Sunday, August 25, 2013

တရုတ်ချေးငွေရလျှင် တစ်နိုင်ငံလုံးရှိ သမအသင်းအားလုံးကို ချေးငွေထုတ်ပေးမည်ဟုဆို




နေပြည်တော်၊ သြဂုတ် ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်မှ သမဝါယမဝန်ကြီးဌာနက ချေးယူထားသော အမေရိကန်ဒေါ်လာ သန်းတစ်ရာ ရရှိလျှင် နိုင်ငံတစ်ဝန်းလုံးရှိ သမဝါယမ အသင်းအားလုံးကို ချေးငွေ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှမိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် တည်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်း သမဝါယမ အသင်းများကို ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင့်ငါးရာကျော် ထုတ်ချေးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက်နေ့တွင် ပြောဆိုထားသည်။

“ကျွန်တော်တို့ တရုတ်ဆီက ဒေါ်လာသန်းတစ်ရာရတာနဲ့ ကျန်ဒေသတွေကို ငွေချေးပေးပါမယ်။ အဲဒီလိုချေးယူဖို့ လွှတ်တော်ကလည်း သဘောတူထားပါတယ်” ဟု ဦးလှမိုးက ဆိုသည်။

သမဝါယမဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် ထံမှ ဒေါ်လာသန်းတစ်ရာချေးရန် သဘောတူညီချက် ရထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယကထံ သြဂုတ်လ ၁၆ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ထားပြီး ယင်းသဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၂ ရက်နေ့တွင် အတည်ပြုထားသည်။

ယင်းသဝဏ်လွှာကို NLD ပါတီဝင် ၁၁ ဦးက သမဝါယမဝန်ကြီးဌာန၏ အသေးစားချေးငွေ ထုတ်ပေးရန် အသုံးပြုမည်ဟု ဆိုသောကြောင့် ကန့်ကွက်ခဲ့ကြသည်။

ဒေါ်လာသန်းတစ်ရာကို ချေးငွေဆိုင်းငံ့ကာလ ၂ နှစ် အပါအဝင် စုစုပေါင်း ဆယ်နှစ်အတွင်း ပြန်လည် ပေးဆပ်ရန်နှင့် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုစရိတ် အဖြစ် ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်းကို ချေးငွေ ထုတ်ယူသုံးစွဲခြင်းမပြုမီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်သို့ တစ်ကြိမ်တည်း ပေးသွင်းရမည် ဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာနထံမှ သိရသည်။

0 အကြံပြုခြင်း: