Tuesday, September 3, 2013

ဦးရဲထွဋ်နဲ့ဒီမိုဖက်တီးတို့အလံလုပွဲ


ဒီမို ဖက်တီး
စက်တင်ဘာလ ၁ ရက်နေ့မှာ သမ္မတရဲ့ ယာတောအိမ်ကို သွားရောက်တွေ့ဆုံတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) မှ သတင်းလောက တိုးတက်ရာ တိုးတက်ကြောင်းများ ပြုလုပ်နိုင်ရန် သမ္မတ ဦးသိန်းစိန်က သိန်း ၅၀၀ ပုဂ္ဂိုလ်အရ လှူဒါန်းကြောင်း ယနေ့ ဖိုးသောကြာ၏ ရွှေနိုင်ငံသစ် သတင်းစာမှာ ဖော်ပြထားပါတယ် ။



ဒီမို ဖက်တီး
နိုင်ငံဘတ်ဂျက် ပြည်သူ့ဘဏ္ဍ ထဲက ပေးတယ်ဆိုလည်း ပြီးတာပဲ ။ လှူဒါန်းတယ်ဆိုတဲ့ စာသားကိုတော့ မသုံးနဲ့ပေါ့ ။
ပုဂ္ဂိုလ်အရ ဆိုတဲ့ ဝေါဟာရကတော့ ဒီနေ့ အသစ်တိုးတာပဲ ။
အဘ ဖိုးသောကြာရဲ့ ရွှေနိုင်ငံသတင်းစာ ရှင်းပေါ့ ။
အဘ ဖိုးသောကြာဆိုတာလည်း အသက် ၉၀ နားနီးပါပြီ ။
ပုတီးမကိုင်ချင်လို့ ကလောင်ကိုင်ထားတဲ့ ဆရာကြီးပါ ။

ကျနော်တို့က အရပ်သား အညတရ စာဖတ်သူတွေပါ ။


ဒီမို ဖက်တီး
ကိုကျော်မင်းဆွေရဲ့ ပို့စ်မှာ ကျနော် ဦးရဲထွဋ်ကို တုံ့ပြန်ခဲ့တာလေးပါ
=====================================

ဦးရဲထွဋ် လေးစားရင် နောက်တစ်ခါဆို ရုံးခန်းကို လူလွတ်ပြီး လှူခိုင်းပါ ။ အခုလည်း လှူတာ မလှူတာကို ဘာမှ မပြောဘူး ။ လှူပုံ လှူနည်းကိုပဲ ပြောတာ ။

နောက် ရွှေနိုင်ငံမှာ ရေးထား တဲ့ ခေါင်းကြီးကိုလည်း ဖတ်လိုက်ပါအုံး ။ "ပုဂ္ဂိုလ်အရ" ဆိုတာလေး ကို .... ။ ဖတ်ပြီးမှ ပြန်လာပြော ။

ဘာလဲ အခု ကျနော်ပြောလိုက်တာ စာနယ်ဇင်းကောင်စီရဲ့ ကားပိန်သွားလို့လား ၊ မှန်ကွဲသွားလို့လား
လွှတ်တော်က သမ္မတ လိုရာသုံးဖို့ သီးသန့် ဘတ်ဂျက် ဘယ်လောက် ပေးထားသလဲ ။
သိန်း ၅ ထောင်လား ၊ သိန်း ၅ သောင်းလား ၊ သိန်း ၅ သိန်းလား


Aung Shin

ငွေလုံးငွေရင်းသုံးငွေ ၂၆၃၆၆ ဒသမ ၁၉၈ ကျပ်သန်းနဲ့ ထောက်ပံ့ငွေ ၇၄၇ ဒသမ ၈၇၁ ကျပ်သန်း စုစုပေါင်း ကျပ်သန်းပေါင်း သုံးသောင်း ခုနှစ်ထောင် လေးရာ သုံးဆယ့် ငါးသိန်း - သိန်းပေါင်း သုံးသိန်းကျော် (၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ)


Kyaw Min Swe

စာနယ်ဇင်းကောင်စီ မတည်ရံပုံငွေအတွက် သမ္မတကြီးက နိုင်ငံတော် ဘတ်ဂျက်ထဲက သိန်း၅၀၀ လှူဒါန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တခြားသူတွေက ဘာမှမပြောဘူး။ သတင်းမီဒီယာလောကထဲက တချို့နဲ့ ထုံးစံအတိုင်း “ထာက်ကွက်ကိုရှာ” နေပြီး ကျားချောင်းသလိုချောင်းနေတဲ့ မီဒီယာကို မီဒီယာနဲ့တိုက် အုပ်စုက သို့လော သို့လော ပြောနေကြတယ်။
ကျနော့်အနေနဲ့တော့ ဝေဖန်မှုကို ကြိုဆိုတယ်။ ဒါပေမယ့် ဝေဖန်သူအနေနဲ့ ကိုယ်ဝေဖန်မယ့် အကြောင်းအရာကို သေချာ သိဖို့တော့ လိုမယ်ထင်တယ်။
စာနယ်ဇင်းကောင်စီဆိုတာ ဘာလဲ၊ ဘာအလုပ်လုပ်သလဲ၊ ဘယ်လို စတည်ထောင်ထားသလဲ၊ ဘယ်လို ရပ်တည်နေသလဲ၊ ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ စတဲ့ အချက်တွေကို အရင်သိဖို့လိုမယ်။ နောက်တစ်ဆင့်ကတော့ တခြားနိုင်ငံတွေက စာနယ်ဇင်းကောင်စီတွေကော ဘယ်လိုရှိသလဲ၊ ဘယ်လိုရပ်တည်သလဲဆိုတာ လေ့လာကြည့်ဖို့လိုမယ်။
ကျနော်တို့ ကောင်စီထူထောင်စက ရုံးခန်းမရှိဘူး။ အစည်းအဝေးလုပ်စရာ နေရာမရှိဘူး။ မရှိလို့ စားသောက်ဆိုင်နဲ့ ဟိုတယ်တချို့မှာ ဈေးသက်သာအောင် ပြောဆိုပြီး အလုပ်လုပ်ခဲ့ကြရတာ။ လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် ကောင်စီဝင်တွေကပဲ စိုက်ထုတ် လှူဒါန်းခဲ့ကြတာ။ ထူထောင်ခါစမှာ ပြန်ကြားရေးဝန်ကြီးဌာနက ရုံးခန်း၊ ရုံးသုံးပစ္စည်းနဲ့ ရုံးဝန်ထမ်းတွေ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ဘူး။ ဘာအလုပ်မှ အကောင်အထည်မပေါ်သေးခင် အဲဒီအကူအညီယူလိုက်ရင် ဝေဖန်ပြောဆိုမှုတွေခံရနိုင်တဲ့အတွက်ကော ကောင်စီအနေနဲ့ အမှီအခိုကင်းကင်း လွတ်လွတ်လပ်လပ် ရှိချင်တဲ့အတွက်ပါ ငြင်းခဲ့တာ။
တကယ်တော့ နိုင်ငံတကာမှ ရှိတဲ့ စာနယ်ဇင်းကောင်စီတွေအားလုံးလိုလို အစိုးရဘတ်ဂျက် သို့မဟုတ် လွှတ်တော်က ခွဲဝေပေးတဲ့ ဘတ်ဂျက်ထဲကနေ မတည်ရံပုံငွေရယူပြီး အလုပ်လုပ်ကြတာချည်း။ လက်ရှိ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေ၊ ကောင်စီတွေလည်း ဒီအတိုင်းပဲ။ ကောင်စီဝင်တွေက လစာမယူဘူး။ ကောင်စီလုပ်ငန်းလည်ပတ်ဖို့အတွက် အသုံးစရိတ်ကိုပဲ မတည်ရံပုံငွေကနေ သုံးတာ။ ကျနော်တို့ ကောင်စီစထောင်တော့ ရံပုံငွေမရှိတဲ့အတွက် အလှူငွေထည့်ဝင်ကြဖို့ ကျနော် မကြာခဏ ဆော်သြပါတယ်။ ကောင်စီဝင်တွေကလွဲလို့ ဘယ်မီဒီယာမှ မလှူခဲ့ကြဘူး။ အခု တစ်နှစ်သက်တမ်းပြည့်ခါနီးအချိန်အထိ ထွန်းဖောင်ဒေးရှင်းနဲ့ စီဘီဘဏ်ဖောင်ဒေးရှင်း နှစ်ခုကပဲ သိန်း ၃၀ လှူဖူးတယ်။ ကျန်တာအားလုံး ကောင်စီဝင်တွေ စိုက်ထုတ်လှူဒါန်းငွေချည်း။ ယုဇနတာဝါက လက်ရှိရုံးခန်းငှားခ တစ်လ ၉သိန်းကို တစ်နှစ်စာ မပေးနိုင်လို့ ခြောက်လစီ ခွဲယူဖို့ တောင်းတောင်းပန်ပန် ပြောရတယ်။ ဝန်ထမ်း ၄ယောက်လစာ၊ ကွန်ပျူတာ၊ ပရင်တာ၊ ကော်ပီကူးစက်၊ ရုံး ပရိဘောဂ၊ အစည်းအဝေး စားပွဲ ကုလားထိုင်၊ လေအေးပေးစက်၊ သတင်းစာရှင်းလင်းပွဲ ကုန်ကျစရိတ်၊ စာရွက်စာတမ်းဘိုး အဲဒီကုန်ကျစရိတ်တွေ အားလုံးနေ့စဉ်၊ လစဉ် စာရင်း၊ ဇယားနဲ့ မှတ်တမ်းတင်ထားတယ်။ ကောင်စီအသစ်ကို ရွေးကောက်တင်မြှောက်ပြီး တာဝန်လွှဲအပ်တဲ့အခါ အားလုံး တိတိကျကျ စာရင်းရှင်းတမ်းနဲ့တကွ လွှဲမှာ။
ပြောချင်တာက ကျနော်တို့အားလုံး ကိုယ်ပိုင် ဝင်ငွေရှိတဲ့ အလုပ်တွေပစ်ပြီး အများအကျိုးအတွက်၊ သတင်းလောကအကျိုးအတွက် ကောင်စီမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ပေးနေကြတာ။ သတင်းမီဒီယာဥပဒေကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်ကို စုစုပေါင်း လေးခေါက်သွားရတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေအားလုံးကို သွားတဲ့ ကောင်စီဝင်တွေကပဲ စိုက်ထုတ်ကျခံကြရတယ်။ တည်းခိုစရိတ်ကိုတော့ ဥက္ကဋ္ဌကြီးရဲ့သားမက် ဟိုတယ်က မေတ္တာနဲ့ တည်းခွင့်ပြုလို့ သက်သာတာ။ ကျနော်တို့ တစ်နှစ်တာအတွင်း လုပ်ခဲ့တာတွေအားလုံးကို ပြန်ကြည့်ပါ။ ကျနော်တို့ ဘယ်လိုရပ်တည်ပြီး ဘယ်လောက် အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာ။ အဲဒါတွေအားလုံးကို မညီးမညူ ပဲ တာဝန်သိစိတ်နဲ့ အလုပ်လုပ်ပေးခဲ့တယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတကြီးနဲ့ ဆုံတုန်း ကောင်စီရဲ့ ရံပုံငွေအခြေအနေကို ပြောပြတော့ သမ္မတကြီးက စိတ်မကောင်းဖြစ်သွားပြီး သူ့ဘာသာ ဆုံးဖြတ်ပြီး မတည်ရံပုံငွေ ထူထောင်ပေးတာ။ မတည်ရံပုံငွေဆိုတာ နှစ်စဉ် ခွဲဝေပေးတဲ့ ဘတ်ဂျက်မဟုတ်ဘူး။ တစ်ခါတည်း မတည်ပေးလိုက်တာ။ ဒီအတွက်လည်း ကောင်စီက ဆွဲထားတဲ့ သတင်းမီဒီယာဥပဒေထဲမှာ အသစ်ပေါ်လာမယ့် သတင်းမီဒီယာကောင်စီအတွက် ဘယ်လို ရံပုံငွေရယူမယ်ဆိုတာ ထည့်ထားတယ်။ ကျနော်တို့ က ဒီလ ၁၇ရက်နေ့ဆို ကောင်စီသက်တမ်းကုန်ပြီ။ လုပ်ငန်းတာဝန်လေးတွေ ပြီးတာနဲ့ နောက်ကောင်စီကို အားလုံးလွှဲအပ်ပေးမှာ။ သိန်း ၅၀၀ လက်ခံလိုက်တဲ့အတွက် ကောင်စီက သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ စည်းရုံးသိမ်းသွင်းတာ ခံလိုက်ရပြီလား၊ အဲဒီငွေတွေက မများဘူးလား၊ ဘယ်နေရာမှာ သုံးမှာလဲ၊ ဘာ့ကြောင့် လက်ခံလိုက်တာလဲ ဆိုတဲ့ မေးခွန်းတွေ၊ ရိသဲ့သဲ့ ခနဲ့တဲ့တဲ့ မှတ်ချက်စကားတွေ အွန်လိုင်းဆိုရှယ် မီဒီယာတွေမှာ တက်လာတယ်။
သေချာတာကတော့ အဲဒီ သိန်း၅၀၀ လောက်နဲ့ ကျနော်တို့ကောင်စီ သိက္ခာကျစရာ အကြောင်းမရှိဘူးဆိုတာပါ။ ကျနော်တို့ လုပ်ခဲ့တဲ့ကိစ္စတွေ အားလုံးအတွက် ကျနော်တို့ လိပ်ပြာသန့်တယ်။ ယုံကြည်မှုအပြည့်ရှိတယ်။ နောက် ကောင်စီပေါ်လာရင် အားလုံးကို စိတ်ရှင်းရှင်းနဲ့ လွှဲပေးမယ်။ အစိုးရဆီက သိန်း၅၀၀ ဆိုတာကို သူ့လူ၊ ငါ့လူ၊ ရန် ငါစည်းခြားတဲ့ အမြင်နဲ့ သိပ်မကြည့်ကြဖို့တော့ ကျနော် မေတ္တာရပ်ခံချင်တယ်။ အစိုးရငွေဆိုတာ ဘယ်သူ့ငွေလဲလို့ မေးကြည့်ကြပါ။ အစိုးရငွေဆိုတာ ပြည်သူ့ဘဏ္ဍာမဟုတ်ဘူးလား။ ပြည်သူ့ဘဏ္ဍာကို ဘာမှ ဟုတ်တိပတ်တိ မလုပ်တဲ့သူတွေက သုံးပြီး ကိုယ်ကျိုးရှာတာမဟုတ်ဘူး။ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ သတင်းသိခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ကိုယ်စားပြုမယ့် သတင်းမီဒီယာဥပဒေထွက်ဖို့ အလုပ်လုပ်နေတဲ့ ကောင်စီက စနစ်တကျ သုံးမှာ။ နောင်မှာ သတင်းမီဒီယာလောက ဖွံ့ဖြိုးဖို့၊ ပြည်သူရဲ့သတင်းသိခွင့်ကို ဖြည့်ဆည်းပေးနေတဲ့ သတင်းသမားတွေ အရည်အချင်းမြင့်မားဖို့၊ ကျင့်ဝတ်စံနှုန်းတွေ လေးစားလိုက်နာဖို့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အများကြီး လုပ်ရအုံးမှာ။ အဲဒီအတွက် လိုအပ်တဲ့ အသုံးစရိတ်ကို ပြည်သူ့ဘဏ္ဍာငွေက ကျခံသုံးစွဲတာ ဘာဆန်းလို့လဲ။ နောက်ပြီး အစိုးရတစ်ရပ်က စာနယ်ဇင်းလောက ဖွံ့ဖြိုးဖို့အတွက် ပြည်သူ့ဘဏ္ဍာငွေထဲက မတည်ပေးတာ ကောင်းတဲ့ လုပ်ရပ်မဟုတ်ဘူးလား။ ကောင်းတဲ့ဖက်ကလည်း လှည့်တွေးကြပါအုံး။ အဲဒီအတွက် အမနာပ ပြောသူ၊ အဆိုးမြင်နဲ့ဝေဖန်သူရှိရင် အဲဒီလူတွေအတွက် စိတ်မကောင်းဘူး။
ကျနော်တို့အားလုံး ကိုယ့်သမိုင်းမှတ်တမ်းကို ကိုယ့်ဘာသာ ပြုစုနေကြတာ။ စာနယ်ဇင်းကောင်စီကလည်း ကောင်စီရဲ့သမိုင်းကို ရေးနေတာ။ ကျနော် ကြံစည်တွေးခေါ်စိတ်ကူး၊ ပြောဆိုရေးသားတာတွေက ကိုယ့်သဘောကိုယ်ဆောင်တယ်၊ ကောင်စီလည်းဒီလိုပဲ၊ အဆိုးမြင်စိတ်နဲ့ ဖြစ်ဖြစ် အပြုသဘောစိတ်နဲ့ ဖြစ်ဖြစ် ဝေဖန် မှတ်ချက်ပေးတဲ့သူတွေလည်း ဒီလိုပဲ သူ့သဘောသူဆောင်တယ်။ ကိုယ့် သမိုင်း ကိုယ်ရေးတယ်။ အဲဒီ သိန်း၅၀၀ ကို လက်မခံစေချင်ရင် နောက်တက်လာမယ့် ကောင်စီအတွက် လက်မခံစေချင်တဲ့သူတွေက အလှူငွေ ဝိုင်းဝန်း ထည့်ဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါရစေ။ လက်ရှိ ကောင်စီက မီဒီယာလောကအတွက် လုပ်နေတဲ့ လုပ်ငန်းတွေမှာကော ကျနော်တို့ ခင်ဗျားတို့ လူအား၊ စိတ်အား၊ ငွေအား ဘယ်လောက် ကူညီပြီးကြပြီလဲ။
ကျနော်အခုလို ပြောရတာက မရှင်းမလင်းဖြစ်နေတဲ့သူတွေ တတ်နိုင်သလောက် ရှင်းလင်းသွားအောင်ပါ။ ဘယ်သူ့ကိုမှ အပြစ်တင်လိုတဲ့သဘော မပါဘူးဆိုတာကိုတော့ သိစေချင်တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


0 အကြံပြုခြင်း: