Tuesday, December 11, 2012

တကယ်ကြီးလား

By Nyo Gyi

‎" ဟုတ်ကဲ့ပါ ခင်ဗျ "

ထင်သလောက်လည်း မစိုးရိမ်ကြပါနဲ့ဗျာ။

ခင်ဗျားတို့ နောက်ကြောင်းတွေ ပြောပါများမှပဲ သြော်... ငါ့နှယ်... တကယ်ပဲ တို့တိုင်းပြည်ကြီး နောက်ကြောင်းပြန်ရောက်နေပလား၊ နောက်ကြောင်း ပြန်လှည့်နေပလား အောက်မေ့ရတယ်။ ဒါနဲ့ ရှေ့  ကြောင်းကရော ဘယ်တော့ရောက်မယ် ခင်ဗျားတို့ မှန်းထားသတုန်း။ လမ်းကြောင်းပေါ်ရောက်နေပတဲ့လား။ ဟုတ်လား။ တကယ်ကြီးလား ဟင်။
... မြန်မာပြည်မှာ (၇၀) ရာခိုင်နှုန်းက တောနေတောင်သားတွေပါ။ မြန်မာပြည်မှာ ဆင်းရဲသားဘယ်နှစ်ရာခိုင်နှုန်းရှိသလဲတော့ အတိအကျမသိရဘူးပေါ့လေ။ ဆင်းရဲနေတာပဲ သိတယ်။
၂၀၁၅ ခုနှစ်မတိုင်ခင်မှာ အားလုံး ငြိမ်ကြ၊ ဘာမှ မပြောနဲ့၊ ဘာမှ မလုပ်နဲ့၊ စောင့်ကြည့်ကြ။ ဒီလိုလား။

ရှိပြီးသား ပြဿနာတွေ ရှင်းဖို့ ဘယ်လောက်ကြာအောင် ထပ်စောင့်ရဦးမှာလဲဟင်။ တကယ် သိချင်လို့ မေးတာပါ။ (ဥပမာ- ပြည်သူပြည်သားများ တစ်ဦးချင်း ၀င်ငွေနည်းပါးမှု၊ အလုပ်အကိုင် ရှားပါးမှု၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးနေတဲ့ ကိစ္စတွေ၊ တရားဥပဒေ ပီပီပြင်ပြင် မစိုးမိုးသေးတဲ့ ကိစ္စ... စသည်)

စောင့်ကြည့်မနေနိုင်အောင် ဘယ်သူတွေက ပြဿနာအသစ်တွေ ဖန်တီးနေပါသလဲ။
(ဥပမာ- ကချင်၊ ရခိုင်၊ လက်ပံတောင်းတောင်အရေးများ... စသည်)

ထင်သာမြင်သာကိစ္စတွေကိုပဲ ပြောကြည့်တာပါ။ မထင်သာ မမြင်သာကိစ္စတွေဖြစ်တဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ... စသည် ကို ထည့်ပြောရရင် ဆုံးမှာတောင် မဟုတ်ဘူး။
ထားပါတော့။
အဲတော့ ကျွန်တော်တို့လို သာမန်ပြည်သူပြည်သားတွေက ဘာလုပ်ရမှာလဲဟင်။ ခေါင်းဆောင်ကြီးတွေကို ၀န်းရံကြ၊ ပံ့ပိုးကြ။ ဒီလိုလား။
တကယ်ပြောတာပါ။ ဘာလုပ်ရမှန်းမသိလို့၊ လည်ထွက်နေလို့ မေးတာပါ။
တိုင်းပြည်တိုးတက်ကြီးပွားငြိမ်းချမ်း စည်ပင် ခန့်ညားဖို့ ဘယ်လောက်စောင့်ရမယ်ဆိုတာရယ်... ဘယ်လိုစောင့်ရမယ်ဆိုတာရယ်... ပြောကြပါ။ စောင့်နိုင်ပါတယ်။ စောင့်ပါ့မယ်။
ခင်ဗျားတို့ပြောတဲ့အတိုင်း စောင့်နေရင်းနဲ့ ဒီအတိုင်း ဒုံရင်း ဒုံရင်း ဆိုရင်ကော ခင်ဗျားတို့ပြောခဲ့တဲ့ စကားတွေအတွက် ဘယ်သူက ဘယ်လို တာဝန်ယူမှာလဲ ဟင်။
ပြန်မမေးနဲ့။ စောင့်ဆိုစောင့်။ ဒီလိုလား။ ဟုတ်ပါပြီဗျာ။ စောင့်ပါ့မယ်။ စောင့်ပါမယ့်။
ပြောကြပါဗျာ။ သိတဲ့သူတွေ များများပြောကြစမ်းပါဗျာ။
ကျွန်တော်ကတော့ ကိုယ့်တိုင်းပြည် စည်ပင်ကြီးပွားတိုးတက်ခန့်ညားငြိမ်းချမ်းစေချင်တာပဲ သိတယ်။
လုပ်ပါဦး။ အချိန်လေး လုပ်ပါဦး။ ဘယ်လောက် ထပ်စောင့်ရဦးမှာလဲဟင်။ တကယ်သိချင်လို့မေးတာပါ။ မေးခွင့်ပေးပါဗျာ။ သောက်မြင်မကပ်ကြပါနဲ့။ တကယ်သိချင်လို့မေးတာပါ။ ဘယ်လို။ အချိန်ကတော့ ခန့်မှန်းလို့မရဘူး။ သူ့ဖာသာဖြစ်သွားမှာပဲ။ အဲ... မဖြစ်ရင်လည်း မဖြစ်ဘူး။ ဒီလိုလား။ ဘယ့်နှယ့်ဟာကြီးတုန်း။ ဘယ်လိုလုပ်ရမတုန်း။
အရစ်ရှည်တာ မဟုတ်ပါဘူးဗျာ။ ကျွန်တော် စောင့်နိုင်ပါတယ်။ စောင့်ပါ့မယ်။ နိုင်ငံ့အရေးအရာဆိုတာ တိတိကျကျရှိတာမဟုတ်ဘူး။ မှန်းလို့မရဘူး။ ဒီလိုလား။ စောင့်ပါ့မယ်ဗျာ။ ကျွန်တော်လည်း လည်ထွက်နေပြီဗျာ။
ဟုတ်ပါပြီဗျာ။ စောင့်ဆိုစောင့်ပါ့မယ်။ ဦးဆောင်ကြပါ။ လမ်းညွှန်ကြပါ။
စောင့်ပါ့မယ်ခင်ဗျာ...။

ညိုကြီး
၁၂.၁၂.၁၂


ဒီ လေနဲ့ .. ဒီ မိုး ။ ဒီ မြေနဲ့ .. ဒီ သူခိုး

Thein Win's photo.

မကွေးမြသလွန်ဘုရားကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်း စ/ဆုံး


DVB TV 9th December 2012 - (ရိုက်ကူး - ကိုသိုက်၊ ကျော်ဇေယျာဝင်း)

၈၈ရုံးကို အလှူငွေ လာရောက်လှူဒါန်းသွားခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်နဲ့ အဖွဲ့

င်္အံဘွယ်ကျော်

ထိပ်ထားလား သေနာလမ်းလား ၊ လမ်ကောင်းရွေးမှ ပြည်ရေးလှမယ်

Zaw Win's photo.


ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာ ပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်းကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။

အားလုံးအကြားပဲလေ။ ဗြဟ္ဓာဘုံနဲ့တူတဲ့ နေပြည်တော်ဘုံမှာ စံစားနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်။ အိမ်ကထမင်းချက်၊ တံမျက်လှဲကိုတောင် လခမပေးနိုင်ရှာကြတော့ဘူးနဲ့ တူရဲ့။ နိုင်ငံတော်ကို ငွေတောင်းနေကြတယ်လေ။ ကျပ်သိန်း နှစ်ထောင်လောက် ဆိုလား ဘာလားမသိပါဘူး။ အော်.........ဆင်းရဲ......ဆင်းရဲ။

ဒါနဲ့ကျုပ်စိတ်ထဲ လူ့ငရဲထောင်ဘဝကို ပြန်လည်တမ်းတ လွမ်းသမိသဗျာ။ကောင်းတာရယ်လို့ ဘာမှမရှိတော့ မကောင်း တာ၊ ဆင်းရဲတာ၊ ငတ်တာ၊ပြတ်တာ၊ နာတာ၊ ကျင်တာ၊ သေငယ်ဇော မျောတာတွေကိုပဲလွမ်းသ တမ်းတရပေသပေါ့ဗျာ။

လယ်တီဆရာတော်ဘုရာကြီး ရေးဖွဲ့ဆုံးမတဲ့ ကဗျာတွေထဲကလို ငါတို့“ အလကားတောမှာ ဗျာမောကျယ်” နေကြတာပါကလားလို့တွေးမိတယ်။ “ ခွင့်သာတုန်းမှာမရုန်းချင်လျှင်၊ အရှုံးနင့်မြင်ရှိသေးပေလိမ့်လား” ဆိုတဲ့စကားကိုလည်း အမှတ်ရမိတယ်။ ရုန်းကြရတော့မယ်ဗျို့။

လယ်တီဆရာတော်ဘုရားကြီးရဲ့ကဗျာတွေကို အမှတ်ရမိရာကနေ လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ လယ်တီဆရာတော်ရဲ့သာသနာ့ဗိမာန်တွေကို တရုတ်ဝမ်ပေါင်ဆိုလား ပေါင်ဝမ်ဆိုလားက အပြောင်နှံပစ်
ဖို့လုပ်နေတယ်ဆိုတာ ကြားနေပြန်သဗျာ။ စိတ်မချမ်းသာဘူး။ ဗမာမောင်ပိုင်ဆိုလား၊ ဦးပိုင်ဆိုလားနဲ့ ပေါင်းဖြိုနေကြ ဆိုလားပဲ။

နေပါအုန်း၊ အဲ့ဒီမောင်ပိုင်က ဘယ်လိုလုပ် တရုတ်နဲ့ပေါင်းမိ၊ချိတ်မိတာလဲ။

ဟာဗျာ....ဇာတ်လမ်းက အရှည်ကြီးဗျ။ ဗမာအစိုးရက တရုတ်အစိုးရနဲ့
ကြေးနီလုပ်ငန်းသဘောတူစာချုပ်ချုပ်သတဲ့။ တရုတ်အစိုးရ လက်သုံးတော်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဗမာအစိုးရလက်စွဲတော် ဦးပိုင်တို့
ပေါင်းပြီးမြေလှန်ကြတာတဲ့။ အဲ့ဒီမှာ လယ်တီ ဗိမာန်တွေပါ အပိုစွက်ပြီး အဖြိုအဖျက်ခံရတာလို့ မိတ်ဆွေတွေက ပြောကြတယ်။

မြေတွေလှန်၊ ယာတွေဖျက်၊ ရွာတွေပျက်၊ ရေတွေဆိုး၊ လေတွေလဲ သိုးကုန်သတဲ့။ ဒီတော့ ဒေသခံက ကန့်ကွက်ဆန္ဒပြကြသတဲ့။ စီမံကိန်းကြီးဖျက်သိမ်းဖို့ တောင်းဆိုသတဲ့။ ပါတ်ဝန်းကျင်က ပြည်သူတွေရော တစ်ပြည်လုံးက လူတွေရော၊ ကျောင်းသားတွေရော၊ ဘုန်းကြီးတွေရော ဝိုင်းကူလာကြသတဲ့။ သပိတ်စခန်းတွေဖွင့်ခဲ့ကြသတဲ့။ အစိုးရက သပိတ်စခန်းကို မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလားနဲ့ပစ်ပြီး အကြမ်းဖက် ဖြိုခွဲသတဲ့။

သမ္မတဦးသိန်းစိန်အစိုးရက လုပ်တာလား။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးတစ်ပါးကတော့ နေပြည်တော်က အမိန့်အရ လုပ်တာလို့ဆိုတာပဲ။

အင်းလေ....စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရဆိုကိုး။ ဒီလောက်တော့ စီးမှာ ကန်းမှာပေါ့ဗျာ။ နေပါအုန်း။ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါနေဆို။

ပါတာပေါ့။ သူမပါလို့ဖြစ်မလားဗျာ။ တိုင်းပြည်ကြီး အမှိုက်ကစ ပြဿဒ်မီး လောင်တော့မယ့်ကိစ္စ။
သူက နိုင်ငံရေး မီးသတ်သမားပဲဟာ။

အစိုးရက သူ့ကိုအသုံးချတာပေါ့။ ဒေါ်စုစကားရှိတယ်လေ။ တိုင်းပြည်ကောင်းဖို့ကိစ္စမှာ သူ့ကိုအသုံးချရင်လဲခံမယ်တဲ့။ အဲ့ဒါပဲဗျ။ ထိပ်ထားလမ်းကြောင်းဆိုတာ။ ပြောပါအုန်း။ ဒီလိုဗျ။ ၁၉၉၃-၉၄ လောက်မှာ ကျုပ်အမေရိကန်သတင်းမဂ္ဂဇင်း Time တစ်စောင်ဖတ်ရတယ်။ထောင်ထဲမှာ။ မဂ္ဂဇင်း မျက်နှာဖုံးက ဒေါ်စုရဲ့ပုံ မျက်နှာအပြည့်။
ဒေါ်စုပုံအောက်မှာ အဲဒီတုန်းက စစ်အာဏာရှင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်(ထောက်လှန်းရေးထိပ်သီး) ရဲ့ပုံ။ ခေါင်းစီးက
The Lady and The General တဲ့။ ကျုပ်က ဆောင်းပါးကိုဘာသာပြန်၊ ပလပ်စတစ်ပေါ်မှာ သံချွန်နဲ့ရေး၊ ထောင်ထဲက ရဲဘော်တွေဆီဖြန့်။ ဘာသာပြန် ခေါင်းစီကို “ ထိပ်ထားနဲ့သေနာ” လို့တပ်လိုက်တယ်။ (သေနာဆိုတာ သေနာပတိကြီး ဗိုလ်ချုပ်မှူးကြီးလို့ ဆိုလိုတာပါ။ ထိပ်ထားရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီစနစ်။ သေနာရဲ့ နိုင်ငံရေးဟာ အာဏာရှင်စနစ်။ ထိပ်ထားရဲ့ နိုင်ငံရေး လုပ်ဟန်က ညှိနှိုင်းဖြေရှင်းခြင်း။သေနာရဲ့ နိုင်ငံရေးလုပ်ဟန်က အမိန့်အာဏာ။
(စည်းကမ်းလို့ တံဆိပ်ကပ်တယ်)။

ဒီနေ့ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေ၊ လိပ်ခဲတည်းလဉ်းတွေ၊ ရှေ့တိုးထမ်းပိုး
နောက်ဆုတ်လှည်းတုတ်တွေ၊ ရန်-ငါတွေ၊ သူမသာကိုယ်ဈာပနတွေ။ ဒါတွေအားလုံးရဲ့ ဇစ်ဖြစ်က ဘာလဲ။

ချုပ်ပြောရင် ရှင်းတယ်ဗျ။ ဒီနေ့ ကျုပ်တို့ ဘယ်လမ်းလိုက်မလဲ။ ထိပ်ထားလမ်းလား။ သေနာလမ်းလား။ တစ်လမ်းလှမ်းရင် တစ်လမ်းခွာရမယ်ဗျ။ ဒီမိုကရေစီလမ်းလား။ အာဏာရှင်လမ်းလား။ အမိန့်အာဏာလမ်းလား၊ ညှိနှိုင်း ဖြေရှင်းလမ်းလား။ ရွေးကြပေတော့။

ဒီမိုကရေစီထိပ်ထားလမ်းသစ်လမ်းကောင်း ရှေ့မှာရှိတယ်။ အာဏာရှင်သေနာလမ်း ဟောင်းလမ်းဆိုးလဲ ရှေ့မှာပဲရှိသေးတယ်။

ထိပ်ထားလမ်းရွေးကြရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေဆိုတာကြီး ကို ပြင်ရမယ် ဗျ။ ပြောင်းရမယ်ဗျ။ ဖြုတ်ရမယ်ဗျ။ ဖျက်ရမယ်ဗျ။ ။ ။

ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၇)

ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ ဆရာတော်ဦးတိက္ခဥာဏဘန်ကောက်မြို့ကိုသွားကုမည်။


လက်ပံတောင်းတောင် အရေးအခင်းမှာ ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ ဆရာတော်ဦးတိက္ခဥာဏဟာ မြန်မာပြည်မှဆေးကုသမှု ခံယူဖို့အတွက် ၁၃ရက်နေ့ ညနေ၄နာရီလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိပါမယ် ဆရာတော် မိသားစု ၃ဦးနှင့် ဆရာတော်အား ကုပေးသော ဆရာဝန်ကြီးပါ လိုက်ပါလာမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ပံတောင်းတောင် အရေးအခင်းမှာ ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ ဆရာတော်ဦးတိက္ခဥာဏ
Wai Yan De Mo's photo

အဖွဲ့ချုပ်ဥက္ကဌကော့မှူးမြို့နယ်သွားရောက်

အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခု၊ဒီဇင်ဘာလ(၁၁)ရက် နံနက်(၉) နာရီကကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ရောက် ရှိကာ တာဝန်ရှိသူများနှင့်တွေ့ ဆုံကာဒေသတွင်း ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက် ထားခြင်းအခြေ အနေများ ကိုဆွေးနွေးခဲ့သည်။ထို့နောက်လမ်း၊တံတားတည်ဆောက်မှု အခြေအနေများကို လိုက်လံကြည့်ရှု့ပြီး ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံစကားပြောခဲ့သည်။ ဆက်လက်ပြီး ၀ါးဘလောက်သောက်ကျေးရွာကို သွားရောက်ကာဈေးရှေ့ လမ်းခင်းမှုအခြေအနေ၊ တိုက်နယ်ဆေးရုံး အခြေအနေ၊ စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်း ပညာရေးသင်ကြားမှု အခြေအနေများကိုလည်း သွားရောက်မေးမြန်းဆွေးနွေးခဲ့သည်။
National Leade For Democrazy

ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန်

r
ရန်ကုန်မှာကျင်းပသော ဦးသန့်အရေးအခင်း (၃၈) နှစ်ပြည့် အခမ်းအနား။ (ဓာတ်ပုံ-စည်သူ /ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၂)
ကိုသိန်းထိုက်ဦး
11.12.2012

လွန်ခဲ့တဲ့ ၃၈ နှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်ဈာပန အရေးအခင်းမှာ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားတွေကို အင်အားသုံး နှိမ်နှင်းခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းက ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက သူ့မှာ တာဝန်ရှိတဲ့အကြောင်းနဲ့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဒီနေ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ ဦးသန့်အရေးလှုပ်ရှားမှု (၃၈) နှစ်ပြည့် အခမ်းနားမှာ ပြောသွားပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား သိန်းထိုက်ဦး ရန်ကုန်ကနေသတင်းပေးပို့ပါတယ်။

ပွင့်လင်းမှု တစုံတရာရှိလာတဲ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကြားမှာပဲ အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ စစ်အစိုးရတွေ လက်ထက် နှိမ်နှင်းဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှုတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတွေ၊ အထိမ်းအမှတ် လှုပ်ရှားမှုတွေ မကြာခဏ ဆိုသလို ပေါ်လာခဲ့ပါတယ်။ အဲဒီအထဲက ဦးသန့်ဈာပနအရေးတော်ပုံလို့ သတ်မှတ်ခေါ်ခဲ့ကြ တဲ့ နိုင်ငံရေး လှုပ်ရှားမှုကတော့ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်အလောင်း မြန်မာနိုင်ငံကို ပြန်ပြီးအရောက် ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂကို ဦးဆောင်သူ ရှားရှားပါးပါး မြန်မာနိုင်ငံသားတယောက်ရဲ့ ရုပ်အလောင်း တိုင်းပြည် ကို ပြန်သယ်လာတဲ့အချိန်-  ရဟန်းရှင်လူ ပြည်သူတွေ သောင်းသောင်ဖျဖျ ကြိုဆိုခဲ့ပေမယ့် အစိုးရတာဝန်ရှိသူတွေဘက်က ပျက်ကွက်ခဲ့တဲ့အကြောင်းတွေကို အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ပြောဆိုသွားပါတယ်။

“သံဃာတော် အရှင်သူမြတ်များနဲ့တကွ ပြည်သူများအားလုံးဟာ ကြိတ်ကြိတ်တိုး၊ စည်ကား…ပြီးတော့ ဂုဏ်ပြုနေတာကို ကျနော်တို့ ကြားရပါတယ်။ ဒါပေမဲ့လို့ အစိုးရအဖွဲ့အစည်းက ရှိနေတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်လေမှ သွားရောက်ပြီး ကြိုဆိုခြင်း မဖြစ်ခဲ့ပါဘူး။ မဖြစ်ရတဲ့ အကြောင်းကလည်း သိတဲ့ အတိုင်းပဲ၊ တပါတီအာဏာရှင်စနစ်ဖြစ်တဲ့အတွက် မျက်နှာတစ်ခုတည်းကိုကြည့်ပြီး အလုပ်လုပ်ရတဲ့ ဟာကြောင့် အားလုံး ပုဂ္ဂိုလ်တွေရဲ့ မျက်နှာကို ကြည့်ပြီးတော့မှ သတ္တိရှိတဲ့လူ၊ သတ္တိပြောင်တဲ့လူ မထွက်ခဲ့နိုင်ပါဘူး။ အဲဒီတော့ - အဲဒီလို ကြိုဆိုနေတုန်းမှာ --- ပြည်သူလူထုကပဲ ခမ်းခမ်းနားနား သင်္ဂြိုဟ်မယ်၊ နောက်ပြီးတော့ ဦးခန့်ခေါင်းဆောင်တဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းများကလည်းပဲ စုဝေးပြီးတော့ သိုက်သိုက်မြိုက်မြိုက်ဖြစ်အောင် လုပ်မယ်-ဆိုတဲ့ အသံတွေကြားတယ်၊ ပြီးတော့ သင်္ဂြိုဟ်ဖို့ နေရာတောင်းတဲ့အခါမှာလည်း ကြံတောသင်္ချိုင်းကိုပဲ ပို့မယ်၊ သင်္ဂြိုဟ်မဲ့နေရာ သတ်မှတ် တာကလည်းပဲ ဒေါ်ခင်မေသန်းအတွက် သတ်မှတ်ထားတဲ့နေရာ အကွက်ဘေးမှာ သတ်မှတ်ပေးမယ် ဆိုတာကို ထပ်မံကြားကြရပြန်တော့ ပြည်သူလူထုရဲ့စိတ်ထဲမှာ ကြိမ်မီးအုံးသလို ဖြစ်ပြီးတော့ ပိုပြီး ဆူပူလှုပ်ရှားလာတာ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဦးသန့်ဈာပန အခမ်း အနားကျင်းပရေး ကော်မတီ အဖွဲ့ဝင် ၁၅ ယောက်ထဲက တယောက်ဖြစ်ပါတယ်။ သူနဲ့အတူ အဖွဲ့ဝင် ၁၄ ယောက်က ဦးသန့်ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပဖို့ သဘောတူ တင်ပြခဲ့ပေမယ့် အဲဒီအချိန် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းက-  “မင်းတို့လုပ်ချင်လုပ်၊ ငါတော့ မလုပ်ဘူး”- ဆိုတဲ့ စကားကြောင့် အစီအစဉ် အထမမြောက်ခဲ့ဘူးလို့ ဆိုပါတယ်။
ဦးသန့်ဈာပနဖြစ်မြောက်ရေး တောင်းဆိုလှုပ်ရှားသူတွေကို နှိမ်နှင်းတဲ့အချိန်၊ အဲဒီအချိန်က ရဟန်းရှင်လူ၊ ကျောင်းသား ၅,၀၀၀ လောက်ကို အင်းစိန်ထောင်ထဲကို ဖမ်းဆီး ပို့ဆောင်ခဲ့တယ်လို့ ဦးတင်ဦးက ခန့်မှန်းပါတယ်။

“တာဝန်ကို ကျနော် မရှောင်ပါဘူး။ ပေးတဲ့တာဝန်ကို ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဦးဆုံး ကျနော် ပြောတဲ့စကားဟာ အင်မတန်မှ ဝမ်းနည်းပါတယ်-လို့ ကျနော် ပြောရခြင်း ဖြစ်ပါတယ်။”

အခမ်းအနားမှာ ၇၄ ခုနှစ်၊ ဦးသန့်ဈာပန အရေးအခင်းတုန်းက နှစ်ရှည်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရ သူ ကျောင်းသားဟောင်းတချို့နဲ့ သံဃာတော် တချို့လည်း တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ဌာနေ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးသန့်ဟာ ဧရာဝတီတိုင်း၊ ပန်းတနော်ဇာတိဖြစ်ပြီး ကမ္ဘာ့ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၂ ခုနှစ်မှာ တရားဝင် အရွေးချယ် ခံခဲ့ရပါတယ်။ သက်တမ်းနှစ်ကြိမ် စုစုပေါင်း (၁၀) နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းလက်ထက်က ဦးသန့်ကို မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ သမိုင်းဝင်ခေါင်းဆောင်တယောက်အဖြစ် ဂုဏ်ပြုဖို့ ပျက်ကွက်ခဲ့ပေမဲ့လည်း နောက်ပိုင်းခေတ်တွေမှာတော့ ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ်တရ လှုပ်ရှားမှုတွေ၊ သူ့အကြောင်း စာအုပ်စာတမ်းတွေနဲ့ သူ့အတွက် စာကြည့်တိုက် ထူထောင်တာမျိုးတွေ ပေါ်လာခဲ့ပါတယ်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေ ညီလာခံ မှာ ပြောကြားတဲ့ မိန့်ခွန်းမှာလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ဦးသန့်ရဲ့ဆောင်ရွက်ချက်နဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်တဲ့အကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါသေးတယ်ခင်ဗျ။
http://burmese.voanews.com/content/u-thant-38-th-pass-away-ceremony-held-in-yangon-and-ex-general-tin-oo-seppch-and-confect/1562502.html