Friday, July 12, 2013

နစက တော့ လစ်သွားပြီ.


ရွေးကောက်ပွဲပြီးရင် မှတ်ပုံတင်အစစ် ထုတ်ပေးမယ်ဆိုတဲ့ ဂတိပေးပြီး ၂၀၀၉ ခုနှစ် လက်ရှိသမ္မတ ဦးသိန်းစိန် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ် ရခိုင်ပြည်နယ်တစ်ဝှမ်းမှာ ပြည်ခိုင်ဖြိုးအမာခံမဲဝယ်တဲ့အနေနဲ့ ထုတ်ပေးခဲ့တဲ့ အဖြူရောင်ကတ်တစ်ခုကို တွေ့ရစဉ် 

မသီတာ(စမ်းချောင်း) ရဲ့မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ ဖြေကြားချက် ။



ဆရာဝန် - စာရေးဆရာမ - အယ်ဒီတာ - နိုင်ငံရေးအကျဉ်းသူဟောင်း ......... .........
မသီတာ(စမ်းချောင်း) ရဲ့ စင်ကာပူ စာပေဟောပြောပွဲမှ မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ ဖြေကြားချက် ။

မြန်မာအလုပ်သမားနဲ့ ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ ၈၈ မျိုးဆက် မလေးရှားသွားမည်


RFA Burmese


ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ဟာ မနက်ဖြန်မှာ မလေးရှားအစိုးရအဖွဲ့နဲ့ သွားရောက်ဆွေးနွေးဖို့ မြန်မာနိုင်ငံကထွက်ခွာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းက မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးဒဏ်ရာရခဲ့တာတွေရှိသလို တချို့လည်းဒဏ်ရာရတာရှိပြီး မြန်မာနိုင်ငံကို ပြန်လာကြသူတွေလည်း ရှိနေပါတယ်။ နောင်အလားတူ အဖြစ်မျိုးတွေ မကြုံရအောင် မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ နည်းလမ်းအဖြေရှာနိုင်ဖို့ သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ ၈၈မျိုးဆက်အဖွဲ့က ကိုဂျင်မီက RFA ကို ပြောပါတယ်။

"မလေးရှားမှာဖြစ်သွားတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ မလေးရှားသံအမတ်နဲ့ ကျနော်နဲ့တွေ့ဖူးတယ်လေ၊ မလေးရှားကိစ္စတွေ ဝိုင်းဝန်းဆောင်ရွက်ကျတော့ သူကလည်းသွားစေချင်တယ်လေ၊ မလေးရှားမှာရှိတဲ့ မြန်မာကော်မတီတွေနဲ့တွေ့မယ်၊ တွေ့ပြီးနောက်ဆုံးအခြေအနေတွေ သုံးသပ်မှာပေါ့၊ မလေးနိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိနဲ့ မလေးရှားမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ရုပ်ပိုင်းဆိုရာ လုံခြုံမှုကိုပါ အရင်လိုပေးထားနိုင်ဖို့ နည်းလမ်းရှာဖွေကြမှာပေါ့၊ သူတို့ဘက်က အကြံဥာဏ်ပြုချက်တွေလည်းပါမှာပေါ့၊ ပြီးတော့ အဲဒီ့ဘက်က အချက်အလက်တွေလည်း ဗမာပြည်ပြန်ရောက်တဲ့အခါမှာ အစိုးရဘက်ကိုလည်း သတင်းတွေမျှဝေသွားမှာပါ"

အခုခရီးစဉ်ကို ၈၈မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင်နဲ့အတူ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီးတို့ လိုက်ပါသွားကြမှာဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ထိနေမှာဖြစ်ပါတယ်။

-------------------------------------------------------------------------------------------

လက်ရှိပြောင်းလဲမှုဟာ ၈၈ ဒီမိုကရေစီအရေးကြိုးပမ်းမှု ပန်းတိုင်မဟုတ်သေး

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ၈၈ မျိုးဆက်တွေ လိုချင်တဲ့ပန်းတိုင်မဟုတ်သေးဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ၈ လေးလုံးငွေရတုအကြို အနုပညာပြပွဲနဲ့ ပတ်သက်ပြီး ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုကိုကြီးက ၈ လေးလုံးစိတ်ဓာတ်နဲ့ ဆက်လက်ချီတက်သွားကြဖို့တိုက်တွန်းစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။

"ရှေ့ဆက်ရမယ့်ခရီးမှာ ၈ လေးလုံးဝိဥာဏ်နဲ့ ၈ လေးလုံးစိတ်ဓာတ်နဲ့ နောက်မျိုးဆက်တွေကြားထဲမှာပါ စီးဝင်နေဖို့အတွက် ဒီနေ့အပြောင်းအလဲဟာ ကျနော်တို့ မျှော်မှန်းသလောက်၊ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်သေးတာမဟုတ်ပါဘူး"

ရှစ်လေးလုံး ငွေရတုအကြိုအဖြစ် လာမယ့် ဇူလိုင်လ ၂၂ ရက် ကနေ ၂၄ ရက်နေ့ထိ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ ယုဒသန်ခန်းမမှာ ကျင်းပမယ့် အနုပညာပြပွဲမှာ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း စတာတွေအပြင် ကဗျာရွတ်ဆိုတာတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာပါ။

၈ လေးလုံး အရေးတော်ပုံ ငွေရတုနှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို လာမယ့် သြဂုတ်လ ၆ ရက်ကနေ ၈ ရက် နေ့အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။

၁၉၈၂ ဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့်အကြောင်း မြန်မာအစိုးရ တုံ့ပြန်


RFA Burmese


မြန်မာနိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာ တိုင်းရင်းသား မျိုးနွယ်စုဆိုပြီး တရားဝင် လက်ခံအတည်ပြုထားခြင်း မရှိတဲ့အတွက် ရိုဟင်ဂျာအတွက်ဆိုပြီး သီးသန့်စဉ်းစား သွားမှာမဟုတ်ဘဲ မြန်မာအစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအရသာ ဆောင်ရွက်သွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်လက်ခံဖို့ တိုက်တွန်းချက်အပေါ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်တာပါ။

"ကျနော်တို့လည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ (၁) ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိပါဘူး၊ သမိုင်းကြောင်းအထောက်အထားအရလည်း ဟိုးတုန်းက အင်္ဂလိပ်ခေတ်က စပြီးတော့ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာလည်း ရိုဟင်ဂျာဆိုတာ ဖော်ပြခဲ့တာ မရှိပါဘူး၊ ဘင်္ဂါလီလူမျိုးလို့ပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်၊ (၂) ကျနော်တို့နိုင်ငံ ရခိုင်ပြည်နယ်အတွင်း မှာနေထိုင်ကြတဲ့ ဘင်္ဂါလီမွတ်စလင်ထဲမှ ၁၉၈၂ နိုင်ငံသားအက်ဥပဒေနဲ့ ကိုက်ညီတဲ့လူမှန်သမျှ နိုင်ငံသား အခွင့်အရေးရမှာဖြစ်ပါတယ်"

ဒီကနေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသားပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် တရားဝင်တုံ့ပြန်ထားပါတယ်။

နိုင်ငံသားအခွင့်အရေး ပေးနိုင်ဖို့အတွက်လည်း ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ယူနေကြောင်း ဒါပေမဲ့ စာရင်းကောက်ယူမှုမရအောင် ပြင်ပက သွေးထိုးမှုတွေရှိနေကြောင်း ဒီကိစ္စကို အရင်ဖြေရှင်းဖို့လိုအပ်နေပါတယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီအတောအတွင်းမှာဘဲ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်းပို့ချပေးနေတယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံလုံခြုံရေးအတွက် အချိန်နဲ့အမျှ စီစဉ်ဆောင်ရွက်နေကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖြေကြားပါတယ်။

"နိုင်ငံတော်အစိုးရဆိုတော့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး အတွက် အမြဲတမ်းဆောင်ရွက်နေကြတာပဲ၊ လုံခြုံရေးဆိုင်ရာအဖွဲ့တွေက ဒီသတင်းတွေတင်မဟုတ်ပါဘူး၊ ရရှိတဲ့သတင်းတွေအပေါ် မူတည်ပြီးတော့ သူတို့စဉ်းစားဆောင်ရွက်သွားမှာပါ၊ ဒါကလုံခြုံရေးကိစ္စဖြစ်တော့ ဘယ်သတင်းကိုယုံတယ် ဘယ်သတင်းကိုမယုံဘူး ဘယ်သတင်းကို မူတည်ပြီးတော့ စုံစမ်းတယ်ဆိုတာမျိုး ကျနော်တို့ကပြောလို့မရပါဘူး"

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို ဖော်ပြထားတာနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

တာချီလိတ် အရှေ့မြောက်ဖက်မှာ မြောက်ကိုရီးယား ၆ဝ ကျော်ကို သူပုန်တွေဖမ်းထား


RFA Burmese

မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ဒုက္ခသည် ၆၄ ယောက်ကို ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ ဝန်းကျင်လောက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲထားတယ်လို့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကင်မ်ဟီတေး (Kim Hee-Tae) ဆိုသူက ဒီနေ့ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ သူတို့ကို အဓမ္မအလုပ်ခိုင်းစေနေသလို၊ လွှတ်ပေးဖို့တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅ ထောင် ပြန်ပေးငွေတောင်းနေတယ်လို့လဲ မစ္စတာတေးကို ကိုးကားပြီး ကိုရီးယားနေ့စဉ်သတင်းစာ Yonhap က ဒီကနေ့ရေးပါတယ်။

မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံကိုဖြတ်ပြီး ရှမ်းပြည်နယ်အစပ်ကတဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာလေ့ရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကျွန်ပြုခိုင်းစေခံရမှုတွေကို လေ့လာနေတဲ့ တောင်ကိုရီးယား လူမှုရေးအဖွဲ့တစ်ဖွဲ့ဆီကနေတဆင့် သိရှိတာဖြစ်တယ်လို့လဲ ကင်မ်ဟီတေးကပြောပါတယ်။

အဲဒီဒေသမှာဖမ်းထားတဲ့ မြောက်ကိုရီးယား အမျိုးသားတွေကို ဘိန်းစိုက်ပျိုးခင်းတွေမှာ အလုပ်ခိုင်းထားပြီး၊ အမျိုးသမီးတွေကို ဘိန်းနဲ့အရက်ချက်စက်ရုံတွေမှာ အလုပ်ခိုင်းတာတွေ ရှိနေတယ်လို့လဲဆိုပါတယ်။

ဒါကြောင့် အဲဒီလူတွေ လွတ်မြောက်ရေးကြိုးပမ်းမယ့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို သူ့အနေနဲ့စီစဉ်မယ်လို့ ကင်မ်ဟီတေးကပြောပါတယ်။ ဒီလိုပြောဆိုချက်နဲ့ ပတ်သက်လို့ တောင်ကိုရီးယားအစိုးရက တကယ်ဟုတ်-မဟုတ် အတည်ပြုချက်ရဖို့ ကြိုးစားနေတယ်လို့ တောင်-မြောက်နှစ်နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌါန ပြောခွင့်ရသူကပြောဆိုပါတယ်။

ပြည်သူတွေ မကျေနပ်ရင် လက်ပံတောင်းကိစ္စ လွှတ်တော်ပြန်တင်မည်


RFA Burmese


လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြည်သူတွေကျေနပ်အောင် ဆောင်ရွက်မပေးဘူးဆိုရင် လွှတ်တော်ထံ တင်ပြသွားမယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ပြည်သူ့သဘောထား၊ ပြည်သူ့ဆန္ဒအတိုင်း ထပ်မံတင်ပြသွားဖို့ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဖြေကြားပါတယ်။

"ကျမတို့ကတော့ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရော၊ ဒေသခံအနေနဲ့ရော၊ ဒီအဆိုကိုတင်သွင်းရတဲ့ အဆိုရှင်တစ်ယောက်အနေနဲ့ရော ဒီကနေ့အကောင်အထည်ဖော်တဲ့ ကော်မတီရဲ့ဆောင်ရွက်ချက်ကို ကျမတို့အနေနဲ့ စောင့်ကြည့်နေတဲ့ အနေအထားရှိပါတယ်၊ ပြည်သူလူထုက တကယ်တမ်း ဒီဟာအပေါ်မှာ မကျေနပ်ဘူး၊ လက်မခံဘူး၊ ကျမတို့ရဲ့ ပြီးပြည့်စုံတဲ့ အစီရင်ခံစာရဲ့အပေါ်မှာ အစီရင်ခံစာအတိုင်း မဆောင်ရွက်ဘူးဆိုရင်တော့ ကျမက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်ထဲမှာ ထပ်မံပြီးတင်ပြရမှာဖြစ်သလို ပြည်သူ့ရဲ့ဆန္ဒ၊ ပြည်သူ့ရဲ့အသံကို ထပ်မံပြောကြားရဦးမှာဖြစ်ပါတယ်"

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီအနေနဲ့လည်း အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့ ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့လည်း မိမိတို့လိုအပ်ချက်တွေရှိရင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်တဲ့ အချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့်ကော်မတီထံ တောင်းဆိုသင့်တယ်လို့လည်း ပြောပါတယ်။

အမျိုး၊ဘာသာ သာသနာစောင့်ရေးအဖွဲ့ (ဗဟို) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ကြေငြာချက်



July 12, 2013 at 10:40am

၁။ အမျိုး ဘာသာသာသနာနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက်လိုအပ်လျှက်ရှိသော                      ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေများ ပြဌာန်းနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းသည်   နိုင်ငံတော်နှင့် နိုင်တော်သူ /သား အားလုံးညီညွတ်ရေး၊ စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ရည်ရွယ်လျက် ကန့်ကွက်သူနှင့် ထောက်ခံသူ အားလုံးတို့ထံမှ အကြံဥာဏ်များ ရယူလိုခြင်းသာဖြစ်သည်။

၂။       တစ်စုံတစ်ဦး အဖွဲ့အစည်းတစ်ခုနှင့် အခြားဘာသာများစသည့် မည်သည့်ကိုမျှ ထိခိုက်နစ်နာစေလိုသော           ရည်ရွယ်ချက် (လုံးဝ)မရှိပါ။

၃။       အမျိုးစောင့် ဥပဒေပြဌာန်းရေးနှင့် ပတ်သက်၍ ကဲ့ရဲ့ခြင်း၊ ရှုံ့ခြခြင်း၊ပုတ်ခက်ခြင်းနှင့်ထောက်ပြဝေဖန်ခြင်းများကို           ကြိုဆိုလက်ခံကာ လမ်းပြကူညီသည်ဟု မှတ်ယူလျက် အဆိုပါ အချက်များအားလည်း            ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။

၎။       ဆွေးနွေးတင်ပြကြရာတွင် တင်ပြမှုစကားလုံး သုံးနှုန်းမှုများသည် ဤအလုပ်ရုံဆွေးပွဲနှင့် သက်ဆိုင်းခြင်းမရှိဘဲ           တင်ပြသူပုဂ္ဂိုလ်၏ တာဝန်သာဖြစ်သည်။
           အမျိုးဘာသာ သာသနာ စောင့်ရေးအဖွဲ့(ဗဟို) မြန်မာနိုင်ငံ
          ရက်စွဲ   ။၂၀၁၃ ခုနှစ်၊ဇူလိုင်လ(၁၁)ရက်၊ကြာသတေးနေ့

          စာအမှတ် ။၀၀၁၅/မစဥ-မဘသ/၂၀၁၃

ဘင်္ဂါလီများ နိုင်ငံသားပေးရန် ဘန်ကီမွန်းထုတ်ပြန်ချက် အစိုးရလက်မခံ


ရန်ကုန်၊ ဇူလိုင် ၁၁


ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရသူများကိုသာ နိုင်ငံသားပေး မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူနည်းစုရဲ့ နစ်နာချက်တွေကို တရားဝင်ဖြစ်စေဖို့ အာဏာပိုင်တွေက လိုအပ်တဲ့ လုပ်ဆောင်မှုတွေရှိဖို့ အရေးကြီးတယ်” ဟု ဘန်ကီမွန်းက ယင်းကုလသမဂ္ဂ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်ပက သုံးနှုန်းနေသည့် ရိုဟင်ဂျာ တိုင်းရင်းသား၊ မျိုးနွယ်စုဆိုသည့် အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် သုံးနှုန်းခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာသူများ ဖြစ်သောကြောင့် ဘင်္ဂါလီဟုသာ သုံးစွဲကြောင်း၊ နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်က တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခဒဏ်ခံ ဘင်္ဂါလီများ၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို နှစ်ဖက် လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားမှုနှင့် လုပ်ဆောင် နေသည်ကို တွေ့ရှိရပြီး ထိထိရောက်ရောက် လုပ်ဆောင်ရန်၊ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ပြဿနာများကို ဖြေရှင်းရန်၊ ဒေသတွင်း မတူညီသည့် လူ့အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် ဘန်ကီမွန်းက ထုတ်ပြန်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အချိန်မရွေး ပြိုကွဲသွားနိုင်သဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပဋိပက္ခများကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုထားသည်။

လူ့အဖွဲ့အစည်းများအကြား ဘက်ပေါင်းစုံမှ စေ့စပ်ညှိနှိုင်း မှုများ ဆောင်ရွက်ပေးရန် မြန်မာပြည်သူများအကြား အကြမ်းဖက်မှု၊ လှုံ့ဆော်မူများ အဆုံးသတ်ရန်၊ တရားဥပဒေကို လေးစားလိုက်နာရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို ပြုလုပ်ပေးရန် မြန်မာနိုင်ငံ၏ အဓိကခေါင်းဆောင် သုံးဦးကို စာပို့ပြီး တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဘန်ကီမွန်းက ဆိုသည်။

၁၉၈၂ ခုနှစ် ဥပဒေသည် ယခင်ကဖြစ်ပျက်ခဲ့သည့် အခြေအနေပေါ် သင်ခန်းစာယူပြီး အကောင်းဆုံး ရေးဆွဲထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်ခင် ဝင်လာသူများမှ ပေါက်ဖွား လာသည့် တတိယမျိုးဆက် Third Generation များသည် နိုင်ငံသား ဖြစ်ခွင့်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက သတင်းမီဒီယာများကို ပြောဆိုထားသည်။

The Voice Weekly