Wednesday, June 26, 2013

အာမခံ မယူသည့် လယ်သမား၅၃ဦးကို ဖြူးရဲစခန်းတွင် ချုပ်နှောင်

The Voice Weekly


ဖြူး၊ ဇွန် ၂၅

ဖြူးမြို့နယ် ညောင်ပင်သာ စိုက်ကွင်း ဧက ၂၀၀၀ စီမံကိန်းနှင့် ပတ်သက်၍ အမှုဖွင့်ခံထားရသည့် လယ်သမား ၅၃ ဦးကို ဇွန်လ ၂၄ ရက်နေ့ က ဖြူးမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ လယ်သမားများက ကိုယ်တိုင် အာမခံ မယူသောကြောင့် ဖြူးမြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားကြောင်း အဆိုပါ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းက The Voice သို့ ပြောကြားသည်။

"အမှုက အာမခံပေးလို့ ရပါတယ်။ သူတို့ကိုယ်တိုင်က အာမခံမယူတဲ့အတွက် ချုပ်နှောင်ထားရတာပါ။ တောင်သူ ဦးတင်စိုး အပါအဝင် စုစုပေါင်း ၅၃ ဦး အချုပ်ထဲမှာပါ" ဟု ၎င်းက ရှင်းပြသည်။

ဧပြီလ ၂၄ ရက်နေ့က ဘက်စုံသီးနှံ ဖွံ့ဖြိုးရေး စီမံကိန်း လယ်မြေများတွင်
မြတ်အိနြေ္ဒ ကုမ္ပဏီဝန်ထမ်းများနှင့် ညောင်ပင်သာ စိုက်ကွင်း တာဝန်ရှိသူ များက ထွန်ယက်နေစဉ် ယခင် လယ်ယာ လုပ်ကိုင်ခဲ့သည့် တောင်သူ ၅၀ ကျော်က ဝင်ရောက် တားမြစ်သောကြောင့် စိုက်ကွင်း ကွင်းတာဝန်ရှိသူ က တောင်သူ ၅၃ ဦးကို အမှုဖွင့် တိုင်ကြားခဲ့ပြီး ညောင်ပင်သာ ရဲစခန်းက ပ-၇၄/၂၀၁၃၊ ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့် အရေးယူထားရာ
ဇွန်လ ၂၄ ရက်နေ့တွင် တရားစွဲဆို တင်ပို့ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ မြေနေရာတွင် ယခင်လုပ်ကိုင်ခဲ့သူ လယ်သမားများက တားမြစ်ခြင်း၊ လယ်ဝင်ထွန်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တရားစွဲဆို အမှုဖွင့်ခံ ရခြင်းဖြစ်ကြောင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှ တောင်သူ ဦးလှအောင်က ပြောကြားသည်။

"သူတို့က အာမခံပေးလို့ရတယ်လို့ ပြောပေမယ့် ဘယ်သူမှ ခေါ်လို့မရပါဘူး။ ရွာမှာရှိတဲ့ လူအားလုံး အချုပ်ထဲမှာ။ ရှိတဲ့လူကလည်း လိုက်ရဲပုံ မပေါ်ဘူး" ဟု အချုပ်ခံရသည့် ဖခင်နှင့် ခင်ပွန်းသည်တို့၏ မိသားစုဝင် ဒေါ်မူမူက ပြော ကြားသည်။

၁၉၇၆ တွင် ပြည်သူ့လုပ်အား နေရာချထားရေး အဖွဲ့က ဖြူးမြို့နယ် ညောင် ပင်သာ ကျေးရွာအနီး မြေဧက ၂၀၀၀ ဖော်ထုတ်ပြီး ဒေသခံ တောင်သူ များနှင့် အကျိုးတူ လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ မြတ်အိနြေ္ဒ ကုမ္ပဏီနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့ကြောင်း ညောင်ပင်သာ စိုက်ကွင်းမှူး ဦးသက်ဦးက ပြောကြားသည်။

လယ်ယာမြေ အငြင်းပွားမှု ပြဿနာသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ တွင် စတင်ပေါ်ပေါက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဇွန်လလယ်အထိ ရှစ်လ တာ ကာလအတွင်း ညောင်ပင်သာ စက်မှု သီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူ ၆၅ ဦး ကျော်ကို အမှုဖွင့်တိုင်ကြား ခဲ့ရာ ဖြူးမြို့နယ် တရားရုံးတွင် အမှုပေါင်း ၁၅ မှုဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရသည်။

0 အကြံပြုခြင်း: