Friday, August 30, 2013

ခွေးခြံအတွင်းကအမှန်တရားများ

7Day News Journal

ခွေးခြံအတွင်း ကျောခင်းကြရခြင်း
--------------------
ရေးသားသူ- ညီညီဇော်

မန္တလေးတောင်ခြေ တောင်ဆင်းလမ်းဘေးတွင် ကျယ်ဝန်းလှသော ခြံကြီးတစ်ခြံရှိသည်။ ထိုခြံကြီးထဲတွင် တဲအိမ်လေးများ နေရာအနှံ့ ကွက်တိကွက်ကျားတည်ရှိပြီး ခြံဝင်းကြီး၏ အနောက်တောင်ထောင့်အနီးတွင်မူ ဓနိမိုးထားသော တဲတန်းလျားကြီးတစ်ခု တည်ရှိနေသည်။ တဲတန်းလျားကြီးအနီးတွင် ကျောက်တုံးကြီးတစ်ခုရှိပြီး ယင်းကျောက်တုံးကြီးပေါ်တွင် ပျက်ယွင်းစပြုနေပြီဖြစ်သည့် ကျောက်ပြားဖြင့် ရေးထိုးထားသော စာတန်းတစ်ခုကို တွေ့ရမည်ဖြစ်သည်။ “ခွေးဘေးမဲ့ခြံ၊ ၄-၁-၉၀ ရက်တွင် ဖွင့်လှစ်သည်”ဟူ၍ ဖြစ်သည်။

(၁)
ခွေးဘေးမဲ့ခြံဆိုသော်လည်း ခွေးတွေက တစ်ကောင်တစ်မြီးမှမရှိတော့။ တဲတန်းလျားကြီးနှင့် တဲအိမ်လေးများတွင် လူတွေက နေရာဝင်ယူထားကြသည်။

“ခွေးတွေမထားတော့တာ ကြာပြီ။ ခုကျုပ်တို့နေတဲ့နေရာက အရင်ကခွေးထီးတွေ နေခဲ့တဲ့နေရာ”ဟုပြောရင်း ဦးစိန်ဝင်းက သံမံတလင်းပေါ် ထိုင်ချလိုက်သည်။

ဦးစိန်ဝင်းသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနတွင် မြောင်းဆယ်ရသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ ဦးစိန်ဝင်းသည် ဇနီးသည်၊ ကလေးကိုးယောက်တို့နှင့် ခွေးဘေးမဲ့ခြံ၏ တဲတန်းလျားအလယ်ခန်းတွင် နေထိုင်ကြသည်။

ဦးစိန်ဝင်းသည် တစ်ချိန်က ခ.လ.ရ (၄)တပ်တွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ အရာခံဗိုလ်ဘ၀တွင် ပျဉ်းမနားရေဆင်းရှိ အမှတ်(၂)တိုးမြှင့်သင်တန်းကျောင်းဟုခေါ်သည့် တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းတွင် နည်းပြတာဝန်ယူခဲ့ဖူးပြီး ယခုဆိုလျှင် သူ့တပည့်များမှာ တပ်မတော်အရာရှိများပင် ဖြစ်နေလေပြီ။

တပ်မတော်မှ ဆေးပင်စင်ယူသည့်အချိန် မိသားစုများလှသော ဦးစိန်ဝင်းအဖို့ ကြီးမားသောအခက်အခဲတစ်ခု ရင်ဆိုင်လာရသည်။ ထိုအခက်အခဲမှာ နေစရာမရှိခြင်းဖြစ်သည်။ ဦးစိန်ဝင်း တပ်မတော်မှထွက်ပြီး ရေထမ်းရောင်းသည်။ ဆိုက်ကားထွက်နင်းသည်။ သို့သော် ထိုအလုပ်တွေမှ ရသည့်ငွေနှင့် နေစရာအခက်အခဲ ဘယ်လိုမှမဖြေရှင်းနိုင်။ နောက်ဆုံးတွင်
တပ်မတော်က ဆရာသမားများထံ အကူအညီတောင်းရာ မန္တလေးစည်ပင်တွင် အလုပ်ရသည်။ လုပ်ရမည့်အလုပ်က မြောင်းဆယ်ရသည့်အလုပ်။ မန္တလေးစည်ပင်တွင် အလုပ်ရပြီး နေစရာအတွက် မန္တလေးတောင်ခြေက ခွေးတွေမနေတော့သည့် ခွေးဘေးမဲ့ခြံတွင် သူတို့မိသားစု နေထိုင်ခွင့်ရခဲ့သည်။ အရင်က တပ်မတော်တွင် အရာခံဗိုလ်အဆင့်ဖြင့် နည်းပြဆရာအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးစိန်ဝင်းက ယခုကဲ့သို့ ခွေးများအတွက် သီးသန့်နေရာတွင် နေရမည်ဆိုတော့ စိတ်ထဲတွင်ခံပြင်းမိသည်။ သို့သော် များပြားလှသော မိသားစုနေရေးထိုင်ရေးတို့အတွက် ဦးစိန်ဝင်း အတိတ်ကာလကို ပြည်ဖုံးကားချလိုက်သည်။

“အဲဒီအချိန်တုန်းက ခွေးတွေသာမရှိတော့တာ။ ခွေးသန်းတွေ တအားကိုက်တာ။ ညကို အိပ်လို့မရဘူး။ ဖြုတ်တွေကလည်း အားကြီးပေါတာ”ဟု ဦးစိန်ဝင်းကပြောပြသည်။

ခွေးများနေထိုင်ခဲ့သဖြင့် နှစ်လလောက်က အနံ့အသက်တွေမကောင်း။ ရေတွေဆေးချရသည်။ တရော်ကင်ပွန်းတွေ ဖျန်းချရသည်။ သူ့အသက်(၅၈)နှစ်ရှိပြီ။ ကိုယ်ပိုင်နေရာလေးတစ်ခုတွင်
နေဖူးချင်သေးသည်။ သို့သော် ရတဲ့လုပ်အားခနဲ့ ရှိတဲ့မိသားစုဦးရေနှင့်က ဘယ်လိုနည်းနှင့်မျှ အခြေအနေပေးတော့မည်မဟုတ်။ ထိုကြောင့် သားသမီးတွေ သူမရှိတော့သည့်အချိန်တွင် နေစရာအတွက် အခက်အခဲမဖြစ်အောင် စည်ပင်မှာ အလုပ်ဝင်စေခဲ့သည်။ တံမြက်စည်းလှည်းသည့်အလုပ်၊ ကျုံးမှော်ဆယ်သည့်အလုပ်များ ဖြစ်သည်။ စည်ပင်ဝန်ထမ်းဖြစ်နေသရွေ့ စည်ပင်မှ ပေးမည့်နေစရာလေးတော့ ရနေဦးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်ဟု သူကဆိုသည်။

(၂)
ဦးစိန်ဝင်းက သားသမီးများပါ စည်ပင်တွင် အလုပ်ဝင်စေခဲ့သည့်အတွက် နေစရာအတွက်တော့ ခွေးခြံရှိနေသရွေ့ အဆင်ပြေနေပါဦးမည်။ သိုသော် ခွေးခြံ၏ထောင့်စွန်းကတဲတွင် နေထိုင်သည့် ဒေါ်အေးအေးမြင့်တို့ကတော့ နေစရာအတွက် စတင်ပူပန်နေရပြီဖြစ်သည်။ ဒေါ်အေးအေးမြင့်က တပ်မတော်မှ မိုင်းထိ၍ပင်စင်ယူခဲ့ရသူ ခင်ပွန်းဖြစ်သူ ဦးကျော်အေး ကောင်းမှုဖြင့် ခွေးခြံထဲ ရောက်လာရသူ ဖြစ်သည်။ ဦးကျော်အေးက ပင်စင်ယူပြီး စည်ပင်တွင်ဝင်လုပ်ရာမှ ခွေးခြံတွင် စာရင်းကိုင်တာဝန် ချထားခံရသည်။ ဦးကျော်အေးအလုပ်က ခွေးတွေကို စာရင်းမှတ်ရသည်။ ခွေးမဘယ်နှကောင်၊ ခွေးထီးဘယ်နှကောင်၊ ဆိုးသွမ်းခွေး ဘယ်နှကောင် စသဖြင့်။

ထို့အပြင် ခွေးများကို ချက်ကျွေးသည့် အစားအသောက်ကုန်ကျစရိတ်စာရင်းများ၊ အလှူရှင်လာလှူသည့် ငွေစာရင်းများလည်း ကိုင်ရသည်။

ခွေးများကို နေ့စဉ်အမဲသားချက်ကျွေးလေ့ရှိပြီး နေ့စဉ်ယူနေကျ အမဲသားဆိုင်က ၀န်ထမ်းများအတွက် အပိုတွေပေးတတ်သည်။ အပိုပေးလိုက်သည့် အမဲသားတွေကို ၀န်ထမ်းတွေ အလှည့်ကျချက်စားကြသည်။ ခွေးကိုမှီ၍ အသားဟင်းများ စားနေရသည့်အတွက် ဒေါ်အေးအေးမြင့်တို့ ထိုခွေးတွေကို ကျေးဇူးတင်ရသည်။

“ကျွန်မယောက်ျားကဆို အမြဲပြောတယ်။ ခွေးတွေကြောင့်သာ အလုပ်ရတာ။ စားဝတ်နေရေးပြေလည်တာဆိုပြီး။ ဒါကြောင့် သူက ခွေးတွေအပေါ်လည်း သံယောဇဉ်ကြီးခဲ့တယ်။ ခွေးတွေရဲ့ ကျေးဇူးတွေရှိတဲ့အကြောင်းလည်း တဖွဖွပြောတယ်”ဟု ဒေါ်အေးအေးမြင့်ကပြောပြသည်။

ခွေးတွေကြောင့် စားဝတ်နေရေးအတွက် ပြေလည်သော်လည်း ခွေးခြံအပြင်ဘက်က ဥပေက္ခာတရားတွေတော့ ရင်ဆိုင်ရသည်။ “ဟိုတုန်းက လူတွေကလည်း သိပ်အမြင်မကျယ်သေးတာကြောင့် ကျွန်မတို့ ခွေးခြံကအဖွဲ့တွေ အနီးနားကရပ်ကွက်ထဲ ဗီဒီယိုသွားကြည့်ရင် ခွေးခြံကလူတွေဆိုပြီး အနားမထိုင်ကြဘူး”ဟု ဆိုသည်။

အခုတော့ ပတ်ဝန်းကျင်က နားလည်မှုတွေ ရှိလာခဲ့ပြီ။ သို့သော် ဒီခွေးခြံမှာ ဘယ်ချိန်ထိ နေခွင့်ရတော့မည်ကို ဒေါ်အေးအေးမြင့် မတွေးရဲတော့။ ခင်ပွန်းဖြစ်သူ တပ်မတော်အငြိမ်းစား စည်ပင်ဝန်ထမ်းက အခုတော့ သာသနာ့ဘောင် အပြီးဝင်ရောက်သွားလေပြီ။ ၀န်ထမ်းမရှိတော့သည့်အတွက် ဘယ်ချိန်ထိ ခွေးခြံထဲမှာ နေခွင့်ရတော့မည်ကို မှန်းဆ၍မရ။ ထိုကြားထဲ ခွေးခြံကို တရုတ်တွေပဲလာဝယ်မှာလိုလို။ ရေသန့်စက်ရုံပဲ တည်တော့မှာလိုလို။ အသံတွေက မျိုးစုံကြားနေရ၍ စိတ်ပူမိသည်ဟု ဒေါ်အေးအေးမြင့်ကဆိုသည်။

(၃)
ထိုခွေးခြံတွင် ကျောချရသူများတွင် ဦးဘာဖယ်ဆိုသူလည်း အပါအ၀င်ဖြစ်သည်။ အသက်(၂၅)နှစ်အရွယ် တက်ကြွဖျတ်လတ်နေချိန် စစ်ဆင်ရေးတိုက်ပွဲတစ်ခုတွင် မိုင်းထိခဲ့ရာမှ ညာဘက်ခြေထောက် ဒူးအထက်မှ အောက်ပိုင်းအထိ ဖြတ်ပစ်ခဲ့ရသည်။ ပြီးနောက် ဆေးပင်စင်ယူပြီး တပ်ကထွက်ခဲ့ရသည်။

“တပ်ကထွက်ရတာက မိုင်းထိတာထက် ပိုခံစားခဲ့ရတယ်”ဟု ချင်းတိုင်းရင်းသားတစ်ဦးလည်းဖြစ်သူ ဦးဘာဖယ်ပြောပြသည်။

တပ်ကထွက်ပြီး ခြေတစ်ဖက်တည်းနဲ့ ရပ်တည်ရတော့မည့် သူ့ဘ၀ကို ဦးဘာဖယ်ကပြောပြသည်။

အရာရှိအကြီးအကဲတွေ အကူအညီဖြင့် ခွေးဘေးမဲ့ခြံမှာ ဂိတ်စောင့်အလုပ်ရရှိခဲ့သည်။ သူ့အလုပ်က ခွေးခြံတံခါးကို ဖွင့်ပိတ်ပေးရုံသာမို့ ဒုက္ခိတသူ့အတွက်တော့ တော်တော်လေး အဆင်ပြေခဲ့သည်။ အကြီးအကဲများ၏နားလည်မှုဖြင့် တပ်မတော်က လစဉ်ထောက်ပံ့သည့် ဆန်ခုနစ်ပြည်ကိုရောင်းစားကာ ခွေးများရိက္ခာထဲကဆန်ဖြင့် သူ့ဝမ်းစာဖြည့်ခဲ့သည်။

သူဝါသနာပါသည့် ဂစ်တာလေးကို တဒေါင်ဒေါင်ခေါက်ရင်း တစ်ကိုယ်တည်း သူ့ဘ၀ ခွေးခြံမှာ အဆင်ပြေခဲ့သည်။ သို့သော် သူအဆင်ပြေခဲ့ချိန်က မကြာလိုက်။ အကြောင်းအမျိုးမျိုးကြောင့် ခွေးခြံကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်။ ခွေးခြံပိတ်လိုက်တော့ ခွေးခြံစောင့်အလုပ်က အလိုအလျောက်ပြုတ်သည်။

ထိုကြားထဲ မိန်းမကရလိုက်သည်။ မိသားစုစားဝတ်နေရေးအတွက် သူအလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟုဆိုပြီး စက်ဘီးပြင်သည့်ပညာကို သင်ယူခဲ့သည်။ တပ်ထဲတွင် ခိုင်းတာလုပ်၊ ကျွေးတာစား အမိန့်အာဏာနှင့် နေခဲ့ရသည့်အခြေအနေမျိုးနှင့် လူ့လောကပတ်ဝန်းကျင် အခြေအနေတွေက ဆန့်ကျင်ဘက်ဆိုတာ သူသိလာသည်ဟုဆိုသည်။

ဝန်ဆောင်မှုကို အကောင်းဆုံးပေးသည်။ ဖတ်ထားတဲ့စာတွေထဲက လူမှုဆက်ဆံရေးနည်းဗျူဟာတွေ ပြန်ထုတ်သုံးသည်။ နောက်ဆုံး သူ့စက်ဘီးပြင်ဆိုင်လေး ခွေးခြံနားလေးတွင် နာမည်ရလာခဲ့သည်။ ၀င်ငွေလေးလည်း အထိုက်အလျောက်ရခဲ့သည်။ သို့သော် စက်ဘီးအစား ဆိုင်ကယ်တွေ အသုံးများလာတဲ့ မန္တလေးတွင် သူ့လုပ်ငန်း တဖြည်းဖြည်းပါးလာခဲ့ပြန်သည်။ မိန်းမဖြစ်သူက စည်ပင်က ဥယျာဉ်စိမ်းလန်းအခြေခံဝန်ထမ်းမို့ ခွေးခြံထဲ ဆက်နေခွင့်ရခဲ့၍ တော်သေးသည်။

ဦးဘာဖယ်တို့ကဲ့သို့ တပ်မတော်ကနေထွက်ပြီး စည်ပင်တွင် အလုပ်ဝင်လုပ်ကာ ခွေးဘေးမဲ့ခြံတွင် လာရောက်နေထိုင်ခွင့်ရသည့် တပ်မတော်သားမိသားစုပေါင်း ခုနစ်စုခန့်ရှိသည်။ ကျန်တာတွေက သန့်ရှင်းရေးနေ့စားဝန်ထမ်းတွေနှင့် ပန်းဥယျာဉ်ဌာန သစ်ပင်ပန်းပင်စိုက်သူ၊ ရေလောင်းပေါင်းသင်ရသည့် အလုပ်လုပ်ကိုင်နေရသည့် မိသားစုပေါင်း ၃၀ လောက် ရှိသေးသည်။

အချို့က ခွေးတွေနေထိုင်ခဲ့သည့် တဲတန်းလျားတွေမှာ နေထိုင်ကြသည်။ အချို့ကတော့ ခွေးတွေ နေ့ခင်းနေ့လယ် တရေးတမောအိပ်သည့် ချုံတွေကြားတွင် တဲထိုးကာ နေသူကနေသည်။ ဦးဘာဖယ်တို့ နေထိုင်နေသည့် ခွေးခြံကို မန္တလေးမြို့မှ တိရစ္ဆာန်ချစ်သူများက ယခင်ကဲ့သို့ ခွေးများထိန်းသိမ်းစောင့်ရှောက်ရန် မန္တလေးစည်ပင်မှ ငှားရမ်းမည်ဟုလည်း ဆိုနေကြသည်။ ခွေးဘေးမဲ့ခြံ၏ မူလပိုင်ရှင်အစစ်အမှန် ခွေးတွေများ ပြန်လည်ရောက်ရှိလာလျှင်တော့.....။

ဓာတ်ပုံ- ညီညီဇော်

0 အကြံပြုခြင်း: