Thursday, May 2, 2013

နာဂစ် ငါးနှစ်


ငရဲ သား


လွန်ခဲ့တဲ့ ... ငါးနှစ် ...။

ဒီနေ့ ဒီအချိန် မှာ မင်းတို့ငါတို့ရဲ့ မလှမ်းမကမ်းက မြစ်ဝကျွန်းပေါ်ဒေသတွေမှာ သေမင်းငင်သံတွေ ညံခဲ့တယ်...။

အဲဒီမတိုင်ခင်နှစ်ရက်သုံးရက်က ထူးထူးခြားခြား Cobra Gold စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့ အမေရိကန် ပစိဖိတ်ရေတပ် မိုးလေ၀သဌာနကတော့ တိုင်းတာရေးလေယာဉ်နဲ့ မုန်တိုင်းထဲဝင်လေ့လာပြီး .. မြန်မာနိုင်ငံကို မီဒီယာတွေကတစ်ဆင့် သတိပေးခဲ့ပါတယ်.။.. နာဂစ်ဟာ မြန်မာနိုင်ငံကို ဦးတည်မယ် ..တဲ့............။ ဦးထွန်းလွင်က ဒါကိုကိုးကားပြီး ပြောကြားခဲ့ပါတယ်.. ထူးခြားတာက ပြည်သူထဲကို ဒီစကားမရောက်လိုက်ပါဘူး..။

ကိုယ့်နိုင်ငံက ငါသိ.. ငါတတ် ဘဘကြီးများက အေးဆေးပါ..။ ယတြာတွေနဲ့ ရိုးမကြီးကိုအားကိုးပြီး အချိန်တန် ဘင်္ဂလားဒေ့ရှ် ရေမြောသွားမယ်ထင်တာပေါ့...........။ ဒါပေမယ့် နာဂစ်ဟာ မှန်းတဲ့အတိုင်း ကွေ့ဝင်လာခဲ့ပါတယ်..။

ဟိုင်းကြီး၊ ပြင်စလူတို့ ငပုတောတို့ ပုသိမ်တို့ ပထမတစ်ရက်မှာ ပလုံ..သွားတယ်..။ တစ်နာရီ ဆယ်မိုင်နှုန်းရွေ့လျားလာတဲ့ တိုက်ခတ်နှုန်း မိုင် ၁၅၀ ရှိတဲ့ လူသတ်သမားကြီးက တဖြေးဖြေးချင်း ရွေ့လာပြီးအမှည့်ချွေချွေလာခဲ့တယ်..။ မြို့တစ်မြို့ကိုတိုက်ရင် ဆယ်နာရီလောက် ကြာတယ်..။

အဲဒီတော့မှ မျက်ကလဲဆန်ပြာ နာဂစ် ဆိုတာ မျိုးဖြုတ်လူသတ်သမားမှန်း ငါတို့တွေ သိကြရတော့တယ်..။ ရေဒီယိုထဲက ပလူပျံနေတာပေါ့.. ။ ဒါပေမယ့် အားလုံး......... နောက်ကျသွားပါပြီ..။ မုန်တိုင်းသတိပေးချက် သတင်းစာဖြတ်ပိုင်းလေးက အလောင်းတွေကို လှောင်ပြောင်နေသယောင်ပါပဲ.....။ အမေရိကန်ကြီးကတော့ .. ငါမပြောဘူးလား.... တဲ့..။ ဦးထွန်းလွင်လည်း အငြိမ်းစားဘ၀ ရောက်သွားပါတယ်..။

ငပုတောက နာဂစ်ဒဏ်ခံ ရွာလေးတစ်ရွာရဲ့ ဇာတိရှင် သမ္မတကြီးကို တောင်းဆိုချင်ပါတယ်..။ နာဂစ်အမှတ်တရအနေနဲ့ နိုင်ငံတော်မှ တစ်ခုခုလုပ်ပေးသင့်ပါကြောင်း..။

အဲဒီတုန်းက မြစ်ဝကျွန်းပေါ်မှာ... ငါရှိနေခဲ့တယ်..။

=========================================================

မှတ်ချက် -

ထိုအချိန်က မြန်မာကမ်းခြေနှင့် မိုင်(၆၀)ကျော် ကပ္ပလီပင်လယ်ပြင်တွင် USS Essex, USS Juneau နှင့် USS Harpers အမေရိကန် ရေတပ်သင်္ဘော (၃) စီး (ပုံပါအတိုင်း)ရောက်နေပြီး ဧရာဝတီတိုင်း ဒုက္ခသည်များအား ကူညီရန် အသင့်ရှိနေသည်။ မြန်မာစစ်အစိုးရဘက်မှ မီးစိမ်းပြသည်နှင့် ဧရာဝတီတိုင်းသို့ တိုက်ရိုက် မောင်းတက်နိုင်မည့် ကမ်းတက် ရေယာဉ်များ၊ ခေတ်မီ ခွဲစိတ်ခန်းများကို နာရီပိုင်းအတွင်း မြန်မာကမ်းခြေရောက်အောင် လုပ်နိုင်သည်။
အမေရိကန်တပ်မတော်မှာ တိုက်ခိုက်ရုံအတွက်မဟုတ်ပဲ ကယ်ဆယ်ရေးနှင့် ကမ္ဘာ့ သဘာဝဘေးအန္တရယ် ကာကွယ်ရေးအတွက် စနစ်တကျသင်တန်းပေးဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင် သင်္ဘောများ မပါဝင်ဟု ပစိဖိတ်ရေတပ်ဗိုလ်ချုပ်ကြီးက ပြောဖူးပါသည်..။

သို့သော်....
ထိုအချိန်က ရေ လည်ပင်းရောက်နေခဲ့သော ဧရာဝတီတိုင်းသားများ ရဟတ်ယာဉ် တိုက်ရိုက်ကယ်တင်မှုစနစ်၊ ရှပ်ပြေးကမ်းတက်ယာဉ်များ မရှိသဖြင့် ..ကံမကောင်းပါ...။ သောင်းနဲ့ချီ ရေတိမ်နစ်ခဲ့ရပါသည်..။

မြန်မာထက် အဆပေါင်းများစွာ တိုးတက်သောနိုင်ငံများ၏ ဥပမာ-
(၁) အင်ဒိုနီရှား ဆူနာမီ ကံကောင်းခဲ့ပါသည်၊ ရဟတ်ယာဉ်အခေါက်ပေါင်းသောင်းကျော် တိုက်ရိုက်ကယ်တင်ပျံသန်း၊ ဆေးရုံသင်္ဘောဖြင့် လူသောင်းနဲ့ချီ အသက်ချမ်းသာရရအောင် အကူအညီရခဲ့ပါသည်။

(၂) ဂျပန်ဆူနာမီလည်း ထိုနည်းလည်းကောင်းပင်..။ ဂျပန်ပင်လယ်အနီးရှိ အသင့်ရှိနေသော စစ်သင်္ဘော(၈)စင်းနှင့် စစ်သည်အင်အား လေးသောင်းခန့် အကူအညီရခဲ့ပါသည်..။

(၃) မြန်မာနိုင်ငံအတွင်း အမေရိကန်မ၀င်အောင် မဟာဗျူဟာအရ ကာကွယ်ပေးခဲ့သော တရုတ်နိုင်ငံမှာ နာဂစ်နှင့်မရှေးမနှောင်း ငလျှင်ကြီးလှုပ်သဖြင့် လူပေါင်းသောင်းချီသေကြေပျက်စီးသောအခါ အမေရိကန်စစ်သားအကူအညီနှင့် အမေရိကန် အနံ့ခံစစ်ခွေး အကူအညီကိုပါ (မေတ္တာရပ်ခံတောင်းယူ) ခဲ့သည်ကိုကြည့်လျှင်.. မြန်မာအစိုးရများ ..သင်ခန်းစာရသင့်ပါသည်။)


0 အကြံပြုခြင်း: