Wednesday, December 5, 2012

ဦးပိုင်နဲ့ ဝမ်ပေါင်တို့ကြားစာချုပ်ကိုအသိပေးထုတ်ပြန်ပေးဖို့ ရှေ့နေများကွန်ရက်က သဘောထား ထုတ်ပြန်

DVB TV News
Dec 5, 2012 12:28am
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်၊ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ကြားမှာချုပ်ဆိုထားတဲ့စာချုပ်စာတမ်းအားလုံးကို အများပြည်သူကို အသိပေးထုတ်ပြန်ပေးဖို့ ရှေ့နေများကွန်ရက်က သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဦးညီငယ်သတင်းပေးပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး



မေး။ ။ ပထမဦးဆုံးအနေနဲ့ မျိုးချစ်စိတ်ဆိုတာ ဘယ်အချိန်က စပြီး ခံစား မိတာလဲဆိုတာ သိပါရစေ ခင်ဗျာ။

ဖြေ။ ။ အဲဒီမျိုးချစ်စိတ် ၊ မျိုးချစ်စိတ်ဆိုတဲ့ အကြောင်းကို သိပ်မပြောချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့တချို့က မျိုးချစ်စိတ်၊ မျိုးချစ်စိတ်ဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်တာမျိုးကို မျိုးချစ်စိတ်နဲ့ အကြောင်းပြပြီး မျိုးချစ်စိတ်နဲ့ လုပ်တယ်လို့ ပြောတယ်၊

လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကိုယ့်အမျိုးအဆွေ ကိုယ့်မောင်နှမသားချင်းတွေကို ချစ်သလို ကိုယ့်ရဲ့လူမျိုးချစ်တဲ့ စိတ်ကတော့ အမြုတေအားဖြင့်တော့ ရှိနေမယ်လို့ ထင်ပါတယ်။


မေး။ ။ အမေ့ရဲ့ မပြောင်းလဲခဲ့တဲ့ မြန်မာဝတ်စုံ နဲ့ပတ်သတ်ပြီး တစ်ခုလောက် မေးပါရစေ၊ အမေက မြန်မာပြည်က အမျိုးသမီးထုကို လမ်းပြပေးခဲ့တဲ့ ပုံစံမျိုးလား။

ဖြေ။ ။မဟုတ်ပါဘူး၊ အမေ့ဘာသာ အမေ ကြိုက်လို့ ဝတ်တာပါ၊


မေး။ ။ အမေ့အနေနဲ့ ပြည်ပ ခရီးစဉ်တွေ မှာဝတ်ခဲ့တာကို ကမ္ဘာ မှာ မြန်မာ ဝတ်စုံနဲ့ ပတ်သတ်ပြီး သတိထား လာကြတယ်လို့ ပြောလာကြတယ်၊ အဲဒါနဲ့ ပတ်သတ်ပြီး ဖန်တီးပေးထားတဲ့သူ၊ ဒီဇိုင်နာပေါ့ ၊ခုလည်း လွှတ်တော် မှာ ဝတ်ဆင်နေတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ပြောလို့ ရရင်ပြောပေးပါဗျ၊

ဖြေ။ ။ ခုဝတ်ထားတာက ကရင်လုံချည်ပေါ့၊ (ရယ်လျက်)၊ အင်း….ဒီဇိုင်နာ ရယ် လို့ မရှိပါ ဘူး၊
ဒီလိုပဲ ..၊ တချို့တွေကျတော့ သူများတွေ ချုပ်ပြီးပေး လည်း အမေဝတ်တာပဲ၊ သူများပေးတာ ဝတ်တာ များတာပေါ့နော်၊ နောက် ထပ် ကိုယ့်ဟာ ကိုယ်လည်း ဒီလိုပဲ ချုပ်ဝတ်တာပဲ၊ ဒီဇိုင်နာရယ်လို့ တော့ မဟုတ်ပါဘူး။


မေး။ ။ ဘဝမှာ အတွေ့အကြုံ အပြောင်းအလဲ တွေ ကြားမှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့တာလဲ၊ အဓိက စိတ်ဓာတ်လေး တစ်ခု သိပါ ရစေ။

ဖြေ။ ။ အဲ့ဒါပြောရခက်တယ်၊ စိတ်ဓာတ်ဆိုတာ တစ်မျိုးတည်းမှ မဟုတ် တာဘဲ၊ ကိုယ်တွေ့ကြုံရတဲ့ ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီးတော့ စိတ်ဓာတ် က ပြောင်းလဲတာပေါ့၊

ပျော့ပျောင်းသင့်တဲ့ နေရာမှာ ပျော့ပျောင်းတယ်။ တင်းမာသင့်တဲ့နေရာမှာ တင်းမာတယ်၊ အဲဒီတော့ အမေအမြဲပဲပြောတယ် တင်းမာတာမဟုတ်ဘူး၊ခိုင်မာတာပေါ့
ပျော့ ပျောင်းတာနဲ့ ပျော့ညံ့တာ မတူဘူး၊ ခိုင်မာတာနဲ့ တင်းမာတာနဲ့ မတူဘူး၊လိုအပ်ရင် လိုအပ်သလိုပေါ့၊

အမြဲပဲ ဒါပျော့ပျောင်းနေ လို့လည်း မရဘူး၊ ပြောရမယ် ဆိုရင် တိုက်ဖို့ လိုရင်လည်း တိုက်ရမှာပဲ၊ ခံဖို့လိုရင် လည်းခံရမှာပဲ၊ချော့ဖို့လိုရင်လည်း ချော့ ရမှာပဲ၊ လျှော့ဖို့လိုရင်လည်း လျှော့ရမှာပဲ(ရယ်လျက်)။
ဒါက ကိုယ့်ရဲ့ မူအရလုပ်သင့် တာတွေ လုပ်နိုင်ဖို့ စိတ်ဓာတ်ကို ပြောင်းသွားရမှာပါ။


မေး။ ။မိသားစုနဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ကြံ့ကြံ့ ခိုင်နေထိုင်နိုင်ခဲ့တဲ့ သတ္တိကိုလည်း တစ်ချက် လောက်သိပါရစေ။

ဖြေ။ ။ အဲဒါကတော့ တာဝန်သိစိတ်လို့ပဲ ပြောရ မှာပဲ၊ အမေတို့ ငယ်ငယ် တည်းက မေမေ (ဒေါ်ခင်ကြည်) က အင်မတန်မှ တာဝန်သိတယ်၊ မေ့မေ့ရဲ့ တာဝန်သိစိတ်က အင်မတန်မှလည်း ကြီးတယ်၊ ကလေးတွေကိုလည်း တာဝန်သိစိတ်ရှိဖို့ သင်ထားတယ်။

အဲတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရ ခံစားချက်တွေထက် ကိုယ့်တာဝန်လို့လက်ခံတဲ့ ကိစ္စကို ရှေ့တန်းတင် ရမယ်ဆိုတဲ့ ဟာကိုတော့ ဒါငယ်ငယ်က ပြုစုပျိုးထောင်ထားခဲ့တာပါ။


မေး။ ။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း အဓိပ္ပာယ်ကို ကျတော့ ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်ပါသလဲ ခင်ဗျ။

ဖြေ။ ။မှန်ကန်ခြင်း ဆိုတာကတော့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်ဟာက မှန်ကန်သလဲ ဆိုတာ တစ်ခါတလေ အငြင်းပွားကြတာပေါ့၊ ဒါပေမဲ့လည်း ဖေဖေပြောခဲ့တဲ့ အသုံးအနှုန်းဆိုရင်တော့ ကိုယ့်လိပ်ပြာခုံ ရုံးရှေ့မှာ ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်မှ။ မှန်ကန်လား မမှန်ကန်လား ဆိုတာ အဲ့ဒါနဲ့ ဆုံးဖြတ်ရမှာပေါ့၊

ရဲရင့်တယ် ဆိုတာက ကိုယ် မှန်ကန်တဲ့ ကိစ္စအတွက် ထိမယ်ထင်ရင်လည်း၊ နာမယ် ထင်ရင်လည်း ထိမှာ နာမှာကို ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိကို ထုတ်တာဟာ ..ဒါ ရဲရင့် တာပေါ့၊


မေး။ ။ အခု ပြုပြင်ပြောင်းလဲရေး ကာလမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအရေး တွေပေါ့။ အဲဒါမှာ ဘယ်အရာက မြန်မာနိုင်ငံ အတွက် ပထမဆုံး အဓိက လိုအပ်မယ်လို့ ထင်မိ ပါသလဲ ။

ဖြေ။ ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ ပညာရေး ကတော့ အဓိက အရေးကြီးတယ်။
ပညာရေးကို အခြေခံမှ မှန်ကန်တဲ့ စီးပွားရေး မူတွေ လည်း ချနိုင်မယ်၊ မှန်ကန်တဲ့ စီးပွားရေးလမ်းကိုလည်း လျှောက်နိုင်မယ်။ နောက် ..လူမှုရေးက လည်း ပညာရေးက အများကြီး အကျုံးဝင် တာပေါ့လေ၊

ပညာရေးက မှန်ကန်လို့ရှိရင် မှန်ကန်တဲ့ လူမှုရေး ဆက်ဆံ မှုတွေကလည်း မှန်ကန် လာမှာပေါ့၊ အမေတို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် စိတ်ဓာတ်ကောင်းမွန်ဖို့ ..။ ဒါမျိုးတွေက အများကြီး သင်တာတွေ ရှိတယ်၊ သားတို့ခေတ်မှာ ဒါ တွေက ကျောင်းတွေမှာ သိပ်မသင်ဘူးပေါ့။ အဲတော့ ပညာရေးက စိတ်ဓာတ်မှန်ကန်ဖို့နဲ့ ဆက်စပ်တယ် ဆိုတော့ လူမှုရေးနဲ့လည်း ဆက်စပ်သွားတာပေါ့။

အောင်ထက် (NYK)

အရှေ့ပိုင်းခ၇ိုင်တရားရုံးက ဆင့်ခေါ်လာပြီ(နေမျိုးဇင်)


Nay Myo Zin
ကျနော့်ကို မဖြစ်မနေ လာရောက်ခဲ့ဖို့ ဆင့်ခေါ်လာတဲ့ တရားရုံးက ဆင့်ခေါ်စာ မနက်ဖြန် မနက်မှာ သွားရပါမယ်။ အမှုတွဲတွေ ဖြစ်တဲ့ မိုဃ်းသွေး တို့ ဝေလု တို့ကတော့ ထောင်ထဲမှ ချုပ်နှောင်ထားခံနေရပါပြီ။ When my turn?

သမိုင်းရိုင်းတဲ့ရက်စက်မှု(တက္ကသိုလ်ဘုန်းကြွယ်)

သမိုင်းရိုင်းတဲ့ရက်စက်မှု

ဒင်းတို့ရဲ့လက်ချက်
ရက်ရက်စက်စက်နဲ့ပစ်ခဲ့တဲ့ဒဏ်ချက်
နေ့ရက်တွေကုန်ဆုံးသွားတော့
... တစ်နေ့တစ်ခြား ဆိုးဝါးလာတယ်
အသားထဲလှိုက်စား ဓါတုအဆိပ်များကြောင့်
အသားများတစ်တိတိ ရိကျလာတယ်
မြင်ရသူအသည်း ကွဲရပါတယ်
ချုံးးချပူဆွေး ငိုကြွေးခဲ့ရတယ်
ကူညီပေးမယ့်သူများ နိုင်ငံခြားမှာ
ရှိပေငြားလည်း ရာဇ၀တ်သားတွေမို့
ထွက်မသွားရဖူးတဲ့…။

နာဂစ်တုန်းက ကိုယ်ကလဲမကူနိုင်
အကူညီပေးလာကြသူတွေကိုလဲ
ပြည်ထဲဝင်ခွင့်မပြု အသက်လုကယ်ရမယ့်
ယခုသံဃာတော်တွေကိုလဲ
ဗလောင်းဗလဲ ပုဒ်မတပ်ပြီး
အသေသတ်နေပါလား…စဉ်းစားလို့မ
ယွင်းမှားတဲ့လုပ်ရပ်များ
တားနိုင်သူမရှိတော့ဖူးတဲ့လား…။

တက္ကသိုလ်ဘုန်းကြွယ်
(ဒီဇင်ဘာ ၅ ၂၀၁၂) See More

သိုင်းလောက၏ စိမ်ခေါ်သံ

Wa Lone
သပိတ်စခန်းများသို့ အလှူရှင်များလှူဒါန်းထားသည့်ပစ္စည်းများကို ယူငင်နေကြစဉ်

ဘွ ရှင်

တစ်နေ့သ၌ ၀ူတန်းဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်၏ ဆရာတူ ပညာသင်ဘက်ညီအစ်ကို များ ဖြစ်ကြသော ပွေးမနိုင်ဓားရှင် သာအေးနှင့် မီးခိုးဗုံးနှင့်သွပ်ဒိုင်း သိုင်းဘုရင် ကိုကိုတို့နှစ်ဦး တပည့်များနှင့်အတူ သိုင်းလောကသရဖူလုပွဲ ကျင်းပရာ လက်ပတောင်းတောင်ထိပ်သို့ ကိုယ်ဖော့ပညာဖြင့် အပြေးအလွှားရောက်လာကြသည်။ ၎င်းတို့၏ ချပ်ဝတ်... စုံများကား လေထဲတွင် လွင့်ခနဲ။

လက်ပတောင်းတောင်တ၀ိုက် သိုင်းလောကသားတို့၏ တံခွန်များကား တလူလူလွင့်လျှက်ရှိနေသည်။ အစဉ်အလာချန်ပီယံ သရဖူကိုနှစ်တိုင်း နည်းမျိုးစုံဖြင့် ရယူထားသည့် ၀ူတန်းဂိုဏ်းသားများက တခြားသိုင်းလောကသားများအတွက် အဓိကပြိုင်ဖက်ဖြစ်နေသည်။ အဆိုပါသရဖူလုပွဲအား တိုက်ရိုက်ထုတ်လွှင့်ခွင့်ရထားသည့် ဒီဗီဘီရုပ်သံမှ နိုင်ငံတကာသို့ အချိန်နှင့်တပြေးညီ ထုတ်လွှင့်လျှက်ရှိသည်။

ဂိုဏ်းအားကိုးဖြင့် သိုင်းလောက၏ ပထမဓားဘွဲ့ကို ရယူထားသည့် ဂိုဏ်းချုပ်ကြီး ၀ူတိန့်ရှိန်ကား ဤပွဲသို့ ကိုယ်တိုင်တက်ရောက်ခြင်း မရှိချေ။ ၎င်း၏ လူယုံများကိုသာ ယုံကြည်အားကိုးစွာ စေလွှတ်လိုက်သည်။ ၀ူတန်းဂိုဏ်းသားများအား စိမ်ခေါ်ရန် အားမာန်အပြည့်ဖြင့် စောင့်ဆိုင်းနေသူများသည်ကား ခေတ်အဆက်ဆက် ၀ူတန်းဂိုဏ်း၏ အနိုင်ကျင့်ဗိုလ်ကျမှုများကို ခံစားနေရသူ အရပ်သားများဖက်မှ အမြဲတစေ ရပ်တည်ကာကွယ်ပေးနေသည့် ပြည်သူ့ဖက်တော်သား ရှောင်လင်ဂိုဏ်းသားများပင် ဖြစ်ပေသည်။ ရှောင်လင်ဂိုဏ်း၏ သပိတ်လက်နက်သိုင်းကွက်မှာ ယခုနှစ်ပိုင်းအတွင်း သိုင်းလောကတွင် တဟုန်ထိုးကျော်ကြားလာသော သိုင်းကွက်ဖြစ်သည်။ ယခုအချီတွင် ထိုသိုင်းကွက်၏ အစွမ်းသတ္တိကို ၀ူတန်းသိုင်းသမားများနှင့် ယှဉ်ပြိုင်၍ သက်သေပြရန် ရှောင်လင်ကိုယ်တော်များ ဆန္ဒပြင်းပြလျှက်ရှိသည်။

သရဖူလုပွဲသို့ရောက်သည်နှင့် ၎င်းတို့အတွက် သီးသန့်စီစဉ်ထားရာ နေရာမှ ပွဲခင်းတ၀ိုက်ကို လှမ်းမျှော်ကြည့်ရင်း ပွေးမနိုင်ဓားရှင်သာအေး ကျောနည်းနည်းစိမ့်သွားသည်။ ရှောင်လင်ဂိုဏ်းသားများကား ကြွေးကြော်သံများ အော်ဟစ်လျှက်ပွဲခင်းတစ်ခုလုံး ပြည့်အောင် နေရာယူထားသည်ကို တွေ့ရသည်။ သာအေးက သွပ်ဒိုင်းကိုကိုအား တီးတိုးတစ်ခုပြောလိုက်သည်နှင့် သွပ်ဒိုင်းကိုကိုက သူ့လူများအား အချက်ပြလိုက်သည်။ ၀ူတန်းဂိုဏ်း၏ နာမည်ကျော် သွပ်ဒိုင်းရန်ကာ သိုင်းကွက်စခင်းလေပြီ။

" တာဝတိံသာ နတ်ရွာလော..ဒူးချပ်ချပ်.. ဒူးချပ်ချပ်"

ဝူတန်းဂိုဏ်း၏ သွပ်ဒိုင်းသိုင်းကွက်အား ရှောင်လင်များ မမှုချေ။ နောက်မဆုတ်တမ်း အံတုသောအခါ သွပ်ဒိုင်းသိုင်းသမားများ အသာအယာပြန်ဆုတ်သွားကြသည်။ နောက်ထပ် သုံးလေးခါ ကြိုးစားကြည့်သည်။ အရာမထင်ချေ။ ပွေးသိုင်းသာအေး ဒေါသတကြီးဖြင့် လက်နက်ပုန်းဖြင့် ပစ်ရန်ပြုသည်။ သို့သော် ပြိုင်ပွဲစည်းကမ်းအရ လက်နက်ပုန်း သုံးခွင့်မရှိသည့်အတွက် လက်ရုတ်ထားလိုက်ရသည်။ ထိုအချိန်တွင် ဗုံတီးသံများ ရုတ်တရက်ကြားလိုက်ရပြီး တူညီဝတ်စုံဝတ်ဆင်ထားသည့် လူတစ်စု သာအေးအနီးရောက်ရှိလာသည်။

"၀မ်ပေါင်းဂိုဏ်း"

ဝမ်းပေါင်းဂိုဏ်းခွဲမှူးက ပွေးသိုင်းသာအေးနှင့် သွပ်ဒိုင်းကိုကိုတို့အား တီးတိုးပြောလိုက်သည်။

"မနက်ဖြန် အော်မေ့ဂိုဏ်းချုပ်ကိုယ်တိုင် ရှောင်လင်တွေကို ကူဖို့ တက်လာမယ်လို့ သတင်းရထားတယ် သူရောက်လာရင် မလွယ်ဘူး ဒါကြောင့် ဒီကိုယ်တော်တွေကို ဒီနေ့အပြတ်ရှင်းရမယ် ဟောဒီမှာ အထူးစပါယ်ရှယ်စီရင်ထားတဲ့ လက်နက်ဆန်း အဲဒါနဲ့စမ်းတိုက်ကြည့်"
" အဲဒီလက်နက်ဆန်းက ဘာစွမ်းတုန်း"
" မမေးနဲ့ လုပ်စရာရှိတာလုပ် အဲဒါဝမ်ကျားပေါင် အမိန့်ပဲ"

ဝမ်ကျားပေါင်နာမည်ကြားသည်နှင့် သာအေးနှင့်ကိုကို ဆတ်ခနဲတုန်သွားသည်။ တလောက သူတို့စီနီယာကြီး အောင်မင်းပင် ၀မ်ကျားပေါင်အား ချီးတုန်အောင်ကြောက်ရကြောင်း သိုင်းလောကတစ်ခုလုံးကို ၀န်ခံဖူးသည်။ ဤပွဲ၌ အရှုံးပေး၍ကလည်း မဖြစ်၊ အော်မေ့ဂိုဏ်းချုပ်ရောက်လာလျှင် သူတို့အရှက်တကွဲ ရှုံးနိမ့်တော့မည်။ သူတို့၏ အကျိုးစီးပွားအား နည်းမျိုးစုံဖြင့် နှောင့်ယှက်နေသော ရှောင်လင်များကိုလည်း သမချင်သည်။ သို့သော် ဘလိုင်းကြီး လက်နက်ဆန်းထုတ်တိုက်လျှင် ဤပွဲ၏အနိုင်အရှုံးကို လောင်းကြေးထပ်နေကြသည့် ပြည်ပရောက်သိုင်းလောကသားများက သူတို့ကို အန္တရာယ်ပြုရန် အကြောင်းရှာ၍ ရသွားနိုင်သည်။ ထို့ကြောင့် ကိုကိုက အတွင်းအားသုံး၍ လော်စပီကာဖြင့် အော်လိုက်သည်။

"ရှောင်လင်ကိုယ်တော်များ ဆုတ်ခွာပေးကြပါ ဆုတ်ခွာမပေးပါက မိမိတို့အနေဖြင့် လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားရပါလိမ့်မည် "

ရှောင်လင်ကိုယ်တော်များက တုတ်တုတ်ပင်မလှုပ်။ ကိုကိုက သာအေးအား မေးဆတ်ပြလိုက်သည်။ သာအေးက ခေါင်းပြန်ငြိမ့်ပြသည်။ ၀မ်ပေါင်းဂိုဏ်းချုပ်က ပြုံးနေသည်။

"မီးခိုးဗုံးသိုင်းကွက်"
"ဖောင်း...၀ုန်း..ဂွမ်း"

ကောင်းကင်ပေါ်သို့ မီးခိုးတန်းများ ထိုးတက်သွားပြီး ရှောင်လင်ဂိုဏ်းသားများထံ ကျရောက်သွားသည်နှင့် မီးလုံးကြီးများဖြစ်သွားပြီး ကျသည့်နေရာအနှံ့ မီးတောက်မီးလျှံများ ပြန့်နှံ့သွားသည်။ ရှောင်လင်ဂိုဏ်းကား ၀မ်ပေါင်းလက်နက်ဆန်းအောက်တွင် မရှုမလှရှုံးနိမ့်သွားရလေပြီ။

*******************************
ဝူတန်းဂိုဏ်းဌာနချုပ်

ဝူတန်းဂိုဏ်းချုပ်ကြီးရှေ့တွင် ပွေးသိုင်းသာအေးနှင့် သွပ်ဒိုင်းကိုကိုတို့ မျက်နှာငယ်လေးနှင့် ရပ်နေသည်။ ၀ူတိန့်ရှိန်က ၎င်းတို့နှစ်ဦးအား ဒေါသတကြီးဆူပူလျက်ရှိသည်။

"မင်းတို့လုပ်တဲ့ ပြဿနာ ခု ငါ့ခေါင်းပေါ်ရောက်လာပြီ အဲဒါဘယ်လိုရှင်းမလဲ ပြော "

သာအေးက မျက်လုံးလေး ထောင့်ကတ်ပြီး ပြန်ဖြေသည်။

"ဟင့် တားတို့ ဘယ်လိုရှင်းတတ်မှာယဲရို့"

"အေး မရှင်းတတ်လို့မရဘူး၊ မင်းတို့မရှင်းတတ်ရင် ငါ့ကိုလူတွေ ၀ိုင်းသမကြလိမ့်မယ်.. လက်ဝဲရံ ဘယ်ရောက်နေလဲ လာခဲ့စမ်း ဒီကို"

လက်ဝဲရံ မှူးဇော်ထွက်လာသည်။ ၀ူတိန့်ရှိန်က-

"ဒီကောင်တွေ စောက်သုံးမကျဘူး ထုံးစံအတိုင်း မင်းကြည့်ကျက်လှုပ်ရှားလိုက်"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး"

လက်ဝဲရံကချက်ချင်း သူ၏ဖေ့ဘုတ်စာမျက်နှာနှင့် ၀ူတန်းဂိုဏ်းပြန်ကြားရေးဝက်ဆိုက်တွင် ကြေငြာချက်တစ်စောင်ထုတ်လိုက်သည်

"ရှောင်လင်ဂိုဏ်းသားများသည် မီးလောင်နိုင်သည့် ချပ်ဝတ်တန်ဆာများကို ၀တ်ဆင်ထားသောကြောင့် ၀ူတန်းဂိုဏ်းမှ အမြဲသုံးနေကျ မီးခိုးဗုံးသိုင်းကွက်ကို ခံနိုင်ရည်မရှိပဲ မီးလောင်ခံရခြင်းဖြစ်ကြောင်း ကြေငြာအပ်ပါသည်"

အဆိုပါကြေငြာချက်ကြောင့် သိုင်းလောကတစ်ခုလုံး ဆူပွက်သွားသည်။ ၀ူတန်းဂိုဏ်းသားများက ထိုကြေငြာချက်ကို ထောက်ခံကြောင်း ထပ်ဆင့်ကြေငြာကြပြန်သည်။ တခြားဂိုဏ်းများက လုံးဝလက်မခံ။ တကိုယ်တော်သိုင်းသမားများပင် ထိုကြေငြာချက်ကို ခါးခါးသီးသီး ကန့်ကွက်ကြသည်။ ကန့်ကွက်သည့် သိုင်းသမားများတွင် အော်မေ့ဂိုဏ်းမှ ကုန်းကုန်း ဒီမို ဖက်တီး ကအဆိုးဆုံးဖြစ်သည်။ ထိုအချိန်တွင် ၀ူတန်းဂိုဏ်း၏ လက်ယာရံဇော်ဦးက လက်ဝဲရံမှူးဇော်အား ကြေငြာချက်ပြန်ဖျက်ခိုင်းသည်။ ပြန်ဖျက်လိုက်သော်လည်း သိုင်းလောကသားများ၏ မကျေနပ်ချက်က လျှော့မသွားပေ။ ၀ူတန်းဂိုဏ်းကို ၀ိုင်းဝန်းစိမ်ခေါ်လျှက်ရှိနေကြသည်။ ဒီမိုဖက်တီးအား ၀ူတန်းဂိုဏ်း လျှို့ဝှက် ဂိုဏ်းဝင် ပလေတိုဒီမိုက နှစ်ယောက်ချင်းချရန် ပေါ်တင်စိမ်ခေါ်လိုက်သည်။ သိုငးလောကတစ်ခုလုံး ရှုပ်ထွေးနေချိန်တွင် စတင်ကျူးလွန်သူ သာအေးနှင့် ကိုကိုတို့နှစ်ဦး ၎င်းတို့ကိုအပြစ်တင်ခြင်းမှ လွတ်ရာလွတ်ကြောင်း တပည့်များကို ရှောင်လင်ဂိုဏ်းသို့ လွှတ်၍ တောင်းပန်ခိုင်းလိုက်သည်။ သို့သော် သက်ကြီးဝါကြီးဆရာတော်ကြီးများမှလွဲ၍ တခြားကိုယ်တော်များက လက်မခံချေ။ ထိုအချိန်တွင် သိုင်းလောက အရေးအခင်းကို အခွင့်ကောင်းယူ၍ ၀ူတန်းဂိုဏ်းထိန်းချုပ်ရာနယ်မြေမှ မူဂျာဟစ်ဂိုဏ်း ထသောင်းကျန်းလေ၏။ လောင်းကြေးထပ်သည့်ပွဲတွင် အငြင်းပွားဖွယ် အနိုင်ယူသည့် ကိစ္စကြောင့် ပြည်ပသိုင်းလောကသားများအကြားတွင်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ ၀ူတန်းဂိုဏ်းအား စိမ်ခေါ်ရန်ပြင်ဆင်ကြလေသည်။ ထို့ကြောင့် ၀ူတိန့်ရှိန် ကြံရာမရဖြစ်ကာ အသက်ရှူပေါက်ရှာသည့် အနေဖြင့် ထုံးစံအတိုင်း အချိန်အကန့်အသတ်မရှိကြာမြင့်မည့် စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်သည်။ ဤသို့အခြေအနေများ အရှုပ်ထွေးဆုံးအချိန်တွင်......

မူလတရားခံ ၀မ်းပေါင်းဂိုဏ်းနှင့် ၀ူတန်းဂိုဏ်းမှ ကျောထောက်နောက်ခံပြုထားသည့် ဦးပိုင်ဂိုဏ်းတို့သည်ကား အော်မေ့ဂိုဏ်းချုပ်ဦးဆောင်မည့် စုံစမ်းရေးကော်မရှင် ရောက်မလာခင် သက်သေအထောက်အထားများကို လက်စလက်နဖျောက်ရန် ပြင်ဆင်နေကြပါတော့သည်။

ဆက်ရန်.....

တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေ

“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ ယူဆရတဲ့ စကားပဲ”


Hot News  December 4, 2012




ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း


သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းမှပြီးခဲ့သည့် နိုဝင်ဘာ  (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ရောက်ရှိခဲ့ပြီး ခရီးစဉ်အတွင်း လက်ပံတောင်းတောင်ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိ သံဃာတော်များအား တွေ့ဆုံလျှောက်ထားရာ၌ မိမိတို့အနေဖြင့် တရုတ်ကိုကြောက်ရကြောင်း၊ ၈၈ အရေးအခင်းကာလအတွင်းတိုင်းပြည်တွင် စားစရာမရှိ၍ တရုတ်မှရိက္ခာသွင်းခဲ့ရ၍ ပြည်သူများ အသက်ဆက်ခဲ့ရကြောင်းနှင့် တရုတ်အား ရန်မဖြစ်ရဲကြောင်း လျှောက်ထားပြောဆိုခဲ့ခြင်းအပေါ် ၀ါရင့်သတင်းစာဆရာကြီးတစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်အား Hot news မှ တွေ့ဆုံ၍ ယင်းစကားများ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်သက်ရောက်မှု အမြင်သုံးသပ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

* ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသခံ သံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက  တပည့်တော်တို့ဟာ အရေးအခင်းကာလက စားစရာမရှိလို့တရုတ်ဆီက ရိက္ခာသွင်းရလို့ အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘဘ တကယ်ရော အဲဒီအချိန်က  တိုင်းပြည်မှာစားစရာမရှိအောင်ငတ်ခဲ့တဲ့ အနေအထားမျိုးဖြစ်ခဲ့ပါသလား။

သူပြောတော့ ၈၈ အရေးတော်ပုံကြီးမှာတုန်းက စားစရာမရှိလို့ တရုတ်ကနေသွင်းပြီး ပြည်သူတွေအသက်ဆက်ခဲ့ရတယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရတစ်ရပ်ပြောင်းဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းပေးဖို့ ဆန္ဒပြတာပဲ။ အဲဒီတုန်းကတိုင်းပြည်မှာ စားစရာမရှိအောင်ငတ်နေတယ်ဆိုတာ ကျွန်တော်လုံးဝ လက်မခံဘူး။
အဲဒီတုန်းက တိုင်းပြည်မှာ အခြေအနေတွေ ဘယ်လိုပဲဖြစ်နေပါစေ။ ရိက္ခာဖြတ်ပြီး ငတ်တယ်ဆိုတာမျိုး လုံးဝမဖြစ်ခဲ့ဘူး။ ဦးအောင်မင်းပြောတဲ့ တိုင်းပြည်မှာ အဲဒီတုန်းက စားစရာမရှိလို့ တရုတ်ကသွင်းရတာကြောင့် အသက်ဆက်ခဲ့ရတယ်ဆိုတာဟာ ချဲ့ကားပြောတဲ့စကား တရုတ်ကိုစန်းတင်တဲ့စကားပဲ။ ကျွန်တော်တော့ ဒီလိုပဲမြင်တယ်။

* ဟုတ်ကဲ့ နောက်ဝန်ကြီးဦးအောင်မင်းပြော တဲ့ထဲမှာ “တရုတ်ကိုကြောက်ရတယ် ရန်မ ဖြစ်ရဲဘူး”လို့ပါပါတယ် အဲဒီစကားအပေါ်  ဘဘရဲ့ အမြင်ကိုသိပါရစေ။


သူပြောတဲ့ထဲမှာ တရုတ်ကကယ်ခဲ့လို့ အဲဒီကျေးဇူးလေးတွေကိုပြန်ကြည့်ရမယ်ဆိုတာပါတယ်။ တရုတ်ကယ်ခဲ့တာ တရုတ်ရဲ့ ကျေးဇူးရှိတာ မြန်မာပြည်သူတွေရဲ့အပေါ်မှာ မဟုတ်ဘူး။ သူတို့အပေါ်မှာ။ အာဏာရှင်အစိုးရရဲ့အပေါ်မှာပဲ ရှိတာ။ မြန်မာပြည်သူတွေအပေါ် တရုတ်ကျေးဇူးဘာမှမရှိဘူး။ တရုတ်ကိုကြောက်စရာရှိလည်း သူတို့ပဲကြောက်ရမှာ။ မြန်မာပြည်သူတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူး။ ကျေးဇူးတင်စရာရှိလည်း သူတို့ပဲကျေးဇူးတင်ရမှာ။

သူ့ကိုပြောချင်တာက  မြန်မာ့သမိုင်းကိုပြန်ကြည့်ပါ။ မြန်မာတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ခဲ့ဘူး။  ဘယ်တော့မှလည်းကြောက်မှာ မဟုတ်ဘူးဆိုတာသိရလိမ့်မယ်။ ကုန်းဘောင်ခေတ်တို့၊ ပုဂံခေတ်တို့မှာ တရုတ်တွေဘက်စစပြီး ရန်စကျူးကျော်မှုတွေလုပ်ခဲ့တာပဲ။ အဲဒီတုန်းက မြန်မာတွေက တရုတ်ကိုကြောက်ပြီး ငြိမ်ခံနေခဲ့လို့လား။ မနေခဲ့ဘူး။  တရုတ်ကို ပြန်တော်လှန်ခဲ့တာပဲ။ ဦးအောင်မင်းပြောတဲ့ထဲမှာ တရုတ်ကို ရန်မဖြစ်ရဲဘူးလို့ဆိုတာပါတယ်။ မြန်မာတွေဟာ ရန်မဖြစ်ရဲတာ မဟုတ်ဘူး။ ရန်မဖြစ်တတ်တာ။ ကိုယ့်အိမ်နီးချင်းအပေါ်  ရိုင်းပင်းတာကူညီတာ။ အဲဒါကို ခုတုံးလုပ်ပြီး တရုတ်တွေမြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလေ။ မြန်မာတွေ ရန်မဖြစ်ရဲတာ မဟုတ်ဘူး။ ရန်မဖြစ်ချင်တာ။

* ကျွန်တော်တို့မြန်မာတွေဟာ တရုတ်ကို လုံးဝမကြောက်ခဲ့ဘူးဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့သမိုင်းသာဓကတစ်ခုကို ဘဘရဲ့ အတွေ့အကြုံအရ ပြောပြပေးပါလား။

မြန်မာစာပေမှာ ကာချင်းဆိုတာ ရှိတယ်။ အဲဒါဟာ တရုတ်ကို မြန်မာတွေ လုံးဝမကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့ သာဓကပဲ။ ဘာလို့ဆိုတော့ ပုဂံခေတ်မှာ တရုတ်တွေ မြန်မာပြည်ကို ရန်စကျူးကျော်တဲ့အခါ မြန်မာတွေအနေနဲ့ စည်းစည်းလုံးလုံး တစ်ယောက်ကိုတစ်ယောက် ညီရင်းအစ်ကိုစိတ်နဲ့ ဖေးမအားပေးရင်းကနေ ဇာတိမာန် တက်စေမယ့် စစ်သီချင်းတွေရေးစပ်သီဆိုကြရာကနေ ကာချင်းဆိုတာပေါ်လာတာ။
မြန်မာစာပေမှာရှိနေတဲ့ ကာချင်းဆိုတာဟာ မြန်မာတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာဓကပဲ။ အဲဒီတုန်းက တရုတ်တွေနဲ့ ရန်စကျူးကျော်မှုကို ပြန်တော်လှန်ဖို့ မြန်မာ့စစ်သည်တော်တွေရဲ့ စိတ်ဓာတ်အားမာန်မျိုးချစ်စိတ် ဇာတိမာန်တွေကို ဖြည်းပေးဖို့ စစ်ချီတေးတွေစပ်ခဲ့ရာကနေ ကာချင်းဆိုတာဖြစ်လာတာပဲလေ။ မြန်မာတွေ တရုတ်ကို မကြောက်ဘူးဆိုတာသမိုင်းနဲ့ ချီတဲ့သက်သေသာဓကတွေ ရှိနေပါတယ်။ သမိုင်းကို သေသေချာချာ မလေ့လာလာသူတွေပဲ မသိတာ။

* တရုတ်နိုင်ငံအနေနဲ့ရော မြန်မာနိုင်ငံရဲ့ အရေးကိစ္စကြီးငယ်တွေမှာ ရပ်တည်ကူညီပေးခဲ့တာ၊ ဦးအောင်မင်း ပြောသလို ကယ်တင်ပေးခဲ့တာမျိုးရော ရှိပါသလား ဘဘ။

သူပြောတဲ့စကားတွေဖြစ်တဲ့ “တရုတ်ကို ကြောက်ရပါတယ်။ တရုတ်ကယ်တင်ခဲ့ပါတယ်” ဆိုတဲ့ စကားတွေကိုကြည့်ရင် ကျွန်တော်တို့ကပဲ တရုတ်ကိုပြန်ပြီး ထိုင်ကန်တော့ရမယ့် ပုံစံပေါက်နေပြီ။ တကယ်တမ်း သမိုင်းကိုပြန်ကြည့်ရင် အဖြေပေါ်တာပဲ။ တရုတ်က မြန်မာပြည်ကိုကယ်ခဲ့တာလား။ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလား ရှင်းနေတာပဲ။
ဆိုပါစို့။ ကွန်မြူနစ်တွေ တိုင်းပြည်ကို ထိုးစစ်တွေ လုပ်မယ်။ ဆူပူမှုတွေဖြစ်အောင်လုပ်မယ်။ နောက် မြန်မာပြည်နိုင်ငံရေးကို ပျက်ပြားအောင်လုပ်မယ်ဆိုတော့ အဲဒီကွန်မြူနစ်တွေကို အဲသလိုလုပ်နိုင်ဖို့ ထောက်ပံ့ပေးတာ ဘယ်သူလည်း တရုတ်ပဲ။ နောက်အဲဒီ ကွန်မြူနစ်တွေ အခြေအနေဟန်ပုံမရတော့ တရုတ်က အဲဒီတုန်းက စစ်အာဏာရှင်တွေကို ပြန်ထောက်ပံ့တယ်။ သူတို့ပြောနေတဲ့  တရုတ်က ကယ်ခဲ့ပါတယ်ဆိုတဲ့ စကားတွေဟာ သူတို့အမြင် သူတို့ရှုထောင့်ကနေ ပြောနေတာ။  ပြည်သူရဲ့အမြင်ရှုထောင့်ကနေပြီးတော့ ပြောနေတာ မဟုတ်ဘူး။
ခေါင်းဆောင်ဆိုတာဘာပြောပြော၊ ဘာပဲလုပ်လုပ်ပြည်သူရဲ့ ရှုထောင်မျိုးကနေ ပြောရတယ်၊ လုပ်ရတယ်။ ဒါမှခေါင်း ဆောင်ပီသမှာ။

* ဦးအောင်မင်းပြောခဲ့တဲ့ တရုတ်ကို ရန်မဖြစ်ရဲဘူး။ ကြောက်ရပါတယ်”ဆိုတဲ့စကားဟာ   ရဲစွမ်းသတိ္တအပြည့်ရှိတဲ့ မြန်မာတွေရဲ့ မျိုး ချစ်စိတ်သိက္ခာနဲ့ မာန်မာနအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။

ကျွန်တော်တို့မြန်မာတွေက သူပြောသလို တရုတ်ကို ဘယ်တော့မှမကြောက်ဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အကြီးအကဲ သမ္မတကြီး အနားမှာနေတဲ့ ၀န်ကြီးတစ်ယောက်က ဒီလိုစကားမျိုး ပြောလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ရဲစွမ်းသတိ္တ၊ မာန်မာနနဲ့ မျိုးချစ်စိတ်ကို ချိုးနှိမ့်လိုက်တာ။ ရိုက်ချိုးလိုက်တာလို့ပဲ ကျွန်တော်ယူဆတယ်။ ဒီလူရဲ့ စကားကြီးက သမိုင်းဖြစ်သွားမှာ ကျွန်တော်တို့ မြန်မာတွေ အရင်တုန်းကလည်း တရုတ်ကို မကြောက်ဘူး၊ ခုလည်း မကြောက်ဘူး၊ နောင်လည်း ဘယ်တော့မှ မကြောက်ဘူး၊ သူတို့ပဲကြောက်နေရင် တရုတ်ဆီသွားပြီး အလုပ်အကျွေးသွားပြုကြလေ။ မြန်မာတွေကတော့ တရုတ်လုံးဝမကြောက်ဘူး။ ခု ဦးအောင်မင်းပြောတဲ့ စကားက မြန်မာလူမျိုးတွေကို ချိုးနှိမ့်ရာလည်း ရောက်သလို မြန်မာပြည်ကြီးကို တရုတ်ကျွန်ဇာတ်သွင်းဖို့ကြိုလမ်းခင်းနေတာလို့ပဲ ယူဆတယ်။

* ဘဘခုနက ပြောခဲ့တယ်နော်။ ဦးအောင်မင်း ပြောခဲ့စကား သမိုင်းမှာသာကျန်ခဲ့မယ်ဆိုရင် နောင်လာမယ့်မျိုးဆက်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာ ဘယ်လိုထိခိုက်နိုင်ပါသလဲ။

သမိုင်းမှာကျန်ကို ကျန်ခဲ့မှာ။ ခုသူရဲ့ စကားကို ဂျာနယ်တွေတော်တော်များများက ဖော်ပြကြပြီး။ ဒါဟာနောင်သမိုင်းဖြစ်လာမှာ နောင်နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်ပြီးတော့ နောက်ရာချီပြီးနှစ်တွေကြာလာတဲ့အခါ တစ်ချိန်က မြန်မာပြည်ကြီးရဲ့ အရေးပါတဲ့ဝန်ကြီးတစ်ပါး၊ သမ္မတရဲ့ လက်ရုံးပုဂ်္ဂိုလ်တစ်ယောက်က တရုတ်ကို ကြောက်ရပါတယ်။ တရုတ်ကိုရန်မဖြစ်ရဲပါဘူး။ တရုတ်ရဲ့ ကျေးဇူးတွေအလွန် ကြီးမားပါတယ်။ တရုတ်ကျေးဇူးတွေ ပြန်ကြည့်ရပါမယ်ဆိုတဲ့ စကားတွေဟာ နောင်သမိုင်းမှာသာ ကျန်ခဲ့ရင် အဲဒီအချိန်မှာရှိနေမယ့်မြန်မာတွေရဲ့ အရှက်တွေ၊ ဂုဏ်သိက္ခာတွေ၊ မာနေတွေကို ရိုက်ချိုး ချိုးနှိမ်ရာရောက်သွားမှာဖြစ်သလို နိုင်ငံတကာနဲ့ ယှဉ်ရင် လုံးဝခေါင်းမဖော်နိုင်သွားစေမှာ အမှန်ပဲ။

* နောက်ဆုံးတစ်ခုအနေနဲ့ မြန်မာတွေရဲ့ ဂုဏ်သိက်္ခာကို ရိုက်ချိုးလိုက်တယ်လို့ ဘဘယူဆတဲ့ စကားကို ပြောခဲ့တဲ့သူအပေါ်မှာရော ဘယ်လိုဝေဖန်ချင်ပါသလဲ။

ခုချိန်ဟာ တိုင်းပြည်တည်ဆောက်ရေးကာလဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ မျိုးချစ်စိတ်က အရမ်းကို အရေးပါနေတယ်။ ဒီအချိန်မှာ ပြည်သူတွေရဲ့ မျိုးချစ်စိတ်၊ ဇာတိမာန်ကို ညှိုးစေမယ့်စကားမျိုးတွေကို တာဝန်ရှိသူတွေအနေနဲ့ သတိထားသင့်တယ်။
ခု ဦးအောင်မင်း တရုတ်ကို ကြောက်ပါတယ်ဆိုတဲ့ စကားမျိုးပြောတယ်။ အဲဒီစကားပြောတဲ့သူက သာမန်အရာရှိလောက်ဆို ကျွန်တော်မပြောဘူး။  သမ္မတအနားမှာနေတဲ့ ၀န်ကြီးတစ်ပါး။ နောက်သူ့ရဲ့ အတွေးအခေါ်အယူအဆ ပြောစကားတွေဟာ သမ္မတရဲ့ အတွေး အခေါ်အယူအဆတွေ ပြောစကားတွေလို့တောင် ယူဆလို့ရတာ။ နောက်သူက သမ္မတနားက ၀န်ကြီးတွေထဲမှာ အထင်ရှားဆုံးနဲ့ လူသိအများဆုံးလူလေ။ အဲသလိုမျိုးသမ္မတရဲ့ လက်ရုံးတစ်ယောက်နိုင်ငံတော်သမ္မတရဲ့ အသံကိုထင်ဟပ်ပြောဆိုနေတဲ့ ပုဂ်္ဂိုလ်တစ်ယောက်က ဒီလိုစကားမျိုးတွေကို လုံးဝလုံးဝကို မပြောသင့်ပါဘူး။ သေသေချာချာစဉ်းစားချင့်ချိန်ပြီးမှ ပြောသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။

ဟုတ်ကဲ့ဘဘ ခုလိုဖြေကြားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
ခန့်ခန့်(ဒဿနိက)

ကျုပ်တို့  ဘာကို ယုံကြည်နေရအုံးမှာလဲ


ရှင်းရှင်းလေးပါဘဲ ။ မြန်မာနိုင်ငံလူ့ အခွင့်ရေးကော်မီတီ ရှိလေတော့ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ မရှိတော့ဘူးပေါ့ ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ အကောင်းဆုံးအကြံတွေ သမ္မတကို ပေးနိုင်ကြပြီပေါ့ ။ တရားဥပဒေစိုးမိုးရေးကော်မီတီဖွဲ့ တော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌဖြစ်တော့ မြန်မာနိုင်ငံမှာ မတရားတာတွေ လုပ်ကြမှာ မဟုတ်တော့ဘူးပေါ့ ။ ပြောရအုံးမယ် ။ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်တော့ မြန်မာနိုင်ငံအစိုးရက နာမည်ကောင်းရလိုက်တာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့  အစိုးရတွေ လက်ဖျားခါလောက်အောင် ချီးကြူးကြရပြီပေါ့ ။ နိုဗယ်ငြိမ်းချမ်းရေးဆုကိုတောင် သမ္မတ ဦးသိန်းစိန်က နာမည်တစ်ပေးခံရပြန်တော့ ဟုတ်သားဘဲလို့  ပြောရတာပေါ့ ။ ငြိမ်းချမ်းရေးကောင်စီ ဖွဲ့ တော့ မြန်မာနိုင်ငံမှာ ငြိမ်းရေးလမ်းစတွေ ပေါ်ပြီး စစ်မှန်တဲ့  ငြိမ်းချမ်းရေး ရကြပြီပေါ့ ။ ပြောစရာတွေ တပုံကြီး ရှိသေးပေမဲ့ ဆက်မပြောတော့ဘူး ဒေါ်မာမာအေးရယ် - ဒီလောက်ကလေးကိုဘဲ ပြန်လည်ဆန်းစစ်ကြည့်ပါရစေတော့ လို့  ပြောရတော့မှာပါ ။ မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မီတီရှိတော့ တကယ်ဘဲ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပပျောက်သွားပြီလား ။ ကျုပ်မထင်ဘူး ။ ကြားနေရတဲ့  သတင်းတွေက နားနဲ့ မဆန့်  ကြားနေရတုံး ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို နှိပ်ကွပ်ဖို့ ဟာကို တိတိကျကျ လုပ်ဖို့  အကြံတွေ ပေးလိမ့်မယ်လို့  ကျုပ်မထင်ပါရစေနဲ့ ။ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုကို တရားသူကြီးအရာကနေပြီး ဆုံးဖြတ်ဖို့  မရတော့ဘဲ ပုလိပ်အလုပ်ကို လုပ်ဖို့  စုံစမ်းရေးကော်မရှင် အလုပ်ကို လက်ခံလိုက်တာ ပွဲက ကြည့်မကောင်းပါဘူးလေ ။ စုံစမ်းရေးကော်မရှင်ဆိုတာ ပုလိပ်အလုပ်တွေဆိုတာ လူတိုင်းသိပါတယ် ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီပုလိပ်အလုပ်ကို ဘာမှ လုပ်စရာ မလိုအပ်ဘူးထင်ပါတယ် ။ ပြီးတော့ ဘာကိုစုံစမ်းကြမှာပါလိမ့် ။ ဒဏ်ရာရသူ လူနာတွေ ဖြစ်တဲ့  ရဟန်းပြည်သူတွေကို အခင်းဖြစ်တာနဲ့  ဆေးရုံတက်ရောက် ကုသနေတာကို စုံစမ်းမှာ တခုထဲလား ။ ဒီလိုအခင်းဖြစ်ပွါးစေပြီး အကြမ်းဖက်ဖြစ်အောင် ပြုလုပ်သူတွေကို ဘယ်သူမှန်းသိစေဖို့  စုံစမ်းရဲပါ့မလား ။ မြန်မာ့စီးပွါးရေးဦးပိုင်ကုမဏီ အဓိက တာဝန်ရှိတဲ့ သူတွေပါလို့  လူတွေ ဝေဖန်နေတဲ့ အတွက် အဲဒီဦးပိုင်ကို စုံစမ်းရမယ်ဆိုတာ လူတိုင်းသိပါတယ် ။ ဒါပေမဲ့  စုံစမ်းစစ်ဆေးရေးကော်မီတီမှာ ဦးပိုင်က အဖွဲ့ ဝင်အဖြစ် ပါနေတော့ ဒီစုံစမ်းစစ်ဆေးရေးကော်မီတီရဲ့  စစ်ဆေးမှုဟာ တရားမျှတမှု ဘယ်မှာ ရှိနိုင်ပါ့မလဲလို့  ပြောရတော့မှာပါ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ က အဖွဲ့ ဝင်တဦးပြောတာက စုံစမ်းစစ်ဆေးရေးကော်မီတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံဆောင်ရွက်သွားမှာပါတဲ့  ၊ ကျုပ် မယုံချင်လိုက်တာ ။ ပြီးတော့ ဦးပိုင်ကုမဏီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယက ဥသျှောင်ဖြစ်နေတော့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မီတီဟာ ပွဲစခင်ကတည်းက ဂိုးအပြတ်နဲ့  ရှုံးနေပါပြီ ။ အခုဖြစ်နေတာ ဦးပိုင်နဲ့  ၀မ်ပေါင်ရဲ့  ပြသနာဆိုတာထက် အဓိက ဦးပိုင်ကုမဏီနဲ့  စာရင်းရှင်းရမဲ့  ပြသနာဖြစ်နေတာပါ ။ ဒါပေမဲ့  အကြမ်းဖက်ခံရသူများက တရားတပေါင် မစွဲရဘဲ ဘယ်လိုလုပ်ပြီး စုံစမ်းစစ်ဆေးရေးကော်မီတီက ခံရသူနဲ့  ပြုလုပ်သူဆိုပြီး ဘယ်သူ့ ကို ခေါင်းစဉ်တပ်ပြီး စုံစမ်းလို့  ရပါ့မလဲ ။ ဒါကြောင့် လက်ပံတောင်းတောင် အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးဖို့ အတွက် မည်သူမဆို တရားစွဲဆိုခွင့်ကို ပထမဦးစွာ ပြုလုပ်ခွင့်ပေးရပါမယ် ။ ဒီလို တရားစွဲဆိုပြီးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ က တရားစွဲသူများကို ပုလိပ်စစ်သလို စစ်ဆေးမေးမြန်းခွင့်တွေ ရလာကြမှာပါ ။ ဒီတော့ အမှုမှန် ပေါ်ထွက်လာဖို့  တရားသူကြီးများက အဲဒီအမှုကို စီရင်ချက်ချမှတ်ပြီး တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်အောင် ဆောင်ရွက်သင့်ပါတယ် ။ ဒီတော့ခါ တရားသူကြီးများက တရားစီရင်ဆုံးဖြတ်ချက်ချမှတ်တာကို တော်၏သင့်၏ လျော်၏ ဖြောင့်မတ်၏ ဆိုသလားဆိုသည်ကို တိတိကျကျ စစ်ဆေးပြီး တရားဥပဒေစိုးမိုးရေးကော်မီတီက ထောက်ခံချက် ပေးကာ ပြုလုပ်သင့်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  အခုသမ္မတက ဖွဲ့ စည်းပေးထားတဲ့  စုံးစမ်းစစ်ဆေးရေးကော်မီတီမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ ဝင်အဖြစ် ပါဝင်ရန် ဘယ်လိုနည်းနဲ့ မှ မသင့်လျော်ကြောင်း ထင်မြင်ယူဆပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးနေရာဟာ တရားဥပဒေစိုးမိုးရေးကော်မီတီ ဥက္ကဋ္ဌ ဆိုတဲ့  နေရာသာဖြစ်ပါတယ် ။ ခက်တာက ဒီပဲယင်းမှာတောင် သေသူသေ ကြေသူကြေနဲ့  ခုတောင် ဒဏ်ရာတွေ မပျောက်နိုင်သေးတဲ့ အပြင် ကာယကံရှင်ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်တောင် ဘယ်သူ့ ကိုမှ တရားတပေါင် စွဲဆိုခွင့်မရသေးတော့ မြန်မာနိုင်ငံမှာ ဥပဒေရဲ့ အထက်မှာ ဘယ်သူများ ရှိနေသလဲဆိုတာ တွေးကြည့်ရင် လူပြိန်းတောင် သိနိုင်ပါတယ် ။ ခုလဲဘဲ ရဟန်းသင်္ဃာတော်တွေကို လူမသိ သူမသိ အိပ်နေချိန်မှာ မီးလောင်တိုက်သွင်းပြီး ပစ်ခတ်သတ်ဖြတ်မှုကို သမ္မတဦးသိန်းစိန်နဲ့  အစိုးရက ဘာမှ မသိလို့  ပါဆိုပြီး အခုလိုဖြစ်ပွါးသွားတာကို စုံစမ်းစစ်ဆေးရေးကော်မိတီတွေ ဖွဲ့ ပြီး လုပ်ခိုင်းတာကိုတော့ ကျုပ်ကဖြင့် ဘယ်လိုလုပ် ယုံကြည်ရပါ့မလဲ ။။။။။။။။။

အောင်သာနီ

ကုလား၊တရုတ်တွေနဲ့ ဇယားရှုပ်တဲ့တိုင်းပြည်..


by ဖိုး သိကြား on Tuesday, December 4, 2012 at 11:54pm · မကြီးမသေးတိုင်းပြည်လေးပါ..
ဒါပေမယ့် သူ့အထာနဲ့သူ
သူ့သမ္ဘာနဲ့သူ သူ့ရာဇ၀င်နဲ့သူပါပဲ..။

ဒီတိုင်းပြည်လေးက
သမိုင်းစဉ်လှတဲ့ သူရဲကောင်းတွေ
ပေါ်ထွန်းခဲ့ဖူးသလို
နှိုင်းယှဉ်မရတဲ့ သူယုတ်မာတွေလည်း
မွေးဖွားခဲ့ဖူးတယ်..။

ဒီတိုင်းပြည်လေးမှာ..
အောင်ဆန်းဇာနည်ဘာမထီရဲ့
ခေါင်းဆောင်မှုအောက်က
ပြည်သူအပေါ် မိဘအလားသဘောထားတဲ့
တပ်မတော်တရပ်ရှိခဲ့ဖူးတယ်..။

ဒီတိုင်းပြည်လေးမှာပဲ
အာဏာရှင်အုပ်စိုးမှုအောက်
မိုးပေါ်ထောင်မပစ်တတ်လို့ဟစ်ကြွေး
ညစ်ထေးရက်စက်မှုနဲ့အတူ
ပြည်သူကိုတည့်တည့်ပစ်သတ်တဲ့
အာဏာရှင်စစ်တပ်လည်းရှိခဲ့တယ်..။

ရှစ်ဆယ့်ရှစ်နောက်
စစ်တပ်ခေတ်အရောက်မှာတော့
ခေတ်ပျက်သူဌေးတွေ
အလျိုလျိုပေါက်ဖွားခဲ့တာများ
အပ်ချလောင်း..အလားပဲ...။

ခုတော့တိုင်းပြည်လေးမှာ
ကုလားတရုတ်တွေကပါ
ဇယားရှုပ်လာကြပြီလေ..။
ကုလားကထိကပါးရိကပါးလုပ်
တရုတ်ကအချောင်ဝင်တုပ်
ခရိုနီကလက်ဝါးကြီးအုပ်နဲ့
တိုင်းပြည်လေးကယိုင်နဲ့နဲ့ပေါ့...။

ပိုက်ဆံသာပေးလို့ကတော့
ပထွေးလား၊ခွေးလားနားမလည်
အကုန်ခေါ်ထားခဲ့တာများ
ခုဆို နောက်ဖက်ကကုလား
ကြီးထွားလို့ရိုင်းစိုင်းယုတ်ပက်
ကျွေးတဲ့လက်တောင် ပြန်ကိုက်နေပြီ..။

တရုတ်ကရောဘာထူးလို့လဲ
ဦးပိုင်နဲ့ဆက် ခရိုနီနဲ့ပတ်သက်ပြီး
တိုင်းပြည်လေးကို အသေသတ်ကြတယ်..။

တိုင်းပြည်ကိုအုပ်ချုပ်ထား
မင်းစိုးရာဇာအာဏာရှင်များကလည်း
တရုတ်ကိုဆရာတင်
ကျေးဇူးရှင်လို့ပုံလို့မှတ်
တိုင်းပြည်ကိုပေးအပ်
ကျေးဇူးဆပ်ရုံနဲ့အားမရပြန်
သံဃံသရဏံဂစ္ဆာမိအစား
တရုတ်သရဏံဂစ္ဆာမိဖော်ဆောင်လို့
မီးလောင်ဗုံးနဲ့ကထိန်ခင်းကြသတဲ့...။

တရုတ်ကိုကိုးကွယ်
ကုလားကိုဖက်တွယ်လို့
ပြည်သူ့အပေါ်ကျရက်စက်ကြသတဲ့..။

အော်.. သနားစရာတိုင်းပြည်လေးမှာ
ကုလားတရုတ်တွေ ဇယားရှုပ်နေသမျှ..
ခရိုနီအစုတ်ပလုတ်တွေ လက်ဝါးကြီးအုပ်နေသမျှ..
အလကားအစိုးရက မတရားအုပ်ချုပ်နေသမျှ..
ဒီတိုင်းပြည်လေးဟာ အသက်ငင်နေရှာရော့မယ်..။



Credit for photo : Myanmar Journal (https://www.facebook.com/photo.php?fbid=503991989635345&set=a.485595811474963.113499.178970842137463&type=1)

အားလုံးကိုချစ်ခင်လေးစားသော...ဖိုးသိကြား(05/12/2012)