Monday, December 3, 2012

အမိန့်ကြော်ငြာစာ (၉၅/၂ဝ၁၂) ထွက်လာတော့ အရင်နဲ့ ဘာတွေ ကွာခြားသွားသလဲ

by Lwin Aung Soe on Monday, December 3, 2012 at 7:13pm ·

လွန်ခဲ့တဲ့ နာရီအတော်ကြာလောက်က (မနေ့က) “စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိစ္စနှင့် ဆန္ဒပြပွဲ ထိန်းသိမ်းခြင်းကိစ္စ အပေါ် သုံးသပ်မိခြင်း ” ခေါင်းစဉ်နဲ့ ကျနော် စာတပုဒ် ရေးခဲ့ပါတယ်။ ၁-၁၂-၂ဝ၁၂ နေ့က ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် (၉၂/ ၂ဝ၁၂) ကို အခြေခံပြီး ရေးထားတဲ့စာပါ။

တိုင်းကျိုးပြည်ပြု ဖြစ်စေဖို့ တကယ်ကိုပဲ အားထားမျှော်လင့်နိုင်စရာ ကောင်းလောက်တဲ့ အမိန့်ကြော်ငြာစာ ဖြစ်လေတော့… လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစကောင်းတော့ တွေ့ပြီ… ဆိုပြီး အားပါးတရ မျှော်လင့်ခြင်းကြီးစွာနဲ့ သုံးသပ်ရေးချလိုက်ပါတော့တယ်။

ရေးပြီးတာနဲ့ ထုံးစံအတိုင်း ကျနော်တို့ မြန်မာတွေရဲ့ လူထုဟစ်တိုင်ကြီး ဖြစ်တဲ့ Facebook ပေါ်ကို တင်ပေးလိုက်ပါတယ်။ ဖြစ်ချင်တော့ ကျနော်ရဲ့ အဲဒီစာကို မရေးခင် နာရီ အတော်ကြာကြာကတည်းက နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် (၉၅/၂ဝ၁၂) က ထုတ်ပြန်ခဲ့ပြီး ဖြစ်နေပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်းတဲ့ အမိန့် ဖြစ်ပါတယ်။ ပြီးတော့ အမိန့်ကြော်ငြာစာ အမှတ် (၉၂/၂ဝ၁၂) ကို လွှမ်းမိုးပယ်ဖျက်တယ်လို့လည်း အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။




အဓိကအချက်ကတော့ ပြင်ဆင်ချက် (၉၅/၂ဝ၁၂) မှာ တာဝန်တရပ် ပါမလာတာ ဖြစ်ပါတယ်။ အဲဒီတာဝန်ကတော့ “ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းအပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်” တာဝန်ဖြစ်ပါတယ်။

တာဝန်တရပ် လျော့သွားသလို ကော်မရှင် အဖွဲ့ဝင်ဦးရေလည်း လျော့သွားပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို လိုအပ်သလို ထပ်မံအားဖြည့်ပေးဖို့ စီစဉ်ထားတာကို တွေ့ရပါတယ်။ တကယ်လက်တွေ့ လုပ်ကြည့်တဲ့အခါမှာ ကျန်းမာရေးကောင်းကောင်း၊ အရည်အချင်းပြည့်ပြည့်ဝဝ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အခုလို Exception clause ထည့်ထားတာ ကောင်းပါတယ်။

အစီရင်ခံစာမှာ “ကြားဖြတ်” တင်နိုင်တဲ့ နောက်ဆုံးရက်ဟာ အရင်နဲ့ အတူတူပဲ ဖြစ်တာကြောင့် ကော်မရှင်အနေနဲ့ နောက်ထပ် အချိန်ထပ်ယူပြီး လုပ်နိုင်တယ်လို့ အဓိပ္ပာယ်ကောက်မိပါတယ်။ ပယ်ဖျက်လိုက်တဲ့ ကော်မရှင်ရဲ့ တာဝန်ကို သီးခြား လုပ်ဆောင်မှာလား မသိနိုင်သေးပါ။

လိုအပ်ချက် တခုခု (သို့) ရည်မှန်းချက် တခုခု ရှိနေလို့ ပြင်ဆင်လိုက်တာ ဖြစ်ပါလိမ့်မယ်။ ဘာကို လိုအပ်ပြီး ဘာကို ရည်မှန်းသလဲ ဆိုတာကတော့ နိုင်ငံတော် သမ္မတကသာ အသိဆုံး ဖြစ်မှာပါ။

တာဝန်တခု လျော့သွားတာကလွဲလို ပြင်ဆင်ချက် (၉၅/၂ဝ၁၂) ဟာလည်း တိုင်းကျိုးပြည်ပြု ဖြစ်စေဖို့ တကယ်ကိုပဲ အားထားမျှော်လင့်နိုင်စရာ ကောင်းလောက်တယ်လို့ ယူဆမိပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစကောင်း တွေ့ရှိပြီး အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းအပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ဖို့လည်း အစိုးရက အားတက်သရော ကြိုးစားပေးသင့်ပါတယ်။ လက်ရှိအစိုးရဟာ ပြည်သူလူထုနဲ့တကွ သပိတ်စခန်း ဖြိုခွဲခံရလို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိသူတွေအတွက် နိုင်ငံသား ရပိုင်ခွင့်ကို လေးစားလိုက်နာပေးရပါမယ်။

လွင်အောင်စိုး
၎-၁၂-၂ဝ၁၂

Ref: စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း
http://www.president-office.gov.mm/zg/briefing-room/news/2012/12/03/id-1886

အချုပ်ကားပေါ်မှ ကိုဝေဠု နှင့် ဒေါ်နော်အုန်းလှ

Yangon Press International

လက်ပံတောင်းဒါဏ်ရာ ရသူများအား စောင့်ရှောက်မှု ကော်မတီ


လက်ပံတောင်းတောင်(သပိတ်ဖြိုခွဲခံ)ထိခိုက်ဒါဏ်ရာ ရသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကော်မတီ ။ by ကိုဝိုင် ဝိုင်ကေ on Monday, December 3, 2012 at 1:20pm · ၂၀၁၂ခု ၊ ဒီဇင်ဘာလ (၃)ရက် ည(၈)နာရီ အချိန်တွင် ဘုရားကြီးရေတော်တိုက် ၊ အနန္တဂုဏ်ရည်ကျောင်းတွင် မန္တလေးမြို့ရှိ ဆရာတော်သံဃာတော်များနှင့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သော လက်ပံတောင်းတောင်ဒေသအတွင်း သပိတ်စခန်းများကို ဖြိုခွဲခံရ၍ မီးလောင် ထိခိုက် ဒါဏ်ရာရ သူများအား မန္တလေးဆေးရုံကြီး သံဃာဆောင်တွင် ကုသလျက်ရှိသည့်အတွက် ကျန်းမာရေး ဆိုင်ရာများ ပံ့ပိုးစောင့်ရှောက် ကူညီပေးနိုင်ရန် ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။

လက်ပံတောင်းတောင်(သပိတ်ဖြိုခွဲခံ)ထိခိုက်ဒါဏ်ရာ ရသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကော်မတီ ။

၁။ ဦးဝိသုတ (အနန္တဂုဏ်ရည်ကျောင်း ၊ ရေတော်တိုက် ၊ဘုရားကြီး ) ၀၉ ၄၀ ၁၇ ၀၉ ၄၀ ၇
၂။ ဦးဝိရသူ  ( မစိုးရိမ်တိုက်သစ် ) ၀၉ ၂၀၀ ၄၀ ၁၃
၃။ ဦးကာဝိယ (ဂဠုန်နီ ဆရာတော် ၊ ကုသိဠာရုံ ကျောင်းတိုက် ၊ ဘုရားကြီး ) ၀၉ ၉၁၀၀ ၂၈ ၄၂
၎။ ဦးဥတ္တမ (ဘဝအလင်း ဆရာတော် ၊ ဂန္ဒာရုံကျောင်းတိုက်၊ အမရပူရ ) ၀၉ ၂၀ ၃၅ ၉၃၆
၅။ ဦးသောဘိတ ( ဘဝအလင်း  ၊ ဂန္ဒာရုံကျောင်းတိုက်၊ အမရပူရ ) ၀၉ ၄၀၃ ၇၀ ၄၉ ၇၉
၆။ ဦးပညာနန္ဒ ( မဟာမင်းဒင် တိုက် )
၇။ ဦးစန္ဒန ( ဘုရားကြီး တိုက် )
၈။ ဦးစန္ဒန ( ပခုက္ကူ )
၉။ ဦးအဂ္ဂည ( ဓမ္မိကာ ရာမတိုက် )
၁၀။ ဦးတိက္ခဥာဏ (ဘုရားကြီးတိုက် )


နှင့် အဖွဲ့အစည်း အသီးသီးမှ လူပုဂ္ဂိုလ် (၂၆)ဦးတို့မှ ဆောင်ရွက်ပေးသွားပါမည်။

ကော်မတီ၏ လုပ်ဆောင်မှု ဆိုင်ရာ စီမံခန့်ခွဲမှုများကို သိရှိလိုပါက အထက်ပါ ဆရာတော်များမှသာ ဖြေကြားပေးမည် ဖြစ်ပါ၍ တိုက်ရိုက်မေးမြန်းကြရန် ပန်ကြားအပ်ပါသည်။ သတင်းပြန်ကြားရေး အနေဖြင့် ကော်မတီ၏ လုပ်ငန်းကိစ္စများကို ဖော်ပြနိုင်ရန် ဆရာတော်များ၏ ညွှန်ကြား မိန့်သည့်အတိုင်းသာ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ဆောင်ရွက်ချက်များကို အများသိနိုင်ရန် ပြန်ကြားရေး ဆောင်ရွက်မည့်သူများ မှာ-

(၁) ကိုရဲရင့်ကျော်
(၂) ကိုအောင်မှိုင်းဆန်း
(၃) ကိုသိန်းအောင်မြင့်
(၄) ကိုညိုလင်း

တို့ ဖြစ်ကြပါသည်။

ကော်မတီ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ လုပ်ငန်းများ အတွက် လှူဒါန်းလိုသော ရဟန်းရှင်လူ ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါဌာန (၂) နေရာသို့ တိုက်ရိုက် လှူဒါန်းပေးကြရန် နိုးဆော်အပ်ပါသည်။

လှူဒါန်းရန်ဌာန (၁)

ဦးဝိသုတ
ဖုန်း ၀၉ ၄၀ ၁၇ ၀၉ ၄၀၇
အနန္တဂုဏ်ရည် ကျောင်းတိုက် ၊ ရေတော်တိုက် ၊ ဘုရားကြီး ၊ မန္တလေးမြို့ ။

လှူဒါန်းရန်ဌာန (၂)

ဦးဝီရသူ
ဖုန်း ၀၉ ၂၀၀ ၄၀ ၁၃

မစိုးရိမ်တိုက်သစ် ၊ မန္တလေးမြို့ ။