Saturday, June 15, 2013

၂၀၁၅ လွန်ကာလ လိုအပ်ရင် NLD နဲ့ ညွန့်ပေါင်း ဖွဲ့နိုင်လို့ ဦးရွှေမန်းပြော




 15 ဇွန်လ 2013
ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှစစ်ဦးစီးချုပ် နဲ့အတူအမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာလည်း သူ့ရဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီအနေနဲ့ နိုင်ငံအကျိုးစီးပွားအတွက် လိုအပ်ရင် အန်အဲဒီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ဝါရှင်တန်မြို့မှာ အေပီ သတင်းဌာနကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ဦးရွှေမန်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်မှုတည်ဆောက်တာ၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိတယ် စတာမျိုး ပြောတာတွေဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအတွက် မဲ ရအောင် ပြောတာလားဆိုတာ စဉ်းစားစရာ ဖြစ်တယ်လို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ဘားမားတူဒေး သတင်းဌာနက အယ်ဒီတာ ဦးမြင့်လှိုင်က သူ့အမြင်ကို ပြောပါတယ်။တိုင်းပြည်တိုးတက်ရေးအတွက် သူတို့ နှစ်ယောက် ပြောဆိုလုပ်ကိုင်ကြမယ်ဆိုတာ ယုံကြည်ပေမယ့် တခြားနိုင်ငံရေး အကျိုး အမြတ် ရဖို့အတွက် ဘယ်သူက ဘယ်အချိန်မှာ ဘယ်သူက ဘယ်လို နိုင်ငံရေး ကစားတယ်ဆိုတာ ပြောဖို့ ခက်တယ် လို့ ဦးမြင့်လှိုင်က ဆိုပါတယ်။ဦးရွှေမန်းရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်လို့တော့ ဦးရွှေမန်းကို အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုတဲ့ အမြင်မျိုးနဲ့ အရင်က အများက နားလည်နေခဲ့သလို တရုပ်ခေါင်းဆောင်ပိုင်းကလည်း အရင်က အဲဒီလို သိထားခဲ့တယ်လို့ သူယုံကြည်တယ်ကြောင်း ပြောပါတယ်။အမေရိကန်တို့က မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီခေါင်းဆောင်မျိုးနဲ့ ဆက်ဆံဖို့ လိုအပ်သလို ဦးရွှေမန်းလို စစ်ဘက်က ထိပ်တန်းအရာရောက်တယ်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ တွေ့ဖို့လည်းလိုအပ်တယ်၊ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ စထားတဲ့ ဆက်ဆံရေးကို ပို ခိုင်မာအောင်လုပ်ပြီး တရုပ်တို့နဲ့လည်း ဆက်သါယ်ရေးလမ်းကြောင်းကို မပျက်အောင် ထားနိုင်ရင် မြန်မာနိုင်ငံရဲ့ အလားအလာ အများကြီးကောင်းမယ်လို့ ဦးမြင့်လှိုင်က သုံးသပ်ပါတယ်။

bbc.co.uk/burmese

မှော်ဘီမြို့၌ကျင်းပပြုလုပ်ညှိနှိုင်းဆွေးနွေးပွဲတွင်ဦးနန္ဒမာလာဘိဝံသအကြံပြုလွှာ


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့“ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ကျင်းပပြုလုပ်အပ်သောဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲမှ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ (သံဃရာဇာ) ဖြစ်တော်မူသော ဗန်းမော်ဆရာတော် အပါအ၀င် ဂိုဏ်းပေါင်းစုံ သံဃာ့တော်အရှင်မြတ်များမှ အောက်ပါကြေငြာချက်ကို ထုတ်ပြန်လိုက်သည်

ပဋိပက္ခကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍ အပိုဒ် (ဂ)မှာ ''၉၆၉''ဂဏန်းသည် ရတနာသုံးပါးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညှိးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန်။

အမေစု နှင့် ဗိုလ်ချုပ် ယွက်စစ် တွေ့ဆုံ



Ko MawPyay

ဒီကနေ့ နေ့လယ် တစ်နာရီက အမေစု နှင့် ဗိုလ်ချုပ် ယွက်စစ် တို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ဆုံဆွေးနွေးသည်.

၈၈မျိုးဆက်များ၏ တရုတ်ပြည်လေ့လာဆွေးနွေးရေး ခရီးစဉ်



၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား ရေးရာတာဝန်ခံ ကိုမြအေး၊ တောင်သူလယ်သမားရေးရာတာဝန်ခံ ကိုထွန်းမြင့် အောင် တို့နှင့်အတူ မစန်းစန်းမော်၊ မမီမီလွင် တို့သည် ၅-၆-၂၀၁၃ မှ ၁၁-၆-၂၀၁၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ မန်စီမြို့၊ ရွှေလီမြို့၊ ဘေဂျင်းမြို့များသို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်တွင် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းမှ အမှုဆောင်များ၊ ယူနန်တက္ကသိုလ်မှ အစိုးရ အကြံပေးပညာရှင်များ၊ ယူနန်ပြည်နယ် တဟုန်ပြည်နယ်ခွဲ အုပ်ချုပ်ရေးပိုင်းမှ အကြီးအကဲများ၊ China Power Investment (CPI) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စများ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် မန်စီနှင့် ရွှေလီမြို့ ကြား Yanglin Industrial Development ဇုန်ရှိ ရာဘာစက်ရုံ၊ သံပုရာစိုက်ခင်းနှင့် သံပုရာထွက် ပစ္စည်း စက်ရုံများသို့လည်း သွားရောက်လေ့လာခဲ့သည်။
By: The 88 Generation Peace and Open Society

ဘင်္ဂါလီ ဒုက္ခသည်များရွှေ့ပြောင်းရေးကို ရပ်ဆိုင်း



အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး
==================

မြောက်ဦးမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်များအား ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ တန်းလျား များ ဆောက်လုပ်၍ ရွှေ့ပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း ဘင်္ဂါလီများက နိုင်ငံသားဖြစ်ခွင့် ရှိသည်ဟုဆိုကာ လုံးချင်းအိမ်ရာ များဖြင့် နေထိုင်ခွင့်ပေး ရေးအတွက် အတင်းတောင်းဆိုမှုများ ရှိနေသောကြောင့် ဒုက္ခသည်များရွှေ့ပြောင်းရေးကို ရပ်ဆိုင်းထားကြောင်း မြောက်ဦး မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဆိုင်ကပြောသည်။

''ဘင်္ဂါလီ ဒုက္ခသည်တွေကို ထားဖို့ မြောက်ဦးမှာ တန်းလျားတွေ ရှိတယ်။ မေလ တတိယပတ်မှာရွှေ့ပေးတော့ သူတို့ကလက်မခံဘူး။ နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုပြီး လုံးချင်းအိမ်နဲ့နေမယ် လို့ ပြဿနာ လုပ်တယ်။ ခဲတွေနဲ့ပေါက် တယ်။ ဝိုင်းထိန်းသိမ်းပေမယ့်မရလို့ ပစ်ခတ်ရင်း ကလေးနှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေတယ်။ ဘင်္ဂါလီတွေက လူဦးရေ စာရင်းကောက်တာ ကိုလည်း လက်မခံဘူး၊ တန်းလျားတွေကို ရွေ့ပေးတော့လည်း လက်မခံဘူး။ ''

ဇွန်လ ၁၅ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊ အတွဲ(၁)၊ အမှတ်(၀၇၁)၊

၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်မလဲ



Saturday, 15 June 2013 07:28
Written by  မင်းထက်စံ၊ အောင်ဘိုဘိုရှိန်

မြန်မာနိုင်ငံ၏ အစိုးရသစ် သက်တမ်း ၂ နှစ်ကျော်လာချိန်တွင် လာမည့် ၂၀၁၅ ခုနှစ်အတွက် သမ္မတ လုပ်လိုသည်ဟု ပြောဆိုလာသူ သုံးဦးအကြောင်း ပြည်သူများအကြား ရေပန်းစားနေသည်။
သမ္မတ ဖြစ်လိုသူ သုံးဦးမှာ လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပင် ဖြစ်သည်။

“နိုင်ငံရေးသမားဆိုတာ နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်။ လူထုခေါင်းဆောင်ဆိုတာ နောင်လာမယ့် မျိုးဆက်သစ်တွေ စဉ်းစားမယ်”ဆိုသော စကားမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၏ သမိုင်းဝင်စကား ဖြစ်သည်။

“အမှန်တော့ နိုင်ငံရေးသမား တစ်ယောက်က နိုင်ငံရေးအာဏာ ရယူလိုတာ သဘာဝကျတယ်။ နိုင်ငံရေးမှာ အာဏာရှိမှ မိမိယုံကြည်ရာ မူဝါဒများဖြင့် တိုင်းပြည် ကောင်းကျိုးအတွက် အကောင်းဆုံး လုပ်နိုင်မယ်၊ သမ္မတအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြတာ တိုင်းပြည်ကို အကောင်းဆုံး အလုပ်အကျွေး ပြုလိုတယ်လို့ ပြောတာနဲ့အတူတူပဲ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုသည်။

“ပြည်သူက တာဝန်ပေးမယ်ဆိုရင် ၂၀၁၅ မှာ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ယူပါမယ်” ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလက နိုင်ငံတော်သမ္မတက အမေရိကန် ခရီးစဉ်တွင် စတင်ပြောဆို ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ်၌ ၂၀၁၅ ခုနှစ်တွင် သမ္မတ လုပ်လိုသည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း၌လည်း မကြာခဏ ယင်းစကားကို ဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်လည်း အမေရိကန် ရောက်ရှိစဉ် သမ္မတ လုပ်လိုသည်ဟု ဆိုပြန်သည်။ ထိုသုံးဦးစလုံးသည် ကမ္ဘာ့ ဆူပါပါဝါ အမေရိကန်သို့ ရောက်ရှိစဉ်တွင် နိုင်ငံတကာ အလယ်တွင် သမ္မတ လုပ်လိုသည်ဟု တူညီစွာ ပြောဆိုခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံတော်သမ္မတ ဖြစ်ရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး ဖြစ်နေသည့် အချက်များကို ဦးစွာပြင်ရမည် ဖြစ်ပြီး အဆိုပါ အချက်များကို ပြင်ဆင်ပြီးမှသာလျှင် အခြေခံဥပဒေ၏ အဓိက ပြင်ဆင်ရန် လိုအပ်သည့် နေရာများကို ပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခြေခံဥပဒေ ပုဒ်မ ၅၉ မှာပါတဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းများ ပုဒ်မခွဲ (စ) မှာ တစ်စုံတစ်ယောက် အတွက် ကန့်ထားတဲ့ အချက်မျိုးကို ပြန်စဉ်းစားဖို့ လိုတယ်” ဟုလည်း ဆရာကျော်ဝင်း အကြံပြု ပြောကြားသည်။

လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်သမ္မတ ဖြစ်ရန်အတွက် အရွေးခံလျှင် အခြေခံဥပဒေတွင် ကန့်သတ်ထားချက် များအရ လွှတ်တော် အမတ်များ၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရသည့်တိုင် တပ်မတော်သား တစ်ဦး၏ ထောက်ခံမှုကို လိုအပ်နေဦးမည် ဖြစ်သည်။

အရပ်သားအစိုးရ လက်ထက်တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟု ထင်ကြေး ပေးခံရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း အခြေခံဥပဒေ ပုဒ်မ ၅၉ ဖြင့် ငြိစွန်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်းကို ပြောင်းလဲ အဆိုပြုခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာလည်း နိုင်ငံသား မဟုတ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ သဘောတူညီမှု ရရှိရန်မှာ ခက်ခဲနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

“သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်တဲ့အတွက် ကျွန်မ သမ္မတ အရည်အချင်း ပြည့်မီဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ကို ပြင်ရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု လွှတ်တော်ပြင်ပတွင် ပြောဆိုနေခြင်းကို အမှန်တကယ် လွှတ်တော်အတွင်း ပြင်ဆင်နိုင်မည်လောဟု မေးခွန်ထုတ်စရာ ဖြစ် နေသည်။

ပြည်တော်စုလွှတ်တော်တွင် ကိုယ်စားလှယ် အားလုံးမှာ ၆၆၄ ဦး ရှိသည့်အနက် တိုင်းရင်းသားပါတီ အားလုံးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကဲ့သို့သော အတိုက်ခံ ပါတီများ၏ ကိုယ်စားလှယ် ၁၀၁ ဦးသာရှိကာ ကျန်သည့် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့မှ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်ရှိနေသည်မှာ တစ်နှစ် သက်တမ်းရှိချိန်ထိ အဆိုတင်သွင်းခြင်း မရှိသေးပေ။ ဝင်ရောက် ဆွေးနွေးမှုသာ ရှိခဲ့သည်။

သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နာယက အဖြစ် တာဝန်ယူရသည့် အတွက် အခြေခံဥပဒေ ပြင်ဆင်ရာ အချက်များကို ပြင်ဆင် ရန်တွက် ရိုးသားစွာ လုပ်ဆောင်ရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ခွင့်ပေးကာ တရားမျှတဖို့ လုပ်ဆောင်သင့်သည် ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က မှတ်ချက် ပေးကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သမ္မတဖြစ်ရန် အချက်တစ်ချက်တည်းဖြင့် ဖွဲ့စည်းပုံ အခြေဥပဒေကို ပြင်ခြင်းထက် ပြင်သင့်သည့် အချက်များကို ပြင်ရမည် ဖြစ်ပြီး တိုင်းရင်းသားများ အားလုံး၏ ရပိုင်ခွင့်နှင့် ပြည်သူလူထု ယုံကြည် အားကိုးရသော အခြေခံဥပဒေ ဖြစ်အောင် ပြင်ဆင်ခြင်းသည် နိုင်ငံ၏ကျောရိုး ဖြစ်ကြောင်း ပြောကြားသည်။
“သမ္မတ ဖြစ်ချင်တာကိုတော့ အပြစ် မပြောလိုဘူး” ဟုလည်း ၎င်းကဆိုသည်။

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ နှစ်နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လက်ခံလာသော မြန်မာနိုင်ငံရေး ခေါင်းဆောင်သုံးဦး ဖြစ်သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးစလုံးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် တာဝန်ယူလိုသည်ဟု ထုတ်ဖော် ပြောကြားလာခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ပိုမိုမြိုင်ဆိုင် သွက်လက်၊ ရင့်ကျက် လာလိမ့်မည်ဟု စာရေးဆရာ ကျော်ဝင်းက မှတ်ချက်ပေးသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုထားသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအတွက် အနိုင်ရပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ထောက်ခံထားပြီး ဖြစ်သည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားဖွယ်ရာများ ရှိလာနိုင်သလောဟု ငြင်းချက်များလည်း ရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသော ဦးသိန်းစိန်သည် နိုင်ငံတကာ အလယ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ မှတ်တိုင်အဖြစ် အသိအမှတ် ပြုထားသည့်အပြင် မြန်မာလူထု၏ ထောက်ခံမှုကို ရရှိထားသည်။ သို့သော် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးမသတ်နိုင်သည့် အချက်ကလည်း ရှိနေဆဲ ဖြစ်သည်။

လူထုခေါင်းဆောင်အဖြစ် နှစ်ရှည် ရပ်တည်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမှာ သံသယ မရှိနိုင်သော်လည်း လူ့အခွင့်အရေး ရှုထောင့်မှ ပွင့်ပွင့်လင်းလင်း ပြောတတ်မှု၊ လူကြိုက် မများသော ဆုံးဖြတ်ချက် အချို့ကြောင့် လူအချို့၏ ဝေဖန်ခံခဲ့ရ ဖူးသည်။

ရန်ကုန်မြို့တော် ၃၁ လမ်းထိပ်တွင် ကွမ်းယာရောင်းသူ ၅၆ နှစ်အရွယ်ရှိ ဦးဂါလူး အတွက်မူ ဘယ်သူတက်တက် အရေးမကြီး။
“ဘယ်သူတက်တက် ကောင်းတဲ့သူတက်ဖို့ အရေးကြီးတယ်။ လူသစ် ဆိုရင်တော့ ပိုမျှော်လင့်လို့ ရတာပေါ့”ဟု သူကဆိုသည်။
http://www.thevoicemyanmar.com/index.php/politics/item/3776-201.html

NLD ပညာဒါနကျောင်း၌ ဖြစ်ပွားခဲ့သော အဓမ္မမှု စွပ်စွဲခံရသူ ကွင်းလုံးကျွတ် လွတ်မြောက်


The Voice Weekly
2 hours ago near Yangon, Myanmar
................................................................
ရန်ကုန်၊ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် NLD ပညာဒါနကျောင်းတွင် ဇန်နဝါရီလ ၃ရက်နေ့က အဓမ္မ ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆို ခံခဲ့ရသော ကိုခင်မောင်ထူးကို ဇွန်လ၁၄ ရက်နေ့ ရုံးချိန်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ အရ အပြစ်ရှိကြောင်း မပေါ်ပေါက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၈(၁) အရ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ကြောင်း ၎င်း၏ဖခင် ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။

အသက် ၂၂ နှစ်အရွယ် ကိုခင်မောင်ထူး (ခေါ်) သားကြီး (ခေါ်) ဆိုဖီရင်းကို စတင်ဖမ်းဆီးချိန်မှ ငါးလနှင့် ၁၁ရက် အကြာတွင် ယင်းကဲ့သို့ အပြီးအပြတ် လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဆေးစာအဖြေနှင့် မျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များကို မြို့နယ် တရားသူကြီး ဒေါ်နော်မာဂရက်သာမီးက အမှုမှ အပြီးအပြတ် လွှတ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီတွင် အမိန့် ချမှတ်လိုက်သည်။

“ကျွန်တော့်သားလေးရဲ့ မတရား စွပ်စွဲခံရမှုကို တရားသူကြီးက မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အတိုင်းမသိ ဝမ်းသာတယ်” ဟု စွပ်စွဲခံရသူ၏ဖခင် ဦးမောင်မောင်က ပြောကြားသည်။

မူခင်း ဆရာဝန်ကြီး၏ ဆေးစစ်ချက်တွင် တစ်ဖက်မိန်းကလေးသည် အပျိုရည် မပျက်ခြင်း၊ မူးမေ့စေသည့် ဆေးတိုက်ခဲ့သည်ဟု တိုင်တန်းခဲ့သော်လည်း ၎င်း၏သွေးတွင် မူးမေ့စေသည့် ဆေးဝါး မတွေ့ရှိခြင်း၊ အခင်းဖြစ်သည့် နေရာသည် အခန်းမဟုတ်ဘဲ ဟော (ခန်းမ)ပုံစံ ဖြစ်ခြင်း၊ လူမြင်ကွင်း ဖြစ်ခြင်း၊ နောက်ဆုံး တွေ့ရှိချိန်ထိ အခင်း ဖြစ်သည်ဆိုသည့် အခန်းတွင်း သက်သေ နှစ်ဦးရှိခြင်း တို့ကြောင့် အဓမ္မကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်း တရားရုံးတွင် မတ်လ ၃၁ ရက်နေ့တွင် ဦးခင်မောင်ထူး၏ တရားဥပဒေ အကျိုးဆောင် အထက်တန်းရှေ့နေ ဦးရွှေလှိုင်တင်က အပြီးသတ် လျှောက်တင်ခဲ့သည်။

“ဒီကိစ္စမှာ အုပ်ထိန်းသူတွေ ဆီကိုလာပြီး အကြိမ်ကြိမ် တောင်းပန်လို့
နှစ်ဦးနှစ်ဖက် ကျေအေးလွှာ တင်ခဲ့ပြီးပါပြီ။ နောက်တိုး သက်သေတွေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲနေလို့ ဒီအမှုနဲ့ ပတ်သက်ပြီး ခရိုင်တရားရုံးကို ဆက်လက် တင်ပြသွားမှာပါ” ဟု တရားလို မိန်းကလေး၏ ဦးလေး ဖြစ်သူ ဦးတင်ဝင်းက ပြောကြားသည်။

ပန်းပဲတန်းမြို့နယ် အ.ထ.က (၁)ကျောင်းတွင် ဒသမတန်းပညာ သင်ကြားနေသူ အသက်၁၅ နှစ်အရွယ် ကျောင်းသူ တစ်ဦးကို အသက် ၂၂ နှစ် အရွယ် ကိုခင်မောင်ထူး(ခေါ်) သားကြီး (ခေါ်) ဆိုဖီရင်းက NLD ပညာဒါန ကျောင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အကြို ကျပန်း စကားပြော ပြိုင်ပွဲအပြီး လူရှင်းချိန်တွင် ကိုကာကိုလာ အချိုရည်တိုက်ကာ မူးမေ့ချိန်တွင် အဓမ္မ ပြုကျင့်ခဲ့သည်ဟု ဆိုကာ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့နယ် ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

သံဃာ့ညီလာခံ ကဏ္ဍအလိုက် ကြေညာချက် ငါးချက် ထုတ်ပြန်


The Voice Weekly
2 hours ago near Yangon, Myanmar
.....................................................................
ရန်ကုန်၊ ဇွန် ၁၄

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြား ထင်ရှားသည့် ဆရာတော်ကြီးများ ပါဝင်သည့် သံဃာ့ညီလာခံက ကဏ္ဍအလိုက် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့ကြောင်း ယင်းညီလာခံသို့ တက်ရောက်လာသည့် ဆရာတော်များက မိန့်ကြားသည်။

အဆိုပါ သံဃာ့ညီလာခံကို ဇွန်လ ၁၃ ရက်နေ့မှ ၁၄နေ့ အထိ မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံပထမနေ့တွင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ဗုဒ္ဓနည်းကျ ပဋိပက္ခ ဖြေရှင်းရေး ၊ ပဋိပက္ခ များနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ၊ ဆရာတော်များ အနေနှင့် ဥပဒေနှင့် သမိုင်းပညာကို လေ့လာရေး၊ ပဋိပက္ခများနှင့် ပတ်သက်၍ သတင်း ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေး စသည့် ကဏ္ဍငါးခုကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် မည်သည့် ဘာသာမဆို တရားဥပဒေဖြင့်သာ ငြိမ်းချမ်းစွာ
ဖြေရှင်းရန်၊ ပြဿနာ ဖြစ်ပွားသည့် အခြေအနေမျိုးတွင် ဘာသာရေး ခေါင်းဆောင်များ ဆွေးနွေး ညှိနှိုင်းရန်၊ ငြိမ်းချမ်းရေး အတူတကွ ကာကွယ်စောင့်ရှောက်ကြရန် စသည့်အချက်များ ပါသည်။

အဆိုပါ ညီလာခံတွင် ၉၆၉ အမှတ်တံဆိပ်သည် ရတနာသုံးပါးကို ကိုယ်စားပြုသော အမှတ်တံဆိပ် ဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမည့် နေရာများ၌ အသုံးမပြုရန် သဘောတူခဲ့သည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာ ဘာသာကိုးကွယ်သူ အသီးသီးက မိမိတို့ဘာသာနှင့် ပတ်သက်သည့် ဥပဒေများ ရေးဆွဲရန် သဘောတူခဲ့ကြောင်း သံဃာ့ညီလာခံ
ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ညီလာခံမှာ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်အပါး ၂၀၀ ကျော် ပါဝင်တက်ရောက်သည့် ပထမဆုံး ညီလာခံတစ်ရပ် ဖြစ်သည်။

Orchid Hotel နှင့် နုတ်ထွက်ဝန်ထမ်းများ အပြန်အလှန်စွပ်စွဲ


The Voice Weekly
18 minutes ago ·
    ..................................................................
    ရန်ကုန်၊ ဇွန် ၁၄

    ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာလမ်းတွင် တည်ရှိသော Orchid Hotel တွင် မေလဆန်းပိုင်းက ဝန်ထမ်း နှစ်ဆယ်ခန့် ရာထူးမှ နုတ်ထွက်မှုနှင့် ပတ်သတ်၍ Orchid Hotel နှင့် နုတ်ထွက် ဝန်ထမ်းများသည် မီဒီယာများမှတစ်ဆင့် အပြန်အလှန် စွပ်စွဲမှုများ
    ပြုလုပ်ခဲ့ကြသည်။

    မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် ဇွန်လ ၁၄ နံနက်ပိုင်းက ပြုလုပ်သော ရှင်းလင်းပွဲတွင် ဝန်ထမ်းများကို အချိန်ပို လုပ်အားခနှင့် ဆုကြေးငွေများ
    ပေးချေလိုမှု မရှိခြင်း၊ အလုပ်သမား စည်းမျဉ်းများကို လိုက်နာမှုမရှိဘဲ အလုပ်မှ ထုတ်ပယ်ခြင်း၊ သင်္ကြန်တွင်း နားရက်များတွင် အလုပ်ဆင်းခိုင်း၍ လုပ်ခနှစ်ဆ မပေးလိုခြင်း၊ အလုပ်နှင့် မဆိုင်သော ကိုယ်ရေးကိုယ်တာ ဝင်ရောက် စွက်ဖက်မှုများ၊ ရာထူးတာဝန်နှင့် မသက်ဆိုင်သည့် အလုပ်များစေခိုင်းခြင်း တို့ကြောင် ဝန်ထမ်းများ နုတ်ထွက်ရခြင်း
    ဖြစ်ကြောင်း ယင်းဟိုတယ်တွင် General Manager နှင့် ဘဏ္ဍာရေး တာဝန်ခံရာထူး ထမ်းဆောင်ခဲ့သူ ဦးခင်မောင်လွင်က ပြောကြားသည်။

    အလားတူ ဇွန်လ ၁၄ ရက်နေ့ ညနေတွင် ပြုလုပ်သော ဟိုတယ်ဘက်က
    ပြန်လည် ရှင်းလင်းပွဲတွင် ယင်းဝန်ထမ်းများမှာ တာဝန်လွှဲအပ်မှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ အလုပ်မှ နုတ်ထွက်ခြင်း၊ ငွေစာရင်းများ စနစ်တကျ လွှဲပေးပါရန် အကြောင်း ကြားခဲ့သော်လည်း လာရောက်မှု မရှိခြင်း၊ ပြင်ပစာရင်းစစ် အဖွဲ့များ၏ စစ်ဆေးချက်အရ အမေရိကန် ဒေါ်လာ ၁၂၃၇၂ (ကျပ်သိန်း ၁၂၀ခန့်) လျော့နည်း ပျောက်ဆုံးနေခြင်း၊ ခွင့်ပြုချက် မရှိဘဲ ဘဏ်မှ ကျပ်သိန်း ၅၀ ထုတ်ယူခြင်းစသည့် ငွေကြေး အလွဲသုံးစားမှုများနှင့် တာဝန်မဲ့ အပြုအမူများ ပြုလုပ်ခဲ့ကြောင်း ဟိုတယ် ဒါရိုက်တာတစ်ဦးက ဆိုသည်။

    Orchid Hotel မှလည်း နုတ်ထွက်ဝန်ထမ်း ၂၀ ခန့်မှ အထွေထွေ မန်နေဂျာနှင့် စာရင်းကိုင်ချုပ် အပါအဝင် လေးဦးကို ပုဇွန်တောင် ရဲစခန်းတွင် ဇွန်လ ၈ ရက်နေ့က အမှုဖွင့်ထားပြီး နုတ်ထွက် အလုပ်သမားများကလည်း ၎င်းကိစ္စကို အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းတို့၏ ပြောကြားချက်အရသိရသည်။

    (ထက်အောင်ဖြိုး၊ ဒေးဗစ်)