Monday, May 6, 2013
ရိုဟင်ဂျာပါတီ လက်မခံဟု ကော်မရှင် ဥက္ကဌပြော
Yangon Chronicle
10:34 AM
6/5/2013
လွတ်တော်ထဲတွင် ရိုဟင်ဂျာဟု စွပ်စွဲခံထားရသည့် လွှတ်တော်အမတ် ၃
 ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စု
ဝန်ကြီးဦးခင်ရီမှ တာဝန်ယူစစ်ဆေးနေကြောင်းသိရသည်။
မတ်လ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီ ၁၈ ခုတို့တွေ့
ဆုံရာတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လွှတ်တော်အတွင်း အသုံး
ပြုနေခြင်းအားတားဆီးပေးရန်နှင့် နိုင်ငံရေးပါတီများထဲတွင် ရိုဟင်ဂျာအ
မည်ပါသည့် နိုင်ငံရေးပါတီရှိပါကပါတီဖျက်သိမ်း သည်အထိအရေးယူသွား
မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးမှ ပြောကြား
ခဲ့ကြောင်း သတင်းရရှိသည်။
လယ်သမားဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်
Kalayah Soe
မြန်မာ့လယ်သမားတွေဘ၀ မြှင့်တင်ရေး ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ထံမှ အကူအညီတောင်းခံ။ (အပြောထက် အလုပ်နှင့် သက်သေပြသောအမေပါ)
=========================================
လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အခုလိုပြောကြားခဲ့တာပါ။
ဒီပွဲကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမားဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်း လိုအပ်တာတွေကို ဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ်လိုက်ပါတယ်။
ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မယ်ချယ်နဲ့ USAID အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
News: RFA
Photo: US Embassy
အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား
မြ၀တီ's photo.
အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား
အင်္ဂါဂြိုဟ်ပေါ်တွင် အခြေချအိမ်ရာ တည်ဆောက်ရန် စီမံကိန်း အတွက် လျှောက်လွှာများကို စတင်လက်ခံ ခဲ့ရာ ပထမ ၇၂ နာရီ အတွင်း တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
The Mars One အမည်ရှိ အဆိုပါ စီမံကိန်းကို အကျိုးအမြတ် မလိုလားသော နယ်သာလန် အဖွဲ့အစည်း တစ်ခုက စတင် လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား လေးဦးကို သယ်ဆောင်သွားရန် စီစဉ်လျက် ရှိသည်။
ဧပြီ ၂၂ ရက်မှ စတင်၍ ပထမ သုံးရက်အတွင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူ ၂ဝဝဝဝ ခန့်သည် အွန်လိုင်းမှ တစ်ဆင့် လျှောက်လွှာများကို တင်သွင်းခဲ့ပြီး စီမံကိန်း တည်ထောင်သူက ယေဘုယျအားဖြင့် လူပေါင်း ၅ဝဝဝဝဝ ခန့်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
၎င်းတို့၏ အိပ်မက်စိတ်ကူး ဖြစ်သော အဆိုပါ စီမံကိန်းကို အမှန်တကယ် အကောင်အထည် ဖော်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း The Mars One စီမံကိန်း ပူးတွဲ တည်ထောင်သူ ဘက်စ်လန်ဒ်ဒေါ့ပ်က ပြောကြားသည်။
အခြေချ နေထိုင်မည့်သူ ၂၄ ဦးမှ ၄ဝ ဦး အထိကို အရည်အသွေး ပြည့်မီသော သင်တန်းပေးမှုများ အပြည့် အဝ ပေးအပ်ပြီးနောက် မဲခွဲ၍ ပထမဆုံး အခြေချ နေထိုင်သူ များကို ရွေးချယ်သွားမည် ဖြစ်ကြောင်း လန်ဒ်ဒေါ့ပ် က ပြောကြားသည်။ ယင်း အခြေချ နေထိုင်သူများသည် ကွဲပြား ခြားနားသော ပတ်ဝန်းကျင်တွင် ခုနစ်နှစ်ကျော် ကြာ နေထိုင်ရန် အတွက် သုံးလ ကြာမြင့်မည့် သင်တန်းကို တက်ရောက်ရမည် ဖြစ်သည်။ 
http://bit.ly/10duUlh
မိတ္ထီလာ ဘုန်းကြီးကို သတ်မှုနဲ့ မွတ်ဆလင် ၇ဦးကို စွဲချက်တင်
Monday,May 06,2013
မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးကို သတ်ခဲ့မှုနဲ့ အစ္စလာမ် ဘာသာဝင် ၇ဦးကို ဒီကနေ့ စွဲချက် တင်လိုက်ပါတယ်။
အဲဒီ ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရမှုဟာ ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေ နဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဘာသာရေး အဓိကရုဏ်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။
ဒီအမှုကို ရှေ့နေကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦး အပါအ၀င် ရှေ့နေ ၅ဦးက တရားခံတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။
ဖမ်းထားတဲ့ ၇ယောက်ထဲက ၆ယောက်ကို စွဲချက်တင်လိုက်ပြီး ညီညီနိုင်ဆိုတဲ့ တယောက်ကိုတော့ အသက် ၁၆နှစ် မပြည့်သေးတာကြောင့် တရားစွဲတဲ့ အဖွဲ့က အမှုကို တရားရှင် ရုပ်သိမ်းလိုက်ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ် ဆိုင်ရာ အက်ဥပဒေ အရ ကလေးသူငယ် တရားရုံးမှာ ဆက်ပြီး အမှု ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။
အခု စွဲချက် တင်ခံရသူ ၆ဦးကတော့ အမှုမြောက်လို့ စီရင်ချက်ချခံ ရမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံ ရနိုင်ဖွယ် ရှိပြီး ကလေးသူငယ် အက်ဥပဒေအရ လျှော့ပေါ့ စဉ်းစားပေးတဲ့ ညီညီနိုင်ကတော့ အမြင့်ဆုံး ပြစ်ဒဏ် ၇နှစ်ထက် ပိုပြီး ကျနိုင်ဖွယ် မရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်းမှာ လူ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒီအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၇၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်။
အဓိကရုဏ်း စဖြစ်ပွားစေခဲ့တဲ့ နယူးဝိန့် စိန်ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက်နဲ့ ၀န်ထမ်းတယောက်ကို ဧပြီလ ဒုတိယအပတ်တုန်းက ထောင်ဒဏ် ၁၄နှစ်စီချမှတ်ခဲ့ပါတယ်။
အခု ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရတဲ့ အမှုကိုတော့ လာမယ့် မေလ ၈ ရက်နေ့မှာ တရားခံတွေကို စစ်ဆေးမှာဖြစ်ပြီး မကြာခင်မှာ စီရင်ချက်ချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒီအမှုမှာ ရဲအလိုရှိတာ ၁၁ယောက် ဖြစ်ပေမယ့် ၄ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ၇ယောက်ကိုပဲ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အဝေးပြေးလည်း အဝေးပြေးမို့လို့... လေဆိပ်လည်း လေဆိပ်မို့လို့...
Soe Zeya Tun
ရန်ကုန်မြို့....
တစ်နေရာရာကို ခရီးသွားပြီး ပြန်လာပြီဆိုရင် အောင်မင်္ဂလာ အဝေးပြေးလည်း အဝေးပြေးမို့လို့... လေဆိပ်လည်း လေဆိပ်မို့လို့... တော်တော် စိတ်ပျက်ဖို့ကောင်းတယ်...
သူများနိုင်ငံက လေဆိပ်တွေမှာ တွန်းလှည်းကို တက္ကစီငှားတဲ့ နေရာအထိ တွန်းလို့ရတယ်... တက္ကစီရတော့မှ ကိုယ့်ပစ္စည်းကို ကားပေါ်ကောက်တင်လိုက်ရုံပဲ... ခရီးသွားတွေ အဆင်ပြေအောင်လုပ်ပေးထားတာ...
ကျုပ်တို့ ရန်ကုန်မြို့မှာတော့ အဲလို မဟုတ်ဘူး... လှည်းကို အပြင်ထုတ်လို့ မရဘူးတဲ့... ဘာလို့ထုတ်မရတာလဲ... အဲလို ထုတ်လို့ရရင် လှေဆိပ်ထဲမှာ သူတို့မွေးထားတဲ့ အလုပ်သမားတွေ အလုပ်ရတော့မှာ မဟုတ်ဘူး...
ခရီးသည်တစ်ယောက် ဆင်းလာပြီဆိုရင် ဘေးကနေ အတင်းလိုက်ဆွဲတယ်... သယ်ပေးမယ် သယ်ပေးမယ်... ဘယ်သူမှလည်း သူတို့ကို ငှားတာမဟုတ်ဘူး... အတင်းလိုက်သယ်တယ်.. ပြီးတော့ တောင်းလိုက်တဲ့ ပိုက်ဆံက သောက်ရှက်မရှိဘူး......
ငါးပိသာတောင် မလေးတဲ့ အထုပ်နှစ်နှစ်ထုပ်ကို နှစ်ယောက်ခွဲသယ်တယ်... သယ်ရတဲ့ အကွာဝေးက ဆယ်ပေမပြည့်ဘူး... တစ်ထောင်တန်ပေးတာကို နည်းတယ်တဲ့... နည်းရင်မယူနဲ့ လို့ပြောလိုက်တယ်...
ဒါ..တစ်ကြိမ်တည်းမဟုတ်ဘူး... လေဆိပ်မှာအမြဲတမ်းပဲ... လေဆိပ်က တာဝန်ရှိတဲ့လူတွေကလည်း ခရီးသည်အဆင်ပြေရေးထက်... ဒီကောင်တွေကို အဆင်ပြေရေးကိုပဲ ဦးစားပေးထားတယ်.
အဖွဲ့ချုပ် ကြေညာချက်အမှတ် ၀၄၀(စည်း)/၀၅/၁၃
News and Information Department of NLD
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနောင် ၁၀ နှစ်အထိဒေါင်ဒေါင်မြည်
7 Day Journal
အသက် ၆၈ နှစ်ပြည့်တော့မည်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ နောင် ၁၀ နှစ်ခန့်အထိ ကျန်းမာရေးအတွက် စိတ်ချရ
ကြောင်း ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာမခံပြောကြားသည်။
“အရမ်းကျန်းမာတယ်။ အရမ်း နေကောင်းတယ်။ နောက်ထပ် ၁၀ နှစ်လောက်အထိတော့ တာဝန်ယူလို့ ရတယ်။ ဥပမာ- ကင်ဆာတို့လိုမျိုးသွေးတိုး၊ ဆီးချိုတို့လိုမျိုး
ဘာမှမဖြစ်ဘူး”ဟု ဒေါက်တာတင်မျိုးဝင်းက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဒေါက်တာတင်မျိုးဝင်းက “အန်တီ့ကို ဆေးတစ်ခုပေးရင် တချို့ရှိတယ်မဟုတ်လား။ အဲဒါ ဘာဆေးလဲဘယ်တော့မှမမေးဘူး။ အစ်မ ဒါလေး
သောက်လိုက်ပါဦးဆို သောက်တယ်။ ဒါလေး စားလိုက်ပါ ဦးဆိုစားတယ်။ ဘာရှောင်ပါဦးဆို ရှောင်တယ်။ ကုသရတာ စိတ်အချမ်းသာဆုံးလူနာကတော့
အန်တီစုပဲ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ဧပြီလက ကျင်းပခဲ့သော ကြားဖြတ်ရွှေးကောက်ပွဲကာလအတွင်း ပါတီစည်းရုံးရေးခရီးစဉ်များ
ဆက်တိုက်သွားခဲ့ခြင်းကြောင့် ခရီးစဉ်အတွင်း မူးဝေအော့အန်ပြီး အကြောဆေးသွင်းရသည် အထိဖြစ်ခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာ အနားယူချိန်နည်းပြီး အလုပ်အလွန်အကျွံလုပ်ခြင်း၊ ရာသီဥတုပူခြင်းတို့ အပြင် အသက်အရွယ်ကြောင့်လည်းပါကြောင်း ဒေါက်တာမျိုးဝင်းက
ထိုအချိန်ကပြောဖူးသည်။
သို့သော် ဒေါက်တာမျိုးဝင်း မိသားစု ဆရာဝန်အဖြစ် တာဝန်ယူပြီး နှစ် ၂၀ ကျော်ကာလတစ် လျှောက်လုံးကျန်းမာရေးပြဿနာကြီးကြီးမားမားမရှိခဲ့ဘဲ အကြီးစား
အော်ပရေးရှင်းတစ်ခုသာ ၂၀၀၃ ခု နေအိပ်အကျယ်ချုပ်ကာလ အတွင်းက ပြုလုပ်ခဲ့ရသည်။ လာမည့် ၂၀၁၅ ဇွန် ၁၉ ရက်တွင် အသက် ၆၈ နှစ်ပြည့်မည့်
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားအလာအကောင်းဆုံးပါတီကြီး တစ်ခုအဖြစ်ရှိနေသည်။
နိုင်ငံတော်သမ္မတ ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ
Eleven Media Group
ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို လွဲမှားစွာ ပုံဖော်နေခြင်းသည် ကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခအဖြစ် လွဲမှားစွာ ပုံဖော်နေခြင်းသည် ကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်တွင် နိုင်ငံပိုင်ရုပ်သံများမှ ထုတ်လွင့်သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဧပြီ ၂၉ ရက်က ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအား အစိုးရပိုင်းမှ လုပ်ဆောင်မည့် အချက်များနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံမှာ -
''ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး ရှင်သန်သော ခေတ်မီအမျိုးသား စီးပွားပုံစံချ တည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင်အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ အခုလိုကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် နိုင်ကြမယ်ဆိုရင်ဖြင့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ မျော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းများ ရရှိထားပေမယ့် တစ်ချိန်တည်းမှာပဲ အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့အတွက် စိတ်ခံစားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ရှောင်လွဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။
၂၀၁၂ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းအရင်းများကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။ ယင်းကော်မရှင် ရဲ့အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာဖတ်ရှုကြည့်တဲ့ အခါမှာ ဘက်ပေါင်းစုံကနေ စနစ်တကျ အသေးစိတ် လေ့လာသုံးသပ်ပြထားတာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိရမှာ ဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များရဲ့ စေတနာထား ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီရေချိန် နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို မတည်ဆောက်နိုင်ခဲ့ခြင်း ဆိုတာတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေး နိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုဆိုတဲ့ ခါးသီးတဲ့ ဒဏ်တွေကို ခံစားခဲ့ကြရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေရခြင်း ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံ အနှစ်သာရဟာ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်း ဖြစ်ပြီး နိုင်ငံသား တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရ တစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကို အလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ၊ လှုံ့ဆော်မှုများဟာ ပဋိပက္ခများကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေး တစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးများကို ဆုံးရှုံးစေတယ် ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန် ဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းများ အတူယှဉ်တွဲ တည်ရှိနေပြီး နိုင်ငံသားများ အကြားမှာလည်း သမိုင်းနဲ့ချီတဲ့ လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေ ပေါက်ကွဲမှုမြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများ စတဲ့အချက်တွေကို လျစ်လျူရှုပြီး ရခိုင်နဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာ ပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများအဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များအနက် အဓိကအချက်များကို ကြည့်ရင်ပထမဆုံး ဆောင်ရွက်ရမယ့် အချက်ဟာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။
တာဝန်ရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များမှာ အပြည့်အ၀ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးအတွက် ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေး အဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာဆောင်ရွက်စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရ သူများအတွက်လည်း ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေး များကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီ ရောက်ရှိရေး၊ ကလေးသူငယ်များ အာဟာရပြည့်ဝစေရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါများကို ဟန့်တားရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ဒေသစီးပွားရေး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ရေးတို့ကို အလျင်အမြန် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီ များကိုလည်း ရယူသွားမှာဖြစ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ၀င်ရောက် ဆောင်ရွက်ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ခေါင်းစဉ်နဲ့ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်း အချို့ရဲ့ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆို၍ မရသည့် အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်မှာ ၀င်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း အသိုက်အ၀န်း နှစ်ခုအကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များ မဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်များကို နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက်လူ့အသိုက်အ၀န်း နှစ်ခုလုံးရဲ့ ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။
ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများ ပိုမိုဆိုးဝါး မလာရေးအတွက် တရားမ၀င် ဆက်လက်ဝင်ရောက်လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အစီအမံများကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုရေး သဟဇာတဖြစ်မှု တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်အစီအမံများနဲ့ ဟန်ချက်ညီညီ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြား မတူညီသည့် အမြင်များနဲ့ အကြံပြုချက်များကိုလည်း အလေးထား ထည့်သွင်းစဉ်းစား သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လေ့လာအကြံပြု တင်ပြချက်များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်း ယာယီနေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ (၇) ခုကိုလည်း မတ်လ ၂၉ ရက်နေ့မှာ ထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး စတဲ့ရှုထောင့် ပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက်များကို ခြုံငုံသုံးသပ်ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့ ယခင်ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရာမှာ တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အရေးကိစ္စကို ကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မူလက ရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူများအား လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် သူတို့ရဲ့ အခြေခံရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်'' ဟူ၍ ဖြစ်ပါသည်။
မိတ္ထီလာမြို့ ဒုက္ခသည်စခန်းတစ်ခုမြင်ကွင်း (ဓာတ်ပုံ - ၀ဏ္ဏ)
ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားနေ
Eleven Media Group's photo.
ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားနေ
ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ဆိုးရွားလာကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားခဲ့ကြပြီး ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အခြာမြို့များထက် ပိုမိုဆိုးရွားနေကြောင်း သိရသည်။
လျပ်စစ်မီး ပြတ်တောက်မှုမှာ ရန်ကုန်မြို့တော် နေရာအနှံ့တွင် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဓိက လျှပ်စစ်ဓာတ်အား ရရှိသော ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းခြင်းကြောင့် ဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်လာသဖြင့် ပြီးခဲ့သည့်နှစ် နွေရာသီကာလများကဲ့သို့ အလှည့်ကျ မီးပေးစနစ် ပြုလုပ်နေပြီလားဟု အများပြည်သူအကြား ပြောဆိုမှုများ ရှိလာကြောင်း၊ သို့သော် အလှည့်ကျမီးပေးစနစ် ပြန်လည်စတင်ရန် မရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလဆန်းပိုင်းတွင် ပြောကြားခဲ့သည်။
ရွှေလီရေအားလျှပ်စစ် စက်ရုံမှ လျပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် အင်္ကြန်မတိုင်ခင် ကာလ၌ မဂ္ဂါဝပ် ၂၈၀ မှ ၃၀၀ အကြား ထုတ်လုပ်နိုင်ခဲ့သော်လည်း မေလဆန်းပိုင်းတွင် မဂ္ဂါဝပ် ၁၂၀ မှ ၁၈၀ အကြားအထိသာ ထုတ်လုပ်လာနိုင်ကြောင်း၊ ထိုသို့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် လူနေရပ်ကွက်များအား ညအချိန် လျှပ်စစ်မီး ပုံမှန်ပေးနိုင်ရန် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများအား ယာယီလျှပ်စစ်မီး ပြတ်တောက်ထားရကြောင်း၊ နေ့အချိန်တွင် စက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးရသည့် အတွက် လူနေရပ်ကွက်များ မကြာခဏမီးပြတ်တောက်နေရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
နွေရာသီ ရေအားလျှပ်စစ် ထုတ်လုပ်မှုလျော့နည်း၍ လျှပ်စစ်မီး အချိန်အနည်းငယ် ပြတ်တောက်သည်ကို လက်ခံ၍ ရနိုင်သော်လည်း နာရီနှင့်ချီ၍ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းမျိုးက မဖြစ်နိုင်ကြောင်း၊ အကယ်၍ ပြတ်တောက်မည် ဆိုလျှင်လည်း အချိန်အတိအကျနှင့် ကြိုတင်ကြေညာမှု များပြုလုပ်သင့်ကြောင်း၊ သို့မှသာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားခဲ့သည်။
''ကျွန်မတို့ ဗဟန်းမြို့နယ်မှာ မီးကနေ့ခင်းဘက်လည်း ပျက်သလို ညဘက်လည်း ပျက်နေတယ်။ မီးပျက်တာကလည်း အချိန်မှန် မဟုတ်ဘဲ ပျက်ချင်တဲ့အချိန်ကို ပျက်နေတာ။ တစ်ခါတစ်လေ မနက် ၁၀ နာရီ လောက်ကနေ ၁၁ နာရီ ခွဲလောက်အထိ ပျက်တယ်။ တစ်ခါတစ်လေ မွန်းလွဲ ၂ နာရီကနေ ၄ နာရီလောက်အထိ ပျက်နေပါတယ်။ ညဘက်ဆိုလည်း ၇ နာရီ ၈ နာရီလောက်ဆိုရင် မီးပျက်တယ်။ ဘာဖြစ်လို့ ခဏခဏ မီးပျက်နေလဲမသိဘူး။ ပျက်တဲ့အချိန်တွေကလည်း မနက်ဆို ၁၀ နာရီက ထမင်းဟင်း ချက်တတ်တဲ့အချိန်။ ညဘက်ဆိုရင်လည်း အလုပ်တွေပြီးလို့ နားရတဲ့အချိန်ည ၈ နာရီ။ ရာသီဥတုကလည်း အရမ်းပူနေတာ။ ယပ်တောင်နဲ့ပဲ နှစ် ပါးသွားနေရလို့ အရမ်းစိတ်တိုရတယ်'' ဟု ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့အတူ သင်္ကန်းကျွန်း၊ ပုဇွန်တောင်၊ တာမွေ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကင်း အစရှိသည့် မြို့နယ်များတွင်လည်း မကြာခဏ ပြတ်တောက်မှုများရှိပြီး နံနက်၊ နေ့လည်ပိုင်းသာမက ညဘက်များတွင်ပါ မီးပြတ်တောက်နေသည်ဟုလည်း ယင်းမြို့နယ်များတွင် နေထိုင်သူများက ပြောကြားခဲ့သည်။
စက်မှုဇုန်များတွင်မူ လျှပ်စစ်ဓာတ်အား ရရှိမှုမှာ မေလ ၅ ရက်နေ့အထိ တစ်နေ့ ၅ နာရီရှိခဲ့သော်လည်း မေလ ၆ ရက်နေ့မှ စတင်၍ တစ်နေ့လုံး မီးဖြတ်တောက်ထားသည်ဟု ဒဂုံမြိုဆိပ်ကမ်း စက်မှုဇုန်မှစက်ရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။
''မေလ ၆ ရက်နေ့ကစပြီး စက်မှုဇုန်တွေကို မီးပေးတာ သုညပါပဲ။ မနေ့က မေလ ၅ ရက်နေ့အထိ တစ်နေ့ကို ငါးနာရီပေးပါတယ်။ မီးလုံးဝမရရင် ကုန်ပစ္စည်း ထုတ်လုပ်မှုအပြင် ဈေးနှုန်းအပေါ်မှာလည်း သက်ရောက်မှုရှိမယ်။ ဒီလိုလျှပ်စစ်ဓာတ်အား ရရှိမှုပုံနဲ့ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လာတော့မလဲ'' ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ စက်ရုံပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့တော် အတွက် ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီး ထုတ်လုပ်ပေးနေသော စက်ရုံများတွင် သိုလှောင်ထားသည့် ရေအားလျှပ်စစ် စက်ရုံများတွင် သိုလှောင်ထားသော ရေပမာဏမှာ ၁၃ ရက်စာသာ ရှိတော့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အတွက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စနစ်ဘက်မှလည်း အများအပြား ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချပေးထားသော သဘာဝဓာတ်ငွေ့ ပမာဏကို ပြည်တွင်းလိုအပ်ချက်အပေါ် ချင့်ချိန်ကာ ရောင်းချသင့်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ထောက်ပြခဲ့ကြသည်။
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ အလုံဓာတ်အားပေး စက်ရုံဝင်းအတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းပြုလုပ်သည့် သဘာဝဓာတ်ငွေ့သုံး ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ခဲ့ပြီး ယင်းဓာတ်အားပေး စက်ရုံမှဓာတ်အား ၇ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အခြားထွက်ရှိမည့် လျှပ်စစ်ဓာတ်အားများကိုလည်း တစ်ယူနစ်လျှင် ကျပ်ငွေ ၁၁၃ ကျပ် ၀န်းကျင်ဖြင့် ပြန်လည်ဝယ်ယူကာ ရန်ကုန်မြို့နေ အများပြည်သူသို့ ဦးစားပေး ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြား ထားခဲ့ပြီး ဖြစ်သည်။
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းကို ဧပြီလ နောက်ဆုံးပတ်အတွင်းက တွေ့ရစဉ်
အထိမခံရွှေပန်းကန်
Nik Nayman's photo. ကိုနေမျိုးဇင်အား ထောင်အကျဉ်းချထားခြင်းမှ ယခုရက်ပိုင်းအတွင်း အလျင်အမြန် အကြွင်းမဲ့ ပြန်လည်လွှတ်ပေးရန် အလေးအနက် တောင်းဆိုအပ်သည်။
အမှန်တရားကို ပြောရဲဆိုရဲတဲ့ ကိုနေမျိုးဇင်ကို ယခုကဲ့သို့  ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ လက်ရှိ အုပ်ချူပ်နေကြသော သိန်းစိန်အုပ်စုအား အထူးကန့် ကွက်ရှုတ်ချပါတယ်။ 
ယခုကဲ့သို့  တရားသူကြီးက ရဲတပ်ဖွဲ့ကို အသရေဖျက်မှူနဲ့ ထောင်ဒဏ် ၃ လ (သို့) ငွေဒဏ် ၂ သောင်း ကျခံစေရန် အမိန့်ချလိုက်ခြင်းဟာ လွဲမှားသော လုပ်ရပ်ဖြစ်ပါတယ်။
ငွေဒဏ် ၂ သောင်း ပေးဆောင်စေခြင်းအား ကိုနေမျိုးဇင်အနေဖြင့် ပေးဆောင်နိုင်သောအနေအထားရှိသော်ငြားလည်း အမှန်တရား ပြောဆိုမှုအား သစ္စာခိုင်မာယုံကြည်စွာဖြင့် ထောင်ဒဏ် (၃) လကိုသာ ရဲဝန့် စွာ အကျခံသော ကိုနေမျိုးဇင်အား အထူးလေးစား ဂုဏ်ပြုအပ်ပါသည်။
ယခုကဲ့သို့ သော အာဏာအုပ်စိုးထားသူတို့ ၏ လုပ်ရပ်သည် လက်ရှိမျက်မှောက် တရားရေးမဏ္ဍိုင်အား တရားမျှတစင်ကြယ်စွာဖြင့် ဆောင်ရွက်ကြိုးပမ်းပြီး သန့် ရှင်းသော အစိုးရဖြစ်စေရန် ဆောင်ရွက်ပါမည်ဟု ပြောဆိုသော သိန်းစိန်တို့ ၏ အပြောစကားနှင့် လားလားကြီး ဆန့် ကျင်သော လုပ်ရပ်ဖြစ်သည်။
ထို့ အတွက် မိမိတို့ ၏ ပြောစကားအား “မင်းမှာသစ္စာ” ဆိုသော တည်တံ့သင့်သော ပြောဆိုမှုနှင့် မင်းကျင့်တရား (၁၀) ပါးနှင့် ညီစွာ တိုင်းပြည်ကို အုပ်ချူပ်မှုအား ရိုးသားစွာ ဆောင်ရွက်မည်ဆိုပါက သိန်းစိန်တို့  အုပ်ချူပ်သူများအနေဖြင့် ကိုနေမျိုးဇင်အား ထောင်အကျဉ်းချထားခြင်းမှ ယခုရက်ပိုင်းအတွင်း အလျင်အမြန် အကြွင်းမဲ့ ပြန်လည်လွှတ်ပေးရန် အလေးအနက် တောင်းဆိုအပ်သည်။ ကိုနေမျိုးဇင်အား ထောင်အကျဉ်းချထားခြင်းမှ ယခုရက်ပိုင်းအတွင်း အလျင်အမြန် အကြွင်းမဲ့ ပြန်လည်လွှတ်ပေးရန် အလေးအနက် တောင်းဆိုအပ်သည်။
အမှန်တရားကို ပြောရဲဆိုရဲတဲ့ ကိုနေမျိုးဇင်ကို ယခုကဲ့သို့  ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ လက်ရှိ အုပ်ချူပ်နေကြသော သိန်းစိန်အုပ်စုအား အထူးကန့် ကွက်ရှုတ်ချပါတယ်။
ယခုကဲ့သို့  တရားသူကြီးက ရဲတပ်ဖွဲ့ကို အသရေဖျက်မှူနဲ့ ထောင်ဒဏ် ၃ လ (သို့) ငွေဒဏ် ၂ သောင်း ကျခံစေရန် အမိန့်ချလိုက်ခြင်းဟာ လွဲမှားသော လုပ်ရပ်ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ အတွင်း လာဘ်စားမှုတွေရှိနေခြင်းအား ထောက်ပြပြောဆိုမှုကို မူတည်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် အဖွဲ့ အစည်းအတွင်း လာဘ်စားသူများအား စုံစမ်းဖေါ်ထုတ်ရမည့်အစား အမှန်တရားအတွက် ပြောဆိုသူအား ဖမ်းဆီးထောင်ချခြင်းသည် ရဲတပ်ဖွဲ့ အတွင်း လာဘ်စားမှုများအား ဖုံးကွယ်ကာ လာဘ်ပေးလာဘ်ယူမှုများအား ဖေါ်ထုတ်ရမည့် ရဲတပ်ဖွဲ့ ၏ တာဝန်အား ဖောက်ဖျက်ခြင်း ဖြစ်ရုံမက အမှန်တရားကို ရင်မဆိုင်ရဲသော အမှားကျူးလွန်သူတို့ ၏ သူရဲဘောကြောင်သော လုပ်ရပ်သာ ဖြစ်ကြောင်း သက်သေပြခြင်း ဖြစ်သည်။
ငွေဒဏ် ၂ သောင်း ပေးဆောင်စေခြင်းအား ကိုနေမျိုးဇင်အနေဖြင့် ပေးဆောင်နိုင်သောအနေအထားရှိသော်ငြားလည်း အမှန်တရား ပြောဆိုမှုအား သစ္စာခိုင်မာယုံကြည်စွာဖြင့် ထောင်ဒဏ် (၃) လကိုသာ ရဲဝန့် စွာ အကျခံသော ကိုနေမျိုးဇင်အား အထူးလေးစား ဂုဏ်ပြုအပ်ပါသည်။
ယခုကဲ့သို့ သော အာဏာအုပ်စိုးထားသူတို့ ၏ လုပ်ရပ်သည် လက်ရှိမျက်မှောက် တရားရေးမဏ္ဍိုင်အား တရားမျှတစင်ကြယ်စွာဖြင့် ဆောင်ရွက်ကြိုးပမ်းပြီး သန့် ရှင်းသော အစိုးရဖြစ်စေရန် ဆောင်ရွက်ပါမည်ဟု ပြောဆိုသော သိန်းစိန်တို့ ၏ အပြောစကားနှင့် လားလားကြီး ဆန့် ကျင်သော လုပ်ရပ်ဖြစ်သည်။
ထို့ အတွက် မိမိတို့ ၏ ပြောစကားအား “မင်းမှာသစ္စာ” ဆိုသော တည်တံ့သင့်သော ပြောဆိုမှုနှင့် မင်းကျင့်တရား (၁၀) ပါးနှင့် ညီစွာ တိုင်းပြည်ကို အုပ်ချူပ်မှုအား ရိုးသားစွာ ဆောင်ရွက်မည်ဆိုပါက သိန်းစိန်တို့  အုပ်ချူပ်သူများအနေဖြင့် ကိုနေမျိုးဇင်အား ထောင်အကျဉ်းချထားခြင်းမှ ယခုရက်ပိုင်းအတွင်း အလျင်အမြန် အကြွင်းမဲ့ ပြန်လည်လွှတ်ပေးရန် အလေးအနက် တောင်းဆိုအပ်သည်။