Saturday, January 19, 2013

သံဖြူဇရပ် မြို့မဈေးကြီး မီးလောင်ကုန်ဆုံး

by Yen Snaing on Saturday, January 19, 2013 at 3:35pm ·

မနက် ၁ နာရီခွဲ (ဘန်ကောက်စံတော်ချိန်) မှာပဲ သူငယ်ချင်းတယောက်တင်လို့ သံဖြူဇရပ်မှာ မီးလောင်နေတယ် သိရတယ်။

အစက သိပ်စိတ်မပူပေမယ့် သေသေချာချာ မေးကြည့်တော့မှ သံဖြူဇရပ်၊ မြို့မဈေးကြီးမှာမှန်း သိရတယ်။

သံဖြူဇရပ် မြို့မဈေးကြီးဆိုတာ ကျွန်တော့်တသက်၊ ကျွန်တော့်ထက် အသက်ကြီးခဲ့တဲ့ ဈေးပါ။

အဖေနဲ့ အမေပိုင်တဲ့ ဈေးထဲက ဈေးဆိုင်လေးက ကျွန်တော်တို့ မောင်နှမသုံးယောက်ထက် အသက်ကြီးတယ်လို့ ပြောလို့ရပါတယ်။
အဖေနဲ့ အမေ အိမ်ထောင်ကျပြီး ဟင်းရွက် ကန်စွန်း ရောင်းလို့ရတဲ့ စုငွေလေးကတဆင့် ဒီကုန်စုံဆိုင်လေး ဖြစ်လာတယ် ဆိုပါတော့။

ကျွန်တော်ငယ်ငယ်ကဆို အောက်ဈေးထဲက ဟင်းရွက်တန်းတွေကြားထဲ သွားဆော့ဖူးတယ်။ ဟင်းရွက်တွေကောက်လို့လည်း အိုးပုတ်တမ်းကစားခဲ့သလို၊ ဈေးဆိုင်တွေ ပေါ်တက်ပြီးလည်း တူတူပုန်းတမ်းကစားခဲ့ဖူးတယ်။

နောက် မနက်ကျောင်းမသွားခင်ဆို ဈေးထဲဝင်ပြီး နေ့တ၀က်စာ စာအုပ်ဝင်ထားရင်း ဈေးကူရောင်းရတယ်။ နေ့လည်ဆိုလည်း ဈေးမှာ ထမင်းပြန်စားရင်း ဈေးကူရသလို ညနေဆိုရင်လည်း ကျူရှင်ပြီးရင် ဈေးကူသိမ်းရတယ်။ ဈေးသိမ်းပြီးရင်တော့ အမေ့ဈေးခြင်းတောင်းကို ဆွဲပြီး အိမ်ပြန်ကြတယ်။

ဈေးမှာ ပေရေတူးနေအောင် ကူရောင်းရလွန်းလို့ ကျွန်တော် ရှက်ခဲ့ဖူးသလို၊ ဒီလိုပင်ပင်ပန်းပန်း မလုပ်ချင်ပါဘူးလို့လည်း ကျွန်တော် ညည်းခဲ့ဖူးတယ်။

ကျွန်တော်တို့ မောင်နှမသုံးယောက်လုံးရဲ့ ကျောင်းစရိတ်ကို ဒီဆိုင်လေးက ပေးခဲ့တာပါ။ အိမ်ဆောက်တုန်းကလည်း ဒီဆိုင်လေးပဲ။ သာရေး၊ နာရေး၊ အလှူ၊ ရှင်ပြု၊ အမ မင်္ဂလာဆောင် အစရှိသည် အကုန် ဒီဆိုင်လေးကပဲ ပေးခဲ့တာပါ။
ကျွန်တော် ရန်ကုန်တက်ပြီး သင်တန်းပေါင်းစုံ တက်ခဲ့တုန်းကလည်း ဒီဆိုင်လေးကပဲ ထောက်ပံ့ခဲ့တာ။

ကျွန်တော်တို့မြို့နေ လူထု ၅၀ ရာခိုင်နှုန်းကျော်က ဒီဈေးလေးကို အမှီပြုပြီး ဈေးရောင်းကြတာ။ ခုဈေးကြီးမီးလောင်တော့ ရှိသမျှ ပိုင်ဆိုင်မှုတွေ ကုန်ပြီ။ သူတို့ ဘယ်လို ရှင်သန်ရပ်တည်ကြမလဲ။ သူတို့ကို အမှီသဟဲပြုနေကြတဲ့ သူတွေကော ဘယ်လိုလုပ်မလဲ။ သူတို့ အရင်းအနှီးတွေ ဘယ်က ပြန်ရှာကြမလဲ။ လောလောဆယ် အကြွေးတွေကော ဘယ်လိုဆပ်ကြမလဲ။

လောလောဆယ် သိသမျှ သံဖြူဇရပ်သားတွေနဲ့ အိမ်ကို မေးလို့ရသမျှ သံဖြူဇရပ်ဈေးကြီး အပေါ်ဈေးကတော့ အားလုံး ကုန်သွားပါပြီ။ အောက်ဈေးကို ဆက်ကူးလို့ အောက်ဈေးလည်း ကုန်သလောက်လို့ ခန့််မှန်းလို့ ရပါတယ်။ ဈေးအနီးနား ရပ်ကွက်တွေကို မကူးပေမယ့် ဈေးထဲက ဆုံးရှုံးသွားတဲ့ တန်ဖိုးချည်း သိန်းချီရှိလောက်တယ်လို့ ပြောလို့ရပါတယ်။

အဖေရေ...မနက်စောစောထပြီး ပင်ပင်ပန်းပန်းဈေးထွက်စရာမလိုတော့ဘူးလို့ သမီးဘယ်လိုပြောထွက်ပါ့မလဲ။ ဆိုင်မှ မရှိတော့ပဲလေ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အိမ်ပြန်တုန်းကတင်ပဲ ဆိုင်ကို လုပ်မယ့်လူမရှိရင် ပိတ်လိုက်ဖို့ အမေက ပြောနေသေးတော့ ကျွန်တော်ဖြင့်တောင် နှမြောမိနေသေးတယ်။ ခုတော့ လုပ်စရာတောင် မလိုတော့ပါဘူး အမေ။

လွန်ခဲ့တဲ့ နှစ်တွေက မော်လမြိုင်ဈေးကြီး မီးလောင်တုန်းကတော့ ဈေးသစ်ဆောက်ဖို့ အကြောင်းပြခဲ့ကြတယ်။ ခုကော ဈေးသစ်ဆောက်ချင်နေကြလို့လား။ စလောင်တဲ့ ဓါတ်ဆီဆိုင်ကကော ဘာလို့ ဈေးထဲမှာ ရှိနေရတာလဲ။ မီးဘေးကို ကာကွယ်ဖို့ နှစ်စဉ် ပြောနေ၊ ငွေကောက်နေတဲ့ စည်ပင်ကကော ခု ဘာကာကွယ်နိုင်ခဲ့လဲ။ ဈေးစောင့်တွေကကော ၁၀ နာရီခွဲကတည်းက လောင်တဲ့မီးကို ဘာလို့ ကြိတ်ငြိမ်းခဲ့တာလဲ။ မီးတောက်တက်လာမှ မြို့သားတွေ သိပြီး မီးသတ်ကားခေါ်ရတဲ့အတွက် မဆုံးရှုံးသင့်တာတွေ ပိုဆုံးရှုံးမသွားဘူးလား။

မြို့သားတွေ ငိုကြွေးသံ စည်ပင် နားခံနိုင်ပါ့မလား။ မြို့သားတွေကို ဘယ်သူ အလျော်ပေးကြမှာလဲ။

(ကျွန်တော့ရဲ့ မိုးသောက်ယံ ငိုကြွေးသံသာ ဖြစ်ပြီး အချက်လက်များ မှားယွင်းနိုင်ပါသည်)

Thanbyuzayat Myoma Market Under Fire/ Photo- Uthein Oo

နှုတ်ထွက်ခဲ့ရသော ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်းအား အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေ

  By People Development For Knowledge

ယခင်ရက်ပိုင်းအတွင်းက နှုတ်ထွက်ခဲ့ရသော ပြည်ထောင်စုဝန်ကြီး ၂ ဦးအနက် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းထွန်းအား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း နေပြည်တော်မှာ လာသော ခိုင်လုံသည့် သတင်းရပ်ကွက်အဆိုအရ သိရှိရသည်။ ယခုကဲ့သို့ စစ်ဆေးခြင်းသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပထမဆုံးသော နိုင်ငံရေးရာထူးရှိသူအား စစ်ဆေးမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အမှုအကြောင်းအရာ အကျဉ်းဖျဉ်းမှာ သမ္မတကြီးက လက်ကိုင်တယ်လီဖုန်းများအား အတတ်နိုင်ဆုံးဈေးနှုန်းလျှော့ချရောင်းနိုင်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ သမ္မတကြီးကိုယ်တိုင် ကျွမ်းကျင်သူများ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို တွက်ချက်ပြီး ဖုန်းတစ်လုံးကို ၅၀၀၀၀ ကျပ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားမှုပြုခဲ့ကြောင်း၊ ထိုညွှန်ကြားချက်ကို ၀န်ကြီးဖြစ်သူဦးသိန်းထွန်းက ရတနာပုံတယ်လီပို့ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နှင့် အစည်းအဝေးပြုလုပ်ပြီးမှသာ ဈေးနှုန်းအတည်ပြုလိုသဖြင့် အချိန်အနည်းငယ်ဆိုင်းခဲ့ကြောင်း၊ သို့သော် ရတနာပုံတယ်လီပို့ အုပ်ချုပ်မှုဒါရိုက်တာအစည်းအဝေးတွင် ရှယ်ယာဝင်အများစုက သမ္မတသတ်မှတ်ပေးသော ဈေးနှုန်းအတိုင်းမရောင်းချနိုင်ကြောင်း အဘယ့်ကြောင့်ဆိုသော် မူရင်းဈေးနှုန်း+အမြတ်ငွေမှာ ၅၀၀၀၀ခန့် မှန်သော်လည်း အခြားသော လက်ဆောင် ပဏ္ဍာစရိတ်များကိုလည်း ထည့်သွင်းတွက်ချက်ရသဖြင့် ၁၀၀၀၀၀/ ၁၂၀၀၀၀ ခန့်ဖြင့်သာ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အကယ်၍သမ္မတက ဖုန်းတစ်လုံးကို ၅၀၀၀၀ ကျပ်ဖြင့်ရောင်းချမည်ဆိုပါက အဆိုပါတယ်လီဖုန်းဈေးနှုန်းကိစ္စကို လွှတ်တော်သို့တင်သွင်းကာ မဲအဆုံးအဖြတ်ဖြင့် အတည်ပြုရန် ကြိုးစားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ကြောင်း၊ ဦးသိန်းထွန်းမှ အစည်းအဝေးဆုံးဖြတ်ချက်အား သမ္မတထံတင်ပြရာ သမ္မတက လက်ဆောင်ပဏ္ဍာစရိတ်ဆိုသည်မှာ အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း ထိုသို့ ပြည်သူလူထုအား မထောက်ထားမညှာတာ လာဘ်စားမှုပြုလုပ်သော ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးအပါအ၀င် ဆက်သွယ်ရေးလုပ်ငန်းအောက်မှ ဦးဆောင်ညွှန်ကြားရေးမှူး ၈ ဦးအား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး အဂတိလိုက်စားမှုဖော်ထုတ်ရာတွင် နာမည်ကြီးသည့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန (စ.စ.စ) အား ညွှန်ကြားထားကြောင်းသတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း အများစုကို ရတနာပုံတယ်လီပို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းများတွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာဆက်သွယ်ရေး လမ်းကြောင်းများချိန်ဆက်ရေး စသည့်လုပ်ငန်းများဖြစ်ပြီး ပြည်တွင်းရှိ နာမည်ကျော် ဦးတေဇ၏ ထူးထရေးဒင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ သားဖြစ်သူ လွှတ်တော်ဆိုင်ရာ ကျွမ်းကျင်သူများကော်မတီဝင် ဦးတိုးနိုင်မန်းပိုင်ဆိုင်သည့် RedLink WiMax Company၊ ယခင်အစိုးရအဖွဲ့ခေါင်းဆောင် ဦးသန်းရွှေ၏ မြေး ဖိုးလပြည့် စသူတို့က အစုရှယ်ယာ အများအပြားပါဝင်ထားကြောင်းသိရသည်။ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရေးဆွဲရာတွင် သမ္မတကြီး ဆက်သွယ်ရေးလုပ်ငန်းများတွင် ပြည်သူတိုင်းပါဝင်လာနိုင်စေရန် အများပြည် သူပိုင်ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဆက်စပ်သည့်အချက်များ ထည့်သွင်းသွားရန် ညွှန်ကြားခဲ့သော်လည်း ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသူများကြောင့် အဆိုပါဥပဒေမှာ ထွက်ရှိလာရန် နှောင့်နှေးခဲ့ရ ကြောင်းသိရသည်။ ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးကို တာဝန်မှ ရပ်စဲကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း သည် အုပ်ချုပ်ရေးအဖွဲ့ကို တပ်လှန့်ပေးခြင်းဖြစ်နိုင်ပြီး လွှတ်တော်၏ လွှမ်းမိုးမှုကို တန်ပြန်သည့်သဘောမျိုးဖြစ်နိုင်ကြောင်း နေပြည်တော်ရှိ တော်ဝင်ရပ်ကွက်များမှ အကြီးအကဲများက ထင်မြင်လျက်ရှိသည်

Post and News by: People Development for Knowledge

အမေရိကန်အစိုးရပြုစုသော၂၀၀၈အထိတေဇ၏လုပ်ငန်းကွန်ယက်

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်
2013-01-18

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံ ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်း တင်ပို့ရောင်းဝယ်ရေးဆိုင်ရာ အဆိုတစ်ရပ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်သွင်းခဲ့အပြီး အခုလို နှုတ်ထွက်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။
နှုတ်ထွက်ခွင့်တောင်းခံတဲ့စာကို ဦးတေဇက သမ္မတဆီ ပိုခဲ့ပြီး၊ အဆိုတင်သွင်းခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ ဆီကိုလည်း မိတ္တူတစ်စောင် မနေ့က ပေးပို့ခဲ့တယ်လို့ ဦးလှဆွေက အတည်ပြုပြောကြားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးကြေညာခဲ့တဲ့ တားမြစ်ပိတ်ဆို့ခံ ရသူ လူပုဂ္ဂိုလ်စာရင်းထဲမှာ ဦးတေဇ နဲ့ ဦးထွန်းမြင့်နိုင် တို့ပါဝင်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် ဦးတေဇ က သူ့အနေနဲ့ ဆက်မလုပ်သင့်ဘူးလို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက် တင်ပို့ရောင်းဝယ်ရေးလုပ်ငန်းရဲ့ (၆၀)ရာခိုင်နှုန်းဟာ ခရိုနီ လို့ခေါ်နေကြတဲ့ စစ်တပ် နဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။
ဦးတေဇဟာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှာ ဥက္ကဌ သက်တမ်း (၃)ကြိမ် ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။

rfa.org

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း နုတ်ထွက်စာမိတ္တူကို ခရိုနီများ ကျောက်မျက်လုပ်ငန်းရှင်များ ဥက္ကဋ္ဌနေရာများမှ ဖယ်ရှားပေးသင့်ကြောင်း အဆိုတင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေထံသို့လည်း ပေးပို့ခဲ့သည်ဟု ဦးလှဆွေကပြောသည်။
"၁၅ ရက်နေ့စွဲနဲ့ လွှတ်တော်ရုံးကတစ်ဆင့် ကျွန်တော့်ဆီကို နာမည်(By Name)နဲ့ ပေးပို့တာ၊ ရည်ညွှန်းချက်မှာတော့ ကျွန်တော်က အဆိုကို တင်သွင်းမှုကြောင့် နုတ်ထွက်စာကို ပေးပို့တာလို့ပါတယ်"ဟု ဦးလှဆွေကပြောသည်။
အဆိုပါနုတ်ထွက်စာတွင် ပြီးခဲ့သည့်နှစ်က ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွားပြီးနောက် ကျန်းမာရေးမကောင်းသောကြောင့် နုတ်ထွက်လိုခြင်းအပြင် ဘာသာရေးပြုလုပ်လိုခြင်းနှင့် သုံးကြိမ်ဆက်တိုက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးခြင်းတို့ကြောင့် နုတ်ထွက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း ဦးလှဆွေကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းသို့ ဆက်သွယ်မေးမြန်းရာ "လောလောဆယ်တော့ အတည်ပြုလို့ မရသေးပါဘူး။ စီအီးစီ(ဗဟိုအလုပ်အမှုဆောင်)အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်"ဟု ပြန်လည်ဖြေကြားသည်။
Ref. 7Day

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို.နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်။

DVB TV News
(ယဉ်ယဉ်သိန်း(နဘား)ပေးပို.သည်။)

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှသမ္မတဦးသိန်းစိန်မိန့်ခွန်း

မြ၀တီ's Page

ယခုဖိုရမ်သည် နှစ်ပေါင်း(၅ဝ) ကျော်အတွင်း ပထမဆုံးကျင်းပသည့် ဖိုရမ်ဖြစ် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအကူအညီများ ရရှိပါက မိမိတို့၏ ရည်မှန်းချက်များ ပိုမိုပေါက်မြောက်အောင်မြင်နိုင်မည်။တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့်တစ်ခုအမှီသဟဲပြု

နေပြည်တော် ဇန်နဝါရီ ၁၉

ယခုအခါ နိုင်ငံတော်၏ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝ တိုးတက်ရေးအတွက် မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်ကိုပြုပြင် တည်ဆောက်လာခဲ့သည်မှာ (၁)နှစ် နှင့်(၉)လရှိခဲ့ပြီ ဖြစ်ပါကြောင်း။

ဤသို့တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်မှုများကြောင့် ပြီးခဲ့သည့်(၆)လတာကာလအတွင်း ကမ္ဘာ့နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒများသည် ဘက်စုံအရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ထိုသို့ တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲ တိုးတက် ဆောင်ရွက်လာမှုများအပေါ်တွင် နိုင်ငံတကာက အကူအညီ၊ အထောက်အပံ့ပေးလိုသော အဖွဲ့အစည်းများကမိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအမံများကို ဦးစားပေး ကဏ္ဍနှင့်ဦးစားပေးနယ်မြေတို့ကို သိရှိလို ကြသည့်အတွက် ယခုကဲ့သို့ဖိုရမ်ကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းဖြင့် ယနေ့နံနက်(၉)နာရီက နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက် အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းမှ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် အားလုံးစုံညီစွာ တက်ရောက်ပေးကြသည့် အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အဆွေတော်တို့အားလုံးသိရှိကြသည့်အတိုင်း နိုင်ငံတော်အစိုးရ၏ ပထမအဆင့်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွင် နိုင်ငံရေး စနစ်ပြောင်းလဲခြင်းနှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးလုပ်ငန်းစဉ်များကို သိသာထင်ရှားစွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ နိုင်ငံတော်၏ ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကိုနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝ တိုးတက်ရေးအတွက် အာရုံစိုက်ဆောင်ရွက်သွားရန် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ ကာလတို (၅)နှစ်စီမံကိန်းများဖြင့် ကာလရှည်(၂ဝ၁၁ မှ ၂ဝ၃၁ ခုနှစ် အထိ) နှစ်(၂ဝ)လွှမ်းခြုံသည့် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကိုရေးဆွဲလျက် ရှိပါကြောင်း၊ မိမိတို့၏ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကိုလည်းအဆွေတော်တို့အား ချပြတိုင်ပင်ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲရေး အခြေခံမူဘောင်အရ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးမှုနည်းလမ်းနှင့် ချဉ်းကပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘဏ္ဍာရေးနှင့်အခွန်စနစ်၊ ငွေကြေး ကဏ္ဍ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျော့မှုများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနှင့် ပညာရေး၊ စားနပ်ရိက္ခာဖူလုံမှုနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရစနစ်နှင့် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ရန်များ၊ မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်စနစ် တိုးတက်ဖြစ်ပေါ်ရေးဆောင်ရွက်ရန်များ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ထိရောက်ထက်မြက်သည့် အစိုးရစနစ်ဖြစ်ပေါ်ရေး အစီအစဉ်များအဖြစ် ဦးစားပေးနယ်ပယ် (၁ဝ) ရပ် ပါဝင်ကြောင်းကို အသိပေးပြောကြား လိုပါကြောင်း။

မြန်မာအစိုးရ၏စီးပွားရေးဆိုင်ရာ မူဝါဒများအနေဖြင့် စိုက်ပျိုးရေးကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံ ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား အချိုးကျမျှတစွာဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်သူလူထုတစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှုစီးပွားနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး၊ စာရင်းအင်းကိန်းဂဏန်းများ မှန်ကန်ရေးနှင့် စာရင်းအင်းဆိုင်ရာနည်းစနစ်များ ပြင်ဆင်ရေးစသည့် စီးပွားရေးမူဝါဒများကို ချမှတ်ထားပါကြောင်း။

၂ဝဝ၅ခုနှစ် ပဲရစ်ကြေညာစာတမ်းအရ အကူအညီအထောက်အပံ့များ ထိရောက်အကျိုးရှိရေးအတွက် ချမှတ်ထားသည့်ပိုင်ဆိုင်မှု၊ ညီညွတ်မှု၊ လိုက်လျောညီထွေရှိမှု၊ ရလဒ်အတွက် စီမံဆောင်ရွက်မှု၊ အပြန်အလှန်တာဝန်ယူမှု စသည့် အခြေခံမူ(၅)ရပ်နှင့်အညီ မိမိတို့နိုင်ငံအနေဖြင့် အကူအညီအထောက် အပံ့ပေးသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုအကူအညီများ ထိထိရောက်ရောက်ရှိရေးကိစ္စသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အရေးကြီး ပါကြောင်း။

ပြည်သူလူထုတစ်ရပ်လုံး၏ လူနေမှုဘဝအရည်အသွေးကို တိုးတက်စေနိုင်မည့် လူမှုစီးပွားနယ်ပယ် အသီးသီးကိုပြည်တွင်းရှိ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ လူမှု အဖွဲ့အစည်းများ၊ ဒေသတွင်းအစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ စသည့် ပြည်တွင်းအားကိုသာမက အပြည်ပြည်ဆိုင်ရာမှ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများစသည့် Stakeholders အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့နိုင်ငံဖွံ့ဖြိုးမှုသည် ပိုမိုမြန်ဆန် နိုင်မည် ဖြစ်ပါကြောင်း။

အကူအညီ၊ အထောက်အပံ့၊ ချေးငွေများကို လက်ခံရယူသည့်အခါ အိမ်ရှင်နိုင်ငံက အဓိကမောင်းနှင်သူနေရာယူပြီး နိုင်ငံတကာတွင် ချမှတ်ထားသော ထောင်စုနှစ်ပန်းတိုင် များကဲ့သို့သော ပန်းတိုင်နှင့် ရည်မှန်းချက်များလည်း ပြည့်မီစေနိုင်သကဲ့သို့အကူအညီ အထောက်အပံ့ပေးအပ်သည့် နိုင်ငံ၏စေတနာအရ ထိရောက်သောဖွံ့ဖြိုးမှုအကူအညီများ ဖြစ်ပေါ်စေရေးအတွက် မိမိတို့နိုင်ငံတွင် အကျိုးရှိအောင် အသုံးပြုရန်လိုပါကြောင်း၊ ထိရောက်သည့် ဖွံ့ဖြိုးမှုအကူအညီဖြစ်ရန် အဖွဲ့အစည်းဆိုင်ရာ ယန္တရားတစ်ရပ် ကိုထူထောင်ပြီး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်းကိုလည်း သေချာစွာဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဖွံ့ဖြိုးမှုမိတ်ဖက်များက မိမိတို့ဆောင်ရွက်နေသော စီမံချက်များနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပုံမှန်ပေးပို့ခြင်းဖြင့် အကူအညီများ ပိုမိုထိရောက်စေနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိပညာဗဟုသုတ၊ အတွေ့အကြုံနှင့် အရင်းအမြစ်များကို အသုံးပြုနိုင်ရန်အတွက် မိမိတို့အစိုးရအနေဖြင့် ပြည်သူများအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်ရေးအတွက် ခိုင်မာသောလုပ်ဆောင်ချက်များကို ဆောင်ရွက်သွားရန် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၌ ထိရောက် မှုရှိစေမည့် နေပြည်တော် သဘောတူညီချက်ကို အတည်ပြုထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါကြောင်း။

ထို့ကြောင့်ထိရောက်သော ဖွံ့ဖြိုးမှုအကူအညီဆိုရာတွင် အကူအညီအထောက်အပံ့များ၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်းသက်သာသော ချေးငွေ၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျစီမံခန့်ခွဲ နိုင်ခြင်းဖြင့် ကောင်းမွန်သောရလဒ်နှင့် ပြယုဂ်ကြောင့်အကူအညီများ ပိုမိုစီးဝင်စေခြင်း၊ အလှူရှင်များ၏ စိတ်ဆန္ဒ စေတနာပိုရှိစေခြင်း၊ ထိရောက်သော အကောင် အထည်ဖော်မှုများနှင့် မိမိတို့နိုင်ငံ၏ မျှော်မှန်းထားသည့် ရည်မှန်းချက်များ အောင်မြင်စေခြင်း၊ လူနေမှုဘဝ အရည်အသွေးတိုးတက်စေခြင်း၊ လူသားဖွံ့ဖြိုးမှုဖြစ်ပေါ်စေသည့်အတွက် မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတစ်ခုသို့ ကူးပြောင်းမှုဖြစ်စဉ်ကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် ပြည်သူရွေးချယ်ထားသော ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူ၏ အကျိုးစီးပွား၊ ပြည်သူ၏မျှော်မှန်းချက်နှင့် ပြည်သူ၏ဆန္ဒများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးရန်၊ People Centered Government ဖြစ်ရန်လိုအပ်ပါကြောင်း၊ လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ကုန်ထုတ် လုပ်ငန်းနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ အသေးစားပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်တို့ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက်ရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပြည်သူများတိုက်ရိုက် ခံစားရရှိစေသည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိခံစားနိုင်ရေး၊ ပညာရေးတိုးတက်မှုရှိရေး၊ လူနေမှုဘဝဖူလုံရေး၊ လျှပ်စစ်မီးသုံးစွဲနိုင်ရေး၊ ဆက်သွယ်မှုစနစ် ကောင်းမွန်ရေးများကိုလည်း တစ်ပါတည်း အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍသက်သက် တစ်ရပ်သာမကဘဲ စက်မှုလုပ်ငန်းများထူထောင်ပြီး နိုင်ငံတကာဈေးကွက်သို့ မိမိနိုင်ငံ၏ပို့ကုန်များတင်ပို့နိုင်ရေးကိုလည်း အထူးစီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအကူအညီများ ရရှိပါကမိမိတို့၏ရည်မှန်းချက် များပိုမိုပေါက်မြောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့်တစ်ခု ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုသကဲ့သို့ အမှီသဟဲပြုနေပါကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်း မှသာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှလည်း တိုင်းပြည် တည်ငြိမ်အေးချမ်းမည်ဖြစ်ပါကြောင်း၊ Unity and Diversity ဆိုသည့် သဘောတရားအတိုင်း သဘောထား တူညီသည်များ ရှိသကဲ့သို့ မတူညီသည်များရှိသည်ကိုလည်း လက်ခံရမည်ဖြစ်ပါကြောင်း၊ တူညီသည်များကို တိုင်းပြည်နှင့်လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်ပြီးမတူညီသည်များကိုစိတ်ရှည် သည်းခံပြီးတစ်ဖြည်းဖြည်း တူညီသည်အထိ ညှိနှိုင်းရယူသွားရမည်ဖြစ်ပါကြောင်း၊ ရင်ကြားစေ့သည့် အနေအထားမျိုး ရောက်လာအောင် မိမိတို့လက်တွေ့ ကြိုးစားဆောင်ရွက် နေပါကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင်လည်း တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရအောင်၊ သာမန်မခိုင်မြဲသော ငြိမ်းချမ်းရေးအဆင့်မှ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး ရအောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းနေထိုင်ခဲ့ရသူများ၊ ငြိမ်းချမ်းရေးရယူခဲ့သော အဖွဲ့များ၏လူမှုစီးပွားအခြေအနေများ တိုးတက်ကောင်းမွန်စေရေး၊ အဆိုပါဒေသများတွင် စီးပွားရေးအခွင့်အလမ်းနှင့် အလုပ်အကိုင ဖန်တီးရေးတို့အတွက် အလွန်အရေးပါလျက် ရှိပါကြောင်း၊ ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှုဗဟိုဌာန ထူထောင်ထားပြီးဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းများ၌ ပါဝင်လှူဒါန်းသော အလှူရှင်နိုင်ငံများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းကို ဤနေရာ မှပြောကြား လိုပါကြောင်း။

အလျဉ်းသင့်၍ KIOအဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးရရှိသည်အထိ မိမိအနေဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ KIO မှလွဲ၍ ကျန်အဖွဲ့ (၁ဝ)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးPolitical Dialogue ကိစ္စရပ်များကိုယခု ၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဆောင်ရွက်ရန် ပြင်ဆင်နေပါကြောင်း၊ KIO ကိုလည်းငြိမ်းချမ်းရေး ဆောင်ရွက်ရန် ဆက်လက်ကမ်းလှမ်းထားပြီး ယခုလည်းဤနေရာမှ ထပ်မံဖိတ်ခေါ်လိုက်ပါကြောင်း၊ မကြာမီငြိမ်းချမ်းရေးကို ကမ်းလှမ်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခါ တပ်မတော်က အကန့်အသတ်ဖြင့် ဆောင်ရွက်နေသော စစ်ရေးကိစ္စဆောင်ရွက်မှုများ ရပ်ဆိုင်းရန် အမိန့်ပေးထားပြီးဖြစ်ပါကြောင်း၊ တစ်ဖက် ကလည်းအလားတူ ရပ်ဆိုင်းပေးသွားရန် လိုအပ်ပါကြောင်း။

လာမည့် ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကိုကောက်ယူရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်(၃ဝ)ခန့်ကြာမှ သန်းခေါင်စာရင်းကို ထပ်မံကောက်ယူနိုင်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်မည့်အကူအညီအထောက် အပံ့များကို နိုင်ငံတကာ အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးရန်အတွက် လိုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ယခုဖိုရမ်သည် မိမိတို့နိုင်ငံအတွက် နှစ်ပေါင်း(၅ဝ)ကျော် အတွင်းပထမဆုံး ကျင်းပဆောင်ရွက်သည့် ဖိုရမ်ြဖစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းမှ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ဧည့်သည်တော်များအားလုံး မအားလပ်သည့်ကြားမှ စုံညီစွာတက်ရောက် ပေးကြသည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ ယခုဖိုရမ်တွင် မိမိတို့နိုင်ငံဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ချပြဆွေးနွေးမည် ဖြစ်သကဲ့သို့ဖွံ့ဖြိုးမှုမိတ်ဖက်များ အနေဖြင့်လည်း တတ်စွမ်းသမျှပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးပေးပါရန်နှင့် ဖွံ့ဖြိုးမှု အတွေ့အကြုံ များကိုဝေမျှနိုင်ရန် သီးခြားဆွေးနွေးမည့် Sessionများတွင်လည်းရလဒ်ကောင်းများပေါ်ထွက်နိုင်ရန်မျှော်လင့် ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ကြီးများ၊ ကမ္ဘာတစ်ဝှမ်းမှ အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

အခမ်းအနားသို့ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကမ္ဘာတစ်ဝှမ်းမှ အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိ သည်။

မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိအိုင်တီဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်း၏ ဌာနအတွင်းအလွဲသုံးစားမှုများ

ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး
ဇန်န၀ါရီ ၁၉၊ ၂၀၁၃

မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိအိုင်တီဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းသည် ယခင် ရှမ်း/တောင်ပြည်နယ် မန်နေဂျာအဖြစ် တာဝန် ယူနေစဉ်က ၀န်ကြီးရုံးမှ တပ်ဆင်ရန်ခွင့်ပြုမိန့်ရပြီးသော မိုဘိုင်းတယ်လီဖုန်းများကို တရားဝင်ပေးသွင်းရသော တပ်ဆင်ခအပြင် မိုဘိုင်း ဟန်းဖုန်းတစ်လုံးကို အပိုကြေး ကျပ် (၁၀) သိန်း ထပ်မံပေးမှသာ အမည်ပေါက်ပိုင်ရှင်မှ ထုတ်ယူတပ်ဆင်ခွင့်ရရှိပြီး လာဘ်ငွေမပေးနိုင် သူ များ၏ဖုန်းများကို အချိန်ဆွဲကာ ရက်ချိန်းအမျိုးမျိုးပေးပြီး ထုတ်မပေးပဲထားခဲ့ပါသည်။ အော်တိုတယ်လီဖုန်းများကိုလည်း တရားဝင်တပ် ဆင်ခအပြင် လာဘ်ငွေ အပိုကြေး သိန်း (၃၀) ထပ်မံတောင်းပြီး ပေးနိုင်သူများကိုသာ တပ်ဆင်ပေးခဲ့ပါသည်။ လာဘ်ငွေပေးရန် မတတ်နိုင် သူများကိုတပ်ဆင်ရန် ဖုန်းလိုင်းအရေအတွက်ပြည့်သွားပြီဖြစ်ကြောင်း၊ နောက်ထပ် လိုင်းတိုးချဲ့မှသာ တပ်ဆင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုပြီး ရက်ချိန်းအမျိုးမျိုးပေးကာ အကြောင်းအမျိုးမျိုးပြ ရှောင်နေခဲ့ပါသည်။ သာမန်လူများသာမက ဘုန်းကြီးကျောင်းများတွင် တပ် ဆင်မည့်ဖုန်းများကိုပါ အပိုလာဘ်လာဘမပေးနိုင်သောကြောင့် တပ်ဆင်မပေးဘဲ လျစ်လျူရှုထားခဲ့ပါသည်။

ထိုနောက် ပြည်နယ်မန်နေဂျာမှ ဆက်သွယ်ရေးပစ္စည်းထိန်းချုပ်ဖြစ်သွားသည့်အခါတွင်လည်း ထိုဌာနမှ  အမျိုးသမီးအရာရှိ ဒေါ်အေးစန္ဒာ ၀င်းနှင့် ပူးပေါင်းပြီး ဌာနပိုင်ပစ္စည်းများကို အကြောင်းအမျိုးမျိုးပြကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ပါသည်။ သက်ဆိုင်ရာဌာနများက လိုအပ်၍ တောင်းခံသည့်ပစ္စည်းများကို အကြောင်းအမျိုးမျိုးပြ၍ ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ လိုအပ်သောပမာဏ အောက်လျော့၍ချပေးခြင်း၊ မပေး မဖြစ် ပေးရသည့်အခါတွင်လည်း အမျိုးစုံညှစ်ပြီး၊ ရစ်ပြီးမှ ပေးခြင်း၊ ဌာနပိုင် ၀န်ထမ်းအိမ်ရာများကိုလည်း လာဘ်ငွေ (၅) သိန်းရမှသာ နေ ရာချပေးခြင်း၊ မည်သည့်အကြောင်းကိစ္စမဆို မှန်ကန်စွာဆောင်ရွက်ပေးခြင်းမရှိဘဲ လာဘ်ငွေများရယူ၍ ဘက်လိုက်ဆောင်ရွက်ခြင်း စသည့်အကြောင်းအရာပေါင်းစုံနှင့် ဘက်ပေါင်းစုံမှအပိုဝင်ငွေများရှာကာကိုယ်ကျိုးအတွက်သုံးစွဲခဲ့ပါသည်။ထို့အပြင် ရရှိသောလာဘ် ငွေ များဖြင့် ကာရာအိုကေဆိုင်များသို့ သွားရောက်ခြင်း၊ တက်သစ်စမော်ဒယ်လ်များအား ခေါ်၍ပျော်ပါးခြင်း စသည့်မကောင်းသောကိစ္စများတွင် သုံစွဲခဲ့ပါသည်။

သို့ဖြစ်ပါ၍ အထက်လူကြီးအဆင့်ဆင့်မှ လိုအပ်သလို ပြင်းပြင်းထန်ထန် အရေးယူုဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်။

By moemaka.blogspot.com

မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ

Myanmar Online News's photo.
မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ 
[First Lady = သမ္မတကတော်]
Saturday , January 19, 2013

ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ စာကိုယ်မလာခင် နိဒါန်းလေးတော့ ပျိုးချင်ပါတယ်။

ကျွန်တော့်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆိုရင် ဖတ်ရတာဖြစ်စေ၊ သိထားတာလေး ပြန်ပြော တာမှာဖြစ်စေ အင်မတန် အရသာရှိလှပါတယ်။ ဗိုလ်ချုပ်ဟာ စက်ဘီးတောင် မစီးတတ်တာ၊ ဂျပန်ကို တော်လှန်ဖို့ အင်္ဂလိပ်နဲ့ ဆက်သွယ်စဉ်မှာ "အောင်ဆန်းရာ၊ ငါတို့နိုင်တုန်းမို့ မင်းလာပေါင်းတာ မဟုတ်လား" အမေးခံရတော့ "ဟုတ်တယ်၊ ခင်ဗျားတို့ ရှုံးနေတုန်းပေါင်းရင် ကျုပ်နိုင်ငံ အကျိုးရှိမှာမို့လား" ဆိုပြီး ဘွင်းဘွင်းကြီးပြောချလိုက်လို့ အင်္ဂလိပ်ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း က သဘောကျသွားတာ၊ ဗိုလ်ချုပ်ကို အထွဋ်အမြတ်ထားပြီး ကျင်းပတဲ့ ထမင်းစားပွဲကြီးမှာ ပွဲမစခင် ဟင်းတုံးနှိုက်စားပြီး စပ်ဖြဲဖြဲလုပ်နေတာ၊ နိုင်ငံရေးကို နောက်ဆံမတင်းဘဲ လုပ်နိုင်အောင် မိသားစုကိစ္စသုံးဖို့ ရွှေထုပ်ကြီးလာပေးတဲ့သူကို ဘုပြောပြီး အိမ်ပေါ်က မောင်းချတာ၊ ကိုယ့်အတွေးနဲ့ကိုယ် ငိုက်စိုက်ငိုက်စိုက်နဲ့ ဝင်သွားလို့ ဗိုလ်ချုပ်မှန်းမသိတဲ့ အစောင့်ရဲဘော်က မောင်းထုတ်တာ၊ အင်မတန်ဖင်ခေါင်းကျယ်တတ်တဲ့ အင်္ဂလန်ကို အသွားမှာ အဝတ်အစားကောင်းကောင်းမပါလို့ အိန္ဒိယရောက်မှ နေရူးက ဆင်ပေးလိုက်ရတာ၊ အိုဗျာ ... ပြောရရင်တော့ အများကြီးပါ။

အဲဒီလိုအကြောင်းလေးတွေ စီကာစဉ်ကာကြည့်လိုက်ရင် ဗိုလ်ချုပ်ကို ချစ်လာလိုက်၊ သနားသွားလိုက်၊ အားမလိုအားမရဖြစ်လိုက်၊ နှမြောတသဖြစ်လိုက်၊ လေးစားလိုက်၊ ဗိုလ်ချုပ်ကို နည်းနည်းလောက် အသက်ရှည်စေချင်လိုက်တာဆိုပြီး တမ်းတလိုက် ... အရသာအမျိုးမျိုးကို ခံစားရပါတယ်။ အားလုံးကို ချုပ်ပြီးကြည့်လိုက်ရင်တော့ ဗိုလ်ချုပ်ကို ကြည်ညိုတာဖြစ်ပြီး သူ့လိုမျိုး ကြည်ညိုလောက်စရာခေါင်းဆောင် မြန်မာပြည်မှာ ထပ်မပေါ်နိုင်တော့ဘူးလို့ ထင်မိပါတယ်။

တခါ ... ကျွန်တော် သတိထားမိတာက ဗိုလ်ချုပ်ရဲ့ အဲဒီအကြောင်းလေးတွေဟာ ဗိုလ်ချုပ်မရှိတော့တဲ့ အချိန်ကျမှ အနီးကပ်နေခဲ့တဲ့သူ၊ ကြုံခဲ့တဲ့သူတွေက ပြန်ဖောက်သည်ချလို့ လူအများသိကြရတာပါ။ သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း ဗိုလ်ချုပ်ကို တပြည်လုံးက ချစ်ခဲ့ကြတာပါပဲ။ ဗိုလ်ချုပ်မသေခင်မှာသာ ဒီအကြောင်းတွေကို ပြည်သူတွေသိခဲ့ရင် ဗိုလ်ချုပ်အပေါ် ထားတဲ့အချစ်ဟာ နောက်တစ်ပြန်မက တိုးခဲ့ကြဦးမယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ သေမှ ချစ်ရမှန်းသိတဲ့ ဥပမာတွေကလည်း အများသားလေ။
ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ သေမှ/ မရှိတော့မှ ချစ်ကြရတဲ့အဖြစ်တွေ မြန်မာပြည်မှာ များခဲ့ပြီ။ ရှိနေတုန်းမှာ ချစ်ဖို့ကောင်းတာလေးတွေ ချစ်သင့်တယ်။ ချစ်ဖို့ကောင်းတာလေးတွေကိုလည်း အများသိအောင် ဖောက်သည်ချသင့်တယ်လို့ မြင်တယ်။

အဲဒီတော့ ကျွန်တော်ခေါင်းစဉ်တင်ထားတဲ့ အကြောင်းအရာကို အခုပြောပါတော့မယ်။ ခေါင်းစဉ်ထဲက ဖတ်စ်လေဒီ/သမ္မတကတော် ဆိုတာ သမ္မတကြီးဦးသိန်းစိန်ရဲ့ဇနီး ဒေါ်ခင်ခင်ဝင်းကို ပြောချင်တာပါ။ ဖြစ်စဉ်လေးကတော့ ဒီလိုပါ ...

အချိန်ကတော့ ၂၀၀၅ ခုနှစ်ထဲမှာပါ။ ဦးသိန်းစိန်ဟာ န.ယ.က အတွင်းရေးမှူး(၁)တာဝန် ယူထားရပါတယ်။ ဝန်ကြီးချုပ်က ဦးစိုးဝင်းပါ။ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး ရှင်းပြီးကာစအချိန်ပေါ့။ ဦးသိန်းစိန်ဟာ ကျန်းမာရေးကလည်း တော်တော်လေးမကောင်း၊ သူရဲ့ အထက်/ဘေး/အောက်ကလူတွေ လုပ်ဆောင်ပုံ ကလည်း သူ့ခံယူချက်၊ သူ့လုပ်ဆောင်ချက်တွေနဲ့ အစပ်အဟပ်မတည့်ဆိုတော့ အင်မတန်စိတ်ညစ်ပြီး အနား ယူဖို့ စိတ်ကူးပါတယ်။ ဦးသိန်းစိန်က နားဖို့စိတ်ကူးပြီဆိုတော့ ဒေါ်ခင်ခင်ဝင်းကလည်း ရှေ့ဆက်မယ့်ဘဝခရီးမှာ မိသားစုဝမ်းရေးအတွက် အကြံထုတ်ရတော့တာပေါ့။ တပည့်တချို့နဲ့ တိုင်ပင်မိတဲ့အချိန်မှာ အန်တီကြီးက သူ မုန့်ဟင်းခါးတော့ ချက်တတ်တယ်။ ရှမ်းခေါက်ဆွဲချက်မယ့်သူ တစ်ယောက်လောက် ထပ်ရှာမယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဆိုင်ခန်းတစ်ခန်း လချုပ်နဲ့ငှါးပြီး ဆိုင်ဖွင့်မယ်လို့ အကြံရပါတယ်။

ခင်ဗျားတို့ကတော့ ရီနေကြမယ်ထင်တယ်။ ဦးသိန်းစိန်မိသားစု အဲဒီလောက်ထိ အခြေအနေဆိုးပါ့မလားဆိုပြီး။ ဒီမှာကိုယ့်လူ ... ခင်ဗျားသိအောင် ပြောပြမယ်။ ဦးသိန်းစိန်ဟာ တြိဂံဒေသ တိုင်းမှူးက လာတာ။ တိုင်းမှူးတစ်ယောက်ဟာ ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုရင် ကျောက်စိမ်းဒေသ မြောက်ပိုင်းတိုင်းရဲ့ တိုင်းမှူးဟောင်းတစ်ယောက်ဟာ ရန်ကုန်ကသူ့အိမ်ကြီးမှာ ကျောက်စိမ်းပြားတွေကို တအိမ်လုံးအပြည့် ကပ်ထားတယ်ဗျ။ ဦးသိန်းစိန်ကိုင်ခဲ့တဲ့ တြိဂံဒေသတိုင်းဟာ ကုန်သွယ်ရေးလမ်းကြောင်းရော၊ ဘိန်းရော၊ စိတ်ကြွဆေးရော စုံလို့ ... စုံလို့ ... ။ တိုင်းမှူးပြီးတော့ န.ယ.က အတွင်းရေးမှူးဖြစ်လာသေးတယ်။ သူဖြတ်သန်း ခဲ့တဲ့ နေရာတွေဟာ သူသာစိတ်ရှိမယ်ဆိုရင် ကိုယ်တိုင်ဘာမှ လုပ်နေစရာမလိုဘူး။ မျက်နှာလေး လွှဲထား လိုက်ရုံပဲ။ သဘောပေါက်။ ဒါပေမယ့် ဦးသိန်းစိန်ဟာ အဲဒီလိုစိတ်မျိုး အရင်ကလည်း မရှိခဲ့၊ နားတော့မယ့် ဆဲဆဲ မှာ လည်း ရှိလာမှာ မဟုတ်ဘူးဆိုတာကို တသက်လုံးပေါင်းလာတဲ့ အန်တီကြီးက သိလို့ အခုလို မုန့်ဟင်းခါး ရောင်းဖို့ စိတ်ကူးရတာပေါ့။ 
အန်တီကြီးရဲ့အကြံ ဘာကြောင့်အကောင်အထည်မဖော်ဖြစ်တာလဲဆိုရင် ဘရွှေကြီးက ခွင့်မပြုတာနဲ့ ဦးသိန်းစိန်ဟာ မနားလိုက်ရပါဘူး။ ဒီနေ့ ကျွန်တော်ပြောချင်တဲ့ ဖြစ်ရပ်လေးဟာလည်း ဒါပါပဲ။

သိပ်မကြာသေးခင်က အဖြစ်လေးကိုလည်း ကြားမိလိုက်မယ် ထင်ပါတယ်။ ကလေးဆေးရုံမှာ လာတက်တဲ့ကလေးကို ဆေးရုံဆင်းသွားမှပဲ သမ္မတကြီးရဲ့မြေးမှန်း သိလိုက်ကြတယ်ဆိုတာလေ။ လူသိပ်မသိလိုက်တဲ့ အဖြစ်လေးတစ်ခုကို ပြောပြချင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ သမ္မတကြီးနဲ့ ဝန်ကြီးတချို့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ရောက်လာကြတယ်။ လူကြီးတွေအကုန်လုံး လေယာဉ်ပေါ်ကဆင်း၊ လာကြိုတဲ့ကားတွေနဲ့ အလျှိုအလျှို ထွက်သွားပြီးမှ သမ္မတကြီးရဲ့သမီးဟာ ကလေးချီပြီး လေယာဉ်ပေါ်က ကုပ်ကုပ်ကလေးဆင်း၊ နောက်ဘက်ကနေ တိတ်တိတ်ကလေး ထွက်သွားရတယ်။ ဒါတောင် သမ္မတကြီးက ကလေးငယ်ငယ် ကားနဲ့ဆင်းရင် ပင်ပန်းမှာကို သနားလို့ လိုက်ခွင့်ပြုပြီး ပါလာတာ။ အဲဒီကလေးကြီးပြီဆိုရင် အခုလို လိုက်ရဖို့ မမြင်ဘူး။

ခင်ဗျားတို့ဟာ သိပ်ကြီးမကြာသေးတဲ့ အဖြစ်အပျက်တွေကို မေ့မပစ်ကြပါနဲ့ဦး။ ရုပ်ဆိုး၊ ပုပ်သိုး၊ လိပ်ထော ဆိုတဲ့ သမီးတော်တွေ ကြီးစိုးမင်းမူခဲ့တာတို့၊ စိန်မျောက်မျောက်၊ ဖိုးလပြွတ် ဆိုတဲ့ မြေးတော်တွေ အထူးအခွင့်အရေးနဲ့ သောင်းကျန်းခဲ့တာတို့ဟာ ပြီးခဲ့တာမှ သုံးခါလည်တောင်မရှိသေးဘူးဗျ။ အဲဒီလိုလူစားတွေ ကမ္ဘာပေါ်က အပြီးတိုင် ပျောက်သွားပြီလို့များ ထင်နေကြပြီလား။ နောက်ထပ် ပေါ်မလာနိုင်ဘူးလို့များ ထင်နေကြပြီလား။ အဲဒီလိုခေတ်ကို ပြန်မရောက်ဖို့ ဆုတောင်းတဲ့အထဲမှာတော့ ကျွန်တော်လည်း ထိပ်ဆုံးကတစ်ယောက်ပဲဗျို့။ 

ကျွန်တော်ဟာ ဒီအကြောင်းတွေကို သိထားပေမယ့် ချရေးစရာ ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ နာမည်ဝှက် (Fake Account)ကလည်း မရှိတာနဲ့ အများသိအောင် ထုတ်မပြောဖြစ်ခဲ့တာပါ။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလိုပဲ ... ရှိနေတုန်းမှာ ချစ်ဖို့ကောင်းတာလေးတွေအပေါ် ချစ်သင့်တယ်ထင်လို့ အခုလို အလျဉ်းသင့်တဲ့နေရာက တင်ပြရတာပါ။ ခင်ဗျားတို့ကတော့ ထင်မယ်။ ဒီကောင် ဦးသိန်းစိန်ရဲ့ တပည့် ဖော်လံဖားထဲက ဖြစ်မယ်ပေါ့။ တပည့်မဟုတ်ရပါဘူး။ သူတို့မိသားစုနဲ့ တစ်ခါမှ မပတ်သက်၊ မဆက်ဆံဘူးပါဘူး။ ဒါပေမယ့် ဒီလို စိတ်ထားကောင်းတဲ့သူတွေကို ဖော်လံဖားနေတယ် အပြောခံရရင်တော့ ခံနိုင်ပါတယ်ဗျာ။ စိတ်ဓာတ်အောက်တန်းကျတဲ့ သူတွေအောက်မှာ နှစ်ပေါင်းများစွာ ဖားခဲ့/ပြားခဲ့ရသေးတာပဲ။

ကဲ... မိတ်ဆွေ။ တကယ်လို့ အန်တီကြီး ဒေါ်ခင်ခင်ဝင်းသာ မုန့်ဟင်းခါးရောင်းဖြစ်ခဲ့ရင် ခင်ဗျား သွားစားမလား။ ကျွန်တော်ကတော့ သွားမယ်။ ဒီလောက် စိတ်ရင်းစိတ်ဓာတ် ကောင်းတဲ့သူတွေ ချက်တာပဲ ... ထည့်ရမယ့် အမယ်တွေကို ဘယ်ဟာမှ ခိုထားမှာ မဟုတ်ဘူး။ စေတနာဆိုတဲ့ အမယ်ကလည်း ပမာဏအများကြီးပါဦးမှာ။ အဲဒီဆိုင်သာ ဖွင့်ခဲ့ရင် ခင်ထွေးရီတို့၊ မြောင်းမြဒေါ်ချိုတို့တောင် ဒေဝါလီ ခံသွားရဦးမယ်။ ကျွန်တော်ကတော့ အကြော်နှစ်ခုလောက်ထည့်ပြီး အိုးဘဲဥ၊ ငါးဖယ်နဲ့ ကျကျနန စားပစ်မယ်။ ဟင်းရည်ကိုလည်း တစ်ပန်းကန်အပြည့်တောင်းပြီး သောက်ပစ်မယ်။ ပြီးရင် မီးဖိုချောင်ထဲအထိ ဝင်သွားပြီး ဟင်းရည်အိုး ကူမွှေပေးလိုက်ဦးမယ်။ ခင်ဗျားအနေနဲ့လည်း မီးဖိုထဲထိ မလိုက်ချင်ရင်တောင် မုန့်ဟင်းခါးကိုတော့ အားပေးချင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဟုတ်ရဲ့လား။

=======================================================
ရေးသူ- အမည်မသိပါ။ သိလျှင် ပြန်လည် ဖော်ပြပေးပါမည်
=======================================================
Facebook

ဦးအောင်မင်းအဖွဲ့မှ ကေအိုင်အိုဥက္ကဌ ဆီ ကမ်းလှမ်းစာ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကနေ ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရားထံကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းစာ

http://www.ministryofinformation.gov.mm/index.php/news/local-news/2062-2013-01-19-14-29-27.html

ပြည်သူ့လွှတ်တော်၏ကေအိုင်အေနှင့်ဦးအောင်မင်းသို့တိုက်တွန်းချက်

အစိုးရစစ်တပ်လဂျားယန်စခန်းကို ကေအိုင်အေ တပ်ဖွဲ့များ ဝိုင်းထားခဲ့တဲ့အခြေအနေ

by Ye Htut

မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း

by Vicky Mandra on Friday, January 18, 2013 at 11:27pm ·

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော်
အညာကျေးလက်သူတဦးကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟု
စုံစမ်းသိရသည်။

တရားဝင်မယားကြီး ဒေါ်ခင်ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်း
ဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေသည့် မယားငယ်ဖြစ်သူမှာ
တောင်သာမြို့နယ် ၀ဲလောင်ရွာနေ အသက် ၃၀ကျော် မအေးမို့မို့လှိုင် ဖြစ်သည်။

မအေးမို့မို့လှိုင်နှင့်အခြား မိန်းကလေများကို ၀န်ကြီး
ဦးအောင်သောင်းအိမ်တွင် အိမ်ဖော်လုပ်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့်
ဝဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာနေ ဒေါ်ဒေါင်းသမီးနှင့်အဖွဲ့က
လူကုန်ကုးသည့်ပုံစံမျိုးဖြင့် စုဆောင်းပေးခဲ့ခြင်းဖြစ်သည်။

ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို အိမ်ဖော်မလုပ်ခိုင်းပဲ
ဝန်ကြီး၏တယ်လီလီဖုန်းကိုင်သူ ကိုယ်ရေးအရာရှီအဖြစ်ထားရှိပြီးနောက်
ဇနိးမယားအဖြစ် သိမ်းပိုက်ခဲ့သည်ဟု မအေးမို့မို့လှိုင်၏
ဆွေမျိုးတဦးကပြောသည်။ အိမ်ဖော်မိန်းကလေး မည်မျှ ဦးအောင်သောင်း
ဖျက်ဆီးခဲံသည်ကိ တိတိကျကျ မသိရသေးသဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို
တရားဝင်မဟုတ်သည့် မယားငယ်သဘော ပေါင်းသင်းပြီး နေပြည်တော်မှာ
တိုက်ခန်းနှင့်ထားသည်ဟု မရေမရာ သတင်းကြားသော်လည်း ၁၀နှစ်ကျော်
ပျောက်ဆုံးနေသည့် မအေးမို့မို့လှိုင်အတွက် ဆွေမျိုးများကစိတ်ပူပြီး
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သမ္မတ ဦးသိန်းစိန်ထံ စာရေးတိုင်မည်ဟု သိရသည်။

မအေးမို့မို့လှိုင်နှင့် ရသည့်ကလေး (ယောကျားလေး) ကို ဦးအောင်သောင်း၏
ရန်ကုန်အိမ်မှာ ထားရှိသည်။ အသက် ၈၀နီးသည့်တိုင် အညာဒေသမှ
မိန်းကလေးများကို ဖျက်ဆီးနေသည့် ဦးအောင်သောင်းကို တောင်သာနယ်ခံများ
အော့နှလုံးနာနေသည်ဟု သိရသည်။

ကာမိုင်း ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံနှင့် စရဖရုံးKIAမီးရှို့

ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်က ကာမိုင်းမြို့ပေါ်ရှိ ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံနှင့် စရဖရုံးတို့ကို KIA တပ်ဖွဲ့ဝင်များ ၀င်ရောက်မီးရှို့

ဇန်န၀ါရီလ ၁၉ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ကာမိုင်း မြို့ပေါ်ရှိ ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် စရဖရုံးတို့ကို KIA တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က ၀င်ရောက်မီးရှို့သွားကြောင်းနှင့် လျှပ်စစ်ရုံးမှ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။

ကာမိုင်းမြို့ခံတစ်ဦးမှ ''မနက်ကတည်းက ပစ်ခတ်သံတွေ ကြားနေရတာ နံနက် ၇ နာရီ ၃၀ မိနစ်အထိပဲ။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ဆိုင်တွေ ပိတ်ထားကြတယ်။ လမ်းပေါ်မှာ လူတောင်မရှိဘူး။ ရဲစခန်း ကိုဝင်ပစ်တာ စခန်းထဲက ရဲတပ်သားနှစ်ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်'' ဟု ပြောကြားပါသည်။

ယခုဖြစ်စဉ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ကာမိုင်း ရဲစခန်းကို KIA မှ ၀င်ရောက်စီးနင်းပြီးနောက် ဒုတိယအကြိမ် ၀င်ရောက် စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကာမိုင်းရဲစခန်းအား KIA မှ တိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ပထမအကြိမ် ကာမိုင်းရဲစခန်းအား KIA မှ ၀င်ရောက်စီးနင်းမှု ခံရပြီးကတည်းက စခန်းအတွင်းရှိ မိသားစုများမှာ ကာမိုင်း ဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့ခိုလှုံနေခဲ့သည့်အတွက် ယခုဖြစ်စဉ်တွင် ၀န်ထမ်းမိသားစုများ ဒဏ်ရာရရှိမှုမရှိဘဲ ရဲစခန်းအတွင်းရှိ
 တပ်သားများသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကထန်ယန် တောင်ကုန်းပေါ်ရှိ မိုက်ခရိုဝေ့စခန်းပေါ်မှ ရဲစခန်းမီးလောင်ခြင်းကို တွေ့မြင်ရသူတစ်ဦးက ''ရဲစခန်းမှာရှိတဲ့ သစ်သားနေအိမ်တွေ အားလုံးလောင်သွားပါတယ်။ အုတ်နဲ့ဆောက်ထားတဲ့ အဆောက်အဦးတွေပဲ ကျန်ရစ်ပါတယ်။ အရင်တစ်ခေါက်ကလို လိုချင်တာကို ယူသွားတာမျိုးမဟုတ်ဘဲ မီးရှို့ဖျက်ဆီးတာကိုပဲ လုပ်သွားတာကိုတွေ့ ရပါတယ်''ဟု ပြောကြားခဲ့သည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရပ်နားမည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့သော်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများမှာ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါသည်။
"ခုနကတောင် လက်နက်ကြီးသံတွေ ကြားရသေးတယ်။ မနက် ၉ နာရီ ကနေ ၁၀ နာရီအထိ တိုက်ပွဲဖြစ်နေတုန်းပဲ"ဟု KIO မှ ဗိုလ်ကြီး ဂျိုးဇက်က Eleven Media Group သို့ ပြောပါသည်။
ထို့အပြင် လဂျားယန်မဟုတ်သော အခြားဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။
"သမ္မတရုံးရဲ့ ထုတ်ပြန်ချက် အရ ထိုးစစ်မလုပ်ဘူး ဆိုတာက လဂျားယန် ဒေသမှာပဲလေ။ ကျန်တဲ့ နေရာမှာကတော့ ဆက်လုပ်ဦးမယ်ဆိုတဲ့ သဘောပေါ့။ အခု ဖြစ်နေတဲ့ နေရာက တပ်မဟာ(၃)နယ်မြေ ထဲမှာ၊ တပ်မဟာ(၂)နယ်မြေထဲမှာ၊ တပ်မဟာ(၄)ဧရိယာထဲမှာ ဖြစ်နေတယ်။ ဒီထုတ်ပြန်ချက်ဟာ တပ်မတော် အနေနဲ့ ထိုးစစ် မလုပ်တော့ဘူးလို့ ဒီတစ်နေရာထဲ ပြောတဲ့ သဘောပါ။ ဖြစ်ချင်လည်း ဖြစ်ဦးမယ်။ ထိုးစစ်လုပ် ချင်လည်းလုပ်ဦးမယ်ဆိုတဲ့ သဘောပါ”ဟု ဗိုလ်ကြီး ဂျိုးဆက်က ပြောသည်။
ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ဖားကန့်ရှိ ဆိုင်းရာ၊ ကံဆီးတွင် အခြေစိုက်ထားသော KIA တပ်ရင်း (၆) ကို အစိုးရ တပ်များမှ ထိုးစစ် ပြုလုပ်နေကြောင်း ဗိုလ်ကြီး ဂျိုးဆက်က ပြောသည်။
"တပ်ရင်း(၆)ကို ထိုးစစ် လုပ်နေတယ်။ တပ်ရင်း(၆)က ဆိုင်းရာ၊ ကန်စီး ဆိုတဲ့ ဖားကန့် ဒေသကပါ။ အဲဒီမှာတော့ ဒီနေ့လည်း ဖြစ်နေတုန်းပဲ တပ်မဟာ(၃)ရဲ့ ဂျန်မိုင်ကောင်း မှာလည်း ပစ်တယ်။ နေရာတော့ အတိအကျ မသိသေးဘူး။ တပ်မဟာ(၃)ဆိုတာက လွယ်ဂျယ် မြို့နယ်နဲ့ မိုးမောက် မြို့နယ်ထဲ ပါပါတယ်။ လွယ်ဂျယ်မြို့နယ်နှင့်မိုးမောက်မြို့နယ်ထဲ မှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ ဆွမ်ပရာဘွမ် မြို့နယ်ထဲမှာလည်း ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်း။ ဒီနေ့မနက်အထိ ဖြစ်နေတာကတော့ ခိုင်ယာမှာလည်း ဖြစ်နေတယ်”ဟု ဗိုလ်ကြီး ဂျိုးဆက်က ပြောပါသည်။
KIA တွင် တပ်မဟာ ခြောက်ခုရှိပြီး  ပန်ဝါဒေသဘက်တွင် တပ်မဟာ(၁) ၊ ဖားကန့်၊ မြစ်ကြီးနား၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်း အစရှိသည့် ဒေသများတွင် တပ်မဟာ(၂) ၊ မိုင်ဂျာယန်နှင့် ဂျန်မိုင်ကောင်းတွင် တပ်မဟာ (၃)၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာမိုးညဲ၊ လွယ်ဂျယ်၊ ကွတ် ခိုင် အစရှိတဲ့ ဒေသများတွင် တပ်မဟာ(၄) ၊ လိုင်ဇာဒေသမှာ တပ်မဟာ(၅) နှင့် မကြာသေးမီက ယာယီဖွဲ့စည်းခဲ့သော တပ်မဟာ(၆)မှာ  ပန်ဝါ၊ လိုင်ဇာ၊ လဂျားယန်နှင့် ဖားကန် ဒေသများတွင် ရှိနေပါသည်။

KIA တပ်ရင်း (၆) ရှိရာ ဖားကန့်ဒေသ ကံဆီးဘက်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာကြောင်းသိရ

Friday, 18 January 2013 22:34

KIA တပ်ရင်း(၆) ရှိရာ ဖားကန့်ဒေသ ကံဆီးဘက်တွင် ဇန်န၀ါရီလ ၁၉ ရက်နေ့၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ '' ဒီနေ့ (ဇန်န၀ါရီလ ၁၉ရက် နေ့) ညနေ၅ နာရီ လောက်မှာ KIA တပ်ရင်း(၆) ဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ မိနစ် ၂၀ အတွင်းမှာ တင် ၁၂ လုံးလောက် ပစ်တာကို ကြားရတယ်''ဟု ကံဆီးခေါရွာ ဒေသခံတစ်ဦးက Eleven Media Group သို့ ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်တွင် ပြောပါသည်။
လက်နက်ကြီး ပစ်ခတ်မှုများမှာ ဇန်န၀ါရီလ ၁၈ ရက်နေ့ ကတည်းက ရှိခဲ့ပြီး မည်သူပစ်ခတ်သည်ကိုမူ မသိရှိရသေးကြောင်း ဖားကန့်ဒေသခံ ဦးထုနော်က ပြောသည်။''ဖားကန့်မှာ ဇန်န၀ါရီလ ၁၈ ရက်နေ့ ညပိုင်းက ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိပါတယ်။ ဘယ်သူက ဘယ်သူ့ကို ပစ်ခတ်တာလဲတော့ မသိပါဘူး။ ကံဆီးဆေးရုံဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်တယ်လို့ ကြားတယ်။ ဆိုင်းတောင်ဘက်မှာလည်း ဖြစ်တယ်လို့ ကြားတယ်''ဟု ဦးထုနော်က ပြောကြားပါသည်။
''ကံဆီးမှာ KIA တပ်ရင်း(၆) ထိုင်ထားပါတယ်။ အခု တပ်မဟာ (၆) လို့ ပြောင်းလိုက်ပြီး အင်အား တိုးထားတယ်လို့ သိရတယ်။ အစိုးရတပ်တွေ ထိုင်ထားတဲ့ ဗျူဟာကုန်းဘက်မှာလည်း တပ်အင်အား တိုးချဲ့ထားတယ်လို့ ကြားတဲ့အတွက် ဖားကန့်က ဒုတိယ လဂျားယန် ဖြစ်လာမှာကို စိုးရိမ်ပါတယ်''ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောပါသည်။
ဖားကန့်ဒေသရှိ KIA တပ်ရင်း (၆)ကို တပ်မတော်မှ ထိုးစစ်ပြုလုပ်နေကြောင်း KIO မှ ဗိုလ်ကြီးဂျိုးဇက် က ပြောပါသည်။ ''တပ်ရင်း(၆) ကို ထိုးစစ်လုပ်နေတယ်။ နေ့လည်ပိုင်းအထိ ပြင်းထန်နေတုန်းပဲ။ တပ်မဟာ(၃) ဂျန်မိုင်းကောင်းမှာလည်း ပစ်တယ်''ဟု ဗိုလ်ကြီးဂျိုးဇက်က ပြောသည်။
ဇန်န၀ါရီလ ၁၈ ရက်နေ့ညက ထုတ်ပြန်ခဲ့သော အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် လဂျားယန် ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်းကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ဆင်ရေးလှုပ်ရှားမှုကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ဘဲ ကချင်ဒေသအနှံ့ ထိုးစစ်ဆင်လှုပ် ရှားမှုများကို လျော့ချသင့်ကြောင်း KIO မှ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် အစိုးရ၏ သတင်းထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလား အလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန်ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်ဟု ဖော်ပြခဲ့သည်။
ဖားကန့်မြို့နှင့် ၁၀ မိုင်ကျော်ခန့် အကွာအဝေးတွင် ရှိနေသော ကံ ဆီးဘက်တွင် KIA တပ်ရင်း (၆) ၏ အခြေစိုက်စခန်းရှိပြီး အဆိုပါတပ်ရင်း(၆)ကို တပ်မဟာ (၆) အဖြစ် ပြောင်းလဲထားကြောင်း သိရသည်။
တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များနှင့် ကုမ္ပဏီများကို KIA မှ ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ မကြာမီ အချိန်တွင် ပွင့်လင်းရာသီ ရောက်ရှိလာမည်ဖြစ်ပြီး ပွင့်လင်းရာသီကာလတွင် ပြုလုပ်လေ့ရှိသော ကျောက်မျက်ပွဲများကြောင့် ဖားကန့်ဒေသအတွင်း တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ယခုထက် ပိုမို ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလား အလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အိုမှ သတင်းထုတ်ပြန်

Friday, 18 January 2013 21:54

ပြည်ထောင်စုအစိုးရအဖွဲ့၏သတင်းထုတ်ပြန်ချက်မှတစ်ဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အိုအဖွဲ့မှ ဇန်န၀ါရီလ ၁၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်ကို တွေ့ရှိရပါကြောင်း၊ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရှိရပါကြောင်း၊ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ဆင်ရေး လှုပ်ရှားမှုကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှုများကို လျော့ချသင့်ကြောင်းနှင့် သတင်းထုတ်ပြန် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပါရှိပါသည်။
ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အို/ ကေအိုင် တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီအချိန်မှ စ၍ လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှ တစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကေအိုင်အို/ကေအိုင်အေနှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် ကေအိုင်အို/ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော် အစိုးရ သည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်သားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် ကေအိုင်အေ/ကေအိုင်အေ အပါအ၀င် တိုင်းရင်းသားပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထည့်သွင်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မဲဇာဘူတာမှ ကချင်ပြည်နယ်အစ နန့်စီးအောင်ဘူတာအထိ မီးရထားသံလမ်းပိုင်းပေါ်တွင် ညမဖြတ်ရ အမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်ထား

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မဲဇာဘူတာမှ ကချင်ပြည်နယ်အစ နန့်စီးအောင်ဘူတာအထိ မီးရထားသံလမ်းပိုင်းတွင် မကြာခဏ ဖောက်ခွဲဖျက်စီးမှုများ ရှိနေ၍ ညမဖြတ်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ အမိန့်တွင် မီးရထားသံလမ်း ဘေးဝဲယာ (၇၅)ပေအတွင်း ပါဝင်ပြီး ကျေးရွာ ဧရိယာများ၊ မြို့ပြဧရိယာများနှင့် ဘူတာဝန်းကျင် ဧရိယာများမပါဝင်ဘဲ ည(၈း၀၀)နာရီမှ မနက် (၅း၀၀)နာရီ အထိ အကျုံးဝင်သည်ဟု စုံစမ်းသိရှိရသည်။ ''စာကိုတော့ (၁၆)ရက်နေ့မှ စထုတ်ပါတယ်။ ကျွန်တော်တို့ဆီကိုတော့ (၁၈)ရက်နေ့မှ ရောက်ပါတယ်။ ဇန်န၀ါရီလ (၁၆)ရက်ကနေ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ အထိလို့ သတ်မှတ်ထားပါတယ်။ ဒီကြားထဲမှာလည်း အခြေအနေအရ အတိုးအလျော့ ရှိနိုင်ပါတယ်။ သံလမ်းနဲ့ နီးစပ်ရာ ရွာတွေမှာလည်း ကြေငြာချက်တွေ ထုတ်ပြန်ပြီးသွားပါပြီ'' ဟု အင်းတော်ဘူတာမှ မီးရထားတာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။
အဆိုပါပုဒ်မ ၁၄၄ကို နန့်စီးအောင် ဘူတာမှ မဲဇာဘူတာအထိ (၇)ဘူတာ ထုတ်ပြန်ထားကြောင်း သိရှိရပြီး မြစ်ကြီးနားနှင့် နန့်စီးအောင်ကြားတွင် ၎င်းပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့ခြင်း မရှိကြောင်း သက်ဆိုင်ရာ ၀န်ထမ်းများက ပြန်လည်ဖြေကြားခဲ့သည်။

http://www.news-eleven.com

RFA Burmese ကချင်ဒေသအနှံ့ ထိုးစစ်တွေလျော့ချဖို့ ကေအိုင်အို တောင်းဆို
မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ပဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို လျော့ချသင့်တယ် လို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက် ပါတယ်။
ဇန်နဝါရီလ ၁၈ရက်နေ့ မနေ့က အစိုးရက ကချင်ဒေသစစ်ပွဲတွေ ရပ်ဆိုင်းလိုက်ဖို့ ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်အပြီး ဒီကနေ့ ကေအိုင်အိုအဖွဲ့ကလည်း သဘောထားထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က သဘောထားထုတ်ပြန်တဲ့အချက်ကို အခုလို ပြောပြပါတယ်။
“မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုကို လျော့ချသင့်တယ် ဆိုတာကိုပဲ ကြေညာချက်ထုတ်တာပါ၊ အခုက သူတို့က လဂျားယန်ဒေသပဲပြောတာပါ၊ အမှန်တကယ်ပဲ ဒီနေ့တိုက်ပွဲက နေရာအနှံ့မှာရှိသေးတယ်ခင်ဗျ၊ တပ်မဟာ ၃ဖက်မှာလည်း ဒီကနေ့မနက် ၁ဝနာရီ ပတ်ဝန်းကျင်ကနေ မွန်းလွဲ ၂နာရီလောက်အထိ သူတို့လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးဆက်တိုက်လုပ်နေကြတယ်၊ တခြားဒေသမှာလဲရှိဦးမှာပါ၊ ဒါကြောင့် အမှန်တကယ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို အမှန်တကယ်ရောက်စေချင်တယ်ဆိုရင် သူတို့ရဲ့ ကချင်ဒေသမှာ စစ်ဆင်ရေးလုပ်နေတဲ့အရှိန်ကို လျော့ချသင့်တယ်ဆိုတဲ့ဟာမျိုး ဆိုလိုတာပါ”
မနေ့က အစိုးရက ထုတ်ပြန်တဲ့အချက်ထဲမှာ ပါရှိတာက ယခုအခါ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိစစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ်ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြောင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက် ဒီကနေ့ မနက် ၆နာရီမှစတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။
အဲဒီအချက်အပေါ်အခြေခံပြီး ကေအိုင်အိုဖက်က လဂျားယန်ဒေသတွေမဟုတ်ပဲ ကချင်ဒေသအနှံ့ တပ်မတော်ရဲ့ ထိုးစစ်တွေကို လျော့ချပေးဖို့တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။ အစိုးရကြေညာချက်ထဲမှာ ကေအိုင်အို အနေနဲ့လည်း လက်အောက်ခံတပ်ဖွဲ့များကို တိုက်ခိုက်မှုတွေမလုပ်ဖို့ ညွှန်ကြားရန်လိုအပ်ကြောင်း ပြောဆိုထားပါတယ်။
အမျိုသားပြန်လည်စည်းလုံးညီညွှတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ်ရပ်စဲရေးကတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အစိုးရရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာပြုပြင်ရေးအတွက် IMF အကူအညီလို

18.01.2013
မြန်မာနိုင်ငံက ပေးစရာရှိနေတဲ့ ကြွေးကျန်တွေကို ပြန်ဆပ်နိုင်ဖို့၊ စီးပွားရေး မူဝါဒတွေ ရေးဆွဲဖို့နဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အထောက်အကူ ဖြစ်စေဖို့ ရည်မှန်းထားတဲ့ စီမံကိန်းတခုမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကြီးကြပ် ပံ့ပိုးသွားဖို့ မြန်မာအစိုးရက အကူအညီ တောင်းလိုက်ပါတယ်။ ရေရှည်ခံမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေဖို့၊ ကမ္ဘာ့စီးပွားရေးမှာ ၀င်ဆန့်နိုင်ဖို့နဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်စေဖို့ တနှစ်တာ အစီအစဉ်ကို ဒီဇင်ဘာလမှာ စတင် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး အကူအညီ တောင်းခံထားတာလို့လည်း IMF က ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစလို့ အရပ်သား အစိုးရအဖြစ် ပေါ်ပေါက်လာရာက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပေးခဲ့ပြီးနောက် အပြောင်းအလဲတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း IMF ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ ရေတိုကာလအတွက် အလားအလာကောင်းတွေ ရှိနေပေမဲ့ ဈေးကွက် စီးပွားရေး စနစ်တရပ်ကို အသွင်ကူးပြောင်းရာမှာတော့ အချိန်ယူရလိမ့်မယ်လို့ သတိပေးထားတာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏဟာ ဒီနှစ်မှာ ၆.၃ ရာခိုင်နှုန်းလောက်ကနေ ရှေ့လာမယ့် နှစ်အနည်းငယ် အတွင်းမှာတော့ ၇ ရာခိုင်နှုန်းလောက်အထိ တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတကာက ကြွေးမြီတွေကို ပြန်မဆပ်သေးသရွေ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီ အထောက်အပံ့တွေ ချေးငွေတွေ ရဖို့ အဟန့်အတား ဖြစ်နေလိမ့်ဦးမယ်လို့လည်း IMF က ပြောပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ကို ဒေါ်လာသန်း ၄၀၀ ပေးဖို့ ကျန်ရှိနေသလို၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကို ဒေါ်လာ သန်း ၅၀၀ လောက် ပြန်ဆပ်ဖို့ ကျန်နေတာပါ။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်ရာမှာ အဓိက နိုင်ငံတခုဖြစ်တဲ့ ဂျပန်ကတော့ မြန်မာနိုင်ငံက ပေးစရာရှိနေတဲ့ ယန်းငွေ ဘီလီယံ ၅၀၀ ကို လျှော်လိုက်ကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။
http://burmese.voanews.com/content/imf-support-myanmar/1586361.html