Saturday, May 25, 2013

Ko Marky

….. ၈၈မျိုးဆက်တို့ တရားဝင်မှတ်ပုံတင်တော့မည် …..
+++++++++++++++++++++++++++++

၁၉၈၈ နှစ်၊ သြဂုတ်လ၊ ၈ရက်နေ့၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ကြသော၊ ၂ဝဝ၅ ခုနှစ်မှစ၍ ၈၈မျိုးဆက်ကျောင်းသားများ အစု အဖွဲ့အနေဖြင့် ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသော ၈၈မျိုးဆက်တို့သည် ၂ဝ၁၂ ခုနှစ်၊ဇန်နဝါရီလ၊ အကျဉ်းထောင်အသီးသီးမှ နောက်ဆုံးအကြိမ် လွတ်မြောက်လာ ကတည်းက ၈၈မျိုးဆက်ကျောင်းသားများ အမည်ဖြင့်လည်းကောင်း၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမည်ဖြင့်လည်းကောင်း နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းများကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ နှစ်ပေါင်းများစွာနိမ့်ပါးခဲ့ရသော
ပြည်သူလူထု၏ အရေးပါမှုအခန်းကဏ္ဍနှင့် မတရားမှုမှန်သမျှကို ရဲဝံ့ပွင့်လင်းစွာ ထုတ်ဖော်
ပြောဆိုနိုင်ရန် ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးခရီးစဉ်များဖြင့်လည်းကောင်း၊ မိဘပြည်သူများ၏ နှစ်ပေါင်းများစွာ ခါးစည်းခံစားလာခဲ့ကြရသောဒုက္ခများကိုလည်း မျှဝေခံစား
ပေးခြင်း၊ တတ်စွမ်းနိုင်သမျှ ကူညီညှိနှိုင်း၊ဖြေရှင်းပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါတွင် မိဘပြည်သူများ၏ အခက်အခဲပြဿနာများကို ပိုမို၍ စံနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်ရှိ ၈၈မျိုးဆက်များ၊လူမှုအသင်းအဖွဲ့များနှင့် တရားဝင်ချိတ်ဆက်၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားနိုင်ရန်အတွက် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းကို တရားဝင်အဖွဲ့အစည်းအဖြစ်
ပြည်ထဲရေးဝန်ကြီးဌာနတွင် မကြာမီအချိန်၌ သင်းဖွဲ့မှတ်ပုံတင်သွားမည်ဖြစ်သည်။ ထို့အတွက်လိုအပ်သော ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး

နေပြည်တော် ရန်ကုန် သေမင်းတမာန်အမြန်လမ်းလို့ တောင် ခေါ်ချင်လာပြီ။
တံတားအဝင်နီးလာရင် လမ်းမှာ သတိပေး ကန့် လန့် တုံးမရှိဖူး ။
လမ်းအကာတွေက အရှိန်နဲ့ မောင်းလာတဲ့ ကားအရှိန်ကို မထိမ်းပေးနိုင်ဖူး ။
ဘယ်အင်ဂျင်နီယာ စစ်ဆေးပြီး သုံးခွင့်ပြုလိုက်တာလဲဗျာ ။

နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး
==========================================
Saturday, May 25, 2013|Popular Myanmar

ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာ သွားသော မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ကားတစ်စီးသည် ၁၂၅ မိုင် ၄ ဖာလုံ အရောက်တွင် အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါစီးနင်းလာသော ခရီးသည် ၂၆ ဦးမှ ၁၁ ဦး သည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု မှ သေဆုံးသူများထဲတွင် သံဃာတော်တော် တစ်ပါး ပါဝင်ကြောင်း၊ထို့ပြင် နိုင်ငံခြားသား ခရီသွား ဧည့်သည် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော် မိုးအောင်က ဆက်သွယ်ပြော ကြားသည်။ " ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိသလောက်ပဲ၊လောလောဆယ် တာဝန်ရှိသူတွေရဲ့ စစ် ဆေးချက်အရ ၁၁ ဦးဆုံးသွားတယ်လို့ ပြောနေတယ်" ဟု၎င်းက ပြောသည်။
 
Myawady News

==============================
============

ပုဂ္ဂလိကကျောင်းများသို့ ဘာသာရေးနှင့် သက်ဆိုင်သော ညွှန်ကြားချက်ထုတ်

ရန်ကုန်၊ မေ- ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျောင်းများ၌ ဘာသာရေးနှင့်ဆက်နွှယ်ဆောင်ရွက်ခြင်းများမပြုလုပ်ရန် မေ
၁၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ထား ကြောင်းသတင်းရရှိသည်။

ဘာသာရေးနှင့် ဆက်နွှယ်ဆောင်ရွက်ခြင်းမပြုရန်၊ ပုဂ္ဂလိက ကျောင်းများလိုက်နာဆောင်ရွက်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ညွှန်ကြားချက်ကို ရရှိထားကြောင်း ပုဂ္ဂလိကကျောင်းတည်ထောင်သူ
တစ်ဦးကပြောသည်။

“မနေ့ (မေ ၂၀ ရက်) ကပဲ စာသွားယူရတယ်။ ဘာသာရေးဆက်နွှယ်တာတွေ ဆောင်ရွက်ခြင်းမရှိစေရဆိုပြီး
ညွှန်ကြားချက်ထုတ်ထားတာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အလားတူအဖြစ်အပျက်များ
ထပ်မံဖြစ်ပွားမှုမရှိစေရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိကကျောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက
သုံးသပ်သည်။

လာမည့် ဇွန် ၃ ရက်တွင် အခြေ ခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ယင်းမတိုင်မီ ပုဂ္ဂလိက ကျောင်းများအား
ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားဝင်မှတ်ပုံတင်ခွင့်ရရှိထားသော ကိုယ်ပိုင်သင်တန်းပေါင်း
၁၂၀၀ ကျော်ရှိနေပြီး ဘာသာရပ်ဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် ဘာသာစကားကျောင်းများကို မိမိ
အစီအစဉ်ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။
7Day

ဒဂုံတောင် ( ၁၀၄ ) ရပ်ကွက် အမဲရောင်နယ်မြေ

ဒဂုံတောင် ( ၁၀၄ ) ရပ်ကွက် အမဲရောင်နယ်မြေ သဘောဖြစ်နေဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးပြောကြား

ရန်ကုန် မေ ၂၅

ဒဂုံမြို့သစ်တောင်ပိုင်း ( ၁၀၄ )ရပ်ကွက် အတွင်း ညစဉ်အမှုအခင်းများ ဖြစ်ပွားလျက်ရှိကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။

“အမဲရောင် နယ်မြေသဘောမျိုးဖြစ်နေတယ်” ဟု ၄င်းကပြောသည်။

၁၀၄ ရပ်ကွက် တွင် မိမိရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်စ တွင် တစ်ညလျှင် ၅မှုမှ ၁၀ မှုအထိ ဖြစ်နေကြောင်း ၊ ခိုးမှု ၊ လုယက်မှု ၊ မူးယစ်ရမ်းကားမှု ၊ရိုက်မှု စသည့် ပြစ်မှု များဖြစ်ပွားကြောင်း ၊နည်းဥပဒေအတိုင်း အုပ်ချုပ်သည့် အတွက် ယခင် နှင့် စာလျှင်အမှုများ လျော့နည်းလာကြောင်း ၄င်းကဆိုသည်။

“ကျွန်တော် ဒီရပ်ကွက်မှာနေတာ ၁၇ နှစ်ရှိပြီး ကျွန်တော့ ရပ်ကွက်က အင်မတန်ဆိုးတဲ့ ရပ်ကွက်ဖြစ်တယ်။ စရိုက်တွေများတယ် ၊ ဆိုးတဲ့မိုက်တဲ့ ရမ်းကားတဲ့သူတွေများတယ်” ဟု အုပ်ချုပ်ရေးမှူးသက်တမ်း ငါးလ ရှိ ဦးစိုးတင့် ကပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းတွင် ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်ရှိပြီး ၁၀၄ ရပ်ကွက်တွင် အိမ်ခြေပေါင်း ၂၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
Ref. Popular Myanmar News Journal

သမ္မတဦးသိန်းစိန်ရဲ့ရှောင်လင်ကွန်ဖူးအတတ်ပညာ

(RFA)

Nhun Kham=== ပုဒ်မ ၄၄၅ ......ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်းဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ

မြန်မာသံရုံးကို တိုက်ခိုက်ရန် သံသယရှိသူ ၂ ဦး အင်ဒိုနီးရှားတွင် ထပ်ဖမ်းမိ

Published on May 24, 2013 by ဒီဗွီဘီ   အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိသူ နောက်ထပ် ၂ ဦးကို အင်ဒိုနီးရှား အကြမ်းဖက်မှုဆန့်ကျင်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီလူ ၂ ဦးကတော့ စီဂစ်အင်ဒရာဂျစ်နဲ့ ရိုဟာဒီဆိုသူတွေဖြစ်ပြီး စီဂစ်ကို ဂျကာတာမြောက်ပိုင်း တန်ဂျန်းပရီအော့အရပ်မှာ မေ ၂၂ ရက် ၈ နာရီကျော်လောက်မှာ ဖမ်းမိပြီး ရိုဟာဒီကိုတော့ မေ ၂၃ ရက် မနက်အစောပိုင်းက ဂျကာတာမြို့ အနောက်ဘက်ပိုင်းမှာ ရှိတဲ့ တန်ဂီရန်အရပ်က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးမိတာလို့ ဒီနေ့ထုတ် ဂျကာတာပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - အေပီ

စီဂစ်ဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူလို့ ယုံကြည်ရတဲ့အကြောင်းနဲ့ သူအိမ်မှာ ဆာလဖာကန့်မှုန့်တွေ၊ ၀ါယာကြိုးတွေ၊  အမည်မသိအမဲရောင်အမှုန့်တွေနဲ့ သံပိုက်လုံး စတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ခုလဆန်းပိုင်းကလည်း ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံးတွေ ထည့်ပြီး  မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ မော်တော်ဆိုင်ကယ်စီးလာတဲ့ ဆီဖာရီရာနိုနဲ့ အချမက်ဒ်တာယူဖီ အမည်ရှိတဲ့  သံသယရှိသူ ၂ ဦးကို ရဲက ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒါ့ပြင် မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်ဂိုဏ်းကို ရဲက ခြေရာခံရင်း အကြမ်းဖက်အဖွဲ့တခုက လူ ၇ ဦးကို အသေဖမ်းမိခဲ့ပြီး ၁၂ ဦးကျော်ကိုလည်း ဖမ်းဆီးထားပါတယ်။ ဖမ်းမိထားသူတွေဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပတ်သက်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီလူတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်ချင်တာလို့ ပြောပါတယ်။

ဒေါ်လာဈေးမြင့်တက်မှု ဗဟိုဘဏ် ၀င်ထိန်းမည်မဟုတ်

Published on May 24, 2013 by သိုက်ဇင်

ပြည်တွင်းမှာ လတ်တလော နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာရခြင်းက ဈေးကွက်ရဲ့ သဘောသဘာဝဖြစ်တဲ့ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် ဖြစ်တဲ့အတွက် ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ထိန်းကျောင်းမှာ မဟုတ်ဘူးလို့ ဗဟိုဘဏ်တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က “ ကျနော်တို့ ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီးတော့ ငွေလဲနှုန်းကို ပြင်ဆင်လိုက်ပြီးတော့ နေ့စဉ်ဈေးနှုန်း အတက် အကျကလည်း ဈေးကွက်ရဲ့ ၀ယ်လိုအား၊ ရောင်းလိုအားအပေါ် အခြေခံပြီးတော့ သွားနေတာပါ။ အခုဖြစ်တာကလည်း ဈေးကွက်ရဲ့သဘောသဘာဝအရ shock ဖြစ်သွားတာပါ။ အခုချိန်ကလည်း ကျနော်တို့တိုင်းပြည်က လုပ်ငန်းရှင်တွေ ၀ယ်ယူထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို ပေးချေရမယ့် အခိုက်အတန့်ကာလ များသွားလို့ နိုင်ငံခြားငွေ ၀ယ်လိုအား တက်သွားပြီး ဈေးတက်သွားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဒေါ်လာတန်ဖိုးက အတက်အကျတွေရှိခဲ့ပေမယ့် ယခုနှစ်လို နေ့စဉ်နီးပါး တောက်လျှောက် အတက်မရှိခဲ့ဘူး။

ပြည်တွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ရေးဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာတန်ဖိုးက ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ၁ ဒေါ်လာကို ၈၇၅ ကျပ်ရှိခဲ့ပေမယ့် မေလဆန်းကစပြီး နေ့စဉ်နီးပါး တန်ဖိုးမြင့်တက်လာခဲ့ရာ မေလ၂၄ရက် နေ့တွင် ၉၆၀ ကျပ်အထိ ရှိလာပါတယ်။

ဦးသိန်းဇော်က “အရင်က အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၈၃၀ ရှိတုန်းက ပို့ကုန်သမားတွေက မကိုက်လို့ ကျပ် ၁၀၀၀ ဖြစ်အောင်လုပ်ပေးပါဆိုပြီး ဗဟိုဘဏ်ကိုပြောကြတယ်။ အခုလည်း ဈေးတက်တော့ ဗဟိုဘဏ်ကို ချပေးပါလို့ လာပြောကြတယ်။ ဒါကို ကျနော်တို့က လုပ်ပေးလို့မရဘူး။ ပြီးတော့ အခု ကျနော်တို့က ဗဟိုဦးစီးစနစ်နဲ့ သွားနေတာမဟုတ်ဘူး။ ဈေးကွက်ကိုပဲ အခြေခံပြီး သွားနေတာ။ ဈေးကွက်ရဲ့လှုပ်ခတ်မှုကိုတော့ နည်းနည်းပါးပါး ခံရတာတွေရှိပါမယ်။ ဒါပေမယ့် ဒီအတိုင်းမနေပါဘူး။

“ကျနော်တို့ဆီကို နိုင်ငံခြားသုံးငွေ စီးဝင်နိုင်တဲ့လမ်းကြောင်းတွေရှိလို့ ဒီလမ်းကြောင်းတွေကနေ ပြန်ဝင်လာရင် ဈေးက သူ့အလိုအလို ပြန်ထိန်း ကျောင်းသွား မှာပါ။ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

ဒေါ်လာတန်ဖိုးတက်လာတာက ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ကောင်းတဲ့လက္ခဏဖြစ်ပေမယ့် သွင်းကုန် လုပ်ငန်းရှင်တွေအတွက်တော့ တင်သွင်းမှုပမာဏကို လျှော့ကျစေလို့ အကောင်းနှင့်အဆိုး ယှဉ်တွဲနေပါတယ်။

ငွေရေးကြေးရေးဆိုင်ရာကျွမ်းကျင်သူ ဦီးစံသိန်းက “သီအိုရီအရကတော့ ကိုယ့်ငွေကို တန်ဖိုးကျစေပြီး ဒေါ်လာတန်ဖိုးကို မြင့်စေပါတယ်။ ဒါကြောင့် ပို့ကုန်တွေကို ဈေးပေါ်စေပြီး သွင်းကုန်တွေကို တန်ဖိုးမြင့်သွားစေပါတယ်။ ဒါပေမယ့် ဒေါ်လာတန်ဖိုးတက်တာက ပို့ကုန်သမား တွေကို များများတင်ပို့နိုင်ဖို့အတွက် တွန်းအားဖြစ်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို ပို့ကုန်သမားတွေက အရယူပြီး အသုံးချဖို့လိုတယ်။ သွင်းကုန်သမားတွေကတော့ ဈေးနှုန်းမြင့်တဲ့အတွက် စားသုံးသူကလည်း ၀ယ်လိုအားနည်းသွားမှာဖြစ်လို့ တင်သွင်းမှုကို လျော့ကျစေမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

နိုင်ငံတကာမှာတော့ နိုင်ငံခြားငွေတန်ဖိုး အတက်အကျ မများလေအောင် သက်ဆိုင်ရာဗဟိုဘဏ်တွေက ၀င်ရောက်ထိန်းကျောင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။

“အခြားနိုင်ငံတွေမှာတော့ ဗဟိုဘဏ်အနေနဲ့ သူ့မှာရှိတဲ့ နိုင်ငံခြားသုံးငွေရန်ပုံငွေနဲ့ ဈေးကွက်ထဲဝင်ပြီးတော့ ဈေးကစားပေးတယ်။ ဘယ်လိုလဲဆိုတော့ ဒေါ်လာဝယ်လိုအား အရမ်းများပြီး ဈေးတက်လာရင် ထုတ်ရောင်းပေးလာတာမျိုး လုပ်ပြီးတော့ ၀ယ်လိုအားနည်းပြီး ဈေးကျလာရင်လည်း ဈေးတက်လာအောင် လိုက်ဝယ်တဲ့သဘော မျိုးလုပ်တယ်။ ဒါကလည်း သူလိုချင်တဲ့ အနေအထားရဖို့နှင့် ဈေးနှုန်းတည်ငြိမ်လာအောင် ၀င်ထိန်းပေးတာပါ” လို့ ဦးစံသိန်းက ပြောပါတယ်။

တကယ်လို့ ဒေါ်လာတန်ဖိုးက ဆက်လက်မြင့်တက်လာနေမယ်ဆိုရင် ဗဟိုဘဏ်အနေနဲ့ သူလုပ်စရာရှိတာကိုတော့ ၀င်လုပ်ဖို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ သူကလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အစည်းရဲ့ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေကို ယူပြီးလုပ်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေရဲ့ ၉၀ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေကနေ အဓိက တင်သွင်းနေရတာဖြစ်လို့ ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းကြောင့် ဆေးဝါးဈေးနှုန်းတွေလည်း မြင့်တက်မှုရှိခဲ့ပါတယ်။
burmese.dvb.no