Friday, March 8, 2013

မြောက်ကိုရီးယားမှ တောင်ကိုရီးယားနှင့် စစ်ရပ်ဆိုင်းရေးစာချုပ်အားလုံး ဖျက်သိမ်း၊ မြို့တော်ဆိုးလ်နှင့် အရေးပေါ်ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများကို ဖြတ်တောက်


 Published on 8 Mar 2013



အကယ်၍ မိမိတို့ နိုင်ငံကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည် ဆိုပါက မြောက်ကိုရီးယားဆိုသော နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မည် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကုလသမဂ္ဂက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်မှုနှင့် ပတ်သက်ပြီး ပိတ်ပင်တားဆီးမှု အသစ်များ ပြုလုပ်ခဲ့သည့်နောက် မြောက်ကိုရီးယားက မိမိတို့နှင့် တောင်ကိုရီးယားတို့ကြား ငြိမ်းချမ်းရေး ကာလများ ပြီးဆုံးသွားနိုင်ကြောင်း ကြေညာခဲ့သည်။
ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက ထင်မြင်ချက် အမျိုးမျိုးနှင့် စောင့်ကြည့်နေချိန်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်မင်ဆွတ်ခ်က "လူသားမျိုးနွယ်ဝင် တစ်ယောက် အနေနဲ့ ကျွန်တော် ပြောနိုင်တာကတော့ မြောက်ကိုရီးယားဘက်က ကျွန်တော်တို့ကို နျူကလီးယားနဲ့ တိုက်မယ်ဆိုရင် ကင်မ်ဂျုံအန်း အစိုးရရဲ့ နိုင်ငံဟာလည်း ကမ္ဘာမြေပေါ်က အပြီးတိုင် ပျောက်ဆုံးသွားလိမ့်မယ်။ ဒါဟာ လူသားဆန်မှုရဲ့ အလိုတော်အရပဲ"ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီယားက မိမိတို့သည် ရန်မလိုရေး နှစ်နိုင်ငံ သဘောတူထားမှုအတွက် တောင်ကိုရီးယားနှင့် ဆက်လက် လက်တွဲရန် ဆန္ဒမရှိတော့ကြောင်း ပိတ်ဆို့မှုအသစ် ကြေညာချက် အပြီးတွင် ပြောကြားခဲ့သည်။ လတ်တလောတွင် ကုလသမဂ္ဂသည် မြောက်ကိုရီးယား၏ ကုန်တင်သင်္ဘောနှင့် ကုန်တင် လေယာဉ်များကို စိတ်တိုင်းကျ စီစစ်ခွင့်အပြင် အခြားပိုမိုတင်းကျပ်သည့် ပိတ်ဆို့ တားမြစ်မှုများကို ကုလသမဂ္ဂက ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို (၁၅)နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ဒီဇင်ဘာလက မြောက်ကိုရီးယား၏ အရဲကိုးသော ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အရေးယူ ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ပြီး မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်လိုက်ရာတွင်မူ ပိတ်ဆို့မှုကို ရှောင်လွှဲရန် ပိုမို ခက်ခဲသွားခဲ့သည်။
Source: Xinhua
http://www.planet.com.mm/news/read.cfm/id/21150

0 အကြံပြုခြင်း: