Saturday, January 19, 2013

အမေရိကန်အစိုးရပြုစုသော၂၀၀၈အထိတေဇ၏လုပ်ငန်းကွန်ယက်



စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်
2013-01-18

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံ ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်း တင်ပို့ရောင်းဝယ်ရေးဆိုင်ရာ အဆိုတစ်ရပ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်သွင်းခဲ့အပြီး အခုလို နှုတ်ထွက်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။
နှုတ်ထွက်ခွင့်တောင်းခံတဲ့စာကို ဦးတေဇက သမ္မတဆီ ပိုခဲ့ပြီး၊ အဆိုတင်သွင်းခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ ဆီကိုလည်း မိတ္တူတစ်စောင် မနေ့က ပေးပို့ခဲ့တယ်လို့ ဦးလှဆွေက အတည်ပြုပြောကြားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးကြေညာခဲ့တဲ့ တားမြစ်ပိတ်ဆို့ခံ ရသူ လူပုဂ္ဂိုလ်စာရင်းထဲမှာ ဦးတေဇ နဲ့ ဦးထွန်းမြင့်နိုင် တို့ပါဝင်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် ဦးတေဇ က သူ့အနေနဲ့ ဆက်မလုပ်သင့်ဘူးလို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက် တင်ပို့ရောင်းဝယ်ရေးလုပ်ငန်းရဲ့ (၆၀)ရာခိုင်နှုန်းဟာ ခရိုနီ လို့ခေါ်နေကြတဲ့ စစ်တပ် နဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။
ဦးတေဇဟာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှာ ဥက္ကဌ သက်တမ်း (၃)ကြိမ် ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။


rfa.org


မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း နုတ်ထွက်စာမိတ္တူကို ခရိုနီများ ကျောက်မျက်လုပ်ငန်းရှင်များ ဥက္ကဋ္ဌနေရာများမှ ဖယ်ရှားပေးသင့်ကြောင်း အဆိုတင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေထံသို့လည်း ပေးပို့ခဲ့သည်ဟု ဦးလှဆွေကပြောသည်။
"၁၅ ရက်နေ့စွဲနဲ့ လွှတ်တော်ရုံးကတစ်ဆင့် ကျွန်တော့်ဆီကို နာမည်(By Name)နဲ့ ပေးပို့တာ၊ ရည်ညွှန်းချက်မှာတော့ ကျွန်တော်က အဆိုကို တင်သွင်းမှုကြောင့် နုတ်ထွက်စာကို ပေးပို့တာလို့ပါတယ်"ဟု ဦးလှဆွေကပြောသည်။
အဆိုပါနုတ်ထွက်စာတွင် ပြီးခဲ့သည့်နှစ်က ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွားပြီးနောက် ကျန်းမာရေးမကောင်းသောကြောင့် နုတ်ထွက်လိုခြင်းအပြင် ဘာသာရေးပြုလုပ်လိုခြင်းနှင့် သုံးကြိမ်ဆက်တိုက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးခြင်းတို့ကြောင့် နုတ်ထွက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း ဦးလှဆွေကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းသို့ ဆက်သွယ်မေးမြန်းရာ "လောလောဆယ်တော့ အတည်ပြုလို့ မရသေးပါဘူး။ စီအီးစီ(ဗဟိုအလုပ်အမှုဆောင်)အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်"ဟု ပြန်လည်ဖြေကြားသည်။
Ref. 7Day

0 အကြံပြုခြင်း: