Saturday, January 5, 2013

ရခိုင်နှင့် မွတ်ဆလင် အကြား ပြဿနာ ပြန်ဖြစ်ရန် စစ်သားများ သွေးထိုးလုံ့ဆော်မူ ပြုလုပ်နေ

January 3, 2013 at 9:38 pm


မင်းပြားမြို့နယ် နာဂါရာ ကျေးရွာတွင် တာဝန်ကျနေသော စစ်သားများသည် ရခိုင်နှင့် မွတ်ဆလင်များ အကြားတွင် တစ်ဘက်နှင့် တစ်ဘက် ဆက်လက် တိုက်ခိုက်မူများ ပြန်လည် ဖြစ်ပေါ်အောင် သွေးထိုး လုံဆော်မူများ ပြုလုပ်နေသည်ဟု ဒေသခံများက နိရဉ္စရာသို့ ပြောသည်။

“ ဒီကနေ့ နာဂါရာ ကျေးရွာမှာ တာဝန် ကျနေတဲ့ စစ်သား နှစ်ဦးနဲ့ မွတ်ဆလင် ဘင်္ဂလီ ၆၀ ခန့်ဟာ ရခိုင်လယ်သမားတွေ လယ်ယာလုပ်ကိုင်နေတဲ့ ပန်းမြောင်နဲ့ ပြင်ယောင်း အကြားမှာ တည်ရှိတဲ့ ဂန့်ဂါကွင်းထဲက  ရွှေလောင်းကျော်နေရာကို တက်လာကြပါတယ်။ အဲဒီမှာ လယ်လုပ်နေတဲ့ ရခိုင် လယ်သမားတွေ အကုန်လုံး အဲဒီနေရာက ထွက်ပြေးလာခဲ့ရပါတယ်” ဟု ပန်းမြောင်းကျေးရွာမှ လယ်သမား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

မွတ်ဆလင်များ အတူ ပါလာသော စစ်သားများနှစ်ဦးမှာ ယူနီဖေါင်းများ ၀တ်ဆင်ထားပြီး သေနတ်များလည်း ပါလာသည်ဟု ပြောသည်။

“ စစ်သားတွေက သေနတ်တွေနဲ့ ယူနီဖေါင်းတွေလည်း ၀တ်ထားပါတယ်။ အခုလို လူအုပ်နဲ့ စစ်သားတွေ လယ်ကွင်းထဲကို ၀င်လာတော့ အဲဒီမှာ လယ်လုပ်နေတဲ့ လယ်သမားတွေ စပါးပုံတွေ၊ ကောက်လိုင်းတွေကို ထားပြီး ထွက်ပြေးလာရပါတယ်။ သူတို့ ဘာရည်ရွယ်ချက်နဲ့ လာသလဲဆိုတော့ ရခိုင် လယ်သမားတွေကို အနှောင့်အယှက် ပေးဖို့ တမင် ရည်ရွယ်လာတာပါ” ဟု  ဆိုသည်။

ထွက်ပြေးလာကြသော လယ်သမားများမှာ ဦးသာစိန်အောင်၊ ဦးကြွင်းကျန်အောင်၊ ဦးမဲကျော်၊ လှထွန်းစိန်နှင့် ကျန်စိန်အောင် တို့ ဖြစ်ကြသည်ဟု သိရသည်။

လယ်သမားများ၏ ရိတ်သိမ်းပြီးစ စပါး ကောက်လိုင်းများမှာ လယ်ကွင်းများထဲတွင် ကျန်နေခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရခိုင်နှင့် မွတ်ဆလင်များ ပြဿနာများ မပြေလည်နိုင်ဘဲ ဖြစ်နေချိန်တွင် စစ်သားများက မွတ်ဆလင်များကို ခေါ်ယူပြီး ရခိုင် လယ်တဲများရှိရာသို့ ၀င်ရောက်လာခြင်းမှာ ပြဿနာကို တမင် မီးမွှေးပေးလို၍ ဖြစ်သည်ဟု တစ်ခြား ဒေသခံ တစ်ဦးက ပြောသည်။

“ စစ်သားတွေက ခုလို အချိန်မှာ ဒါမျိုး လုပ်တာက ပြဿနာ ပြန်ဖြစ်အောင် ရည်ရွယ် လုပ်တာလို့ ထင်ပါတယ်။ မဟုတ်ရင် ဒီမွတ်ဆလင် ဘင်္ဂလီတွေကို ခေါ်ပြီး ရခိုင်တွေ လယ်လုပ်နေတဲ့ လယ်ကွင်းတွေဆီ လာစရာ အကြောင်း မရှိပါ။ ခြိမ်းခြောက်တဲ့ သဘောလည်းပါတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

နာဂါရာ မွတ်ဆလင် ရွာမှာ မင်းပြားမြို့နယ် ပန်းမြောင်းနှင့် ရွှေတမာ ကျေးရွာအကြားတွင် တည်ရှိသည်။

ယနေ့ (ဇန္န၀ါရီ ၃ ရက်) ညနေပိုင်း ထိ ရခိုင် လယ်သမားများ အနေဖြင့် သူတို့၏ လယ်များသို့ ပြန်လည် သွားရောက်နိုင်ခြင်း မရှိသေး၍ သူတို့၏ စပါးများကို ယူဆောင်သွားခြင်း (သို့မဟုတ်) ဖျက်ဆီးခံရခြင်း ရှိမရှိကို မသိရသေးကြောင်း လယ်သမားများက ပြောသည်။

ယခုကဲ့သို့ စစ်သားများက မွတ်ဆလင်များကို ခေါ်ယူပြီး  ရခိုင် လယ်တဲများရှိရာသို့ ၀င်ရောက်လာခြင်း အပေါ် သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ် အဆင့် တာဝန်ရှိသူများကိုသာမက ရခိုင် စုံစမ်းရေး ကော်မရှင်သို့ပါ တိုင်ကြား သွားမည်ဟု ပန်းမြောင်းကျေးရွာမှ ပညာတတ် လူငယ် တစ်ဦးက ပြောသည်။

http://www.narinjara.com/burmese/?p=3823

ဆော်ဒီအာရေးဗီးယားရောက် မြန်မာ ဗုဒ္ဓဘာသာ ၁၂ ဦး၏ အသက် အန္တာယ် စိုးရိမ်နေရ

ဆော်ဒီ အရေးဗီးယားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ နိုင်ငံသား ၂၆ ဦးထဲမှ ဗုဒ္ဓဘာသာဝင်  ၁၂ ဦး၏  အသက် အန္တာရယ် စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သတင်း  ရရှိသည်။

သူတို့ ၁၂ ဦးသည် တစ်ခြား မြန်မာနိုင်ငံသား ၁၄ ဦးနှင့် အတူ အလုပ်သမား အေဂျင်စီ တစ်ခုနှင့်  ကုမ္ပဏီ တစ်ခုတို့၏ ပူးပေါင်း လိမ်လည်မူဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျေလာမြို့သို့ ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် အလုပ် လုပ်ရန် ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ရောက်ရှိလာသည်မှာ ၂နစ်ကြာမြင့် လာခဲ့ပြီ ဖြစ်သော်လည်း ကုမ္ပဏီ၏ လိမ်လည်ခိုင်းစေမူကြောင့် နေရေး စားရေး ကအစ အဆင်မပြေ ဖြစ်ကာ ဒုက္ခ မျိုးစုံကို ရင်ဆိုင် ခံစားနေကြရသည်ဟု ဆိုသည်။

ယခုအခါ အချိန်ကြာမြင့်လာပြီး  နိုင်ငံကူး လက်မှတ်ကိုလည်း ကုမ္ပဏီက သိမ်းဆည်းထားပြီး passport stay card များလည်း မရှိသဖြင့် ဆိုဒီ ရဲများကိုလည်း ကြောက်လန့်ကာ  အပြင် မထွက်ရဲဘဲ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည် သိရသည်။

အခြေအနေ ပိုမို ဆိုးဝါးလာသည်မှာ ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော အရေးအခင်း နောက်ပိုင်းတွင် ဖြစ်သည်ဟု ဆိုသည်။  မြန်မာနိုင်ငံမှ ရောက်ရှိနေသူ ၂၆ ဦးအထဲမှ  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို သတ်ပစ်ရန် ခြိမ်းခြောက်မူများ ထွက်ပေါ်နေ၍ ဖြစ်သည်ဟု ဆိုသည်။

ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မောင်းတောမြို့နယ်မှ ရောက်ရှိနေသူ  မွတ်စလင် အများစုက ဗုဒ္ဓဘာသာဝင် ၁၂ ဦးအား အပြင်ထွက်ပါက သတ်ပစ်ရန် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ထိုသို့ ခြိမ်းခြောက်ထားသဖြင့်  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို အကူအညီပေးနေကြသော ဘူးသီးတောင်နှင့်  မောင်တောမြို့မှ တချို့  မွတ်ဆလင်များမှာ  ခြိမ်းခြောက်မူကို ကြောက်လန့်ကာ  ပြဿနာဖြစ်မည်ဟု ပြောဆိုပြီး ယခုအခါ ဆက်လက်မကူညီနိုင်ပဲ ရှိနေသည်ဟု ဆိုသည်။

သို့အတွက် ဗုဒ္ဓဘာသာဝင် ၁၂ယောက်မှာ နေစရာ စားစရာ မရှိ၊ အလုပ်အကိုင်လည်း မရှိ၊ အပြင်ကိုလည်း မတွက်ရဲဘဲ ကြောက်လန့်စွာ ပုန်းအောင်းနေထိုင်နေကြရပြီး ဒုက္ခမျိုးစုံကို ခံစားနေကြရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဋ္ဌာန အမျိုးမျိုးကို အသနားခံ အကူ အညီတောင်း တိုင်တန်းစာများပို့ ထားသော်လည်း သက်ဆိုင်ရာ အေဂျင်စီနှင့် မိသားစုဝင်များကို အကြိမ်ကြိမ် စုံစမ်း စစ်ဆေးရုံက လွဲပြီး မြန်မာ၂၆ယောက်၏ မြန်မာပြည် ပြန်နိုင်မည့် အရေး အတွက် အကူအညီများ မရရှိခဲ့ဟု ဆိုသည်။

ဆော်ရီအာရေးဗီးယားရှိ မြန်မာ သံရုံးကို မြန်မာ ၂၆ယောက်၏ ဒုက္ခ ပြဿနာအား ဖြေရှင်းပေးရန် အတွက် အသနားခံစာ အကူအညီ တောင်းစာများကို တယ်လီဖုံး၊ ဖက်စ် fax များဖြင့်အမျိုးမျိုး ဆက်သွယ်ပြီး အကူအညီ တောင်းခံသော်လည်း အကြောင်း အမျိုးမျိုး ပြကာ မကူညီနိုင်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

ဗုဒ္ဓဘာသာဝင် ၁၂ယောက် အနေဖြင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် အသက်အန္တာရယ် အရမ်း စိုးရိမ် နေရပြီး ဒုက္ခမျိုးစုံ ရောက်နေကြောင်း  မြန်မာ နိုင်ငံသို့ အပြန်ဆုံး ပြန်လိုကြောင်း  မြန်မာသံရုံးကို အကူအညီ တောင်းရန် ကြိုးစား သော်လည်း သံရုံးအနေဖြင့် လက်ခံစကား ပြောချင်စိတ် မရှိဘဲ ဖြစ်နေသည်ဟု ပြောသည်

မြန်မာနိုင်ငံမှ အလုပ်သမား ၀န်ကြီးဋ္ဌာန၏ ဆွေးနွေးမူဖြင့် မြန်မာ ၂၆ ယောက် ပြသနာကို ကုမ္ပဏီနှင့် ဖြေရှင်းပြီး မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်နိုင်ရေး အတွက် အေဂျင်စီမှ ကိုယ်စားလှယ် တစ်ယောက် ရောက်ရှိ နေသော်လည်း ညှိုနှိုင်းမူ မရဘဲ အချိန်သာ  ကြန့်ကြာနေသည်ဟု သိရသည်။

ယခုအခါ ဗုဒ္ဓဘာသာ ၁၂ယောက်၏ အသက်အန္တာရယ်မှာ တစ်ရက်ထက် တစ်ရက် စိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေသဖြင့် မြန်မာ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားများ အနေဖြင့် သူတို့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိရေး အတွက်  တတ်နိုင်သည့်ဘက်မှ အကူအညီပေး ကြရန် မေတ္တာရပ်ခံထားသည်။
http://www.narinjara.com/burmese/?p=3842

နိုင်ငံတော်သမ္မတနှင့် KNU ခေါင်းဆောင်များနေပြည်တော်တွင်တွေ့ဆုံ

ဓာတ်ပုံ- Hla Maung Shwe

ပုဂ္ဂလိကသတင်းစာနဗင့်ပတ်သက်ပြီး ပြန်ကြားရေးဒုဝန်ကြီးရှင်းပြ


Ye Htut

    ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိက နေ့စဉ်သတင်းစာများထုတ်ဝေမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၈ရက်နေ့ မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဓိကအချက်ကတော့ နေ့စဉ်သတင်းစာထုတ်ဝေခွင့်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်လျှောက်ထားနိုင်ပြီး ဧပြီလ ၁ ရက်နေ့မှာ စတင်ထုတ်ဝေခွင့်ရှိမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီသတင်း ကို စာနယ်ဇင်းသမားများက ကြိုဆိုကြပေမယ့် အချို့သူများအနေနဲ့ ထုတ်ဝေခွင့်ပြုမယ့်အခြေအနေ၊ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့သဘော၊ နားလည်မှုလွဲနေတဲ့သဘော ပြောဆိုနေတာတွေကိုလည်း သတိပြုမိပါတယ်။ ဒါ့ကြောင့် နားလည်မှုလွဲနေတဲ့အချက်များကို ရှင်းပြချင်ပါတယ်။

    ပထမဆုံးအချက်ကတော့ ၀န်ကြီးဌာနက သတ်မှတ်ပေးတဲ့ ရက်များဟာ အစောဆုံးစတင်လျှောက်နိုင်တဲ့ ရက်စွဲ နဲ့ အစောဆုံးစတင်ထုတ်နိုင်တဲ့ ရက်များသာဖြစ်ပါတယ်။ ဒ့ါကြောင့် လျှောက်လွှာပိတ်တယ်ဆိုတာမရှိသလို ၂၀၁၃ ဧပြီလ ၁ ရက်နေ့မှာ အားလုံးတစ်ပြိုင်တည်းထုတ်ဝေရမယ်လို့လည်း မဆိုလိုပါဘူး။ မိမိလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေ အနေပေါ်မှာပဲ မူတည်ပါတယ်။

    ဒုတိယအချက်ကတော့ ထုတ်ဝေခွင့်တွေကို ရွေးချယ်ပြီးပေးမှာလားဆိုတဲ့စိုးရိမ်မှုဖြစ်ပါတယ်။ ၀န်ကြီးဌာနအနေနဲ့ အခုနောက်ပိုင်း ဂျာနယ်ထုတ်ဝေခွင့်တွေပေးတဲ့အခါ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူတွေအားလုံးကို ထုတ်ဝေခွင့်ပေးနေ သလိုပဲ သတင်းစာထုတ်ဝေခွင့်မှာလည်း သတ်မှတ်ထားတဲ့အချက်များနဲ့ကိုက်ညီသူအားလုံးဟာ ထုတ်ဝေခွင့်ရရှိမှာ ဖြစ်ပါ တယ်။ ၀န်ကြီးဌာနရဲ့ ရည်ရွယ်ချက်ကိုက ယူနက်စကိုအဖွဲ့က သတ်မှတ်ထားတဲ့ မီဒီယာဖွံ့ဖြိုးမှုညွှန်းကိန်းများထဲက တစ်ခု ဖြစ်တဲ့ Plurality and diversity of media ဖြစ်အောင်၊ ပြည်သူများအနေနဲ့ မတူညီတဲ့ သတင်းဌာနများကနေ သတင်း အချက်အလက်များကို ရရှိနိုင်အောင် ဖြစ်ပါတယ်။

    ဒီအချက်နဲ့ပတ်သက်ပြီး ၂၀၁၀ ဒီဇင်ဘာလအတွင်း က ၀န်ကြီးဌာန အနေနဲ့ ပုံနှိပ်မီဒီယာဥပဒေတစ်ခု မူကြမ်းရေးဆွဲနိုင်ဖို့ စတင်လေ့လာဆောင်ရွက်နေချိန်မှာ မီဒီယာတစ်ခုက ချဉ်းကပ် ပြီး မီဒီယာဥပဒေမထွက်သေးပေမယ့်လည်း သူတို့နဲ့ နောက်တစ်ခုလောက်ကို နေ့စဉ်သတင်းစာထုတ်ခွင့်ပေးစေလို ကြောင်း၊ စာပေစိစစ်ရေးမူများနဲ့အညီရေးမှာဖြစ်ပြီး အစိုးရစိတ်မပူရအောင်တာဝန်ခံပါကြောင်း၊ နောင်ပြဋ္ဌာန်းမယ့် ပုံနှိပ် မီဒီယာ ဥပဒေမှာလည်း နေ့စဉ်သတင်းစာထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး မတည် ငွေရင်းသတ်မှတ်ခြင်း၊ အနည်းဆုံးပုံနှိပ်ထုတ်ဝေ ရမယ့် စောင်ရေသတ်မှတ်ခြင်းစတဲ့ ကန့်သတ်ချက်များထည့်သင့်ကြောင်း၊ ဒါမှ သတင်းစာများဖောင်းပွခြင်းကနေကာကွယ် နိုင်မှာဖြစ်ကြောင်း အကြံပြုခဲ့တာရှိပါတယ်။

    ဒါပေမယ့် အဲဒီအကြံပြုချက်တွေဟာ မီဒီယာလက်ဝါးကြီးအုပ်မှုအခြေအနေကို တွန်းပို့ရာရောက်တဲ့အတွက် ၀န်ကြီးဌာနအနေနဲ့လက်မခံခဲ့ပါဘူး။ ဒါ့ကြောင့် နေ့စဉ်သတင်းစာထုတ်ဝေခွင့်ဟာ ၀န်ကြီး ဌာနရဲ့ ကြေညာချက်ပါ သတ်မှတ် ချက်များနဲ့ ကိုက်ညီသူတိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။ ၀န်ကြီးဌာနအနေနဲ့ ခွဲခြားဆက်ဆံ ဖို့ မရှိဘူးဆိုတာ နှစ်သက်ရာတိုင်းရင်းသားဘာသာ/ နိုင်ငံခြားဘာသာနဲ့ထုတ်ဝေခွင့်ပေးထားခြင်းကိုကြည့်ရင်မြင်နိုင် ပါတယ်။

    တတိယအချက်ကတော့ ပုံနှိပ်စက်အပိုင်ရှိမှ ထုတ်ဝေခွင့်ရမှာလားဆိုတဲ့အချက်ဖြစ်ပါတယ်။ ပုံနှိပ်စက်အပိုင်ရှိသူ၊ လာမည့်ခြောက်လအတွင်းမှာ စက်ရောက်ရှိမယ့်သူတွေ အပြင် အခြားပုံနှိပ်တိုက်များကိုလည်း အသုံးပြုပြီးထုတ်ဝေနိုင်ပါ တယ်။ ဒါ့ကြောင့်လည်း လျှောက်လွှာမှာ ပုံနှိပ်စက်ရှိပြီးသားဖြစ်ရင် ပုံနှိပ်သူသက်သေခံမှတ်ပုံတင်မိတ္တူ ပဲ ပူးတွဲတင်ဖို့ ပါရှိ တာဖြစ်ပါတယ်။ ကိုယ်ပိုင်စက်ဖြစ်ရမယ်လို့မပါဝင်ပါဘူး။ ဒါကလည်း ၁၉၆၂ ခုနှစ်မတိုင်မီ သတင်းစာထုတ်ဝေမှုအခြေ အနေများကိုလေ့လာတဲ့အခါ အချို့သတင်းစာတိုက်များဟာ အခြားပုံနှိပ်တိုက်များမှာ အပ်နှံပြီးထုတ်ဝေတာကို လေ့လာ တွေ့ရှိရတဲ့အတွက် ငွေများများရှိတဲ့သူ တွေပဲ သတင်းစာထုတ်နိုင်တယ်ဆိုတာမျိုးမဖြစ်အောင် အခြားပုံနှိပ်တိုက်များကိုလည်း အသုံးပြု လျှောက် ထားနိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။

    နောက်ဆုံးအချက်ကတော့ အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ စာနယ်ဇင်း ကျင့်ဝတ်၊ လုပ်ငန်းဆောင်ရွက်ပုံစည်းမျဉ်း၊ သတင်းစာတိုက်၏ အခြေခံလုပ်ဆောင်မှု စာအုပ်အတိုင်း ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေက လိုက်လုပ်ရမှာလားဆိုတဲ့အချက်ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အဲဒီစာအုပ်ဟာ ဒီကနေ့ အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ် အသွင်ကူးပြောင်းရေးကို စတင်လုပ်ဆောင်နေတဲ့ မြန်မာ့အလင်း၊ ကြေးမုံ နဲ့ New Light of Myanmar သတင်းစာသုံးစောင်အနေနဲ့ အဲဒီကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေအတိုင်းလုပ်ဆောင်သွားမယ် ဆိုပြီး အသိပေးတာဖြစ်ပါတယ်။ ဒါမှလည်း နောင် အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ် ရောက်ရှိသွားချိန်မှာ စာဖတ် ပရိသတ်များအနေနဲ့ အဲဒီသတင်းစာများရဲ့လုပ်ဆောင်ချက်များကို ဘယ်လိုစံနှုန်းတွေနဲ့ အကဲဖြတ်ရမယ်ဆိုတာ သိရှိမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက သတင်းစာများအနေနဲ့တော့ မိမိတို့ တိုက်အလိုက် စံနှုန်းတွေ၊ ကျင့်ဝတ်တွေ သီးခြားရေးဆွဲပြီး လျှောက်လွှာနဲ့အတူ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှုသတင်းစာနဲ့ ပုဂ္ဂလိကသတင်းစာများမှာ လုပ်ငန်းသဘောသဘာဝကွဲပြားတာတွေရှိနေတဲ့အတွက် ထပ်တူမဖြစ်နိုင်ပါဘူး။

    မီဒီယာများပေါ်က လေ့လာမိသလောက် မရှင်းလင်းဘူးလို့ ထင်မိတဲ့အချက်များကို ရှင်းပြတာပါ။ ထပ်မံစုံစမ်း လိုတဲ့အချက်များရှိရင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းထံကို ဆက်သွယ်စုံစမ်းနိုင်ပါ တယ်။

NLD ပညာဒါန သင်တန်းကျောင်းတွင် ကျောင်းသူကို အဓမ္မပြုကျင့်

ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရုံးခန်းရှိ ပညာဒါန ကျောင်းတွင် ဇန်နဝါရီ ၃ ရက်နေ့က ၁၅ နှစ်အရွယ် ဒဿမတန်း ကျောင်းသူ တစ်ဦးကို NLD ပညာဒါန ကျောင်း တာဝန်ရှိသူ တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း မြို့ နယ် ရဲစခန်းသို့ တိုင်ကြားချက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးပို့ချက် အရ သိရသည်။

အဓမ္မပြုကျင့် ခံရသော ကျောင်းသူမှာ အ.ထ.က (၁) ပန်းဘဲတန်းတွင် ပညာသင်ကြား နေသူဖြစ်ပြီး ယင်းနေ့ နံနက် ၈ နာရီ ခန့် တွင် NLD ပညာ ဒါန သင်တန်းကျောင်းရှိ ကျပန်းစကားပြော ပြိုင်ပွဲသို့ သွားရောက်ရာ ပြိုင်ပွဲပြီး ချိန် တွင် အဆိုပါ ကျူရှင်ကျောင်း ၇ လွာရှိ အမဖြစ်သူ၏ သူငယ်ချင်း အခန်းသို့ အမဖြစ်သူ ရှိ၊မရှိ သွားရောက် ကြည့်ရှုကာ မတွေ့၍ ပြန်လည် ဆင်းလာချိန်တွင် ကျောင်းတာဝန်ခံ ခင်မောင်ထူး (ခ) သားကြီး (ခ) ဆိုဖီရင်း အသက် ၂၂ နှစ် က ကိုကာကိုလာ အချိုရည် ဘူးတွင် မူးမေ့ စေတတ် သည့် ဆေးထည့်ကာ တိုက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ကျောင်းသူ၏ အမ ပြောကြားချက် အရ သိရသည်။

ယင်းအချိုရည်ကို သောက်ပြီး မူးမေ့ သွားခဲ့ရာ သတိ ပြန်ရချိန်တွင် သူမ ဝတ်ထားသော အပေါ် အင်္ကျီ နှင့် အနက်ရောင် ဘောင်းဘီရှည်မှာ ကျွတ်လျက် အနေ အထားဖြင့် အနားတွင် ခင်မောင်ထူးကို တွေ့ရပြီး သတိလစ် နေခိုက် ခင်မောင်ထူးက ၄င်းကို အဓမ္မ ပြုကျင့် နေသည်ကို သတိ ထားမိကြောင်း ယင်း အဖြစ်အပျက်ကို မည်သူ့ကိုမျှ ပြန်မပြောရန် ခင်မောင်ထူးက ပြောဆို ခဲ့ပြီး အဆိုပါ ကျောင်းသူ တိုက်ပေါ်က ဆင်းလာစဉ် သမီးဖြစ်သူ အိမ်ပြန် နောက်ကျ၍ အပူတပြင်း ရှာဖွေနေသည့် မိခင်နှင့် တိုက်အောက် တွင် တွေ့ခဲ့ပြီး မိခင်ဖြစ်သူကို အသိပေး ခဲ့ရာမှ ပန်းဘဲတန်း ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့ပြီး ရဲစခန်းက (ပ) ၈ / ၂၀၁၃၊ ပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဓမ္မ ကျူးလွန် ခံရသူ၏ ဦးလေး ဖြစ်သူ၏ ပြောကြားချက်နှင့် ရဲစခန်းသို့ တိုင်ကြားချက်များ အရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ The Voice Weekly က NLD ဗဟို အလုပ် အမှုဆောင် တစ်ဦး ဖြစ်သူ ဦးအုန်းကြိုင်ကို ဆက်သွယ် မေမြန်းခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း မေးမြန်း နေဆဲဖြစ် ကြောင်း ပြစ်မှု ကျူးလွန်သူဟု ယူဆ ရသူကို အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင် သွားသည် ကိုသာ သိရှိ သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

NLD ပါတီ သတင်း ပြန်ကြားရေး ဌာန ဦးကြည်တိုး ထံသို့ ဆက်သွယ် မေးမြန်း ရာ ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲ ခံရသူမှာ သင်တန်းဆရာ မဟုတ်ဘဲ ရပ်ကျေး အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ကြောင်း ယင်းအမှုနှင့် ပက်သက် ၍ ရဲအရာ ရှိများက လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်သည်ကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘဲ အမှန်အတိုင်း ဖြစ်ရန် သာ ဆောင်ရွက် မည် ဖြစ်ကြောင်း The Voice Weekly သို့ ဖြေကြားသည်။


ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အဓမ္မပြုကျင့်မှုဖြစ်ပွား
by Yangon Press International on Saturday, January 5, 2013 at 6:02am ·
ရန်ကုန်၊ဇန်န၀ါရီ ၅ YPI 

ဇန်န၀ါရီလ ၃ ရက်နေ့မွန်းလွဲပိုင်းက ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင်  အသက် ၁၅နှစ်အရွယ် မိန်းခလေးတစ်ဦးအား အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောဆိုချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ ကနဦးစစ်ဆေးချက်များအရ  ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပညာဒါနကျူရှင် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပမ်းစကားပြောပြိုင်ပွဲ အပြီးတွင် ကိုသားကြီး(ခ)ခင်မောင်ထူး(ခ)ဆိုဖီရင်း (အသက်၂၂) က အဆိုပါပညာဒါနတွင် တက်ရောက်သင်ကြားနေသော အသက်၁၅နှစ်အရွယ် ၁၀တန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ထဲတွင် အိပ်ဆေးခတ် ပြီးအလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ဦးလေးဖြစ်သူက "အဖွဲ့အစည်းတစ်ခုလုံးကိုမဆိုလိုချင်ပါဘူး ကလေးက စာမေးပွဲဖြေတော့မှာ ၊ အဲဒီပန်းဘဲတန်းပါတီ တာဝန်ရှိသူတွေ လစ်ဟင်းလို့ ဒီလိုကိစ္စတွေဖြစ်ရတာ ဒါကိုမကြေနပ်ဘူး" ဟုပြောသည်။

ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများသည် ဖြစ်စဉ်မှ သုံးရက်ကြာ ယနေ့ မွန်းလွဲ ၂နာရီခွဲထိ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်း ကာယကံရှင်မိသားစုမှပြောသည်။ ၄င်းအပြင် စွပ်စွဲခံရသူ  ကိုသားကြီး(ခ)ကိုခင်မောင်ထူးမိသားစုနှင့်လည်း တွေ့ဆုံညှိနှိုင်းခြင်းမရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြောသည်။

ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိတ်ရက်ဖြစ်သည့်အပြင် အဆိုပါရုံးမှတာဝန်ရှိသူ ကိုဋ္ဌေးလွင်အား YPI မှ သွားရောက်တွေ့ဆုံဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရခဲ့ခြင်းမရှိပါ။

ကျူးလွန်သည်ဟုသံသရရှိခြင်းခံရသူ ကိုသားကြီး(ခ)ခင်မောင်ထူး မိသားစုဝင်တစ်ဦးကလည်း"ရည်းစားဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။အခုထိ သူနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ကျွန်တော်တို့ဘက်က ဘာမှမပြောနိုင်ဘူး"ဟု ပြောသည်။

သားမယားပြုကျင့်သူဟု စွပ်စွဲခံရသူ ကိုသားကြီ(ခ)ခင်မောင်ထူး(ခ) ဆိုဖီရင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး နောက်ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်သည်ဟု ကိုသားကြီး၏ မိသားစုဝင်များထံမှသိရသည်။

ယခုကိစ္စကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှ ယနေ့ရှင်းလင်း ပြောဆိုချက်ကို ပေါ်ပြူလာ နယူးစ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားရာ ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက ၎င်းတို့အနေဖြင့် စစ်ဆေးနေကြောင်း၊ ကောင်လေးနှင့် ကောင်မလေးမှာရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့်ထားသည့် ကိစ္စအသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖေါ်ပြထားသည်။

အမှုအားပန်းဘဲတန်းရဲစခန်းမှ ပြစ်မှုပုဒ်မအမှတ် (ပ)၈/၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးထံမှသိရသည်။

KIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား

05 January 2013
Written by ရွှေဟင်္သာသတင်းဌာန

အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ဖြစ်သော လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။

“ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မနက်ကနေ ညနေအထိ မြေပြင်တပ်ရော၊ လက်နက်ကြီးရော၊ လေတပ်ပါ ရုတ်တရက် ရပ်တန့်လိုက်တယ်။ တကယ်တော့ သူတို့တက်မလာရင် ကျနော်တို့က လိုက်တိုက်မှာ မဟုတ်ဘူး။ အခုသူတို့နားတော့ ကျနော်တို့လည်း နားတာပေါ့” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဇန်န၀ါရီလ (၃) ရက် မနက်တွင် နမ်ဆမ်ယန်ရှိ KIA တပ်စခန်းသို့ ခလရ (၂၉၈)၊ ခမရ (၃၈၄)၊ (၃၈၅)၊ (၃၈၆)၊ (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ နေ့လည် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ လာရောက်ပစ်ကူပေး ခဲ့ပြီး တိုက်ပွဲပေါင်း (၈) ကြိမ် ဖြစ်ပွားခဲ့ပါသည်။

အလားတူ ဇန်န၀ါရီလ (၃) ရက်တွင် မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ် (၂) စီးသည် နေ့လည် (၁၂) နာရီခွဲ တွင်လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များအပါဝင် ဗုံးကျဲခဲ့ပါသည်။ ထို့အပြင် ၁၂ နာရီ ၄၅ မိ နစ်အချိန်တွင်လည်း နမ်ဆမ်ယန်ရှိ KIA တပ်ဖွဲ့ကို လေယာဉ် (၂) စီးဖြင့် ပစ်ခတ်ခဲ့သည်။

ကချင်ပြည်နယ်အရှေ့ပိုင်း ပန်ဝါဒေသ နယ်ခြားမှတ်တိုင် (၆) ရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ် (၂) စီး ဖြင့်ဗုံးကျဲသလို ဒုံး ကျည်ဖြင့်လည်း ပစ်ခတ်ခဲ့ပြီး ခလရ (၁၀)၊ (၇၇)၊ (၁၃)၊ (၇၄) တပ်ဖွဲ့များက ပြင်းထန်စွာ ထိုးစစ်ဆင် ခဲ့ပါသည်။

ဤကဲ့သို့ အစိုးရ စစ်ဆင်ရေး ပြင်းထန်နေရာမှ ရပ်တန့်သွားခြင်း ဖြစ်ပါသည်။ ဤရပ်တန့်မှုသည် ကိုမြအေး ခေါင်းဆောင် သော ၈၈ ကျောင်းသားများ KIA ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေပါသည်။ အလားတူ အစိုးရလက် နက်ကြီးများ တရုပ်ပြည်သို့ ကျရောက်ခဲ့သဖြင့် တရုပ်အစိုးရမှ ကန့်ကွက်ထားချိန်နှင့်လည်း တိုက်ဆိုင်ပါသည်။

ကချင်ကိုထိုးစစ်ရပ်တန့်၇န် သွေးစည်းညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ကြေညာချက်ထုတ်ပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်

ထို့အပြင် အမေရိကန်အပါဝင် UN ကလည်း စိုးရိမ်ကြောင်း ပြောကြားထားသည်လည်း ရှိပြီး KNU အဖွဲ့ မှ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံ၌ KIA စစ်ဆင်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု အကဲခတ်များက ဆို ပါသည်။

ဤအချိန်၌ နိုင်ငံတော်လုံခြုံရေး ပြည်တောင်စုဝန်ကြီး ဦးဆောင်မင်းသည်၊ “ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဥပဒေ ဘောင်အတွင်းမှာရှိတဲ့ ကိစ္စတွေအားလုံး ကျနော်အနေနဲ့ လိုက်လျောပေးနိုင်တယ်။ KIA နဲ့လည်း ဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်" စသဖြင့် ပြည်တွင်းမီဒီယာ၌ ထုတ်ပြောနေချိန်နှင့် တိုက်ဆိုင်နေပါသည်။

တိုက်ပွဲများသည် အစိုးရဖက်မှ အကျအဆုံးများလှပြီး စစ်ကူထပ်မံ လိုအပ်နေပါသည်။ အစိုးရစစ်ကူများသည် ထပ်မံပေး ပို့နိုင်ခြင်း မရှိတော့ဟု အကဲခတ်များက ဆိုပါသည်။ တိုက်ပွဲအနိုင်အရှုံးကို တွက်ချက်မည်ဆိုပါက အစိုးရသည် အကျအ ဆုံးများလှပြီး၊ ပစ်အားများသလောက် အမှတ် (၇၇၁) လဂျားယန်ကုန်းတခုသာ သိမ်းပိုက် ရရှိခဲ့သည့် အခြေအနေတွင်ရှိနေ ပါသည်။

ဤသို့ကြောင့် မည်သည့်အခြေအနေကြောင့် ပစ်ခတ်မှု ရပ်တန့်သွားသည်ကို မသိရသေးသော်လည်း နှစ်ဖက်အောက် ခြေ တပ်များမှာမူ ၀မ်းသာနေလိမ့်မည်ဟု ABSDF တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်တဦးက ဆိုပါသည်။

မြန်မာစစ်သုံ့ပန်း ၃၀ KIA လွှဲပြောင်းမည်

ကိုသားညွှန့်ဦး
05.01.2013

ကချင်ပြည်နယ်အတွင်းက KIA ကချင်လွတ်မြောက်ရေး တပ်တွေနဲ့ မြန်မာတပ်တွေအကြား ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကေအိုင်အေ ဘက်က ဖမ်းဆီးထားတဲ့ မြန်မာဘက်က တပ်နဲ့ ရဲ စုစုပေါင်း စစ်သုံ့ပန်း ၃၀ ကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကနေ တဆင့် ပြန်လွှတ်ပေးဖို့ စီစဉ်နေတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုယ်စားလှယ်အချို့ ကချင်ဒေသ လိုင်ဇာကို သွားရောက်ပြီး၊ ကေအိုင်အေ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဒီ အစီအစဉ် ဖြစ်လာတယ်လို့ ပြောရမှာပါ။ ကချင်ဘက်က ဖမ်းထားတဲ့ စစ်သုံ့ပန်း ၃၀ ပြန်လည် လွှဲပြောင်းဖို့ကိစ္စကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကနေ အစိုးရ အာဏာပိုင်တွေဘက်ကို အကြောင်းကြား ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ သူတို့ ကြိုးပမ်း ဆောင်ရွက်ချက်တွေထဲက ဒါဟာ အစိတ်အပိုင်းတရပ် ဖြစ်ပြီး၊ ရှေ့ဆက် နှစ်ဘက် အပစ်အခတ်တွေ အရှိန်လျော့ကျသွားမယ်လို့တော့ မျှော်လင့်ထားတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင် ကိုကိုကြီးက ဗွီအိုအေကို ပြောပါတယ်။

“ကေအိုင်အေ ဘက်မှာ ရောက်ရှိနေတဲ့ ထိန်းသိမ်းထားတဲ့ မြန်မာ တပ်မတော်သားတွေကို ပြန်ပြီး လွှဲပြောင်းပေးဖို့ ဆိုပြီးတော့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ ကျနော်တို့က ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်တွေ ဆက်ပြီး ထွက်ပေါ်လာဖို့အတွက်ပေါ့လေ၊ ဒါကို ကျနော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ညှိနှိုင်း ဆောင်ရွက်နေပါတယ်။”

အဲဒါက ညှိနှိုင်းလို့ရတဲ့ သဘောမျိုးလား၊ ဒါမှမဟုတ် တဘက်က ကမ်းလှမ်းတာလား။ -

“ကျနော်တို့က အရင်ကတည်းက ကေအိုင်အေ လက်ထဲမှာ ထိန်းချုပ်ထားတဲ့ မြန်မာ တပ်မတော်သားတွေ ရှိနေတယ် ဆိုတာကို ကျနော်တို့ ပထမ တခေါက်မှာကတည်းက သိခဲ့ရပါတယ်။ အခုကတော့ ကျနော်တို့ဆီကတဆင့် ပေါ့လေ၊ ဒီလိုမျိုး ပြန်ပြီး လွှဲပြောင်းပေးဖို့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ ဒီဘက်က တပ်မတော်ဘက်ကလည်း စနစ်တကျ ဒါကို လွှဲပြောင်းလက်ခံနိုင်ဖို့အတွက် အဲဒီမှာရှိတဲ့သူတွေရဲ့ အမည်စာရင်း၊ တပ်ရင်းတပ်မတွေရဲ့ နံမည်ပေါ့လေ၊ အကုန်လုံး အဲဒါကို ကျနော်တို့ အချက်အလက် စုဆောင်းပြီးတော့ ဒီဘက် တာဝန်ရှိသူတွေကို ဆက်ပြီး ညှိနှိုင်းသွားမှာပါ။”

အဲဒါက ဖမ်းဆီးထားတဲ့ သူက အကုန်ပဲလား။ -

“အခုဟာက ကျနော်တို့က အယောက် ၃၀ လို့ သိရတော့ အသေးစိတ်ကိုတော့ ကျနော်တို့ ကိုမြအေး တို့ ပြန်လာလာတဲ့ အခါကျတော့မှ ကျနော် ကိုမြအေး တို့နဲ့ ဆွေးနွေး ညှိနှိုင်းပြီးတော့ အခုနောက်ဆုံး သိခဲ့ရတဲ့ အချက်အလက်တွေနဲ့ ကျနော်တို့ ဒီမှာ တာဝန်ရှိသူတွေနဲ့ ဆက်ပြီးတော့ ညှိနှိုင်းသွားမှာပါ။”

အခုဟာက ကေအိုင်အေ နဲ့ မြန်မာအစိုးရကြားမှာ ရှိနေတဲ့ တင်းမာမှုကို ဘာပဲဖြစ်ဖြစ် ၈၈ က ၀င်လုပ်ပေးတော့ သုံ့ပန်းတွေ ပြန်လွတ်လာတယ်။ နောက် ရှေ့ဆက်ပြီးတော့ရော ဘယ်လောက်ထိ ကြားဝင် ဆောက်ရွက်သွားနိုင်မယ့် အလားအလာ ရှိလဲ။ -

“ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာက အင်မတန် သိမ်မွေ့ပါတယ်။ နောက်တခုကလည်း ဒီ တိုင်းရင်းသား တန်းတူညီမျှရေး၊ ပြည်တွင်းစစ် ဆိုတဲ့ ကိစ္စကြီးကလည်း ကျနော်တို့  အသက်ထက် ကြီးတယ်၊ ဒီဖြစ်လာတဲ့ ကာလကြီးက။ အဲဒီတော့ အခု ကျနော်တို့ ခေတ်၊ ကျနော်တို့ အချိန်မှာ တတ်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ၀င်ပြီး ဆောင်ရွက်တဲ့နေရာမှာ အတတ်နိုင်ဆုံး သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ သိဖို့ အရေးကြီးပါတယ်။ အဲဒီတော့ ကျနော်တို့က ကေအိုင်အေ ဘက်က အမြင်သဘောထားတွေ၊ လူထုရဲ့ ခံစားချက်တွေ၊ နောက် မြေပြင် အခြေအနေပေါ့လေ၊ နောက်တခါ ဒေသခံပြည်သူတွေရဲ့ သူတို့ရဲ့ ဆန္ဒ၊ သဘောထားတွေ၊ နောက် တပ်မတော်ဘက်က အမြင် သဘာထားတွေ၊ အဲဒါတွေ အားလုံးကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ပိုပြီး ချောမွေ့မယ်လို့ နားလည်တယ်။ ကျနော်ကတော့ အပြစ်မဲ့ အရပ်သားတွေ ဒုက္ခရောက်တာကို ရှောင်နိုင်ဖို့ကတော့ အနိမ့်ဆုံးအဆင့်ကတော့ ကျနော်တို့ ဒီအချိန်မှာ စစ်တွေ လျှော့ရမယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်နိုင်ဖို့ အတွက်ကို ကျနော်တို့ နှစ်ဘက်စလုံးကို တိုက်တွန်းသွားမှာပါ။ ယာယီ စစ်တွေ လျှော့ချတဲ့အဆင့်ကနေပြီးတော့ အပစ်အခတ် ရပ်စဲတဲ့အဆင့်၊ နိုင်ငံရေး ဆွေးနွေးတဲ့အဆင့်၊ နောက်ဆုံး ကျနော်တို့ ဆွေးနွေးတဲ့ ရလဒ်တွေကို အားလုံး ပါဝင်ပြီး ညှိနှိုင်း ဖြေရှင်းနိုင်တဲ့၊ အများပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ညီလာခံကြီး အဆင့်အထိ အဆင့်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပဋိပက္ခမှာ ပါဝင်နေတဲ့ သူတွေအားလုံးက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပြီးတော့ လက်တွေ့ကျကျနဲ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှု အနည်းဆုံး ဖြစ်အောင် ၀ိုင်းဝန်းကြိုးစားကြဖို့ ကျနော် အဓိက တိုက်တွန်း ချင်တာပါ။”

ကချင်ဘက်က စစ်သုံ့ပန်း ၃၀ ပြန်လွှတ်ပေးဖို့ ကမ်းလှမ်းထားတာကို အစိုးရဘက်က လက်ခံ ရရှိထားတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကနေ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကို ဆက်သွယ် အကြောင်းကြားလာတာကြောင့်၊ အာဏာပိုင်တွေဘက်က လက်ခံဖို့ ညှိနှိုင်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရင်တုန်းကလည်း ကေအိုင်အေဘက် ၀န်ကြီးဦးအောင်မင်းကို စစ်သုံ့ပန်း ၂၀ ကျော် လွှတ်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးပြီး၊ နောက်ပိုင်းမှာ လက်တွေ့ ဖြစ်မလာခဲ့ဘူးလို့လည်း သိရပါတယ်။ ကချင်ပြည်နယ် ဘက်မှာတော့ မနေ့ကတည်းက တိုက်ပွဲအခြေအနေတွေ အတန်ငယ် လျော့ပါးလာတယ်လို့ သိရပါတယ်။
http://burmese.voanews.com/content/burma-soldiers-kachin-01-05-12/1578264.html