Tuesday, October 22, 2013

သူအ၇င်လိုစိတ်မျိုးမရှိဖို့လိုပါတယ်


Hawdeka Khalaylay

နိုင်ငံရေးသမားတွေ အနေနဲ့ လက်ရှိစစ်တပ်အပေါ် နားလည်မှုပိုရှိအောင် ကြိုးစားသင့်တယ် လို့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှ ပြောကြားလိုက်ပါတယ် ၊

မောင်ရင်က စစ်တပ်ကို ဒီမိုကရေစီနိုင်ငံမှာရှိတဲ့ စစ်တပ်နဲ့ တူသင့်တယ်လို့ပြောတာ မောင်ရင့်ဘက်ကကြည့်ရင်တော့ မှန်ကောင်းမှန်မယ်လေ ၊ ကိုယ်ပြန်မေးကြည့်မယ် လက်ရှိစစ်တပ်ကို ဒီမိုကရေစီ နိုင်ငံမှာ ရှိတဲ့ စစ်တပ်နဲ့ တူအောင် ပြောင်းလဲပစ်ဖို့ကာ ဘယ်သူ့မှာ

အဓိက တာဝန်ရှိတယ်လို့ မောင်ရင်ထင်သလဲ ၊

နောက်ပြီး အခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အားလုံးရှိနေတယ် ဆိုတာလည်း မမေ့သင့်ဘူးနော် ၊ ကဲ ကိုယ်မေးမယ် ၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့တိုင်းမယ်ဆိုရင် လက်ရှိစစ်တပ်ဟာ ဘာတွေလိုနေသလဲလို့ မောင်ရင်ပြောမှာလဲ ၊

ကိုယ်ပြောချင်တာက မောင်ရင်တို့ဖြစ်စေချင်တာကိုလည်း ပိုတယ်မပြောပါဘူး ၊ အခု လက်ရှိ စစ်တပ် ရပ်တည်နေပုံကိုလည်း ပြည့်စုံတယ် မပြောပါဘူး ၊ ဒီကနေ့ ဒီလိုအချိန်မှာ စစ်တပ်နဲ့ပြည်သူ ပြောမယ်ဆိုရင် စစ်တပ်နဲ့နိုင်ငံရေးသမားတွေ နားလည်မှု မလွဲကြဖို့လိုတယ်



ကိုယ်ကြည့်ရတာ လူတွေကယုံကြည်မှုရှိပြီး လူတွေအပေါ်မှာသြဇာလွှမ်းတဲ့ ပညာလဲတတ်ပြီးစေတနာလည်းရှိတဲ့ သတင်းရုပ်သံမီဒီယာ ဒီမှာမရှိသေးဘူး ၊ အဲဒါမျိုးက ဒီလိုအချိန်မျာ အရမ်းကို လိုအပ်နေတယ်လေ ၊

လူတွေကို ထိတ်လန့်စေတဲ့ ကောလဟာလ ထွက်လာရင် အဲဒီကောလဟာလဆိုတာကို အချိန်တိုတိုအတွင်းမှာ မြန်မြန်ဆန်ဆန်တုန့်ပြန် နိုင်တဲ့ ခုနကလို သတင်းရုပ်သံမီဒီယာမျိုး မဖြစ်မနေရှိသင့်နေပြီလေ ၊

ရုတ်ချည်းပြန့်သွားတဲ့ ကောလဟာလ တွေဟာ မှန်ရင်လည်းမှန်တယ် ၊ မှားရင်လည်း မှားတယ်ဆိုတာ ချက်ချင်း ချက်ချင်း ကို တုန့်ပြန်နိုင်စွမ်းရှိရမယ် ၊ အဲဒီသတင်းရုပ်သံမီဒီယာကိုယ်တိုင်က လူတွေရဲ့ယုံကြည်မှုကို ရယူထားနိုင်ရမယ်နော် ၊

ကောလဟာလကြောင့် လက်ရှိစစ်တပ်နဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့တာမျိုးတွေ ထပ်ဖြစ်မှာ ကိုယ်အစိုးရိမ်ဆုံးပဲ ၊

ခုနက ဟာကို ဆက်ပြောရမယ်ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ဆိုရင် လက်ရှိစစ်တပ်ဟာ သူ့နေရာမှာ သူရှိတယ်မဟုတ်လား ၊ လက်ရှိစစ်တပ်ကို ဘာအားနည်းတယ်လို့ ပြောလို့ရလို့လဲ ၊

မောင်ရင် အခုမေးတယ် ဒီမိုကရေစီနိုင်ငံ စစ်စစ်ဖြစ်ပြီဆိုရင်တော့ လက်ရှိစစ်တပ်ဟာ အံဝင်ဂွင်ကျ ရှိနိုင်ပါ့မလား ၊ အဲဒါလဲ မေးသင့်တာပဲ ၊ ဒီတော့ ကိုယ်က မောင်ရင့်ကို ပြန်မေးမယ် ၊ မောင်ရင်ပြောတဲ့ ဒီမိုကရေစီ နိုင်ငံ စစ်စစ် ဖြစ်သွားရင် လက်ရှိ စစ်တပ်ရဲ့ ဘယ်အပိုင်း

ဘယ်ပုံစံတွေဟာ အံဝင်ဂွင်ကျ မရှိနိုင်တော့ ဘူးလဲ ၊ ရှင်းရှင်းပြောမယ်ကွာ ၊ လက်ရှိစစ်တပ်က ဘာတွေကိုပြင်ပေးရမှာလဲ ၊ မောင်ရင်လည်း သေချာ မသိဘူးမဟုတ်လား ၊ မောင်ရင် ပြောမှာက စစ်ဦးစီးချုပ်ဟာ သမ္မတ ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးရဲ့ အောက်မှာ

ရှိရမယ်ဆိုတာကိုပြောမှာ မဟုတ်လား ၊ ကိုယ်က ဒီလို အပေါ်ယံအပြောမျိုးထက်ပိုတဲ့ တကယ့် ထဲထဲဝင်ဝင် အကျွမ်းတဝင်သိပြီးပြောတာမျိုး ပိုပြီးဖြစ်စေချင်တယ် ၊

ကဲဟုတ်ပြီ ၊ အဲလို စစ်တပ်ကိုယ်နှိုက်က ဒီမိုကရေစီ စစ်စစ်မှာ ရှိသင့်တဲ့ စစ်တပ်မျိုးဖြစ်အောင် ပြောင်းဖို့ စစ်တပ်က မောင်ရင်တို့ဆီကို ချဉ်းကပ်ရမှာလား မောင်ရင်တို့က စစ်တပ်ကို ချဉ်းကပ်ရမှာလား ၊ မောင်ရင်ကတော့ မီဒီယာသမားပါ ၊ ကိုယ်က မောင်ရင့်ကို

နိုင်ငံရေးသမား တစ်ယောက်လို့ သဘောထားမေးကြည့်တာ ၊ စစ်သားရယ် နိုင်ငံရေးသမားရယ်ရှိတယ် ၊ စစ်တပ်ကို ဒီမိုကရေစီ စစ်စစ်မှာ ရှိတဲ့ စစ်တပ်ဖြစ်ဖို့ ပြောင်းချင်တယ် ၊ အဲတော့ စစ်သားက နိုင်ငံရေးသမားဆီချဉ်းကပ်ရမှာလား ၊ နိုင်ငံရေးသမားက

စစ်သားဆီချဉ်းကပ်ရမှာလား ၊ စဉ်းစားကြည့်လေ ၊ ပြီးတော့ လက်ရှိမှာလည်း အသက်ဝင်နေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံအောက်မှာ ပုံစံကျတဲ့ စစ်တပ်အဖြစ်ရှိနေသားပဲလို့ စစ်သားက ပြန်ပြောမှာပေါ့ ၊

မောင်ရင်မေးတာတွေကိုယ်လိုက်ဖြေနေရတာ ကိုယ်ပြောချင်တာနဲ့ ဝေးမသွားစေချင်လို့ ပြန်ကောက်မယ် ၊

စစ်တပ် နဲ့ ပြည်သူတွေ ဒီ့ထက်ပိုရင်းနှီးစေချင်တယ် ၊ ပြည်သူတွေက စစ်တပ်ကိုဒီထက်ပို နားလည်စေချင်တယ် ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေက စစ်တပ်ကို ဒီထက်ပို နားလည်စေချင်တယ် ၊ စစ်တပ်နဲ့ပြည်သူတွေကြားမှာ ကောလဟာလတွေကြောင့် ထိခိုက်တာမျိုး

လုံးဝ လုံးဝကို မရှိစေချင်တော့ဘူး ၊ အဲဒီအတွက် ခိုင်မာသေချာတဲ့ ကောလဟာလဖြေရှင်းရေးလမ်းကြောင်းတွေ လုပ်ထားသင့်တယ် ၊ လွှတ်တော်ထဲအထိပြောသင့်တယ်ဆိုလဲ ပြောကြပေါ့ ၊

အဲဒီအတွက် နိုင်ငံရေးသမားတွေအနေနဲ့ စစ်တပ်ကို ပိုပြီးနွေးနွေးထွေးထွေး နီးနီးကပ်ကပ်ရှိစေချင်တယ် ၊ အဲဒီကတဆင့် စစ်တပ်နဲ့ နိုင်ငံရေးသမားတွေကြားမှာ လက်တွေ့ဆန်တဲ့ ယုံကြည်မှုတွေ တည်ဆောက်သင့်တယ် ၊ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ

စစ်တပ်ထဲကနေ သိချင် မေးချင်တာတွေကို နိုင်ငံရေးသမားတွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်နှီးနှီးမေးလာအောင်လုပ်ရမယ် ၊ အဲဒီမေးခွန်းတွေကို နိုင်ငံရေးသမားတွေက စိတ်ရှည်လက်ရှည်နဲ့ ဥပမာတွေ နမူနာတွေပြပြီး ပြန်ဖြေရမယ် ၊ တစ်ဖက်က

သဘောမတွေ့လို့ထပ်မေးတာတွေလည်း ရှိမှာပဲ ၊ အဲဒါတွေကို ရင်ထဲမှာရှင်းသွားတဲ့ အထိဖြစ်အောင် ဖြေရှင်းပေးရမယ် ၊ အဲဒီအတွက် အချိန်လိုတယ်ဆိုရင်လည်း အချိန်ပေးရမှာပေါ့ ၊

ဒီကနေ့ ဒီလိုအချိန်မှာဒါ အရမ်းအရေးကြီးနေပြီလို့ ယူဆလို့ ကိုယ်ကပြောတာနော် ၊ မောင်ရင်တို့ နိုင်ငံရေးလုပ်နေတဲ့သူတွေ အနေနဲ့ စစ်သားတွေကို အမြင်မကြည်တဲ့ ပုံစံ နဲ့ ပြောဆိုဆက်ဆံနေတာတွေကို ရပ်ကြပါတော့ ၊ စစ်သားတွေကို ကိုယ့်ရဲ့ ညီအစ်ကို အရင်းတွေလို

သဘောထား စေတနာထားပြီး ဆက်ဆံဖို့ လိုနေပါပြီ ၊ ဒါတွေအားလုံး ကိုယ့်အသက်အရွယ်အတွေ့အကြုံအရ ကိုယ့်သမိုင်းကိုယ်ရေးချင်လို့ ကိုယ့်တာဝန်ကိုယ်ကျေချင်လို့ ပြောနေတာလို့မှတ်ပါ ၊

အင်တာဗျူးမှာ ဦးခင်ညွန့်နဲ့ဆွေးနွေးခဲ့တာတွေဖြစ်ပါတယ် ။

2 အကြံပြုခြင်း:

Anonymous said...

ခင်ညွန့်လက်ထက် တနသာရီတိုင်းမှာ တာဝန်ထမ်းနေတုံးကပေါ့
တပ်ထိန်းတပ်မှူးနဲ့ ဒုတိုင်းမှူး တို့ရဲ့ မတရား ဆဲဆိုခြင်းကို ခံခဲ့ရပါတယ်။
ဘယ်တော့မှ မမေ့ မကျေနပ်ပါ။
ပုဂိုလ်ရေးဆန်တယ်ဆိုဆို
စစ်တပ်ကို သိပ်နာကြည်းနေခဲ့ပါတယ်။
လက်စားမချေနိုင်သေးပေမယ့် စစ်သားတိုင်းကို စိတ်နာနေပါတယ်။
လက်၇ှိ နေပြည်တော်က ၀န်ထမ်းပါ

ဦးခင်ညွန့် ခံစား သိမြင် နိုင်ပါစေ said...



(ဦးခင်ညွန့် ခံစား သိမြင် နိုင်ပါစေ
ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်ရှု နားဆင် ကြည့်ရှု နိုင်ပါတယ်။ )


ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ထောက်လှမ်းရေးတွေ ညဖက် အိမ်မှာလာဖမ်းပြီး ခေါ်ဆောင်သွားတာကို ခံရသူတွေအကြောင်းကို သီဆိုထားတဲ့ ကိုမွန်းအောင်ရဲ့ "ဧည့်ဆိုး" သီချင်း နားထောင်ရင်း ဦးခင်ညွန့်လဲ ဒီလိုပဲ မိုးဖွဲဖွဲလေးတွေ ကျနေတဲ့ ညတညမှာ ရဲချုပ်ခင်ရီတို့က တံခါးခေါက်ပြီး လာခေါ်သွားခံရဖူးတာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။


အဲဒီ "ဦးခင်ညွန့် ခံစား သိမြင် နိုင်ပါစေ" စာညွန့် post ရဲ့ အောက်မှာ -
(1) "ဧည့်ဆိုး" သီချင်း၊
(2) "ဦးခင်ညွန့် ဗွီဒီယို"
(3) ဦးခင်ညွန့်ထံ အိတ်ဖွင့်ပေးစာ
(4) ဦးခင်ညွန့် အပေါ် ပြည်သူတွေရဲ့ အမြင်

..... စသည်ဖြင့် စုံစုံလင်လင် ရှိနေလို့ တနေရာထဲမှာ တထိုင်ထဲ အားပါးတရ လေ့လာ ဖတ်ရှု နားဆင် ကြည့်ရှုခဲ့ပါကြောင်း သတင်းပါးရင်း ဘော်ဘော်တို့ကိုလဲ "ဦးခင်ညွန့် သိမြင်ပါစေ" စာညွန့် link ကို ဝေမျှလိုက်ပါတယ်။