက်နာနေကြရခြင်း ဖြစ်သည်။ ဧည့်စာရင်းဥပဒေကြောင့်လည်း ယင်းဖြစ်ရပ်များကို ကာကွယ်နိုင်ခြင်း မရှိပါ။ နိုင်ငံတွင်း အဂတိလိုက်စားမှုများ၊ ခြစားမှုများကြောင့် အမှန်တကယ်ကျူးလွန်နိုင်မည့်သူများအတွက်မူ ယင်းဥပဒေကို ကျော်လွှားနိုင်မည့် အခြေအနေများ ရှိနေပြီး ဖြစ်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကြည့်လျှင် ယင်းဥပဒေကြောင့် စာရွက်စာတမ်းများ၊ အချိန်၊ လုပ်အား ဆုံးရှုံးမှုများသည် နိုင်ငံတော်အတွက် လေလွင့်ပြုန်းတီးမှုများပင် ဖြစ်သည်။ အဆိုးရွားဆုံးမှာ မြန်မာနိုင်ငံသားများ အနေဖြင့် ရုံးပြင်ကနားဆိုလျှင် အထိတ်ထိတ် အလန့်လန့်ဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုပင် ဖြစ်သည်။

မူရင်း ကျေးရွာနှင့် မြို့ပြ အက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ (၄) တွင် "ဤဥပဒေ အာဏာသက်ရောက်ရမည့် မြို့များကို နိုင်ငံတော် သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် နိုင်သည်" ဟု သီးခြားပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ အစိုးရ၏ လုံခြုံရေး လိုအပ်ချက်ကြောင့် ထုတ်ပြန်သော အက်ဥပဒေတွင်ပင်လျှင် တစ်နိုင်ငံလုံးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဤဥပဒေကျင့်သုံးရန် လိုအပ်မည့် ကာလတစ်လျှောက် လိုအပ်မည့်မြို့များကိုသာ သတ်မှတ်ကျင့်သုံးရမည်ဟု အထင်အရှား ပြဋ္ဌာန်းထားသည်ကို သတိပြုရန်လိုအပ်ပေလိမ့်မည်။ မူရင်း ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် တိုင်းတပါးအစိုးရပင်လျှင် ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြို့များမှအပ အခြားပြည်သူ (နိုင်ငံသားများ) အားလုံးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဂရုတစိုက် သတ်မှတ်ပြဋ္ဌာန်းမည်ဟု ဆိုလိုသည်။ သို့သော် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့သည့် အချိန်တွင် နိုင်ငံနယ်နိမိတ်အတွင်း ကာလ၊ ဒေသမရွေး သက်ရောက်နေသည်ကို တွေ့ရသည်။ တရားဥပဒေဆိုသည်မှာ မပြဋ္ဌာန်းမီ ဥပဒေချိုးဖောက်သူမရှိဘဲ ပြဋ္ဌာန်းလိုက်သည့် အချိန်တွင်မှ ဥပဒေချိုးဖောက်သူများအဖြစ် ရောက်ရှိသွားရခြင်း ဖြစ်သည်။ ပြဋ္ဌာန်းရန် မလိုအပ်သည့် ဥပဒေများ၊ လိုက်နာရန် မလွယ်ကူသည့် ဥပဒေများကို ပြဋ္ဌာန်းလိုက်ခြင်းသည် နိုင်ငံသားများအား ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့လိုက်သည့် သဘောလည်းဖြစ်သည်။ နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိပါးစေခြင်းလည်း ဖြစ်သည်။ အထက်ပါ ဥပဒေ၏ ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲ (၂) တွင် ဧည့်စာရင်းတိုင်ထားသည့် ဧည့်သည်ပြန်သွားလျှင် အိမ်ရှင်က သတင်းပို့တိုင်ကြားရမည်ဟု ဆက်လက်ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ သို့သော် မည်သည့် အိမ်ရှင်ကမှ ဧည့်သည်ပြန်သွားပြီဖြစ်ကြောင်း သတင်းပို့ တိုင်ကြားလေ့မရှိပေ။ ဆိုလိုသည်မှာ နိုင်ငံသားအားလုံးနေဖြင့် သိလျှက်ဖြစ်စေ၊ မသိ၍ ဖြစ်စေ ယင်းဥပဒေကို ချိုးဖောက်မိလျှက်သား ဖြစ်နေပေမည်။ ထို့ကြောင့် ၁၉၀၇ ခုနှစ် ကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားရခြင်း ဥပဒေသည် နိုင်ငံသားအားလုံးအား (supsectes) အဖြစ် ဂုဏ်သိက္ခာ ထိပါးစေပြီး ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်။


၂။ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ

ဤဥပဒေကို ပြဋ္ဌာန်းသည့်ကာလသည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးစ ရောင်စုံ လက်နက်ကိုင်ပုန်ကန်မှုများကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့်ကာလ (အရေးပေါ် အခြေအနေဖြစ်ပေါ်နေသည့်ကာလ) ဖြစ်သည်။ အမှန်စစ်စစ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ (တရားဥပဒေစိုးမိုးသည့် အခြေအနေ) တွင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင်ဖြစ်သည်။ သို့သော် ယင်းကာလက တည်ဆဲအစိုးရအနေဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူကျင့်သုံးနိုင်သည့် အခြေအနေမရှိခြင်းကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေကို အရေးတကြီး ပြဋ္ဌာန်းကျင့်သုံးရခြင်းဖြစ်သည်။ နိုင်ငံတော်တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင် တည်ရှိနေသည်၊ ပုံမှန်အခြေအနေများ ပျက်ပြားနေသည်ဟု ဆိုလိုသည်။

ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ်တစ်စိုက်ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပေပြီ။ တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် (၇) နှစ်အစား ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အနှစ် (၂၀)၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။ နိုင်ငံတကာမိသားစုအလယ်တွင် မြန်မာနိုင်ငံသည် ပုံမှန်အခြေအနေမရှိသည့် နိုင်ငံ၊ အရေးပေါ် အခြေအနေပြဋ္ဌာန်းထားရသည့် နိုင်ငံတော်အဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသော ဥပဒေပင်ဖြစ်သည်။
၃။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂)

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ အခန်းကဏ္ဍ သတ်မှတ်ချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အဆင့်အတန်း ဂုဏ်သိက္ခာကို ထင်ဟပ်ဖော်ပြခြင်းလည်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များတွင် အငြင်းပွားဖွယ်ရာ လက်မခံနိုင်သည်များလည်း ပါဝင်နေခြင်း၊ ရေးဆွဲစဉ်က သဘောတူညီချက်မရ၍ ချန်လှပ် ထားခဲ့ရခြင်း များလည်း ဖြစ်ပေါ်လေ့ရှိပါသည်။ ပြောင်းလဲလာသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး လိုအပ်ချက်များအရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းကို အခန်းတစ်ခန်း သီးသန့်ရေးဆွဲ ပြဋ္ဌာန်းရပါသည်။ နိုင်ငံတော်ကို ထိခိုက်နာကျင်မှု နည်းနိုင်းသမျှ နည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲရာတွင် အရေးကြီးလှသဖြင့် ရေနွေးငွေ့ ဗွိုင်လာအိုးများတွင် ဖိအားများလွန်းသည့်အခါ ပေါက်ကွဲမှုမဖြစ်စေရန် အသုံးပြုသည့် လုံခြုံရေးအဆို့ရှင် (safety valve) အဖြစ်လည်း တင်စားသုံးနှုန်းလေ့ ရှိပါသည်။ တင်းကျပ်လွန်းလျှင် ပေါက်ကွဲထွက်နိုင်သည့် အန္တရာယ်မှာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပေသည်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးခု ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အမျိုးသား ခေါင်းဆောင်ကြီးများက လွတ်လပ်ကာစ မြန်မာနိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ်၊ လွတ်တော်နှစ်ရပ်စနစ်ကို အခြေခံ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း (၁၁)၊ ပုဒ်မ (၂၀၉)၊ အပိုဒ်ခွဲ (၃) တွင် လွှတ်တော်နှစ်ရပ်ရှိ အမတ်များ၏ သုံးပုံနှစ်ပုံအောက် မလျှော့သော အမတ်များ (၆၇ ရာခိုင်းနှုန်း) က အတည်ပြုလျှင် ... ဟု ပြဋ္ဌာန်းထားသောကြောင့် နိုင်ငံသားများ၏ အလိုဆန္ဒနှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် သင့်တင့်လျောက်ပတ်သည့် အခွင့်အရေးရှိသည်ကို တွေ့ရပါသည်။ သို့သော် ၁၉၆၂ ခုနှစ်၊ စစ်တပ်မှ အာဏာသိမ်းပိုက်မှုကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပျက်ပြယ်သွားခဲ့ရပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်း တည်ထောင်ထားသော ပြည်ထောင်စု အစိုးအရအဖွဲ့၊ တည်ဆဲလွှတ်တော်နှစ်ရပ်နှင့် နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များအားလုံးကို ဖျက်သိမ်းပြီး တစ်ပါတီစနစ်၊ လွှတ်တော်တစ်ရပ်စနစ်ကို အခြေခံသည့် ၁၉၇၄  ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၅)၊ ပုဒ်မ (၁၉၄) တွင် အပိုင်ခွဲ (က)ပါ ပုဒ်မများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်း သဘောတူညီချက်ရယူပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ ထက်ဝက်ကျော်သော ထောက်ခံမှုဖြင့် ပြင်ဆင်ရမည်ဟူ၍ ပြဋ္ဌာန်းထားပေသည်။ ၁၉၈၈ ခုနှစ်ကာလ နိုင်ငံသားများ၏ ပြုပြင်ပြောင်းလဲလိုသော ဆန္ဒအရ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ခက်ခဲတင်းကြပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းများကြောင့် အုံကြွပေါက်ကွဲပြီး ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကာ စစ်တပ်က အာဏာသိမ်းယူမှု ထပ်မံဖြစ်ပွားခဲ့ရပေသည်။

ပြီးခဲ့သည့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေနှစ်ရပ်စလုံး၏ လွှတ်တော်များမှာ နိုင်ငံသားများထံက တိုက်ရိုက်တင်မြှောက်သော လွှတ်တော် ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရမူ နိုင်ငံသားများက တိုက်ရိုက်ရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ် အရေအတွက်သည် လွှတ်တော် နှစ်ရပ်စလုံး၏ ၇၅ ရာခိုင်နှုန်းသာ ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ (က) တွင် ပြည်ထောင်စု လွှတ်တော် ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။

၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ပွဲခံ ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ဟု ပြဋ္ဌာန်းထားပြီး ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း (ရာခိုင်နှုန်းပြည့်) က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့် မရှိဟု အဓိပ္ပာယ် သက်ရောက်ပေသည်။ နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညိုးနွမ်းစေသည့် သဘောကို ဆောင်နေပေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက် အသေးစိတ်များနှင့် ပတ်သတ်၍ မဆွေးနွေးလိုသေးသည့်တိုင် ခေတ်ကာလအလိုက် ပြောင်းလဲနေသော နိုင်ငံသားများ၏ လုပ်ငန်းချက်နှင့်အညီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်းများတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မှေးမှိန်ထိခိုက်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၄ ပါ "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်" ဟူသော ပြဋ္ဌာန်းချက် စစ်မှန်စွာ အသက်ဝင်ခန့်ငြားလာစေရန် နိုင်ငံတစ်က မိသားစုအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်စေရန် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာမြင့်မားလာစေရန် တရားမျှတသော ဥပဒေများ ရှင်သန်ထွန်းကားလာရန် လိုအပ်သည်။

ယခုတင်ပြဆွေးနွေးခဲ့သည်များမှာ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ဥပဒေအချို့ကို ကောက်နုတ် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ တရားဥပဒေကို အုပ်ချုပ်ရေး အဖွဲ့အစည်းများ စိတ်ကြိုက် လိုသလို အဓိပ္ပာယ်ဖွင့် အသုံးချနေသည့်၊ အသုံးချနိုင်သည့် ဥပဒေများကိုလည်း ဆက်လက်ဆွေးနွေးနိုင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

တရားဥပဒေ စိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် အားလျော်စွာ ...

ဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း တန်းတူဖြစ်ပါသည်။

ဥပဒေအထက်တွင် မည်သူမှ မရှိစေရပါ။

ကိုကိုကြီး

သံသယရှိသူ၏ ဇနီးကို အိမ်ပြင်မထွက်ရ ဟု ရဲခရိုင်မှူးအမိန့်ဖြင့် တားဆီးထား

rCoral Arakan News Agency

By Mauk Thuzar

ရသေ့တောင် ၊ ၂၃ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
...

ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာသားတစ်ဦး၏ ဇနီးကို အိမ်ပြင်မထွက်ပဲ အကျယ်ချုပ်သဘော နေရမည်ဟု ကူတောင်ရဲစခန်းမှူး က စစ်တွေ ရဲခရိုင်မှူး၏ အမိန့်အရ မတရားတားဆီးမိန့်ထုတ်သွားသည်ဟု ကူတောင်ရွာမှ ရရှိသော သတင်းများအရ သိရသည်။

ကူတောင် ရဲစခန်းမှူး ဒုရဲအုပ်ထွန်းဝင်းဦး နှင့် အခြားအရပ်ဝတ်ရဲအရာရှိတစ်ဦးတို့က ယနေ့နံနက်ပိုင်းတွင် ကူတောင်ရွာသား ကိုသန်းကြွယ်၏ ဇနီး မအေးသန်း၏ နေအိမ်သို့ ရောက်လာပြီး အဆိုပါကဲ့သို့ တားဆီးသွားသည်ဟု မအေးသန်းက Coral Arakan အား ပြောကြားသည်။

“ကျွန်မယေင်္ကျား ရန်ကုန်ကိုသွားတာ တစ်ပတ်လောက်ရှိပြီ။ ကျွန်မလည်း သူနဲ့ ဖုန်း အဆက် အသွယ် မရတော့ ဘယ်မှာနေမှန်း အတိအကျမသိဘူးလို့ ပဲပြောလိုက်တယ်။ ဒါနဲ့ ကျွန်မကို အိမ်မှာပဲ နေရမယ်။ ဘယ်မှထွက်မသွားရဘူးလို့ ပြောသွားတယ်” ဟု ၄င်းက ဆိုသည်။ ထို့နောက် ၄င်းအား အစဉ်မပြတ် စောင့်ကြည့်နေကြသည် ဟု ဆိုသည်။

ကူတောင်ကျေးရွာသားများကို မကြာမီက ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန် ပဋိပက္ခတွင် ကူတောင်ကျေးရွာသားများက လက်တုံ့ပြန်ရန် ကြိုးစားခဲ့ နိုင်သည် ဟု စစ်ဆေးသူများဘက်မှ ယူဆနေကြခြင်းဖြစ်သည်ဟု ကူတောင် ရွာသားများ က ဆိုသည်။ သို့အတွက် ရွာသားအချို့မှာ တိမ်းရှောင်နေကြသည် ဟု ဆိုသည်။

ပထမအကြိမ် ဇွန်လ ပဋိပက္ခတွင် ကူတောင်ရွာသားရှစ်ယောက်အပါအ၀င် ရခိုင်လူမျိုး ဆယ်ဦး ဘင်္ဂါလီများလက်ချက်ဖြင့် သေဆုံးခဲ့ပြီး၊ ဒုတိယအကြိမ် ရသေ့တောင် မြို့နယ်တွင်း ပဋိပက္ခတွင် စစ်တပ်ကပစ်သတ်သောကြောင့် ရခိုင်လူမျိုးနှစ်ဦး သေဆုံးခဲ့ရသည်။

၁၉၄၂-ခုနှစ်တွင် ကူတောင်ရွာအနီး အနောက်ပြင်ကုလားရွာမှ ဘင်္ဂါလီများသည် ဗြိတိသျှတို့ပေးသည့်လက်နက်များကို ကိုင်စွဲထားသည့် V Force မှ ရာဂျပုတ် စစ်သားများကို ငှားရမ်းပြီး ကူတောင်ရွာကို တိုက်ခိုက်ရာ၊ ရွာသူရွာသား ထက်ဝက်နီးပါးမှာ အသတ်ခံခဲ့ရပြီး ရွာလုံးကျွတ် ညတွင်းချင်း ပြောင်သလင်းခါအောင် မီးရှို့ခြင်းကို ခံခဲ့ရဖူးသည်။

ထိုဖြစ်ရပ် အပြီးနောက်ဆယ်စုနှစ် တစ်စုခန့်ကြာသောအခါမှ ကူတောင်ကျေးရွာကို တစတစ ပြန်လည်ထူထောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

(မောက်သူဇာ ရေးသားသည်။)