Saturday, December 29, 2012

၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတိုက်ရိုက်ကြည့်ရန်

ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီ
http://www.ustream.tv/channel/mrtv4

မဒေးကျွန်း တရုတ်စီမံကိန်းတွင် အလုပ်သမား အများအပြား အလုပ်ဖြုတ်ခံရ

Narinjara

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်မှ တည်ဆောက်နေသော ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းတွင် နေ့စား အလုပ်သမား အများအပြား အလုပ်ဖြုတ်ခံရသည်ဟု သတင်း ရရှိသည်။

ကျွန်းပေါ်ရှိ ဒေသခံများက သူတို့ကိုသာ အလုပ်ခန့်ရန်နှင့် ပြင်ပမှ လာရောက်သူများကို အလုပ် မခိုင်းရန် တောင်းဆိုရာမှ အလုပ်ဖြုတ်ခံရခြင်း ဖြစ်သည်ဟု အလုပ်ဖြုတ်ခံရ၍ နေရပ်သို့ ပြန်သူ ရသေ့တောင်မြို့နယ်မှ ကိုစိန်သန်းမောင်က ပြောသည်။

“ ကျွန်တော်တို့ အခု မဒေးကျွန်းက အလုပ်ဖြုတ်ခံရတဲ့ အတွက် ကျောက်ဖြူ သင်္ဘောဆိပ်ကို ရောက်နေ ပါတယ်။ ကျွန်တော်တို့က ဇွန်လ ကုလား/ရခိုင် အရေးခင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အလုပ်အကိုင် အဆင် မပြေ ဖြစ်ပြီး စားဝတ် နေရေး အခက်အခဲ ဖြစ်လာတဲ့ အတွက် မိသားစုတွေကို ခေါ်ပြီး အရင် ရောက်ရှိနေခဲ့တဲ့ ဆွေမျိုးတွေ အကူအညီနဲ့ မဒေးကျွန်းမှာ လာအလုပ် လုပ်ပါတယ်။ မဒေးကျွန်းမှာ အလုပ် လုပ်ပြီး စားဝတ် နေရေး အဆင်ပြေနေတဲ့ အချိန်မှာဘဲ ကျွန်းပေါ်က ဒေသခံတွေက သူတို့ကိုသာ အလုပ်ပေးရမယ်။ မဟုတ်ရင် ဆန္ဒပြမယ်လို့ ခြိမ်းခြောက်တဲ့ အတွက် တရုတ်တွေက ကြောက်ပြီး အပြင်က အလုပ်လာလုပ်နေတဲ့ ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်ပါတယ်” ဟု ပြောသည်။

ထိုသို့ အလုပ်ဖြုတ်ခံရသဖြင့် လူပေါင်း (၁၀၀) ခန့် သည် ယမန်နေ့က ကျောက်ဖြူမှ တဆင့် ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်သွားကြသည်ဟု ဆိုသည်။

အလုပ်ဖြုတ်ခံရရာတွင် ပါဝင်သူ ပေါက်တောမြို့ ဘ၀မ်းရပ်ကွက်မှ ကိုမောင်လှချေကလည်း အခြေအနေကို ယခုလို ပြောသည်။

“ မဒေးကျွန်းမှာ ရှိတဲ့ သူတွေလည်း ရခိုင်သားတွေပါ။ ကျွန်တော်တို့လည်း ရခိုင်သားတွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ်ထဲမှာ တည်ရှိတဲ့ အတွက် ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေ အားလုံး အလုပ် လုပ်ပိုင်ခွင့် ရှိတယ်လို့ ယူဆပါတယ်။ မဒေးကျွန်း စီမံကိန်းကို အားကိုးပြီး လာလုပ်တဲ့ ပြင်ပက လူတွေကို ဒေသခံ ကျွန်းပေါ်က လူတွေ အနေနဲ့ အနိုင်ကျင့်တာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ အခု အလုပ်ဖြုတ်ခံရတဲ့ အတွက် အလုပ်သမားတွေကို မှီခိုပြီး စားသောက်နေတဲ့ မိသားစု တော်တော်များများ ဒုက္ခရောက်သွားပါတယ်” ဟု ပြောသည်။

မဒေးကျွန်းတွင် ရခိုင်ပြည်နယ် မြို့ နယ်အသီးသီးမှ အလုပ်ကြမ်း လာလုပ်သူ ၈၀၀ ကျော်ရှိပြီး မှီခို နေသူ မိသားစုများနှင့်ပါ ဆိုလျှင် တစ်ထောင်ကျော် ရှိသည်ဟု သိရသည်။

တရုတ်များမှလည်း အဝေးမှ လာရောက် လုပ်ကိုင်နေသူ အများအပြား အလုပ်ဖြုတ်ခံရပြီး လုပ်ငန်းများ ထိခိုက်မူ ရှိသဖြင့် စိတ်မကောင်း ဖြစ်နေကြသည်ဟု ကိုမောင်လှချေက ပြောသည်။

မဒေးကျွန်းပေါ်မှ ဒေသခံများသည် သိမ်းဆည်းလယ်မြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရန်၊ အလုပ်သမားကတ် ရရှိထားသည့် ကျွန်းပေါ်မှ ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊ မဒေးကျွန်းအနီး ရွာမ၊ ကျောက်တန်း၊ ပိန်းကျေး ရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန်၊ လုပ်အားခကို နိုင်ငံတကာစံနှုန်း အ တိုင်းပေးရန်၊ မဒေးကျွန်းတွင် လူနေအိမ်၊ အဆောက်အဦးများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ဒေသခံများ လုံခြုံမှုရှိရေးအတွက် သူစိမ်း အလုပ်သမားများကို သေချာ စိစစ်ရန်နှင့် ကျွန်းပတ်လည် တွင် လွတ်လပ်စွာ ရေလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန်ဆိုသည့် အချက်များကို တောင်းဆိုရန် အတွက် China National Petroleum CorporatioN CNPC ကုမ္ပဏီ ရုံးရှေ့တွင် ဆန္ဒပြရန် စီစဉ်ခဲ့ကြသည်။

ကျောက်ဖြူ ခရိုင်အာဏာပိုင်များက အချက် (၅) ချက်ကို လိုက်လျော့ ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ပြီး ဆန္ဒပြရန် တောင်းဆိုမူကို ခွင့်ပြုချက် မပေးခဲ့ပေ။ အဆိုပါ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် တစ်ခြားဒေသက လာရောက် လုပ်ကိုင်သူများကို တရုတ် ကုမ္ပဏီက အလုပ်များ ဖြုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

မဒေးကျွန်းတွင် တရုတ်က တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း ပုံစံ ( ဓါတ်ပုံ- နိရဉ္စရာ)

ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ

The Myanma Age

ဝိုင်းမော်၊ ဒီဇင်ဘာ ၂၉။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ တွင် ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုရှည်ရှည်က ပြောကြားသည်။

“တိုက်ပွဲတွေပြင်းထန်လာတဲ့ ပြီးခဲ့တဲ့ ၁၈ ရက်လောက်က စပြီး ဒုက္ခသည် စခန်းတွေမှာ လူဦးရေတိုးပါတယ်။ ဒီနေ့ထိဆိုရင် ၂ ဆလောက် တိုးလာ တယ်။ အခုလည်း လမ်းမှာ လာနေတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကျေးရွာအနီးတွင်ရှိနေသည့် KPC ဒုက္ခ သည်စခန်းတွင် ၅၆၉ ယောက်မှ ၁၀၄၇ ယောက်အထိ တိုးလာ ကြောင်း၊ စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းတွင် ၃၄၅ ယောက်မှ ၈၁၆ ယောက် အထိ တိုးလာကြောင်း သိရသည်။

“ဒုက္ခသည်စခန်းနားတွေမှာပဲ မြန်မာစစ်ကြောင်းတွေ သွားလာနေတာ
တွေ့နေရတယ်။ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ အချိန်ပဲ ရွာသားတစ်ယောက် သေနတ်မှန်တာ တွေ့ခဲ့ရတယ်။ သေတော့မသေဘူးဗျ” ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုသားငယ် က ပြောကြားသည်။

အသက် ၅၀ ကျော် အမယ်အိုများနှင့် ၁၂ နှစ်အောက်ကလေးငယ်များ ဒုက္ခသည်စခန်းများတွင်တွေ့ရပြီး လူငယ်များနှင့် ယောက်ျားသား များ မတွေ့ရကြောင်း ကိုသားငယ်က၎င်းက ဆက်လက်ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆမ်ရမ်၊ နမ်ဆော်ရမ်၊ အောင်ကြာရမ်၊ ကဇူရမ်၊ တာပရမ်၊ ဆိုင်းမိုင်၊ ၀မ်သောင်းနှင့် သလောကြီး အစရှိသော ကျေးရွာများမှ ဒုက္ခသည်စခန်းများတွင် အများဆုံး လာရောက်နေထိုင်လျက်ရှိနေကြောင်း သိရသည်။

KPC နှင့် စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ပြဿနာနှင့် အဓိက ရင်ဆိုင်နေရပြီး ၂ မိုင်ခန့်ဝေး သောနေရာတွင် ရေသွားခပ်ရသည်ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့က ပြောသည်။

ဟိန်းသူ

"ဦးပိုင်" "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ" နှင့် ခေါင်းတလား

Popular Myanmar News Journal
ရန်ကုန်၊ ဒီဇင်ဘာ ၂၉

လက်ပံတောင်းတောင် အရေး တစ်လပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ညနေပိုင်းက ဆန္ဒဖော်ထုတ်မှုတစ်ခုပေါ်ပေါက်ခဲ့ပြီး၊ ယင်းဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူအချို့က "ဦးပိုင်" နှင့် "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ"ဟု စာရေးကပ်ထားသည့် ခေါင်းတလား ၂ ခုအား မြေချကာ၊ ယမမင်းကြီး၏ အမိန့်ကြေညာချက်ကို ရွတ်ဖတ်ဟန် performance ဖြင့် လမ်း ၅၀ ထိပ်ရှိ၊ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ —

"NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ"

Popular Myanmar News Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမှ အသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့်ကျန်ရှိကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိ
တွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေ များစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ယခုရရှိထားသော ငွေများကိုပညာရေးကွန်ရက်မှ ကျောင်းများအပြင်နယ်ကြားဒေသမှပညာရေးကျောင်းများ၊ပြည်တွင်းစစ်
အခက်အခဲကြောင့်ရွှေ့ပြောင်းလုပ်သားများရှိရာနေရာများမှ ကျောင်းများ၊ဒုက္ခသည် များရှိရာ ဒေသမှ ကျောင်းငယ်များကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲကို ယခုလ ၂၇ ရက်နှင့် ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
NYK

မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ကလေးလေးမွေးဖွား


မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီးးတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။

ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း မိုးကာတဲလေးက ကလေးငယ်လေးအား အသက်ရှင်ဖို့ စိုးရိမ်စရာအခြေအနေပါ။ လမ်းဘေးလေးမှာ မလုံမခြုံနေရတာကြောင့် ဈေးသူဈေးသားများလည်း စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကူညီမယ့်သူကိုလည်း မျှော်လင့်နေကြတယ်။ မနက်ပိုင်း နေ့ခင်းပိုင်းမှာ(ဈေးဖွင့်ချိန်မှာ) ၀ိုင်းပြီးကူညီကြ၊ ရိုင်းပင်းကြ၊ ပေးကြ ကမ်းကြပါတယ်။ အထူးသဖြင့် မအိဖောင်းက အစစအရာရာ ဂရုစိုက်ပေးပါတယ်။ ထမင်းပို့ပေးတယ်။ တဲလေးလုပ်ပေးတယ်။ မွေးဖွားခါနီးမှာ ဆရာဝန်များနဲ့ ပြသပေးခဲ့ပါတယ်။ ခက်နေတာက ဈေးသူဈေးသားတွေ မရှိတော့တဲ့ ညဘက်ဆိုရင် မိခင်ရဲ့လုံခြုံရေးကလည်း ရင်လေးစရာပါ။ ကလေးအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရပါတယ်။ စိတ်ရောဂါရှင်ဟာ လူမဆန်တဲ့လူများကြောင့် ကလေးရခဲ့တာပါ။ လိင်လုပ်သားတစ်ဦးမဟုတ်ကြောင်းကိုလည်း ပတ်ဝန်းကျင်ကပြောကြပါတယ်။ မြင်းခြံမြို့ ဘူတာဝန်းကျင်မှာ ရောက်နေတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စိတ်ရောဂါရှင်ဖြစ်လို့ စိတ်ထင်ရာလျှောက်သွားရင်း မြင်းခြံကိုရောက်လာဟန်တူပါတယ်။ သူမနာမည်ကို အမှန်မပြောနိုင်သေးပါ။ “မမုန်တိုင်း” လို့လဲပြောတယ်။ “မသက်သက်ခိုင်” လို့လဲပြောပါတယ်။ ကလေးဖွားပြီးမှ မိခင်စိတ်ရှိလာတယ်။ စိတ်မှန်စပြုလာတယ်လို့ ပြောပါတယ်။ (အချို့ကလည်း မိုးကုတ်ဘက်ကတဲ့၊ အချို့ကလည်း ပုပ္ပါးဘက်ကတဲ့၊ အချို့က မော်လမြိုင်ဘက်ကတဲ့၊ အမျိုးမျိုးပြောကြပါတယ်။) သူမအတွက် (ယာယီဖြစ်ဖြစ်) လုံခြုံရာနေရာတစ်ခုရဖို့ စီစဉ်နေပါတယ်။
အကယ်၍ facebook မိတ်ဆွေများ သိခဲ့လျှင် သူမမိဘများနဲ့ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နေရာဒေသအတိအကျသိရင် အောက်ပါဖုန်းနံပါတ်များနဲ့လည်း ဆက်သွယ်သတင်းပေးကြပါခင်ဗျား-----
အောက်ပါဖုံးနံပါတ်များနဲ့လည်းဆက်သွယ်နိုင်ပါတယ် ။
သာသနာ့ ဟိတကာရီ
၀၉/၄၃၀၃၆၉၃၉
အရှင်ဝဏ္ဏိတ၊ အလင်းဥယျာဉ်ပညာရေးကျောင်း၊ ထနောင်းတိုင်
၀၉/၄၀၂၅၄၁၃၂၆
အရှင်နန္ဒ၀ံသ၊ စွန်းလွန်းဂူကျောင်း၊မြင်းခြံ၊

မြန်မာ့ အာမခံ လုပ်ငန်းက သေဆုံးသူ ဦးပြား ဆိုင်ကယ်သည် လိုင်စင်မဲ့ ဟုတ်၊မဟုတ် စစ်ဆေး

The Voice Weekly
လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ နှစ်ဦး အာမခံ လျော်ကြေးပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ဟဲဟိုး လေဆိပ် အဆင်းတွင် ပျက်ကျခဲ့သည့် အဲပုဂံ လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့သူ နှစ်ဦး အတွက် လျော်ကြေးငွေများ ပေးအပ် သွားမည် ဖြစ်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

လေယာဉ် ပျက်ကျမှု ကြောင့် သေဆုံး ခဲ့သည့် ခရီးသွား လမ်းညွှန် ဒေါ်နွယ်လင်းရှိန် အတွက် ခရီးသွား အာမခံကြေး သိန်း ၅၀ ကို ရရှိမည် ဖြစ်ပြီး လေယာဉ်ဖြင့် ဆိုင်ကယ်ကို တိုက်မိ သေဆုံးသူ ဦးပြား အ တွက်မူ Third Party Insurance ကြေး ၅ သိန်း ကို ခံစားရမည် ဖြစ်ကြောင်း ၎င်း က ပြောကြားသည်။

မြန်မာ့ အာမခံ လုပ်ငန်းက သေဆုံးသူ ဦးပြား အတွက် Third Party Insurance ကြေး ၅ သိန်း ကို ပေးအပ် နိုင်ရန် သေဆုံးသူ ဦးပြား စီးလာသော မော်တော် ဆိုင်ကယ်သည် လိုင်စင်မဲ့ ဟုတ်၊မဟုတ် ကို စစ်ဆေးရန် လို အပ် နေသေးကြောင်း ၄င်းက ဆိုသည်။

မြန်မာ့ အာမခံ လုပ်ငန်းသည် လေယာဉ်စီး ခရီးသည်များ အတွက် ခရီးသွား အာမခံ လက်မှတ် တစ် စောင်လျင် ကျပ် ၅၀၀ ဖြင့် ရောင်းချပေးလျက် ရှိပြီး အန္တရာယ် တစ်စုံတစ်ခု ကြောင့် အသက် သေဆုံး ခဲ့လျင် အာမခံ လျော်ကြေး ကျပ်သိန်း ၅၀ ရရှိမည် ဖြစ်ပြီး ဒဏ်ရာ ရရှိသူများ အတွက်မှု အာမခံတွင် အကျုံး မဝင်ဘဲ ကုမ္ပဏီ နှင့်သာ သက်ဆိုင် ကြောင်း မြန်မာ့ အာမခံလုပ်ငန်း ထံမှ စုံစမ်း သိရှိ ရသည်။

နယူးဒေလီမြို့တော်မှာ လူစုလူဝေးနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်စင်္ကာပူနိုင်ငံ ဆေးရုံမှာ ကွယ်လွန်

Voa Burmese
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ လူစုလူဝေးနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ် ဟာ ဆေးကုသမှုခံယူနေတဲ့ စင်္ကာပူနိုင်ငံ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူဟာ စနေနေ့ မနက်ပိုင်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အထူးပြုလုပ်ထားတဲ့ အသက်ရှု အထောက်အပံ့ အမြင့်ဆုံး၊ အကောင်းဆုံး ပဋိဇီဝ ဆေးဝါးတွေ၊ ရောဂါပိုးဝင်ရောက်တာကို ရင်ဆိုင်နိုင်စေမယ့် ခွန်အားပြည့်ဆေးတွေနဲ့ ဆရာဝန်တွေက အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ Mount Elizabeth ဆေးရုံ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ကယ်ဗင်န် လို (Kevin Loh) က ပြောပါတယ်။

အမည် ထုတ်ဖော်ပြောမထားတဲ့ သူ့ရဲ့ မိသားစုဝင်တွေ သူ့ဘေးနားမှာ ရှိနေကြတယ်လို့လည်း ဒေါက်တာလိုက ပြောပါတယ်။ အမျိုးသမီးငယ်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့က နယူးဒေလီမြို့တော်မှာ အမျိုးသားအဖော်တဦးနဲ့အတူ ဘတ်စ်ကားနဲ့ ခရီးသွား နေချိန် ကားပေါ်ပါလာတဲ့ တခြား အမျိုးသားအုပ်စုတစုက သူတို့နှစ်ယောက်စလုံးကို သံတုတ်နဲ့ရိုက်၊ အမျိုးသမီးငယ်ကို မုဒိန်း ကျင့်ပြီး ဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့တာပါ။

မုဒိန်းကျင့်ပြီး လူသတ်ဖို့ကြိုးစားခဲ့မှုနဲ့ စွပ်စွဲပြီးတော့ သံသယရှိသူ ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူ့ကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယကနေ စင်္ကာပူနိုင်ငံဆီ လေကြောင်းခရီးနဲ့ ပို့ခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်အပေါ် အိန္ဒိယမှာရှိတဲ့ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။